၂၃-၂-၂၀၁၂ `စာပေဟောပြောခွင့် စာပေလွတ်လပ်ခွင့်မပေးတဲ့ မကွေးတိုင်းဒေသကြီး ´

ကိုယ့်အကြောင်း သူများအကြောင်း နှင့် ပတ်ဝန်းကျင်မှ အကြား အမြင်များ အမှတ်(၃၅-၂၀၁၂) ၂၃-၂-၂၀၁၂ `စာပေဟောပြောခွင့် စာပေလွတ်လပ်ခွင့်မပေးတဲ့ မကွေးတိုင်းဒေသကြီး ´ ဒီနေ့ညနေကားနဲ့ ကျွန်တော့်ဇနီးတို့ သားအမိများ မကွေးသို့ ပြန်လာကြမည်ဖြစ်ပါတယ်။ သူတို့ မောင် စက်ရုံမှူး လူမမာမေးသွားခရီးစဉ်(၂၂-၂-၂၀၁၂)နေ့ကရေးထားတဲ့ အဆက်ကို နောက်မှ သူတို့အား မေးမြန်းပြီး ဆက်ရေးပါမည်။ ယနေ့ထွက်တဲ့ ဘိုင်ဝီကလီ၊ ဆယ်ဗင်းဒေး သတင်းဂျာနယ်များကို ဖတ်လိုက်မိပါတယ်။ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ နဲ့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ နှစ်ဦးတို့ရဲ့ ၀န်ထမ်းများလစာတိုးပေးရေးကိစ္စကို ပြည်ထောင်စုလွှတ်တော်၊ နိုင်ငံတော်သမ္မတထံ သို့ သ၀ဏ်လွှာအား ဆက်လက်ပေးပို့ထားကြောင်း ဖတ်လိုက်ရပါတယ်။ များစွာ ၀မ်းသာမိပါတယ်။ စာရေးသူသဘောထား ပြောရရင်တော့ `၀န်းထမ်းများကို လစာတိုးရေးကို´ ထောက်ခံပါတယ်။ ကျွန်တော်ကိုယ်တိုင်လဲ ၀န်ထမ်းတစ်ဦး ဖြစ်လို့ ပိုပြီး သဘောကျမိတာပါ။ ၀မ်းသာလို့ မဆုံးခင် ပြည်သူ့ခေတ်ဂျာနယ်ကို ဖတ်လိုက်ရတော့ များစွာကို စိတ်မကောင်းဖြစ်သွားမိပါ တယ်။ `စာပေဟောပြောခွင့် စာပေလွတ်လပ်ခွင့်မပေးတဲ့ မကွေးတိုင်းဒေသကြီး ယနေ့ထုတ် ပြည်သူ့ခေတ်ဂျာနယ် အတွဲ(၁) အမှတ်(၈၃) ထဲက မောင်ထွန်းလွင်(မိုးလေ၀သ)ရဲ့ ခံစားချက်အပြည့်နဲ့ ရေးသားထားတဲ့ `ထိုအချိန်ဝယ် တိမ်ညိုမည်းတစ်ခုက လခြမ်းလေးကို ဖုံးအုပ်လိုက်ပြန်ပါပေါ့ကွယ်..´ ဆောင်းပါးဖြစ်ပါ တယ်။ စာပေဟောပြောပွဲသွားစဉ် ဟောပြောပွဲစတင်ဖို့ ခမ်းခမ်းနားနားပြင်ဆင်ထားပြီး ပရိတ်သတ်များနဲ့ ၀က်ဝက်ကွဲ စည်ကားနေချိန် စာပေဟောပြောပွဲ စတင်ဖို့ အဆင့်သင့်ဖြစ်နေချိန်မှာ ` မကွေးတိုင်းဒေသကြီး ၀န်ကြီးချုပ်ထံ´မှ စာပေဟောပြောပွဲ ဟောပြောခွင့် ``ပွဲမိန့်´´ မရလို့ မင်းတုံးမြို့နဲ့ နယ်ဝေးရွာများကလာကြရတဲ့ လူထုကြီးရော စာရေးဆရာများပါ ဟာကနဲ ဟင်ကနဲ ဖြစ်သွားပြီး ငိုတဲ့သူတွေငိုကြ၊ အန်ကို ကြိတ် လက်သီးကိုဆုပ် တောက်ခေါက် သူတွေက တောက်ခေါက်နေကြရတဲ့ စာပေဟောပြောပွဲ ခန်းမထဲမှ အကြောင်းအရာများကို ခံစားရေးသား ထားတာပါ။ အဆုံးအပိုဒ်ကလေးကို မျှဝေလိုက်ပါရစေ..။ `ထိုအချိန်ဝယ် တိမ်ညိုမည်းတစ်ခုက လခြမ်းလေးကို ဖုံးအုပ်လိုက်ပြန်ပါပေါ့ကွယ်..´ ဒီလိုပဲ ဟောပြောပွဲ ကျင်းပတော့မယ့် ည(၇)နာရီလည်း နီးကပ်လာပြီမို့ ကျွန်တော်တို့လည်း တိုက်ပုံဝတ်၊ ရင်ဘတ်မှာ ဟောပြောပွဲ ရင်ထိုးကြီးတွေထိုး၊ အခမ်းအနားမှူးမလေးတွေလည်း ဖီးလိမ်းပြင်ဆင် အပြီးမှာ ရွာထဲက လူကြီးတွေနဲ့ ဟောပြောပွဲစီစဉ်သူ လူငယ်အုပ်စုတွေ မျက်နှာမသာ မယာနဲ့ ကျွန်တော်တို့ စာရေးဆရာတွေရှိတဲ့ အပေါ်ထပ်ကိုတက်လာကြ ပါတယ်။ `ပွဲမိန့်မရလို့ ယခုဟောပြောပွဲကို ဖျက်လိုက်ရပြီတဲ့´။ ကျွန်တော်တို့အားလုံး အံ့အားသင့်သွားပါတယ်။ `ဟာ-ဗျာ´ ဆိုပြီး ပါးစပ်ဟောင်းလောင်းဖြစ်ကုန်ကြတော့တာဘဲ။ အားလုံးငြိမ်ကျသွားပါတယ်။ စာရေးဆရာ တစ်ဦးကတော့ မျက်ရည်တွေဝဲလာပြီ အသံမထွက်တော့ပါဘူး။ နောက် စာရေးဆရာတစ်ဦးကလည်း အသံတွေ တုန်တုန်ယင်ယင်နဲ့ ၊ စာရေးဆရာမကလည်း ခေါင်းငိုက်စိုက်ကျလျှက်၊ ငိုနေကြတဲ့ တပည့်မလေးတွေကို ချော့နေပါတယ်။ ကျွန်တော်လည်း စိတ်မကောင်းလိုက်တာဗျာ..။ ဘာလို့ဟောပြောပွဲမိန့်က မရတာလဲ။ ဒီဒေသက ဟောပြောပွဲကျင်းပဖို့ ခွင့်မပြုတဲ့ဒေသမို့လား။ ဒါမ မဟုတ် ဒီဒေသမှာ ဟောပြောပွဲပိတ်ထားတဲ့ စာရေးဆရာတွေရှိနေလို့လား။ ဒါမ မဟုတ် ဟောပြောခွင့်တောင်းခံရာမှာ စည်းကမ်းနဲ့ မကိုက်ညီလို့လား။ ဘာကြောင့်ဆိုတာ ကို သက်ဆိုင်ရာတွေဟာ ပွင့်ပွင့်လင်းလင်း မြင်မြင်သာသာရှိအောင် Good Govermance ဆိုတာနဲ့အညီ ရှင်းလင်းပေးဖို့ လိုအပ်ပါတယ်။ ဒီ မင်းတုံးမြို့ မဲဇလီရွာ စာကြည့်တိုက်သက်တန်း(၄)နှစ်ပြည့် စာပေဟောပြောပွဲ ပြောခွင့်မရတာဟာ မဲဇလီရွာအတွက်သာမက သက်ဆိုင်ရာ မကွေးတိုင်းဒေသကြီးအတွက်ရော နိုင်ငံတော်အတွက်ပါ ထိခိုက်နစ်နာလှပါတယ်။ အလွန်အကျိုးမဲ့တဲ့ဖြစ်ရပ်၊ လူထုရဲ့တိုးတက်မှု အရှိန်ကို ဟန့်တားစေတဲ့ ဖြစ်ရပ်ပဲလို့ ရိုးရိုးလေးမြင်မိပါတယ်။ ငယ်ငယ်က နားထောင်ဖူးတဲ့ အဆိုတော်ကြီး မေလှမြိုင် ဆိုခဲ့တဲ့ `သော်တာ…လရထား´ (ထင်ပါရဲ့ဗျာ) ဒီသီချင်းလေးကို ကျွန်တော်ကြားယောင်လာမိပါတော့တယ်။ `` လဆန်း..၃ ရက် ၄ ရက်၊..တက်သစ်စ…လကလေးဟာ..၊ ညအရေးမှာ..ထွက်ပေါ်လာကာရယ်..၊ ရှိသမျှ..အင်အားစုနဲ့ကွယ်..၊ ကမ္ဘာသူ ကမ္ဘာသားတွေ…အေးချမ်းမှုကို…ပြုစုရွက်ဆောင်..နေရှာပါတော့တယ်..။ ထိုအချိန်ဝယ်..တိမ်ညိုမည်းတစ်စုက..လခြမ်းလေးကို.. ဖုံးအုပ်ဖို့…လာနေပြန်ပေါ့ကွယ်၊ ကြီးနိုင်..ငယ်ညှင်း..၊ အသနားကင်းလို့ရယ်……….´´ ကျွန်တော်တို့ စာရေးဆရာ(၄)ဦးလုံး ညတွင်းချင်းပဲ ရန်ကုန်ကို ပြန်ခဲ့ကြပါတော့တယ်။ ကျွန်တော့်ကားနဲ့ဆိုတော့ နောက်တစ်နေ့ မစောင့်ရတော့ဘူးပေါ့။ ဘယ်သူမှလည်း ဆက်မနေချင်တော့ပါဘူး။ ကားထွက်ခါနီး ကားတံခါးလေးကို ကိုင်ပြီး ၀ိုင်းနေတဲ့ လူအုပ်ကြီး နည်းလားဗျာ..။ သူတို့က ပြောလိုက်ကြသေးတယ်လေ။ `ဆရာတို့ရယ်..ကျွန်တော်တို့ ရွာလေးကိုတော့ မေ့မသွားကြပါနဲ့ ဆရာ´ တဲ့။ ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ ကိုးကားပြီး မဲဇလီရွာသားများကို ပြောလိုက်ချင်ပါတယ်။ `နောက် ဟောပြောပွဲအတွက် ဆရာ့နာမည်စာရင်းသာ….တို့ထားလိုက်ကြပါတော့လို့။ မဲဇလီရွာမှာ မကြာမီ စာကြည့်တိုက်သက်တန်း(၄)နှစ်ပြည့်မှ၊ စာပေ ဟောပြောပွဲများ နှစ်စဉ်နှစ်တိုင်း ကျင်းပခွင့် ရနိုင်ပါစေ။ မောင်ထွန်းလွင်(မိုးလေ၀သ) ကိုယ်တိုင် ရင်တွင်းဖြစ် ခံစားရေးသားလိုက်တဲ့ ပွင့်လင်း မြင်သာတဲ့ ဆောင်းပါးလေးကို ကျွန်တော့် ရင်ထဲမှာ စိတ်မကောင်းခြင်းများစွာ ခံစားရပါတယ်။ မြန်မာတစ်ပြည်လုံးမှ အခြားတိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ စာပေဟောပြောပွဲ တွေကို အတားအဆီမရှိ မြို့တိုင်းမှာ နှစ်ည မှ ငါးည ဆက်တိုက်ကျင်းပဖို့၊ ပေါပေါသီသီ လွတ်လပ်စွာ ဟောပြောခွင့် ပေးနေကြပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ထဲမှာ အာဏာရှင်ဆန်ဆန် ဆက်လက်ကျင့် သုံးနေတဲ့ ၀န်ကြီးချုပ် ဦးဘုန်းမော်ရွှေ တစ်ဦးတည်းကသာ(စာပေဟောပြောပွဲများကို) ခွင့်မပြုတာလို့ သူတို့ရဲ့အတွင်းစည်းမှ ကြားသိ လိုက်ရပါတယ်။ ၀န်ကြီးချုပ်ဦးဘုန်းမော်ရွှေဟာ စာရေးဆရာမကြီး သထုံ မလေးနွယ်ရဲ့ သားတစ်ဦးဖြစ်ပါတယ်။ စာရေးဆရာမကြီးရဲ့ သားတဦးဖြစ်သူက စာပေဟောပြောပွဲများကို ပွဲမိန့် မပေးဘူးဆိုတာ စဉ်းစားစရာပါ။ ၀န်ကြီးချုပ် ရာထူးပြုတ်မှာစိုးလို့ အကြောက်တရားများနေတာလား။ စာပေလောကနဲ့ စာရေးဆရာတွေ စာနယ်ဇင်းသမားတွေကိုများ မျက်မောင်းကျိုးနေတာလား မသိပါ။ ယခုလို ဒီမိုကရေစီနိုင်ငံတော်သစ် ထူထောင်နေတဲ့ ခေတ်မှာ စတုထ္ထမဏ္ဍိုင် စာပေလွတ်လပ်ခွင့်ကို အကြောင်းပြချက် မပေးဘဲ အာဏာရှင်ဆန်ဆန် ကျင့်သုံးနေခြင်း မှာ စာရေးဆရာမကြီးရဲ့သား တစ်ယောက်ဖြစ်နေပြီး တော်တော်လေး အရုပ်ဆိုးအကြီးတန်နေပါတယ်။ ဘာကြောင့် ပွဲမိန့် မပေးပါဘူးလို့ စာပေဟောပြောပွဲ လျှောက်ထားသူများ ကို အတိအလင်း ပြန်လည်ဖြေကြားမပေးပါဘူး။ ဟိုထောက်ခံချက် လိုသေးတယ်၊ ဒီဟာလိုသေးတယ် လို့ အကြိမ်ကြိမ်အခါ အောက်ခြေကိုပြန်ချနေပါတယ်။ ပြည့်စုံအောင်ပြန်လည် တင်ပြထားသော်လည်း ဘာမှ ကြိုတင် ပြန်ကြားချက်မပေးဘဲ ယခုလို ဟောပြောပွဲစခါးနီးမှ ကပ်ပြီး ပွဲမိန့် မပေးဘူးဆိုတာ ပြည်သူလူထုနဲ့ စာပေပညာရှင် စာရေးဆရာများ၊ အများအကျိုးအတွက် အင်တိုက်အားတိုက် ဆောင်ရွက်နေကြတဲ့ လူငယ် မောင်မယ်များရဲ့ ရင်ဘတ်ကို ဆောင့်ကန်ပစ်လိုက် သလိုဖြစ်နေပါတယ်။ ၀န်ကြီးချုပ် ဦးဘုန်းမော်ရွှေဟာ ပြည်သူက ရွေးချယ်ပေးလိုက်တဲ့ လွှတ်တော်ကိုယ်စားလှယ်ဖြစ်သွားပြီး ဒီနေရာကိုရလာတာပါ။ ယခုတော့ ပြည်သူကိုလေးစားရမှန်းမသိ ဘယ်သူ့ကိုမှ ငါ ဂရုမစိုက်ဘူးဆိုပြီး လုပ်နေတဲ့ သဘောဖြစ်နေ ပါတယ်..။ ဒီလိုသာ ဆိုရင် ကျွန်တော်တို့ မကွေးတိုင်းဒေသကြီး တစ်ခုလုံး မျက်စေ့ပိတ် နားပိတ်ဖြစ်ပြီး လူထုအားလုံး လူ့အခွင့်အရေးများ ဆက်လက် ဆုံးရှုံးနေပါမည်။ အလိမ္မာ စာမှာရှိ၊ စာပေမြင့်မှ လူမျိုးမြင့်မည်… ဆိုတဲ့ ဆိုဆုံးမ စကားများကို သား အာဏာရှင် ၀န်ကြီးချုပ် ဦးဘုန်းမော်ရွှေကို မသင်ပေးခဲ့ဘူးလား မိခင် စာရေးဆရာမကြီး သထုံမလေးနွယ်ရယ်..။ (ဇာတ်တူသားကိုစားရင် ဟင်္သာကိုးသောင်းပျက်တဲ့ သာဓကရှိပါသည်။)

Penulis : shwelannwelanwinkyi ~ Sebuah blog yang menyediakan berbagai macam informasi

 

0 comments: