`မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ၁၃၇၃ ခုနှစ် မဟာသင်္ကြန်ဖွင့်ပွဲ နှင့်ဆုချီးမြှင့်ပွဲ´








`မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ၁၃၇၃ ခုနှစ် မဟာသင်္ကြန်ဖွင့်ပွဲ နှင့်ဆုချီးမြှင့်ပွဲ´
၂၀၁၂ ခု၊ ဧပြီလ(၁၂)ရက်။ညနေ(၆)နာရီအချိန်တွင် ၁၃၇၃ ခု၊ နှစ်သစ်သင်္ကြန်ဖွင့်ပွဲ အခမ်းအနားကို မကွေးမြို့ ဆားစေ့ရပ်ကွက် ကမ်းနားလမ်းမှ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ မြန်မာ့ရိုးရာမဟာသင်္ကြန် ဗဟိုလ်မဏ္ဍုပ်တွင် စည်ကားသိုက်မြိုက်စွာ အခန်းအနားကျင်းပကြောင်း သတင်းရရှိသည်။ ယင်းဖွင့်ပွဲတွင် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးဘုန်းမော်ရွှေ မှ နှတ်ဆက် အမှာစကားပြောကြား၍ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ၀န်ကြီးများအားလုံး နှင့် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်များမှ ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသူ ဧည့်သည်တော်များ တက်ရောက်ကြောင်း သိရ၏။ ၎င်း ဖွင့်ပွဲတွင် သင်္ကြန်ယိမ်းအကပြိုင်ပွဲဝင် (၁၁)ဖွဲ့၊ တစ်ပင်တိုင်အကပြိုင်ပွဲဝင်(၁၁)ဖွဲ့နှင့် အလှပြမော်တော်ယာဉ်(၈)စင်းတို့ တက်ရောက်လာကြောင်း မြင်တွေ့ရပါသည်။ မကွေးမြို့ပေါ်ရပ်ကွက်များတွင် သင်္ကြန်ဆုပေးမဏ္ဍုပ်၊ ရေပက်ခံမဏ္ဍုပ် စုစုပေါင်းမဏ္ဍုပ်(၂၄) ခု တည်ဆောက်ထားကြောင်း သတင်းရရှိခဲ့ပါသည်။
ယခု ၁၃၇၃ ခုနှစ် နှစ်သစ်ကူး မဟာသင်္ကြန်ပွဲတော်တွင် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ စည်းကမ်းချက်များကို ကြိုတင်အသိပေး ဖြန့်ဝေထားကြောင်း သတင်းစာအချပ်ပိုတွင် တွေ့မြင်ရပါသည်။ ထို့ကြောင့် ယခုနှစ်သင်္ကြန်တွင် မော်တော်ယဉ်များ မော်တော်ဆိုင်ကယ်များမှာ အိတ်ဇောဖြုတ်ထားခြင်းများ နှင့် ရေခဲထုပ်၊ ရေပူဗောင်း၊ ဆပ်ပြာရည်၊ ဂတ်စ်ဘူးဖြင့် ကစားခြင်းများ မမြင်တွေ့ရကြောင်းသိရသည်။ သို့သော် မြန်မာ့ယဉ်ကျေးမှုသင်္ကြန်ကို တားမြစ်မှုမှာ မထိရောက်ကြောင်း ပြောဆိုသံများကြားရသည်။ ရေပက်ခံသူများထက် စင်ပေါ်မှ ဖြေဖျော်သူများက ၀တ်စားထားတာတွေ တော်တော်ဆိုးသည်ဟု အများမှ မှတ်ချက်ပေးကြသည်။
` မော်တော်ယဉ်လိုင်ပေါင်းစုံ မဏ္ဍပ်မှာဗျာ စင်ပေါ်က ဖြေဖျော်တဲ့ ကောင်မလေးတွေ တော်တော်ကို ကဲနေကြပါတယ်။ ကောင်မလေးတွေ အရက်မူးတယ်ထင်ပါတယ်။ ကနေကြတာက ပွတ်သဘင်အကတွေကို ကနေကြတယ်ဗျာ..။ မောင်နဲ့ နှမ သားနဲ့အမိ မကြည့်သင့်တဲ့ အကတွေပါ။ ၀တ်စားဆင်ယင်ထားတာကလဲ ဘောင်းဘီးတိုလေးတွေနဲ့ ဖော်ချွတ် မထားရုံတစ်မယ်ပါဗျာ..။ ကျွန်တော်တို့ မြန်မာယဉ်ကျေးမှု သင်္ကြန်ပျောက်ကွယ်ကြတော့မယ်။ ကျွန်တော်တို့မြန်မာ မလေးတွေ ကိုးရီးယားကားတွေကိုကြည့်ပြီး အရက်သောက်နေကြတယ်။´ ဟု မကွေးသတင်းထောက် ဆိုသူကပြောပါ၏။


မြန်မာ့ယဉ်ကျေးမှုသင်္ကြန်
*အမျိုးသားယဉ်ကျေးမှုကို ထိမ်းသိမ်းပါ။
*သရုပ်ပျက်ယဉ်ကျေးမှုကို ရှောင်ကြဉ်ပါ။
*အမျိုးဂုဏ် ဇာတိဂုဏ်ကို မြန်မာ့ယဉ်ကျေးမှုသင်္ကြန်ဖြင့် မြှင့်တင်ပါ။
*မြန်မာ့ယဉ်ကျေးမှုမဟာသင်္ကြန်ကို သင့်ကြောင့် အကျည်းတန် မညစ်နွမ်းပါစေနှင့်။

မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန် ဆင်နွှဲသူများ လိုက်နာရန် တိုက်တွန်နိုးဆော်ချက်
(က) မြန်မာ့ရိုးရာယဉ်ကျေးမှုစရိုက်နှင့် ဖီလာဆန့်ကျင်ပြီး မြန်မာလူမျိုးများ၏ အမြင်တွင် မတင့်တယ်သည့် ၀တ်စားဆင်ယင်မှု ပြုမူပြောဆိုမှုများ မပြုလုပ်ရန်။
(ခ) ဗုဒ္ဓဘာသာယဉ်ကျေးမှု အဆုံးအမနှင့် ဖီလာဆန့်ကျဉ်သည့် အပြုအမူ ပြောဆိုမှုများ မပြုလုပ်ရန်။
(ဂ) အချင်းချင်း ဒဏ်ရာအနာတရဖြစ်စေပြီး အန္တရာယ်ဖြစ်စေသည့် ကြမ်းတမ်းသည့် ရေကစားမှုများ အပြုလုပ်ရန်။
(ဃ) တိုင်းရင်းသားစည်းလုံးညီညွန်မှုကို ပျက်ပြားစေပြီး ဆူပူမှုကိုဖြစ်စေနိုင်သည့် လှုံ့ဆော်ဖန်တီး ပြုလုပ် ပြောဆိုကြိုးပမ်းမှုများကို မပြုလုပ်ရန်။

ရေခဲထုပ်၊ ရေပူဗောင်း၊ ဆပ်ပြာရည်၊ ဂတ်စ်ဘူးဖြင့် ကစားက
(၁)။ လက်ဝယ်တွေ့ရှိသူ ထောင်(၁)နှစ်။
(၂)။ ကစားသူ ထောင်(၃)နှစ်။
(၃)။ ထုတ်လုပ်ရောင်းချသူ ထောင်(၅)နှင့်နှင့် ပစ္စည်းကိုသိမ်း။

သတိ
သင်္ကြန်ကာလအတွင်း အရက် ဘီယာများအား မော်တော်ယဉ်များဖြင့် လှည့်လည်ရောင်းချခြင်း။ ရေကစားမဏ္ဍုပ်အနီးနှင့် အခြားနေရာများတွင် တရားမ၀င် ရောင်းချခြင်းများ မပြုလုပ်ရန်တားမြစ်သည်။

သတိပြုရန်
(က) မြန်မာ့ရိုးရာယဉ်ကျေးမှု သင်္ကြန်ကာလ မကွေးတိုင်းဒေသကြီးအတွင်း ယဉ်မောင်းသူများ လိုက်နာရန်။
(၁) မူးယစ်သောက်စား ယာဉ်မမောင်းရ။
(၂) အပျော်လွန်ကျူးစည်းကမ်းမဲ့ပြိုင်မမောင်ရ၊ လုမမောင်းရ။
(၃) မော်တော်ယာဉ်များနှင့် မော်တော်ဆိုင်ကယ်များတွင် အိတ်ဇောပိုက်ဖြုတ်မမောင်းရ။
(၄) ယာဉ်နံပါတ်ပြား မပါရှိဘဲ မမောင်းရ။
(၅) ယာဉ်နံပါတ်အတုများ၊ အခြားနံပါတ်များ တပ်ဆင်ခြင်းလုံးဝ မပြုလုပ်ရ။
(၆) ယာဉ်အား ရွံ့ကာ ဒူးကာနှင့် ဘေးတံခါးများ နောက်ဖုံးများဖြုတ်၍ ပုံစံဖျက်မောင်းနှင်းခြင်း မပြုရ။
(၇) ယာဉ်မောင်းလိုင်စင်နှင့် ယာဉ်မှတ်ပုံတင်(၀ှီးတက်) မပါဘဲ မမောင်းရ။
(၈) ဖျက်သိမ်းထားသော ယာဉ်အို၊ ယာဉ်ဟောင်းများနှင့် ပြုပြင်ဆဲယာဉ်များ မမောင်းရ။
(၉) အလှပြပြိုင်ပွဲဝင်ယာဉ်များမှ အပ နိုင်ငံတော်အလံနှင့် နိုင်ငံတကာအလံများ၊ အဖွဲ့အစည်းများ၏ အမှတ်တံဆိပ်နှင့် အလံများ ယာဉ်တွင်တပ်ဆင်မောင်းနှင့်ခြင်း မပြုရ။
(၁၀) ယာဉ်အား မူလပုံစံဖျက်၍ သရုပ်ပျက်မောင်းနှင်ခြင်း( ဥပမာ- အိတ်ဇော်ဖြုတ်၍) မောင်းနှင်ခြင်းတွေ့ရှိပါက မောင်းသူနှင့် ပြုပြင်ပေးသူကိုပါ အရေးယူသွားမည်။
(ခ) သင်္ကြန်ကာလအတွင်း အရက်သေစာ သောက်စားမူးယစ် ယာဉ်မောင်းသူများအား အရေးယူဆောင်ရွက်သွားရန်။
(ဂ) ယာဉ်စည်းကမ်း လမ်းစည်းကမ်း ချိုးဖောက်မှုများအား ဓာတ်ပုံမှတ်တမ်းရိုက်ကူးပြီး ထိရောက်စွာ အရေးယူဆောင်ရွက် သွားမည်။

မကွေးတိုင်းဒေသကြီး မဟာသင်္ကြန်လုံခြုံရေးဆပ်ကော်မတီ
မကွေးတိုင်းဒေသကြီး၊ မကွေးမြို့
၂၀၁၂ ခုနှစ်၊ ဧပြီလ(၁၆)ရက်နေ့ ညနေ(၆း၃၀)နာရီအချိန်တွင် မကွေးမြို့ ရှုခင်းသာကမ်းနားလမ်း၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ မြန်မာရိုးရာမဟာသင်္ကြန်ဗဟိုလ်မဏ္ဍပ်မှာ ကျင်းပကြောင်း သတင်းရရှိပါသည်။ ၁၃၇၃ ခုနှစ် မဟာသင်္ကြန်တွင် တစ်ပင်တိုင်အကအဖွဲ့(၁၁)ဖွဲ့မှ ပထမဆု မကွေးတိုင်းဒေသကြီးကျန်မာရေးဦးစီးဌာန။ ဒုတိယဆု နတ်မောက်မြို့နယ်အဖွဲ့။ တတိယဆု မင်းဘူးခရိုင်အဖွဲ့မှ ရရှိကြောင်း သိရသည်။ ယိမ်းအဖွဲ့(၁၁)ဖွဲ့မှ ပထမဆု မင်းဘူးခရိုင်အဖွဲ့။ ဒုတိယဆု မကွေးမြို့နယ်အဖွဲ့။ တတိယ်ဆု မကွေးတိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာနမှ၊ရရှိကြောင်း သိရသည်။ မဏ္ဍပ်ပေါင်း(၂၄)မဏ္ဍပ်များမှ အလှမဏ္ဍပ်ဆုကို ပထမဆု ပြည်သူ့ဆောက်လုပ်ရေးမဏ္ဍပ်။ ရေကစားမဏ္ဍပ် ပထဆု လျှပ်စစ်ဝန်ကြီးဌာန။ အတက်ကြွဆုံး(ခ)ရေကစားမဏ္ဍပ်ဆု ပထမဆု ဘဏ္ဍာအခွန်ဝန်ကြီးဌာန။ ရရှိကြောင်း သိရသည်။ အလှပြယဉ်များ(၈)စီးမှ ပထမဆု ရေနံချောင်းမြို့နယ်မှ ရေနံ့သာမောင်ကြီးအလှပြယဉ် ။ ဒုတိယဆု သရက်ခရိုင်အဖွဲ့။ တတိယဆု မကွေးမြို့နယ်မှ၊ရရှိကြောင်း သိရသည်။
တပင်တိုင်အက ပထမဆု၊ ယိမ်းအဖွဲ့ ပထမဆု၊ အလှပြယဉ် ပထမဆု ရရှိသော အဖွဲ့များမှ မကွေးတိုင်းဒေသကြီး မဟာသင်္ကြန်ဗဟိုလ်မဏ္ဍပ်တွင် ပြန်လည် တင်ဆက်ကပြကြသည်။ ဆုများကို မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ်ဦးဘုန်းမော်ရွှေ နှင့်ဝန်ကြီးများ နှင့် ဇနီးများတို့မှ အသီးသီးဆုများချီးမြှင့်ပေးကြောင်း သတင်းရရှိခဲ့ပါသည်။
 

` လျှပ်စစ်မီးလိုင်း ကိုယ်ထူကိုယ်ထဖြင့် (၇)လအတွင်း ကုန်းသာကျေးရွာမှာ မီးလင်းပြီ´




` လျှပ်စစ်မီးလိုင်း ကိုယ်ထူကိုယ်ထဖြင့် (၇)လအတွင်း ကုန်းသာကျေးရွာမှာ မီးလင်းပြီ´
၂၀၁၁ ခုနှစ်၊ သြဂုဏ်လ(၂၈)ရက်နေ့ မှ စတင်ဆောင်ရွက်ခဲ့သော မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊ တရုပ်-မြန်မာ သဘာဝဓာတ်ငွေ့ပိုက်လိုင်းစခန်းအနီးမှ ကုန်းသာကျေးရွာမှာ (၇)လအချိန်တိုကာလ အတွင်း လျှပ်စစ်မီးလင်းကြောင်း သတင်းရရှိပါသည်။ ၃၀-၃-၂၀၁၂ နေ့တွင် ကုန်သာရွာသို့ရောက်ခဲ့သည်။ ဤရွာမှာ လျှပ်စစ်မီးကို ၂၀၁၂ ခု၊ မတ်လ(၂၈)ရက်မှ စတင်မီးလင်းခဲ့ကြောင်းသိရသည်။ ကုန်းသာရွာဦးကျောင်း ဆရာတော် ဦးအာစရ ဆရာတော်အား နာယက အမှုထား၍ ကော်မတီ(၃၅)ယောက်ဖြင့် စတင်ဆောင်ရွက်ခဲ့ကြောင်း သိရ၏။ ငွေကို စတင်သည့်ကာလမှ အရစ်ကျစနစ်ဖြင့် စုဆောင်းခဲ့ကြပါသည်။ ထည့်ဝင်ရမည့်ငွေ ပြည့်သော အိမ်များကိုသာ လျှပ်စစ်မီတာ ချိတ်ပေးထားကြောင်းသိရသည်။ မီတာတစ်လုံးကို ငွေကျပ်(၈၁၅၀၀)မင်းဘူး(စကု)မြို့နယ်လျှပ်စစ်ရုံးသို့ ပေးသွင်းရပါသည်။ တိုင်မှ ကြိုးနှင့် ၀ါယာရိန်းတတ်ဆင်ခ ၁၁၅၀၀၀ိ/(တစ်သိန်းတစ်သောင်းတစ်ထောင်ငါးရာ)ကျော်ထပ်မံကုန်ကျကြောင်း သိရသည်။ မီးလိုင်းအတွက် ကျေးရွာမီးလင်းရေးကော်မတီသို့ တစ်အိမ်လျှင် (၂)သိန်း(၆)သောင်း ထည့်ဝင်ကြရပါသည်။ တစ်အိမ်မှာ မီးလင်းပြီးငွေ( ၄၅၃၀၀၀ ) လေးသိန်းငါသောင်းသုံးထောင်ကျပ် စုစုပေါင်းကုန်ကျပါသည်။
`ကျွန်တော်တို့ရွာက ယခုလို(၇ )လအတွင်း မီးလင်းအောင် ဘယ်နိုင်ငံရေးပါတီ၊ ဘယ်လူကြီးမျက်နှာ၊ ဘယ်သူ့အထောက်အပံ့နဲ့မှ မီးလင်းတာ မဟုတ်ပါဘူးခင်ဗျာ..။ ရွာဦးကျောင်းဆရာတော် ဦးအာစရ (နာယက)နဲ့ ကော်မတီက ဦးဆောင်ကြပြီး မရှိ့မယ့် ရှိမဲ့ ကိုယ်ထူ ကိုယ်ထ ချေးငှါးဆောင်ရွက်ခဲ့ကြရတာပါခင်ဗျာ..´။ ဟု ကော်မတီအဖွဲ့ဝင် ဆရာဦးထွန်းနွယ်မှ အသေးစိတ်ရှင်းလင်း ပြောဆိုပါသည်။ ကုန်သာရွာထဲမှ ဆင်းရဲသော လက်လုပ်လက်စား မိသားစုများမှာ လျှပ်စစ်မီး မထွန်းနိုင်ကြောင်းကိုလည်း ကုန်စုံဈေးဆိုင်ပိုင်ရှင် ဦးသန်းညွှန့်မှ ပြောကြား၍သိခဲ့ရပါ၏။ ယင်းကျေးရွာတွင် အိမ်ခြေစုစုပေါင်း (၅၀၀)ခန့်ရှိပြီး ယခုလောလောဆယ် (၂၅၀)အိမ်အတွက် မင်းဘူး(စကု) မြို့နယ်လျှပ်စစ်ဌာနမှ ချထားပေးပြီးသိရပါသည်။ မီတာစောင့်ထိမ်းခမှာ တစ်ထောင်ကျပ်၊ တစ်ယူနစ်လျှင်(၃၅)ကျပ်နှုန်းဖြင့် မြို့ပေါ်ဈေးအတိုင်း ကောက်ခံပါကြောင်း`ဒီလို(၇)လနဲ့ ဖြစ်အောင်လုပ်ဖို့ဆိုတာ မလွယ်ပါဘူး။ ကျေးရွာကလည်း အင်တိုက်အားတိုက် ကြိုးစားကြတော့ ကျွန်တော်တို့ကလည်း စေတနာထားပြီး အမြန်ဆောင်ရွက်ပေးရပါတယ်..။´ဟု မင်းဘူး(စကု) မြို့နယ်လျှပ်စစ်မန်နေဂျာ ဦးခင်မောင်ဌေး မှပြောကြားပါသည်။
 

`မကွေးမြို့ ကုန်သည်ကြီးများသင်္ကြန်မဏ္ဍပ်တွင် လျှပ်စစ်ဓာတ်လိုက်၍ ဒဏ်ရာရသူ(၂)ဦးနှင့် သေဆုံးသူ တစ်ဦးရှိ´




`မကွေးမြို့ ကုန်သည်ကြီးများသင်္ကြန်မဏ္ဍပ်တွင်
လျှပ်စစ်ဓာတ်လိုက်၍ ဒဏ်ရာရသူ(၂)ဦးနှင့် သေဆုံးသူ တစ်ဦးရှိ´

မကွေးမြို့၊ ရန်ပယ်ရပ်ကွက်၊ သုခိတာလမ်းမှ ကုန်သည်ကြီးများ သင်္ကြန်မဏ္ဍုပ်တွင် ဓာတ်လိုက်၍ သေဆုံးသော ဖြစ်စဉ်မှာ ယင်းမဏ္ဍပ်ကို လျှပ်စစ်မီးတတ်ဆင်ပေးသူ မကွေးမြို့၊ မြင်သာရပ်ကွက်နေ ကိုအောင်ကျော်မိုး (အသက်-၄၉)နှစ်၊(ဘ) ဦးအောင်သန်း၊ ဟု သိရသည်။ ၎င်းမဏ္ဍပ်ရှေ့မှ ဆလိုက်ထိုးရန် မီးတိုင်မှ လျှပ်စစ်ဝါယာကြိုးအား သွပ်နန်းကြိုးဖြင့် ချည်နှောင်ထား၏။ ယင်းချည်ထားသော သွပ်နန်းကြိုးဖြင့်ပင် မဏ္ဍပ်၏ ရှေ့တွင် ကာရံထားသော သံဆူးကြိုးများကိုလည်း ပူးတွဲချည်နှောင်ထားသည်။ သွပ်နန်းကြိုးဖြင့် ချည်ထားသော လျှပ်စစ်ဝါယာကြိုးမှာ တုန်ခါ ပွတ်တိုက်၍ ပေါက်ပြဲသွားပြီး လျှပ်စစ်ဓာတ်များက သွပ်နန်းကြိုးနှင့် သံဆူးကြိုးများအား စီးဆင်းသွားသည်။ ထို့ကြောင့် မဏ္ဍုပ်ရှေ့တွင် ကာရံထားသော သံဆူးကြိုးများဖြင့် ထိမိ၊ ကိုင်တွယ်မိသူများအားလုံး ဓာတ်လိုက်ခံနေကြရကြောင်း သိရသည်။ နေရာတွင် သေဆုံးသွားသူ ကိုစန်းလင်း မှာ (NLD ပါတီ)အောင်နိုင်ရေးအဖွဲ့မှ တစ်ဦးဖြစ်ကြောင်းသိရ၏။ လျှပ်စစ်သွယ်တန်းသူ ကိုအောင်ကျော်မိုးသည် လျှပ်စစ်မီးအား ပေါ့ဆစွာဖြင့် တတ်ဆင်ပေးခြင်းဖြစ်ကြောင်း စစ်ဆေးတွေ့ရှိသည်ဟု သက်ဆိုင်ရာမှ သိရသည်။ ဤအမှုအား (ပ) ၈၂ /၁၂ ပြစ်မှုပုဒ်မ ၃၀၄-က/ ၃၃၇/ ၃၃၈ ဖြင့် မကွေးမြို့ အမှတ်(၂)ရဲစခမ်းမှ အရေးယူဆောင်ရွက်ထားကြောင်း သတင်းရရှိပါသည်။

၁၂-၄-၂၀၁၂ နေ့၊ သင်္ကြန်အကြိုနေ့ ညနေ(၅း၃၀) မှ(၆း၂၀)နာရီအတွင်း ကုန်သည်ကြီးများ သင်္ကြန်မဏ္ဍုပ်အောက်မှာ ကြည့်ရှုသူ ပရိတ်သတ်များကို ဓာတ်လိုက်ကြောင်း သတင်းရရှိသည်။ ``ဇာတ်ခုံစင်မြင့်ရှေ့မှာ ကာရံထားတဲ့ သံဆူးကြိုးခွေ များကို လျှပ်စစ်ဓာတ်အားနဲ့ ရှော့တိုက်ထားသလားမသိပါဘူးဗျာ..။ ကျွန်တော်နဲ့ လူအများကို ဓာတ်လိုက်ခံနေရပါတယ်။ ဓာတ်လိုက်လို့ မီးပိတ်ပေးပါ..လို့ ကျွန်တော်တို့် အောက်မှ ပရိတ်သတ်များက အော်နေကြသော်လည်း စင်ပေါ်မှ သီးချင်းတစ်ပုဒ်ပြီးဆုံးမှသာ မီးပိတ်ပေးပါတယ်ဗျာ..။ အဲဒီအချိန် မှာ ကျွန်တော်ဘေးက ခပ်၀၀လူကြီးကို ဓာတ်လိုက်နေတာ မြင်ရတယ်။ အဲဒီ လူကြီးက လဲကျသွားပါတာကို မြင်လိုက်ရပါတယ်။ ကျွန်တော်ကတော့ အဲဒီ သံဆူးကြိုးနဲ့ ညှိပြီး ဓာတ်လိုက်နေပါတယ်။ သတိကတော့မလစ်ပါဘူးဗျာ..။´ ဟု ဓာတ်လိုက် ခံရသူ မြင်သာရပ်ကွက်၊ ၂၄လမ်းမှ ကိုပြည့်ဖြိုးအောင် (အသက်၃၉ နှစ်)က ဆေးရုံပေါ်တွင် ပြောဆိုပါသည်။

လျှပ်စစ်ဓာတ်လိုက်၍ သေဆုံးသူမှာ ကိုစန်းလင်း၊ အသက်(၄၇)နှစ်၊ အဘ-ဦးညွှန့်ဝင်း၊ ၂၅လမ်း၊ ရန်ပယ်ရပ်ကွက်နေသူဖြစ်ကြောင်းသိရ၏။ မကွေးမြို့မှ ဆန်ကုန်သည်တစ်ဦး၏ ယောက်ဖတော်စပ်သူ ဖြစ်ကြောင်းသိရ သည်။ မကွေးတိုင်းဒေသကြီး ပြည်သူ့ဆေးရုံတွင် ဓာတ်လိုက်၍ ဒဏ်ရာရရှိသူများဖြစ်ကြသည့် မကွေးမြို့ မြင်သာရပ်ကွက်မှ ကိုပြည့်ဖြိုးအောင် နှင့် မြင်သာရပ်ကွက်၊ ၂၄လမ်းမှ ကိုထွေးမောင်မောင် တို့မှာ ဆေးဝါးကုသမှုခံယူနေကြောင်း သတင်းရရှိခဲ့သည်။ ကိုထွေးမောင်မောင်မှာ ၁၂-၄-၂၀၁၂ နေ့ ည(၈/၉)နာရီခန့်အထိ သတိမရသေးပါ။ အဖော်လည်းမပါပါ။ လူးလိပ့်စွာဖြင့် ခံစား၍ ငြီးညူနေတာကို မြင်တွေ့ခဲ့ပါသည်။ ယင်း မကွေးမြို့ ကုန်သည်ကြီးများအသင်း ရေသဘင်ဆုပေးမဏ္ဍပ်မှာ သင်္ကြန်အကျနေ့မှစ၍ ၁၃၇၃ ခုနှစ် မဟာသင်္ကြန်ပွဲတော်တွင် ဆက်လက်၍ ပါဝင်ယှဉ်ပြိုင် ရေကစားခြင်းများ မပြုလုပ်ကြောင်း၊ မဏ္ဍပ်အား ဖျက်သိမ်းကြောင်း သတင်းရရှိပါသည်။
 

ပျူခေတ်လက်ရာ နဂါးခေါင်းရုပ်ပါ ရွှေလက်ကောက်ကြီး နေပြည်တော်သို့ရောက်ရှိ



ယဉ်ကျေးမှုဝန်ကြီးဌာနမှ ကာလတန်ဘိုးထက် ထိုက်ထိုက်တန်တန်ချီးမြှင့်မည့်
ပျူခေတ်လက်ရာ နဂါးခေါင်းရုပ်ပါ ရွှေလက်ကောက်ကြီး နေပြည်တော်သို့ရောက်ရှိ
မြန်မာပို့စ် သတင်းဂျာနယ်တွင် ယခင်အပါတ်မှ ဖော်ပြထားသော ပျူခေတ်လက်ရာ နဂါးခေါင်းရုပ်ပါ ရွှေလက်ကောက်ကြီးသည် (၂၀၁၂ ခု၊ မတ်လ(၂၉)ရက်)နေ့တွင် နေပြည်တော် ယဉ်ကျေးမှုဝန်ကြီးဌာန သို့ရောက်ရှိလာ ကြောင်း သတင်းရရှိပါသည်။ ၂၈-၃-၂၀၁၂ နေ့တွင် မင်းဘူး(စကု)မြို့နယ် တရုပ်-မြန်မာ သဘာဝဓာတ်ငွေ့ပိုက်လိုင်း တူးဖော်စဉ် မြေစာပုံထဲမှ ကောက်ယူတွေ့ရှိခဲ့သော (၁၆ ကျပ်သား၊ ၆ ပဲ၊ ၄.၇၅ ရွေး) ရှိ ၎င်း ရွှေလက်ကောက်ကြီးအား ပိုင်ရှင် မကေသဇင်ကျော်၏ ဖခင် ဦးသိန်းလွင်ဦး နှင့် တာဝန်ရှိသူများထံ မင်းဘူး(စကု) မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲလင်းအောင် (ပ/၄၇၈၇) မှ မင်းဘူးမြန်မာ့စီးပွားရေးဘဏ်တိုက်က ထုတ်ပြီး ပြန်လည်ထုတ်ပေးကြောင်းသိရ၏။ လက်ကောက်ကြီးအား ကောက်တွေ့သူ ဖခင် ဦးသိန်းလွင်ဦး နှင့်အဖွဲ့တွင် ပါဝင်၍ ဦးဆောင်သူများမှာ ဦးစောလွင် ဒုတိယညွှန်ကြားရေးမှူး၊ မကွေးတိုင်းဒေသကြီးယဉ်ကျေးမှုဌနနှင့် ဦးတင်ဦး လက်ခုပ်ပင် ကျေးရွာ အုပ်ချုပ်ရေးမှူး တို့ဖြစ်ကြသည်။ အသိသက်သေ များမှာ ဦးမျိုးမင်းထွန်း(ပ/၄၄၆၉) မြို့နယ်ဒုတိယဦးစီးမှူး နှင့် ဦးရဲလင်းဦး(ပ/၅၁၃၄) မြို့နယ်ဒုတိယဦးစီးမှူးတို့ဖြစ်ကြသည်။
ပျူခေတ် နဂါးခေါင်းရုပ်ပါ ရွှေလက်ကောက်ကြီး၏ ပိုင်ရှင်နှင့်အဖွဲ့သည် ၂၉-၃-၂၀၁၂ နေ့တွင် နေပြည်တော်ရှိ ယဉ်ကျေးမှုဝန်ကြီးဌါန၊ ဒုတိယ၀န်ကြီးအား ပြသ၍ ညွှန်ကြားရေးမှူး ဦးမျိုးညွှန့် ထံသို့ အပ်နှံခဲ့ကြောင်း သိရ၏။
` ဆရာတို့ဂျာနယ်တွေမှာ ဒီသတင်းကပါလာတော့ ကျွန်တော်တို့ကလည်း အမြန်ဆောင်ရွက်ကြရပါတယ်။ ကျွန်တော်တို့ ယဉ်ကျေးမှုဌာန က စစ်ဆေးအတည်ပြုပြီး သတ္တုတွင်းဝန်ကြီးဌာနမှ တန်ဘိုး အရည်အသွေး စစ်ဆေးရေးဌာနကို တန်းပို့ပေးပြီး စစ်ဆေးခိုင်းရပါတယ်။ ရွှေအရည်အသွေးက အခေါက်တော့ အခေါက်ရွှေပါပဲ။ (၁၆)ပဲရည် အခေါက် အပျော့ရွှေမဟုတ်ဘူး၊ (၁၅)ပဲရည် အခေါက်ရွှေ အမာဖြစ်တယ်လို့သိရပါတယ်။ အလေးချိန်ကတော့ ယခင်စစ်ဆေးပြီး အလေးချိန်ပါဘဲ။ ယခုလက်ရာက ပျူခေတ်က ရိုးရှင်းတဲ့လက်ရာပါ။ ဒီလို ပျူခေတ်က လက်ရာ ရွှေလက်ကောက်ကြီးများကို ဒါကောဆိုရင် (၃)ကွင်းတွေ့ထားပါပြီ။ ပထမစတွေ့တာက မြင်းမူဘက်မှ တစ်ကွင်း၊ မိုင်းမော(ကူမဲမြို့နား)က တစ်ကွင်း၊ ယခု မင်းဘူး(စကု)ဘက်က တစ်ကွင်း ဆိုတော့ သုံးကွင်းတွေ့ရှိထားပါပြီ။ မူမပျက် လက်ရာမပျက်ရတာကတော့ မြင်းမူ ဘက်က လက်ကောက်နဲ့ ယခု လက်ကောက်ကြီး နှစ်ကွင်းပါဘဲ။ အများပြည်သူတွေက ရှေးဟောင်းပစ္စည်းဆိုရင် ဖမ်းမှာဆီးမှာဘဲဆိုပြီး အကြောက်တရားတွေနဲ့ အပြင်ကို ဈေးနည်းနည်းနဲ့ကြိတ်ပြီးရောင်းတတ်ကြပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ယဉ်ကျေးမူဝန်ကြီးဌာနကို ရှေးဟောင်းပစ္စည်းများ အပ်နှံကြရင် မူလတန်ဘိုးထက် အဆများစွာ ပိုပေးတယ်ဆိုတာကို ဆရာတို့ဂျာနယ်တွေကနေ အများပြည်သူများသိအောင် တင်ပြပေးစေချင်ပါတယ်။ ယခု လက်ကောက်ကြီးဆိုရင် ယခုလက်ရှိရွှေပေါက်ဈေးနဲ့ တွက်ရင် သိန်းတစ်ရာကျော်လောက်ပဲ ရမှာပါ။ ရှေးဟောင်းပစ္စည်း တန်ဘိုးလက်ရာ နှစ်အရေအတွက်နဲ့ အပိုဆောင်းတွက်ချက်လိုက် ရင် ယခု ဒီလက်ကောက်ကြီးကို သိန်း(၂၇၀) လောက် ချီးမြှင့်ပေးလိမ့်မယ်လို့ ကျွန်တော်အနေနဲ့ ခန့်မှန်းရပါတယ်ခင်ဗျာ..။´ ဟု ဦးစောလွင် ဒုတိယညွှန်ကြားရေးမှူး၊ မကွေးတိုင်းဒေသကြီး ယဉ်ကျေးမှုဝန်ကြီးဌာန မှ ပြောကြားပါသည်။ ဂုဏ်ပြုချီးမြှင့်ပွဲကို ၂၀၁၂ ခု မေလလောက်တွင် မင်းဘူး(စကု) (သို့မဟုတ်) နေပြည်တော် မှာ ကျင်းပပေးမည်ဟု ခန့်မှန်းပြောဆို၍ သတင်းရယူခဲ့ပါသည်။
 

` ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်သိန်းမှ မကွေးမြို့နယ် လူထုအတွက် မြေယာကိစ္စများကို ဦးစားပေး၍ ဆောင်ရွက်မည်ဟုဆို




` ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်သိန်းမှ
မကွေးမြို့နယ် လူထုအတွက် မြေယာကိစ္စများကို ဦးစားပေး၍ ဆောင်ရွက်မည်ဟုဆို
မကွေးမြို့နယ်မှ ၂၀၁၂ ခု၊ ဧပြီ(၁)ရက်နေ့တွင် ပြည်သူများရွေးချယ်တင်မြှောက်ခဲ့သော ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်သိန်း သည် ၂၀၁၂ ခု၊ မတ်လအတွင်းမှာ မီးလောင်ဆုံးရှုံးခဲ့ကြသော ရှားပင်လှကျေးရွာ မီးဘေးဒုက္ခသည် များထံသို့ (၄-၄-၂၀၁၂)နေ့၊ နံနက်ပိုင်းအချိန်တွင် ပထမဆုံးအကြိမ်အဖြစ် သွားရောက် ကူညီထောက်ပံ့ပြီး အားပေးစကားပြောဆိုကြောင်း သတင်းရရှိသည်။ ယင်းပွဲတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်သိန်းနှင့်အဖွဲ့သည် မီးဘေးဒုက္ခသည် အိမ်ထောင်စု(၂၈)စုတို့အား တစ်အိမ်ထောင် လျှင် ငွေ(၁၇၀၀၀)ကျပ်နှင့် ခြုံစောင် သုံးထည်စီ လှူဒါန်းကြောင်း သိရသည်။ ဤ လှူဒါန်းပွဲ၌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်သိန်း အား ယနေ့လှူဒါန်းပွဲကိစ္စနှင့် ယခုလောလောဆယ်တွင် မကွေးမြို့နယ် ပြည်သူလူထုအတွက် ဘာတွေကိုများ အဓိကထားပြီး ပထမဦးစားပေး ဆောင်ရွက်ပါမည်လဲ၊ ဟု မေးမြန်းခဲ့သည်။ ဦးမြင့်သိန်းမှ မကွေးမြို့နယ်တွင်းမှာ လက်ရှိဖြစ်ပေါ်နေသာ မြေယာကိစ္စ၊ ပညာရေးကိစ္စ၊ ပြီးဆုံးသွားခဲ့တဲ့ ကြားဖြတ်ရွေးချယ်ရေးမှာ မဲစာရင်းကျန်ခဲ့ရတဲ့ ပြည်သူလူထုတွေရဲ့ လူ့အခွင့်ရေးများ ဆုံးရှုံးကြလို့ ငိုကြသူများရှိတဲ့ ကိစ္စတို့ကို အောက်ပါအတိုင်း ပြောဆိုပါသည်။
` ကျွန်တော်နဂို ဒီရွာကိုမီးလောင်တယ်လို့ ကြားစဉ်ကထဲက လာရောက်လှူချင်တာပါ။ ဒါပေမယ့် ရွေးကောက်ပွဲ မတိုင်မှီကာလ ဆိုတော့ မဲဝယ်တယ် မဲဆွယ်တယ် ဖြစ်မှာစိုးလို့ မလာခဲ့ဖြစ်ခဲ့တာပါ။ ဒါကြောင့် ယခုရွေးကောက်ပွဲပြီးပြီးခြင်း ပထဆုံး လူမှုရေးခရီးစဉ်အဖြစ် ကျွန်တော်နဲ့ တကွ ပါတီဝင်လူငယ်များ စုပေါင်းပြီး ကိုယ်တိုင်လာရောက်လှူတာပါ။ (အထက်ပါစာရင်းအတိုင်း တစ်ဦးချင်းစီအား ဦးမြင့်သိန်းမှ ကိုယ်တိုင်ပေးလှူပါသည်။) မကွေးမြို့နယ် ပြည်သူ့လူထုအတွက် စတင်လုပ်ဆောင်မှာကတော့ တောင်သူလယ်သမားအများစုအတွက် မြေယာကိစ္စတွေကို စတင်ဆောင်ရွက်ပါ့မယ်။ တောင်သူလယ်သမားတွေရဲ့မြေတွေကို ကုမ္ပဏီက သိမ်းတဲ့ကိစ္စတွေပေါ့ဗျာ..။ ဟိုးနားဆိုရင် ပုထိုးစမ်းရွာနားက တာတာ မော်တော်ကားစက်ရုံမှ သိမ်းထားခံရတဲ့ စိုက်ပျိုးမြေယာတွေ၊ နောက်လေဆိပ်တွင်းက အလဟပ်သတ်ဆုံးရှုံးနေတဲ့ စိုက်ပျိုးမြေယာကိစ္စတွေ၊ နောက် ဟိုဘက် မီးချောင်းရဲဘက်မှာလည်း မြေယာသိမ်းကိစ္စတွေကို တွေ့နေရပါတယ်။ အဲဒါတွေကို တင်ပြဆွေးနွေးရမှာပေါ့။ ခုလဲ သတင်းစာထဲမှာ လယ်ယာမြေဥပဒေတွေတော့ ထွက်လာပါပြီ။ အဲဒီ ဥပဒေနဲ့အညီ နစ်နာဆုံးရှုံးမှုတွေကို ပထမဦးစားပေးပြီး ဆောင်ရွက်သွားပါ့မယ်။ နောက်တစ်ချက်ကတော့ ပညာရေးနဲ့ ပတ်သက်တဲ့ကိစ္စတွေပါ။ တစ်ချို့ရွာတွေမှာ ဆိုရင် မူလတန်းကျောင်းရှိပြီး အဆောက်အဦးမရှိတာတို့၊ ကျောင်းအဆောက် အဦးရှိပြီး ဆရာ၊ဆရာမ မရှိတာတို့ စတဲ့ကိစ္စတွေကို ပညာရေးဌာနနဲ့ ဆွေးနွေးတင်ပြသွားရမှာပေါ့။ နောက်တစ်ခုက ကြားဖြတ်ရွေးချယ်ပွဲတုန်းက မဲစာရင်းမှာ နာမည်စာရင်းမပါလို့ မဲမထည့်ရသူများရဲ့ စာရင်းများကို ပြုစုထားပါတယ်။ ကျွန်တော် ယခု မတ်လ(၆)ရက်နေ့မှာ ရန်ကုန်ကိုသွားပါ့မယ်။ ဗဟိုလ်အောင်နိုင်ရေး အတွင်းရေးမှူး ဦးဥာဏ်ဝင်းထံ တင်ပြပါ့မယ်။ ဒါကတော့ တစ်ပြည်လုံးကိစ္စလိုဖြစ်နေတာပါ။ ဒီကိစ္စက အမှန်တစ်ကယ် မဖြစ်သင့် မဖြစ်ထိုက်တဲ့ မလိုလားအပ်တဲ့ကိစ္စပါ။ ပြည်သူတွေအနေနဲ့ (၁၈)နှစ်ပြည့်ရင် နိုင်ငံသားတစ်ယောက်အနေနဲ့ မဲပေးပိုင်ခွင့်ရှိရပါ့မယ်။ မဲပေးတဲ့ နေရာမှာလည်း လွတ်လပ်စွာ မဲပေးပိုင်ခွင့်ရှိရပါ့မယ်။ မဲစာရင်းတွေကလဲ မှန်ကန်ဖို့လိုပါတယ်။ နောက်ဆုံး မဲစာရင်းထဲမှာ မပါတာကို အသက်(၁၈)နှစ်ပြည့်ပြီးကြောင်း မှတ်ပုံတင်ကိုပြနိုင်ရင် မဲရုံကော်မရှင်တွေ အနေနဲ့ မဲပေးခွင့်ရအောင် ဆောင်ရွက်ပေးသင့်ကြတာပေါ့။ ခုဟာက တစ်ချို့မဲရုံကော်မရှင်တွေက မဖြောင့်မတ်ဘူးပေါ့။ အဲဒါမျိုးတွေက မလိုအားအပ်တဲ့ ပြဿနာတွေပါ။ တစ်ချို့ပြည်သူတွေဆိုရင် မဲမထည့်ရလို့ ကျွန်တော့်ကို ငိုပြီးတော့တောင်ပြောဆိုနေကြပါတယ်။ အဲဒီကိစ္စကို ကျွန်တော်လည်း တော်တော်စိတ်မကောင်းဖြစ်ခဲ့ရပါတယ်။ နိုင်ငံသား တစ်ယောက်မှာ သူ့ရဲ့လွတ်လပ်စွာ မဲပေးပိုင်ခွင့်ရှိရမှာပါ။ ရပိုင်ခွင့်တွေကို ဖွဲ့စည်းပုံ အခြခံဥပဒေမှာလည်း ပြထားပါတယ်။ ဒါပေမယ့် အခြေခံဥပဒေမှာ ပါနေတဲ့ ရပိုင်ခွင့်လေးကိုတောင်မှ ဆုံးရှုံးနေရတော့ တရားဥပဒေစိုးမိုးရေးက တော်တော်နည်းပါးနေပါသေးတယ်။ ´ ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်သိန်းမှ ပြောကြား၍ သတင်းရယူခဲ့ပါသည်။
 

`မကွေးတိုင်းဒေသကြီးကော်မရှင်အဖွဲ့ခွဲမှ ကြားဖြတ်ရွေးချယ်ပွဲ တွင် ယှဉ်ပြိုင်ကြသော မဲစာရင်းများ အတည်ပြု´



`မကွေးတိုင်းဒေသကြီးကော်မရှင်အဖွဲ့ခွဲမှ
ကြားဖြတ်ရွေးချယ်ပွဲ တွင် ယှဉ်ပြိုင်ကြသော မဲစာရင်းများ အတည်ပြု´

(၁) မကွေးမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ရွေးချယ်
ဦးမြင့်သိန်း(NLD) ဆန္ဒမဲ(၉၅၈၈၅) (ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ်ရွေးချယ်လိုက်သည်။)
ဦးအောင်သိန်းကျော်( ကြံ့ခိုင်ရေး) ဆန္ဒမဲ(၂၉၈၁၅)
ဦးလှမြင့်(တ.စ.ည) ဆန္ဒမဲ(၃၈၂၇)
ဦးခင်မောင်ကြည်(ခ)ဦးကျော်စိန်ဟန်(NDF) ဆန္ဒမဲ(၂၅၇၀)

(၂) ပွင့်ဖြူမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ရွေးချယ်
ဒေါက်တာအောင်မိုးညို(NLD) ဆန္ဒမဲ(၅၅၃၃၆) (ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ်ရွေးချယ်လိုက်သည်။)
ဦးတင့်လွင်( ကြံ့ခိုင်ရေး) ဆန္ဒမဲ(၂၀၈၆၉)
ဦးတင့်လွင်(တ.စ.ည) ဆန္ဒမဲ(၁၄၅၈)
ဦးကျော်စွာမိုး(အမျိုးသားနိုင်ငံရေးမဟာမိတ်များအဖွဲ့ချုပ်) ဆန္ဒမဲ(၁၅၃၈)

(၃) ပခုက္ကူမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ရွေးချယ်
ဦးပိုက်ကို(NLD) ဆန္ဒမဲ(၁၀၈၆၈၁) (ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ်ရွေးချယ်လိုက်သည်။)
ဦးကျော်တင့်( ကြံ့ခိုင်ရေး) ဆန္ဒမဲ(၃၀၆၁၂)

(၄) ရေစကြိုမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ရွေးချယ်
ဦးတိုးရွှေ(ခ)ဦးတင်ဌေးအောင်(NLD) ဆန္ဒမဲ(၇၁၃၅၂) (ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ်ရွေးချယ်လိုက်သည်။)
ဦးဘိုးဝင်း( ကြံ့ခိုင်ရေး) ဆန္ဒမဲ(၂၉၈၃၃)
ဦးဟန်ရှင်းဝင်း(တစ်သီးပုဂ္ဂလ) ဆန္ဒမဲ(၃၁၆၂)

(၅) မြိုင်မြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ရွေးချယ်
ဦးမြင့်အောင်(NLD) ဆန္ဒမဲ(၇၅၀၆၅) (ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ်ရွေးချယ်လိုက်သည်။)
ဦးကျော်မြင့်သန်း( ကြံ့ခိုင်ရေး) ဆန္ဒမဲ(၂၅၄၈၂)

(၆) တောင်တွင်းကြီးမြို့နယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ရွေးချယ်
ဦးအောင်ကြည်ညွှန့်(NLD) ဆန္ဒမဲ(၇၆၇၆၇) (အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ်ရွေးချယ်လိုက်သည်။)
ဦးမောင်မောင်ဝင်း( ကြံ့ခိုင်ရေး) ဆန္ဒမဲ(၃၃၃၈၉)
ဦးမောင်ဝင်း(ခ)ဦးအောင်ဝင်း(တ.စ.ည) ဆန္ဒမဲ(၅၄၁၄)
ဦးအောင်သန်းတင်(ညီညွှတ်ရေးနှင့်ငြိမ်းချမ်းရေ) ဆန္ဒမဲ(၁၅၀၈)

အထက်ပါစာရင်းများကို မကွေးတိုင်းဒေသကြီး ကော်မရှင်အဖွဲ့ခွဲမှ၂-၄-၂၀၁၂ နေ့တွင် ထုတ်ပြန်ကြော်ငြာထား၍ ၎င်းအတည်ပြုချက်အား သတင်းရယူခဲ့ပါသည်။
 

`မကွေးမြို့နယ် ကြားဖြတ်ရွေးချယ်ပွဲ မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အမည်စာရင်း အတည်ပြု´


`မကွေးမြို့နယ် ကြားဖြတ်ရွေးချယ်ပွဲ မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အမည်စာရင်း အတည်ပြု´
ဧပြီ(၂)ရက်။
မကွေးမြို့နယ်တွင်း ရပ်ကွက်(၁၅)၊ ကျေးရွာအုပ်စု(၆၁)၊ ကျေးရွာပေါင်း(၂၁၆)။ မဲရုံပေါင်း(၂၆၅) မှ ဆန္ဒမဲပေးပိုင်ခွင့်ရှိ သူ (၁၇၉၃၅၈)ဦးအနက် (၁၃၉၈၇၂)ဦးတို့ ဆန္ဒမဲပေးကြသည်။ ယင်း ဆန္ဒမဲများအနက် ခိုင်လုံသော ဆန္ဒမဲ(၁၃၂၀၉၈) များရေတွက်ရရှိခဲ့သည်။ ထို့ကြောင့် (၁) ဦးမြင့်သိန်း (NLD)ပါတီမှ မကွေးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် မဲအများဆုံး(၉၅၈၈၅)မဲ ဖြင့် အတည်ပြုရွေးချယ်ခံရသည်။ (၂) ဦးအောင်သိန်းကျော် (ကြံ့ခိုင်ရေးပါတီ) မှ ဆန္ဒမဲ(၂၉၈၁၅)မဲရသည်။ (၃) ဦးလှမြင့် (တ.စ.ည)ပါတီမှ ဆန္ဒမဲ(၃၈၂၇)မဲရသည်။ (၄) ဦးခင်မောင်ကြည်(ခ) ဦးကျော်စိန်ဟန်(NDF)ပါတီမှ ဆန္ဒမဲ(၂၅၇၀)မဲရသည်။ ဤ သတင်းအတည်ပြုချက်အား မကွေးတိုင်းဒေသကြီး ကော်မရှင်အဖွဲ့ခွဲ၊ စာအမှတ် (၂၀/၂၀၁၂)၊ ၁၃၇၃ ခု၊ တန်ခူးလဆန်း(၁၁)ရက်၊ (၂၀၁၂ ခု၊ ဧပြီလ(၂)ရက်) နေ့စွဲဖြင့်ထုတ်ပြန် အတည်ပြု၍ သတင်းရယူခဲ့သည်။
 

မကွေးမြို့နယ်မှ ရေတွက်ပြီး မဲစာရင်းများနှင့် မဲမထည့်ရသူ မိသားစုများ






မကွေးမြို့နယ်မှ ရေတွက်ပြီး မဲစာရင်းများနှင့် မဲမထည့်ရသူ မိသားစုများ
ဧပြီ (၁)ရက်နေ့ ကြားဖြတ်ရွေးချယ်ပွဲတွင် မကွေးမြို့၊ အောင်စေတနာ( ဘီ )ရပ်ကွက် မဲရုံတွင် မဲမထည့်ရသူ အိမ်ထောင်စု များ မြောက်များစွာကျန်ရှိကြောင်းသိရသည်။ NLD ဦးမြင့်သိန်း (လွှတ်တော်ကိုယ်စားလှယ်လောင်း) ၏ အိမ်နှင့်ကပ်လျှက်ရှိသော ပန်းချီဆရာသူရိန်မြိုင်မိသားစု နှင့် ကိုဆန်းတင့်စိုး မိသားစု နှစ်စုကျန်နေ၍ သွားရောက်သတင်းယူ ပါသည်။ ယင်းမှ ၀ိုင်းပွဲစား ဦးချော်တောက်မိသားစု နှင့် အောင်စေတနာ(ဘီ)ရပ်ကွက် ၉ လမ်း၊ ၁၀ လမ်း၊ ၁၁ လမ်း များတွင် မဲမထည့်ရသော မိသားစုများ (၈၀)ကျော်ခန့် ကျန်နေ၍ မကြည်ကြည်မြင့်၊ မရီရီမြင့် တို့ နှစ်ယောက်က စာရင်းများ လိုက်လံကောက်ယူနေကြောင်း ကြားသိရ၏။ ထို ကလေးမလေး နှစ်ယောက်အိမ်သို့ သွားရောက် သတင်းယူပါသည်။ မကြည်ကြည်မြင့်က ဤသို့ ရင်ဖွင့်ပြောဆိုပါ၏။ `ကျမတို့လိုကျန်နေတဲ့ မိသားစုတွေကို စာရင်းကောက်ရတဲ့ ရည်ရွယ်ချက်ကတော့ ကျမတို့ ရင်ထဲမှာရှိတဲ့ဆန္ဒကို အမှန်တကယ် မဲပေးချင်ပါတယ်။ ပေးခွင့်လည်းရှိတယ်။ မှတ်ပုံတင်လည်း ရှိတယ်။ အိမ်ထောင်စုစာရင်းလည်းရှိတယ်။ အသက်လည်းပြည့်တယ်။ ဒီရပ်ကွက်ထဲမှာလည်း အမှန်တကယ်နေတယ်။ အကျင့်စာရိတ္တလည်းကောင်းတယ်။ ပြည်သူ ပြည်သားတစ်ယောက်အနေနဲ့ ကိုယ်နှစ်သက်တဲ့လူကို ရွေးချယ်ပေးချင်ပါတယ်။ ကျမတို့ဘယ်နိုင်ငံရေးမှလည်း မလုပ်ပါဘူး။ ယခုတော့ ကျမတို့ဆန္ဒပြုလိုသူကို မဲမပေးလိုက်ရလို့ တော်တော်ကို ခံစားနေရပါတယ်´ ဟု မကြည်ကြည်မြင့်မှ ပြောပါသည်။
ရန်ကင်းဈေး မှ သစ်စိမ်း မြေဆီဆိုင် မိသားစုများ နှင့် မဝေ ဆိုသူအမျိုးသမီးတို့ကို သွားရောက်စုံစမ်း သတင်းယူခဲ့ပါသည်။ မဲမထည့်ရသေးသော မိသားစုမှများမှာ မြို့နယ်ကော်မရှင်မှ ပြောထားတဲ့အတိုင်း ရပ်ကွက်မဲရုံများသို့ နိုင်ငံသားကတ်၊ အိမ်ထောင်စုစာရင်းများကို ယူဆောင်သွားသော်လည်း သက်ဆိုင်ရာ မဲရုံများမှ လက်မခံ၍ ပြန်လာခဲ့ရကြောင်း တွေ့ရပြီး သတင်းရယူခဲ့ပါသည်။
၂၀၁၂ ခု၊ ဧပြီလ(၁)ရက်နေ့ ကြားဖြတ်ရွေးကောက်ပွဲမှ မကွေးမြို့ရပ်ကွက်/ကျေးရွာများမှ စာရင်းရရှိပြီး မဲစာရင်းများမှာ အောက်ပါအတိုင်း သတင်းရရှိပါသည်။ စုစုပေါင်မဲစာရင်းအရ မကွေးမြို့နယ်တွင် လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်သိန်း (NLD)ပါတီမှ ရရှိကြောင်း သိရ၏။ ၂၀၁၂ ခု ဧပြီလ(၂)ရက်နေ့ညတွင် မကွေးမြို့နယ် NLD ရုံး၌ အောင်ပွဲခံမည်ဟု သတင်းရရှိပါသည်။

မကွေးမြို့၌ ရေတွက်ပြီးမဲစာရင်းများကို NLD ရုံးစာရင်းအရ အောက်ပါအတိုင်း သိရသည်။ ကျန်သော စာရင်းများကို ၂-၄-၂၀၁၂ နေ့တွင် ပေးမည်ဟု ဆို၏။

၁) ရန်မျိုးလုံရပ်ကွက်တွင် NLD ၅၆၄ မဲ၊ ပြည်ခိုင်ဖြိုး ၈၀မဲ။
၂) မြို့ဟောင်းမဲရုံ ၂ တွင် NLD ၅၆၉ မဲ၊ ပြည်ခိုင်ဖြိုး ၅၅ မဲ။
၃) ရန်မျိုးအောင်ရပ်ကွက်တွင် NLD ၇၀၈ မဲ၊ ပြည်ခိုင်ဖြိုး ၄၅ မဲ။
၎) မင်းရွာ(တောင်ရွာ)တွင် NLD ၁၆၂ မဲ၊ ပြည်ခိုင်ဖြိုး ၇၂ မဲ။
၅) ပုထိုးစမ်းရွာတွင် NLD ၂၅၈ မဲ၊ ပြည်ခိုင်ဖြိုး ၈၉ မဲ။
၆) မြင်သာရပ်ကွက် မဲရုံ ၄ တွင် NLD ၂၃၀ မဲ၊ ပြည်ခိုင်ဖြိုး ၄၄ မဲ။
၇) ရွာသစ်မဲရုံ ၉ တွင် NLD ၁၇၉ မဲ၊ ပြည်ခိုင်ဖြိုး ၅၁ မဲ။
၈) ခိုင်ရွာတွင် NLD ၂၀၅ မဲ၊ ပြည်ခိုင်ဖြိုး ၁၂၀ မဲ။
၉) မယ်လှတောင်ရွာတွင် NLD ၅၇၅ မဲ၊ ပြည်ခိုင်ဖြိုး ၂၈၆ မဲ။
၁၀) မြင်ကင်းရပ်ကွက်တွင် NLD ၇၀၀ မဲ၊ ပြည်ခိုင်ဖြိုး ၆၁ မဲ။
၁၁) မြို့ဟောင်းမဲရုံ ၂ တွင် NLD ၄၆၃ မဲ၊ ပြည်ခိုင်ဖြိုး ၄၁ မဲ။
၁၂) ရှားဇောင်းကန်ရွာတွင် NLD ၆၅၂ မဲ၊ ပြည်ခိုင်ဖြိုး ၁၀၃ မဲ။
၁၃) ကျောက်ကုန်းရွာတွကင် NLD ၅၇၆ မဲ၊ ပြည်ခိုင်ဖြိုး ၂၈၆ မဲ။
၁၄) သိဂါင်္မဲရုံ (၃) တွင် NLD ၆၃၄ မဲ၊ ပြည်ခိုင်ဖြိုး ၂၀ မဲ။
၁၅) သိင်္ဂါမဲရုံ (၄) တွင် NLD ၄၈၇ မဲ၊ ပြည်ခိုင်ဖြိုး ၃၅ မဲ။
၁၆) သိဂါင်္မဲရုံ (၁) တွင် NLD ၈၆၇ မဲဖြင့် နိုင်။
၁၇) သိင်္ဂါမဲရုံ (၂) တွင် NLD ၅၉၂ မဲ၊ ပြည်ခိုင်ဖြိုး ၆၈ မဲ။
၁၈) လင့်ငင်ရွာတွင် NLD ၄၂၉ မဲ၊ ပြည်ခိုင်ဖြိုး ၁၂ မဲ။
၁၉) ကန်သာယာမဲရုံ (၃) တွင် NLD ၁၄၃၄မဲ၊ ပြည်ခိုင်ဖြိုး ၁၆၅ မဲ။
၂၀) ကန်သာယာမဲရုံ (၂) တွင် NLD ၉၁၅ မဲ၊ ပြည်ခိုင်ဖြိုး ၁၁၀ မဲ။
၂၁) ကန်သာယာမဲရုံ (၁) NLD ၆၆၆ မဲ၊ ပြည်ခိုင်ဖြိုး ၇၅ မဲ။
၂၂) ရန်မျိုးလုံရပ်ကွက်တွင် NLD ၅၇၄ မဲ၊ ပြည်ခိုင်ဖြိုး ၈၃မဲ။
၂၃) မြို့ဦးရပ်ကွက်တွင် NLD ၄၅၇ မဲ၊ ပြည်ခိုင်ဖြိုး ၄၆ မဲ။
၂၄) မကွေးမြို့ပေါ် စုပေါင်းအိမ်ရာတွင် NLD ၃၂၆ မဲ၊ ပြည်ခိုင်ဖြိုး ၄၁ မဲ။
၂၅) မြေနီကုန်းရွာလေးတွင် NLD ၅၃၃ မဲ၊ ပြည်ခိုင်ဖြိုး ၄၅ မဲ။
၂၆) ဆည်းဆာရပ်ကွက်တွင် NLD ၆၆၆ မဲ၊ ပြည်ခိုင်ဖြိုး ၁၀၀ မဲ။
၂၇) အောင်ဇေယျာရပ်ကွက်တွင် NLD ၈၄၇ မဲ၊ ပြည်ခိုင်ဖြိုး ၈၁ မဲ။
၂၈) ရန်ကင်းရပ်ကွက် NLD ၅၀၉ မဲ၊ ပြည်ခိုင်ဖြိုး ၄၄ မဲ။
၂၉) ဆည်မြောင်းတွင် NLD ၂၇၅ မဲ၊ ပြည်ခိုင်ဖြိုး ၈၆ မဲ။
၃၀) အောင်မေတ္တာမဲရုံ ၄ တွင် NLD ၈၅၃ မဲ၊ ပြည်ခိုင်ဖြိုး ၇၈ မဲ။
၃၁) ရွာသစ်ပွဲကြို မဲရုံ ၁ တွင် NLD ၆၅၅ မဲ၊ ပြည်ခိုင်ဖြိုး ၆၈ မဲ။
၃၂) ရွာသစ်ပွဲကြို မဲရုံ ၂ တွင် NLD ၉၈၄မဲ၊ ပြည်ခိုင်ဖြိုး ၉၂ မဲ။
၃၃) ရွာသစ်ပွဲကြို မဲရုံ ၅ တွင် NLD ၁၇၉ မဲ၊ ပြည်ခိုင်ဖြိုး ၅၂ မဲ။
၃၄) ရွာသစ်ပွဲကြို မဲရုံ ၄ တွင် NLD ၃၀၉ မဲ၊ ပြည်ခိုင်ဖြိုး ၃၇၀မဲ။
၃၅) မကြီးကန်ရွာတွင် NLD ၁၂၃၉ မဲ၊ ပြည်ခိုင်ဖြိုး ၂၁၇ မဲ။
၃၆) မြင်သာရပ်ကွက် မဲရုံ ၃ တွင် NLD ၆၃၅ မဲ၊ ပြည်ခိုင်ဖြိုး ၅၉ မဲ။
၃၇) မြင်သာရပ်ကွက် မဲရုံ ၁ တွင် NLD ၆၆၈ မဲ၊ ပြည်ခိုင်ဖြိုး ၆၄ မဲ။
၃၈) မြို့မ/အိုးဘိုရပ်ကွက်တွင် NLD ၆၉၉ မဲ၊ ပြည်ခိုင်ဖြိုး ၄၀ မဲ။
၃၉) ရန်မျိုးအောင်ရပ်ကွက်တွင် NLD ၇၁၁ မဲ၊ ပြည်ခိုင်ဖြိုး ၁၁၈ မဲ။
၄၀) ကန်သာယာ မဲရုံ ၁ တွင် NLD ၆၄၅ မဲ၊ ပြည်ခိုင်ဖြိုး ၅၄မဲ။
၄၁) ကန်သာယာ မဲရုံ ၂ တွင် NLD ၈၈၅ မဲ၊ ပြည်ခိုင်ဖြိုး ၉၂ မဲ။
၄၂) ကန်သာယာ မဲရုံ ၃ တွင် NLD ၁၄၀၆ မဲ၊ ပြည်ခိုင်ဖြိုး ၁၄၆ မဲ။
၄၃) မြင်သာ မဲရုံ ၄ တွင် NLD ၂၃၀မဲ၊ ပြည်ခိုင်ဖြိုး ၄၄ မဲ။
၄၄) ဆူးပေါက်စမ်းရွာတွင် NLD ၅၁၇ မဲ၊ ပြည်ခိုင်ဖြိုး ၁၆၀ မဲ။
၄၅) ဈေးလယ်စိုးရပ်ကွက်တွင် NLD ၇၀၆ မဲ၊ ပြည်ခိုင်ဖြိုး ၈၈မဲ။
၄၆) ရွာသစ်ရပ်ကွက်တွင် NLD ၁၇၈ မဲ၊ ပြည်ခိုင်ဖြိုး ၅၁ မဲ။
၄၇) ပြည်တော်သာရပ်ကွက်တွင် NLD ၁၉၂၅ မဲ၊ ပြည်ခိုင်ဖြိုး ၂၅၂ မဲ။
၄၈) ရွာသစ်ပွဲကြိုရပ်ကွက် မဲရုံ ၃ တွင် NLD ၁၃၅ မဲ၊ ပြည်ခိုင်ဖြိုး ၁၂မဲ။
 

`မကွေးမြို့နယ် လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမြင့်သိန်း(NLD)ထံမှ မဲပေးရာတွင် မမှန်ကန်မှုများရှိဟုဆို ´



`မကွေးမြို့နယ် လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမြင့်သိန်း(NLD)ထံမှ မဲပေးရာတွင် မမှန်ကန်မှုများရှိဟုဆို ´
ဧပြီး(၁)ရက်နေ့ နံနက်(၁၀)နာရီခန့်အချိန်တွင် မကွေးမြို့ပေါ်ရှိ သိင်္ဂါရပ်ကွက် မဲရုံအမှတ်(၂) (၃) အမက(၃)မှာ မဲစာရင်းမသမာမှု များကြားသိရ၍ လိုက်လံသတင်းယူပါသည်။ ယင်းမဲရုံတွင် မကွေးမြို့နယ် လွှတ်တော်ကိုယ်စားလှယ် လောင်း ဦးမြင့်သိန်း(NLD) နှင့် သိင်္ဂါရပ်ကွက် မဲရုံအမှတ်(၂)(၃) မှ တာဝန်ရှိသူကော်မရှင်များ မဲရုံမှူးများနှင့် မေးမြန်းဆွေးနွေးနေကြောင်း သိရပါ၏။ ယင်းကိစ္စအား NLD လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမြင့်သိန်း အား သတင်းစုံစမ်းမြေးမြန်းခဲ့သည်။ ဤ သို့ ဦးမြင့်သိန်းမှ မြန်မာပို့စ် သတင်းဂျာနယ်သို့ ပြောဆိုပါသည်။
`ဒီမဲရုံမှာ ကလေးမလေးတစ်ယောက် စန်းစန်းဌေးဆိုသူက မဲလာထည့်တယ်။ မဲစာရင်းထဲမှာပါတယ်။ မဲစာရင်းနံပါတ်(၃၂၀၀) အဖေနာမည် ဦးစံငြိမ်း၊ အမေနာမည် ဒေါ်မြကြည်၊ မှတ်ပုံတင်မပါဘဲ မဲထည့်သွားတယ်လို့သိရတယ်။ နောက်တစ်ယောက်က စန်းစန်းထွေး ဆိုတာလာတယ်။ သူကမဲစာရင်းထဲမှာ မပါဘူး၊ အဖေ အမေနာမည်က အတူတူဖြစ်နေတယ်။ မှတ်ပုံတင်နံပါတ်တော့ မတူဘူး ဖြစ်နေတယ်။ ကော်မရှင်မှာတော့ ရှင်းနေတယ်ပြောပါတယ်။ မဲစာရင်းကျန်တဲ့ကိစ္စပြောရရင် နှစ်ပိုင်းပြောရပါ့မယ်။ မဲစာရင်းက ဖေဖော်ဝါရီ(၂၉)မှာ ကော်မရှင်ကချပေးတယ်။ ဒါပေမယ့် ရပ်ကွက်၊ ကျေးရွားတွေမှာ မတ်လ(၃)(၄)ရက်မှ ကြော်ငြာကပ်တယ်။ တစ်ချို့ကော်မရှင်တွေကတော့ မရိုးဖြောင့်တာလား ဘာလား မသိပါဘူး။ အဲဒါတွေကို ကပ်မထားကြဘူး။ ´ ဟု ဦးမြင့်သိန်းမှ ပြောကြားနေစဉ် မဲမထည့်ရသော စန်းစန်းထွေး ဆိုသူ ကလေးမလေးရောက်လာပါတယ်။ သူကို မှတ်ပုံတင် အိမ်ထောင်စု စာရင်းများတောင်း၍ ဦးမြင့်သိန်းမှ မေးမြန်းကြည့်ရှုပါသည်။ မစန်းစန်းထွေး ဆိုသူ ကလေးမလေးက ဤ သို့ပြောပါ၏။
`သမီးနာမည်က စန်းစန်းထွေးပါ။ ယခု သမီးမဲထည့်ခဲ့ရပါပြီ။ သပြေလမ်းက မဲရုံအမှတ်(၁) သိင်္ဂါ ဒေသန္တရဆေးခန်းထဲမှ မဲရုံမှာ ထည့်ခဲ့ရပါတယ်။ အဲဒီမဲရုံမှာ သမီးနာမည်တော့မပါ ပါဘူး။ အခြား မဲစာရင်းတစ်ခုကို ဖျက်ပြီး အစားထိုးထည့်ခဲ့ရပါတယ်။´ ဟု မစန်းစန်းထွေး ဆိုသူမှ ပြောပါသည်။ သူမက ဆက်၍ ယခု ကျမ အမေ ဒေါ်မြကြည်လဲ မဲစာရင်းထဲမှာ မပါဘူးဖြစ်နေပါတယ်´ ။ဟု ထပ်မံပြောဆိုပြီး မိခင်ဒေါ်မြကြည်ကိုလည်း ခေါ်လာပါသည်။ ဒေါ်မြကြည် နာမည်ဒီမဲရုံမှာ အမည်ကြောင်း။ သူ့ အမေအစား တစ်ဦးက မဲထည့်သွားပြီးကြောင်း မစန်းစန်းထွေးက လာရောက်ပြောဆို နေတာကို ကြားသိခဲ့ရပြန်ပါ၏။ ထိုစဉ် ဦးမြင့်သိန်း အခြားတစ်ဘက်သို့ ဖုန်းဆက်ပြီးပြောဆိုနေပါသည်။ သူ၏ ပြောဆိုကြားချက်များတွင် လည်း မဲစာရင်း မသမာမှုများကို ဤ သို့ ကြားသိခဲ့ရပါသည်။
`ဟုတ်တယ် မဲစာရင်တွေမှားနေတဲ့ကိစ္စ နဲ့ ကျန်နေတဲ့ကိစ္စတွေများနေပါတယ်။ တစ်ချို့ မဲစာရင်းတွေကို မြင်သာတဲ့နေ ရာ တွေမှာ မချိတ်ထားဘူး။ တစ်ချို့ကျတော့လည်း အမက ကျောင်းတွေထဲ ဓမ္မာရုံတွေထဲမှာ ချိတ်ထားပြီး သော့ခတ်ထားကြတယ်။ မဲဆန္ဒရှင်တွေက သူ့မဲစာရင်း ပါ မပါ လွတ်လွတ်လပ်လပ်ကြည့်ပိုင်ခွင့် မရှိဘူး။ အဲလိုဖြစ်နေတော့ ရွေးကောက်ပွဲနီးလို့ မဲစာရင်းကြည့်တော့(၂၉)ရက်နေ့မှ ကြည့်လို့ရတယ်။ အဲဒီကျမှ မပါတာတွေကို သိရတယ်။ မြို့ပေါ်ရပ်ကွက်တွေမှာကို တော်တော်များများရှိနေပါတယ်။ မြို့ပေါ်ရပ်ကွက်တွေရော ရွာတွေမှာပါ မဲစာရင်းကျန်တာတွေ ပေါင်းလိုက်ရင် (၇၀၀၀)ကျော်ကျော်ရှိပါ့မယ်။ ကတောင်မကလောက်ပါဘူး။ ဥပမာ စမ်းမကြီးရွာဆိုရင် (၁၇၅)ယောက်။ ညောင်ကန်တိုက်နယ်က ရွာသစ်ကြီးမှာ တစ်ရာကျော်ကျန်ခဲ့တယ်။ သရက်လေးပင်ရွာကလည်း တော်တော်ကျန်နေတယ် လို့ပြောပါတယ်။ ယခုလည်း ညောင်ကန်မှာ ပြဿနာဖြစ်နေလို့ ကျွန်တော့်တို့ကို လာခဲ့ဖို့ခေါ်နေပြန်တယ်။ မြို့ပေါ်က အောင်စေတနာရပ်ကွက်တွေ၊ အောင်မေတ္တာရပ်ကွက် တွေ ၊ အောင်ရတနာရပ်ကွက် တွေ အားလုံးပေါင်းလိုက်ရင် နှစ်ထောင်ကျော်လောက်ကျန်ပါ့မယ်။ ကော်မရှင်ကို သွားပြောတော့လည်း သတ်မှတ်ထား တဲ့ရက် ကျော်သွားလို့ ထည့်မပေးဘူးပြောပါတယ်။ ယနေ့အခြေနေအရ ရမယ်ထင်လို့ မှတ်ပုံတင်၊ အိမ်ထောင်စုစာရင်း တွေကို ကိုင်ပြီးသွားကြတော့လည်း ရက်လွန်သွားလို့ မထည့်ရတော့ဘူးလို့ ပြောလွှတ် ပါတယ်။ ´ ဟု ဦးမြင့်သိန်းမှ ပြောဆို၍ သတင်းရယူခဲ့ပါသည်။

ရွှေလမ်းငွေလမ်းဝင်းကြည်( မော်နီတာဂျာနယ်)မှာ ဖော်ပြထားသည်။
 

`မကွေးမြို့မှ ကြားဖြတ်ရွေးချယ်ပွဲအကြိုနေ့ မြင်ကွင်းများ´



`မကွေးမြို့မှ ကြားဖြတ်ရွေးချယ်ပွဲအကြိုနေ့ မြင်ကွင်းများ´
မတ်လ(၃၁)။
၂၀၁၂ ၊ မတ်လ(၃၁)ရက်နေ့ နံနက်ပိုင်းမှာ မကွေးမြို့တွင်း၌ တ.စ.ည ပါတီ၊ ကြံခိုင်ရေးပါတီ တို့က ဆိုင်ကယ်အနည်းငယ် ကားလေး(၄/၅)စင်းခန့်ဖြင့် လှည့်လည်စည်းရုံးရေးဆင်းနေကြောင်း မြင်တွေ့ရပါသည်။ `မနေ့က မတ်လ(၃၀)ရက်နေ့မှာ ကျွန်တော်တို့ကို တရားဝင်တားတာတော့ မဟုတ်ပါဘူးတဲ့ လူကြီးခရီးစဉ်ရှိလို့ အသံချဲ့စက်တွေနဲ့ မအော်ဖို့ မေတ္တာရပ်ခံခဲ့တယ်လို့ သိရတယ်။ ဒါကြောင့် ကျွန်တော်တို့ NLD အောင်နိုင်ရေးလူငယ်တွေ ဒီနေ့ ရွေးကောက်ပွဲအကြို မတ်လ(၃၁)ရက်မှာ NLDအောင်နိုင်ရေးအဖွဲ့ အင်နဲ့အားနဲ့ ထွက်လာကြတာပါ။ ဆိုင်ကယ်အစီး(၃၀၀) ကျော်မယ်ထင်တယ်။ ကားလေးတွေက အစီး(၂၀)လောက်ရှိမယ်ထင်ပါတယ်ခင်ဗျာ..´။ ဟု အောင်နိုင်ရေးအဖွဲ့ လူငယ် ကိုအောင်လွင်မှ ပြောဆိုပါသည်။ NLD အောင်နိုင်ရေးအဖွဲ့သည် ညနေ(၄း၃၀)နာရီခန့်တွင် ဗိုလ်ချုပ်လမ်းမကနေ ချိုးကွေ့၍ ပြည်တော်သာလမ်းမပေါ်မှာ အနောက်မှအရှေ့ပိုင်း အောင်ရတနာရပ်ကွက်များ သို့တက်သွားပြီး ပြည်တော်သာလမ်းမ အတိုင်း ပြန်လည်ဆင်းလာကြသည်။ ဆိုင်ကယ်များနှင့် မော်တော်ကားလေး ယာဉ်တမ်းကြီးမှာ ဗိုလ်ချုပ်လမ်းဆုံကနေ သစ္စာလမ်း၊ ကံသာရပ်ကွက်အထိ ဆက်တိုက်တန်းစီပြီးရပ်ထားစဉ်မြင်တွေ့ရသည်။ ညနေ(၆း၃၀)ခန့်မှာ လူစုကွဲသွား ကြကြောင်း သတင်းရရှိပါသည်။
`ဒီလောက် ဆိုင်ကယ်တွေ ကားတွေနဲ့ လူအုပ်ကြီးဟာ ဘာပြဿနာမှ မတက်ကြတာကို အံ့သြတယ်ဗျာ..။ သူတို့အော်ဟစ်နေကြတာကလည်း (အမေစု ကျမ်းမာပါစေ၊ NLD အောင်ရမည်။) ဒီနှစ်ခုကို တစ်ယောက်ကတိုင်တယ်၊ နောက်က ပါတဲ့ လူတွေကလိုက်ပြီး ၀ိုင်းအော်ပေးကြတယ်။ ဒါကို တစ်ချို့မနာလိုသူတွေက အားမနာ ရှာမကျိုး ၈၈ အရေးအခင်းနဲ့ တူနေတယ်။ အားလုံးလူတွေက အနီရောင်တီရှပ်တွေ၊ ခေါင်းစီးတွေနဲ့ တစ်ကိုယ်လုံးမှာ ရဲပဒေါင်း ဆန်နေတာဘဲလို့..၊ ပြောနေကြတယ်၊ ဒါလောက် တက်ကြွနေတဲ့ အင်အားကြီးမြင်တာကို မုဒီတာ မပွားနိုင်ကြဘူးဗျာ..။´ဟု လမ်းဘေးမှ လက်ဖက်ရည်ဆိုင်ထိုင်နေသူ အသက်(၆၅)နှစ်အရွယ် အမျိုးသားတစ်ဦးမှ အော်ပြောနေသံကို ကြားခဲ့၍ သတင်းရယူခဲ့ပါတယ်။
 

`မကွေးမြို့နယ်တွင်းမှာ ပါတီတွေ တစ်အိမ်တက်ဆင်း အပြိုင်အဆိုင်စည်းရုံးနေကြပြီ´






`မကွေးမြို့နယ်တွင်းမှာ ပါတီတွေ တစ်အိမ်တက်ဆင်း အပြိုင်အဆိုင်စည်းရုံးနေကြပြီ´
မတ်လ(၃၀)။ ။ မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်အတွင်းမှာ ၂၀၁၂၊ ဧပြီလ(၁)ရက်နေ့ကျင်းပမည့် ကြားဖြတ်ရွေးချယ် ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ကြ၍ ကိုယ့်ပါတီ အောင်နိုင်ရေးကိုကြိုးစားပြီး ပါတီအသီးသီးမှ လွှတ်တော်ကိုယ်စားလှယ်လောင်း များသည် တစ်အိမ်တက်ဆင်း မဲပေးရန်အတွက် မတ်လ(၂၃)ရက်နေ့ကစပြီး မတ်လ(၃၀)ရက်နေ့အထိ စည်းရုံးရေးဆင်း နေကြကြောင်း မြင်တွေ့ရသည်။ လှည့်လည် စည်းရုံးရေးဆင်းနေကြသော ပါတီများမှာ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ပါတီ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီ တို့သည် အင်အားများ အသုံးပြု၍ တစ်အိမ်တက်ဆင်း လက်ကမ်းစာစောင်များ ဝေငှနေကြောင်း မြင်တွေ့ရသည်။ `အချို့ပါတီတွေက မစားရ ၀ခမန်း ဟုတ်လည်းမဟုတ်ဘဲနဲ့ ပြောနေကြတယ်ဗျာ..´ဟု အသက်(၆၅)အရွယ်လူကြီးတစ်ဦးကဆို၏။ `အချို့ပါတီကလဲ လှပါတယ်ဆိုမှ ရေမချိုးရသေးဘူးဆိုသလို အင်အားတွေက ပြလွန်း အားကြီးနေပါတယ်တော်..´ဟု အသက်(၅၀)ကျော် အမျိုးသမီးတစ်ဦးကဆိုပြန်သည်။ `အချို့ပါတီကတော့ ဆင်းကြံ ကြံနေကြတယ်ဗျို့´ ဟု အသက်(၆၀) အရွယ်ရှိ တောနယ်မှ တောင်သူဦးကြီးတစ်ယောက်က ပြောသည်။
မကွေးမြို့နယ်အတွင်းမှာ ယှဉ်ပြိုင်ကြမည့်ပါတီများ နှင့် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်များမှာ (၁) ပြည်ခိုင်ဖြိုးပါတီ မှ ဦးအောင်သိန်းကျော်။ (၂) NLD ပါတီမှ ဦးမြင့်သိန်း။ (၃) တ.စ.ည ပါတီမှ ဦးလှမြင့်။ (၄) NDF ပါတီမှ ဦးကျော်စိန်ဟန် တို့ယှဉ်ပြိုင် အရွေးချယ်ခံကြမည်ဖြစ်ကြောင်း မြို့နယ်ကော်မရှင်စာရင်းအရ သိရသည်။ မကွေးမြို့နယ် အတွင်းမှာ ရပ်ကွက်(၁၅)၊ ကျေးရွာအုပ်စု(၆၁)၊ ကျေးရွာပေါင်း(၂၁၆)။ မဲရုံပေါင်း(၂၆၅)၊ ဆန္ဒပြုခန်း(၆၂၂)၊ မဲပုံးပေါင်း(၂၆၅) ရှိပြီး (၂၄-၃-၂၀၁၂) နေ့ထိစာရင်းအရ မဲဆန္ဒရှင်ဦးရေ (၁၇၉၃၅၈) စာရင်းပြထား၍ တိုး/လျော့ (+) ၂၇၃၉ ဟု ဖော်ပြထားသည်။ ဆန္ဒမဲစာအုပ်(၃၉၆၈)၊ ကြိုတင်ဆန္ဒမဲလက်မှတ် စာအိပ်(၂၉၇၆၀) ထုတ်ပေးထားကြောင်း ၂၀၁၂၊ မတ်လ(၂၆)ရက်နေ့၊မကွေးမြို့တော်ခန်းမတွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး လာရောက်ခဲ့စဉ် စစ်ဆေး ရှင်းလင်းပွဲမှ သတင်းရရှိပါသည်။
 

`ပြည်သူတွေကိုင်တဲ့ ဖုန်းဈေးများ ကျပြီးရင်းကျနေတော့မည်လား? ၀န်ဆောင်မှုလည်း အပြည့်မရ´



`ပြည်သူတွေကိုင်တဲ့ ဖုန်းဈေးများ ကျပြီးရင်းကျနေတော့မည်လား? ၀န်ဆောင်မှုလည်း အပြည့်မရ´
မတ်လ(၂၆)ရက်နေ့မှစ၍ မကွေးမြို့တွင် (၂)သိန်းတန် GSM ဖုန်းတွေကို စတင်ရောင်းချသည်။ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း ကလည်း မတ်လ(၂၈)ရက်နေ့တွင် (၂)သိန်းတန် GSM ဖုန်းများ ရောင်းချကြောင်း သတင်းရရှိသည်။ `သန်း(၃၀) စီမံကိန်း ပထမနှစ်စတင်ရောင်းတယ်လို့ဆိုပါတယ်။ ဒါပေမယ့် ယခုဈေးနဲ့ကတော့ သတ်မှတ်ထားတဲ့ အရေအတွက် ရောင်းရဖို့မလွယ်ပါဘူး။ ဘာကြောင့်လည်းဆိုတော့ ယခု (၂)သိန်းတန်ဖုန်းတွေကို ကုမ္ပဏီတွေမှ ခွဲရောင်းကြတယ်။ ထင်သလောက် မရောင်းရပါဘူး။ ဘာကြောင့်လည်းဆိုတော့ မကွေးမြို့မှာ (၁-၄-၂၀၁၂) နေ့ကနေ (၃-၄-၂၀၁၂) နေ့တွေမှာ လိုင်းတွေက ပြတ်သွားလိုက် ရလိုက်နဲ့ ခဏ ခဏ ဖြစ်နေပါတယ်။ ဖုန်းဝယ်သူတွေက ဆင်းကတ်ထည့်ပြီး ဟန်းဆက်နဲ့ စမ်းပေးနေရတာဆိုတော့ စိတ်မရှည်ကြလို့ မ၀ယ်ဘဲ ပြန်ပြန်သွားကြတယ်လေ..။ အဲဒီကိစ္စကို ရောင်းခိုင်းတဲ့ကုမ္ပဏီတွေကို ပြောတော့ သူတို့ကလည်း ဆက်သွယ်ရေး ဆာဗာကို တဆင့်ပြောပေးမယ်လို့ သိရပါတယ်..။ ကျွန်တော်တို့က မြို့ခံဆိုင်ဖြစ်နေတော့ အ၀ယ်လာတဲ့ ကာစတန်မာတွေကို သိပ်မျက်နှာပူစရာကောင်းတယ်ဗျာ..။´ဟု မကွေးမြို့ခံ အရောင်းဆိုင်ပိုင်ရှင် ဦးစန်းဦးကပြောပါသည်။ ဤ ကိစ္စကို သိချင်၍ မကွေးမြို့လူကြီးမင်း ဖုန်းဆိုင်သို့သွားသည်။ လူကြီးမင်း ဖုန်းဆိုင်မှာ (၂-၄-၂၀၁၂)မှ စတင်ပိတ်၍ (၈-၄-၂၀၁၂) နေ့တွင်ပြန်လည်ဖွင့်မည် ဟု စာတမ်းကပ်ထားပါသည်။
(၁-၄-၂၀၁၂) နေ့မှ(၃-၄-၂၀၁၂) နေ့တွေမှာ ဘာကြောင့်ဖုန်းလိုင်းတွေ ပြတ်ပြတ်နေတာလဲ ဟု ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးအား မေးမြန်းစုံစမ်းကြည့်ပါသည်။ သူ့အနေနဲ့ ဒီကစ္စကို ဘာမှ မသိပါကြောင်း၊ မဖြေဆိုနိုင်ပါ ကြောင်း ညင်းဆို၏။ သို့သော် ကျွန်တော်က ဒီမြို့သားဆိုတော့ ဘယ်သူ့ကိုမှ မျက်နှာအပျက်မခံနိုင်ပါ။ ဒီကိစ္စကို သိချင်ရင် ယနေ့ထုတ် (၄-၄-၂၀၁၂) နေ့ထုတ် အင်ပါရာ သတင်းဂျာနယ် အတွဲ(၁)၊ အမှတ်(၆)မှာ ဆက်သွယ်ရေးသတင်းပါကြောင်း လမ်းညွှန်ပါသည်။ ထို့ကြောင့် အင်ပါရာ သတင်းဂျာနယ် ဖတ်လိုက်သောအခါ..။ (အင်ပါရာ သတင်းဂျာနယ်ကြော်ငြာ မဟုတ်ပါ။) ယင်း ဂျာနယ်တွင် ဤသို့ဖော်ပြထားပါသည်။
`ကျွန်တော်တို့ရုံးမှာ မရှိမယ့် ရှိမဲ့နဲ့ လစာထဲက (၈)လအရစ်ကျဝယ်ယူထားသူများ ဘယ်လိုလုပ်ကြမလဲဗျာ..။´ ဟု အသက်(၅၈)နှစ်အရွယ် ၀န်ထမ်းတစ်ဦးမှ ပြောဆိုနေသံကြားခဲ့၍ သတင်းရယူခဲ့ပါသည်။
 

SHADE Journal | အတွဲ(၆)၊ အမှတ်( ၁၅ )