Showing posts with label မြန်မာပြည် ငလျင်ဒဏ်. Show all posts
Showing posts with label မြန်မာပြည် ငလျင်ဒဏ်. Show all posts

ငလျင်လှုပ်ရင် အသက်မသေဖို့ ဒီစာလေးကိုဖတ်ထားပေပါ။


အခုတလော ငလျင်လှုပ်တာပဲ ကြားနေရတယ်။ မကြာခင်က နယူးဇီလန်၊ ပြီးတော့ ယူနန်ပြည်နယ် ရင်ကျန်းမြို့ (မြန်မာပြည်နယ်စပ်)၊ အဲဒီနောက် မတ် (၁၁) ရက်နေ့က အကြီးဆုံး ၉.၀ ဂျပန်ငလျင်၊ ဟော မနေ့က (၂၄) ရက်မှာပဲ မြန်မာနိုင်ငံနယ်စပ်၊ မယ်ဆိုင် (ထိုင်းနိုင်ငံ) နဲ့ လာအိုနယ်စပ်ဘက်မှာ ၆.၈ ငလျင် ထပ်လှုပ်ပြန်ပြီတဲ့။
သဘာဝဘေးအန္တရာယ်ထဲမှာ ငလျင်ကလည်း ကြောက်စရာကောင်းလှပါတယ်။ ကျနော်တို့ကတော့ ကံကောင်းနေကြသေးလို့ ကိုယ်တိုင်မကြုံဖူး မခံစားမိသေးဘူး။ အကယ်၍ ငလျင်လှုပ်ခဲ့ရင် ခုံအောက် ကုတင်အောက်ပဲ ပြေးပုန်းမှာလား၊ ဒါမှမဟုတ် တံခါးပေါက်ဝမှာပဲ ရပ်နေမှာလား? ဘာလုပ်ရမှန်းမသိ ဖြစ်နေမှာလား? အဲဒီလို တွေးကြည့်စဉ်းစားမိကြပါသလား? အောက်ကစာကို ဆက်ဖတ်သွားကြည့်ပါ တစ်နေ့နေ့ ခင်ဗျားအသက်ကို ကယ်တင်နိုင်မယ်လို့ ထင်ပါတယ်။
ကျနော်နာမည်က Doug Copp ပါ။ ကျနော်က အမေရိကန်နိုင်ငံ နိုင်ငံတကာ ကယ်ဆယ်ရေးအသင်း (ARTI) ရဲ့ ခေါင်းဆောင်လည်းဖြစ်ပါတယ်။ ကျနော်ဟာ ကုလသမဂ္ဂအဖွဲ့အစည်းရဲ့ သဘာဝဘေးဒဏ် ကယ်ဆယ်ရေးမှာ အထူးကျွမ်းကျင်သူအဖြစ် ၂ နှစ်ကြာလုပ်ကိုင်ခဲ့ပြီး နိုင်ငံပေါင်း ၆၀ လောက်က ပြိုကျပျက်စီးခဲ့တဲ့ အဆောက်အအုံပေါင်း ၈၇၅ လုံးထဲကို ၀င်ရောက်ခဲ့ပြီး ကျနော့်အဖွဲ့နဲ့အတူ ကယ်ဆယ်ရေးအလုပ်ကို ၁၉၈၅ ခုနှစ်ကစပြီး လုပ်ကိုင်ခဲ့ဖူးပါတယ်။
ပထမဆုံး ကျနော်ဝင်ရောက်ခဲ့တဲ့ အဆောက်အအုံကတော့ ၁၉၈၅ ခုနှစ် မက်ဆီကိုငလျင်ဖြစ်တုန်းက မက်ဆီကိုနိုင်ငံက ကျောင်းတစ်ကျောင်းဖြစ်ပါတယ်။ ကျောင်းသားအားလုံး သူတို့ရဲ့ ကျောင်းစာသင်ခုံအောက်မှာ ပုန်းနေခဲ့တယ်၊ ဒါပေမဲ့ အဲဒီကျောင်းသားအားလုံး အရိုးကြေတဲ့အထိ ဖိညှပ်ခံခဲ့ရပြီး သေဆုံးခဲ့ရပါတယ်။ အကယ်၍ သူတို့ကသာ စာသင်ခုံရဲ့ဘေးမှာပဲ လှဲလှောင်းနေခဲ့ရင် အသက်ရှင်ကောင်း ရှင်နိုင်မှာပါ။
အလွယ်ဆုံးရှင်းပြရရင် အဆောက်အအုံတစ်ခု ပြိုကျတဲ့အခါ မျက်နှာကျက်အလေးချိန်ဟာ အောက်မှာရှိတဲ့ ပရိဘောဂများ အရာဝတ္ထုများကို ကျိုးပဲ့ပျက်စီးစေပြီး အဲဒီဘေးမှာ တြိရိဂံနေရာလေး ဖြစ်ပေါ်စေပါတယ်။ တြိရိဂံနေရာက ပရိဘောဂရဲ့ ဘေးမှာနော် အောက်မှာမဟုတ်ဘူး။ အဲဒီတြိရိဂံနေရာကို ကျနော်က “Triangle of Life” လို့ ခေါ်ပါတယ်။ အောက်ဖက်က ပရိဘောဂပစ္စည်းဟာ ကြီးမားခိုင်မာလေ ဘေးကဖြစ်စေနိုင်တဲ့ တြိရိဂံနေရာလွတ်ဟာ ပိုကြီးမားမယ်၊ ဒါကြောင့် အဲဒီလိုနေရာကို အသုံးပြုပြီး ပုန်းခိုတဲ့လူဟာ ထိခိုက်ဒဏ်ရာရမှာ မဟုတ်ပါဘူး။
နောက်တစ်ခါ တီဗွီသတင်းထဲမှာ ပြိုကျနေတဲ့ အဆောက်အအုံတွေကို မြင်ရင် တြိရိဂံလိုနေရာ ဘယ်နှစ်ခုတွေ့နိုင်မလဲဆိုတာ ရှာကြည့်ပါ၊ အများကြီးတွေ့ရမှာပါ။ ကဲ ငလျင်ဖြစ်လာရင် အသုံးတကယ်ဝင်မဲ့ ဆောင်ရန်ရှောင်ရန်နည်းတချို့ကို ပေးလိုက်ပါတယ်။
၁။ လူတိုင်းလိုလို ခုံအောက်မှာ ကားထဲမှာ ၀င်ပုန်းကြတယ်၊ အဲဒီလိုနေရာမှာ ပုန်းကြတဲ့လူတွေ ဖိမိပြီးသေကြရတယ်။
၂။ ငလျင်လှုပ်ချိန်မှာ အပြင်ပြေးထွက်ဖို့ အချိန်မရှိခဲ့ရင် ဆိုဖာခုံ၊ ကုတင်၊ စားပွဲကြီး၊ ရေခဲသေတ္တာ စတဲ့ ကြီးမားတဲ့ အရာဝတ္ထုတစ်ခုခုရဲ့ ဘေးကပ်လျက်မှာ ပုဇွန်တုပ်ကွေး ကွေးပြီးနေရင် တြိရိဂံပုံနေရာလွတ်လေးက သင့်ကို ကယ်တင်နိုင်မှာပါ။
၃။ ငလျင်လှုပ်တဲ့အခါ သစ်သားအိမ်တွေကတော့ အလုံခြုံဆုံး အိမ်ပုံစံဖြစ်ပါတယ်။ ပြိုကျခဲ့ရင် နေရာလွတ်အများကြီး ဖြစ်စေပါတယ်။ အုတ်နဲ့ဆောက်ထားတဲ့အိမ်တွေ ပြိုကျရင် အုတ်ခဲတွေတစ်ခုစီကွဲကုန်ပြီး ဒဏ်ရာများစွာရစေပါတယ်။ ဒါပေမဲ့ ကွန်ကရစ်အိမ်လို ခန္ဓာကိုယ်တွေကို ဖိညှပ်ကျေပျက်စေခြင်း မရှိပါဘူး။
၎။ အကယ်၍ ညဖက်အိပ်နေချိန်မှာ ငလျင်လှုပ်ခဲ့ရင် အလွယ်တကူ ကုတင်ဘေးကို လှိမ့်ချလိုက်ပါ။ တြိရံဂံနေရာလွတ်ဟာ ကုတင်ဘေးကပ်လျက် မှာ ရှိလာမှာပါ။
၅။ အဆောက်အအုံပြိုကျတဲ့အခါ အိမ်တံခါးပေါက်ဝမှာ ပုံးနေတဲ့လူက တံခါးမကြီးဟာ အတွင်းဖက် သို့မဟုတ် အပြင်ဖက်ကိုလှဲကျပြီး အပေါ်ကမျက်နှာကြက် ပြိုကျဖိမိပြီး သေကြရပါတယ်။
၆။ ငလျင်လှုပ်တဲ့အခါ လှေကားပေါ် လုံးဝမသွားပါနဲ့။ ငလျင်ကြောင့် လှေကားပျက်မကျခဲ့ရင်တောင် လူတွေအများရဲ့ အလေးချိန်နဲ့ နောက်ပိုင်းမှာ ပြိုကျနိုင်ပါတယ်။ အဆောက်အအုံ မပျက်စီးခဲ့ရင်တောင် လှေကားကို ထပ်မံစစ်ဆေးသင့်ပါတယ်။
၇။ အပြင်ဆုံးအိမ်နံရံဖက် သို့မဟုတ် အိမ်အပြင်ဖက်ကို နီးနိုင်သမျှ အရောက်သွားနေပါ။ အိမ်အတွင်းထဲမှာနေသူဟာ အပြင်ထွက်ဖို့လမ်းကြောင်း ရှာဖွေနိုင်ဖို့ ပိုမိုခက်ခဲပါတယ်။
၈။ ကားမောင်းနေရင်း ငလျင်လှုပ်တဲ့အခါ ကားအတွင်းမှာပဲ နေကြသူများဟာ အပေါ်ကလမ်းတွေ ပြိုကျဖိမိပြီး အားလုံးသေကြရတယ်။ ၁၉၈၉ ခုနှစ် ဆန်ဖရန်စစ်စကို ငလျင်မှာ Nimitz Freeway လမ်းမကြီးပေါ်မှာ အဲဒီလို ဖြစ်ခဲ့တယ်။ ကားထဲမှာနေနေကြတဲ့လူတွေ အားလုံးသေကြတယ်။ အကယ်၍ သူတို့က ကားထဲကထွက်ပြီး မိမိရဲ့ကားဘေးမှာပဲ ထိုင်နေရင် သို့မဟုတ် လှဲနေရင် အလွယ်တကူ အသက်ရှင်နိုင်မှာ ဖြစ်ပါတယ်။ ကွန်ကရစ်တိုင်လုံးကြီး ကားပေါ်တည့်တည့် ထက်ချိုးကျတဲ့ ကားတွေကလွှဲရင် ပျက်စီးကြေမွှသွားတဲ့ ကားတွေရဲ့ဘေးမှာ ၃ ပေအမြင့်နေရာလွတ်တွေ ရှိခဲ့ပါတယ်။
၉။ ကျနော့်အတွေ့အကြုံအရ ပြိုကျသွားတဲ့ သတင်းစာတိုက်လို စက္ကူတွေအများကြီးရှိတဲ့ အဆောက်အအုံထဲမှာ စက္ကူထုတ်တွေရဲ့ဘေးနားမှာ နေရာလွတ်အများကြီး ဖြစ်နေတာကိုလည်း တွေ့ခဲ့ရပါတယ်။ (စက္ကူထုပ်တွေဟာ ပြားချပ်မသွားပဲ ထုနဲ့ တောင့်ခံနိုင်တယ်လို့ဆိုလိုတာပါ)

“The triangle of live saves lives” ဆိုတာလေးကို ထပ်မှတ်ထားလိုက်ပါ။ ဒီစာလေးကို လက်ဆင့်ကမ်းရင်း လူတစ်ယောက်ရဲ့အသက်ကို ကယ်တင်နိုင်ကြပါစေလို့…။

(မှတ်ချက်။ ။မိတ်ဆွေတစ်ယောက်ရဲ့ Fwd အီးမေးကနေ ရခဲ့တာကို ပြန်ဆိုထားခြင်းကို သဘောကျလို့ ပြန်လည်ဝေမျှခြင်း ဖြစ်ပါတယ်။)
READMORE
 

တာချီလိတ်ခရိုင် ငလျင်ဒုက္ခသည်များ အအေးဒဏ် ခံစားနေရ


တာချီလိတ်ခရိုင် ငလျင်ဒုက္ခသည်များ အအေးဒဏ် ခံစားနေရ
2011-04-01

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင်အတွင်း မတ်လ ၂၄ ရက်နေ့ ငလျင်ဘေးဒဏ်သင့်ခဲ့ကြတဲ့ ပြည်သူတွေဟာ အအေးဒဏ်ခံနိုင်တဲ့ ကူညီကယ်ဆယ်ရေး ပစ္စည်းတွေ လိုအပ်နေကြတဲ့အပြင် ကလေးအများစုဟာလည်း ဝမ်းရောဂါ ဖြစ်ပွားနေကြတယ်လို့ သိရပါတယ်။

(Photo: AFP)

ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် ၂ဝဝ၁ ခုနှစ် မတ်လ ၂၄ ရက်နေ့က အင်အား ၆.၈ ရှိသည့် ငလျင် လှုပ်သွားပြီးနောက် တာလေမြို့နယ်ရှိ ယာယီမြေစိုက်တဲတခုတွင် ငလျင်ဒဏ်မှ လွတ်မြောက်ခဲ့သည့် အဖွားအိုတဦးကို စေတနာ့ဝန်ထမ်း ဆရာဝန်တဦးက ကျန်းမာရေး စမ်းသပ် စစ်ဆေးပေးနေပုံ ဖြစ်ပါသည်။ (Photo: AFP)

တာလေနဲ့ မိုင်းလင်းဒေသတွေဖက်မှာတော့ ငလျင်ဒဏ်သင့်ခဲ့ပြီးနောက်ပိုင်း ကူညီ ကယ်ဆယ်သူတချို့နဲ့ World Vision အဖွဲ့ဝင်တွေက အစားအသောက်နဲ့ ရေသန့်ဘူးတွေ ဝေပေးခဲ့တဲ့အတွက် ကျန်းမာရေး ထိခိုက်မှု တစုံတရာ မရှိခဲ့ပေမဲ့ ခရစ်ယာန် ဘုရားကျောင်း ပြိုကျခဲ့လို့ လူ ၂၀ ကျော် ချက်ချင်းသေဆုံးခဲ့တဲ့ ကျကူညီ ကျေးရွာတဝိုက်မှာတော့ သောက်သုံးရေ အပြည့်အဝ မရရှိခဲ့တာကြောင့် ကလေးအများစုဟာ ဝမ်းရောဂါဖြစ်ပွားနေကြပြီး ဆေးဝါး အကူအညီတွေလည်း လိုအပ်နေတယ်လို့ သိရပါတယ်။

ဒါနဲ့ပတ်သက်ပြီး အဲ့ဒီဒေသအတွင်းမှာ ကူညီကယ်ဆယ်မှုတွေ လုပ်ဆောင်ပေးနေတဲ့ တသီးပုဂ္ဂလ ကူညီနေသူတဦးက RFA ကို အခုလို ပြောပါတယ်။

“ကျကူညီဖက်မှာ လောခါးတို့ရွာဖက်မှာ နည်းနည်း ဝမ်းလျှောတယ် ကလေးတွေ အယောက် ၄၀ လောက်။ ဟိုတပတ်တုန်းက သောက်သုံးရေ မရတာလေ။ ဒီတရက် နှစ်ရက်လောက်မှာ သောက်သုံးရေ ပေးလိုက်တော့ အခု ဒီနေ့တော့ ဘယ်လိုဖြစ်လာမလဲတော့ မသိသေးဘူး။ မနေ့ကတော့ အသေအပျောက်တော့ မရှိဘူး။ အများအားဖြင့် ကလေးဖြစ်တယ်။ ဆေးဝါးလည်း မရောက်သေးဘူး။ ဒုက္ခသည်တွေက ကျကူညီ တရွာတည်းမှာတော့ အခု လောလောဆယ်တော့ ခုနှစ်ရာ။ ကျကူညီရွာကပဲ လောခိုဖဲရွာမှာ ပြောင်းရွေ့နေတဲ့ ၄၄ အိမ်ကျတော့လည်း တရာ့ရှစ်ဆယ် နှစ်ရာလောက် ရှိမယ်။ ပေသေလ မှာလည်း ၂၀၀ ၊ တာလေနဲ့ဆိုတော့ အနည်းဆုံး သုံးထောင်တော့ ကျော်မယ်။”

ကူညီကယ်ဆယ်ရေးပစ္စည်းတွေ လာရောက် လှူဒါန်းနေသူတွေကိုလည်း ငလျင်လှုပ်ခဲ့ပြီးချိန်ကစပြီး စစ်အစိုးရ တပ်ဖွဲ့ဝင်တွေကိုသာ အပ်နှံပေးခဲ့ရပြီးတော့ ငလျင်ဘေးဒဏ် သင့်ခဲ့တဲ့ ပြည်သူတွေကို ကိုယ်တိုင်ကိုယ်ကျ ပေးအပ်ခွင့် မရခဲ့ပေမဲ့ အခုရက်ပိုင်းမှာတော့ လှူဒါန်းမဲ့ ပစ္စည်းစာရင်းတွေကိုသာ ပေးအပ်ရပြီး အလှူရှင်တွေကိုယ်တိုင် ငလျင်ဒဏ်သင့်သူတွေကို ကူညီခွင့် ပေးထားတယ်လို့လည်း သိရပါတယ်။

ဒါပေမဲ့ လောလောဆယ်မှာတော့ ငလျင်ဘေးသင့် ပြည်သူတွေဟာ ရာသီဥတုအေးလွန်းတာကြောင့် နွေးနွေးထွေးထွေး နေထိုင်နိုင်ကြဖို့အတွက် အဝတ်အထည်တွေနဲ့ စောင် တွေ လိုအပ်နေကြတယ်လို့လည်း ခုနက ကူညီနေသူကပဲ ပြောပါတယ်။

“အဓိက ပျက်စီးတာက ကျကူညီရယ် ပေသေလရယ် တာလေရယ် မိုင်းလင်းရယ် အဲ့ဒါပဲရှိတာကိုး။ ဒီ တာလေနားနဲ့ မိုင်းလင်း ကျတော့ ဒီလောက်ကြီး ပူစရာ မရှိပါဘူး။ ကျကူညီရွာတို့ ဒီလောခါး ရွာတို့ လေးရွာတို့ အဲ့မှာကျတော့ ဆင်းရဲတယ်။ တချို့က အနွေးထည်တွေ မရှိတဲ့အခါမှာ အခုဟာ မနေ့ကဆို အေးပြီးတော့ မီးလှုံနေတာလေ။ အဲဒါနဲ့ တာချီလိတ်က ပြည်သူ့စစ်အဖွဲ့တွေက စောင်တယောက် တထည် ၊ စောင်ရေ ၇၀၀ လောက် ပေးပေးတယ်။ လုံလောက်မှု မရှိဘူး အဲဒီမှာ လိုသေးတယ်။”

ငလျင်လှုပ်ခဲ့ပြီးနောက် တပတ်ကျော် ရှိလာပေမဲ့ ရှင်းလင်းရေးလုပ်ငန်းတွေ ပြီးစီးမှု မရှိသေးသလို ဒေသခံပြည်သူ အများစုဟာလည်း ယာယီတဲတွေနဲ့သာ နေထိုင်နေကြရဆဲ ဖြစ်တယ်လို့လည်း သိရပါတယ်။

ငလျင်ဒဏ်ကြောင့် သေဆုံးသူ ရာနဲ့ချီပြီး ရှိခဲ့တယ်လို့ ဒေသခံပြည်သူတွေက ပြောဆိုနေကြပေမဲ့ ငလျင်လှုပ်ခဲ့ပြီး စစ်အစိုးရကနေ ၁၇ နာရီအကြာမှာ ထုတ်ပြန်ခဲ့တဲ့ သတင်းမှာတော့ သေဆုံးသူပေါင်း ၇၄ ဦးသာ ရှိပြီး ဒဏ်ရာရသူ ၁၂၅ ဦး ရှိခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပြီး နောက်ပိုင်း သေဆုံး၊ ဒဏ်ရာ ရရှိသူတွေနဲ့ ပျက်စီးဆုံးရှုံးခဲ့မှုတွေနဲ့ ပတ်သက်လို့ စာရင်း ထပ်မံ ထုတ်ပြန်ခဲ့ခြင်း မရှိသေးပါဘူး။
တဆင့်ကူးယူဖော်ပြပေးပါသည်။
READMORE
 

ငလျင်ဒုက္ခသည်များအတွက် အာဏာပိုင်များမှတဆင့် လှူဒါန်းနေရ


ငလျင်ဒုက္ခသည်များအတွက် အာဏာပိုင်များမှတဆင့် လှူဒါန်းနေရ
2011-03-28

တာလေ၊ မိုင်းလင်း ဒေသက ငလျင်ဒဏ်သင့် ပြည်သူတွေကို အနီးတဝိုက် မြို့တွေက ကယ်ဆယ်ရေး ပစ္စည်းတွေ ဆက်လက် ပေးအပ်နေကြရာမှာ အများစုက စစ်တပ်အာဏာပိုင်တွေက ဖွင့်ထားတဲ့ ကယ်ဆယ်ရေး ဌာနတွေကနေတဆင့် လှူဒါန်းနေကြရပြီး တချို့ကတော့ နီးစပ်ရာ နေရာတွေကို တိုက်ရိုက် လှူဒါန်းကြတယ်လို့ စုံစမ်းသိရှိရပါတယ်။

Photo: AFP

မတ်လ ၂၄ ရက်နေ့က မြေငလျင် လှုပ်သွားပြီးနောက် ရှမ်းပြည်နယ် တာလေမြို့တွင် ထောက်ပံ့ကူညီရေး ပစ္စည်းများ သယ်လာသည့် ဒုက္ခသည် တဦးကို ပြိုကျပျက်စီးနေသော အဆောက်အအုံများ အနီး တွေ့ရပုံ ဖြစ်ပါသည်။ (Photo: AFP)

ကျိုင်းတုံဈေးသူ ဈေးသားတွေနဲ့ မြို့ခံတွေကလည်း ဆန်နဲ့ အခြားပစ္စည်းတွေ အမြောက်အမြား သွားလှူကြတယ်လို့ သိရပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ ကျိုင်းတုံ မြို့မိမြို့ဖတဦးဖြစ်တဲ့ ဆရာဦးဇော်မင်းက အခုလို ပြောပါတယ်။

“ကျွန်တော် ၂၅ နဲ့ ၂၆ ရက်နေ့ နှစ်ရက်မှာ ဆန်အိတ်ပေါင်း ၆၇ အိတ်နဲ့ အခြား ကယ်ဆယ်ရေး ပစ္စည်း အစုံပေါ့လေ၊ အာဟာရ၊ ရိက္ခာ၊ အဝတ်အထည် အစုံ သိန်း ၄၀ လောက် ကျွန်တော်တို့ ရပါတယ်။ နောက် ငွေသား သိန်း ၂၀ နဲ့ ကျွန်တော်တို့ ၂၆ ရက် မွန်းလွဲမှာပဲ ကျွန်တော်တို့ သွားပြီးတော့မှ ကယ်ဆယ်ရေး စခန်းကို သွား လက်ပြောင်းလက်လွှဲ လုပ်ပြီး လှူဒါန်းပေးခဲ့ပါတယ်။ ကျွန်တော်တို့ ကယ်ဆယ်ရေးစခန်းတွေကို သွားရောက် လှူဒါန်းပြီး အဲဒီကနေမှ သူတို့ စီမံခန့်ခွဲပြီးတော့မှ လိုအပ်သလို ဖြန့်ချိတဲ့ camp ကို သွားတာ ရှိပါတယ်။ တချို့ကျတော့ မိမိအစီအစဉ်နဲ့ ကျေးရွာတွေကို ဝင်ပြီးတော့မှ၊ တချို့ကကျတော့ အသိအကျွမ်းရှိတယ် ဆွေမျိုး မိတ်ဆွေရှိတယ် နောက် ဘုန်းကြီးကျောင်းတွေနဲ့ ပတ်သက်ပြီးတော့မှ ကိုးကွယ် ဆည်းကပ်ဖူးတဲ့ ဘုန်းကြီးကျောင်းတွေ ရှိလို့ အဲဒီလို တိုက်ရိုက် ဝင်သွားတာတွေလည်း ရှိပါတယ်။”

လောလောဆယ်မှာ ငလျင်ကြောင့် ဒဏ်ရာရထားတဲ့ လူနာ ၆ ဦးလည်း ကျိုင်းတုံဆေးရုံကို ရောက်လာတယ်လို့ သိရပါတယ်။ ဒါ့အပြင် အဲဒီဒေသမှာ ရာသီဥတု အေးနေတဲ့အတွက် ဒုက္ခသည်တွေ အခက်အခဲ တွေ့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒုက္ခသည်တွေအတွက် တာချီလိတ်၊ ကျိုင်းတုံမြို့တွေအပြင် မယ်ဆိုင်မြို့ကလည်း ကယ်ဆယ်ရေးပစ္စည်းတွေ လှူကြတယ်လို့ သိရပါတယ်။
RFA မှ တဆင့်ကူးယူဖော်ပြပါသည်။
READMORE
 

ငလျင်သင့်ဒေသမှာ ရေခက်ခဲကာ ဝမ်းရောဂါ ဖြစ်ပွား


ငလျင်သင့်ဒေသမှာ ရေခက်ခဲကာ ဝမ်းရောဂါ ဖြစ်ပွား
2011-04-01

ရှမ်းပြည်တောင်ပိုင်း မြေငလျင်သင့် ဒေသတွေမှာ ရေတွင်း ရေလှောင်ကန်တွေ ပျက်စီးဆုံးရှုံးကုန်လို့ သောက်သုံးရေ အခက်အခဲတွေ ကြုံနေရတဲ့အပြင် တချို့ဒေသတွေမှာ ဆိုရင် ဝမ်းရောဂါပါ ဖြစ်ပွားနေတယ်လို့ အကူအညီပေးသူတွေက ပြောပါတယ်။

(Photo: AFP)

၂ဝဝ၁ ခုနှစ် မတ်လ ၂၄ ရက်နေ့က ရှမ်းပြည်နယ်အရှေ့ပိုင်း ရွှေတြိဂံဒေသကို ဗဟိုပြုပြီး အင်အား ၆.၈ ရှိသည့် ငလျင် လှုပ်သွားပြီးနောက် တာလေမြို့နယ်အတွင်း ယာယီ မြေစိုက်ရွက်ဖျင်တဲ တခုတွင် ငလျင်ဒဏ်ခံ ဒုက္ခသည် ကလေးငယ်တဦးကို တွေ့ရပုံ။ (Photo: AFP)

ကူညီကယ်ဆယ်ရေးအဖွဲ့တွေက အထောက်အပံ့တွေပေးနေကြပေမဲ့ လုံလောက်မှု မရှိတဲ့အပြင် အခုဆိုရင် ဒုက္ခသည်တွေဟာ စားစရာ အခက်အခဲပါ ကြုံနေကြရတယ်လို့ သိရပါတယ်။

အဲဒီဒေသတွေဆီ သွားရောက်ပြီး အကူအညီ အထောက်အပံ့တွေ ပေးခဲ့တဲ့ တာချီလိတ်မြို့က ပုဂ္ဂလိက အလှုရှင်တဦးကို RFA မှ မခင်ခင်အိက ဆက်သွယ်မေးမြန်းပြီး တင်ပြထားပါတယ်။
တဆင့် ကူးယူဖော်ပြပါသည်။
READMORE
 

လွယ်မွေမြို့ငလျင်နှင့် ယခင်က မြန်မာပြည်ကို ကိုင်လှုပ်ခဲ့သည့် ငလျင်ကြီးများ


လွယ်မွေမြို့ငလျင်နှင့် ယခင်က မြန်မာပြည်ကို ကိုင်လှုပ်ခဲ့သည့် ငလျင်ကြီးများ
မတ် ၂၅၊ ၂၀၁၁

ငလျင်ဗဟိုက ကျိုင်းတုံ-တာချီလိတ်ကားလမ်းပေါ်ရှိ လွယ်မွေမြို့ဖြစ်သည်ဟု ဆိုသည်။ လွယ်မွေတွင် မြန်မာ့တပ်မတော်၏ ရေဒါစခန်း တည်ရှိသည်။ မြေပုံကို EMG မှ ကူးယူသည်။

၂၀၁၁ ခုနှစ်၊ မတ် ၂၄၊ ပြင်းအား RM ၇ ဒသမ သုည၊ လွယ်မွေမြို့ (ကျိုင်းတုံမြို့အရှေ့တောင်ဘက် ၃၅ မိုင်ခန့်အကွာ)၊ ပျက်စီးဆုံးရှုံးမှုသတင်း မသိရသေး

(ကိုးကား - ယနေ့သတင်းစာပါ မိုးဇလ ထုတ်ပြန်ချက်)

မြန်မာပို့စ် ဂျာနယ်တွင် ဖော်ပြခဲ့ဖူးသော ယခင် မြန်မာ့ငလျင်များအကြောင်း



မြန်မာနိုင်ငံတွင် ရှေးဟောင်းယဉ်ကျေးမှုသမိုင်းအမွေအနှစ် ပျက်စီးဆုံးရှုံးမှု အကြီးမားဆုံးပုဂံငလျင်

လွန်ခဲ့သော ၃၅နှစ် မျက်မြင်ကိုယ်တွေ့သတင်းလိုက်ခဲ့စဉ်က (၁)

မော်ကျွန်းစိုးမြင့်



အင်ဒိုနီးရှား ဆူနာမီငလျင်၊ မြန်မာ နိုင်ငံ နာဂစ်မုန်တိုင်း၊ ဟေတီငလျင် ပြင်းပြင်းထန်ထန် ဆိုးဆိုး ဝါးဝါး ဖြစ်ပေါ်ခဲ့ပြီးနောက် ယခု ချီလီငလျင် ဖြစ်လာ ပြန်သောအခါ ငလျင်အကြောင်း လူစိတ်ဝင်စားမှုမှာ အထွတ် အထိပ်သို့ ရောက်သွားသည်။ ဆက်တိုက်လိုလို ဖြစ်နေသည့် ငလျင်မှာ စိတ်ဝင်စားစရာ၊ လေ့လာစရာ၊ သတိပြုစရာ။ အဆိုပါ ငလျင်သဘာဝဘေး အန္တရာယ် အားလုံး မျက်မြင် ကိုယ်တွေ့ ဖြစ်ပြီး မီဒီယာများမှ တစ်ဆင့် တစ်ကမ္ဘာလုံး မြင်ရ ကြားရ သိရသည်။



ငလျင်အကြောင်း

ပြည်တွင်း မြန်မာ စာနယ်ဇင်းများကလည်း ငလျင် အကြောင်းကို အလေးပေး ရေးသား ဖော်ပြကြသည်။ အထူးသဖြင့် ငလျင်နှင့် ဆက်စပ်ပြီး မြန်မာ့ငလျင် ဖြစ်ပျက်ခဲ့မှုများကိုလည်း ဖော်ပြကြသည်။



တစ်ကျော့ပြန်သုတေသန

မြန်မာနိုင်ငံ ငလျင်ကော်မတီမှ ပညာရှင် တစ်ဖွဲ့ ပဲခူး၊ ရခိုင် စသည့် နေရာတို့တွင် တစ်ကျော့ပြန် ငလျင် အခြေအနေ ကွင်းဆင်း သုတေသန ပြုနေသည့် သတင်းများကိုလည်း ဖတ်ကြရသည်။ ပြည်သူများ အတွက် သတိပြု ကြိုတင် ပြင်ဆင်စရာ သတင်း အချက် အလက် များကို ပေးနိုင်လိမ့်မည်ဟု မျှော်လင့်ရသည်။



ငလျင် ၁၈ကြိမ်

မြန်မာနိုင်ငံ အလယ်ပိုင်း ၁၉ဝ၆ ခုနှစ်မှ ၂ဝဝ၃ခုနှစ် အတွင်း လှုပ်ခတ်ခဲ့သော အင်အားပြင်း ငလျင် စာရင်း အရ ၁၈ ကြိမ် ဖြစ်ပြီး ဆိုးဝါးသည့် ငလျင်များမှာ-



-၁၉၁၂ ခုနှစ်၊ ဖေဖော်ဝါရီ ၂၃၊ ပြင်းအား RM ၈ ဒသမ သုည၊ တောင်ကြီးမြို့ မြောက်ပိုင်း အကြီးအကျယ် မြေပြို။



-၁၉၃ဝ ပြည့်နှစ် ဖေဖော်ဝါရီ ၅၊ ပြင်းအားRM ၇ ဒသမ ၃၊ ပဲခူးတွင် အဆောက်အအုံများ ပျက်၊ လူ ၅ဝဝ သေဆုံး၊ ရန်ကုန်တွင် အဆောက်အအုံ အချို့ပျက်၊ လူ ၅ဝဝ သေဆုံး။



-၁၉၃ဝ ပြည့်နှစ်၊ ဒီဇင်ဘာ ၃၊ ပြင်းအား RM ၇ ဒသမ ၃၊ ဖြူးမြို့တွင် အဆောက် အအုံအချို့ ပျက်၊ လူ ၃ဝ သေဆုံး။



-၁၉၄၆ ခုနှစ်၊ စက်တင်ဘာ ၁၂၊ ပြင်းအား RM ၇ ဒသမ ၅၂ တကောင်းတွင် ဘုရားများ ပြိုကျ၊ ၃၂ အိမ်ပျက်စီး၊ စိုက်ခင်းဧက ၃၈ဝ ပျက်စီး။



-၁၉၅၆ ခုနှစ်၊ ဇူလိုင် ၁၆၊ ပြင်းအား RM ၇ ဒသမ သုည၊ စစ်ကိုင်းရှိ စေတီဘုရား အဆောက်အအုံများ ပျက်စီး၊ လူ ၄ဝ သေဆုံး၊ စစ်ကိုင်းတံတား အနည်းငယ် ရွေ့စောင်း။



-၁၉၇၅ ခုနှစ်၊ ဇူလိုင် ၈၊ ပြင်းအား RM ၆ ဒသမ ၈၊ ပုဂံ၊ ရှေးဟောင်းစေတီ အများအပြား ပျက်စီး၊ ၂ ဦး သေဆုံး။



-၁၉၉ ခုနှစ်၊ ဇန်နဝါရီ ၅၊ ပြင်းအား RM ၇ ဒသမ ၁၊ တကောင်း၊ ကောလင်း၊ ထီးချိုင့်၊ သပိတ်ကျင်းတွင် မြေပြို၊ မြေကွဲ သဲများ ပန်းထွက်၊ စေတီ အဆောက်အအုံများ ပျက်စီး။



-၂ဝဝ၃ ခုနှစ်၊ စက်တင်ဘာ ၂၂၊ ပြင်းအား RM ၇ ဒသမ ၇၊ တောင်တွင်းကြီးတွင် မြေပြို၊ စေတီ ပုထိုးလုပ်ငန်းများနှင့် တံတားအချို့ အက်ကွဲ ပျက်စီး။



ပျက်စီးမှုအများဆုံး

အဆိုပါ ငလျင် ဖြစ်ပျက်မှုတွင် ၁၉၇၅ခုနှစ်၊ ဇူလိုင် ၈ရက်က ပြင်းအား RM ၆ ဒသမ ၈ လှုပ်ခဲ့သည့် ပုဂံငလျင်သည် ကမ္ဘာကလေးစား၊ မြတ်နိုး တန်ဖိုးထားသည့် သမိုင်းဝင် ရှေးဟောင်း ယဉ်ကျေးမှု အဆောက်အအုံ ထိခိုက်ပျက်စီးမှုမှာ အများဆုံး။



ကြုံတောင့်ကြုံခဲ

အဆိုပါ ပုဂံ ငလျင် သတင်းကို ဆရာ ဂျာနယ်ကျော်စောဦး၏ တာဝန်ပေးချက် အရ ကျွန်တော် မျက်မြင် ကိုယ်တွေ့ သတင်း လိုက်ခွင့်ရခဲ့သည်။ ရတောင့်ရခဲ ကြုံတောင့် ကြုံခဲ သတင်း အခွင့်အရေးကြီးပင် ဖြစ်သည်။



၃၅နှစ်ကြာပြီ

ယနေ့အချိန်တွင် ပုဂံငလျင် သက်တမ်းကို ရေတွက်ကြည့်သောအခါ ၃၅နှစ် ပင်ရှိပြီ။ ထိုစဉ်က ကျွန်တော့် အသက်မှာ ၃၁နှစ်၊ စာနယ်ဇင်းသမားပေါက်စဘဝ။



ရင်ခုန်နေဆဲ

ယနေ့ အသက် ၆၆ နှစ် အဘိုးအို စာနယ်ဇင်းသမား ဘဝတွင် မျက်မြင်ကိုယ်တွေ့ ပုဂံငလျင် အကြောင်းကို ပြန်တွေး ကြည့်သောအခါ ပူပူ နွေးနွေး လတ်လတ် ဆတ်ဆတ်ဖြစ်နေဆဲ၊ ရင်ခုန်နေဆဲ၊ ကြေကွဲ ဆို့နင့်နေဆဲ၊ နှမြောတသ ယူကျုံးမရ ဖြစ်နေဆဲ။ ရက်စက်သည့် ငလျင်ကို ဒေါပွနေဆဲ။



ကားအဆင့်အဆင့်

ထိုစဉ်က ကျွန်တော်သည် ပုဂံငလျင် သတင်းယူရန် သူငယ်ချင်း ဓာတ်ပုံဥက္ကလာ ထွန်းရွှေ (ယခု မြန်မာနိုင်ငံ ဓာတ်ပုံပညာရှင်) နှင့် အတူ ဇူလိုင် ၁၃ ရက်တွင် ရန်ကုန်မှ သာစည်သို့ ရထားဖြင့်လာခဲ့ပြီး၊ သာစည်မှ မိတ္ထီလာ၊ မိတ္ထီလာမှ ကျောက်ပန်းတောင်းသို့၊ ကျာက်ပန်းတောင်းမှ ပုဂံညောင်ဦးသို့ ကား အတန်တန် စီး၍ လာခဲ့ရသည်။ လမ်း တစ်လျောက်တွင် ပုဂံငလျင် အပျက်အစီးကို သွားကြည့်ရန် ကားကြုံ စောင့်နေသူများကို တွေ့ရသည်။ ပုဂံငလျင်ကို ကျွန်တော် ရက်သတ္တတစ်ပတ်ခန့် နေပြီး သွားလာ ကြည့်ရှု သတင်းရယူခဲ့သည်။



အနီရောင်ဖုန်လုံးကြီး

ပုဂံငလျင်လှုပ်မှု ကိုယ်တွေ့ကြုံသူ ဒေသခံ ပြည်သူများက ပြောကြားရာတွင်



-ညနေ ၆နာရီ ၃၂ မိနစ်အချိန်မှာ အနောက်တောင် အရပ်ဆီက အနီရောင် ဖုံလုံးကြီးများ၊ လိပ်တက်လာပြီး ကြောက်မက်ဖွယ်ရာ တုန်ဟည်းသော အသံကြီး ထွက်ပေါ်လာပါတယ်။ - အဲဒီအသံကြီး ပျောက်ကွယ်သွားတာနဲ့ တစ်ပြိုင်နက်တည်း အနောက်တောင်အရပ်မှ အရှေ့မြောက် အရပ်ဆီသို့ ငြိမ့်ညောင်းစွာ စတင် လှုပ်ပါတယ်။



အထက်အောက် ကိုင်ဆောင့်သလို

-ညင်သာစွာ လှုပ်ရှားမှုဟာ စက္ကန့်ပိုင်းမျှရပ်နားပြီး မြေသားထုဟာ အထက်အောက် ကိုင်ဆောင့်သလို အကြိမ်များစွာ ပြင်းပြင်း ထန်ထန် လှုပ်ပါတယ်။ ဒီလိုလှုပ်လို့ စက္ကန့်ပိုင်းမျှရပ်သွား ပြီးတဲ့နောက် အနောက်တောင်မှ အရှေ့မြောက်သို့ ပြင်းထန်စွာ တုန်လှုပ်သွားပါတယ်။



နှစ်မိနစ်ကြာ

-အစအဆုံး လှုပ်ရှားချိန်ဟာ နှစ် မိနစ် ခန့် ကြာခဲ့ပါတယ်။ ဒီထက် အချိန်ပို လှုပ်ရင် ရှိတဲ့ အဆောက်အအုံတွေ ကုန်မလား မပြောတတ်ဘူး။



အမြောက်ဆန် ထိမှန်သလို

မျက်မြင်ကိုယ်တွေ့ ပုဂံညောင်ဦးသား ဦးတင်ဝိုင်းက ပြောကြားရာတွင် ''ဝေါခနဲ မြည်လာတဲ့ အသံကြားလို့ ကြည့်လိုက်တော့ ပတ်ဝန်းကျင် တစ်ခုလုံး ဟိုဘက်က ဘုရား ပြိုကျလာလိုက် ဒီဘက်က ဘုရား ပြိုကျလာလိုက် ဖြစ်နေတာကို တွေ့ရပါတယ်။ ဘုရားတွေပြိုပုံက အမြောက်ဆန် ထိမှန်သလို ပေါက်ကွဲပြီး အုတ်နီမှုန့်တွေ အထက်ကို လွင့်တက်လာပါတယ်။ ပြိုကျတဲ့ အသံတွေကလည်း စုံနေပါတယ်။ အားလုံး ဆူညံသွားတယ် ဆိုတာကိုပဲ သတိ ပြုမိပါတော့တယ်'' ဟု ပြောကြားသည်။

တစ်မြို့လုံး နီရဲနေ

ထိုအချိန်တွင် ဧရာဝတီမြစ် အနောက်ဘက်ကမ်းမှ အောင်သာနှင့် မြစ်ခြေ အရပ်မှလူများက ပုဂံညောင်ဦး တစ်မြို့လုံး နီရဲနေသည်ကို တွေ့ရပြီး မီးလောင်နေပြီဟု ထင်မှတ်နေခဲ့ကြသည်။ ဘုရားစေတီများ ဆီမှ အထက်သို့ လွင့်တက်လာသည့် မြေနီမှုန့်အရောင်များသာလျှင် ဖြစ်သည်။ အလင်းရောင် အနည်းငယ် ရှိသေး၍ မှုန်ဝါးဝါး မြင်ရခြင်း ဖြစ်သည်။



တော်လည်းသံပေးလာ

အရှေ့ဖွားစောရွာမှ ဦးမြင့်ရှိန်က ပြောကြားရာတွင် ''ကျွန်တော်က ရေစည်တိုက်ပြီး ပြန်လာတာ၊ ရွာထဲမှာ မီးလောင်နေပြီလို့ ထင်လိုက်တယ်။ ငလျင်က တောင်ဘက်က လာပြီး ဟည်းဟည်း ဟည်းဟည်းနဲ့ အသံ မြည်နေတာပဲ။ တော်လည်းသံ ပေးလာတာဗျ'' ဟု ပြောကြားသည်။



ချာချာလည်

ငလျင်လှုပ်စဉ် ပုဂံညောင်ဦးမြို့ တွင် ရေအိုးများ ဘောင်ဘင်ခတ်၍ ဖိတ်စင် ထွက်ကျကုန်သည်။ စည်ပိုင်းထဲမှ ရေများ သွန်ပစ်လိုက်သလို ချာချာလည် ဖိတ်စဉ် ထွက်ကျကုန်သည်။ ရပ်ထားသော ကားကလေးများ တစ်တောင်ခန့် မြင့်တက်သွားသည်။ ပုဂံရှိ သီရိပစ္စယာ ဟိုတယ်မှ အရက် ပုလင်းများနှင့် အိုး၊ ခွက်၊ ပန်းကန် အချို့ လွင့်စင်ပြီး ကွဲရှကုန်သည်။



လှိုင်းလုံးကြီးများ မည်းနက်နေ

ငလျင်လှုပ်စဉ် ဧရာဝတီ ကမ်းစပ်တွင် ပိုက်ဆွဲနေသည့် တံငါသည် ဦးမြမောင်က ပြောကြားရာတွင် ''ခါတိုင်းလို လေမတိုက်ဘူး။ လေငြိမ်နေတယ်။ ဝုန်းကနဲ အသံကြီးနဲ့ လှိုင်းလုံးကြီးတွေ လူတစ်ရပ် လောက် မြင့်တက်သွားပြီး ကမ်းကို ရိုက်ခတ်သွားတယ်။ ဒါကြောင့် ကျွန်တော့် လှေကလေးဟာ ရေထဲမှာ မြောက်တက်သွားပြီး သွက်သွက်ခါ လှုပ်ရမ်းနေတယ်။ အဲဒီ လှိုင်းလုံးကြီးတွေကို ကြည့်လိုက်တော့ အရောင်ဟာ မည်းနက်နေတာပဲ။ ကျွန်တော် ပိုက်ဆွဲနေတဲ့ မြစ်ရေပြင်ဟာလည်း ရေနက်ကြီးတွေ ပွက်ပွက် ထနေတာကို တအံ့တသြ တွေ့မြင်ရတယ်။ ဒါကြောင့် ကျွန်တော်လည်း ကြောက်လန့်ပြီး ကမ်းပေါ်တက်ပြေးခဲ့တာပဲ''ဟု ပြောကြားသည်။

ဧရာဝတီ မြစ်လယ် တစ်နေရာတွင် ပိုက်ချနေသည့် မောင်မြင့်ဆွေကမူ''ငလျင် လှုပ်မှန်းတောင် ကျွန်တော် မသိလိုက်ဘူး''ဟု ပြောကြားသည်။



မြေများကျွံနိမ့်ဆင်းသွား

ဧရာဝတီမြစ်လယ်မှ ကျွန်းရွာများတွင် မြေများ ပတ်ကြားအက်ကွဲသွားခဲ့သည်။ အချို့နေရာများတွင် မြေများကျွံကာ နိမ့်ဆင်းသွားသည်မှာ ဖျာတစ်ချပ်စာ၊ ယာတစ်ခင်းစာမျှ ကျယ်သည် ဟု ဆိုသည်။



မြေကြီးထဲကမြည်နေ

သီရိပစ္စယာရွာမှ ဦးအုန်းမောင်က ပြောကြားရာတွင် ''အထက်အောက် လေးငါးခြောက်ချက် ပင့်ပြီး လှုပ်လိုက်တာ တော်တော်ပြင်းတယ်။ တစ်ရွာလုံး တုံးလုံး ပက်လက်တွေ ဖြစ်ပြီး အကုန် လဲကျတာပဲ။ ကျွန်တော်အိမ်ပေါ်မှ ခုန်ဆင်းပြီး ကလေးတွေကို ဖက်ပြီးမြေပေါ်မှာ ဝပ်နေခဲ့ရတယ်။ မြေကြီးထဲက ဗြုတ်ဗြုတ် ဗြုတ်ဗြုတ်နဲ့ မြည်နေတာကို ကြားတယ်''ဟု ပြောကြားသည်။



လဲပြီးမေ့သွား

ထိုရွာမှအမေကြီးအို ဒေါ်သူတော် (အသက်၆ဝ)သည် ငလျင်အလှုပ်တွင် အိမ်ပေါ်မှ အောက်သို့ ဆင်းအပြေး လဲပြီး မေ့သွားသည်မှာ ၁ဝမိနစ်ခန့် ကြာသည်။ တစ်ပတ်ခန့် ကြာသည်အထိ သူ၏စိတ်ထဲတွင် ငလျင်လှုပ်နေတုန်းပဲ ဟု ထင်ကာ မူးမူးနေခဲ့သည်။ ထိုရွာမှ အသက်၇ဝအရွယ်ရှိ ဘကြီးက နဂါးရုံဘုရားတွင် ငလျင် လှုပ်သည်နှင့် ကြုံပြီး မေ့မြောနေခဲ့သည်။ အိမ်သို့ ထမ်းပိုး ခေါ်ယူလာပြီး ရက်အတန်ကြာ ဆေး ကုသခဲ့ရသည်။



မဇီးကွက်စိန်

သီရိပစ္စယာရွာမှ ကိုယ်ကာယဖွံ့ထွားကာအရပ်ရှည်ပြီး တစ်နေ့ ဆန်တစ်ပြည် ချက်စားသည့် မဇီးကွက်စိန်အား တွေ့ဆုံခဲ့ရာ ''ငလျင်လှုပ်တော့ ကျွန်မအမေနဲ့ ကျွန်မ သားအမိ နှစ်ယောက် ဖက်ပြီး မြေမှာဝပ်နေတယ်။ ဘုရားကို အာရုံ ပြုကြတယ်။ မေတ္တာပို့ကြတယ်။ အမျှဝေကြတယ်။ သတ္တဝါတွေ ဒီငလျင်ဘေးကြီးက လွတ်ပါစေလို့ ဆုတောင်းကြပါတယ်''ဟု ပြောကြားသည်။ (ထိုစဉ်က မဇီးကွက်စိန် ဖွံ့ထွားမှုကို သတင်းစာများတွင် အထူးအဆန်း သတင်းအဖြစ် ဖော်ပြခဲ့ကြသည်။ ငလျင်ဖြစ်ပြီး မကြာမီ သူဆုံးသွားရှာသည်။)



မီးပျက်၊ ဖုန်းပျက်

ထိုညက ပုဂံညောင်ဦး တစ်မြို့လုံး လျှပ်စစ်မီးများပြတ်သွားသည်။ တယ်လီဖုန်းလိုင်းများကလည်း ပြတ်သွားသည်။ လေယာဉ်ကွင်းရှိ တာဝါတိုင်မှာ ဆက် သွယ်၍လည်း မရ။ ဟိုဘက်က ပြိုဦးမလား၊ ဒီဘက်က ပြိုဦးမလား ဆိုပြီး စိတ်ခြောက်ခြားနေခဲ့ကြသည်။



ဥက္ကာပျံခြင်း

ငလျင်လှုပ်ပြီးနောက် ထူးခြားမှု အခြေအနေများနှင့် စပ်လျဉ်း၍ သိရသည်မှာ ငလျင်လှုပ်ပြီးနောက် လေတိုက်လာခြင်းပင် ဖြစ်သည်။ ငလျင်လှုပ်ပြီး ည ၈နာရီခွဲခန့် အချိန်တွင် အနောက်တောင်ထောင့် ဆီမှ ကြယ်ကြီးတစ်လုံး ရွေ့လာကာ မာကြူရီ မီးရောင်လိုလင်းထိန်ပြီး ကြွေကျသွားကြောင်း၊ အလားတူစွာပင် နောက်တစ်လုံးလည်း ကြွေကျခဲ့ကြောင်း၊ ဥက္ကာပျံသည်ဟု လူကြီးများက ပြောကြကြောင်း ရွှဆံတော်စေတီတွင် ထိန်းသိမ်းရန် အစောင့်တာဝန် ကျသည့် မီးသတ် တပ်ဖွဲ့ဝင်များက ပြောကြားကြသည်။
မိုးမခ မှ တဆင့်ကူးယူဖော်ပြပါသည်။
READMORE
 

ထိုင်းမြန်မာနယ်စပ်ငလျင်လှုပ်၊ အသေအပျောက် များပြား






ထိုင်းမြန်မာနယ်စပ်ငလျင်လှုပ်၊ အသေအပျောက် များပြား
မိုးမခအထောက်တော် အမှတ် ၃
မတ် ၂၅၊ ၂၀၁၁ တာလေမြို့မှ မြင်ကွင်းတခု (reuters)


ညနေ ၆း၀၀ နာရီ - ဒဏ်ရာရ ၁၁၁၊ သေဆုံးသူ ၇၄ ဦး ရှိသည်ဟု မြန်မာ့ရုပ်သံက ကြေညာသည်။

နေ့ ၁း၀၀ နာရီ - ဒဏ်ရာရသူ ၄၀၊ သေဆုံးသူ ၅၀ ထက်မနည်း ရှိသည်ဟု တာချီလိတ်အာဏာပိုင်တဦးက သောကြာနေ့တွင် ပြောကြောင်း AFP က ဆိုသည်။ (MSNBC သတင်း)

ပျက်စီးသည့် အဆောက်အအုံပေါင်း ၁၀၀ ကျော်မည်ဟု တာချီလိတ် အာဏာပိုင်တဦးက Reuters ကို ပြောသည်။ (MSNBC သတင်း)

ငလျင်ဗဟိုနှင့် နီးသည့် တာလေ၊ မိုင်းလင်း မြို့များ (Tarlay and Mine Lin) တွင် သေဆုံးသူ ဒါဇင်နှင့်ချီကြောင်း အရာရှိတဦးက AFP ကို ပြောသည်။ ပြိုသည့် အဆောက်အအုံပေါင်း ၁၃၀ ကျော်မည်ဟု ဆိုသည်။ (MSNBC သတင်း)

"မိုင်းလင်းမှာလည်း ၁၃ ဦးလောက် သေပါတယ်" ဟု ဒေသခံတဦးက ပြောသည်။ (Eleven သတင်း)



နံနက် ၉း၀၀ နာရီ - နယ်စပ်ငလျင်တွင် သေဆုံးသူ ၂၅ ဦးထက်မနည်း ရှိသည်ဟု AFP သတင်းတပုဒ်တွင် ဖော်ပြထားသည်။ တာချီလိတ်အနီးရှိ တာလေမြို့တွင် ၂၄ ဦး (ကျား ၁၁၊ မ ၁၃) သေဆုံးကြောင်း မြန်မာအရာရှိတဦး၏ ပြောဆိုချက်ကို AFP တွင် ရေးထားသည်။ သေဆုံးမှု ပမာဏ ထိုထက်ပိုနိုင်သည်ဟု ဆိုသည်။

"မြို့ထဲမှာ ဘုန်းကြီးကျောင်း ၅ ကျောင်း၊ အဆောက်အအုံ ၃၅ ခု ပြိုလဲသွားတယ်၊ ပြိုတော့ အဲဒီမှာ သေကြရတာပါ" ဟု ထိုအရာရှိက ပြောပြသည်။ လမ်းများ ပျက်စီးသွားသဖြင့် သွားလာရ ခက်ခဲသည်ဟု ဆိုသည်။

ထိုင်းသို့ ရောက်လာသော မြန်မာငလျင်ဒုက္ခသည်များ၊ ငလျင်ဗဟိုချက်ပြ မြေပုံ (AFP)



ယနေ့ထုတ် မြန်မာ့အလင်းသတင်းစာမှ ဖော်ပြချက်



နံနက် ၆း၀၀ နာရီ - ထိုင်းမြန်မာနယ်စပ်တွင် ငလျင်လှုပ်သဖြင့် အနည်းဆုံး ၂ ဦး သေဆုံးကြောင်း ၂ နိုင်ငံအရာရှိများက AFP သတင်းဌာနကို ပြောသည်။ သေဆုံးသူထဲတွင် ကလေးတဦးလည်း ပါဝင်သည်ဟု ဆိုသည်။

"တာချီလိတ်မှာ ကလေးတယောက် သေတယ်လို့ သိရတယ်။ အိမ်ပြိုလို့ သေသွားတာ" ဟု အရာရှိတဦးက ပြောကြောင်း AFP သတင်းတပုဒ်အရ သိရသည်။

ရှမ်းပြည်နယ်၊ တာချီလိတ်မြို့တွင် အပြင်းအထန် ဒဏ်ရာရသူ ၃ ဦးရှိသည်ဟုလည်း သူက ဆိုသည်။

"ရပ်ကွက်အာဏာပိုင်တွေကတော့ လော်စပီကာနဲ့ လိုက်ကြေညာရတယ်၊ အိမ်တွေထဲမှာ မနေကြဖို့ပေါ့" ဟု သူက ရှင်းပြသည်။

ဘန်ကောက်ပို့စ် သတင်းစာတွင် ဖော်ပြချက်အရ ထိုင်းဘက်တွင် အသက် ၅၅ နှစ်အရွယ် အမျိုးသမီးတဦး သေဆုံးသည်ဟု သိရသည်။

ငလျင်က ရှမ်းပြည်နယ်ရှိ ကျိုင်းတုံမြို့တွင်လည်း လှုပ်သွားကြောင်း AP သတင်းတပုဒ်တွင် ရေးထားသည်။ ထိခိုက်ဒဏ်ရာရမှု မရှိကြောင်း ကျိုင်းတုံဆေးရုံဝန်ထမ်းများကို ကိုးကားပြီး ရေးသားထားသည်။ အပျက်အစီး အနည်းအကျဉ်းသာ ရှိသည်ဟု မျက်မြင်သက်သေများက ပြောကြောင်း၊ သို့သော်လည်း ငလျင်ကြောင့် ဒေသခံများ ထိတ်လန့်နေကြသည်ဟု ဆိုသည်။

"လူတွေ အိမ်အပြင်ဘက်ထွက်ပြေးပြီး မြေပေါ်မှာ ၀ပ်နေကြတယ်" ဟု ကျိုင်းတုံဒေသခံတဦးက AP ကို ပြောသည်။

"ငလျင်အသေးလေးတွေ ထပ်ထပ်လှုပ်နေလို့ မြေကြီးပေါ်မှာ ဒီအတိုင်း ထိုင်နေကြတယ်၊ တချို့အိမ်တွေဆို တီဗီအင်တာနာတိုင်တွေလဲကုန်တယ်၊ ဘုရားစင်တွေလည်း ပြုတ်ကျတယ်" ဟု သူက ဆက်ပြောပြသည်။

နေပြည်တော်တွင်လည်း ငလျင်လှုပ်သဖြင့် အိမ်ထဲမှ ထွက်ပြေးကြရသည်ဟု AP သတင်းတွင် ရေးထားသည်။
ငလျင်ကြောင့် အနည်းဆုံး ၁ ဦး သေဆုံးခဲ့ရသည့် တာချီလိတ်မြို့ (photo: Moemaka)


တဆင့် ကူးယူဖော်ပြပါသည်။
READMORE
 

ရှမ်းပြည်နယ်မှာ နောက်ဆက်တွဲ ငလျင်တွေလှုပ်

ရှမ်းပြည်နယ်မှာ နောက်ဆက်တွဲ ငလျင်တွေလှုပ်

By မခင်ဖြူထွေး သောကြာ, 25 မတ် 2011
House destroyed by the earthquake in northern Burma on March 24, 2011

မြန်မာ၊ ထိုင်းနဲ့ လာအိုနိုင်ငံဆုံရာ ရွှေတြိဂံဒေသမှာ ဗဟိုပြုပြီး ပြီးခဲ့တဲ့ ကြာသပတေးနေ့ညပိုင်းက လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် သေဆုံးသူ ရာနဲ့ချီရှိခဲ့ပြီး လူနေအိမ်၊ ဆေးရုံနဲ့ ဘုန်းကြီးကျောင်းတွေ အပါအဝင် အဆောက်အဦး အများအပြား ပျက်စီးခဲ့ရပါတယ်။ နောက်ဆက်တွဲ ငလျင်ငယ်တွေ ဆက်လှုပ်နေတာရှိသလို အပျက်အစီး၊ အသေအပျောက် တိုးလာနိုင်ဖွယ်လည်း ရှိနေပါတယ်။ နောက်ဆုံး အခြေအနေသိရအောင် ဆက်သွယ်စုံစမ်းထားတဲ့ မခင်ဖြူထွေးက တင်ပြထားပါတယ်။

ရွှေတြိဂံဒေသမှာ ဗဟိုပြုပြီး ပြင်းအား ရစ်ခ်ျတာစကေး ၇ လောက် ရှိတဲ့ငလျင် လှုပ်ခတ်ခဲ့တာ နှစ်ရက် ကြာခဲ့ပြီးတဲ့နောက် အသေအပျောက်နဲ့ အပျက်အစီး အများဆုံးရှိခဲ့တဲ့ မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်းက ထိခိုက်ပျက်စီးမှု အခြေအနေ အသေးစိတ် မသိရသေးပေမဲ့ ဒေသခံတချို့ရဲ့ ပြောဆိုချက်အရတော့ အခုနောက်ဆုံး သေဆုံးသူဟာ ၁၃ဝ ကျော်သွားပြီဖြစ်ပါတယ်။ မြန်မာစစ်အစိုးရသတင်းတွေမှာ နောက်ဆုံးဖော်ပြထားတာကတော့ သေဆုံးသူ ၆၅ ဦးနဲ့ ဒဏ်ရာရသူ ၁၁၁ ဦးရှိပြီး လူနေအိမ် ၂၄၄ လုံး၊ ဘုန်းကြီးကျောင်း ၁၄ ကျောင်းနဲ့ အစိုးရရုံး အဆောက်အဦး ၉ ခုအပါအဝင် လမ်း၊ တံတားတချို့ ပျက်စီးသွားတယ်လို့ ဆိုပါတယ်။ ကြာသပတေးနေ့ညပိုင်းက အင်အားပြင်းငလျင် ၂ ကြိမ်လှုပ်ခဲ့ပြီးတဲ့နောက် နောက်ဆက်တွဲ ငလျင်တွေလည်း မကြာခဏဆိုသလို လှုပ်ခတ်နေတုန်းဖြစ်တယ်လို့ ဒေသခံတွေက ပြောပြကြပါတယ်။

ကျမတို့ အခုအသံမလွှင့်ခင်လေးတင် မြန်မာစံတော်ချိန် မနက် ၅ နာရီခန့်မှာပဲ တာချီလိတ်မြို့မှာ ပြင်းအားအဆင့် ၅ လောက်ရှိတဲ့ငလျင်ငယ်တခု ထပ်မံ လှုပ်ခတ်သွားတယ်လို့ အမေရိကန်ဘူမိဗေဒနဲ့ မြေငလျင် တိုင်းတာရေးဌာနက သတင်းထုတ်ပြန်လိုက်ပါတယ်။ ဒီအခြေအနေနဲ့ပတ်သက်လို့ တာချီလိတ်မြို့ခံတဦးက အခုလို ပြောပြပါတယ်။

“မနက် ၅ နာရီ ၁ဝ မိနစ်လောက်က လှုပ်သွားတယ်။ ကျနော် အိပ်ယာကအထပဲ။ ဟိုတနေ့ ၈ နာရီခွဲ လောက်က လှုပ်တဲ့ဟာလောက် မပြင်းဘူးလေ။ နည်းနည်းတော့ခါသွားတာပေါ့။ ကြောက်နေကြတာပေါ့ဗျာ။ မနေ့ကဆိုလည်း ဈေးတွေ၊ ဆိုင်တွေတောင် မဖွင့်ဘူး။ စိုးရိမ်နေကြတာပေါ့။ ဘယ်လောက်များ ပြင်းပြင်းထန်ထန်ကြီး ထပ်လာဦးမယ်။ ဘယ်လိုကြီးဖြစ်လာဦးမလဲ၊ ဘယ်သူကမှ ဘာမှမသိနိုင်တဲ့ ကိစ္စကြီးကိုး။ မနေ့ကတုန်းကတော့ ရပ်ကွက်ကလာပြောတာပေါ့။ နောက်ဆက်တွဲ ငလျင်လေးတွေလာမယ်။ သတိထားနေကြပေါ့။ အဆောက်အဦးအကြီးကြီးတွေ ဘာတွေရဲ့အောက်မှာ မနေကြနဲ့ပေါ့။ ကွင်းပြင်တို့ ကွက်လပ်တို့မှာ နေကြပေါ့။ အခု တာချီလိတ်မြို့မှာက ဘောလုံးကွင်းဆိုတဲ့ ရှမ်းရိုးမကွင်းထဲမှာ အဲဒီတရားပွဲကလည်း ရှိနေတာကိုး။ တရားပွဲရှိတော့ လူတွေက အဲဒီတရားလည်းနာရင်း အဲဒီမှာ တဲလေးတွေ သေးသေးလေးတွေ၊ မိသားစုတဲလေးတွေ ထိုးပြီးတော့ အဲဒီမှာနေကြတာများပါတယ်။”

တကယ်တမ်းတော့ တာချီလိတ်မြို့ဟာ ငလျင်ဒဏ်အပြင်းအထန် ခံရတဲ့နေရာမဟုတ်ပါဘူး။ အသေအပျောက်နဲ့ ပျက်စီးဆုံးရှုံးမှု အများဆုံးဟာ တာချီလိတ်မြို့ရဲ့ အရှေ့မြောက်ဘက် မိုင် ၃ဝ အကွာလောက်မှာရှိတဲ့ တာလေနဲ့ မိုင်းလင်းကျေးရွာတွေမှာ ဖြစ်ပါတယ်။

“အဆိုးရွားဆုံးနေရာဖြစ်တဲ့ ကျနော်တို့နဲ့ မိုင် ၃ဝ လောက်ဝေးတဲ့ တာလေ တိုက်နယ်ဆေးရုံလေးက ပြိုကျသွားတဲ့အခါကျတော့ ဒီမြို့နယ်ဆေးရုံကို လာတက်ကြတဲ့သူတွေရှိပါတယ်။ တာချီလိတ်မှာ။ တာလေနားက တံတားကြီးက ၅ ပေလောက် နိမ့်ဝင်သွားတယ်လို့ပြောတယ်။ တာလေနားမှာ မြို့အဝင် တံတားကြီးတခုရှိတယ်လေ၊ အဲဒါကြီးက တဖက်က နိမ့်ဝင်သွားတယ်လို့ပြောတာပဲ။ ကားကြီးတွေတော့ သွားမရဘူး။ စက်ဘီးနဲ့ ဆိုင်ကယ်နဲ့ ကားသေးသေးလေးတွေပဲ သွားရတယ်လို့ပြောတယ်။ သူတို့လည်း အားချင်း ပြင်တော့ပြင်နေတယ်လို့ ပြောကြတာပဲ။”

နောက်ထပ် ငလျင်ကြီးတွေ လှုပ်ခတ်လာမှာကိုစိုးရိမ်တဲ့အတွက် တာချီလိတ်မြို့ခံတွေကတော့ နေအိမ်တွေမှာ မနေကြတော့ဘဲ ကွင်းပြင်တွေမှာ ထွက်ပြီးနေကြတယ်လို့လည်း ဒေသခံက ပြောပြပါတယ်။

ရွှေတြိဂံဒေသမှာ ဗဟိုပြုလှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ဟာ ထိုင်း၊ တရုတ်နဲ့ ဗီယက်နန်နိုင်ငံ ဟနွိုင်းမြို့တော်တို့အထိပါ ရိုက်ခတ်မှုတွေ ရှိခဲ့ပါတယ်။ မြန်မာနိုင်ငံနဲ့ကပ်လျက် တရုတ်နိုင်ငံ ယူနန်ပြည်နယ်တွင်းက မြို့နယ်ပေါင်း ၂၃ မြို့မှာ လူနေအိမ် ၅ ထောင်ကျော် ပျက်စီးခဲ့သလို လူပေါင်း ၆၅ဝဝ ကျော် ထိခိုက်ခဲ့ရတယ်လို့ တရုတ်တာဝန်ရှိသူတွေရဲ့ ပြောဆိုချက်ကို ကိုကားပြီး တရုတ်ဆင်ဟွာ သတင်းမှာ ဖော်ပြထားပါတယ်။

ထိုင်းမြန်မာနယ်စပ် မယ်ဆိုင်မြို့မှာလည်း အပျက်အစီးတွေရှိခဲ့ပြီး အမျိုးသမီး တစ်ဦးသေဆုံးခဲ့ပါတယ်။ မြန်မာနိုင်ငံမှာတော့ အပျက်အစီး အသေအပျောက် အများဆုံးရှိခဲ့တယ်ဆိုပေမဲ့ ပျက်စီးဆုံးရှုံးမှု အခြေအနေ အသေးစိတ်ကို သိရဖို့ကတော့ ခက်ခဲနေတုန်းဖြစ်ပါတယ်။

ကုလသမဂ္ဂ ကလေးငယ်များ ကူညီစောင့်ရှောက်ရေး ရန်ပုံငွေအဖွဲ့ UNICEF နဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO တို့ကတော့ ငလျင်ဒဏ်သင့်ဒေသတွေမှာ သူတို့ရဲ့ဝန်ထမ်းတွေကို စေလွှတ်ထားပြီး ဒီအဖွဲ့တွေ အပါအဝင် ကုလသမဂ္ဂရဲ့ ကူညီထောက်ပံ့ရေးအဖွဲ့တွေ အနေနဲ့ ငလျင်ဒုက္ခသည်တွေအတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ စတင်လုပ်ဆောင်ပေးနေပြီလို့ ကုလသမဂ္ဂက မနေ့က သတင်းထုတ်ပြန်ပါတယ်။ ငလျင်ဒဏ်သင့်ဒေသမှာ ရောက်ရှိနေတဲ့ ကုလသမဂ္ဂ ကူညီထောက်ပံ့ရေးအဖွဲ့တွေရဲ့ ကနဦး လေ့လာတွေ့ရှိချက်တွေအရ မြန်မာနိုင်ငံတွင်းက ငလျင်ဒဏ် အဆိုးရွားဆုံးသင့်ခဲ့တဲ့ဒေသမှာ အနည်းဆုံး အိမ်ခြေ ၄ဝဝ နဲ့ ဆေးရုံတခု ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။ ကြာသပတေးနေ့ညဦးပိုင်းက အင်အားကြီးငလျင် လှုပ်ခတ်ခဲ့ပြီးတဲ့နောက်ပိုင်း နောက်ဆက်တွဲ ငလျင်ငယ် ၆ ကြိမ်ထက်မနည်း လှုပ်ခတ်ခဲ့သလို ပျက်စီးဆုံးရှုံးမှုတွေ ပိုများလာနိုင်တယ်လို့လည်း ကုလသမဂ္ဂအဖွဲ့တွေက ပြောပါတယ်။

အခု အင်အားပြင်း မြေငလျင် ဗဟိုပြုလှုပ်ခတ်ခဲ့တဲ့ မြန်မာ၊ ထိုင်းနဲ့ လာအိုနိုင်ငံတို့ဆုံရာ ရွှေတြိဂံဒေသဟာ ကမ္ဘာပေါ်မှာ မူးယစ်ဆေးဝါး အထုတ်လုပ်ဆုံးနေရာတခုပဲ ဖြစ်ပါတယ်။ အခုငလျင်ကြောင့် မြန်မာနဲ့ အိမ်နီးချင်းနိုင်ငံတွေမှာပါ လမ်း၊ တံတားတွေနဲ့ ဆက်သွယ်ရေးတွေ ထိခိုက်ပျက်စီးခဲ့တာကြောင့် မူးယစ်ဆေး ထုတ်လုပ်မှု၊ ကုန်သွယ်မှုတွေနဲ့ ရောင်းဝယ်ဖောင်ကားမှု လုပ်ငန်းတွေမှာ ထိခိုက်ကောင်းထိခိုက်သွားနိုင်တယ် လို့ Christian Science Monitor သတင်းမှာ ဖော်ပြထားပါတယ်။
တဆင့်ကူးယူဖော်ပြပါသည်။
READMORE
 

ရှမ်းပြည်နယ် မြေငလျင်ကြောင့် ဒေသခံ ပြည်သူ အမြောက်အများ သေဆုံး


ရှမ်းပြည်နယ် မြေငလျင်ကြောင့် ဒေသခံ ပြည်သူ အမြောက်အများ သေဆုံး
2011-03-25

ရှမ်းပြည်နယ်အရှေ့ ပိုင်း လွယ်မွေမြို့ ကို ဗဟိုပြုပြီး ကြာသပတေးနေ့ ည ၈နာရီ ခွဲလောက်က ပြင်းအား ၆.၈ ရှိ မြေငလျင်လှုပ်ခဲ့တဲ့အတွက်ကြောင့် ဒီနေ့ မွန်းလွဲပိုင်းချိန် အထိ သေဆုံးသူ ၇၄ ဦး နဲ့  ဒဏ်ရာရသူ ၁၁၁ ဦး ရှိတယ်လို့  မြန်မာ သတင်းစာတွေက ဖေါ်ပြကြပါတယ်။ တာလေမြို့ခံ တချို့ကတော့ အနဲဆုံး သေဆုံးသူ ၈၀ လောက် ရှိမယ်လို့ ဆိုပါတယ်။

AFP

ရှမ်းပြည်နယ်အရှေ့ ပိုင်း လွယ်မွေမြို့ ကို ဗဟိုပြုပြီး ၂၀၁၁ ခုနှစ် မတ်လ ၂၄ ရက် ကြာသပတေးနေ့ ည ၈နာရီ ခွဲလောက်က ပြင်းအား ၆.၈ ရှိ မြေငလျင်လှုပ်ခဲ့တဲ့အတွက်ကြောင့် တာချီလိတ်မှာ လမ်းတံတားတွေ ပျက်စီးနေပုံ။ (ဓါတ်ပုံ - AFP)

ငလျင်ကြောင့် တာလေမြို့ ၊ နားရောင်း နဲ့  မိုင်းလင်း ဒေသတွေ အများဆုံး ထိခိုက် ပျက်စီးခဲ့ရာ နေအိမ်ပေါင်း ၃၉၀၊ ဘုန်းကြီးကျောင်း ၁၄ ကျောင်း နဲ့ အစိုးရ အဆောက်အဦးတွေ ပျက်စီးကုန်တယ်လို့ သိရပါတယ်။

မုန်းလင်းဒေသ တခုထဲတင် နေအိမ် ၁၂၉ လုံး ပျက်စီးသွားတယ်လို့  ဆင်ဟွာသတင်းများက ဆိုပါတယ်။

ရန်ကုန်မြို့ အခြေစိုက် World Vision NGO အဖွဲ့  ဌာနေ ကိုယ်စားလှယ်က ကျိုင်းတုံနဲ့  တာချီလိတ် တချို့ နေရာတွေမှာ အဆောက်အဦးတွေ လမ်းတွေ အက်ကြောင်းတွေ ပေါ်ပြီး ရေဖြန့် ဝေပေးမှု ပြတ်တောက်ကုန်တယ်လို့ ပြောပါတယ်။

အဲဒီ ငလျင် ဗဟိုချက်ကနေ မိုင် ၅၀၀ လောက်ဝေးတဲ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ နဲ့  ချင်းရိုင်မြို့ မှာ မြင့်မားတဲ့ အဆောက်အဦးတွေ ယိမ်းခါသွားတဲ့ အတွက် အထပ်မြင့် အဆောက်အဦးတွေက လူတွေ ဘေးလွတ်ရာကို ထွက်ပြေး ရှောင်တိမ်း ကြပါတယ်။

မဲဆိုင်ဒေသက အိမ်တအိမ် ပြိုကျရာမှာ အသက် ၅၂ အရွယ် အမျိုးသမီးတဦး သေဆုံးခဲ့ပါတယ်။ ထိုင်းနိုင်ငံ ဘူမိငလျင် တိုင်းတာရေး ဌာနက ပထမငလျင် အပြီး အင်အားပြင်းတဲ့ နောက်ဆက်တွဲ ငလျင် ၆ ကြိမ် လှုပ်တယ်လို့  ဆိုပါတယ်။

အဲဒီ မြေငလျင် လှုပ်မှုကို တရုတ်နိုင်ငံ တောင်ပိုင်း ယူနန် ပြည်နယ်နဲ့ ဗီယက်နမ် နိုင်ငံ ဟနွိုင်းမြို့ တွေမှာပါ သိရှိ ခံစားကြရတယ်လို့  ပြောပါတယ်။

ဒီငလျင် သတင်းနဲ့ ပတ်သက်ပြီး သတင်းပေးwqပို့ ချက် အပြည့်အစုံကိုလဲ နားဆင်နိုင်ပါတယ်။
တဆင့်ကူးယူဖော်ပြပါသည်။
READMORE
 

နောက်ထပ် အင်အားပြင်းငလျင် လာနိုင်ဟု သတိပေး

နောက်ထပ် အင်အားပြင်းငလျင် လာနိုင်ဟု သတိပေး
မဇ္ဈိမသတင်းဌာန | သောကြာနေ့၊ မတ်လ ၂၅ ရက် ၂၀၁၁ ခုနှစ် ၁၃ နာရီ ၄၉ မိနစ်
အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ချင်းမိုင် (မဇ္ဈိမ) ။ ။ အင်အားပြင်း ငလျင်တခု ကြာသာပတေးနေ့ညက လှုတ်ခတ်သွားပြီးနောက် ငလျင်ဒဏ်ခံခဲ့ရသော ဒေသတခုဖြစ်သည့် တာချီလိတ်တွင် နောက်ထပ် ငလျင်အန္တရာယ် သတိပေးချက်အား အာဏာပိုင်များက သောကြာနေ့မွန်းလွဲပိုင်းတွင် ထုတ်ပြန်လျက်ရှိသည်။

“ နောက် ၆ နာရီအတွင်း သတိထားနေဖို့၊ ငလျင်ထပ်လှုပ်နိုင်တယ်လို့ ပြောနေတယ်။ ” ဟု မြို့နယ်အာဏာပိုင်များက ကားဖြင့် လိုက်လံကြေညာလျက်ရှိသည်ဟု ဒေသခံတဦးက မဇ္ဈိမသို့ ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီတွင် ပြောသည်။

လူ ၅ဝ ခန့် နေအိမ်မပြန်သေးဘဲ ယမန်နေ့ညက တိမ်းရှောင်ခဲ့သော ရှမ်းရိုးမကွင်းထဲတွင် ဆက်လက်ရှိနေသေးသည်ဟု ပြောသည်။

တာချီလိတ်မြို့နယ်အောက်ရှိ တာလီတွင် ငလျင်ဒဏ် ဆိုးဝါးစွာခံရပြီး အနည်းဆုံး ၄ဝ ခန့် သေဆုံးသည်ဟု အရာထမ်းတဦးက ပြောသည်။


တဆင့်ကူးယူဖော်ပြပါသည်။
READMORE
 

ရှမ်းပြည်အရှေ့ပိုင်းငလျင် နောက်ဆုံးရ သတင်းများ


Friday, March 25, 2011
ရှမ်းပြည်အရှေ့ပိုင်းငလျင် နောက်ဆုံးရ သတင်းများ
စစ်အစိုးရမီဒီယာများ၏ ယခုကြေညာသွားချက်အရ ရှမ်းပြည်အရှေ့ပိုင်း ငလျင်ကြောင့် ၆၃ ဦးသေ၊ ၁၀၆ ဦး ဒဏ်ရာရ၊ အိမ်အလုံး ၃၉၀၊ ဘုန်းကြီးကျောင်း ၁၄ ကျောင်းနှင့် ဌာနဆိုင်ရာ အဆောက်အအုံ ၉ လုံးတို့ ပျက်စီး
ကြောင်း သိရသည်။

ရှမ်းပြည်အရှေ့ပိုင်းတွင် ဗဟိုပြုသော ငလျင်ကြောင့် ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင်၊ ချင်းဆန်မြို့ရှိ ဘုရား ၄ ဆူလည်း ပြိုလဲခဲ့သည်။ ပုံတွင် ထို ၄ ဆူထဲမှ တဆူ ပြိုလဲနေသည်ကို မြင်ရစဉ်။ (ဓာတ်ပုံ - AFP)

x x x x x x x x x x x

ထပ်မံအတည်ပြုနိုင်တဲ့ သတင်းများအရ ငလျင်ကြောင့် မြန်မာပြည်ဘက်မှာ သေဆုံးသူ ၅၀ အထိ ရှိလာပြီလို့ သိရပါတယ်။ ဒဏ်ရာရသူက ၄၀ လောက် ရှိပါတယ်။

ကျိုင်းတုံမြို့၊ တာလေမြို့နယ်အတွင်းမှာရှိတဲ့ လားဟူ ခရစ်ယာန်ဘုရားကျောင်း ပြိုကျမှုကြောင့် ငလျင်ဒဏ်ခိုလှုံဖို့ ရောက်လာသူတွေလည်း သေဆုံးမှုရှိတယ်လို့ ဆိုပါတယ်။ ဘယ်နှဦး ထိခိုက် သေဆုံးတယ် ဆိုတာကို မသိရသေးပါဘူး။

ထိုင်းစံတော်ချိန် ၁၂ နာရီ ၂၀ မိနစ်မှာ တက်လာတဲ့ သတင်းတွေအရ ငလျင်ကြောင့် ၆၀ ကျော်သေပြီး ၉၀ ကျော် ဒဏ်ရာရတယ်ဆိုပြီး မြန်မာ အရာရှိတဦးကို ကိုးကား ဖော်ပြထားပါတယ်။ အဆောက်အအုံ ၂၄၀ လောက်ပြိုကျကြောင်းလည်း သိရပါတယ်။

“တာလေ၊ မိုင်းလင်းနဲ့ တာချီလိတ် မြို့နယ်တွေမှာ သေဆုံးသူ ၆၀ ကျော်နိုင်ပါတယ်၊ ၉၀ လောက် ဒဏ်ရာရပါတယ်။ သက်ဆိုင်ရာ အာဏာပိုင်တွေက ဒဏ်ခံရတဲ့ ဒေသတွေကို ရောက်နိုင်အောင် ကြိုးစားနေပါတယ်။ ခုထိ မရောက်နိုင်သေးတဲ့ နေရာတွေ ရှိနေပါတယ်” လို့ အဆိုပါအရာရှိက ပြောပါတယ်။

(နောက်ဆုံးရ အချက်အလက်များကို ဆက်လက် ဖော်ပြပါမည်)
တဆင့်ကူးယူဖော်ပြပါသည်။
READMORE
 

ရှမ်းပြည် အရှေ့ပိုင်းငလျင် အပျက်အစီး မြင်ကွင်း












Friday, March 25, 2011
ရှမ်းပြည် အရှေ့ပိုင်းငလျင် အပျက်အစီး မြင်ကွင်း
ရှမ်းပြည် အရှေ့ပိုင်းငလျင်ကြောင့် တာလေမြို့နယ်မှ အပျက်အစီးများကို ဧရာဝတီက သွားရောက်မှတ်တမ်းတင် ရိုက်ကူး ဖော်ပြလိုက်ပါသည်။



ငလျင်ဒဏ်ကြောင့် ကွဲကုန်သွားသော မြေကြီး

ငလျင်ပြင်းအားမှာ ရစ်ချက်တာစကေး ၇ ဖြစ်သည်

လေသာဆောင် ပြိုဆင်းသွားသော အိမ်တလုံး

လမ်းများကွဲအက်ပြီး အုတ်နံရံ နိမ့်ဆင်းသွားသည်

အပျက်အစီးကို ရှင်းလင်းနေကြသူများ

တချို့နှစ်ထပ်အိမ်များမှာ တထပ်စာ ကျွံဝင်သွားသည်ဟု သွားရောက်ကြည့်ရှုသူများက ပြောသည်

လမ်းမပေါ်တွင် ယာယီနေထိုင်နေရသော မိသားစုများ

ဘာသာရေး အဆောက်အအုံများလည်း ပျက်စီးသည်



ဒီအောက်မှာ ဆက်လက်ဖော်ပြမယ့် ပုံတွေကတော့ akm-kuntha ဘလော့ဂ်မှာ တင်ထားတဲ့ ပုံတွေပါ။ အခြေအနေကို ကောင်းကောင်း အကဲခတ်နိုင်တဲ့ ပုံကောင်းတွေ ဖြစ်လို့ နမူနာ ၃ ပုံကို ဧရာဝတီဘလော့ဂ်က ကူးယူဖော်ပြလိုက်ပါတယ်။ ကျန်ပုံများကို akm-kuntha ဘလော့ဂ်မှာ ဆက်ကြည့်ကြပါ။





တဆင့်ကူးယူဖော်ပြပါသည်။
READMORE
 

ငလျင်ကြောင့် သေဆုံးသူ ၁ဝ၄ ဦးဟု ဒေသခံများ ပြော

ငလျင်ကြောင့် သေဆုံးသူ ၁ဝ၄ ဦးဟု ဒေသခံများ ပြော
ဖနိဒါ | သောကြာနေ့၊ မတ်လ ၂၅ ရက် ၂၀၁၁ ခုနှစ် ၁၉ နာရီ ၃၀ မိနစ်
အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ချင်းမိုင် (မဇ္စျိမ) ။ ။ ရှမ်းပြည်နယ်အရှေ့ပိုင်း လွယ်မွေကို ဗဟိုပြုခဲ့သော ငလျင်ကြောင့် သေဆုံးသူ ၇၄ ဦး ရှိကြောင်း မြန်မာအစိုးရ ရုပ်မြင်သံကြားက ထုတ်ပြန်ချိန်တွင် မျက်မြင်သက်သေများနှင့် ဒေသခံများကမူ သေဆုံးသူ ၁ဝ၄ ဦး ရှိပြီဟု သောကြာနေ့ နှောင်းပိုင်းတွင် ပြောဆိုကြသည်။

ဒေသတွင်း ကြည့်ရှု့စာရင်းကောက်ခဲ့သူနှင့် ဒေသခံများသို့ မဇ္ဈိမ မေးမြန်းချက်အရ တာချီလိတ်မြို့ အရှေ့တောင်ဘက် တာလေမြို့၌ပင် သေဆုံးသူ ၄၇ ဦး ရှိပြီး၊ မိုင်းယောင်းအုပ်စု ကျကူနီရွာ၌ ၂၂ ဦး၊ မိုင်းလင်း ၂၉ ဦး၊ တာချီလိတ် ၃ ဦးနှင့် နားယောင်း ၃ ဦး ဖြစ်သည်။ ထို့အပြင် တာလီရွာ၌ ပျောက်ဆုံးနေသူများ ရှိသည်ဟု ဒေသခံများက ဆိုသည်။

တာလေသို့ သွားရောက်ခဲ့သူ တာချီလိတ်မြို့ခံ တဦးက “တာလေက အခြေအနေ တော်တော်ဆိုးတယ်။ လမ်းဘေးမှာပဲ အခေါင်းတွေနဲ့ ထားထားတယ်” ဟု မဇ္စျိမကို ပြောသည်။

ကျကူနီရွာ၌ သေဆုံးသူများမှာ နှစ်ခြင်းခရစ်ယာန်အသင်းတော် ဘုရားကျောင်းထဲတွင် ကျမ်းစာသင်နေစဉ် ငလျင်လှုတ်ခတ်သဖြင့် သေဆုံးရခြင်း ဖြစ်သည်။

သောကြာနေ့ မွန်းလွဲပိုင်းတွင် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် သန်းထွန်းဦးနှင့်အဖွဲ့ တာလေနှင့် မိုင်းလင်းသို့ သွားရောက်ခဲ့သလို၊ တာလေမြို့ ကယ်ဆယ်ရေးတွင် စစ်သား ၃ဝဝ ခန့် ပါဝင်လုပ်ကိုင်နေခဲ့သည်။

MRTV-4 က မွန်းလွဲပိုင်း ထုတ်ပြန်ချက်တွင် တာချီလိတ်၊ တာလေ၊ နားယောင်း၊ မိုင်းလင်း၊ မိုင်းကိုး၊ ကျကူနီရွာ စသည့် ကျေးရွာများ၌ ၇၄ ဦး သေဆုံးကာ၊ ၁၁၁ ဦး ဒဏ်ရာရခဲ့ပြီး အိမ် ၂၂၄ လုံး၊ တိုက်ခန်းတွဲ ၆ ခု၊ သာသာနာ အဆောက်အအုံ ၁၁ ခု၊ အစိုးရ အဆောက်အုံ ၉ ခု ပျက်စီးဆုံးရှုံးခဲ့ကြောင်း ဖော်ပြထားသည်။

ကြာသပတေးနေ့ကတည်းက လျှပ်စစ်မီးပြတ်တောက်နေပြီး သောက်သုံးရေသန့် လုံလောက်စွာ မရသော တာလေ၌ လူအများမှာ ကွင်းပြင်များ၌ မိုးကာတဲများထိုး၍ နေကြကာ၊ မုန့်ခြောက်နှင့် ခေါက်ဆွဲခြောက်များကို အားကိုးနေရသည်။

ယူနီဆက်၊ World vision၊ ကြက်ခြေနီ၊ အမျိုးသားပြန်လည် နေရာချထားရေး အဖွဲ့များလည်း ကယ်ဆယ်ရေး လုပ်ငန်းတွင် ပါဝင်ဆောင်ရွက်နေသည်။
တဆင့် ကူးယူဖော်ပြပေးပါသည်။
READMORE
 

တာလေကို သွားရောက်ကူညီခဲ့သူတဦးရဲ့ ပြန်လည်ပြောပြချက်






တာလေကို သွားရောက်ကူညီခဲ့သူတဦးရဲ့ ပြန်လည်ပြောပြချက်
တာလေရှိ ပြိုကျသွားသော အိမ်တလုံး (ဓာတ်ပုံ - Reuters)


ကိုထွေး၊ မတ် ၂၅၊ ၂၀၁၁

(ငလျင်ဒဏ်ခံရတဲ့ အထဲမှာ အဆိုးဆုံးထဲက တနေရာဖြစ်တဲ့ တာလေကို သွားရောက်ကူညီခဲ့သူတဦးကို ဧရာဝတီသတင်းထောက် ကိုထွေးက ဆက်သွယ် မေးမြန်းထားတာဖြစ်ပါတယ်။ သွားရောက်ကူညီတဲ့သူက သူမြင်တွေ့ခဲ့တာတွေကို အခုလို ပြန်လည်ပြောပြထားပါတယ်။ ဦးတေဇပိုင် ထူးကုမ္ပဏီက ငလျင်ဒဏ်ခံဒေသမှာ သွားရောက်လှူဒါန်းဖို့ စီစဉ်ပြီး ရန်ကုန်က သတင်းထောက်တွေကိုလည်း လေယာဉ်နဲ့ အခမဲ့ခေါ်သွားဖို့ စီစဉ်ပေမယ့် စစ်အစိုးရ ခွင့်မပြုဘူးလို့ လတ်တလော ဝင်လာတဲ့ သတင်းတွေအရ သိရပါတယ်။ နာဂစ်နဲ့ ဂီရိ ဆိုင်ကလုန်းတုန်းကလိုပဲ လှူချင်ရင် သူတို့ကိုပဲ လှူလို့ လုပ်မလားတော့ မသိပါ။)

မနက် ၁၀ နာရီ ကျော်ကျော်လောက် တာလေ ရောက်သွားတယ်။ ကားလမ်းဘေး တဘက် တချက်စီမှာရှိတဲ့ သုံးထပ်အိမ်တွေ ခပ်များများက ၂ ထပ်ပဲကျန်တယ်။ ၂ ထပ်အိမ်တွေလည်း တော်တော်များများ ပြိုကုန်တယ်။ ပြိုကျတဲ့ အထဲမှာ ဘုန်းကြီးကျောင်းတွေလည်း ပါတယ်၊။ တချို့ အိမ်တွေကလည်း နှစ်ပေါင်း ၂၀ လောက်ရှိတော့ ပိုဆိုးတာပေါ့။

တာလေက လူတွေတော့ မပြောနဲ့၊ တာချီလိတ်က လူတွေတောင် ညက မိုးကာခင်းပြီး အိပ်ရတာ။ တာလေ ရောက်တော့ တချို့တွေက ကိုယ့်အိမ်က ပစ္စည်းတွေကို ကိုယ့်ဘာသာကိုယ် ရှင်းနေတာတွေလည်း တွေ့ရတယ်။ နောက်ပြီး အမျိုးတွေရဲ့ အိမ်ရှေ့မှာ ငိုတဲ့သူငိုနေကြတယ်။ ဆွေမျိုးသားချင်းတွေ အသက်ဆုံးရှုံးသွားလို့ ငိုနေတဲ့သူတွေလည်း တွေ့ရတယ်။ ဘာမှတော့ မေးလို့မရဘူး၊ တချို့မသေတဲ့ သူတွေကတော့ ကံကောင်းတယ်ပြောရမှာပေါ့။


အစိုးရကတော့ ဘာမှ မလုပ်ပေးသေးဘူးရော။ တချို့လည်း ဆေးရုံကိုပို့တယ်။ ဒါပေမယ့် ဆေးရုံတော့ မရောက်လိုက်လို့ မသိဘူး။ ကျနော်တွေ့သလောက်တော့ တာချီလိတ်မှာကို အယောက် ၆၀ လောက်ရှိနေပြီ။ ဟိုမှာလည်း ၂၀၊ ၃၀ လောက်တွေ့ခဲ့ရသေးတယ်။ အဲဒီအထက်မှာပဲ ရှိမှာပါ။

ပစ္စည်းတချို့နဲ့ ခေါက်ဆွဲထုတ်တွေ၊ ရေတွေ သွားပေးတယ်။ ဌာနဆိုင်ရာကိုပဲ ပေးခဲ့တယ်။ နောက်ပိုင်း ဌာနဆိုင်ရာက ဘာလုပ်မယ်ဆိုတာတော့ ပြောလို့မရဘူး။ ဌာနဆိုင်ရာက ကယ်ဆယ်ရေး စခန်းတော့ ဖွင့်ထားတယ်။ အသိရှိတဲ့သူတွေကတော့ အသိအိမ်ကို သွားတယ်။

အခုတော့ အဝေးပြေး လမ်းလည်း ခဏပိတ်လိုက်တယ် ထင်တယ်။ လမ်းတွေဘာတွေ နည်းနည်း ပြင်မယ်လို့တော့ ပြောတယ်။
ဧရာဝတီ ဘလော့မှ ကူးယူဖော်ပြပါသည်။
READMORE