ဘာမှ မလိုချင် မလုပ်ချင်တော့ပါ….
ဘာသာရေး
ရွှေလမ်းငွေလမ်းဝင်းကြည်
ကိုဖိုးသားလေး မေးလ်ပေးပို့လိုက်တဲ့ မြစိမ်းတောင်ဆရာတော်ဘုရားရဲ့ တရား(၂၉၂)ပုဒ်ကို ဒေါင်းလုပ်ဆွဲယူလိုက်ပါတယ်။ မသေခင် ဆရာတော်ဘုရားရဲ့တရားတွေကိုနာကြား နေပါ တယ်။ ဓမ္မက ပေးလိုက်တဲ့ အကြောင်းအသိတရားတွေက မကျင့်သေးမီမှာကို လက်တွေ့ အကျိုးထူးတွေရနေပါပြီ…။ ဆက်လက်ပြီး ၀ိပသနာကို ကျင့်မယ်ဆိုရင်ဖြင့်…..။ ယခုနည်းနည်း လေးတရားနာပြီး တရားထိုင်ကြည့်နေတာကိုပင် စိတ်ဓာတ်တွေ ထူးထူးခြားခြား နူးညံ့သိပ်မွေ့ သွားတာကို လက်တွေ့ခံစားလိုက်ရပါတယ်..။ ကိုယ်ရည်သွေးပြောဆိုခြင်းမဟုတ်ပါခင်ဗျာ..။
ကျွန်တော်ဟာ အလွန်ဒေါသကြီးသူတစ်ယောက်ပါ။ စာပေနှင့်စာနယ်ဇင်းအဖွဲ့အစည်းတစ်ခုမှာ ဒုတိယခေါင်းဆောင်တစ်ဦးအဖြစ်တာဝန်ယူခဲ့ပါတယ်။ စာပေနဲ့ပတ်သက်ရင် ဘာမဆိုငွေကြေး ကအစ မမျှော်မြင်ဘဲ ပေါင်းသင်းဆက်ဆံ လုပ်ကိုင်ပေးခဲ့ပါတယ်။ ကူညီခဲ့ပါတယ်။ စာရေး ဆရာအဖွဲ့ဝင်ဖြစ်အောင်၊ စာအုပ်ထုတ်ချင်နေသူကို စာအုပ်ထုတ်ဖြစ်အောင် ကူညီပေး ခဲ့ပါတယ်။
တစ်နေ့မှာ..ကျွန်တော် အကူညီပေးခဲ့တဲ့ စာရေးဆရာတစ်ဦး(ရဲအုပ်)ကို သတင်းတစ်ပုဒ်အား ကျွနှ်တော်နှင့်အဆက်အသွယ်ရှိတဲ့ဂျာနယ်တိုက်သို့ အခမဲ့မေးလ်ပို့ကူညီဆောင်ရွက်ပေးလိုက် ပါတယ်..။သူက အသစ်ဆိုတော့ ကျွန်တော့်ဂျာနယ်တိုက်သို့ မိတ်ဆက်ပေးလိုက်တဲ့ စာတို လေးကို အောက်ကရေးလိုက်ပြီး ကျွန်တော့်ကလောင်အမည်ကို အောက်ဆုံးက ရေးပြီးပို့ လိုက်မိပါတယ်..။ သတင်းရဲ့ အဆုံးမှာတော့ သူ့ကလောင်အမည်ကို ထင်ထင်ရှားရှား (အနက်ရောင်)ဖြင့် စာရေးသူရုံးလိပ်စာပါတပ်ပေးထားပါတယ်..။(အဲဒီ သတင်းဟာ သူရေးတဲ့ သတင်းမဟုတ်ပါ..။သတင်းရေးသူမှာ စာနယ်ဇင်းအတွင်းရေးမှူး ရေးတာဖြစ်ပါတယ်။ သတင်း ရေးသားသူအတွင်းရေးမှူးနဲ့ တရားခံက အိမ်နီးခြင်းဖြစ်နေလို့ စာရေးဆရာ(ရဲအုပ်)နာမည် ခံစေပြီးပို့ပေးတာဖြစ်ပါတယ်။သတင်းမေးလ်ပို့စဉ်အချိန်မှာ စာနယ်ဇင်းအတွင်းရေးမှူး ကိုယ် တိုင်ယူလာတဲ့ စီဒီချပ်ကို ကော်ပီယူပြီး ပို့လိုက်တာပါ။)
ဂျာနယ်ထွက်လာတဲ့နေ့မှာ အဲဒီသတင်းက စာမျက်နှာတစ်မျက်နှာအပြည့် ခန်းခန်းနားနား ဖော်ပြ ပါလာပါတယ်။ အောက်က သတင်းရေးသူ ကလောင်အမည်မပါဘဲ မေးလ်ပို့ပေးတဲ့ ကျွန်တော့်ကလောင်(ရွှေလမ်းငွေလမ်းဝင်းကြည်) ဆိုပြီးပါလာခဲ့ပါတယ်။ ကျွန်တော်က ကြိုတင်မသိလိုက်ပါဘူး။
ကျွန်တော့်အလုပ်ခန်းအတွင်းသို့ အဲဒီစာရေးဆရာ(ရဲအုပ်) နှင့် စာနယ်ဇင်း အတွင်းရေးမှူး တို့ နှစ်ဦး ၀င်လာပါတယ်။ အမည်ခံ စာရေးဆရာ(ရဲအုပ်) က သူ့ရဲ့ကလောင်အမည်မပါဘဲ ကျွန်တော့်နာမည်ပါလာလို့ ဒေါသူပုန်ထပြီး ရိုင်းစိုင်းစွာ၊ ပြင်းထန်စွာ၊ ပေါက်ကွဲပြောဆို သွားပါတယ်။ ငမဲ၊ငဆနဲ့ စိမ်ခေါ်စကားများကိုလဲ ပြောပါတယ်။ ယင်းသတင်းဂျာနယ်ကို တစ်ဘက်ကကိုင်၍ ကျန်တစ်ဘက်က လက်ညှိးငေါက်ငေါက်ထိုးပြီးပြောဆို ကြိမ်းမောင်းနေ ပါတယ်..။ ရဲအုပ်တစ်ဦးက တရားခံတစ်ယောက်ကို ရိုက်တော့၊ထိုးတော့မဲ့ပုံနဲ့ အော်ဟစ်ပြော ဆိုနေပါတယ်..။
ဒေါသအလွန်ကြီးတတ်သော ကျွန်တော်သည်တရားဓမ္မများကိုနာကြား ကျင့်ကြံထားတဲ့ကျေးဇူး များကြောင့် စိတ်ဆိုးခြင်းမရှိခဲ့ပါ။ ပြုံးရယ်ခါဖြင့် သူ့ကို စိတ်မဆိုးအောင် အကြိမ်ကြိမ်အခါခါ တောင်းပန်နေခဲ့ပါတယ်။ ကျွန်တော်က ရိုးရိုးသားသားကူညီပေးခဲ့တာဖြစ်ကြောင်း ဒီကိစ္စမှာ ဂျာနယ်တိုက်က မှားတာဖြစ်ကြောင်းကို အေးအေးဆေးဆေးရှင်းပြတောင်းပန်ခဲ့ပါတယ်။ သူကပြင်းထန်းစွာပေါက်ကွဲနေသော်လည်း ကျွန်တော်က ရယ်ရယ်မောမောပြောဆိုနေမိ ပါတယ်။
““ခင်ဗျားက ဘာဒုဥက္ကဌ လဲ၊ ဘာလူကြီးလဲ၊ ခင်ဗျားတို့စာနယ်ဇင်းက ဒီလိုပဲ ကျော်၊ဖြတ်၊ ကျော်ခုတ်နေကြတာပဲလား?။သူများကိုသာ လုပ်လို့ရမယ်..ကျုပ်ကိုဒီလိုလုပ်လို့ မရဘူးမှတ်ပါ။ ဒီသတင်းနဲ့ပတ်သက်လို့ ပြသနာတက်လာခဲ့ရင်တော့ ခင်ဗျားရှင်းဖို့သာ ပြင်ထားလိုက်ပေတော့ ကျုပ်အကြောင်းသိစေရမယ်..”””
