၃၀-၃-၂၀၁၂ `ရွေးကောက်ပွဲ သတင်း နှင့် ရှေးဟောင်းစလွယ်သတင်းလိုက်´

ကိုယ့်အကြောင်း သူများအကြောင်း နှင့် ပတ်ဝန်းကျင်မှ အကြား အမြင်များ အမှတ်(၆၉-၂၀၁၂) ၃၀-၃-၂၀၁၂ `ရွေးကောက်ပွဲ သတင်း နှင့် ရှေးဟောင်းစလွယ်သတင်းလိုက်´ နံနက်ပိုင်း ယဉ်ကျေးလိမ္မာသင်တန်းသွားတယ်။ နံနက်(၉း၃၀) အိမ်ပြန်ရောက်တယ်။ ဂျာနယ်များ ဖတ်တယ်။ မကွေးမြို့နယ် ရွေးကောက်ပွဲသတင်းရေးဖြစ်တယ်။ ဒီနေ့ ထူးထူးခြားခြား ယဉ်ကျေးလိမ္မာသင်တန်းကို မကွေးမြင့်သန်း ရောက်လာမယ်။ သူဝေတဲ့ ကဗျာလက်ကမ်းစာရွက်ပေးတယ်။ ဒါပေမယ့် ကျွန်တော်နဲ့ ကိုနေခြည်တို့က သူကို လုံးဝစကား မပြောပါ။ ဘာကြောင့်လည်းဆိုတော့ သူက စာနယ်ဇင်းအဖွဲ့နဲ့ ကျွန်တော်တို့အပေါ် အဆိုးမြင်ပြီး ကွယ်ရာမှာ ပျက်စီးအောင် ဖြိုးခွဲနေသူ ဖြစ်လို့ပါ။ သူ့ကို ဟန်ဆောင်ပြီး စကားပြောချင်စိတ်လည်း လုံးဝ မရှိတော့ပါ။ ဒီနေ့မှ ယဉ်ကျေးလိမ္မာသင်တန်းမှာ ကျွန်တော်ပြောဖို့ စီစဉ်လာတာက အာဃာတ၀ထ္ထု(၁၀)ပါး ဖြစ်နေပါတယ်။ ယနေ့ ကျွန်တော်ဈေးဆိုင်မှာ ဈေးထိုင်ရောင်းရင်း တရေးအိပ်ပျော်သွားတယ်။ ဆီဈေး မေးသူ နှစ်ဦးက ကျွန်တော်ကိုနိုးရပါတယ်။ အဲလို အိပ်ချင်စိတ် တစ်ခါမှ မဖြစ်ဘူးပါ။ ဓာတ်ဆားရည် ဆူဆေးပြားတွေ သောက်လို့လား မသိပါ။ သတင်းရေးရင်း မကွေးမြို့နယ်အတွင်းမှ ရပ်ကွက်၊ ကျေးရွာအုပ်စု၊ ကျေးရွာစာရင်းများ လိုအပ်နေလို့ အချက်အလက်များရှာဖို့ ပြန်/ဆက်ရုံးကို ထွက်လာရတယ်။ ဆရာဦးဝင်းခင် ကို မတွေ့ပါ။ အဲဒီကနေ ဆိုင်ကယ်ဓာတ်ဆီထည့်ဖို့ မြို့ပြင်ကဆိုင်တွေထိသွားထည့်တယ်။ အပြန်မှာ မကွေးတိုင်းဒေသကြီး ယဉ်ကျေးမှုဌာနရုံးသို့ဝင်တယ်။ ပထနဂို ဘက်က ဧရာဝတီမြစ်ကူးတံတားမှာ ရွှေစလွယ်ဆွဲကြိုး နှစ်ကုန်းတွေ့ကြောင်း သတင်းကိုမေးပါတယ်။ ယခုလောလောဆယ် တွေ့တာမဟုတ်ကြောင်း၊ မနှစ်က တွေ့ခဲ့တာပါ..လို့ ယဉ်ကျေးမှုရုံးမှ ကိုအောင်သူဟိန်းကဖြေပါတယ်။ သူတို့ရုံး ဖုန်းနံပါတ်ပေးလိုက်ပါတယ်။ ၀၆၃-၂၈၉၉၃ ပါ။ ည သတင်းများကို ဆက်ရေးပါတယ်။ အွန်လိုင်းမှာ ကိုမြင့်ဇော်ဦးနဲ့ တွေ့ရပါတယ်။ သူက မကွေးကနေ ရန်ကုန်မြို့သို့ ပန်းပညာရှင်များ ဖွဲ့စည်းရေးအတွက် ရောက်နေတာပါ။ သူ့ကို ကျွန်တော်စာမူခတွေ ထုတ်ဖို့ကိစ္စကို အကူအညီတောင်းပါတယ်။ ထုတ်ပေးမယ်ဆိုလို့ ကိုယ်စားလှယ်လွှဲစာကို ချက်ချင်း အီးမေးလ်နဲ့ ပို့လိုက်ပါတယ်။ မြန်မာပို့ သတင်းဂျာနယ်နဲ့ လျှပ်တစ်ပြက်၊ မော်နီတာဂျာနယ်များမှ စာမူခများ ထုတ်ယူဖို့ ဖြစ်ပါတယ်။ ထုတ်ယူလာမယ်လို့ ပြောပါတယ်။

Penulis : shwelannwelanwinkyi ~ Sebuah blog yang menyediakan berbagai macam informasi

 

0 comments: