အမြင်
ရွှေလမ်းငွေလမ်းဝင်းကြည်
လွန်ခဲ့တဲ့..၁၉၉၅ ခုနှစ်ကပါ……
လူတွေက ပြောနေကြတယ်၊ ကြီးပွားဖို့ထက် ထမင်းစားဘို့တောင် ခက်နေပါပြီ။ ဘာလုပ်ရင် ကောင်းမလဲ၊ ဘယ်သွားရင် ကောင်းမလဲ၊ စတဲ့ မေးခွန်းတွေကို တစ်ဦး နဲ့ တစ်ဦး မေးဖြစ်ခဲ့ပါတယ်။ စာပေမဂ္ဂဇင်းတွေထဲမှာဖတ်ရတာကတော့ မြန်မာပြည်တွင်းမှာ ကုမ္ပဏီကြီးတွေ၊ အပြိုင်အဆိုင်ဖွင့်ကြတယ်။ဟော်တယ်တွေ၊ အင်းတွေ၊ စားတော်ဆက်တွေနဲ့ နိုင်ငံခြား သွားနိုင်ဘို့ အလုပ်ရှာတဲ့ အကျိုးဆောင် ကုမ္ပဏီတွေ ပေါ်နေကြပါတယ်။ နိုင်ငံခြားမှာလည်း မြန်မာပြည်ကရောက်လာသူအများစူမှာ မှန်းချက်နှင့် နှမ်းထွက်မကိုက်ဖြစ်ပြီး ဒုက္ခရောက်နေတာတွေ.. စတဲ့ ဒီ အကြောင်းတွေကိုပဲ မဂ္ဂဇင်း၊ဂျာနယ်တွေထဲမှာ ပလူပျံနေတာကို ဖတ်ခဲ့ရပါတယ်။
“စာရေးသူတို့နိုင်ငံတော်ကြီးကို တိုးတက်ဖွံ့ဖြိုးလာအောင် ဈေးကွက်စီးပွားရေး၊ တံခါးဖွင့်ပြီး ဆောင်ရွက်နေကြတဲ့ ကျွန်တော်တို့ ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီးထဲမှာ လုပ်စရာ မြေတွေလဲ အများကြီးပါ။ စားသုံးစရာ သယံဇာတတွေ၊ အလုပ်-လုပ်စရာ စက်ရုံ၊ အလုပ်ရုံကြီးတွေ၊ အများကြီးပါ၊ ဒါကိုပဲ မသုံးတတ်၊ မလုပ်တတ်ကြပြီး၊ နိုင်ငံခြားသွားမှ ဒေါ်လာရမယ်ထင်နေကြပါတယ်။ ခေတ္တမလေးရှား၊ခေတ္တတိုကျိုမှ အထင်ကြီးနေတတ်ကြပြီး၊ နိုင်ငံခြားသွားမှ ဒေါ်လာရမယ်ထင်နေကြပါတယ်။ ဘာကြောင့်နိုင်ငံခြားကို ထွက်ချင်ကြတာလည်းလေ့လာကြည့်တော့ မြန်မာပြည်မှာတစ်နှစ်လုပ်တာနဲ့နိုင်ငံခြားမှာ တစ်လစာလုပ်သလောက် ၀င်ငွေက ကွာခြားကြပါတယ်လို့ ဆိုကြပါတယ်။ နိုင်ငံခြားမှ ကုမ္ပဏီကြီးတွေ မြန်မာ့ပြည်တွင်းလာပြီး၊ ဖက်စပ်လုပ်နေကြတာကို အတုယူပြီး မျက်ခြေမပြတ်ဘို့ လိုမယ်ထင်ပါတယ်။ ကျွန်တော်တို့ ငယ်ငယ်က သံချပ်လို “ ၀က်သားတုံးကြီး ဒူးလောက် ပေါင်လောက်၊ သူများစားတာ မြင်ဘူးပါရဲ့” ဆိုနေ၍ မဖြစ်တော့ပါ။ ကိုယ်တိုင်၊ကိုယ်ပိုင် ကိုယ်စားနိုင်အောင် ကိုယ်စွမ်းရှိသမျှ၊ ဥာဏ်စွမ်းရှိသမျှ ကြိုးစားဆောင်ရွက်ကြဘို့ လိုနေပါပြီ။ နိုင်ငံပိုင် အလုပ်ရုံ၊ စက်ရုံ၊ လယ်ယာမြေတွေတို့လည်း ပုဂ္ဂလိက ဖက်စပ် လွှဲပြောင်း ပေးနေတဲ့အထဲမှာ ပြည်ထောင်စု တိုင်းရင်းသား လူမျိုးတွေ ပါဝင်ပြီး နိုးကြား၊ ကြိုးစားကြပြီး ဦးဆောင် ဆောင်ရွက်စေချင်ပါတယ်။
ဒီလောက်တိုင်းပြည်တိုးတက်ဖို့ အဖက်ဖက်မှ ဆောင်ရွက်နေချိန်မှာ ကြီးပွားဖို့ထက် ထမင်းစားဖို့ ခက်နေပြီလို့ ပြောနေတဲ့လူတွေက ဘယ်သူတွေလဲ၊ ဘာဖြစ်နေကြတာလဲ၊ ဘာတွေ လုပ်နေကြတာလဲ၊ ကျွန်တော်လေ့လာရသမျှ တင်ပြပါရစေ။ စာရေးသူဟာ စီးပွားရေး ပါရဂူမဟုတ်ပါ၊ သာမန် လူသား တစ်ဦးပါ။ ပါတီ နိုင်ငံရေး ကင်းရှင်းသူ တစ်ယောက်ပါ၊ အတွေးအခေါ်အမှား စကားများ ပါခဲ့ရင်တော့ ခွင့်လွှတ်ကြပါ။ တိုင်းပြုပြည်ပြုဖြစ်အောင် အပြုသဘောနဲ့ ရေးသားခြင်းဖြစ်ပါတယ်။ဖါးခြင်းလည်းမဟုတ်၊ ကြွားခြင်းလည်းမဟုတ်ပါ..။
ကြီးပွားဘို့ထက် ထမင်းစားဘို့ခက်နေသူများကတော့ ၀င်ငွေထွက်ငွေ မမျှတ ဖြစ်နေရတဲ့ တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့ လက်လုပ်လက်စားများနဲ့ လစားနည်းဝန်ထမ်းများပါပဲ၊ လုပ်အားခ နေ့တွက်ခမှာ တစ်ရက် ၃၀ိ/- နှင့် အထက် သာ ရရှိကြပါသည်။ မိသားစုက နည်းလျှင် (၄)ယောက်၊ များရင်(၁၀)ယောက်၊ (၁၂) ယောက်ကြားမှာ အမျိုးမျိုးပါပဲ၊ အလုပ်လုပ်နိုင်တဲ့ အရွယ်များတဲ့ အိမ်တွေကတော့ အသက်ရှု ချောင်ကြပါတယ်။ တစ်ယောက်၊ နှစ်ယောက် လုပ်အားရှိတဲ့ အိမ်မှာတော့ မလောက်မင ဖြစ်နေကြတာကို တွေ့ရပါတယ်။ ကုန်ကျစရိတ်တွေကတော့ ကလေးများ ကျောင်းစရိတ်၊ ရပ်ရေး၊ ရွာရေး အလှူငွေ ကိစ္စများ၊ မီးဖိုချောင်သုံး စရိတ်များ၊ ဒီသုံးခုမှာပဲ ချာချာလည်နေကြပါတယ်။ နေဖို့၊ ၀တ်ဖို့ကတော့ လက်ရှိနဲ့ပဲ နေကြရပြီး “ ပိုမှဝယ်၊ လိုမှပေါင်” ကျန်းမာရေးမကောင်းတော့ဖြင့် မရှိမဲ့ ရှိမဲ့ အ၀တ်အထည် ပစ္စည်းလေးတွေ တက်တက်ပြောင်သွားကြတာပဲ။ ငွေ မရှိလို့ ချေးသုံးရင် အပြင်မှာ အတိုးက နေ့ပြန်တိုး၊ ငွေတစ်ဆယ် ( ၂)ကျပ် တိုး၊ ငွေ တစ်ရာ မရှိလို့ ချေးသုံးထားရင်း အတိုးက ( ၂၀ ) ကျပ် ကျနေတယ်။ရတဲ့ နေ့တွက်ခက(၃၀)ကျပ်။စုစုပေါင်းချေးထားတဲ့ငွေကများနေကြတော့ ဘာကျန်တော့မလဲဗျာ။(၁၉၉၅ ခုနှစ်က နေ့တွက်ခဖြစ်ပါ၏။)
အဲဒီတော့ ဘာတွေ ဖြစ်နေကြသလဲ ဘာတွေ လုပ်နေကြသလဲဆိုတော့ ဒေသတစ်ချို့နဲ့၊ ဌာနဆိုင်ရာ တစ်ချို့တွေမှာ အကျင့်စာရိတ္တပျက်ကြတဲ့ သတင်းတွေက ပလူပျံနေအောင် ကြားလာရတယ်။ ရပ်ကွက်အတွင်း ဒေသအတွင်း၊ ဌာနဆိုင်ရာအတွင်း ၊ မကောင်းသတင်းတွေ၊ ထွက်လာပြီး ပုဂ္ဂိုလ်ရေးရာ အကြည်ညိုတွေပျက်လာတော့တာပဲ။
မရှိလို့ မလှူ၊ မလှူလို့ မရှိတဲ့ ကျွန်တော်တို့ မြန်မာစကားပုံ တစ်ခုလဲရှိပါတယ်။ ယခုလည်း “ မရှိလို့မူမမှန်၊ မူမမှန်တော့ လူပါမကျန်” အရေးယူခံရတာတွေကလည်း အများကြီးပါ၊ ရှိပါလျှက်နဲ့ မတော်မတရား၊ အင်အားတွေ သုံးပြီး လောဘ အတောမသတ်နိုင်ပဲ နေရာတိုင်းမှာ သူ့မျက်နှာ စီးပွားရေးသမားတွေလည်း ဒုနဲ့ဒေး ရှိကြပါသေးတယ်။
ကြီးပွားဘို့ထက် ထမင်းစားဘို့ ခက်နေသူ လူများ၊ ဘာလုပ်ရင် ကောင်းမလဲ ဘယ်သွားရင် ကောင်းမလဲ၊ တွေးတော ငေးမော မနေကြပါနဲ့တော့၊ အဓိကလုပ်ရမှာက “ ရိုးသား ကြိုးစားပြီး အလုပ်-လုပ်ပါ၊ ဘယ်နိုင်ငံခြားမှ သွားစရာ မလိုပါ၊ မိမိတို့ နိုင်ငံတော်မှာ စီးပွားရေး တံခါးဖွင့်ပေး နေပါပြီ။ အမှန်လမ်းကို ရဲရဲလျှောက်ကြပါ။ ကျွန်တော်တို့ အဘိုးအဖွားများ ပြောသွားခဲ့ဘူးပါတယ်။ နံပါတ်(၁)-အလုပ်လုပ်ကြပါ။ နံပါတ်(၂) ချွေတာ စုဆောင်းပါ။ နံပါတ်(၃) အရင်းအနှီးပြုကြပါ။ ဆိုခဲ့ ပြောခဲ့ကြပါတယ်။ နိုင်ငံတော်မှလည်း နိုင်ငံပိုင် စက်ရုံ၊ အလုပ်ရုံ၊ လယ်ယာမြေ၊ အဆောက်အအုံ၊ တစ်စိတ်တစ်ဒေသများကို တစ်ဦးချင်း၊ လုပ်ပိုင်ခွင့်၊ ကုမ္ပဏီတွေကိုလွှဲပေးခြင်း၊ စုပေါင်းလီမိတက်ကုမ္ပဏီတွေ ချပေးနေတာလဲ ပြည့်သူများ သိကြမှာပါ။ မှတ်ချက်။ ။( အထက်နှင့် အောက် အဆင်ပြေအောင်ပေးနိုင်သူများ၊ အမျိုးတော်ကြသူ မျိုးချစ်ပုဂ္ဂိုလ်များသာ ရကြပါမည်။)
နိဂုံးချုပ်ဆိုရရင်တော့ မလောက်မင ဖြစ်နေရတဲ့ ဘ၀ထဲကပဲ၊ ရိုးသားကြိုးစားရှာပါ။ ချွေတာ စုဆောင်းကြပါ။ တတ်နိုင်သမျှ ကုမ္ပဏီတွေမှာ အစုရှယ်ယာဝင်ပြီး အရင်းအနှီးမတည်ထားကြပါ။ စားဘို့ မလောက်မင ဖြစ်ရတဲ့ အဓိက အကြောင်းအရင်းမှာ ကုန်ဈေးနှုန်း ကြီးမြင့်မှု၊ (ဒီအကြောင်းက စီးပွားရေး နည်းပညာပိုင်းနှင့် ဆိုင်၍ မရေးတော့ပါ) ဒါကြောင့် တစ်ဦးချင်း၊ တစ်မိသားစုချင်း၊ဆင်ခြင်နိုင်ကြဘို့ အကြံပြုပါရစေ၊ ရှေးလူကြီးများ စကားပုံ ထားခဲ့တဲ့ “ အိမ်ကိုဖြို စားဖိုကလို့ ” စားဖိုဖြစ်တဲ့ မီးဖိုချောင်ကို နိုင်အောင်ထိမ်းသိမ်းကြဖို့ အိမ်ကို ဖြိုမယ့် စားဖိုချောင်ကို မနိုင်ခဲ့ပဲ နေခဲ့မိရင် မိမိရဲ့ မူလက ဖြူစင်နေတဲ့ စိတ်ဓါတ်ကလေး၊ မနောကလေးကို ဒုက္ခဆိုတဲ့ လောဘ၊ဒေါသ အရောင်အသွေး တွေကို ဆိုးကုန်ကြမယ်။မလုပ်သင့်မဖြစ်သင့်တာတွေ ဖြစ်ကုန်ကြရမယ်။ အဲဒီကျမှ အိမ်ထောင်ဦးစီး၊ အိမ်ဦးနတ်ကြီးပါ ဒုက္ခထဲ ပြိုကျသွားမယ်။ မှီခိုတဲ့ မိသားစု တစ်စုလုံးလည်း၊ ဒုက္ခလှလှကြီး ခံစားသွားရမှာ အမှန်ပါပဲ၊ ဒီလို မဖြစ်ကြရအောင် ပျက်အစဉ်၊ ပြင်ခဏဆိုသလို မူမမှန်ဘဲ မကောင်းတဲ့ အယူအဆ၊အတ္တ လောဘ စိတ်တွေ ဖျောက်ကြပြီး မိမိတို့ ကျရာ နေရာ ဒေသ လုပ်ငန်းတွေမှာ ရိုးသားကြိုးစားမှုများနဲ့ ကိုယ်ချင်းစာ တရားကိုလက်ကိုင်ထားပြီး ခေတ်မီတိုးတက်သော ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီး အဖြစ် ၀ိုင်းဝန်း ဆောင်ရွက်သွားကြပါစို့။
“ သံတုတ္တိ ပရမ္မံ ဓနံ ” ရောင့်ရဲတင်းတိမ်ခြင်းသည် အမြတ်ဆုံး ဥစ္စာ ရတနာ………….။(ဗုဒ္ဓဘုရားရှင်၏တရာတော်)
လူသားအားလုံး ရောင့်ရဲတင်းတိမ်နိုင်ကြပါစေ……။
စာရေးသူ၏ တောင်စဉ်ရေမရ အိမ်မက်ကလေးတစ်ခုပါ ……..။
ရွှေလမ်းငွေလမ်းဝင်းကြည်
(6-30-2009) ည(၉)နာရီ။
၁၉၉၅ ခု၊ ဇန္န၀ါရီလ၊(၁၀)ရက်နေ့တွင် ရေး၏။
ကြီးပွားရေး လမ်းညွှန်ဂျာနယ်သို့ပို့ထားသောစာမူအား ပြန်လည်တင်ဆက်ပေးပါသည်။
0 comments:
Post a Comment