SHADE Journal | အတွဲ( ၆ )၊ အမှတ်( ၁၉ )

  • အမည် : SHADE Journal | အတွဲ( ၆ )၊ အမှတ်( ၁၉ )
  • ဖတ်ရန် : နိပ်ပါ
  • Download ရယူရန်။ အတွဲ( ၆ )| အမှတ်( ၁၉ )
  • ရက်စွဲ : 30.5.20112
 

`ကိုယ်တွင်းကြည့် ကိရိယာစက်ကြီးဖြင့် ( Laparoscopic Surgery Instrument Set) မကွေးတိုင်းဒေသကြီး ဆေးရုံမှာ ခွဲစိတ်ကုသနိုင်ပြီ´

`ကိုယ်တွင်းကြည့် ကိရိယာစက်ကြီးဖြင့် ( Laparoscopic Surgery Instrument Set) မကွေးတိုင်းဒေသကြီး ဆေးရုံမှာ ခွဲစိတ်ကုသနိုင်ပြီ´ အိုလံပတ်(Olympus) ပစ္စည်းတံဆိပ်၊ ( Laparoscopic Surgery Instrument Set) ကိုယ်တွင်းကြည့် ကိရိယာစက်ကြီး (ဂျပန်၊ ဂျာမဏီနိုင်ငံ ဖက်စပ်)မှ ထုတ်လုပ်ပြီး အမေရိကန်ဒေါ်လာ(၁၁၉၃၈၆) တစ်သိန်းတစ်သောင်းကိုးထောင်သုံးရာ ရှစ်ဆယ့်ခြောက် ဒေါ်လာ၊ မြန်မာငွေကျပ်သိန်းပေါင်း(၁၁၀၀) တစ်ထောင်တစ်ရာကျော်ခန့်တန်ဘိုးဖြင့် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ၀ယ်ယူ၍ လှူဒါန်းကြောင်း သိရသည်။ ၂၀၁၂ ခု မေလ(၂၂)ရက်နေ့ နံနက်(၉း၃၀)နာရီတွင် မကွေးတိုင်း ဒေသကြီး မကွေးမြို့ပြည်သူ့ဆေးရုံကြီးမှာ ဖွင့်လှစ်ကြောင်းသိရ၏။ ၎င်း ဖွင့်ပွဲတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ် သီရိပျံချီ ဦးဘုန်းမော်ရွှေနှင့် အစိုးရအဖွဲ့ဝန်ကြီးများ၊ တိုင်းဒေသကြီး ဌာနမှ အကြီးအကဲများ၊ မြို့မိ မြိုဖ လုပ်ငန်းရှင်အလှူရှင်များ နှင့် သတင်းမီဒီယာများ တက်ရောက်ကြသည်။ မကွေးတိုင်းဒေသကြီး မကွေးမြို့ပြည်သူ့ဆေးရုံကြီး မှာ ဤ ကိုယ်တွင်းကြည့် ကိရိယာစက်ကြီး ဖြင့် ပထမဆုံးကုသခံသော လူနာမှာ ကိုရန်နောင်စိုး အသက်(၂၅)နှစ်၊ မင်းဘူး(စကု)မြို့နယ် ပဒါန်းမြို့ နှင့် ဒုတိယကုသခံယူသူ ကိုစောမင်းထွေး အသက်(၂၇) နှစ် တောင်တွင်းကြီးမြို့နယ် ရှမ်းကိုင်းကျေးရွာမှ ဖြစ်ကြောင်းသိရသည်။ သဲခြေအိပ်ထဲမှ ကျောက်တည်နေခြင်းအား ဗိုက်ကို မခွဲဘဲ အပေါက် တစ်ပေါက်တည်းသာ ဖောက်၍ ယခုစက်ဖြင့်ချိတ်ဆက်ပြီး တီဗွီ မှန်ပြင်ကိုသာကြည့်ရှု၍ ထုတ်ယူလာခြင်း ဖြစ်ကြောင်း၊ ဤစက်ကြီးကို အများပြည်သူများအတွက် စာရိတ်မျှပေးကျန်းမာရေး အစီအစဉ်အရ အသုံးပြုကောက်ခံသွားမည်၊ အခြား ဆေးရုံကြီးများမှာ ကိုယ်တွင်းကြည့် ကိရိယာစက်ကြီး စက်အသုံးပြုခ (၇၀၀၀၀ိ) ခုနှစ်သောင်းပေးရသော်လည်း မကွေးတိုင်းဒေသကြီးဆေးရုံမှာ (၅၀၀၀၀ိ) ငါသောင်းကျပ်သာ ကောက်ခံယူမှာ ဖြစ်ကြောင်း၊ လုံးဝငွေကြေးမတတ်နိုင်သူ လူနာများအတွက်ကို စရိတ်မျှပေးကျန်းမာရေး အလှူငွေစာရင်းမှ (အခမဲ့) ကျခံကုသ ပေးသွားမည်ဖြစ်ပါကြောင်း မကွေးတိုင်းဒေသကြီး ဆေးရုံအုပ်ကြီး ဒေါက်တာဦးဌေးအောင် မှ ပြောကြား၍ သိရသည်။ ယင်း စက်ကြီးအား ခွဲစိပ်ခမ်းတွင် လက်တွေ့ကိုင်တွယ်အသုံးပြုနေသော ခွဲစိပ်အထူးကုဆရာဝန်ကြီး ပါမောက္ခ၊ဌာနမှူး ဒေါက်တာအေးမွန် အား တွေ့မြင် ခဲ့ရ၍ သတင်းဓာတ်ပုံရိုက်ပြီး မှတ်တမ်းတင် မေးမြန်းခဲ့ပါသည်။ `` ဗိုက်ကို မခွဲစိတ်ဘဲ အပေါက်တစ်ပေါက်တည်းသာ ဖောက်ပြီး ဒီပိုက်နဲ့ဆက်ပါတယ်။ ဗိုက်ဖောင်းလာတော့မှ ဒီကင်မရာကရိုက်ထားတာကို တီဗွီ စကရင်ဖန်သားပြင်ကို ကြည့်ပြီးသာ အသုံးပြုပါတယ်။ လူနာကိုကြည့်ပြီး ငုံ့ကြည့်လုပ်နေ တာမဟုတ်ပါဘူး။ ဒီစက်နဲ့ တွဲပြီး အသုံးပြုတဲ့ ပစ္စည်းအသုံးအဆောင်လေးတွေကို လိုအပ်တဲ့အတိုင်းယူသုံးရပါတယ်။ အပေါက်တစ်ပေါက်တည်းသာ ဖောက်ရတော့ (၄/၅)ရက်နဲ့ ကုသပြီး အနာလည်း မြန်မြန်ပျောက်ကင်းသွားပါတယ်။ အလုပ်အကိုင်မပျက်တာပေါ့၊ ဒီစက်ကြီးနဲ့ အူအတက်ပေါက်တာ၊ သဲခြေအိပ်ထုတ်တာ၊ အူကျ ဘောကျ ရောဂါတွေနဲ့ အခြား ဒါက ဂျင်နရယ်ဆာဂျီကယ်တွေသုံးတာပါ။ တစ်ခြား အိုဂျီဌာနဘက်ကလည်း သုံးစွဲလို့ရနိုင်ပါတယ်။ ဆီးအကြိပ် တည်တာတွေကိုလည်း သုံးလို့ရနိုင်ပါတယ်။ ဒီလို ကိုယ်တွင်းကြည့် ကိရိယာစက်ကြီးများဟာ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်မှာသာ အရင်က ရှိပါတယ်။ ယခု ကျွန်တော်တို့ မကွေးတိုင်းဒေသကြီး ဆေးရုံကိုရောက်လာတာ စတုထ္ထမြောက် ရောက်လာတဲ့ စက်ကြီးဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ဆေးတက္ကသိုလ်ကျောင်း(၄)လုံးမှာ ဒီစက်ကြီးရှိသွားတော့ ဆေးကျောင်းသား ကျောင်သူများ အတွက် အသုံးပြုသင်ကြားသွားနိုင်တာပေါ့၊ အများပြည်သူလူထု အတွက်လည်း ယခင်လို အခြားမြို့မှာ သွားပြီးကုစရာ မလိုတော့တာပေါ့။ အများပြည်သူအတွက် အများကြီးအကျိုးပြုပေးနိုင်တော့မှာ ဖြစ်ပါတယ်´´ ဟု မကွေးဆေးတက္ကသိုလ် ၊ ခွဲစိပ်အထူးကုဆရာဝန်ကြီး ပါမောက္ခဌာနမှူး ဒေါက်တာအေးမွန် မှ မြန်မာပို့စ် ဂျာနယ်ကိုပြောဆိုပါသည်။ ၀ိုင်းကြည်အောင်
 

`ဆင်းရဲနွမ်းပါးသူများအား ကူညီပေးသော သီလရှင်ကျောင်း (သင်) ပညာရေး မူလတန်းလွန်ကျောင်း

မကွေးမြို့ မြသလွန်ဘုရားကြီး၏ အရှေ့ဘက်တွင်ရှိသော သာသနာဂုဏ်ရည် သီလရှင်ကျောင်း ရှိသည်။ ယင်း သီလရှင်ကျောင်းတိုက်တွင် မရှိဆင်းရဲနွမ်းပါးသော မိသားစုများမှ ကလေးသူငယ်လေးများအား စာသင်ကြားပေးနိုင်ရန် (ဘ/က) ဘုန်းတော်ကြီး ပညာသင်ကျောင်း (သို့မဟုတ်) သီလရှင်ကျောင်းမှ (သင်) ပညာရေးမူလွန်ကျောင်း ဖွင့်လှစ်ပေးထားကြောင်း သတင်းရရှိခဲ့ပါသည်။ ထိုကျောင်းမှာ ၂၇-၅-၂၀၁၂ နေ့တွင် ၂၀၁၂/၂၀၁၃ ပညာသင်နှစ်အတွက် စာအုပ် နှင့် စာရေးကိရိယာများ လှူဒါန်းပွဲပြုလုပ်ကြောင်းသိရသည်။ ယခုနှစ် ပညာသင်ကျောင်းသား ကျောင်းသူ(၂၄၂) ယောက်ရှိကြောင်းသိရသည်။ ယခု ပညာသင်နှစ်အတွက် သီလရှင်ဆရာလေးများနှင့် ထိုကျောင်းသား ကျောင်းသူများအား လိုအပ်နေသော စာအုပ်များ၊ စာရေးကိရိယာများနှင့် သင်ထောက်ကူပစ္စည်းများအား လှူဒါန်းနိုင်ကြကြောင်းသိရှိခဲ့ပါသည်။ သာသနာဂုဏ်ရည် သီလရှင်ကျောင်းမှ တိုက်အုပ် ဆရာကြီး ဒေါ်သုစိန္တီ(ကုန်းသာ) မှ ဤသို့မိန့်ဆိုသည်။ `` ဆရာလေးတို့ သာသနာဂုဏ်ရည်သီလရှင်စာသင်ကျောင်းတိုက်ကို ၁၃၅၉ ခု၊ ၀ါဆိုလဆန်း(၁၂)ရက်နေ့မှာ စတင်ထူထောင်ခဲ့ပါတယ်။ ယခင်ကတော့ ရိုးရိုး ပရိယတ္တိ စာသင်တိုက်သာ တည်ထောင်ခဲ့တာပါ။ ယခု (ဘ-က)ပညာရေး ကျောင်းအဖြစ် ၁၃၇၀ ခု၊ နယုန်လဆန်း(၂)ရက်နေ့မှာ စတင်ဖွင့်လှစ်ခဲ့ပါတယ်။ စတင်ဖွင့်ခဲ့စဉ်မှာ ကျောင်းသား (၅၄)ဦးသာရှိပါတယ်။ စတင်ဖွင့်လှစ်တုန်းက ဆရာလေးတို့မှာ ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေးနဲ့ တကွ စာရေးကိရိယာ သင်ထောက်ကူပစ္စည်များ မပြည့်စုံခဲ့ပါဘူး။ ဒီကျောင်းလေးဖြစ်မြောက်အောင်မြင်လာအောင် ဆရာလေးတို့ရဲ့ ရရှိတဲ့ ဆွမ်းဆန်တစ်ဝက်ကို စာသင်ကျောင်းအတွက် လှူဒါန်းပေးခဲ့ကြပါတယ်။ ဒီကျောင်းလေး စတင်ထူထောင်ခဲ့ရတာ ဆင်းဆင်းရဲရဲနဲ့ အခက်အခဲများစွာကို ကျော်လွှားပြီး ဆရာလေးတို့ပဲ တာဝန်ယူလာခဲ့ရပါတယ်။ နောက်ပိုင်းမှာ ရှိုင်းဟုန်း ကုမ္ပဏီအဖွဲ့၊ ပကတိ စေတနာရှင်များအဖွဲ့ နှင့် ဆေးတက္ကသိုလ်မှ ကျောင်းသူ ကျောင်းသူများက ပါဝင်လှူဒါန်းပေး ခဲ့ကြပါတယ်။ အဲဒီနောက် ယခုနှစ်မှာ မြန်မာလူငယ်အဖွဲ့၊ မကွေးမြို့လုံးဆိုင်ရာ ယဉ်ကျေးလိမ္မာအဖွဲ့တို့ တိုးလာပါတယ်။ သက်ဆိုင်ရာ ပညာရေးဝန်ကြီးဌာန ကလည်း ပုံနှိပ်စာအုပ်များ ဗလာစာအုပ် နဲ့ စာရေးကိရိယာများကို ပံ့ပိုးလှူဒါန်းပေးပါတယ်။ ယခုလို လူမှုရေးအဖွဲ့ပေါင်းစုံမှ ဆရာလေးတို့ရဲ့ မရှိဆင်းရဲကြသော မိသားစုများမှ လူမမယ် ခလေးများ ပညာသင်ကျောင်းအတွက် ၀ိုင်းဝန်းထောက်ပံ့ပေးလိုက်ကြလို့ ယခုနှစ်ကျောင်းသား ကျောင်းသူ(၂၄၂)ဦးထိ တိုးတက်အောင်မြင်လာခဲ့ပါတယ်။ နှစ်စဉ် နှစ်တိုင်းလည်း လာရောက်လှူဒါန်းပေးတော်မှုကြပါ။ ဒါကြောင့် နောက် နောင်မှာလည်း ဒီထက်မက နောင်လာ နောက်သား လူမမယ်လေးတွေကို လောကီပညာ၊ လောကုတ္တရာပညာများ တိုးတက်အောင်မြင်အောင် ဒကါ၊ ဒကါမများနဲ့ လက်တွဲပြီး စည်းစည်းလုံးလုံးနဲ့ ဆောင်ရွက်သွားပါရစေလို့ ဆရာလေးမှ ဆုမွန်ကောင်းများ တောင်းဆို ဆန္ဒပြုလိုက်ရပါတယ်..။´´ ဟု သာသနာဂုဏ်ရည်တိုက်အုပ် ဆရာကြီးဒေါ်သုစိန္တီ မှ မြန်မာပို့စ် ဂျာနယ်သို့ ပြောဆို၍ သတင်းရယူခဲ့ပါသည်။ ရပ်ဝေး ရပ်နီးမှ သဒ္ဒါကြည်လင်ပါရရှင်များအနေဖြင့် လှူဒါန်းလိုပါလျှင် ဖုန်း (၀၉-၄၃၁၃၈၄၃၇) သို့ဆက်သွယ် လှူဒါန်းနိုင်ကြပါသည်။ ၀ိုင်းကြည်အောင်
 

`မကွေးမြို့၏ လျှပ်စစ်မီး ဖြတ်တောက်မှု အခြေအနေများ´

`မကွေးမြို့၏ လျှပ်စစ်မီး ဖြတ်တောက်မှု အခြေအနေများ´ မကွေးမြို့ပေါ်တွင် ၆-၅-၂၀၁၂ နေ့နောက်ပိုင်းမှာ မိုးကဆက်၍ မရွာတာ ကြာခဲ့ပြီ။ အပူရှိန်ကလည်း တော်တော်ပြင်းထန်နေသည်။ ရာသီဥတုက နေ့၊ည တွင်အလွန်ပူအိုက်နေကြသည်။ လျှပ်စစ်မီးကလည်း ဒီဘက်ပိုင်းမှာ မီးမလာတဲ့ အချိန်တွေက နေ့စဉ်ဆက်တိုက် ဖြစ်နေ၏။ မီးမလာတော့ ရေကလည်းရှားလာ၏။ လျှပ်စစ်မီးအတွက် အများပြည်သူများ နှင့် ကျောင်သူ ကျောင်းသားများ စိတ်သောကများ၍ ဆင်းရဲဒုက္ခ ရောက်နေကြရပါသည်။ ထို့ကြောင့် အများပြည်သူများ သိချင်နေသော မျှော်လင့်စောင့်စားနေသော လျှပ်စစ်မီးသတင်းကို မကွေးမြို့နယ်လျှပ်စစ်မန်နေဂျာရုံးသို့ သွားရောက်စုံစမ်း တင်ပြပေး လိုက်ရပါသည်။ ၂၅-၅-၂၀၁၂ နေ့ နံနက်(၁၀း၃၀)နာရီအချိန်တွင် မကွေးမြို့နယ်လျှပ်စစ်မန်ဂျာ ဦးအောင်မျိုးသန်းထံသို့ မကွေးမြို့ လျှပ်စစ်မီး ဖြတ်တောက် သုံးစွဲနေရမှုအား သွားရောက်သတင်းရယူခဲ့ပါသည်။ မကွေးမြို့မှာ အလုပ်ရုံ စက်ရုံများမပါ ပုံမှန်သုံးစွဲမှု ဓာတ်အားမှာ (၇.၅) မဂ္ဂါဝပ်ခန့် သုံးစွဲရမည်ဖြစ်ကြောင်းသိရသည်။ ယခုလက်ရှိ အခြေအနေမှာတော့ မကွေးမြို့ သုံးစွဲခွင့်ပြုထားသော လျှပ်စစ်ဓာတ်အားမှာ (၂.၅)မဂ္ဂါဝပ် မှ (၃) မဂ္ဂါဝပ်ထိသာ သုံးစွဲနေရကြောင်းသိရသည်။ မန်ကျီးကန် မဟာဓာတ်အားလိုင်း ဓာတ်အားခွဲရုံအပေါ် မူတည်၍ အပြောင်းအလဲရှိမည်ဟု သိရ၏။ ထို့ကြောင့် (၂၄-၅-၂၀၁၂)နေ့ထိ A.B.C သုံးအုပ်စုခွဲပြီး တစ်အုပ်စုမှာ (၆)နာရီတစ်ကြိမ်သာ လျှပ်စစ်မီးသုံးစွဲရန် ဖြန့်ဝေပေးနိုင်ကြောင့်သိရ၏။ အလှည့်ကျဆိုသော်လည်း တစ်နိုင်ငံလုံး လျှပ်စစ်ဝန်အား ရှပ်ဒေါင်းကျသွားလျှင်လည်း အားလုံးပြတ်တောက်တတ် သွားသည်။အလှည့်ကျပေးထားသောရပ်ကွက်များမှ မီးသုံးများသွားလျှင်လည်း ထရမ်စမာများမှာ မိန်းများက ခဏ ခဏပြုတ်ကျတတ်သည်ဆို၏။ ယင်းအလှည့်ကျစနစ်ကို မီးပြတ်သောအချိန်များအား အစားထိုး၍ ပြန်လည်မပေးနိုင်ကြောင်း သိရသည်။အခြားမြို့ကြီးများကဲ့သို့ ရွှေ့လျား မီးစက်ကြီးများ မကွေးမြို့တွင် မရှိသေးကြောင်း သိရသည်။ ယခုလက်ရှိ ကားပေါ်တွင် တင်ထားပြီး အရေးပေါ်သုံးနိုင်ရန်အတွက် ကီလိုဝပ်(၁၆၀) တစ်လုံး၊ ကီလိုဝပ်(၁၀၀)၊ ကီလိုဝပ်(၄၀) စက်အသေး (၃)လုံးသာ ရှိကြောင်းမြင်တွေ့ခဲ့ရသည်။ မကြာမီမှာ (၂)မဂ္ဂါဝပ်ရှိ ရွှေ့လျားမီးစက်ကြီး(၆)လုံးကို အမှတ်(၂) လျှပ်စစ်ဝန်ကြီးဌာနမှ အမေရိကန်နိုင်ငံသို့ မှာကြားဝယ်ယူထားသော မီးစက်များရောက်လာတော့မည်ဖြစ်ကြောင်း၊ ၎င်း စက်များကို ဘယ်မြို့နယ်များသို့ ခွဲဝေပေးမည်ဆိုတာကို မသိရသေးကြာင်း ကြားသိခဲ့ရသည်။ မကွေးမြို့နယ်လျှပ်စစ်မန်ဂျာ ဦးအောင်မျိုးသန်းထံဤသို့မေးမြန်းပါသည်။ အခြားမြို့ကြီးတွေမှာလို လျှပ်စစ်မီးလင်းရေး အတွက် အများပြည်သူများမှ ဆန္ဒပြုနေသလို မကွေးမြို့မှာ မဖြစ်အောင် ဘယ်လိုများ ကြိုတင်စီစဉ်ဆောင်ရွက်ထားပါသလဲ၊ မီးလင်းရေး အတွက် အများပြည်သူတွေက ဆန္ဒထုတ်ဖော်ကြရင်ကော လျှပ်စစ်မီးအားကို ယခုထက် ပိုပြီး ပေးနိုင်ပါမည်လား..? ဟု စာရေးသူမှ မေးကြည့်ပါသည်။ `` အများပြည်သူများသိရှိအောင် အမှတ်(၂)လျှပ်စစ်ဝန်ကြီး၏ မေတ္တာရပ်ခံတောင်းပန်ချက် စာများနဲ့ ရွှေလီ- မန်စံဘက်မှာ ဖျက်စီးခံရလို့ ပျက်သွားတဲ့ တာဝါတိုင်များကို ပြန်လည်ပြုပြင်နေသော ဓာတ်ပုံများကို စာရွက်ကြီးများ၊ ဗီနိုင်းပုံကြီးများနဲ့ ကူးယူပြီး မကွေးမြို့တွင်း လူစည်ကားရာနေရာ၊ လက်ဖက်ရည်ဆိုင်များမှာကပ်ထားပါတယ်။ ယခု ကျွန်တော်တို့ရုံး မီတာခွန်ကောက်ခံ ဌာနနဲ့ အရေးပေါ် မီးပျက်ရင် တိုင်ကြားဌာနများမှာလည်း အများမြင်သာအောင် ကပ်ပေးထားပါတယ်။ အားလုံးက လျှပ်စစ်မီးရရှိရေးကို ဆန္ဒထုတ်ဖော်ကြရင်လဲ ကျွန်တော့် အဆင့်အနေနဲ့တော့ ပိုပြီးပေးစရာမရှိပါဘူး။ မဟာဓာတ်အားလိုင်းမှာ လက်ရှိကာလ အသုံးပြုခွင့်ရှိသလောက်သာ မျှဝေသုံးစွဲပေးနေရပါတယ်။ ဇွန်လဆန်းလောက်မှာ ရွှေလီ-မန်းစံဘက်က တာဝါတိုင်တွေ ပြုပြင်ပြီးမယ်ထင်ပါတယ်။´´ဟု မြို့နယ်မန်နေဂျာ ဦးအောင်မျိုးသန်း မှ ပြောဆို၍ သတင်းရယူခဲ့ပါသည်။ ၀ိုင်းကြည်အောင် ၂၀၁၂ ခု၊ မေလ(၃၀)ရက်နေ့ထုတ် အတွဲ(၄) အမှတ်(၂၀) မြန်မာပို့စ် သတင်းဂျာနယ်တွင် ဖော်ပြထားပါသည်။
 

`အလကားရလျှင် သေအောင်သောက်တာ သတင်းသမားတိုင်း မဟုတ်ပါ´

ကိုယ့်အကြောင်း သူများအကြောင်း နှင့် ပတ်ဝန်းကျင်မှ အကြား အမြင်များ အမှတ်(၁၂၆-၅-၂၀၁၂) ၂၆-၅-၂၀၁၂ `အလကားရလျှင် သေအောင်သောက်တာ သတင်းသမားတိုင်း မဟုတ်ပါ´ ယနေ့ နံနက်စောစောအိပ်ယာထတယ်။ မနေ့ကနဲ့ ညမှာ အချိန်ယူပြီး နားလိုက်တယ်။ ယနေ့ တော်တော်လေး လန်းဆန်းလာပါတယ်။ ဒါပေမယ့် ဘယ်ကိုမှ မထွက်ရဲသေးပါ။ နံနက်စောစော ပရိတ်၊ ပဌာန်းရွတ်နေစဉ် သတင်းထောက် ဗိုလ်ကာ ရောက်လာတယ်။ သူ သတင်းထောက် သီဟဘုန်းမိုရ် နဲ့ သတင်းထောက်(၄)ဦးတို့ကို မကွေးတိုင်းဒေသကြီး အခြေခံဗွီဒီယိုအဖွဲ့မှ တစ်နေ့က သတင်းယူပွဲတက်ခဲ့ကြောင်း၊ သူတို့ကို ဧည့်ခံကျွေးမွေးလိုက်လို့ သတင်းထောက်တစ်ဦး ဘီယာမူးပြီး ထမ်းထုတ်ရကြောင်း ပုံကြီးချဲ့၍ ပြောဆိုသွားတယ်။ အထက်မင်းလှမြို့နယ်အတွင်းမှ ရွာတစ်ရွာမှာ ရေနံမှော်အောင်မြင်နေကြောင်း၊ ကုမ္ပဏီ (၂)ခုမှ သက်ဆိုင်ရာခွင့်ပြုချက်နဲ့ အဲဒီမြေယာတွေကို သိမ်းယူလိုက်ကြောင်း၊ ကုမ္ပဏီတွေ ရေနံတူးလိုက်တော့ တော်တော်ကို အောင်မြင်နေကြောင်း၊ ဒါပေမယ့် မြေယာတွေ အသိမ်းခံရတဲ့ ရွာခံတောင်သူများက မကြေမနပ်ဖြစ်နေကြကြောင်း၊ သက်ဆိုင်ရာကို တောင်းဆိုနေတဲ့ သတင်းဖြစ်နေကြောင်းများကို ပြောဆိုပါတယ်။ သူတို့ The Voice ဂျာနယ်တိုက်သို့ သတင်းယူရန်ခေါ်လိုက်တာ ယနေ့ သူ့ဆီကိုရောက်လာတယ်။ သတင်းထောက် ကောင်မလေးတွေ အဲဒီ မင်းလှ ရေနံမှော်ဘက်သို့ သတင်းယူသွား နေကြပြီဖြစ်ကြောင်းတို့ကို သတင်းဖောက်သည်ချပြီး လာပြောနေပါတယ်။ ။
 

`မီးတို့မင်္ဂလာစုံတွဲက ယူကြမည် အများပြည်သူတွေက မီးမလာလို့ ပူနေကြသည်။´

ကိုယ့်အကြောင်း သူများအကြောင်း နှင့် ပတ်ဝန်းကျင်မှ အကြား အမြင်များ အမှတ်(၁၂၅-၅-၂၀၁၂)၂၅-၅-၂၀၁၂`မီးတို့မင်္ဂလာစုံတွဲက ယူကြမည် အများပြည်သူတွေက မီးမလာလို့ ပူနေကြသည်။´ ယနေ့ နံနက်(၅)နာရီမှ လျှပ်စစ်မီးကလာတယ်။ ညက တစ်ညလုံးမီးပျက်နေတယ်။ ဒါကြောင့် အိပ်ယာထတာ နောက်ကျတယ်။ ရာသီဥတုကလည်း တော်တော်ပူတယ်။ နေ့ ရော ညပါ ယပ်ခပ်နေရတယ်။ လျှပ်စစ်မီးကလည်း သူများမြို့ကြီးတွေမှာ ဆန္ဒပြနေကြလို့ အဲဒီကိုများ ပို့ပေးနေရတယ်ထင်ပါတယ်။ ငိုတတ်တဲ့ ကလေး နို့စို့ရတယ်လို့ ကြာဘူးတယ်။ ဆန္ဒပြကြတဲ့ မြို့တွေမှာ မီးစက်တွေ အများကြီး ရောက်လာကြောင်း အင်တာနက် သတင်းမှာ မြင်ရတယ်။ မကွေးမြို့မှာ ညက လျှပ်စစ်ရုံးရှေ့မှာ ဆန္ဒပြကြမယ်လို့ ကောလဟာလသတင်းရတယ်။ သတင်းယူဖို့ အဆင့်သင့် ပြင်ထားပါတယ်။ မဖြစ်တော့ဘူးလျှပ်စစ်မီးကိစ္စ သေချာသိရအောင် မြို့နယ်မန်နေဂျာဆီကို ယနေ့ ရသွားမေးပြီး သတင်းတင်ရမည်။ မင်္ဂလာဆောင် အပြန်မှာ မကွေးမြို့နယ် လျှပ်စစ်မန်နေဂျာထံသို့ သွားဖြစ်ခဲ့ပါသည်။ နံနက်(၉)နာရီကျော်မှာ ကိုနေခြည် ရောက်လာတယ်။ တိုင်းပြန်ဆက် တိုင်းမှူး ဦးဝင်းခင်ရဲ့ တစ်ဦးတည်းသော သမီးလေး မင်္ဂလာဆောင်သို့ သွားကြမည်။ ပြည်တော်သာ ဘုန်းတော်ကြီးကျောင်းမှာ မင်္ဂလာဆွမ်းကပ်လှူ၍ ပရိတ်သတ်ကို ခေါက်ဆွဲဖြင့် ဧည့်ခံကျွေးမွေးကြတယ်။ မင်္ဂလာ မောင်နှံကို မှတ်တမ်းတင်ဓာတ်ပုံများ စိတ်ကြိုက်ရိုက်ပေးတယ်။ ကောင်းကင် အင်တာနက်ကိုလည်း ယနေ့ညတင်ထားပေးမယ်လို့ ပြောထားမိပါတယ်။ ယနေ့ည (၁၁)နာရီမှ မီးက ပြန်လာတယ်။ မနက်ဖြန် နံနက်(၅)နာရီမှာ ပြန်ပြီး မီးပြတ်မယ်လို့ သိရပါတယ်။ ဒါကြောင့် ယနေ့ည အိပ်ရေးပျက်ခံပြီး တင်ပေးလိုက်ရပါတယ်။ မိုးကလည်း မရွာပါ။ မိုးနဲ့ နသိုးအစိုးမရဘူးလို့ ပြောဆိုကြတယ်။ ဒါကြောင့် လျှပ်စစ်မီးကလည်း လာချင်လာမယ် မလာချင်မလာဘူးပေါ့။ လူကြီးတွေအိမ်နဲ့ လမ်းမီးလိုင်းကို ချိတ်ထားကြသူများကတော့ ညစဉ် နေ့စဉ် အိုကေနေကြမယ်ထင်ပါတယ်။ အများပြည်သူတွေမှာတော့ မီးမလာ၊ ရေမရနဲ့ ပူစပ် ပူလောင် ဒုက္ခရောက်နေကြတယ်။ မိုးလေ၀သ ဦးထွန်းလွင်ပြောသလို ရွာရန် ရာခိုင်နှုန်း(၅၀) ဆိုတာလည်း ရွာချင်ရွာမယ် မရွာချင် မရွာဘူးလို့ ဆိုတာပါ။ အဲဒါကို မှားနေတော့ မြန်မာပြည်မှ မိုးလေ၀သကို လူတွေက အထင်သေးကြတယ်လို့ ဒေါက်တာထွန်းလွင် က မကွေးစာပေဟောပြောပွဲမှာ ပြောဆိုသွားပါတယ်။ မိုးနဲ့ နသိုးအစိုးမရပေမယ့်လို့ ယနေ့မင်္ဂလာဆောင်ကြတဲ့ ဇနီးမောင်နှံ နှစ်ဦးကတော့ (တည်မိတဲ့ ဘုရား လင်တနားနား မပြင်ကောင်းဘူး) ဆိုသလို ဇနီးမောင်နှံ ရာသက်ပန် ရိုးမြေကျ ပေါင်းသင်းဆက်ဆံ နိုင်ကြပါစေသော် လို့ ဆုမွန်ကောင်း တောင်းပေးလိုက်ရပါတယ် ခင်ဗျာ..။
 

` ရုပ်ရှင်၊ဗွီဒီယိုသရုပ်ဆောင် မင်းသားမြတ်သူအောင် နှင့် မင်သမီး ချောရတနာ တို့လာဖွင့်ပေးသော မကွေးမြို့မှ ဆန်းသစ်ထူးခြားတဲ့ အလှပြင်ဆိုင်´

` ရုပ်ရှင်၊ဗွီဒီယိုသရုပ်ဆောင် မင်းသားမြတ်သူအောင် နှင့် မင်သမီး ချောရတနာ တို့လာဖွင့်ပေးသော မကွေးမြို့မှ ဆန်းသစ်ထူးခြားတဲ့ အလှပြင်ဆိုင်´ ၂၄-၅-၂၀၁၂ နေ့ နံနက်(၁၁)နာရီတွင် မကွေးမြို့၊ကန်သာ(ဘီ)ရပ်ကွက်၊ အထက(၁)လမ်း၊ အမှတ် ဘီ/၂ မှာ SIZZER (ဆီဇာ) အမည်ရှိ Sizzer Hair Studio & Spa အမျိုးသား အမျိုးသမီး များအတွက် အလှပြင်ဆိုင်မှာ ရုပ်ရှင်၊ဗွီဒီယိုသရုပ်ဆောင် မင်းသားမြတ်သူအောင် နှင့် မင်းသမီး ချောရတနာတို့မှ လာရောက်ဖွင့်ပေးကြောင်း သတင်းရရှိခဲ့ပါသည်။ ၎င်း ဆိုင်ဖွင့်ပွဲအား နံနက်(၉)နာရီမှာ ဖွင့်လှစ်ရန်ဖိတ်ကြားထားသော်လည်း ရန်ကုန်မြို့မှ လာရောက်ဖွင့်လှစ်ပေးကြမည့် မင်းသား နှင့် မင်းသမီးတို့၏ ကားသည် လမ်းခရီး၌ မိုးသည်းထန်စွာရွာသွန်း၍ ချောင်းကျနေခြင်းအတွက် နောက်ကျပြီး နံနက်(၁၁)နာရီကျော်မှ ဖွင့်လှစ်ခဲ့ရကြောင်း သိရသည်။ လမ်းမပေါ်တွင် လူများဝိုင်းအုံ၍ စောင့်မျှော်ကြည့်ရှုနေကြကြောင်း မြင်တွေ့ရသည်။ `မကွေးမြို့မှာ အလှပြင်ဆိုင်တွေ အကြီး အသေး အများကြီးရှိပေမယ့် ဒီလိုမျိုး ရုပ်ရှင် ဗွီဒီယို မင်းသား မင်းသမီများ ကိုယ်တိုင်လာရောက် အလှပြင်လို့ ဖဲကြိုးဖြတ်ပြီး ဖွင့်လှစ်ပေးခဲ့တာ တစ်ခါမှ မရှိဘူး၊ မမြင်ဘူး၊ မကြားဘူးခဲ့ပါဘူးကွယ်´ ဟု လာရောက်ကြည့်ရှုသော ကန်သာရပ်ကွက်မှ အသက်(၅၀)ခန့်ရှိ ဒေါ်သန်းခင် ဆိုသူအမျိုးသမီးကြီးက ဆိုပါ၏။ `` ကျုပ်တို့ မကွေးမြို့မှာ ဒီလို အဆင့်မီအလှပြင်ဆိုင်မျိုး သန့်သန့်လေးနဲ့ လုပ်ကိုင်ပြီး ဖွင့်ပေးရင်တော့ ကောင်းပါတယ်။ ဒီမှာက တက္ကသိုလ်ကျောင်းတွေက(၅) ခု၊ ကောလိပ်ကျောင်းက(၁) ကျောင်း နဲ့ အထက်တန်းကျောင်းက(၃)ကျောင်း၊ ကျောင်းသားမြို့တော်ကြီးမှာ လှချင် ပချင်တဲ့ လူငယ်တွေက ဒုနဲ့ ဒေး အများကြီးရှိပါတယ်ဗျာ..။ ဒါပေမယ့် ရန်ကုန်၊ မန္တလေး၊ နေပြည်တော် မြို့ကြီးတွေမှာလို အလှပြင်ဆိုင်ကိုဘမ်းပြပြီး မာဆပ်တွေ ဘာတွေလုပ်လာမှာကိုတော့ ကြောက်ရပါတယ်ဗျာ..။ ယခုကိုပဲ အလှပြင်ဆိုင်ကြီးတစ်ဆိုင်မှာ ခန္ဓာကိုယ်ပေါင်းတင်၊ ချေးချွတ်၊ အဆီချချင်ရင် အပေါ်ထပ်သို့ကြွပါ ငွေကျပ်တစ်သိန်းတဲ့ဗျ.. ´´ဟု အသက်(၄၅)နှစ်ခန့်ရှိ ဆိုက်ကားဆရာတစ်ဦးမှ ပြောဆိုနေသံ ကြားခဲ့၍ သတင်းရယူခဲ့ပါသည်။ ၀ိုင်းကြည်အောင်
 

၂၄-၅-၂၀၁၂ `မကွေးမြို့ ဆီဇာ အလှပြင်ဆိုင်မှာ မင်းသမီး ချောရတနာ လာ´

ကိုယ့်အကြောင်း သူများအကြောင်း နှင့် ပတ်ဝန်းကျင်မှ အကြား အမြင်များ အမှတ်(၁၂၄-၅-၂၀၁၂) ၂၄-၅-၂၀၁၂ `မကွေးမြို့ ဆီဇာ အလှပြင်ဆိုင်မှာ မင်းသမီး ချောရတနာ လာ´ ယနေ့အိပ်ယာထနောက်ကျတယ်။ ပရိတ် ပဌာန်းများ ဈေးဆိုင်ဖွင့်ပြီးရွတ်ဖတ်ရပါတယ်။ မိုးလင်းတာနဲ့ လျှပ်စစ်မီးက ပြတ်သွားတယ်။ ဒီမှာသာ နေပူပြီး ရာသီဥတုက နေပူပြီး မိုးမရွာတာ ညက နေပြည်တော်ဘက်မှာ မိုးသည်းထန်စွာရွာတယ်လို့ သိရတယ်။ ဘာကြောင့်လည်း ဆိုတော့ နံနက်(၃)နာရီမှ စပြီး ရန်ကုန်မှ လာတဲ့ မှတ်လုံကားတွေဝင်ရမှာ နေမြင့်မှ ရောက်လာကြတယ်။ လမ်းမှာ ချောင်းတွေကျလို့ စောင့်နေကြရတယ်ပြောပါတယ်။ ဒါကြောင့် ဒီနေ့ဂျာနယ်တွေကလည်း နံနက်(၁၀)နာရီမှ ရောက်လာပါတယ်။ နံနက်ပိုင်း ခေါင်းမကောင်းလို့ ချွေးထွက်များနေတယ်။ ဒါကြောင့် ဆံပင်ကို တိုတိုလေး ညှပ်လိုက်ရတယ်။ နံနက်ပိုင်း ကိုနေခြည် ဖိတ်စာကိုင်ပြီး ရောက်လာတယ်။ နံနက်(၉)နာရီမှာ အထက(၁)လမ်း ကန်သာရပ်ကွက်ထဲမှ ဆီဇာ အလှပြင်ဆိုင်ဖွင့်ပွဲက ဖိတ်ထားတယ် သိရတယ်။ ကာတွန်းဆရာ အေကေ ကိုယ်တိုင်ညက လာဖိတ်သွားတယ်လို့ သိရပါတယ်။ ကိုနေခြည် ဆိုင်ကယ်နဲ့ လိုက်သွားတယ်။ ထူးထူးခြားခြား ဒီအလှပြင်ဆိုင်က ရုပ်ရှင် ဗွီဒီယို သရုပ်ဆောင် မင်းသား မြတ်သူအောင် နဲ့ မင်းသမီး ချောရတနာ တို့လာပြီး အလှပြုပြင်မယ်။ ပြီးရင် ဖဲကြိုးဖြတ်၍ ဖွင့်ပေးကြမယ်လို့ သိရပါတယ်။ ကျွန်တော်တို့ အရင် ရောက်နေသူများကတော့ ကာတွန်းဆရာ အေကေ၊ သတင်းထောက် အောင်သူငြိမ်း(မကွေး)၊ ပန်းချီဆရာ မြင့်ဇော်ဦး တို့ကို တွေ့မြင်ရတယ်။ သူတို့ဝိုင်းမှာ ထိုင်ရတယ်။ ကြက်သား ဆီထမင်းနဲ့ ဧည့်ခံကျွေးမွေးပါတယ်။ ကာတွန်းဆရာ အေကေမှ ဆိုင်ပိုင်ရှင်နဲ့ မိတ်ဆက်ပေးပါတယ်။ ပန်းချီဆရာ မြင့်ဇော်ဦနဲ့ ကိုနေခြည်တို့ တိုးတိုးနဲ့ ကိစ္စတစ်ခုကို ပြောဆိုသံကြားရတယ်။ ကျွန်တော်မသိစေချင်လို့ဆိုတော့ မမေးဖြစ်ပါ။ နောက်တော့ ပန်းချီဆရာမြင့်ဇော်ဦးတို့ အဖွဲ့က မကွေးတိုင်းဒေသကြီး အစိုးရထံကို စာကြည့်တိုက်ဖွင့်ဖို့ မြေနေရာ တောင်းဆိုကြောင်းစုံစမ်းသိရှိရပါတယ်။ ယနေ့ တိုင်းပြန်ဆက် တိုင်းမှူး ဦးဝင်းခင်ထံ ခေါ်လို့ သွားခဲ့ရကြောင်း၊ မြေနေရာကို မြေစာရင်းဌာနမှ စာရေးတစ်ဦးက မြေလွတ်မြေနေရာရှိကြောင်း ပြောဆိုလို့ မကွေးတိုင်းဒေသကြီး အစိုးရထံသို့ လျှောက်လွှာတင်ထားကြောင်း၊ ယင်းကိစ္စအား အစိုးရအဖွဲ့က တိုင်းပြန်ဆက် ဦးစီးမှူးအား မေးမြန်းပြီး ပြန်လည်တင်ပြခိုင်းကြောင်းသိရပါတယ်။ အလှူရှင်တွေက မည်သူတွေလဲ။ အလှူငွေက ဘယ်လောက်ရှိသလဲ ဘယ်လိုအဖွဲ့အစည်းက ဦးဆောင်လုပ်ကိုင်ဆောင်ရွက်ကြမည်လဲ စတဲ့ အချက်များကို မေးမြန်းကြောင်းသိရတယ်။ ဒီဘက်မှ မဖြေဆိုနိုင်ကြောင်းသိရတယ်။ မကွေးမြို့အတွက် ကောင်းသော စာကြည့်တိုက် ဖြစ်မြောက်ရေး ကိစ္စလုပ်ကိုင်မည် ဖြစ်လို့ အောင်မြင်ကြပါစေ။ ဒါပေမယ့် မကွေးမြို့နယ်စာရေးဆရာများအသင်းက သူတို့ရှိတ်စာပေ၀ိုင်းမှာ နာယက ဖြစ်တဲ့ မကွေးဝင်းမြင့် ဆရာကြီးကိုတော့ အသိပေးပြောကြားသင့်တာပေါ့။ စာရေးဆရာ မကွေးဝင်းမြင့် ကလောင်ဝိတ်က နည်းတာမှ မဟုတ်ဘဲ။ သူတို့လျှောက်လွှာကို မကွေးဝင်းမြင့်လက်မှတ်ထိုးရင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ပေးမည်ထင်ပါတယ်။ ဒါပေမယ့် သူတို့က ကိုယ့်အားကိုသာ အားကိုးချင်ကြတယ်ထင်ပါ တယ်။ စာကြည့်တိုက်ကြီး ပေါ်ထွန်းလာနိုင်ပါစေ။
 

၂၃-၅-၂၀၁၂ `အပူရှိန် ပြန်လည်ပြင်းလာတယ်၊ လျှပ်စစ်မီးကလည်း ပြတ်နေတယ်´

ကိုယ့်အကြောင်း သူများအကြောင်း နှင့် ပတ်ဝန်းကျင်မှ အကြား အမြင်များ အမှတ်(၁၂၃-၅-၂၀၁၂) ၂၃-၅-၂၀၁၂ `အပူရှိန် ပြန်လည်ပြင်းလာတယ်၊ လျှပ်စစ်မီးကလည်း ပြတ်နေတယ်´ နံနက်စောစောအိပ်ယာထတယ်။ ဈေးဆိုင်ဖွင့်တယ်။ မနေ့က မိုးနည်းနည်းရွာသွားတယ်။ ရာသီဥတုက ပူစပ်ပူလောင်ဖြစ် နေပါတယ်။ နေကလည်း တော်တော်ပူလာတယ်။ (၃)ရက်လောက် မိုးအုံ့နေပြီး ယနေ့ နေပြန်ထွက်နေပါတယ်။ တစ်နေကုန် နေသာနေတယ်။ ဒါကြောင့် အပူရှိန်တွေ များနေတယ်ထင်ပါတယ်။ မနေ့က သတင်းယူထားတဲ့ ကိုယ်တွင်းကြည့် ကိရိယာစက်ကြီး သတင်းများကို အသံဖိုင်တွေပြန်လည် နားထောင်ရပါတယ်။ လိုချင်တဲ့ အချက်အလက်များကိုသာ ယူပြီး သတင်းတစ်ပုဒ်ရေးတယ်။ သတင်းဓာတ်ပုံတွေ ရွေးချယ်ရပါတယ်။ အားလုံးကို ဖိုင်ဆိုက်များ ချံ့ပြီး မြန်မာပို့စ်ဂျာနယ်တိုက်သို့ အီးမေးလ်ပို့လိုက်ပါတယ်။ ယနေ့ထွက်တဲ့ ဂျာနယ်တွေကို ဖတ်ပါတယ်။ အီးမေးလ်လည်း ပို့ပြီး နေကပူ လျှပ်စစ်မီး ကပြတ်သွားတယ်။ မကွေးလျှပ်စစ်ရုံးက မြို့နယ်မန်နေဂျာထံ အင်တာဗျူးချင်လာတယ်။ ဒါပေမယ့် မသွားဖြစ်ပါ။ သူတို့လည်း ခေါင်းမီးတောက်နေကြမယ်ထင်မိပါတယ်။ လျှပ်စစ်မီးကလည်း အနယ်နယ်မြို့များမှာ ဆန္ဒပြနေကြတော့ လျှပ်စစ်မီးသတင်း ကို လူထုတွေမှ စိတ်ဝင်စားကြမယ်။ မကွေးမြို့ကိုဘယ်လို မီးအလှည့်ကျ ပေးတယ်ဆိုတာကို သိချင်နေတယ်။ သူတို့ရုံးမှာ ကြော်ငြာစာ ကပ်ထားမယ်တော့ ထင်ပါတယ်။ `ကိုယ်တွင်းကြည့် ကိရိယာစက်ကြီးဖြင့် ( Laparoscopic Surgery Instrument Set) မကွေးတိုင်းဒေသကြီး ဆေးရုံမှာ ခွဲစိတ်ကုသနိုင်ပြီ´ အိုလံပတ်(Olympus) ပစ္စည်းတံဆိပ်၊ ( Laparoscopic Surgery Instrument Set) ကိုယ်တွင်းကြည့် ကိရိယာစက်ကြီး (ဂျပန်၊ ဂျာမဏီနိုင်ငံ ဖက်စပ်)မှ ထုတ်လုပ်ပြီး အမေရိကန်ဒေါ်လာ(၁၁၉၃၈၆) တစ်သိန်းတစ်သောင်းကိုးထောင်သုံးရာ ရှစ်ဆယ့်ခြောက် ဒေါ်လာ၊ မြန်မာငွေကျပ်သိန်းပေါင်း(၁၁၀၀) တစ်ထောင်တစ်ရာကျော်ခန့်တန်ဘိုးဖြင့် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ၀ယ်ယူ၍ လှူဒါန်းကြောင်း သိရသည်။ ၂၀၁၂ ခု မေလ(၂၂)ရက်နေ့ နံနက်(၉း၃၀)နာရီတွင် မကွေးတိုင်း ဒေသကြီး မကွေးမြို့ပြည်သူ့ဆေးရုံကြီးမှာ ဖွင့်လှစ်ကြောင်းသိရ၏။ ၎င်း ဖွင့်ပွဲတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ် သီရိပျံချီ ဦးဘုန်းမော်ရွှေနှင့် အစိုးရအဖွဲ့ဝန်ကြီးများ၊ တိုင်းဒေသကြီး ဌာနမှ အကြီးအကဲများ၊ မြို့မိ မြိုဖ လုပ်ငန်းရှင်အလှူရှင်များ နှင့် သတင်းမီဒီယာများ တက်ရောက်ကြသည်။ မကွေးတိုင်းဒေသကြီး မကွေးမြို့ပြည်သူ့ဆေးရုံကြီး မှာ ဤ ကိုယ်တွင်းကြည့် ကိရိယာစက်ကြီး ဖြင့် ပထမဆုံးကုသခံသော လူနာမှာ ကိုရန်နောင်စိုး အသက်(၂၅)နှစ်၊ မင်းဘူး(စကု)မြို့နယ် ပဒါန်းမြို့ နှင့် ဒုတိယကုသခံယူသူ ကိုစောမင်းထွေး အသက်(၂၇) နှစ် တောင်တွင်းကြီးမြို့နယ် ရှမ်းကိုင်းကျေးရွာမှ ဖြစ်ကြောင်းသိရသည်။ သဲခြေအိပ်ထဲမှ ကျောက်တည် နေခြင်းအား ဗိုက်ကို မခွဲဘဲ အပေါက် တစ်ပေါက်တည်းသာ ဖောက်၍ ယခုစက်ဖြင့်ချိတ်ဆက်ပြီး တီဗွီ မှန်ပြင်ကိုသာကြည့်ရှု၍ ထုတ်ယူလာခြင်း ဖြစ်ကြောင်း၊ ဤစက်ကြီးကို အများပြည်သူများအတွက် စရိတ်မျှပေးကျန်းမာရေး အစီအစဉ်အရ အသုံးပြုကောက်ခံသွားမည်၊ အခြား ဆေးရုံကြီးများမှာ ကိုယ်တွင်းကြည့် ကိရိယာစက်ကြီး စက်အသုံးပြုခ (၇၀၀၀၀ိ) ခုနှစ်သောင်းပေးရသော်လည်း မကွေးတိုင်းဒေသကြီးဆေးရုံမှာ (၅၀၀၀၀ိ) ငါသောင်းကျပ်သာ ကောက်ခံယူမှာ ဖြစ်ကြောင်း၊ လုံးဝငွေကြေးမတတ်နိုင်သူ လူနာများအတွက်ကို စရိတ်မျှပေးကျန်းမာရေး အလှူငွေစာရင်းမှ (အခမဲ့) ကျခံကုသ ပေးသွားမည်ဖြစ်ပါကြောင်း မကွေးတိုင်းဒေသကြီး ဆေးရုံအုပ်ကြီး ဒေါက်တာဦးဌေးအောင် မှ ပြောကြား၍ သိရသည်။ ယင်း စက်ကြီးအား ခွဲစိပ်ခမ်းတွင် လက်တွေ့ကိုင်တွယ်အသုံးပြုနေသော ခွဲစိပ်အထူးကုဆရာဝန်ကြီး ပါမောက္ခဌာနမှူး ဒေါက်တာအေးမွန် အား တွေ့မြင် ခဲ့ရ၍ သတင်းဓာတ်ပုံရိုက်ပြီး မှတ်တမ်းတင် မေးမြန်းခဲ့ပါသည်။ `` ဗိုက်ကို မခွဲစိတ်ဘဲ အပေါက်တစ်ပေါက်တည်းသာ ဖောက်ပြီး ဒီပိုက်နဲ့ဆက်ပါတယ်။ ဗိုက်ဖောင်းလာတော့မှ ဒီကင်မရာကရိုက်ထားတာကို တီဗွီ စကရင်ဖန်သားပြင်ကို ကြည့်ပြီးသာ အသုံးပြုပါတယ်။ လူနာကိုကြည့်ပြီး ငုံ့ကြည့်လုပ်နေ တာမဟုတ်ပါဘူး။ ဒီစက်နဲ့ တွဲပြီး အသုံးပြုတဲ့ ပစ္စည်းအသုံးအဆောင်လေးတွေကို လိုအပ်တဲ့အတိုင်းယူသုံးရပါတယ်။ အပေါက်တစ်ပေါက်တည်းသာ ဖောက်ရတော့ (၄/၅)ရက်နဲ့ ကုသပြီး အနာလည်း မြန်မြန်ပျောက်ကင်းသွားပါတယ်။ အလုပ်အကိုင်မပျက်တာပေါ့၊ ဒီစက်ကြီးနဲ့ အူအတက်ပေါက်တာ၊ သဲခြေအိပ်ထုတ်တာ၊ အူကျ ဘောကျ ရောဂါတွေနဲ့ အခြား ဒါက ဂျင်နရယ်ဆာဂျီကယ်တွေသုံးတာပါ။ တစ်ခြား အိုဂျီဌာနဘက်ကလည်း သုံးစွဲလို့ရနိုင်ပါတယ်။ ဆီးအကြိပ် တည်တာတွေကိုလည်း သုံးလို့ရနိုင်ပါတယ်။ ဒီလို ကိုယ်တွင်းကြည့် ကိရိယာစက်ကြီးများဟာ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်မှာသာ အရင်က ရှိပါတယ်။ ယခု ကျွန်တော်တို့ မကွေးတိုင်းဒေသကြီး ဆေးရုံကိုရောက်လာတာ စတုထ္ထမြောက် စက်ကြီးဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ဆေးတက္ကသိုလ်ကျောင်း(၄)လုံးမှာ ရှိသွားတော့ ဆေးကျောင်းသား ကျောင်သူများ အတွက် အသုံးပြုသင်ကြားသွားနိုင်တာပေါ့၊ အများပြည်သူလူထု အတွက်လည်း ယခင်လို အခြားမှာ သွားပြီးကုစရာ မလိုတော့ပေါ့။ အများပြည်သူအတွက် အများကြီးအကျိုးပြုပေးနိုင်တော့မှာ ဖြစ်ပါတယ်´´ ဟု မကွေးဆေးတက္ကသိုလ် ၊ ခွဲစိပ်အထူးကုဆရာဝန်ကြီး ပါမောက္ခဌာနမှူး ဒေါက်တာအေးမွန် မှ မြန်မာပို့စ် ဂျာနယ်ကိုပြောဆိုပါသည်။
 

၂၂-၅-၂၀၁၂ `မကွေးတိုင်းဒေသကြီးဆေးရုံမှာ ကိုယ်တွင်းကြည့်ကရိယာဖြင့် ခွဲစိတ်ကုသလို့ရပြီ´

ကိုယ့်အကြောင်း သူများအကြောင်း နှင့် ပတ်ဝန်းကျင်မှ အကြား အမြင်များ အမှတ်(၁၂၂-၅-၂၀၁၂) ၂၂-၅-၂၀၁၂ `မကွေးတိုင်းဒေသကြီးဆေးရုံမှာ ကိုယ်တွင်းကြည့်ကရိယာဖြင့် ခွဲစိတ်ကုသလို့ရပြီ´ ဒီနေ့ မြန်မာပို့စ် ဂျာနယ် တစ်ရက်စောပြီးထွက်တဲ့နေ့ပါ။ ဂျာနယ်မလာမီ အင်တာနက်လိုင်းကနေ နေ့စဉ် မှတ်တမ်းများ ကို ဘလော့တင်တယ်။ နံနက်ပိုင်းသာ အင်တာနက်က ဘလော့တင်လို့ကောင်းပါတယ်။ မြန်မာပို့စ်ဂျာနယ်မှာ မကွေးမြို့မှ ဗုဒ္ဓမြတ်စွယ်တော်ပွား(၂)ဆူ သတင်း နဲ့ အညာဒေသ မိုးဦးကျစော သတင်းများပါတယ်။ သတင်းထောက် စောလှနွယ်(ခ) ဗိုလ်ကာရောက်လာတယ်။ မကွေးတိုင်းဒေသကြီး အစိုးရအတွင်းရေးမှူးက ဖိတ်လို့ တိုင်းဒေသကြီး ဆေးရုံသို့ခေါ်ပါတယ်။ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ်နဲ့ ၀န်ကြီးများ၊ တိုင်းဒေသကြီးဌာနဆိုင်ရာ အကြီးအကဲများတက်ရောက်ကြ တယ်။ နံနက်(၉)နာရီခွဲလောက်မှ အခမ်းအနားကစတင်ပါတယ်။ အဲဒီမှာ နံနက်ပိုင်း သတင်းယူလိုက်ပါတယ်။ နေ့လည်ပိုင်းမှာ မိုးအနည်းငယ်ရွာလာတယ်။ မြို့ထဲမှာတော့ မိုးကသိပ်မရွာပါ။ အခြားနေရာများမှာတော့ မသိရသေးပါ။ မိုးတိပ်လို့ မကွေးပညာရေးကောလိပ်သို့ သွားတယ်။ ဆရာမဒေါ်ခင်ရွှေနဲ့ တွေ့တယ်။ ကိုလင်းဌေး အတွက် ဘွဲ့လက်မှတ် ဓာတ်ပုံပေးသွားတာပါ။ ဓာတ်ပုံဆိုဒ်က အကြီး(၁.၅X၂) လက်မပေးရမှာပါ။ လိုင်စင်ပုံအသေးဖြစ်နေတော့ ပြန်လာခဲ့ရပါတယ်။ အပြန်မှာ ကာတွန်းဆရာ အေကေ ထံဝင်တယ်။ သတင်းစာဆရာအသင်းလျှောက်လွှာပုံစံဖြည့်ပြီးသားကို ပြန်ယူခဲ့တယ်။ မနေ့ကလည်း သတင်းထောက် မကွေးဝင်းမောင် ကလျှောက်လွှာပုံစံစုံ လာပေးထားတယ်။ သူတို့ နှစ်ဦးရဲ့ လျှောက်လွှာ များကို အီးမေးလ် ယနေ့ပို့ပေးလိုက်ပါတယ်။ အင်တာနက်သတင်းများ ဖတ်တယ်။ မနေ့က မန္တလေးမြို့မှ လျှပ်စစ်မီးမလာလို့ ဆန္ဒပြသူ(၅၀) ကျော်လောက်ကို သက်ဆိုင်ရာမှ ခေါ်ယူစစ်ဆေးနေကြောင်း ဖတ်လိုက်ရပါတယ်။ ယနေ့နံနက်ပိုင်းက ထူးခြားစွာ ချောက်မြို့မှ သူငယ်ချင်းကိုစိုးဝင်းဆီက ဖုန်းဆက်ပါတယ်။ သူဖုန်းကြောင့် စိတ်မကောင်းဖြစ်လိုက်ရပါတယ်။ ချောက်မြို့နယ် ပြန်ဆက် မြို့နယ်မှူး ဦးသန့်ရှင်းမောင် (၂၀-၅-၂၀၁၂) တနင်္ဂနွေနေ့က ကွယ်လွန်သွားကြောင်း၊ (၂၁-၅-၂၀၁၂) နေ့မှာ ကိစ္စပြီး မြေချလိုက်ကြောင်းသိလိုက်ရတယ်။ ဒီသတင်းကို မယုံကြည်သေးပါ။ ချောက်က သူငယ်ချင်း ကိုစိုးဝင်းက နောက်တတ်တယ်လေ။ ဒါကြောင့် အတည်မပြုနိုင်သေးပါ။ သတင်းယူပြီး ပြန်လာတော့ တိုင်းပြန်ဆက် တိုင်းမှူး ဦးဝင်းခင်ရောက်လာတယ်။ စွဲမက်လက်ဖက်ရည်ဆိုင်မှာ ဧည့်ခံရင်း ဦးသန့်ရှင်းမောင် သတင်းကို မေးပါတယ်။ ဟုတ်မှန်ကြောင်း အတည်ပြုလိုက်ရပါတယ်။ များစွာစိတ်မကောင်းဖြစ်ရပါတယ်။ ယခု လာမယ့် စနေနေ့မှာ ရက်လည်ဆွမ်းသွပ်မည် သိရပါတယ်။ ခင်မင်ရသော မိတ်ဆွေကြီးဖြစ်တော့ ချောက်မြို့သို့ သူ့ဆွမ်းသွပ်မှာ သွားဖြစ်အောင် သွားရပါမည်။ သြော် သူနဲ့က (၁၈-၅-၂၀၁၂) နေ့မှာ တယ်လီဖုန်းပြောဖြစ်ပါတယ်။ သူ သက်ပြည့်ပင်စင်နီးနေပြီ ချောက်မြို့မှာဘဲ လက်ရှိရာထူးနဲ့ နေမယ်။ ချောက်ကနေဘဲ ပင်စင်ယူပြီး သူ့ဇာတိ ညောင်ဦးမြို့ကို ပြန်မယ်လို့ သူပြောသွားတယ်လေ။ ယခုတော့ ချောက်မြို့မှာ ပျော်နေသူကြီး ချောက်မြို့မှာ ခေါင်းချသွားရလေပြီ..။ ကောင်းရာ သုဂတိ ဘုံဘ၀သို့ ရောက်ပါစေ ဦးသန့်ရှင်းမောင်ရေ…။ ခင်ဗျားကို သတိရတိုင်း ဦးသန့်ရှင်းမောင် နဲ့ အတူသွားခဲ့ကြတဲ့ (ကူဖြူရွာမှာ သာသောလ) စာပေဟောပြောပွဲ ခွေလေးကို ပြန်ဖွင့်ကြည့်နေပါမည် ဆရာဦးသန့်ရှင်းမောင်ရေ..။ ကျွန်တော်စိတ် မကောင်းဘူးဗျာ..၊ စာရေးနေရင်းက မျက်ရေတွေဝိုင်းလာပါတယ်ဗျာ…။ ညနေပိုင်း ဆရာကြီး မကွေးဝင်းမြင့်မလာပါ။ ကိုနေခြည်ရောက်လာတယ်။ ပန်းချီဆရာ ကိုမြင့်ဇော်ဦးတို့က အင်တာနက်မှာ ကျွန်တော့်ရဲ့ ဘလော့ဝက်ဆိုဒ်မှ နေ့စဉ် မှတ်တမ်းများကို ဖတ်ရကြောင်း ကျွန်တော့်မိသားစု အတွင်းရေး စီးပွားရေးကိစ္စများကို ဖွင့်ချထားတာ ဖတ်ရကြောင်း ကိုနေခြည်မှ တဆင့်ပြောပြတယ်။ ၁၂-၁၂- ၂၀၁၁ နေ့ကနေ့စတင် ရေးသားထားတဲ့ နေ့စဉ်မှတ်တမ်းများကို ဘလော့မှာတင်နေပါကြောင်း အသိပေးပြောကြားလိုက်ပါတယ်။ ကိုနေခြည်ထံ တိုင်းပြန်ဆက် တိုင်းမှူးဦးဝင်းခင်၏ တစ်ဦးတည်းသော သမီးမင်္ဂလာဆွမ်းကပ် ဖိတ်စာပေးပါတယ်။ နောက်ပြီး အ မင်္ဂလာသတင်း ချောက်မြို့နယ် ပြန်ဆက် မြို့နယ်မှူး ဦးသန့်ရှင်းမောင် ကွယ်လွန်သွားတဲ့ သတင်းကို ပြောလိုက်ပါတယ်။ ကိုနေခြည်လည်း စိတ်မကောင်းဖြစ်သွားတယ် ထင်ပါတယ်။ သူနဲ့လည်း ချောက်မြို့နယ် တပ်ကန်ရွာ စာကြည့်တိုက်ဖွင့်ပွဲမှာ ဦးသန့်ရှင်းမောင်နဲ့ တွဲပြီး ဟောခဲ့ကြတာကိုး။ ဆရာတင်လင်းဇော်၊ မြန်မာပြည်ဆရာဟိန်း၊ ကိုနေခြည် ၊ မကွေးခရိုင်ပြန်ဆက်မှူး ဦးသန်းဌေး နဲ့ ဦးသန့်ရှင်းမောင်တို့ ဟောပြောခဲ့ကြတယ်လေ..။
 

၂၁-၅-၂၀၁၂ `မြန်မာပြည်မှာ လျှပ်စစ်မီးတွေပြတ်၏ ဓာတ်အားတွေ ပိုနေလို့ ရောင်းရတယ်ဆို ?

ကိုယ့်အကြောင်း သူများအကြောင်း နှင့် ပတ်ဝန်းကျင်မှ အကြား အမြင်များ အမှတ်(၁၂၁-၅-၂၀၁၂) ၂၁-၅-၂၀၁၂ `မြန်မာပြည်မှာ လျှပ်စစ်မီးတွေပြတ်၏ ဓာတ်အားတွေ ပိုနေလို့ ရောင်းရတယ်ဆို ? နံနက်စောစော အင်တာနက်သတင်းဖတ်လိုက်တယ်။ မနေ့ညက မန္တလေးမြို့မှာ လျှပ်စစ်မီးပြတ်လို့ ဆန္ဒပြကြတယ်လို့ သိရပါတယ်။ မြန်မာပြည်အတွင်းမှာ (၅)မြို့လောက်တော့ လျှပ်စစ်မီးကို ဆန္ဒပြနေကြပြီ။ ဖယောင်တိုင်းမီးခွက်လေးတွေကို မီးထွန်းကြလို့ ငြိမ်းချမ်းစွာနဲ့ သက်ဆိုင်ရာ လျှပ်စစ်ရုံးတွေရှေ့မှာ ဆန္ဒပြခြင်းဖြစ်ပါတယ်။ ကျွန်တော်တို့ မကွေးမြို့မှာလည်း လျှပ်စစ်မီးတွေဖြတ်နေတာ (၁၀)တန်းစာမေးပွဲရက်ကထဲကပါ။ စာမေးပွဲပြီး တော့ ပြန်ကောင်းလာတယ်။ ယခုတော့ တော်တော်ကိုအခြေအနေဆိုးနေပါပြီ။ လျှပ်စစ်ဌာနကို သွားပြီးမေးရအုံးမယ်။ လျှပ်စစ်ကို ဘယ်လိုခွဲတမ်းချ နေတာလဲဆိုတာသိဖို့လိုပါတယ်။ လုပ်သားပြည်သူအများကို ဘယ်ရပ်ကွက်မှာ ဘယ်အချိန်မှ ဘယ်အချိန်အထိ မီးဖြတ်မယ်။ ပေးမယ်ဆိုတာလောက်တော့ ကြိုတင် ပြောကြားသင့်ပါ တယ်။ ယခုတော့ အများပြည်သူကို ဂရုမစိုက်နိုင်ကြဘဲ အရင်တုန်းကခေတ်ကလို သူတို့ လူကြီးမင်းတွေအိမ်ကိုသာ မီးမပြတ်အောင် ပေးနေတယ်ထင်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ ကျွန်တော်တို့ ရပ်ကွက်က အုပ်ချုပ်ရေးမှူးအိမ်မှာ လမ်းမီးလိုင်းနဲ့ ချိတ်ထားတယ်ထင်ပါတယ်။ လမ်းမီးလင်းနေရင် သူ့အိမ်က ထိန်ထိန်လင်းလို့ပါ။ အများပြည်သူတွေက အမှောင်ကျလို့။ ဒီမိုကရေစီခေတ်ကြီးထဲမှာ အခွင့်ထူးခံလူတန်းစားတွေ ရှိနေကြတုန်းပါ။ ပြုပြင်သင့်ကြပါပြီ။ နိုင်ငံတော်သမ္မတကြီးက ပြောထားတဲ့ အတိုင်း ဆောင်ရွက်သင့်ကြပါပြီနော်။ ရှေးရိုးစွဲဝါဒကို လက်ကိုင်ထားပြီး ပြုပြင်ပြောင်လဲဖို့ မလုပ်ချင်တဲ့ ပုဂ္ဂိုလ်များကို ချန်ထားခဲ့တော့မယ်လို့ (၁၁-၅-၂၀၁၂) နေ့ သမ္မတရုံး ၀က်ဆိုက်ဖွင့်ပွဲမှာ မိန့်ခွန်းပြောကြားသွားပါတယ်။ နံနက်ပိုင်းကအတိုင်း လျှပ်စစ်မီးပြတ်သွားတာ ယခု ညနေ(၄)နာရီကျော်မှ မီးပြန်လာတယ်လေ။ မီးလာတော့ ကိုလင်းဌေး လိုင်စင်ဓာတ်ပုံ ထုတ်တယ်။ သူ့ရဲ့ ၂၀၀၅ ခုနှစ်က အောင်တဲ့ ဘွဲ့လက်မှတ်ထုတ်ဖို့ပါ။ ဆရာကိုတင်လင်းဇော်ရဲ့ ဇနီး ဒေါ်ခင်ရွှေ ကိုတာဝန်ပေးထားတယ်။ လိုတဲ့ လိုင်စင်ဓာတ်ပုံကို နေ့လည်(၃)နာရီမှာ လာပေးမယ်လို့ ဂတိပေးထားခဲ့တယ်။ ယခုတော့ လျှပ်စစ်မီးမလာတာနဲ့ ပေးထားခဲ့တဲ့ ဂတိတွေလည်း ပျက်ခဲ့ရပြန်ပြီ။ နောက်နေ့မှသာ တောင်းပန်ပြီး သွားပေးရမှာဘဲ။ ညနေပိုင်း မီးပြန်လာလို့ ညက လျှပ်စစ်မီးအတွက် ဆန္ဒပြပွဲမှာ လျှပ်စစ် စက်မှုဝန်ကြီးနဲ့ မန္တလေးတိုင်း လျှပ်စစ်အင်ဂျင်နီယာတို့ သတင်းစာရှင်းလင်းပွဲကိုဖတ်လိုက်ရပါတယ်။ ဒီမိုကရေစီနိုင်ငံတော်ကို ချီတက်နေစဉ် ဒီလိုသာ ဖြစ်သင့်ပါတယ်။ ကောင်းတဲ့ သတင်းဖြစ်လို့ တဆင့် တင်ပြပေးလိုက်ရပါတယ်။ လျှပ်စစ်မီးအဆင်ပြေအောင် ဆောင်ရွက်မပေးနိုင်လျှင် ရာထူးမှနှုတ်ထွက်သွားမည်ဟု ဒေါက်တာမြင့်ကြူပြောကြား Browse › Home › မြန်မာ့သတင်း » လျှပ်စစ်မီးအဆင်ပြေအောင် ဆောင်ရွက်မပေးနိုင်လျှင် ရာထူးမှနှုတ်ထွက်သွားမည်ဟု ဒေါက်တာမြင့်ကြူပြောကြား မင်းမင်းလတ်-မန္တလေး(မြစ်မခ) မေ(၂၁)ရက်၊၂၀၁၂ခုနှစ်။ မန္တလေးမြို့တွင် လျှပ်စစ်မီးပြန်လည်ရရှိလိုမှုကြောင့် ဆန္ဒပြပွဲများဖြစ်ပေါ်ခဲ့သဖြင့် ညတွင်းခြင်း အရေးပေါ်သတင်းစာရှင်းလင်းပွဲအား မန္တလေးတိုင်းလျှပ်စစ်ရုံးဝင်းအတွင်း ချက်ချင်းကျင်းပပေးခဲ့သည်။ သတင်းစာရှင်းလင်းပွဲတွင် မန္တလေးတိုင်းဒေသကြီး လျှပ်စစ်နှင့်စက်မှုလက်မှုဝန်ကြီး ဒေါက်တာမြင့်ကြူမှ လျှပ်စစ်မီးများ အဆင်ပြေအောင် မလုပ်ပေးနိုင်လျှင် ရာထူးမှ နှုတ်ထွက်သွားမည်ဖြစ်ကြောင်း မြစ်မခသို့ ပြောကြားသွားသည်။ `` ကျွန်တော့်တာဝန်ကတော့ ရလာတဲ့လျှပ်စစ်မီးကို ညီတူညီမျှရအောင် လုပ်ပေးရမယ့်တာဝန် ရှိပါတယ်။ အဲဒီတာဝန်ကို မကျေရင် ကျွန်တော် ထွက်မှာပါ ´´ ဟု ဒေါက်တာမြင့်ကြူက ပြောကြားသည်။ မုတ်သုန်ရာသီဝင်ရောက်လာပြီဖြစ်၍ ယခုထက်စာလျှင် ပိုမိုပေးနိုင်မည်ဖြစ်ကြောင်း ကိုလည်း ပြောကြားခဲ့သည်။ အဆိုပါသတင်းစာရှင်းလင်းပွဲသို့ မန္တလေးတိုင်းဒေသကြီး လျှပ်စစ်နှင့်စက်မှုလက်မှုဝန်ကြီး ဒေါက်တာ မြင့်ကြူ ၊ မန္တလေးတိုင်းလျှပ်စစ်ရုံးမှ တိုင်းအင်ဂျင်နီယာဖြစ်သူ ဒေါ်အေးအေးမင်းနှင့် အခြားတာဝန်ရှိ သူများတက်ရောက်ခဲ့သည်။ ယခုကဲ့သို့ လျှပ်စစ်မီးများမပေးနိုင်ခြင်းသည် ကေအိုင်အေမှ ရွှေလီမှလာသော လျှပ်စစ်မီးတန်းများ သွယ်တန်းရာ တာဝါတိုင်များကို ဖျက်ဆီးခဲ့ခြင်းကြောင့်ဖြစ်သည်ဟုလည်း ၎င်းတို့က ဖြေရှင်းချက် ပေးခဲ့သည်။ မန္တလေးမြို့လျှပ်စစ်မီးများ ယခုထက်ပိုမိုပေးဆောင်နိုင်ရန်အတွက် မီးစက်(၁၀)လုံး ရောက်ရှိလာမည်ဖြစ်ပြီး အရေးကြီး သည့်နေရာများတွင် သာ တပ်ဆင်သွားမည်ဖြစ်ကြောင်းကိုလည်း ဒေါ်အေးအေးမင်းက ပြောကြားခဲ့သည်။ ``ရုံးချုပ်က ကျမတို့ဆီကိုပို့ပေးပါတယ် ၊ ရပ်ကွက်တွေက ထရန်စဖာမာတွေရဲ့ခြေရင်းမှာ ချပေးထား မယ် ၊ ကျမတို့လဲ ပေးချင်ပါတယ် ၊ အခြေအနေရက တစ်နိုင်ငံလုံးမှာဖြစ်နေတာပါ ၊ လုပ်ငန်းပဲ သုံးသုံး ဘာပဲသုံးသုံး အပြည့်ပေးချင်ပါတယ်။ ကြိုးစားပြီးမျှတအောင် ဆောင်ရွက်သွားပါမယ် ´´ဟု ဒေါ်အေးအေးမင်းက ပြောသည်။ ၂၀၁၂ခုနှစ် မေလ(၂၀)ရက်နေ့ ည(၇)နာရီအချိန်တွင် မန္တလေးမြို့၌ လျှပ်စစ်မီး(၂၄)နာရီပြန်လည်ရရှိလိုမှုဖြင့် ငြိမ်းချမ်းစွာ ဆန္ဒဖေါ်ထုတ်ပွဲကို မြို့နေလူထုက စုပေါင်းဆန္ဒထုတ်ဖေါ်ပြသခဲ့ကြသည်။ အဆိုပါဆန္ဒပြပွဲကို (၂၆)လမ်းနှင့် (၇၈)လမ်းထောင့်ရှိ မန္တလေးတိုင်းလျှပ်စစ်ရုံးရှေ့တွင် စတင်ကျင်းခဲ့ပြီး ထိုမှတဆင့် ကျုံးဘေးတစ်လျှောက်လမ်းလျှောက်ကာ ဆန္ဒထုတ်ဖေါ်ပြသခဲ့သည်။ ထိုဆန္ဒပြပွဲတွင် လူဦးရေ(၃၀၀၀)ကျော်ပါဝင်ခဲ့ပြီး အလွှာပေါင်းစုံ အရွယ်ပေါင်းစုံပါဝင်ပူးပေါင်းကာ ဖယောင်း တိုင်များကိုင်ဆောင်ပြီး ကြွေးကြော်သံအချို့ကို ကြွေးကြော်ခဲ့ကြသည်။ `` မန္တလေးမြို့ကြီးကို နှစ်ဆယ့်လေးနာရီမီးရချင်လို့ ခုလိုလာရောက်ပါဝင်တာပါ ´´ ဟု မန္တလေးမြို့ ဒေ၀န်း အရှေ့တွင်နေထိုင်သူ အသက်နှစ်ဆယ်ကျော် အမျိုးသမီးတစ်ဦးက ပြောသည်။ မန္တလေးမြို့တွင် ပြီးခဲ့သည့်သင်္ကြန်နောက်ပိုင်းမှစတင်ကာ မီးပျက်မှုပိုမိုဆိုးရွားလျှက်ရှိပြီး ထိုကဲ့သို့ မီးပျက်မှု ကြောင့် လူအများ ရာသီဥတုဒဏ်ပိုမိုခံစားရခြင်း ရေလုံလောက်စွာမရရှိခြင်းများကို ကြုံတွေ့နေရခြင်းများ ကြောင့် ယခုကဲ့သို့ ဆန္ဒပြပွဲများ ပေါ်ပေါက်လာခြင်းဖြစ်သည်။ `` အမှောင်ထဲမှာ နေနေရတာပါ ၊ မီးမလာလို့ ရေလဲမလာဘူး ၊ ရေမလာတဲ့အတွက် အဲဒီရေကို ညနက်သန်းခေါင်ထိ ထိုင်စောင့်ရတယ် ၊ ကျနော်တို့တိုင်းပြည်မှာရှိတဲ့ သဘာဝသယံဇာတတွေ အရင်းအမြစ် တွေကို နိုင်ငံခြားရောင်းစားနေပြီး ကျနော်တို့မြန်မာနိုင်ငံ သားတွေကြတော့ ကိုယ့်ရဲ့ လူ့အစွမ်းအား အရင်းအမြစ်တွေက အလကားနေအလကား ဆုံးရှုံးနေရတယ် ´´ ဟု ရွှေလှံရပ်ကွက်တွင် နေထိုင်သော အမျိုးသားတစ်ဦးက ကျုံးဘေးဆန္ဒပြပွဲတွင် ပြောပြသွားသည်။ မန္တလေးမြို့တွင် ခြောက်နာရီလာ ဆယ့်နှစ်နာရီပျက်စံနစ်ဖြင့် မီးများပေးလျှက်ရှိပြီး တောင်ကြီး ၊ နေပြည်တော် တို့တွင် မီးလုံးဝပျက်ခြင်းမရှိကြောင်းသိရသည်။ ဆန္ဒပြသူများသည် မန္တလေးတိုင်းလျှပ်စစ်ရုံးရှေ့ ၊ ကျုံးဒေါင့်ဆီဒိုးနားဟိုတယ်ရှေ့နှင့် တရုတ်ကောင်စစ်ဝန် ရုံးများရှေ့သို့ သွားရောက်ဆန္ဒပြခဲ့ကြပြီး ယခုလိုဆန္ဒပြမှုကို တစ်စုံတရာ အရေးယူခြင်းမရှိကြောင်းကိုလည်း တွေ့ရသည်။ သစ်ထူးလွင် မှ တဆင့်ကူးယူဖော်ပြပါသည်။ မန္တလေးတွင် လျှပ်စစ်မီးရရှိရေး ဒုတိယ မြောက်နေ့အဖြစ် ငြိမ်းချမ်းစွာ ဆန္ဒပြမည် Browse › Home › မြန်မာ့သတင်း » မန္တလေးတွင် လျှပ်စစ်မီးရရှိရေး ဒုတိယ မြောက်နေ့အဖြစ် ငြိမ်းချမ်းစွာ ဆန္ဒပြမည် အချိန်ကြာမြင့်စွာ လျှပ်စစ်မီး မကြာခဏ ပြတ်တောက်မှုကြောင့် စီတန်း လှည့်လည် ဆန္ဒပြမှုများ ဖြစ်ပွားနေသော မန္တလေးမြို့တွင် လျှပ်စစ်မီး ရရှိရေးအတွက် (၂၀.၅.၂၀၁၂) တွင် မန္တလေး မြို့သူမြို့သားများ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြပြီးနောက် (၂၁.၅.၂၀၁၂) ယနေ့ တနင်္လာ တွင်လည်း ဆန္ဒပြသွားမည် ဖြစ်ကြောင်း The Voice Weekly သတင်းထောက် က ပေးပို့သည်။ ယနေ့ညနေ (၆.၀၀) နာရီ အချိန်မှ စ၍ ဆီဒိုးနား ဟိုတယ်ရှေ့ တွင် ဖယောင်းတိုင် မီးထွန်း၍ ငြိမ်းချမ်းစွာ စီတန်းလမ်းလျောက် ဆန္ဒဖော်ထုတ် ပွဲပြုလုပ်မည် ဖြစ်ကြောင်း ၊ ထိုအဖွဲ့ကို ရှင် ရှင်ဝီရသူ ခေါင်းဆောင်သော သံဃာတော်များလည်း ပါဝင်ကြောင်း ၄င်းက ပြောကြားသည်။ " အမာခံ က ငါးဆယ်၊ ခြောက်ဆယ်လောက်ရှိမယ် ထင်တယ်။ စမယ့် အချိန်ရောက်ရင် အဲဒီလူတွေက ဘယ်က ဘယ်လို ရောက်လာလဲ မသိဘူး။ " ဟု မန္တလေး သတင်းထောက်က ယမန်နေ့အတွေ့အကြုံကို ဖုန်းဆက် ပြော ကြားသည်။ ယမန်နေ့က မန္တလေးမြို့တွင် စီတန်းလှည့်လည် ဆန္ဒ ပြမှု ဖြစ်ပွားပြီးနောက် တိုင်းဒေသကြီး လျှပ်စစ် အင်ဂျင်နီယာရုံးတွင် လျှပ်စစ် ဓါတ်အား ဖြန့်ဝေ ပေးမှု အခြေအနေကို ရှင်းလင်းပွဲပြုလုပ်ခဲ့ရာ လျှပ်စစ်ဓါတ်အား ပြတ်တောက်သော နေရာများတွင် ၅၀၀ ကေဗွီ မီးစက်ကြီး ၁၀ လုံးဖြင့် လျှပ်စစ်ဓါတ်အား ဖြန့်ဝေပေးသွားမည် ဖြစ်ပြီး စီတန်းလှည့်လည် ဆန္ဒပြသူများအား တစ်စုံတစ်ရာ အရေးယူသွားမည် မဟုတ်ကြောင်း တိုင်းဒေသကြီး အစိုးရ လျှပ်စစ်ရေးရာ ၀န်ကြီး ကပြောကြားသည်။ သစ်ထူးလွင် မှ တဆင့်ကူးယူဖော်ပြပါသည်။ ညနေပိုင်း ဆရာကြီး မကွေးဝင်းမြင့်၊ ကိုနေခြည်၊ မြန်မာပြည်ဆရာဟိန်း၊ တက္ကသိုလ်ရည်ရွယ်တို့ ရောက်လာတယ်။ စွဲမက်လက်ဖက်ရည်ဆိုင်မှာ ထိုင်ဖြစ်ကြတယ်။ ဆရာကြီး မကွေးဝင်းမြင့်ကို ပြန်ပို့စဉ် လမ်းမှာ မီးပြတ်သွားတယ်။ ဆိုင်ကယ်ကလည်း ဆီပြတ်သွားတယ်။ အိမ်က ကလေးတွေ ဆိုင်ကယ်စီးပြီး ဆီမထည့်တာ တော်တော်စိတ်ဆိုးရပါတယ်။ လမ်းမှာ မီးကမလာ ဓာတ်ဆီရောင်းတဲ့ဆိုင်ကို တော်တော်လိုက်ရှာနေရပြန်တယ်။ ည(၉)နာရီထိုးခါနီးမှ လျှပ်စစ်မီးကပြန်လာတယ်။ ဒါလည်းခဏနေမှာပါ။ ညအိပ်ကောင်းတုန်း မီးကပြတ်အုံးမယ် ထင်ပါတယ်။ ညကလည်း တစ်ညလုံးလောက်ကို မီးကပြတ်နေပါတယ်။ မီးမလာတော့ ရေကလည်းမရပါ။ လေကလည်းမတိုက်၊ မိုးကလည်း မရွာတော့ တစ်ညလုံး ပူစပ် ပူလောင်တွေဖြစ်နေကြရပါတယ်။ မီးပြတ်တော့ အင်တာနက်လိုင်း စကိုင်းနက်ကလည်း မရပါ။ တော်တော်စိတ်ညစ်စရာကောင်းပါတယ်။ ပြောတော့ မိုးလားကဲလား နဲ့ လက်တွေ့မှာ တစ်နိုင်ငံလုံး ဒုက္ခရောက်နေရပါပြီ။ ကချင်လက်နက်ကိုင်တွေကလည်း လျှပ်စစ်တာဝါတိုင်တွေကို မိုင်းခွဲလိုက်တာ တော်တော်ဆိုးပါတယ်။ ပြည်သူတွေကိုသာ ထိတယ်ဆိုတာ သိဖို့ကောင်းကြပါတယ်။ သတ္တိရှိရင် အဓိကပြစ်မှတ်တွေကိုသာ တိုက်သင့်ပါတယ်။ လျှပ်စစ်ဝန်ကြီး မျက်နှာကိုသာ ပြေးပြီး မြင်ယောင်နေမိပါတယ်ခင်ဗျာ..။ ပြောသူက မရှက် ကြားရသူတွေ ရှက်စရာ ဒုက္ခရောက်စရာတွေ ဖြစ်နေရပါပြီ။
 

၂၀-၅-၂၀၁၂ `နေ့စဉ် မှတ်တမ်းများ ဘလော့မှာ စ၍တင်´

ကိုယ့်အကြောင်း သူများအကြောင်း နှင့် ပတ်ဝန်းကျင်မှ အကြား အမြင်များ အမှတ်(၁၂၀-၅-၂၀၁၂) ၂၀-၅-၂၀၁၂ `နေ့စဉ် မှတ်တမ်းများ ဘလော့မှာ စ၍တင်´ နံနက်(၆)နာရီ ဈေးဆိုင်စဖွင့်တယ်။ နံနက်ပိုင်း စကိုင်းနက် အင်တာနက်လိုင်းကောင်း၍ သတင်းများဖတ်တယ်။ ဘလော့ဝင်တယ်။ ယနေ့မှ စပြီး (၁၂-၁၂-၂၀၁၁) နေ့မှာ စတက်ရေးသားတဲ့ နေ့စဉ် မှတ်တမ်းများ ကို ဘလော့မှာ တင်ပါတယ်။ သတ်ပုံအမှားများတော့ ပါမည်ထင်ပါတယ်။ အချိန်ရရင်တော့ ရေးထားတဲ့ပို့်စ် တစ်ခုချင်းကို ပြန်စစ်ဖြစ်တယ်။ နောက်ပိုင်း ပို့စ်တွေကို ပြန်မစစ်နိုင်ပါ။ ယနေ့ မေးလ်များကိုစစ်တယ်။ မလေးရှားနိုင်ငံကိုရောက်နေတဲ့ ကိုလင်းဌေး( ဆင်ပေါင်ဝဲမြို့သား) ဘုန်းတော်ကြီးတစ်ပါးက မေးလ်ပို့ပြီး အကူအညီတောင်းထားပါတယ်။ ကိစ္စကတော့ မကွေးတက္ကသိုလ်မှ သူ့ရဲ့ ဘွဲ့လက်မှတ်ကို ထုတ်ခိုင်းတာပါ။ ကိုယ်စားလှယ်လွှဲစာ၊ မှတ်ပုံတင် မိတ္တူ၊ ယာယီဘွဲ့လက်မှတ် မိတ္တူ များကို ပို့ပေးလိုက်ပါတယ်။ ဒီကိစ္စကို မကွေးတက္ကသိုလ် အင်္ဂလိပ်စာဌာနမှ ဆရာမ ဒေါ်ခိုင်မြတ်မွန်ထံ ပို့ပေးရင်လည်း ဖြစ်တယ် ဆိုပါတယ်။ ပရင့်ထုတ်ထားလိုက်တယ်။ ရာသီဥတုကတော့ မိုးအုံ့နေတာ(၂)ရက်ရှိနေပါပြီ။ အပူတော့ကျသွားတယ်။ နေ့လည်ပိုင်းမှာ တိုင်းပြန်ဆက် တိုင်းမှူးဦးဝင်းခင် ရောက်လာတယ်။ အင်တာနက်သတင်းများပြောပြီး ကြည့်လိုတဲ့ ၀က်ဆိုဒ်တွေကို ဖွင့်ပြပါတယ်။ ဆရာဦးဝင်းခင် လည်း (၂၅-၅-၂၀၁၂)နေ့မှာ ပြည်တော်သာစာတိုက်ကျောင်းတွင် နှတ်ဆက်ပွဲလုပ်မည် ဖြစ်ကြောင်းသိရတယ်။ အသက်(၆၀)ပြည့် ပင်စင်ယူတော့မယ်ဆိုပါတယ်။ ဌာနထဲမှာ အောင်မြင်စွာနဲ့ သက်ပြည့်ပင်စင်ယူသွားရတာ ဘ၀အတွက် အောင်မြင်မှုတစ်ခုဖြစ်ကြောင်း အားပေးလိုက်မိပါတယ်။ သူ့မိသားစုကိစ္စကို စပ်စုလိုက်တော့ စိတ်မကောင်းဖြစ်မိပါတယ်။ ဆရာဦးဝင်းခင်ရဲ့ ဇနီးမှာ ကွယ်လွန်ခဲ့တာ(၈)နှစ်တောင်ကြာခဲ့ကြောင်းသိ ရတယ်။ သားသမီးကလည်း သမီးတစ်ယောက်သာ ရှိကြောင်း၊ အဖေတစ်ခု သမီးတစ်ခုဘ၀ နဲ့ ရပ်တည်လာခဲ့ကြောင်း၊ သက်ပြည့်ပင်စင်လည်းအနားယူတဲ့အချိန်မှာ တစ်ဦးတည်းသော သမီးလေးကလည်း အိမ်ထောင်ပြုတော့မည် လို့ ကြားသိလိုက်ရပါတယ်။ သူတို့ဇနီးမောင်နှံ မိသားစု အခြေချထားခဲ့တဲ့ ရန်ကုန်မြို့ မြောက်ဒဂုံမှာပြန်နေမည်ဖြစ်ကြောင်း ကြားသိလိုက်ရပါတယ်။ အင်း လူ့ဘ၀ဆိုတာ သက်တန်းတိုတိုလေးအတွင်းမှာ ချစ်ခြင်း၊မုန်းခြင်း၊တွေ့ဆုံခြင်း၊ ကွေကွင်း ခွဲခွာရခြင်းတွေနဲ့သာ အဆုံးသတ်ကြရတာဘဲ မဟုတ်ပါလားဗျာ..။ ညနေပိုင်းမှာ မိုးဖွဲလေးတွေကျနေတယ်။ ယနေ့ဆရာကြီး မကွေးဝင်းမြင့်လာမယ်မထင်ပါ။ ကျွန်တော်လည်း အခြေခံဥပဒေ ဖတ်ရမယ့်ဝက်ဆိုဒ်ရှာတွေ့လို့ မန်ဘာဝင်နေပါတယ်။ဝင်လို့လည်း မရပါ။ ပြီးတော့ စာတွေက အင်္ဂလိပ်စာတွေသာ ဖတ်ရမည်လားမသိပါ။ အင်္ဂလိပ်စာက မကျွမ်းကျင်ပါ။ အခြေခံဥပဒေ မြန်မာလိုအတွဲစာအုပ်များကိုသာ ၀ယ်ပြီး ဖတ်ပါတော့မည်။ သတင်းသမားရော အများပြည်သူများပါ မြန်မာနိုင်ငံ အခြေခံဥပေဒစာအုပ်များကို သိသင့် ဖတ်သင့်ကြပါတယ်။ ယနေ့တစ်ကုန်နီးပါး မကွေးမြို့မှာလည်း လျှပ်စစ်မီးက ပြတ်ပါတယ်။ အင်တာနက်သတင်းတွေမှာ ရွှေလီ လျှပ်စစ်ဓာတ်တိုင်(၄)တိုင်ကို ကချင်အဖွဲ့မှ မိုင်းခွဲ၍ ဖျက်စီးလိုက်တယ်လို့ သိရပါတယ်။
 

