၂၇-၃-၂၀၁၂ ` အားကြီးမောတဲ့ သားသမီးဇော´

ကိုယ့်အကြောင်း သူများအကြောင်း နှင့် ပတ်ဝန်းကျင်မှ အကြား အမြင်များ အမှတ်(၆၆-၂၀၁၂) ၂၇-၃-၂၀၁၂ ` အားကြီးမောတဲ့ သားသမီးဇော´ ညက သားထွက်သွားလို့ အိပ်ရေးပျက်တယ်။ နံနက်ကျတော့လည်း (၄)နာရီမှာ အိပ်ယာက နိုးနေပါတယ်။ ဘုရားစဉ်ကိစ္စ ၀တ်မပျက် ပူဇော်တယ်။ နံနက်(၆)နာရီမှာ ဆီဆိုင်ကို တစ်ယောက်တည်း ရအောင်ဖွင့်ပါတယ်။ သား မရှိလို့ အားမရှိပေမယ့် ဥာဏ်သုံးပြီး ဆီခုံများကို တစ်ခုစီဖြုတ်ပြီး ခင်းပါတယ်။ မြေးလေး မောင်ဘုန်းနေခန့်နဲ့ လက်ဖက်ရည်၊ အီကြာကွေး စားကြတယ်။ တော်ကြာ ကာကူး(ခ) စောလှနွယ် ရောက်လာတယ်။ မြန်မာပို့စ် ဂျာနယ်မှာ ပျူခေတ်က လက်ကောက်ကြီး သတင်း ပါတာကို လာပြောတယ်။ ခဏကြာတော့ အိမ်ကို ဂျာနယ်များရောင်းဖို့ရောက်လာတယ်။ မြန်မာပို့စ် ဂျာနယ်မှာ ကျွှန်တော်ရေးတဲ့ သတင်း(၃)ပုဒ်ပါတယ်။ ပျူခေတ် လက်ကောက်သတင်း၊ ဒေါ်စုကို မကွေးNLD မှ ခွပ်ဒေါင်းကြီးကြိုသတင်း၊ တရုပ်အရာရှိ ဓါးထိုးခံရ သတင်း များဖြစ်တယ်။ ကျွန်တော့်ဇနီးနဲ့ ညက ပြန်မလာတဲ့သားကြီးကို ဆက်ရှာဖို့ တိုင်ပင်ကြတယ်။ ဒါပေမယ့် ကိုမော်လေးနဲ့တွေ့တော့ ညက သူ့ဆိုင်မှာ သားကြီး ထွန်းဝင်းကျော်လာအိပ်ကြောင်း၊ သူ့ဆိုင်ကို ၀င်ခေါ်ဖို့ပြော ပါတယ်။ ဒါနဲ့ သူ့အမေကို သွားခေါ်ခိုင်းပါတယ်။ မလိုက်ဘူးပြောလွှတ်တယ်။ ဒါနဲ့ ကျွန်တော်ကိုယ်တိုင် တစ်ခေါက်သွားခေါ်တယ်။ လာခဲ့မယ်လို့ ပြောပါတယ်။ နောက်တစ်ခေါက် မြေးလေးဘုန်းနေခန့်နဲ့ သွားခေါ်ပါတယ်။ လာခဲ့မယ်လို့ ပြောပါတယ်။ ဒါပေမယ့် တော်တော်ကြာတော့လည်း မလာပါ။ ဆိုင်က ကလေးမလေးကို သွားခေါ်ခိုင်းပါတယ်။ အဲဒီဆိုင်မှာ မရှိတော့ဘူးလို့ သိရတယ်။ ဒါကြောင့် ကျွန်တော်ကိုယ်တိုင် သွားကြည့်တယ်။ သားကြီး အဲဒီဆိုင်မှာ မတွေ့ပါ။ ဒါနဲ့ သူ့ အ၀တ်အိပ်ကိုသာ ပြန်ယူလာခဲ့ပါတယ်။ တစ်နေကုန်ပြန်မလာပါ။ ညနေကျ မောင်ချစ်ကိုအိမ်သို့ ပြေးပြီးရှာခိုင်းရပြန် တယ်။ မတွေ့ပါ။ ည(၇)နာရီလောက်မှ ပြည်တော်သာတိုက်တန်းက မင်းမင်း အခန်းမှာ အရက်မူးလွန်နေလို့ လာခေါ်ပါ ဖုန်းဆက်တယ်။ သွားခေါ်လိုက်ရပါတယ်။ ဆရာကြီး မကွေးဝင်းမြင့်ပြောတဲ့ အားကြီးမောတဲ့ သားသမီးဇော ပါဘဲ။ ည မိုးယံထီဆိုင်ခန်းမှာ ကျွန်တော်တို့သားအဖ နှစ်ဦး ပြန်အိပ်ကြပါတယ်။ မကွေးတိုင်းဒေသကြီးသို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး လာရောက် စစ်ဆေး မကွေး၊ မတ်လ(၂၆)။ ၂၀၁၂ ခု၊ မတ်လ(၂၆)ရက်နေ့ နံနက်(၉)နာရီ၊ မကွေးမြို့တော်ခန်းမတွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးနှင့် မကွေးတိုင်းဒေသကြီးကော်မရှင် အဖွဲ့ခွဲ ခရိုင် နှင့် မြို့နယ်ကော်မရှင် အဖွဲ့ခွဲများ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်၍ သတင်းရယူခဲ့ပါသည်။ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး မှ အဖွင့်အမှာ စကားပြောသည်။ မကွေးခရိုင်၊ မင်းဘူးခရိုင်၊ ပခုက္ကူခရိုင် ကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌ များ ကြားဖြတ်ရွေးကောက်ပွဲ ဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်မှု အခြေအနေများကို တင်ပြ၍ မကွေးတိုင်းဒေသကြီး ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးကြည်စိန် မှ ဖြည့်စွက်ဆွေးနွေးသည်။ ထို့နောက် ကြားဖြတ်ရွေးကောက်ပွဲ ၀င်ရောက်ကြမည့် နိုင်ငံရေးပါတီ အသီးသီးမှ လွှတ်တော် ကိုယ်စားလှယ်လောင်များက ဆွေးနွေးတင်ပြကြသည်။ မကွေးတိုင်းဒေသကြီးအတွင်းရှိ လွှတ်တော်အလိုက် မဲဆန္ဒနယ်မြေများမှာ (၁) ပြည်သူ့လွှတ်တော် (၂၅)။ (၂) အမျိုးသားလွှတ်တော်(၁၂)။ (၃) တိုင်းဒေသာကြီးလွှတ်တော်(၅၀)။ (၄) တိုင်းဒေသကြီးလွှတ်တော် ချင်းတိုင်းရင်းသား လူမျိုး(၁)။ စုစုပေါင်းမဲဆန္ဒနယ်မြေ (၈၈) ဟု ၂၀၁၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ စာရင်းအရသိရ၏။ မကွေးတိုင်းဒေသကြီးကို ခရိုင်(၅)ခု၊ မြို့နယ်(၂၅)ခု၊ ရပ်ကွက်/ကျေးရွာအုပ်စုပေါင်း(၁၇၀၅)စု၊ ကျေးရွာပေါင်း(၄၇၉၆)စု တို့ဖြင့် ဖွဲ့စည်းထားကြောင်းသိရသည်။ (၁) ၁-၄-၂၀၁၂ နေ့တွင် မကွေးတိုင်းဒေသကြီးအတွင်း ကြားဖြတ်ရွေးချယ်ပွဲအတွက် အတည်ပြုကြေငြာသည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည် ပါတီ စာရင်းကို ဇယား(၁)ဖြင့်ဖော်ပြပါသည်။ (၂) လွှတ်တော်မဲဆန္ဒနယ်များမှ မဲဆန္ဒရှင်ဦးရေ ကောက်ယူ၍ စာရင်းပြုစုထားသော ဇယား(၂)ကို ဖော်ပြပါသည်။ (၃) ကြားဖြတ်ရွေးကောက်ပွဲအတွက် လွှတ်တော်မဲဆန္ဒနယ်များသို့ ဆန္ဒမဲလက်မှတ်စာအုပ်များ၊ ကြိုတင်ဆန္ဒ မဲလက်မှတ်စာအိပ်များ၊ မဲရုံများ၊ ဆန္ဒပြုခန်းများ၊ မဲပုံးများတို့ကို အောက်ဇယား(၃)ဖြင့်ဖော်ပြထားပါသည်။ (၄) ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်အတွက် မကွေးတိုင်းဒေသကြီးကော်မရှင်အဖွဲ့ခွဲသို့ ရန်ပုံငွေခွဲဝေချထားမှုနှင့် သုံးစွဲမှုအခြေအနေ ကို ဇယား(၄)ဖြင့်ဖော်ပြထားပါသည်။ ယင်းတွေ့ဆုံပွဲတွင် မကွေးတိုင်းဒေသကြီးအတွင်းမှာ ပါတီပေါင်း(၇)ပါတီ ယှဉ်ပြိုင်ကြမည်။ လွှတ်တော်ကိုယ်စားလှယ် လောင်း(၁၉)ဦးဝင်ရောက်ယှဉ်ပြိုင်ကြမည်။ ပြည်ထောင်စု ကော်မရှင်ဥက္ကဋ္ဌ အား ကြံခိုင်းဖွံ့ဖြိုးရေးပါတီဝင် ကိုယ်စားလှယ် လောင်းများမှ အပ အခြားကျန်ပါတီ(၆)ပါတီမှ လွှတ်တော်ကိုယ်စားလှယ်လောင်း (၁၃)ဦးတို့က ကြားဖြတ်ရွေးကောက်ပွဲနှင့် ပတ်သက်သော မရှင်းလင်းသည်များကို မေးမြန်းကြပြီး သက်ဆိုင်ရာ ကော်မရှင်အဖွဲ့များမှ ပြန်လည်ရှင်းလင်း ဆွေးနွေးကြသည်။ ဤ တွေ့ဆုံဆွေးနွေးပွဲကို နေ့(၁၁း၃၀)ခန့်တွင် ကျင်းပပြီးကြောင်း သတင်းရယူခဲ့သည်။

Penulis : shwelannwelanwinkyi ~ Sebuah blog yang menyediakan berbagai macam informasi

Artikel ၂၇-၃-၂၀၁၂ ` အားကြီးမောတဲ့ သားသမီးဇော´ ini dipublish oleh shwelannwelanwinkyi pada hari Monday, May 21, 2012. Semoga artikel ini dapat bermanfaat.Terimakasih atas kunjungan Anda silahkan tinggalkan komentar.sudah ada 0 komentar: di postingan ၂၇-၃-၂၀၁၂ ` အားကြီးမောတဲ့ သားသမီးဇော´
 

0 comments: