၂၁-၄-၂၀၁၂ `စာရေးဆရာ မကွေးညိုစိမ့်၏ အလှူတော်သို့ သွားကြသည်။´

ကိုယ့်အကြောင်း သူများအကြောင်း နှင့် ပတ်ဝန်းကျင်မှ အကြား အမြင်များ အမှတ်(၉၁-၄-၂၀၁၂) ၂၁-၄-၂၀၁၂ `စာရေးဆရာ မကွေးညိုစိမ့်၏ အလှူတော်သို့ သွားကြသည်။´ မနေ့က နံနက်ပိုင်းမှာ ပန်းချီဆရာမြင့်ဇော်ဦးက ဖုန်းဆက်ခေါ်ပါတယ်။ အထက(၁)လမ်း ကန်သာရပ်ကွက်ထဲမှ ကျော်ဆန်းသူ လက်ဖက်ရည်ဆိုင်သို့သွားတယ်။ သတင်းစာပညာရှင် ဆရာဦးရဲနိုင်မိုးနဲ့ တွေ့ဆုံကြပါတယ်။ ဆရာဦးရဲနိုင်မိုးက ယခုလ(၂၅-၂၆-၂၇) သုံရက် ရန်ကုန်မှာ သင်တန်းပို့ချမယ့် မြေယာမူခင်းသတင်းများ သင်တန်းကို တက်ရောက်နိုင်မလား မေးပါတယ်။ ကျွန်တော်လည်း တက်ရောက်ပါမည်။ တည်းခိုးစရာအိမ်လည်း ရှိကြောင်းပြောလိုက်ပါတယ်။ သင်တန်းက ဟော်တယ်တစ်ခုမှာ ကျင်းပပြီး သင်တန်းသား(၁၅)ဦးသာ ကန့်သတ်ထားကြောင်း ကုမ္ပဏီတစ်ခုမှ စပွန်ဆာပေးမည်ဖြစ် ကြောင်း၊ သင်တန်းသားများပါ တစ်နေရာတည်းမှာ တည်းခိုနေထိုင် ဧည့်ခံကျွေးမွေးမည် ဖြစ်ကြောင်း ပြောပြပါတယ်။ သူ ရန်ကုန်ရောက်တာနဲ့ သင်တန်းသား တစ်ယောက်အတွက် စာရင်းပေးလို့ရသေးရင်း ဖုန်းဆက်ပြီး ခေါ်မည်ဟု ပြောဆိုသွားပါတယ်။ နောက် သတင်းစာပညာအကြောင်း နဲ့ မြန်မာနိုင်ငံသတင်းစာဆရာများအသင်း အကြောင်း၊ သတင်းစာဆရာများ သမ္မဂ အကြောင်းတွေကို ယှဉ်ပြပြောဆိုသွားပါတယ်။ သတင်းသမား၊ စာရေးဆရာများကို ယခင်ကလိုသာ ပြန်ကြားရေးဝန်ကြီးဌာန၏ လောင်ရိပ်အောင်မှာ ထားပြီး နာမည်အမျိုးမျိုးဘယ်လိုပင်ပြောင်းပြောင်း ထူးခြားလာမည်မဟုတ်ဟုလည်း ဆရာဦးရဲနိုင်မိုးက မှတ်ချက်ပေးသွားပါတယ်။ အဲဒီစကားဝိုင်းမှာ ဆရာဦးရဲနိုင်မိုး၊ သူ့သူငယ်ချင်း ကိုဇော်ဝင်း၊ ကိုမြင့်ဇော်ဦး၊ ကိုဇော်မင်းကြည်၊ သတင်းထောက် ကိုအောင်သူငြိမ်း တို့နဲ့ ၀ိုင်ဖွဲ့ဖြစ်ကြပါတယ်။ အဲဒီနေ့က တစ်မနက်လုံး ဆရာဦးရဲနိုင်မိုးနဲ့ စကားပြောကြပါတယ်။ နေ့လည်ပိုင်း အိမ်ပြန်လာတော့ ပြန်ဆက်တိုင်းမှူး ဦးဝင်းခင်ရောက်လာပါတယ်။ အရှင်ဂမ္မီရ သတင်းလာမေးခြင်း ဖြစ်ပါတယ်။ ရေးသားပေးပို့ထားကြောင်း ပြန်ဖြေခဲ့ပါတယ်။ ည နိုင်ငံခြားရေဒီယို ဌာနများက အရှင်ဂမ္မီရ လူထွက်တဲ့ သတင်းပါလာပါတယ်။ ကျွန်တော့်ဆီကို မိုးလင်းတာနဲ့ လာလာပြီး သူများအတင်းများကို ဖောက်သည်ချလာတဲ့ သတင်းထောက် ကာကူး(ခ) စောလှနွယ်(ခ) စောရန်နိုင်(ခ) သီဟဘုန်းမိုရ် ဆိုသူ လုံးဝမလာတော့ပါ။ လာရင်လည်း မလာပါနဲ့တော့လို့ တားရပါမည်။ ဟိုလူအကြောင်း သူများမကောင်းကြောင်းများကို အမြဲပြောဆိုတတ်လွန်းလို့ ကျွန်တော်လည်း စိတ်ပျက်နေရပါတယ်။ အပြင်ကြပြန်တော့လည်း ကျွန်တော်မကောင်းကြောင်း၊ ကျွန်တော်က အစိုးရမကောင်းကြောင်းတွေကို ရေးသားလို့၊ တိုင်စာရောက်ပြီး၊ ကျွန်တော့်ကို အရေးမယူအောင် အတွင်းရေးမှူး၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ထံသို့ သူကိုယ်တိုင်သွားပြီး တောင်းပန်ပြောဆို ကယ်တင်ထားရကြောင်း စာရေးဆရာ မြန်မာပြည်ဆရာဟိန်းကို ပြောပြတယ်လို့လည်း ကြားသိခဲ့ရပါတယ်။ အဲသည်နေ့က အတွင်းရေးမှူးတွေ့ဖို့နေနေသာသာ ရုံးထဲမှ ထမင်းဆိုင်ကို အကြွေးစာရင်းဖွင့်စားသွားကြောင်း အဲဒီရုံးက စာရေးဆရာကိုမျိုးဇော် မှ အာမခံလိုက်ရကြောင်း ပြန်ပြောပြလို့ ကြားသိရပြန်ပါတယ်။ ဒါကြောင့် စကားတွေကို ကြွားလုံး ၀ါလုံးများတတ်တဲ့ ဒီသတင်းထောက် ကာကူး(ကုလား) မလာတာ တော်တော် ကောင်းသွားတယ်။ အမှိုက်တစ်ခု ရှင်းသွားတယ်လို့ သဘောထားလိုက်ပါတယ်။ ယနေ့နံနက်(၉း၃၀) နာရီမှာ စာရေးဆရာ မကွေးညိုစိမ့်ရဲ့ မြေးများ ရှင်ပြုအလှူတော်ကို သွားကြပါတယ်။ ကိုနေခြည်၊ ကိုလွမ်းရ၊ ကိုမျိုးဇော်+ မနော်လီကို တို့ ပါကြတယ်။ ဆရာကြီး မကွေးဝင်းမြင့်ကို ၀င်ခေါ်တော့ အလှူမှ ပြန်လာကြောင်း သိရပါတယ်။ ဆရာဦးဝင်းမြင့် အိမ်ကို အလှူဖိတ်စာရောက်နေလို့ ညကလည်း ဖုန်းဆက်အကြောင်းကြားတယ်။ နံနက်လင်းတော့လည်း ဆရာကတော်ထံ ဖုန်းဆက်ပြီး အကြောင်းကြားထားပါတယ်။ ဒါပေမယ့် ဆရာဦးဝင်းမြင့် အိမ်က ဘယ်သူမှ ပြန်မပြောကြောင်း ကိုသိလိုက်ရပါတယ်။ ဆရာကြီးကို လူအိုတော့ မလေးမခန့်ထားကြတာလား၊ အပြင်က စာရေးဆရာတွေရဲ့ ဖုန်းဆိုတော့ ဂရုစိုက်စရာ လေးစားစရာ မလိုတာလား မပြောတတ်ပါ။ နောင်ကို သင်ခန်းစာ ယူထားရပါမည်။ စာရေးဆရာ မကွေးညိုစိမ့် အလှူက မကွေးမြို့၊ မြို့ဟောင်းရပ်၊ ဘိုကုန်းကျောင်းမှာ လုပ်တာပါ။ အလှူထမင်းဖြစ်တဲ့ ငါးခြောက်ကြော်၊ ငါးရုပ်သီးကြော်၊ သရက်ချဉ်သုပ်၊ ကုလားပဲဟင်းချို နဲ့ စားကြရပါတယ်။ အလှူထမင်းနဲ့ ဝေးခဲ့တာ နှစ်ပေါင်းတော်တော်ကြာခဲ့ပါပြီ။ အားရ ပါးရ အ၀စားကြပါတယ်။ ဆရာ မကွေးညိုစိမ့်အား သိမ်ထွက်မှာ ထမလာနိုင်လို့ သိမ်ထွက်လောင်းလှူငွေ (၃၀၀၀ိ) ကျပ်ကို ဆရာတော်ထံ ကပ်လိုက်ပါတယ်။ ထမင်းစားပြီး အလှူပွဲ တရားနာကြပါတယ်။ တရားနာရင်း နောက်က လိုက်လာကြမယ့် ဆရာတင်လင်းဇော်+ ဆရာမ ရွှေယင်းမြေ ခင်စံပယ်ဖြူတို့ကိုလည်း စောင့်ပါတယ်။ စာရေးဆရာ မကွေးညိုစိမ့်ရဲ့ ဇနီး ဆရာမ ဒေါ်အမာစိန် မှာ ကွယ်လွန်ခဲ့တာ (၁၅)ရက်သာ ရှိပါသေးတယ်။ ဒါကြောင့် ဒီအလှူတရားပွဲမှာ သားတွေ သမီးတွေခမျာ မျက်ရည်တွေကိုယ်စီးသုတ်နေကြပါ တယ်။ ဒီအလှူပွဲကို မတည်ပြီး လှူဒါန်းသူကတော့ ဆရာမကွေးညိုစိမ့်+ဆရာမ ဒေါ်အမာစိန် တို့ကို လုပ်ကိုင်ကျွေးမွေးနေတဲ့ အဆိုတော်၊ ရုပ်ရှင်၊ ဗွီဒီယို သရုပ်ဆောင် မင်းသမီး ပန်ဆုပြည့်ကျော် ဖြစ်ကြောင်းကြားသိရပါတယ်။ မင်းသမီးလေးလည်း ကွယ်လွန်သွားတဲ့ သူ့မိခင်ကို အမှတ်ရပြီး မျက်ရည်တွေကျနေတာကို မြင်ခဲ့ရပါတယ်။ စိတ်မကောင်းစရာ အလှူပွဲပါ။ တရားနာပြီးလို့ အထွက်မှာ နောက်ကလိုက်လာကြတဲ့ ဆရာတင်လင်းဇော်+ဆရာမ ရွှေယင်းမြေ ခင်စံပယ်ဖြူ တို့ နှစ်ဦး ရောက်လာပါတယ်။ ဘုန်းကြီးကျောင်းထဲ မ၀င်ခိုင်းတော့ဘဲ သူတို့ကို လက်တို့ပြီး ပြန်ခေါ်လာခဲ့ပါတယ်။ ယနေ့ရာသီဥတု ကလည်း တော်တော်ကို ပူနေပါတယ်။ ဆိုင်ရောက် ခဏနားပြီး ရေချိုးပါတယ်။ အင်တာနက်(၂)နာရီကြည့်လိုက်မိပါတယ်။ အရှင်ဂမ္မီရနဲ့ ဒီဗွီဘီမှ တွေ့ဆုံမေးမြန်းခန်းအသံဖိုင်ကို ဒေါင်းလုပ်ဆွဲယူပါတယ်။ အရှင်ဂမ္မီရ လူထွက်တဲ့သတင်းက ကျွန်တော်ဂျာနယ်မှာ သတင်းထားတာလောက် မစုံပါ။ တော်ပါသေးတယ်။ အင်တာနက်(၂)နာရီကြည့်ပြီး နေ့စဉ်ရေးနေကြ ဒီစာကို ဆက်ရေးသားနေပါတယ်။

Penulis : shwelannwelanwinkyi ~ Sebuah blog yang menyediakan berbagai macam informasi

 

0 comments: