၅-၅-၂၀၁၂ `မီးသတ်တပ်ဖွဲ့နေ့ စွမ်းရည်ပြပွဲ´

ကိုယ့်အကြောင်း သူများအကြောင်း နှင့် ပတ်ဝန်းကျင်မှ အကြား အမြင်များ အမှတ်(၁၀၅-၅-၂၀၁၂) ၅-၅-၂၀၁၂ `မီးသတ်တပ်ဖွဲ့နေ့ စွမ်းရည်ပြပွဲ´ နံနက်စောစောအိပ်ယာထတယ်။ ဈေးဆိုင်ဖွင့်ပြီး သတင်းထောက် စောလှနွယ်(ခ) ဗိုလ်ကာကူး ရောက်လာတယ်။ ယနေ့မီးသတ်တပ်ဖွဲ့နေ့ ဘောလုံးကွင်းထဲမှာ စွမ်းရည်ပြပွဲနှင့် အခမ်းအနားကျင်းပမည်။ အဲဒီကိုသွားရန် စောလှနွယ်လာခေါ် တာပါ။ ကိုယ်ကတော့ ဖိတ်ကြားထားခြင်း မရှိလို့ သိပ်စိတ်မပါဘူး။ ဒါပေမယ့် အားနာလို့ လိုက်သွားပါတယ်။ သွားပြန်တော့လည်း ကိုယ့်တာဝန်ကျေပွန်အောင် သတင်းဓာတ်ပုံများ အဆက်မပြတ်ရိုက်ယူခဲ့ပါတယ်။ သတင်းရေးဖို့တော့ စိတ်မပါဘူး။ ဘာကြောင့်လည်းဆိုတော့ မကွေးတိုင်းဒေသကြီး မီးသတ်တိုင်းမှူးဦးတင်မင်းကို ကျွန်တော်တို့ ဖုန်းနံပတ်တွေ ပေးထားတာပါ။ သူက သတင်းမီဒီယာကို တစ်ကယ်အားကိုးချင်ရင် ဖုန်းဆက်ပြီး ခေါ်လိုက်ရင် ကျွန်တော်တို့ သွားဖို့ အဆင်သင့်ပါ။ ယခုတော့ မီဒီယာသမားကို ဂရုမစိုက်တဲ့ သဘောဖြစ်နေပါတယ်။ ဒါကြောင့် သတင်းဓာတ်ပုံရိုက်ပြီး ချက်ချင်းပြန်လာပါတယ်။ အိမ်မှာ တိုင်းပြန်ဆက်တိုင်းမှူး ဦးဝင်းခင် ရောက်နေပါတယ်။ မနေ့က သတင်းတောင်းထားတဲ့ မကွေးခရိုင်အတွင်းမှ မြို့နယ်တွေမှာ မြန်မာနိုင်ငံ စာရေးဆရာများအသင်း ဖွဲ့စည်းခြင်း သတင်းတွေ ရကြောင်းလာပြောပါ တယ်။ ဟုတ်ကဲ့ လာယူပါ့မယ်ပြောလိုက်ပါတယ်။ ဒါပေမယ့် ဒီနေ့တစ်နေကုန် စာထိုင်ရေးနေရပါတယ်။ မကွေးမြို့ နေ့စဉ်သံဃဒါနဆွမ်းလောင်းအသင်း ဆောင်းပါးနဲ့ ယဉ်ကျေးလိမ္မာသင်တန်းများ သတင်း များကို ရေးနေခြင်း ဖြစ်ပါတယ်။ တနင်္ဂနွေနေ့မှာ ဆရာတင်လင်းဇော်က ဒီစာမူတွေကို တောင်းထားပါတယ်။ ကိုယ်ကလည်း ဂတိပေးထားတော့ အမြန်ပြီးအောင် ကျိုးစားပြီး ရေးသားလိုက်ရပါတယ်။ ညနေ(၅)နာရီလောက် ကိုနေခြည် ရောက်လာမှ အပြီးသတ်သွားပါ တယ်။ ပရင့်ထုတ်ဖို့ကိစ္စ က ပရင်တာက မသုံးတာက ကြာနေတော့ ဆေးများ ပြန်ဖြည့်ရမယ်။ သန့််ရှင်းရေးလုပ်ရမှာ ဆိုတော့ ယနေ့ စာမူများကို ပရင့်မထုတ်နိုင်ပါ။ မနက်ဖြန်နံနက်ပိုင်းမှ ထုတ်ရပါမည်။ `မဟာဓမ္မိကရာမ(မြောက်)စာသင်တိုက်၏ ထာဝရကုသိုလ်တော် နေ့စဉ်သံဃဒါနဆွမ်းလောင်းအသင်းကြီး´ မကွေးမြို့ နေ့စဉ်သံဃဒါနဆွမ်းလောင်းအသင်းကြီးအား မဟာဓမ္မိကရာမ(မြောက်)စာသင်တိုက်၊ ပညာသုခကျောင်း မှ ဘ၀နတ်ထံ ပျံလွန်တော်မူ သွားခဲ့သော ကျောင်းထိုင်ဆရာတော်ဘုရားကြီး ဘဒ္ဒ န္တှက္ကန္ဒာ စက္က နှင့် စတင်ထူထောင်လာ၍ ယခု ဆွမ်းလောင်းအသင်းကြီး မြေနေရာ နှင့် ဆွမ်းလောင်းအသင်းပိုင်ဆိုင်ခန်းနေရာများကို ဗောဓျာလင်္ကာရကျောင်းဝိုင်း အနားသတ်မြေများအား စွန့်ကျဲပေးကန်းခဲ့သည်ဟု ကြားသိရပါသည်။ စာရေးသူ အနေဖြင့် ဤကိစ္စကို သေချာအောင်(၄-၅-၂၀၁၂)နေ့တွင် မကွေးမြို့နေ့စဉ်သံဃဒါနဆွမ်းလောင်းအသင်းသို့ သွားရောက်ခဲ့ ပါသည်။ ထိုစဉ် ဆွမ်းလောင်းအသင်းကြီး ၏ ဥက္ကဋ္ဌ ဦးသိုက်ထွန်း အားတွေ့ခဲ့ရပါသည်။ ဆရာကြီးဦးသိုက်ထွန်းမှာ အသက်(၈၄)နှစ်ဟု သိရပါ၏။ ဆရာကြီးအား မကွေးမြို့ နေ့စဉ်သံဃဒါနဆွမ်းလောင်းအသင်းကြီး၏အကြောင်းအကျဉ်းကို ဆောင်းပါးရေးသားလိုကြောင်း ပြောပြပါသည်။ ဆရာကြီးမှ ဆွမ်းလောင်းအသင်းကြီးအကြောင်းကို စာရေးမှာဆိုရင် ဆရာတော်ဦးစက္က မပါလို့ မဖြစ်ဘူး၊ နောက်ပြီး သမန်ကန် ရှန်ကန်နှင့် အကျဉ်းရေးမယ်ဆိုရင်လည်း မဖြစ်ဘူး။ မနက်ဖြန်လာခဲ့ပါ။ စားပွဲ၊ ကုလားထိုင်တစ်လုံးကို ချပေးမည်။ လိုအပ်တဲ့ စာအုပ်၊စာတမ်းများကို ချပေးထားမည်။ အဲသည်အထဲက မသိတာကို မေးပါ။ သေချာအောင် ကျုပ်ကိုယ်တိုင်ဖြေပေးပါမည် ဟု ဆိုလာပါသည်။ စာရေးသူမှာ ဥက္ကဋ္ဌ ဆရာဦးသိုက်ထွန်း ပြောသလို အချိန်ပေး၍ ဆွမ်လောင်းအသင်းကြီးနှင့်ပတ်သက်ပြီး