`မကွေးမြို့ ကုန်သည်ကြီးများသင်္ကြန်မဏ္ဍပ်တွင် လျှပ်စစ်ဓာတ်လိုက်၍ ဒဏ်ရာရသူ(၂)ဦးနှင့် သေဆုံးသူ တစ်ဦးရှိ´




`မကွေးမြို့ ကုန်သည်ကြီးများသင်္ကြန်မဏ္ဍပ်တွင်
လျှပ်စစ်ဓာတ်လိုက်၍ ဒဏ်ရာရသူ(၂)ဦးနှင့် သေဆုံးသူ တစ်ဦးရှိ´

မကွေးမြို့၊ ရန်ပယ်ရပ်ကွက်၊ သုခိတာလမ်းမှ ကုန်သည်ကြီးများ သင်္ကြန်မဏ္ဍုပ်တွင် ဓာတ်လိုက်၍ သေဆုံးသော ဖြစ်စဉ်မှာ ယင်းမဏ္ဍပ်ကို လျှပ်စစ်မီးတတ်ဆင်ပေးသူ မကွေးမြို့၊ မြင်သာရပ်ကွက်နေ ကိုအောင်ကျော်မိုး (အသက်-၄၉)နှစ်၊(ဘ) ဦးအောင်သန်း၊ ဟု သိရသည်။ ၎င်းမဏ္ဍပ်ရှေ့မှ ဆလိုက်ထိုးရန် မီးတိုင်မှ လျှပ်စစ်ဝါယာကြိုးအား သွပ်နန်းကြိုးဖြင့် ချည်နှောင်ထား၏။ ယင်းချည်ထားသော သွပ်နန်းကြိုးဖြင့်ပင် မဏ္ဍပ်၏ ရှေ့တွင် ကာရံထားသော သံဆူးကြိုးများကိုလည်း ပူးတွဲချည်နှောင်ထားသည်။ သွပ်နန်းကြိုးဖြင့် ချည်ထားသော လျှပ်စစ်ဝါယာကြိုးမှာ တုန်ခါ ပွတ်တိုက်၍ ပေါက်ပြဲသွားပြီး လျှပ်စစ်ဓာတ်များက သွပ်နန်းကြိုးနှင့် သံဆူးကြိုးများအား စီးဆင်းသွားသည်။ ထို့ကြောင့် မဏ္ဍုပ်ရှေ့တွင် ကာရံထားသော သံဆူးကြိုးများဖြင့် ထိမိ၊ ကိုင်တွယ်မိသူများအားလုံး ဓာတ်လိုက်ခံနေကြရကြောင်း သိရသည်။ နေရာတွင် သေဆုံးသွားသူ ကိုစန်းလင်း မှာ (NLD ပါတီ)အောင်နိုင်ရေးအဖွဲ့မှ တစ်ဦးဖြစ်ကြောင်းသိရ၏။ လျှပ်စစ်သွယ်တန်းသူ ကိုအောင်ကျော်မိုးသည် လျှပ်စစ်မီးအား ပေါ့ဆစွာဖြင့် တတ်ဆင်ပေးခြင်းဖြစ်ကြောင်း စစ်ဆေးတွေ့ရှိသည်ဟု သက်ဆိုင်ရာမှ သိရသည်။ ဤအမှုအား (ပ) ၈၂ /၁၂ ပြစ်မှုပုဒ်မ ၃၀၄-က/ ၃၃၇/ ၃၃၈ ဖြင့် မကွေးမြို့ အမှတ်(၂)ရဲစခမ်းမှ အရေးယူဆောင်ရွက်ထားကြောင်း သတင်းရရှိပါသည်။

၁၂-၄-၂၀၁၂ နေ့၊ သင်္ကြန်အကြိုနေ့ ညနေ(၅း၃၀) မှ(၆း၂၀)နာရီအတွင်း ကုန်သည်ကြီးများ သင်္ကြန်မဏ္ဍုပ်အောက်မှာ ကြည့်ရှုသူ ပရိတ်သတ်များကို ဓာတ်လိုက်ကြောင်း သတင်းရရှိသည်။ ``ဇာတ်ခုံစင်မြင့်ရှေ့မှာ ကာရံထားတဲ့ သံဆူးကြိုးခွေ များကို လျှပ်စစ်ဓာတ်အားနဲ့ ရှော့တိုက်ထားသလားမသိပါဘူးဗျာ..။ ကျွန်တော်နဲ့ လူအများကို ဓာတ်လိုက်ခံနေရပါတယ်။ ဓာတ်လိုက်လို့ မီးပိတ်ပေးပါ..လို့ ကျွန်တော်တို့် အောက်မှ ပရိတ်သတ်များက အော်နေကြသော်လည်း စင်ပေါ်မှ သီးချင်းတစ်ပုဒ်ပြီးဆုံးမှသာ မီးပိတ်ပေးပါတယ်ဗျာ..။ အဲဒီအချိန် မှာ ကျွန်တော်ဘေးက ခပ်၀၀လူကြီးကို ဓာတ်လိုက်နေတာ မြင်ရတယ်။ အဲဒီ လူကြီးက လဲကျသွားပါတာကို မြင်လိုက်ရပါတယ်။ ကျွန်တော်ကတော့ အဲဒီ သံဆူးကြိုးနဲ့ ညှိပြီး ဓာတ်လိုက်နေပါတယ်။ သတိကတော့မလစ်ပါဘူးဗျာ..။´ ဟု ဓာတ်လိုက် ခံရသူ မြင်သာရပ်ကွက်၊ ၂၄လမ်းမှ ကိုပြည့်ဖြိုးအောင် (အသက်၃၉ နှစ်)က ဆေးရုံပေါ်တွင် ပြောဆိုပါသည်။

လျှပ်စစ်ဓာတ်လိုက်၍ သေဆုံးသူမှာ ကိုစန်းလင်း၊ အသက်(၄၇)နှစ်၊ အဘ-ဦးညွှန့်ဝင်း၊ ၂၅လမ်း၊ ရန်ပယ်ရပ်ကွက်နေသူဖြစ်ကြောင်းသိရ၏။ မကွေးမြို့မှ ဆန်ကုန်သည်တစ်ဦး၏ ယောက်ဖတော်စပ်သူ ဖြစ်ကြောင်းသိရ သည်။ မကွေးတိုင်းဒေသကြီး ပြည်သူ့ဆေးရုံတွင် ဓာတ်လိုက်၍ ဒဏ်ရာရရှိသူများဖြစ်ကြသည့် မကွေးမြို့ မြင်သာရပ်ကွက်မှ ကိုပြည့်ဖြိုးအောင် နှင့် မြင်သာရပ်ကွက်၊ ၂၄လမ်းမှ ကိုထွေးမောင်မောင် တို့မှာ ဆေးဝါးကုသမှုခံယူနေကြောင်း သတင်းရရှိခဲ့သည်။ ကိုထွေးမောင်မောင်မှာ ၁၂-၄-၂၀၁၂ နေ့ ည(၈/၉)နာရီခန့်အထိ သတိမရသေးပါ။ အဖော်လည်းမပါပါ။ လူးလိပ့်စွာဖြင့် ခံစား၍ ငြီးညူနေတာကို မြင်တွေ့ခဲ့ပါသည်။ ယင်း မကွေးမြို့ ကုန်သည်ကြီးများအသင်း ရေသဘင်ဆုပေးမဏ္ဍပ်မှာ သင်္ကြန်အကျနေ့မှစ၍ ၁၃၇၃ ခုနှစ် မဟာသင်္ကြန်ပွဲတော်တွင် ဆက်လက်၍ ပါဝင်ယှဉ်ပြိုင် ရေကစားခြင်းများ မပြုလုပ်ကြောင်း၊ မဏ္ဍပ်အား ဖျက်သိမ်းကြောင်း သတင်းရရှိပါသည်။
 

0 comments: