ကိုယ်ထိလက်ရောက် အကြမ်းဖက်မှု ကျူးလွန်ခဲ့သည့် ထက်ထက်မိုးဦး အား တရားရုံးမှ မှန်ကန်စွာ ဖြေရှင်းမှု မပြုလျှင် ဆန္ဒထုတ် ဖော်မည် ဟု စာနယ်ဇင်း သမား တို့ ပြော




ကိုယ်ထိလက်ရောက် အကြမ်းဖက်မှု ကျူးလွန်ခဲ့သည့် ထက်ထက်မိုးဦး အား တရားရုံးမှ မှန်ကန်စွာ ဖြေရှင်းမှု မပြုလျှင် ဆန္ဒထုတ် ဖော်မည် ဟု စာနယ်ဇင်း သမား တို့ ပြော
May 26, 2010 Freedom News Group Leave a comment Go to comments
16
10
မဲပေးပါ

Quantcast


Htet Htet Moe Oo Attacks Journalist

Updated ထက်ထက်မိုးဦး ကိစ္စ နှင့် ပတ်သက်၍ စစ်တပ်ပါ နှစ်ခြမ်း ကွဲ နိုင်။ ယမန် နေ့ က သန်လျှက်စွန်းရေတပ်စခန်း
ဝန်ထမ်းအိမ်ရာတွင် ထက်ထက်မိုးဦး အား ထောက်ခံသည့် တပ်ကြပ်ကြီး သန်းမြင့် ၏ ဇနီး နှင့် ငွေစာရင်းရုံးမှ
တပ်ကြပ် အောင်နိုင် ၏ ဇနီး တို့ အချင်းများ ရာ နှစ်ဘက် အိမ်ထောင် သည် လိုင်းများ ပါလာ၍ တပ်ရေး ဗိုလ်ကြီး
အုန်းမြင့် က ၀င်ရောက်ဖြန်ဖြေပေးရသည် ဟု သတင်းရရှိသည်။

Updated ၀၅ .၂၇ .၂၀၁၀ ထက်ထက်မိုးဦး ၏ ပရိသတ်များ ကလည်း တန်ပြန် ဆန္ဒပြမည် ဟု အင်တာနက်၊ဖိုရမ် များ နှင့် ဖေ့ဘွတ် တွစ်တာ
တွင် စည်းရုံး လှုံဆော်မှု များ စတင်ပြုလုပ်နေ

Updates Comments (See below of the page)

Freedom News Group မှ အကြိုက်ဆုံးမှတ်ချက်



ကော့မန့် ရေးသူ အမည် …တာတေ

အင်း…
အပျက်အပျက်နဲ့နှာခေါင်းသွေးထွက်မယ့်ကိန်းတော့ဖြစ်လာပြီဗျာ။
တစ်ဖက်နဲ့တစ်ဖက် အုပ်စုတွေ ဖွဲ့ပြီး ဆန္ဒထုတ်ဖော်ကြမယ်ဆိုပါလား။
ထက်ထက်မိုးဦးကိုထောက်ခံတဲ့ဖက်က အ၀ါဝတ်ကြဗျာ။
ဂျာနယ်လစ်တွေကိုထောက်ခံတဲ့ဖက်က အနီဝတ်ကြဗျာ။
လုံထိန်းတွေကလည်း ရုတ်ရုတ်သဲသဲမဖြစ်အောင် မိုးပေါ်ထောင်မပစ်ပဲ ၀င်ထိန်းကြဗျာ ။
စွမ်းအားရှင်တွေကလည်း ဆူပူမှုမဖြစ်အောင် ၀ါးရင်းတုတ်တွေကိုင်ပြီးထိန်းသိမ်းကြဗျာ ။
ပွဲကတော့ ကြည့်ကောင်းတော့မယ်ထင်တယ် ။ဒီတစ်ခါဖြစ်မယ့် အရေးအခင်းက ထက်ထက်မိုးဦးက စ တာဖြစ်သွားနိုင်တယ်နော်
ယူကွန် ၊ ၊မေလ ၁၉ ရက်နေ့ က ရန်ကုန်မြို့  ဆီဒိုနား ဟို တယ် တွင် 7 Days News ဂျာနယ်မှ အမျိုးသမီး
သတင်းထောက် မအေးသူစံ အား ကိုယ်ထိလက်ရောက် ပြုခဲ့သည့် သရုပ်ဆောင် အကယ်ဒမီ
ထက်ထက်မိုးဦး အား သက်ဆိုင်ရာ တရားရုံးမှ တရားနှင့် အညီ ဖြေရှင်းပေးခြင်း မပြုပါက သက်ဆိုင်ရာ တရား
ရုံးရှေ့ ၊စာပေစီစစ်ရေး ရုံးရှေ့ နှင့် ထက်ထက်မိုးဦး ၏ အိမ်ရှေ့ တို့ တွင် ဆန္ဒပြ ရန် စီစဉ် ထားသည် ဟု မအေးသူ
စံ ၏ သူငယ်ချင်း ဖြစ်သူ အမည်မဖော်လို့ သည့် ရန်ကုန် စာနယ် ဇင်းသမားတစ်ဦး က Freedom News Group
သို့ ပြောသည်။

သရုပ်ဆောင် မှု တွင် ဈေးကွက် မရှိတော့ ဘဲ အကျဘက်ရောက် နေသည့် ထက်ထက်မိုးဦး ၏ ကိုယ်ထိလက်ရောက်
အကြမ်းဖက်မှု သတင်း ကို ဖော်ပြခဲ့သည့် The Voice အပတ်စဉ် ထုတ်သတင်းစာနှင့်
The First Music News အပတ်စဉ် ထုတ် သတင်းစာ တို့ အား စာပေစီစစ်ရေး မှ နှစ်ပတ်ထုတ်ဝေခွင့်မပြုရန်
ညွှန်ကြား ထားကြောင့် သိရသည်။

သရုပ်ဆောာင် ထက်ထက်မိုးဦးသည် ဆီဒီုနား ဟို တယ်တွင် ထိုကဲ့သို့ အကြမ်းဖက်ကိုယ်ထိလက်ရောက် မှု ကျူးလွန်ခဲ့ပြီး နောက် ချက်ခြင်း ပင် ပြန်ကြားရေး ၀န်ကြီး ဗိုလ်ချူပ် ကျော်ဆန်း ၏ အိမ်သို့ သွားရောက်၍ သူမ၏ သတင်းနှင့် ပတ်သက်၍ ဖော်ပြခွင့် မပေးရန် နှင့် စစ်အစိုးရ ၀ါဒ ဖြန့် ချိရေး ဇာတ်ကား များရိုက်ကူး
ရာတွင် လည်း သူ ကူညီမည် ဖြစ်ကြောင်း ၀င်ရောက် ကန်တော့ ၍ အသနားခံ တောင်း ပန်ခဲ့သည် ဟု သိရသည်။

ထက်ထက်မိုးဦး ၏ လက်ရှိခင်ပွန်း မှာ သရုပ်ဆောင် ဇူးမြတ်ထက်ဖြစ်ပြီး ၂၀၀၄ ခုနှစ် က အဆိုတော် အနဂ္ဂ
နှင့် တရားဝင် လေးနှစ်ခန့် ပေါင်းသင်းခဲ့ပြီး နောက်လမ်းခွဲခဲ့ကြသည်။ထိုသို့ လမ်းခွဲရသည့် အကြောင်းမှာ သူမ၏ မိုလ်ဘိုင်းဖုန်း တယ်လီဖုန်း ခေါ်ဆိုမှု မှတ်တမ်း အမှတ်တမဲ့ ကြည့်ရှုမိသောကြောင့် အနဂ္ဂ အားဓါး နှင့် လိုက် ခုတ်ရာ မှ အကြင်လင်မယား ဘ၀ နိဂုံးချုပ်ခဲ့ရသည် ဟု ထိုအချိန် က ရန်ကုန် သရုပ်ဆောင် လောက တွင် နာမည် ကြီးခဲ့သည်။

ထက်ထက်မိုးဦးသည် သရုပ်ဆောင် ဇူးမြတ်ထက် နှင့် မယူခင် ဇာတ်သဘင် များ ကို လေ့လာလိုက်စားခဲ့သေး
သည်။

ရန်ကုန်မြို့ ရှိ နာမည် ကျော် ဂျာနယ်တစ်စောင် မှ အယ်ဒီတာ တစ်ဦးက “အစိုးရ အား ဝေဖန် ရေးသားခြင်းလည်း မဟုတ်ပါဘဲ ထက်ထက်မိုးဦး သတင်းဖြစ်ရပ် နှင့် ပတ်သက်ပြီး ဖော်ပြမိသည့် ဂျာနယ် နှစ်စောင် အား စစ်အစိုးရ မှာ ထုတ်ဝေခွင့် ရပ်နား ခိုင်းခြင်းမှာ မကြာခင်ကျင်းပမည့် ရွေးကောက်ပွဲတွင် သတင်း လွတ်လပ်ခွင့် နှင့် ပတ်သက်၍ မူ ဆိုဖွယ်ရာပင် မရှိတော့ ဟု ပြောသည်။

စစ်အစိုးရသည် မြန်မာ အဆိုတော် နှင့် သရုပ်ဆာက်များ ကြား တွင် ထိုကဲ့ သို နာမည်ဆိုး အဖြစ်အပျက်များ
ပေါ်ပေါက်လာပါက စာမျက်နှာ များ ထက်တွင် သတင်းများ ပါရှိ မလာ ရန် တားမြစ်ပေးထားပြီး နောက် ၀ါဒဖြန့် 
ချိရေး ရုပ်ရှင် ကားများ အား ရိုက်ကူးစေသည်။

သတင်းထောက် မအေးသူစံ သည် သူမအား ထက်ထက်မိုးဦး က ကိုယ်ထိ လက်ရောက် ပြုမှု နှင့် ပတ်သက်၍
ရန်ကင်းမြို့ နယ် တရားရုံးတွင် တရားစွဲ ဆိုမှု ပြုထားပြီး ယနေ့ ကြားနားမည် ဟု သိရသည်။

သတင်းထာက် မအေးသူစံ အပါအ၀င် သူမ အလုပ်လုပ်နေသည့် ဂျာနယ်တိုက်က မူ တရားရုံးမှ တရား နှင့် အညီ
ဆုံးဖြတ်ပေး မည် ဟု မျှော်လင့် ရသည် ဟု ဆိုသည်။

မြန်မာ နိုင်ငံတွင် နာမည် ကျော် သရုပ်ဆောင် ၊အဆိုတော် များ ၏ အတွင်း ရေး နှင့် ပတ်သက်၍ မြန်မာမီဒီယာများက
များ သော အားဖြင့် ဖုံးဖိပေးခဲ့သည်။

ထက်ထက်မိုးဦး သည် မိုးကုတ် မြို့ တွင် မွေးဖွားခဲ့သူ ဖြစ်ပြီး ၁၉၉၆ ခုနှစ် တွင် ပန်းသခင် ဇာတ်ကား ၂၀၀၁ ခုနှစ် တွင်
သမီးမိုက် ဇာတ်ကား တို့ ဖြင့် အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင် ဆုများရရှိခဲ့သည်။

သူမ သည် အလှုအတန်း များ တွင် ရက်ရော သူ တစ်ယောက် ဖြစ်ပြီး ဘုရား၊ကျောင်း၊ရဟန်း ဒါယကာမကြီး တစ်
ယောက် ဖြစ်ပြီး မရှိ ဆင်းရဲ သား များ ကို လည်း လှုဒါန်း သူ ဖြစ်သည်။

ယခု ဖြစ်ရပ် နှင့် ပတ်သက် ၍ မင်းသမီး ထက်ထက်မိုးဦး ဘက်က စာနာ သူ များ လည်းရှိသည်။ သူမ၏ ပရိတ်သတ်
ကမူ သူမ၏ ဖေ့ဘွန် ဖန်ကလပ် တွင် အားပေး စကားများ အားရေး ထားပြီး သတင်း ထောက် အား မဆင်မခြင် မေး
သည် ဟု သုံးသပ် ထားသည်။

ဆီဒီုနား အရေးအခင်း နှင့် ပတ်သက်ပြီး သတင်းဂျာနယ် များက သတင်းထောက် ဘက်တွင် ရှိပြီး ပေါပ် ဂျာနယ် (အချို့ )
ကမူ ထက်ထက်မိုးဦး ဘက်တွင် ရှိသည် ဟု သိရသည်။

ရေပြတ်လပ်မှု နှင့် ကြုံတွေ့ နေရသည့်  ကျေးရွာ များက မူ သောက်သုံးရေ မှန်မှန် ရရှိပြီး ကာမှ ထိုကိစ္စနှင့် ပတ်သက်၍ မည်သူ
ဘက်တွင် လိုက်ရမည် ကို ဆုံးဖြတ် မည် ဟု Freedom News Group အားပြောသည်။

ရန်ကုန်မြို့ အထက ၁ ဒဂုံ ရှိ ဆရာမ တစ်ဦးက “ထက်ထက်မှန်တယ် အခု လို မှတ် လောက် သားလောက် ဖြစ်အောင် ဆုံးမပေး
ရမယ် သူတို့ တွေ က ငါမီဒီယာပဲ ဆိုပြီး လူစွာလုပ်လွန်း တယ် ထက်ထက်မိုးဦး ကိစ္စ မပြောနဲ့ ပုဂလိက ကျောင်းကိစ္စ ကျွန်မကို အင်
တာလာ ဗျူးတာ တောင် ကောင်းကောင်း ဖြေ မဖြေရင် အကြောင်း သိသွားမယ် ဆိုသည့် ပုံစံမျိုး ဟု ” ဟု ပြောသည်။

Freedom News Group ၏ စစ်တမ်းများ အရ သရုပ်ဆောင် ထက်ထက်မိုးဦး၏ ပရိသတ် က မူ သူမဘက်တွင် တစ်လုံးတစ်စည်းတည်း
ရှိသည်။ ထိုကိစ္စ နှင့် ပတ်သက်၍ ၀ါရင့် သရုပ်ဆောင်များ နှင့် ၀ါရင့် ဂျာနယ် လစ် အချို့ က ကြားဝင် ဖြန်ဖြေပေး ရန် ဆန္ဒရှိသည် ဟု သိရသည်။

Freedom News Group အနေဖြင့် လည်း ထိုကိစ္စ မှာ နှစ်ဘက် စလုံး မှ တမင် ရည်ရွယ်ထား
ရိုးမရှိ ဘဲ ရာသီဥတု အပူရှိန် ကြောင့်စိတ်ခံစား မှု များ ထိလွယ်ဆတ်လွယ် ဖြစ်ကာ စကားနောက် တရားပါ ကြခြင်းသာ
ဖြစ်သည်။ပြဿနာ အရင်း ခံမှာ လည်းဖြေရှင်း လို့ မရသည့် ပြဿနာ မဟုတ်ဘဲ နှစ်ဘက် တွေ့ ဆုံ၍ သဘောထားကြီးကြီး
ဖြင့် တောင်းပန် သင့် သူကာ တောင်း ပန်ကာ ကြေအေး လျှင်ရမည့် ကိစ္စ ဖြစ်သည် ဟု ယူဆသည်။

နှစ်ဖက် တွေ့ ဆုံညှို နှိုင်း ၍ အဖြေရှာခြင်းဖြစ် ထပ်မံ ပေါ်ပေါက် လာမည့် ပဋိက္ခ အကျိုးဆက်များ ကို ရှောင် လွှဲနိုင်မည် ဖြစ်သည်။

Freedom News Group မှ တဆင့်ကူးယူဖော်ပြပါသည်။

ရွှေလမ်းငွေလမ်းဝင်းကြည်
၂၈-၅-၂၀၁၀
 

လမ်းပြကြယ် ဦးအေးမြင့်ရဲ့ သဘောထား - ထက်ထက်မိုးဦးနဲ့ စာနယ်ဇင်းကြားက စစ်အစိုးရ စာပေစိစစ်ရေး - ဘယ်လိုလုပ် ရင်ကြားစေ့မှာလဲ …



လမ်းပြကြယ် ဦးအေးမြင့်ရဲ့ သဘောထား - ထက်ထက်မိုးဦးနဲ့ စာနယ်ဇင်းကြားက စစ်အစိုးရ စာပေစိစစ်ရေး - ဘယ်လိုလုပ် ရင်ကြားစေ့မှာလဲ …
မိုးမခ
မေ ၂၅၊ ၂၀၁၀
ဦးအေးမြင့် (လမ်းပြကြယ်)နဲ့ တွေ့တဲ့အခါ လက်ရှိ ရေငတ်နေတဲ့ပြည်သူတွေကြားထဲမှာ ထက်ထက်မိုးဦး သတင်းကလည်း ‘ရေ’ ပန်းစားလှတဲ့အကြောင်းကို ပြောဖြစ်ပါသေးတယ်။
ဦးအေးမြင့်ကတော့ လူထုကြားထဲမှာ နေသူမို့ အနယ်နယ်က ပြည်သူတွေကြားမှာ မင်းသမီး သတင်းကြီးနေတာကို ပြောဆိုနေကြတယ်လို့ ပြောပါတယ်။ အဲဒါနဲ့ပဲ အဲသည်ကိစ္စကို ပြည်သူတွေဖက်က အမြင်၊ စာနယ်ဇင်းလုပ်ငန်းအပေါ် အရေးယူမှုအပေါ် အမြင်၊ ပြီးတော့ စစ်အစိုးရရဲ့ ဆင်ဆာဖြတ်တောက်မှု မဏ္ဍိုင် - စာပေစိစစ်ရေးရဲ့ ၀င်ရောက် စွက်ဖက်မှုတွေနဲ့ ပတ်သက်ပြီး မေးဖြစ်ပါတယ်။
“သရုပ်ဆောင် အနုပညာသမားတွေ အပါအ၀င် စာပေသမားတွေဟာ တိုင်းပြည်ရဲ့ အဓိက ပြယုဒ်တွေ ဖြစ်ပါတယ်။ တနည်းပြောရရင် တိုင်းပြည် တခုကို တည့်မတ်အောင် ဖြောင့်ပေးရမယ့် တာဝန် အလိုလို ရှိသူတွေ ဖြစ်ပါတယ်။ အသိုင်းအ၀ိုင်းတခုတည်းမှာ နေကြတဲ့ ညီအကို မောင်နှမတွေ ဖြစ်ပါတယ်။
နောက်တခုကတော့ ပြည်သူတွေ - ပရိသတ်တွေက စိတ်ဝင်စားတဲ့ မေးခွန်းတွေကိုပဲ စာနယ်ဇင်းသမားတွေက ကိုယ်စားပြုပြီး မေးကြတာ ဖြစ်ပါတယ်။ လူထုကြားထဲက လူပြောများတဲ့ မေးခွန်းကို သတင်းထောက်က မေးရတာ ဖြစ်သလို၊ မဖြေချင်ရင် မဖြေရုံသာ ရှိပါတယ်။ အခုလိုမျိုး ကာယကံမြောက် ကိုယ်ထိလက်ရောက် တုန့်ပြန်တဲ့အပြင် ကိုယ့်အနုပညာအသိုင်းအ၀ိုင်းအချင်းချင်းက သူတဦးကို ၀စီကံနဲ့ နှစ်ပြား တပဲလစာလောက်နဲ့လို့ ပြောလိုက်တာကျတော့ စာနယ်ဇင်းသမားတွေ၊ အနုပညာသမားတွေကိုပါ ပုတ်ခတ်သလို ဖြစ်သွားပြီ။ စာပေနဲ့ အနုပညာသမားတွေဟာ ငွေကြေးနဲ့ တိုင်းတာပြီး လုပ်နေကြသူချည်း မဟုတ်ပါဘူး။ အဲသည်လို ဆိုလိုက်တော့ အဲသည်ရဲ့ နောက်မှာ ဆင်းရဲ ချမ်းသာ အဆင့်အတန်းစုံပါဝင်တဲ့ ပရိသတ်ကိုပါ စော်ကားသလို ဖြစ်သွားပြီလို့ ပြောချင်ပါတယ်။”
အဲသည်မှာ ဦးအေးမြင့်က စစ်အစိုးရရဲ့ ဖိနှိပ်ချုပ်ချယ်မှု မဏ္ဍိုင်ကြီးဖြစ်တဲ့ စာပေစိစစ်ရေးက ၀င်ရောက်စွက်ဖက်တာကို ဆက်လက် ဝေဖန်ပါတယ်။
“အခုကိစ္စကို စာပေစိစစ်ရေးက ကြားဝင်ပြီး စွက်ဖက်လိုက်ပုံက သာမန်ရုပ်ရှင်မင်းသမီးဖက်ကနေ စစ်အာဏာပိုင်တွေက အာဏာတွေ ပါဝါတွေ သုံးပြီး အကာအကွယ် ၀င်ပေးလိုက်သလို ဖြစ်သွားပါတယ်။ နိုင်ငံတော် အာဏာကို ဆုပ်ကိုင်ထားသူတွေက အခုလို ဘာမဟုတ်တဲ့ ကိစ္စလေးကိုတောင် (သာမန်မင်းသမီးနဲ့ စာနယ်ဇင်းသမားတို့ ပဋိပက္ခ) အာဏာသုံးတယ် ဆိုတာက စစ်အာဏာပိုင်တွေရဲ့ ဂုဏ်သိက္ခာကို ထက်ထက်မိုးဦးပေတံနဲ့ တိုင်းကြရမှလား လို့ မေးခွန်းထုတ်စရာ ဖြစ်သွားပါတယ်။
အလွန်ကြီးကျယ်ပြီး အရေးကြီးတဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးတို့၊ ရင်ကြားစေ့ရေးတို့ စတဲ့ မြန်မာပြည်ဒီမိုကရေစီအရေးကိစ္စတွေကို ဆောင်ရွက်နေပါတယ် ဆိုတဲ့ နအဖ အစိုးရကြီးတရပ်အတွက် တမျှော်တခေါ်စဉ်းစားတတ်မယ်ဆိုရင် သည်လိုမျိုး သာမန်ရုပ်ရှင်မင်းသမီးဖက်ကို လိုက်ပြီးတော့ ကိုယ်ရံတော်တပ်မှုးလေး လုပ်ချင်တဲ့ အပြုအမူကလေးက ရှက်တတ်မယ်ဆိုရင် ရှက်စရာကောင်းတဲ့ အဖြစ်ပါပဲ လို့ ပြောချင်ပါတယ်။”

မိုးမခမှ တဆင့်ကူးယူဖော်ပြပါသည်။

ရွှေလမ်းငွေလမ်းဝင်းကြည်
၂၇-၅-၂၀၁၀
 

ထက်ထက်မိုးဦး သတင်းကို ၀န်ကြီး ပိတ်ပင်

ထက်ထက်မိုးဦး သတင်းကို ၀န်ကြီး ပိတ်ပင်

NEJ / ၂၆ မေ ၂၀၁၀

ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်း၏ တိုက်ရိုက်ညွှန်ကြားချက်ကြောင့် ထက်ထက်မိုးဦး သတင်းကို ပိတ်ပင်ရခြင်းဖြစ်ကြောင်း စာပေစိစစ်ရေးနှင့် မှတ်ပုံတင်ဌာနမှ စာစစ်မှူးတဦးက ပြောသည်။

၎င်းက “ထက်ထက်မိုးဦး သတင်းတက်လာတော့ ကျမတို့က ခြစ်ပြီး ပယ်ရန် တင်လိုက်တာပဲ။ စာပေစိစစ် ညွှန်မှူး ဗိုလ်မှူးတင့်ဆွေဆီ ရောက်တော့မှ တစောင်ကို ခွင့်ပြုပေးလိုက်တယ်။ နောက် အချိန်နည်းနည်းကြာပြီးမှ ဗိုလ်မှူးဆီ ဖုန်းဝင်လာတယ်လို့ သိရတယ်။ ဝန်ကြီးက ခွင့်မပြုဘူး ဆိုတာနဲ့ ကျမတို့က ဂျာနယ်တိုက်ကို ဖုန်းဆက်အကြောင်းကြားပြီး ခွင့်မပြုကြောင်း ပြန်ပြောရတယ်” ဟု ပြောသည်။

အဆိုပါသတင်းမှာ ပြီးခဲ့သည့် မေ (၁၉) ရက်ည၌ ဆီဒိုးနားဟိုတယ် ကုန်ပစ္စည်းအရောင်းမြင့်တင်ပွဲတခုတွင် အင်တာဗျူးလုပ်သူ ဆဲဗင်းဒေးသတင်းထောက် မအေးသူစံကို ရုပ်ရှင်မင်းသမီး ထက်ထက်မိုးဦးက ကိုယ်ထိလက်ရောက်ပြုမူခဲ့သည့် ဖြစ်ရပ်အတွက် ရန်ကင်းမြို့နယ် တရားရုံးတွင် တရားစွဲရန် ဦးတိုက်လျှောက်ထားသည့် သတင်းဖြစ်သည်။

ထိုသတင်းကို စနေနေ့ထုတ် The Voice ဂျာနယ်နှင့် The First ဂျာနယ် မျက်နှာဖုံးတို့တွင် ဖော်ပြခဲ့ပြီး ယခုကဲ့သို့ ဖော်ပြခဲ့သည့်အတွက် စာပေစိစစ်ရေးက ဂျာနယ်နှစ်စောင်ကို ထုတ်ဝေခွင့် ယာယီရပ်ဆိုင်းခဲ့သည်။

အဆိုပါကိစ္စကို စာပေစိစစ် ကြော်ငြာသင်ပုန်းတွင် ၁၉၆၂ ပုံနှိပ်သူများနှင့် ထုတ်ဝေသူများ မှတ်ပုံတင် ဥပဒေ၊ နည်းဥပဒေပါ ညွှန်ကြားချက် (၃၅) နှင့် (၃၇) ကို လိုက်နာမှုမရှိဘဲ အကြိမ်ကြိမ် ဖောက်ဖျက်ကျူးလွန်မှုများအရ မေလ (၂၂) ရက်မှစ၍ ယာယီ ရပ်ဆိုင်းသည်ဟု ဖော်ပြထားကြောင်း၊ ထက်ထက်မိုးဦး သတင်းကိစ္စကို တိုက်ရိုက် ရည်ညွှန်းခြင်းမရှိကြောင်း ပြည်တွင်း ဂျာနယ်အယ်ဒီတာတဦးက ပြောသည်။

၎င်းက “အခုကိစ္စကို ကြည့်ရင် မြန်မာနိုင်ငံတွင်းမှာ ထုတ်ဝေနေတဲ့ ပုဂ္ဂလိက ဂျာနယ်၊ မဂ္ဂဇင်းတွေဟာ အနုပညာရှင်တွေရဲ့ သတင်းကိုတောင် လွတ်လွတ်လပ်လပ် တင်ပြနိုင်မှု မရှိတာကို တွေ့ရမှာဖြစ်တယ်။ အခြား စီးပွားရေး၊ လူမှုရေး နိုင်ငံရေး သတင်းတွေဆို အခုထက် ပိုဆိုးတယ်။ စာနယ်ဇင်း လွတ်လပ်ခွင့် လုံးဝ မရှိတာကို ပြတဲ့ သက်သေတခု ဖြစ်တယ်” ဟု ပြောသည်။

အခြား ဂျာနယ်အယ်ဒီတာ တဦးကလည်း ၎င်းတို့ ဂျာနယ်အပါအဝင် ဂျာနယ်အားလုံးကို စာပေစိစစ်ရေးက ထက်ထက်မိုးဦးသတင်းကို ရုံးသို့ လုံးဝ တင်ပြခြင်းမပြုရန် တယ်လီဖုန်းဆက် အကြောင်းကြားကြောင်း၊ ယခုကဲ့သို့ ပြုလုပ်ခြင်းသည် တင်ပြသမျှကို ပိတ်ပင်တားမြစ်ခြင်းထက် ပိုဆိုးကြောင်း ပြောသည်။

၎င်းက “နောင်တချိန်ကျရင် မှတ်တမ်းတွေကို ပြန်ပြပြီး အဲဒီအချိန်က ထက်ထက်မိုးဦး သတင်းကို ဘယ်ဂျာနယ်ကမှ တင်ပြထားတာ မရှိဘူးဆိုပြီး လိမ်လည်ဖို့အထိ လုပ်လာတာမျိုး ဖြစ်တယ်” ဟု ရှင်းပြသည်။

ရန်ကုန်မြို့မှ ဝါရင့်သတင်းစာဆရာကြီး တဦးက စစ်အစိုးရသည် ၎င်းတို့ အာဏာတည်မြဲရေး၊ ဝါဒဖြန့်ချိရေးကိစ္စတို့တွင် အနုပညာသည်များကို ကောင်းကောင်း အသုံးချနေကြောင်း၊ ထိုသို့ အသုံးချနိုင်ရန် အနုပညာသည်များက မလိုလားသည့် သတင်းဖော်ပြမှုများကို တားမြစ်ပိတ်ပင်ပေးနေခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် အနုပညာသည်များ၏ သတင်းကို လွတ်လွတ်လပ်လပ် ဖော်ပြခွင့်မရသည်မှာ ကြာပြီဖြစ်ကြောင်း ပြောသည်။

အဆိုပါ သတင်းဂျာနယ်နှစ်စောင်ကို ထုတ်ဝေခွင့် ယာယီ ရပ်ဆိုင်းထားသော်လည်း ပိုင်ရှင်များအနေဖြင့် ဝန်ကြီး သို့မဟုတ် စာပေစိစစ်ညွှန်မှူးကို တိုက်ရိုက်တွေ့ဆုံ ညှိနှိုင်းပြီး အဆင်ပြေပါက မကြာမီ ပြန်လည် ထုတ်ဝေခွင့်ရနိုင်မည်ဖြစ်ကြောင်း ပြည်တွင်းသတင်း အယ်ဒီတာများက ဝေဖန်သုံးသပ်နေကြသည်။

