အမှတ်(၁၀-၂၀၁၂) ၁၇-၁-၂၀၁၂ `ကူးပြောင်းကာလ စီးပွားရေးကကျ စာပေဟောပြောပွဲ မိန့်တွေက မရ´
ကိုယ့်အကြောင်း သူများအကြောင်း နှင့် ပတ်ဝန်းကျင်မှ အကြား အမြင်များ
အမှတ်(၁၀-၂၀၁၂) ၁၇-၁-၂၀၁၂ `ကူးပြောင်းကာလ စီးပွားရေးကကျ စာပေဟောပြောပွဲ မိန့်တွေက မရ´
ညက နေပြည်တော်မှ မိတ်ဆွေ ဦးစိုးလွင်နှင့် အဆက်အသွယ်ရပါတယ်။ မနေ့က ဆည်မြောင်းရုံးမှာ မိထ္ထီလာအိမ် ဦးစိုးလွင်တယ်လီဖုန်းနံပါတ်ရခဲ့ပါတယ်။ ည အိမ်ကို ဖုန်းဆက်လိုက်တော့ ကံအားလျှော်စွာ ဦးစိုးလွင်က မိထ္ထီလာသူ့အိမ်မှာ ပြန်ရောက်နေပါတယ်။ ဒါနဲ့ သူအလုပ်ဝင်နေတဲ့ (မက်မြန်မာကုမ္ပဏီ) ရုံးတယ်လီဖုန်း နံပါတ်များ ကိုရလိုက်ပါတယ်။ ဦးစိုးလွင် ဟာ ကျွန်တော်တို့ ဆည်မြောင်းရုံး စက်မှုတိုင်း(၃) လက်ထောက်ညွန်ကြားရေးမှူးရုံးမှ စာရင်းကိုင်(၃) နဲ့ ပင်စင်စား လူပျိုကြီး တစ်ဦးပါ။ မကွေးမှာ သူနေတုန်းကတော့ သူ့လိုင်းခန်းမှာ ကျွန်တော်အမြဲတန်းသွားနေပါတယ်။ သူ့အခန်းမှာ တစ်နေကုန် စာရေး စာဖတ်လုပ်ခဲ့ပါတယ်။ ယခုတော့ သူက သက်ပြည့်ပင်စင်ယူပြီး မချမ်းသာလို့ ၀မ်းစာရေးအတွက် နေပြည်တော်သို့ သွားပြီး ကုမ္ပဏီမှာ ၀န်ထမ်းပြန်လုပ်နေရပါတယ်။ မြန်မာပြည်မှာ ပင်စင်စားတွေဟာ ပင်စင်ယူပြီးတာနဲ့ စုဆောင်းထားနိုင်သူ ဆိုတာ မရှိသလောက် ရှားပါးကြပါတယ်။ ယနေ့ ကုန်ဈေးနှုန်းနဲ့ ၀န်ထမ်းဘ၀မှာ စားရေးသောက်ရေးအတွက် တော်တော် ရှုန်းကန်ကြရပါတယ်။ ဒါကြောင့် တစ်ချို့ဝင်ထမ်းတွေခင်ဗျာ ဆရာမွေး တပြည့်မွေး နဲ့ လာဘ်ပေး လာဘ်ယူ လုပ်ကြရတာက များပြားလာကြပါတယ်။ ဒါကြောင့် ယခု ဒီမိုကရေစီစနစ်ကို ထူထောင်မယ်ဆိုရင် ၀န်ထမ်းတွေကို အကျင့်စာရိတ္တ ကောင်းစေချင်ရင် တစ်ဦးချင်းဝင်ငွေတွေကို စားလောက် သောက်လောက်အောင် တိုးပေးလိုက်ရင်တော့ အားလုံးအဆင်ပြေ ချောင်လည်သွားမယ်။ လာဘ်ပေး လာဘ်ယူမှုတွေ ပျောက်ကွယ်သွားမယ်ထင်မိပါတယ်။
ယနေ့ နံနက် ဆိုင်ဖွင့်ပြီးတာနဲ့ တောင်ငူမြို့မှ စာရေးဆရာ အေးရွှေ(ကေတုမတီ) ထံက ဖုန်းလာပါတယ်။ ကျွန်တော့်အတွက် မင်္ဂလာသတင်းဖြစ်နေပါတယ်။ သူ့ဆီကို အရင်က အကူအညီတောင်းထားတဲ့ ကျွန်တော့်သားကြီး မောင်ထွန်းဝင်းကျော် အား ကားဒရိုင်ဘာ အလုပ်ကိစ္စ အဆင်ပြေပြီ အလုပ်ရပြီ လွတ်လိုက်ပါဆိုတဲ့ သတင်းပါ။ စာရေးဆရာ အေးရွှေ( ကေတုမတီ) က တောင်ငူမြို့မှာနေပါတယ်။ အလုပ်ကတော့ တောင်ငူ စစ်အင်ဂျင်နီယာတပ် မှ အရာခံဗိုလ် တစ်ဦးပါ။ သူနဲ့ ကျွန်တော်တို့က ခင်မင်နေတာ ကြာခဲ့ပါပြီ။ သူ မကွေးလေတပ်မှာ တည်ဆောက်ရေးတာဝန် လာပြီး ထမ်းဆောင်စဉ် က ညနေတိုင်း ဆရာကြီး မကွေးဝင်းမြင့်ရယ် ဗိုလ်ကြီးအေးရွှေရယ် ကျွန်တော်ရယ် သုံးဦးစုပေါင်းပြီး တောင်ဇလပ် လက်ဖက်ရည်ဆိုင်မှာ ဆုံနေကြပါ။ ဆရာကြီး မကွေးဝင်းမြင့် နဲ့ ဗိုလ်ကြီးအေးရွှေ တို့ နှစ်ဦးရဲ့ တိုက်တွန်း အားပေးမှုကြောင့် ကျွန်တော် အသက်(၅၀) မှ ယခုစာရိုက်ရေးနေတဲ့ ကွန်ပျူတာပညာကို သင်ယူပြီး တတ်မြောက်ခဲ့ရပါ တယ်။ ဗိုလ်ကြီးအေးရွှေ ဟာ အခြားဘာသာဝင် တစ်ခုကနေပြီး ထေရ၀ါဒဗုဒ္ဓဘာသာသို့ ထဲထဲဝင်ဝင် ပြောင်းရွှေ့လာသူ တစ်ဦးပါ။ ကျွန်တော်တို့က သူ့အမြင်မှာတော့ အော်တို ဗုဒ္ဓဘာသာဝင်တွေဖြစ်နေပါတယ်။ ဗုဒ္ဓတရား ဓမ္မတွေကို စကားဝိုင်းမှာ သူပြောဆိုနေရင် ငေးကြည့်ပြီး နားထောင်ရသူပါ။ ပါဠိ အနက် မြန်မာပြန် ကျမ်းကိုး ကျမ်းကား အထောက် အထားတွေနဲ့ ကို လုံးစေ့ ပတ်စေ့ ပြောနိုင်သူပါ။ အပြောသမား သက်သက်လည်း မဟုတ်ပါဘူး။ သူ သိကြားထားတဲ့ တရားတော်တွေကို အသိနဲ့ အကျင့်တစ်ထပ်တည်းကျအောင်လည်း တစ်နေ့လျှင် တရားထိုင်ချိန်တွေကို ပုံမှန် နေ့စဉ် မပျက်မကွက် ကြိုးစား အားထုတ်နေသူဖြစ်ပါတယ်။ ဒါကြောင့်လည်း ဆရာမြသန်းစံ ရဲ့ လစဉ်ထုတ် `အပ္ပမာဒ ဘာသာရေးမဂ္ဂဇင်း´ မှာ ပင်တိုင် ဆောင်းပါးရှင်ဖြစ်နေပါပြီ..။ သူ့ လုံးချင်းစာအုပ်တစ်အုပ်ဖြစ်တဲ့ `အဖေ အားမကိုးထိုက်ပေမယ့် သားဆိုးမဟုတ်ပါ´ ဆောင်းပါး ပေါင်းချုပ် တစ်အုပ်ထုတ်ဝေပြီးခဲ့ပါပြီ..။ ယခုလည်း ဒုတိယ အကြိမ် ဒုတိယ ဆောင်းပါးပေါင်းချုပ်စာအုပ် ထွက်လာပါတာ့မယ်..။ ကျွန်တော်တို့ အော်တိုဗုဒ္ဓဘာသာ (မိရိုးဖလာ)၀င်တွေ သူ့ စာအုပ်များကို စောင့်၍ ရှာ၍ ဖတ်ရပါမည်။
နေ့လည် ထမင်းစားနေချိန်မှာ ရေနံချောင်း စာပေဟောပြောပွဲ ကော်မတီဝင် ဦးစိုးတီရောက်လာပါတယ်။ ရေနံချောင်း စာနယ်ဇင်း ဥက္ကဋ္ဌ ကိုကြီးအောင်ချမ်းသာ ဦးတင်မောင် နဲ့ ကွဲပြီးရောက်လာပါတယ်။ ဦးစိုးတီ ကို မကွေးခရိုင် အုပ်ချုပ်ရေးမှူး နဲ့ ဦးစီးအရာရှိ တို့ထံ သို့သွားပြီး တွေ့ပေးခဲ့ပါတယ်။ ရေနံချောင်းစာပေဟောပြောပွဲ ပွဲမိန့်ကိစ္စ အခြေ အနေကိုမေးပေးပါတယ်။ ခရိုင်အုပ်ချုပ်ရေးမှူးကတော့ အထက် တိုင်းဒေသကြီး ၀န်ကြီးချုပ်ထံ ဆက်လက်တင်ပေးမယ်။ ခွင့် ပြု မပြုဆိုတာကတော့ သူ့ဆီက ပြန်ကျလာမှ သိရပါမည်။ စာပေဟောပြောပွဲ ဖြစ်မြောက်ရေးအတွက်က အောက်ခြေဒေသ အုပ်ချုပ်ရေးမှူး တွေ အပေါ်မှာလည်း မူတည်ကြောင်း ပြောဆိုကြားသိခဲ့ရပါတယ်။ မကွေးမြို့ပေါ် ဘုန်းကြီးကျောင်းတိုက်မှာ လုပ်မယ့် သဘာဝ ပတ်ဝန်းကျင် စာပေဟောပြောပွဲ၊ မကွေးမြို့နယ် ကြာကန်ကျေးရွာမှာ ကျင်းပမယ့် စာပေဟောပြောပွဲ များနဲ့ မြို့သစ်မြို့နယ်တွေမှာလည်း စာပေဟောပြောပွဲ ပွဲမိန့် များကို အထက်တိုင်းဒေသကြီး မှ ခွင့်ပြုမိန့်ချမပေးခဲ့ကြောင်း တို့ကို ပြောဆိုနေပြန်ပါတယ်။ သူ့ဘက်ကတော့ တိုင်းဒေသကြီး ၀န်ကြီးချုပ်ထံဆက်လက် တင်ပြပေးမည် ဟု နှစ်သိမ့်ပြောကြားသံကြားခဲ့ရပါတယ်။ ဦးစီးအရာရှိမှ စာပေဟောပြောပွဲ ပွဲမိန့်များ ကိုင်ထားသော စာရေးမ ဒေါ်လှလှသန်းထံ သွားရောက်မေးပေးပြန်ပါတယ်။ အချက်အလက်များ အားလုံးစုံလင်ကြောင်း သိရပါတယ်။ ဒီကိစ္စအတွက် စောစောလေးက တင် ရေနံချောင်းမှ စာနယ်ဇင်း ဥက္ကဋ္ဌ ဆိုသူ တစ်ယောက်လာသွားပါကြောင်း ပြောပါတယ်။ သူ့ကိုလည်း အကြောင်းစုံ ပြောပြလိုက်ပါတယ် လို့ စာရေးမက ပြောပါတယ်။ ရေနံချောင်း မြို့နယ်စာနယ်ဇင်း ဥက္ကဋ္ဌ နဲ့ ဦးစိုးတီ တို့ လူချင်းလွဲလာလို့ ယခုလို နှစ်ခေါက်လာမေးရခြင်း ဖြစ်ကြောင်း တောင်းပန်ပြီး ကျွန်တော်တို့ နှစ်ယောက်ပြန်လာခဲ့ကြပါတယ်။ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမင်းအေးလွင် ပြောစကားကိုနားထောင်လိုက်ပြီး ရေနံချောင်းမြို့ စာပေဟောပြောပွဲ ပွဲမိန့် ရမည် မထင်မိပါ။ ဒါပေမယ့် အားမငယ်ရန် နှင့် မကွေးတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဘုန်းမော်ရွှေ ထံသို့ ခင်မင်သူ ပိုင်သူ တစ်ဦးဦး ရှာပြီး ၀င်ရင်တော့ ရေနံချောင်းမြို့ စာပေဟောပြောပွဲ ခွင့်ပြုမှု ရနိုင်မည်လို့ ဦးစိုးတီ ကို နှစ်သိမ့်ပြောကြားလိုက်ပါတယ်။
Artikel အမှတ်(၁၀-၂၀၁၂) ၁၇-၁-၂၀၁၂ `ကူးပြောင်းကာလ စီးပွားရေးကကျ စာပေဟောပြောပွဲ မိန့်တွေက မရ´ ini dipublish oleh shwelannwelanwinkyi pada hari Saturday, May 19, 2012. Semoga artikel ini dapat bermanfaat.Terimakasih atas kunjungan Anda silahkan tinggalkan komentar.sudah ada 0 komentar: di postingan အမှတ်(၁၀-၂၀၁၂) ၁၇-၁-၂၀၁၂ `ကူးပြောင်းကာလ စီးပွားရေးကကျ စာပေဟောပြောပွဲ မိန့်တွေက မရ´
Subscribe to:
Post Comments (Atom)

0 comments:
Post a Comment