၁၉-၅-၂၀၁၂ `မီဒီယာသမား လာဘ်မမျှော်ရပါ´

ကိုယ့်အကြောင်း သူများအကြောင်း နှင့် ပတ်ဝန်းကျင်မှ အကြား အမြင်များ အမှတ်(၁၁၉-၅-၂၀၁၂) ၁၉-၅-၂၀၁၂ `မီဒီယာသမား လာဘ်မမျှော်ရပါ´ နံနက်စောစော(၄း၃၀)နာရီ အိပ်ယာထတယ်။ ဘုရားဝတ်တက်ကိစ္စပြီးအောင် လုပ်တယ်။ ဈေးဆိုင်ဖွင့်တယ်။ စကိုင်းနက် အင်တာနက်လိုင်းက နံနက်စောစောလည်း မကောင်း၊ နေမြင့်တော့လည်း မကောင်းပါ။ ယနေ့ထွက်တဲ့ သတင်းဂျာနယ်တွေကို ဖတ်တယ်။ မြန်မာပို့စ် ဂလိုဘယ်ထဲမှ NLD ဦးဝင်းတင် နဲ့ NDF ဦးခင်မောင်ဆွေ တို့ အင်တာဗျူးများကို ဖတ်တယ်။ လူလတ်တန်းစားတွေ ကားစီးနိုင်တော့မှာလား အင်တာဗျူး၊ တရုပ်သတင်းသမား နဲ့ ဒေါ်အောင်ဆန်းစုကြည် အင်တာဗျူးများကို ဖတ်ဖြစ်တယ်။ ကောင်းပါတယ်။ The Voice ဂျာနယ်ဖတ်တယ်။ ရွှေထနောင်းကုမ္ပဏီ တောင်သူငွေချေးသတင်းတို ပါတယ်။ စော်လှနွယ်(ခ) ဗိုလ်ကာ (ခ) သီဟဘုန်းမိုရ်(မကွေး) ရေးတဲ့ သတင်းတိုပါ။ သူကတော့ ရွှေထနောင်ကုမ္ပဏီက သူတို့ သတင်းပါရင် ငွေတစ်သောင်းပါ စာအိပ်နဲ့ သတင်းရေးသူကို ဆုငွေပေးတယ်ပြောပါတယ်။ ကျွန်တော်ရေးသားထားတဲ့ မြန်မာပို့စ် ဂျာနယ်မှာ ဓာတ်ပုံအကြီးနဲ့ အချက်အလက်အစုံပါတဲ့ အတွဲ(၄) အမှတ်(၁၈) ဂျာနယ်ကို လက်ဆောင်ပေးလိုက်ပါတယ်။ အဲဒီနေ့က နံနက်စာ ထမင်းတစ်ထုပ်တော့ ကျွေးလိုက်ပါတယ်။ ငွေကတော့ မပေးပါ။ မီဒီယာသမားဆိုတာ ဘယ်သူ့အသုံးချကိုမှ မခံရပါ။ အခ ကြေးငွေယူပြီး သတင်းမရေးရပါ။ လက်ဆောင်ပစ္စည်းများကိုတောင် လက်မခံရဘူးလို့ တစ်ချို့ဂျာနယ်တိုက်ကြီးတွေက စည်းကမ်းသတ်မှတ် ထားပါတယ်။ စေတနာနဲ့ ဧည့်ခံကျွေးမွေးတာ၊ ဥာဏ်ပူဇော်ခ ချီးမြှင့်တာဆိုရင်တော့ လက်ခံရပါမည် လို့ ထင်မိပါတယ်။ ပေးမှ ရမှ ရေးသားဖော်ပြပေးမည်ဆိုတာကတော့ သတင်းသမား စစ်စစ်မဟုတ်တော့ပါ။ ဒီနေ့ ရွှေထနောင်းကုမ္ပဏီအဖွဲ့ မကွေးမြို့နယ် မြင်ကွန်းကျေးရွာအုပ်စု တုတ်စမ်းရွာသို့ ငွေချေးရန် သွားရောက်ထုတ်ပေးတယ်။ ကျွန်တော့်ကို လိုက်ရန် ဖိတ်ထားပါတယ်။ မနေ့ညက ဦးဝင်းရှိန်ထံသို့ မလိုက်ဖြစ်ကြောင်း ဖုန်းဆက်ပြောထားရပါတယ်။ နေက မကောင်း၊ ရာသီဥတုက တော်တော်ပူနေလို့ပါ။ မလိုက်ဖြစ်ပေမယ့် အပြန်မှာ သတင်းအချက်အလက်များနဲ့ သတင်းဓာတ်ပုံများကို ပေးရင် သတင်းရေးပေးမည်။ ကျွန်တော့်ဘလော့မှာ တင်ထားပေးမည် လို့ တာဝန်ခံထားပါတယ်။ သတင်းသမားဆိုတာ တစ်ဘက်က ဧည့်ခံ ဖိတ်ကြားတဲ့နေရာမှာ အလိုက်မသိသော်လည်း ကိုယ့်လုပ်စရာ ရေးစရာများကို ဆက်လက် ရေးသားလုပ်ဆောင်သွားရပါမည်။
 

၁၈-၅-၂၀၁၂ ` မြေပေါ်မှာအိပ်မိတာ မြေကြီးထဲ ရောက်တော့မလို့ပါ´

ကိုယ့်အကြောင်း သူများအကြောင်း နှင့် ပတ်ဝန်းကျင်မှ အကြား အမြင်များ အမှတ်(၁၁၈-၅-၂၀၁၂) ၁၈-၅-၂၀၁၂ ` မြေပေါ်မှာအိပ်မိတာ မြေကြီးထဲ ရောက်တော့မလို့ပါ´ မနေ့က နဲ့ အရင်နေ့များမှာ ဈေးဆိုင်ခန်းက သံမံတလင်းပေါ်ကို ဖျာခင်းပြီးအိပ်ခဲ့တယ်။ ရာသီဥတုကလည်း တော်တော်ပူနေတော့ နေစရာမရှိဖြစ်နေတယ်။ လျှပ်စစ်မီးကလည်း နေ့တစ်ဝက်လောက် ပြတ်ပြတ်နေတယ်။ ဒီတော့ ကုတင်ပေါ်မှာ အိပ်လို့မရတော့ လေကြောင်းကျတဲ့ ကုတင်အောက် တောင်ဘက်ပေါက်နဲ့ မြောက်ဘက်ပေါက်တည့်တည့်မှာ လေရတဲ့ မြေပြင် သံမံတလင်းပေါ်ကို ဖျာခင်းပြီးအိပ်ပါတယ်။ မီးမလာလည်း ဂရုမစိုက်ပါဘူး၊ တော်တော်အေးပြီး အိပ်လို့ကောင်းနေပါတယ်။ အဲသလိုမျိုး မအိပ်ဖို့ ဆရာကြီး မကွေးဝင်းမြင့်ကပြောပါတယ်။ အိပ်ချင်ရင် ဖျာကြမ်းခင်းပါ၊ သူ့အပေါ်က သင်ဖြူးခင်ပါ။ သင်ဖြူးပေါ်မှာ ချည်စောင်တစ်ထည်ခင်းပြီး အိပ်ပါလို့ နည်းပေးပါတယ်။ ဆရာပြောတဲ့အတိုင်း ဘယ်လုပ်နိုင်ပါ့မလဲ၊ အလွယ်ခေတ် အလွယ်ကြိုက် ဖျာခင်းတာတောင် ပလပ်စတစ်ကို ရက်ထားတဲ့ ဖျာကိုခင်းအိပ်တယ်။ ထိတော့ပါတယ်။ ညက ကျွန်တော်မှာ တစ်ကိုယ်လုံး အေးစက်ပြီး တောင့်တင်းလာပါတယ်။ မျက်လုံးတွေလဲ လေးလာပါတယ်။ ဘယ်လိုမှ မဟန်နိုင်တော့ အိမ်ဆိုင်က အဲယားကွန်းအခန်းကို ပြေးရတယ်။ သားကြီးကို အနင်း အနှိပ့်ခိုင်းရပါတယ်။ တော်တော်ကြာအောင် နင်း နှိပ့်လိုက်မှ ချွေးတွေထွက်လာပြီး ပေါ့သွားပါတယ်။ အဲဒီနောက် နှစ်ခြိုက်စွာ အိပ်ပျော်သွားပါတယ်။ ကျွန်တော့်သားကြီး မောင်ထွန်းဝင်းကျော် ကယ်ပေလို့သာပေါ့။ ကျွန်တော့်ဇနီးနဲ့ သမီးကတော့ ဂရုစိုက်ဖို့နေနေသာသာ ဘယ်လိုဖြစ်လဲတောင် မေးဖော်မရပါဘူး။ ညက ကျွန်တော်သေများသွားရင် သူတို့ သိမှာ မဟုတ်ပါဘူး။ အင်း လူဆိုတာ အိုမင်းမစွမ်း ဆိုတဲ့ ရှေးလူကြီးတွေရဲ့စကားများ မှန်ပေတယ်။ လူကလည်း အိုလာပြီ ဘာမှလည်း ရစရာ ပေးစရာ မရှိတော့ သမီးနဲ့ ဇနီးက ဂရုမစိုက်ကြဘူးထင်ပါတယ်။ ဒါကြောင့် မနက်လင်းတော့ ကျွန်တော့်ဇနီးကို ဒီအကြောင်းပြောဖြစ်တယ်။ ငါသေရင်လည်း မငိုနဲ့၊ မင်းသေရင်လည်း ငါမငိုတော့ဘူး လို့သာ စကားနာထိုးလိုက်ရပါတယ်ဗျာ..။ ဒါကြောင့် ဒီနေ့တော့ အောက် သံမံတလင်းပေါ်ကို လုံးဝမအိပ်ရဲပါ။ ကုလားထိုင်ပေါ်မှာ သာ စာရေးမယ်။ အိပ်ချင်ရင်အိပ်တော့မယ်လို့ ဆုံးဖြတ်လိုက်ရပါတယ်။
 

၁၇-၅-၂၀၁၂ `သတင်းမှာ နေ့စွဲမှားလို့ ဒိတ်အောက်သွားတယ်ထင်ပြီး မသုံးဘူးထင်ပါ၏´

ကိုယ့်အကြောင်း သူများအကြောင်း နှင့် ပတ်ဝန်းကျင်မှ အကြား အမြင်များ အမှတ်(၁၁၇-၅-၂၀၁၂) ၁၇-၅-၂၀၁၂ `သတင်းမှာ နေ့စွဲမှားလို့ ဒိတ်အောက်သွားတယ်ထင်ပြီး မသုံးဘူးထင်ပါ၏´ ညကတော့ ကိုယ့်အိပ်ယာမှာပြန်အိပ်ရလို့ အိပ်ရေးဝပါတယ်။ အအိပ်ကြီးသွားတော့ နံနက်(၆)နာရီထိုးခါနီးမှ အိပ်ယာကနိုးပါတယ်။ ဈေးဆိုင်ဖွင့်တော့ နောက်မကျပါဘူး။ ဒါပေမယ့် ဘုရားဝတ်တက်ဖို့ တာဝန်ကတော့ ပျက်ခဲ့တယ်။ မနေ့လည်း ပျက်ခဲ့တယ်။ ဒီနေ့လဲ ဘယ်မှ မသွားဖြစ်တာကို စာမရေးဖြစ်ပါ။ လျှပ်စစ်မီးကလည်း ပြတ်သွားတော့ ပျင်းရိခြင်း(၆)ပါး မှ အိပ်ချင်တယ် ပျင်ရိခြင်းနဲ့ တစ်နေကုန် အိပ်လိုက်မိပါတယ်။ အိပ်ကောင်းတုန်း စည်ပင်သာယာဌာန က ဆိုင်းဘုတ်ခွန်လာကောက်နေပြန်တယ်။ ၂၀၁၁/၂၀၁၂ နှစ် ဆိုင်ဘုတ်ခွန်(၁၂၀၀ိ) ကို ၁၄-၃-၂၀၁၂ နေ့ကမှ ပေးဆောင်လိုက်ပါတယ်။ ယခု ၂၀၁၂/၂၀၁၃ နှစ်အတွက် ဆိုင်ဘုတ်ခွန်တဲ့ လာကောက်ပြန်တယ်။ ယခုလို တစ်လ နှစ်လသာ ချားပြီး ဆိုင်ဘုတ်ခွန်ကောက်လိုက် လုပ်ငန်းလိုင်စင်ကောက်လိုက်နဲ့ဆိုရင်ဖြင့် ကျွန်တော်တို့ အများပြည်သူတွေအတွက် ၀န်ထုတ်ဝန်ပိုးကြီး ဖြစ်နေပါတယ်။ ဒီကိစ္စကို စည်ပင်သာယာမှ အမှုဆောင်အရာရှိများ သိအောင် ပြောကြားပေးရပါမည်။ အခြား ဂျာနယ်တစ်ဆောင်ကို သတင်းတစ်ပုဒ်ပို့ထားတာကို ပြန်စစ်မိပါတယ်။ တစ်လလောက် ကွာခြားပြီး နေ့စွဲမှားနေပါတယ်။ အဲဒီတော့ ဒီသတင်းကို ဂျာနယ်တိုက်အယ်ဒီတာတွေက ဘယ်သုံးပါ့တော့မည်လဲ။ နေ့စွဲအဖြစ်မှန်ကို ပြင်ဆင်ရေးသားပြီး မြန်မာပို့စ် သတင်းဂျာနယ်သို့ ပြောင်းပြီး ပို့လိုက်ရပါတယ်။ `အများပြည်သူများသွားလာသော လမ်းမြေပေါ်ရှိ လုပ်ငန်းများနှင့် ဈေးဆိုင်များ မကွေးမြို့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့သို့ လျှောက်ထားရမည်ဟုဆို´ ၂၀၁၂ ၊ ဧပြီလ(၃၀)ရက်နေ့ နံနက်(၁၀)နာရီအချိန် မကွေးမြို့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံးတွင် မကွေးမြို့တွင်းရှိ ရပ်ကွက်ပေါင်းစုံ၊ ကန်သာရပ်ကွက်၊ မြင်သာရပ်ကွက်၊ အောင်ရတနာရပ်ကွက်၊ရန်ကင်းရပ်ကွက်၊ ပြည်တော်သာလမ်း၊ မဲထီးလမ်း၊အဝေရာလမ်း၊ သုခီတာလမ်း နှင့် မြို့ရှောင်လမ်းမတွင် အများပြည်သူများသွားလာသော လမ်းမြေပေါ်ရှိ လုပ်ငန်းနှင့် ဈေးဆိုင်များအားလုံး၏ ပိုင်ရှင်များနှင့် မကွေးမြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးနေမျိုးနိုင် တို့ မျက်နှာစုံညီ ညှိနှိုင်းဆွေးနွေးကြကြောင်း သတင်းရရှိသည်။ ဈေးဆိုင်ပိုင်ရှင်(၁၀၀)ကျော်ခန့်တက်ရောက်လာကြသည်။ မကွေးမြို့ပေါ်တွင် အများပြည်သူ သွားလာအသုံးပြုသော လမ်းမြေ၊ ပလက်ဖောင်းပေါ်တွင် ထားရှိလုပ်ကိုင် ဆောင်ရွက်လျှက်ရှိသောပစ္စည်းများ၊သစ်၊၀ါး၊သက္ကယ်နှင့် အိမ်ဆောက်ပစ္စည်များ၊ သံထည်ပစ္စည်းများစုပုံ ထားရှိခြင်း၊ ကားပြုပြင်သည့်အလုပ်ရုံများမှ မော်တော်ကားများကို လမ်မြေပေါ်တွင်ထားရှိပြုပြင်ခြင်း၊ စားသောက်ဆိုင်/လက်ဖက်ရည် ဆိုင်များမှ စားပွဲ၊ ကုလားထိုင်များကို မိမိဆိုင်၏ ဧရိယာထက်ကျော်လွန်ကာ လမ်းမြေပေါ်တွင် ခင်းကျင်းရောင်းချခြင်းတို့ကို ရှင်းလင်းဖယ်ရှားပေးရန် အကြောင်းကြားစာအား ၂၀၁၂ ခု မတ်လ(၉)ရက်နေ့စွဲဖြင့် သက်ဆိုင်ရာ ဆိုင်ရှင်များထံသို့ အကြောင်းကြားစာများ ပေးပို့ထားခဲ့ပြီး ယင်းကိစ္စများကို (၃၀-၄-၂၀၁၂)နေ့ နောက်ဆုံးထား၍ ရှင်းလင်းပေးရမည်ဖြစ် ကြောင်းသတင်းရရှိခဲ့သည်။ သို့သော် လုပ်ငန်းရှင်များနှင့် ဆိုင်ပိုင်ရှင်များမှာ ကြော်ငြာထားသည့်အတိုင်း ဆောင်ရွက်ခြင်း မရှိကြ၍ မကွေးမြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးနေမျိုးနိုင်မှ ယနေ့ အစည်းအဝေးခေါ်၍ ပေါင်းစပ်၊ညှိနှိုင်းဆွေးနွေး ကြကြောင်း သိရသည်။ မကွေးမြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးနေမျိုးနိုင်မှ မြို့နယ်စည်ပင်သာယာရေးဥပဒေ ဘိုင်လောများကို ဖတ်ကြားရှင်းလင်းပြသည်။ အဓိက ပလက်ဖောင်းပေါ်သို့ ကျူးကျော် ရောင်းချနေသော သစ်၊၀ါး၊သက္ကယ်ဆိုင်များ၊ အိမ်ဆောက်ပစ္စည်းရောင်းဝယ်ရေးဆိုင်များ နှင့် ပစ္စည်းအဟောင်း ဆိုင်များကို ၂၀၁၂ ခု မေလ(၁၀)ရက်နေ့အတွင်း ရှင်းလင်းဖယ်ရှားပေးကြရန် နှင့် ပလက်ဖောင်းပေါ်သို့ ကျူးကျော်ဈေးဆိုင်များအားလုံး မြို့နယ်စည်ပင်သာယာရေးအဖွဲ့သို့ လျှောက်လွှာတင်ရမည်။ စည်ပင်သာယာရေးအဖွဲ့မှ ကွင်းဆင်းတိုင်းတာ၍ စည်ပင်သာယာရေး ဥပဒေနှင့် အညီ ခွင့်ပြုသင့်သည်များကို ခွင့်ပြုပေး၍ ဥပဒေနှင့် မညီသောဆိုင်များအား ရှင်းလင်းဖယ်ရှားရမည် ဟု သိရသည်။ သစ် ၀ါး သက္ကယ် ရောင်းဝယ်ရေးဥက္ကဋ္ဌမှ ` ကျွန်တော်တို့ကို စက်သုံးဆီ အရောင်းဆိုင်များလို မြို့ပြင်မှာ မြေနေရာများချထားပေးမယ်ဆိုရင် မြို့ပြင်သို့ထွက်ပြီး ရောင်းချလိုပါတယ်ခင်ဗျာ´ ဟု ဆွေးနွေးပြောဆိုပါတယ်။ ဦးနေမျိုးနိုင်မှ သက်ဆိုင်ရာသို့တင်ပြပေးမည်ဟု ဖြေဆိုပါသည်။ လမ်းဘေးဈေးကောက် BOT စနစ်အရ နေ့စဉ်ဈေးကောက်နေခြင်းအား စားသောက်ဆိုင်ပိုင်ရှင် အမျိုးသမီးတစ်ဦးမှ ``ကျမတို့ စားသောက်ဆိုင်တွေက လမ်းဘေးထိုင်ခုံများခင်းတဲ့ကိစ္စကို ယခု စည်ပင်သာယာရေးရုံးအဖွဲ့သို့ လျှောက်ထား လို့ ခွင့်ပြုမိန့်ရပြီး ကျသင့်တဲ့ အခွန်ဆောင်ပြီးရင်ကော နေ့စဉ်လမ်းဘေးဈေးကောက်တွေက ပေးနေရအုံးမှာလား?။ ယခု ကျမတို့မှာ လမ်းဘေးဈေးကောက်ကိုအကျယ်အ၀န်းအလိုက် တစ်လ (၁၀၀၀၀ိ) (၁၅၀၀၀ိ) ပေးနေရပါတယ်။ အဲဒီ နေ့စဉ်ဈေးကောက်ကို ထပ်ပေးရမှာလားရှင်´ဟု မေးမြန်းသည်။ ` လမ်းဘေးကျူးကြော်ဆိုင်ဆိုတာ ယာယီလာရောက် ဈေးရောင်းတဲ့ဆိုင် ဥပမာ၊ ခေါင်းရွက်ဗျတ်ထိုး ယာယီဈေးသည်များ၊ ကွမ်းယာဆိုင်လို လမ်းဘေးမြေပေါ်မှာ ဆိုင်ခင်းကျင်းရောင်းချတာဆိုရင် နေ့စဉ်ဈေးကောက် ပေးရပါ့မယ်။ လက်ရှိဆိုင်ခန်းရှေ့ထွက်ပြီး ကျူးကြော်ခင်းကျင်းရောင်း ချတဲ့ ဆိုင်တွေ၊ လက်ရှိ ဆိုင်မကြီးကနေ အမိုးအဖီဆွဲချပြီး ရောင်းချတဲ့ဆိုင်တွေက ကျွန်တော်တို့ဆီကို လျှောက်လွှာတင်ပြီး ခွင့်ပြုမိန့်ယူပြီး လိုင်စင်ဆောင်ရမယ်။ ကျသင့်တဲ့ လိုင်စင်ငွေပေးဆောင်ထားရင် မလိုဘူးလို့သာ ဖြတ်ချင်ပါတယ်။´ ဟု အမှုဆောင်အရာရှိ၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးနေမျိုးနိုင်မှ ဖြေဆိုသွား ၍ သတင်းရယူခဲ့ပါသည်။ အထက်ပါအတိုင်း သဘောတူညီခဲ့ကြသော်လည်း (၁၀-၅-၂၀၁၂) နေ့အထိ လိုက်နာဆောင်ရွက်ခြင်းမရှိ၍ လမ်းမြေပေါ် တွင်ကျူးကျော်ထားရှိသောပစ္စည်းများ၊ ဈေးဆိုင်များအား (၁၃-၅-၂၀၁၂)နေ့ နောက်ဆုံးထားပြီး ရှင်းလင်းဖယ်ရှားပေးရန် နှင့် လမ်းမြေဧရိယာသုံးစွဲခွင့် တင်ပြလျှောက်ထားကြရန် မကွေးမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ စာအမှတ်(၈၆၆/ဃ-၁(၆က)/မက-၃(၀၀၁) ဖြင့် ၂၀၁၂၊မေလ(၁၆)နေ့တွင် သက်ဆိုင်သူများထံသို့ထပ်မံအကြောင်းကြား ထားကြောင်း၊ လိုက်နာဆောင်ရွက်မှုမရှိပါက စည်ပင်သာယာရေးအဖွဲ့များ ဥပဒေအရ တရားစွဲဆိုအရေးယူသွားမည်ဖြစ် ကြောင်း ဖော်ပြ သိရှိရပါသည်။ သတ်မှတ်စည်းကမ်းချက်အား လိုက်နာရန် ကျန်ရှိနေသော ဈေးဆိုင်များကို မေးမြန်း စုံစမ်းကြည့်ရာ ``ကျမတို့က စည်ပင်သာယာက ထုတ်ပြန်တဲ့ စည်းကမ်းကို မလိုက်နာချင်လို့ မဟုတ်ပါဘူး။ ယခုအချိန်က မကွေးမြို့နယ်မှာ စိုက်ချိန်ပျိုးချိန်ဆိုတော့ ငွေရေးကြေးရေးက တော်တော်ကို ကြပ်တည်းကြပါတယ်။ တောကလူတွေ မြို့တက်မလာနိုင်တော့ ဈေးကလည်း ရောင်းမကောင်းတဲ့ ကာလကြီး ဖြစ်နေပါတယ်။ ကလေးတွေ ကျောင်းအပ်ဖို့ကိုတောင် စိတ်ပူနေရတဲ့အချိန်ပါ။ စည်ပင်သာယာကိုလည်း လုပ်ငန်းလိုင်စင်ခွန် ဆိုင်းဘုတ်ခွန် ဈေးကောက် စတဲ့ တောင်းတဲ့ အခွန် အခများကို၊ နှစ်စဉ်၊လစဉ်၊ နေ့စဉ်ဆောင်ပေးနေပါတယ်။ သူတို့ စည်ပင်သာယာဌာနကလည်း မြို့ပြစည်ကားရေးကို ဆောင်ရွက်နေတာဖြစ်တော့ အပြစ်မပြောချင်ပါဘူး။ ဒါပေမယ့် ကျမတို့ ဈေးသည်မိသားစုတွေရဲ့ မျက်နှာကိုထောက်ထားညှာတာပြီး အခြေအနေနဲ့ အချိန်အခါလေးကို စောင့်ပြီး ဆောင်ရွက်ပေးစေချင်ပါတယ်ရှင်´´ဟု အသက်(၅၀) အရွယ် စားသောက်ဆိုင်ပိုင်ရှင် အမျိုးသမီး တစ်ဦးက မြန်မာပို့စ် ဂျာနယ်သို့ ပြောဆို၍ သတင်းရယူခဲ့ပါသည်။ ၀ိုင်းကြည်အောင်
 

၁၆-၅-၂၀၁၂ `သတင်းသမား ထမင်းစားမိခြင်း´

ကိုယ့်အကြောင်း သူများအကြောင်း နှင့် ပတ်ဝန်းကျင်မှ အကြား အမြင်များ အမှတ်(၁၁၆-၅-၂၀၁၂) ၁၆-၅-၂၀၁၂ `သတင်းသမား ထမင်းစားမိခြင်း´ မနေ့ရာသီဥတုက တော်တော်ပူတယ်။ အိပ်ရေးပျက်ပါတယ်။ ယနေ့ မြန်မာပို့စ် ဂျာနယ်ထွက်တယ်။ ရွှေထနောင်း ကုမ္ပဏီ တောင်သူများ ငွေချေးတဲ့ သတင်းပါတယ်။ ဦးဝင်းရှိန်ဆီကို ဖုန်းဆက်ပြောလိုက်တယ်။ သူက ရုံးသို့တက်လာခဲ့ဖို့ ဖိတ်တယ်။ ဂျာနယ်တစ်ဆောင်ကို ၀ယ်ပြီးတက်သွားတယ်။ အဲဒီရုံးမှာ နံနက်စာ ထမင်းကျွေးပါတယ်။ ထမင်းထုပ်ဝယ်ပြီးစားကြတာပါ။ ကုမ္ပဏီကြီးက ကျွေးတဲ့ ထမင်းကို စားမိခဲ့ပါပြီ။ ယနေ့ ရာသီဥတုက တော်တော်ပူနေပါတယ်။ အသွား အပြန် ဆိုင်ကယ်နဲ့ သွားသော်လည်း အသားတွေက ပူနေပါတယ်။ အပြန် ဈေးဆိုင်မှာ ကြမ်းပြင်ပေါ် ဖျာခင်းပြီး နားနေရပါတယ်။ တောင်သူကြီး တစ်ဦးပြောတဲ့ စိုက်ပျိုးစရိတ်သတင်းကို အင်တာဗျူးလာပါတယ်။ အဲဒါကို သတင်းရေးဖို့ စီစဉ်တာ မရေးဖြစ်ပါ။ ၁၇-၅-၂၀၁၂ နေ့မှ ရေးဖြစ်ပါတယ်။ မိုးဦးကျချိန် တောင်သူများ ကံကိုသာ အားကိုးပြီး မျိုးကျဲကြရ ။ မကွေးမြို့နယ်တွင်းမှ တောင်ဘက်၊ မြောက်ဘက် ရှိ ကျေးရွာတွင် ဒီနှစ်မိုးဦးကျစောသည်ဟု ပြောဆိုသံကြားရသည်။ ယခင်နှစ်ထက် (၂၅)ရက်လောက် စောမယ်ထင်တယ်ဟု သိရ၏။ မကွေးမြို့တောင်ဘက် မြောက်ဘက်ရွာများမှာ ၆-၄-၂၀၁၂ နေ့က တစ်မိုးရွာပြီး ၈-၅-၂၀၁၂ နေ့များမှာ တစ်မိုးရွာကြောင်းသိရသည်။ ၎င်း မိုးများဖြင့် အညာဒေသစိုက်ပျိုးသော ယာခင်းများတွင် မြေပဲ၊ နှမ်းများ စတင်စိုက်ပျိုးကြကြောင်းမြင်တွေ့ခဲ့၏။ မန်ကျည်းကန်ရွာမှ တောင်သူကြီး ဦးမြင့်နိုင် နှင့်တွေ့ဆုံပြီး ယခုနှစ် မိုးဦးကျတွင် မြေပဲနှင့် နှမ်းစိုက်ပျိုးရေးအကြောင်း မေးမြန်းခဲ့ပါ၏။ `ကျွန်တော်တို့ရွာက ယာခင်းတွေမှာ ၆-၄-၂၀၁၂ နေ့ မိုးရွာလို့ မြေပဲကျဲပြီး စိုက်ပျိုးခဲ့ပါတယ်။ ယခု ဒီနေ့ ၁၆-၅-၂၀၁၂ နေ့ဆိုရင် မြေပဲပင်က ရက် (၃၈)ရက်သား ဖြစ်နေပါပြီ။ မိုးလေ၀သ ပုံမှန်အတိုင်းကောင်းရင်တော့ စပြီး မျိုးဆံချတဲ့ရက်ကနေ မြေပဲ ဖော်တဲ့ရက်အထိဆိုရင် ရက်ပေါင်း(၉၀) သာကြာပါတယ်။ မျိုးမြေပဲဆံဈေးနှုန်းက (၁၅) ပိသာ(၁)တင်းကို (၃၀၀၀၀ိ) သုံးသောင်းဝယ်ရပါတယ်။ ပဲဆံမျိုးကတော့ တွန်တာနီ(အနီရောင်)ပါ။ တစ်ဧကို ပဲဆံ(၂)တင်းကျ စိုက်ပျိုးရပါတယ်။ ထွက်နှုန်းကတော့ မိုးကောင်ရင်ပေါ့နော် တစ်ဧက ပဲဆံ(၂)တင်းကျဲရင် မြေပဲအတောင့် (၇၅-၈၀) တင်းခန့်ထွက်တယ်။ အဲဒီပဲတောင့်ကို ပဲဆံခွဲလိုက်ရင် တစ်ဧကကို ပဲဆံ (၂၀) တင်းခန့်ထွက်ပါတယ်။ စိုက်ပျိုးစရိတ်ကတော့ တစ်ဧကမှာ ပဲဆံဘိုးနဲ့ မြေသြဇာဘိုး အလုပ်သမားခ အပါအ၀င်ဆိုရင် (၂)သိန်းခွဲ (၃)သိန်းခန့်ကုန်ပါတယ်။ကျွန်တော်ဆိုရင် မြေပဲနဲ့ နှမ်းကို ဧက(၃၀)လောက်စိုက်ပျိုးထားပါတယ်။ တောင်သူကြီးစာရင်းဝင်ပေါ့။ နောက် နှမ်းမျိုးကျတော့ မျိုးစေ့အတွက် စရိတ်သက်သာပါတယ်။ နှမ်းမှာ အဖြူ၊ အနီ၊ အနက် သုံးမျိုးရှိပါတယ်။ မျိုးနှမ်းဖြူတစ်တင်းမှ ငွေကျပ်(၃၀၀၀၀ိ) ခန့်ဝယ်ရပါတယ်။ တစ်ဧကမှာ နှမ်း(၆)ပြီလောက်ကျရပါတယ်။ ကုန်ကျငွေကတော့ တစ်ဧကမှာ(၂)သိန်းခွဲ(၃)သုံးလောက်ပဲကျပါတယ်။ နှမ်းက မြေဆီပိုပြီး သုံးပေးရတယ်။ နှမ်းက မိုးမရွာခင်(၁)လ၊ (၂)လောက်ကနေ ယာခင်းထဲမှာ ကြိုတင်ပြီး မိုးမရွာဘဲ နှမ်းမျိုးစေ့ချစိုက်ထားလို့ရပါတယ်။ နှမ်းက တစ်ဧကမှာ (၅-၁၀)တင်းခန့် မိုးလေ၀သ အခြေနေပေါ်မူတည်ပြီး ထွက်ပါတယ်။ နှမ်းက မိုးနည်းနည်းလေးရွာရင် မကြိုက်ပါဘူး။ ပူစပ်ပူလောင်ဖြစ်သွားရင် နှမ်းပင်တွေက ငိုက်ကျပြီး သေကုန်ပါတယ်။ ဒါကြောင့် တစ်ချို့က နှမ်းကျဲပြီး ယခု ရက်(၄၀)လောက်မှာ မိုးကမလိုက်ရင် နှမ်းခင်းတွေကို ဖျက်ပြီး ပြန်ကျဲကြပါတယ်။ နှမ်းဖြူရဲ့ စိုက်ပျိုးရက်က ရက်ပေါင်း(၈၅)လောက် ကြာပါတယ်။ ယခုအထိ မြေပဲက စိုးရိမ်စရာမရှိပါဘူး။ နှမ်းကတော့ ယခုမိုးကို မျှော်နေရပါတယ်။ ကျွန်တော်တို့ တောင်သူတွေဟာ မိုးရွာမှာကို မျှော်ကိုးပြီး ကံတိုက် စိုက်ပျိုးကြရပါတယ်။ မိုးလေ၀သ မမှန်လို့ ကံချော်သွားတဲ့နှစ်တွေဆိုရင် အဲဒီနှစ် အကြွေးတွေ တင်သွားကြရပါတယ်ဗျာ..။ ဒါကြောင့် ကျွန်တော်တို့ တောင်သူတွေမှာ ကံ ဥာဏ် ၀ိရိယ (၃)ဖြာမှာ တစ်ခုခုက လိုသွားရင် အရှုံးပေါ်ကြရပါတယ်။ ဒါကြောင့် မိုးလေ၀သ များ (၂)နှစ်(၃)နှစ်ကြီးတောင် မိုးခေါင်သွားလို့ကတော့ တောင်သူ အငယ်စားလေးတွေ ခိုင်းတဲ့နွားတွေရောင်းစားရ၊ လုပ်ကိုင်စားသောက်ရတဲ့ ယာခင်းတွေကို သူများဆီပေါင်ကျရပါတယ်။ ဒီလိုဘေးဆိုးကနေ လွှတ်အောင် မိုးလေ၀သ ကောင်းပါစေ၊ မိုးလေ၀သမှန်အောင်ကလဲ ရှေးလူကြီးတွေဆုတောင်းခဲ့ကြသလို မင်းကောင်း မင်းမြတ်များ ထွန်းကား လာနိုင်ကြပါစေလို့သာ ဆုတောင်းနေကြရပါ တယ်ဗျာ..။´ ဟု ဦးမြင့်နိုင် မှ မြန်မာပို့စ် သတင်းဂျာနယ်သို့ပြောဆိုသွားသည်။ ၀ိုင်းကြည်အောင်
 

၁၅-၅-၂၀၁၂ ` အပူဒီဂရီများတက်နေသော နေ့များ´

ကိုယ့်အကြောင်း သူများအကြောင်း နှင့် ပတ်ဝန်းကျင်မှ အကြား အမြင်များ အမှတ်(၁၁၅-၅-၂၀၁၂) ၁၅-၅-၂၀၁၂ ` အပူဒီဂရီများတက်နေသော နေ့များ´ ညကပူလွန်း၍ အိပ်မရပါ။ အိမ်မှာ ယောက်ခမ နေမကောင်းလို့ လာအိပ်ခိုင်းထားပါတယ်။ ကိုယ်အပူချိန်များနေတော့ ကျွန်တော်တို့ အဲယားကွန်းတပ်ထားတဲ့ အခန်းကျဉ်းလေးမှာ ခေါ်ထားရပါတယ်။ ကျွန်တော်က အခြား ဆီဆိုင်ခန်းမှာ အိပ်ရပါတယ်။ မျက်စေ့အကျင့် ၀မ်းအကျင့်ဆိုတာမှန်ပါတယ်။ အဲယာကွန်းခန်းမှာ အိပ်လာတဲ့ ခန္ဓာကိုယ်က ပန်ကာနဲ့ အိပ်တာ လုံးဝမရတော့ပါ။ ခေါင်းတွေမူးနေပါတယ်။ သွေးပေါင်ချိန်ကြည့်တယ်။ သွေးပေါင်တွေကျနေကြောင်းသိရတယ်။ ဓာတ်ဆားရေ၊ ဆူဆေးပြားရေတွေကို သောက်နေရပါတယ်။ နေ့စဉ်စားနေကြ ဆရာဦးဝင်းမြင့် ရဲ့ သွေးကျဆေးပြားများကို ဖြတ်ထားရပါတယ်။
 

၁၄-၅-၂၀၁၂ `မကွေးမြို့မှာ ဗုဒ္ဓမြတ်စွယ်တော်ပွား (၂)ဆူ ပူဇော်ထားသည်´

ကိုယ့်အကြောင်း သူများအကြောင်း နှင့် ပတ်ဝန်းကျင်မှ အကြား အမြင်များ အမှတ်(၁၁၄-၅-၂၀၁၂) ၁၄-၅-၂၀၁၂ `မကွေးမြို့မှာ ဗုဒ္ဓမြတ်စွယ်တော်ပွား (၂)ဆူ ပူဇော်ထားသည်´ မနေ့က တိုင်းပြန်ဆက်တိုင်းဦးစီးမှူး ဦးဝင်ခင် ဆီက သွားယူထားတဲ့ စွယ်တော်သတင်းကို ဒီနေ့ ရေးတယ်။ အင်တာနက် ဘလော့ တင်ချိန်တော့ မရလိုက်ပါ။ ဦးဝင်းခင် ရောက်လာတယ်။ ဧည့်ခံပြီး စကား မပြောလိုက်နိုင်ဘူး။ အားနာလိုက်တာ။ သူလည်း သိပါတယ်။ သူ့သင်းကို ဖတ်ခိုင်းလိုက်သေးတယ်။ မိုးကြီးလေကြီး သတင်းသူက ကျွန်တော့်ကို သတင်းပေးတုန်းက သတင်းထဲမှာ တိုင်းပြန်ဆက် တိုင်းမှူးဦးဝင်းခင် မှ ပြောပါသည်လို့ ရေးလိုက်မိတယ်။ အဲဒါကို ညွှန်းပြီး ကျုပ်က ပြေတယ်လို့ သတင်းထဲမှာ ရေးဦးမှာလား လို့ မေးနေပြန်တယ်။ `ဆရာ သက်ပြည့်ပင်စင်သွားခါနီးမှာ တိုင်းပြည်က သိအောင် ကြော်ငြာပေးတာပါလို့ ဖြေပေးလိုက်ပါတယ်။ သူပြန်သွားတော့ မြို့နယ်စည်ပင်သာယာရုံး ကို ပြေးရတယ်။ ထီဆိုင် နဲ့ ဆီဆိုင်(၂)ဆိုင် လမ်းပေါ်မြေအသုံးပြုခွင့် လျှောက်လွှာတင်ရတယ်။ စည်ပင်ရုံးကနေ ဆည်မြောင်းရုံးသို့ ဆက်ပြေးတယ်။ အပြန်မှာ စည်ပင်ရုံးကို လျှောက်လွှာတွေ သားကြီးကို တင်ခိုင်းလိုက်ရပါတယ်။
 

၁၃-၅-၂၀၁၂ `စကိုင်းနက် အင်တာနက်လိုင်းမှ ဘလော့ပို့စ်တွေကို ဖွင့်ပေးလိုက်ပြီ´

ကိုယ့်အကြောင်း သူများအကြောင်း နှင့် ပတ်ဝန်းကျင်မှ အကြား အမြင်များ အမှတ်(၁၁၃-၅-၂၀၁၂) ၁၃-၅-၂၀၁၂ `စကိုင်းနက် အင်တာနက်လိုင်းမှ ဘလော့ပို့စ်တွေကို ဖွင့်ပေးလိုက်ပြီ´ မနေ့ကစပြီး စကိုင်းနက်အင်တာနက်လိုင်းကကောင်းနေပါတယ်။ ကျွန်တော့် ၀က်ဆိုဒ်မှာ သတင်းဓာတ်ပုံတွေ ပေါ်နေပါတယ်။ ယခင်က မပေါ်ပါဘူး။ စာတွေသာ ပေါ်ပါတယ်။ ဒါပေမယ့် ယနေ့နံနက်တော့ အိပ်ယာစောစောထပြီး ဘလော့ပို့စ်ကို ၀င်ကြည့်တယ်။ ရနေတာကို တွေ့ရလို့ အံ့သြသွားတယ်။ ဘလော့တင်ကြည့်တယ် ကွန်နရှင်ကလည်း ကောင်းတယ် ဘလော့တင်ရတာ မြန်မြန်ပြီးသွားတယ်။ ဓာတ်ပုံတွေကိုလည်း တင်ချင်သလောက် တင်လို့ရပါတယ်။ ဒါကြောင့် စကိုင်းနက် အင်တာနက်လိုင်း ပွင့်လင်းမြင်သာစွာနဲ့ ပိတ်ထားတာတွေကို ဖွင့်ပေးလိုက်ပြီ ထင်ပါတယ်။ ကျေးဇူးတင်ပါတယ် စကိုင်းနက်ရယ်။ ရွှေထနောင်ကုမ္ပဏီ မှ တောင်သူတွေကို စိုက်ပျိုးစရိတ်ငွေချေး တဲ့ သတင်း နဲ့ အညာဒေသ နေပူပူ နွေခေါင်ခေါင်မှာ ကိုရီးယားနှမ်းမျိုးစိုက်လို့ရပြီ သတင်းများကို စတင်ပါတယ်။ ရွှေထနောင်း မှ ဦးဝင်းရှိန်ကို ဖုန်းဆက်ပြီးပြောပါတယ်။ နောက် သတင်းထောက် စောလှနွယ်(ခ) ဗိုလ်ကာ ကို ကိုရီးယားနှမ်းဖြူသတင်း ပေးလိုက်ပါတယ်။ `အညာဒေသ နေပူပူ နွေခေါင်ခေါင်မှာ ကိုရီးယားနှမ်းမျိုးကို စိုက်လို့ရပြီ´ မကွေးတိုင်းဒေသကြီး မကွေးမြို့ တန်(၃၀)ကျ သ/မဆီစက်ဝန်းခြံအတွင်းမှာ (၈-၅-၂၀၁၂) ၊ ၁၃၇၄ ခုနှစ်၊ ကဆုန်လပြည့် ကျော်(၃)ရက်နေ့တွင် နှမ်းထောင်များ ကို နေပူလှမ်း၍ နှမ်းခါနေကြသည်။ ရိတ်သိမ်းပြီး အသီးပတ်လည်ဖြင့် နှမ်းပင်များကို မော်တော်ကားကြီးများဖြင့် သယ်ဆောင်၍ ယူလာနေသည်ကို မြင်တွေ့ရပါသည်။ ယခုနှစ် အညာဒေသတွင် နေအပူရှိန်က တော်တော်ပြင်းထန်နေသည်။ အပူချိန်(၄၂/၄၃) စင်တီဂရိတ်အထိ ရှိကြောင်း တိုင်းတာသိရှိရပါသည်။ ယာခင်းများတွင် ယခုလို နွေရာသီကာလမှာ ဘာသီနှံမှ စိုက်ပျိုးချိန်မဟုတ်ပါ။ စိုက်ပျိုး၍လည်း လုံးဝမရပါ။ ထွန်းရေးပြင်ဆင်ထားပြီး မိုးဦးကျ၊ မိုးမရွာခင်မှာ မြေပဲ၊ နှမ်းများ ကျဲချဖို့ အဆင့်သင့် ပြင်ချိန်ဖြစ်ပါသည်။ အချို့တောင်သူ များသည် မိမိတို့ ယာခင်းများအတွင်း နှမ်းမျိုးစေ့များကို မိုးမရွာမီ ကြိုတင် ကျဲချထားကြကြောင်း မြင်တွေ့ရပါသည်။ မိုးမရွာဘဲ နှမ်းမျိုးစေ့များကို တစ်လခန့် ကြိုတင်၍ ကျဲထားနိုင်ကြောင်း ကြားသိရသည်။ ဤကဲ့သို့ နွေကာလကြီးမှာ အောင်မြင်စွာဖြင့် ရိတ်သိမ်းလာသော နှမ်းပင်များ၊ နှမ်းထောင်များကို မြင်တွေ့ရသူတိုင်းမှ အံ့အားသင့်နေကြရသည်။ စာရေးသူကိုလည်း မြင်တွေ့ရသူတိုင်းက ဒီသတင်းကို မစုံးစမ်းဘူးလား လို့ မေးမြန်းနေကြပါသည်။ ထို့ကြောင့် အညာဒေသ နေပူပူ နွေခေါင်ခေါင်မှာ နှမ်းစိုက်လို့ ရသလား သတင်းအား ဦးနေလင်းအောင် (အတွင်းရေးမှူး မကွေးကုန်သည်ကြီးများ အသင်း) ထံသို့ သွားရောက်၍ သတင်း ယူခဲ့ရပါသည်။ `` ကျွန်တော်နဲ့ First Top Group ကုမ္ပဏီတို့ အကျိုးတူ ပေါင်းစပ်ပြီး ဒီတန်(၃၀) ဆီစက်ကို ငှါးရမ်းလုပ်ကိုင်ကြပါတယ်။ ယခု ဒီခြံဝန်းထဲမှာ နေလှမ်းပြီး ခါနေတဲ့ နှမ်းပင်တွေကို တောင်သူ ယာသမားများ နားနေတဲ့ နွေကာလမှာ စိုက်ပျိုးခဲ့ပါတယ်။ ဒီနှမ်းမျိုးစေ့တွေက ကိုရီးယားနှမ်းအဖြူမျိုးစေ့ဖြစ်ပါတယ်။ ဒီ နှမ်းမျိုးစေ့ကို First Top Group ကုမ္ပဏီ ပိုင်ရှင်က ကိုရီးယားနိုင်ငံကနေ (၃)ပြည်သာ နည်းနည်း၊ စမ်းသပ်စိုက်ပျိုးကြည့်ဖို့ ၀ယ်လာပါတယ်။ အဲဒီ ကိုရီးယားနှမ်းအဖြူ (၃)ပြီကို ၂၀၀၈/၂၀၀၉ ခုနှစ်က ဆားတိုင်းကန်ရွာ ယာခင်းမြေ(တစ်ဧကခွဲ)နဲ့ (မိုးတွင်း နှမ်းစိုက်ပျိုးချိန်)မှာ မျိုးပွားဖို့ စတင်စမ်းသတ်ပြီး စိုက်ပျိုးခဲ့ပါတယ်။ နည်းစနစ်မမှန်လို့၊ နည်းပညာကို မသိသေးလို့ (၃)ပြည်မျိုးစေ့စိုက်ပျိုးခဲ့တာ (၃)ပြည်ဘဲ ပြန်ရခဲ့ပါတယ်။ ၂၀၀၉/၂၀၁၀ မိုးတွင်းကာလမှာ ဒီကိုရီးယားနှမ်းအဖြူ မျိုးစေ့ (၃)ပြည်ကိုထပ်မံစိုက်ပျိုးပါတယ်။ အဲဒီနှစ်မှာတော့ မျိုးစေ့(၃)ပြည်ကို စိုက်ပျိုးလိုက်တာ (၂)တင်းခွဲရခဲ့ပါတယ်။ တစ်ပင်တိုင်မျိုးလို့လည်း ခေါ်ပါတယ်။ မျိုးက မာလာပါတယ်။ ကိုရီးယားနှမ်းပင်က ပင်စည်ပတ်ပတ်လည်မှာ နှမ်းအသီးတွေက ထွက်လာတာပါ။ မြန်မာနှမ်းပင်ကတော့ ပင်စည်ကနေ လက်တက် ခွထိုးတယ်။ အဲဒီ ခွကြားတွေမှာ နှမ်းအသီးတွေက သီးရပါတယ်။ ပင်စည်ကနေပြီး လက်တက်ခွထိုးနေရတာနဲ့ ကို အပင်အားက ကုန်နေပါတယ်။ ကိုရီးယားမျိုးကတော့ ပင်စည်မှာတင် ပတ်ပတ်လည် သီးတာပါ။ နှမ်းအရောင်ကလည်း ဖြူဖွေးနေပါတယ်။ နှမ်းနှစ်မျိုးကို ပန်ကန်ပြားထဲမှာ ထည့်ပြီး ယှဉ်ပြထားပါတယ်။ တော်တော်ကွာခြားပါတယ်။ ဒါနဲ့ ၂၀၁၀/၂၀၁၂ ခုနှစ်မှာတော့ ဒီကိုရီးယားနှမ်း အဖြူ(၂)တင်းခွဲကို ထပ်မံပြီး မျိုးပွားစိုက်ပျိုးဖို့ မြေဧက(၇၁)ဧကကို စိုက်ပျိုးဖို့မြေယာ ငှါးရပါတယ်။ မကွေးမြို့နယ် သမန်းတောရွာနဲ့ လွန်ပြတ်ကန်ရွာနားက ဆည်မြောင်းဦးစီးဌာန (သဖန်းဆိပ်ရွာ ဧရာဝတီမြစ်ရေစီမံကိန်း)က လုပ်ထားတဲ့ မြစ်ရေတင်စက် ပန့်အမှတ်(၄) မြောင်ဘေး လက်ဝဲ လက်ယာမှ ယာခင်းတွေကို ငှါးလို့ ရပါတယ်။ ယာခင်းရှင်တွေအနေနဲ့လည်း ကျွန်တော်တို့ စိုက်ပျိုးချိန်မှာ နွေရာသီဆိုတော့ မြေယာတွေက အားနေပါတယ်။ အဲဒီ ယာခင်း(၇၁)ဧကမှာ ဒီ ကိုရီးယားနှမ်းအဖြူမျိုးစေ့(၂)တင်းခွဲကို နွေခေါင်ခေါင်ကာလ ဖြစ်တဲ့ ၂၀၁၂ ခု၊ ဇန်န၀ါရီလ(၁၉)ရက်နေ့မှာ မျိုးပွား စတင်စိုက်ပျိုး ပါတယ်။ နွေကာလဆိုတော့ ရေအတွက် ဆည်မြောင်းဌာန မြစ်ရေတင်စီမံကိန်း မြောင်းက ရေကို လိုသလောက် ပေးကြပါတယ်။ မြစ်ရေတင်မြောင်းကနေပြီး ရေစုပ်စက်(မြင်းကောင်ရေ ၆/ဂ)နဲ့ ခရုပန့် အလုံး(၄)လုံးနဲ့ ပိုက်တွေဆက်တယ်။တစ်လက်မပိုက်အလုံး(၅၀၀) သုံးရတယ်။ ရေပန့် ချာလည်ထောင်ထားတဲ့ (စပင်လာပန့်)ပန့်အချောင်(၇၀) တတ်ဆင်ထားပြီး မိုးအတု ရွာသလိုမျိုး ရေဖြန်းပေး ရပါတယ်။ ရေတစ်ခါဖြန်းရင် (၁၀)ဧက တစ်ဖြတ်ကို (၇)ရက်လောက် ရေဖြန်းပါတယ်။ နောက်တစ်ကွက် (၁၀)ဧကကို ထပ်မံပြောင်းပြီး ဖြန်းပါတယ်။ စိုက်ပျိုးရက်ပေါင်း(၉၀) ရက်အချိန်ကြာအောင် စိုက်ပျိုးထားရပါတယ်။ ၂၀၁၂ ခု၊ ဧပြီလ(၂၄)ရက်နေ့က နှမ်းပင်တွေကိုရိတ်သိမ်းခဲ့ပါတယ်။ ဒီယာခင်းတွေကနေ နှမ်းပင်အစီးများကို ကားတွေ နဲ့တင်ပြီး တန်(၃၀) သ/မဆီစက်ဝန်းထဲကို သယ်လာတာပါ။ ယာခင်းရှင်တွေကလည်း မိုးကကျခါနီးတော့ နှမ်းပင်တွေကို အားချင်းရွှေ့ပြောင်းသယ်ပေးခဲ့ရပါတယ်။ ယခု ဒီ ကိုရီးယားနှမ်းအဖြူ(၂)တင်းခွဲကို မျိုးပွားစိုက်ပျိုးလိုက်တာ နွေရာသီမှာ စိုက်ပျိုးရတော့ တစ်ဧကမှာ (၁၅)တင်းသာ ထွက်ပါတယ်။ နှမ်းစိုက်ပျိုးတဲ့ မိုးရာသီမှာ စိုက်ပျိုးရရင် တစ်ဧကကို နှမ်း(၂၀)တင်းထွက်ပါတယ်။ တောင်သူတွေ မိုးရာသီမှာစိုက်ပျိုးရင် နှမ်းမျိုးစေ့ဘိုးနဲ့ ပိုးသတ်ဆေးများ မြေသြဇာများပါ တစ်ဧကကို (တစ်သိန်းခွဲ)လောက်ကျ ပါ့မယ်။ ကျွန်တော်ကတော့ နွေရာသီမှာ စွန့်စားပြီး မျိုးပွားစိုက်ပျိုးရတော့ တစ်ဧကကို (၂)သိန်းခွဲ ခန့်ကုန်ပါ့မယ်။ နွေရာသီမှာ နွေနှမ်းစိုက်တယ်ဆိုတာ ရှားပါးပါတယ်။ တောင်သူတွေကို ဒီလိုကောင်းတဲ့ ကမ္ဘာ့ဈေးကွက်ဝင် ကိုရီးယားနှမ်းအဖြူ မျိုးတွေကို အာမခံနဲ့ နည်းပညာပါ၊ ကတ်တစ်လာက်စာအုပ်နဲ့ တစ်ကွ နှမ်းမျိုးကောင်း မျိုးသန့်တွေကို ဖြန့်ဝေ ရောင်းချဖို့ လုပ်ကိုင်တာပါ။ ကျွန်တော်တို့ ကုမ္ပဏီက ဦးဆောင်ပြီး မြန်မာနှမ်းမျိုးဟောင်းတွေနေရာမှာ ဈေးကွက်ဝင် အထွက်တိုးတဲ့ နိုင်ငံခြား မျိုးကောင်း မျိုးသန့်တွေကို အစားထိုးချင်ပါတယ်။ ဈေးနှုန်းကတော့ မြန်မာနှမ်းအဖြူမျိုး ပေါက်ဈေးထက်(၄၅)ပိဿာမှာ ငွေကျပ်သုံးထောင်မှ ငါးထောင်လောက်တော့ပိုပါ့မယ်။ ယခုလာမယ့် ၂၀၁၂/၂၀၁၃ မှာ ဒီလို အထွက်တိုး ကိုရီးယားနှမ်းအဖြူမျိုးတွေ တင်းပေါင်းသိန်းချီပြီး ဖြန့်ဖြုးပေးဖို့စီစဉ်ထားပါတယ်။ ဈေးကွက်ဝင်ဖို့ ဆိုတာကတော့ ပထမနှစ်စိုက်ပြီးတာနဲ့ အရည်အသွေးပြည့်ဝတဲ့ ဒီနှမ်းကိုမြင်လိုက်တာနဲ့ ၀ယ်လက် ကုန်သည်တွေက နှစ်သက်ကြမှာ အမှန်ပါ၊ ဈေးနှုန်းကကွာသွားပြီး ပိုမိုရလာမှာ သေချာပါတယ်။ ဥပမာ ကျောက်ဆည်မှာလည်း နှမ်းကို ရေသွင်းနှမ်းစိုက်ပျိုးကြပါတယ်၊ မန္တလေး ဈေးကွက်မှာ ကျောက်ဆည်နှမ်းအတွက် သီခြားဈေးပိုရပါတယ်။ ကျွန်တော်တို့ တောင်သူတွေဟာ စိုက်ပျိုးရတာ မလွယ်ပါဘူး ခက်ခဲကြပါတယ်။ ရာသီဥတုကလည်း မှန်မှ၊ မျိုးကောင်း မျိုးသန့်လည်းဖြစ်မှ၊ နောက် ပိုးမွှားကျရောက်မယ့် အန္တရာယ်များကိုလည်း ကြိုတင်ကာကွယ်နိုင်မှ၊ အောင်မြင်ကြတာပါ။ ဒီလိုမျိုးလုပ်နေရတဲ့ အချိန်မှာ ဒေသခံ ရှိရင်းစွဲ မျိုးဟောင်းတွေကိုသာ ဆက်သုံးနေကြရင် အထွက်ကမတိုး၊ စရိတ်တွေက တက်တက်လာနေပါတယ်။ ဒီတော့ တောင်သူရဲ့ ဘ၀တွေဟာ ဘယ်လိုမှ နလံမထူနိုင်ကြပါဘူး။ ဒါကြောင့် စိုက်ပျိုးရေးနည်းပညာအသစ်တွေကို ထည်ထည်ဝင်ဝင်ကွင်းဆင်းပြသပြီး အာမခံနဲ့ အထွက်တိုး မျိုးကောင်း မျိုးသန့်တွေကိုရှာပေးတဲ့ ကျွန်တော်တို့လို လုပ်နိုင်တဲ့ ကုမ္ပဏီတွေလို အဖွဲ့အစည်းတွေများများ ပေါ်ပေါက်လာဖို့လိုနေပါတယ်။ လက်ရှိနိုင်ငံတော်အစိုးရသစ်မှ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန နဲ့ ပြည်တွင်း၊ပြည်ပက စိုက်ပျိုးရေးနည်းပညာရှင်တွေအားလုံးက (ယခုထက် ပိုလို့) ၀ိုင်းဝန်းပြီး တောင်သူတွေကို ကူညီပေးကြပါလို့ ပြောကြားပါရစေ..´´ ဟု ဦးနေလင်းအောင်မှ ပြောဆို၍ သတင်းရယူခဲ့ပါသည်။
 

၁၂-၅-၂၀၁၂ `မြန်မာနိုင်ငံသတင်းဆရာအသင်း အဖွဲ့သို့ဝင်ကြသည်´

ကိုယ့်အကြောင်း သူများအကြောင်း နှင့် ပတ်ဝန်းကျင်မှ အကြား အမြင်များ အမှတ်(၁၁၂-၅-၂၀၁၂) ၁၂-၅-၂၀၁၂ `မြန်မာနိုင်ငံသတင်းဆရာအသင်း အဖွဲ့သို့ဝင်ကြသည်´ မနေ့က မြန်မာနိုင်ငံသတင်းစာဆရာအသင်းသို့ အသင်းဝင်လျှောက်လွှာများကို အီးမေးလ်ပို့တယ်။ ဆရာတင်လင်းဇော်၊ ဆရာမ ရွှေယင်းမြေ ခင်စံပယ်ဖြူ၊ မန်းနဂါး၊ နေခြည်(မကွေး) နဲ့ စာရေးသူတို့(၅)ဦးအတွက် လျှောက်လွှာများကို ပေးပို့တယ်။ (၂)ခါပို့ရတယ်။ ပထမတစ်ခါက လိပ်စာမှားနေလို့ နောက်လိပ်စာမှန်နဲ့ ပြန်ပို့ပေးပါတယ်။ ဒီနေ့ နံနက်ပိုင်းမှာ အီးမေးလ်ကို ဖွင့်စစ်လိုက်တော့ လက်ခံရရှိကြောင်း အကြောင်းပြန်ထားပါတယ်။ မြန်မာနိုင်ငံသတင်းစာဆရာအသင်းက မြို့နယ်အဖွဲ့ မဖွဲ့နိုင်ပါ။ လူဦးရေနည်းပါမည်။ ဒါကြောင့် ပြည်နယ်/တိုင်းဒေသကြီး နဲ့ ဗဟိုလ်အဖွဲ့ဟု ဖွဲ့စည်းမည်သိရပါတယ်။ မကွေးတိုင်းဒေသကြီးအတွက် အခြားနယ်မှ လျှောက်လွှာများကို သတင်းထောက်စောလှနွယ် (ခ) ဗိုလ်ကာ ထံ စုဆောင်းပြီး သူကတာဝန်ခံပြီး ပေးပို့ထားတယ်သိရတယ်။ ဒါကြောင့် ဒီမိုကရေစီစနစ်နဲ့ မဲပေးရွေးချယ်ရင် နယ်မှ သတင်းများကို ဗိုလ်ကာမှ စည်းရုံးပြီးသားဖြစ်ကြောင်း ပြောဆိုပါတယ်။ အမှုဆောင်အဖွဲ့ရွေးချယ်ဖို့ အကြို ရာထားကြပါတယ်။ သူကတော့ ရိုးရိုးအဖွဲ့ဝင်အဖြစ်သာ ၀င်လိုကြောင်း အမှုဆောင်အဖွဲ့မှာ မပါလိုကြောင်း ပြောပါတယ်။ ကျွန်တော်နဲ့ အခြား(၄)ဦးကို အမူဆောင်အဖြစ် ရာထားကြမယ်ဆိုပါတယ်။ တောင်တွင်း၊ ရေနံချောင်းမှ တစ်ယောက်စီထည့်လိုကြောင်း ဆိုပါတယ်။ ကျွန်တော်ကို တိုက်ခိုက်တဲ့ အဖွဲ့ကိုလည်း ဗိုလ်ကာ မှ စည်းရုံးထားတယ် ဆိုပြန်တယ်။ ရွေးချယ်ပြီးမှသာ အဖြေမှန်ထွက်ပါမည်။ နံနက်ပိုင်း အင်တာနက် အွန်လိုင်းဝင်ထားတယ်။ ကိုနေခြည်နဲ့ တွေ့တယ်။ နှုတ်ဆက်တာ စကားပြန်မရပါ။ ဒီနေ့ ရွှေထနောင်း စိုက်ပျိုးရေးကုမ္ပဏီက အောင်မြေကုန်းရွာသို့ စိုက်ပျိုးစရိတ်ငွေချေးသွားမည်။ ကျွန်တော့်ကို လိုက်ဖို့ခေါ်ထားပါတယ်။ သွားတဲ့နေ့ တယ်လီဖုန်းဆက်ပြီး ကားနဲ့ လာခေါ်မယ် ဆိုသော်လည်း ရောက်မလာကြပါ။ နေပူတာနဲ့ မသွားဖြစ်တာ ခပ်ကောင်းကောင်းပေါ့။ ယနေ့မကွေးမြို့သို့ ရောက်လာတဲ့ လျှပ်တစ်ပြက်ဂျနယ်မှာ မကွေးလှမြင့်ရေးတဲ့ မကွေးမြို့နယ်စည်ပင်သာယာမှ ရေလုံလောက်အောင်ဖြန့်ဖြူးနေ ဆိုတဲ့ သတင်းပါလာတယ်။ စည်ပင် အမှုဆောင်အရာရှိက ခေါ်ပေးသော သတင်းများ ဖြစ်ကြောင်းသိရတယ်။ ဒီအကြောင်းကို သတင်းထောက် စောလှနွယ်ကလည်း ဂျာနယ်တစ်ဆောင်မှာ ရေးသားဖြစ်တယ်။ သတင်းထောက် စောလှနွယ် (ခ) ဗိုလ်ကာ မကွေးမြို့ထဲမှာ စည်ပင်သာယာက ရေတွေလုံလောက်အောင် ပေးတယ်ဆိုပြီး သူကိုယ်တိုင်ကတော့ ဧရာဝတီမြစ်ထဲသို့ နေ့စဉ်ရေဆင်းချိုးနေရကြောင်း ကျွန်တော်မြင်တယ်။ အဲဒါကို သတင်းပြန်ရေးမယ် လို့ ရယ်စရာ ပြောဖြစ်ကြပါတယ်။ သူတို့ကတော့ ဘယ်လိုကြောင့်ရေးရေး ကျွန်တော်ကတော့ သတင်းသမားဆိုတာ အများအတွက် မှန်ကန်တဲ့ဘက်သို့သာ ရပ်တည်၍ ရေးသားသွားမည်ဟု ဆုံးဖြတ်ချက် ချထားပါတယ်။ စည်ပင်သာယာက ကျွေးတာထက် ပြည်သူကကျွေးတာကိုသာ စားပါမည်။ `ရွှေထနောင်းစိုက်ပျိုးထုတ်လုပ်မှု ကုမ္ပဏီလိမိတက် မှ တောင်သူများအတွက် စိုက်ပျိုးစရိတ်များထုတ်ချေး´ မကွေးတိုင်းဒေသကြီး မကွေးမြို့တွင် ရွှေထနောင်းစိုက်ပျိုးထုတ်လုပ်မှု ကုမ္ပဏီလိမိတက်သည် (၁၀-၂-၂၀၁၁) နေ့မှာ ဖွဲ့စည်းမှတ်ပုံတင်ခဲ့ကြောင်းသိရသည်။ ယင်း ပဲမျိုးစုံ အထူးပြုကုမ္ပဏီတွင် မကွေးမြို့မှ အစုရှယ်ယာ အဖွဲ့ဝင်(၃၅)နှင့် ရန်ကုန်မြို့မှ မတည် ဦးဆောင်အစုရှယ်ယာ အဖွဲ့ဝင်(၅)ဦးရှိကြောင်းသိရ၏။ ရင်းနှီးမတည်ငွေသိန်းပေါင်း(၁၂၀၀၀၀)ဖြင့် ဖွဲ့စည်းခဲ့ကြောင်း သိရသည်။ ကုမ္ပဏီ၏ ရည်ရွယ်ချက်မှာ ဒေသခံတောင်သူများ၏ လူနေမှုဘ၀များ ဖွံ့ဖြိုးတိုးတက်ရေအတွက် လိုအပ်သည်များကို ထောက်ပံ့ကူညီမည်။ တောင်သူများအတွက် လတ်တစ်လောဦးစားပေး လိုအပ်ချက်ဖြစ်သည့် စိုက်ပျိုးရိတ်သိမ်း စရိတ်လိုငွေများကို သက်သာသော အတိုးနှုန်းဖြစ်သည့် ငွေ(၁၀၀ိ/)လျှင်(၂)ကျပ်တိုးဖြင့် ကူညီပေးမည်။ ရေရှည်တွင် မျိုးကောင်းမျိုးသန့် သီးနှံများ ဖြန့်ဖြူးရေး၊ လိုအပ်သော သွင်းအားစု ပစ္စည်းများကို ပစ္စည်းမှန် ဈေးနှုန်းမှန်ဖြင့် ထောက်ပံ့ကူညီပေးမည်။ ခေတ်မီ စိုက်ပျိုးနည်းပညာများ ပံ့ပိုးရေး၊ လက်မှုလက်ယာမှ စက်မှုလယ်ယာသို့ ကူးပြောင်းနိုင်ရေး၊ စိုက်ပျိုး၍ ထွက်ရှိလာသော သီးနှံများအား ဈေးကောင်းရရှိအောင် ရောင်းချဆောင်ရွက်ပေးခြင်းများကို ကူညီဆောင်ရွက် ပေးကြဖို့ ရည်ရွယ်ထားပါသည် ဟု ဆို၏။ ယခင်နှစ် ၂၀၁၁/၂၀၁၂ မှာ မကွေးမြို့နယ်အပါအ၀င် အခြားမြို့နယ်(၆)မြို့နယ်ရှိ မကွေးမြို့နယ်နှင့်ပတ်သက် ထိစပ်သော ကျေးရွာပေါင်း(၁၂၄)ရွာ၊ တောင်သူပေါင်း(၃၈၅၂)ဦး၊ စိုက်ပျိုးဧကပေါင်း(၁၆၂၂၀)ဧက အတွက် ချေးငွေကျပ် သိန်းပေါင်း (၈၀၃၀) ကို ၂၀၁၁ ခု၊ ဧပြီလမှ စက်တင်ဘာလကုန်အထိ (၆)လတိတိ ချေးပေးနိုင်ခဲ့ကြောင်း သတင်းရရှိခဲ့သည်။ ယခုနှစ် ၂၀၁၂/၂၀၁၃ အတွက် မကွေးမြို့နယ်အပါအ၀င် အခြားမြို့နယ်(၈)မြို့နယ်ရှိ မကွေးမြို့နယ်နှင့်ပတ်သက် ထိစပ်သော ကျေးရွာအုပ်စု (၂၃၁)အုပ်စု၊ ကျေးရွာပေါင်း(၃၁၆)ရွာ၊ တောင်သူဦးရေ(၄၄၅၆)ဦး၊ စိုက်ပျိုးဧက(၁၆၅၀၁)ဧက အတွက် ချေးငွေပေါင်း ကျပ်သိန်း(၈၂၄၀)ကျော် ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း၊ တောင်သူတစ်ဦးလျှင် တစ်ဧက(၅၀၀၀၀ိ)နှုန်းဖြင့် ဆယ်ဧက(ငါးသိန်း)အများဆုံးထိသာချေးပေးကြောင်း၊ ယခု အစုရှယ်ယာ(၄၀)ဦး နှင့်သာဖွဲ့ထားတဲ့ လိမိတက်ကုမ္ပဏီမှ အများပိုင်အစုရှယ်ယာကုမ္ပဏီအဖြစ် ပြောင်းလဲသွားဖို့လည်း အစီအစဉ်ရှိကြပါတယ်။ ယခု လောလောဆယ်မှာ အစုရှယ်ယာတစ်စုကို အနည်းဆုံးငွေကျပ်(ငါးသောင်း)သတ်မှတ်ထားပါတယ်၊ ဟု ဒါရိုက်တာ ဦးဝင်းရှိန် မှ အသိပေးပြောဆိုပါသည်။ တောင်သူများအာ ချေးငွေစတင် ထုတ်ပေးရက်မှာ (၂၈-၄-၂၀၁၂)နေ့မှ (၃၁-၅-၂၀၁၂)နေ့အထိ နေ့စဉ်ထုတ်ချေး သွားမည်ဖြစ်ကြောင်း၊ အချို့ရွာများသို့ ရွှေထနောင်းစိုက်ပျိုးထုတ်လုပ်မှု ကုမ္ပဏီလိမိတက် မှ သွားရောက်ထုတ်ချေးမည် ဖြစ်ကြောင်း ကြားသိရသည်။ ချေးငွေ အတိုးနှုန်း(၂%) ဖြစ်၍ ပြီး ချေးငွေကာလမှာ ၂၀၁၂ ခု၊ ဧပြီလ(၂၈)ရက်မှ ၂၀၁၂ ခု၊ စက်တင်ဘာလကုန်အထိ သတ်မှတ် ကြေငြာ ထားကြောင်း၊ (၉-၅-၂၀၁၂)နေ့အထိ ကျေးရွာအုပ်စု(၁၉)မှ ကျေးရွာပေါင်း(၃၂)ရွာ၊ တောင်သူဦးရေ((၃၉၂)ဦး၊ စိုက်ဧက(၉၄၆)ဧက အတွက် ချေးငွေပေါင်း ကျပ်သိန်းပေါင်း(၄၇၂)သိန်း ထုတ်ပေးပြီးကြောင်း သတင်းရရှိခဲ့ပါသည်။ ၀ိုင်းကြည်အောင်
 

၁၁-၅-၂၀၁၂`သတင်းသမားဆိုတာ အခြားသတင်းဂျာနယ်တွေကိုလည်း ဖတ်ပေးရပါတယ်´

ကိုယ့်အကြောင်း သူများအကြောင်း နှင့် ပတ်ဝန်းကျင်မှ အကြား အမြင်များ အမှတ်(၁၁၁-၅-၂၀၁၂)၁၁-၅-၂၀၁၂`သတင်းသမားဆိုတာ အခြားသတင်းဂျာနယ်တွေကိုလည်း ဖတ်ပေးရပါတယ်´ နံနက်စောစောအိပ်ယာထတယ်။ ဈေးဆိုင်ဖွင့်တယ်။ ပဌာတ်ရွတ်တယ်။ နံနက်ပိုင်း မြို့နယ်ပြန်ဆက် ဦးစီးမှူး ဦးမျိုးမောင်မောင်ကျော် လာတယ်။ ၇-၄-၂၀၁၂ မှ စာဖတ်ရှိန် မြှင့်တင်ရေးမှ ဓာတ်ပုံများကို လာတောင်းတယ်။ ကျွန်တော်ကလည်း ဖျက်ပြီးသွားတယ်။ ဒါကြောင်း သတင်းပို့ပေးထားတဲ့ အီးမေးလ်ထဲက ဒေါင်းလုပ်ပြန်ဆွဲယူပြီး ရသလောက်သာ ပေးလိုက်ပါတယ်။ နောက် ကိုနေခြည်လာတယ်။ ယနေ့ထွက်တဲ့ သတင်းဂျာနယ် အစုံကို အေးအေးဆေးဆေးယူပြီး ဖတ်ပါတယ်။ နေ့စဉ်ရေးနေကြ ကိုယ့်အကြောင်း သူများအကြောင်းနှင့် ပတ်ဝန်းကျင်မှ အကြား အမြင်များ အခန်းဆက် မရေးဖြစ်တာ(၃)ရက် ကြွေးတင်နေတယ်။ ဒါကြောင့် ယနေ့ရေးရပါမည်။ ပြင်ဆင်လိုက်တယ်။ လျှပ်စစ်မီးက ဖြတ်ကနဲ ပြတ်သွားတယ်။ အင်း မကွေးမြို့ လျှပ်စစ်မီးကို ဘယ်လို အလှည့်ကျပေးသလဲ ဆိုတဲ့ အင်တာဗျူးသတင်းလိုက်ရပေဦးမည်။ သတင်းသမားဆိုတာ အများအတွက် နေရာတကာမှာ ငပွကြီးလုပ်သင့်ရင်လည်း လုပ်ရပါမည်။ မနက်ဖြန် (၁၂-၅-၂၀၁၂) ရွှေထနောင်း ကုမ္ပဏီမှ အောင်မြေကုန်းကျေးရွာ တောင်သူတွေကို ငွေထုတ်ချေးရန် သွားကြမည်လို့ ကြိုတင်ဖိတ်ကြားထားတယ်။ ကိုနေခြည် ကို လိုက်ခဲ့ရန် ခေါ်ထားပါတယ်။ သူတို့ ဖုန်းဆက်ပြီး ခေါ်ရင်တော့ လိုက်သွားပါမည်။ ယခု စာရေးနေချိန် နေ့လည်မှ လျှပ်စစ်မီးက ပြန်လာပါတယ်။ (၃)ရက်အတွက် ရေးသားဖို့ စာကြွေးများကို ချရေးသားနေပါတယ်။ ကျွန်တော်ရေးသားနေတာတွေက နေ့စဉ်ဒိုင်ယာရီမဟုတ်၊ ဆောင်းပါးမဟုတ်၊ ရသစာတမ်းမဟုတ်၊ သတင်းလည်း မဟုတ်ဆို ဖတ်ရသူများ စိတ်ပျက်သွားမှာ စိုးရိမ်မိပါတယ်။ မကြိုက်ရင်လည်း လေးစားစွာ တောင်းပန်အပ်ပါတယ်။ ကြိုးစားပြီး ဆက်လက်ဖတ်ပေးကြပါလို့ မေတ္တာရပ်ခံပါရစေခင်ဗျာ..။ ညနေ ဆရာကြီး မကွေးဝင်းမြင့်လာတယ်။ ဈေးဆိုင်မှာ လူစောင့်မရှိလို့ လက်ဖက်ရည်ဆိုင်ကို မထိုင်နိုင်ပါ။ ညနေပိုင်း မြန်မာနိုင်ငံ သတင်းစာဆရာအသင်း အဖွဲ့ဝင်လျှောက်လွှာများကို အီးမေးပို့ပေးပါတယ်။ `အညာမြေလတ်ဒေသ မှာ မိုးဦးကျစော၍ မြေပဲတွေ နှမ်းတွေ စတင်စိုက်ပျိုး´ မကွေးတိုင်းဒေသကြီး မကွေးမြို့နယ်တွင်းမှ သဖန်းဆိပ် ဧရာဝတီမြစ်ရေစီမံကိန်း ရေတင်မြောင်းဘေးရှိ ကျေးရွာများမှ တောင်သူများ၏ ယာခင်းများတွင် (၈-၅-၂၀၁၂) နေ့တွင် မိုးဦးကျစော၍ မိုးသဲပြီးရွာချကြောင်းသိရသည်။ ၎င်း နေ့နောက်ပိုင်းတွင် တောင်သူများသည် မိမိတို့ယာခင်းများတွင် ပဲ နှင့် နှမ်းသီးနှံများစတင် ကျဲချစိုက်ပျိုးကြောင်း မြင်တွေ့ရပါသည်။ ထိုယာခင်းများသည် ဧရာဝတီမြစ်ရေစီမံကိန်းမှ ရေတင်ပေးဝေနေသော မြောင်းဘေးမှာရှိနေသော်လည်း မိုးကိုသာ မျှော်၍ ရှေးအစဉ်အလာမပျက် စိုက်ပျိုးနေကြကြောင်းသိရသည်။ သက်ဆိုင်ရာ မှလည်း ၎င်းယာမြေများတွင် စပါးစိုက်ပျိုးခိုင်း ကြောင်း သိရသည်။ တောင်သူများကလည်း ကုန်ခေါင်ခေါင်ယာခင်းမှာ စပါးကို မစိုက်ရဲဘူး။(မဖြစ်နိုင်ဘူး) ဟု ဆိုကြသည်။ ဒေသခံ အသက်(၇၀)ရှိ ဘကြီး ဦးကျော်မှ ဤသို့ဆိုပါသည်။ `နိုင်ငံတော်အစိုးရက မြစ်ရေတင်စီမံကိန်းနဲ့ ရေကိုရအောင်တင်ပေးသော်လည်း ကျုပ်တို့ရွာမှ လူတွေက တန်ဘိုးရှိအောင် အသုံးမချတတ်ကြဘူး။ မြောက်အုံးသီးရသလို ခွဲမစားတတ်ဘူးဖြစ်နေတာပါဗျာ..။ သက်ဆိုင်ရာကလည်း မစိုက်ချင်တဲ့ စပါးကိုသာ စိုက်ခိုင်းနေတာ။ ဒါပေမယ့် ဒီနှစ် နွေကာလကြီးထဲမှာ မြောင်းရေအားကိုးနဲ့ နွေနှမ်းတွေကို ဧက(၇၀)ကျော်လောက် ဒီယာမြေတွေကိုငှါးပြီး စိုက်ပျိုးသွားလို့ အောင်မြင်တာကို မြင်လိုက်ရပါတယ်။ ဒီဇယ်အင်ဂျင်ပန့် တွေနဲ့ ရေစုပ်တင်ရတော့ စရိတ်ကြီးတာပေါ့။ လျှပ်စစ်မီးကို ရွာတွေနဲ့ မြောင်းဘောင်ဘေးတွေအထိ မီးပေးရင်တော့ ဒီမြောင်းရေကို အသုံးချစိုက်ပျိုးနိုင်ကြမယ် ထင်ပါတယ်။ ယခုတော့ ရေမြောင်းထဲမှာ ရေတွေဒလောဟော စီးဆင်းနေတာမြင်ရပေမယ့် မိုးကိုသာ မျှော်ပြီး စိုက်ပျိုးနေကြ တယ်ဗျာ..။ ကျုပ်တို့ဆီမှာ စိုက်စရာမြေတွေလဲ အများကြီးရှိနေပါတယ်၊ နည်းပညာတွေနဲ့ အရင်းအနှီးသာလိုအပ်နေကြပါတယ်´ ဟု ပြောဆိုနေ၍ သတင်းရယူခဲ့ပါသည်။ ၀ိုင်းကြည်အောင်
 

၁၀-၅-၂၀၁၂ `သတင်းပို့လို့ ခက်သော မြန်မာပြည်မှ အင်တာနက်လိုင်းများ´

ကိုယ့်အကြောင်း သူများအကြောင်း နှင့် ပတ်ဝန်းကျင်မှ အကြား အမြင်များ အမှတ်(၁၁၀-၅-၂၀၁၂) ၁၀-၅-၂၀၁၂ `သတင်းပို့လို့ ခက်သော မြန်မာပြည်မှ အင်တာနက်လိုင်းများ´ မနေ့က တစ်နေလုံး သတင်းရေးတယ်။ ညမှာ အင်တာနက်ကို စကိုင်းနက်လိုင်းနဲ့ အီးမေးလ်ပို့တယ်။ မရပါ။ ကြိုးစားပြီး ပို့လိုက်တာ ညက်နက်မှ အိပ်ရတယ်။ နံနက်မှာ အိပ်ယာ နည်းနည်းနောက်ကျနေတယ်။ ဈေးဆိုင်ဖွင့်ပြီးတာနဲ့ (အညာဒေသ နေပူပူ နွေခေါင်ခေါင်းမှာ ကိုရီးယားနှမ်းမျိုး စိုက်လို့ရပြီ) သတင်းကို မေးလ်ဖွင့်ပြီး ပို့တယ်။ ကံအားလျှော်စွာ မေးလ်ပို့လို့ အောင်မြင်သွားပါတယ်။ နောက် သတင်း(၂)ပုဒ်ကို ဆက်ပို့တယ်။ မရပါ။ ဒါနဲ့ နံနက်ပိုင်း စိန်ြမင့် အင်တာနက်ဆိုင်သို့သွား တယ်။ ကျန်တဲ့ သတင်း(၂)ပုဒ်ကို မေးလ်ပို့တယ်။ ADSL အင်တာနက်လိုင်းကလည်း မကောင်းပါ။ မေးလ်ပို့လို့ မရခဲ့ပါ။ တစ်နာရီ သုံးပြီး ပြန်လာတယ်။ ဈေးဆိုင်ရောက်မှ အိမ်က စကိုင်းနက် အင်တာနက်လိုင်းကို ဖွင့်ပြီး မေးလ်ပို့တယ်။ သတင်းနှစ်ပုဒ်ကို တစ်နေကုန် နီးပါးအချိန်ယူပြီး သုံးရပါတယ်။ မေးလ်ပို့လို့ရသွားပါတယ်။ မနေ့က သတင်းယူသွားတာရော ညက အိပ်ရေးပျက်တာရောကြောင့် အပူရှပ်ပြီး အသံတွေဝင်နေပါတယ်။ ကျွန်တော့်လိုဘဲ မြေးမလေး (ဖြိုးမြတ်သော်တာ) လည်း အပူရှပ်ပြီး ရင်ကြပ် ချောင်းဆိုပြီး နေတယ်။ နေ့လည်မှာ အတိုးချပြီး ပက်လက်ကုလားထိုင်ပေါ်မှာ အိပ်ပြစ်လိုက် တယ်။ ညနေပိုင်းမှာ ဆရာကြီး မကွေးဝင်းမြင့်၊ ဦးမြင့်ကြည် နဲ့ ကိုနေခြည် တို့လာကြတယ်။ စွဲမက် လက်ဖက်ရည်ဆိုင်မှာ ထိုင်ကြတယ်။ မြန်မာပို့စ် သတင်းဂျာနယ်ကို ဒီတစ်ခါတော့ စိုက်ပျိုးရေး သတင်း(၃)ပုဒ်တင်ပေးထားတယ်။ မြန်မာနိုင်ငံ သတင်းဆရာများအသင်းမှာ အမှုဆောင်အဖြစ် မလုပ်လိုကြောင်း ဆရာတို့ကို ချပြ ဆွေးနွေးပါတယ်။ အရည်အချင်းမရှိ သဘောထား မတူသူတွေနဲ့ တွဲလုပ်နေရရင် စိတ်ဆင်းရဲမယ်လို့ ကျွန်တော်က တင်ပြပါတယ်။ ဆရာကြီး မကွေးဝင်းမြင့်ကတော့ အလုပ်လုပ်တဲ့သူ ကောင်းတဲ့ တော်တဲ့သူများအတွက် နေရာတွေက ရှိပြီးသားဖြစ်နေပါတယ်၊ လို့ အားပေး စကားပြောဆိုပါတယ်။
 

၉-၅-၂၀၁၂ `သတင်းသမား သတင်းလိုချင်၍ အောက်ကျခံရခြင်း´

ကိုယ့်အကြောင်း သူများအကြောင်း နှင့် ပတ်ဝန်းကျင်မှ အကြား အမြင်များ အမှတ်(၁၀၉-၅-၂၀၁၂) ၉-၅-၂၀၁၂ `သတင်းသမား သတင်းလိုချင်၍ အောက်ကျခံရခြင်း´ နံနက်စောစော အိပ်ယာထတယ်။ ဈေးဆိုင်ဖွင့်ပြီး မနေ့ကသတင်းယူထားတဲ့ နွေနှမ်းသတင်းကို အတည်ပြုဖို့ ကိုနေလင်းအောင်ထံ သွားခဲ့တယ်။ (၂)ခေါက်သွားမှတွေ့ရပါတယ်။ နွေခေါင်ခေါင်မှာ စိုက်ပျိုးလို့ရတဲ့ ကိုရီးယားနှမ်းဖြူ သတင်းကို အပြည့်အစုံရလိုက်ပါတယ်။ နောက်သတင်းတစ်ပုဒ် တိုင်ဝမ် မြေပဲစိုက်ခင်းစမ်းသပ်နေ သတင်းထပ်ပေးတယ်။ သဖန်းဆိပ်ဧရာဝတီ မြစ်ရေစီမံကိန်း ရေတင်စက်ပန့်(၄) ကိုသွားတယ်။ ၀က်သိုက်ရွာ အနောက်ဘက်မှ မြောက်ဘက်ကိုသွားခဲ့ရပါတယ်။ တိုင်ဝမ် မြေပဲစိုက်ခင်းများကိုပြတယ်။ အဲဒီနေရာမှ ယာခင်း(၇၁)ဧကမှာ နွေရာသီ အားနေတဲ့ ယာခင်းတွေကို ငှါးပြီး စိုက်ပျိုးခဲ့ကြောင်းသိရတယ်။ သတင်းသမား နံနက်လင်းတာနဲ့ ဘာမှ မစား မသောက်ရဘဲ ကိုယ်စိတ်ဝင်စားတဲ့ သတင်းများကို မေးမြန်းသတင်းယူခဲ့ပါတယ်။ နံနက်(၁၀း၃၀) မှ မကွေးကို ပြန်ရောက်ပါတယ်။ ကုမ္ပဏီ ဒါရိုက်တာ ဦးနေလင်းအောင် (ကုန်သည်ကြီးများအသင်း အတွင်းရေးမှူး) ကလည်း ဘာမှ မကျွေးလိုက်ပါ။ မစားရသေးဘူး လို့ ပြောတာကို သူလည်းမစား ကိုယ့်လည်း မကျွေးထားလိုက်တာပါ။ နောက်မှ ဘယ်ကျွေးချင်ပါ့မလဲ ကိုယ်စကားပြောမှားခဲ့တယ်လေ။ သူ့အိမ်မှာ စတွေ့တဲ့ သူ့တူမလေးကို ကျွန်တော်က သူ့အမျိုးသမီးလို့ထင်ပြီး (ခင်ဗျား အမျိုးသမီး)ကို ကျွန်တော့်လိပ်စာကဒ် ပေးထားခဲ့တယ်လို့ မှားပြီး ပြောမိပါတယ်။ သူက ဆက်ဆံရေးညံတာလား။ ကိုယ်က အလိုက်မသိတာလား မပြောတတ်တော့ပါ။ ဒါနဲ့ သူဆီက ဘာမှ မစားဘဲ ရွှေထနောင်းစိုက်ပျိုးရေးကုမ္ပဏီကို ၀င်ခဲ့ပါတယ်။ လူတွေ တစ်စုတစ်ပြုံကြီး ၀ိုင်းအုံနေတာကို မြင်ရပါတယ်။ တောင်သူတွေကို စိုက်ပျိုးရေးစရိတ်ချေးငွေ ထုတ်ပေးတယ်လို့ သိရပါတယ်။ မန်နေဂျင် ဒါရိုက်တာ ဦးဖိုးနီနဲ့ ၀င်တွေ့ပါတယ်။ သူက ကော်ဖီနဲ့ ပဲကိတ်မှုန့် ဧည့်ခံပါတယ်။ ကျွန်တော်လည်း ဟန်တောင်မဆောင်နိုင်ဘဲ ဆာဆာနဲ့ အ၀စားလိုက်မိပါတယ်ခင်ဗျာ။ မကြာမီ သတင်းထောက် စောလှနွယ်(ခ) ဗိုလ်ကာ ရောက်လာတယ်။ မြို့ထဲကနေ ဒီရန်ကင်းဈေးအရှေ့ဘက်ကို စက်ဘီနဲ့ နင်းပြီးလာကြောင်းသိရတယ်။ ကိုယ့်ထက် သတင်းကို အားစိုက်ပြီးလာသူကို အံ့သြစွာတွေ့လိုက်ရတယ်။ သူနဲ့ ရွှေထနောင်းကုမ္ပဏီအဖွဲ့နဲ့က မိတ်ဆွေရင်းတွေကို။ သတင်းထောက်ကြီး ဦးစောလှနွယ် လို့ မန်နေဂျင်ဒါရိုက်တာ ဦးဖိုးနီက ခေါ်တယ်။ သတင်းထောက် စောလှနွယ်ကလည်း ကင်မရာ တစ်ဖြတ်ဖြတ်နဲ့ ဘ၀င်ကို လေဟပ်နေကြတာကို မြင်တွေ့နေရပါတယ်။ နောက် သူ့ရဲ့ ဒါရိုက်တာ ဦးဝင်းရှိန်က ကျွန်တော်တို့ နှစ်ဦးကို သတင်းပေးပါတယ်။ သိလိုတာများကို ဖြေဆိုပေးပါတယ်။ နေ့လည်(၁း၃၀) မှ အိမ်ကို ပြန်ရောက်ပါတယ်။ အင်း သတင်းသမား သတင်းသွားယူလိုက်တာ မစားရ မသောက်ရ အောက်ကျလိုက်တဲ့ ဖြစ်ခြင်း မှတ်တမ်းတင်လိုက်ရပါတယ်။
 

၈-၅-၂၀၁၂ `ရန်ပယ်ဈေးကြီး လုံးဝမပြောင်းရွှေ့ရပါဘူး´

ကိုယ့်အကြောင်း သူများအကြောင်း နှင့် ပတ်ဝန်းကျင်မှ အကြား အမြင်များ အမှတ်(၁၀၈-၅-၂၀၁၂) ၈-၅-၂၀၁၂ `ရန်ပယ်ဈေးကြီး လုံးဝမပြောင်းရွှေ့ရပါဘူး´ နံနက်စောစောအိပ်ယာထတယ်။ ဈေးဆိုင်စောစောဖွင့်တယ်။ ပဌာန်းရွတ်ဆိုတယ်။ တော်တော်ကြာတော့ ဂျာနယ်ဆိုင်မှာ ဂျာနယ်တွေချိတ်ဖို့ ရောက်လာတယ်။ ပြေးပြီး မြန်မာပို့စ် ဂျာနယ်ကိုယူဖတ်တယ်။ မကွေးမြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးနေမျိုးနိုင် နဲ့ အင်တာဗျူးပါလာတယ်။ ခေါင်းစဉ်ကို ဂျာနယ်တိုက်က ပြောင်းပေးလိုက်တယ်။ (ရန်ပယ်ဈေးကြီး လုံးဝမပြောင်းရွှေ့ရပါဘူး´ မကွေးမြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးနေမျိုးနိုင် နဲ့တွေ့ဆုံခြင်း။) ခေါင်းစီးနဲ့ပါလာတယ်။ ဂျာနယ်ဖတ်နေတုန်း သတင်ထောက် စောလှနွယ် (ခ) ဗိုလ်ကာ ရောက်လာတယ်။ သတင်းကောင်းကြောင်း အများက သဘောကျနေကြောင်း လာပြောပါတယ်။ စည်ပင်အမှုဆောင်အရာရှိ ဦးနေမျိုးနိုင်ဆီကို သူဖုန်းဆက်မယ်ပြောပါတယ်။ ဒါပေမယ့် နေ့လည်မှာ တိုင်းစည်ပင်ရုံးမှာ မျက်နှာသိပ်မကောင်းတဲ့ ဦးနေမျိုးနိုင် ကိုတွေ့ခဲ့ရကြောင်း လာပြောပါတယ်။ သတင်းဖတ်နေစဉ် စာတိုက်မှာ ကျွန်တော့်နာမည်နဲ့ ငွေရောက်နေကြောင်းဖုန်းဆက်ပါတယ်။ ငွေသွားထုတ်တယ်။ မြန်ာပို့စ် သတင်းဂျာနယ်က ငွေ(၁၂၀၀၀ိ) ပေးပို့လိုက်တာပါ။ အဲဒီကနေပြီး မကွေး တောင်တွင်းကားလမ်းမပေါ်မှ တန်(၃၀) ဆီစက်သို့ သတင်းသွားယူပါတယ်။ သတင်းကတော့ တော်တော်ထူးဆန်းပါတယ်။ ` နွေရာသီမှာ နှမ်းတွေစိုက်လို့ရနေ သည်။´ သတင်းဖြစ်ပါတယ်။ ကုမ္ပဏီပိုင်ရှင် ဦးနေလင်းအောင်နဲ့ မတွေ့ခဲ့ရလို့ သတင်းအတည်ပြုချက်မရခဲ့ပါ။ အချက် အလက်များကတော့ သူ့တာဝန်ခံမန်နေဂျာလေး ကိုပြည့်ဖြိုးအောင် ကို အင်တာဗျူးပြီး ဓာတ်ပုံရိုက်လို့ အသံဖိုင်ရယူနိုင်ခဲ့ပါ တယ်။ သတင်းရေးဖို့ ယခုည ခြင်ထောင်ထဲမှာ လက်တော့ပ်ကို ပြင်ဆင်ပြီး စာရေးပါတယ်။ ဒါပေမယ့် အိပ်ချင်စိတ်က များလာတယ်။ ပြင်းရိခြင်း တွေဝင်လာတယ်။ ဒါကြောင့်စာ ဆက်မရေးနိုင်ခဲ့ပါ။ ညနေ ဆရာတင်လင်းဇော် နဲ့ တက္ကသိုလ်ရည်ရွယ်တို့ လာကြတယ်။ စွဲမက်မှာ ထိုင်ဖြစ်ကြပါတယ်။ ည(၈) မှာ ရန်ပယ်ဈေး ပြန်လည်တည်ဆောက်ရေးကော်မတီက အတွင်းရေးမှူး ကိုဆန်းဝင်းလှိုင် နဲ့ ပန်းထိမ်ဆရာ ဦးကျော်လှိုင်တို့ နှစ်ဦး ကျွန်တော်ဆီကို လာကြပါတယ်။ စာအိပ်တစ်လုံးပေးပါတယ်။ စာအိပ်ပေါ်မှာ ကွန်ပျူတာစာနဲ့ ရေးသားထားပါတယ်။ ၀ိုင်းကြည်အောင်( မြန်မာပို့စ် )ဂျာနယ်အား ရန်ပယ်ဈေးကြီး လုံးဝမပြောင်းရွှေ့ရပါဘူး ဆိုသော သတင်းအတွက် ဈေးကော်မတီမှ ၀မ်းသာ အားရ လှိုက်လှိုက်လှဲလှဲ အထူးဂုဏ်ပြုပါကြောင်း ၊ ဆန်းဝင်းလှိုင် အတွင်းရေးမှူး ။ ဈေးပြန်လည်ဖြစ်မြောက်ရေးကော်မတီ။ လို့ ရေးသားထားပါတယ်။ အတွင်းမှာ ပါလာတဲ့ ငွေများကို ကျွန်တော် ဇနီးနဲ့ အတူ ရေတွက်ကြည့်ပါတယ်။ ကျွန်တော့် ဘ၀မှာ သတင်းတစ်ပုဒ် ငွေ(၅၀၀၀၀ိ) ဂုဏ်ပြုခံရတာ ကို ယခုကြုံလိုက်ရပါပြီ..။ တော်တော် အံ့သြသွားရပါတယ်။
 

၇-၅-၂၀၁၂ `သတင်းရေးဖို့ ကုန်ကြမ်းလိုပြီ´

ကိုယ့်အကြောင်း သူများအကြောင်း နှင့် ပတ်ဝန်းကျင်မှ အကြား အမြင်များ အမှတ်(၁၀၇-၅-၂၀၁၂) ၇-၅-၂၀၁၂ `သတင်းရေးဖို့ ကုန်ကြမ်းလိုပြီ´ ညက ကျွန်တော်တို့မိသားစု(၃)ယောက် အောက်ထပ် အဲယားကွန်းခန်းမှာ ပြောင်းပြီးအိပ်ကြတယ်။ နံနက် ခါတိုင်း အိပ်ယာထနေကြ (၅)နာရီ နိုးပါတယ်။ ဘုရားဝတ်တက်၊ ဈေးဆိုင်ဖွင့်ပြီး ပဌာန်းရွတ်တယ်။ နံနက်ပိုင်း မြေးမလေး ဖြိုးမြတ်သော်တာ လေးကို ထိမ်းရင်း သတင်းဂျာနယ်များ ဖတ်ဖြစ်တယ်။ ဂျာနယ်များ ရောင်းအားကျနေလို့ သားကြီး ထွန်းဝင်းကျော်က နံနက်စောစော သွားယူပေးနေပါတယ်။ ယခင်ဆိုရင် နံနက်(၈)နာရီး အရောင်းကလေးမ မမဉ္ဖူဝင်းကွန့် လာမှ ဂျာနယ်များကို ချိတ်ရပါတယ်။ ယနေ့တော့ နံနက်(၆း၃၀)နာရီမှာ ဂျာနယ်များကို ချိတ်ပြီးရောင်းရပါတယ်။ ကိုယ်လည်း စောစောဖတ်ဖြစ်ပါတယ်။ နံနက်ပိုင်း ရုံးသွားဖို့ ရေချိုးနေစဉ် ကိုနေခြည်ရောက်လာပါတယ်။ လာတဲ့ကိစ္စမှာ ယနေ့ သူ့သမီးအတွက် လက်တော့ပ်ကွန်ပျူတာ တစ်လုံးသွား၍ ၀ယ်ပေးရန်ခေါ်ပါတယ်။ သူ့နဲ့ နှစ်ယောက်ထွက်ခဲ့ကြပါတယ်။ ပထမ ကွန်ပျူတာပြင်ဆရာ ကိုဖြိုးထံသို့ သွားတယ်။ သူနဲ့ မတွေ့ပါ။ ဒါနဲ့ စကိုင်းနက် အင်တာနက်လပေးယူသုံးနေတဲ့ ဇာမနည် ကွန်ပျူတာ အရောင်းဆိုင်ကို သွားပါတယ်။ ဆိုင်ရှင် ကိုအေးမင်းစိုး နဲ့တွေ့တယ်။ သူ့ဆိုင်မှ NEC အမျိုးအစား လက်တော့ပ်ကွန်ပျူတာတစ်လုံးကို ရွေးလိုက်ပါတယ်။ (ဂျပန် မှ သုံးပြီး) အဟောင်းဖြစ်တယ်။ ဈေးကတော့ (၁၇၅၀၀၀ိ) ကျပ်သာ ပေးရတယ်။ ဟတ်ဒစ်(40)GB ဖြစ်တာက လွဲလို့ ကျန်တာ အဆင့်မြင့်ပါတယ်။ အသံဖမ်းစက် MP3 (၃၀၀၀၀ိ) တန်ပါ အားလုံးကို (၂)သိန်းနဲ့ ဈေးတည့်ကြပါတယ်။ စရံ ငါးသောင်းပေးခဲ့ပါတယ်။ ကွန်ပျူတာက မနက်ဖြန်(၈-၅-၂၀၁၂) နေ့ နံနက်ပိုင်းမှာ လာပို့မည်ပြောပါတယ်။ ညမှာ ကြန့်ခိုင်းရေးလုပ်ရမည်လို့ ပြောပါတယ်။ အဲဒီကနေ ဆည်မြောင်းရုံကိုဆက်သွားပါတယ်။ ရုံးမှာ ညွှန်ကြားရေးမှူးအသစ် ရောက်မည်ဟု သိရပါတယ်။ ရုံးက အပြန်လမ်းမှာ တန်(၃၀) သမဆီစက်ဝိုင်းထဲမှာ နှမ်းထောင်တွေ နေလှန်ထားတာကို မြင်ရပါတယ်။ နွေကာလကြီးမှာ ဘယ်က နှမ်းဆိုတာကို စုံစမ်းကြည့်တော့ မြစ်ရေတင် နွေနှမ်းလို့ သိရပါတယ်။ အဲဒီအကြောင်းကို မနက်ဖြန်မှာ သတင်းရေးဖို့ ကုန်ကြမ်းယူရပါမည်။ တစ်ဆက်တည်း အဲဒီနေရာက ဇီးခွဲစက်ကိုလည်း ကုန်ကြမ်းဝင်ပြီး ယူရပါမည်။ ယခု တစ်ပတ်အတွက် ဂျာနယ်များးကို တင်ဖို့ သတင်းက တစ်ပုဒ်မှ မရသေးဘူး။ သတင်းရေးဖို့အတွက် ကုန်ကြမ်းများ အလိုရှိနေပါတယ်။ ဘယ်ကမှ မရရင် ချောက်မြို့ ဆိပ်ဖြူမြို့များသို့ ပြေးရပါမည်။ ဆိပ်ဖြူမှ မြေယာမှု သတင်းများကို နောက်ဆက်တွဲ သတင်းရေးဖို့ စိတ်ကူးထားပါတယ်။
 

၆-၅-၂၀၁၂ `လုပ်ငန်းအသစ်တစ်ခုရရင် လိပ်စာကဒ်တစ်ခုတိုးလာပါသည်´

ကိုယ့်အကြောင်း သူများအကြောင်း နှင့် ပတ်ဝန်းကျင်မှ အကြား အမြင်များ အမှတ်(၁၀၆-၅-၂၀၁၂) ၆-၅-၂၀၁၂ `လုပ်ငန်းအသစ်တစ်ခုရရင် လိပ်စာကဒ်တစ်ခုတိုးလာပါသည်´ ယနေ့ အိပ်ယာထနောက်ကျပါတယ်။ ဆိုင်မှာ ပရိတ်၊ ပဌာန်းရွတ်ဆိုရပါတယ်။ ယနေ့ စာမူများပေးရမှာဆိုတော့ ပရင်တာကို ဆေးများဖြည့်တယ်။ စာမူများ ပရင့်ထုတ်ပါတယ်။ တဆက်တည်း လိပ်စာကဒ်များကို များများထုတ်ထားရပါ တယ်။ ကျွန်တော့်ဇနီးကဆိုရင် မောင်ဝင်းကြည်တို့များ လုပ်ငန်းအသစ်က မစရသေးဘူး လိပ်စာကဒ်တွေက တိုးလာပြန်ပြီ ပလူပျံနေပြန်ပြီ လို့ အပြောခံရပါတယ်။ မနက်ကတိုင် ထိုင်လိုက်တာ နေ့လည်(၃)နာရီမှ ပရင်တာထုတ်လို့ ပြီးတယ်။ မရမခြင်း ထမင်းမစားဘဲ လုပ်တတ်တဲ့ ညင်ရှိနေပါတယ်။ ကိုယ့်စိတ်ဝင်စားတာကို လုပ်နေရရင် ထမင်းမေ့ ဟင်းမေ့ဖြစ်တတ်တာ သဘာဝပါနော်။ ကိုယ့်ဆီမှာ စက်ဒါးမရှိတော့ လိပ်စာကဒ်များကို ဖြတ်ရန် ဧရာဝတီစာပေ မိတ္တူဆိုင်ကို သွားတယ်။ လိပ်စာကဒ်တွေက ၉၀ံ မတည့်တော့ ဒါးနဲ့ဖြတ်လို့ မရကြောင်း ကိုခင်မောင်ဦးက ပြောတယ်။ အဲဒီဆိုင်မှာ စာရေးဆရာ မောင်နန္ဒ(မြစ်ကြီးနား)လည်း ရောက်နေတယ်။ သူ့ဆီက မရတော့ ကိုယ့်ဘာသာ လက်နဲ့ ဖြတ်ဖို့ သားကြီး မောင်ထွန်းဝင်းကျော်ကို တာဝန်ပေးလိုက်တယ်။ ပြီးသွားပါတယ်။ နံနက်ပိုင်း ဆရာတင်လင်းဇော် လာတယ်။ မဟာဓမ္မိကရာမ(မြောက်)စာသင်တိုက်အတွက် စာမူ(၂)စောင်ပေးလိုက် တယ်။ မကွေးမြို့နယ်စာရေးဆရာအသင်း အမှုဆောင်အစည်းအဝေး မှ ပြန်လာကြောင်းသိရပါတယ်။ အတွင်းရေးမှူး မြန်မာပြည်ဆရာဟိန်း နှင့် သူ တော်တော် ပြောဆိုလာခဲ့ရကြောင်းသိရပါတယ်။ ညနေ စာရေးဆရာ မောင်မွန်မြတ် လာတယ်။ ရန်ကုန်မှ မျိုးဆက်သစ်စာပေ ပိုင်ရှင် ဒေါ်တင်မာဦးက ပေးလိုက်သော စာရင်းရှင်းတမ်း စာအိပ်ကို ပေးလိုက်ပါတယ်။ ဆရာမောင်မွန်မြတ်ရဲ့ မိခင်ကြီး(အသက်၈၄)နှစ် ကွယ်လွန်သွားကြောင်း သိရပါတယ်။ ညနေ ဆရာဦးဝင်းခင်(တိုင်းပြန်ဆက် တိုင်းမှူး)ဆီကို သွားတယ်။ စာရေးဆရာအသင်းမျာ ဖွဲ့သော သတင်းကိုရပါတယ်။ သူ့ဆီမှ ၂၀၁၁ ခု (ကျေးလက် လူမှု စီးပွား ဖွံ့ဖြိုးတိုးတက်ရေး) သင်တန်းစာအုပ် (၁၅၀၀ိ) နဲ့ဝယ်လာခဲ့ပါတယ်။ ယနေ့ မက်စင်ဂျာ သတင်းဂျာနယ်သို့ ကိုနေခြည်ရဲ့ သတင်း(၂)ပုဒ်ကို မေးလ်ပို့ပေးပါတယ်။ လိပ်စာ မသိလို့ ကိုမြင့်ဇော်ဦးထံ ဖုန်းဆက်မေးရပါတယ်။ ကိုမြင့်ဇော်ဦးက သူရေးသားပေးပို့နေတဲ့ မက်စင်ဂျာ သတင်းဂျာနယ်ကို လုပြီး ပေးပို့တယ်လို့ ထင်ကြောင်းသိရပါတယ်။ စိတ်မကောင်းပါ။ ညနေ ကိုနေခြည်၊ ကိုမွန်မြတ် တို့နဲ့ စွဲမက်မှာ ထိုင်ဖြစ်ကြပါတယ်။
 

၅-၅-၂၀၁၂ `မီးသတ်တပ်ဖွဲ့နေ့ စွမ်းရည်ပြပွဲ´

ကိုယ့်အကြောင်း သူများအကြောင်း နှင့် ပတ်ဝန်းကျင်မှ အကြား အမြင်များ အမှတ်(၁၀၅-၅-၂၀၁၂) ၅-၅-၂၀၁၂ `မီးသတ်တပ်ဖွဲ့နေ့ စွမ်းရည်ပြပွဲ´ နံနက်စောစောအိပ်ယာထတယ်။ ဈေးဆိုင်ဖွင့်ပြီး သတင်းထောက် စောလှနွယ်(ခ) ဗိုလ်ကာကူး ရောက်လာတယ်။ ယနေ့မီးသတ်တပ်ဖွဲ့နေ့ ဘောလုံးကွင်းထဲမှာ စွမ်းရည်ပြပွဲနှင့် အခမ်းအနားကျင်းပမည်။ အဲဒီကိုသွားရန် စောလှနွယ်လာခေါ် တာပါ။ ကိုယ်ကတော့ ဖိတ်ကြားထားခြင်း မရှိလို့ သိပ်စိတ်မပါဘူး။ ဒါပေမယ့် အားနာလို့ လိုက်သွားပါတယ်။ သွားပြန်တော့လည်း ကိုယ့်တာဝန်ကျေပွန်အောင် သတင်းဓာတ်ပုံများ အဆက်မပြတ်ရိုက်ယူခဲ့ပါတယ်။ သတင်းရေးဖို့တော့ စိတ်မပါဘူး။ ဘာကြောင့်လည်းဆိုတော့ မကွေးတိုင်းဒေသကြီး မီးသတ်တိုင်းမှူးဦးတင်မင်းကို ကျွန်တော်တို့ ဖုန်းနံပတ်တွေ ပေးထားတာပါ။ သူက သတင်းမီဒီယာကို တစ်ကယ်အားကိုးချင်ရင် ဖုန်းဆက်ပြီး ခေါ်လိုက်ရင် ကျွန်တော်တို့ သွားဖို့ အဆင်သင့်ပါ။ ယခုတော့ မီဒီယာသမားကို ဂရုမစိုက်တဲ့ သဘောဖြစ်နေပါတယ်။ ဒါကြောင့် သတင်းဓာတ်ပုံရိုက်ပြီး ချက်ချင်းပြန်လာပါတယ်။ အိမ်မှာ တိုင်းပြန်ဆက်တိုင်းမှူး ဦးဝင်းခင် ရောက်နေပါတယ်။ မနေ့က သတင်းတောင်းထားတဲ့ မကွေးခရိုင်အတွင်းမှ မြို့နယ်တွေမှာ မြန်မာနိုင်ငံ စာရေးဆရာများအသင်း ဖွဲ့စည်းခြင်း သတင်းတွေ ရကြောင်းလာပြောပါ တယ်။ ဟုတ်ကဲ့ လာယူပါ့မယ်ပြောလိုက်ပါတယ်။ ဒါပေမယ့် ဒီနေ့တစ်နေကုန် စာထိုင်ရေးနေရပါတယ်။ မကွေးမြို့ နေ့စဉ်သံဃဒါနဆွမ်းလောင်းအသင်း ဆောင်းပါးနဲ့ ယဉ်ကျေးလိမ္မာသင်တန်းများ သတင်း များကို ရေးနေခြင်း ဖြစ်ပါတယ်။ တနင်္ဂနွေနေ့မှာ ဆရာတင်လင်းဇော်က ဒီစာမူတွေကို တောင်းထားပါတယ်။ ကိုယ်ကလည်း ဂတိပေးထားတော့ အမြန်ပြီးအောင် ကျိုးစားပြီး ရေးသားလိုက်ရပါတယ်။ ညနေ(၅)နာရီလောက် ကိုနေခြည် ရောက်လာမှ အပြီးသတ်သွားပါ တယ်။ ပရင့်ထုတ်ဖို့ကိစ္စ က ပရင်တာက မသုံးတာက ကြာနေတော့ ဆေးများ ပြန်ဖြည့်ရမယ်။ သန့််ရှင်းရေးလုပ်ရမှာ ဆိုတော့ ယနေ့ စာမူများကို ပရင့်မထုတ်နိုင်ပါ။ မနက်ဖြန်နံနက်ပိုင်းမှ ထုတ်ရပါမည်။ `မဟာဓမ္မိကရာမ(မြောက်)စာသင်တိုက်၏ ထာဝရကုသိုလ်တော် နေ့စဉ်သံဃဒါနဆွမ်းလောင်းအသင်းကြီး´ မကွေးမြို့ နေ့စဉ်သံဃဒါနဆွမ်းလောင်းအသင်းကြီးအား မဟာဓမ္မိကရာမ(မြောက်)စာသင်တိုက်၊ ပညာသုခကျောင်း မှ ဘ၀နတ်ထံ ပျံလွန်တော်မူ သွားခဲ့သော ကျောင်းထိုင်ဆရာတော်ဘုရားကြီး ဘဒ္ဒ န္တှက္ကန္ဒာ စက္က နှင့် စတင်ထူထောင်လာ၍ ယခု ဆွမ်းလောင်းအသင်းကြီး မြေနေရာ နှင့် ဆွမ်းလောင်းအသင်းပိုင်ဆိုင်ခန်းနေရာများကို ဗောဓျာလင်္ကာရကျောင်းဝိုင်း အနားသတ်မြေများအား စွန့်ကျဲပေးကန်းခဲ့သည်ဟု ကြားသိရပါသည်။ စာရေးသူ အနေဖြင့် ဤကိစ္စကို သေချာအောင်(၄-၅-၂၀၁၂)နေ့တွင် မကွေးမြို့နေ့စဉ်သံဃဒါနဆွမ်းလောင်းအသင်းသို့ သွားရောက်ခဲ့ ပါသည်။ ထိုစဉ် ဆွမ်းလောင်းအသင်းကြီး ၏ ဥက္ကဋ္ဌ ဦးသိုက်ထွန်း အားတွေ့ခဲ့ရပါသည်။ ဆရာကြီးဦးသိုက်ထွန်းမှာ အသက်(၈၄)နှစ်ဟု သိရပါ၏။ ဆရာကြီးအား မကွေးမြို့ နေ့စဉ်သံဃဒါနဆွမ်းလောင်းအသင်းကြီး၏အကြောင်းအကျဉ်းကို ဆောင်းပါးရေးသားလိုကြောင်း ပြောပြပါသည်။ ဆရာကြီးမှ ဆွမ်းလောင်းအသင်းကြီးအကြောင်းကို စာရေးမှာဆိုရင် ဆရာတော်ဦးစက္က မပါလို့ မဖြစ်ဘူး၊ နောက်ပြီး သမန်ကန် ရှန်ကန်နှင့် အကျဉ်းရေးမယ်ဆိုရင်လည်း မဖြစ်ဘူး။ မနက်ဖြန်လာခဲ့ပါ။ စားပွဲ၊ ကုလားထိုင်တစ်လုံးကို ချပေးမည်။ လိုအပ်တဲ့ စာအုပ်၊စာတမ်းများကို ချပေးထားမည်။ အဲသည်အထဲက မသိတာကို မေးပါ။ သေချာအောင် ကျုပ်ကိုယ်တိုင်ဖြေပေးပါမည် ဟု ဆိုလာပါသည်။ စာရေးသူမှာ ဥက္ကဋ္ဌ ဆရာဦးသိုက်ထွန်း ပြောသလို အချိန်ပေး၍ ဆွမ်လောင်းအသင်းကြီးနှင့်ပတ်သက်ပြီး အကျယ်တစ်ဝန့် ရေးသားနိုင်ခြင်းမရှိခဲ့ပါ။ ထို့ကြောင့် ဆရာကြီးဦးသိုက်ထွန်း ပြုစုရေးသားထားသော နေ့စဉ်သံဃဒါန ဆွမ်းလောင်းအသင်း မကွေးမြို့၏ နှစ်ငါးဆယ်ရွှေရတုခရီးစဉ် မှတ်တမ်း စာအုပ်ငယ်အား ကိုးကား၍ အကျဉ်းမျှသာ တင်ပြရေးသားလိုက်ရပေသည်။ ဆွမ်းလောင်းလှူခြင်း စတင်ခဲ့သော ဒုတိယကမ္ဘာစစ် မဖြစ်ပွားမီနှင့် စစ်ပြီးကာလ။ ထိုအချိန်တွင် မကွေးမြို့ပေါ်၌ မဟာဝိသုတရာမ(တောင်) စာသင်တိုက်နှင့် မဟာဓမ္မိကရာမ(မြောက်)စာသင်တိုက် ပေါင်း၍ ဘုန်းတော်ကြီး(၂၀)ပါးနှင့် သံဃာတော်အပါး(၁၅၀)သာရှိခဲ့သည်။ ထိုအချိန်က မိမိတို့နေအိမ်ရှေ့သို့ ကြွရောက်တော် မူလာသော သံဃာတော်များအား နေ့ဆွမ်းဖြင့်သာ ဒါယကာ၊ ဒါယိကာမများမှ လောင်းလှူနိုင်ခဲ့ပါသည်။သို့သော် အာရုံဆွမ်းလောင်းလှူနိုင်ခြင်း မရှိခဲ့ကြပါ။ အချို့အလှူရှင်များမှ နီးစပ်ရာကျောင်းများသို့ အလှည့်ကျ ဆွမ်းအုပ်ပို့ကြရသည်။ စာသင်တိုက်နှစ်တိုက်မှာမူ မိမိတို့ကျောင်း၏ အစီအစဉ်ဖြင့် အာရုံဆွမ်းအဖြစ် ယာဂု ဆွမ်း(ဆံပြုတ်) ကပ်ကြရသည်။ စစ်ပြီးခေတ်နောက်ပိုင်း ၁၃၁၇ ခု၊ (၁၉၅၅) သို့ရောက်သောအခါ မကွေးမြို့ပေါ်ရှိ ရပ်ကွက်ကြီး(၁၃)ရပ်ကွက်မှ ရပ်မိ ရပ်ဖများဦးဆောင်သော `ကာလသားအဖွဲ့´မှ ရပ်ကွက်အလှည့်ကျ အာရုံဆွမ်းလောင်းလှူခဲ့ကြသည်။ ထိုအချိန်မှစ၍ မကွေးမြို့ပေါ်တွင် အာရုံဆွမ်းလောင်းလှူသော အလေ့အထ စတင်ဖြစ်ပေါ်လာခဲ့သည်။ ထိုစဉ်က သစ်သား ဂေါ်ဖြင့် ကော်၍ လောင်းလှူသည်ကို အစွဲပြု၍ `ဂေါ်ဆွမ်း´ဟု ခေါ်စမှတ်ပြုခဲ့ကြသည်။ ၁၉၅၇ - ၁၉၇၃ မကွေးမြို့ပေါ်ရှိ(၁၃)ရပ်ကွက် မှ ရပ်ကွက်လူကြီးများ စုပေါင်းဦးဆောင်၍ အာရုဏ်ဆွမ်းလောင်းလှူခဲ့ရာ သံဃာတော်များ အဆင်ပြေခဲ့ပေသည်။ သို့သော် အကြောင်းမညီညွှတ်သဖြင့် နေ့စဉ် နေ့တိုင်း ဆွမ်းလောင်းလှူခြင်း မပြုနိုင်ကြ၍ သံဃာတော်များမှာ အာရုဏ်ဆွမ်းအတွက် ကြောင့်ကျခဲ့ရပြန်သည်။ ဤတွင် မဟာဝိသုတာရာမတိုက် ဦးစီးပဓာန ဘဒ္ဒ န္တရ ပဒုမဘိဝံသ( အဂ္ဂမဟာမဏ္ဍိတ) ဆရာတော်ဘုရားကြီးသည် ၁၃၁၉ ခုနှစ်၊ ၀ါဆိုလဆန်း(၁)ရက်နေ့၊ ၁၉၅၇ ခုနှစ်၊ ဇွန်လ(၂၇)ရက်နေ့တွင် ရပ်ကွက်မသီးသီးမှ သာသနာ့အကျိုးဆောင်းများအား ဖိတ်ခေါ်ပြီးလျှင် အများဆန္ဒအရ နေ့စဉ်သံဃဒါန ဆွမ်းလောင်းအသင်း ကို ဖွဲ့စည်းတည်ထောင်ခဲ့သည်။ အသင်း၏ ဥက္ကဋ္ဌ အဖြစ် အိုးဘိုရပ်(၆)လမ်းနေ၊ လှည်းထောင်ဆရာကြီး ဦးထွန်းလှိုင်အား တင်မြှောက်ကြသည်။ ဥက္ကဋ္ဌ ဦးထွန်းလှိုင်၊ ဦးမူတူး( ရေယာဉ် မော်တော်ပိုင်)၊ ဦးညွန့်မောင်( ရွှေပန်းထိန်ဆရာကြီး) စသည့် အလုပ်အမှုဆောင်များနှင့် ရပ်ကွက်တိုင်းမှ လူကြီးများ၏ အကူအညီရယူပြီး ရက်ပျက်မရှိ ဆွမ်းလောင်းလှူနိုင်ရေးအတွက် တစ်အိမ်တက်ဆင်း လမ်းစေ့၊ ရပ်ကွက်စေ့ လှည့်လည် အလှုခံခဲ့ကြသည်။ ထိုအချိန်တွင် တစ်နေ့တာဆွမ်း အလှူရှင်များပေါ်ပေါက်လာခဲ့သည်။ အခြားတစ်ဘက်တွင်လည်း ဆွမ်းလောင်းလှူရာ၌ လိုအပ်သော ချက်ပြုပ်ရန် အသုံးအဆောင်များကို အိုးဘို(၆)လမ်းနေ အောင်မင်္ဂလာအလုပ်ရုံပိုင်ရှင် ဦးတင်မောင် မှ ဖြည့်ဆည်းပေးသည့်အပြင် ကျေးလက်ဒေသများသို့ တစ်ရွာဝင်၊ တစ်ရွာထွက် အလှူခံခဲ့ကြသည်။ ကျေးလက်ဒေသရှိ ဆရာတော်ကြီးများကလည်း ၀ိုင်းဝန်းကူညီ ပံ့ပိုးပေးခဲ့ကြ၍ ဤဆွမ်းလောင်းအသင်းကြီးသည် အရှိန်အဟုန်ဖြင့် ကျေးလက်ဒေသ ပြည်သူများအထိ ကုသိုလ်တော်များ ပါဝင်လှူဒါန်းလာနိုင်ကြပါသည်။ ဥက္ကဋ္ဌ ဦးထွန်းလှိုင်နှင့် အမူဆောင်များသည် ဆွမ်လောင်းအသင်းကြီးအား အခိုင်အမာ ရပ်တည်လာနိုင်အောင် (၁၅)နှစ်တိတိ ဆောင်ရွက်ခဲ့သည်။ ၁၉၇၂ ခုနှစ်၊ဇွန်လ(၁၁)ရက်နေ့တွင် ဥက္ကဋ္ဌ ဦးထွန်းလှိုင် မှာ အသက်အရွယ်ကြီးရင့်လာ၍ အနားယူသည်။ မြို့မရပ်ကွက်၊ ၆ လမ်းနေ၊ ဦးကြည်ဝင်း (စက်ချုပ်လုပ်ငန်း) မှ ဥက္ကဋ္ဌ တာဝန်ကို ထမ်းဆောင်ခဲ့၏။ ၁၉၇၃ ခုနှစ်၊ ဇူလိုင်လ(၂၃)ရက်နေ့တွင် ဦးကြည်ဝင်း ကွယ်လွန်သွား၍ ဥက္ကဋ္ဌ နေရာကို မြို့မရပ်၊ ဘုရားလမ်းနေ ဦးညိုတုတ်( အောင်သူ- ကားလိုင်းပိုင်ရှင်) မှ တာဝန်ယူခဲ့ပါသည်။ ၁၉၇၃ - ၁၉၈၂ နေ့စဉ်သံဃဒါနဆွမ်းလောင်းအသင်းသည် အရှိန်အဟုန်မပျက် တိုးတက်လာခဲ့သည်။ ၁၉၇၉ ခုနှစ်၊ ဇန၀ါရီလ(၁)ရက်နေ့ ကျင်းပသော မြို့လုံးကျွတ် ကျောင်းထိုင်ဆရာတော်များ စုံညီအစည်းအဝေးမှ ဗေဓျာလင်္ကာရ ကျောင်းဝိုင်း၏ အနားသတ်မြေကွက်များကို ဆွမ်းလောင်းရုံအသင်းအား အပိုင်ပေး၍ စွန့်လွှတ်ပေးခဲ့သည်။ ထိုနေရာများတွင် အသင်းပိုင် ဆိုင်ခန်းများဆောက်လုပ်၍ ငှါးရမ်းခဲ့သည်။ ၎င်း မှရရှိသာ ငှါးရမ်းခငွေများကို ဆွမ်းလောင်းလှူရာ၌ သုံးစွဲခဲ့သည်။ ထို့နောက်` ရွှေဝါဧည့်ရိပ်သာ´ဆောက်လုပ်ပြီး တည်းခိုခမ်းမှ ရငွေများကိုလည်း ဆွမ်းစရိတ်အဖြစ် အသုံးပြုခဲ့ကြသည်။ ဥက္ကဋ္ဌ ဦးညိုတုတ်သည် ဆွမ်းလောင်းရုံငယ်မှ ဆွမ်းလောင်းရုံအကြီးသို့ ပြင်ဆင်ဆောက်လုပ်ခဲ့သည်။ ၁၉၈၂ ခုနှစ်၊ စက်တင်ဘာလ(၁၀)ရက်တွင် ဦးညိုတုတ် ကွယ်လွန်ခဲ့သည်။ ဒုတိယ ဥက္ကဋ္ဌ ဦးအုံးဖေ မှ ဥက္ကဋ္ဌ တာဝန်အား ဆက်ခံခဲ့သည်။ ၎င်း အချိန်သည် နေ့စဉ်သံဃဒါဆွမ်းလောင်းအသင်းမှာ (၂၅) နှစ် ငွေရတုသဘင်သို့ ပြည့်မြောက်ပြီးဖြစ်သည်။ ၁၉၈၃ - ၁၉၉၂ ဦးအုံးဖေ(လွတ်လပ်ရေးမော်ကွန်ဝင်) သည် ဥက္ကဋ္ဌ တာဝန်ယူထမ်းဆောင်စဉ်ကာလ တစ်လျှောက်လုံး သံဃာတော် များအတွက် နေ့စဉ် ကုသိုလ်ရေးဝတ်မပျက်အောင် ဆွမ်းလောင်းလှူနိုင်ရေးအတွက် ကုန်သွယ်လယ်ယာမှ ဆန် နှင့် သမ၀ါယမ မှ ဆီများ ၀ယ်ယူရရှိနိုင်အောင် ဆောင်ရွက်ခဲ့သည်။ ဦးအုံးဖေနှင့် အလုပ်အမှုဆောင်များသည် မည်သို့ပင် မိုးသဲသဲ၊ လေပြင်းတိုက်တိုက် သဘာဝအန္တရာယ် အတားအဆီးကိုမျှ ဂရုမစိုက်ဘဲ နေ့စဉ်ဆောင်ရွက်ခဲ့ကြသည်။ ၁၉၈၈ ခုနှစ် (၈၈) အရေးအခင်းကာလအတွင်း၌ပင် တစ်နေ့ တစ်ရက်မျှ အာရုဏ်ဆွမ်းလောင်း မပျက်ခဲ့ပါ။ တွေ့ကြုံရသော အကျပ်အတည်း အခက်အခဲများအား ကျော်လွှားနိုင်ခဲ့ကြသည်။ ၎င်း အချိန်တွင် စရိတ်များကြီးထွားလာ၍ ဆိုင်ခန်းအငှါး လခများကို တိုး၍တောင်းခဲ့သော်လည်း အချို့ဆိုင်ခန်းရှင်းများမှ ပမာ မခန့်ပြုမူပြီး မပေးကြပေ။ သြ၀ါဒဆရာတော်ကြီးများ၏ ဆိုဆုံးမ စကားကိုပင် မနာခံကြပေ။ ဓမ္မစက်ဖြင့် ဖြေရှင်း၍ မရ၍ ထိုအချိန်က မြို့နယ်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့၏ အာဏာစက်ဖြင့် ဖြေရှင်းတောင်းယူခဲ့ကြရသည်။ ထို့နောက် ဥက္ကဋ္ဌ ဦးအုံးဖေ အသက်ကြီးရင့်လာ၍ အနားယူခဲ့သည်။ အတွင်းရေးမှူး ဦးခင်မောင်ထွန်း သည်လည်း ကိုယ်ရေးကိုယ်တာ အခြေအနေကြောင့် နုတ်ထွက်သွား ခဲ့ပါသည်။ ၁၃၅၄ ခုနှစ်၊ တော်သလင်းလပြည့်ကျော်(၁၅)ရက်နေ့၊ (၂၆-၉-၁၉၉၂) တွင် မဟာဓမ္မိကရာမ ကျောင်းတိုက်တွင် ကျင်းပသော နေ့စဉ်သံဃဒါနဆွမ်းလောင်းအသင်း သင်းလုံးကျွတ် အစည်းအဝေး၌ မကွေးမြို့၊ အိုဘိုရပ်၊ (၆)လမ်း၊ အမှတ်(၁၇)နေ ဦးသိုက်ထွန်း အား ဥက္ကဋ္ဌ အဖြစ်၎င်း၊ မြို့ဟောင်း အမှတ်(၃)ရပ်ကွက်၊ ဘုရားလမ်း၊ အမှတ်(၁၈၀)နေ ဦးခင်မောင်တင့် အား အတွင်းရေးးမှူးအဖြစ်၎င်း အများဆန္ဒဖြင့် ရွေးချယ်တင်မြှောက်ခဲ့ကြသည်။ ၁၉၉၃ - ၂၀၀၇ ၁၉၉၂ ခုနှစ်၊ အောက်တိုဘာလ(၄)ရက်နေ့တွင် ဦးသိုက်ထွန်း ဥက္ကဋ္ဌ ၊ ဦးခင်မောင်တင့် အတွင်းရေးမှူး တာဝန်များကို လက်ခံရယူခဲ့ကြသည်။ ထိုစဉ်အချိန်တွင် ငွေစုလက်မှတ်ကျပ်တစ်သိန်းတန် တစ်စောင်နှင့် ငွေစုစာအုပ်လက်ကျန် ငွေ(တစ်သောင်းကျပ်) ဖြင့်အတူ ကုန်သွယ်လယ်ယာမှ လစဉ်ဆန်ဝယ်ယူခွင့် ဆန်အိပ်(၁၅၀) ရရှိခဲ့ပါသည်။ သို့သော် နောက်ပိုင်းတွင် ဆန်ဝယ်ယူခွင့်အား အကြောင်းမညီညွတ်၍ ရပ်ဆိုင်းခံလိုက်ရသည်။ ဥက္ကဋ္ဌ နှင့် အလုပ်အမှုဆောင်အဖွဲ့သည် လွန်ခဲ့သော(၃၅)နှစ်အတွင်းမှ ဆောင်ရွက်ခဲ့ကြသည့် ဥက္ကဋ္ဌ များဖြစ်ကြသည့် ဦးထွန်းလှိုင်၊ ဦးကြည်ဝင်း၊ ဦးညိုတုတ်၊ ဦးအုံးဖေ တို့၏ မလျော့သော ဇွဲလုံ့လ ၀ီရိယတို့ကို စံနမူတင်ကာ ဆက်လက်၍ ရွှေရတုခရီးသက်တန်းအထိ ကျိုးစားပြီး ဆောင်ရွက်ခဲ့ကြပါသည်။ ၂၀၀၃ ခုနှစ်မှစ၍ တစ်နှစ်လျှင်တစ်ကြိမ် မြို့လုံးကျွတ် ဆွမ်းဆန်တော်နှင့် ဆွမ်းစရိတ် အလှူတော်ခံ မဟာကုသိုလ်တော်လုပ်ငန်းကို ကျောင်းတိုက်အသီးသီးမှ သံဃာကိုယ်စားလှယ်(၁၀၈)ပါး ဦးဆောင်ရှေ့ရွက်ပြု၍ ဆောင်ရွက်ခဲ့ကြပါသည်။ ဤကဲ့သို့ ဆောင်ရွက်ပေးခဲ့ကြသဖြင့် ဆင်းရဲနွမ်းပါးသူများအဖို့ ဆန်နိုဆီဗူး မပြည့်တပြည့် ၊ ဆွမ်းစရိတ် ဆယ်ဂဏန်းမပြည့် အလှူငွေများကို ၀မ်းသာအားရ လက်အုပ်တစ်ချီချီဖြင့် လှူဒါန်းခွင့်ရကြပေသည်။ ၂၀၀၇ -၂၀၁၂ ရွှေရတု နှစ်(၅၀) မပြည့်မီအချိန်မှစ၍ မကွေးမြို့နယ်သံဃနာယကအဖွဲ့၏ ရှေ့ဆောင်ဦးရွက်မှုကိုခံယူလျှက် ကျေးလက်အသီးသီးရှိ ကျေးရွာအုပ်စု သံဃနယကအဖွဲ့များ ဥက္ကဋ္ဌ ဆရာတော်များအား ပင့်ဖိတ်ပြီး အသင်းက စေလွှတ်သော အလှူခံအဖွဲ့ကို အထောက်အကူပြု ပေးတော်မူကြပါရန် လျှောက်တင်ခဲ့ရပါသည်။၎င်း ဆရာတော်များ၏ ကူညီမှုများကြောင့် ဆွမ်းစရိတ်အလှူတော်ငွေများ ရရှိခဲ့ပါသည်။ မကွေးမြို့ပေါ်တွင်လည်း ဥက္ကဋ္ဌ ကိုသန့်ဇင်၊ အတွင်းရေးမှူး ကိုခင်မောင်ကြူ တို့ ဦးဆောင်သော မြသလွန်စေတီတော် ဗုဒ္ဓဝေယျာဝစ္စနှင့် သန့်ရှင်းရေး ဥပုသ်တော်အသင်းဝင် မောင်မယ်များမှလည်း ရပ်ကွက်အသီးသီး လှည့်လည်၍ အလှူခံပေးကြပါသည်။ အလားတူပင် အငြိမ်းစား ကျောင်းအုပ်ဆရာကြီး ဦးဥာဏ်လင်း(ယခုကွယ်လွန်) မှလည်း မကွေးမြို့ပေါ်စာသင်ကျောင်းများမှ တစ်ဆုတ်ဆန်။ တစ်ဇွန်းဆန်များ အလှူခံပေးခဲ့ကြပါသည်။ ဆွမ်းစရိတ်နှင့် ဆွမ်းဆန်တော်များ ထိုက်သင့်သလောက်ရရှိသော်လည်း ရေရှည်အကျိုးကို မျှော်ကိုးလျှက် ဆွမ်းပဒေသာပင် အလှူငွေများအား စတင်အလှူခံခဲ့ပါသည်။ တစ်လထက်တစ်လ၊ တစ်နှစ်ထက် တစ်နှစ် ဆွမ်းအလှူရှင်များ တိုးပွားလာရာ ဆွမ်းပေဒေသာပင် သက်တမ်း(၁၅)နှစ် မပြည့်ခင်မှာပင် အလှူငွေများ ကျပ်သိန်း တစ်ထောင်ကိုးရာကျော် ရရှိပြီးဖြစ်ပါသည်။ ဆွမ်းပဒေသာပင်ငွေများ လှူဒါန်းရာတွင် ပြည်တွင်း ရပ်နီး ရပ်ဝေးမှ ကုသိုလ်ရှင်များသာ မက ပြည်ပရှိ့ အရှေ့ အနောက်နိုင်ငံများမှ စေတနာရှင်များကလည်း ပါဝင် လှူဒါန်းကြပါသည်။ ထူးခြားချက်မှာ ကျေးဇူးတော်ရှင် မကွေးဆရာတော်ဘုရားကြီး၏ ဘုန်းရိပ် ကံရိပ်ကို အမှီပြု၍ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့မှ မြောက်မင်စီ သာသနာပြုကျောင်းဆရာတော် မဟာသဒ္ဒမ္မဇောတိက ဓဇ အရှင်သုဘန( စုဆန်းလီ) နှင့် တပည့် ဒါယကာ၊ ဒါယိကာမများမှ ဆွမ်းပဒေသပင် အလှူငွေ ကျပ်သိန်းသုံးရာ လှူဒါန်းခြင်း။ မကွေးမြို့တွင်းမှ မိမိတို့နေထိုင်သော မြေနေယာ အိမ်ဝိုင်းများ၊ တယ်လီဖုန်း၊ အဆောက်အအုံးများအား ဆွမ်းပဒေသာပင်အဖြစ် လှူဒါန်းကြသော အလှူရှင် များလည်း ပေါ်ပေါက်လာပါသည်။ ဤသို့လှူဒါန်းကြခြင်းမှာ သာမန် မဟုတ်ပါ။ တစ်မြို့လုံး တစ်နယ်လုံး တစ်နိုင်ငံလုံး တစ်ကမ္ဘာလုံးတို့မှ ဘာသာရေးနိုးကြား အုံကြွမှု ပြယုဂ်ပင်ဖြစ်ပါသည်။ မကွေးမြို့ နေ့စဉ်သံဃဒါနဆွမ်းလောင်းအသင်းကြီးသည် မကွေးမြို့ပေါ်နှင့် အနီးပတ်ဝန်းကျင်ဒေသမှာ မွှေ့လျော်သီတင်းသုံးတော်မှုကြကုန်သော ရဟန်း သာမဏေများအား နေ့စဉ်ဝတ်မပျက် အာရုဏ်ဆွမ်းလောင်းလှူရေး အတွက် ဆောင်ရွက်နေခြင်းဖြစ်ပါသည်။ သို့ပါ၍ သဒ္ဒါကြည်လင် စေတနာရှင်များအနေဖြင့် (ဖုန်း ၀၆၃-၂၆၀၂၆)သို့ ဆက်သွယ်၍ လှူဒါန်းနိုင်ကြပါကြောင်း တိုက်တွန်းနိုးဆော်အပ်ပါသည်။ မှတ်ချက်။ ။ အလှူရှင်များနှင့် လှူဒါန်းပေးခဲ့ကြသော ကုသိုလ်ကောင်းမှု ဒါနအစုစုတိုကို ပြည့်စုံအောင် ရေးသားဖော်ပြခြင်း မပြုနိုင်ခဲ့၍ လေးစားစွာတောင်းပန်အပ်ပါသည်။
 

၎-၅-၂၀၁၂ `မကွေးမြို့၊ မြောက်စာသင်တိုက်စာမူရေးမည်´

ကိုယ့်အကြောင်း သူများအကြောင်း နှင့် ပတ်ဝန်းကျင်မှ အကြား အမြင်များ အမှတ်(၁၀၄-၅-၂၀၁၂) ၄-၅-၂၀၁၂ `မကွေးမြို့၊ မြောက်စာသင်တိုက်စာမူရေးမည်´ ရာသီဥတုက ပူတယ်။ ညကလဲ ယက်ခပ်ပြီးအိပ်ရတယ်။ စောစောအိပ်လို့ စောစောအိပ်ယာက ထပါတယ်။ ဆိုင်ဖွင့်ပြီး လျှပ်စစ်မီးက ပြတ်သွားတယ်။ လျှပ်စစ်မီးဆိုလို့ မကွေးမြို့မှာ လျှပ်စစ်မီးကို အလှည့်ကျစနစ် သတင်းရေးဖို့ မြို့နယ်မန်နေဂျာ ကို သွားမေးရအုံးမည်။ ယနေ့ ဖေးဖရိတ်သတင်းဂျာနယ်မှာတော့ အပူရှိန်ပြင်းသော်လည်း မကွေးစည်ပင်သာယာမှ ရေလုံလောက်အောင် ဖြန့်ဝေနေတယ်ဆိုတဲ့ သတင်းပါလာတယ်။ တစ်ကယ် ဟုတ် မဟုတ် မြို့ထဲ ဆင်းပြီး သတင်းယူရအုံးမည်။ ဌါနဆိုင်ရာ သတင်းများကို ဌာနက ရေးခိုင်းတဲ့အတိုင်း မရေးချင်ပါ။ အများကို အမှန်တစ်ကယ် အကျိုးပြုသလားဆိုတာ သတင်းအရင်းအမြစ် ပြည်သူတွေအသံ နားထောင်ပေးရပါမည်။ အများပြည်သူတွေရဲ့ အသံအတိုင်း သတင်းရေးမှ ကိုယ်ရေးတဲ့ သတင်းက အကျူိးရှိကြမည်ထင်ပါတယ်။ မည်သူကိုမျှဆရာလုပ်နေတာ မဟုတ်ပါ။ ကိုယ့်ဘာသာကိုယ် ပြန်ပြီးဆုံးမပေးနေရပါတယ်။ ဆရာတင်လင်းဇော်က မကွေးမြို့ မြောက်စာတိုက်ကျောင်းတိုက်မှ မဂ္ဂဇင်းထုတ်ဖို့ အတွက် ကျွန်တော့်ဆီ စာမူတောင်းထားပါတယ်။ ယခု လာမယ့် တနင်္ဂနွေနေ့ နောက်ဆုးံထားပြီး ပေးရမယ် ပြောပါတယ်။ ဆောင်းပါး ရသစာတမ်းတွေက မရေးတာကြာနေပြီ။ ယခု ပြန်ရေးမယ်ဆိုတော့ မရေးတတ်ဘူးဖြစ်နေပါတယ်။ နေ့စဉ် သတင်းတွေရေးနေတာဆိုတော့ စဉ်းစား ပြီး ဘာသာရေးနဲ့ ကိုက်အောင် စာတစ်ပုဒ်ရေးသားဖို့ကို လက်နှေးနေရပါ တယ်။ သတင်းဆိုတာက သတင်းအရင်းအမြစ်ကို အခြေခံပြီး တိကျမှန်ကန်အောင် တိုရှင်း လိုရင်းရေးရတာကို အကျင့်ပါ နေပါတယ်။ စာရေးတယ်ဆိုတာကလည်း အပြေးသမားလိုပါဘဲ အမြဲတမ်း လေ့ကျင့်နေမှ အဆင်ပြေပါတယ်။ သတင်းတွေကိုသာ ငွေရရရေးအတွက် ရေးသားနေတော့ ရသ၊ သုတ ဆောင်းပါးတွေရေးဖို့အတွက် လက်နှေးနေတာပါ။ မကွေးမြို့မှာ ယဉ်ကျေးလိမ္မာသင်တန်းဆိုတာ မကွေးမြို့ နေ့စဉ်သံဃဒါနဆွမ်းလောင်းအသင်းမှ စတင်၍ ကျင်းပသည် သတင်းကို ရေးသားလိုက်ရပါတယ်။ ယခင် မြန်မာပို့စ် သတင်းဂျာနယ်ကို ပို့ထားတာ မသုံးဖြစ်လို့ ပြင်ဆင် ရေးသားလိုက်ရပါတယ်။ `မကွေးမြို့မှာ ယဉ်ကျေးလိမ္မာသင်တန်းများကို မဟာဓမ္မိကာရာမ(မြောက်) စာသင်တိုက် နေ့စဉ်ဆွမ်းလောင်းအသင်း မှစတင်သည်´ မကွေးမြို့တွင် ယဉ်ကျေးလိမ္မာ သင်တန်းများကို မဟာဓမ္မိကရာမ(မြောက်)စာသင်တိုက်၊ နေ့စဉ်သံဃာ့ဒါန ဆွမ်းလောင်းအသင်းမှ နွေရာသီကျောင်းပိတ်ရက် အချိန်များမှာ နှစ်စဉ်ကျင်းပခဲ့ကြကြောင်း သတင်းရရှိပါသည်။ ယဉ်ကျေးလိမ္မာသင်တန်းကို ၂၀၀၅ ခုနှစ်တွင် စတင်လာခဲ့ကြောင်းသိရ၏။ ယခု(၂၀၁၂)ခုအထိ (၈)နှစ်(၈)ကြိမ် မြောက် ကျင်းပလာနိုင်ခဲ့သည်။ အသက်(၅)နှစ်မှ(၁၀)နှစ်အထိ ရင်သွေးငယ်အဆင့် လူငယ်များ(၁၅၀)ဦးခန့်၊ အသက်(၁၁)နှစ်မှ အထက်တန်း၊ တက္ကသိုလ်အဆင့်ထိ အခြေခံအဆင့်လူငယ်များ(၁၃၀)ဦးခန့်တို့ကို တစ်ရက်မှာ(၂)ချိန်ခွဲ၍ (၇)ရက်တိတိ သင်တန်းပို့ချပေးနိုင်သည်။ ယဉ်ကျေးလိမ္မာသင်တန်းပို့ချပေးသော ဆရာ ဆရာမများမှာ မကွေးမြို့အတွင်းမှ ကျောင်းဆရာ ဆရာမများနှင့် အငြိမ်းစား ဆရာ ဆရာမကြီးများဖြစ်ကြောင်း သိရှိရပါသည်။ နှစ်စဉ် နွေရာသီကျောင်းပိတ်ရက်(မတ်)လတွင် မပျက်မကွက်ကျင်းပပေးနိုင်ခဲ့ကြောင်းသိရသည်။ သင်တန်းဆင်းပွဲများတွင် ဂုဏ်ပြုလက်မှတ်များနှင့် ဆုငွေများကို ထိုက်ထိုက်တန်တန်ဖြင့် ချီးမြှင့်ပေးကြောင်း သိရပါသည်။ ဆုရရှိသော စာမူများကိုလည်း အမှတ်တရစာအုပ်များ ထုတ်ဝေ၍ မေတ္တာလက်ဆောင်များပေးကြ၏။ လူငယ်လူရွယ်များ အတွက် အထူးပင်လိုအပ်သောသင်တန်းများဖြစ်ပါသည်။ သိရိလင်္ကာနိုင်ငံမှ ဓမ္မစကူး(လ်)၊ ဆန်းဒေးစကူး(လ်) အဖြစ် ဖော်ဆောင်နိုင်ခြင်း မရှိသေးသော်လည်း တစ်နိုင် တစ်ပိုင်ပြုလုပ်ပေးသော ယင်းသင်တန်းများအား ကျောင်းသား ကျောင်းသူလူငယ် လူရွယ်များ မဖြစ်မနေတက်သင့်သော သင်တန်းများဖြစ်ပါသည်။ ထို့ကြောင့် မကွေးမြို့၊ မဟာဓမ္မိကရာမတိုက်အတွင်းရှိ နေ့စဉ်သံဃာ့ဒါနဆွမ်းလောင်းအသင်းမှ ယဉ်ကျေးလိမ္မာသင်တန်းများကို အားကျ အတုယူ၍ အခြားသော ဘုန်းတော်ကြီးကျောင်းများမှလည်း အလားတူ ယဉ်ကျေးလိမ္မာသင်တန်းများကို အဆက်မပြတ် နှစ်စဉ်ဖွင့်လှစ်လာကြောင်း မြင်တွေ့ရပါသည်။ မကွေးမြို့ မြသလွန်ဘုရားကြီး၏ အရှေ့ဘက် အောင်ဓမ္မရက္ခိတ ဘုန်းတော်ကြီး ကျောင်းမှာ ကျောင်းထိုင်ဆရာတော် အရှင်ပညာဗလ ဦးစီး၍ ပထမအကြိမ်(၂၃-၃-၂၀၁၂) နေ့မှ (၃၁-၃-၂၀၁၂)နေ့အထိ ယဉ်ကျေးလိမ္မာသင်တန်းသား (၁၀၀) ကျော်အား ဆရာတော်နှင့် မကွေးမြို့ရှိ စာရေးဆရာ၊ဆရာမများမှ သင်ကြားပို့ချ၍ ၂-၄-၂၀၁၂ နေ့ ညနေ(၅)နာရီတွင် ဂုဏ်ပြုလက်မှတ်နှင့် ထိုက်တန်သောဆုငွေများချီးမြှင့်ပွဲ ကျင်းပကြောင်း သတင်းကြားသိရသည်။ မကွေးမြို့၊ အောင်ဇေယျာရပ်ကွက်၊ တောင်တွင်းလမ်းမပေါ်မှ ကပ်ကျော်ကမ္ဘာအေး ၀ိပဿနာဓမ္မရိပ်သာ တွင် ကျောင်းထိုင်ဆရာတော် စာရေးဆရာ သာကီနွယ်သွေး(မကွေး)မှ ဦးဆောင်၍ (ဆဋ္ဌမအကြိမ်) ယဉ်ကျေးလိမ္မာ မျိုးဆက်သစ်အခြေပျိုး သင်တန်းကို (၂-၄-၂၀၁၂) နေ့မှ (၆-၄-၂၀၁၂) နေ့အထိ သင်တန်းသား သင်တန်းသား(၁၀၀)ကျော်အား သင်ကြားပို့ချသည်။ ၎င်းသင်တန်းတွင် မန္တလေးမြို့မှ ဓမ္မကထိကဆရာတော် စာရေးဆရာ တက္ကသိုလ်တေဇာလင်းနှင့် မကွေးမြို့ရှိ စာရေးဆရာများ၊ အငြိမ်းစားကျောင်းဆရာ ဆရာမကြီးများ မှသင်ကြားပို့ချ ပေးကြောင်း သတင်းကြားသိရသည်။ မကွေးမြို့၊ ကန်သာရပ်ကွက်၊ အောင်မြေရတနာ စာသင်ကျောင်းတိုက်တွင် ကျောင်းထိုင်ဆရာတော် ဘဒ္ဒ န္တပဏ္ဍိစ္စသာရ ဦးစီး၍ (ဒုတိယအကြိမ်) ဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာသင်တန်းကို (၂၅-၄-၂၀၁၂) မှ (၂၉-၄-၂၀၁၂)နေ့အထိ (၅)ရက်ကျင်းပပြုလုပ်ကြောင်း သတင်းရရှိခဲ့ပါသည်။ သင်တန်းသား(၂၀၀၀) ခန့်လက်ခံသင်ကြားကြောင်းသိရသည်။ (၅/၈)တန်း ကျောင်းသူ ကျောင်းသားများကို နံနက်(၇)နာရီမှ နေ့လည်(၁၁)နာရီအထိ သင်ကြားသည်။ (၉ တန်း/တက္ကသိုလ်ကျောင်းသားများ)ကို နေ့လည်(၂)နာရီမှ ညနေ(၆း၃၀)အထိ သင်ကြားကြောင်းသိရသည်။ ၎င်း ယဉ်ကျေးလိမ္မာမျိုးဆက်သစ် ဓမ္မသင်တန်းကြီးတွင် သင်ကြားပို့ချသောဆရာတော် များနှင့် ဆရာကြီးများမှာ လေးအိမ်စု အရှင်ဝိစိတ္တသာရ ဆရာတော်ဘုရား၊ အရှင်ပညာသာမိ ဆရာတော်၊ ဓမ္မစက္က ဦးမောင်မောင် နှင့် သီလရှင်ဆရာကြီး ဒေါ်ဟေမာစာရီ တို့မှ သင်ကြားပို့ချမည် ဖြစ်ကြောင်း သိရ၏။ ထို့ပြင် ကျောင်းသားလူငယ်များအတွက် အကျင့်စာရိတ္တကောင်းမွန်ပြီး မျိုးချစ်ဇာတိမာန်များ နိုးကြားသွက်လက် ထက်မြက်စေရန်ဟု ရည်ရွယ်၍ (အခြားသောယဉ်ကျေးလိမ္မာ သင်တန်းများနှင့်မတူ၊ ကြီးကျယ်ခမ်းနားအောင် အပိုဆန်းသစ်တီထွင်ခြင်းဖြင့်) မန္တလေးမြို့မှ စာရေးဆရာ ဦးဘုန်း(ဓာတု)နှင့် ဆရာဇော်ခိုင်ဦးတို့မှ သီချင်းများကို ကိုယ်တိုင်သီဆိုကြပြီး ဂီတာများဖြင့် ကိုယ်တိုင် တီးခတ်သင်ကြားခြင်း၊ ရန်ကုန်မြို့မှ စာရေးဆရာ မောင်သာချို၊ စာရေးဆရာမ သန်းမြင့်အောင် တို့ကလည်း လူငယ်များအတွက်ယဉ်ကျေးလိမ္မာရေးကို အားဖြည့်နိုင်ရန် စာပေဟောပြောပွဲအသွင်ဖြင့် ဟောပြောသင်ကြားကြကြောင်း သတင်းရရှိခဲ့ပါသည်။