`ဆင်းရဲနွမ်းပါးသူများအား ကူညီပေးသော သီလရှင်ကျောင်း (သင်) ပညာရေး မူလတန်းလွန်ကျောင်း

မကွေးမြို့ မြသလွန်ဘုရားကြီး၏ အရှေ့ဘက်တွင်ရှိသော သာသနာဂုဏ်ရည် သီလရှင်ကျောင်း ရှိသည်။ ယင်း သီလရှင်ကျောင်းတိုက်တွင် မရှိဆင်းရဲနွမ်းပါးသော မိသားစုများမှ ကလေးသူငယ်လေးများအား စာသင်ကြားပေးနိုင်ရန် (ဘ/က) ဘုန်းတော်ကြီး ပညာသင်ကျောင်း (သို့မဟုတ်) သီလရှင်ကျောင်းမှ (သင်) ပညာရေးမူလွန်ကျောင်း ဖွင့်လှစ်ပေးထားကြောင်း သတင်းရရှိခဲ့ပါသည်။ ထိုကျောင်းမှာ ၂၇-၅-၂၀၁၂ နေ့တွင် ၂၀၁၂/၂၀၁၃ ပညာသင်နှစ်အတွက် စာအုပ် နှင့် စာရေးကိရိယာများ လှူဒါန်းပွဲပြုလုပ်ကြောင်းသိရသည်။ ယခုနှစ် ပညာသင်ကျောင်းသား ကျောင်းသူ(၂၄၂) ယောက်ရှိကြောင်းသိရသည်။ ယခု ပညာသင်နှစ်အတွက် သီလရှင်ဆရာလေးများနှင့် ထိုကျောင်းသား ကျောင်းသူများအား လိုအပ်နေသော စာအုပ်များ၊ စာရေးကိရိယာများနှင့် သင်ထောက်ကူပစ္စည်းများအား လှူဒါန်းနိုင်ကြကြောင်းသိရှိခဲ့ပါသည်။ သာသနာဂုဏ်ရည် သီလရှင်ကျောင်းမှ တိုက်အုပ် ဆရာကြီး ဒေါ်သုစိန္တီ(ကုန်းသာ) မှ ဤသို့မိန့်ဆိုသည်။ `` ဆရာလေးတို့ သာသနာဂုဏ်ရည်သီလရှင်စာသင်ကျောင်းတိုက်ကို ၁၃၅၉ ခု၊ ၀ါဆိုလဆန်း(၁၂)ရက်နေ့မှာ စတင်ထူထောင်ခဲ့ပါတယ်။ ယခင်ကတော့ ရိုးရိုး ပရိယတ္တိ စာသင်တိုက်သာ တည်ထောင်ခဲ့တာပါ။ ယခု (ဘ-က)ပညာရေး ကျောင်းအဖြစ် ၁၃၇၀ ခု၊ နယုန်လဆန်း(၂)ရက်နေ့မှာ စတင်ဖွင့်လှစ်ခဲ့ပါတယ်။ စတင်ဖွင့်ခဲ့စဉ်မှာ ကျောင်းသား (၅၄)ဦးသာရှိပါတယ်။ စတင်ဖွင့်လှစ်တုန်းက ဆရာလေးတို့မှာ ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေးနဲ့ တကွ စာရေးကိရိယာ သင်ထောက်ကူပစ္စည်များ မပြည့်စုံခဲ့ပါဘူး။ ဒီကျောင်းလေးဖြစ်မြောက်အောင်မြင်လာအောင် ဆရာလေးတို့ရဲ့ ရရှိတဲ့ ဆွမ်းဆန်တစ်ဝက်ကို စာသင်ကျောင်းအတွက် လှူဒါန်းပေးခဲ့ကြပါတယ်။ ဒီကျောင်းလေး စတင်ထူထောင်ခဲ့ရတာ ဆင်းဆင်းရဲရဲနဲ့ အခက်အခဲများစွာကို ကျော်လွှားပြီး ဆရာလေးတို့ပဲ တာဝန်ယူလာခဲ့ရပါတယ်။ နောက်ပိုင်းမှာ ရှိုင်းဟုန်း ကုမ္ပဏီအဖွဲ့၊ ပကတိ စေတနာရှင်များအဖွဲ့ နှင့် ဆေးတက္ကသိုလ်မှ ကျောင်းသူ ကျောင်းသူများက ပါဝင်လှူဒါန်းပေး ခဲ့ကြပါတယ်။ အဲဒီနောက် ယခုနှစ်မှာ မြန်မာလူငယ်အဖွဲ့၊ မကွေးမြို့လုံးဆိုင်ရာ ယဉ်ကျေးလိမ္မာအဖွဲ့တို့ တိုးလာပါတယ်။ သက်ဆိုင်ရာ ပညာရေးဝန်ကြီးဌာန ကလည်း ပုံနှိပ်စာအုပ်များ ဗလာစာအုပ် နဲ့ စာရေးကိရိယာများကို ပံ့ပိုးလှူဒါန်းပေးပါတယ်။ ယခုလို လူမှုရေးအဖွဲ့ပေါင်းစုံမှ ဆရာလေးတို့ရဲ့ မရှိဆင်းရဲကြသော မိသားစုများမှ လူမမယ် ခလေးများ ပညာသင်ကျောင်းအတွက် ၀ိုင်းဝန်းထောက်ပံ့ပေးလိုက်ကြလို့ ယခုနှစ်ကျောင်းသား ကျောင်းသူ(၂၄၂)ဦးထိ တိုးတက်အောင်မြင်လာခဲ့ပါတယ်။ နှစ်စဉ် နှစ်တိုင်းလည်း လာရောက်လှူဒါန်းပေးတော်မှုကြပါ။ ဒါကြောင့် နောက် နောင်မှာလည်း ဒီထက်မက နောင်လာ နောက်သား လူမမယ်လေးတွေကို လောကီပညာ၊ လောကုတ္တရာပညာများ တိုးတက်အောင်မြင်အောင် ဒကါ၊ ဒကါမများနဲ့ လက်တွဲပြီး စည်းစည်းလုံးလုံးနဲ့ ဆောင်ရွက်သွားပါရစေလို့ ဆရာလေးမှ ဆုမွန်ကောင်းများ တောင်းဆို ဆန္ဒပြုလိုက်ရပါတယ်..။´´ ဟု သာသနာဂုဏ်ရည်တိုက်အုပ် ဆရာကြီးဒေါ်သုစိန္တီ မှ မြန်မာပို့စ် ဂျာနယ်သို့ ပြောဆို၍ သတင်းရယူခဲ့ပါသည်။ ရပ်ဝေး ရပ်နီးမှ သဒ္ဒါကြည်လင်ပါရရှင်များအနေဖြင့် လှူဒါန်းလိုပါလျှင် ဖုန်း (၀၉-၄၃၁၃၈၄၃၇) သို့ဆက်သွယ် လှူဒါန်းနိုင်ကြပါသည်။ ၀ိုင်းကြည်အောင်
 

0 comments: