အမှတ်စဉ်(၆) ၂၀-၁၂-၂၀၁၁ `ကျွန်တော်စာရေးပျင်းလို့ စာရေးဆရာ မဖြစ်တာပါ..´
ကိုယ့်အကြောင်း သူများအကြောင်း နှင့် ပတ်ဝန်းကျင်မှ အကြား အမြင်များ
အမှတ်စဉ်(၆) ၂၀-၁၂-၂၀၁၁ `ကျွန်တော်စာရေးပျင်းလို့ စာရေးဆရာ မဖြစ်တာပါ..´
ဟုတ်ပါတယ်။ ကိုယ့်အမှားကို ကိုယ်ဝန်ခံရရင်တော့ ချောက်မြို့က ၁၆-၁၂-၂၀၁၁ နေ့ ညနေမှာ အိမ်ကိုပြန်ရောက် ပါတယ်။ မသွားခင်က စထားခဲ့တဲ့ စာမူများကို ပြန်ရေးနေရပါတယ်။ ဒီကြားထဲ အင်တာနက်သတင်းနဲ့ နံနက်စောစော ရောက်လာတဲ့ ဂျာနယ်သတင်းများ နဲ့သာ အချိန်တွေကုန်ဆုံးခဲ့ရပါတယ်။ ကိုယ့်အရေးဖြစ်တဲ့ စရဏကျင့်စဉ်တွေလည်းပျက်။ ကိုယ်ရည်ရွယ်ထားခဲ့တဲ့ တစ်နေ့မှာ စာမျက်နှာ(၂)နှစ်မျက်နှာ မပျက်မကွက်ရေးမယ်ဆိုတဲ့ အားခဲထားတာလည်း ပျက်ကွက်ခဲ့ပါတယ်။ ဆရာမြသန်းတင့် အကြောင်းဖတ်ဘူးပါတယ်။ ဆရာမြသန်းတင့် က တစ်နေ့လျှင် သူ့လက်ရေးနဲ့ စာမျက်နှာပေါင်း (၃၀/၄၀) လောက်ကို နေ့စဉ်မပျက် စာရေးနေသူဖြစ်တယ်လို့သိရ ဖတ်ရပါတယ်။ ဒါကြောင့် ဆရာမြသန်းတင့်ဟာ လူသာသေသွားတာ ဆရာ့နာမည်ကတော့ မြန်မာပြည်သာမက တစ်ကမ္ဘာလုံးမှာပါ နာမည် ကျော်ကြား တဲ့ စာရေးဆရာကြီးဖြစ်နေတာကိုး။ ကျွန်တော်တို့က အပြန်သောပြီး အပြောသန်နေတဲ့ ဝေလေလေ အမည်ခံ စာရေးဆရာပါ။ ဟော ယခုစာရေးနေတာကို အိပ်ချင်လာပြီ..။ သစ္စာ မေတ္တာဆရာတော် ခိုင်းထားတဲ့ ဗုဒ္ဓစရဏ ကျင့်စဉ်တွေကိုလည်း တစ်ရက်ချင်း ပြတ်အောင် ပြီးအောင် မလုပ်နိုင်ခဲ့ပါ။ ကဲ ယခုလည်း ဒီနေ့ ဒိတ်တပ်ထားတာကို ဒီည အပြီးမရေးနိုင်တော့ပါ။ ဘုရားခန်းဝင်ဖို့ အကြောင်းပြပြီး အိပ်ယာဝင်ရပါတော့မည်..။ အင်း..ဒီလိုနဲ့သာ လူ့ဘ၀ သက်တန်းခပ်တိုတိုလေးမှာ ပျင်းရိခြင်းတရားနဲ့ ခပ်ခိုခိုလေးလုပ်နေရင်တော့ ဘာစာရေးဆရာမှလည်း ဖြစ်မည်မဟုတ်ပါ။ ဘာတရားမှလည်း ရမည်မဟုတ်ပါ။ ဒါကြောင့် ရှေးလူကြီးများစကားကို ပြန်လည်ကြာယောင်နေမိပါတယ်။ ဥစ္စာ၊ ပညာကို လိုချင်ရင် မပျင်းနှင့်၊ ဆိုတဲ့ စကားဟာ အလွန်မှန်ပါပေတယ်။ ဒါပေမယ့်လည်း ကျွန်တော် ဘုရားခန်းဝင်၍ အိပ်ပါတော့မယ်။ မနက်ဖြန် မှဆက်လက်ရေးမယ်လို့ အပျင်းတရားက ဆွဲခေါ်တာကို လိုက်ခဲ့ပါတယ်ခင်ဗျာ..။
တစ်နေ့ချင်း အလုပ်ကို တစ်နေ့တည်း တစ်ရက်ချင်းပြီးအောင်လုပ်ပါမည် လို့ ကိုယ့်ဘာသာ ဆုံးဖြတ်ချက်ချထားပါတယ်။ ဒါကြောင့် ယခုအိပ်ချင်နေသော်လည်း မအိပ်ရဲပါ။ သူများကို ညာတာထက် မိမိကိုယ်ကို ပြန်ပြီး ညာမိတာက အတော်အပြစ်ကြီးပါမည်။ ဘယ်သူမှ မသိလိုက်ပေမယ့် ကိုယ့်ရဲ့ ကိုယ်စောင့်နတ်ကတော့ သိနေပါတယ်။ ကိုယ်က အကြိမ်ကြိမ် အခါခါ ငါလုပ်တာဘယ်သူမှ မသိပါဘူးဆိုပြီး လိမ်ညာတတ်တဲ့ အကျင့်နဲ့ အကုသိုလ် မကောင်းမူတွေကို ခဏ ခဏပြုလုပ်နေရင် ကိုယ်စောင့်နတ်ကစပြီး ခွာသွားပါပြီ..။ အဲဒီတော့ ကိုယ်စောင့်နတ်မရှိတဲ့ အိမ်ကို မကောင်းဆိုးရွား ဒုစရိုက်မိတ်ဆွေတွေက ကိုယ့်ဆီကို အစုလိုက် အပြုံလိုက် ၀င်လာကြပါမည်။ အဲဒီတော့ စီးပွားရေး၊ လူမှုရေးတွေ ပျက်လာပါတော့မည်။ ဒါကြောင့် `မကောင်းမှုဟူသည် ဆိတ်ကွယ်ရာ´ မရှိဟု ဗုဒ္ဓရှင်တော်ဘုရားက ဟောကြား တားမြစ်ထားတာကို။ ကျွန်တော် အဘိဓမ္မာ ဆရာကြီးမဟုတ်ပါ။ ကြားဖူး နားဝရှိတာလေးကို လက်တွေ့ဘ၀နဲ့ယှဉ်ပြီး ရေးကြည့်လိုက်မိပါတယ်။ မှားရင် ပြင်ပေးကြပါနော်..။
ဒီနေ့ မနက်လင်းတာနဲ့ သူများအရေးတွေကို လိုက်ပြီး ဆောင်ရွက်နေပါတယ်။ နံနက်(၁၀) နာရီမှာ မြို့သစ်မြို့ မှ မကွေးမြို့သို့ ပြေးဆွဲတဲ့ စိုးမိုးအောင်လိုင်း ကားဂိတ်ကို သွားပါတယ်။ မကွေးမြို့မှာ ၂၀၁၁၊ ဒီဇင်ဘာလ(၂၉)ရက်နေ့ စာပေဟောပြောပွဲက စာရေးဆရာတွေကို မြို့သစ်မြို့မှာ ဒီဇင်ဘာလ(၃၀)ရက်နေ့ ပွဲဆက်ပြီး ဟောပြောနိုင်ဖို့ ကိစ္စပါ။ မန္တလေးမှ မကွေးသို့ ဆရာညိုထွန်းလူကားနဲ့ ဆရာနေ၀င်းမြင့်၊ ဆရာမခင်ခင်ထူး၊ သူတို့သုံးဦး လာမယ့်ကားစရိတ် (၂)သိန်းကို မြို့သစ်မြို့က တစ်ဝက်ကျခံမယ့် ငွေတစ်သိန်းပို့လိုက်လို့ သွားယူတာပါ။ အဲ အိမ်ပြန်ရောက်တော့ မကွေးတိုင်းဒေသကြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဌာန လက်ထောက်တိုင်းဦးစီးမှူး ဦးဝင်းခင် ဆိုတဲ့ ဧည့်သည် ရောက်လာပါတယ်။ သူက မကွေးစာပေဟောပြောပွဲ ကျင်းပရေးမှာ နာယက တစ်ဦးဖြစ်နေတော့ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ တိုင်း/ခရိုင်/မြို့နယ်များမှ ဌာနဆိုင်ရာလူကြီးများကို ဖိတ်ကြားရေးအတွက် ဖိတ်စာပေးရန် လာပြောပါတယ်။ မကွေးစာနယ်ဇင်း အတွင်းရေးမှူး ဆရာနေခြည်(မကွေး) ကိုခေါ်ပြီး လိုအပ်တာများကို ညှိနှိုင်းဆောင်ရွက် ပြောဆိုဖြစ်ကြ ပါတယ်။
ပြန်/ဆက် တိုင်းမှူးပြန်သွားတော့ ကိုနေခြည် နဲ့ ကျွန်တော် မကွေးမြို့က (ပါရမီရှင် ပရဟိတ) အဖွဲ့ဦးဆောင်သူ ဦးမောင်မောင်နဲ့ ဦးအောင်လွင်တို့ဆီကို သွားခဲ့ကြပါတယ်။ သူတို့ အဖွဲ့ကတော့ မကွေးမြို့ စာဆိုတော်နေ့ အထိမ်းအမှတ် စာပေဟောပြောပွဲဖြစ်မြောက် အောင်မြင်အောင် ပံ့ပိုးကူညီကြတဲ့ အဖွဲ့ဖြစ်ပါတယ်။ မတည် ဦးဆောင်သူ အလှူရှင်များ ဆိုလျှင် မှန်ပါမည်။ စာပေဟောပြောပွဲကလည်း ရက်က နီးကပ်လာတော့ လိုအပ်တာများကို ကြိုတင်ဆောင်ရွက်ကြဖို့ တိုင်ပင်ခဲ့ကြပါတယ်။ လိုလေသေးမရှိအောင် အသေးစိတ်ညှိနှိုင်း တိုင်ပင်လိုက်ကြတာ (၂) နာရီလောက် အချိန်ကြာသွား ပါတယ်။ နေ့လည်စာ ထမင်းကို ညနေ(၃း၃၀)နာရီမှ စားရပါတယ်။ ဒါပေမယ့် ပျော်ပါတယ်။ လူဆိုတာ ကိုယ်ဝါနာပါတာကို ထမင်းမေ့ ဟင်းမေ့ ဖြစ်ပြီး လုပ်နေကြရရင် အချိန်ကုန်သွားတာကို မသိလိုက်ကြဘူး မဟုတ်လားဗျာ..။ စိတ်က မသိလိုက်သော်လည်း ကျွန်တော့်ရဲ့ ရုပ်ကြီးကတော့ ထမင်းမဆာသော ဆာသော ၀မ်းဗိုက်ထဲမှာတော့ ဂလိုင်ခေါက်လို့ ဆူညံနေပါပြီ…။ အချစ်အတွက်ဆိုရင်သာ ထမင်းငတ်လို့ သေချင်သေသေ ထမင်းမေ့ ဟင်းမေ့ကြီးကို ချစ်တတ် ဖြစ်တတ်ကြတာနော်..။ အများအတွက် ပရဟိတလုပ်ငန်းကိုတော့ ဘယ်သူမှ ထမင်းအငတ်ခံပြီး လုပ်ကြမည်မထင်ပါ။အများ အတွက် ဆောင်ရွက်တဲ့နေရာမှာ လူတစ်ချို့က အခွင့်ထူးခံတတ်ကြပါတယ်။ VIP ဆိုတာ နေရာတကာမှာ ရှိနေတတ်ပါတယ်။ ကျွန်တော် စိတ်နဲ့ နှိုင်းပြီးပြောမိတာနော်။
အဲ ခေတ်ကြီးကိုတော့ အပြစ်ဆို၊ ကိုယ်ကို ကိုယ်ကျ အကောင်းပြော နေသလိုများ ဖြစ်သွားသလားမသိပါဘူး။ ကျွန်တော်တို့ နိုင်ငံမှာ ဒီလိုလူစားတွေများမယ် ထင်မိပါတယ်။ ကျွန်တော်လည်း အဲဒီအထဲက တစ်ဦးဖြစ်နေပါမည်။
