``အမျိုးသား သတင်းစာပညာရေး မြန်မာသတင်းစာပညာကျောင်း ၂၀၁၄ ဇူလိုင်လတွင် စတင်ဖွင့်လှစ်ရန်စီစဉ်´´

မန္တလေးမြို့၊ ၈၃ လမ်း၊ ၃၃လမ်းနှင့်၃၂လမ်းကြားရှိ ငွေငန်းဖြူဟိုတယ်၌ ဖေဖော်ဝါရီ (၂၆)ရက် ညနေ(၅း၃၀)နာရီမှ (၆)နာရီထိအချိန်ခန့်တွင် အမျိုးသားသတင်းစာပညာရေး မြန်မာ သတင်းစာပညာကျောင်း ၂၀၁၄ ဇူလိုင်လတွင် စတင်ဖွင့်လှစ်ရန်စီစဉ်ရန် ကျောင်းဖြစ်မြောက်ရေးအဖွဲ့နှင့် မန္တလေးမြို့ ဒေသခံ သတင်းမီဒီ ယာများနှင့် ဆွေးနွေးပွဲ ကျင်းပကြောင်း သတင်းရရှိသည်။ အဆိုပါဆွေးနွေးပွဲကို မြန်မာသတင်းကွန်ရက် MJN နှင့် မြန်မာသတင်းစာဆရာများအသင်း MJA တို့နှင့်ကူညီပူးပေါင်း၍ Fojo Media Institute /International Media Support (IMS) မှ ဖွင့်လှစ်ပေးသော အခြေခံသတင်းစာပညာ သင်တန်းသားများ(၂၀)ဦး နှင့် မန္တလေးဒေသခံ သတင်းမီဒီယာများ စုစုပေါင်း(၃၀)ဦးခန့် တက်ရောက်ဆွေးနွေးကြောင်း သိရသည်။ အမျိုးသား သတင်းစာပညာရေး မြန်မာ သတင်းစာပညာကျောင်းကိုရန်ကုန်မြို့တွင် ၂၀၁၄၊ ဇူလိုင်လမှာ စတင်ဖွင့်လှစ်ရန်စီစဉ်ထားကြောင်း၊ သင်တန်းကာလမှာ တစ်နှစ်ပို့ချ၍ နိုင်ငံတကာအသိအမှတ်ပြု ဒီမလိုမာဘွဲ့ ချီးမြှင့်မည်ဖြစ်ကြောင်း၊ ပံ့ပိုးကူးညီမည့် မိတ်ဖက်အဖွဲ့ အစည်းများမှာ Canal France International (CFI) . Deutsche Welle Academy (DWA). Fojo Media Institute /International Media Support (IMS). Forever Group. UNESCO ပြည်ပအဖွဲ့ငါးဖွဲ့က ပံ့ပိုးကူးညီမည်၊ ပြည်တွင်းအဖွဲ့မှလည်း မြန်မာနိုင်ငံစာနယ်ဇင်း ကောင်စီ(ယာယီ) နှင့် အမျိုးသားစီမံခန့်ခွဲမှု ကောလိပ် National Management (College) ပူးပေါင်းကူညီဖွင့်လှစ် မည်ဖြစ်ကြောင်း၊ ဤကျောင်းဖွင့် လှစ်ခြင်းဖြင့် အသွင်ကူးပြောင်းနေသော လူထုအသိုင်းအ၀ိုင်းတွင် အရည် အချင်းပြည့် ကျွမ်းကျင်သော သတင်းစာ ဆရာများလိုအပ်မှု၊ အခွင့်အရေးတန်းတူရှိသည့် လွတ်လပ်သည့် သတင်းစာပညာ/ကျောင်းလိုအပ်မှု၊ နိုင်ငံတကာ စံနှုန်းညီ သတင်းစာဌာနတစ်ခုဖြစ်လာရန်၊ အစပျိုးနှစ်များတွင် နိုင်ငံတကာပံ့ပိုးမှုများလိုအပ်ခြင်း၊ နိုင်ငံတကာ မီဒီယာ ဖွံ့ဖြိုးရေးအဖွဲ့အစည်းများနှင့် ပြည်တွင်းမီဒီယာအဖွဲ့ အစည်းများ၏ ပူးပေါင်းမှုအင်အားများလိုအပ်ကြောင်း ဤကျောင်းကို မီဒီယာအဖွဲ့ပေါင်းစုံမှ ကိုယ်စားလှယ်များဖြင့် ဘုတ်အဖွဲ့ ဖွဲ့စည်းပြီး ဒါရိုက်တာတစ်ဦးအား ကျောင်းအုပ်ချုပ်သူအဖြစ်ခန့်ထား၍ လွတ်လပ်သော အမျိုးသား သတင်းစာပညာရေး မြန်မာ သတင်းစာပညာကျောင်း ဖြစ်ပေါ်လာမည်ဖြစ်ကြောင်း သိရသည်။ ``ကျွန်တော်တို့ ဒီကျောင်းကို ဘယ်မြို့မှာဖွင့်မယ်၊ သင်တန်းကျေးကိစ္စနဲ့ အခြားကိစ္စများ စည်းမျဉ်း စည်းကမ်း၊ အရည်အချင်းဝင်ခွင့်များကိုတော့ မသတ်မှတ်ရသေးပါဘူး။ ဒီကိစ္စတွေကို ကျောင်းဖြစ်မြောက်ရေး ဘုတ်အဖွဲ့နဲ့ ဆုံးဖြတ်ကြမှာပါ..။ ကျောင်းကိုတော့ ဒီနှစ်ဇူလိုင်လထဲမှာ ဖွင့်ဖြစ်ကြမှာပါ။´´ ဟု ဦးမြင့်ကျော် (အတွင်းရေးမှူး MJN) က ပြောကြားသည်။
 

``မကွေးမြို့တွင် လူ့အခွင့်အရေး ဆွေးနွေးဟောပြောပွဲ မှာ မကွေးမြို့နယ်NLD ပါတီ ဥက္ကဋ္ဌ က ၀န်ကြီး ဦးအုန်းမြင့်ပြောစကား နှင့် သမီးကလေးကျေးရွာ ဒုက္ခသည်များ ကိစ္စမေးမြန်း´´

ဖေဖော်ဝါရီ(၂၄)ရက်နေ့ နံနက်(၈း၃၀)နာရီ မှ နေ့(၁၁း၃၀)နာရီအချိန်တွင် မကွေးမြို့ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခမ်းမ၌ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်၊ လူ့အခွင့်အရေး အကြောင်း သိကောင်းစရာများ ရှင်းလင်းဆွေးနွေးပွဲ ပြုလုပ်ကြောင်း သတင်းရရှိသည်။ ၎င်းအခမ်းအနားကို မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်၊ အတွင်းရေးမှူး ဦးစစ်မြိုင်၊ အဖွဲ့ဝင် ဦးခင်မောင်လေးနှင့် ဦးခွထီးယိုး တို့သုံးဦးမှ စတင်ဟောပြောပြီး တက်ရောက်လာသော နိုင်ငံရေးပါတီဝင်များ မကွေးမြို့ပေါ်ရှိ လူမှုရေးအသင်းများအစည်းများစုစုပေါင်းအင်အား(၂၀၀)ကျော်ခန့်တက်ရောက် ကြောင်း သိရသည်။ `` ကျွန်တော်တို့မေးချင်တာက လူ့အခွင့်အရေးကျေညာစာတမ်းအပိုဒ်(၅)မှာ မည်သူမဆိုညှင်းပမ်း နှိပ့်စက်ခြင်း၊ ရက်စက်ကြမ်းကြုပ်စွာ၊ လူမဆန်စွာပြောဆိုခြင်း၊ဂုဏ်သိက္ခာညှိုးနွမ်းစေအောင်ဆောင်ရွက်ခြင်း၊ သို့တည်းမဟုတ် ပြစ်ဒဏ်ပေးခြင်း မပြုရလို့ဖော်ပြထားပါတယ်။ ဒီလိုဆိုရင် ကျွန်တော်တို့ မကွေးမြို့နယ် သစ်ရာကောက်ရွာမှာ လာရောက်ပြီး ရိုင်းစိုင်းမောက်မာစွာ မြန်မာပြည်တွင်းတင်မက ကမ္ဘာကထိသိအောင် ပြောကြားသွားတဲ့ ကိစ္စကို မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်အနေနဲ့ ဘယ်လိုများဆောင်ရွက် ပေးနိုင်ပါမည်လဲ၊ ဒုတိယ အနေနဲ့ လူ့အခွင့်အရေးကျေညာစာတမ်းအပိုဒ်(၂၅)မှာ လူတိုင်းသည်မိမိနှင့်တကွ မိမိမိသားစုဘ၀ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွားရေးများကို အေးချမ်းစွာ ဖြင့်နေနိုင်ရေးလို့ဆိုထား သော်လည်း လတ်တစ်လော အတိဒုက္ခရောက်နေတဲ့ သမီးလေးကျေးရွာဒုက္ခသည်များကိစ္စကိုလည်း မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်အနေနဲ့ ဘယ်လိုများဆောင်ရွက်ပေးနိုင်ပါမည်လဲ..။´´ ဟု မကွေးမြို့နယ်NLD ပါတီ ဥက္ကဋ္ဌ ဦးစိုးမိုး က မေးမြန်းသည်။ ထိုမေးခွန်းကို မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်၊ အတွင်းရေးမှူး ဦးစစ်မြိုင်က ကမ္ဘာ့လူအခွင့် အရေးကြေညာစာတမ်းကြီးကို အဖွဲ့ဝင်နိုင်ငံများမှ အတည်ပြုရန် ၁၉၄၈ ခု၊ ဒီဇင်ဘာလ(၇)ရက် နေ့မှာ မဲခွဲဆုံးဖြတ်ဖို့ ပထမဆုံးမေးပေးရန် မြန်မာပြည်မှစတင် မဲပေါက်၍ ပထမဆုံး ဦးဖျားဖျားမဲပေးခဲ့ရသော် လည်း၊ ယနေ့ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးများကို ချိုးဖောက်မှုများစွာရှိနေပါသေးကြောင်း၊ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင်အနေဖြင့် ထိထိရောက်ရောက် ဆောင်ရွက်ပေးနိုင်ခြင်းမရှိသေးကြောင်း ပြောကြားခဲ့ သည်ကို သတင်းရရှိခဲ့သည်။
 

``တောင်တွင်းကြီးမြို့တွင် ၀ါဝါ၀င်းဆီစက် ဓာတ်ဆီပေပါမှ မီးလောင်မှုဖြစ်ပွား´´

ဖေဖော်ဝါရီ(၂၄)ရက်၊ ညနေ(၃း၄၅)နာရီအချိန်တွင် တောင်တွင်းကြီးမြို့၊ ရွှေကြာအင်း(၂)ရပ်၊ ရေခဲစက်(၁) လမ်းနေ ဦးရဲမြင့်(၇၄)နှစ်၏ ၀ါဝါ၀င်းဆီစက်ရှိ၊ ဓာတ်ဆီပေပါမှ မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ဖေဖော်ဝါရီ(၂၄)ရက်၊ ညနေ(၃း၄၅)နာရီအချိန်တွင် တောင်တွင်းကြီးမြို့နယ်မီးသတ်စခန်းမှ အနောက်ဘက် တစ်ဖာလုံခန့်၌ မီးခိုးများတက်လာသည်ကိုမြင်ရသဖြင့် မြို့နယ် ဒုတိယ မီးသတ်ဦးစီးမှူး ဦးဝင်းတင် ဦးဆောင်၍သွားရောက်ခဲ့ကြောင်း၊ မီးစတင်လောင်ကျွမ်းခြင်းမှာ တောင်တွင်းကြီးမြို့၊ ရွှေကြာအင်း(၂) ရပ်၊ ရေခဲစက်(၁) လမ်းနေ ဦးရဲမြင့်(၇၄)နှစ်၏ ၀ါဝါ၀င်းဆီစက်၌ ဓာတ်ဆီပေပါအတွင်းမှ ဓာတ်ဆီအား (၅)ဂါလံဆန့်သော ပလပ်စတစ်ပုံးအတွင်းသို့ လှယ်ထည့်ရာ သဘာဝတည်ငြိမ်လျှပ်စစ် (Static Electricity) ကြောင့် မီးလောင်မှုဖြစ်ပွားကြောင်း သိရသည်။ မီးလောင်ရာဆီစက်သည် ပေလေးဆယ်ပတ်လည်ရှိ သွပ်မိုး၊ အုပ်ညှပ်အဆောက်အဦးဖြစ်ကြောင်း၊ ၎င်းနေအိမ် အဆောက်အဦးတစ်လုံး၊ ဓာတ်ဆီတစ်ပေပါ၊ ဆီကြိတ်စက်ဟောင်းတစ်လုံး၊ ရေခဲသေတ္တာ၊ ကွန်ပျူတာနှင့် အတွင်းပစ္စည်းများ တန်ဘိုးစုစုပေါင်းကျပ်ငွေ(၈၅၀၀၀၀ိ) ရှစ်သိန်းခွဲခန့်ဆုံးရှုံးကြောင်း၊ ၎င်း မီးလောင်မှုဖြစ်ပွားသော ၀ါဝါ၀င်းဆီစက်မှ (အဖ) ဦးရဲမြင့်သမီး ဒေါ်စိမ်းစိမ်း(၄၈)နှစ်အား တောင်တွင်းကြီး မြို့မရဲစခန်း၌ (ပ)၃၄/၂၀၁၄၊ ပြစ်မှုပုဒ်မ(၂၈၅)ဖြင့် အရေးယူဆောင်ရွက်ထားကြောင်း မြို့နယ် မီးသတ်ဌာနမှ သတင်းထုတ်ပြန်သည်။ ဖေဖော်ဝါရီ(၂၄)ရက်၊ ညနေ(၃း၄၅)နာရီတွင် မီးစတင်လောင်ကျွမ်းနေစဉ် မြို့နယ် ဒုတိယ မီးသတ်ဦးစီးမှူး ဦးဝင်းတင် ဦးဆောင်၍ မီးငြိမ်းသတ်ကား(၆)စီး၊ ရေသယ်ယာဉ်(၅)စီး၊ မီးသတ်စက်ယာဉ်(၁)စီးတို့နှင့်အတူ သန္ဓေမီးသတ်(၁၅)ဦး၊ အရန်မီးသတ်(၁၀၀)ဦး၊ ကြက်ခြေနီ(၁၅)ဦးတို့က ၀ိုင်းဝန်း၍မီးငြိမ်သတ်ရာ ညနေ(၄)နာရီ အချိန်တွင် မီးညွန့်အားထိမ်းနိုင်ပြီး၊ ညနေ(၅)နာရီအချိန်မှာ မီးငြိမ်းသတ်ပြီးကြောင်း ၎င်းမီးလောင်ရာ၌ လူ၊ တိရစ္ဆာန် ထိခိုက်ခြင်းမရှိ၊ သေဆုံးခြင်းမရှိကြောင်း မကွေးတိုင်းဒေသကြီးမီးသတ်ဦးစီးမှူး ဦးအောင်ဝင်းစိန် က ပြောသည်။
 

ဒုတ်ထမ်း၊ဒါးထမ်း ဆည်ရေ ယူကြစတမ်း

ပွင့်ဖြူ ဖေဖော်ဝါရီ ၂၄ စိုက်ပျိုးရေလုံလောက်စွာရရှိရေးသည် တောင်များအတွက် အဓိက ကျသော လိုအပ်ချက်တစ်ခု ဖြစ်သည့်အားလျှော်စွာ ဖေဖော်ဝါရီ လဆန်းပိုင်းမှ စတင်၍ နွေးစပါးစိုက်ပျိုးနိုင်ရန် ပွင့်ဖြူမြို့ မဲဇလီရေလွှဲဆည်မှ တောင်မုန်းမြောင်းမကြီးနှင့် မြောက်မုန်းမြောင်းမကြီးတို့ကို ဆည်ရေများ စတင်လွှတ်ပေးခဲ့သည်။ မဲဇလီ ရေလွှဲဆည်မှ မြောင်းမကြီးများသည် မိုင်ပေါင်းများစွာဖြတ်သန်းစီးဆင်းပြီး မြောင်းလက်တံခွဲပေါင်းများစွာအား စိုက်ပျိုးရေခွဲဝေပေးနေလျက်ရှိရာ ဆည်ရေစတင်လွှတ်ချိန်တွင် နွေစပါးစိုက်ပျိုးနိုင်ရန် ပျိုးခင်းများအတွက် ဆည်ရေ အလုအယက် သွယ်ယူကြရသည်။ တောင်မုန်းမြောင်းမကြီးမှ လက်တံ(၂) (ကျစ်ကိုင်းမြောင်း)ရေပေးမြောင်းသောက်တောင်သူ အများစုသည် လယ်စိုက်ပျိုးကြပြီး အချို့မှာ ယာနှင့် ဥယျာဉ်စိုက်ပျိုးခြင်းကို လုပ်ကိုင်ကြသည်။ ဆည်ရေစတင်လွှတ်ချိန်တွင် စပါးပျိုးထောင်ခြင်း၊.ယာခင်းများမှ နှမ်းစိုက်ခင်းများအတွက် ရေသွင်းခြင်း ဥယျာဉ်များအတွက် စိုက်ပျိုးရေယူခြင်းများဖြင့် အလုအယက်သွယ်ယူကြရာ မြောင်းရင်းသောက် တောင်သူများမှ စိုက်ပျိုးရေပြည့်ဝစွာရရှိရေးအတွက် ရေပေးမြောင်းများအား သဲအိပ်၊မိုးကာစများဖြင့် ပိတ်ဆို့တုတ်တား၍ယူကြရာ မြောင်းဖျားသောက်တောင်သူများမှ စိုက်ပျိုးရေရရှိရေးအတွက် ရေပေးမြောင်း ပိတ်ဆို့ကာ ထားသည် များကို သွားရောက်ဖျက်ဆီးကြရသည်။ထို့အပြင် မိမိစိုက်ခင်းသို့ ရေခွဲဝေပေးသည့် ရေထွက်ပြွန်အား ပိတ်ဆို့သွားမည်စိုး၍ ဒုတ်ထမ်း၊ဒါးထမ်းဖြင့် စောင့်နေရသည်။ ယခင်နှစ်များတွင် စိုက်ပျိုးရေယူရာမှ လူသတ်မှုများစွာဖြစ်ပွားခဲ့ရပြီး ဖြစ်စဉ်အများစုသည် တောင်သူများအနေဖြင့် ဆည်မြောင်းဥပဒေကို သိရှိနားလည်မှုမရှိခြင်းနှင့် လိုက်နာမှုမရှိခြင်းတို့ ကြောင့် ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။ ဓာတ်ပုံ နှင့် သတင်းပေးပို့သူ - ဦးတင်ထွန်းဦး
 

မီးဘေးကြိုတင်ကာကွယ်ရေးအတွက် ဇာတ်တိုက်လေ့ကျင့်

မင်းဘူး ဖေဖော်ဝါရီ ၂၄ မင်းဘူးမြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် မင်းဘူးမြို့မဈေးကြီး မီးဘေးကြိုတင်ကာကွယ်ရေး အတွက် ဇတ်တိုက်လေ့ကျင့်မှုကို ယမန်နေ့ နေ့လည်(၂း၀၀)နာရီက ဆောင်ရွက်ခဲ့ရာ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ ၊အမှုဆောင်အရာရှိနှင့်ဝန်ထမ်းများ၊ ခရိုင်မီးသတ်တပ်ဖွဲ့မှူးနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့မဈေး ကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့မဈေးအရံမီးသတ်တပ်ဖွဲ့ဝင်များ စုစုပေါင်းအင်အား(၁၂၀)ဦးဖြင့် မီးဘေးကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်မှုများ ဆောင်ရွက်ခဲ့သည်။ (ပုံ) အဆိုပါဇာတ်တိုက်လေ့ကျင့်မှုမှ အမှုဆောင်အရာရှိက တခြားမြို့ကဈေးကြီးတွေ မီးလောင် တာကြားရတော့ကျွန်တော်တို့မြို့မဈေးကိုလည်း မီးဘေးကြိုတင်ကာကွယ်ရေးအတွက် မီးသတ် တပ်ဖွဲ့ဝင်များနှင့်ပူးပေါင်း၍ ယခုလိုဇာတ်တိုက်လေ့ကျင့်ခြင်းဖြစ်ကြောင်း ၊ ဈေးသူဈေးသားများ ကလည်း ဇာတ်တိုက်လေ့ကျင့်မှုမှာ စိတ်အားထက်သန်စွာပါဝင်ခဲ့ကြောင်း၊ မင်းဘူးမြို့မှာ အခြားမြို့ များထက်အပူချိန်လွန်ကဲ၍ မီးဘေးကြိုတင် ကာကွယ်ရေးအတွက် အထူးဂရုစိုက်သွားမှာဖြစ်ကြောင်း ပြောကြားခဲ့သည်ကို သိရှိရသည်။ တင်ထွန်းဦး(IPRD) သတင်းပေးပို့သူ - ဦးတင်ထွန်းဦး(တိုင်းဒေသကြီးပြန်/ဆက်)
 

ရာသီစာ ပိန်းနဲသီးနုလေးများ

ပွင့်ဖြူ ဖေဖော်ဝါရီ ၂၄ ဆောင်းအကုန် နွေအကူး တပေါင်းလဆန်းပိုင်းများတွင် ပွင့်ဖြူမြို့နယ် ဒေသ၀န်ကျင်းတွင် ပိန်းနဲသီးနုလေးများ လှိုင်းလှိုင်းထွက်ပေါ်လာပြီး ပိန်းနဲသီးနုလေးများကို ရာသီးစာအဖြစ် ဟင်ရည်ချက် တစ်မျိုး၊ပိန်းနဲသီးနှပ်ကတစ်သွယ်၊ အသားနှင့်ရော၍ အချိချက်က တစ်ဖုံ နည်းမျိုးစုံဖြင့် နှစ်သက်သလို စားချင်းသဖွယ် ချက်ပြုပ်စားသောက်ကြသည်။ ပိန်းနဲသီးများကို ပွင့်ဖြူမြို့ အနီးဝန်ကျင်ရှိ ဥယျာဉ်ခြံမျာမှ အများဆုံးထွက်ရှိပြီး မင်းဘူး၊မကွေးမှ တဆင့် အနယ်အနယ်အရပ်သို့ တင်ပို့ရောင်းချကြသည်။အရွယ်ရောက် (၁၈)လက်မပတ်လည် ပိန်းနဲသီးနုတစ်လုံးကို (၁၀၀၀ိ/-)ကျပ်ရောင်းချရပြီး တဆင့်ခံဈေးသည်များမှ အိမ်ရှင်မများအကြိုက် အစိတ်ငယ်လေးများစိပ်၍ ၂၀၀ိ/-၊၅၀၀ိ/- ကျပ်တန် အထုပ်ငယ်များထုပ်ပိုးရောင်းချကြသည်။ အများအားဖြင့် ပိန်းနဲသီးကို ရင့်မှည့်မှ ချိုမြိန်စွာစားရသည်ကို လူသိများသောလည်း ပိန်းနဲသီး နုလေးများကို ဟင်းချက်စားရသည်ဟု လူသိနည်းခဲ့သည်။ယခုအခါ အလှူမင်္ဂလာနှင့် ဧည့်ခံပွဲတို့တွင် ပိန်းနဲသီးနှပ် ဟင်းချက်က စားပွဲအလယ် တင့်တယ်စွာ နေရာယူလာပြီး ပိန်းနဲပင်စိုက် တောင်သူများ ၀င်ငွေကောင်းလျက်ရှိကြသည်။ ပိန်းနဲပင်စိုက်တောင်သူတစ်ဦးက ပိန်းနဲပင်ကို (၄)နှစ်မှ (၆)နှစ်အရွယ်ဆို အပင်ခြေမှအကိုင်း များအထိ သီးတတ်တယ်၊တစ်ပင်ကို ပိန်းနဲသီး အလုံး(၄၀)မှ (၁၀၀)ကျော်ထိသီးပြီး ရင့်မှည့်ချိန်ဆို မိုးဦးကာလရောက်တော့ ၀မ်းပျက်/၀မ်းလျောဖြစ်မှာစိုးပြီး ၀ယ်ယူစားသုံးမှုနည်းလာတတ်တယ်၊အခုလို ပိန်းနဲသီးနုလေးတွေ ဟင်းချက်အရွယ်မှာဆွတ်ခူးရောင်းရတာ ၀င်ငွေသေးချာတယ် ဟုပြောကြားခဲ့ သည်ကို သိရှိရသည်။ တင်ထွန်းဦး (IPRD) သတင်းပေးပို့သူ - ဦးတင်ထွန်းဦး(တိုင်းဒေသကြီးပြန်/ဆက်)
 

``ပခုက္ကူမြို့နယ်နှင့် မြစ်ခြေတိုက်နယ် အတွင်း၌ လျှပ်စစ်မီတာ ကွာခြား အပိုယူနစ်များ ကောက်ခံမှုအား ပြည်သူများက တတိယအကြိမ်ဆန္ဒပြ´´

The Voice အင်တာနက်မှ ဓာတ်ပုံဖြစ်ပါသည်။ ဖေဖော်ဝါရီ ၂၀ ရက်၊ နံနက်(၁၀)နာရီအချိန်ခန့်တွင် ပခုက္ကူမြို့နယ်တွင်းမှ မြစ်ခြေတိုက်နယ်မှ ပခုက္ကူမြို့ အတွင်း၌ လျှပ်စစ်မီတာ ကွာခြား အပိုယူနစ်များ ကောက်ခံမှုအား ပြည်သူများက တတိယအကြိမ် ဆန္ဒပြကြောင်း သတင်းရရှိသည်။ ဖေဖော်ဝါရီ ၂၀ ရက်၊ နံနက်(၁၀)နာရီအချိန်ခန့်တွင် ပခုက္ကူမြို့ မြစ်ခြေတိုက်နယ်၊ တိုးချဲ့အမှတ်(၃)ရပ် နေသူ ကိုဇော်မျိုးခိုင်(၃၅)နှစ်မှ ဦးဆောင်၍ ကျေးရွာသား(၅၀)ခန့်သည် လျှပ်စစ်မီတာ ကွာခြား အပိုယူနစ်များ ကောက်ခံမှုအား တိုးချဲ့အမှတ်(၃)ရပ် ကျေးရွာအုပ်ချုပ်ရေးမှူးရုံးရှေ့မှ မြစ်ခြေ-ကမ္မလျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးရုံး အထိ လမ်းလျှောက်ဆန္ဒဖော်ထုတ်ကြကြောင်း၊ ပခုက္ကူ-မြစ်ခြေကားပေါ်အရောက်တွင် အင်အား(၇၀)ခန့်ဖြစ် သွားပြီး ထနောင်းကုန်းရွာအရောက်တွင် စုစုပေါင်းအင်အား(၁၀၀)ကျော်ခန့်ဖြစ်သွားကြောင်း၊ ဆန္ဒပြသူများသည် (မီတာခ အပိုယူနစ်မကောက်ခံရေး- ဒို့အရေး)၊ (အကျင့်ပျက်လျှပ်စစ်ဝန်ထမ်းများ- အလိုမရှိ)၊ (တရားမ၀င် ကောက်ခံထားသော မီတာခများ ပြန်လည်ရရှိရေး- ဒို့အရေး)၊ ဟု ရေးသားထားသော အလျား(၅)ပေ၊ အနံ(၃)ပေခွဲရှိ ဗီနိုင်းဆိုင်းဘုတ်များ၊ (အကျင့်ပျက်ချစား ၀န်ထမ်းများအလိုမရှိ။) (နယ်မြေဒေသလျှပ်စစ်မီး နှင့်အလှဆင်ရေး-ဒို့အရေး။) (အပိုယူနစ်ကောက်ခံထားသော စာရင်းဇယားများ ပွင့်လင်းမြင်သာစွာဖော်ပြရေး)၊ ပြည်သူ့အသံ လွှတ်တော်အသံ၊ ပြည်သူ့ဆန္ဒ၊ လွှတ်တော်ဆန္ဒဟု ရေးသားထားသော ကတ္ထူဆိုင်းဘုတ်များ နှင့် ဦးတိုးအမည် နှင့် ဒေါ်ကြူကြူအမည်များဖြင့် မီတာဆောင်ရန် ဗီနိုင်းဆိုင်းဘုတ်များ စုစုပေါင်း(၉)ခုအား ကိုင်ဆောင်လျှက် ဆိုင်းဘုတ်များပါစာသားများကို အော်ဟစ်ကြွေးကြော်ခဲ့ကြောင်း သိရသည်။ နံနက်(၁၀း၃၀)နာရီခွဲအချိန်ခန့်တွင် လျှပ်စစ်ရုံးရှေ့သို့စုဝေးရောက်ရှိပြီး ၎င်းနောက် နေ့(၁၂)နာရီမှ (၁၂း၃၀)နာရီအချိန်အတွင်း မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်နိုင် ရောက်ရှိလာပြိး ဆန္ဒပြသူများနှင့် တွေ့ဆုံကြ ကြောင်း၊ နေပြည်တော်မှ လျှပ်စစ်ဝန်ကြီးဌာန၊ ဦးဆောင်ညွှန်ကြားရေးမှူး ဦးမြင့်အောင် ရောက်လာ မည်ဖြစ်၍ စောင့်ဆိုင်းပေးရန်ပြောကြားကြောင်း သိရသည်။ နေ့လည်(၁း၃၀)နာရီခွဲခန့်အချိန်တွင် လိုက်ထရပ်ကားနှင့် (၆)ဘီးကားကြီး နှစ်စီးဖြင့် ဆန္ဒပြသူ(၁၀၀)သည် မြစ်ချေမှ ပခုက္ကူမြို့သို့ထွက်လာရာ ပခုက္ကူ-ဆိပ်ဖြူကားလမ်း မိုင်တိုင်(၉/၄)အရောက်တွင် လျှပ်စစ်ညွှန်ကြား ရေးမှူး ဦးမြင့်အောင်နှင့် ပခုက္ကူခရိုင်/မြို့နယ် မှ ဌာနဆိုင်ရာလူကြီးများ၏ ကားနှင့် ဆန္ဒပြသူများ တွေ့ဆုံ ကြောင်း၊၎င်းကိစ္စအား မြစ်ခြေတိုက်နယ်၊ သရက်တောကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၌ ဆွေးနွေးကြရန်ဖိတ်ခေါ် ကြောင်း၊ ထိုစဉ် ဆန္ဒပြသူများအား တားဆီးခြင်းသည် လူ့အခွင့်အရေးချိုးဖောက်ရာရောက်ကြောင်း NLD ပါတီဝင် ပြန်ကြားရေးတာဝန်ခံ ဦးဇော်ဝင်းထွန်း နှင့် လူငယ်ညီလာခံအဖွဲ့ဝင် ကိုမော်ဟိန်းစိုးတို့က ပြောဆိုကြောင်း၊ ထို့နောက် ဆန္ဒပြသူများသည် ပခုက္ကူမြို့သို့ဆက်လက်ထွက်ခွာသွားကြောင်း၊ နေ့လည်(၃း၃၀)အချိန်တွင် ပခုက္ကူမြို့ အမှတ်(၁၅)ရပ်ကွက်ရှိ ရေနံသိုလှောင်ရုံရှေ့တွင် ဆန္ဒပြသူ(၁၀၀)ခန့်သည်ကားများမှ ဆင်း၍ မြို့မလမ်းအတိုင်းလမ်းလျှောက်ခဲ့ကြောင်း၊ ထိုစဉ် ဆန္ဒပြသူများထံ မြို့ခံလူများပါဝင်လာပြီး အင်အား(၁၅၀/၂၀၀) ဦးကျော်ခန့်ဖြစ်လာကြောင်း၊ ဆန္ဒပြသူများ ပခုက္ကူမြို့မဈေးအရောက်တွင် ပခုက္ကူမြို့စခန်းမှူး ဒုရဲမှူး ၀င်းလှိုင်နှင့် ရဲတပ်ဖွဲ့ဝင်မျာက ဆန္ဒပြခေါင်းဆောင် ဦးဇော်မျိုးခိုင်အား ဆန္ဒပြခွင့်မိန့် မရှိ၍ တားဆီးကြောင်း၊ ဆန္ဒပြသူများက ဆန္ဒပြခွင့် မရလည်း ပြမည်၊ အဖမ်းခံမည်ဖြစ်ကြောင်း ပြောဆိုပြီး ဆိုင်းဘုတ်ပါ ကြွေးကြော်သံများကို အော်ဟစ်၍ ညနေ(၅)နာရီအချိန်ခန့်တွင် အမှတ်(၁၀)ရပ်ကွက်ရှိ ခရိုင်လျှပ်စစ်အင်ဂျင်နီယာရုံးရှေ့သို့ရောက်ရှိလာသည်။ ဆန္ဒပြသူများထဲမှ သရက်တောကျေးရွာအုပ်စုနေ ဦးဇော်ဝင်းလှိုင် (NLDမြို့နယ်အမှုဆောင်ပါတီဝင်) ၊ ကိုဇော်မျိုးခိုင် နှင့် (၁၀)ဦးတို့သည် ခရိုင်လျှပ်စစ်အင်ဂျင်နေရာရုံးအတွင်းဝင်ရောက်ကြပြီး ခရိုင်လျှပ်စစ်အင်ဂျင်နီ ယာဦးအောင်မျိုး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်ဦး မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြိဲ့နယ်စည်ပင်သာရေး ဥက္ကဋ္ဌ၊ ကမ္မ-မြစ်ခြေမြို့နယ်လျှပ်စစ်မှူး ဦးသန်းမြင့်၊ ရေစကြိုမြို့နယ်လျှပ်စစ်မှူး ဦးလှမျိုး နှင့် တွေ့ဆုံဆွေးနွေးညှိနှိုင်းကြောင်း၊ ၎င်းပွဲတွင် သတင်းမီဒီယာများလည်း ပါဝင်ကြကြောင်း၊ ကိုမျိုးခိုင်တို့(၁၀)ဦးက ``ကွာခြားယူနစ်များ မပေးဆောင်နိုင်ဘူး၊ကွာခြားယူနစ်မပျောက်မခြင်း ဆက်လက်ပြီးဆန္ဒပြသွားမယ်၊ ကွာခြားယူနစ်များ ဖန်တီးနေတဲ့ အကျင့်ပျက်ဝန်ထမ်းများကို ဖော်ထုတ်ပေးရမယ်၊ မြစ်ခြေအုပ်စုနဲ့ သရက်တော အုပ်စု ကပ်လျှက်ရှိပေမဲ့ သရက်တောအုပ်စုက ပိုမိုပေးဆောင်ရလို့ (၉)ရက်နေ့ကဆန္ဒပြလိုက်တယ်၊ ဆန္ဒပြပြီး သရက်တောအုပ်စုထဲက ရွာ(၃)ရွာ ကွာခြားယူနစ် ကင်းလွတ်ခဲ့တယ်၊ ကျန်တဲ့ရွာ(၉)ရွာကတော့ ကင်းလွတ်ခွင့် မပေးသေးဘူး၊ အချို့ရွာတွေမှာ မီတာတပ်ဆင်မထားဘဲ လျှပ်စစ်ဝန်ထမ်းနဲ့ နားလည်မှုယူပြီး မီးပေးထားတယ်၊ ဒီမှာ မှတ်တမ်းဓာတ်ပုံရှိပါတယ်…။´´ဟု ကိုမျိုးခိုင်က ပြောကြောင်းသိရသည်။ ခရိုင်လျှပ်စစ်အင်ဂျင်နီ ယာဦးအောင်မျိုး မှ ဓါတ်အားပျောက်ဆုံးမှုမဖြစ်ပေါ်အောင် ၊ သစ်ပင်များခုတ်ခြင်း၊ ဓါတ်တိုင်၊ ဓါတ်ကြိုးများလဲလှယ်ခြင်းအတွက် အထက်အဆင့်ဆင့်သို့ တင်ပြထားကြောင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး မှ လူစုလူဝေးဖြင့် စီတန်းဖော်ထုတ်ခြင်းကို တတ်နိုင်သမျှပြေလည်အောင် ညှိနှိုင်းဆောင်ရွက်ခြင်းသာ ဖြစ်ကြောင်း၊ နှစ်ဘက်ညှိနှိုင်းပွဲကို ညနေ(၆)နာရီခန့်အချိန်တွင်ပြီးကြောင်း၊ ဆန္ဒပြသူများသည်လည်း မော်တော်ယာဉ်နှစ်စီးဖြင့် မြစ်ခြေတိုက်နယ်သို့ ငြိမ်းချမ်းစွာဖြင့် ပြန်သွားကြကြောင်း၊ သို့သော် ဖေဖော်ဝါရီ(၂၁)ရက်နေ့တွင် ထပ်မံဆန္ဒ ပြမည်ဟု ဦးညွန့်အောင် က အသိပေးပြောဆိုခဲ့ကြောင်း၊ ဖေဖော်ဝါရီ(၂၁)ရက်နေ့တွင်လည်း ထပ်မံ၍ဆန္ဒဖော် ထုတ်ကြောင်း သတင်းရရှိသည်။
 

`` ဘဏ်မှ ငွေထုတ်ယူလာသူ အမျိုးသမီးတစ်ဦးအား ဆိုင်ကယ်စီးလင်မယားက လုယက်မှုဖြစ်ပွား´´

ဖေဖော်ဝါရီ(၂၁)ရက်၊ နေ့(၁)နာရီအချိန်ခန့်တွင် မကွေးမြို့၊ အောင်ရတနာရပ်ကွက်၊ မြို့ပါတ်လမ်းနှင့် ပြည်တော်သာလမ်းထောင့် တွင် ဆိုင်ကယ်စီးလာသော အမျိုးသမီးတစ်ယောက်ထံမှငွေထုပ်ကို အမျိုးသားတစ်ဦးလင်မယားနှစ်ယောက် က လုယက်သွားကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ဖေဖော်ဝါရီ(၂၁)ရက်၊ နေ့(၁)နာရီအချိန်ခန့်တွင် မကွေးမြို့၊ အောင်ရတနာရပ်ကွက်၊ ရန်နိုင်ရပ်၊ လမ်း(၂၀)နေသူ မနွယ်နွယ်သန်း(၄၀)နှစ်သည် ဆိုင်ကယ်ဖြင့် မကွေးမြို့၊ ပြည်တော်သာလမ်းရှိ ရိုးမဘဏ်မှ ငွေကျပ် ခုနှစ်သိန်းကျော်ကို ထုတ်ယူလာသည်။ ငွေထုပ်ကို လက်တစ်ဖက်ဖြင့်ကိုင်၍ မြို့ပါတ်လမ်းနှင့် ပြည်တော် သာလမ်း ထောင့်ရှိ ကောင်းမြိန်ကွမ်းယာဆိုင်အနီး အရောက်တွင် အမျိုးသားတစ်ဦးသည် အမျိုးသမီးတစ်ဦးကို ဆိုင်ကယ် နောက်တင်မှ၍ ငွေထုပ်ကိုင်သူဆိုင်ကယ်၏နောက်ကို လိုက်ပါလာကြောင်း၊ ၎င်းအမျိုးအစား (နံပါတ်မသိ) ဆိုင်ကယ်သည် မနွယ်နွယ်သန်း၏ ဆိုင်ကယ်အား လက်ဝဲဘက်မှ ကျော်တက်ပြီး ၎င်းဆိုင် ကယ်နောက်မှ ပါလာသူ အမျိုးသမီးတစ်ဦးက မနွယ်နွယ်သန်းလက်ထဲက ငွေအိပ်ကို လုယူ၍ မြို့ပတ်လမ်းအတိုင်း တောင်ဘက် ပညာရေးတက္ကသိုလ်ရှေ့ ကြာပန်းအ၀ိုင်းသို့ ထွက်ပြေးသွားကြောင်း၊ မနွယ်နွယ်သန်းက အော်ဟစ် အကူအညီတောင်း၍ ၀ိုင်းဝန်းလိုက်သွားကြကြောင်း၊ ငွေလုယူသွားသော ဆိုင်ကယ်သည် ၎င်း ကြာပန်းအ၀ိုင်းမှ အထက(၁)လမ်းအတိုင်း မောင်းပြေးကြောင်း၊ ၎င်းအထက(၁)လမ်းမှ အဝေရာလမ်းဘက်ချိုးကွေ့ဝင်ပြီး ကားကြီးကွင်းတောင်ဘက်လမ်း၊ ပြည်တော်သာလမ်းနှင့် အဝေရာလမ်း ထောင့်ရှိ BLESSING လက်ဖက်ရည်ဆိုင် အနီးတွင် မျက်ခြေပြတ်သွားခဲ့ကြောင်း ငွေထုပ်အားလုယူသွားသူများကို ၀ိုင်းဝန်းဖမ်းဆီးသူ ဒေသခံတစ်ဦးက ပြောသည်။ အဆိုပါအမှုကို ဖေဖော်ဝါရီ(၂၁)ရက် ညနေ(၆)နာရီအချိန်ခန့်တွင် ငွေထုပ်ပိုင်ရှင် မနွယ်နွယ်သန်း က တရားလိုပြုလုပ်၍ အမည်မသိအမျိုးသားနှင့် အမျိုးသမီးတို့အား ဖမ်းဆီးဖော်ထုတ်ပေးပါရန် မကွေးနယ်မြေရဲစခန်း ၌ (ပ)၄၂/၂၀၁၄ ပြစ်မှုပုဒ်မ၃၇၉(နှိုက်)ဖြင့် အမှုဖွင့်ဆောင်ရွက်လျှက်ရှိကြောင်း ရဲမှတ်တမ်းအရ သတင်းရရှိသည်။ ၂၀၁၃ ခုနှစ်အတွင်းကလည်း အမျိုးသမီးနှစ်ဦး ကမ္ဘောဇဘဏ်မှ ငွေထုတ်ယူ၍ ဆိုင်ကယ်ဖြင့်အပြန်တွင် မကွေးမြို့၊ ကန်သာရပ်ကွက်၊ ပြည်တော်သာလမ်းနှင့် သစ္စာလမ်းထောင့်အရောက်၌ ဆိုင်ကယ်စီးအမျိုးသား တစ်ဦးက ဆိုင်ကယ်ချင်းကပ်ပြီး ငွေထုတ်အားလုယူသွားခဲ့ကြောင်း၊ ၎င်း ငွေထုတ်လုယူထွက်ပြေးသွားသော မော်တော်ဆိုင်ကယ်စီး တရားခံအား (၂၄)နာရီအတွင်း ဖမ်းဆီးရမိကြောင်း၊ ပထမ အကြိမ်အဖြစ် သတင်းဖြစ် ပေါ်ခဲ့သည်။
 

`` ရဲတပ်ဖွဲ့ကားနှင့် လိုက်ထရပ်ကား အရပ်သားတို့၏ ကားနှစ်စီး မကွေးမြို့လယ်လမ်းဆုံ၌ ယာဉ်တိုက်မှုဖြစ်၊ အရပ်သား ယာဉ်မောင်းအား အရေးယူအမှုဖွင့်´´

ဖေဖော်ဝါရီ(၂၁)ရက်၊ နံနက်(၁၀း၃၀)နာရီအချိန်ခန့်တွင် မကွေးမြို့လယ်ခေါင်(မီးပွိင့်) ဗိုလ်ချုပ် လမ်းနှင့် ပြည်တော်သာလမ်းဆုံ၌ ယာဉ်နှစ်စီးလုံး မျက်နှာချင်းဆိုင်မောင်းလာစဉ် ၎င်းကားနှစ်စီး ယာဉ်တိုက်မှုဖြစ်ကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ဖေဖော်ဝါရီ(၂၁)ရက်၊ နံနက်(၁၀း၃၀)နာရီအချိန်ခန့်တွင် မကွေးမြို့လယ်ခေါင်(မီးပွိင့်) ဗိုလ်ချုပ် လမ်းနှင့် ပြည်တော်သာလမ်းဆုံ၌ မင်းဘူးခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ Police စာတမ်းပါ ၇ခ/…… အား ယာဉ်မောင်း ရဲတပ်ကြပ် သိန်းဇင်(၃၅)နှစ်က ဗိုလ်ချုပ်လမ်းအတိုင်း တောင်မှ မြောက်သို့မောင်းလာစဉ် ယာဉ်မောင်း ဦးစောဝင်း(၅၀)နှစ်၊ လယ်ကိုင်းရွာမှ လိုက်ထရပ်အပြာရောင် ၈ဃ/…… ကားသည်လည်း ဗိုလ်ချုပ်လမ်းအတိုင်း မြောက်မှ တောင်သို့ မောင်းလာပြီး မကွေးမြို့လယ်ခေါင်(မီးပွိင့်)လမ်းဆုံအရောက်တွင် ပြည်တော်သာလမ်း လက်ဝဲဘက်သို့ချိုးကွေ့စဉ် ၎င်းလိုက်ထရပ်ကား ၈ဃ/……ကို Police ၇ခ/……မှ ဦးခေါင်းဖြင့် ၀င်ရောက်တိုက်မိခဲ့၍ လိုက်ထရပ်ကားမှာ ပြည်တော်သာလမ်း၏ မြောက်ဘက်ဘေး ပလက်ဖောင်း ပေါ်သို့ ရှေ့ဘီးရောက်သွားကြောင်း၊ ထိုစဉ် ဆွမ်းခံပြန်လာသော ကိုရင်ကိတ္တိသာရ(၁၅)နှစ်အား လိုက်ထရပ် ကားနှင့် တိုက်မိပြီး ယာဘက်ခြေမျက်စေ့၊ ယာဘက်ဖနောင့် တို့ ပေါက်ပြဲဒဏ်ရာ နှင့် ယာဘက်လက်မောင်း အောင့်သော ဒဏ်ရာများ ရရှိ၍ ရဲဆေးစာနှင့်အတူ မကွေးပြည်သူ့ဆေးရုံကြီးသို့ တင်ပို့လိုက်ကြောင်း မကွေးတိုင်းဒေသကြီး ယာဉ်ထိမ်းရဲတပ်ဖွဲ့မှူးရုံးမှ သိရှိရသည်။ `` လမ်းဆုံမီးပွိင့် မီးစိမ်းနေတုန်း လိုက်ထရပ်ကားက ဗိုလ်ချုပ်လမ်းအတိုင်း မြောက်ဘက်ကနေ တောင်ဘက်ကိုလာတယ်၊ ပြည်တော်သာလမ်းဆုံအရောက် ၀ဲဘက်ကိုအရှိန်နည်းနည်းလေးနဲ့ ခလယ်မျဉ်းအတိုင်း ၀ိုက်ပြီးမကွေ့ဘဲ ကပ်ကွေ့လိုက်တယ်။ အဲဒီအချိန်မှာ ဗိုလ်ချုပ်လမ်းအတိုင်း တောင်ကနေ မြောက်တည့်တည့် မောင်းလာတဲ့ ရဲကားက တော်တော်ကို အရှိန်များတယ်ဗျ၊ အဲဒီအချိန်မှာ အရှိန်မထိမ်းနိုင်တော့ဘဲ ရဲကားက လိုက်ထရပ်ကား ကိုဝင်တိုက်လိုက်တာဘဲ၊ `၀ုန်း´ဆိုတဲ့အသံကြီး တော်တော်ကျယ်ပါတယ်၊ ကားနှစ်စီးလုံး ပြည်တော်သာလမ်း ရဲ့မြောက်ဘက် ပလက်ဖောင်းထိရောက်သွားကြတာပါ။ ကားနှစ်စီးလုံး မှားကြတယ်လို့ ကျွန်တော် မြင်လိုက်မိပါတယ်..။´´ ဟု ၎င်းလမ်းဆုံမှ ပန်းချီဆရာတစ်ဦးက ပြောသည်။ ၎င်း ကားနှစ်စီး၏ ယာဉ်တိုက်မှုကို ရှေ့ယာဉ်မရှင်းဘဲ လမ်း၏ ၀ဲဘက်ခြမ်းသို့ကွေ့၍ ယာဉ်တိုက်မှု ဖြစ်ပွားစေခဲ့သူ ဦးစောဝင်း(၅၀)နှစ်၊(ဘ)ဦးသာရင်၊ လယ်ကိုင်းရွာနေသူအား ဥပဒေအရ အရေးယူပေးပါရန် တာဝန်မှူး ရဲအုပ်တင်မိုးဇော် မှ မကွေးမြို့မရဲစခန်းတွင် တရားလိုပြုလုပ်ပြုလုပ်၍ ဖေဖော်ဝါရီ(၂၁)ရက်နေ့စွဲဖြင့် (ပ) ၅/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၃၇/၃၃၈ ဖြင့် အရေးယူထားကြောင်း ရဲမှတ်တမ်းအရ သတင်းရရှိသည်။ မင်းဘူးခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ Police ရဲကားသည် မကွေးမြို့သို့အစည်းအဝေးလာတက်ပြီး မင်းဘူးမြို့သို့ အပြန်ဖြစ်ကြောင်း၊ လယ်ကိုင်းရွာမှ လိုက်ထရပ်ကားသည်လည်း မကွေးတိုင်းဒေသကြီး ဆေးရုံသို့ ဆေးရုံတင်ရန် လူနာလာပို့ကြောင်း သတင်းရရှိသည်။
 

``မကွေးမြို့တွင် တစ်ရက်တည်း ယာဉ်တိုက်မှု (၄)မှုဖြစ်ပွားကြောင်း သိရ´´

ဖေဖော်ဝါရီ(၂၁)ရက်နေ့တွင် တစ်ရက်တည်း ယာဉ်တိုက်မှု (၄)မှုဖြစ်ပွားကြောင်း မကွေးမြို့ယာဉ်ထိမ်းရုံးမှ သတင်းရရှိသည်။ ဖေဖော်ဝါရီ(၂၁)ရက်နေ့ နံနက်(၁၀း၃၀)နာရီအချိန်ခန့်တွင် မကွေးမြို့လယ်ခေါင်(မီးပွိင့်) ဗိုလ်ချုပ်လမ်းနှင့် ပြည်တော်သာလမ်းဆုံ၌ မင်းဘူးခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ Police စာတမ်းပါ ၇ခ/…… အား ယာဉ်မောင်း ရဲတပ်ကြပ် သိန်းဇင်(၃၅)နှစ်က ဗိုလ်ချုပ်လမ်းအတိုင်း တောင်မှ မြောက်သို့မောင်းလာစဉ် ယာဉ်မောင်း ဦးစောဝင်း(၅၀)နှစ်၊ လယ်ကိုင်းရွာမှ လိုက်ထရပ်အပြာရောင် ၈ဃ/…… ကားသည်လည်း ဗိုလ်ချုပ်လမ်းအတိုင်း မြောက်မှ တောင်သို့ မောင်းလာပြီး မကွေးမြို့လယ်ခေါင်(မီးပွိင့်)လမ်းဆုံအရောက်တွင် ပြည်တော်သာလမ်း လက်ဝဲဘက်သို့ချိုးကွေ့စဉ် ၎င်းလိုက်ထရပ်ကား ၈ဃ/……ကို Police ၇ခ/……မှ ဦးခေါင်းဖြင့် ၀င်ရောက်တိုက်မိခဲ့၍ လိုက်ထရပ်ကားမှာ ပြည်တော်သာလမ်း၏ မြောက်ဘက်ဘေး ပလက်ဖောင်း ပေါ်သို့ ရှေ့ဘီးရောက်သွားကြောင်း၊ ထိုစဉ် ဆွမ်းခံပြန်လာသော ကိုရင်ကိတ္တိသာရ(၁၅)နှစ်အား လိုက်ထရပ် ကားနှင့် တိုက်မိပြီး ယာဘက်ခြေမျက်စေ့၊ ယာဘက်ဖနောင့် တို့ ပေါက်ပြဲဒဏ်ရာ နှင့် ယာဘက်လက်မောင်း အောင့်သော ဒဏ်ရာများ ရရှိ၍ ရဲဆေးစာနှင့်အတူ မကွေးပြည်သူ့ဆေးရုံကြီးသို့ တင်ပို့လိုက်ကြောင်း၊ ၎င်း ကားနှစ်စီး၏ ယာဉ်တိုက်မှုကို ရှေ့ယာဉ်မရှင်းဘဲ လမ်း၏ ၀ဲဘက်ခြမ်းသို့ကွေ့၍ ယာဉ်တိုက်မှု ဖြစ်ပွားစေခဲ့သူ ဦးစောဝင်း(၅၀)နှစ်၊(ဘ)ဦးသာရင်၊ လယ်ကိုင်းရွာနေသူအား ဥပဒေအရ အရေးယူပေးပါရန် တာဝန်မှူး ရဲအုပ်တင်မိုးဇော် မှ မကွေးမြို့မရဲစခန်းတွင် တရားလိုပြုလုပ်၍ ဖေဖော်ဝါရီ(၂၁)ရက်နေ့စွဲဖြင့် (ပ) ၅/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၃၇/၃၃၈ ဖြင့် အရေးယူထားကြောင်း ရဲမှတ်တမ်းအရ သတင်းရရှိသည်။ ၎င်းနေ့ နေ့(၁၂း၃၀)နာရီအချိန်ခန့်တွင် မကွေးမြို့ ဖန်ခါးမြေဂေါက်ကွင်းဝင်ပေါက်အနီး ဦးတင်ငွေ(၆၅)နှစ် မြင်သာရပ်ကွက်၊ မဲထီးလမ်းနေထိုင်သူနှင့် နောက်က တစ်ဦးအားတင်၍ စီးလာသော မော်တော်ဆိုင်ကယ် အနက်ရောင် SHISUAL 110( ၄ယ/……)သည် နတ်မောက်လမ်း အရှေ့အရပ်မှ အနောက်သို့ မောင်းလာစဉ် ဦးမြသိန်း(၃၈)နှစ်၊ မြင်သာရပ်ကွက်၊(၂၉)လမ်းတွင်နေသူ နှင့် နောက်တွင်တင်ဆောင်လာသော တစ်ဦးပါ ဆိုင်ကယ် JANSHE 110 အနက်ရောင်ဆိုင်ကယ်သည် နတ်မောက်လမ်းအတိုင်း အနောက်မှ အရှေ့သို့မောင်း လာရာ နှစ်စီးယာဉ်တိုက်မှုဖြစ်ကြောင်း၊ ၎င်းယာဉ်တိုက်မှူတွင် ဦးမြသိန်းနှင့်အတူပါလာသူတစ်ဦး နှင့် ဦးတင်ငွေတို့ ဒဏ်ရာရရှိ၍ မကွေးတိုင်းဒေသကြီး ဆေးရုံသို့ ပို့လိုက်ရ ကြောင်း၊ ဦးတင်ငွေ၏ ဆိုင်ကယ်သည် Green Luck ဓာတ်ဆီဆိုင်မှ ဆီထည့်၍ နတ်မော်ကလမ်းပေါ်သို့ထွက်လာစဉ် လမ်း၏ယာဘက်ခြမ်းသို့ကူး၍ မောင်းစဉ် မျက်နှာချင်းဆိုင် ဦးမြသိန်း၏ ဆိုင်ကယ်အား ၀င်ရောက်တိုက်မိကြောင်း၊ ဦးတင်ငွေ ဆိုင်ကယ်သည် လမ်းမပေါ်၌ ယာဉ်မရှင်းဘဲ တက်ရောက်လာပြီး ယာဉ်တိုက်မှုဖြစ်၍ မကွေးမြို့မရဲစခန်းတွင် ဦးတင်ငွေအား (ပ) ၆/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၃၇/၃၃၈ ဖြင့်အရေးယူထားကြောင်း သတင်းရရှိသည်။ ၎င်းနေ့ နေ့(၁၁း၃၀)နာရီအချိန်ခန့်တွင်လည်း မကွေးမြို့ မဲထီးလမ်းနှင့် ဗိုလ်ချုပ်လမ်းထောင့်၌ ယာဉ်မောင်း မဖြူဖြူဝင်း(၃၈)နှစ်၊ ဆုံရပ်ကွက်မှ Honda Fit အဖြူရောင်ကား(၅င/…..)သည် ဗိုလ်ချုပ်လမ်းအတိုင်း မောင်းနှင်လာစဉ် ထော်လာဂျီ(နံပါတ်မပါ) ဖြင့် ယာဉ်မောင်းဝင်းနိုင် သည် မဲထီးလမ်းအရှေ့ဘက် မှ အနောက် ဘက်သို့သွားရာ ဗိုလ်ချုပ်လမ်းဖြတ်ကူးစဉ် ယာဉ်တိုက်မှုဖြစ်ကြောင်း၊ ၎င်းယာဉ်တိုက်မှုတွင် လမ်းမရှင်းဘဲ ဖြတ်ကူးသော ထော်လာဂျီယာဉ်မောင်း ၀င်းနိုင်(၄၅)နှစ်၊ ပွင့်ဖြူမြို့နေသူအား မကွေးမြို့မရဲစခန်းတွင်(ပ) ၇/၂၀၁၄၊ ပြစ်မှုပုဒ်မ ၂၇၉ ဖြင့်အရေးယူထားကြောင်း သတင်းရရှိသည်။ ၎င်းနေ့ ည(၈း၃၀)နာရီအချိန်ခန့်တွင် ကန်ပြားကျေးရွာ၊ ဓာတ်ဆီဆိုင်အနီး၌ SUPER AMBO 110. အစိမ်းရောင်ဆိုင်ကယ်(၃၅ယ/….)စီးသူ ယာဉ်မောင်း ရန်နိုင်စိုး(၂၁)နှစ်၊ မကျီးထူးရွာ၊ မြို့သစ်မြို့နယ်တွင် နေထိုင်သူသည် နတ်မောက်လမ်းအတိုင်း အနောက်မှ အရှေ့သို့မောင်းနှင်လာစဉ် ၎င်းလမ်းပေါ်၌ အရှေ့မှ အနောက်သို့ လမ်းလျှောက်လာသူ မောင်ထက်အောင်ဝင်း(၁၂)နှစ်၊ မီချောင်းရဲကျေးရွာ မကွေးမြို့နယ်တွင် နေထိုင်သူ အား ရန်နိုင်စိုး၏ ဆိုင်ကယ်က ၀င်ရောက်တိုက်မိကြောင်း၊ ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်မောင်းသူ ရန်နိုင်စိုး မှာ ရင်ဘတ်အောင့်၊ ယာဘက်ပါးပေါက်ပြဲသော ဒဏ်ရာများအနည်းငယ်ရရှိ၍ မကွေးသင်ကြားရေး ဆေးရုံသို့တင်ထားပြီး အတိုက်ခံရသူ မောင်ထက်အောင်ဝင်းမှာ ယာဘက်လက်ကောက်ဝတ်နှင့် ခြေဖမိုးပွန်း ပေါက်ခြင်း ခါးနာခြင်းတို့ကြောင့် မကွေးတိုင်းဒေသကြီး ဆေးရုံသို့တင်ပို့ထားကြောင်း၊ ၎င်းယာဉ်တိုက်မှုတွင် ဆိုင်ကယ်ကို မဆင်မချင်မောင်းနှင်သူ ရန်နိုင်စိုး အား မကွေးမြို့မရဲစခန်းတွင် (ပ) ၈/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၃၇ ဖြင့် အရေးယူဆောင်ရွက်ထားကြောင်း မကွေးယာဉ်ထိမ်းရဲတပ်ဖွဲ့မှ သတင်းရရှိသည်။
 

``သွေးမေတ္တာပရဟိတအသင်း ချောက်မြို့တွင် ရုံးခွဲဖွင့်လှစ်´´

ဖေဖော်ဝါရီ(၂၀)ရက် နံနက်(၁၀း၃၀)နာရီမှ နေ့(၁၂)နာရီအချိန်ခန့်ထိ ချောက်မြို့နယ်၊ အမှတ်(၇)ရပ်ကွက်၊ အုတ်ဖိုရပ်ရှိ အလုပ်သမားအပန်းဖြေရိပ်သာ၌ သွေးမေတ္တာပရဟိတအသင်း(ရန်ကုန်)၏ ချောက်မြို့နယ်ဆိုင်းဘုတ် တင်ပွဲနှင့် ရုံးခန်းဖွင့်ပွဲကျင်းပကြောင်း သတင်းရရှိသည်။ ၎င်းပွဲသို့ သွေးမေတ္တာပရဟိတအသင်း(ချောက်မြို့ရုံးခွဲ)မှ နာယကရွှေပုံတောင်တောရဆရာတော် ဘဒ္ဒ န္တ တိက္ခသာရနှင့် အဖွဲ့ဝင်ဆရာတော်များ၊ သွေးမေတ္တာပရဟိတအသင်း(ရန်ကုန်) နာယကဆရာတော် အရှင် ဆန္ဒာဓိက(မန္တလေး)၊ သွေးမေတ္တာပရဟိတအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးမြတ်ကျော်၊ ချောက်မြို့နယ်စည်ပင် သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးထင်အောင်၊ ရုပ်ရှင်သရုပ်ဆောင် နိုဗယ်ကျော်ကျော်၊ ချောက်မြို့ရုံးခွဲ ဥက္ကဋ္ဌ ဦးသန်းမြင့်နှင့် အဖွဲ့ဝင်များ ချောက်မြို့နယ်နိုင်ငံရေးပါတီများ (NDF), (NLD)ပါတီတို့မှ ဥက္ကဋ္ဌများ၊ လူမှုရေး အသင်းဖွဲ့များ နှင့် ချောက်မြို့ စက်မှုလက်မှုကျောင်းမှ ကျောင်းသား ကျောင်းသူများ စုစုပေါင်း(၂၀၀)ဦးခန့် တက်ရောက်ကြောင်း သိရသည်။ ၎င်းသွေးလှူသင်းကြီးမှ သွေးလှူခြင်းမှာ ဒုတိယ၊ သာသနာပြုလုပ်ငန်းသည် ပထမအချက် ဖြစ်ကြောင်း၊ အသင်းတွင် လူမျိုး၊ ဘာသာပေါင်းစုံ၊ နိုင်ငံရေးပေါင်းစုံ၊ စီးပွားရေးလုပ်ငန်းပေါင်းစုံ၊ ဆင်းရဲ ချမ်းသာမရွေး လူမျိုးပေါင်းစုံပါဝင်ပြီး မိမိနှစ်သက်ရာ ဘာသာကို သာသနာပြုစေလိုခြင်းဖြစ်ကြောင်း၊ ရန်ကုန်ရုံးချုပ်တွင် ရုံးခွဲပေါင်း(၁၄)ခုရှိပြီး နေ့စဉ်ကလေး(၃၀)ဦးအား အရေးပေါ်သွေးလှူဒါန်းခြင်းလုပ်ငန်းများကို ဆောင်ရွက်နေပါကြောင်း၊ ရန်ကုန်မြို့တွင်နေ့စဉ်သွေးပုလင်းပေါင်း(၃၅၀)ခန့်လိုအပ်လျှက်ရှိရာ အမျိုးသားသွေးလှူ ဘဏ်မှ သွေးပုလင်း(၂၀၀)ခန့်သာ လှူဒါန်းနိုင်ပြီး ကျန်သွေးပုလင်း(၁၅၀)အား ပရဟိတအသင်းများမှ လှူဒါန်းပေးနေခြင်းဖြစ်ကြောင်း၊ ရန်ကုန်မြို့တွင် လူမှုရေးအဖွဲ့(၆၀)ခန့်စုပေါင်းကာ လူမှုရေးကွန်ရက်ဖွဲ့စည်းထား ကြောင်း၊ ချောက်မြို့တွင်းလည်း ဖွဲ့စည်းထားစေလိုကြောင်း သွေးမေတ္တာပရဟိတအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးမြတ်ကျော်မှ ပြောကြားသည်။ ထို့နောက် ချောက်မြို့မှ မနောဖြူလူမှုကူညီရေးအသင်း ဥက္ကဋ္ဌ၊ ရွှေပါရမီအခမဲ့ဆေးခန်း ဘဏ္ဍာရေးမှူး၊ YMCA ချောက်ရုံးခွဲ ဥက္ကဋ္ဌ၊ ညောင်ဦးမြို့နယ် သစ္စာအောင်လူမှုရေးအသင်း ဥက္ကဋ္ဌ၊ ချောက်မြို့နယ် ကြက်ခြေနီအသင်း ဒုတပ်ရင်းမှူး၊ စလေတိုက်နယ် ကြက်ခြေနီအသင်း တို့မှ ကျေးဇူးတင်စကားပြောကြားကြောင်း သတင်းရရှိသည်။
 

``ရေနံစိမ်းချက်ဖိုများ မင်းလှမြို့နယ် ရေနံမရွာအနီးမှာ ဖမ်းဆီးရမိ၊ တရားခံများထွက်ပြေး´´

ဖေဖော်ဝါရီ(၂၀)ရက် နေ့လည်(၂)နာရီအချိန်ခန့်တွင် မင်းလှမြို့နယ် ရေနံမကျေးရွာအနီးတွင် ရေနံစိမ်း ချက်ဖိုများ ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ဖေဖော်ဝါရီ(၂၀)ရက် နေ့လည်(၂)နာရီအချိန်ခန့်တွင် မင်းလှမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်ဇော်၊ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့် နှင့် ရေနံမနယ်မြေစခန်းမှူး ရဲအုပ်အောင်နိုင်ဦးတို့အဖွဲ့သည် ရေနံမနယ် မြေအတွင်းရှိ ရေနံချက်ဖိုများကို လိုက်လံဖမ်းဆီးခဲ့ကြောင်း၊ ရေနံမကျေးရွာအရှေ့ဘက် တစ်မိုင်ခန့်အကွာ ရွာသာလှ ကျေးရွာလမ်းပေါက်၌ ကျော်ဇင်ထိုက်(၄၁)နှစ်၊ ရှမ်းစုရွာ၊ ပျော်ဘွယ်မြို့နယ်၏ ချက်ဖို(၁)ဖို၊ ရေနံမကျေးရွာ၏ မြောက်ဘက် (၁)မိုင်ခန့်အကွာ တောထဲတွင် ဘိုတင့်၏ ချက်ဖို(၂)ဖိုအား ဖမ်းဆီးမိကြောင်း၊ ၎င်းနေရာအနီး ချက်ဖို(၂)ဖိုအားဖမ်းဆီးရာ ပိုင်ရှင်သိန်းအောင်နှင့် ဘိုတင့်တို့မှာ ထွက်ပြေးသွား၍ နေရပ်လိပ်စာ စီစစ်ဆဲဖြစ်ကြောင်း၊ စုစုပေါင်း ရေနံစိမ်းချက်ဖို(၅)ဖိုနှင့်အတူ သက်သေခံပစ္စည်းများအား သိမ်းဆီးရမိကြောင်း၊ ဖြစ်စဉ်နှင့်ပတ်သက်၍ ဖေဖော်ဝါရီလ(၂၀)ရက်နေ့ ည(၈း၃၀)နာရီအချိန်တွင် ၎င်းချက်ဖိုပိုင်ရှင်များအား ရေနံမနယ်မြေရဲစခန်း၌ (ပ) ၁၂/၂၀၁၄၊ နိုင်ငံတော်စီးပွားကာကွယ်ရေးအက်ဥပဒေ ၉ ဖြင့် အမှုဖွင့်ထားပြီး ထွက်ပြေးတိမ်းရှောင်နေသော တရားခံများကို ဖမ်းဆီးရမိရေး ဆောင်ရွက်နေကြောင်း သက်ဆိုင်ရာ ရဲမှတ်တမ်းအရ သတင်းရရှိသည်။
 

``မင်းဘူးမြို့ မန်းရေနံမြေတွင်း၌ ရေနံစိမ်းခိုးသူအား ဖမ်းဆီးရမိ´´

ဖေဖော်ဝါရီ(၂၀)ရက် နံနက်(၃)နာရီအချိန်ခန့်တွင် မင်းဘူးမြို့နယ် မန်းရေနံမြေအတွင်း၌ ရေနံစိမ်းခိုးသူ တစ်ဦးကို ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ဖေဖော်ဝါရီ(၂၀)ရက် နံနက်(၃)နာရီအချိန်ခန့်တွင် မန်းရေနံမြေလုံခြုံရေးဌာနမှ ဒုတပ်ကြပ် ဌေးဇော်နှင့်အဖွဲ့သည် ရေနံမြေအတွင်းလှည့်ကင်းတာဝန်ထမ်းဆောင်နေစဉ် ရေနံတွင်းအမှတ်(၃၃)အနီးအရောက် တွင် ရေနံတွင်းဘူးပလပ်အားဖွင့်၍ တစ်လက်မပိုက်ပျော့ အရှည်(၁၃)လက်မခန့်ဖြင့် ရေနံခိုးထုတ်နေသူ တစ်ဦးကို တွေ့ရှိကြောင်း၊ ထိုသူခိုးအား ၀ိုင်းဝန်းဖမ်းဆီးရာ ၀င်းမြင့်သိန်း(၃၀)နှစ်၊ ကျပန်း၊ အောက်ကျောင်းကျေးရွာ၊ မင်းဘူးမြို့နယ်တွင်နေထိုင်သူ ဖြစ်ကြောင်း၊ ၎င်းနှင့်အတူ ရေနံစိမ်း(၄)ဂါလံစီပါသော အိတ်(၂)အိတ်ပါ ပူးတွဲ ဖမ်းဆီးရမိကြောင်း၊ ရေနံစိမ်းခိုးယူသူ ၀င်းမြင့်သိန်း အား မင်းဘူးမြို့မရဲစခန်းမှ (ပ) ၂၁/၂၀၁၄၊ ပပက ၆(၁)အရ အရေးယူထားကြောင်း သက်ဆိုင်ရာ ရဲမှတ်တမ်းမှ သတင်းရရှိသည်။
 

``မန်းရွှေစက်တော်ဘုရားပွဲတွင်း၌ ဖဲလောင်းကစားဝိုင်း ဖမ်းဆီးရမိ´´

ဖေဖော်ဝါရီ(၂၀)ရက် နေ့(၁)နာရီအချိန်ခန့်တွင် မင်းဘူးမြို့နယ်၊ မန်းရွှေစက်တော်တွင်း လှေတင်ဈေးဆိုင် တန်းရှိ ချမ်းမြေ့အောင် မော်တော်ဆိုင်ကယ်ပြုပြင်ရေးဆိုင်ခန်း၌ ဖဲလောင်းကစားဝိုင်း ဖမ်းဆီးရမိ ကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ သတင်းပေးချက်အရ ၎င်းဆိုင်ခန်းသို့ မန်းရွှေစက်တော်ရဲကင်းမှူး ရဲအုပ်ရွှေဝင်းမောင်နှင့်အဖွဲ့ သည် ၀င်ရောက်ဖမ်းဆီးရာ ဖဲလောင်းကစားနေကြသူ (၆)ဦးနှင့်အတူ ဖဲချပ်နှင့် လောင်ကစားကြေးငွေကျပ် (၆၄၅၀)တို့အား ဖမ်းဆီးရမိကြောင်း၊ ဆိုင်ခန်းပိုင်ရှင် ချမ်းမြေ့အောင်(၂၉)နှစ်၊ ရန်နိုင်ရပ်ကွက်၊ မကွေးမြို့နေသူနှင့် အတူ ရဲအောင်(၂၂)နှစ်၊ ငဖဲမြို့၊ မျိုးကို(၁၇)နှစ်၊ ဆင်ခေါင်းရွာ မင်းဘူးမြို့နယ်၊ ပေါ်ကြီး(၂၂)နှစ် ဆင်ခေါင်းရွာ မင်းဘူးမြို့နယ်၊ မိုးသူ(၂၇)နှစ်၊ ရွာဟောင်းကန်ရွာ၊ မကွေးမြို့နယ်၊ ကျော်မင်း(၂၂)နှစ် စကုမြို့တွင် နေထိုင်သူ (၆)ဦးအား ဖေဖော်ဝါရီ(၂၀)ရက် ညနေ(၅း၃၀)နာရီအချိန်တွင် စကုနယ်မြေရဲစခန်း၌ (ပ) ၁၆/၂၀၁၄၊ လောင်းကစားပြစ်မှုပုဒ်မ ၁၃(က)/၁၄(က)ဖြင့် အရေးယူထားကြောင်း သက်ဆိုင်ရာ ရဲမှတ်တမ်းမှ သတင်း ရရှိသည်။
 

မကွေးမြို့ နိုင်ငံခြားခရီးသွားများဖြင့် အနှေးယာဉ် ဆိုက်ကားနင်းသူများ အလုပ်ဖြစ်

မကွေး ဖေဖော်ဝါရီ ၂၀ မကွေးမြို့သို့ နိုင်ငံခြားသားခရီးသွားဧည့်သည်များလာရောက်လည်ပတ်မှုများကြောင့် အနှေးယာဉ် ဆိုက်ကားနင်းသူများ အလုပ်ဖြစ်၍ ၀င်ငွေကောင်းလျက်ရှိသည်။ ယနေ့နံနက်တွင် အပျော်စီး သင်္ဘောဖြင့် သြစတေးလျနိုင်ငံမှနိုင်ငံခြားသားဧည့်သည် (၂၅)ဦး မကွေးမြို့သို့ရောက်ရှိလာပြီး အနှေးယာဉ်ဆိုက်ကားများဖြင့် မကွေးမြို့မဈေး၊ဗိုလ်ချုပ်ပန်းခြံနှင့် ပြည်တော်သာလမ်း တစ်လျှောက် လှည့်လည် လေ့လာပြီး မြသလွန်စေတီတော်မြတ်သို့ရောက်ရှိ လေ့လာခဲ့သည်။ အနှေးယာဉ် ဆိုက်ကားနင်းသူတစ်ဦးမှ သူတို့က ရန်ကုန်ကနေ မန္တလေးသွားမှာ၊မကွေး ဆိပ်ကမ်းကပ်မှာကို (၂)ရက်အလိုက အသင်းဥက္ကဌ ထံ ကြိုပြီးဖုန်းဆက်ထားတယ်၊သူတို့သွားချင်တဲ့ နေရာတွေကို လိုက်ပို့ပေးရတယ်၊တစ်မနက်ကို ဆိုက်ကားနင်းခ (၄၀၀၀)ကျပ်ရတယ်၊ တစ်နေကုန် ညအပါအ၀င် ဆို (၁၀၀၀၀ိ/-)ကျပ်ထိ ပေးတာလဲရှိတယ်၊အခု ပွင့်လင်ရာသီဆို နိုင်ငံခြားသားတွေ အလာများတယ်၊ ယခင်နှစ်ထက် ယခုနှစ် ပိုပြီးများလာကြတယ်၊ ဟု ပြောကြားသည်။ အဆိုပါ အနှေးယာဉ်ဆိုက်ကားနင်းသူများသည် မကွေးမြို့ပေါ်တွင် (၁၇၉)စီး ရှိပြီး နိုင်ငံခြားသားများလာရောက်ပါက အသင်းဥက္ကဌ ဦးကျော်တိုးမှ ဆိုက်ကားနင်းသူများအား တူညီဝတ်စုံဝတ်စေပြီး သတ်မှတ်စည်းကမ်းများနှင့်အညီ လိုက်ပါပို့ဆောင်ပေးရကြောင်း သိရှိရသည်။ သူရထွန်း(မကွေး) သတင်းပေးပို့သူ - ဦးတင်ထွန်းဦး
 

``မကွေးဆေးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ ဖွင့်ပွဲ´´

ဖေဖော်ဝါရီ(၂၀)ရက် နံနက်(၈)နာရီမှ နံနက်(၉)နာရီအချိန်ခန့်အထိ မကွေးမြို့ ဆေးတက္ကသိုလ်(မကွေး) ဘွဲ့နှင်းသဘင်ခန်းမ အဆောက်အဦးသစ်ဖွင့်ပွဲ ကျင်းပကြောင်း သတင်းရရှိသည်။ အဆိုပါဖွင့်ပွဲသို့ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေသက်ခင် နှင့်အဖွဲ့ဝင်များ၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန ၀န်ကြီး ဗိုလ်မှူးကြီးဇော်လင်းအောင်နှင့် အစိုးရ၀န်ကြီးများ၊ ဆေးတက္ကသိုလ်(မကွေး) ပါမောက္ခချုပ် ပါမောက္ခ ဒေါက်တာဝင်းမြတ်အေး ၊ မကွေးတိုင်း ဒေသကြီးအတွင်းရှိ တက္ကသိုလ်၊ ကောလိပ်ကျောင်းအသီးသီးမှ ကျောင်းအုပ်ကြီးများနှင့် ဆရာ ဆရာမများ၊ တိုင်း/ခရိုင်/မြို့နယ်များမှ ဌာနဆိုင်ရာ အကြီးအကဲများ နှင့် ကျောင်းသားကျောင်းသူများ စုစုပေါင်း(၁၅၀)ခန့် တက်ရောက်ကြောင်း သိရသည်။ ဆေးတက္ကသိုလ်(မကွေး) ဘွဲ့နှင်းသဘင်ခန်းမ အဆောက်အဦးသစ်ဖွင့်ပွဲကို ဆေးသိပ္ပံဦးစီးဌာန၊ ညွန်ကြားရေးမှူးချုပ် ဒေါက်တာ သန်းဇော်မြင့်၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေး ၀န်ကြီး ဦးအောင်ကျော်မြင့် နှင့် ဆေးတက္ကသိုလ်(မကွေး) ပါမောက္ခချုပ် ပါမောက္ခ ဒေါက်တာ ၀င်းမြတ်အေး တို့ မှ ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြောင်း၊ ကျန်းမာရေးဝန်ကြီးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေသက်ခင် မှ ဆေးတက္ကသိုလ်(မကွေး)ဘွဲ့နှင်းသဘင်ခန်းမ ဆိုင်းဘုတ်အား စက်ခလုပ်နှိပ့်၍ ဖွင့်လှစ်ပေးကြောင်း သတင်း ရရှိသည်။ ၎င်းခန်းမကြီးကို ၂၀၁၂၊ ဒီဇင်ဘာ(၂)စတင်၍ ပန္နက်တင်အခန်းအနားပြုလုပ်၍ Diamant City ကုမ္ပဏီ မှ (၁၅)လအတွင်း အပြီးဆောက်လုပ်ခဲ့ကြောင်း၊ အဆောက်အဦး၏ အကျယ်အ၀န်းမှာ (၁၈၀)စတုရန်းပေရှိပြီး (၂)ထပ်ပါရှိကြောင်း၊ မြေညီထပ်တွင် လူဦးရေပေါင်း(၁၃၀၀)ဦးခန့်ဆန့်သောခန်းမဖြစ်ကြောင်း၊ ပထမထပ်တွင် လူဦးရေ(၃၀၀)ဆန့် ခန်းမ နှင့်အုပ်ချုပ်ရေးရုံးများ ပါဝင်ကြောင်း၊ ၎င်းဘွဲ့နှင်းသဘင်ခန်းမကြီးအား မြန်မာငွေကျပ် သန်းပေါင်း(၁၃၆၉.၈) သန်း ကုန်ကျကြောင်း Diamant City ကုမ္ပဏီ မှ သတင်းရရှိသည်။ ၎င်း ဘွဲ့နှင်းသဘင် ခမ်းမ အသစ်တွင် ဖေဖော်ဝါရီ(၂၁)ရက်နေ့မှာ မကွေးဆေးတက္ကသိုလ် ကျောင်းသူ ကျောင်းသား များအား အဋ္ဌမ အကြိမ်ဘွဲ့နှင်းသဘင်ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ `` မကွေးဆေးတက္ကသိုလ်ကြီးက မကွေးမြို့နဲ့ (၆)မိုင်လောက်ဝေးတယ်၊ ယခင်ဘွဲ့နှင်းသဘင်ကျင်းပစဉ်က အဆောက်အဦးမရှိတော့ မျက်ခင်းပြင်မှာ ကျင်းပခဲ့ရတယ်၊ ရာသီဥတု မကောင်းရင် ဒုက္ခရောက်တယ်၊ ဘွဲ့ယူတဲ့ ကျောင်းသူ၊ ကျောင်းသားတွေ ကားနဲ့သွားကြရပါတယ်..။´´ ဟု ဒေသခံ ကျောင်းသားမိဘတစ်ဦး က ပြောသည်။
 

``(၆၆)နှစ်မြောက် ချင်းအမျိုးသားနေ့ အထိမ်းအမှတ် ဂုဏ်ပြုပွဲ မကွေးမြို့တွင် ကျင်းပ´´

ဖေဖော်ဝါရီ(၂၀)ရက်နေ့ ညနေ(၅)နာရီမှ ည(၁၀)နာရီအချိန်ခန့်တွင် မကွေးမြို့ ရန်ပယ်ရပ်ကွက် သုခိတာလမ်းနှင့် ပြည်တော်သာလမ်းထောင့်ရှိ ကုန်သည်ကြီးများအသင်း ကုန်စည်ဒိုင်အစည်းအဝေးခမ်းမတွင် (၆၆)နှစ်မြောက် ချင်းအမျိုးသားနေ့ အထိမ်းအမှတ် ဂုဏ်ပြုပွဲ နှင့် ညစာစားပွဲကို ချင်းစာပေနှင့်ယဉ်ကျေးမှု ကော်မတီ၊ မကွေး တက္ကသိုလ်များမှ ဦးစီးကျင်းပကြောင်း သတင်းရရှိသည်။ အဆိုပါအခမ်းအနားသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဆလိုင်းဦးလှထွန်း နှင့် မကွေးမြို့ပေါ်ရှိ ချင်းတိုင်းရင်းသားများ၊ မကွေးတက္ကသိုလ်၊ ဥပဒေရေးရာဌာန ပါမောက္ခ ဌာနမှူး ဒေါက်တာ ခင်ညို၊ ပထ၀ီဌာန ပါမောက္ခ ဌာနမှူး ဒေါက်တာထွန်းမင်း နှင့် ဆရာ၊ဆရာမများ၊ ချင်းတိုင်းရင်းသား ကျောင်းသူ ကျောင်းသားများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ စုစုပေါင်း(၂၀၀)ဦးကျော်ခန့် တက်ရောက်ကြောင်း သိရသည်။ အခမ်းအနားကို ချင်းတို့ဌာနေသီချင်းဖြင့် သံပြိုင်ရွတ်ဆိုဖွင့်လှစ်ကြ၍ မကွေးတိုင်းဒေသကြီး ချင်းတိုင်းရင်းသားရေးရာဝန်ကြီး ဆလိုင်းဦးလှထွန်း က အဖွင့်အမှာစကားပြောကြောင်း၊ ဆေးတက္ကသိုလ်(မကွေး) မှ နောက်ဆုံးနှစ် ချင်းတိုင်းရင်းသူ မအွဲရှန်စွန်နန်းကျင် က ချင်အမျိုးသားနေ့ဖြစ်ပေါ်လာပုံအား ဖတ်ကြား ပြသကြောင်း၊ ချင်းတိုင်းရင်းသား ကျောင်းသူ ကျောင်းသားထဲမှ ထူးချွန်သော ကျောင်းသူ/သား (၇)ဦး အား ဆုများအသီးသီးချီးမြှင့်ပေးကြောင်း၊ ချင်းစာပေနှင့်ယဉ်ကျေးမှုကော်မတီဝင် မောင်လောဟုန်းဖေ က ကျေးဇူး တင်စကားပြောဆိုပြီး ချင်းရိုးရာအကများ၊ တေးဂီတအစီအစဉ်များဖြင့် ဖျော်ဖြေကြောင်း သတင်းရရှိသည်။ `` ယခုလို မကွေးမြို့မှာ ချင်းအမျိုးသားနေ့ကျင်းပလာခဲ့နိုင်တာ (၂/၃နှစ်)သာရှိပါသေးတယ်။ ယခင် စစ်အစိုးရ ခေတ်က ယခုလိုပေါ်ပေါ်ထင်ထင်လုပ်ခွင့်မရရှိခဲ့ကြပါဘူး၊ ယခုတော့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကျွန်တော်တို့ ချင်းတိုင်းရင်းသားဝန်ကြီး ကိုယ်တိုင်ကြွရောက်အားပေးလို့ များစွာကို ၀မ်းသာပြီး အထူးကျေးဇူးတင် ပါတယ်..။´´ဟု မကွေးတက္ကသိုလ် ချင်းတိုင်းရင်းသားကျောင်းသားတစ်ဦးက ပြောသည်။
 

``မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးနှင့် အဖွဲ့မှ မကွေးမြို့တွင်း မီးဘေးကြိုတင်တားဆီး ကာကွယ်ရေးအတွက် လှည့်လည်စစ်ဆေး´´

ဖေဖော်ဝါရီ(၁၉)ရက်၊ နေ့(၃)နာရီမှ ညနေ(၄း၃၀)နာအချိန်အထိ မကွေးမြို့တွင်းရှိ(၁၅)ရပ်ကွက်မှ မီးသတ် ရေလှောင်ကန်များနှင့် စည်ပင်သာယာဌာနပိုင် ရေစက်များသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဇော်လင်းအောင်နှင့် အဖွဲ့တို့က မကွေးမြို့တွင်းမီးဘေးကြိုတင်တားဆီးရေး အတွက် လှည့်လည်စစ်ဆေးကြောင်း သတင်းရရှိသည်။ ၎င်းမီးဘေးကြိုတင်တားဆီးရေး အတွက် လှည့်လည်စစ်ဆေးရေးအဖွဲ့တွင် မကွေးတိုင်းဒေသကြီးအစိုးရ အဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဇော်လင်းအောင်နှင့်အတူ တိုင်းဒေသကြီး မီးသတ်ဦးစီးမှူး ဦးအောင်ဝင်းစိန်နှင့်အဖွဲ့၊ မကွေးမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးဉာဏ်မျိုး၊ စည်ပင်သာယာရေးအဖွဲ့ ဦးစီး အရာရှိ နှင့်အဖွဲ့တို့ပါဝင်ကြောင်း သိရသည်။ မကွေးမြို့တွင် မြို့နယ်မီးသတ်ဦးစီးဌာန၌ မီးသတ်ကား(၇)စီး၊ အမှတ်(၂)မီးသတ်စခန်းခွဲ၌ မီးသတ်ကား (၁)စီး၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှလှူဒါန်းထားသော(GBS) ထော်လာဂျီမီးသတ်ကား(၃)စီးရှိကြောင်း၊ မကွေးမြို့ပေါ်မှ မီးသတ်ရန် အကူရေသယ်ယာဉ်ပေါင်း(၄၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်ပေါင်း(၃၉)ဦး၊ မြို့ပေါ်ရှိ အရံမီးသတ်တပ်ဖွဲ့ ၀င်များ(၅၂၅)ဦးရှိကြောင်း၊ မကွေးမြို့ပေါ်(၁၅)ရပ်ကွက်အတွင်း၌ရေဂါလံ(၂၀၀၀ မှ ၂၀၀၀၀) ဂါလံဆန့် မီးသတ်ရေလှောင်ကန်ပေါင်း (၄၇)ကန် နှင့် မီးသတ်ကားရေထည့်နိုင်ရန် စည်ပင်သာယာရေစက် ရေတိုင်(၄)ခုရှိကြောင်း မကွေးမြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်သိန်း ကပြောသည်။ ``မကွေးမြို့မှာ မီးသတ်ရေတိုင်(၄)ခုထဲဆိုတော့ တော်တော်နည်းနေပါတယ်၊ သုခိတာလမ်းက စည်ပင်သာယာ ဌာန ရေစက်မှာ မီးသတ်ရေတိုင် တစ်ခုထားပေးဖို့လိုတယ်၊ မကွေးမြို့ ရန်ပယ်ဈေးမှာလည်း မီးသတ်ရေကန်များ ထပ်မံတိုးချဲ့ပြီး ပြုလုပ်ထားဖို့လိုနေ သေးတယ်..။´´ဟု မကွေးတိုင်းဒေသကြီးအစိုးရ အဖွဲ့ လုံခြုံရေးနှင့် နယ်စပ် ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဇော်လင်းအောင် က မှာကြားခဲ့ကြောင်း မကွေးမြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်သိန်း က ပြောသည်။
 

မင်းတုန်းမြို့နယ် ရပ်ကွက်လမ်းများ ကတ္တရာထပ်ပိုးလွှာခင်းပေး

မင်းတုန်း ဖေဖော်ဝါရီ ၁၉ မကွေးတိုင်းဒေသကြီး မင်းတုန်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေး နှစ် စတုတ္တ(၃)လပတ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးရေးရန်ပုံငွေ (၂၈၉၅၀၀၀ိ/-)ကျပ် အကုန်အကျခံ၍ လမ်းအကျယ် (၁၂)ပေ၊ အရှည် (၃၄၀)ပေ ရှိ အမှတ်(၂)ရပ်ကွက်၊ ရုံးလမ်းအား ကတ္တရာ ထပ်ပိုးလွှာ ခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုကို ယမန်နေ့က တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ လ/ထညွှန်ကြားရေးမှူး မှ ကွင်းဆင်းစစ်ဆေးရာ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ နှင့် တာဝန်ခံ အင်ဂျင် နီယာတို့မှ ဆောင်ရွက်ပြီးစီးမှုအခြေအနေကို ရှင်းလင်းတင်ပြခဲ့သည်။ အဆိုပါ အမှတ်(၂)ရပ်ကွက် ရုံးလမ်းသည် ယခင်က ပြည်သူများအသုံးပြုမှုများလာခြင်းနှင့် ရေတိုက်စားမှုများကြောင့် ပျက်စီးနေသဖြင့် ယခုနှစ်အတွင်း ကတ္တရာ ထပ်ပိုးလွှာခင်းပေးသဖြင့် ဒေသခံပြည်သူများနှင့် ၀န်ထမ်းများ သွားလာရလွယ်ကူ အဆင်ပြေမည် ဖြစ်ကြောင်း သိရှိရသည်။ သူရထွန်း (မကွေး) သတင်းပေးပို့သူ ဦးတင်ထွန်းဦး
 

ပြည်သူအများ စာပေရေချမ်းစင်ကို စိတ်ဝင်စားလာ

မင်းဘူး ဖေဖော်ဝါရီ ၁၈ နိုင်ငံတော်၏ ဒီမိုကရေစီစနစ်နှင့် လိုက်လျောညီထွေရှိသည့် အများပြည်သူများအား ၀န်ဆောင်မှုလုပ်ငန်းများကို ထိရောက်အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိရာ ပြန်ကြားရေး ၀န်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနများသည် အများပြည်သူ စုဝေးနားခိုသည့် နေရာများတွင် စာပေရေချမ်းစင်များ ထူထောင်ဖွင့်လှစ်ပေးခြင်းဖြင့် အများပြည်သူကို ၀န်ဆောင်မှုပေးနေလျက်ရှိသည်။ မကွေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်ရုံးစိုက်ရာ မြို့များတွင် စာပေရေချမ်းစင်(အကြီး)နှင့် စာပေရေချမ်းစင်(ငယ်)များ အောင်မြင်စွာ ဖွင့်လှစ်ပေးလျက်ရှိရာ အများပြည်သူများ အထူးစိတ်ဝင်စား လျက်ရှိသည်ကို တွေ့ရှိရသည်။ မင်းဘူးခရိုင် မင်းဘူးမြို့နယ် အဝေးပြေးကားကြီးကွင်းအတွင်း စာပေရေချမ်းစင်အကြီးကို နေ့စဉ် (ပိတ်ရက်မရှိ) ဖွင့်လှစ်ပေးထားပြီး၊ နေ့စဉ်ထုတ် သတင်းစာများအပါဝင် ၊အပတ်စဉ်ထုတ် ဂျာနယ်များ၊လစဉ်ထုတ် မဂ္ဂဇင်းများ၊ သုတ/ရသ စာအုပ်များကို အချိန်မှန် လဲလှယ် ဖြည့်ဆည်း ပေးနေသဖြင့် အဝေးပြေးကားကွင်းမှ ခရီးသွားပြည်သူများ ကားထွက်ချိန်စောင့်ဆိုင်းရင်း စာအုပ်/ စာစောင်များ ဖတ်ရှုနေရ၍ များစွာ ၀မ်းမြောက်ပျော်ရွှင်လျက်ရှိသည်။ အချို့ ခရီးသွားပြည်သူများသည် ဖတ်ရှုပြီး ဂျာနယ်/စာစောင်များကိုလည်း စာပေဒါနအဖြစ် စာပေရေချမ်းစဉ်တွင် လှူဒန်းထားရှိ ခဲ့သည်။ မင်းဘူးမြို့ပေါ်ရှိ ရပ်ကွက်အုပ်ချုပ်ရေးရုံးများအပါဝင် လူစည်းကာရာ နေရာများဖြစ်သော ဈေး ၊ဆေးရုံ၊ ငွေထုတ်ငွေချးဘဏ် နှင့် ကုန်တင်/ကုန်ချ ဆိပ်ကမ်းတို့တွင် စာပေရေချမ်းစင်(အငယ်)များ ဖွင့်လှစ်ပေးထားပြီး လစဉ် စာအုပ်စာစောင်များကို အသစ်လဲလှယ်ပေးလျက်ရှိသည်။ မင်းဘူးမြို့ မျက်စိအထူးကုဆေးရုံတွင် စာပေရေချမ်းစင်ဖွင့်လှစ်ပေးထားရာ လူနာစောင့် ပြည်သူများ ဖတ်ရှုအားပေးမှုများလာသဖြင့် တာဝန်ကျ ဆရာဝန်မှ ကုသိုလ်ဖြစ် စာပေရေချမ်းစင် (ပုံစံတူ)ပြုလုပ်၍ ဆေးရုံအပေါ်ထပ်နှင့် အောက်ထပ်ခွဲ၍ ထပ်မံတိုးပွားဖွင့်လှစ်ပေးလျက်ရှိသည်။ ကုန်တင်/ကုန်ချ ဆိပ်ကမ်းမှ အလုပ်သမားပြည်သူတစ်ဦးက ယခုလို အောက်ခြေလူထုဆီ အရောက် နိုင်ငံတော်မှ ၀န်ဆောင်မှုပေးနေတာ အရမ်းဝမ်းသာမိပါတယ်။ အားလပ်တဲ့အချိန်မှာ စာပေ ဖတ်ရှုနေရ၍ ဗဟုသုတ အသိပညာလည်းတိုးပွား ကိုယ့်အတွက်လည်း များစွာ အကျိုးရှိလို့ စီစဉ်ဆောင်ရွက်ပေးနေတဲ့ အဖွဲ့အစည်းတွေကို အထူးကျေးဇူးတင်ပါတယ် ဟု ပြောကြားသည်ကို သိရှိခဲ့ရ၍ စာအုပ်အသစ်လဲလှယ်ရန် ရောက်ရှိလာသော ကျွန်တော်ပါ ရေချမ်းစင်မှ ရေအေးလေး တစ်ခွက်သောက်လိုက်ရသည့်ပမာ ရင်မှာ အေးမြ သွားခဲ့ရသည်။ တင်ထွန်းဦး (IPRD) သတင်းပေးပို့သူ ဦးတင်ထွန်းဦး
 

အလုပ်သမား ဥပဒေရေးရာများ အသိပညာပေး ဆွေးနွေးပွဲ ကျင်းပ

မကွေး ဖေဖော်ဝါရီ ၁၇ မကွေးတိုင်းဒေသကြီး အလုပ်သမားဥပဒေရေးရာများ အသိပညာပေး ဆွေးနွေးပွဲ အခမ်းအနား ကို ဖေဖော်ဝါရီ (၁၇)ရက် နံနက်(၉း၃၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားတွင် အလုပ်ရုံနှင့်အလုပ်သမား ဥပဒေစစ်ဆေးရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်မှ အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေး ဦးစီးဌာန၏ ဥပဒေများအား ရှင်းလင်းဆွေးနွေးသည်။ ဆက်လက်၍ အလုပ်ရုံနှင့်အလုပ်သမား ဥပဒေစစ်ဆေးရေးဦးစီးဌာန အလုပ်ရုံဦးစီးအရာရှိ ဦးစောမြင့်ဌေးမှ လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးအသိပညာပေးဆွေးနွေးပြီး မကွေးတိုင်းဒေသကြီး အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ဦးစီးအရာရှိ ဦးကျော်ဝင်းမှ အလုပ်သမား ညွှန်ကြားရေးဦးစီးဌာနတွင် ဆောင်ရွက်လျက်ရှိသော အလုပ်သမား ရေးရာ ဥပဒေများ ရှင်းလင်းဆွေး နွေးပါသည်။ ထို့နောက် တိုင်းဒေသကြီး အလုပ်သမားရေးရာ ဆက်ဆံရေး ဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ခိုင်စိုးအေးမှ ၂၀၁၂ခုနှစ် အလုပ်သမားရေးရာ အငြင်းပွားမှု ဖြေရှင်းရေး ဥပဒေ ရှင်းလင်းဆွေးနွေးပြီး တက်ရောက်လာသူများမှ သိရှိလိုသည်များကို ပြန်လည်ဆွေးနွေးမေးမြန်ရာ တာဝန်ရှိသူများမှ ပြန်လည်ဖြေကြားရှင်းလင်းကာ အခမ်းအနားကိုရုပ်သိမ်းခဲ့ပါသည်။ အဆိုပါ ဆွေးနွေးပွဲသို့ တိုင်းဒေသကြီးအတွင်းရှိ အလုပ်ရှင်အလုပ်သမား(၂၂၆)ဦး၊ ခရိုင်/မြို့နယ် ဌာနဆိုင်ရာ ၀န်ထမ်း (၁၈) ဦး တက်ရောက် ဆွေးနွေး ခဲ့ကြောင်း သိရှိရသည်။ ဦးတင်ထွန်းဦး
 

``သူရိယနေ၀န်းဂျာနယ်(၂)စောင်မှ လူထုအသံ၌ ဖော်ပြထားသော ဆိပ်ဖြူမြို့ဝင်ဂိတ်တာဝန်ခံကိစ္စ ကောင်းမွန်(မကွေး)ကုမ္ပဏီ နှင့် လုံးဝမပါတ်သက်ကြောင်း သိရ´´

ဖေဖော်ဝါရီ(၁၈)ရက်၊ နေ့(၁၀း၃၀)နာရီအချိန်တွင် ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်၊ ရွာသစ်ရပ်၌ ရှိသော ဆိပ်ဖြူမြို့ဝင်/ထွက် မော်တော်ကားဂိတ်သို့ သူရိယနေ၀န်းဂျာနယ်၊အတွဲ(၁)အမှတ်(၁၂)(၁၃) ဂျာနယ်(၂)စောင်မှ လူထုအသံပါ ဆိပ်ဖြူမြို့ဝင်ရှိ ကောင်းမွန်(မကွေး)ကုမ္ပဏီပိုင် ဂိတ်တာဝန်ခံမှ ပြည်သူများအပေါ်ဆဲဆို၍ မြို့ဝင် ကြေး ကောက်ခံခြင်း၊ပြည်သူပိုင်လမ်းဘေး မြေအား ခြံခတ်သိမ်းယူခြင်း ကိစ္စများကို မကွေးတိုင်းဒေသကြီး သတင်း စာဆရာအသင်း ဒုဥက္ကဋ္ဌ မကွေးလှမြင့်နှင့် အခြားဂျာနယ်ပေါင်းစုံမှ သတင်းထောက် (၁၃)ဦးတို့က ၎င်းဂိတ်သို့ သွားရောက်သတင်းယူခဲ့ကြသည်။ ၎င်းဂိတ်တာဝန်ခံ ကိုအောင်အောင် ၊ ၎င်းဂိတ်အား လေလံဆွဲယူထားသူ ဦးဝင်းလှိုင် နှင့် ၎င်းဂိတ်နေရာ ရွာသစ်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစိန်မြင့် တို့နှင့် တွေ့ဆုံခဲ့ရာ.. ``ကျွန်တော်က ဂိတ်တာဝန်ခံအောင်အောင်ပါ၊ ဂျာနယ်ထဲမှာ ရေးထားသလိုကြီး မဖြစ်ခဲ့ပါဘူး။ ကျွန်တော် က ကောင်းမွန်ကုမ္ပဏီက ၀န်ထမ်းမဟုတ်ပါဘူး။ ဒီဂိတ်ကိုလေလံဆွဲယူထားတဲ့ ဦးဝင်းလှိုင်ရဲ့ ၀န်ထမ်းပါ။ ခြံခတ်ထားတာက ဆိုင်ကယ်တွေက တာလမ်းဘေးကနေ ဆင်းဆင်းပြေးလို့ မြင်တဲ့အတိုင် ၀ါးလုံးတွေနဲ့ ယာယီ တားရတာပါ၊ ဆိုင်ကယ်တစ်စီးကို ငွေတစ်ရာမြို့ဝင်ကြေးကောက်တာပါ..။´´ ဟု ဂိတ်တာဝန်ခံအောင်အောင်က ပြောသည်။ ``ကျွန်တော်က ဒီမြို့ဝင်ဂိတ်နေရာကို နှင်းသဇင်ကုမ္ပဏီဆီကနေ လေလံဆွဲယူထားတာ (၃)နှစ်ရှိပါပြီ။ ကိုအောင်အောင် တို့အဖွဲ့ကို တဆင့်တာဝန်ပေးထားတာပါ။ ဂျာနယ်ထဲမှာ ဒီလိုပါလို့ ကိုအောင်အောင်တို့အဖွဲ့ကို အလုပ်ကရပ်နားခိုင်းပြီး လူစားလဲပေးမှာပါ။ သူတို့ပြောတဲ့ လမ်းဘေးတားထားတွေနဲ့ ဒီဂိတ်တဲကိုလည်း ပြောင်းပေးမှာပါ။ ကျွန်တော့်ဂိတ်က ကောင်းမွန်ကုမ္ပဏီနဲ့ မပါတ်သက်ပါဘူး..။´´ ဟု ဂိတ်လေလံဆွဲထားသူ ဦးဝင်းလှိုင် က ပြောသည်။ ``ကျွန်တော်က ဒီရွာသစ်ရပ်ကွက်က အုပ်ချုပ်ရေးမှူးပါ။ ဒီမြို့ဝင်ကားဂိတ်မှာ ဒီလိုဖြစ်တယ်ဆိုတာ လုံးဝမသိပါဘူး။ ကျွန်တော်ဆီကို မည်သူတစ်ဦးတစ်ယောက်ကမှ လာရောက်တိုင်ကြားတာမရှိခဲ့ပါဘူး။ လမ်းဘေးကျူးကျော်ကိစ္စကို ဆောက်လုပ်ရေးက စာထွက်ထားလို့ အားလုံးထံ အကြောင်းကြားထားပါတယ်။´´ ဟု ရွာသစ်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစိန်မြင့်က ပြောသည်။ ၎င်းကိစ္စအား သူရိယနေ၀န်းဂျာနယ်တွင် ရေးသားသူ(ရွှေမောင်း)ဆိုသူဟု ခန့်မှန်းခံရသူမှာ ခရီးထွက် သွားကြောင်း ဒေသခံများကပြောသည်၊ ၎င်းဂိတ်တွင်ဤကဲ့သို့ ဆဲဆိုရမ်းကားငွေကောက်ခံခြင်း မကြားမိပါကြောင်း ၎င်းဂိတ်အနီးရှိ ဒေသခံအိမ်(၅)အိမ်များက ပြောကြားကြောင်း၊ ဆိပ်ဖြူမြို့နယ်ဆောက်လုပ်ရေး အင်ဂျင်နီယာ ဦးမိုးကျော်သူထံသွားရာ ၀န်ကြီးခရီစဉ်လမ်းကြောင်းသို့သွားကြောင်း၊ ဆိပ်ဖြူမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကြည်မြင့် နှင့် စည်ပင်သာယာရေးအဖွဲ့ ဦးစီးအရာရှိ ဦးရှိန်မြင့်မောင် တို့သည်လည်း ကျေးရွာအုပ်စုများသို့ ဖွံ့ဖြိုးရေး အတွက်ငွေကျပ် သိန်းတစ်ထောင် ကိစ္စ ခရီထွက်သွားကြောင်း၊ ယခုကိစ္စများကို ပြောဆိုခွင့်မရှိကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူးရုံးအုပ် ဦးစိုးထွဋ်က ပြောသည်။ ကောင်းမွန်ကုမ္ပဏီ၏ လမ်းပိုင်းမှာ ဧရာဝတီတံတား(မကွေး)အားဖြတ်၍ မကွေး မြို့မှ မင်းဘူး - ပွင့်ဖြူလမ်း ပိုင်း ၃၄ မိုင် ၂ဖာလုံအထိသာ BOT စနစ်ဖြင့်လုပ်ပိုင်ခွင့်ယူထားကြောင်း ကောင်းမွန်ကုမ္ပဏီ(မကွေး)ကုမ္ပဏီ ဆောက်လုပ် ရေးအင်ဂျင်နီယာချုပ် ဦးအောင်ကျော်မြင့် က ပြောပြီး မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှု ကော်မရှင် ခွင့်ပြုမိန့် အမှတ် မသန-၉၂၈/၂၀၁၃။ ၂၀၁၃ သြဂုတ်လ(၂၁)ရက်နေ့စွဲ စာမိတ္တူအားပြသရှင်းလင်း သည်။ ‘ဆိပ်ဖြူမြို့နယ်လမ်းပိုင်းက ကျွန်တော်တို့ ကောင်းမွန်(မကွေး)ကုမ္ပဏီပိုင်မဟုတ်ပါဘူး။ မှားပြီးဖော်ပြတဲ့ ဂျာနယ် ကိုလည်း ပြင်ဆင်ပေးဖို့မေတ္တာရပ်ခံစာပို့မှာပါ။ မှားပြီးရေးသားတဲ့ သူကိုလည်း တရားမစွဲပါဘူး။ အဖြစ်မှန်ကို အများသိရင်ကြေနပ်ပါတယ်။”ဟု ကောင်းမွန်ကုမ္ပဏီ(မကွေး) ဆောက်လုပ် ရေးအင်ဂျင်နီယာချုပ် ဦးအောင်ကျော်မြင့် က ပြောသည်။
 

``မကွေးမြို့နယ် သစ်ရာကောက်ကျေးရွာ၌ ၀န်ကြီးဦးအုန်းမြင့်ပြောစကား သတင်းစာရှင်းလင်းပွဲပြုလုပ်´´

ဖေဖော်ဝါရီ(၁၆)ရက်၊ နေ့လည်(၁း၃၀ မှ ၃း)နာရီအချိန်ခန့်အထိ မကွေးမြို့နယ် သစ်ရာကောက်ကျေးရွာ၊ သစ်ရာကောက်-ကိုးပင် ကားလမ်းဆုံရှိ ဟိဏ်းစားသောက်ဆိုင်၌ ၀န်ကြီးဦးအုန်းမြင့်ပြောစကား သတင်းစာရှင်း လင်းပွဲပြုလုပ်ကြောင်း သတင်းရရှိသည်။ အဆိုပါ သတင်းစာရှင်းလင်းပွဲသို့ မကွေးတိုင်းဒေသကြီးNLD ပါတီ အလုပ်အမှုဆောင်များ၊ မြို့နယ်/ ရပ်ကျေးပါတီဝင်များ နှင့် အခြားစိတ်ပါဝင်စားသူများ(၆၀)ဦးခန့်တက်ရောက်ကြောင်း၊ သတင်းစာရှင်းလင်းပွဲ လုပ်ရခြင်းအကြောင်းကို NLD တိုင်းဥက္ကဋ္ဌ ဦးသိန်းဇော်၊ အတွင်းရေးမှူး ဦးနေမျိုးကျော်၊ ခရိုင်အတွင်းရေးမှူး ဦးရဲတင့်၊ မြို့နယ်ဥက္ကဋ္ဌ ဦးစိုးမိုးနှင့်ပါတီအဖွဲ့ဝင်များ၊ သစ်ရာကောက်ကျေးရွာရပ်ကျေး ဥက္ကဋ္ဌ ဦးပေါက်(ခ) ဦးသန်းမြင့် နှင့် မကွေး ၈၈မျိုးဆက်ကျောင်းသားအဖွဲ့နှင့် စိတ်ပါဝင်စားသူများ တက်ရောက်ကြောင်း၊ သတင်း မီဒီယာ သမားများ(၁၀)ဦးခန့်တက်ရောက်ကြောင်းသိရသည်။ ပြည်ထောင်စုဝန်ကြီး သစ်ရာကောက်ရွာ၌ ဇန်န၀ါရီလအတွင်းက ရိုင်းစိုင်း စွာဖြင့် နယ်လှည့်ပါးရိုက်မည် ဆိုသောစကားများအား ကန့်ကွက်ကြောင်းဆန္ဒပြရန် ဖေဖော်ဝါရီ(၉)ရက်နေ့က မကွေးမြို့ နယ်ရဲတပ်ဖွဲ့မှူးထံတင်ပြခဲ့သော်လည်း ဖေဖော်ဝါရီ(၁၃)ရက်နေ့တွင်ငြင်း ပယ်စာ ပြန်လည်ရရှိခဲ့ကြောင်း လျှောက်ထားသူ ကိုအောင်မျိုးသန်း က ၎င်းစာများကို ဖတ်ကြားပြသည်။ ၎င်းစာများကို နာခံသောအားဖြင့် ဥပဒေ ဘောင်အတွင်းမှ ခွင့်ပြုချက်ရရှိမှသာ ဆန္ဒပြမည်ဖြစ်ပါကြောင်း၊ ဆန္ဒပြခွင့်မပေး၍ ယနေ့သတင်း စာရှင်းလင်းပွဲ ပြုလုပ်ခြင်းဖြစ်ကြောင်း သစ်ရာကောက်ကျေးရွာ NLD ဥက္ကဋ္ဌ ဦးပေါက်(ခ) ဦးသန်းမြင့်က ပြောသည်။ သတင်းမီဒီယာများမှ မေးခွန်းများမှာ အယ်လဲဗင်း သတင်းထောက် မှ ၀န်ကြီးဦးအုန်းမြင့် ဖေဖော် ၀ါရီ(၄)ရက်နေ့က ဒုတိယ အကြိမ်လာစဉ်အခါက ယခုလိုမကြေနပ်ကြောင်း မည်သူကမျှကန့်ကွက် ပြောဆိုခြင်း မပြုဘဲ ယနေ့မှ ဘာကြောင့် ပြုလုပ်ပါသလဲဟု မေးမြန်းရာ ၎င်းနေ့က ပြောချိန်မရလို့ပါဟု ရပ်/ကျေးဥက္ကဋ္ဌ ကဖြေဆိုသည်။ ``ကျွန်တော်တို့တောသူ တောင်သားတွေက ပညာမတတ်ကြပါဘူး၊ ၀န်ကြီးဆိုတော့ ကြောက်တာလဲ ပါတာ ကြောင့် မကြေနပ်တဲ့အကြောင်းမပြောရဲကြတာပါ၊ ကျေးရွာရဲ့လိုအပ်ချက်တွေကိုမေးလို့ တောင်းဆိုကြ ပါတယ်။´´ဟု ဦးပေါက်(ခ)ဦးသန်းမြင့်က ဖြေဆိုသည်။ သတင်းထောက်မှ သတင်းဂျာနယ်တစ်စောင်တွင် သစ်ရာကောက်ရွာသား ဦးနေ၀င်းစိုး က ဆန္ဒပြခွင့်ရသည်ဖြစ်စေ မရသည်ဖြစ်စေ ဖေဖော်ဝါရီ(၁၆)ရက်နေ့တွင် ဆန္ဒပြမည်ဟု ပြောဆိုချက်အား ဖော်ပြ ထားသော်လည်း ယနေ့ဆန္ဒ မပြခြင်းမှာ အကြောက်တရားကြောင့်လား၊ ၀န်ကြီး ဦးအုန်းမြင့် ဒုတိယခေါက်လာ သွားတုန်းက အထောက်အပံ့ အကူညီတွေ ကြေနပ်လို့ နောက်ထပ်ပေးမဲ့ အကူအညီတွေကို မရမှာစိုးလို့လား ဟု မေးမြန်းရာ၊ NLD ပါတီသည် ဥပဒေဘောင်အတွင်းကသာ ပြုလုပ်လို၍ဖြစ်ကြောင်း၊ အကြောက်တရားမရှိပါ ကြောင်း၊ ကိုနေ၀င်းစိုး ပြောဆိုခဲ့ခြင်းသည် သူ၏တစ်ဦးတည်းသဘောထားသာဖြစ်ကြောင်း၊ မကွေးတိုင်းNLDပါတီ သည် ဥပဒေဘောင်အတွင်းကသာ ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ထောက်ပံ့ကူညီ တာတွေကိုလည်း ကျွန်တော်တို့အဖွဲ့မှ လက်ခံခြင်းမရှိပါကြောင်း အခြားအဖွဲ့ လက်ညှိုးထောင်ခေါင်းညိမ့် သူတွေကသာ လက်ခံယူ ကြတာပါ..။´´ ဟု သစ်ရာကောက်ရွာသား ကိုကျော်သူထွန်း နှင့် ဦးနေမျိုးကျော်(အတွင်းရေးမှူး မကွေးတိုင်း NLD ပါတီ) တို့ကဖြေဆိုသည်။ ၎င်း သတင်းစာရှင်းလင်းပွဲနေ့ နံနက်ပိုင်းအချိန်တွင် ၀န်ကြီးဦးအုန်းမြင့် ဖေဖော်ဝါရီ(၄)နေ့ ဒုတိယ အခေါက်လာစဉ်က ကူညီမည်ဟုပြောဆို၍ ကတိပေးခဲ့သော လုပ်ငန်းများလုပ်ကိုင်နိုင်ရန် မွေးမြူရေး၊ ရေလုပ်ငန်း နှင့် ကျေးလက်ဒေသဖွံ့ဖြိုး ရေးဝန်ကြီးဌာန မကွေးတိုင်းဒေသကြီး ညွန်ကြားရေးမှူး ဦးနေထက်ရှိန် နှင့်ရုံးအဖွဲ့မှ သစ်ရာကောက်ကျေးရွာအုပ်စု ရွာများအတွက် ထောက်ပံ့ငွေ ကျပ်သိန်းပေါင်း(၁၅၀)ခန့်လာရောက်ပေးအပ် ကြောင်း၊ ၎င်းထောက်ပံ့ငွေများအား သစ်ရာကောက်ကျေးရွာအုပ်စု အထောက်အကူပြုအဖွဲ့ ဒုတိယ ဥက္ကဋ္ဌ ဦးပေါက်(ခ) ဦးသန်းမြင့်နှင့်အဖွဲ့ မှ လက်ခံရယူကြောင်း က သတင်း ရရှိသည်။
 

တာဝန်ခံအယ်ဒီတာ ပြည်သူ့အသံမှ တဆင့် မြန်မာပြည်ရှိ ပင်စင်စားအား လုံး၏ ကိုယ်စား ရင်ဖွင့်ပြီး တောင်းဆိုပါရစေ။

သို့/ သမ္မတကြီး ဦးသိန်းစိန် နှင့် ပြည်ထောင်စု ၀န်ကြီးများ သူရဦးရွှေမန်း ပြည်သူ့လွှတ်တော်နာယကကြီး နှင့် လွှတ်တော်ကိုယ်စားလှယ်များ နေပြည်တော်။ နေ့စွဲ ၂၀၁၄၊ ဖေဖော်ဝါရီ(၁၇)ရက်။ တာဝန်ခံအယ်ဒီတာ ပြည်သူ့အသံမှ တဆင့် မြန်မာပြည်ရှိ ပင်စင်စားအား လုံး၏ ကိုယ်စား ရင်ဖွင့်ပြီး တောင်းဆိုပါရစေ။ ကျွန်တော်သည် တပ်ကြပ်ကြီးအငြိမ်းစား ကျော်အောင်၊ ကိုယ်ပိုင်နံပါတ်(၂၆၀၁၀၃)၊ နိုင်ငံသားအမှတ် ၈/မနသ(နိုင်) ၀၃၅၇၄၄၊ ညောင်ကုန်းလေးကျေးရွာ၊ မကြီးထူးအုပ်စု၊ မြို့သစ်မြို့နယ်၊ မကွေးတိုင်းဒေသကြီး မှာနေထိုင်သူ ပင်စင်စားတစ်ဦး ဖြစ်ပါတယ်။ ကျွန်တော်တို့ပင်စင်စား(နယ်ဘက်/စစ်ဘက်) အတော်များများဟာ ပင်စင်လစာ ရခဲ့တာနည်းပါးကြလို့ နိုင်ငံတော်ပင်စင်ဌာနသို့ အချိုး၂၅ ရာခိုင်နှုန်း အချိုး ၅၀ရာခိုင်နှုန်းတို့ဖြင့် တစ်လုံးတစ်ပေါင်းတည်းလဲလှယ်ခဲ့ကြ ပါတယ်။ အရပ်ပြောပြောရရင် ပင်စင်တစ်ဝက်ကို အပြတ်ရောင်းခဲ့ကြပါတယ်။ အဲဒီအချိန်အခါက ပင်စင်စားရော ပင်စင်ဌာနပါ နှစ်ဦးနှစ်ဖက် အကျိုးရှိပြီး ကျေနပ်ခဲ့ကြပါတယ်။ ယခုနိုင်ငံတော်အစိုးရသစ် သမ္မတကြီး ဦးသိန်းစိန်လက်ထက်မှာ ပြည်သူ့လွှတ်တော်နာယကကြီး သူရရွှေမန်းက နိုင်ငံဝန်ထမ်းများနှင့် ပင်စင်စားများကို လခ နှင့် ပင်စင်များကို တစ်နှစ်ချင်း တိုး၍ တိုး၍ ပေးနေပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ လူအိုး လူမွဲ အိုမင်းမစွမ်း ပင်စင်စားများအတွက် တိုးပေးတဲ့ ပင်စင်လစာရဲ့ တစ်ဝက်(၅၀)ရာခိုင်နှုန်းကို ပင်စင်ဌာနက ဖြတ်တောက်ယူနေတာ လုံးဝ သဘာဝမကျပါဘူး။ ယခင်ပင်စင်တစ်ဝက်ရောင်းတုန်းက ပင်စင်လစားရဲ့ တစ်ဝက်ကိုသာ အဲဒီတုန်းက ပင်စင်လဲလှည်တွက်ချက်ခဲ့တဲ့ နှုန်းထား စာချုပ်အတိုင်းသာ ဖြတ်တောက်ယူသင့်ပါတယ်။ ယခုအစိုးရအသစ် လက်ထက်မှာ တိုးပေးတဲ့ ပင်စင်ငွေထဲက လုံးဝ မဖြတ်သင့်ပါဘူး။ နိုင်ငံတော်က ပင်စင်စားများကို စေတနာမှန်ဖြင့် တိုးပေးထားတဲ့ ပင်စင်လစာအတိုင်း တစ်ဝက်ဖြတ်နေခြင်းအတွက် ပင်စင်စားများ အလွန်နစ်နာဆုံးရှုံးနေပါတယ်။ ကျွန်တော်တို့ လူအို လူမွဲ အိုမင်းမစွမ်း ပင်စင်စားများအတွက် နိုင်ငံတော်အစိုးရအသစ်က စေတနာ အပြည့်အ၀နဲ့ ပင်စင်လစာ များတိုးပေးခဲ့ပေမဲ့၊ ပေးကားပေးသော်လည်း အပြည့်မရကြပါ၊ ကြွေးကား ကြွေးသော်လည်း မ၀ဖြစ်နေကြရပါတယ်။ နိုင်ငံတော်အတွက် သက်ပြည့်၊ နှစ်ပြည့် တာဝန်ဝတ္တရားများကို ကျေပွန်စွာနဲ့ ထမ်းဆောင်လာခဲ့ကြတဲ့ ကျွန်တော်တို့ လူအို လူမွဲ ပင်စင်စားများကို ထပ်တိုးပေးတဲ့ ပင်စင်လစာ ငွေများကို အပြည့်အ၀ မဖြတ်မတောက်ဘဲ ထုတ်ပေးကြပါရန် လေးစားစွာနဲ့ ပင်စင်စားများရဲ့ကိုယ်စား အသနားခံတောင်းဆိုအပ်ပါ တယ်ခင်ဗျာ..။ ကျော်အောင် တပ်ကြပ်ကြီးအငြိမ်းစား၊ ကိုယ်ပိုင်နံပါတ်(၂၆၀၁၀၃)၊ နိုင်ငံသားအမှတ် ၈/မနသ(နိုင်) ၀၃၅၇၄၄၊ ညောင်ကုန်းကျေးရွာ၊ မကြီးထူးကျေးရွာအုပ်စု မြို့သစ်မြို့နယ်။ ဖုန်း ၀၉-၂၅၆၀၉၃၃၁၈
 

``မန္တလေးတိုင်းဒေသကြီး၊ စဥ့်ကူးမြိုနယ်၊ ရှောက်ပင်ရိုးအုပ်စု၊ နွယ်ရုံဒေသရှိ လယ်သမားများ၏ လယ်မြေဧကပေါင်း(၂၁၀၅)ဧကကို မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြေစာရင်းမှူး တို့က ပုံစံ(၇)ထုတ်မပေး´´

ဖေဖော်ဝါရီ(၁၄)ရက်၊ ညနေ(၄)နာရီအချိန်ခန့်တွင် စဥ့်ကူးမြို့နယ် ကျဉ်ထောက်ပေါက်ကျေးရွာ၊ တံခွန်ရွှေမိုင်း(၁)အခြေခံအလုပ်သမားရုံး၌ လျှောက်ပင်ရိုးကျေးရွာ၊ မြို့ပင်ကျေးရွာများမှ လယ်သမားများမှ မီဒီယာအဖွဲ့သို့ ရှောက်ပင်ရိုးအုပ်စု၊ နွယ်ရုံဒေသရှိ လယ်သမားများ၏ လယ်မြေဧကပေါင်း(၂၁၀၅)ဧကကို မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြေစာရင်းမှူး တို့က ပုံစံ(၇)ထုတ်မပေး၍ သတင်းစာရှင်းလင်းပွဲပြုလုပ်ကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ လျှောက်ပင်ရိုးကျေးရွာအုပ်စု၊ နွယ်ရုံဒေသရှိ ငပျင်းအင်း၊ ရေမျက်အပတောအစရှိသော လယ်မြေ (၂၁၀၅)ဧကကို သက်ဆိုင်ရာမှ ကြံစိုက်ပျိုးရေးအတွက်ဟု (၁၉၉၈)ခုနှစ်က (၁၂၁)ထောက်ပံ့ရေးတပ်က သိမ်းဆည်းခဲ့ကြောင်း၊သို့သော် ၎င်းတပ်မှ အသုံးပြုခြင်း ယနေ့အထိ အသုံးမပြုကြောင်း၊ မှုလပိုင်ရှင်လယ်သမား များသာ ဆက်လက်လုပ်ကိုင်နေခဲ့ကြောင်း၊ ထို့ကြောင့် မြေယာမှတ်ပုံတင်ပြုလုပ်ရာ (၁၉၉၈)ခုနှစ်က (၁၂၁)ထောက်ပံ့ရေးတပ်က သိမ်းဆည်းခဲ့၍ လန(၃၉)ထုတ်ယူပြီးဟုဆိုကာ မြို့နယ်မြေစာရင်းရုံးမှ ပုံစံ(၇)အား ထုတ်မပေးကြောင်း၊ လယ်သမားများမှ (၁၂၁)ထောက်ပံ့ရေးတပ်က မသိမ်းယူခဲ့ကြောင်း၊ လန(၃၉)အား ပယ်ဖျက်ပေးရန်(၂၀၁၄၊ဇန်န၀ါရီ(၂)ရက်နေ့စွဲစာအမှတ်-၂၂၃၁/မသ/၁၂၁/ထောက်၎)စာဖြင့် တပ်ရင်းမှူးကိုယ်စား ဗိုလ်ကြီးမျိုးမင်းသိန်း(ကြည်း-၃၀၁၉၇)မှ လက်မှတ်ထိုးပြီး စဥ့်ကူးမြို့နယ်မြေစာရင်းဦးစီးဌာနသို့ ပေးပို့ထားခဲ့ ကြောင်း ၎င်းမြေ(၂၁၀၅)မှာ စစ်တပ်မှ သိမ်းဆည်းစာရင်း၌မပါသောကြောင့်(အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ မန္တလေး) တိုင်းမှူး၏အမိန့်စာ အမှတ်(၃၀၀၀/၁၆/ထောက်၎ မ၊ ၂၀၁၃၊ဧပြီလ(၃၀)ရက်နေ့စွဲအရ (၁၂၁)ထောက်ပို့ စစ်တပ်မှထောက်ခံချက်စာ များကို မြို့နယ်မြေစာရင်းဌာနသို့ပေးခဲ့ကြောင်း၊ ၎င်းစစ်တပ်က ပေးသော အထောက်အထားစာများကို လုံးဝ အသိအမှတ်မပြုဘဲ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြေစာရင်းမှူး တို့က လယ်ယာမြေ ပိုင်ဆိုင်ခွင့် ပုံစံ(၇)ထုတ်မပေး၍ နိုင်ငံတော်သမ္မတနှင့် သက်ဆိုင်ရာအထက်အဖွဲ့အစည်းများ အသီးသီးထံသို့ ယခုဖေဖော်ဝါရီလဆန်းမှာ တိုင် ကြားထားကြောင်း လျှောက်ပင်ရိုးရွာ လယ်သမား ဦးမောင်ဦးက ပြောသည်။ `` ကျွန်တော်တို့ပိုင်တဲ့ ဒီမြေ(၂၁၀၅)ဧကကို ၁၂၁ ထောက်ပို့တပ်ရင်းမှူးစာနဲ့ တိုင်းမှူးစာတွေ မိတ္တူပြတာကို မြေစာရင်းနဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးတို့က လယ်ယာမြေပိုင်ဆိုင်ခွင့် ပုံစံ(၇)မပေးတဲ့အပြင် စတင်လျှောက်ထားတဲ့ ပုံစံ(၁)ကိုတောင် ထုတ်မပေးဘူးဗျာ..၊ နိုင်ငံတော်သမ္မတက တောင်သူတွေရဲ့ပိုင်ဆိုင်ခွင့် ပုံစံ(၇)ကို အမြန်ထုတ် ပေးရန်ညွန်ကြားထားပေမယ့် အောက်ခြေမြို့နယ်မြေစာရင်းဌာနနဲ့ မြိုနယ်အုပ်ချုပ်ရေးမှူး နှစ်ဦးတို့က အချိန် အကြာကြီးဆွဲထားပြီး လုပ်မပေးဘူး ဖြစ်နေပါတယ်။ ကျွန်တော်တို့တောင်သူတွေမှာ အားကိုးစရာမဲ့နေလို့ ယနေ့ မီဒီယာများကို စာရွက်စာတမ်းတွေ အပြည့်အစုံနဲ့ တင်ပြရှင်းလင်းခြင်းဖြစ်ပါတယ်။´´ဟု လျှောက်ပင်ရိုးရွာ လယ်သမား ဦးခင်မောင်ညွန့်က ပြောသည်။