၂၆-၃-၂၀၁၂ `(၂)သိန်းတန် GSM ဖုန်း စတင်ရောင်း၊ မတ်လ(၂၇)ဒေါ်စု မလာနိုင်ကြောင်း´

ကိုယ့်အကြောင်း သူများအကြောင်း နှင့် ပတ်ဝန်းကျင်မှ အကြား အမြင်များ အမှတ်(၆၅-၂၀၁၂) ၂၆-၃-၂၀၁၂ `(၂)သိန်းတန် GSM ဖုန်း စတင်ရောင်း၊ မတ်လ(၂၇)ဒေါ်စု မလာနိုင်ကြောင်း´ နံနက်စောစောအိပ်ယာထပြီး ဈေးဆိုင်ဖွင့်တယ်။ နံနက်ပိုင်း ဆည်မြောင်ရုံးသို့သွားတယ်။ ရုံးရောက်တော့ ပိုက်ဆံရှိသူ တစ်ဦးကနေ ၀မ်းထမ်းများကို ၂သိန်းတန်ဖုန်းများ ငွေစိုက်ပြီး ၀ယ်ပေးတယ်လို့ သိရတယ်။ ၂% ၀န်ဆောင်ခယူတယ်။ တစ်လကို (၂၈၀၀၀)ကျပ်နဲ့ (၈)လခွဲပြီး ပြန်သွင်းရမယ်လို့ သတင်းရတယ်။ ဒါလည်းကောင်းပါတယ်။ ၀န်ထမ်းတွေဆိုတာက တစ်ခါတည်း ငွေနှစ်သိန်းကျော်ကို ဘယ်လိုမှ မ၀ယ်နိုင်ကြပါ။ ယခုလိုငွေစိုက်ပြီး ၀ယ်ပေးတယ်လို့ကြားရတာ ၀မ်းသာရပါ တယ်။ အပြန်မှာ ၂၀၀၇ ခု ရွှေဝါရောင်အရေးအခင်းမှ ခေါင်းဆောင်ဆရာတော် အရှင်ဂမ္မီရ မကွေးသို့လာသွားတဲ့ သတင်းကို အတိအကျသိရအောင် စုံစမ်းတယ်။ မရသေးပါ။ မကွေးမြို့မှာ စာပေလွတ်လပ်ခွင့်က လုံးဝမရှိပါ။ ဘာကြေင့်ဆိုရင် ဒီနေ့ နေပြည်တော်မှ ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး မကွေးကိုရောက်လာတယ်။ မကွေးမြို့တော်ခမ်းမ မှာ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်ကော်မရှင်အဖွဲ့များနဲ့ တွေ့ဆုံလမ်းညွှန်ပွဲကျင်းပတယ်။ ညက တိုင်းဒေသကြီးပြန်/ဆက်တိုင်း မှူးက ကြိုတင်ပြီး ကျွန်တော့်ကိုဖိတ်တယ်။ ဒါပေမယ့် အဆင်သင့်လုပ်ထားရန်သာမှာထားတယ်။ နံနက်ပိုင်း မှ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ က အတွင်းရေးမှူးကို မေးပြီးမှ သူက ဖိတ်ပေးပါဆိုမှ ဖုန်းဆက်ခေါ်လိုက်မယ် လို့ ပြောပါတယ်။ ဖုန်းမလာတော့ မဖိတ်ဖြစ်ဘူး ယူဆပြီး အပြင်ကိုကျွန်တော်ထွက်ခဲ့ပါတယ်။ ယနေ့စတင်ရောင်းချတဲ့ (၂)သိန်းတန် GSM ဖုန်းသတင်းများကို လိုက်ပြီးယူပါတယ်။ နေ့လည် ကိုနေခြည် ရန်ကုန်မှ ပြန်ရောက်ကြောင်းလာပြောတယ်။ ရှိတ်ဂျာနယ်သို့ မေးလ်ပို့ရန်ပါလာတယ်။ ရှိတ်သို့ မပို့တော့ကြောင်း အခြားဂျာနယ်ဆို ပို့ပေးမည်လို့ပြောလိုက်တယ်။ ပြန်/ဆက်တိုင်းမှူး ဦးဝင်းခင်ရောက်လာတယ်။ မနက်က မြို့တော်ခမ်းမမှာ ကျင်းပတဲ့ပွဲဖိတ်ထားတာ ဖုန်းဆက်ဖို့ မေ့သွားကြောင်း ပြောပြီး သတင်းရေးရန်ပေးးခဲ့တယ်။ ညနေပိုင်း မှာ သားကြီးထွန်းဝင်းကျော် ပြန်ရောက်တယ်။ တစ်နေကုန် မိုးယံထီဆိုင်က ကိုသားချို၊ ကိုကျော်စိုးလင်း တို့နဲ့ လိုက်နေတယ်။ (၁၀)သိန်း သုံးလုံးအတုဝယ်တဲ့ ကိစ္စ လိုက်လုပ်ပေးနေတယ်သိရ။ ဒါပေမယ့် သူတို့နဲ့ လိုက်ပြီး အရက်၊ ဘီယာသောက်နေတယ်။ ညနေ မူးလာလို့ စိတ်ဆိုးပြီး သားကြီးကို ဆူတယ်။ အိမ်မနေနဲ့လို့ နှင်ချမိတယ်။ ည နေမှာ သူအိမ်ကဆင်းသွားတယ်။ ည ထမင်းစားချိန်မှာ ကျွန်တော်တို့ လင်မယားနှစ်ယောက် ထမင်း လုံးဝမစားနိုင်ကြပါ။ ကျွန်တော်ဇနီးကို သူ့သားထွက်သွားတာ ဘယ်လိုနေလဲ မေးကြည့်ပါတယ်။ `ငါက အမေပဲ ဘယ်လိုလုပ်ပြီး စိတ်ကောင်းနိုင်ပါ့မလဲ။ မင်း နောက်ကို စကားပြောရင် ထိမ်းထိမ်းသိမ်းသိမ်း ဆုံးမပါ။ ယခုတော့ မင်းကော ငါပါ စိတ်ထိခိုက်ကြရပြီ´ လို့ပြောတယ်။ ကျွန်တော် တော်တော်လေးကို စိတ်ထိခိုက်မိသွားတယ်။ ကျွန်တော်လည်း မွေးထားတဲ့ သားနဲ့ သမီးကို ချစ်ပါတယ်။ ကျွန်တော့်ဘ၀က တစ်ကောင်ကြွက်ဆိုတော့ ဒီသား သမီး ဇနီး မိသားစုကို တကယ်မခွဲနိုင်ပါဘူး။ မသေခင်မှာ သား နဲ့ သမီးတွေက ကျွန်တော်စကားကို နားထောင်ပြီး အဖေမှတ်မှတ်နဲ့ ချစ်စေချင်တာပါ။ ဒါပေမယ့် သမီးကလည်း ကျွန်တော့်ကို စကားမပြောဘူး။ သားကလည်း ကျွန်တော့်စကားကို နားမထောင်ဘူးလေ။ နေစရာမရှိ၊ စားစရာမရှိတာကို ခံနိုင်ပေမယ့် မိသားစု တစ်ကွဲတစ်ပြားနဲ့ စိတ်ဝမ်းကွဲပြီး ခွဲခွါသွားတာကိုတော့ မခံနိုင်ပါဘူး။ အင်း လူကလည်းအိုတော့ စီးပွားရေးကလည်းကျ ဖြစ်နေတော့ ခရမ်းသီးပိန် ဓါးတုံးဖြစ်နေပါပြီ။ ဘယ်လောက်ပဲ ချစ်ချစ် မခွဲခွါနိုင်ဖြစ်နေပေမယ့် သေရင်တော့ ထားခဲ့ကြရမှာပါ။ မသေခင်ကလေးမှာ မိသားစု ချစ်ချစ်ခင်ခင် သိုက်သိုက်ဝန်းဝန်း နေသွားချင်ပါတယ်..။ ဒါကြောင့် ည အမှောင်ကြီးထဲမှာ သားဇောနဲ့ မောင်ချစ်ကိုတို့ အိမ်ကိုသွားတယ်။ ညတွင်းချင်း လိုက်ရှာခိုင်းမိပါတယ်။ မတွေ့ကြောင်း သတင်းလာပို့တယ်။ အိပ်လို့မပျော်ပါ။ သတင်းများ ရေးရင်း သားပြန်လာမလားလို့ စောင့်မျှော်နေမိတယ်။ ည(၁)နာရီမှ အိပ်လိုက်တယ်။ `မကွေးတိုင်းဒေသကြီးတွင် (၂)သိန်းတန် GSM ဖုန်းများ စတင်ရောင်းချပြီ´ ၂၆-၃-၂၀၁၂ နေ့၊ နံနက်ပိုင်းမှစတင်၍ မကွေးမြို့တွင်းမှာ (၂)တန်ဖုန်းများ စတင်ရောင်းချကြောင်း သိရသည်။ မကွေးမြို့ ရန်ဝေးရပ်၊ ပြည်တော်သာလမ်း ပေါ်မှ လူကြီးမင်း ဖုန်းအရောင်းဆိုင် သို့စတင်သွားရောက်သတင်းယူခဲ့သည်။ `ဟုတ်ကဲ့ ကျွန်တော်တို့ လူကြီးမင်း ဖုန်းဆိုင်မှာ ဒီနေ့နံနက်(၉)နာရီက စတင်ရောင်းချပေးပါတယ်။ ယခု လောလောဆယ် တော့ GSM ကတ်တွေကို(၂)သိန်းနဲ့ ရောင်းပါတယ်။ WCDMA , CDMA ကတ်တွေက မရောင်းသေးပါဘူးခင်ဗျာ။ ဟန်းဆက်တွေကတော့ (၃)သောင်းကျော်တန်ကနေ (၆)သိန်းကျော်တန်အထိ အမျိုးမျိုးရောင်းချပေးပါတယ်။ ငွေဖြည့်ကတ် ကတော့ (၁)သောင်းတန်ကတ်နဲ့ (၂)သောင်းတန်ကတ် နှစ်မျိုးရှိပါတယ်။ ဖုန်းလာဝယ်သူတိုင်း နိုင်ငံသားကတ် မိတ္တူ(၃)စုံ နဲ့ ဓာတ်ပုံ(၃)ပုံ ပါရင် ၀ယ်လို့ရပါတယ်။ ယခုလောလောဆယ်မှာ ငွေလက်ငင်းစနစ်နဲ့သာ ရောင်းချပေးပါတယ်။ အရစ်ကျပေး စနစ်နဲ့ မရောင်းချပါဘူး။ ကျွန်တော်တို့ဆိုင်ကို ည(၉)နာရီအထိ ဖွင့်ပြီးရောင်းချပေးသွားမှာပါခင်ဗျာ..´ ဟု လူကြီးမင်းဖုန်း အရောင်းဆိုင်၊ ကိုအောင်အောင် မှပြောကြားသည်။ မကွေးမြို့၊ မြင်သာရပ်၊ ပြည်တော်သာလမ်းမှ အော့ဗစ်ဖုန်းဆိုင်သို့ ၀င်ရောက်မေးမြန်းရာ` ကျမတို့ဆိုင်က (၂၈)ရက်နေ့မှ (၂)သိန်းတန်ဖုန်းတွေကို ရောင်းမှာဖြစ်ပါတယ်´။ဟု ဖြေဆိုပါသည်။ ယင်း အော့ဗစ်ဆိုင်သည် မကွေးမြို့တွင် GSM (၁၅)သိန်းတန်ဖုန်းများကို(ပထမဆုံး) ပေါ်ခါစမှ စတင်ရောင်းချလာခဲ့ပြီး ယနေ့အထိဖွင့်လှစ်ထားသော ဆိုင်ကြီးဖြစ် ပါသည်။ `အဲဒီဆိုင်က ဆက်သွယ်ရေးက (၁၅)သိန်းတန်GSM ဟန်းဖုန်းတွေ စပြီးရောင်းတုန်းက သူ့ဆိုင်မှာ လူတွေ တန်းစီစောင့်နေရတာပါ။ ယခုတော့ ဆက်သွယ်ရေးကတိုက်ရိုက်မရောင်းချတော့ သူ့ဆိုင်မှာ (၂)သိန်းတန်ဖုန်းကို ယနေ့ ၀ယ်မရတာထင်တယ်..။ ကျွန်တော်အိမ်မှာ အဲဒီ(၁၅)သိန်းတန်ဖုန်း(၂)လုံးကို ၀ယ်ထားခဲ့မိတယ်။ တော်တော်နာပါတယ်။ ဒါကြောင့် အဲဒီအရှုံးပြန်ကြေအောင် နောက်ပေါ်မယ်ဆိုတဲ့ (၅၀၀၀ိ)တန်ဖုန်းကိုပဲ စောင့်ဝယ်တော့မယ်ဗျာ…။´ လို့ ဖုန်းဝယ်ထားသူ အသက်(၅၅)နှစ်အရွယ်ရှိ အမျိုးသားတစ်ဦးက ပြောပါတယ်။ ထို့နောက် ပြည်တော်လမ်းမပေါ်မှ (၂)သိန်းတန်ဖုန်းများ ရောင်းချသောဆိုင်များမှာ ကောင်မွန်စူပါမားကတ်ဖုန်းဆိုင်၊ ဟင်္သာညီနောင်စတိုးဖုန်းဆိုင်၊ ဗိုလ်ချုပ်လမ်းမပေါ်မှ ရွှေဧရာစတိုးဖုန်းဆိုင်၊ မကွေးရှော့ပင်းမောလ်ဖုန်းဆိုင် နှင့် နတ်မောက်လမ်းမပေါ်မှ နီနီ အက်လက်ထရောနစ်ဖုန်းဆိုင် များတွင် (၂)သိန်းတန်GSM ဖုန်းဝယ်ယူသူများဖြင့် စည်ကားနေသည်ကို မြင်တွေ့ရ၏။ `ကျွန်တော်တို့ဆိုင်က ဈေးမှန်၊ ပစ္စည်းမှန်ပါ။ ဘာမှအမြတ်မတင်ပါဘူး၊ မမြတ်ပါဘူး။ (၂)သိန်းနဲ့သာရောင်းပေးတာပါ။ ဆိုင်မှာရှိတဲ့ ဟန်းဆက်တွေရောင်းရအောင်ဆိုပြီး တင်ရောင်းတာပါဗျာ..။´ဟု နီနီဖုန်းဆိုင်ပိုင်ရှင် ဦးသန်းဌေးမှ ပြောကြား၍ သတင်းရရှိသည်။ ၀ိုင်းကြည်အောင်

Penulis : shwelannwelanwinkyi ~ Sebuah blog yang menyediakan berbagai macam informasi

 

0 comments: