` ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်သိန်းမှ မကွေးမြို့နယ် လူထုအတွက် မြေယာကိစ္စများကို ဦးစားပေး၍ ဆောင်ရွက်မည်ဟုဆို




` ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်သိန်းမှ
မကွေးမြို့နယ် လူထုအတွက် မြေယာကိစ္စများကို ဦးစားပေး၍ ဆောင်ရွက်မည်ဟုဆို
မကွေးမြို့နယ်မှ ၂၀၁၂ ခု၊ ဧပြီ(၁)ရက်နေ့တွင် ပြည်သူများရွေးချယ်တင်မြှောက်ခဲ့သော ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်သိန်း သည် ၂၀၁၂ ခု၊ မတ်လအတွင်းမှာ မီးလောင်ဆုံးရှုံးခဲ့ကြသော ရှားပင်လှကျေးရွာ မီးဘေးဒုက္ခသည် များထံသို့ (၄-၄-၂၀၁၂)နေ့၊ နံနက်ပိုင်းအချိန်တွင် ပထမဆုံးအကြိမ်အဖြစ် သွားရောက် ကူညီထောက်ပံ့ပြီး အားပေးစကားပြောဆိုကြောင်း သတင်းရရှိသည်။ ယင်းပွဲတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်သိန်းနှင့်အဖွဲ့သည် မီးဘေးဒုက္ခသည် အိမ်ထောင်စု(၂၈)စုတို့အား တစ်အိမ်ထောင် လျှင် ငွေ(၁၇၀၀၀)ကျပ်နှင့် ခြုံစောင် သုံးထည်စီ လှူဒါန်းကြောင်း သိရသည်။ ဤ လှူဒါန်းပွဲ၌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်သိန်း အား ယနေ့လှူဒါန်းပွဲကိစ္စနှင့် ယခုလောလောဆယ်တွင် မကွေးမြို့နယ် ပြည်သူလူထုအတွက် ဘာတွေကိုများ အဓိကထားပြီး ပထမဦးစားပေး ဆောင်ရွက်ပါမည်လဲ၊ ဟု မေးမြန်းခဲ့သည်။ ဦးမြင့်သိန်းမှ မကွေးမြို့နယ်တွင်းမှာ လက်ရှိဖြစ်ပေါ်နေသာ မြေယာကိစ္စ၊ ပညာရေးကိစ္စ၊ ပြီးဆုံးသွားခဲ့တဲ့ ကြားဖြတ်ရွေးချယ်ရေးမှာ မဲစာရင်းကျန်ခဲ့ရတဲ့ ပြည်သူလူထုတွေရဲ့ လူ့အခွင့်ရေးများ ဆုံးရှုံးကြလို့ ငိုကြသူများရှိတဲ့ ကိစ္စတို့ကို အောက်ပါအတိုင်း ပြောဆိုပါသည်။
` ကျွန်တော်နဂို ဒီရွာကိုမီးလောင်တယ်လို့ ကြားစဉ်ကထဲက လာရောက်လှူချင်တာပါ။ ဒါပေမယ့် ရွေးကောက်ပွဲ မတိုင်မှီကာလ ဆိုတော့ မဲဝယ်တယ် မဲဆွယ်တယ် ဖြစ်မှာစိုးလို့ မလာခဲ့ဖြစ်ခဲ့တာပါ။ ဒါကြောင့် ယခုရွေးကောက်ပွဲပြီးပြီးခြင်း ပထဆုံး လူမှုရေးခရီးစဉ်အဖြစ် ကျွန်တော်နဲ့ တကွ ပါတီဝင်လူငယ်များ စုပေါင်းပြီး ကိုယ်တိုင်လာရောက်လှူတာပါ။ (အထက်ပါစာရင်းအတိုင်း တစ်ဦးချင်းစီအား ဦးမြင့်သိန်းမှ ကိုယ်တိုင်ပေးလှူပါသည်။) မကွေးမြို့နယ် ပြည်သူ့လူထုအတွက် စတင်လုပ်ဆောင်မှာကတော့ တောင်သူလယ်သမားအများစုအတွက် မြေယာကိစ္စတွေကို စတင်ဆောင်ရွက်ပါ့မယ်။ တောင်သူလယ်သမားတွေရဲ့မြေတွေကို ကုမ္ပဏီက သိမ်းတဲ့ကိစ္စတွေပေါ့ဗျာ..။ ဟိုးနားဆိုရင် ပုထိုးစမ်းရွာနားက တာတာ မော်တော်ကားစက်ရုံမှ သိမ်းထားခံရတဲ့ စိုက်ပျိုးမြေယာတွေ၊ နောက်လေဆိပ်တွင်းက အလဟပ်သတ်ဆုံးရှုံးနေတဲ့ စိုက်ပျိုးမြေယာကိစ္စတွေ၊ နောက် ဟိုဘက် မီးချောင်းရဲဘက်မှာလည်း မြေယာသိမ်းကိစ္စတွေကို တွေ့နေရပါတယ်။ အဲဒါတွေကို တင်ပြဆွေးနွေးရမှာပေါ့။ ခုလဲ သတင်းစာထဲမှာ လယ်ယာမြေဥပဒေတွေတော့ ထွက်လာပါပြီ။ အဲဒီ ဥပဒေနဲ့အညီ နစ်နာဆုံးရှုံးမှုတွေကို ပထမဦးစားပေးပြီး ဆောင်ရွက်သွားပါ့မယ်။ နောက်တစ်ချက်ကတော့ ပညာရေးနဲ့ ပတ်သက်တဲ့ကိစ္စတွေပါ။ တစ်ချို့ရွာတွေမှာ ဆိုရင် မူလတန်းကျောင်းရှိပြီး အဆောက်အဦးမရှိတာတို့၊ ကျောင်းအဆောက် အဦးရှိပြီး ဆရာ၊ဆရာမ မရှိတာတို့ စတဲ့ကိစ္စတွေကို ပညာရေးဌာနနဲ့ ဆွေးနွေးတင်ပြသွားရမှာပေါ့။ နောက်တစ်ခုက ကြားဖြတ်ရွေးချယ်ပွဲတုန်းက မဲစာရင်းမှာ နာမည်စာရင်းမပါလို့ မဲမထည့်ရသူများရဲ့ စာရင်းများကို ပြုစုထားပါတယ်။ ကျွန်တော် ယခု မတ်လ(၆)ရက်နေ့မှာ ရန်ကုန်ကိုသွားပါ့မယ်။ ဗဟိုလ်အောင်နိုင်ရေး အတွင်းရေးမှူး ဦးဥာဏ်ဝင်းထံ တင်ပြပါ့မယ်။ ဒါကတော့ တစ်ပြည်လုံးကိစ္စလိုဖြစ်နေတာပါ။ ဒီကိစ္စက အမှန်တစ်ကယ် မဖြစ်သင့် မဖြစ်ထိုက်တဲ့ မလိုလားအပ်တဲ့ကိစ္စပါ။ ပြည်သူတွေအနေနဲ့ (၁၈)နှစ်ပြည့်ရင် နိုင်ငံသားတစ်ယောက်အနေနဲ့ မဲပေးပိုင်ခွင့်ရှိရပါ့မယ်။ မဲပေးတဲ့ နေရာမှာလည်း လွတ်လပ်စွာ မဲပေးပိုင်ခွင့်ရှိရပါ့မယ်။ မဲစာရင်းတွေကလဲ မှန်ကန်ဖို့လိုပါတယ်။ နောက်ဆုံး မဲစာရင်းထဲမှာ မပါတာကို အသက်(၁၈)နှစ်ပြည့်ပြီးကြောင်း မှတ်ပုံတင်ကိုပြနိုင်ရင် မဲရုံကော်မရှင်တွေ အနေနဲ့ မဲပေးခွင့်ရအောင် ဆောင်ရွက်ပေးသင့်ကြတာပေါ့။ ခုဟာက တစ်ချို့မဲရုံကော်မရှင်တွေက မဖြောင့်မတ်ဘူးပေါ့။ အဲဒါမျိုးတွေက မလိုအားအပ်တဲ့ ပြဿနာတွေပါ။ တစ်ချို့ပြည်သူတွေဆိုရင် မဲမထည့်ရလို့ ကျွန်တော့်ကို ငိုပြီးတော့တောင်ပြောဆိုနေကြပါတယ်။ အဲဒီကိစ္စကို ကျွန်တော်လည်း တော်တော်စိတ်မကောင်းဖြစ်ခဲ့ရပါတယ်။ နိုင်ငံသား တစ်ယောက်မှာ သူ့ရဲ့လွတ်လပ်စွာ မဲပေးပိုင်ခွင့်ရှိရမှာပါ။ ရပိုင်ခွင့်တွေကို ဖွဲ့စည်းပုံ အခြခံဥပဒေမှာလည်း ပြထားပါတယ်။ ဒါပေမယ့် အခြေခံဥပဒေမှာ ပါနေတဲ့ ရပိုင်ခွင့်လေးကိုတောင်မှ ဆုံးရှုံးနေရတော့ တရားဥပဒေစိုးမိုးရေးက တော်တော်နည်းပါးနေပါသေးတယ်။ ´ ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်သိန်းမှ ပြောကြား၍ သတင်းရယူခဲ့ပါသည်။
 

0 comments: