အမှတ်စဉ်(၁၁) ၂၆-၁၂-၂၀၁၁ ` မကွေးမြို့က စာပေဟောပြောပွဲ အမြန်ပြီးပါစေ´
ကိုယ့်အကြောင်း သူများအကြောင်း နှင့် ပတ်ဝန်းကျင်မှ အကြား အမြင်များ
အမှတ်စဉ်(၁၁) ၂၆-၁၂-၂၀၁၁ ` မကွေးမြို့က စာပေဟောပြောပွဲ အမြန်ပြီးပါစေ´
ဒီနေ့တော့ နံနက်စောစော အိပ်ယာထတာနဲ့ ကိုယ်နေ့စဉ် စရဏ ကျင့်စဉ်များကို ရွတ်ဖတ်ပါတယ်။ နံနက်(၁၁) နာရီလောက် ဆည်မြောင်းရုံးသို့သွားပါတယ်။ အပြန်မှာ ဆရာတင်လင်းဇော် ထံဝင်ပါတယ်။ ဆရာတင်လင်းဇော် တို့ ရန်ကုန်မှ ပြန်မရောက်သေးပါ။ မနက်ဖြန်မှ ရောက်မည် သိရပါတယ်။ တောင်တွင်းလမ်းအထွက်က ဦးစိန်ဌေး (ကောင်းမွန်) တို့ MGE ဓာတ်ဆီဆိုင်ဖွင့်ပြီးတာကို မြင့်တွေ့လိုက်ရပါတယ်။ အင်း ရှိတ်ဂျာနယ် မှာ ကောင်းမွန်ဆောက်လုပ်ရေးက လမ်း တံတားကြေးများ ပိုမိုကောက်ကြောင်း သတင်းထည့်ထားလို့ ယခု ဓာတ်ဆီဆိုင်သစ် ဖွင့်ပွဲမှာ မဖိတ်ကြားတာ ထင်ပါတယ်။ သတင်းသမားဆိုတာကတော့ အများပြည်သူအတွက် ဆိုရင် ကောင်းတာရော ဆိုတာရော ရေးသင့်တာကိုတော့ ရေးရမှာဘဲ။ သတင်းသမားတွေကို ကျွေးပေးပြီး အခိုင်းခံတဲ့ အထဲမှာ ကိုယ်မပါလိုပါ။
အိမ်ပြန်ရောက်တော့ မကွေးတိုင်းဒေသကြီး ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေး က လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းခင်ရောက်နေပါတယ်။ ဒါနဲ့ သူ့ကို မနေ့က မြို့သစ်စာပေဟောပြောပွဲကို ခရိုင်အုပ်ချုပ်ရေးမှူးမှ ပွဲမိန့်မရ ကြောင်း ပြောပြပါတယ်။ ဖြစ်နိုင်ရင် ကူညီပေးရန် ပြောမိပါတယ်။ မကွေးမြို့ မြို့တော်ခန်းမ မှာ ၂၉-၁၂-၂၀၁၁ နေ့ည ကျင်းပမယ့် စာဆိုတော်နေ့ အထိမ်းအမှတ် စာပေဟောပြောပွဲ ကျင်းပရန် မကွေးတိုင်းဒေသကြီး ၀န်ကြီးချုပ်ထံ လိပ်မူပြီး စာတင်ခဲ့ကြောင်း ပန်းဖလက် လက်ကမ်းစာစောင်များကိုလည်း အခြား ဌာနဆိုင်ရာ အချို့ကို ဝေငှခဲ့ကြောင်း ဦးဝင်းခင် က ပြန်ပြောပြနေပါတယ်။ သူ့စကားကြောင့် ကျွန်တော် စာပေဟောပြောပွဲအတွက် စိတ်အေးသွားပါတယ်။ ဘာကြောင့် စိတ်ပူရတာလဲ ဆိုရင် မနေ့က မြို့သစ်မှာ စာပေဟောပြောပွဲမိန့်မရဘူး၊ မကွေးမြို့ ခင်ကြီးတွင်းကျောင်းတိုက်မှာ မြစ်ကွေ့ ပရဟိတအဖွဲ့က ဒုတိယ အကြိမ် ထပ်မံကြိုးစားတဲ့ သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းရေး စာပေဟောပြောပွဲကိုလည်း ပွဲမိန့်မရကြောင်း ကြားသိနေရပါတယ်။ ဒါကြောင့် အဲဒီဂယက်နဲ့ ကျွန်တော်တို့ စာပေဟောပြောပွဲကိုလည်း ပျက်သွားမှာ စိုးရိပ်မိနေပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ မကွေးစာနယ်ဇင်းအဖွဲ့ကတော့ ပွဲမိန့်ကို ကြိုတင်လျှောက်ထားပြီး သက်ဆိုင်ရာမှ ခွင့်ပြုမိန့်စာ လက်ခံရရှိထားပြီးသားပါ။ ဒါပေမယ့် စာပေဟောပြောပွဲ ကို ရန်သူမျိုးငါးပါးထဲက တစ်ပါးပါးကများ ဖျက်ဆီးမလားဆိုပြီး ကျွန်တော်တို့ ကော်မတီအဖွဲ့မှာ ဘုရား ဘုရား တနေကြရပါတယ်။
စာပေဟောပြောပွဲလုပ်တယ်ဆိုတာ ကိုယ့်မြို့မှ မျိုးဆက်သစ်လူငယ်တွေနဲ့ စာပေ၀ါသနာရှင်များ နဲ့ ကျောင်းသား ကျောင်းသူများ ကောင်းစားရေးအတွက် ကျွန်တော်တို့က ဆောင်ရွက်ပေးနေကြတာပါ။ ဒါကိုပဲ မကွေးစာနယ်ဇင်းထဲက အချို့ အဖွဲ့ဝင်များက အသားထဲကလောက်ထွက်ပြီး စာပေဟောပြောပွဲ ဖြစ်မှာကို မလိုလားကြပါဘူး။ သူတို့က အကြောင်းအမျိုးနဲ့ ပျက်စေချင်နေကြသေးတယ်လို့ ကြားသိနေရပါတယ်။ ဒီလို အောက်တန်းကျတဲ့စိတ်ဓာတ်မျိုး စာပေသမားတစ်ယောက် အနေနဲ့ မဖြစ်သင့်ကြပါဘူးဗျာ။ ညနေ စာနယ်ဇင်း ဥက္ကဋ္ဌ ဆရာ မကွေးဝင်းမြင့် နဲ့ ကျွန်တော်တို့ ကော်မတီရှိသူများ စွဲမက် လက်ဖက်ရည်ဆိုင်မှာ ထိုင်ပြီး စာပေဟောပြောပွဲကိစ္စ လိုအပ်တာကို တိုင်ပင်ဆွေးနွေးကြပါတယ်။စာပေဟောပြောပွဲသို့ နယ်ကလာကြတဲ့ စာနယ်ဇင်းအဖွဲ့ဝင်များကို ယခင်နှစ်ကလို လမ်းစရိတ်ပေးဖို့၊ မနက်ဖြန် နဲ့ သဘက်ခါ(၂၇/၂၈) နှစ်ည ကြော်ငြာကားလှည့်ဖို့၊ မနက်ဖြန် မကွေးမြို့တော်ခန်းမရှေ့မှာ စာပေဟောပြောပွဲ ဗီနိုင်းထောင်ဘုတ် ချိတ်ကြရန် စီစဉ်ကြပါတယ်။ ယနေ့ရာသီဥတုကလည်း မုန်းတိုင်းကြောင့် မိုးဖွဲလေးများကျနေတော့ စာပေဟောပြောပွဲရက်မှာ မိုးလေ၀သ ကောင်းဖို့လည်းဆုတောင်းနေကြရပါသေးတယ်။ ဟောပြောပွဲမှာ မိုးလေ၀သ နဲ့ ဇလဗေဒ ရာသီဥတု အကြောင်း ဟောမယ့် ဒေါက်တာထွန်းလွင်က ထန်းတစ်ပင်မြို့ကနေ မကွေးတိုင်းဒေသကြီးကို ပွဲကူမှာသိရပါတယ်။ ပွဲကူရတဲ့ လမ်းခရီးက တော်တော်ကြမ်းပါတယ်။ ဒေါက်တာထွန်းလွင် အသက်အရွယ်နဲ့ မလိုက် ဟောပြောပွဲတွေကို ကြိုးစားပေးနေတဲ့ စေတနာကို ကျွန်တော်တို့ ကျေးဇူးတင်မိကြပါတယ်။ ည(၇)နာရီမှာ ကျွန်တော်တို့ အဖွဲ့ ပြန်ခဲ့ကြပါတယ်။
ယနေ့ ကျွန်တော်အများကောင်းကျိုးလုပ်ငန်းတစ်ခုကို ဦးစားပေးပြီးလုပ်ပါတယ်။ မနေ့ညက ကျွန်တော့်ဆီကို မိတ်ဆွေ ဦးအောင်ချိုရောက်လာပါတယ်။ သူက ချင်းတိုင်းရင်းသားတစ်ဦးတည်ထောင်ထားတဲ့ NGO ကုမ္ပဏီမှာ မန်နေဂျာ လုပ်နေသူပါ။ မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်တွင်းက ရေဘေးသင့်ရွာတွေမှာ အသက်(၁၅)နှစ်အောက် ကလေးများအတွက် လိုအပ်တဲ့ ပညာရေး၊ ကျမ်းမာရေး အကူအညီများ ပေးရန် ဆောင်ရွက်လိုကြောင်း ပြောပါတယ်။ အဲဒီဒေသကို ကွင်းဆင်သွားရန် ကျွန်တော့်ကို အဖော်ခေါ်ပါတယ်။ ကျွန်တော်က စာပေဟောပြောပွဲကိစ္စများ ရှိနေလို့ မလိုက်နိုင်ပါ။ ဆိပ်ဖြူ သင်္ဂဟ နာရေးကူညီမှု အသင်းနဲ့ ချိတ်ဆက်ပေးလိုက်ပါတယ်။ ဦးအောင်ချိုးထံက အကူအညီ တစ်ခုကိုလည်း ပြန်ရလိုက်ပါတယ်။ အဲဒါကတော့ တစ်လောက ကျွန်တော်ရောက်ခဲ့တဲ့ မကွေးခရိုင်၊ ချောက်မြို့နယ်၊ ဆူးတောကျေးရွာ မှာ (၁၆)ကုတင်ဆန့် ကိုယ်ထူ ကိုယ်ထ တိုက်နယ်ဆေးရုံဆောက်လုပ်ရေးအတွက် အလှူရှင်များ လိုအပ်နေတာကို ပြောပြပါတယ်။ ကျွန်တော့်ရဲ့ www.winkyi.net ၀က်ဆိုဒ်မှာလည်း အပြည့်အစုံရေးသားပြီး တင်ထားတာကို ဖွင့်ပြပါတယ်။ သူက ကျွန်တော့် ၀က်ဆိုဒ်ထဲက ဒေတာ (အချက်အလက်များ)ကိုယူပါတယ်။ ချက်ချင်းပဲ ဒီလို ကိစ္စမျိုးတွေကို ကူညီပေးနေတဲ့ NGO အဖွဲ့များရဲ့ အီးမေးလိပ်စာတွေအများကြီးပေးပါတယ်။ လိပ်စာတွေကို ပေးပြီး သူ့ရဲ့ အီးမေးလ်ကိုဖွင့်ပါတယ်။ အဲဒီ NGO ကုမ္ပဏီတွေဆီ (၁၆ ကုတင်ဆန့် တိုက်နယ်ဆေးရုံမှာ အလှူရှင်များလိုအပ်နေ ပါသည်။) ခေါင်းစဉ် စာနဲ့ သတင်းဓာတ်ပုံများကို အီးမေးလ် ပို့ပေးလိုက်ပါတယ် ခင်ဗျာ..။ ဒီနေ့ နံနက်ပိုင်းမှာ သူပေးထားတဲ့ NGO ကုမ္ပဏီတွေဆီသို့ ကျွန်တော့် အီးမေးလ်ကိုဖွင့်ပြီး အလှူရှင်များအမြန်ပေါ်လာနိုင်ရန် ထပ်မံပေးပို့လိုက်ပါတယ်။ ကျွန်တော်တတ်ထားတဲ့ အင်တာနက်ဆက်သွယ်ရေးပညာနဲ့ ယခုလို ဆက်သွယ်ဆောင်ရွက်ရတာ များစွာဝမ်းသာ ပီတီဖြစ်မိလိုက်ပါတယ်။ အလှူရှင်များ ကျွန်တော့်ထံ ဆက်သွယ်လာရင်တော့ အဲဒီနေ့ ထမင်းမေ့ ဟင်းမေ့ဖြစ်ပြီး ကျွန်တော် ပျော်ရွင် ၀မ်းသာ ပီတီဖြစ်နေပါဦးမည်..။ အများကောင်းကျိုးအတွက် အလှူရှင်များ အမြန်ပေါ်ပါစေလို့ ဆုတောင်းရင်း ကျွန်တော် နေ့စဉ် အီးမေးလ်ကိုဖွင့်ပြီး မျှောနေရပါတော့တယ် ခင်ဗျာ…။
ရွှေလမ်းငွေလမ်းဝင်းကြည်
၂၀၁၁ ၊ ဒီဇင်ဘာလ(၂၆)ရက်။
Artikel အမှတ်စဉ်(၁၁) ၂၆-၁၂-၂၀၁၁ ` မကွေးမြို့က စာပေဟောပြောပွဲ အမြန်ပြီးပါစေ´ ini dipublish oleh shwelannwelanwinkyi pada hari Saturday, May 19, 2012. Semoga artikel ini dapat bermanfaat.Terimakasih atas kunjungan Anda silahkan tinggalkan komentar.sudah ada 0 komentar: di postingan အမှတ်စဉ်(၁၁) ၂၆-၁၂-၂၀၁၁ ` မကွေးမြို့က စာပေဟောပြောပွဲ အမြန်ပြီးပါစေ´
Subscribe to:
Post Comments (Atom)

0 comments:
Post a Comment