လုံကွဲတော့ လွဲကုန်ပြီ.....

“ လုံကွဲတော့ လွဲကုန်ပြီ ”

အမြင်
ရွှေလမ်းငွေလမ်းဝင်းကြည်


ကျွန်တော်ငယ်စဉ်က အဂ္ဂိရတ်ဖိုထိုးတဲ့ ဆရာကြီး တစ်ယောက်ထံမှာ ဗေဒင်ပညာသင်ကြားခဲ့ပါတယ်။ ကျွန်တော့် ဆရာကြီးရဲ့ စကား အထူးအဆန်းများကိုလည်း ပြန်လည်ကြားယောင်တွေးတောနေမိပါတယ်။
“ င့ါတပည့်----ဆရာကြီးဟာ(၇)ရက်သားသမီးများရဲ့စီးပွားပျက်၊ ရာထူးပျက်၊ အိပ်ထောင်ရေးပျက်၊ အချစ်ရေးပျက်----စတဲ့ ပုထုဇဉ် အရူးလေး ၊ အရူးကြီးတို့ရဲ့ ပြဿနာပေါင်း သောင်းခြောက်ထောင်ကို ဖြေရှင်းပေးနေရပါတယ်။ တနည်းအားဖြင့် အပူသည် ပွဲစားကြီးလို့လည်း ခေါ်နိုင်ပါတယ်။ အများတကာကတော့ ဆရာကြီး၊ ဆရာကြီးနဲ့ ခေါ်ဆို တိုင်ပင်ကြပါတယ်။ တိုက်ပုံ အင်္ကျီတကားကား၊ မျက်မှန်ကြီး တကားကားနဲ့ ဒီကဆရာကြီးမှာတော့ ကိုယ့်မိသားစုရဲ့ အိမ်တွင်းရေး၊ စီးပွားရေး အခက်အခဲကိစ္စတွေ့ကြရင် တိုင်ပင်စရာ လူမရှိဘူး။ ငါကလည်း ငါ့ရဲ့ ပညာမာနက ဖုံးလွှမ်းထားတော့ ငါ့ထက်တော်တဲ့သူ၊တတ်တဲ့သူ ငါ့ထက် အမျိုးချစ်တတ်တဲ့သူ ဒီဇမ္ဘူမှာ မရှိလောက်ဘူးလို့ ငါထင်နေခဲ့တာပဲ…”
စာရေးသူကျွန်တော်က ပြန်ပြောပါတယ်။
““ဒါပေါ့ ဆရာကြီးရယ် ဒီဇမ္ဘူမှာ အဂ္ဂိရတ်လောက၊ ဗေဒင်လောကမှာ ဆရာကြီး လောက်တော်တဲ့သူတတ်တဲ့သူ ဘယ်မှာ ရှိပါ့မလဲ။ ဟိုတစ်နေ့က သက်ဆိုင်ရာက သူတို့ကိုကျော်ဇောမှုနဲ့ ဖမ်းထားတဲ့ ရေနံကုန်သည်ကြီး လင်မယားကိစ္စတောင်မှ လွတ်မယ်ဆိုတဲ့ ရက်မှာလွတ်သွားခဲ့လို့ ဆရာကြီးနဲ့ ကျွန်တော် အာမခံ လက်မှတ်ရေးထိုးထုတ်ခဲ့ကြရတာ တပည့်အသိပါဆရာကြီးရယ်…”
ဆရာကြီးက သူ့ရဲ့ အလုပ် စားပွဲ အံဆွဲထဲမှ ငွေစက္ကူ အထုပ်လိုက် တစ်ထုတ်ကို ဆွဲထုတ်ရင်းက ကျွန်တော့်ကို ပြန်ပြောပါတယ်။
“ အေး ဟုတ်သားပဲ၊ သူတို့လင်မယားက လာပြီး ကန်တော့သွားတဲ့ ငွေ(၅၀၀၀ိ/-) ထဲက ရော့ငွေ ၁၀၀၀ိ/- ငါ့တပည့်ယူသွား၊ ဈေးကိုသွား၊ ဈေးထဲက ဖိုထိုးဖို့ လုံတွေ ဆိုဒ်စုံဝယ်ခဲ့၊ ဆေးဘက် လိုအပ်တာတွေ ဆရာ့ စာရင်းထဲမှာ ပါတဲ့ ဆေးပစ္စည်းအမယ်စုံအောင် ၀ယ်ခဲ့ကွာ၊ ရော့သွား-သွား”
ကျွန်တော် ဆရာကြီးပေးတဲ့ ဈေးစာရင်း စာရွက်ငွေကို ယူပြီး ဈေးသို့ ထွက်ခဲ့ပါတယ်။ ဈေးသို့ သွားနေရင်း လမ်းမှာ ဆရာကြီးရဲ့ အကြောင်းကို ပြန်စဉ်းစားမိပါတယ်။ ဆရာကြီးက အသက်(၆၀)၊ ယူထားတဲ့ နောက် မယားငယ်က အသက်(၂၅)နှစ်လောက်သာရှိပါအုံးမည်။ သားသမီးတွေက ဘုစုခရု အကုန်ပေါင်း(၇) ယောက်လောက်ရှိတယ်။ ဆရာကြီး အမြဲပြောနေကြ စကားက ကျုပ်က မိန်းမ မရှိရင် မနေတတ်ဘူး၊ ကျုပ်မိန်းမက သားယဉ်တယ်။ သူ့ကို တစ်ခါကျော်သွားမိတာနဲ့ ကလေးတစ်ယောက်ရသတဲ့---ဟဲ--ဟဲ--ဟဲ စဉ်းစားရင်း--
ကျွန်တော့်နောက်မှ---ပွမ်ပွမ်ဆိုတဲ့ ကားဟွန်းသံကြားမှ ကျွန်တော် နောက်လှည့်ကြည့်မိပါတယ်။ ကားဆရာကတော်တော်စိတ်ဆိုးနေပါတယ်။
“ရှေ့ကစက်ဘီးဆရာ၊ ဒီလောက် ကားဟွန်းသံပေးနေတာတောင်၊ ဘာတွေများ တွေးပြီး ပြုံးနေတာလဲ၊ ပြုံးပြုံးလေးနဲ့ မသာပေါ်သွားမယ်နော်”
“ဆောရီးပဲ…ကားဆရာရေ” ကျွန်တော်က တောင်းပန်၍ ပြောပြောဆိုဆိုနဲ့ ဈေးထဲဝင်ပြီး ဆရာကြီးမှာတဲ့ ပစ္စည်းများ၊ လုံများ ၀ယ်လို့ ဆရာကြီး ထံပြန်ခဲ့ပါတယ်။
“ ဆရာကြီး မှာတာတွေ အကုန်ပါ-ပါတယ်ခင်ဗျား”
ဆရာကြီးမှ
“ အေး--အေး--ဆေးအမယ်တွေ ဈေးက ၀ယ်လာတာ စုံပြီ မဟုတ်လား၊ ဖိုထိုးဘို့ လုံများလည်း ပြည့်စုံပါပြီ၊ ဆေးအမယ်မျာလည်း စုံလင်ပါပြီကွာ.. ဒို့ဆရာတပည့် လုံလောက်ရင်ဖြင့် ဖိုထိုးကြစို့၊ ကျမ်းစာကို ဆရာကြီးဆိုမယ်၊ င့ါတပည့်က ဆေးအမယ်အတိုင်း ကိုက်အောင် ထည့်ပေတော့-မသိတာရှိရင် မေးပါ“
ဆရာကြီးက ဆေးလိပ်တိုကို စိတ်ပါလက်ပါ တအားဖွာ၍အမည်မသိ အဂ္ဂိရတ်ကျမ်းစကား စာတစ်ပုဒ်ကို အလွတ်ဆိုပါတော့တယ်။
“ တစ်မနက်တွင်၊ ရက်မငင်၊ မျက်မြင်ဒိဌ၊ ရာဇတစ်လမ်း၊ အခန်းခန်းကို ဥာဏ်စွမ်းသလောက် ခုချက်ခြင်း ကောက်လိုက်မည်--ရေတွင်ပျော်ပါး၊ တူဖော်ကြွားတဲ့ နဂါးမင်း မာန်စွယ်၊ “ န၀” တန်ခိုးလွတ်တဲ့ သွပ်ဒဿ၊ တပေါင်းထား အကြောင်းအားဖြင့် ဆေးကိုပါယ်ဖျက်၊ ကြောက်ချဉ်စွက်၍၊ သတ္တက ဓါတ်၊ ရောစပ်ရက်ရုံ၊ ငှက်ဂဠုံ၊ မုံအထပ်ထပ်၊ တဆယ်သားပါအောင် စပ်၍ ညှပ်လွှာစုံရုံး ဖွဲတတင်းနှင့် ကျင်းတွင်အုံးသော် ၊ ထုံးသို့ ကြေမွ၊ အနိစ္စ စိတ်ချပါလေ။ အဂ္ဂိသေ၊ ပြဒါးသေတမတ်၊ဘော်နှင့်ဒဏ်ငွေ၊ ကောလီ ကြေအောင်၊ သရေချပ်ပြား၊ လေးထပ်ဖားနှင့် တအားကုန်နှိပ် ကိစ္စမြောက်မူ၊ ၄င်းနည်းတူပေါင်း စည်းယူ၊ ခြောက်မီးသာမြောက် ရလောက်သတ္တု၊ ရင်းတစုတွင်၊ ကရုလတွတ်၊ လျှပ်ရောင်ပတ်ဝန်း၊ ဓါတ်ရောင်စင်းဘော်လင်းတင်း ဟုတ်ခဲ့ပေါ့၊ ကျမ်းထုတ်တဲ့ ဥာဏ်က၀ိန်က စံယှဉ်ကာ ဇမ္ဘူရစ်ပါပဲ- များ ချစ်ဘို့ ဟိုနောင်နောင် ဆိုလောက်အောင် အခြေကောင်း စေဘို့၊ သူ့ဝဏ္ဏံ ရွှေကျောင်းကိုဖြင့် မသင်္ကာ၊ ပညာလောင်း လိုက်မယ်။ မှတ် --ဖရောင်း တင်ကြည့်။
ဆရာကြီး ရဲ့ တေးထပ်လား၊ကဗျာလား၊ ခွန်းထောက်လား မသိ၊ သူဆိုတာ ပြောတာများ ကို မသိတာမေး၍ ဆေးအမယ်များ ရောစပ်ရလို့ ပြာ လဲပေးရ၊ မီးသွေးများ ထည့်ပေးရ၊ ဖားဖိုဆွဲပေးရ မီးက မီးလုံ (၁၁)လုံး မြောက် ပြည့်ခဲ့ရပါသည်။
“ ကဲ --င့ါတပည့်ကြီး၊ မီး(၁၁)မီး စေ့ပြီလား၊ မီး(၁၁)မီး စေ့ဖို့ ဒီလုံ(၁၁)လုံး မြောက်မှာ ဆရာကြီးရဲ့ အနှစ်နှစ်အလလက ကြိုးစားစုဆောင်း ရှာဖွေ ရခဲ့တဲ့ ယခုဓါတ်ပစ္စည်းကို ခွဲကြည့်ရအောင် ၊ ဖိုဆွဲတာ လျော့တော့ မီးအောင်အောင်ထား ဒီ(၁၁)မီး အောင်တဲ့ လုံထဲက သွပ်တွေ မင်းတို့ ယခုခေတ်ကြီးထဲမှာလိုတရ ပီယဆေးပဲကွ-----မင်းဘာလိုချင်သလဲ ဒီသွပ်သေ ဓါတ်ကို ဆောင်ပြီး သွားရင် အကုန်လုံး လိုတာရမယ်ကွ..မှတ်ထား”
ကျွန်တော်.. ဆရာကြီးရဲ့ စကားကို သိပ်သဘောကျ ပီတိဖြစ်မိနေပါတယ်။ ဆရာကြီး ပြောသွားတဲ့ သွပ် အသေဓါတ် အဆောင်ထက်ပိုတာရှိပါသေးတယ်။ ဒီခေတ်ကြီးထဲမှာ အဆောင် အကောင်းဆုံးကတော့ (ငွေနဲ့အာဏာ) (အာဏာနဲ့ငွေ)--ပါ။ ဒီနှစ်မျိုးထက်ကောင်းသော အဆောင်၊ ဒီနှစ်မျိုးမပါဘဲနဲ့ လိုတာ ရမယ်ဆိုတဲ့ ဆရာကြီးရဲ့ သွပ်သေ ပီယဆေးကို ကျွန်တော် သိပ့်ကို ဆန္ဒအာသာပြင်းပြစွာလိုခြင်နေမိပါတယ်..။ ဘာကြောင့်လဲ ဆိုတော့ ဒီခေတ်ကြီးထဲမှာ တရားကို နတ်မစောင့်တော့ပါ၊ တရားကို နတ်ထက်ပိုတဲ့ လူတွေ၊ လတ်တဆုပ်စာလူတစ်စုက တနပ်စားဥာဏ်နဲ့ပဲ အရာရာနေရာတိုင်းမှာ လုပ်ကိုင်စောင့်ရှောက် ဆောင်ရွက်နေကြပါတော့တယ်။
တရားကို နတ်မစောင့်နိုင်ကြတော့ပါ၊ နတ်တဲ့ပိုတဲ့ အာဏာ ရှိတဲ့သူတွေ စောင့်နေကြလို့ အမှုတစ်ခု ဖြစ်ရင်တော့ ငွေမပါ၊သေရွာသို့သာ သွားနေကြရပါတယ် ။ “ ငွေပါရင် အမေ့ရွာတောင် မေ့သတဲ့” အမှုဖြစ်တဲ့သူတွေ၊ ထောင်ကျတဲ့သူတွေရဲ့ လောကထဲမှ ကြားရတဲ့ စကားများပါပဲ။
ဘုရား--ဘုရား၊ သစ္စာ အမှန်တရား ဆိုတာ၊ ဗုဒ္ဓတရားစာအုပ်တွေထဲမှာပဲ ထားကြတော့မှာလား?။ ယနေ့လောကီ လောကထဲမှာ လူတွေထဲမှာသစ္စာအမှန်တရားတွေ မရှိကြတော့ ပါကလား…”။ ကျွန်တော် ဖားဖိုကြီးကိုဆွဲနေရင်းက စဉ်းစားရင်း အတွေး နယ်လွန်သွားပါတယ်။
“ ဟေ့၊ ငါ့တပည့်ကြီး၊ မီးအေးလောက်ပြီ လုံချရအောင်၊ လုံချပြီး အထဲက ဓါတ်လုံးသွပ်တွေကို ကြည့်ကြရအောင်ကွာ၊ ”
“ ဟုတ်ကဲ့ ဆရာကြီး..လုံချပြီးပါပြီ၊ ဟာ…ဆရာကြီး လုံရဲ့ဘေးနားမှာ ကွဲအက်ကြောင်းကလေး… တွေ့ပါတယ်ခင်ဗျာ။
“ ဟေး-ဗုဒ္ဓေါ၊ လုံလောက်လို့ ဖိုထိုး၊ ယခုတော့ လုံကွဲတော့ လွဲကုန်ပြီ င့ါတပည့်ရေ---လုံကွဲတော့ ဓါတ်လုံးသွပ်က..အဲဒီအထဲမှာ ဘယ်ရှိတော့မလဲ၊ ပြန်ထွက်သွားပြီ..ဘာမှရှိမှာ မဟုတ်တော့ပါဘူးကွာ..သွားပါပြီ..သွားပါပြီ….။
ဆရာကြီးက စိတ်ပျက်လက်ပျက်နဲ့ သူသောက်နေကြ ဆေးလိပ်တိုကြီးကို သူဗေဒင်ဟောတဲ့စားပွဲနဲ့ ဆောင့်ထိုးလိုက်ပါတော့တယ်။
ကျွန်တော်လည်း တိတ်ဆိတ်ငြိမ်သက်နေတဲ့ မီးဖိုခန်းထဲမှာ တိတ်ဆိတ်ငြိမ်သက်နေသော… ဖားဖိုကြီးထဲက မီးသွေးသံတွေ….ကို နားထောင်ရင်း.. ရင်ထဲက… စကားပြောနေမိပါတယ်…..။
“ ဆရာကြီးရယ်၊ လုံကွဲတော့ လွဲကုန်တာ၊ ဆရာကြီးတစ်ယောက်တည်း မဟုတ်ပါဘူးဗျာ၊ ကျွန်တော်တို မြန်မာပြည်မှာ အများကြီး ၊ အများကြီး၊ ဆရာကြီးက လုံကွဲလို့ လွဲကုန်တာ..၊ မြန်မာပြည်ထဲက လူတွေ အများကတော့ လုံမကွဲဘဲ…. လွဲကုန်တာ..ကြာ..ကြာလှပါပြီဆရာကြီးရယ်…..။”

လိုရာဆန္ဒပြည့်ဝနိုင်ကြပါစေ…..။


ရွှေလမ်းငွေလမ်းဝင်းကြည်
6-29-2009 ည (၉)နာရီ။
(၁၉၉၅ ခု၊ ဇန္န၀ါရီလ၊ (၁၀)ရက်နေ့၊ ရေးသား၍ ကြီးပွားရေးလမ်းညွှန် ဂျာနယ်သို့ပိုထားသောစာမူအား ပြန်လည်ဖေါ်ပြပေးပါသည်။)

Penulis : shwelannwelanwinkyi ~ Sebuah blog yang menyediakan berbagai macam informasi

Artikel လုံကွဲတော့ လွဲကုန်ပြီ..... ini dipublish oleh shwelannwelanwinkyi pada hari Monday, June 29, 2009. Semoga artikel ini dapat bermanfaat.Terimakasih atas kunjungan Anda silahkan tinggalkan komentar.sudah ada 0 komentar: di postingan လုံကွဲတော့ လွဲကုန်ပြီ.....
 

0 comments: