အမှတ်(၁၆-၂၀၁၂) ၂၄-၁-၂၀၁၂ `စီးပွားရေး ဒုက္ခထဲ မှ တောင်ငူစာပေဟောပြောပွဲသို့ လမ်းစ´
ကိုယ့်အကြောင်း သူများအကြောင်း နှင့် ပတ်ဝန်းကျင်မှ အကြား အမြင်များ
အမှတ်(၁၆-၂၀၁၂) ၂၄-၁-၂၀၁၂ `စီးပွားရေး ဒုက္ခထဲ မှ တောင်ငူစာပေဟောပြောပွဲသို့ လမ်းစ´
နံနက် (၃)နာရီလောက်မှာ အိပ်ယာက နိုးနေပါတယ်။ အိပ်ယာထဲ ပြန်ဝင်လိုက်တော့ နွေးကနဲ သိသိသာသာ ခံစားလိုက်ရပါတယ်။ အင်း ညက ကျွန်တော့် သားကြီးကို တောင်ငူမြို့ အရှေ့ဘက်က သောက်ရေခပ် ရေအားလျှပ်စစ် စီမံကိန်းဆည် သို့ သွားပြီး အလုပ်လုပ်ရန် ပြောထားလိုက်မိပါတယ်။ အဲဒီ ကို ကျနော်သားကြီး မောင်ထွန်းဝင်းကျော် ကို အလုပ်ဝင်ရန်အတွက် တောင်ငူမြို့က စာရေးဆရာ အေးရွှေ(ကေတုမတီ) က ကြိုတင်စီစဉ်ပေးထားတာပါ။ သားကြီးကြည့်ရတာ မိဘအိမ်က ထွက်ချင်ပုံမရပါဘူး။ မိဘရဲ့ အရိပ်အာဝါသ အိပ်ယာနွေးနွေးလေးကို သူဘယ်ခွဲခွာချင် ပါ့မလဲ။ မိဘအိမ်မှာဆိုရင် အိပ်ချင်သလိုအိပ်မယ်။ စားချင်သလိုစားရတယ်လေ..။ သားကြီးကို မနှစ်က အပြင်ထွက်ပြီး အလုပ်ရှာပြီး ထွက်လုပ်ချင်တယ်ဆိုလို့ ကျွန်တော်အကိုရှိရာ မိုးကောင်း ဖားကန့်ကျောက်စိမ်းနယ်ကို ပို့ခဲ့ပါတယ်။ ဖားကန့်နယ်မှာ က နယ်ပေါင်းစုံမှ လူပေါင်းစုံ ထောင် သောင်းမက (ရေမဆေး ကျောက်) သမားတွေဟာ ဘုရားပွဲတော်ကြီးလို အမြဲစည်ကားနေကြတယ် လို့ပြောပြပါတယ်။ လူတွေ မြေသည်ကားကြီးတွေ၊ စက်ယန္တယားကြီးတွေ ပျားပန်းခပ် စည်ကားနေပြီး မြေစာပုံများကို တစ်တောင်တက် တစ်တောင်ဆင်း ပြေးလွှားရှာဖွှေ နေကြရပါတယ် လို့ သားကြီးက ပြန်ပြောပြပါတယ်။ စားစရာ၊ သောက်စရာ၊ ပျော်စရာများကလည်း ယိုးဒယားမှ မြို့ငယ်လေးလိုဘဲ လိုချင်တာ အကုန်ရတယ် ဆိုပါတယ်။ အဲဒီမှာ ကျွန်တော့်သားကြီးက သူ့ရဲ့ ကျောက်အ၀ယ်တော်အိမ်တစ်အိမ်ကို အစောင့်သဘောမျိုး နေရပါတယ်။ သူများလိုလည် ပြေးဆင်း ပြေးတက် လုယူပြီး ရေဆေးကျောက်လဲ မရှာတတ်၊ မရှာရဲသူပါ။ ဆောင်း နွေ လုပ်ငန်းရာသီ တစ်ရာသီတာ ကုန်သာသွားတယ်။ သူဘာဥစ္စာမှ မရလိုက်ပါ။ သောက်တတ် စားတတ်တဲ့ ပညာတွေကတော့ အရိုးရင့်လာတယ် ဆိုပါတော့။ မိုးပြန်ကျခါနီးတော့ ကျနော် အကို ရှိရာ မိုးကောင်းမြို့ အရှေ့ဘက်နှစ်မိုင်ကွာက မန်ပင်ရွာ ကို ပြန်ဆင်းနေပါတယ်။ အဲဒီမှာ အလုပ်အကိုင်မရှိတော့် ကျွန်တော့်မိတ်ဆွေရဲ့ မိရထားဌာန မှ သားနဲ့ ဆက်သွယ်ပြီး မီးရထားလမ်း တံတားဆောက်လုပ်ရေးလုပ်ငန်း တစ်ခုမှာ အလုပ်ရှာပေးလိုက်ရပါတယ်။ ဗန်မော်မြို့ အထက်က ဆင်ခံတံတား လို့ သိရပါတယ်။ အဲဒီ လုပ်ငန်းမှာ နေ့စား နဲ့ ကားဒရိုင်ဘာ အကူ တာဝန်ထမ်းဆောင်ရပါတယ်။ အဲဒီမှာ (၄)လလောက် လုပ်လာပြီး မြေလတ်ဒေသ ဆင်းဖြူကျွန်းမြို့ နွယ်တစ်မယ် ချောင်း ဖြတ်တဲ့ မီးရထား တံတားလုပ်ငန်း ကို ပြောင်းလာခဲ့ရပါတယ်။ အဲဒီမှာလည်း သောက်စား မူးမေ့နေခဲ့ပါတယ်။ ဘာဥစ္စာပစ္စည်း ငွေများမရတဲ့ အပြင် အိမ်ကနေ သူ့ဆီကို ငွေပေါင်း သိန်း (၂၀)ခန့် (မီးစက် ၂၂ကောင်၊ ခုနှစ်ကီလိုခွဲ ဒိုင်နမိုပါ) စုစုပေါင်း ပေးဆပ်လိုက်ရပါတယ်။ အလုပ်ရှာထွက်ချင်တဲ့သူ တစ်နှစ်ခွဲလောက် ရလိုက် စားလိုက် ငတ်လိုက် နဲ့ အရက်သမားဘ၀ သာ အမြတ်ကျန်ခဲ့ပါတယ်။
ဒါကြောင့် သူ ဒီတစ်ခါတော့ မိဘ အိမ်က ပြန်ထွက်ရမှာကို သိပ်ကျောက်နေတယ်ထင်ပါတယ်။ ကျနော်လည်း လုံးဝစိတ်မကောင်းဖြစ်ရပါတယ်။ ယခု ကျနော်ပြန်ဝင်အိပ်ရတဲ့ ဆောင်းတွင်းကာလမှာ ထွေးထွေးနွေနွေး အိပ်ယာလေး ကို ကျွန်တော့်သားကြီး ကို ဆက်ပြီး အိပ်စေချင်ပါတယ်။ ကျနော်မှာ က တစ်ကောင်းကြွက်ဘ၀နဲ့ မကွေးမြို့ကို ရောက်လာပါ တယ်။ ဇနီးတစ်ယောက်ရပြီး ဒီသားကြီး မောင်ထွန်းဝင်းကျော် နဲ့ သမီး မအိအိချော ဆိုတဲ့ သားသမီးနှစ်ယောက်သာ ထွန်းကားခဲ့တာပါ။ ဒါကြောင့် ဒီသားကြီး နဲ့သမီးတို့ မခွဲခွါနိုင်ပါဘူး။ ပိုပြီးဆိုးလာတာက ကျွန်တော့်သမီးက အိမ်ထောင်ကျပြီး ချစ်ရတဲ့ မြေးလေး မောင်ဘုန်းနေခန့် နဲ့ မြေးမလေး မဖြိုးမြတ်သော်တာလေး တို့ နှစ်ဦးက တိုးလာပါတယ်။ ဒါကြောင့် သားသမီးအချစ် မြေးအနှစ်လို့ ဆိုပြီး အဘတွေ အမေကြီးတွေက မခွဲ မခွာ ချစ်ရပါတယ်။ မြေးလေးတွေရဲ့ ဖခင် ကျနော်သမက်ကလည်း စစ်တပ်က ဆရာဝန် ဗိုလ်ကြီးဘ၀ နဲ့ ကျိုင်းတုံ (မစရ) တပ်မှာ တာဝန်ထမ်းဆောင်နေရတော့ မြေးလေးနှစ်ယောက်မှာ ဖခင်မေတ္တာကို ငတ်နေကြသူလေးတွေဖြစ်နေပါတယ်။ သမီးကလည်း သူ့ယောက်ကျားဆီကို လိုက်ဖို့ကလည်း မဖြစ်ပါဘူး။ အိမ်က စီးပွားရေး ဈေးဆိုင်တွေကို သူက ဦးစီးပြီးလုပ်နေရသူပါ။ လိုအပ်တဲ့ငွေတွေကို သမီးနဲ့ ကျွန်တော် ဟိုကချေး၊ ဒီကချေးပြီး ဟန်မပြက်အောင် စီးပွားရေးတွေကို လုပ်နေရကြပါတယ်။ ယခုတော့ ဈေးဆိုင်တွေကလည်း အပြိုင် အဆိုင်ပေါ်လာကြပါတယ်။ ကျနော် အရင် ဆောင်းပါးတွေမှာ ရေးထားတဲ့ အတိုင်း စီးပွားရေးလုပ်ငန်းရှင်ကြီးများကလည်း သူတို့လုပ်ငန်းတွေ တော်တော်အောင်မြင်ကျော်ကြားလာကြရင် သစ္စာဂတိတွေ မရှိကြသူတွေကသာ များကြပါတယ်။ ဒါကြောင့် ကျနော် သားကိုချစ်သော်လည်း အိမ်မှာ အလုပ်အကိုင်မရှိရင် ဘယ်လိုမှ နေလို့ မဖြစ်တော့ပါ။ ဒါကြောင့် တောင်ငူမြို့မှ စာရေးဆရာ အေးရွှေ(ကေတုမတီ) နဲ့ ဆက်ပြီး အလုပ်ရှာပေးရတာပါ။ ယခုတော့ သူကလည်း မိဘနဲ့ ဝေးရာကို သွားပြီး လုပ်ရမှာကြောက်နေတယ်ထင်ပါတယ်။ ယနေ့ တစ်နေလုံး မကွေးမြို့ထဲမှာ အခြား အလုပ်များကိုရှာနေပါတယ်။ ကောင်းမွန်စူပါမားကတ် မှာ သူ့ အတွက် ဒရိုင်ဘာလျှောက်လွှာ တင်ထားပါတယ်။ သွားပြီး စုံစမ်းတော့ နေရာလပ် မပေါ်သေးဘူးလို့ သိရပါတယ်။ ယခုတော့ ကားဒရိုင်ဘာ မရသေးလည်း အခြား သင့်တော်ရာ အလုပ်တစ်ခုခုကို ခန့်ပေးဖို့ ကောင်းမွန်သူဌေး နဲ့ ကျနော်သွားတွေ့မယ်လို့ စိတ်ကူးထားပါတယ်။
ညနေ ဆရာ မကွေးဝင်းမြင့်ရောက်လာပါတယ်။ ထိုင်နေကြ လက်ဖက်ရည်ဆိုင်မှာ ထိုင်ဖြစ်ကြပါတယ်။ အဲဒီ အချိန်မှာ မကွေးသင်ကြားရေးဆေးရုံအုပ်ကြီး စာရေးဆရာ ကဗျာဆရာ သောင်း(ကေတုမတီ) ရောက်လာပါတယ်။ စကားလက်ဆုံ ကြပြီး ပြောဆိုပါတယ်။ ၂၆-၁-၂၀၁၂ နေ့ မကွေးတိုင်းဒေသကြီး အစည်းအဝေးပြီးရင် တောင်ငူသို့ ပြန်မယ်ပြောပါတယ်။ ဒရိုင်ဘာ နှင့် သူတို့ နှစ်ဦးသာ ယခုယူလာတဲ့ ရုံးကား SEကားလေးနဲ့ သွားမယ်၊ တောင်ငူ စာပေဟောပြောပွဲ လိုက်ချင်သူများ လိုက်နိုင်ပါကြောင်း သူက ဖိတ်ခေါ်နေပါတယ်။ ကျနော်လည်း ရေငတ်နေတုန်း ရေတွင်းထဲကျလိုက်သလို ဖြစ်သွားပါတယ်။ တောင်ငူမြို့မှ ဆရာအေးရွှေ(ကေတုမတီ) ဖိတ်ကြားထားတဲ့ စာပေဟောပြောပွဲကို လိုက်ဖို့ စာရင်းပေးလိုက်မိပါတယ်။ အဲ ကျွန်တော့်သားကြီးလည်း လိုအပ်ရင်ခေါ်ခဲ့မယ်လို့ အပို အခွင့်အရေးတောင်းထားရပါတယ်။ ဘာကြောင့်လည်း ဆိုတော့ သားကြီးကို မကွေးမှာ ဘာအလုပ်မှ မရခဲ့ရင် တောင်ငူသို့ ကားဒရိုင်ဘာအလုပ် သွင်းပေးရန် ဆရာအေးရွှေ က စီစဉ်ထားလို့ပါ။ ဒါပေမယ့် သားကြီးက မကွေးမှာသာ အလုပ် လုပ်ချင်တယ်ဆိုတော့ သူ ဘယ်မှ အလုပ်ရှာတာ မရခဲ့ရင် ကောင်းမွန် သူဌေးနဲ့ သွားတွေ့ရမှာပါ။ အကူအညီတောင်းပြီး ပြောကြည့်ရမှာဘဲလေ..။ မချမ်းသာသေးတော့ ၀မ်းစာရေးအတွက် အောက်ကျခံရပါအုံးမည်..။
Artikel အမှတ်(၁၆-၂၀၁၂) ၂၄-၁-၂၀၁၂ `စီးပွားရေး ဒုက္ခထဲ မှ တောင်ငူစာပေဟောပြောပွဲသို့ လမ်းစ´ ini dipublish oleh shwelannwelanwinkyi pada hari Saturday, May 19, 2012. Semoga artikel ini dapat bermanfaat.Terimakasih atas kunjungan Anda silahkan tinggalkan komentar.sudah ada 0 komentar: di postingan အမှတ်(၁၆-၂၀၁၂) ၂၄-၁-၂၀၁၂ `စီးပွားရေး ဒုက္ခထဲ မှ တောင်ငူစာပေဟောပြောပွဲသို့ လမ်းစ´
Subscribe to:
Post Comments (Atom)

0 comments:
Post a Comment