ကျွန်တော် တရားထိုင်ရာက အပြန်မှာတော့ ဆရာ မကွေးဝင်းမြင့်နေ့စဉ်ဒါနပြုထားတဲ့ ထိုင်နေကြ၊ ဆုံနေကြ `စွဲမက်´လက်ဖက်ရည်ဆိုင်ကို ၀ိုင်းဖွဲ့ပေါင်းဆုံကြပါတယ်။ မကွေးစာနယ်ဇင်း ဥက္ကဋ္ဌ ဆရာ မကွေးဝင်းမြင့်ကို ကျွန်တော်နဲ့ ကိုနေခြည် တို့ နှစ်ယောက်က စာပေဟောပြောပွဲ နဲ့ ပတ်သက်၍ ဆောင်ရွက်ပြီးသမျှကို ပြန်လည် ပြောဆိုတင်ပြကြပါတယ်။ ဒီလိုနဲ့ ည(၇)နာရီ အိမ်ပြန်ရောက်ပါတယ်။ ဒီနေ့ ကျွန်တော့် ဈေးဆိုင်ကို မထိုင်နိုင်ပါ။ ညရောက်တော့လည်း ကျွန်တော့်ရဲ့ ယောက်ဖ ဦးလှမြင့်+ မကြည်ကြည်ဦးတို့ မိသားစု က ရန်ကုန်မှ ရောက်လာကြပါတယ်။ မကွေးမြို့ ပြည်တော်သာ တိုက်ခန်းက ကျွန်တော့် ယောက်ခမကြီး ဒေါ်အေးကို လာပြီးကန်တော့တာလို့ သိရပါတယ်။ ကိုလှမြင့်+မကြည်ကြည်ဦး သူတို့ လင်မယား နှစ်ယေက်မှာ ဘုန်းကြီးဝတ် နဲ့ မယ်သီလရှင်ဝတ်တို့နဲ့ တွေ့လိုက်ရပါတယ်။ အသက်(၆၀)ပြည့်လို့ ၀န်ထမ်းဘ၀မှ ပင်စင်ယူလိုက်လို့ ဘ၀ပြောင်းပြီး ကုသိုလ်ယူလိုက်ပါတယ် လို့ သိလိုက်ရပါတယ်။ သြော် ၀န်ထမ်းဆိုတာ အသက်(၆၀) ပြည့်လို့ ပင်စင်ယူသူတိုင်းမှာ ဟိုလိုလို ဒီလိုလို ဖြစ်တတ်ကြပါမည်။ ယခုတော့ ဦးဇင်းလှမြင့်တို့ လင်မယားကတော့ တစ်ဦးက ဘုန်းကြီး၊ တစ်ဦးက မယ်သီလရှင် ၀တ်ကြတယ်ဗျာ..အံသြ ထူးဆန်းနေပါတယ်။ ကျွန်တော်တို့ လူကြီးတွေ စကားပြောဆိုနေကြပါတယ်။ အဲဒီအချိန်မှာ ကျွန်တော်တို့နဲ့ ပါလာတဲ့ သုံးနှစ်သား မူကြိုကျောင်းသားလေး မောင်ဘုန်းနေခန့် ရဲ့ သိလိုသော မေးခွန်းစကားကြောင့် လူကြီးတွေရယ်လိုက်မိကြပါတယ်။ သူ့ စကားက
`` ဘဘ ဘဘ ဘဘက ဦးဦးလှမြင့်ကို (ဦးဇင်း- လှမြင့်လို့ )ခေါ်တယ်ဆိုရင် အန်တီ မကြည်ကြည်ဦး ကိုလည်း ( မဇင်း) ကြည်ကြည်ဦးလို့သာ ခေါ်ရမှာလား ဟင်..တဲ့´´။ မှတ်ကရော့..။
လောကကြီးမှာ တစ်ခါတစ်ခါ လူကြီးများအတွေးထက် ကလေးများ အတွေးတွေက မှန်နေတတ်ပါတယ်နော်..။
ရွှေလမ်းငွေလမ်းဝင်းကြည် (၂၁-၁၂-၂၀၁၁)
Artikel အမှတ်စဉ်(၆) ၂၀-၁၂-၂၀၁၁ `ကျွန်တော်စာရေးပျင်းလို့ စာရေးဆရာ မဖြစ်တာပါ..´ ini dipublish oleh shwelannwelanwinkyi pada hari Saturday, May 19, 2012. Semoga artikel ini dapat bermanfaat.Terimakasih atas kunjungan Anda silahkan tinggalkan komentar.sudah ada 0 komentar: di postingan အမှတ်စဉ်(၆) ၂၀-၁၂-၂၀၁၁ `ကျွန်တော်စာရေးပျင်းလို့ စာရေးဆရာ မဖြစ်တာပါ..´
Subscribe to:
Post Comments (Atom)

0 comments:
Post a Comment