ကိုယ့်အကြောင်း သူများအကြောင်း နှင့် ပတ်ဝန်းကျင်မှ အကြား အမြင်များ
အမှတ်(၃၃-၂၀၁၂) ၂၁-၂-၂၀၁၂ `သတင်းလိုက်တိုင်း သတင်းမဖြစ်နိုင်ပါ´
၂၀-၂-၂၀၁၂ နေ့က နံနက်ပိုင်း ဆည်မြောင်းရုံးသို့ သွားတယ်။ အပြန်မှာ မိုးညှင်းရှမ်း ဆီချက်ဆိုင်က ဆရာကြီး မကွေးဝင်းမြင့် သား မောင်ဖိုးထွန်းဝင်း ဆီကိုဝင်ပါတယ်။ အိမ်က ထီဆိုင် ဆီဆိုင်တွေကလည်း ရောင်းအားမကောင်း၊ သမီးကို အားလုံးပေးထားလိုက်ရ၊ ကိုယ်ပိုင်လုပ်ငန်းသေးလေးတစ်ခုဖြစ်တဲ့ နွေရာသီမှာ ကြံရည် အအေးဆိုင်ဖွင့်ချင်လို့ သွားရောက် တိုင်ပင်ခဲ့ပါတယ်။ သတင်းယူပါတယ်။ ကိုယ့်စီးပွားရေးအတွက် သတင်းယူတာပါနော်။
မောင်ဖိုးထွန်းဝင်း တို့ ဇနီးမောင်နှံတို့က စိတ်ရှည်လက်ရှည် ကြံရည်ဆိုင်ကိစ္စကို ရှင်းပြပေးပါတယ်။ ကြံကြိတ်စက် က နွေရာသီကာလ အတွင်း ငှါးခ(၅၀၀၀၀ိ) ကျပ် အနည်းဆုံးပေးရပါမည်။ ကျွန်တော်ငှါးဖို့ ၀င်မေးတဲ့ ဆိုင်တစ်ဆိုင်ကတော့ (၇၅၀၀၀ိ) လို့ပြောပါတယ်။ ကြံရည်ကြိတ်တတ်တဲ့ ကျွမ်းကျင်သူ အလုပ်သမားတစ်ယောက်ကို တစ်ရက် (၁၀၀၀ိ) ကျော် နဲ့ ငှါးရပါမည်။ ကြံချောင်းကတော့ တစ်ခါဝယ်ရင်(၅၀၀၀ိ) ဖိုး နဲ့ အသစ်ပေး အဟောင်းယူ လာချပေးပါမည်။ အဲ ဆိုင်ဖွင့်ဖို့ ပစ္စည်းတွေက စားပွဲခုံပူလေး (၄/၅) ခုံလောက်ဝယ်ရပါမည်။ ခွေချေထိုင်ခုံလေးတွေပါ ၀ယ်ရမည်။ ကြံရည်ထည့်ရောင်းဖို့ ဖန်ခွက်ကြီးက ခွက်(၂၀) လောက်၊ တစ်ခွက်(၅ပ၀၀ိ)တန် ဆိုရင် တစ်သောင်းဖိုးလောက်ကျမည်။ စုစုပေါင်း စတင်ပြီး ဆိုင်ထောင်ရင် တစ်သိန်းခွဲ မှ နှစ်သိန်လောက်တော့ ကုန်ကျမည်ထင်ပါတယ်။ ဒါဆိုင်ခန်းငှါးတဲ့ လခတွေ မပါသေးဘူးနော်။ လက်ရှိ ဆီဆိုင်ရှေ့မှာ ကပ်ဖွင့်ဖို့ စိတ်ကူးတာပါ။ ကြံရည်ဆိုင်ထောင်ရင် အရှုံးကတော့ မရှိပါဘူး။ ကြံချောင်း(၅၀၀၀ိ) ဖိုးကို ရောင်းရငွေက (၂၀၀၀၀ိ) လောက်ရတယ်လို့ ကြားသိရပါတယ်။ ကြံရည်ဆိုင်မှာ ကောင်းကျိုးတွေရှိသလို ဆိုးကျိုးတွေလည်း ရှိတယ်လို့ သိရပါတယ်။ ဆိုင်မှာ ရောင်းအားကောင်းလို့ လူကျရင်လည်း ကြံကြိတ်တဲ့ အလုပ်သမားက မနိုင်တတ်ပြန်ဘူး။ သိပ်ပြီး ပူလို့ ရောင်းကောင်းတဲ့ အချိန်များမှာ ရေခဲက ၀ယ်မရ၊ အလုပ်သမားက အကြောင်းအမျိုးမျိုးပြပြီး မလာ ဖြစ်တတ်ပါတယ်။ အဲဒီအချိန်မှာ ကိုယ့်လောဘနဲ့ ကိုယ် ကြံစက်ကို ၀င်ပြီး လှည့်ကြိတ်ပေးရပါတယ်။ လက်ပေါက်ပြီး လက်မောင်းအောင့် ရင်ခေါင်းအောင့် ဝေဒနာများ ဖြစ်တတ်ပါတယ်။ လက်မသုံးချင်လို့ စက်(မော်တာ) တစ်ခုခုကို သုံးနေကြတဲ့ ကြံချောင်း နှစ်ချောင်းလောက်ကို တကြိမ်ထဲ ထိုးထည့်ပြီး ညှစ်တဲ့ စက်သေးလေးတွေပေါ်နေပါတယ်။ လက်ဖက်ရည် တစ်ဆိုင်မှာ သုံးနေ၍ ၀င်ရောက်မေးကြည့်ပါတယ်။ ကြံကြိတ်ခုံ တစ်စုံ( ဓာတ်ဆီ အင်ဂျင်သေးလေး) အပါ ငွေကျပ် (လေးသိန်းခွဲ) နဲ့ဝယ်ယူရကြောင်း သိရပါတယ်။ မောင်ဖိုးထွန်းဝင်းကတော့ အဲဒီစက်တွေကို အင်ဂုလိမာန စက် လို့ ခေါ်ပါကြောင်း၊ ဘာကြောင့် ဒီလိုခေါ်ရသလဲဆိုရင် လက်ချောင်းတွေ ခဏ ခဏ ပါတတ်လို့ ခေါ်ပါတယ်။ အဲဒီစက် စွမ်းအင်ကတော့ တော်တော်ကောင်းပါတယ်။ ကြံချောင်းတွေကို တစ်ခါတည်းနဲ့ အပြီးကြိတ်လို့ရပါတယ်။ ဈေးကြီးပြီး အန္တရာယ်တော်တော်လည်း များပါတယ်။ ကြံရည်ဆိုင်မှာ လူကျလို့ လက်နဲ့ကြိတ်ရတာ မနိုင်ရင် တချို့ဆိုင်တွေက သကြားရည်ကို ကြိုထားကြပါတယ်။ အဲဒီ သကြားရည်နဲ့ ကြံရည်နည်းနည်းပေါင်းပြီး ရောင်းတတ်ကြပြန်ပါတယ်။ ကြံရည်ဆိုင်ထောင်ရင် ဇီးဖျော်ရည် အဆီပုလင်းရှိရမယ်။ သံပုရာသီး များများ ၀ယ်ထားရမယ်။ ဇီးကြံရည်၊ ဇီးဖျော်ရည်၊ မန်းကျီးဖျော်ရည်၊အခြား ကလေးကြိုက်မှုန့် ဖျော်ရည်လေးတွေကိုလည်း ထားပေးရပါ့မယ်။ ဘာပဲပြောပြော ယခုနှစ်မှ ကြံရည်ဆိုင်စဖွင့်မယ်ဆိုရင် ဒီနှစ်ရင်းနှီးထားရတဲ့ အသုံးအဆောင်ပစ္စည်းဖိုးတွေ အမြတ်ရလိုက်ပါ့မယ်။ ဒီလုပ်ငန်းက စားဖို့ကတော့ မပူရပါဘူး။ ကြီးပွားချမ်းသာလာဖို့ကတော့ မဖြစ်နိုင်ပါဘူး လို့ မောင်ဖိုးထွန်းဝင်း တို့ လင်မယားက ခရေစေ့ တွင်းကျ အလုံစုံ ထောင့်စုံ ပြည့်စုံစွာ ရှင်းပြပေးကြပါတယ်။ အင်း ဒါလည်း ကြံရည်ဆိုင်ထောင်ချင်သူများအတွက်တော့ သတင်းဆောင်းပါး တစ်ပုဒ်ဖြစ်ပါမည်ခင်ဗျာ..။ အဲဒီနေ့က လိုချင်ရချင်တာက NLD ဆိုင်းဘုတ်တင်ပွဲသတင်းလိုက်ခဲ့တာပါ။ ရတာက ကြံရည်သတင်းဖြစ်နေပါတယ်။
0 comments:
Post a Comment