ခေတ်ပြိုင်ဂျာနယ်မှကူးယူဖော်ပြ၏။

ရွှေလမ်းငွေလမ်းဝင်းကြည်
၂၇-၅-၂၀၁၀
 

ထက်ထက်မိုးဦး သတင်း ဖေါ်ပြသည့် ဂျာနယ်များအား စိစစ်ရေးမှ အရေးယူမည့် သတင်းထွက်ပေါ်




ထက်ထက်မိုးဦး သတင်း ဖေါ်ပြသည့် ဂျာနယ်များအား စိစစ်ရေးမှ အရေးယူမည့် သတင်းထွက်ပေါ်
မိုးမခ အထောက်တော်၊ ရန်ကုန်
မေ ၂၂၊ ၂၀၁၀
ထင်ရှားသည့် ရုပ်ရှင်သရုပ်ဆောင်နှင့် ကြော်ငြာ မင်းသမီး ထက်ထက်မိုးဦးက 7Day ဂျာနယ်မှ မိန်းကလေး သတင်းထောက် တစ်ဦးအား ကိုယ်ထိလက်ရောက် ကျူးလွန်သဖြင့် တရားစွဲသည့် သတင်းကို ယနေ့ထုတ် The Voice သတင်းဂျာနယ် နှင့် First ဂျာနယ်တို့တွင် ဖော်ပြထားသည်ကို တွေ့ရသည်။
အဆိုပါ သတင်းကို ပြည်တွင်းထုတ်ဂျာနယ်များတွင် ဖေါ်ပြရန် စာပေစိစစ်ရေးသို့ တင်ပြခဲ့ကြသော်လည်း မည်သည့် ဂျာနယ်ကိုမျှ စိစစ်ရေးက ဖော်ပြခွင့် မပေးခဲ့ဟု သိရှိရသည်။ အဆိုပါ သတင်းသည် ထက်ထက်မိုးဦး နှင့် ပတ်သက်သည့်အတွက် လူထုအများ စိတ်ဝင်စားသည့် အပြင် ပြည်တွင်း ဂျာနယ်လောကမှ သတင်းထောက်များအားလည်း စော်ကားသည့် အသုံးအနှုန်းဖြစ်၍ ဂျာနယ်များမှ ဖော်ပြလိုကြသော်လည်း စာပေစိစစ်ရေးက တားမြစ်ခဲ့သည်။
ယခုကဲ့သို့ ထက်ထက်မိုးဦးအား တရားစွဲသည့် သတင်း ဖေါ်ပြသည့် ဂျာနယ်နှစ်စောင်ကို တစ်ပတ် နားရမည် ဆိုသည့် သတင်း ထွက်ပေါ် နေသော်လည်း ယနေ့ညနေပိုင်းထိ သက်ဆိုင်ရာ တိုက်ကို တရားဝင်အကြောင်းကြားခြင်း မရှိသေးဟု သိရသည်။
စာပေကင်ပေတိုင်ဟု တင်စားခေါ်ဝေါ်ကြသည့် စာပေစိစစ်ရေးသည် အစိုးရ၏ ပေါ်လစီ၊ နအဖ ခေါင်းဆောင်များ၊ အဖွဲ့ အစည်းများကို ထိခိုက်စေမည့် အရေးအသားများကို တားမြစ်ပိတ်ပင်သည့် ယန္တရား တစ်ခု ဖြစ်ရုံသာမက ယခုလို အနုပညာသည်များ၊ စီးပွားရေး လုပ်ငန်းရှင်များ ဖြစ်ပျက်သည့် ကိစ္စရပ်များတွင်လည်း အဖြစ်အပျက်ကို သတင်း စာမျက်နှာပေါ် တက်မလာစေရန် တားမြစ်ခွင့်ရှိသည့် အဖွဲ့အစည်းလည်း ဖြစ်နေသည်။ ထိုသို့သော ကိစ္စများတွင် ငွေကြေး လာဘ်လာဘ ယူပြီးတားမြစ်ပေးခြင်းမျိုး၊ သို့မဟုတ် နအဖ အစိုးရထဲမှ အာဏာရှိသူ တဦးဦး၏ အကူအညီယူပြီး တဦးချင်း အကျိုးစီးပွားကို ကာကွယ်ပေးခြင်းမျိုး ဖြစ်သည်ဟု စာပေ အသိုင်းအ၀ိုင်းက ပြောဆိုကြသည်။
ပြီးခဲ့သည့် လပိုင်းအတွင်းက သရုပ်ဆောင် ပြေတီဦး၏ မွေးနေ့ပွဲတွင် သတင်းထောက် အချို့ ၀င်ခွင့်မရခြင်းနှင့် ပတ်သက်ပြီး ပြေတီဦးနှင့် သတင်းထောက်များအကြား အဖုအထစ် ဖြစ်ခဲ့ပြီး ထိုအဖြစ်ကို ရေးသားဖော်ပြခွင့် မရစေရန် ပြေတီဦးက စာပေစိစစ်ရေးကို လာဘ်ပေးပြီး တားမြစ်ခိုင်းခဲ့ကြောင်း ထိုအဖြစ်ကို ကြုံခဲ့ရသည့် သတင်းထောက်များက ပြောဆိုသည်။
ယခုအဖြစ်အပျက်သည် ပြည်တွင်းသတင်းဂျာနယ်များ အနေဖြင့် ကိုယ်ထိလက်ရောက် စော်ကားခံရသော သတင်းထောက်၏ အဖြစ်အပျက်ကို စာဖတ်သူ တင်ပြလိုခြင်းနှင့် ထင်ရှားသည့် သရုပ်ဆောင် ထက်ထက်မိုးဦးနှင့် ပတ်သက်သည့် ကိစ္စဖြစ်သဖြင့် စာဖတ်ပရိသတ် စိတ်ဝင်စားသည့် သတင်းဖြစ်သောကြောင့် ရေးသား ဖော်ပြလိုကြခြင်း ဖြစ်သည်။
ပြည်တွင်း သတင်းထောက်တဦးက``အခုသတင်းဖေါ်ပြထားတာက သတင်းထောက်အနေနဲ့ တရားစွဲဖို့ လျှောက်ထားတဲ့အကြောင်း အဖြစ်အပျက်ညက အမေးအဖြေတွေကို ရေးသားဖေါ်ပြထားတာပဲ ရှိတယ်။ ထက်ထက်မိုးဦးကို ပုတ်ခတ်ရေးသား ထားတာလည်းမဟုတ်သလို အစိုးရနဲ့လည်း ဘာမှ မသက်ဆိုင်ဘူး။ ဒီလို အဖြစ်အပျက်တွေမှာတောင် စိစစ်ရေးက လိုက်ဝင်စွက်ဖက်နေရင် မြန်မာနိုင်ငံရဲ့ မီဒီယာဟာ ဘယ်တော့မှ စိစစ်ရေး လောင်းရိပ်အောက်က ထွက်ရမှာ မဟုတ်တော့ဘူး။ သူတို့ဖြစ်စေချင်တဲ့ပုံစံ ရေးစေချင်တဲ့ ပုံစံပဲရေးရမယ်။ ပုဂ္ဂလိက မီဒီယာအနေနဲ့ ကိုယ့်ရဲ့ တာဝန်၊ ကျင့်ဝတ်၊ နိုင်ငံမှာ ပြဋ္ဌာန်းထားတဲ့ ဥပဒေနဲ့ လိုက်လျော ညီထွေဖြစ်အောင် ရေးသား လုပ်ဆောင်နိုင်အောင် မဆိုင်တဲ့ ကိစ္စတွေမှာ စိစစ်ရေးက ၀င်မစွက်ဖက်သင့်ဘူးလို့ ထင်ပါတယ်´´ဟုပြောသည်။
မြန်မာနိုင်ငံတွင် မည်သည့်ဂျာနယ် မဂ္ဂဇင်းမဆို ထုတ်ဝေခြင်းမပြုမီ စာပေစိစစ်ရေးသို့ စာသား၊ ရုပ်ပုံ၊ မည်သည့် စာမျက်နှာတွင် ဖော်ပြမည် ဆိုသည် အထိ တင်ပြကြရပြီး အပတ်စဉ်ထုတ် ဂျာနယ်ဆိုပါက ၂ရက်မှ ၃ရက်၊ လစဉ်ထုတ် မဂ္ဂဇင်းဆိုပါက တစ်ပတ်ဝန်းကျင် ကြာမြင့်လေ့ ရှိပြီး ခွင့်မပြုသည့် ရုပ်ပုံစာသား တို့ကို ပုံမနှိပ်မီ ဖြတ်တောက် ဖယ်ရှားပေးရသည်။
ပုဂ္ဂလိက မီဒီယာများဖြစ်သည့် အပတ်စဉ်ထုတ်နှင့် လစဉ်ထုတ် ဂျာနယ် မဂ္ဂဇင်း အမျိုးအစား နှစ်ရာကျော် သုံးရာနီးပါး ခွင့်ပြုထားသော်လည်း ထိုသို့စိစစ်ရေး၏ ဖြတ်တောက် ဖယ်ရှားရန် အမိန့်ပေးနေခြင်းကြောင့် သတင်း မလတ်ဆတ်ခြင်း၊ သတင်းဆောင်းပါး၊ ၀တ္တု၊ကဗျာတို့ ပုံပျက်ခြင်း၊ ရည်ရွယ်ချက် လွဲချော်သွားခြင်း အစဉ်ဖြစ်ပေါ်လျက်ရှိသည်ဟု အယ်ဒီတာ၊ သတင်းထောက်နှင့် စာရေးဆရာများက ပြောဆိုကြသည်။
(ဓာတ်ပုံ - ထက်ထက်မိုးဦးသတင်းဖော်ပြထားသည့် - the first Journal စာမျက်နှာ)

မိုးမခ မှကူးယူဖော်ပြပါသည်။

ရွှေလမ်းငွေလမ်းဝင်းကြည်
၂၀၁၀ ခု၊မေလ(၂၄)ရက်ည(၁၁)နာရီတင်၏
 

"မဖြစ်မနေမို့လို့ တုံ့ပြန်လိုက်ရတယ်




Comments (59)
"မဖြစ်မနေမို့လို့ တုံ့ပြန်လိုက်ရတယ်"
ဧရာဝတီ Saturday, May 22, 2010
E-mail Print
နာမည်ကျော် ရုပ်ရှင်သရုပ်ဆောင် ထက်ထက်မိုးဦးက စာနယ်ဇင်းသမားတဦးကို ဆံပင်ဆွဲပြီး လည်ပင်း ညှစ်ခဲ့သဖြင့် တရားစွဲခံနေရသည် ဟူသော သတင်းမှာ ယခု ရက်ပိုင်းအတွင်း အများ စိတ်ဝင်စားကြသည့် သတင်းဖြစ်သည်။

ထက်ထက်မိုးဦးသည် ယမန်နှစ်က ဗီဒီယို သရုပ်ဆောင် ဇူးမြတ်ထက်နှင့် လက်ထပ်ခဲ့ပြီး ၂၀၀၉ ခုနှစ် စက်တင်ဘာလတွင် သားတဦး ဖွားမြင်ခဲ့သည်။ သို့သော်လည်း ထိုသားငယ်မှာ မီးတွင်းမှာပင် သေဆုံးခဲ့သည်။

ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့တွင် ရန်ကုန်မြို့အခြေစိုက် 7Day ဂျာနယ်မှ စာနယ်ဇင်းသမားတဦးက ထိုအကြောင်းအရာများကို မေးမြန်းရာ အကယ်ဒမီ ထက်ထက်မိုးဦးက ဒေါသထွက်ပြီး စာနယ်ဇင်းသမားကို ကိုယ်ထိ လက်ရောက် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

ဧရာဝတီ သတင်းထောက် မင်းနိုင်သူက ထက်ထက်မိုးဦးကို ယနေ့ ဆက်သွယ်ပြီး ပဋိပက္ခဖြစ်ခဲ့ပုံအား မေးမြန်းထားပါသည်။

htet_htet_moe_oo
မေး။ ။ မထက်နဲ့ သတင်းထောက် တယောက်နဲ့ ဆီဒိုးနား ဟိုတယ်မှာ ပဋိပက္ခ ဖြစ်သွားတဲ့ ကိစ္စဟာ ပြည်တွင်း သတင်း လောကမှာ တော်တော်လေး ပျံ့နှံ့နေတယ်လေ။ အဲဒီအချိန်မှာ မထက်ရဲ့စိတ်ခံစားမှုက ဘယ်လိုများ ရှိနေခဲ့တာလဲဗျ။

ဖြေ။ ။ အနုပညာသမားနဲ့ စာနယ်ဇင်းသမား ဆိုတာ ဖေးမ လက်တွဲလို့ အတူတူ လျှောက်ရတာပဲလေ။ မဖြစ်ခင်မှာ သူတို့ တင်ပေး၊ ဖြစ်လာတဲ့အခါမှာလည်း တယောက်နဲ့ တယောက် ကြည်ကြည်ဖြူဖြူနဲ့ သူတို့ လိုအပ်တဲ့ပုံတွေ ရိုက်ပေးခဲ့ကြတာပဲလေ။ ထက်ထက် ကိုယ်ဝန် ၅ လ ခွဲမှာပေါ့ ELEVEN ဂျာနယ်က အင်တာဗျူး လှမ်းလုပ်တဲ့ အခါမှာ ထက်ထက် နေမကောင်းသေးလို့ ခဏလေး စောင့်ပါဦး ဆိုတာကို စိတ်ဆိုးသွားပြီးတော့ ရေးလိုက်တယ်ပေါ့နော်။ ရေးလိုက်တာက မြန်မာပြည်မှာ အိမ်ထောင်ဆက် များတဲ့ မင်းသမီး ဆိုပြီး ရေးလိုက်တဲ့ အခါမှာ ထက်ထက် စာပေ စိစစ်ရေးကို စာ သွားတင်လိုက်တယ်လေ။ ဒီ ကိုယ်ရေးကိုယ်တာ ကိစ္စနဲ့ ပတ်သက်ပြီး မထည့်စေချင်ဘူးလို့ တင်လိုက်တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ထက်ထက်ရဲ့ကိုယ်ရေးကိုယ်တာ ပြီးခဲ့တာတွေက ပရိသတ်က သိလည်း သိကြပါတယ်။ တတိုင်းပြည်လုံးက ထက်ထက် ဘယ်လို အနေအထားမှာ ရှိလဲ ဆိုတာကို။ ဒါတွေက လိမ်ညာလို့ ရတာတွေလည်း မဟုတ်ဘူး။ ထက်ထက် ကိုယ်တိုင်လည်း ပရိသတ်ကို လိမ်ညာပြီး ဘာမှ မလုပ်ခဲ့ဖူးဘူးလေ။

အဲဒီတော့ ELEVEN သတင်းနဲ့ ပတ်သက်ပြီး စာပေစိစစ်ရေးကို စာ သုံးခါ သွားတင်တယ်။ တင်တော့ စိစစ်ရေးကလူကြီးက ပါပြီးပြီပဲ ဘယ်တတ်နိုင်မလဲ တဲ့။ သူက အဲဒီလို ပြောလိုက်တော့ ကိုယ်လည်း စိတ်အားငယ် စိတ်မကောင်းဖြစ်ရုံပဲ ရှိတာပေါ့လေ။ တော်တော်လေးကို စိတ်မကောင်း ဖြစ်တယ်။ ကိုယ်ဝန်ရှိနေတဲ့ အချိန်မှာ ဆိုတော့ စိတ်ထဲမှာ တမျိုးကြီးပဲ။ ဒီ ကိုယ်ဝန်ကိစ္စနဲ့ ပတ်သက်ပြီး စိတ်ထဲမှာ ခံစားနေရတာ တမျိုး၊ ကိုယ်ရေးကိုယ်တာ ကိစ္စတွေ ခံစားနေရတာ တမျိုးနဲ့ အကြောင်းတွေက အများကြီး စုပြီး စိတ်မကောင်း ဖြစ်နေရတာ။

စာပေစိစစ်ရေးကို စာသုံးခါ တင်ပြီးတဲ့ အချိန်မှာကို နောက်လ IDEA မဂ္ဂဇင်းမှာ ထပ်ပြီး ပါခဲ့တယ်။ အိမ်ထောင်ဆက်တွေက ဘယ်သူ ဘယ်သူတွေပါပေါ့။ သူတို့ နံပါတ်စဉ်တွေနဲ့ တပ်ပြီး ပါလာခဲ့တော့ ထပ်ပြီး စိတ်ထဲမှာ ခံစားရပြန်တယ်ပေါ့။ ခံစားရတယ် ဆိုတာက ထက်ထက် တယောက်တည်း ကိုယ့်အတွက်ကို ခံစားရတာမျိုး မဟုတ်ပါဘူး။ အခုလက်ရှိ ထက်ထက်ဘေးမှာ ထက်ထက်ကို ကြည့်ရှု ပေးနေတဲ့ ထက်ထက်ရဲ့အမျိုးသားနဲ့ ယောက္ခမကို ထက်ထက် မစော်ကားချင်ဘူးလေ။ ပြဿနာတွေ ထပ် မဖြစ်ချင်ဘူး။ သူတို့လည်း လက်ခံနိုင်လို့ ခွင့်လွှတ်နိုင်လို့ အခုချိန်မှာ အေးအေးချမ်းချမ်း လျှောက်လှမ်းနေကြတာလေ။ သိပြီးသား ကိစ္စကို ဘာဖြစ်လို့ ခဏ ခဏ ထပ် လုပ်နေကြမှာလဲ။

အခုကိစ္စမှာလဲ အရင်ဦးဆုံး ထက်ထက်ကို အင်တာဗျူး လုပ်ချင်လို့ပါ ဆိုတော့ အင်း ... လုပ်ချင်ရင် လုပ်ပေးမယ်လေဆိုပြီး 7Day ရဲ့အင်တာဗျူးကို လက်ခံလိုက်တာ။ ဓာတ်ပုံလည်း ရိုက်ပေးမယ် အင်တာဗျူးလေး လုပ်ပေးမယ် ဆိုတဲ့ ဟာကို လက်ခံလိုက်တာ။ ဒါပေမယ့် အဲဒီ ဆီဒိုးနားမှာ ပွဲအကြီးကြီးလုပ်နေတဲ့အချိန်မှာ ဖြစ်သွားတဲ့ကိစ္စ။ ဒါဟာ ဘယ်သူမှားတယ် မှန်တယ်ဆိုတာ နားထောင်တဲ့သူတိုင်း၊ သိတဲ့သူတိုင်းက ဘယ်သူမှားတယ် မှန်တယ်ဆိုတာ ရှင်းမှာပါ။ ကိုယ်မှန်တယ်လို့လည်း မပြောချင်ဘူး။ ကျမကို ဒီလိုလုပ်လို့ ကျမက ဒီလိုလုပ်တာလို့လဲ မပြောချင်ဘူး။

အဲဒီပွဲမှာ ကိုယ်စင်ပေါ်တက်ပြီးပြောရမယ့် စကားတွေ ခေါင်းထဲမှာ စဉ်းစားနေတဲ့အချိန်မှာ VIP လို့ ရေးထားတဲ့ ၀ိုင်းမှာ ဘေးမှာ (သရုပ်ဆောင်) မယ်လိုဒီ လည်း ရှိတယ်။ နောက် မယ်လိုဒီက ဓာတ်ပုံ ရိုက်စရာ ရှိလို့ ဆိုပြီး ထပြန်သွားတဲ့ အချိန်မှာ သူက ၀င်လာပြီး ကျန်းမာရေး ကိစ္စက စမေးတယ်။ အခု ကောင်းသွားပြီလို့ ထက်ထက်ဖြေတယ်။ နောက်ဆက်မေးတာက မိခင်တယောက်အနေနဲ့ သားသမီး ဆုံးသွားတော့ ဘယ်လို ခံစားရလဲ တဲ့။ ဒီမေးခွန်း မေးသင့်လား မမေးသင့်လား ဆိုတာ မေးတဲ့သူရော မေးခိုင်းတဲ့သူရော စဉ်းစားရမယ်လေ။

မေး။ ။ စင်ပေါ်တက်ပြီး စကားပြောရမယ့် အချိန်ဆိုတော့ အဲဒါမှာက ဘာပွဲ ကျင်းပနေလို့လဲ။

ဖြေ။ ။ ကုန်စည် မိတ်ဆက်ပွဲပါ။

မေး။ ။ စကားပြောရမယ် ဆိုတာက ကုန်စည်မိတ်ဆက်စကားမျိုးလား။

ဖြေ။ ။ ဟုတ်ကဲ့။ ဒီပစ္စည်းတွေကို မင်းသမီးတယောက် အနေနဲ့ ဘယ်လို သုံးခဲ့လဲ ဆိုတာကို ရှင်းပြရမှာပါ။ ဒီပွဲ လုပ်တာကလည်း ထက်ထက်ကို အဓိက ထားပြီးတော့ လုပ်တာလိုမျိုး ဖြစ်နေတယ်လေ။ ဒါကြောင့် ပြောရမယ့် စကားတွေကို သေချာ စဉ်းစားနေရတဲ့ အချိန်ပါ။

မေး။ ။ အခု သတင်းထောက်ဘက်က ရန်ကင်း တရားရုံးမှာ အမှုဖွင့်ထားပြီလို့ ကြားနေရတယ်။ မထက်ဘက်ကရော ဘယ်လို ပြင်ဆင်ထားပြီလဲ။

ဖြေ။ ။ ဘာမှ မပြင်ဘူးရှင့်။

မေး။ ။ တရား ရင်ဆိုင်ဖို့ကို ပြောတာပါ။

ဖြေ။ ။ တရား ရင်ဆိုင်မယ် လို့လည်း မဟုတ်ဘူး။ ရင်မဆိုင်ဘူးလည်း မဟုတ်ဘူး။ ထက်ထက် စိတ်ထဲမှာ ဘာမှ မရှိဘူး။

မေး။ ။ ရန်ကင်း တရားရုံးကရော မထက်ကို အကြောင်းကြားတာ ရှိပြီလား။

ဖြေ။ ။ မရှိပါဘူး။

မေး။ ။ အခုချိန်ထိ မရှိသေးဘူးပေါ့နော်။

ဖြေ။ ။ ဟုတ်။ မရှိပါဘူး။

မေး။ ။ မထက်ဘက်က အခုဒီကိစ္စနဲ့ ပတ်သက်ပြီး စာပေ စိစစ်ရေးကနေ နောက် စာနယ်ဇင်းတွေကို ဖော်ပြခွင့်မပေးပါနဲ့ဦး ဆိုပြီး ပုဂ္ဂိုလ်ရေးရာ အရ တင်ပြ တောင်းဆိုထားတာ ရှိနေတယ် လို့ ကြားရပါတယ်။ စာပေစိစစ်ရေးက ဘယ်လို အကြောင်း ပြန်ပါသလဲ။

ဖြေ။ ။ တင်ပြထားတယ် ဆိုတာ အရင်တခေါက် ထက်ထက် ကိုယ်ဝန်ရှိနေတုန်းက စာ ၂ ခါ ၃ ခါ သွားတင်လိုက်တာပါ။ ဘာဖြစ်လို့လဲ ဆိုတော့ အနုပညာသမားနဲ့ စာနယ်ဇင်းသမား ဆိုတာ သူတို့လည်း သူတို့အလုပ် လုပ်ကြသလို ပရိသတ် တွေကလည်း မင်းသမီး၊ မင်းသားတွေကို ချစ်ကြတယ်ပေါ့နော်။ ဒီအပေါ်မှာ အားလုံးဟာ ကိုယ့်ဘ၀ကို ကောင်းတာပဲ ဖြစ်ချင်တာပဲ။ ဆိုးတာတော့ ဘယ်ဖြစ်ချင်ပါ့မလဲ။ လူတိုင်း လူတိုင်း ဒီလိုပဲ။ ဒါပေမယ့် သူတို့က မေးတယ် ဆိုတာကလည်း စည်းမျဉ်း စည်းကမ်းလေး ရှိသင့်တာပေါ့။ ပြီးတော့ VIP ၀ိုင်းမှာ သူများအလုပ်လုပ်နေတဲ့အချိန်မှာ ၀င်မေးတယ် ဆိုတာက လာ နှောင့်ယှက်တာနဲ့ အတူတူပဲလေ။

မေး။ ။ အဲဒီပွဲမှာ တွေ့ဆုံဖို့ကို မထက်က ချိန်းဆိုလိုက်တာလို့ ကြားပါတယ်။

ဖြေ။ ။ ဟုတ်တယ်။ အဲဒီမှာ တွေ့ဖို့ ပြောလိုက်တာ။ ဒါပေမယ့် အဲဒီပွဲဝိုင်းထဲမှာ မေးဖို့အတွက် VIP ၀ိုင်းမှာ လာထိုင်ဖို့ အတွက် သူ့ကို မခေါ်ဘူး။

မေး။ ။ အခုပဋိပက္ခကို စာနယ်ဇင်းတွေမှာ မဖော်ပြဖို့ တင်ပြထားတဲ့ အပေါ် စိစစ်ရေးက ဘယ်လို တုံ့ပြန်လဲဗျ။

ဖြေ။ ။ ဘာမှတော့ အကြောင်း မပြန်ဘူး။ ဒါပေမယ့် သတင်းကြားတာ VOICE ဂျာနယ်ကို ခဏ ပိတ်လိုက်တယ်လို့ ကြားတယ်လေ။

မေး။ ။ စိစစ်ရေးကို ဘယ်ရက်ပိုင်းက တင်ပြခဲ့တာလဲဗျ။

ဖြေ။ ။ တင်ပြတာကတော့ ထက်ထက်က အမြဲ လိုလိုကို ပြောထားပါတယ်။ လူကြီးတွေကိုလေ။ မလိုလားအပ်ဘဲနဲ့ကတော့ ကိုယ်ရေး ကိုယ်တာ ကိစ္စတွေ၊ ကိုယ်မှ မဟုတ်ဘူး တခြား မင်းသမီး၊ မင်းသားတွေ အတွက်လည်း မဖော်ပြစေချင်ဘူး။ ထက်ထက် အခုချိန်မှာ ခေါင်းတွေလည်း ခြောက်နေတယ်။ အေးအေး ဆေးဆေးပဲ နေချင်တယ်။ အဲဒီ ပြဿနာတွေလည်း လုပ်ခဲ့တာတော့ လုပ်ခဲ့တာပေါ့။ သူတို့လုပ်လို့ ကိုယ် ဒီလိုမျိုး တုံ့ပြန်မှုက မဖြစ်မနေမို့လို့ တုံ့ပြန်လိုက်ရတယ်။ ဒါပေမယ့် နောက်ဆက်ပြီး ဘာပြဿနာမှ ထက်ထက် မဖြစ်ချင်တော့ဘူး။

မေး။ ။ တကယ်လို့ ရန်ကင်းတရားရုံးက ဆင့်ခေါ်တာမျိုး ရှိလာရင် ဘယ်လို ရင်ဆိုင်မယ်လို့ စီစဉ်ထားလဲ။

ဖြေ။ ။ ဘယ်လို ရင်ဆိုင်မလဲ ဆိုတော့ ကိုယ်က သူများကို မဟုတ်တာ လုပ်ခဲ့တာလည်း မဟုတ်ဘူး။ ကွယ်ရာမှာ ချောင်းရိုက်တာလည်း မဟုတ်ဘူးလေ။ ဒီလိုမျိုး လုပ်လို့ ဒီလိုမျိုး ဖြစ်ရတယ်ဆိုတာ အကြောင်းရှိလို့ အကျိုး ဖြစ်လာတယ် ဆိုတာကို နားထောင်ကြည့်တဲ့ တရားရုံးကလည်း သိမှာပါ။

မေး။ ။ ရှေ့နေတွေ ငှားဖို့ရော ပြင်ထား ပြီးပြီလား။

ဖြေ။ ။ မပြင်ပါဘူး။ ဘာမှ မပြင်ဘူး။

ဧရာဝတီ မှ ကူးယူဖော်ပြသည်။

ရွှေလမ်းငွေလမ်းဝင်းကြည်
၂၀၁၀ ခု၊မေလ(၂၄)ရက်ည(၁၁)နာရီတင်၏
 

သတင်းထောက်နှင့် မင်းသမီးအမှု ဂျာနယ်နှစ်စောင် ပိတ်ခံရ

သတင်းထောက်နှင့် မင်းသမီးအမှု ဂျာနယ်နှစ်စောင် ပိတ်ခံရ
ဖနိဒါ | တနင်္လာနေ့၊ မေလ ၂၄ ရက် ၂၀၁၀ ခုနှစ် ၁၈ နာရီ ၅၄ မိနစ်
အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ချင်းမိုင် (မဇ္ဈိမ)။ ။ ဆဲဗင်းဒေးဂျာနယ်သတင်းထောက်က သရုပ်ဆောင် ထက်ထက်မိုးဦးကို တရားစွဲဆိုသော သတင်းဖော်ပြခဲ့သည့် ဂျာနယ်တိုက်နှစ်ခုကို စာပေစိစစ်ရေးက ထုတ်ဝေခွင့် ယာယီရပ်ဆိုင်းထားသည်။

ပြန်ကြားရေးဝန်ကြီးဌာန လက်အောက်ခံ ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ စာပေမှတ်ပုံတင်ရေးနှင့် စိစစ်ရေးဌာနက The Voice နှင့် The First Music ဂျာနယ်တို့ကို မေလ ၂၂ ရက်နေ့မှစတင်၍ ယာယီရပ်ဆိုင်းထားသည်ဟု ကြေညာချက် ထုတ်ပြန်ထားသည်ဟု ကိုယ်တိုင်ဖတ်ရှုခဲ့ရသူ သတင်းစာဆရာတဦးက ပြောသည်။

ပြီးခဲ့သော စနေနေ့က ဈေးကွက်ကို စတင်ဖြန့်ချိသော The Voice ဂျာနယ် အတွဲ ၆ အမှတ် ၂၈ တွင် ဆဲဗင်းဒေးဂျာနယ်မှ သတင်းထောက် မအေးသူစံက ဒေါ်ထက်ထက်မိုးဦးကို တရားစွဲဆိုကြောင်း သတင်းပါရှိပြီး သတင်းထောက်နှင့် မင်းသမီးတို့ အပြန်အလှန် မေးမြန်းဖြေကြားမှုများကို ဖော်ပြထားသည်။

အလားတူပင် The First Music ဂျာနယ်တွင်လည်း သတင်းထောက် ငိုနေသည့်ပုံနှင့်အတူ ကိုယ်ထိလက်ရောက် ကျူးလွန်မှုဖြင့် စွပ်စွဲထားကြောင်း ရေးသားဖော်ပြခဲ့သည်။

အပတ်စဉ်ထုတ် ဂျာနယ်နှစ်ခုလုံး၏ ထုတ်ဝေခွင့် ရပ်နားထားသည့်ကာလကို သဲကွဲစွာ မသိရသေးသော်လည်း တပတ်ကြာမြင့်မည်ဟု The Voice ဂျာနယ်၏ အမည်မဖော်လိုသူ သတင်းထောက်တဦးက မဇ္ဈိမကို ပြောသည်။

တယ်လီဖုန်းဖြင့် ဆက်သွယ်ရရှိသော စာပေစိစစ်ရေး အရာထမ်းတဦးကတော့ “ထက်ထက်မိုးဦး သတင်းကြောင့် မဟုတ်ပါဘူး။ သူတို့တွေက မဖော်ပြပါနဲ့ဆိုတဲ့ သတင်းတွေကို သတိပေးထားလျက်နဲ့ အကြိမ်ကြိမ် ဖော်ပြလာခဲ့တာပေါ့နော်။ အဲဒီလို စုလာတဲ့ အခါကျတော့ သွားတိုက်ဆိုင်တာ” ဟု မဇ္ဈိမကို ပြောသည်။ သို့သော်လည်း အသေးစိတ်ပြောရန်ကိုတော့ သူမက ငြင်းသည်။

ဖြန့်ချိခြင်းမပြုမီ ပုံနှိပ်ထားသော မျက်နှာဖုံးနှင့် နောက်ကျောစာမျက်နှာ၊ A3 အရွယ် အတွင်းစာမျက်နှာများပါ ဂျာနယ်မူကြမ်းကို စာပေစိစစ်ရေးသို့ တင်ပြပြီး ခွင့်ပြုချက်ယူရသည်။ စိစစ်ရေးဌာန၏ သဘောအတိုင်းသာလျှင်ဖြစ်သော ဖြတ်တောက်၊ ပိတ်ပင်မှုမှာ စာနယ်ဇင်းသမားများအတွက် စိတ်ရှုတ်ထွေးစရာတခုဖြစ်ပြီး ̓စာပေကင်ပေတိုင်̒ ဟု လှောင်ပြောင်ခံရသည်။

‘’တားထားတဲ့ ဓာတ်ပုံ၊ သတင်းကို ထဲ့လိုက်တာဖြစ်ဖြစ်၊ အတွင်းမှာသုံးဖို့ ပြောထားတဲ့ပုံကို မျက်နှာဖုံးတင်ရင်ပဲဖြစ်ဖြစ် သတိပေးခံရတတ်တယ်။ အဲသလို နှစ်ခါ၊ သုံးခါလောက်ဖြစ်ရင် တပတ်နားလိုက်တာ၊ နှစ်ပတ်နားလိုက်တာမျိုးတွေ ရှိတယ်’’ ဟု ဂျာနယ်အယ်ဒီတာတဦးက ပြောသည်။

ကာယကံရှင်က စာပေစိစစ်ရေးသို့ တင်ပြပြီး ပိတ်ပင်ခိုင်းလျှင်လည်း သတင်းမပါအောင် တားမြစ်တတ်ပြန်သည်။ ဒေါ်ထက်ထက်မိုးဦးက စာပေစိစစ်ရေးကို တိုင်တန်းခဲ့သည်ဟူသော စွပ်စွဲချက်ထွက်ပေါ်နေမှုအပေါ် ဖြေကြားရန် သူမက ငြင်းဆန်သည်။

“ကျမ စာ ခဏခဏ တင်ပါတယ်။ အခု ဂျာနယ်တချို့ ပိတ်ခံရတယ် ဆိုတာကလည်း သူတို့ (စာပေစိစစ်ရေးဌာန) စည်းမျဉ်းစည်းကမ်းရှိမှာပေါ့၊ စာတင် မတင်ဘူးဆိုတာ မပြောချင်တော့ဘူး” ဟု ဒေါ်ထက်ထက်မိုးဦးက ပြောသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ပြည်သူအများသိသင့်သည့် သတင်းမျိုးဖြစ်သည့်အတွက် စာပေစိစစ်ရေးကလည်း ဖော်ပြခွင့်ပြုသင့်သည့်ဟု ရန်ကုန်မြို့နေ သတင်းစာဆရာ ဦးရဲနိုင်မိုးက ပြောသည်။

“သတင်းစာဆရာတယောက်ကို လုပ်ငန်းခွင်ထဲမှာ လူတယောက်က ကိုယ်ထိလက်ရောက် တိုက်ခိုက်တာ ဖြစ်တဲ့အတွက် ဒီလိုသတင်းမျိုးကို ပုံနှိပ်ဖော်ပြပြီး လူထုက သိလာရရင် အကောင်းဆုံးပေါ့။ ဒီကိစ္စက လူနှစ်ဦးချင်းဖြစ်တဲ့ ပြဿနာဆိုပေမယ့် တကယ်တမ်းက လူ့အဖွဲ့အစည်းက သတင်းစာဆရာတွေကို ဘယ်လောက်အခန်းကဏ္ဍမှာ အလေးပေးမလဲဆိုတဲ့ ပြဿနာလို့ ကျနော် မြင်တယ်လေ” ဟု သူက ပြောသည်။

အကယ်ဒမီနှစ်ထပ်ကွမ်းဆုရှင်၏ လူသိများသော အိမ်ထောင်ရေးဆိုင်ရာ မေးခွန်းများ မေးမြန်းခဲ့ရာက မအေးသူစံကို ဆံပင်ဆွဲ၊ လည်ပင်းညစ်လုပ်ခံခဲ့ရသည်ဟုဆိုကာ ဒေါ်ထက်ထက်မိုးဦးကို တရားစွဲဆိုထားသည်။

ရန်ကင်းမြို့နယ်တရားရုံး ယနေ့စတင်သော တရားခွင်တွင် တရားလိုနှင့် မျက်မြင်သက်သေတဦးက ထွက်ဆိုခြင်းပြုအပြီး မေလ ၂၇ ရက်နေ့သို့ ရုံးချိန်းပေးလိုက်သည်။

ချင်းမိုင် (မဇ္ဈိမ) မှ တဆင့်ကူးယူပါသည်။

ရွှေလမ်းငွေလမ်း ၀င်းကြည်
မေလ(၂၄)ရက်၊၂၀၁၀ ခု ည(၁၀)နာရီ တင်၏။
 

ထက်ထက်မိုးဦး သတင်းကြောင့် ဂျာနယ် ၂ စောင် အပိတ်ခံရ



ထက်ထက်မိုးဦး သတင်းကြောင့် ဂျာနယ် ၂ စောင် အပိတ်ခံရ
အေးချမ်းမြေ့ Monday, May 24, 2010
E-mail Print
ခွင့်မပြုသည့် သတင်းကို ဖော်ပြသည့် အတွက် ဂျာနယ် ၂ စောင်အား ယာယီပိတ် လိုက်ကြောင်း မြန်မာနိုင်ငံ စာပေစိစစ်နှင့် မှတ်ပုံတင် ဌာနတွင် စာကပ်ထား သည်ဟု သတင်း ရရှိသည်။

The Voice ဂျာနယ်နှင့် First Music ဂျာနယ်တို့ကို စာပေစိစစ်ရေးက ၁၉၆၂ ခုနှစ် အက်ဥပဒေအရ ပိတ်ပင်ခြင်း ဖြစ်သည်ဟု ရေးသားထားပြီး မည်သည့်သတင်းနှင့် ပတ်သက်၍ ပိတ်ပင်သည်ဟု ရေးသားထားခြင်းမရှိကြောင်း စာပေစိစစ်ရေးသို့ ရောက်ရှိ ခဲ့သည့် သတင်းသမား တဦးကပြောသည်။

[ယာယီအပိတ်ခံရသည့် First Music ဂျာနယ် အချပ်ပိုတွင် သရုပ်ဆောင် ထက်ထက်မိုးဦး သတင်း ဖော်ပြထားသည်ကို ဤသို့ တွေ့ရသည် (ဓာတ်ပုံ - မိုးမခ)]

ယာယီအပိတ်ခံရသည့် First Music ဂျာနယ် အချပ်ပိုတွင် သရုပ်ဆောင် ထက်ထက်မိုးဦး သတင်း ဖော်ပြထားသည်ကို ဤသို့ တွေ့ရသည် (ဓာတ်ပုံ - မိုးမခ)

သို့ရာတွင် ရန်ကုန်အခြေစိုက် သတင်းဂျာနယ်တစောင်မှ အယ်ဒီတာ တဦးကမူ သရုပ်ဆောင် ထက်ထက်မိုးဦးနှင့် 7 Day News ဂျာနယ် သတင်းထောက်တို့ ပဋိပက္ခဖြစ်သည့် သတင်းကို ဖော်ပြသည့်အတွက် ယခုကဲ့သို့ ပိတ်ပင်ခံရခြင်း ဖြစ်ကြောင်း ပြောသည်။

“အဲဒီသတင်းကို စိစစ်ရေးက မဖော်ပြနဲ့လို့ ပြောနေတဲ့ကြားက ဖော်ပြလိုက်လို့ ယာယီပိတ်လိုက်တာပါ။ တပတ်တည်းလည်း ဖြစ်နိုင်တယ်။ ဘယ်လောက် ကြာကြာပိတ်မှာလဲ ဆိုတာကတော့ မပြောတတ်ဘူး” ဟုအဆိုပါ အယ်ဒီတာက ပြောသည်။

အဆိုပါ သတင်းကို သရုပ်ဆောင် ထက်ထက်မိုးဦးက ဖော်ပြခွင့်မပြုရန် စာပေစိစစ်ရေးသို့ တင်ပြထားခြင်းဖြစ်ကြောင်း ဧရာဝတီ မဂ္ဂဇင်းနှင့် အင်တာဗျူးတွင် ဖြေကြားထားပြီး ဖြစ်သည်။

“ဘာမှတော့ အကြောင်း မပြန်ဘူး။ ဒါပေမယ့် သတင်းကြားတာ The Voice ဂျာနယ်ကို ခဏ ပိတ်လိုက်တယ်လို့ ကြားတယ်လေ” ဟု ထက်ထက်မိုးဦးက ပြောသည်။

အဆိုပါ ကိစ္စရပ်နှင့် ပတ်သက်၍ စာပေစိစစ်ရေး၏ လုပ်ရပ်အပေါ် အံ့သြမိသည်ဟု ထိုင်းနိုင်ငံ မြန်မာသတင်းသမဂ္ဂ အတွင်းရေးမှူး ဦးစံမိုးဝေက ပြောသည်။

“မင်းသမီးတယောက်က အခုလို ဖိအားပေးရုံနဲ့ မြန်မာနိုင်ငံရဲ့ စာပေစိစစ်ရေးလို ဌာနကြီးက နားထောင်ပြီး အရေးယူပေးတယ် ဆိုတာကတော့ တော်တော် စဉ်းစားရကျပ်တယ်” ဟု သူက ဆိုသည်။

ထက်ထက်မိုးဦး အနေနှင့် ၎င်း၏ ကိုယ်ရေးကိုယ်တာ ကိစ္စများနှင့် ပတ်သက်၍ ဖော်ပြခွင့်မပြုရန် စာပေစိစစ်ရေးသို့ တင်ထားခဲ့ သော်လည်း ယခင်အကြိမ်များက ဂျာနယ်နှင့် မဂ္ဂဇင်းများတွင် ဖော်ပြခွင့်ပေးခဲ့ရာ စိတ်မကောင်းဖြစ်ရသည်ဟု ဧရာဝတီ မဂ္ဂဇင်းနှင့် အင်တာဗျူးတွင် ပြောထားသည်။

ထက်ထက်မိုးဦးနှင့် သတင်းထောက် အေးသူစံတို့ ပဋိပက္ခ ဖြစ်သည့်ကိစ္စရပ်ကို အင်တာနက် စာမျက်နှာများပေါ်တွင် အပြန်အလှန် ဆွေးနွေးငြင်းခုန်မှုများ ရှိနေသည်။ သတင်းစာဆရာကြီး လူထုစိန်ဝင်းနှင့် စာရေးဆရာ သတင်းစာ ဆရာ မောင်ဝံသ တို့ကဲ့သို့သော ဝါရင့် သတင်းစာ ပညာရှင်များကိုယ်တိုင် Weekly Eleven ဂျာနယ်သို့ ပေးသည့် အင်တာဗျူး အပေါ်မူတည်၍ အဆိုပါ ငြင်းခုန်မှု များ ဖြစ်လာရသည်ဟု သိရသည်။

သတင်းစာဆရာကြီး လူထုစိန်ဝင်းက “မင်းသား မင်းသမီးကို နှမ်းအကြောင်း၊ ပဲ အကြောင်း၊ ဆီအကြောင်း၊ ဆန်အကြောင်း မေးပြီး ရေးရင်လည်း ပရိသတ်က စိတ်ဝင်စားမှာ မဟုတ်ဘူး ….။ မင်းသမီးက မဖြေချင်ဘူးဆိုရင် ငြင်းပိုင်ခွင့်ရှိတယ်။ ကြိုက်သလို ဖြေလို့ရတယ်။ ဖြေပြီးမှ ဒါတော့ မရေးပါနဲ့ ဆိုပြီး ကိုယ်ရေးကိုယ်တာမို့ Off The Record လုပ်လို့ရတယ်” ဟု Weekly Eleven ဂျာနယ်တွင် ပြောထားသည်။

ဆက်လက်၍ ၎င်းက သတင်းထောက် အေးသူစံအနေနှင့် လွန်သည်ဟု မဆိုနိုင်ကြောင်း၊ သတင်းထောက် ဆိုသည်မှာ မစပ်စုရသည့် ကိစ္စဟူ၍ မရှိကြောင်း၊ သတင်းထောက်တွင် စပ်စုရန်အခွင့်အရေး ရှိကြောင်းပြောထားသည်။

“မမေးရတဲ့ မေးခွန်းဆိုတာ မရှိဘူး၊ မရေးသင့်တဲ့ အကြောင်းအရာ ဆိုတာပဲ ရှိတယ်။ ဒါကတော့ ရေးတဲ့နေရာမှာ သတင်းထောက်က သူ့ဟာသူ ဆုံးဖြတ်လိမ့်မယ်” ဟု လူထုစိန်ဝင်းက ဆိုထားသည်။

စာရေးဆရာ၊ သတင်းစာဆရာ မောင်ဝံသကလည်း ထက်ထက်မိုးဦးအနေနှင့် မီဒီယာသမားကို ကိုယ်ထိလက်ရောက် ကျူးလွန်ခြင်းသည် မီယာသမားသာမက မီဒီယာကိုယ်စားပြု စာဖတ်ပရိသတ်များကိုပင် မခန့်လေးစား ပြုရာရောက်သည်ဟု Weekly Eleven ဂျာနယ်ကို ပြောသည်။

ထက်ထက်မိုးဦးနှင့် သတင်းထောက် အေးသူစံ ပြဿနာကို မည်သူမှန်သည်၊ မည်သူမှားသည်ဟူ၍ အင်တာနက် စာမျက်နှာ တခုပေါ်တွင် စစ်တမ်းကောက်ယူထားသည် ကိုလည်း တွေ့ရသည်။

လူထုစိန်ဝင်းနှင့် မောင်ဝံသတို့၏ ပြောကြားချက်များမှာ Weekly Eleven ဝက်ဘ်ဆိုက်မှတဆင့် ပျံ့နှံ့နေခြင်း ဖြစ်ပြီး အဆိုပါ ပြောကြားချက်များကို စာပေစိစစ်ရေးက ဂျာနယ် စာမျက်နှာပေါ်တွင် ဖော်ပြခွင့် မပြုကြောင်း သိရသည်။

နာမည်ကျော် ရုပ်ရှင်သရုပ်ဆောင် ထက်ထက်မိုးဦးသည် စာနယ်ဇင်းသမားတဦးကို ဆံပင်ဆွဲပြီး လည်ပင်း ညှစ်ခဲ့သဖြင့် တရားစွဲခံနေရသည် ဟူသော သတင်းမှာ ယခု ရက်ပိုင်းအတွင်း အများ စိတ်ဝင်စားကြသည့် သတင်းဖြစ်သည်။

ဧရာဝတီမှ တဆင့် ကူးယူဖော်ပြထားပါသည်။

ရွှေလမ်းငွေလမ်း ၀င်းကြည်
၂၀၁၀ ခု၊ မေလ(၂၄)ရက်၊ည(၉း၃၀)နာရီ တင်သည်။
 

သတင်းထောက်က ထက်ထက်မိုးဦးကို တရားစွဲ

သတင်းထောက်က ထက်ထက်မိုးဦးကို တရားစွဲ
ဖနိဒါ | သောကြာနေ့၊ မေလ ၂၁ ရက် ၂၀၁၀ ခုနှစ် ၁၆ နာရီ ၄၀ မိနစ်
အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ချင်းမိုင် (မဇ္ဈိမ) ။ ။ ဆဲဗင်းဒေးဂျာနယ်တိုက် သတင်းထောက်တဦးက ရုပ်ရှင်သရုပ်ဆောင် ထက်ထက်မိုးဦးကို လက်ရောက်ကျူးလွန်မှုဖြင့် တရားစွဲဆိုထားကြောင်း ဂျာနယ်တိုက်က ပြောသည်။

ရန်ကုန်အခြေစိုက် အပတ်စဉ်ထုတ် 7 Days ဂျာနယ်မှ သတင်းထောက် မအေးသူစံက သူ့အား ဒေါ်ထက်ထက်မိုးဦးက ကိုယ်ထိလက်ရောက်ကျူးလွန်ခဲ့သည်ဟု ရန်ကင်းမြို့နယ်တရားရုံးသို့ ဦးတိုက်လျှောက်ထားပြီးနောက် တရားရုံးက လာမည့် ၂၄ ရက်နေ့တွင် တရားလိုနှင့် တရားလိုပြ သက်သေများ ထွက်ဆိုရန် ရုံးချိန်းပေးလိုက်သည်။

ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်တွင် လွန်ခဲ့သည့် ဗုဒ္ဓဟူးနေ့က ပြုလုပ်သော လူတွေ့မေးမြန်းခန်းတွင် သတင်းထောက်က အိမ်ထောင်ရေးနှင့်ဆိုင်သော မေးခွန်းကို မကျေနပ်ရာက ဆံပင်ဆွဲခြင်းအပါအဝင် လက်ရောက်မှုကျူးလွန်ခဲ့ခြင်းဖြစ်သည်ဟု ဆဲဗင်းဒေးဂျာနယ်တိုက် တာဝန်ရှိသူတဦးက ပြောသည်။

မအေးသူစံက ရန်ကင်းရဲစခန်းသို့ သွားရောက်တိုင်ကြားရာ ရဲစခန်း၏ ညွှန်ကြားချက်အရ သင်္ကန်းကျွန်းမြို့နယ်မှ စံပြဆေးရုံမှ ဆေးစစ်ချက်ရယူကာ ယမန်နေ့ကတရားရုံး၌ ဦးတိုက်လျှောက်ထားခဲ့ခြင်းဖြစ်သည်။

ရန်ကင်းမြို့နယ်တရားရုံး ဒုတိယတရားသူကြီးက ပြစ်မှုကြီးအမှတ် ၁၈၂/၁ဝ အရ လက်ခံခဲ့ပြီး လာမည့် ၂၄ ရက်နေ့တွင် သတင်းထောက် မအေးသူစံနှင့် မဂ္ဂဇင်းတိုက် ၃ တိုက်မှ မျက်မြင်သက်သေ ၃ ယောက်အား ထွက်ဆိုရန် ရုံးချိန်းပေးလိုက်ကြောင်း သိရသည်။

ပါဖက်မဂ္ဂဇင်းမှ မသက်၊ ဖက်ရှင်မဂ္ဂဇင်းမှ မဝင်းမာ၊ ဟဲလိုဂျာနယ်မှ ကိုဘုန်းနေလတို့က မျက်မြင်သက်သေများအဖြစ် ထွက်ဆိုမှာဖြစ်သည်ဟု စုံစမ်းသိရှိရသည်။

အကယ်ဒမီဆုရှင် ထက်ထက်မိုးဦးအား ဆက်သွယ်၍ မေးမြန်းရာ ဖြေကြားရန် ငြင်းဆိုသည်။

တဆင့် ကူးယူဖော်ပြပါသည်။

ရွှေလမ်းငွေလမ်းဝင်းကြည်
၂၀၁၀ ခု၊ မေလ(၂၃)ရက်၊နေ့လည်(၁၁း၃၅) ကူးယူ၏။
 

မကွေးမြို့နယ်(မ.ထ.သ- ဥက္ကဋ္ဌ) နှစ်ဆက်ထံမှ (၇)နှစ်ကြာ သိမ်းဆည်းထားသော





မကွေးမြို့နယ်(မ.ထ.သ- ဥက္ကဋ္ဌ) နှစ်ဆက်ထံမှ (၇)နှစ်ကြာ သိမ်းဆည်းထားသော
ငွေများကို အများအကျိုးပြုရံပုံငွေအဖြစ် လှူဒါန်းရန် စီစဉ်ဆောင်ရွက်ဆဲ

ရွှေလမ်းငွေလမ်း ၀င်းကြည်

၁၉-၅-၂၀၁၀ နေ့ နေ့လည်(၁)နာရီခန့်တွင် မကွေးမြို့နယ် (မ.ယ.က)ရုံးမှ ဖုန်းဆက်ခေါ်လို့ သွားခဲ့ပါတယ်။ ၁၂-၅-၂၀၁၀ နေ့က (မ.ယ.ကရုံး အတွင်းရေးမှူးခန်းမှ) မပြီးပြတ်ခဲ့တဲ့ မကွေးမြို့တွင်း ပို့ဆောင်ရေး သူရစိုးလိုင်း ကားသင်းပိုင် ရံပုံငွေများအား မကွေးမြို့နယ်အတွင်း အများအကျိုးပြုလုပ်ငန်းတစ်ခုသို့ လှူဒါန်းပေးနိုင်ရန်ကိစ္စပါ။ မကွေးမြို့နယ်မော်တော်ယာဉ် လိုင်းပေါင်းစုံ(မ.ထ.သ ဥက္ကဋ္ဌ)ဦးအေးကိုနှင့် ယခင်ဥက္ကဋ္ဌဟောင်း ဦးခင်မောင်တင့်တို့ မ.ယ.က ရုံးသို့ ရောက်နေတာမြင်တွေ့ရပါတယ်။ ပူးတွဲပါ ငွေအပ်စဉ်က လွှဲပြောင်းစာ များ၊ ယခုလွဲပြောင်းငွေလက်ခံစာများ အရ အချိန်ကာလ အားဖြင့် သူရစိုးကားလိုင်းသင်းငွေများကို မ.ထ.သ ဥက္ကဋ္ဌ နှစ်ဆက်ထံ ခေတ္တသိမ်းဆည်း ခဲ့တာ…(၇)နှစ်ခန့်ကြာခဲ့ပါပြီ..။

(၁) စာရွက် ငွေစုလက်မှတ်များ တန်ဘိုးငွေ။ ။ ၇၄၀၀၀ ကျပ်
(၂) စာရွက် ငွေသားအပ်ငွေပေါင်း ။ ။ ၈၇၈၀၀ ကျပ်
(၃) စာရွက် ငွေသားအပ်ငွေပေါင်း ။ ။၂၆၅၁၂၆ ကျပ် ၅၀ ပြား
------------------------------
စုစုပေါင်း အပ်နှံသောငွေပေါင်း ၄၂၆၉၂၆ ကျပ် ၅၀ ပြား( သူရစိုးပိုင်)

မ.ထ.သ ဥက္ကဋ္ဌ မှ (မ.ယ.က) အတွင်းရေးမှူးထံအပ် ၃၅၂၉၂၆ ကျပ် ၅၀ ပြား (စာရွက် ၄)
ဟု ပူးတွဲစာရွက်(၄)ရွက် အရ သိရပါတယ်။

(၁) နံပါတ်စာရွက်ပါ ငွေစုလက်မှတ်များမှာ (မ.ထ.သ ဥက္ကဋ္ဌ ဦးအေးကို) က ပျောက်ဆုံးနေ ကြောင်း စာရင်းရှင်း သွားပါတယ်။မကွေးဖန်းခါးမြေဂေါက်ရိုက်ပြိုင်ပွဲအတွက် သိန်း(၃၀)ကျော် အား ရက်ရက်ရောရော (မထသ)ဥက္ကဋ္ဌ ကလှူနိုင်ကြပါတယ်။မကွေးမြို့နယ်အများအတွက် မီးသတ်ကားပြင်ဆင်ရန်အတွက် သူရစိုးအမှုဆောင်တွေက လှူဒါန်းပါမည်ဆိုသော ဒီငွေ လေးသိန်းကျော်လှူရန်ကိစ္စကို ကျွန်တော်တို့လှူဖိုးအထက်သို့ စာတင်ထားခဲ့တာ နှစ်နှစ်ကျော်နေပါပြီ..။ယခုအထိ မပြီးပြတ်သေးပါ။နောက်ထပ်ဘယ်လောက်များထပ်မံပြီး အချိန်ကြာကြာစောင့်ကြရပါမည်ဆို တာာကို မသိနိုင်ကြပါ။ ယင်းငွေစုလက်မှတ်များ ပြန်ထုတ်ယူနိုင်ရေးအတွက် ဆက်လက် ဆောင်ရွက်ကြရပေဦးမည်…။ အများအကျိုးပြုငွေ လှူဒါန်းရေးအတွက် မပြီးဆုံး သေးသော ပန်းချီကားတစ်ချပ်ဟုသာ ဆိုရပေဦးတော့မည်…။

ရွှေလမ်းငွေလမ်း ၀င်းကြည်
၂၀၁၀ ခု၊ မေလ(၂၂)ရက်၊ည(၁၁)နာရီတင်သည်။
 

မကွေးမြို့ မှ (မ.ထ.သ) ကော်မတီ အချိန်ကိုလေးစားသင့်ပါပြီ..


မကွေးမြို့ မှ (မ.ထ.သ) ကော်မတီ အချိန်ကိုလေးစားသင့်ပါပြီ..
ရွှေလမ်းငွေလမ်း ၀င်းကြည်

၁၂-၅-၂၀၁၀ နေ့၊ နေ့လည်(၁)နာရီ တွင် မကွေးမြို့နယ် အေးချမ်းသာယာရေးနှင့်ဖွံဖြိုးရေး ကောင်စီရုံးသို့ ပူးတွဲဖိတ်စာပါအရ အစည်းအဝေးတက်ရောက်ခဲ့ပါတယ်။ အကြောင်းအရာမှာ စာရေးသူ ၂၀၀၃ ခုနှစ်က မကွေးမြို့တွင်းပို့ဆောင်ရေး(သူရစိုးလိုင်း)တွင် အမူဆောင်လုပ်ခဲ့စဉ် အခါမှ ငွေကျပ်လေးသိန်းကျော်ကို မကွေး(မ.ထ.သ)သို့ သူရစိုးမြို့တွင်းလိုင်း ကော်မတီအဖွဲ့နဲ့အတူ လက်မှတ်ထိုး ပြီး အပ်နှံခဲ့ပါတယ်။ ယခုအခါ သူရစိုးမြို့တွင်းလိုင်း ပျက်သွားပါပြီ..။ အဲဒီအပ်ထားတဲ့ငွေ(လေးသိန်းကျော်)ကို စာရေးသူတို့ကျန်ခဲ့တဲ့ ကော်မတီက အများအကျိုးပြုလုပ်ငန်းအတွက် လိုအပ်သလိုအသုံးပြုပေးပါရန် မကွေး(မ.ယ.က)ရုံးကို သလောတူ လက်မှတ်ထိုးပြီးလှူဒါန်းခဲ့ပါတယ်။ ၂၀၀၃ ခုနှစ်ကအပ်ထားတဲ့ ငွေကိုပြန်ထုတ်ပေးရမဲ့ မကွေး(မ.ထ.သ)ကော်မတီကို လာရောက်တွေ့ဆုံရှင်းလင်းပြီး ယင်းငွေများကို ထုတ်ပေးရန် အစည်းအဝေးခေါ်ခြင်းဖြစ်ပါတယ်။ နေ့(၁)နာရီမှ နေ့လည်(၂း၃၀)နာရီအထိ ကျွန်တော်တို့အလှူရှင် ဖိတ်ကြားသူများက (မ.ယ.က) အတွင်းရေးမှူးရဲ့အခန်းက စောင့်နေခဲ့ရပါတယ်။

နေ့လည်(၂း၃၀)နာရီခန့်မှာ မ.ထ.သ ကော်မတီဝင်တစ်ဦးသာ ရောက်လာခဲ့ပါတယ်။ အရေးပါတဲ့(မ.ထ.သ) ဥက္ကဋ္ဌ နဲ့ ဘဏ္ဍာရေးမှူးတို့ ရောက်မလာကြပါ။ မကွေးမြို့ မော်တော် ယာဉ်လိုင်းပေါင်းစုံအသင်း(မ.ထ.သ) ကော်မတီကို မော်တော်ယာဉ်ပိုင်ရှင်အရပ်သားများ၊ ဂိတ်မှူးများနဲ့ စုပေါင်းပြီး (၂)နှစ်လျှင်တစ်ကြိမ် ဒီမိုကရေစီကျကျ မဲပေးရွေးချယ်ကြပါတယ်။ ကော်မတီဝင်(၅)ဦးနဲ့ဖွဲ့စည်းခဲ့ကြောင်း၊ ယခု (မ.ထ.သ)ကော်မတီအဖွဲ့ကို (၂၀၀၅) ခုနှစ်မှ (ယခု ၂၀၁၀)ခုနှစ်အထိ (၅)နှစ်အထိ ကော်မတီအသစ်ရွေးချယ်ခြင်း မပြုလုပ်ခဲ့ရကြောင်း၊ အမူဆောင်ကော်မတီ(၅)ဦးမှာ သဘောထားခြင်းမတိုက်ဆိုင်ကြလို့ ကော်မတီဝင်(၂)ဦးက နှတ်ထွက်စာတင်သွားကြကြောင်း၊တို့ကို တက်ရောက်လာသော မ.ထ.သ ကော်မတီဝင်နှင့် နှတ်ထွက်လာသော ကော်မတီဝင် တစ်ဦးတို့မှ ပြောကြားလို့ သိခဲ့ရပါတယ်။ ယခုလက်ရှိ ကော် မတီဝင်(၃)ဦးနှင့်သာ ဆောင်ရွက်နေကြကြောင်း၊သိရပါတယ်။

အရေးပါသော မ.ထ.သ ဥက္ကဋ္ဌ အစည်းအဝေးကို မတက်ရောက်ပါ၍ ကျွန်တော်တို့အဖွဲ့ပြန် လာခဲ့ရပါတယ်။လိုအပ်ရင် ကျွန်တော်တို့ကို ခေါ်ဖို့ ဖုန်းနံပါများကို ပေးထားခဲ့ရပါတယ်။ ဒီလို ပြန်ပြန်လာခဲ့ရတာ.. ယခုအကြိမ်ပါဆိုရင် (၃)ကြိမ်(၃)ခါ ရှိကြပါပြီ..။ မြို့နယ်အေးချမ်းသာယာ ရေးနှင့် ဖွံဖြိုးရေးကောင်စီရုံးမှ ခေါ်ဆိုတဲ့ အစည်းအဝေးကို အလေးမထားဂရုမစိုက်သော မကွေးမြို့မှ (မ.ထ.သ)ကော်မတီ ဥက္ကဋ္ဌ ကို အစည်းအဝေးအချိန်အားလေးစားပေးနိုင်ပါရန် သက်ဆိုင်ရာက လမ်းညွှန်သင့်ပါကြောင်း တင်ပြလိုက်ရပါတယ်။

ရွှေလမ်းငွေလမ်းဝင်းကြည်
၂၀၁၀ ခု၊မေလ(၂၂)ရက်ည(၁၀း၃၀)နာရီတင်၏။
 

ကောင်းမွန်ဆောက်လုပ်ရေး ကုမ္ပဏီမှ ဧရာဝတီတံတား(မကွေး) တံတားဖြတ်သန်းခ နှစ်ဆမတိုးကြောင်းရှင်းလင်း






ကောင်းမွန်ဆောက်လုပ်ရေး ကုမ္ပဏီမှ
ဧရာဝတီတံတား(မကွေး) တံတားဖြတ်သန်းခ နှစ်ဆမတိုးကြောင်းရှင်းလင်း

ရွှေလမ်းငွေလမ်း ၀င်းကြည်

၁၅-၅-၂၀၁၀ နေ့ နံနက်(၁၀နာရီ မှ နေ့လည် ၁၂)နာရီ အချိန်၊ မကွေးမြို့၊ပြည်တော်သာလမ်း၊ ရန်ပယ်ရပ်မှ Central စားသောက်ဆိုင်အပေါ်ထပ်ခန်းမ တွင် မကွေးမြို့နယ်စာနယ်ဇင်း အ လုပ်အမှုဆောင် အဖွဲ့ လူကြီးမင်းများကို ကောင်းမွန်ဆောက်လုပ်ရေး ကုမ္ပဏီမှတာဝန်ရှိ သူများက ရှင်းလင်းပွဲ ပြုလုပ်ပါတယ်။အင်ဂျင်နီယာချုပ်ဦးအောင်ကျော်မြင့်အဖွဲ့နဲ့အတူ ဒါရိုက်တာအဖွဲ့မှဦးစိန်ဌေး (ကောင်းမွန်စူပါမားကတ်)၊ ဦတင်ထွန်း(ရွှေဧရာစူပါမားကတ်)၊ ဦးသက်ဝင်း(စိန်ဂေဟာစတိုး) တို့မှဧည့်ခံတွေ့ဆုံကြပါတယ်။ကောင်းမွန်ဆောက်လုပ်ရေး ကုမ္ပဏီမှ ၂၀၀၉ ခု။ဒီဇင်ဘာလ ကစပြီး မကွေးမြို့မှကျောက်ပန်းတောင်းမြို့အထိ လမ်းမိုင်(၆၀)ကျော်အား လမ်းအကျယ်(၂၄)ပေ တိုးချဲ့၍ ကတ္တာရာလမ်းချောခင်းပေးခြင်း။ မကွေးမြို့မှ ဧရာဝတီတံတား (မကွေး)ကို ဖြတ်၍ ဆိပ်ဖြူမြို့နယ်အထိ လမ်းမိုင်(၇၀)ကျော်အား လမ်းအကျယ်(၁၈)ပေ တိုးချဲ့ပြီး ကတ္တရာလမ်း အချောခင်းရန် ကန်ထရိုက်လုပ်ငန်းများကို ရယူထားပါတယ်။မကွေးမှ ကံပြားရွာရှိ ကောင်းမွန် ဆောက်လုပ်ရေး လမ်းစီမံကိန်းရုံးနှင့် ကျောက်ကွင်းလုပ်ငန်းခွင်များအား လိုက်လံပြသပေး ခဲ့ပါတယ်။ ဒီစီမံချက်ကို (၃)နှစ်အတွင်း ဆောင်ရွက်လုပ်ကိုင်ပေးရ မည်ဖြစ်ကြောင်းသိရှိ ရပါတယ်။ လမ်း၊တံတားများကို ပြုပြင် ဆောင်ရွက်လုပ်ကိုင်ခွင့်ရ သော်လည်း တံတားကြေး၊ လမ်းအခွန်ဆောင်ရန် တိုးဂိတ်များအား အခမဲ့မရရှိသေးကြောင်း၊ ကြမ်းခင်းသတ်မှတ် ဈေးနှုန်းဖြင့်လည်းမရခဲ့ကြောင်း၊ ယခင်နှစ်က လေလံဈေးနှုန်းအတိုင်းသာ ပြိုင်ဘက်မရှိ ရရှိခဲ့ကြောင်းများကို ကြားသိခဲ့ရပါတယ်။

တံတားတာဝန်ခံ ဒါရိုက်တာအဖွဲ့ဝင်ဦးသက်ဝင်းနှင့် စာရေးသူတို့ တွေ့ဆုံမေး မြန်းခဲ့ကြပါတယ်။

ဦးသက်ဝင်း ခင်ဗျား ဧရာဝတီတံတား(မကွေး)ကို ဘယ်အချိန်က စတင်ပြီး ကောင်းမွန်ဆောက် လုပ်ရေး ကုမ္ပဏီမှ တာဝန်ယူခဲ့ပါလဲ..။

ဦးသက်ဝင်း။ ။ (၂၂-၂-၂၀၁၀) နေ့ကစတင်ပြီး ဧရာဝတီတံတား(မကွေး) ကိုလက်ခံခဲ့ပါတယ်။ လက်ခံတယ်ဆိုတာ တံတားဖြတ်သန်းခ ကောက်ခံဖို့တင်မဟုတ်ပဲ တံတားကြီးတစ်ခုလုံးရဲ့ ပြုပြင်ထိန်းသိမ်းလုပ်ဆောင်မူတွေအကုန်လုံးကအစ တာဝန်ယူဆောင်ရွက်ရပါတယ်။(ဥပမာ) မီးလုံးကျွမ်းတာကအစ မီတာခအထိ ကျွန်တော်တို့ဆောင်ရတာပါ။

စာရေးသူ။ ။ ဟုတ်ကဲ့ တံတားဖြတ်သန်းခ နှစ်ဆဖြစ်ရတဲ့ကိစ္စ ကို သိပါရစေ..။

ဦးသက်ဝင်း။ ။ တံတားဖြတ်သန်းခကို နှစ်ဆမတိုးပါဘူး။ မင်းဘူးမြို့ဝင်ကြေး၊ မကွေးမြို့ဝင်ကြေးတွေကို တံတားတိုးဂိတ်မှာ စုပေါင်းကောက်ခံလိုက်လို့ နှစ်ဆတိုး တယ်ထင်မှတ်သွားကြတာပါ။ ယခင်ဈေးနှုန်းအတိုင်းပါပဲ။ စက်ဘီးနှင့် လူခကို မယူပါဘူး။ ဒါပေမဲ့တံတားစာချုပ်ထဲမှာက လူတစ်ယောက်(၅)ကျပ် ကောက်ခံရမယ်ဆိုတာ ယနေ့အထိပါ ပါတယ်။ ဒါပေမဲ့ကျွန်တော်တို့ မယူခဲ့ပါဘူး။ တံတားဖြတ်ခ ဈေးနှုန်းတွေကတော့

(၁) အိမ်စီးကားလေးတွေ( စလွန်းကားသေး)ကို တံတားဖြတ်သန်းခ( ၂၀၀)ကျပ်။
(၂) ဟိုက်လတ်နဲ့ လိုက်ထရပ်ကား ကို (၅၀၀)ကျပ်။
(၃) ဒိုင်နာနဲ့ ကားအလတ်တွေကို (၈၀၀) ကျပ်။
(၄) (၅)တန်အထက် (၆)ဘီးကားတွေကို ကုန်ပါ(၉၀၀၀)ကျပ်၊ ကုန်မပါ (၄၀၀၀)ကျပ်။
(၅) BD ကား (၅၀၀၀)ကျပ်၊ (ကုန်ပါ)
(၆) Express ခရီးသည်မှန်လုံကား လိုင်းကား (၁၅၀၀) ကျပ်၊
(၇) Express ခရီးသည် ပြင်ပကားများ (၅၀၀၀)ကျပ်။
(၈) (၁၀)ဘီးကား ကုန်ပါ(၁၆၀၀၀)ကျပ်၊ ကုန်မပါ(၈၀၀၀)ကျပ်။
(၉) (၁၂) ဘီးကား ကုန်ပါ(၁၈၀၀၀)ကျပ်၊ ကုန်မပါ(၉၀၀၀)ကျပ်။
(၁၀) မော်တော်ဆိုင်ကယ် (၁၀၀)ကျပ်။

စာရေးသူ။ ။ ဟုတ်ကဲ့ ဒီဈေးနှုန်းတွေကို ဘာကြောင့်တရားဝင် ရေးသားချိတ်ဆွဲမထားပါသလဲ ။
ဦးသက်ဝင်း။ ။ ပြောရတာတော့ အားနာပါတယ်။ ဦးပိုင်လီမီတက် ကုမ္ပဏီတွေကလွဲလို ဘယ်သူမှ လမ်းတံတားကြေးကို ချိန်ဆွဲကောက်ခံလို့ မရပါဘူး။ သူတို့က ကျွန်တော်တို့ထက် ပေးရတဲ့ ကန်ထရိုက်ဈေးနှုန်းက တော်တော်သက်သာကြပါတယ်။ ကျွန်တော်တို့က မူလကြမ်း ခင်းဈေးနဲ့မရပါဘူး။ ပြီးခဲ့တဲ့နှစ်က လေလံဈေးအတိုင်း ဆက်လက်ယူရတာပါ။ ဆောက်လုပ်ရေးက သတ်မှတ်ထားတဲ့ချိတ်ဆွဲရေးသားထားတဲ့ဈေးနှုန်းအတိုင်းသာ ကောက်ခံ လို့ကတော့ မဖြစ်နိုင်ပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ ယခုကောက်ခံနေကြတဲ့ ဈေးနှုန်း တွေကလည်း သက်ဆိုင်ရာ ဒေသအာဏာပိုင်များနဲ့ ညှိနိုင်းခွင့်ပြုချက်ရယူထားပြီးမှ ကောက်ခံကြတာပါ။

စာရေးသူ။ ။ စောစောကပြောတဲ့ မကွေးမြို့ဝင်ကြေး၊ မင်းဘူးမြို့ဝင်ကြေးတွေကို တံတားတိုး ဂိတ်က စုပေါင်း ကောက်ခံလိုက်တော့..ဆိုပါစို့ ဆိုင်ကယ်တစ်စီးကို မကွေးကဆိုင်ကယ်ကို တံတားဖြတ်ခက အသွားအပြန်(၂၀၀)ကျပ်၊ မင်းဘူးမြို့ဝင်ကြေးက(၁၀၀) ကျပ်၊ စုစုပေါင်း (၃၀၀)ကျပ်သာကျမယ်။ ဒါပေမဲ့ မကွေးဘက်ကို ပြန်ဝင်ပြန်တော့လည်း မကွေးက ဆိုင်ကယ်ကို မကွေးမြို့ဝင်ကြေးထပ်ကောက်နေကြတော့ စုစုပေါင်း တံတားဖြတ်သန်းခက (၄၀၀)ကျပ်ဖြစ်သွားတာပေါ့။ ကားဆိုရင်လည်း တံတားဖြတ်ခ(၄၀၀)ကျပ်ကနေ စုစုပေါင်း (၈၀၀)ကျပ် ကျသွားပြန်တယ်။ မကွေးဆိုင်ကယ်နဲ့ မကွေးကားတွေကို မြို့ဝင်ကြေးထပ် ကောက်တာ..၊ မင်းဘူးဆိုင်ကယ်နဲ့ မင်းဘူးကားတွေကို မြို့ဝင်ကြေးများ ထပ်ကောက် တာ.ဆိုတော့ အဲဒီကားတွေ၊ ဆိုက်ကယ်တွေက လိုင်စင်သက်တန်းတိုးစဉ်အခါကတည်းက မြို့ဝင်ကြေးခေါ်(ဘီးခွန်)တွေကို လိုက်စင်သက်တန်းအလိုက် ဆောင်ထားကြပြီးဖြစ်ကြပါတယ်။ သူတို့ကျတော့ မြို့ဝင်ကြေးကို နှစ်ခါဆောင်ရသလိုဖြစ်နေကြပါတယ်။ အဲဒီကိစ္စကို ရှင်းပြပေးစေလိုပါတယ်။

ဦးသက်ဝင်း။ ။ ဟုတ်ကဲ့ အများပြည်သူတွေကလည်း ဆရာပြောသလို တံတားကြေးနှစ်ဆတက်သွားတယ်လို့ ထင်ကြတာပါ။ အမှန်က မကွေးဆိုင်ကယ်၊ကား၊ မင်းဘူးဆိုင်ကယ်၊ကားဆိုပြီး သတ်သတ်မှတ်မှတ်စစ်ဆေးခွဲခြားလို့ရအောင် သက်ဆိုင်ရာ စည်ပင်သာယာရုံးတွေကို စာရင်းယူနေ့ပါတယ်။ စာရင်းတွေရရင် အဲဒီဆိုင်ကယ်နဲ့ ကားတွေကို မင်းဘူး၊ မကွေးခွဲခြားမဲ့ စတေကာ အရောင်နှစ်မျိုးကို ကပ်ပေးထားပြီး ကောက်ခံသွား ဖို့စီစဉ်ဆောင်ရွက်နေဆဲဖြစ်ပါတယ်ခင်ဗျား..။လောလောဆယ် တံတားတိုးဂိတ်က ကျွန်တော့် တို့ ၀န်ထမ်းတွေကလည်း သေသေချာချာ စစ်ဆေးပြောဆိုမူအားနည်းခြင်း၊ ဖြတ်သန်းတဲ့ ဆိုင်ကယ်နဲ့ ကားတွေကလည်း အချိန်ပေးပြီး အစစ်အဆေးခံမူ မေးမြန်းစုံစမ်းမူ အားနည်းခြင်းတို့ကြောင့် ယခုလို ဖြစ်သွားကြရပါတယ်။ မကြာခင် ဒီ မကွေး၊ မင်းဘူး ဆိုင်ကယ်၊ကားတွေစာရင်းများကွဲပြား ခြားနားသွားပါမယ်..။တံတားဖြတ်သန်းခ ဈေးကတော့ လုံးဝမတိုးကြောင်း၊မတက်ကြောင်း သတင်း ကို ဆရာတို့ က ပြန်လည် ရှင်းလင်းတင်ပြပေးစေလိုပါတယ် ခင်ဗျား…။

စာရေးသူ စဉ်းစားမိပါတယ်။ ဒီ ဧရာဝတီတံတား(မကွေး)ကို နေ့စဉ်ဖြတ်သန်းနေကြသူ မော်တော်ဆိုင်ကယ်များမှာ ကျောင်းသားကျောင်းသူများနှင့် ၀န်ထမ်းများက ဖြတ်သန်းသွား လာနေကြရတာ သုံးပုံလျှင် နှစ်ပုံလောက်ရှိနေကြပါမည်။ ကျန် ဆိုင်ကယ်စီးလုပ်သားပြည်သူ များမှာလည်း တစ်နေ့လုပ်မှ တစ်နေ့စားရသော လက်လုပ်လက်စားများသာ မြင်တွေ့နေရပါတယ်။ ဒီကိစ္စကို ရေရှည် ပြသနာမတက်စေလိုပါလျှင် … စစ်ကိုင်း မှ မန္တလေးသို့ ဖြတ်သန်းထားသော ရတနာပုံ တံတားကြီးမှာ ကဲ့သို့သာ.. မော်တော်ဆိုင်ကယ်များအား အခမဲ့ သတ်မှတ်ပေးလိုက်လျှင်ဖြင့်..အများပြည်သူများ အတွက်တော့ အေးချမ်းကြည်ဖြူကြပါပေမည်….။


ရွှေလမ်းငွေလမ်း ၀င်းကြည်
၂၀၁၀ ခု၊မေလ(၁၆)ရက်၊ ည(၇း၁၅)နာရီတင်သည်။
 

ဧရာဝတီတံတား(မကွေး) ဖြတ်သန်းခများ မသိနာမလည်သူ အများပြည်သူများမှာ နှစ်ဆပေးနေရပြီ…



ဧရာဝတီတံတား(မကွေး) ဖြတ်သန်းခများ
မသိနာမလည်သူ အများပြည်သူများမှာ နှစ်ဆပေးနေရပြီ…

ရွှေလမ်းငွေလမ်းဝင်းကြည်

စာရေးသူ (၅-၅-၂၀၁၀)နေ့က မကွေးမြို့မှ အထက်မင်းလှသို့ ဆိုင်ကယ်နဲ့ ခရီးထွက်ခဲ့ပါတယ်။ ဧရာဝတီတံတား(မကွေး) ဖြတ်သန်းခ ငွေ(၂၀၀)ကျပ်တောင်းပါတယ်။ ယခင်က(၁၀၀)ကျပ် သာ ပေးရပါတယ်။ အပြန်ခရီး တံတားဖြတ်သန်းခကိုလည်း ငွေ(၂၀၀)ကျပ် ပဲ ပေးခဲ့ရပါတယ်။

မင်းဘူးမြို့မှ ၀န်ထမ်းတစ်ဦးနှင့် မကွေးမြို့က ဆေးကျောင်းသားတစ်ဦး တို့ကလည်း တံတား ကြေးများ နှစ်ဆပေးနေရကြောင်း လက်ဖက်ရည်ဆိုင်မှာ ပြောကြားနေတာကို ကြားသိရ ပြန်တယ်။ မင်းဘူးမြို့မှ မကွေးမြို့ ဈေးကြီးသို့ ဆိုင်ကယ်နဲ့ ဈေးရောင်း၊ ဈေးဝယ်လာ သူများ ကလည်း တံတားကြေးနှစ်ဆ ပေးနေရလို့ ကုန်စိမ်းဈေးများ တက်လာကြောင်း ပြောကြား သံများကို ကြားသိခဲ့ရပါတယ်။

ဂျာနယ်များတွင်လည်း လမ်း၊တံတားကြေးများကို ကန်ထရိုက်စနစ်ဖြင့် ကုမ္ပဏီများအား ပေးလိုက်ရာ ယခင်ကြေးများထက် စည်းကမ်းမဲ့စွာ ပို၍ကောက်ခံတောင်းယူနေကြကြောင်း သတင်းများကိုဖတ်ရပါတယ်။ ဧရာဝတီတံတား(မကွေး) ကိုလည်း ဆောက်လုပ်ရေး ၀န်ကြီးဌါနမှ ကောင်းမွန်ဆောက်လုပ် ရေး ကုမ္ပဏီက လေလံဆွဲလိုက်ကြောင်းသိရပါတယ်။

ဒီသတင်းကို အတည်ပြုချက်ရယူရန် ဧရာဝတီတံတား(မကွေး) သို့ (၉-၅-၂၀၁၀)နေ့က တစ်ခေါက် သွားရောက်ခဲ့ပါတယ်။ စက်ဘီး၊ မော်တော်ဆိုင်ကယ်၊ ကားလေး၊ ကားလတ်၊ ကားကြီး များကို တရားဝင်ကောက်ခံရန် သတ်မှတ်ထားသော ဈေးနှုန်းများစာရင်းအား မိတ္တူတစ်စောင် ပေးပါရန်တောင်းခဲ့ပါတယ်။လုံးဝ မပေးပါ။ တံတားတိုးဂိတ်တွင်လည်း သတ်မှတ်ဈေးနှုန်းများကို အများပြည်သူမြင်သာအောင် ရေးသားပြသ ထားခြင်းကိုလည်း ယခုသတင်းရေးနေချိန်(၁၃-၅-၂၀၁၀)ရက်အထိ မရှိပါ။ မကွေးစာနယ်ဇင်းမှ တာဝန်ရှိသူများ လာရောက် ကြောင်းကိုလည်း တံတားတိုးဂိတ် တာဝန်ခံအား ပြောပြပါတယ်။ သူတို့ကုမ္ပဏီ ပိုင်ရှင်ရဲ့ ခွင့်ပြု ချက် တောင်းခံပြီးမှ သာ ပေးမည်ဖြစ်ကြောင်း၊ ၁၃-၅-၂၀၁၀ နေ့တွင် တစ်ခေါက်လာယူ ပါဟု ချိန်းပါတယ်။ အဲဒီနေ့ သွားခဲ့သော အခါ… သူတို့ ကုမ္ပဏီ ရှယ်ယာ ပိုင်ရှင်တစ်ဦးထံ သွားရောက်မေးပါရန်၊လာရောက်သူ ကျွန်တော်တို့နှစ်ဦးကိုလည်း အမည်၊လိပ်စာရေးသား၍ လက်မှတ်ထိုးပေးခဲ့ရန် တာဝန်ခံမှ တောင်းဆိုနေပြန်ပါတယ်။ မကွေးစာနယ်ဇင်းက ဒုဥက္ကဋ္ဌ နှင့် အတွင်းရေးမှူးများဖြစ်ကြောင်းသာ ပြောဆို အသိပေးထားခဲ့ပါတယ်။တံတားဂိတ်တာဝန်ခံကဆက်လက်ပြီး သူတို့ ကောင်းမွန်ဆောက်လုပ် ရေး ကုမ္ပဏီမှ သတင်းစာရှင်းလင်းပွဲလုပ်၍ စာနယ်ဇင်းသမားများကို အကျွေး အမွေး၊ လက်ဆောင်များပေး၍ ကျင်းပပြုလုပ်သွားပါမည်…ဟု ဧရာဝတီတံတား (မကွေး) တိုးဂိတ်တာဝန်ခံမှ ဒုတိယအကြိမ် ပြောကြား၍ ငြင်းဆိုလိုက်ပြန်ပါတယ်..။

သတင်းသမားဆိုတာ မှန်ကန်သောအများပြည်သူတွေရဲ့ ဘက်ကသာ ရပ်တည်ပါတယ်။ ကုမ္ပဏီတွေအတွက် အသုံးချခံသူများ မဟုတ်ပါကြောင်း၊ စားချင်၊သောက်ချင်၊ လက်ဆောင် လိုချင်၍ လာရောက်သူများ မဟုတ်ပါကြောင်းကိုတော့ တိုးဂိတ် တာဝန်ခံအားသိအောင် ပြောကြား၍ ပြန်လာခဲ့ရသော ဤသတင်းကောင်းအား တင်ပြ လိုက်ရပါတယ်…။


ရွှေလမ်းငွေလမ်းဝင်းကြည်
၂၀၁၀ ခု၊မေလ(၁၆)ရက်၊ည(၇)နာရီတင်သည်။
မကွေးမြို့။ ၀၆၃-၂၅၁၉၇
 

ဆရာသာဂဒိုး ကို နှမျောတသ လွမ်းမိပါသည်




ဆရာသာဂဒိုး ကို နှမျောတသ လွမ်းမိပါသည်

ရွှေလမ်းငွေလမ်းဝင်းကြည်

ဆရာသာဂဒိုး ကွယ်လွန်သွားကြောင်းကြားသိရလိုက်တာ များစွာဝမ်းနည်းတသ နှမျော နေကြပါတယ်။ ၂၅-၄-၂၀၁၀ နေ့ ညနေပိုင်းမှာ မကွေးစာနယ်ဇင်းစကားဝိုင်းကို ဆရာသာဂဒိုး ကွယ်လွန်သွားပြီးတဲ့..ဆိုတဲ့သတင်းကို သယ်ဆောင်ပြောကြားလာသူမှာ ဆရာ မကွေးဝင်းမြင့် ဖြစ်ပါတယ်။ အဲဒီနေ့ ညနေပိုင်း စာပေစကားဝိုင်းမှာ ဆရာသာဂဒိုး အကြောင်း ကိုသာ ရှေဖြစ်ဟောင်း အောင်းမေ့ဖွယ်ရာများကို ပြောကြားကြပါတယ်။

လွန်ခဲ့တဲ့ ၂၀၀၇ /၂၀၀၈ ခုနှစ် က စာပေညီလာခံကို တက်စဉ်က ဆရာသာဂဒိုးရဲ့နေအိမ် တိုက်ခန်းကို ရောက်ခဲ့ပါတယ်။ ဆရာမကွေးဝင်းမြင့်နဲ့က တိုင်းရင်းဆေး သုတေသီအချင်းချင်း ဆိုတော့ တော်တော်ရင်းနှီးခင်မင်ကြပါတယ်။ ဆေးကြောင်း ၀ါးကြောင်းနဲ့ တိုင်းရင်းဆေးပင်များရဲ့ အာနိသင်များကို အားရပါးရဆွေးနွေး တိုင်ပင်နေကြပါတယ်။ ကျွန်တော်ကတော့ သတင်းသမားပီပီ မှတ်တမ်းတင် သတင်းဓာတ်ပုံ များကိုသာ ရိုက်ခဲ့ပါတယ်။ ဆရာသာဂဒိုးရယ်၊ မကွေးဝင်းမြင့်ရယ် ကျွန်တော်ရယ် ပုံကိုမှတ်တမ်း တင်ဖြစ်ခဲ့ပါတယ်။ သုံးရောက်တွဲမရိုက်ခင်မှာ ဆရာသာဂဒိုးက “နေပါအုံး မောင်ဝင်းကြည်ရယ်..စောစောကလို စာရေးနေတုံးအထမှာ စွပ်ကြယ်လက်ပြတ်နဲ့ပုံဖြစ်နေပါ့ မယ်.. အပေါ်အင်္ကျီဝတ်ပါရစေအုံး..ခဏစောင့်ပါ…” ဆရာပြောတာကို ပြန်လည်အမှတ်ရနေခဲ့ ပါတယ်။ ဆရာသာဂဒိုး က စာရေးရင် လက်နှိပ့်စက်ဖြင့်သာ ရေးတာကို မှတ်တမ်းတင်ခဲ့ ပါတယ်။

ဆရာသာဂဒိုး ကွယ်လွန်သွားတဲ့အတွက် ဆရာရဲ့မိသားစုများနှင့် အတူ၊ မကွေးစာနယ်ဇင်း တစ်ဖွဲ့လုံးက ထပ်တူ ၀မ်းနည်းမိပါကြောင်း တင်ပြလိုက်ရပါတယ်။ ဆရာသာဂဒိုး ကောင်းရာသုဂတိဘုံသို့ ရောက်ပါစေ….။

မှတ်ချက်။ ။ ၂၄-၄-၂၀၁၀ နေ့တွင် နေပြည်တော်မှအပြန် အပူလွန်ကဲ၍ ကွယ်လွန်သွားခဲ့သော ဆရာသာဂဒိုးအား အမှတ်တရ


ရွှေလမ်းငွေလမ်းဝင်းကြည်
၎-၅-၂၀၁၀ ညနေ(၅း၃၀)နာရီ။