၂၈-၂-၂၀၁၂ ` စာပေဟောပြောပွဲ အမိန့် မျက်နှာလိုက်တယ်´

ကိုယ့်အကြောင်း သူများအကြောင်း နှင့် ပတ်ဝန်းကျင်မှ အကြား အမြင်များ အမှတ်(၃၉-၂၀၁၂) ၂၈-၂-၂၀၁၂ ` စာပေဟောပြောပွဲ အမိန့် မျက်နှာလိုက်တယ်´ ၂၇-၂-၂၀၁၂ နေ့ နံနက်ပိုင်း ဆည်မြောင်းရုံးသို့သွားတယ်။ အပြန်မှာ ဆရာဦးကျော်စိန်အိမ်ကိုဝင်ပါတယ်။ အင်တာနက်သုံး ပါတယ်။ စာမရေးဖြစ်ခဲ့ပါ။တစ်မနက်လုံး အင်တာနက်ကြည့်တယ်။ အီးမေးလ်ပို့ပါတယ်။ ဘလော့တင်ပါတယ်။ ချင်း အမျိုးသေားနေ့ ပွဲကို တင်ပေးပါတယ်။ မန်းဂေဇက်မှာ စကိုင်းနက် အင်တာနက်ကိစ္စကို ရေးတင်လိုက်ပါတယ်။ ညနေ ဆရာကြီး မကွေးဝင်းမြင့်တို့လာကြပါတယ်။ နှင်းဦး(မင်းဘူး) စစ်ကိုင်းကိုရောက်နေပြီး မျက်လုံးခွဲရန်အတွက် အားလုံးကို ဆရာတော်ဦးကောဝိဒ မှ တာဝန်ယူကြောင်း ဖုန်းသတင်းပြောပါတယ်။ (၂၈-၂-၂၀၁၂)နေ့ နေ့လယ်ပိုင်းမှာ မကွေးတိုင်းဒေသကြီး ပြန်/ဆက်မှ ဦးစီးမှူး ရောက်လာပါတယ်။ မကွေးတိုင်းဒေသကြီး လွှတ်တော်သတင်းယူဖို့ ကိစ္စမေးပါတယ်။ သတင်းယူခွင့်မပြုပါ။ သတင်းရေးဖို့လည်း သူက မကူညီနိုင်ပါ။ဒုတိယနေ့ မကွေးတိုင်းဒေသကြီး တတိယနေ့ပါ။ နံနက်ပိုင်း ဂျာနယ်သတင်းဖတ်နေစဉ် မြန်မာပို့စ်သတင်း ဂျာနယ်မှာ မကွေးတိုင်းဒေသကြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်စိုးရဲ့ ဓာတ်ပုံနဲ့ အတူ ဆိပ်ဖြူမြို့က မြေယာမှုကိစ္စ သတင်းများပါလာပါ တယ်။ တ.စ.ည ပါတီမှာ သူ့ဆီကို သွားပေးပါတယ်။ ဒါပေမယ့် သူက ချင်းရေးရာဝန်ကြီး ဦးဆလိုင်လှထွန်း မှ မြန်မာပို့စ်ဂျာနယ်ကိုဝယ်ပြီး ပြသနေပါပြီ။ ဦးဆလိုင်းလှထွန်းတို့ ချင်းအမျိုးသားနေ့ ကျင်းပတဲ့ သတင်းလည်း ပါနေတာကို သိရပါတယ်။ အဲဒီ သတင်းများကိစ္စကို ဦးဝင်းခင်(တိုင်း ပြန်/ဆက်တိုင်းမှူး)ကို ပြောပြပါတယ်။ ဦးဝင်းခင် ကို ချောက်မြို့နယ်၊နတ်စဉ်ကန်ကျေးရွာ စာကြည့်တိုက်ဖွင့်ပွဲမှာ ဟောပြောဖို့ စာပေဟောပြောပွဲ ပွဲမိန့်ရပြီးလား မေးကြည့်ပါတယ်။ မရသေးကြောင်းသိရပါတယ်။ ခေါင်းဆောင်ပြီး ဟောပြောမယ့် စာရေးဆရာက ဆရာချစ်နိုင်( စိတ်ပညာ) ပြန်/ဆက် ညွှန်ကြားရေးမှူး (အငြိမ်းစား) ဖြစ်ပါတယ်။ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ်အား သွား၍ မမေးရဲကြောင်း ရင်ဖွင့်ပါတယ်။ မလွယ်သေးကြောင်း သိရပါတယ်။ ဒါနဲ့ ချောက်မြို့ ပြန်/ဆက်မြို့နယ်မှူး ဦးသန့်ရှင်းမောင်ထံ ဖုန်းခေါ်ပါတယ်။ မတွေ့ပါ။ ညနေ ဖုန်းပြန်ခေါ်ဆိုရန် ချိန်းလိုက်ပါတယ်။ ညနေပိုင်းမှာ သူ့ဆီက ဖုန်းပြန်ဆက်လာပါတယ်။ ချောက်မြို့နယ်၊ နတ်စဉ်ကန်ကျေးရွာ စာကြည့်တိုက်ဖွင့်ပွဲ အတွက် (၃-၃-၂၀၁၂)နေ့မှာ စာပေဟောပြောပွဲ ပွဲမိန့်ရပြီး ဖြစ်ကြောင်း သိရပါတယ်။ ဟောပြောကြမယ့် စာရေးဆရာများမှာ ဆရာချစ်နိုင်(စိတ်ပညာ)၊ ရေနံ့သာဝင်းမောင်၊ ကဗျာဆရာ သူရဇော် တို့ဟု ကြားသိရပါတယ်။ ဒါကြောင့် မကွေးမှ စာရေးဆရာ ကျွန်တော်တို့(၃)ဦးကို လိုရမယ်ရ (၄-၃-၂၀၁၂)နေ့ စာကြည့်တိုက်ဖွင့်ပွဲ ဖိတ်စာ ရန်ထားတဲ့ အနေနဲ့ ပို့ထားတာကို သိလိုက်ရပါတယ်။ (၃-၃-၂၀၁၂) နေ့ မကွေးတိုင်းဒေသကြီး ၀န်ကြီးချုပ်က စာပေဟောပြောပွဲ ပွဲမိန့်မရခဲ့ရင် မကွေးမြို့က စာရေးဆရာ(၃) ဦးဖြစ်ကြတဲ့ ဆရာတင်လင်းဇော်၊ ဆရာနေခြည်(မကွေး) နဲ့ ကျွန်တော်တို့ကို ဖိတ်ပြီး အပိုရန်ထားမှန်း ကြားသိလိုက်ရပါတယ်။ ကိုနေခြည် ကို ပြန်ပြောပြပါတယ်။ သူလည်း တော်တော်လေး အောင့်သွားပါတယ်။ ချောက်မြို့က ပြန်/ဆက် မြို့နယ်မှူးဦးသန့်ရှင်းမောင် ရဲ့ ရိုက်ချက်ပြင်းပုံကို သိလိုက်ရပါတယ်။ ဆရာ တင်လင်းဇော် ကိုတော့ မပြောရသေးပါ။ ကျွန်တော်နဲ့ ကိုနေခြည် အဲဒီ စာကြည့်တိုက်ဖွင့်ပွဲကို မသွားရန် ဆုံးဖြတ်လိုက်ကြပါတယ်။ ၂-၃-၂၀၁၂ နေ့ တောင်သူလယ်သမားနေ့မှာ မကွေးမြို့နယ်စာပေနှင့်စာနယ်ဇင်းအဖွဲ့ က အဖွဲ့ဝင်များကို ရွှေစက်တော်ဘုရားဖူးပို့ပေးရန် စီးစဉ်ထားပါတယ်။ တစ်ညအိပ်ပြီး ၃-၃-၂၀၁၂ နေ့ ညနေမှ မကွေးမြို့ကို ပြန်ရောက်ကြပါ့ မယ်။ ဒါကြောင့် ချောက်မြို့နယ် နတ်စဉ်ကန်စာကြည့်တိုက် ဖွင့်ပွဲကို မလိုက်ဖြစ်တာ သေချာသွားပါတယ်။ သူတို့ စာကြည့်တိုက်ဖွင့်ပွဲသို့ ၃-၃-၂၀၁၂ နေ့ နံနက် အရောက် မကွေးမှ ထွက်ကြရပါမည်။ အဲဒီည စာရေးဆရာ ချစ်နိုင်(စိတ်ပညာ) ရေနံ့သာဝင်းမောင်၊ ဆရာသူရဇော် တို့က စာပေဟောပြောပွဲ ကျင်းပခဲ့ကြပါတယ်။ နောက်တနေ့ ၄-၃-၂၀၁၂ နေ့မှ စာကြည့်တိုက်ကို အဲဒီဆရာတွေနဲ့ ဖွင့်လှစ်ပေးခဲ့ကြပါတယ်။ ကျွန်တော်တို့ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဟာ စာပေဟောပြောပွဲ ပွဲမိန့်များအား မတရားတားဆီး ပိတ်ပင့်ထားသူဖြစ်ပါတယ်။ နိုင်ငံခြား သတင်းဌာနများမှာ ကာတွန်းဆရာ အော်ပီကျယ်ရဲ့ အင်တာဗျူး များမှာလည်း ဖော်ပြထားပြီး ဖြစ်ပါတယ်။ ၂၃-၃-၂၀၁၂ နေ့ထုတ် ပြည်သူ့ခေတ်ဂျာနယ် အတွဲ(၁) မှတ်(၈၃) မှာ ဒေါက်တာထွန်းလွင် ရေးသားတဲ့ မင်းတုံးမြို့နယ် မဲဇလီကျေးရွာ စာကြည့်တိုက်(၄)နှစ်မြောက်နေ့အထိမ်းအမှတ် စာပေဟောပြောပွဲကြီးကို ဟောပြောခါနီး မိနစ်အနည်းငယ်အလို မှာ မကွေးတိုင်းဝန်ကြီးချုပ်ရုံးက ပွဲမိန့် မရ၊ မပေးပါ ဟု အမိန့်စာနဲ့ ပိတ်ပင့်တားဆီး ခံခဲ့ရကြောင်းကို ရသမြောက်စွာ ရေးသားထားပါတယ်။ မြန်မာတစ်ပြည်လုံးအတွင်းမှ အခြားတိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ စာပေဟောပြောခွင့် စာပေလွတ်လပ်ခွင့် သတင်းမီဒီယာ လွတ်လပ်ခွင့်များ ဖေါဖေါသီသီ ပေးနေကြပါတယ်။ အလှူ မင်္ဂလာ ကထိန်ပွဲ မွေးနေ့ပွဲ အထိမ်းအမှတ်ပွဲ စာဖတ်ရှိန်မြှင့်တင်ရေး စာကြည့်တိုက်ဖွင့်ပွဲ စာအုပ်ဈေးရောင်းပွဲတော် စတဲ့ ခေါင်းစဉ်များနဲ့ စာပေဟောပွဲများ (၁) ည မှ (၅) ည (၆)ည အထိ ခွင့်ပြုပေးနေကြပါတယ်။ ဥပမာ ပြရရင် မော်လမြိုင်၊ တောင်ငူ စတဲ့ မြို့တွေမှာ ကျင်းပခဲ့ကြပါတယ်။ မကွေးတိုင်းဒေသကြီးအတွင်းမှာ သရက်မြို့၊ မင်းတုံးမြို့၊ အောင်လံမြို့၊ ရေနံချောင်းမြို့၊ မြို့သစ်မြို့နဲ့ အခြားမြို့တွေမှာ စာပေဟောပြောခွင့်ရရှိနိုင်ရန်လျှောက်ထားပြီး လိုအပ်တာများကို အထက်မှအောင်သို့ ပြန်လည်ချပေးတိုင်း အကြိမ်ကြိမ်ပြန်တင်ပေးခဲ့သော်လည်း လုံးဝ ခွင့်မပြုခဲ့ပါ။ ဒါကြောင့် ဂန့်ဂေါမြို့နယ်၊ ထီလင်းမြို့နယ်များနဲ့ မကွေးမြို့နယ် ရွာတစ်ရွာများတွင် ပွဲမိန့်မရလို့ မသိလိုက်ဘာသာ တိတ်တိတ်ပုန်းကျင်းပသွား ခဲ့ရကြောင်း ကြားသိရပါတယ်။ မြန်မာပြည်မှာ အထင်ကရစာကြည့်တိုက်ဖြစ်တဲ့ ပခုက္ကူဦးအုံးဖေ စာကြည့်တိုက် စာအုပ်ပြပွဲ နဲ့ စာပေဟောပြောပွဲကလည်း ပွဲမိန့်မတောင်းခံဘဲ ကျင်းပခဲ့ကြပါတယ်။စာပေဟောပြောခွင့် ပွဲမိန့်မတောင်းခံဘဲ ကျင်းပခြင်းများ ကို ၀န်ကြီးချုပ်က နိုင်အောင် မထိမ်းချုပ်နိုင်ဘဲ လေးလေးစားစားဖြင့် ပွဲမိန့်တင်ပေးထားတဲ့ စာပေဟောပြောပွဲ များကိုတော့ တစ်ချက်လွတ်အမိန့်နဲ့ အာဏာရှင်ဆန်ဆန် ပိတ်ပင့်တားဆီးထားခဲ့ပါတယ်။ မကွေးတိုင်းဝန်ကြီးချုပ်က အကြောက်တရား ကြီးစိုးတာလား လက်ကျန် အာဏာရှင်ဆန်နေတာလား မသိပါ။ ယခု ၂၀၁၂ ခုနှစ်ထဲက (၁၀) တန်းစာမေးပွဲ ဖြေဆိုလို့ မပြီးမချင်း နဲ့ ၂၀၁၂ ခု ကြားဖြတ်ရွေးချယ်ပွဲ ဧပြီ(၁)ရက်နေ့ မတိုင်မှီ အချိန်အတွင်းမှာ ဘယ်လိုစာပေဟောပြောပွဲများကိုမျှ ခွင့်ပြုပေးမည် မဟုတ်ဟု အမိန့်ချထားကြောင်း ကြားသိနေရပါတယ်။ ဒါပေမယ့် ၂၀၁၂ ခု၊ မတ်လ(၃)ရက်နေ့ မှာ ချောက်မြို့နယ်၊ နတ်စင်ကန်ကျေးရွာတွင် စာရေးဆရာ ချစ်နိုင်(စိတ်ပညာ) ဗိုလ်မှူးကြီးချစ်နိုင်(ငြိမ်း) ယခင် ပြန်ကြားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်- (အငြိမ်းစား) ဦးဆောင်ပြီး စာရေးဆရာ(၂)ဦးနဲ့ သူတို့ သုံးဦးအား စာပေဟောပြောခွင့်ပြု ပေးလိုက်ပါသတဲ့ ခင်ဗျာ..။ ယခုတော့ကွယ် မကွေးတိုင်း ဒေသကြီးဝန်ကြီးချုပ်က အပြောတစ်မျိုး အလုပ်တစ်မျိုးကြီးများ ဖြစ်နေသလားလို့ပါနော်..။ စည်းကမ်းပြည့်ဝ၍ ခေတ်မီတိုးတက်သော ဒီမိုကရေစီနိုင်ငံတော်သစ်ထူထောင်နေချိန်ကာလ မှာ ဥပဒေအထက်တွင် မည်သူမျှမရှိစေရ၊ ပြည်သူ့အသံ လွှတ်တော်အသံ၊ ပြည်သူ့ဆန္ဒ လွှတ်တော်ဆန္ဒ၊ ပြည်သူများရဲ့မျှော်မှန်းချက် လွှတ်တော်မှ အမြန် ဖော်ဆော်ရွက်ကြမည်..လို့ ကြွေးကြော်ထားကြတယ်မဟုတ်ပါလားခင်ဗျာ..။

Penulis : shwelannwelanwinkyi ~ Sebuah blog yang menyediakan berbagai macam informasi

Artikel ၂၈-၂-၂၀၁၂ ` စာပေဟောပြောပွဲ အမိန့် မျက်နှာလိုက်တယ်´ ini dipublish oleh shwelannwelanwinkyi pada hari Sunday, May 20, 2012. Semoga artikel ini dapat bermanfaat.Terimakasih atas kunjungan Anda silahkan tinggalkan komentar.sudah ada 0 komentar: di postingan ၂၈-၂-၂၀၁၂ ` စာပေဟောပြောပွဲ အမိန့် မျက်နှာလိုက်တယ်´
 

0 comments: