၁၃-၃-၂၀၁၂ `ဧရာဝတီရှုခင်းသာ အဆင့်မြင့်အိမ်ယာ စာနယ်ဇင်းရှင်းလင်းပွဲ´

ကိုယ့်အကြောင်း သူများအကြောင်း နှင့် ပတ်ဝန်းကျင်မှ အကြား အမြင်များ အမှတ်(၅၂-၂၀၁၂) ၁၃-၃-၂၀၁၂ `ဧရာဝတီရှုခင်းသာ အဆင့်မြင့်အိမ်ယာ စာနယ်ဇင်းရှင်းလင်းပွဲ´ မနေ့က စမ်းကြီးစာပေဟောပြောမှ ရောက်တာနဲ့ ညမှာ ဆရာကိုနေခြည်က ဧရာဝတီရှုခင်းသာ အဆင့်မြင့်အိမ်ယာ စာနယ်ဇင်းရှင်းလင်းပွဲကို လာဖိတ်တယ်။ ဒါကြောင့် ဒီနေ့ နံနက်(၁၀)နာရီအချိန်မှာ ဦးဟန်မောင်အိမ်သို့သွားကြတယ်။ မြန်မာပြည်ဆရာဟိန်း၊ ကိုအောင်သူငြိမ်း၊ ကိုနေခြည်နဲ့ ကျွန်တော် (၄)ဦးတက်ပါတယ်။ ကိုမျိုးဇော်က ရုံးမှ တာဝန်မအားလို့ မလာဖြစ်ပါ။ စာနယ်ဇင်းရှင်းလင်းပွဲမှာ လက်ဆောင်အဖြစ် ပုဆိုးတစ်ထည်စီ နဲ့ နံနက်စာထမင်းကျွေးပါတယ်။ အဲဒီမှာ သတင်းယူနေတုန်း နံနက်(၅)နာရီလောက်က ရှားပင်လှကျေးရွာကို မီးလောင်တဲ့ သတင်းကြားပါတယ်။ ၀ီကလီ သတင်းထောက် ကိုအောင်သူငြိမ်းနဲ့ တစ်ယောက်ဆိုင်ကယ်တစ်စီး စီနဲ့ သတင်းယူသွားပါတယ်။ နေ့(၁၂) သွားတယ်။ အပြန် နေ့လည်(၂)နာရီ နေပူကြီးမှာ ပြန်လာခဲ့ကြတယ်။ လျှောင်တော်ဦးရွာက စာရေးဆရာ ဗန်မော် ရွှေညို ဆီကိုဝင်ပါတယ်။ ထန်ရေနဲ့ ဧည့်ခံတယ်။ အာလူးစိုက်ပျိုးတဲ့ သတင်းများရခဲ့ပါတယ်။ အပြန်မှာ ရှားပင်လှရွာမီးလောင်တဲ့ သတင်းအတည်ပြုချက်ကို မကွေးတိုင်းဒေသကြီး တိုင်းမီးသတ်တိုင်းမှူးရုံးသို့ သွားရောက်ယူကြပါတယ်။ အဲဒီမှာ… ကျွန်တော့် ဇာတ်လမ်းထဲမှ ဇာတ်လိုက်မင်းသမီး ချစ်စုမ နဲ့ အမှတ်တမဲ့ တွေ့ခဲ့ရပြန်တယ်။ သြော် ယခုတော့လည်း တစ်စိမ်းတွေလိုသာ ဆက်ဆံကြရပါတယ်။ `မြေလတ် မကွေးမြို့တွင် အဆင့်မြင့်အိမ်ယာများ စတင်ဆောက်လုပ်မည်´ မကွေးတိုင်းဒေသကြီး မကွေးမြို့တွင် ဧရာဝတီ ရှုခင်းသာ အဆင့်မြင့်အိမ်ယာစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်မည် ဖြစ်ကြောင်းသိရသည်။ အမှတ်(၁၀၁၂)၊ ၁၆လမ်း၊ အောင်မေတ္တာရပ်ကွက်၊ မကွေးမြို့မှာ တည်ဆောက် သွားမည်ဟု သိရ၏။ အဆောက်အဦး အမျိုးအစားများမှာ (၂)ခန်းတွဲ (၅)ထပ် RC တိုက် (၆)လုံး၊ စုစုပေါင်း တိုက်ခန်းပေါင်း ၆၀ ခန်း ဆောက်လုပ်မည်။ တိုက်ခန်းအကျယ်မှာ ၃၁ ပေX ၄၀ ပေ (၁၃၆၀) စတုရန်းပေကျယ်ဝန်မည်ဟု သိရ၏။ တိုက်ခန်းတစ်ခန်းတွင် မိသားစုအိပ်ခန်း(၁)ခန်း (ဘိုထိုင်အိမ်သာ ရေချိုးခန်းတွဲလျှက်ပါ)၊ ရိုးရိုးအိပ်ခန်း (၂)ခန်း၊ ဘုရားခန်း(၁)ခန်း၊ ဧည့်ခန်း၊ စတိုခန်း၊ မီးဖိုဆောင်၊ ထမင်းစားခန်း များပါဝင်မည်။ ၀ရံတာရှေ့ နောက်များတွင် အရေးပေါ်လှေခါး၊ သီးသန့်ဘိုထိုင်အိပ်သာ၊ သီးသန့်ရေချိုးခန်းများ ပါဝင်ကြမည်။ တံခါးပေါက်ကြီးများနှင့် တံခါးပေါက်သေး များကို နိုင်ငံခြားဖြစ် တံခါးများ၊ အလျုမီနီယံဘောင်များ မှန်များတပ်ဆင်ပေးထားမည်။ ကိုယ်ပိုင်လျှပ်စစ် ဆပ်မီတာ၊ ကိုယ်ပိုင်ရေမီတာ၊ ကိုယ်ပိုင်ဖုန်းများ၊ အင်တာနက် လိုင်းများ၊ ဂြိုလ်တု စလောင်းများလည်း တပ်ဆင်ပေးထားမည်။ ပန့်ဝန်ကျင် အနေအထားများမှာ သဘာဝရေကန်၊ အုပ်ဝန်ထရံများကာရံ၍ နေ့စောင့် ညစောင့်၊ ကွတ်ကဲရေးရုံး၊ ကားပါကင်များ၊ လျှပ်စစ်ထရန်စဖော်မာများ၊ အရေးပေါ်မီးစက်၊ ရေမြောင်းစနစ်၊ မီနီမတ်ကတ်များ၊ ကလေးကစားကွင်း၊ ကျန်းမာရေး လေ့ကျင့်ခန်းနှင့် အပန်းဖြေရန် ဧရာဝတီ ကမ်းနဖူး ရှုခင်းသာနေရာများ၊ အလှပြင်ဆိုင်၊ စားသောက်ဆိုင်၊အရေးပေါ် သယ်ပို့ယာဉ်၊ ကျောင်းကြို/ပို့ယာဉ်၊ ဆေးဆိုင် ဆေးခန်း၊ ဓမ္မာရုံစသည်တို့ကို ထားရှိပေးမည် ဖြစ်ကြောင်း သိရသည်။ ငွေပေးချေစနစ်မှာ ကြိုပွိုင့်၊ အရစ်ကျစနစ်၊ ဖြင့် ၀ယ်ယူခွင့်ပြုမည်။ တည်ဆောက်မည့်ကာလ ပထအရစ်ငွေပေးသွင်း ပြီး စာချုပ်သည့်နေ့မှ စတင်၍ (၁၄) လ အတွင်း အပြီး တည်ဆောက်သွားမည်။ စာချုပ်ပါစည်းကမ်း ချက်များအတိုင်း ရောင်းသူ ၀ယ်ယူသူများ နှစ်ဦး နှစ်ဘက် လိုက်နာဆောင်ရွက်သွားကြရမည် ဟု သိရ၏။ ဧရာဝတီ ရှုခင်းသာအဆင့်မြင့်အိမ်ယာစီမံကိန်း ၏ ဈေးနှုန်းများမှာ အောက်ပါဇယားအတိုင်းဖြစ်ပါသည်။ တိုက်ခန်းဝယ်ယူလိုသူများ သည် ဧရာဝတီ ရှုခင်းသာ အဆင့်မြင့်အိမ်ယာစီမံကိန်းရုံး၊ အမှတ်(၂၃၄)၊ ၁၆ လမ်း၊ အောင်မေတ္တာ(က)ရပ်ကွက်၊ မကွေးမြို့။ ဖုန်း ၀၆၃-၂၇၆၈၅ ၊ ၂၃၉၆၄ ၊ ၂၆၃၂၄ ။ ၀၉- ၅၃၄၀၉၈၃ ၊ ၀၉- ၅၃၄၀၉၈၄ ၊၀၉-၄၃၀၂၆၄၈၈ ၊ ၀၉-၄၃၀၀၉၅၄၁ တို့ကို ဆက်သွယ်နိုင်ပါကြောင်း သတင်းရရှိခဲ့ပါသည်။ အခြေခံအထက်တန်း စာမေးပွဲဖြေဆိုရက်တွင် မကွေးမြို့နယ်၊ ရှားပင်လှကျေးရွာ အိမ်ခြေ(၂၆) လုံး မီးလောင် မကွေး မတ်လ(၁၃)ရက်။ ` မီးစလောင်တာက နံနက်စောစော ငါးနာရီခွဲ လောက်မှာပါ..။ ကိုသန်းထွန်းအိမ်က စတင်လောင်တာပါ။ အိမ်မှာက ကိုသန်းထွန်းနဲ့ သူ့သမီးတစ်ယောက်ပဲရှိတာ၊ ကိုသန်းထွန်းရဲ့ သားက (၁၀)တန်းစာမေးပွဲဖြေဖို့ မကွေးမြို့ကိုသွားနေပါတယ်။ ကိုသန့်ထွန်း မိန်းမကလည်း သူ့သား(၁၀)တန်းကျောင်းသားနဲ့ အတူ မကွေးမှာ ရောက်နေကြတယ်။ အဲဒါ နံနက်စောစော အာလူးထားတဲ့ တဲထဲကို ဖယောင်းတိုင် ထွန်းပြီးဝင်တယ်။ အဲဒီတဲက ထန်းလက်တွေကိုမိုးထားတာလေ ၊ အဲဒီအမိုးထန်းလက် ကို မီးစွဲသွားတယ်လို့ သိရပါတယ်။ သူတို့ သားအဖနှစ်ယောက် က မကွေးကိုသွားမဲ့ နံနက်စောစော ရွာကနေထွက်တဲ့ ကားကိုမှီအောင် အားလူးတွေကို ပီနံအိပ်ထဲ အရေးတကြီးသွပ်လိုက်တယ်ထင်ပါတယ်။ ဒီအာလူးကို ရောင်းပြီးမှ မကွေးက (၁၀)တန်းဖြေနေတဲ့ သားဆီကို ငွေပေးရမှာပါ. ဗျာ။ ယခုတော့ သူ့အိမ်ကစလောင်လိုက်တာ ကျွန်တော့်အိမ်လဲ ပါသွားပါတယ်´´ဟု မီးထဲပါသွားခံရသူ ရွာသားတစ်ဦး အသက်(၆၀)ခန့်ရှိသူက ပြောဆိုပါသည်။ `` အဒေါ်က…..၊ အသက်(၆၀)ကျော်ပါ။ သားရဲ့အိမ်မှာ အတူနေရတာပါ။ သားက အိမ်ဆောက်ပြီးတာ (၂/၃) ရက်ပဲရှိပါသေး တယ်။ ယခုလာမယ့် တပေါင်းလပြည့်ကျော်(၈)ရက်နေ့ မှာ အိမ်တက် ပရိတ်တရားနာဖို့ စီစဉ်ထားပြီးသားပါကွယ်..။ ယခုတော့ အိမ်တစ်ဆောင်လုံး မီးထဲပါသွားတယ်။ ရှိတဲ့ ပစ္စည်းတွေလဲ ဘာတစ်ခုမှ မရလိုက်ပါဘူး..။ ဒေါ်ကြီးတို့ ဘ၀ပျက်ပါပြီကွယ်…၊ ဟီး ဟီး´´ ဟု ငိုကြီးချက်မ၊ ရှိုက်ကြီးတစ်ငင် ပြောဆိုနေ၍ စိတ်ဆင်းရဲစွာဖြင့် သတင်းရယူခဲ့ပါသည်။ ၁၃-၃-၂၀၁၂ နေ့ နံနက်(၅း၃၀) မိနစ်ခန့်တွင် မကွေးခရိုင်၊ မကွေးမြို့နယ်၊ ရှားပင်လှကျေးရွာမှာ ဦးသန်းထွန်း အိမ်မှ စတင် မီးလောင်သည်။ (၆း၂၀) မီးညွှန့်ကိုထိမ်းနိုင်ပြီး (၆း၄၅)နာရီ တွင် မီးငြှိမ်းနိုင်သည်။ မီးသတ် ရေသည်ယာဉ်ကား(၆)စီး၊ အရံမီးသတ်ကား(၃)စီး၊ သံတေမီးသတ်တပ်သား(၁၅)ယောက်၊ အရံမီးသတ်တပ်သားများ(၅၀)ကျော် တို့ဖြင့် မီးငြှိမ်းသတ်ကြ သည်။ အိမ်ခြေ(၂၆)အိမ်၊ အိမ်ထောင်စု(၂၈)စု၊ ဒုက္ခသည် ၁၁၆ ယောက်၊ ဆုံးရှုံးမှုတန်ဘိုး (၃၄သိန်း ငါးသောင်း)ကျပ်ခန့်ဟု မကွေးမြို့နယ် မီးသတ်ဦးစီးဌာနမှ သိရှိရသည်။ (ပ) ၅၈/၂၀၁၂ ပုဒ်မ ၂၈၅ ဖြင့် အမှတ်(၂)ရဲစခမ်းတွင် တရားစွဲဆိုထား ကြောင်း သတင်းရရှိပါသည်။

Penulis : shwelannwelanwinkyi ~ Sebuah blog yang menyediakan berbagai macam informasi

 

0 comments: