၁၆-၄-၂၀၁၂ `သင်္ကြန်အတက်နေ့´

ကိုယ့်အကြောင်း သူများအကြောင်း နှင့် ပတ်ဝန်းကျင်မှ အကြား အမြင်များ အမှတ်(၈၆-၄-၂၀၁၂) ၁၆-၄-၂၀၁၂ `သင်္ကြန်အတက်နေ့´ နံနက်အိပ်ယာစောစောထတယ်။ ဘုရားစဉ်ဝတ်တက်ကိစ္စ ပြီးအောင်ဆောင်ရွက်တယ်။ ဆိုင်ဖွင့်နောက်ကျတယ်။ ဒါပေမယ့် ဆိုင်ဖွင့်တာနဲ့ ဈေးဝယ်က စောင့်ပြီးဝယ်သွားတယ်။ နံနက်ပိုင်း ဆရာနှင်းဦး(မင်းဘူး) လာတယ်။ လက်ဖက်ရည်တိုက်တယ်။ လမ်းစရိတ်လေး ပေးလိုက်ပါတယ်။ နံနက်(၁၀)နာရီမှာ ကိုနေခြည်နဲ့ သင်္ကြန်အတက်နေ့ မဏ္ဍပ်များမှတ်တမ်းတင် ဓာတ်ပုံလိုက်ရိုက်တယ်။ အဲဒီကနေ ကပ်ကျော်ဘုန်းကြီးကျောင်းသွားတယ်။ (၈)ပါးသီလ ခံယူပါတယ်။ မနှစ်က သင်္ကြန်အကျနေ့မှာ ကပ်ကျော်ကျောင်းမှာ သီလယူတယ်။ ဒီနှစ်တော့ သင်္ကြန်အတက်နေ့မှ လာဖြစ်ပါတယ်။ ယဉ်ကျေးလိမ္မာသင်တန်းဖွင့်ပွဲ ပိတ်ပွဲ မလာဖြစ်တာကိုလည်း တောင်းပန်လိုက်ရပါတယ်။ မြို့ပြင်က စက်သုံးဆီအရောင်းဆိုင်များ ပိတ်တယ်။ ကိုမင်းနိုင်ဆိုင်မှာ ဆီဝင်ထည့်ရတယ်။ စက်သုံးဆီဆိုင်များနဲ့ ပညာလေ့ကျင့်ရေးအလယ်တန်းကျောင်းအရှေ့ဘက်က ခြံဝိုင်းကိုလည်းဓာတ်ပုံရိုက်တယ်။ အပြန် ပြည်တော်သာလမ်းက ဆင်းလာတယ်။ ဒီနှစ်သင်္ကြန်အကျနေ့မှာ ဓာတ်လိုက်သေသွားတဲ့ ကုန်သည်ကြီးများမဏ္ဍပ် ဖျက်ထားတာကို တွေ့ရပါတယ်။ မော်တော်ယဉ်လိုင်းပေါင်းစုံ ရေသဘက်မဏ္ဍပ်ကို ဓာတ်ပုံရိုက်တယ်။ စဉ်ပေါ်မှ အမျိုးသမီးများ ၀တ်စားဆင်ယဉ်မှု တော်တော်လွန်ကဲကြတာကို မြင်တွေ့ခဲ့ရပါတယ်။ မှတ်တမ်းတင်လာတယ်။ ကင်မရာက တယ်လီမကောင်းတော့ အဝေးပုံသာ ရခဲ့ပါတယ်။ ဒီနှစ် မကွေးမြို့မဟာသင်္ကြန်က ကမ်းနားလမ်းတစ်လျှောက်တော်တော်စည်ကားပါတယ်။ စကိုင်းနက် မဏ္ဍပ်မှာ ပိုပြီး လူစည်ကားနေပါတယ်။ မကွေးမြို့ ဗိုလ်ချူပ်လမ်း၊ နတ်မောက်လမ်း၊ ပြည်တော်သာလမ်းတို့မှာ ရေသဘင်မဏ္ဍပ်များကို ခွဲချပေးထားတာကို တွေ့ရပါတယ်။ ကမ်းနားလမ်းကိုလည်း တစ်လမ်းမောင်စနစ်လုပ်ထားတော့ ပိုပြီး အဆင်ပြေကြပါတယ်။ လုံခြုံရေးတွေကိုလည်း နေရာအနှံပြည့်စုံအောင် ချထားတာကို တွေ့မြင်နေရပါတယ်။ နေ့လည် အင်တာနက်ကြည့်တယ်။ လိုင်းက မကောင်းပါ။ အီးမေးလ်ပို့တာကို တော်တော်ကြာအောင်ပို့နေရတယ်။ သတင်းများကို ဖတ်တယ်။ ကံမ မှာ ဓားပြများ(၃၀၀)ကျော် ၀င်တိုက်တယ်ဆိုပါ့လား။ သတင်းဖတ်နေရင်း အချိန်က တစ်နာရီ စေ့သွားတယ်။ ည ဆက်ဖတ်မယ်။ ရေဒီယို သတင်းတွေကတော့ လူမျိုးရေး သတင်းဆိုပါတယ်။ ဖားကန့်မြို့နယ် စိုင်တောင်ရွာမှာ ကုလားဗလီကို ၀ိုင်းဖျက်တယ်ဆိုပါတယ်။ ဒါ မကောင်းတဲ့ လက္ခဏာ တွေပါ။

Penulis : shwelannwelanwinkyi ~ Sebuah blog yang menyediakan berbagai macam informasi

Artikel ၁၆-၄-၂၀၁၂ `သင်္ကြန်အတက်နေ့´ ini dipublish oleh shwelannwelanwinkyi pada hari Tuesday, May 22, 2012. Semoga artikel ini dapat bermanfaat.Terimakasih atas kunjungan Anda silahkan tinggalkan komentar.sudah ada 0 komentar: di postingan ၁၆-၄-၂၀၁၂ `သင်္ကြန်အတက်နေ့´
 

0 comments: