အမှတ်စဉ်(၇) ၂၂-၁၂-၂၀၁၁ `` မြန်မာပြည်က အောက်ခြေလူတန်းစားတွေအတွက် အခွန်အခတွေကများ´´
ကိုယ့်အကြောင်း သူများအကြောင်း နှင့် ပတ်ဝန်းကျင်မှ အကြား အမြင်များ
အမှတ်စဉ်(၇) ၂၂-၁၂-၂၀၁၁ `` မြန်မာပြည်က အောက်ခြေလူတန်းစားတွေအတွက် အခွန်အခတွေကများ´´
ဒီနေ့မနက် မိုးလင်းတာနဲ့ အင်တာနက်သတင်းများ နှင့် သတင်းဂျာနယ်များကို ဖတ်လိုက်ပါတယ်။ မီတာခက နှစ်ဆမတိုးဘဲ တစ်ယူနစ်ကို ရိုးရိုးအိမ်သုံးက ၂၅ိ မှ ၃၅ိ၊ အိမ်သုံးပါဝါမီတာတွေက ၅၀ိ မှ ၇၅ိ တဲ့ ။ စာပို့ခတွေကတော့ ယခင်ထက် အဆမတန် နှစ်ကြိမ် နှစ်ခါ ထပ်၍ ထပ်၍ တိုးလိုက်တာ ကျွန်တော်တို့ သတင်းသမားနဲ့ စာရေးဆရာတွေသုံးနေကြတဲ့ မမြန်ချောပို့စာ (အဲမှားလို့) အမြန်ချောပို့ကလည်း ၅၀ိ ကနေ ၅၀၀ိ။ ယခု ၅၀၀ိ ကနေ ၃၀၀၀ိ ဆိုပြီး ဂျာနယ်တစ်ဆောင်မှာဖတ်လိုက်ရပါတယ်။မီးရထားခ၊ သင်္ဘောခတွေကလည်း တိုးလိုက်ပါတယ်။ ဒီသတင်းတွေကို ဖတ်နေတုန်းမှာပဲ ဂျာနယ်မျိုးစုံနဲ့ စာအုပ်အငှါးဆိုင် တွဲပြီး ဖွင့်လှစ်လုပ်ကိုင် ရောင်းချ စားသောက်နေသူ ကျွန်တော့်မိတ်ဆွေကြီးကလည်း ဒီလို ညီးညူနေပြန်ပါတယ်။
``ကျွန်တော်တို့ စာအုပ်အငှါးဆိုင်လေးကို စည်ပင်က လုပ်ငန်းလိုင်စင် ခွန် တစ်နှစ်အတွက် (၁၅၀၀၀ိ) နဲ့ စာရွက်စာတမ်းကြေး (၁၀၀၀ိ) တဲ့ဗျာ။ ယခင် မကြာသေးသောခေတ်က စည်ပင်လုပ်ငန်းလိုင်စင်(၃၅၀၀ိ)ပါ။ စည်ပင်ဆိုင်းဘုတ်ခွန်ကလည်း ယခင်ထက် သုံးဆလောက်ကို တက်သွားပါတယ်။ စည်ပင်က အခွန်တွေက လုပ်ငန်းလိုင်စင်ခွန်၊ ဆိုင်းဘုတ်ခွန်၊ ဈေးကောက် စုံနေတာပါဘဲဗျာ..။ စိတ်ပျက်ပျက်နဲ့ အိမ်ပြန်တော့ လျှပ်စစ်ကလည်း မီတာဈေးတက်တဲ့ အပြင် မီတာအဟောင်းက လယ်နေတာ နှေးလို့ဆိုပြီး မီတာအသစ်နဲ့လဲမယ်တဲ့။ မီတာလဲဖို့အတွက် တပ်ဆင်ခ တောင်းနေပြန်တယ်။ ကိုယ့်အိမ်မှာ ကိုယ့်ဘာသာ စောင့်ရှောက်ထားရတဲ့ မီတာကိုလည်း မီတာထိမ်းသိမ်းခ တစ်လ( ၁၀၀၀ိ) တဲ့ဗျာ..။ကျွန်တော့် သား သမီးတွေက အခြားတစ်နယ်မြို့တွေမှာ နေကြတာပါ။ ယခုသူတို့လည်း အိမ်ကို ခဏ အလည်ပြန်လာကြတယ်လေ..။ မီးရထားခ၊ သဘောင်္ခ၊ ကားခတွေကလည်း ဈေးတက်လို့ အဖေတို့ဆီကို အရင်လို တစ်နှစ်တစ်ခေါက် လာပြီး မကန်တော့နိုင်တော့ဘူးတဲ့ဗျာ..။ မှတ်ကရော့။ အဲ ပုဂ္ဂလိက ဓာတ်ဆီဆိုင်တွေကလည်း အရင်ဓာတ်ဆီတစ်ဂါလံ (၂၅၀၀ိ) ကနေ (၃၀၀၀ိ) တက်ပြီး မကြာမီ ရောင်းကြတော့မယ်တဲ့။ အိမ်က ဆိုင်ကယ်တွေ ရောင်းပြီး အရင်ကလိုသာ စက်ဘီးလေးကို ပြန်စီးမှ ဖြစ်ပါတော့မယ်ဗျာ..။ အဲ ဆိုင်ကယ်ဆိုလို့ ကျွန်တော်တို့မြို့မှာ ဆိုင်ကယ် ဆပ်ပလိုင်းချက်တွေကလည်း တစ်ပါတ်မှာ (၈)ရက်လောက် လုပ်တယ်လေ..။ ကျွန်တော်တို့ ပြည်သူတွေကလည်း စည်းကမ်းမှ မရှိကြတာ.. ဆယ်ဦးမှာ ဆယ့်တစ်ယောက်လောက်က ဆိုင်ကယ်ဦးထုပ်မပါကြဘူးလေ။ ဆိုင်ကယ်တစ်စီးမှာ လူသုံးယောက်တောင် စီးနေကြတယ်။ ဒါကြောင့် ဒဏ်ကြေးငွေတွေကို အရင်ကထက် ထပ်ပြီး တိုးဆောင်ခိုင်းနေတယ်လို့ သိရပါတယ်ဗျာ..။ ဒါကတော့ စည်းကမ်းမရှိတဲ့သူတွေကို သက်ဆိုင်ရာက လုပ်တာ သဘာဝကြပါတယ်။
ယခု အစိုးရက လုပ်ဆောင်နေတဲ့ အများပြည်သူတွေအတွက် သဘာဝမကျတာကိုလည်း ပြောချင်ပါသေးတယ်။ ပိုက်ဆံရှိတဲ့သူတွေအတွက်တော့ ကားဟောင်းကနေ ကားသစ်တွေ ၀ယ်ခွင့်ပေးနေတယ်။ ကုန်သည်ကြီးတွေအတွက် နိုင်ငံခြား သွင်းကုန် ထုတ်ကုန် အခွန်များကို ကင်းလွတ်ခွင့် ပေးနေကြပါတယ်။ နိုင်ငံခြားအလုပ်သမား ဒေါ်လာစားတွေကိုလည်း ၀င်ငွေခွန် ကင်းလွတ်ခွင့်ပေးတဲ့ အမိန့်ထုတ်သံ ကြားလိုက်ရပါတယ်။ ကျွန်တော်တို့ ပြည်တွင်းမှာ တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့ ဈေးသည်များ၊ လုပ်ငန်းရှင်အသေးစားများကြတော့ ပြည်တွင်း ၀င်ငွေခွန်တွေကလည်း တစ်နှစ်ထက် တစ်နှစ်တိုးကောက်နေပါတယ်။ ဒီနှစ် ၀င်ငွေခွန်ကို မိမိဘာသာ အမှန် အကန် ဖြည့်ပေးပါ။ ကုန်ကျစားရိတ် နဲ့ မှီခို သား သမီးများ စာရင်းပြပေးပါ။ အဲလိုဆိုရင် အခွန်လျှော့ပေါ့နိုင်ပါတယ်လို့ အခွန်ရုံးက ပြောပါတယ်။ ဒါပေမယ့် အရင်နှစ်ကထက်တောင် ပိုကျသူတွေ များလာပါတယ်။ အဲ ပြည်သူတွေဆီကတော့ မီးရထားခ၊ ကားခ၊ သင်္ဘောခ၊ စာပို့ခ၊ မီတာခွန်၊ ရေခွန်၊ အမှိုက်သိမ်းခွန်၊ ၀င်ငွေခွန်၊ စည်ပင်သာယာက မြေခွန်၊ အိမ်ခွန်၊ ရေခွန်၊ ဈေးဆိုင်များလုပ်ငန်းလိုင်စင်ခွန်၊ ဆိုင်းဘုတ်ခွန်၊ ဘီးခွန်၊ လမ်းကြေး၊ တံတားကြေးနဲ့ ဈေးကောက်ခွန်တွေကို တိုး၍ တိုး၍ ကောက်ခံနေကြပြီးတော့ အစိုးရနေ ကိုင်တွယ်နေကြတဲ့ အောင်ဘာလေထီ ကိစ္စမှာ ယခင်က နှစ်ကျပ်တန်ထီကို နှစ်ကျပ်နဲ့ ရောင်ခဲ့သလို ယခု အစိုးရကထုတ်တဲ့ဈေး (၂၀၀ိ) နဲ့ မရောင်းချနိုင်တာ သဘာဝ မကျပါဘူး။ ဂျာနယ်တွေက ဘယ်လာက်ရေးရေး ယခုထိဘာမှ ထူးမလာပါဘူး။ ဆင်းရဲသားတွေက (ဆင်းရဲခြင်း လွတ်ကင်းအောင် ဖဲဝိုင်းကလဲ ထောင်မရ၊ နှစ်လုံ သုံးလုံးကလဲထိုးမရ) တော့ အစိုးရ အောင်ဘာလေးထီကိုသာ အားကိုးနေကြရပါတယ်။ ဒါကို ဟိုတစ်လောက သောင်းညွန့်(ဖျာပုံ) ရေးသားလိုက်တဲ့ ဆောင်းပါးကြောင့်ထင်ပါရဲ့ လောင်းကစား ဥပဒေ နဲ့ ငြိလို့ဆိုပြီး အပိုဆုတွေ၊ ကံစမ်းမဲတွေ မပေးရဘူး အမိန့်ထုတ်လိုက်တော့ ထီကုန်သည်ကြီးများနဲ့ ထီဆိုင်ကြီးတွေကတော့ ပိုပြီး ချမ်းသာ စီးပွားဖြစ် တွက်ချေကိုက်သွားကြပါတယ်။ ယခင်က အပိုဆု(သိန်း၅၀၀)ပါ ထီတစ်ဆောင်(၃၅၀ိ/၄၀၀ိ) ။ ယခု အပိုဆု မပါတော့လည်း (၃၀၀ိ) ပေးနေရတာပါဘဲ။ ကျွန်တော်ပြောချင်တာက အစိုးရ၀န်ကြီး ဌာနတွေ နဲ့ ပတ်သက်နေတဲ့ အောင်ဘာလေထီ၊ လောင်စာဆီများ၊ စားသုံးကုန်များ၊ အခြားအခွန်အခများ ကိုတော့ ဈေးမတက်သင့်ပါဘူးဗျာ…။
နိုင်ငံတော်သမ္မတကြီးမှ အဓိက လမ်းညွှန်ထားတဲ့ ` မရှိဆင်းရဲ နွမ်းပါးသူများ ပပျောက် လျော့ကျရေး´ ကို တကယ် ဖော်ဆောင်မယ်ဆိုရင် သမ၀ါယမဌာနနဲ့ စည်ပင်သာယာဌာနတွေက ငွေထုတ်ချေးပေးနေယုံနဲ့ မလုံလောက်ပါဘူး။ လူတိုင်း ရဲ့ အမှန်တကယ်ဝင်ငွေ၊ ထွက်ငွေကို ပြန်ကြည့်ပြီး အခွန်အခ သက်သက်သာသာ နဲ့ လုပ်ငန်းများ၊ ဈေးဆိုင်များကို ရေရှည်ရပ်တည် တိုးချဲ့ လုပ်ကိုင်စားသောက်နိုင်အောင် ၊ အလုပ်လက်မဲ့များမရှိအောင်၊ ကျွန်တော် စောစောက ပြောခဲ့တဲ့ အများပြည်သူလူထု အောက်ခြေမှာ ၀န်ထုပ် ၀န်ပိုးဖြစ်စေမယ့် အခွန်အခ ဈေးတွေကို တစ်နှစ်ထက် တစ်နှစ် တိုး၍ တိုး၍ တက်မနေကြဘဲ။ နိုင်ငံတော်လည်း သင့်တင်မျှတမယ့် အခွန်ဝင်ငွေလည်းရ ပြည်သူတွေလည်း သက်သက်သာသာနဲ့ အခွန်ထမ်းဆောင်စေပြီး( ရှဥ့်လည်း လျှောက်သာ ပြားလည်း စွဲသာ) ဖြစ်စေချင်ပါတယ်။ နိုင်ငံတကာ စံချိန် စံညွှန်းတွေ၊ အာဆီယံနိုင်ငံတွေ နဲ့ နှိုင်းယှဉ်တွက်ကြည့်ပြီး မီတာခတွေ၊ အခွန်ဈေးနှုန်းတွေကို တိုးကောက်နေတယ် ထင်ပါတယ်။ ဒီလိုဆိုရင်လည်း ကျွန်တော်တို့ မြန်မာပြည်က ပြည်သူ ပြည်သား တစ်ဦးချင်းစီရဲ့ လခ နဲ့ ၀င်ငွေတွေကိုလည်း အခြားနိုင်ငံတွေလိုရသလား၊ ၀င်သလား ဆိုတာကိုလည်း ပြန်ကြည့်သင့်ပါတယ်။ တကမ္ဘာလုံးမှာ စီးပွားရေးကတ်ဆိုက်ပြီး စီးပွားရေးတွေကျနေသော်လည်း ကျွန်တော်တို့ ပြည်တွင်းမှာတော့ အစိုးရနဲ့ သက်ဆိုင်တဲ့ ဈေးနှုန်း၊အခွန်အခတွေက တက်၍ တက်၍သာ လာနေပါတယ်။ အဲဒါတွေကို သက်ဆိုင်ရာက ပြန်လည်စီစစ်ပြီး ဆောင်ရွက်ပေးစေချင်ပါတယ်ဗျာ..။ ကဲ ကျုပ်ပြောတာတွေကို ဆရာတို့ သတင်းမီဒီယာ သမားတွေကတဆင့် အစိုးရသိအောင် ပြောပေးစမ်းပါ သတင်းထောက်ကြီးရယ်..။´´ လို့ စာအုပ်အငှါးဆိုင်နဲ့ ဂျာနယ်လက်လီရောင်းချနေသူ တစ်ဦးမှ ရင်ဖွင့်ပြောကြားသံကို ဂျာနယ်မှ တင်ပြလိုက်ရပါတယ်ခင်ဗျာ..။
ရွှေလမ်းငွေလမ်းဝင်းကြည်
Artikel အမှတ်စဉ်(၇) ၂၂-၁၂-၂၀၁၁ `` မြန်မာပြည်က အောက်ခြေလူတန်းစားတွေအတွက် အခွန်အခတွေကများ´´ ini dipublish oleh shwelannwelanwinkyi pada hari Saturday, May 19, 2012. Semoga artikel ini dapat bermanfaat.Terimakasih atas kunjungan Anda silahkan tinggalkan komentar.sudah ada 0 komentar: di postingan အမှတ်စဉ်(၇) ၂၂-၁၂-၂၀၁၁ `` မြန်မာပြည်က အောက်ခြေလူတန်းစားတွေအတွက် အခွန်အခတွေကများ´´
Subscribe to:
Post Comments (Atom)

0 comments:
Post a Comment