`ဆိပ်ဖြူမြို့နယ်တွင် ၈တန်းကျောင်းသူ (အသက်-၁၄)အား တပ်ကြပ်တစ်ဦး က မုဒိမ်းကျင့်ပြီး ရိုက်နက် အသေသတ်သော်လည်း ကျောင်းသူလေးမှာ မသေ၍ တရားခံအား အရေးယူထား ဟု ဆို´

ဆိပ်ဖြူမြို့၏ အနောက်ဘက် (၂၆)မိုင်ခန့်ရှိ ကာကွယ်ရေးပစ္စည်းထုတ်လုပ်သည့်စစ်တပ် က.ပ.စ(၂၂)စက်ရုံအတွင်း ရွှေဘို့ကျွန်းကျေးရွာ၏ အနောက်ဘက်တွင် ဒီဇင်ဘာ(၁၃)ရက်၊ ညနေ(၅)နာရီအချိန်ခန့်မှာ တပ်ကြပ်တစ်ဦး မှ အသက်(၁၄)နှစ်ရှိ (၈)တန်း ကျောင်းသူတစ်ဦးအား အလိုမတူဘဲ သားမယားအဖြစ်ပြုကျင့်ပြီး ရိုက်နက်၍ သတ်ကြောင်း သတင်းရရှိပါသည်။ ဖြစ်စဉ်မှာ ဒီဇင်ဘာ(၁၃)ရက်နေ့ညနေ(၅)နာရီတွင် က.ပ.စ(၂၂) အတွင်းရှိ အလယ်တန်းကျောင်းနှင့် သူမနေထိုင်သော တဲမှ (၂)ဖာလုံခန့်ဝေးသည့် ရေကန်သို့တစ်ဦး တည်း ရေခပ်သွားသော (၈)တန်းကျောင်းသူ မနှင်းနှင်း-(နာမည်လွှဲ) (အသက်-၁၄) အား ရေခပ်လမ်း၌ က.ပ.စ(၂၂)မှ တပ်ကြပ်ဆိုသူ ဝေလင်းဦးက တုတ်ဖြင့်ရိုက်နက်၍ ဆွဲခေါ်သွားပြီး အလိုမတူဘဲ သားမယားအဖြစ် ပြုကျင့်ခံရကြောင်း၊ ပြင်းထန်းသောဒဏ်ရာများရရှိလာသည်ဟု ဆို၏။ ရေခပ်သွားသော မနှင်းနှင်းသည် (၁)နာရီခန့် ကြာသည့်အထိပြန်လည်မရောက်၍ ဖခင်ဦးတင်ရှိန်နှင့် မိခင်ဒေါ်စန်းကြည်တို့မှ လိုက်လံရှာဖွှေခဲ့ရာ တွေ့ရှိခြင်း မရှိဟု ဆိုကြ၏။ ၎င်းနေ့ ည(၆)နာရီခန့်တွင် မနှင်းနှင်း မှာ မျက်နှာတွင် ဒဏ်ရာများဖြင့် နေအိမ်သို့ပြန်လည်ရောက် ရှိလာ၍ မိဘများမှ မေးမြန်းရာ တပ်ကြပ် ဝေလင်းဦးက ရေခပ်လမ်းမှာ တုတ်ဖြင့်ရိုက်နက် ဆွဲခေါ်သွားပြီး အလိုမတူဘဲ သားမယားအဖြစ် ပြုကျင့်ခံခဲ့ရကြောင်း၊ ရိုက်နက်၍သတ်ဖြတ်ကြောင်း သမီးမနှင်းနှင်း မှ အကြောင်းစုံပြန်ပြောဆို၍ သိလိုက်ကြသည်ဆို၏။ မနှင်းနှင်း၏ ဦးခေါင်းနှင့် နဖူးတွင်(၂)လက်မခန့် ပေါက်ပြဲဒဏ်ရာများ တစ်ခုစီရရှိထားသည်။ နှပ်ခမ်းနှင့် ၀ဲဘက်တစ်ထောင်တို့တွင်လည်း ဖူးရောင်သည့် ဒဏ်ရာများ ရရှိထား၍ လည်ပင်းတွင်လည်း ပြင်းထန်းသည့် ဒဏ်ရာတစ်ခုစီ ရရှိထားသည်ဟု သိရ၏။ ယင်းကိစ္စအား ဖခင်ဖြစ်သူ ဦးတင်ရှိန်မှာ ဆွေမျိုး သားချင်းများနှင့်တိုင်ပင်နေရ၍ (၁၅-၁၂-၂၀၁၂)နေ့တွင် ဆိပ်ဖြူမြို့မရဲစခန်းသို့ လာရောက်၍ (ပ) ၅၂/၂၀၁၂၊ ပြစ်မှုပုဒ်မ ၃၇၆/၃၂၅ ဖြင့် အမူဖွင့်တိုင်တန်းခဲ့ရသည်ဟု သိရသည်။ တရားခံ တပ်ကြပ် ဝေလင်းဦးအား ဖမ်းဆီးရမိရေးကို ဆိပ်ဖြူမြို့မရဲစခန်းမှ ဆောင်ရွက်နေကြောင်း ဟု သက်ဆိုင်ရာမှ စုံစမ်းသိရှိရသည်။ ပြင်းထန်စွာဒဏ်ရာရသော မနှင်းနှင်းအား ဆိပ်ဖြူမြို့ဆေးရုံတွင် (အတွင်းလူနာ)အဖြစ်ကုသခဲ့ပြီး ဝေဒနာမှာ စိုးရိမ်ရ၍ ဆိပ်ဖြူဆေးရုံမှ မကွေးတိုင်းဆေးရုံကြီးသို့(၁၆-၁၂-၂၀၁၂)နေ့က ပို့ဆောင်ကုသခဲ့ရာ (၁၉-၁၂-၂၀၁၂) နေ့တွင် သေဆုံးသွားကြောင်း ဆိပ်ဖြူမြို့မှ တယ်လီဖုန်း သတင်းရသည်။ ၂၁-၁၂-၂၀၁၂နေ့တွင် ထိုသတင်းအား အတည်ပြုရန် မကွေးတိုင်းဆေးရုံကြီး၊ အရေးပေါ်ပြင်ပလူနာဌာနသို့ ဖုန်း (၀၆၃-၂၃၉၆၅) အားဆက်သွယ်မေးမြန်းရာ `ဒီဇင်ဘာ(၁၆)ရက်နေ့ကဆေးရုံတက်သူစာရင်းကျမတို့ OPTဌာနမှာ မရှိတော့ပါဘူး။ ဆေးရုံကြီး`၀ပ်´သို့ ပို့လိုက်ပါပြီ။ ဘယ်ဝပ်မှာထားတယ်ဆိုတာလည်း မသိပါဘူး။ သေတယ်ဆိုတာလည်းမသိပါဘူး။ မှုခင်းကိုင်တဲ့ဆရာဝန်ခန်းကို ဖုန်းဆက်မေးလိုက်ပါ။ ကျမတို့ကပြောဆိုခွင့်မရှိပါဘူးရှင်..။´ဟု တာဝန်ကျ ဆရာမတစ်ဦးမှ ဖြေကြား၍ ဖုန်းချသွားပါသည်။ မှုခင်းဆရာဝန်၏အခန်းသို့ ဖုန်းဆက်မေးမြန်းရာ ဖုန်းကိုင်သူမရှိပါ။ ထပ်မံခေါ်သော်လည်း လုံးဝမကိုင်းပါ။ ထို့ကြောင့် (၂၁-၁၂-၂၀၁၂)နေ့ နေ့လည်(၁)နာရီခွဲအချိန်တွင် ဆိပ်ဖြူမြို့နယ် အနောက်ဘက်(၂၆)မိုင်ဝေးသော ရွှေဘို့ကျွန်းကျေးရွာနှင့် က.ပ.စ(၂၂) စက်ရုံဂိတ်သို့ သတင်းယူရန်သွားရောက်ခဲ့၏။ ရွှေဘို့ကျွန်းကျေးရွာ အုပ်ချုပ်ရေးမှူးအသစ်ထံသို့သွား ရောက်ခဲ့သည်။ ကျေးရွာအုပ်ချုပ်ရေးမှူး ကိုနိုင်လင်းအား မတွေ့၍ ယခင် ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်း ဦးငြိမ်းအိမ်သို့ သွားရောက်မေးမြန်းခဲ့ရာ.. `` ဒီမှာက ကောင်မလေးရဲ့သူ့အဘနဲ့ ဦးလေးတော်သူ မောင်ဝမ်းကွဲတော်သူသာရှိပါတယ်။ သူ့အဖေနဲ့ သူ့အမေ၊သူ့အဒေါ်တို့က ကောင်မလေးနဲ့ ဆေးကုဘို့ မကွေးတိုင်းဆေးရုံကိုလိုက်သွားပါတယ်။ သူ့အဘကိုတော့ ခေါ်လို့မရနိုင်ပါဘူး။ ကောင်မလေးရဲ့အဘက က.ပ.စ(၂၂)တပ်ထဲမှာရှိတဲ့ ယာခင်းတဲမှာနေတော့ တပ်ထဲဝင်ပြီးသွားခေါ်ဖို့ မလွယ်ပါဘူး။ သူတို့မိသားစုက ဒီရွှေဘို့ကျွန်းရွာမှာ အိမ်ဝိုင်မြေသာရှိပါတယ်၊ အိမ်မရှိပါဘူးဗျ။ သူတို့ရဲယာခင်းထဲမှာ အေးအေးဆေးဆေးလုပ်ကိုင် စားသောက်ဖို့ ဟိုးအရင်ကထဲက တဲထိုးပြီးနေကြတာပါ။ ယခု က.ပ.စ(၂၂)စက်ရုံ စစ်တပ် မရောက်ခင် ကထဲက သူတို့ယာခင်းထဲမှာ နေလာခဲ့ကြတာပါ။ စစ်တပ်က ယာမြေတွေကိုသိမ်းတော့လည်း သူတို့ယာခင်းထဲမှာဘဲ လူမမြင်ကွယ်ရာ ချောင်ထဲမှာတဲထိုးနေကြရတာပါ။ က.ပ.စ(၂၂) စစ်တပ် က နားလည်မှုနဲ့ထားပေးကြပါတယ်။ ယခု က.ပ.စ ၂၂ စစ်တပ်အတွင်းက အလယ်တန်းကျောင်းနဲ့ သူတို့မိသားစုနေတဲ့ တဲက(၂)ဖာလုံ လောက်သာဝေးတယ်။ ယခု စက်ရုံစစ်ဆေးရေးဂိတ် ကနေ အတွင်းကို (၅)မိုင်လောက်ဝင်မှ အလယ်တန်းကျောင်းကိုရောက်ပါ့မယ်။ ဒီကောင်မလေးက က.ပ.စ(၂၂)တပ်တွင်းက အလယ်တန်းကျောင်းမှာ (၈)တန်းကျောင်းသူအဖြစ်နေ တာပါ။ ညနေကျောင်းဆင်းပြီး ရေခပ်နေတုန်း တပ်ကြပ် ဝေလင်းဦး ကဆွဲခေါ်ပြီး စော်ကားတယ်၊ သေအောင်ရိုက်ပုတ်ထားခဲ့တယ်၊ သေပြီဆိုထားခဲ့ပေမယ့် ကောင်မလေးက သူ့တဲကို ကုန်းရုံးပြီး ထလာခဲ့တယ်လို့ ကောင်မလေးက ပြန်ပြောပြနိုင်တယ်လို့ သိရပါတယ်။ သူ့မိဘတွေက ပြန်လာမှ သိရပြီး တပ်ထဲမှာနေတာဆိုတော့ တပ်ထဲက အရာခံဗိုလ်ကြီးကိုသွားတိုင်တယ် ။ သူကနေ စက်ရုံမှူးကိုဆက်ပြီး သတင်းပို့တိုင်ကြား ပါတယ်။ ဖြစ်ဖြစ်ချင်းမှာ တရားခံ တပ်ကြပ် ဝေလင်းဦးကို တပ်ထဲမှာဘဲ ဖမ်းမိပြီး ချုပ်ထားတယ်လို့ သိရပါတယ်။ စက်ရုံထဲက ဆေးခန်းကို ကောင်မလေးကိုပို့ပြီး အဲဒီကနေမှ ဆေးမှူးတွေနဲ့ အဲဒီည(၁၃-၁၂-၂၀၁၂)နေ့ (၉)နာရီလောက်မှာ ဆိပ်ဖြူဆေးရုံကို စစ်တပ်ကကားနဲ့ ပို့လိုက်တယ်၊ ရဲမေတွေက ရွာထဲကိုသတင်းပို့ပေးတယ်လို့ နောက်မှသိလိုက်ရပါတယ်။ တပ်ထဲမှာ ဖြစ်နေတာဆိုတော့ ရွာထဲကလူတွေက မသိလိုက်ကြဘူး။ ညရောက်မှ ဆေးရုံပို့ပြီးမှ သိကြရပါတယ်။ ဒီလောက်ကြီးလဲဖြစ်မယ်မထင်ဘူး။ ကောင်မလေးကို မတရားကျင့်ကြံရုံဘဲထင် နေကြတာ ဒီလောက်ကြီး ရိုက်ပုတ်သတ်ပစ်ထားတယ်ဆိုတာမသိကြပါဘူး။ ရွာကလူတွေက မနက်ကြမှ အကြောင်းစုံ အဖြစ်မှန်ကိုသိလိုက်ကြရတယ်။ ရွာကလူတွေက ရိုးသားကြပါတယ်၊ အသိပညာလည်း မတတ်ကြဘူးဗျ။ နောက်နေ့မှာ ကျွန်တော်တို့ရွာကို တပ်ကနေ အရာခံဗိုလ် ဦးခင်မောင်ဝင်းလာပါတယ်။ ရွာထဲကလူတွေ ဆူပူသောင်းကျန်းမှုတော့ မလုပ်ကြပါနဲ့၊ကျူပ်တို့လည်း မကောင်းပါဘူး။ နောက်တပ်တွေ လာရင်လည်း အညှီးအတေးတွေ ဖြစ်ကုန်ကြပါလိမ့်မယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်တပ်မှာ တာဝန်ရှိတဲ့အတိုင်း အရေးယူပေးပါ့မယ်လို့ပြောပါတယ်။ နောက် ဒုတိယစက်ရုံမှူး ဦးလှိုင်တင့်လာပြီး ရွာဦးကျောင်း ဆရာတော် ဦးဝါယမ ကို လာရောက်လျှောက်ထားတောင်းပန်ပါတယ်။ အဲဒီအချိန်က အုပ်ချုပ်ရေးမှူး ကိုနိုင်လင်းမရှိတော့ ကျွန်တော့်ကိုဘဲ ဆရာတော်ကခေါ်ပါတယ်။ စက်ရုံမှူးက ရွာထဲကလူတွေ မဆူမပူဖို့ကိစ္စလျှောက်ထားပါတယ်။ ဆရာတော်က ဒီအရပ်တော့ ဒီလိုကြီးမဖြစ်ပါဘူး။ ကျူပ်လဲမဆူ မပူအောင်ထိမ်းသိမ်းပေးပါ့မယ်၊ ဥပဒေနဲ့ ပတ်သက်လို့တော့ မသိကြပါဘူး။ ဥပဒေအတိုင်းသာ ဆောင်ရွက်ပေးကြပါ။ ရွာကတော့ မပူ မဆူစေရအောင် ကျူပ်တာဝန်ယူပါ တယ်လို့ ဆရာတော်က ပြန်ပြောပါတယ်။ ကျနော့ဆီကိုလည်း ဒီစကားဘဲ ပြောကြပါတယ်။ ဒီအမှုကြီးကို (၁၅)ရက်နေ့မှ တရားစွဲရတာကတော့ အဲဒီအချိန်မှာ အုပ်ချုပ်ရေးမှူး ကိုနိုင်လင်းက ကျောင်းကိစ္စဆောင်ရွက်နေ့တော့ ရွာမှာမရှိဘူး။ သူပြန်လာမှ သက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးမှူးထံ သတင်းပို့ပြီး တိုင်ကြားရပါတယ်..´။ဟု ရွှေဘို့ကျွန်းရွာမှ ဦးငြိမ်းက ပြောသည်။ ကောင်မလေး၏ ဦးလေး ဦးဇော်နိုင်နှင့် တွေ့ရ၏၊ သူသိသမျှပြောသည်။ ` ကျွန်တော်က ကောင်မလေးရဲ့ဦးလေးပါ။ သူတို့မိသားစုက သူတို့ယာခင်းဖြစ်တဲ့ စစ်တပ်တွင်းမှာ တဲထိုးနေကြတာပါ။ ယခု ကောင်မလေးကနံပါတ်(၃)ပါ။ သူတို့မှာ မောင်နှမသားချင်း မွေးချင်း(၇)ယောက်ရှိပါတယ်။ သူက တပ်ထဲကကျောင်းမှာ (၈)တန်းနေတာပါ။ ကောင်မလေးက ညစဉ်ညတိုင်း သူ့အတန်းပိုင်ဆရာမဆီကို သွားအိပ်နေသူပါ။ ကျုပ်တူမကို စော်ကားပြီး အသေသတ်ထားခဲ့သူက တပ်ကြပ် ဝေလင်းဦး လို့သိရပါတယ်။ ဒီကောင်ရက်စက်လိုက်တာဗျာ..။ သူ့မှာလည်း မွေးထားတာ သမီးနှစ်ယောက်အဖေတဲ့ သူ့မိန်းမလည်းတပ်ထဲမှာရှိပါတယ်ဗျာ..။ သားသမီးချင်းကိုယ်ချင်းမစာကြဘူး။ ကံဆိုးကြတဲ့မိသားစု ပါဘဲ။ တပ်ကယာမြေတွေလည်းအသိမ်းခံထားရတယ်။ ယခု သမီးဖြစ်တဲ့ ကျုပ်တူမလေးကို ဇော်ကားပြီး ရက်ရက်စက်စက် အသေသတ်တယ်ဗျာ..၊ ကလေးမကံနဲ့ သတ္တိကြောင့်သာ မသေမပျောက်တာပါ။ သူခုလိုဖြစ်သွားလို့ ဆေးရုံ(၂)ရုံလုံး ဆိပ်ဖြူ နဲ့ မကွေးကို လိုက်ပို့တာ ကျွန်တော်လဲပါ ပါတယ်။ ဒီဇင်ဘာ(၁၆)ရက်နေ့ညက ဆိပ်ဖြူဆေးရုံကနေ မကွေးတိုင်း ဆေးရုံကြီးကို ပို့လိုက်ပါတယ်။ ကောင်မလေး မသေတော့ပါဘူး။ ကျနော်ပြန်လာတော့ ထိုင်နေပါပြီ။ ဒါပေမယ့် ဒဏ်ရာတွေက တော့ ပွနေတာဘဲ။ စော်ကားပြီး အသေသတ်တယ်လို့ ကောင်မလေးကလဲ ပြန်ပြောနိုင်ပါတယ်။ ကောင်မလေးကို သူတို့စစ်တပ်က ဆေးတပ်က နှစ်ယောက်လည်း လိုက်ပြီးစောင့်ပေးနေကြပါတယ်..။´ဟု ရွှေဘို့ကျွန်း ရွာသားဦးလေးတော်စပ်သူ ဦးဇော်နိုင်က ပြောသည်။ က.ပ.စ(၂၂) စက်ရုံအတွင်းဝင်ရောက်သတင်းယူရန် ဆက်သွယ်သည်။ ၎င်းတပ်မှ ဂိတ်တာဝန်မှူး တပ်ကြပ်ကြီး တင်လတ် နှင့်တွေ့ရ၏။ သတင်းယူခွင့်အား စက်ရုံအတွင်းရုံးသို့ (၀၉-၄၇၂၂၅၃၆၅)ဖြင့် ရွှေဘို့ကျွန်းရွာမှ တပ်ကြပ်ကြီး တင်လတ်မှ သတင်းပို့ပြီးခွင့်တောင်းသည်။ ၎င်းရုံးမှ ဗိုလ်ကြီးက စက်ရုံမှူးထံတင်ပြ ပေးမည်။ဝင်ခွင့်ပြုလျှင် လာခေါ်ပေးမည် ဟုဆိုသည်။ ညနေ(၄)နာရီအထိစောင့်သော်လည်း အကြောင်းမပြန်ကြား၍ ၎င်းက.ပ.စ(၂၂)ဂိတ်သို့ ကိုယ်တိုင်သွားရောက် မေးမြန်းပြီး (၀င်ခွင့်မရသေး၍) ဆိပ်ဖြူမြို့သို့ ပြန်လာခဲ့ကြရသည်။ ထို့နောက် ညနေပိုင်းတွင် ဆိပ်ဖြူမြို့နယ်ဆရာဝန် ဒေါ်သန်းသန်းချစ်အားဝင်ရောက်၍ သတင်းအတည်ပြုချက် ယူပါသည်။ဒီဇင်ဘာ(၁၉)ရက်နေ့က မတရားကျင့်ခံရသူ ကောင်မလေးသေပြီဟု ကြားရကြောင်းမေးမြန်းရာ `` အဲဒီ(၁၉)ရက်မတိုင်မီကထဲက ကျမတို့ဆိပ်ဖြူမြို့မှာ ဒီကောင်မလေးသေသွားတယ်ဆိုတာ ကို ဖုန်းဆက်ပြီး ကျမကို မေးကြပါတယ်။ ရဲစခန်းကလည်းမေးပါတယ်။ နေ့စဉ်ဖြေပေးနေရပါတယ်။ ဒီကလေးမလေးကို မကွေးတိုင်းဆေးရုံကြီးမှာ ဆေးကုသဘို့ လွှဲပေးလိုက် ပါတယ်။ ကျမလဲ မကွေးတိုင်းဆေးရုံကြီးကို ရောက်နေတဲ့ ကျမတို့ဆီက ဆရာမတစ်ယောက် ဆီကို နေ့စဉ်ဖုန်းဆက်ပြီး မေးပေးနေရပါတယ်။ မနေ့က (၂၀)ရက်နေ့အထိတော့ မသေပါဘူး။ အခြေအနေကောင်း ပါသေးတယ်။ ဒီနေ့တော့ ဖုန်းခေါ်တာမရလို့ မသိရသေးပါဘူး..။´ဟု ဆိပ်ဖြူမြို့နယ်ဆရာဝန် ဒေါ်သန်းသန်းချစ် မှပြောသည်။ မကွေးမြို့ မကွေးတိုင်းဆေးရုံသို့ (၂၂)ရက်နေ့ နံနက်(၁၀း၄၅)နာရီအချိန်တွင် မကွေးတိုင်းဆေးရုံ ခွဲစိတ်ဆောင် အခန်း(၂)၌ ၈ တန်းကျောင်းသူ မနှင်းနှင်းနှင့်တွေ့ဆုံခဲ့သည်။ မိဘနှစ်ပါးမှာ အပြင်သို့ခဏထွက်သွားကြောင်းသိရ၏။ ခွဲစိတ်ဆောင် အခန်း(၂) လူနာကုတင်ပေါ်မှာ ကျောင်းသူးလေး မနှင်းနှင်း နှင့်အတူ သူ၏အဒေါ် (မိခင်၏ညီမ) မမြင့်မော် တို့အား နှစ်ယောက်ထိုင်နေလျှက် တွေ့မြင်ခဲ့ရ၏။ သူမတို့ရွာမှ ဦးလေး ကိုဇော်နိုင် မှလွှတ်လိုက်၍ လာတွေ့ကြောင်း ပြောဆို မေးမြန်းရာ၊ ကျောင်းသူကောင်မလေး မှ မေးမြန်းသောစကားကိုမဖြေဆိုဘဲ ကျွန်တော့်ကို မျက်လုံးပြူး၍သာကြည့်နေ၏။ သူမ၏ မျက်နှာပေါ်တွင် ဒဏ်ရာများဖြင့် ညိုမဲနေပါသည်။ နှုတ်ခမ်းရောင်ယမ်း၍ အနည်းငယ်ရွဲ့စောင်းနေပါသည်။ အရာရာကို ကြောက်ရွံ့နေပုံပေါ်နေ၏။ သူ့အဒေါ်က ကျွန်တော့်ကိုဘယ်သူလဲ၊ ဘယ်ကလဲမေး၍ ကျွန်တော်က ဂျာနယ်မှလာမေးတာပါဟု ဖြေဆိုလိုက်ပါသည်။ သူ၏ တူမလေးမနှင်းနှင်း သေတယ်ဆို၍ လာရောက် တွေ့ဆုံကြောင်း၊ ကျွန်တော်က ပြောဆိုမေးမြန်း၏။ အဒေါ် မမြင့်မော်မှ ဤသို့ပြောသည်။ ` သူက ၈ တန်းကျောင်းသူလေး မနှင်းနှင်း ပါ။ ကျမက သူ့အမေရဲ့ညီမတော်သူ အဒေါ်ပါ။ နာမည်က မမြင့်မော် ပါ။ သူအဖေနဲ့အမေက အပြင်ခဏထွက်သွားပါတယ်။ သူကတော်တော်ကြီးကိုဖြစ်တာ၊ လူကိုလဲမတရား အစောကားခံရတယ်၊ သေအောင်လဲသတ်တယ်တဲ့။ ယခုတော့ တူမလေးက သက်သာပါတယ်။ စကားတော့နည်းနည်းပဲပြော နိုင်တယ်။မေးတာကို ဖြေနိုင်ပါတယ်။ ဟိုလိုကြီးတော့ မပြောနိုင်ပါဘူး။ မနေ့က ရွာမှာ ကျမတို့ အဖေ၊ သူ့အဘနဲ့ရောတွေ့ခဲ့လား။ အော်သူ့အဘက ကျန်ခဲ့တဲ့ ကလေးတွေနဲ့ တပ်ထဲက တဲမှာ သွားပြီးနေလိမ့်မယ်။ ယခုသူတို့တပ်က လည်း အစောင့်ချထားပေးပါတယ်။ ကုန်ကျငွေကို သူတို့ကလည်း အကုန်ကျခံတယ်။ ကျမတို့ကလည်း ကုန်ပါတယ်။ ယခုလို့လာမေးတာ ကျေးဇူးပါဘဲဦး..´။ ဟု မကွေးတိုင်းဆေးရုံကြီးပေါ်တွင် မနှင်းနှင်း၏ လူနာစောင့် အဒေါ် မမြင့်မော်မှ မဇ္ဈိမ ကိုပြောသည်။ တရားခံ တပ်ကြပ်ဝေလင်းဦး အား ဒီဇင်ဘာ(၂၂)ရက်နေ့အထိ က.ပ.စ(၂၂) စစ်တပ်တွင်း၌ ထိမ်းသိမ်းထားပြီး အရပ်ဘက်တရားရုံးသို့ လွှဲပြောင်း၍ မပေးသေးကြောင်း၊ ဒီဇင်ဘာ(၂၄)ရက်နေ့တွင် ရွှေဘို့ကျွန်းရွာမှ အလိုမတူဘဲ မတရားပြုကျင့်ခံရသူ၊ အသေသတ်ခံခဲ့ရသူ ကျောင်းသူမလေး မနှင်းနှင်းတို့ မိသားစု၏ အိမ်ထောင်စု စာရင်းမူရင်းအား က.ပ.စ(၂၂) မှ လာရောက်ပြီး ကျန်ခဲ့သူကလေးများထံမှ ဇွတ်အတင်းသိမ်းယူသွားကြောင်း ရွှေဘို့ကျွန်းရွာသား ကိုဇော်နိုင် မှ မဇ္ဈိမ ကိုဖုန်းဆက်ပြော၍ သတင်းရရှိပါသည်။ ၀ိုင်းအောင်
 

`ဆိပ်ဖြူမြို့မှ ချဲထီသမားများ အသဲယားစရာ အများက စိတ်ဝင်စား ဟုဆို..´

ဒီဇင်ဘာ(၁၂)။ ဆိပ်ဖြူမြို့နယ်တရားရုံးတွင် ဆိပ်ဖြူမြို့မရဲစခန်းမှ နှစ်လုံးထီ၊သုံးလုံးထီ ပပျောက်ရေးအတွက် မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး၏ လောင်းကစားဝရမ်းအမှတ်(၂၂/၂၀၁၂)အရ ၀င်ရောက်ဖမ်းဆီးခဲ့၍ (ပ)၄၀/၂၀၁၂ လောင်ကစား ဥပဒေပုဒ်မ ၁၅(က)ဖြင့် ဆိပ်ဖြူမြို့နယ်တရားရုံးသို့ (၂၉-၁၀-၂၀၁၂)နေ့မှာ စွဲချက်အမှတ် ၃၅/၂၀၁၂ ဖြင့် တရားခံနှစ်ဦးအား တရားစွဲတင်ပို့ခဲ့ကြောင်း သတင်းရရှိသည်။ ၎င်းအမှုကို (၁၂-၁၂-၂၀၁၂)နေ့မှာ ဆိပ်ဖြူမြို့နယ်တရားရုံး တွင် စီရင်ချက်ချမှတ်ပြီးကြောင်းသိရသည်။ ၎င်းစီရင်ချက်တွင် (၁)တစ်ရာခံဟု စွဲဆိုထားသော မဆွေဆွေသူ အား တရားသေလွှတ်၍ (၂) တရားခံဟု စွဲဆိုထားသော ကိုမျိုးမြင့်ထွေးအား ထောင်ဒဏ်(၂)နှစ်ချမှတ်လိုက်ကြောင်း သက်ဆိုင်ရာ မှ စုံစမ်းသိရှိရသည်။ အဆိုပါ အမှု၏ဖြစ်စဉ်မှာ (၁၅-၁၀-၂၀၁၂)နေ့၊ (၁၁း၃၀)အချိန်တွင် မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့ ဒုစရိုက်နှိမ်နင်းရေး အဖွဲ့မှ တပ်ကြပ်ကြီးတစ်ဦး နှင့် ရဲမေ တပ်ကြပ် တစ်ဦး၊ သက်သေများဖြစ်ကြသော မကွေးမြို့ မြင်သာရပ်ကွက် အုပ်ချုပ်ရေးမှူးအဖွဲ့ဝင် တစ်ဦး၊ မကွေးမြို့ အောင်မေတ္တာရပ်ကွက် အုပ်ချုပ်ရေးမှူးအဖွဲ့ဝင် တစ်ဦး တို့နှင့်အတူ ဆိပ်ဖြူရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် တစ်ဦး တို့နှင့်ပူးပေါင်း၍ ဆိပ်ဖြူမြို့တွင်းသို့ ၀င်ရောက်ဖမ်းဆီးခဲ့မှု ဟုသိရသည်။ တာဝန်သိ လုပ်သားပြည်သူတစ်ဦး၏ သတင်းပေးချက်အရ ဆိပ်ဖြူမြို့ မြို့မဈေးရှေ့ ဗိုလ်ချုပ်လမ်း မဆွေဆွေသူ၏ ကွမ်းယာဆိုင်တွင် နှစ်လုံးထီ သုံးလုံးထီလောင်းကစား ပြုလုပ်နေကြောင်း သိရ၍ လောင်းကစားဝရမ်းအမှတ် (၂၂/၂၀၁၂)ဖြင့် ၀င်ရောက်ဖမ်းဆီးခဲ့သည်ဆို၏။ ဆိုင်ပိုင်ရှင် မဆွေဆွေသူ (ခ) အမုန်းလင်္ကာ၏ ကွမ်းယာဆိုင်ခန်းအတွင်းမှာ ဆိုင်ရှင် မဆွေဆွေသူ နှင့်အတူတွဲလျှက် ကိုမျိုးမြင့်ထွေး တို့ထံမှ နှစ်လုံးထီ/သုံးလုံးထီလောင်းကစားရာတွင် အသုံးပြုသော စာရွက်စာတမ်းကရိယာများ နှင့် လောင်းကြေးငွေ - ၆၂၆၅၀ိ/ များကိုတွေ့ရှိသိမ်းဆည်းရမိ၍ သက်သေများနှင့်အတူ ရှာဖွှေပုံစံဖြင့်သိမ်းဆည်းခဲ့ကြောင်း၊ ၎င်း သက်သေခံပစ္စည်များ ကို ရှာဖွှေပုံစံဖြင့် (၁) တရားခံအဖြစ် ဆိုင်ရှင် မဆွေဆွေသူ (အသက် ၂၅) (ဘ) ဦးကျော်သူဝင်း ကွမ်းယာဆိုင်၊ ယောဝရပ် ဆိပ်ဖြူမြို့။ (၂) တရားခံအဖြစ် ကိုမျိုးမြင့်ထွေး (အသက် ၃၃) (ဘ)ဦးလက္ကတီး(ခ) ဦးတင်မောင် ကျဘမ်းလုပ်ကိုင်၊ ယောဝရပ် ဆိပ်ဖြူမြို့နေသူ နှစ်ဦးတို့အား အမှုဖွင့် အရေးယူပေးပါရန် ဆိပ်ဖြူမြို့မရဲစခန်း ရဲစခန်းမှူးထံသို့ ဒု ရဲအုပ်တစ်ဦးမှ အမှုဖွင့်တိုင်းကြားခဲ့ကြောင်း သက်ဆိုင်ရာမှ စုံစမ်းသိရှိရသည်။ အဆိုပါအမှုအား (ပ)၄၀/၂၀၁၂ လောင်ကစား ဥပဒေပုဒ်မ ၁၅(က)ဖြင့် မြို့နယ်တရားရုံးသို့ (၂၉-၁၀-၂၀၁၂)နေ့မှာ စွဲချက်အမှတ် ၃၅/၂၀၁၂ တရားခံနှစ်ဦးအား တရားစွဲတင်ပို့ခဲ့ကြောင်း၊ ဆိပ်ဖြူမြို့နယ်ဥပဒေအရာရှိ နှင့် မြို့နယ် တရားသူကြီး တို့မှ လက်ခံစစ်ဆေးခဲ့ကြကြောင်း၊ ထိုအမှုကို (၁၂-၁၂-၂၀၁၂)နေ့မှာ ဆိပ်ဖြူမြို့နယ်တရားရုံးတွင် စီရင်ချက်ချမှတ်ခဲ့ ကြောင်း၊ ၎င်းစီရင်ချက်အား သတင်းပေးသူ တာဝန်သိပြည်သူတစ်ဦးနှင့် လုပ်သားပြည်သူအများက အထူးစိတ်ဝင်စား နေကြကြောင်း ပြောကြား၍ သတင်းရရှိခဲ့သည်။ ၀ိုင်းကြည်အောင်
 

`ဆက်သွယ်ရေးကုမ္ပဏီ ITHL မှ ယာခင်းအတွင်းသို့ ၀င်ရောက်မြေတူးခြင်းကြောင့် မြေဆီလွှာပြတ်၍ မကွေးမြို့နယ်တွင်းမှ တောင်သူအချို့ မကြေနပ်ဟု သိရ´

မကွေးမြို့နယ်အတွင်း၌ ITHL (International Telecommunication Holding Limited) ကုမ္ပဏီသည် မြန်မာဆက်သွယ်ရေးလုပ်ငန်းနှင့် ပူးပေါင်း၍ အရေးတကြီးလိုအပ်နေသော ရန်ကုန်-ပြည်-မကွေး-နတ်မောက်- နေပြည်တော် မြို့များနှင့်ချိတ်ဆက်ရန် Fiber Optci Underground Cable မြေအောက်ကေဘယ်ဆက်ကြောင်းလုပ်ငန်းများကို (၁၀-၁၁-၂၀၁၂) နေ့မှစ၍ လုပ်ကိုင်နေကြောင်း သတင်းရရှိသည်။ GSM ဖုန်းလိုင်းသန်း(၃၀)အတွက်အသုံးပြုမည်ဟု သိရ၏။ ၎င်းလုပ်ငန်းအား မြန်မာ့ဆက်သွယ်ရေး စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ (၇-၄-၂၀၁၂) နေ့စွဲပါစာအရ ခွင့်ပြုချက်ဖြင့် ဆောင်ရွက်ကြောင်းသိရသည်။ ၎င်း ခွင့်ပြုချက်၌ အဆိုပါ မြေအောက်ကေဘယ်လုပ်ငန်း မြေတူးရာတွင် ကားလမ်းတစ်လျှောက် လမ်းနယ်နိမိတ်အဆုံးမှ ဆောင်ရွက်ရန်ဟု ဖော်ပြထားကြောင်း သိရ၏။ သို့သော် မကွေးမြို့နယ်အတွင်းရှိ မကွေး-တောင်တွင်းကားလမ်းဘေးရှိ မကျီးကန်ကျေးရွာ၊ လျှောင်းတော်ဦးကျေးရွာ၊ သပြေစမ်းကျေးရွာ၊ ရှားပင်လှကျေးရွာ စသည့်ကျေးရွာများတွင် ကားလမ်းနယ်ဆုံးမှ မြေအောက်ကေဘယ်လိုင်း တူးဖော်ခြင်းမပြုဘဲ ယာခင်းများအတွင်းသို့ ချင်းနင်းဝင်ရောက် တူးဖော်ဆောင်ရွက်ကြောင်း သိရ၏။ ၎င်း ယာခင်းထဲသို့ ၀င်ရောက်လုပ်ကိုင်ရန်အတွက် သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးများ နှင့် ITHL ကုမ္ပဏီ တို့ တွေ့ဆုံဆောင်ရွက်ကြ သည်ဆို၏။ အချို့ကျေးရွာများတွင် ယာခင်းရှင်များနှင့် ITHlကုမ္ပဏီ တို့တွေ့ဆုံ၍ (ယာခင်းအတွင်း အနက်ငါးပေ၊ အကျယ်နှစ်ပေ(မြေစာပုံပါ အကျယ်ခြောက်ပေခန့်) တူးဖော်ခြင်းအတွက်(ယခုနှစ် စိုက်ပျိုးထားသော သီးနှံများ ပျက်စီးဆုံးရှုံးမှုအဖြစ် အလျား(၁)ဖာလုံလျှင် ငွေကျပ်ငါးထောင် လျော်ကြေးပေးသည်ဟု သိရသည်။ အချို့တောင်သူများက လျှော်ကြေးငွေ မဖြစ်စလောက်ပေးချေပြီး ယာခင်းအတွင်း ကျင်းတူးခြင်းကြောင့် မြေဆီလွှာ မြေကြောပြတ်သွား၍ နောင်လာမည့်နှစ်များမှာ ၎င်းယာမြေများတွင် မြေဆီလွှာများခန်းခြောက်၍ စိုက်ပျိုးသီးနှံများ ဖြစ်ထွန်းတော့မည် မဟုတ်ခြင်းတို့ကြောင့် လျှော်ကြေးငွေမယူလိုကြောင်း၊ လျော်ကြေးငွေထက် မြေဆီလွှာ မြေကြောပြတ်သွားခြင်းအား ပြန်လည်လုပ်ကိုင် ဆောင်ရွက်ပေးစေလိုကြောင်း တောင်သူများမှပြောကြား၏။ အချို့ကျေးရွာများတွင် ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ITHl ကုမ္ပဏီတို့ လက်ဝါးရိုက်၍ မညီမမျှ လျော်ကြေးငွေများပေးချေကြသည်ဟု တောင်းသူတစ်ဦးမှ ဆိုသည်။ တောင်သူများအနေဖြင့် နိုင်ငံတော်မှ စီမံကိန်းလုပ်ငန်းဖြစ်၍ မကန့်ကွက် မတားဆီးသော်လည်း မထောက်ခံကြောင်း၊ လျော်ကြေးထက် တောင်သူများနှင့်တွေ့ဆုံခြင်းမရှိဘဲ ပွင့်လင်းမြင်သာမှုမရှိကြောင်း၊ ITHL ကုမ္ပဏီမှ လက်မှတ်ထိုးခိုင်းသော စာရွက်စာတမ်းများတွင်းလည်း လက်မှတ်ရေးထိုး၍ မပေးနိုင် ကြောင်း၊ အချို့ကျေးရွာများမှ လက်မှတ်ရေးထိုးခြင်းမပြုဘဲ အခြားကျေးရွာများမှ ကြေနပ်၍ လက်မှတ်ရေးထိုး ပေးလိုက်ကြသည်ဟု ညာ၍ ကုမ္ပဏီမှ လက်မှတ်ရေးထိုးခိုင်းနေကြကြောင်း၊ လျော်ကြေးငွေထက် ယာမြေများအား မြေဆီလွှာပြတ်သွားခြင်းကို ပြုပြင်ပေးမှသာ ကြေနပ်ကြမည်ဖြစ်ကြောင်း သပြေစမ်းကျေးရွာမှ တောင်သူတစ်ဦးက ဒီဇင်ဘာ(၁၂)ရက်နေ့မှာ သပြေစမ်းကျေးရွာတွင် မြန်မာပို့စ် နှင့် အခြားမီဒီယာများကိုပြောသည်။ အဆိုပါကိစ္စအား မြန်မာ့ဆက်သွယ်ရေး မကွေးတိုင်းဒေသကြီးမှ ဦးစီးအရာရှိတစ်ဦးအား မေးမြန်းရာ ၎င်းကိစ္စမှာ ITHL ကုမ္ပဏီနှင့်သာ သက်ဆိုင်ကြောင်းဆို၏။ ITHL ကုမ္ပဏီသို့မေးမြန်းရာ တာဝန်ခံ၍ ဖြေကြားမည့်သူမရှိဟု ဆို၏။ ၀ိုင်းကြည်အောင်
 

`မကွေးတိုင်းဒေသကြီး NLD ပါတီ အတွင်းမှာ ပထမ အဦးဆုံး ကျင်းပပြီးသော မင်းတုန်းမြို့နယ်NLD ညီလာခံ´

ဒီဇင်ဘာ(၁၃)ရက်နေ့တွင် မင်းတုန်းမြို့နယ်NLDပါတီ ဥက္ကဋ္ဌ ဦးတင်ဝင်း မှ မဇ္ဈိမ သို့လာရောက်ပြောကြားသည်။ မကွေးတိုင်းဒေသကြီး NLD ပါတီအဖွဲ့ တွင် ပထမ အဦးဆုံး ကျင်းပပြီးသော မင်းတုန်းမြို့နယ်NLD ညီလာခံ ပြုလုပ်ပြီးကြောင်း သိရသည်။ မင်းတုံးမြို့နယ်အတွင်းပါတီဝင်ပေါင်း(၁၅၀၀)ကျော်ခန့် စုစုပေါင်းအဖွဲ့ဝင်အဖြစ် လက်ခံပြီးကြောင်း၊ ရပ်ကျေး/ အုပ်စုပေါင်း (၇၆)အုပ်စု ရှိသည့်အနက်မှ ရပ်ကျေး/အုပ်စု(၄၅)အုပ်စု မှာ ရပ်/ကျေးညီလာခံများ ကျင်းပပြီး၍ ဒီဇင်ဘာ(၉)ရက်နေ့တွင် မင်းတုန်းမြို့နယ်NLD ညီလာခံကျင်းပနိုင်ခဲ့ကြောင်း၊ (အုပ်စုအားလုံး ညီလာခံ မကျင်းပနိုင်သော်လည်း အုပ်စု ၅၀%ကျော် ကျင်းပနိုင်ခဲ့လျှင် မြို့နယ်ညီလာခံကျင်းပနိုင်ကြောင်းကြားသိရ၏) အရွေးချယ်ခံကိုယ်စားလှယ် ပေါင်း(၁၁၄)ဦး တက်ရောက်ကြ၍ မြို့နယ်စည်းရုံးရေးကော်မတီအဖြစ် အလုပ်အမှုဆောင် (၁၉)ဦးအား ရွေးချယ်တင်မြောက် ပြီးခဲ့ကြောင်း သိရသည်။ ဥက္ကဋ္ဌ ဦးတင်ဝင်း၊ ဒုဥက္ကဋ္ဌ ဦးအေးလှိုင်ဦး၊ အတွင်းရေးမှူး ဦးတင်မောင်ဝင်း၊ တွဲဘက်အတွင်းရေးမှူး ဦးဝင်းညွန့်၊ ဘဏ္ဍာရေးမှူး ဒေါ်စိုးစိုးမြင့် နှင့် အဖွဲ့ဝင်(၁၄)ဦးတို့ဖြစ်ကြောင်း သိရသည်။ မင်းတုန်းမြို့နယ်အတွင်း NLD ညီလာခံကော်မရှင်ရွေးချယ်ရေး လုပ်ငန်းများမှာ အကွဲအပြဲကိစ္စအား မေးမြန်းကြည့်ရာ..၊ `မင်းတုန်းမြို့နယ်အတွင်းမှာလည်း အနည်းငယ်တော့ အကွဲအပြဲရှိကြပါတယ်။ ကိုယ့်အတွင်းစည်းထဲက နေရာလုကြတာ ပါဘဲ။ ဒါပေမယ့် အားလုံးပြန်လည် အဆင်ပြေသွားကြပါတယ်။ ကျွန်တော်က (၈၈)အရေးအခင်းတုံးက သပိတ်ခေါင်းဆောင် တစ်ဦးပါ။ အရေးအခင်းပြီး နောက်ပိုင်းက NLD ပါတီကိုဝင်လာခဲ့သူပါ..။ ယခု ကျွန်တော်တို့ မင်းတုန်းမြို့နယ်ညီလာခံ စည်းရုံးရေးအလုပ်အမှုဆောင် ရွေးချယ်ပွဲကို သရက်မြို့နယ်NLD ညီလာခံအဖွဲ့က ကြီးကြပ်ပြီး ဒီမိုကရေစီနည်းလမ်းကျစွာနဲ့ ရွေးချယ်ပေးခဲ့ကြတာပါ။ မကွေးတိုင်းအတွင်းမှာတော့ ကျွန်တော်တို့ မင်းတုန်းမြို့နယ်က ဦးဦးဖျားဖျား ပထမ အဦးဆုံး NLD မြို့နယ်ညီလာခံ ကိုအောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါတယ်ခင်ဗျာ..။´ ဟု မင်းတုန်းမြို့နယ်NLD ပါတီ ဥက္ကဋ္ဌ ဦးတင်ဝင်း မှ မဇ္ဈိမ ကို ပြောသည်။ ၀ိုင်းအောင်
 

`မကွေးမြို့ မြသလွန်ဘုရားပွဲတော် ကွင်းပြင်တွင် ဒေါ်အောင်ဆန်းစုကြည် ၏ လူထုဟောပြောပွဲ´

ဒီဇင်ဘာ(၉)ရက်နေ့ နံနက်(၇း၄၅) မှ (၈း၂၀)နာရီထိ မကွေးမြို့ မြသလွန်ဘုရားဈေးကွင်းပြင်မှာ NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် သည် လူထုကြီးအားတွေ့ဆုံ၍ မိန့်ခွန်းပြောကြားသည်။ ထို့နောက် နံနက်ပိုင်းမှာ မကွေးမြို့မှ ရေနံချောင်းမြို့၊ ကျောက်ပန်းတောင်မြို့ နှင့် ညောင်ဦးမြို့လေယာဉ်ကွင်းသို့ ဆက်လက်ထွက်ခွာသွားကြောင်း မြန်မာပို့စ် က သတင်းရရှိပါသည်။ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းများမှ ကောက်နုတ်ဖော်ပြအပ်ပါသည်။ အပြောင်းအလဲ လုပ်တဲ့နေရာမှာ ကျမတို့ဘက်က တင်းတင်းမာမာနဲ့ မလုပ်သင့်ဘူး။ ပျော့ပျော့ပျောင်းပျောင်းနည်းနဲ့အများပြည်သူတွေအတွက် အကျိုးရှိမယ့်ဟာကို ရှာကြည့်ပီးတော့ လုပ်သွားရမယ်။ အခုကျမတို့ သွားနေတဲ့လမ်းက လွယ်တဲ့လမ်းတစ်ခုတော့ မဟုတ်ပါဘူး။ ခက်ခဲကြမ်းတမ်းတဲ့လမ်းတခုဖြစ်ပါတယ်။ ဒီခက်ခဲတဲ့လမ်းခရီးကို အဆင်သင့်ဖြစ်နေအောင် ကျမတို့ ပြည်သူအနေနဲ့ အတူတကွ ခရီး ထွက်ကြမယ်။ ကြိုတင်ပြင်ဆင်မှုတွေ လူထုအနေနဲ့ အများကြီး လုပ်ထားဖို့လိုတယ်။ ဒါမှ ကောင်းမွန်သော နိုင်ငံသစ်တရပ်ဖြစ်လာမယ်။ နိုင်ငံက မဆင်းရဲပါဘူး။ ပြည်သူတွေက ဆင်းရဲနေတာ။ နိုင်ငံတော်ရဲ့ မြေအောက် သံယံဇာတ ပြီးတော့ ကျွန်းသစ်အပါအ၀င် လက်ရှိရောင်းစားနေတဲ့ဟာတွေကို သဘာဝ ပတ်ဝန်းကျင် ကာကွယ်တဲ့အနေနဲ့ ပြည်သူမှာ တာဝန်ရှိတယ်။ ပညာရေးနဲ့ ပတ်သက်လို့ ကျမတို့ပညာရေးစနစ်က ယခင်အနှစ်(၂၀)နဲ့ပြန်ကြည့်လိုက်ရင် ကျောင်းသူ ကျောင်းသားများရဲ့ ပညာရေးအဆင့်ကနိမ့်လာတယ်။ ပညာရေးစနစ်က ကျကျလာပါတယ်။ အနှစ်(၅၀)နဲ့ဆိုရင် ဘယ်လို့မှကို ယှဉ်လို့ မမီပါဘူး။ ကျမတို့ကျောင်းသူခေတ်ကဆိုရင် အရှေ့တောင်အာရှမှာ ပညာအရာမှာ မြန်မာနိုင်ငံဆိုတာ ထိပ်တန်းက ပြေးလာတဲ့နိုင်ငံပါ။ ယခုကျတော့ နောက်ဆုံးမှာရောက်နေပါတယ်။ ပညာရေးစနစ်မကောင်းလို့ပါ။ ကျောင်းသားတွေက ကိုယ့်ဘာသာလေ့လာတာ ကိုအားမပေးဘူး။ ဆရာမတွေက မမေးနဲ့ အပိုတွေမပြောနဲ့ စာကိုသာ အလွတ်ကြက်ဖြေ ။ ကျောင်းသားတွေမှာ ပြောရဲ ဆိုရဲ မမေးရဲဖြစ်သွားကြတယ်။ ဒီထဲမှာ ကျောင်းဆရာ ဆရာမတွေပါရင် ကိုယ့်တပည့်တွေ ကို မေးခွန်းတွေ မေးရဲ ပြောရဲအောင် ပြောင်းလဲသွားအောင် ကြိုးစားပေးစေချင်ပါတယ်။ အနာဂတ်အတွက် ပညာရေးပြန်လည်ကောင်းမွန် လာအောင် ကျမတို့ လွတ်တော်အဆင့်ဆင့်မှာ ပြုပြင်ဖို့ ကြိုးစားနေကြပါတယ်။ အပြင်မှာလည်း ပညာရေးနဲ့လို့ တတ်နိုင်သလောက် အထောက်အကူပြုနိုင်အောင် အားပေးကြပါ။ ကျမတို့နိုင်ငံ ပြည်သူတွေကို တန်ဘိုးရှိအောင် ကြိုးစားကြပါ။ ပြည်သူတွေက ကိုယ့်ကိုယ်အားကိုးတတ်အောင် ကြင့်ပေးကြပါ။ စိတ်ဓာတ်ကျနေသူတွေကို စိတ်ဓာတ်မြင့်မားလာအောင် တစ်ဦးနဲ့ တစ်ဦး ထိမ်းသိမ်းစောင့်ရှောက်ပေးကြပါ။ ကျမနဲ့အတူ ဒီမိုကရေစီကို ခိုင်မြဲအောင် ပြည်သူတွေက ၀ိုင်းဝန်းကူညီပေးကြပါ။ ပြောကြားကြောင်း သတင်းရရှိသည်။ ၀ိုင်းကြည်အောင်
 

` ဖခင်ဗိုလ်ချုပ်အောင်ဆန်း၏ မွေးရပ်မြေ နတ်မောက်မြို့မှာ သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် (၉၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ လူထုဟောပြောပွဲ´

အမျိုးသားဒီမိုကရေစီပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ဒီဇင်ဘာ(၈)ရက်နေ့တွင် နေပြည်တော်မှ တောင်တွင်းကြီးမြို့၊ မြို့သစ်မြို့များသို့ နံနက်ပိုင်း/နေ့လည်ပိုင်းတို့တွင်ရောက်ရှိကြောင်း၊ ပြည်သူ လူထုများအား နုတ်ဆက်မိန့်ခွန်းများ ပြောကြား၍ နတ်မောက်မြို့သို့ နေ့လယ် (၂း၃၀)နာရီတွင်ရောက်ရှိလာသည်။ နတ်မောက်မြို့ရှိ ဖခင်ကြီး မွေးဖွား၍ နေထိုင်ခဲ့သော ဗိုလ်ချုပ်အောင်ဆန်း ပြတိုက်အား ဒေါ်အောင်ဆန်းစုကြည် ၀င်ရောက်ကြည့်ရှုပြီး လူထုနှင့်တွေ့ဆုံရန် ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ် ပန်းခြံကွင်းပြင်သို့ ရောက်လာသည်။ ဒီဇင်ဘာ(၈)ရက် နေ့လည်(၂း၄၅)မှ (၃း၂၅)အချိန်တွင် ဒေါ်အောင်ဆန်းစုကြည်သည် နတ်မောက်မြို့ ဗိုလ်ချုပ်အောင်ဆန်း ပန်းခြံကွင်းမှာ `အမျိုးသားအောင်ပွဲနေ့´ အဖြစ်လူထု(၁)ကျော်ခန့်အား ဟောပြောကြောင်း မဇ္ဈိမ မှ သတင်းရယူခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်၏ ဟောပြောချက်များမှ ကောက်နုတ်ဖော်ပြပါသည်။ ``နတ်မောက်မြို့သူ မြို့သားများအားလုံးကို အထူးကျေးဇူးတင်ပါတယ်၊ လူထုကြီးကို လှိုက်လှိုက်လဲလဲနဲ့အားလုံးကိုကြို ဆိုပါတယ်။ ဖေ့ဖေ့ရဲ့မွေးဖွားတဲ့ ဇာတိချက်ကြွေဖြစ်လို့ ကျမတို့ကို မွေးဖွားတဲ့ ဇာတိလို့ပဲ ခံယူလိုက်ပါတယ်။ ကျမ နတ်မောက်မြို့ကို မရောက်ဖြစ်တာ(၁၀)နှစ်လောက်ရှိပါပြီ။ နတ်မောက်မြို့ကလေးက သေးပေမဲ့ ဘာကြောင့်နာမည်ကြီး လူသိများသလဲဆိုရင် ဖေ့ဖေ့ကြောင့် လူသိများလာပါတယ်၊ နတ်မောက်မြို့လေးက ပညာရှိတွေအများကြီးထွက်တဲ့မြို့ဖြစ် ပါတယ်။ နတ်မောက်မြို့သူ မြို့သားတွေအတွက် ဂုဏ်ယူပါတယ်။´´ ဟု၎င်း။ "ကျွန်မအဖေက နတ်မောက်သားဆိုတော့ နတ်မောက်မြို့သူမြို့သားတွေဟာ ကျွန်မတို့နဲ့ တစိတ်တ၀မ်းထဲလို့ပြောလို့ရပါတယ်။ နတ်မောက်သူ နတ်မောက်သားတွေနဲ့ပတ်သက်လို့ ကျွန်မအများကြီးဂုဏ်ယူပါတယ်။ ဂုဏ်လဲ ယူသင့်ပါတယ်။ ဒီတော့ကာ နတ်မောက်ရဲ့ အစဉ်အလာကိုထိန်းသိမ်းသွားမယ့်ပြည်သူတွေဖြစ်စေချင်ပါတယ်။ ဇာတိမာန်ရှိတယ်ဆိုရာမှာလဲ ဒီမြေမှာမွေးလို့ဆိုတာထက် ဒီမြေနဲ့ထိုက်တန်တဲ့ဇာတိမာန်ရှိဖို့လိုပါတယ်။ နတ်မောက်သူ နတ်မောက်သားတွေဆိုရင် ရိုးဖြောင့်တယ်လို့ တစ်နိုင်ငံလုံးက ယုံကြည်ကြတယ်။ တိုင်းပြည်အကျိုးရှိစိတ်ရှိတယ်လို့လဲ တစ်နိုင်ငံလုံးက ယုံကြည်ကြတယ်" ဟု ဒေါ်အောင်ဆန်းစုကြည်က နတ်မောက်မြို့ ဗိုလ်ချုပ်ကြေးရုပ် အားကစားကွင်းတွင်ကျင်းပသော (၉၂)နှစ်မြောက်အမျိုးသားနေ့အခမ်းအနားမိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။ ထို့အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်များ အောက်ခြေလွတ်သည်ကိုတွေ့ပါက သူ့ထံတိုက်ရိုက်တိုင်ကြားနိုင်ကြောင်း၊ ပါတီဝင်များ နေရာမမက်ရန်ကိုလည်း အမြဲသတိပေးနေကြောင်း၊ ပြည်သူအနေဖြင့်လည်း နိုင်ငံရေးပါတီများပြောသမျှကိုမယုံသင့်ကြောင်း၊ သို့ရာတွင် အပြစ်တော့ကင်းမည်မဟုတ်ကြောင်း၊ ယင်းအချက်ကို ပြည်သူများနားလည်ပေးစေလိုကြောင်း၊ ပြုပြင်ရန်ရှိသည်တို့ကိုလည်း ပြည်သူများက မေတ္တာဖြင့်ထောက်ပြပေးစေလိုကြောင်း စသည်ဖြင့်ပြောကြားခဲ့သည်။ ထို့နောက် ဒေါ်အောင်ဆန်းစုကြည်သည် နတ်မောက်တွင် ခေတ္တနားပြီးနောက် မကွေးသို့ ခရီးဆက်ခဲ့သည်။ လမ်းတလျောက်မှ ပြည်သူများက သောင်းသောင်းဖြဖြကြိုဆိုကြသည်။ နတ်မောက်မှ မကွေးသို့လာရာလမ်းရှိ ကြာကန်ကျေးရွာတွင်လည်း ကားပေါ်မှပင် အမှာစကားပြောကြားခဲ့သေးသည်။ ကလေးများပညာသင်ကြားကြရေး။ တိုးတက်အောင်လုပ်ကြရေး။ လူကြီးများကလည်း ကလေးများပညာရေးကို အားပေးကြရေး၊ ကလေးများ အသိဥာဏ်ရင့်သန်စေရေး စသည်တို့ကိုပြောကြားခဲ့သည်။ "ကျွန်မ ပြောမယ်နော်။ အန်အယ်လ်ဒီတွေ မြောက်ကြွ မြောက်ကြွ လုပ်နေလို့ကတော့ ကျွန်မကိုသာတိုင်။ ကျွန်မ လုံးဝမကြိုက်ဘူး။ ကျွန်မတို့အဖွဲ့ဟာ ပြည်သူတွေရဲ့မျက်စိမှာ အမြင်မတော်ဘူးဆိုရင် ဘာမှမလုပ်ဘူး။ အဲဒီတော့ လုပ်လို့ရှိရင် ပြည်သူတွေအနေနဲ့ ကျွန်မကိုပြောနိုင်တဲ့အခွင့်အရေးရှိပါတယ်။ ပြောလည်းပြောပါ။ ကျွန်မတို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်တွေကို ကျွန်မ ခဏခဏပြောတယ်။ နေရာသိပ်မမက်ကြပါနဲ့။ ကျွန်မခဏခဏသတိပေးတယ်။ မရှိတဲ့ကုလားထိုင်နေရာတောင်မှ လုနေတဲ့လူတွေဟာ ကုလားထိုင်ရှိရင် ဒုက္ခရောက်ရလိမ့်မယ်။ အဲဒီတော့ ပြည်သူတွေကနေပြီးတော့ နိုင်ငံရေးပါတီတွေကို ထိန်းထားရမယ်။ နိုင်ငံရေးပါတီတွေပြောသမျှမယုံနဲ့။ ဒါပေမယ့် တစ်ခုတော့ရှိတယ်နော်။ နိုင်ငံရေးပါတီဝင်တွေဆိုတာလည်း ရဟန္တာတွေမဟုတ်ပါဘူး။ ပုထုဇဉ်တွေဆိုတော့အပြစ်တော့ရှိမှာပဲ။ အတိုင်းအတာတစ်ခုထိတော့ နားလည်မှုပေးဖို့လိုပါတယ်။ ကျွန်မတို့လည်း ခြောက်ပစ်ကင်းသဲလဲစင်မဟုတ်ပါဘူး။ ဒါတွေကို ပြည်သူတွေကနေပြီးတော့ စေတနာနဲ့ ဂရုဏာနဲ့ထောက်ပြပြီးတော့ ပြင်ပေးပါ။ အဲဒီလိုပြင်ပေးတဲ့နည်းနဲ့ပဲ ကျွန်မ ရှေ့ကိုဆက်ပြီးတော့ သွားနိုင်မှာဖြစ်ပါတယ်" ဒီမိုကရေစီနိုင်ငံတော်မှာ အစိုးရက ကိုယ့်လုပ်ချင်ရာ လုပ်လို့မရပါဘူး။ အမျိုးသားအောင်ပွဲနေ့မှာ ၁၃၀၀ ကျောင်းသားသပိတ်ကစပြီး ပြည်သူတွေကကူညီကြလို့ ပြည်သူတွေနဲ့ စည်းလုံးညီညွတ် ကြလို့ပေါ်ပေါက်လာတာ ဖြစ်ကြောင်း၊ ခေါင်းဆောင်တွေအများကြီးလိုအပ်ပါတယ်။ ကျမတစ်ဦးတစ်ယောက်ကိုသာ အားမကိုးကြပါနဲ့ ကိုယ့်ကိုယ်သာ အားကိုးကြပါ၊ ကျမတို့ NLDပါတီမှာ အမြင်မတော်တာရှိရင်ပြောကြပါ။ ကုလားထိုင်မရှိသေးတာကို ကုလားထိုင်လုနေကြတာ မကောင်းပါဘူး။ ´´ စသည့်များကိုပြောဆိုသွားသည်။ ထို့နောက် ပရိတ်သပ်ထဲမှ သုံးဦးအား လက်ညိုးထိုး၍ မေးမြန်းရာ ပထမလူကြီးမှ နတ်မောက်မြို့နယ်ထဲမှာ စက်ရုံအလုပ်ရုံများ လိုအပ်နေပါကြောင်း၊ ဒုတိယ လူငယ်မှ လမ်းပမ်းဆက်သွယ်ရေးကောင်းမွန်အောင်နဲ့ လျှပ်စစ်မီးလင်းရေးကိုဆိုသည်။ တတိယအမျိုးသမီးလေး မှ ဘွဲ့ရလူငယ်များ အလုပ်လက်မဲ့ ကင်းဝေးရေးများကိုတောင်းဆိုမေးမြန်းပါသည်။ ဒေါ်အောင်ဆန်းကြည်မှ အဓိက ပညာရေးစနစ် ကောင်းမွန်အောင် ပထမဆောင်ရွက်မည်ဖြစ်ကြောင်း၊ကျမတို့ နိုင်ငံပညာရေးစနစ်က မကောင်းသေးပါဘူး။ ဒုတိယ လမ်းပမ်းဆက်သွယ်ရေးကောင်းမွန်အောင် သူ့မှာရှိတဲ့ငွေနဲ့ စတင်ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း၊ နှင့် အာဏာရှင် အစိုးရအစိုးရရှိနေသေးရင်း ဒီမိုကရေစီမရနိုင်သေးကြောင်း၊ အစိုးရကို ပြည်သူများကမွေးဖွား ရွေးချယ်ပေးရမှာဖြစ်ကြောင်း၊ စသည်တို့ကိုပြောဆိုသည်။ နတ်မောက်မြို့နယ် NLD နာယက အဖွဲ့ဝင် ဦးတူးတူး အား ဤပွဲဖြစ်မြောက်ရေး အကြောင်း မေးမြန်းကြည့်ပါသည်။ ``ကျနော်တို့ ဗိုလ်ချုပ်သမီးလာမယ်ဆိုတော့ လူတိုင်းက၀မ်းသာအားရကြိုဆိုနေကြပါတယ်။ အားလုံးက အခမဲ့ကူညီပေး ကြတာပါ။ ရေသန့်ဗူးကအစ မော်တော်ကား အကြီး အသေး အခမဲ့ကူညီပေးကြပါတယ်။ လူအင်အားကိုတွက်ကြည့်ရင် (၁)သိန်းကျော်လောက် ရှိပါ့မယ်။ ဒီမြို့မှာက သူ့မောင်ဝမ်းကွဲ ဦးအောင်မြင့်သိန်း တစ်ယောက်သာရှိပါတယ်။ သူက ကိုးဆယ်ခုနှစ်က အမတ်တစ်ဦးဖြစ်ပါတယ်။ ယခုလည်း NLDမှ မြို့နယ်ကော်မရှင် ဥက္ကဋ္ဌ တစ်ဦးပါ။သူ့မောင်အိမ်ကိုတော့ ၀င်မယ်ထင်ပါတယ်ဗျာ။ နတ်မောက်မှာ ပါတီဝင်အင်းအားက(၁)သောင်းကျော်နေပါပြီ။ ဒိုင်နယ်ပေါင်း(၈၁)နယ်ရှိပါတယ်။ ရပ်ကျေးညီလာခံ(၆၀)ကျော်ဖွဲ့စည်းပြီး အားလုံးရုံးဖွင့်လို့ ဆိုင်းဘုတ်တွေလဲ တင်ထားပြီးပါပြီ။ ယခုပွဲပြီးရင် ပါတီဝင်အဖွဲ့တွေ ထပ်ပြီးတိုးပါ့မယ်။ အွန်လိုင်းမှာ နတ်မောက်မြို့ ဒီပွဲဖြစ်မြောက်ရေးအတွက် သက်ဆိုင်ရာ အာဏာပိုင်တွေကို စာတင်ပါတယ်။ အုပ်ချုပ်ရေးမှူးကို စာတင်တာ သူက မြို့နယ်ရဲတပ်ဖွဲ့ကို ဆက်တင်ခိုင်းပါတယ်။ အုပ်ချုပ်ရေးမှူးက ခွင့်မပြုပါဘူး။ ဒါပေမယ့် ကျွန်တော်တို့က ဘာမှ ဆက်မတင်ပဲ ဒီပွဲကို အခြေခံဥပဒေနဲ့ အညီဆောင်ရွက်ပါတယ်။ဒေါ်စုလာတဲ့အတွက် အင်မတန်မှဂုဏ်ယူပါတယ်၊ ပြောမပြတတ်အောင်ကို ၀မ်းလဲသာပါတယ်။´´ဟု NLD နာယက ဦးတူးတူးက ပြောသည်။ ညနေပိုင်း (၄)နာရီကျော်မှာ NLDပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည့်သည် နတ်မောက်မြို့မှ မကွေးမြို့သို့ ဆက်လက်ထွက်ခွာသွားသည်။ မော်တော်ကားလမ်းဘေး၌ ရှိသော နတ်မောက်မြို့နယ်တွင်းရွာများနှင့် မကွေးမြို့နယ်တွင်းမှ ကြာကန်ရွာ၊ ညောင်ကန်ရွာ၊ ပုဂံမျှော်ရွာ၊ ညောင်ပင်သာရွာ နှင့် ကံပြားရွာများမှ ကြိုဆိုနေကြသူ လူထုပရိတ်သတ်များကို (၅)မိနစ်ခန့် ဒေါ်အောင်ဆန်းစုကြည်မှ နှုတ်ခွန်းဆက်စကားများ ပြောဆိုသည်။ ည(၇း၃၀)အချိန် မကွေးမြို့ ရွာသစ်ပွဲကြိုရပ်ကွက် (ထိန်ထိန်သာ ဟော်တယ်) တွင်(၈-၁၂-၂၀၁၂)နေ့မှာ ညအိပ်ရပ်နားကြောင်း သတင်းရရှိသည်။ ၀ိုင်းအောင်