`(၂၄)နာရီအတွင်း ရဲတပ်ဖွဲ့မှ ဖမ်းဆီးလိုက်သော မကွေးမြို့ ဇမ္ဗူရာဇ် ရွှေဆိုင်မှ ငွေကျပ်သိန်း(၃၀)ဖိုးခန့် ရွှေဆွဲကြိုး(၆)ကုံး လုယူထွက်ပြေးမှု´

ဖေဖော်ဝါရီ(၂၄)ရက် နေ့လည်(၁း၁၅)အချိန်တွင် မကွေးမြို့ အထက(၁)လမ်း ကန်သာဈေးတောင်ဘက် ရှိ ဇမ္ဗူရာဇ်ရွှေဆိုင်၌ ရွှေဆွဲကြိုးတစ်ကျပ်သားခန့်(၆)ကုံး ကာလတန်ဖိုးငွေကျပ်သိန်း(၃၀)ဖိုးခန့်အား လူငယ်နှစ်ဦးမှ လုယူ ထွက်ပြေးသွားကြောင်းသတင်းရရှိသည်။ `` ကျမတို့ အဲဒီဆိုင်ကို စဖွင့်တာ(၄/၅)ရက်ပဲရှိပါသေးတယ်။ ရောင်းတဲ့ဝန်ထမ်းကောင်မလေးက သျှီလာ(ကုလားမလေး) နဲ့ ကျမတို့ဦးလေးတို့ (၂)ယောက်သာဆိုင်မှာရှိပါတယ်။ ဒီနေ့နေ့လယ်(၁း၁၅)နာရီအချိန်မှာ ဆိုင်ကယ်နဲ့ လူနှစ်ယောက် ရောက်လာတယ်။ ဆိုင်ကယ်ကို ကျမတို့ဆိုင်က ကားနဲ့ကွယ်ရပ်ပြီး စက်မရပ်ဘဲ လူတစ်ယောက် ကစောင့်နေတယ်။ ကောင်လေးအသက်ကတော့ အသက်(၃၀)လောက်ရှိမယ်။အသားဖြူတယ်။ အလုံးအရပ်ကလည်း သင့်ယုံဘဲ။ လူမြင်ရင် မှတ်မိပါတယ်။ အဲဒီဆိုင်ကိုဝင်ပြီး ရွှေထည်တွေကိုပြခိုင်းလို့ ကောင်တာထဲက တစ်ကျပ်သားခန့်ဆွဲကြိုး(၆)ကုံး ကို ဘန်းထဲချပြပါတယ်။ အဲဒီအချိန်မှာ လျှပ်စစ်မီးကလဲပြတ်နေတော့ စီစီတီဗွီကလဲ ရိုက်မရဘူးဖြစ်သွားတယ်။ ဆွဲကြိုးဘန်းကို ချပြနေတုန်းမှာ ဦးလေးက ဆိုင်အတွင်းထဲပစ္စည်းတစ်ခုခဏ၀င်ပြီးယူနေတုန်းမှာ အဲဒီလူက ဆွဲကြိုးတွေကိုစုဆွဲယူပြီး ထွက်ပြေးသွားတာပါ။ ကုလားမလေးက အော်ပါတယ်။ ဆိုင်ဘေးကလဲ လူကရှင်းနေတော့ မမိလိုက်ပါဘူး။ ဒါပေမယ့် အဲဒီလူနှစ်ယောက်က ကျမတို့ ရန်ကင်းက ပင်မ ဇမ္ဗူရာဇ်ရွှေဆိုင် နဲ့ ရန်ပယ်ဈေးက ကျမဆိုင်တွေကို လာလာကြည့်နေတာ(၃/၄)ရက်လောက်ရှိနေပါပြီ..။ ကျမတို့ ရွှေဆိုင်တွေက စီစီတီဗွီမှာ ဓာတ်ပုံမှတ်တမ်းတွေကို ပြန်စစ်နေပါတယ်။ သူက ဂျင်းဘောင်းဘီနဲ့ ဂျင်းလွယ်အိပ်ကိုလွယ်ထားတယ်၊ ဆိုင်ကယ်ဦးထုပ်(ဟဲလမက်) ခေါင်းစွပ်ကြီးကို စွပ်ထားပါတယ်။ ဒါကြောင့်လူမြင်ရင်မှတ်မိတယ်ပြောတာပါ´´ ဟု ရန်ပယ်ဆိုင်မှ အရောင်းစာရေး ဒေါ်ချိုမာက ပြောသည်။ အခင်းဖြစ်ပွားရာဇမ္ဗူရာဇ်ရွှေဆိုင်၏ အရှေ့ဘက်က အလှဘဏ် အမျိုးသား ဆံပင်ညှုပ်ဆိုင် မှ ပိုင်ရှင်ကလည်း ဤသို့ဆိုပါသည်။ `` ဒီနေ့နေ့လယ်(၁း၃၀)နာရီလောက်မှာ ဘေးက ရွှေဆိုင်ကကောင်မလေး အော်သံကို ကြားလိုက်ရပါတယ်။ သူအော်တာက ကြိုးတွေယူသွားတယ်..။ ကြိုးတွေယူသွားတယ် လုပ်ကြပါအုံးလို့ အော်တော့ ကျွန်တော်တို့က နားမလည်ဘူးဖြစ်သွားတယ်။ အဲဒီကောင်နှစ်ယောက်ကို မြင်လိုက်ရပါတယ်။ (၂)ယောက်ပါ။ ဆိုင်ကယ်အနက် ၁၂၅ (ရုပ်ဆိုး)နဲ့ လူနှစ်ဦးပါ။ တစ်ဦးက ဆိုင်ကယ်ပေါ်မှာအသင့်ရှိနေတယ်။ ဆိုင်ကယ်က ရွှေဆိုင်ရှေ့ကားနဲ့ ကွယ်နေပါတယ်။ တစ်ယောက်ကဆိုင်ထဲဝင်ပြီး ရွှေတွေလုယူ ထွက်ပြေးသွားတာပါ။ လူနှစ်ယောက်လုံးက အရွယ်တူတွေဖြစ်ပြီး ဂျင်းဘောင်ဘီတွေနဲ့ ပါ။ အဲဒီအချိန်က မီးပြတ်နေတော့ ရွှေဆိုင်ထဲက စီစီတီဗွီကလည်း မရိုက်လိုက်နိုင်ဘူးလို့ပြောပါတယ်။ ဒါပေမယ့် ဒီကောင်တွေက သူတို့ ဇမ္ဗူရာဇ်ရွှေဆိုင်တွေကို ၀င်ထွက်လေ့လာနေတာ(၄/၅)ရက်တောင် ရှိနေပြီလို့ ကြားသိရပါတယ်..´´။ ဟု ၎င်းရွှေဆိုင်၏ အရှေ့ဘက်မှ အလှဘဏ် အမျိုးသားဆံပင်ညှပ်ဆရာ က ပြောသည်။ ၎င်းရွှေဆိုင်မှာပိတ်ပြီး သက်ဆိုင်ရာသို့ သွားရောက်၍ အစစ်ခံထွက်ဆိုချက်များပေးနေကြောင်း၊ ဇမ္ဗူရာဇ်ရွှေဆိုင်များ ၏ ပိုင်ရှင် ဦးသူရစိုးမှ တရားလိုပြု၍ မကွေးမြို့မရဲစခန်းတွင် ဖေဖော်ဝါရီ(၂၄)ရက်၊ညနေ(၅း၃၇)အချိန်မှာ (ပ)၄၁/၂၀၁၃ ပုဒ်မ-၃၈၂ ဖြင့်အမှုဖွင်ပြီး သက်ဆိုင်ရာရဲတပ်ဖွဲ့မှလည်း အပူတစ်ပြင်း လိုက်လံစုံစမ်းနေကြောင်း သိရှိရပါသည်။ ထိုအမှုနှင့်ပါတ်သက်၍ မကွေးမြို့မ ရဲစခန်း စခန်းမှူး ရဲအုပ်ဦးခင်မောင်ရွှေ ထံသို့ ဖေဖော်ဝါရီ(၂၅)ရက်နေ့ နံနက်ပိုင်းတွင် ဖုန်းသတင်းမေးမြန်းပါသည်။ ၎င်းတရားခံများကို (၂၄)နာရီအတွင်း ဖမ်းဆီးထားပြီးဖြစ်ကြောင်း သိရှိရသည်။ ထို့ကြောင့် တရားခံ(၂)ဦး၏ ဓာတ်ပုံများ နှင့် ဖမ်းဆီးရရှိပုံတို့ကို အသေးစိတ်သွားရောက်မေးမြန်းခဲ့ရာ ရဲစခန်းမှူးမှ ဤသို့ပြောပါ၏။ `` ဒီအမှုကို အမြန်ဆုံး အမှုမှန်ဖော်ထုတ်ပြီး သက်သေခံပစ္စည်များပါ လက်ရ ဖမ်းဆီးနိုင်အောင် မကွေးတိုင်းရဲတပ်ဖွဲ့မှူး၊ ခရိုင်ရဲတပ်ဖွဲ့မှူးနဲ့ မြို့နယ်ရဲတပ်ဖွဲ့မှူး တို့ရဲ့ လမ်းညွှန်ချက်များအတိုင်း ကျွန်တော်တို့ မအိပ်မနေ ကြိုးစား ဆောင်ရွက်ခဲ့ပါတယ်။ ကျွန်တော်နဲ့အတူ မကွေးတိုင်း၊ ခရိုင်ရဲတပ်ဖွဲ့က ဒုစရိုက်နှိမ်နှင်းရေးတပ်ဖွဲ့ နယ်ထိမ်းခေါင်းဆောင် ဒုရဲအုပ်သက်အောင်စိုး၊အမှုစစ် ဒုရဲအုပ် စိုးနိုင်လင်း နဲ့ ကျွန်တော်တို့အဖွဲ့ ဖေဖော်ဝါရီ(၂၄)ရက်၊ (၁၃း၁၅)နာရီအချိန်မှာ အခင်းဖြစ်တဲ့နေရာကို ရောက်ပါတယ်။ အဓိက ဒီတရားခံကို ဖမ်းမိတာက ဇမ္ဗူရာဇ်ရွှေဆိုင်တွေထဲက စီစီတီဗွီ ဓာတ်ပုံမှတ်တမ်းတွေအရ ခြေရာခံလိုက် ရပါတယ်။ ရန်ကင်းရွှေဆိုင် ရန်ပယ်ရွှေဆိုင်တွေနဲ့ ကံသာရွှေဈေးဆိုင်တွေကို အရင်နေ့တွေကထဲက ယခု တရားခံတွေက လာရောက်လေ့လာ နေတယ်လို့ သိရပါတယ်။ စီစီတီဗွီက ထုတ်ထားတဲ့ဓာတ်ပုံအရ အလားတူ ယခင်ကပြစ်မှုကျူးလွန်သူတွေရဲ့ စာရင်းဓာတ်ပုံတွေကို ပြန်စစ်ကြည့်တယ်။ အဲဒီပုံသဏ္ဍာန် ကွင်းဆက်အရ ၀ါဂွမ်းရွာထဲက ဦးဝင်းဌေးသန်းရဲ့သား အသက်(၂၂)ခန့်ရှိ မောင်ဝင်းမင်းလတ် ဖြစ်နိုင်တာကို စုံစမ်းဖော်ထုတ်ရရှိခဲ့ပါတယ်။ ဒီကောင်လေးက ဘောင်းဘီရှည်ဝတ်တယ်၊ ဆိုင်ကယ်မပါဘဲ လမ်းသွားရင်း ဆိုင်ကယ်ဦးထုပ်(ဟဲလမက်) အစွပ်ကြီးကို အမြဲဆောင်းထားပြီး လျှောက်သွားနေကြောင်း စုံစမ်းသိရပါတယ်။ ဒါနဲ့ သူ့ကို ဖေဖော်ဝါရီ(၂၄)ရက်၊ (၂၃း၁၅) နာရီအချိန်မှာ ဖမ်းဆီးစစ်ဆေးခဲ့ပါတယ်။ သူက ပြစ်မှုများကို ကျူးလွန်ခဲ့ပါတယ်လို့ ၀န်ခံထွက်ဆိုပါတယ်။ သူ့ရဲ့ထွက်ဆိုချက်အရ ပြစ်မူကျူးလွန်စဉ်က သူနဲ့အတူပါလာသူက ၀ါဂွမ်းကျေးရွာ အဘ ဦးတင်စိုးရဲ့သား အသက်(၂၃)ရှိ တင်ဇာထွန်း ခေါ် ဇာကြီး ပါလို့ ဖော်ပြောပါတယ်။ သူတို့နှစ်ဦး အသုံးပြုခဲ့တဲ့ ဆိုင်ကယ်ကတော့ ကံသာရပ်ကွက် (၁၂)လမ်းနေတဲ့ ဘော်ဒါဆောင်ပိုင်ရှင် ကိုခိုင်မျိုးဦး ဆီကငှါးပြီး စီးလာတယ်လို့ ပြောပါတယ်။ (၂၄)ရက်နေ့ အခင်းဖြစ်တဲ့ညမှာဘဲ လုယူသွားတဲ့ရွှေဆွဲကြိုးတွေထဲက ရွှေဆွဲကြိုးတစ်ကုံးကို ကန်သာရပ်ကွက် အမှတ်(၂၀)အမိန့်ရ အပေါင်ဆိုင်ပိုင်ရှင် ကိုအောင်ထွန်းမြင့် ဆီမှာ(၃)သိန်းခွဲနဲ့ ပေါင်ထားတယ်လို့ ပြောပါတယ်။ အဲဒီရွှေဆွဲကြိုးကို ဖေဖော်ဝါရီ (၂၅)ရက်နေ့ နံနက်(၉)နာရီမှာ အပေါင်ဆိုင်အမှတ်(၂၀)သို့ သွားရောက်သိမ်းဆီးခဲ့ပါတယ်။ ကျန်တဲ့ ရွှေဆွဲကြိုး(၅)ကုံးကို တော့ ၀ါဂွမ်းရွာ ၀င်းမင်းလတ် ရဲ့အိပ်ခန်းထဲက အ၀တ်ချင်းတောင်းထဲမှာ သိမ်းထားတယ်လို့ တရားခံရဲ့က ၀န်ခံဖော်ထုတ်လို့ ဖေဖော်ဝါရီ(၂၅)ရက်၊ နံနက်(၁၁း၄၅)နာရီက သွားရောက်သိမ်းဆီးခဲ့ပါတယ်။ ရွှေဆွဲကြိုး ငါးကုံးနဲ့အတူ အပေါင်ဆိုင်က ဆွဲကြိုးတစ်ကုံးပေါင်လို့ရတဲ့ငွေထဲမှ သုံးပြီးကျန်တဲ့ငွေ (၂၄၀၀၀၀) နှစ်သိန်းလေးသောင်းကျပ် ကိုလည်း ထပ်မံသိမ်းဆီး ရမိခဲ့ပါတယ်။ တရားခံ ၀င်းမင်းလတ်၊ တရားခံ တင်ဇာထွန်း(ခ)ဇာကြီး တို့နဲ့အတူ သက်သေခံပစ္စည်းတွေကတော့ ရွှေဆိုင်အတွင်းဝင်ရောက်စဉ်က အသုံးပြုခဲ့တဲ့ ဆိုင်ကယ်ဦးထုပ်(ဟဲလမက်)အနက်တစ်လုံး၊ (၁၂၅ နယူးအန်ဘို) ဆိုင်ကယ် တစ်စီး၊ သူတို့ဝတ်ဆင်ခဲ့တဲ့ ဘောင်းဘီအနက်၊ ဘေးလွယ်အိပ်တစ်လုံးနဲ့ ရွှေဆွဲကြိုး(၆)ကုံး အလေးချိန် (၄)ကျပ်တစ်ပဲ ငါးရွေးတစ်ခြမ်း၊ သက်သေငွေကျပ် နှစ်သိန်းလေးသောင်းတို့ကို ဓာတ်ပုံ မှတ်တမ်းများ နဲ့အတူ ပူးတွဲ ဖမ်းဆီးတင်ပြပေးထားပါတယ်။ ဒီအမူကို ကျွန်တော်တို့ ရဲတပ်ဖွဲ့က (၂၄)နာရီအတွင်းမှာ ဖမ်းဆီးဖော်ထုတ်ပြီးလို့ တရားရုံးကို ဆက်လက်တင်ပို့ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်.. ´´။ ဟု မကွေးမြို့မ ရဲစခန်းမှူး ရဲအုပ် ဦးခင်မောင်ရွှေမှ Tht Ladies သို့ ပြောသည်။
 

`မကွေးမြို့တွင် နေ့ခင်းကြောင်တောင် မီးပြတ်ချိန်မှာ ရွှေဆိုင်တစ်ဆိုင်မှ ငွေကျပ်သိန်း(၃၀)ကျော်ဖိုး ရွှေဆွဲကြိုး(၆)ကုံး လုယူထွက်ပြေးမှုဖြစ်ပွား´

ဖေဖော်ဝါရီ(၂၄)ရက် နေ့လည်(၁း၃၀)အချိန်တွင် မကွေးမြို့ အထက(၁)လမ်း ကန်သာဈေးတောင်ဘက် ရှိ ဇဗ္ဘူရာစ်ရွှေဆိုင်၌ ရွှေဆွဲကြိုးတစ်ကျပ်သားခန့်(၆)ကုံး ကာလတန်ဖိုးငွေကျပ်သိန်း(၃၀)ကျော်ခန့်အား လူငယ်နှစ်ဦးမှ လုယူထွက်ပြေးသွားကြောင်းသတင်းရရှိသည်။ `` ကျမတို့ အဲဒီဆိုင်ကို စဖွင့်တာ(၄/၅)ရက်ပဲရှိပါသေးတယ်။ ရောင်းတဲ့ဝန်ထမ်းကောင်မလေးက ရှီလာ(ကုလားမလေး) နဲ့ ကျမတို့ဦးလေးတို့ (၂)ယောက်သာဆိုင်မှာရှိပါတယ်။ ဒီနေ့နေ့လယ်(၁း၃၀)နာရီအချိန်မှာ ဆိုင်ကယ်နဲ့ လူနှစ်ယောက် ရောက်လာတယ်။ ဆိုင်ကယ်ကို ကျမတို့ဆိုင်က ကားနဲ့ကွယ်ရပ်ပြီး စက်မရပ်ဘဲ လူတစ်ယောက် ကစောင့်နေတယ်။ ကောင်လေးအသက်ကတော့ အသက်(၃၀)လောက်ရှိမယ်။အသားဖြူတယ်။ အလုံးအရပ်ကလည်း သင့်ယုံဘဲ။ လူမြင်ရင် မှတ်မိပါတယ်။ အဲဒီဆိုင်ကိုဝင်ပြီး ရွှေထည်တွေကိုပြခိုင်းလို့ ကောင်တာထဲက တစ်ကျပ်သားခန့်ဆွဲကြိုး(၆)ကုံး ကို ဘန်းထဲချပြပါတယ်။ အဲဒီအချိန်မှာ လျှပ်စစ်မီးကလဲပြတ်နေတော့ စီစီတီဗွီကလဲ ရိုက်မရဘူးဖြစ်သွားတယ်။ ဆွဲကြိုးဘန်းကို ချပြနေတုန်းမှာ ဦးလေးက ဆိုင်အတွင်းထဲပစ္စည်းတစ်ခုခဏ၀င်ပြီးယူနေတုန်းမှာ အဲဒီလူက ဆွဲကြိုးတွေကိုစုဆွဲယူပြီး ထွက်ပြေးသွားတာပါ။ ကုလားမလေးက အော်ပါတယ်။ ဆိုင်ဘေးကလဲ လူကရှင်းနေတော့ မမိလိုက်ပါဘူး။ ဒါပေမယ့် အဲဒီလူနှစ်ယောက်က ကျမတို့ ရန်ကင်းက ပင်မ ဇမ္ဘူရာစ်ရွှေဆိုင် နဲ့ ရန်ပယ်ဈေးက ကျမဆိုင်ကို လာလာကြည့်နေတာ(၃)ရက်လောက်ရှိနေပါပြီ..။ ဒါကြောင့်လူမြင်ရင်မှတ်မိတယ်ပြောတာပါ´´ ဟု ရန်ပယ်ဆိုင်မှ အရောင်းစာရေး ဒေါ်ချိုမာက မြန်မာပို့စ် ကိုပြောသည်။ အခင်းဖြစ်ပွားရာဆိုင်၏ အရှေ့ဘက်က အလှဘဏ် အမျိုးသား ဆံပင်ညှုပ်ဆိုင် မှ ပိုင်ရှင်ကလည်း ဤသို့ဆိုပါသည်။ `` ဒီနေ့နေ့လယ်(၁း၃၀)နာရီလောက်မှာ ဘေးက ရွှေဆိုင်ကကောင်မလေး အော်သံကို ကြားလိုက်ရပါတယ်။ သူအော်တာက ကြိုးတွေယူသွားတယ်..။ ကြိုးတွေယူသွားတယ် လုပ်ကြပါအုံးလို့ အော်တော့ ကျွန်တော်တို့က နားမလည်ဘူးဖြစ်သွားတယ်။ အဲဒီကောင်နှစ်ယောက်ကို မြင်လိုက်ရပါတယ်။ (၂)ယောက်ပါ။ ဆိုင်ကယ် ၁၂၅ (ရုပ်ဆိုး)နဲ့ လူနှစ်ဦးပါ။ တစ်ဦးက ဆိုင်ကယ်ပေါ်မှာအသင့်ရှိနေတယ်။ ဆိုင်ကယ်က ရွှေဆိုင်ရှေ့ကားနဲ့ ကွယ်နေပါတယ်။ တစ်ယောက်ကဆိုင်ထဲဝင်ပြီး ရွှေတွေလုယူ ထွက်ပြေးသွားတာပါ။ လူနှစ်ယောက်လုံးက အရွယ်တူတွေဖြစ်ပြီး ဂျင်းဘောင်ဘီတွေနဲ့ ပါ။ အဲဒီအချိန်က မီးပြတ်နေတော့ ရွှေဆိုင်ထဲက စီစီတီဗွီကလည်း မရိုက်လိုက်နိုင်ဘူးလို့ပြောပါတယ်။ ဒါပေမယ့် ဒီကောင်တွေက သူတို့ ဇမ္ဘူရာစ်ရွှေဆိုင်တွေကို ၀င်ထွက်လေ့လာနေတာ(၄/၅)ရက်တောင် ရှိနေပြီလို့ ကြားသိရပါတယ်..´´။ ဟု ၎င်းရွှေဆိုင်၏ အရှေ့ဘက်မှ အလှဘဏ် အမျိုးသားဆံပင်ညှပ်ဆရာ က မြန်မာပို့စ်ကိုပြောသည်။ ၎င်းရွှေဆိုင်မှာပိတ်ပြီး သက်ဆိုင်ရာသို့ သွားရောက်၍ အစစ်ခံထွက်ဆိုချက်များပေးနေကြောင်း၊ သက်ဆိုင်ရာရဲတပ်ဖွဲ့မှ လည်း အပူတစ်ပြင်း လိုက်လံစုံစမ်းနေကြောင်း သိရှိရပါသည်။
 

`ဆင်းရဲသော စည်ပင်ရွာက မူလတန်းကျောင်းလေး အား ပညာပါရမီအဖွဲ့မှလှူဒါန်းကူညီ´ (မြန်မာပြည်တွင်းမှာ မူလတန်းပညာကို အခမဲ့ပညာသင်ကြားခွင့်မရသေးပါ)

ဖေဖော်ဝါရီ(၁၆)ရက် မကွေးမြို့နယ် စည်ပင်ကျေးရွာရှိ ကိုယ်ထူကိုယ်ထ မူလတန်းကျောင်းလေး တွင် မကွေးမြို့ ကပ်ကျော်ကမ္ဘာအေး ၀ိပဿနာကျောင်းမှ ပညာပါရမီကုသိုလ်ပြုအဖွဲ့ဝင်(၆၅၀)ဦးတို့ စုပေါင်း၍ ငွေကျပ်သုံးသိန်း လာရောက် လှူဒါန်းကြောင်း၊ စာပေဟောပြောပွဲကျင်းပကြောင်း နှင့် ကလေးများအား ထမင်းကျော်တစ်ထုပ်စီဖြင့် ကျွေးမွေးကြကြောင်း သတင်းရရှိသည်။ ၎င်း စည်ပင်ကျေးရွာ မူလတန်းကျောင်းလေးသည် မကွေးမြို့နယ်အဆုံး၊ ရေနံချောင်း မြို့နယ်အဆုံး နှင့် နတ်မောက်မြို့နယ်အဆုံး တြိဂံနေရာတွင်တည်ရှိ၏။ မြို့များနှင့် အလွန်ဝေးလံသော ဒေသဖြစ်သည်။ ထိုကျေးရွာသည် အိမ်ခြေ(၁၄၃)အိမ်ရှိသည်၊ ဆင်းရဲနွမ်းပါးသော လက်လုပ်လက်စားအလုပ်သမားများ နှင့် တောင်သူအနည်း ငယ်သာ ရှိကြသည်သိရသည်။ ထန်းတက်၊ တောင်သူ၊ ထင်းခုတ်၊ မီးသွေးဖုတ်ကြသူ ဆင်းရဲသားအများစု နေထိုင်ကြပြီး ထိုရွာ၌ အစိုးရမူလတန်းကျောင်းမရှိပါ။ ၂၀၁၂ ခုနှစ်မှစ၍ သစ်တောဦးစီးဌာန မှ ဆောက်လုပ်လှူဒါန်း ထားခဲ့သော ကျောင်းဆောင်လေးတွင် ကျောင်းသူ ကျောင်းသားပေါင်း (၅၄)ယောက်၊ဆရာမ(၃)ဦးတို့ဖြင့် ချို့ချို့တည့်တည့် ကိုယ်ထူကိုယ်ထကြိုးစားပြီး (၂)နှစ်တာ ကာလအထိ ဖွင့်လှစ်လာခဲ့ရသည်ဆို၏။ အစိုးရခန့် ကျောင်းမဟုတ်၍ ဆရာငှါးရသည်။ ဘွဲ့ရဆရာမတစ်ယောက် ခြောက်သောင်းကျပ်၊ ပထမနှစ် တက်နေသောဆရာမတစ်ယောက် လေးသောင်ကျပ် နှင့် န၀မတန်းအောင် ဆရာမတစ်ယောက် နှစ်သောင်းကျပ်ဖြင့် ငှါးရမ်းသင်ကြားရသည်။ တစ်လလျှင် ဆရာငှါးခ(၁၂၀၀၀၀ိ) ကျပ်ကုန်သည်။ ထိုငွေများရရှိရန် တစ်အိမ်ထောင်လျှင် တစ်ထောင်ကျပ်နှုန်းဖြင့် လစဉ်စုဆောင်းပေး ရသည်။ ယခုနှစ်တွင် ရာသီဥတုအခြေနေ မိုးမကောင်း၍ အချို့အိမ်ထောင်စုများမှာ မထည့်နိုင်ကြ၍ ငွေကြေးမလုံလောက် ဖြစ်နေကြသည်ဆို၏။ ရွာထဲမှ အမာခံ အလှူရှင်(၁၀)ဦးလောက်ဖြင့် ၎င်းကျောင်းလေးကို ဆက်လက်ဖွင့်လာနိုင်အောင် တောင့်ခံထားရပါသည်၊ ကျွန်တော်တို့ ဆင်းရဲသားရွာကို အစိုးရမူလတန်းကျောင်း အမြန်ဆုံး ဖွင့်ခွင့်ပြုပေးပါရန် သက်ဆိုင်ရာအဆင့်ဆင့် ထံသို့လျှောက်ထားပြီးဖြစ်ပါကြောင်း စည်ပင်ကျေးရွာ ကိုယ်ထူကိုယ်ထ မူလတန်းကျောင်း ကော်မတီ ဥက္ကဋ္ဌ ဦးလှရွှေမှ မြန်မာပို့စ် ကိုပြောသည်။
 

`သရက်မြို့နယ် NLD ပါတီညီလာခံ (ဒုတိယ အကြိမ်) ပြန်လည်ကျင်းပ´

ဖေဖော်ဝါရီ(၁၂) ရက်နေ့ နံနက်(၉း၃၀)နာရီ မှ နေ့လည်(၃း၃၀)နာရီအချိန်တွင် သရက်မြို့၊ မြောက်မင်းတည်းရပ်ကွက်၊ ရွှေစင်ငွေစင် ခန်းမတွင် သရက်မြို့နယ် NLD ပါတီညီလာခံ (ဒုတိယ အကြိမ်) ပြန်လည်ကျင်းပကြောင်း သတင်းရရှိသည်။ အဆိုပါ ညီလာခံအား ကံမမြို့နယ် NLDပါတီ ညီလာခံကျင်းပရေးကော်မရှင် ဥက္ကဋ္ဌ ဦးထွန်းအောင်ကျော် တို့ အဖွဲ့က ကြီးကြပ်ဆောင်ရွက်ကြောင်းသိရသည်။ ၎င်း ကြီးကြပ်ရေးအဖွဲ့နှင့်အတူ မကွေးတိုင်းဒေသကြီး ညီလာခံကျင်းပရေးကော်မတီဝင် ဒေါ်သန်းသန်းဌေး၊ ဦးအေးမြင့်၊ ဒေါက်တာခင်မောင်အေး တို့နှင့် ရန်ကုန်တိုင်းဒေသကြီး ဥမှော်ဘီမြို့နယ် NLDပါတီ ဒု ဥက္ကဋ္ဌ ဦးအောင်ဝင်း၊ သရက်ခရိုင် ညီလာခံကျင်းပရေးကော်မရှင် ဥက္ကဋ္ဌ ဦးမြင့်အောင် တို့အဖွဲ့ တက်ရောက်ကြောင်း သိရသည်။ သရက်မြို့နယ် NLD ပါတီညီလာခံ (ဒုတိယ အကြိမ်) ပြန်လည်ကျင်းပရာတွင် ညီလာခံသို့ တက်ရောက်ခွင့်ရှိသူများ (၁၆၉)ဦးကို ဖိတ်ကြားထားကြောင်း၊ ယခု ညီလာခံသို့ တက်ရောက်လာသူများ(၁၀၆) ဦးတက်ရောက်သည့်အတွက် (၆၁.၇၁) ရာခိုင်နှိုင်းဖြစ်၍ ညီလာခံ အထမြောက်ကြောင်း သိရသည်။ ညီလာခံကျင်းပရေး အခန်းအနားတွင် သဘာပတိ အဖြစ် ဦးငြိမ်းအောင်အား ရွေးချယ်ကြသည်။ သရက်မြို့နယ် NLDပါတီ အလုပ်အမှုဆောင်များ ဥက္ကဋ္ဌ ဒေါ်သင်းသင်းမူ ပါ (၁၉)ဦး၊ ဗဟိုညီလာခံကိုယ်စားလှယ် ဒေါ်သင်းသင်းမူပါ(၃)ဦး၊ သရက်ခရိုင်ညီလာခံ ကိုယ်စားလှယ်များ ဦးကျော်ဝင်း ပါ (၁၅) ဦးတို့ကို ရွေးချယ်ကြောင်း သတင်းရရှိသည်။ ယခု သရက်မြို့နယ် NLD ပါတီညီလာခံ (ဒုတိယ အကြိမ်) ပြန်လည်ကျင်းပရခြင်းမှာ ၂၀၁၃ ဇန်န၀ါရီ(၂၂)ရက်နေ့က ကျင်းပခဲ့သော သရက်မြို့နယ် NLD ညီလာခံ အားပယ်ဖျက်ပြီး ပြန်လည်ကျင်းပရန် မကွေးတိုင်း NLD ပါတီညီလာခံကျင်းပရေးကော်မရှင်မှ ဆုံးဖြတ်၍ ပြန်လည်ကျင်းပရသည်ဟု ဆို၏။ ပထမ အကြိမ် ညီလာခံကျင်းပစဉ်က သရက်မြို့နယ်အတွင်း ရပ်/ကျေးအုပ်စု(၅၆) အုပ်စုရှိသည့်အနက် (၃၄)အုပ်စုမှ ညီလာခံကိုယ်စားလှယ်ပေါင်း(၁၂၉) တက်ရောက်၍ (၅၀)ရာခိုင်နှုန်းကျော်သဖြင့် တရားဝင် ကျင်းပပေးခဲ့ကြောင်း၊ သို့သော် ကျန်နေသော ရပ်/ကျေး အုပ်စု (၁၂) စုက မကြေနပ်၍ တိုင်ကြားခဲ့ခြင်းကြောင့် ယခု (ဒုတိယ) အကြိမ် ညီလာခံကို ပြန်လည်ကျင်းပခြင်း ဖြစ်ကြောင်း မင်းတုန်းမြို့နယ် NLDပါတီ ဥက္ကဋ္ဌ ဦးတင်ဝင်းမှ ပြောသည်။
 

`မကွေးမြသလွန်စေတီတော် ဘုရားရင်ပြင်တော်တွင် (ပထမ)အကြိမ် အဖြစ် NGO အဖွဲ့ပေါင်းစုံမှ ပြည်တွင်းစစ် ငြိမ်းချမ်းရေးဆုတောင်းပွဲကျင်းပ´

ဖေဖော်ဝါရီ(၁၂) ရက်နေ့ ညနေ(၅)နာရီ မှ ည(၈)နာရီအချိန်အထိ မကွေးမြသလွန်စေတီတော် ရင်ပြင်တော်ပေါ် နှင့် မြသလွန်စေတီတော်ခြေတော်ရင်း သဲသောင်ပြင်တွင် မကွေးမြို့တွင်ရှိ NGO အဖွဲ့ပေါင်းစုံမှ လူထုများက မြန်မာပြည်တွင်းစစ် ငြိမ်းချမ်းရေးအတွက် ပန်း နှင့် ဆီမီးများ ပူဇော်၍ ဆုတောင်းကြကြောင်း သတင်းရရှိသည်။ ထိုပွဲကို (၆၆)နှစ်မြောက် ပြည်ထောင်စုနေ့ ငြိမ်းချမ်းရေးဆုတောင်းပွဲ အဖြစ်ကျင်းပကြောင်း၊ ငြိမ်းချမ်းပါစေ မြန်မာမြေ စာတမ်းပါ တူညီဝတ်စုံ တီရှပ်များကို ၀တ်ဆင်ပြီး တိုင်းရင်းသား ညီအကိုမောင်နှမသားချင်းများ နှင့် ဆင်နွဲနေရသော ပြည်တွင်းစစ်များကို အမြန်ငြိမ်းချမ်းသာယာပါစေဟု ဆုမွန်ကောင်းများ တောင်းဆိုပူဇော်ကြကြောင်း ၊ ဆုတောင်း ပူဇော်ရန်အတွက် စာတမ်း ကန်တော့်ချိုးအား မကွေးမြို့နယ် NLD ပါတီမှ ပြန်ကြားရေးမှူး ဦးမြင့်ဦး မှ NGO အဖွဲ့အဖြစ်ပါဝင်၍ ရွတ်ဆို တိုင်တည်ပေးသည် ဆို၏။ ထိုဆုတောင်းပွဲတွင် NGO အဖွဲ့အသီးသီး မှ ယနေ့ကျင်းပရသော ငြိမ်းချမ်းရေးဆုတောင်းပွဲ နှင့် ပတ်သက်၍ ရှင်းလင်းပြောဆိုကြသည်။ ည (၇)နာရီခန့် တွင် မြသလွန်စေတီတော်၏ ခြေတော်ရင်းရှိ သဲသောင်ပြင်ပေါ်တွင် ဆီးမီးတိုင်များ ပူဇော်၍ ထပ်မံဆုတောင်း ပူဇော်ကြကြောင်း၊ ၎င်း ပူဇော်ပွဲသို့ NGO အဖွဲ့ပေါင်းစုံမှ လူထုအင်အား(၁၅၀)ခန့် တက်ရောက်ကြောင်း သတင်းရရှိသည်။
 

`မကွေးမြို့နယ်တွင်းမှ ရပ်ကွက်၊ ကျေးရွာ(၇၆) အုပ်စုရှိ အုပ်ချုပ်ရေးမှူး အသစ်များကို တာဝန်လွှဲပြောင်းပေးပြီ ဟုသိရ´

မကွေးတိုင်းဒေသကြီး မကွေးခရိုင်၊ မကွေးမြို့နယ်တွင် ကျေးရွာအုပ်စုပေါင်း(၆၁)အုပ်စု နှင့် ရပ်ကွက်(၁၅)ရပ်ကွက်ရှိ ရပ်ကွက်/ကျေးရွာအုပ်စုများမှ အုပ်ချုပ်ရေးမှူးစုစုပေါင်း(၇၆)ယောက် ရှိကြောင်းသိရသည်။ ၎င်း ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများကို ၂၀၁၂ ဒီဇင်ဘာ နှင့် ၂၀၁၃ ဇန၀ါရီလတွင် ပြန်လည်အသစ် ရွေးချယ်ခဲ့ကြောင်းသိရသည်။ ရွေးချယ်ရာတွင် ၂၀၀၈ ခုနှစ် ပြဒါန်းရေးဆွဲခဲ့ပြီး ပြည်ထောင်စုမြန်မာနိုင်ငံတော် အခြေခံဥပဒေနှင့်အညီ နိုင်ငံတော် သမ္မတ ဦးသိန်းစိန် အစိုးရအသစ်မှ ထုတ်ပြန်ခဲ့သော (၂၀၁၂)ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ လိုက်နာရန် အခြေခံ ဥပဒေ၊ နည်းဥပဒေများအတိုင်း ဒီမိုကရေစီ စနစ်ဖြင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများအား ရွေးချယ်ခဲ့ကြသည်ဟု သိရသည်။ သို့သော် အချို့ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးသည် နည်းမျိုးစုံဖြင့်အသုံးပြုကာ လက်ရှိအုပ်ချုပ်ရေးမှူးနေရာသို့ ဆက်လက်အရွေးချယ်ခံပြီး ရရှိလာခဲ့ကြောင်း ကြားသိရသည်။ လက်ရှိအုပ်ချုပ်ရေးမှူးနေရာတွင် ပြန်လည်ရွေးချယ်ခြင်း မခံရသော ယခင်အုပ်ချုပ်ရေးမှူးကလည်း အသစ်ရွေးချယ်ခံထားရသော ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူး အသစ်များအား နည်းမျိုးစုံဖြင့် ပြန်လည်ပြုတ်ကျစေရန် ပြုလုပ်ဆောင်ရွက်နေကြောင်း မြန်မာတစ်နိုင်ငံလုံးတွင် သတင်းများကြားသိရသည်။ မကွေးမြို့နယ်အတွင်းရှိ ရပ်ကွက်၊ကျေးရွာအုပ်ချုပ်ရေးမှူး(၇၆)ယောက်တွင် ယခင်(လူဟောင်း) အုပ်ချုပ်ရေးမှူး(၄၁)ဦး ပြန်လည်အရွေးချယ်ခံရ ကြောင်း၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူး(အသစ်)အဖြစ် ရွေးချယ်ခံရသူ(၃၅)ဦးရှိကြောင်း၊ ၂၀၁၃ ဇန်န၀ါရီ(၃၁)ရက်နေ့ တွင် ယခင်ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးအဟောင်းများမှ ရွေးချယ်ခံထားရသော ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးအသစ်များထံသို့ (၁-၂-၂၀၁၃)နေ့မှစ၍ တာဝန်လွှဲပြောင်းပေးရန် မကွေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးလှရှောင် မှ စာထွက်အကြောင်းကြား၍ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများအဖြစ် ခန့်အပ်တာဝန်ပေး အပ်လိုက်ကြောင်း ဖုတ်ကုန်း ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး(အသစ်) ဦးရွှေညို (လျှောင်တော်ဦးရွာ) မှ The Lady ကိုပြောသည်။ ကမ်းရင်ကျေးရွာ အုပ်ချုပ်ရေးမှူးအသစ် ဦးကျော်ဇင်မှ ဤသို့ ရင်ဖွင့်ပြန်သည်။ `` ကျွန်တော်က မကွေးမြို့နယ်ကမ်းရင်ကျေးအုပ်စု အုပ်ချုပ်ရေးမှူးအသစ် ကိုကျော်ဇင်ပါ။ ကျွန်တော့ကို ယခင် ကမ်းရင်ရွာအုပ်ချုပ်ရေးမှူးဟောင်း ဦးအေးမြင့်က တဘက်လှည့်နဲ့ ထုံးပေါက်တော ကျေးရွာအုပ်ချုပ်ရေးမှူး ဦးနန်းမြင့် တို့ပူးတွဲပြီး ကျွန်တော့်ကို မြေနုကျွန်းကိစ္စ ပုဒ်မ(၄၄၇) နဲ့ တရားစွဲထားပါတယ်။ အဲဒီကိစ္စ ကျွန်တော်လဲ မပါဘဲ အုပ်ချုပ်ရေးမှူးအသစ်အဖြစ်နဲ့ အရွေးချယ်ခံရပြီးမှ တစ်မင်သက်သက် အကွက်ချပြီး မတရားလုပ်တာပါ။ ယခု မကွေးမြို့နယ်တရားရုံးမှာ ဒီအမှုကို ကျွန်တော်ရင်ဆိုင်နေရပါတယ်။ (၆-၂-၂၀၁၃) နေ့မှာ ဒုတိယရုံးချိန်းကို သွားရပါ့မယ်။ ယခု ဖေဖော်ဝါရီ (၁)ရက်နေ့က ကျွန်တော်တို့ ကမ်းရင်ကျေးရွာမှာ အုပ်ချုပ်ရေးမှူးအသစ် တာဝန်ကို လက်ခံလိုက်ပါပြီ။ ယခု ကျွန်တော့်ကို စွဲထားတဲ့ အမှု တရားရုံးက စီရင်ချက်ချပြီးရင် ဘာမှ အပစ်မရှိဘူးဆိုခဲ့ရင်တော့ ထုံးပေါက်တောကျေးရွာအုပ်ချုပ်ရေးမှူး ဦးနန်းမြင့် နဲ့ ကမ်းရင်ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်း ဦးအေးမြင့်တို့ကို ကျွန်တော်က ပြန်ပြီး တရားစွဲဖို့ ပြင်ဆင်ထား ပါတယ်..။´´ဟု မကွေးမြို့နယ် ကမ်းရင်ကျေးရွာအုပ်ချုပ်ရေးမှူးအသစ် ကို ကျော်ဇင် မှ ပြောသည်။
 

`မကွေးမြို့နယ် လျှောင်းတော်ဦးကျေးရွာ မူကြိုကျောင်းလေး ပြိုပျက်နေတာ (၂)နှစ်ခွဲကျော်ကြာ ပြုပြင်ရန်လိုအပ်´

`` မကွေးမြို့နယ် လျှောင်းတော်ဦးကျေးရွာ အမှတ်(၂၅) မူလတန်းကျောင်းဝိုင်းထဲက မူကြိုကျောင်းလေးပြိုပျက်နေတာ (၂)နှစ်ကျော်ကြာခဲ့ပါပြီ။ ဒီကျောင်းလေးကို UNDP (ကမ္ဘာ့ကုလသမ္မဂ အဖွဲ့) က လွန်ခဲ့တဲ့(၈)နှစ်လောက်မှာ ဆောက်လုပ်ပေးခဲ့တာပါ။ ၂၀၁၃ ဖေဖော်ဝါရီ(၁)ရက်နေ့ အုပ်ချုပ်ရေးမှူးအသစ် ဦးရွှေညိုတက်လာတော့ သူ့ကို လိုက်လံပြသ ပါတယ်။ ယခင် အုပ်ချုပ်ရေးမှူးဟောင်း ဦးရွှေလုံးနဲ့ ယခင်မူလတန်းကျောင်းအုပ် ဦးသိန်းထွန်းတို့ရဲ့ ပစ်စလက်ခတ် ထားခဲ့တဲ့ မူကြိုကျောင်းပျက်လေးပါ။ ဒီလိုကြီး မပြုမပြင်ဘဲထားလာခဲ့တာ (၂)နှစ်ကျော်ကြာလာပါပြီ။ ဒါကြောင့် ယခု လျှောင်တော်ဦးကျေးရွာ အုပ်ချုပ်ရေးမှူးအသစ် ဦးရွှေညိုကို အားကိုးပါရစေ..။ လိုအပ်တဲ့ငွေကို ကျွန်တော်တို့ ကျေးရွာလူထုက ၀ိုင်းဝန်းကူးညီပါ့မယ်။ မှန်မှန်ကန်ကန်နဲ့ ဦးဆောင်ပေးကြပါခင်ဗျာ..။´´ ဟု လျှောင်းတော်ဦးရွာသား လူငယ်တစ်ဦး မှ မဇ္ဈိမ ကိုပြောသည်။ မကွေးမြို့နယ် လျှောင်းတော်ဦးကျေးရွာ အမှတ်(၂၅) မူလတန်းကျောင်းပိုင်း ပစ္စည်းများနှင့် စုဆောင်းငွေများကိုလည်း ယခင်ကျောင်းအုပ် ဦးသိန်းထွန်း နှင့် လျှောင်းတော်ဦးကျေးရွာ အုပ်ချုပ်ရေးမှူး ဦးရွှေလုံးတို့မှ စာရင်းမရှင်းလင်း၊ မအပ်ဘဲ အလွဲသုံးစားပြုထားသော ကိစ္စများအား မကွေးမြို့နယ်အုပ်ချုပ်ရေးမှူးထံသို့ (၂၇-၁-၂၀၁၂) နေ့က တိုင်ထားသော စာအား မဇ္ဈိမကို ပြသည်။ ယနေ့အထိအရေးယူဆောင်ရွက်ပေးခြင်းမရှိဟု သိရ၏။ ၎င်းစာတွင် လျှောင်းတော်ဦး ကျေးရွာ အမှတ်(၂၅) မူလတန်းကျောင်းပိုင် ပစ္စည်းများမှာ (၁) တရုပ်နီ၁၂/၁၃ အင်ဂျင်မီးစက်တစ်လုံး။ (၂)ECCD ၀င်ငွေအတိုးငွေများ။ (၃) ECCD အတွက်အလှူခံရရှိသော(၂၁)လက်မ တီဗွီ(၁)လုံး။ (၄)ကျောင်းဆောင်ဟောင်းမှ သွပ်ပြား(၆၄)ချပ် နှင့်လက်သမားသုံးပစ္စည်းများ။ (၅)အပ်ချုပ်စက်များ။ (၆) အသံချဲ့စက်တစ်လုံးတို့ ဖြစ်ကြောင်း သိရသည်။ ၎င်းတို့ စာရင်းမရှင်း မလွှဲမပြောင်းသော ကိစ္စများ နှင့် ပျက်စီး ယိုယွင်းနေသော မူကြိုကျောင်းဆောင်လေးအား လျှောင်းတော်ဦးကျေးရွာ အုပ်ချုပ်ရေးမှူး အသစ် ဦးရွှေညို မှ ရပ်မိ ရပ်ဖ လူငယ်များနှင့် ပူးပေါင်းပြီး ဆက်လက်၍ ဖြေရှင်းဆောင်ရွက်ပေးမည် ဖြစ်ကြောင်း မဇ္ဈိမ သို့ ပြောသည်။ ၀ိုင်းအောင်
 

`ဇန်န၀ါရီ(၂၂)ရက်နေ့က ကျင်းပခဲ့သော သရက်မြို့နယ် NLD ညီလာခံ အား ပြန်လည်ကျင်းပရန် မကွေးတိုင်း NLD ပါတီညီလာခံကော်မရှင်မှ ဆုံးဖြတ်ကြောင်းသိရ´

ဇန်န၀ါရီ(၂၉)ရက် နံနက်(၁၁)နာရီအချိန်တွင် မကွေးမြို့နယ် NLD ရုံးအစည်းအဝေးခမ်းမ၌ မကွေးတိုင်းNLDညီလာခံ ကျင်းပရေး ကော်မရှင်အဖွဲ့ နှင့် သက်ဆိုင်ရာခရိုင် မြို့နယ်ညီလာခံကျင်းပရေးကော်မရှင်အဖွဲ့များနှင့် တွေ့ဆုံညှိနှိုင်း စည်းဝေးကြကြောင်း သတင်းရရှိသည်။ ၎င်းအစည်းအဝေးတွင် ဇန်န၀ါရီ(၂၂)ရက်နေ့က ကျင်းပပြီးစီးခဲ့သော သရက်မြို့နယ် NLD ညီလာခံအား ပြန်လည်ရွေးချယ်ပေးနိုင်ရန် သရက်ခရိုင်NLD ညီလာခံကျင်းပရေးကော်မရှင်အား ညှိနှိုင်းဆောင်ရွက်ရန် တာဝန်ပေးအပ်ကြောင်းသိရသည်။ သရက်ခရိုင် ညီလာခံကျင်းပရေး ကော်မရှင်အဖွဲ့ဝင် ဦးတင်ဝင်း (ဥက္ကဋ္ဌ မင်းတုန်းမြို့နယ် NLD) ထံ တွေ့ဆုံမေမြန်းခဲ့ရာ- ``ကျွန်တော်တို့ ဇန်န၀ါရီ(၂၉)ရက်နေ့က ကျွန်တော်တို့ သရက်ခရိုင်/သရက်မြို့နယ်ညီလာခံကျင်းပရေးကော်မရှင်အဖွဲ့ မကွေးတိုင်းညီလာခံညှိနှိုင်းအစည်းအဝေးက ထပြန်ကြတယ်။ အဲဒီနေ့က မကွေးတိုင်း ညီလာခံကော်မရှင်ရဲ့ ဆုံးဖြတ်ချက်ကိုမကြေနပ်ကြဘူးဗျ။ ဖြစ်စဉ်အကျဉ်းကို ပြောပြမယ်။ သရက်မြို့နယ်မှာ ရပ်/ကျေးအုပ်စု(၅၆)အုပ်စုရှိပါတယ်။ ပထမအုပ်စုဖြစ်တဲ့ အုပ်စု(၃၄)အုပ်စုက ရပ်/ကျေးညီလာခံ ကိုယ်စားလှယ်(၁၂၉)ဦး နဲ့ ဇန်န၀ါရီ(၂၂)ရက်နေ့က ကျင်းပခဲ့ပါတယ်။ အုပ်စု(၁၂)အုပ်စုက ညီလာခံ ကိုယ်စားလှယ်များ စာရင်းတွေ ကျန်နေကြတယ်။ အဲဒီ ရပ်/ကျေး(၁၂)အုပ်စုစာရင်းတွေကို သရက်ခရိုင်ညီလာခံကျင်းပရေးကော်မရှင်အဖွဲ့က(၃)ကြိမ်တိတိ စာထွက်ပြီး တောင်းပါ တယ်။ ဘာစာရင်းမှ လာမအပ်ပါဘူး။ သူတို့သဘောနဲ့ သူတို့ နေခဲ့ကြတာပါ။ ကျွန်တော်သိတာက မြို့နယ်ညီလာခံ ကျင်းပရေးမှာ ရပ်/ကျေးအုပ်စုများရဲ့ ထက်ဝက်ကျော်ရင် ကျင်းပလို့ရတယ်လို့ (ဗဟို)NLDက ပြောထားလို့ သိရပါတယ်။ ကျွန်တော်အပါအ၀င် သရက်မြို့နယ်ညီလာခံကျင်းပရေးအဖွဲ့နဲ့ (ဗဟို) NLD ရန်ကုန်ကို သွားရောက်ပြီး လူကြီးးတွေကို မေးမြန်းခဲ့ပါတယ်။ မြို့နယ်ညီလာခံတွေကို ရပ်/ကျေးအုပ်စု ထက်ဝက်ကျော်ရင် ကျင်းပနိုင်တယ်လို့ နုတ်မိန့်နဲ့ ခွင့်ပြုလိုက်ပါတယ်။ (ဗဟို) က စာထွက်မပေးလိုက်တော့ သရက်မြို့နယ်က ကလေးတွေမှာ ပြစရာ မရှိဘူးဖြစ်နေတာပေါ့။ သရက်မြို့နယ် NLDပါတီညီလာခံကို ကျွန်တော်တို့ မင်းတုန်းမြို့နယ် NLD ညီလာခံကျင်းပရေးကော်မရှင်က ကြီးကြပ်ပြီး ကျင်းပပေးခဲ့တာပါ။ ဒီကိစ္စ ဖြစ်စဉ်ကို ကျွန်တော်က ရှင်းလင်းတင်ပြပါတယ်။ မကွေးတိုင်းNLD ညီလာခံ ကော်မရှင်ကလုံးဝ လက်မခံဘူးဗျ။ ဒါပေမယ့် မကွေးတိုင်းကော်မရှင်ရဲ့ ဆုံးဖြတ်တဲ့အတိုင်း သရက်မြို့နယ်အုပ်စု နှစ်ခုကို ညှိနှိုင်းပေးနေ ကြပါတယ်။ ဇန်န၀ါရီ(၃၁)ရက်နေ့မှာ သရက်ခရိုင်ကော်မရှင်က အုပ်စုနှစ်စုကို အစည်းအဝေးခေါ်တယ်လို့ သိရတယ်။ အဲဒီအစည်းအဝေးကို ကျွန်တော် မတက်ဖြစ်ဘူး။ သရက်မြို့နယ် ကော်မရှင်မှာ(၁၅)ဦးရှိတာ ကျန်ခဲ့တဲ့ရပ်/ကျေး(၁၂)အုပ်စု က ကော်မရှင်အဖွဲ့(၆)ဦးပဲ အစည်းအဝေးတက်တယ်လို့သိရတယ်။ ညီလာခံကျင်းပပြီးတဲ့(၃၄)အုပ်စု က ကော်မရှင်(၉)ဦးက မတက်ကြဘူးဗျ။ သူတို့က ဖေဖော်ဝါရီ(၈)ရက် နေ့ကို ပြန်ချိန်းပေးပါလို့ တင်ပြထားတယ်သိရတယ်။ ဒီကြားထဲမှာ သရက်မြို့နယ်ညီလာခံ ကျင်းပစဉ်တုန်းက တက်ရောက်ကြတဲ့ ညီလာခံကိုယ်စားလှယ်(၁၂၉) ဦးလုံးဆီကို ဖိတ်ကြားပြီး သူတို့ အားလုံးရဲ့ဆန္ဒကို မေးမြန်းကြမယ်လို့ သိရပါတယ်။ ညီလာခံတက်ရောက်ပြီး ကျင်းပခဲ့တဲ့ ကိုယ်စားလှယ်(၁၂၉)ဦးရဲ့ ဆန္ဒအတိုင်း ဖေဖော်ဝါရီ(၈)ရက်နေ့ ညှိနှိုင်းပွဲမှာ အကြောင်းပြန်မယ်လို့ သိရပါတယ်ခင်ဗျ..။´ ဟု သရက်မြို့နယ်NLDပါတီ ညီလာခံ ကျင်းပရေးတွင် ကြီးကြပ်ရေးအဖွဲ့ မင်းတုန်းမြို့နယ် NLD ဥက္ကဋ္ဌ ဦးတင်ဝင်း မှ မဇ္ဈိမ ကို ပြောသည်။ ၀ိုင်းအောင်
 

`မကွေးမြို့နယ်NLD ရုံးတွင် NLD မြို့နယ်လူငယ်ကွန်ယက်ဖွဲ့စည်းရန် အင်အားစုဆောင်း ဟု သိရ´

ဇန်န၀ါရီ(၂၉) နံနက်(၁၁)နာရီမှ စ၍ မကွေးမြို့နယ်NLD ရုံးတွင် မြို့နယ်လူငယ်ကွန်ယက်ဖွဲ့စည်းကြောင်း သတင်းရရှိသည်။ ၎င်းနေ့တွင် မကွေးမြို့နယ်NLD ရုံး၌ မကွေးတိုင်းဒေသကြီး NLD ညီလာခံအဖွဲ့ အစည်းအဝေးလည်း ရှိကြောင်း သိရသည်။ ထို့ကြောင့်NLD မကွေးမြို့နယ်လူငယ်ကွန်ယက် ဖွဲ့စည်းခွင့်တောင်းခံ ကြောင်းသိရသည်။ ၎င်း ဖွဲ့စည်းရေးအတွက် ရန်ကုန်မြို့NLD(ဗဟို)လူငယ်ကွန်ယက် မှ ဦးမောင်မောင်ဦး နှင့် ဦးအေးထွန်း တို့ နှစ်ဦးမှ ဦးဆောင် ဖွဲ့စည်းကြောင်း သတင်းရရှိသည်။ မကွေးမြို့နယ် NLD လူငယ်ကွန်ယက် ဖွဲ့စည်းရန်အတွက် အဆိုပြုလွှာများပေးထား ခဲ့ကြောင်း၊ လူငယ်အင်အားများစုဆောင်းပြီးလျှင် (ဗဟို) မှ လာရောက်၍ ဖွဲ့စည်းပေးမည်ဖြစ်ကြောင်း၊ မြို့နယ်၊ ခရိုင်၊ တိုင်းလူငယ်ကွန်ယက်အဖွဲ့များကို ဆက်လက်ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း၊ ယနေ့ကျင်းပသော NLD မကွေးမြို့နယ် လူငယ်ကွန်ယက် အစည်းအဝေးတွင် ကြိုတင်သိရှိ ဖိတ်ကြားထားခြင်းမရှိ၍ တယ်လီဖုန်းဖြင့် ဖိတ်ကြားရကြောင်း၊ လူငယ်(၂၀)ဦးခန့်သာတက်ရောက်ကြောင်း NLDလူငယ် ကိုဦးမှ မြန်မာပို့စ် သို့ပြောကြားသည်။