ကျွန်တော်က နေပါအုံးဗျာ သတင်းပို့ထားတဲ့ အီးမေးလ်ဖိုင်ကိုမှန်ကန်ကြောင်း ပြန်ဖွင့်ပြ ပါရစေ..။ဂျာနယ်တိုက်ကိုလဲ နောက်တစ်ပတ်မှာ ကလောင်နာမည်မှားနေကြောင်း ရှင်းလင်း ချက်ထည့်ပေးပါရန် အီးမေးလ်ပို့ပေးပါ့မယ်..။ ဘယ်လိုပဲပြော၍ တောင်းပန်သော်လည်း မရပါ။ သူနှင့်အတူပါလာသော ဤသတင်းကိုရေးသားပေးသူ အတွင်းရေးမှူးကို ဇွတ်ဆွဲခေါ်သွား ပါတယ်။
ဂျာနယ်တိုက်က သူတို့မှားသွားကြောင်း ဖုန်းဆက်တောင်းပန်သော်လဲ စာရေးဆရာ(ရဲအုပ်)က မကြေနပ်နိုင်ကြောင်း တင်းမာစွာနဲ့အကြောင်းပြန်ခဲ့ပါတယ်။ဂျာနယ်အယ်ဒီတာချုပ်ကလည်း “ကဲ ဒီလောက်မှ တောင်းပန်လို့မရတာ ရှင်းလင်းချက်ထည့်မနေတော့ပါဘူး” လို့ အပြတ်ပြောလိုက်ပါတော့တယ်။
ဒီနေ့အထိ စာရေးဆရာ(ရဲအုပ်) ကျွန်တော့်ကိုမကြေနပ်ပါ။ကျွန်တော့်ဆီကိုလုံးဝမလာတော့ပါ။ ဒါဘာကြောင့်လည်းဆိုတော့ သူကဒီသတင်းကို သူ့ကလောင်နာမည်နဲ့ပါလာတဲ့ဂျာနယ်ကို အထက်အရာရှိကိုပြပြီးမျက်နှာလုပ်၍ နေရာကောင်းတစ်ခုကိုတောင်းချင်နေကြောင်း စုံစမ်း သိရှိ လိုက်ရပါတယ်..။ သူများသားသမီးကို ကိုယ့်သားသမီးလုပ်ပြီး အခွင့်အရေးယူချင် တာပါလေ..။ ဖြစ်မှ ဖြစ်ရပလေကွယ်..။ အဲဒီအခွင့်အရေးဆုံးရှုံးသွားသော်လည်း ဒီနာမည်ကြီး အမှုသတင်းကြီးဟာ သူကစတင်ဖော်ဆောင်သူဆိုပြီး ၀န်ထမ်းကောင်းဆုရရှိရေး၊ ရာထူးတက် ရေး၊အတွက် အထက် ကို တင်ထားပါသေးသတဲ့ဗျာ..။သတင်းစတင်ပေးသူ၊နာမည်မဖော်ရဲတဲ့ တာဝန်သိသတင်းပေး သူ(အရပ်သား)ကိုတော့…..ဘာလုပ်ပေးကြမည်လဲမသိပါ..။
အင်း.. ကျွန်တော်လည်း ပုထုဇဉ်လူသားအဆင့်ပဲဆိုတော့ ဒီစာကိုရေးလိုက်မိတာကိုက ကျွန်တော့်ရင်ထဲမှ တစ်ငွေ့ငွေ့လောင်းကျွမ်းနေတဲ့ ဒေါသမီးခဲလေးများက ရဲတက်လာတာ ပါလား..။ မဖြစ်သေးပါဘူး..မဖြစ်သေးပါဘူး..။ သူ့အသံ နားထဲကကို မထွက်တော့ပါဘူး..။ သူ့ရဲ့ရိုင်းပြတဲ့အမူအယာတွေကိုလဲ မျက်စေ့ထဲကကို မထွက်တော့ပါဘူး…ဆိုတဲ့ မြင်စိတ်၊ ကြားစိတ်၊နံစိတ်၊စားစိတ်၊ ယားနာကောင်းစိတ်၊ ပြန်လည်တွေးတောစိတ်တွေကို ဖြစ်ပျက်ရှုနိုင် အောင်.. တရားနာလက်စ မြစိမ်းတောင်ဆရာတော်ဘုရားရဲ့ဝိပသနာတရာတော်များအား ဆက်လက်နာကြားပေရပါဦးမည်….။
တရားစစ်၊တရားမှန် သစ္စာတရားတွေကို နာကြားနေရယုံနဲ့ကို ရုပ်တွေ၊စိတ်တွေက နူးညံ့ ကြည်လင်လာပါတယ်။ လောကုတ္တရာတရားဘာဝနာများကိုပွားနေချိန်မှာ.. ဘာမှမလိုချင်၊ မလုပ် ချင်တော့ပါကလား…..။ သစ္စာတရားနာကြားထားတဲ့အသိတွေကိုသာ ဆက်လက် ကျင့်လိုက်ရ ရင်ဖြင့်…….
“ဆရာ.ဆရာ..စာနယ်ဇင်းရွေးချယ်ပွဲနီးလာပြီလေ..။ ဆရာအရွေးခံအုံးမှားလား..?။”
““ဟေး..ဘယ့်နဲ့မေးနေရတာလဲကွာ..၊ငါ့နာမည်စာရင်းကို ထိပ်ဆုံးကသာ ထားလိုက်ပါတော့ ကွာ…။ ဟဲဟဲ.. တရားထိုင်နေချိန်သာ ဘာမှ မလိုချင်၊မလုပ်ချင်တာပါ..။ လောကီရေးရာ စာနယ်ဇင်းအဖွဲ့မှာတော့ …..သေတစ်ဖန် အသက်တစ်ဆုံး..ဥက္ကဌ နေရာကိုဆက်လက် တာဝန်ယူထားပါရစေကွယ်..””
ရွှေလမ်းငွေလမ်းဝင်းကြည်
၂၀၀၉ ခု၊ဒီဇင်ဘာလ(၁၃)ရက်၊ည(၁၂းဝ)နာရီရေးပါသည်။
3 comments:
ပုထုဇဉ် လူသားတွေ ဆိုတော့လည်း လောဘ ဒေါသ မောဟ တွေ ရှိနေဆဲပေါ့ ဦးဝင်းကြည်ရယ်..
ဂလိုပါပဲ ဦးကြည့်ရယ် သည်းခံပေါ့။ မရောက်တာတောင် ကြာနေပြီဗျ မမေ့ပါဘူးဦးကြည် စာမေးပွဲနဲ့ နားပန်းသတ်နေလို့ အိမ်လည်ပျက်နေတယ်ဗျ။ အခုတော့အားသွားပြီ။
ဦးရေ.. လေးစားပါတယ်။ တရားအလုပ်လုပ်ခြင်းဖြင့် ထူးခြားတာလေးတွေဖြစ်ပေါ်တတ်ပါတယ်။ ဘာပဲပြောပြော ဦးလည်းအသိလေးနဲ့သူများဆဲတာကို ခံနေလိုက်တယ်ဆိုကတည်းကထူးခြားတာပါပဲ။ သည်းခံနိုင်ခြင်းပဲပေါ့နော်။ အဆင်ပြေပျော်ရွှင်ပါစေဦး။
Post a Comment