အကျယ်တစ်ဝန့် ရေးသားနိုင်ခြင်းမရှိခဲ့ပါ။ ထို့ကြောင့် ဆရာကြီးဦးသိုက်ထွန်း ပြုစုရေးသားထားသော နေ့စဉ်သံဃဒါန ဆွမ်းလောင်းအသင်း မကွေးမြို့၏ နှစ်ငါးဆယ်ရွှေရတုခရီးစဉ် မှတ်တမ်း စာအုပ်ငယ်အား ကိုးကား၍ အကျဉ်းမျှသာ တင်ပြရေးသားလိုက်ရပေသည်။ ဆွမ်းလောင်းလှူခြင်း စတင်ခဲ့သော ဒုတိယကမ္ဘာစစ် မဖြစ်ပွားမီနှင့် စစ်ပြီးကာလ။ ထိုအချိန်တွင် မကွေးမြို့ပေါ်၌ မဟာဝိသုတရာမ(တောင်) စာသင်တိုက်နှင့် မဟာဓမ္မိကရာမ(မြောက်)စာသင်တိုက် ပေါင်း၍ ဘုန်းတော်ကြီး(၂၀)ပါးနှင့် သံဃာတော်အပါး(၁၅၀)သာရှိခဲ့သည်။ ထိုအချိန်က မိမိတို့နေအိမ်ရှေ့သို့ ကြွရောက်တော် မူလာသော သံဃာတော်များအား နေ့ဆွမ်းဖြင့်သာ ဒါယကာ၊ ဒါယိကာမများမှ လောင်းလှူနိုင်ခဲ့ပါသည်။သို့သော် အာရုံဆွမ်းလောင်းလှူနိုင်ခြင်း မရှိခဲ့ကြပါ။ အချို့အလှူရှင်များမှ နီးစပ်ရာကျောင်းများသို့ အလှည့်ကျ ဆွမ်းအုပ်ပို့ကြရသည်။ စာသင်တိုက်နှစ်တိုက်မှာမူ မိမိတို့ကျောင်း၏ အစီအစဉ်ဖြင့် အာရုံဆွမ်းအဖြစ် ယာဂု ဆွမ်း(ဆံပြုတ်) ကပ်ကြရသည်။ စစ်ပြီးခေတ်နောက်ပိုင်း ၁၃၁၇ ခု၊ (၁၉၅၅) သို့ရောက်သောအခါ မကွေးမြို့ပေါ်ရှိ ရပ်ကွက်ကြီး(၁၃)ရပ်ကွက်မှ ရပ်မိ ရပ်ဖများဦးဆောင်သော `ကာလသားအဖွဲ့´မှ ရပ်ကွက်အလှည့်ကျ အာရုံဆွမ်းလောင်းလှူခဲ့ကြသည်။ ထိုအချိန်မှစ၍ မကွေးမြို့ပေါ်တွင် အာရုံဆွမ်းလောင်းလှူသော အလေ့အထ စတင်ဖြစ်ပေါ်လာခဲ့သည်။ ထိုစဉ်က သစ်သား ဂေါ်ဖြင့် ကော်၍ လောင်းလှူသည်ကို အစွဲပြု၍ `ဂေါ်ဆွမ်း´ဟု ခေါ်စမှတ်ပြုခဲ့ကြသည်။ ၁၉၅၇ - ၁၉၇၃ မကွေးမြို့ပေါ်ရှိ(၁၃)ရပ်ကွက် မှ ရပ်ကွက်လူကြီးများ စုပေါင်းဦးဆောင်၍ အာရုဏ်ဆွမ်းလောင်းလှူခဲ့ရာ သံဃာတော်များ အဆင်ပြေခဲ့ပေသည်။ သို့သော် အကြောင်းမညီညွှတ်သဖြင့် နေ့စဉ် နေ့တိုင်း ဆွမ်းလောင်းလှူခြင်း မပြုနိုင်ကြ၍ သံဃာတော်များမှာ အာရုဏ်ဆွမ်းအတွက် ကြောင့်ကျခဲ့ရပြန်သည်။ ဤတွင် မဟာဝိသုတာရာမတိုက် ဦးစီးပဓာန ဘဒ္ဒ န္တရ ပဒုမဘိဝံသ( အဂ္ဂမဟာမဏ္ဍိတ) ဆရာတော်ဘုရားကြီးသည် ၁၃၁၉ ခုနှစ်၊ ၀ါဆိုလဆန်း(၁)ရက်နေ့၊ ၁၉၅၇ ခုနှစ်၊ ဇွန်လ(၂၇)ရက်နေ့တွင် ရပ်ကွက်မသီးသီးမှ သာသနာ့အကျိုးဆောင်းများအား ဖိတ်ခေါ်ပြီးလျှင် အများဆန္ဒအရ နေ့စဉ်သံဃဒါန ဆွမ်းလောင်းအသင်း ကို ဖွဲ့စည်းတည်ထောင်ခဲ့သည်။ အသင်း၏ ဥက္ကဋ္ဌ အဖြစ် အိုးဘိုရပ်(၆)လမ်းနေ၊ လှည်းထောင်ဆရာကြီး ဦးထွန်းလှိုင်အား တင်မြှောက်ကြသည်။ ဥက္ကဋ္ဌ ဦးထွန်းလှိုင်၊ ဦးမူတူး( ရေယာဉ် မော်တော်ပိုင်)၊ ဦးညွန့်မောင်( ရွှေပန်းထိန်ဆရာကြီး) စသည့် အလုပ်အမှုဆောင်များနှင့် ရပ်ကွက်တိုင်းမှ လူကြီးများ၏ အကူအညီရယူပြီး ရက်ပျက်မရှိ ဆွမ်းလောင်းလှူနိုင်ရေးအတွက် တစ်အိမ်တက်ဆင်း လမ်းစေ့၊ ရပ်ကွက်စေ့ လှည့်လည် အလှုခံခဲ့ကြသည်။ ထိုအချိန်တွင် တစ်နေ့တာဆွမ်း အလှူရှင်များပေါ်ပေါက်လာခဲ့သည်။ အခြားတစ်ဘက်တွင်လည်း ဆွမ်းလောင်းလှူရာ၌ လိုအပ်သော ချက်ပြုပ်ရန် အသုံးအဆောင်များကို အိုးဘို(၆)လမ်းနေ အောင်မင်္ဂလာအလုပ်ရုံပိုင်ရှင် ဦးတင်မောင် မှ ဖြည့်ဆည်းပေးသည့်အပြင် ကျေးလက်ဒေသများသို့ တစ်ရွာဝင်၊ တစ်ရွာထွက် အလှူခံခဲ့ကြသည်။ ကျေးလက်ဒေသရှိ ဆရာတော်ကြီးများကလည်း ၀ိုင်းဝန်းကူညီ ပံ့ပိုးပေးခဲ့ကြ၍ ဤဆွမ်းလောင်းအသင်းကြီးသည် အရှိန်အဟုန်ဖြင့် ကျေးလက်ဒေသ ပြည်သူများအထိ ကုသိုလ်တော်များ ပါဝင်လှူဒါန်းလာနိုင်ကြပါသည်။ ဥက္ကဋ္ဌ ဦးထွန်းလှိုင်နှင့် အမူဆောင်များသည် ဆွမ်လောင်းအသင်းကြီးအား အခိုင်အမာ ရပ်တည်လာနိုင်အောင် (၁၅)နှစ်တိတိ ဆောင်ရွက်ခဲ့သည်။ ၁၉၇၂ ခုနှစ်၊ဇွန်လ(၁၁)ရက်နေ့တွင် ဥက္ကဋ္ဌ ဦးထွန်းလှိုင် မှာ အသက်အရွယ်ကြီးရင့်လာ၍ အနားယူသည်။ မြို့မရပ်ကွက်၊ ၆ လမ်းနေ၊ ဦးကြည်ဝင်း (စက်ချုပ်လုပ်ငန်း) မှ ဥက္ကဋ္ဌ တာဝန်ကို ထမ်းဆောင်ခဲ့၏။ ၁၉၇၃ ခုနှစ်၊ ဇူလိုင်လ(၂၃)ရက်နေ့တွင် ဦးကြည်ဝင်း ကွယ်လွန်သွား၍ ဥက္ကဋ္ဌ နေရာကို မြို့မရပ်၊ ဘုရားလမ်းနေ ဦးညိုတုတ်( အောင်သူ- ကားလိုင်းပိုင်ရှင်) မှ တာဝန်ယူခဲ့ပါသည်။ ၁၉၇၃ - ၁၉၈၂ နေ့စဉ်သံဃဒါနဆွမ်းလောင်းအသင်းသည် အရှိန်အဟုန်မပျက် တိုးတက်လာခဲ့သည်။ ၁၉၇၉ ခုနှစ်၊ ဇန၀ါရီလ(၁)ရက်နေ့ ကျင်းပသော မြို့လုံးကျွတ် ကျောင်းထိုင်ဆရာတော်များ စုံညီအစည်းအဝေးမှ ဗေဓျာလင်္ကာရ ကျောင်းဝိုင်း၏ အနားသတ်မြေကွက်များကို ဆွမ်းလောင်းရုံအသင်းအား အပိုင်ပေး၍ စွန့်လွှတ်ပေးခဲ့သည်။ ထိုနေရာများတွင် အသင်းပိုင် ဆိုင်ခန်းများဆောက်လုပ်၍ ငှါးရမ်းခဲ့သည်။ ၎င်း မှရရှိသာ ငှါးရမ်းခငွေများကို ဆွမ်းလောင်းလှူရာ၌ သုံးစွဲခဲ့သည်။ ထို့နောက်` ရွှေဝါဧည့်ရိပ်သာ´ဆောက်လုပ်ပြီး တည်းခိုခမ်းမှ ရငွေများကိုလည်း ဆွမ်းစရိတ်အဖြစ် အသုံးပြုခဲ့ကြသည်။ ဥက္ကဋ္ဌ ဦးညိုတုတ်သည် ဆွမ်းလောင်းရုံငယ်မှ ဆွမ်းလောင်းရုံအကြီးသို့ ပြင်ဆင်ဆောက်လုပ်ခဲ့သည်။ ၁၉၈၂ ခုနှစ်၊ စက်တင်ဘာလ(၁၀)ရက်တွင် ဦးညိုတုတ် ကွယ်လွန်ခဲ့သည်။ ဒုတိယ ဥက္ကဋ္ဌ ဦးအုံးဖေ မှ ဥက္ကဋ္ဌ တာဝန်အား ဆက်ခံခဲ့သည်။ ၎င်း အချိန်သည် နေ့စဉ်သံဃဒါဆွမ်းလောင်းအသင်းမှာ (၂၅) နှစ် ငွေရတုသဘင်သို့ ပြည့်မြောက်ပြီးဖြစ်သည်။ ၁၉၈၃ - ၁၉၉၂ ဦးအုံးဖေ(လွတ်လပ်ရေးမော်ကွန်ဝင်) သည် ဥက္ကဋ္ဌ တာဝန်ယူထမ်းဆောင်စဉ်ကာလ တစ်လျှောက်လုံး သံဃာတော် များအတွက် နေ့စဉ် ကုသိုလ်ရေးဝတ်မပျက်အောင် ဆွမ်းလောင်းလှူနိုင်ရေးအတွက် ကုန်သွယ်လယ်ယာမှ ဆန် နှင့် သမ၀ါယမ မှ ဆီများ ၀ယ်ယူရရှိနိုင်အောင် ဆောင်ရွက်ခဲ့သည်။ ဦးအုံးဖေနှင့် အလုပ်အမှုဆောင်များသည် မည်သို့ပင် မိုးသဲသဲ၊ လေပြင်းတိုက်တိုက် သဘာဝအန္တရာယ် အတားအဆီးကိုမျှ ဂရုမစိုက်ဘဲ နေ့စဉ်ဆောင်ရွက်ခဲ့ကြသည်။ ၁၉၈၈ ခုနှစ် (၈၈) အရေးအခင်းကာလအတွင်း၌ပင် တစ်နေ့ တစ်ရက်မျှ အာရုဏ်ဆွမ်းလောင်း မပျက်ခဲ့ပါ။ တွေ့ကြုံရသော အကျပ်အတည်း အခက်အခဲများအား ကျော်လွှားနိုင်ခဲ့ကြသည်။ ၎င်း အချိန်တွင် စရိတ်များကြီးထွားလာ၍ ဆိုင်ခန်းအငှါး လခများကို တိုး၍တောင်းခဲ့သော်လည်း အချို့ဆိုင်ခန်းရှင်းများမှ ပမာ မခန့်ပြုမူပြီး မပေးကြပေ။ သြ၀ါဒဆရာတော်ကြီးများ၏ ဆိုဆုံးမ စကားကိုပင် မနာခံကြပေ။ ဓမ္မစက်ဖြင့် ဖြေရှင်း၍ မရ၍ ထိုအချိန်က မြို့နယ်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့၏ အာဏာစက်ဖြင့် ဖြေရှင်းတောင်းယူခဲ့ကြရသည်။ ထို့နောက် ဥက္ကဋ္ဌ ဦးအုံးဖေ အသက်ကြီးရင့်လာ၍ အနားယူခဲ့သည်။ အတွင်းရေးမှူး ဦးခင်မောင်ထွန်း သည်လည်း ကိုယ်ရေးကိုယ်တာ အခြေအနေကြောင့် နုတ်ထွက်သွား ခဲ့ပါသည်။ ၁၃၅၄ ခုနှစ်၊ တော်သလင်းလပြည့်ကျော်(၁၅)ရက်နေ့၊ (၂၆-၉-၁၉၉၂) တွင် မဟာဓမ္မိကရာမ ကျောင်းတိုက်တွင် ကျင်းပသော နေ့စဉ်သံဃဒါနဆွမ်းလောင်းအသင်း သင်းလုံးကျွတ် အစည်းအဝေး၌ မကွေးမြို့၊ အိုဘိုရပ်၊ (၆)လမ်း၊ အမှတ်(၁၇)နေ ဦးသိုက်ထွန်း အား ဥက္ကဋ္ဌ အဖြစ်၎င်း၊ မြို့ဟောင်း အမှတ်(၃)ရပ်ကွက်၊ ဘုရားလမ်း၊ အမှတ်(၁၈၀)နေ ဦးခင်မောင်တင့် အား အတွင်းရေးးမှူးအဖြစ်၎င်း အများဆန္ဒဖြင့် ရွေးချယ်တင်မြှောက်ခဲ့ကြသည်။ ၁၉၉၃ - ၂၀၀၇ ၁၉၉၂ ခုနှစ်၊ အောက်တိုဘာလ(၄)ရက်နေ့တွင် ဦးသိုက်ထွန်း ဥက္ကဋ္ဌ ၊ ဦးခင်မောင်တင့် အတွင်းရေးမှူး တာဝန်များကို လက်ခံရယူခဲ့ကြသည်။ ထိုစဉ်အချိန်တွင် ငွေစုလက်မှတ်ကျပ်တစ်သိန်းတန် တစ်စောင်နှင့် ငွေစုစာအုပ်လက်ကျန် ငွေ(တစ်သောင်းကျပ်) ဖြင့်အတူ ကုန်သွယ်လယ်ယာမှ လစဉ်ဆန်ဝယ်ယူခွင့် ဆန်အိပ်(၁၅၀) ရရှိခဲ့ပါသည်။ သို့သော် နောက်ပိုင်းတွင် ဆန်ဝယ်ယူခွင့်အား အကြောင်းမညီညွတ်၍ ရပ်ဆိုင်းခံလိုက်ရသည်။ ဥက္ကဋ္ဌ နှင့် အလုပ်အမှုဆောင်အဖွဲ့သည် လွန်ခဲ့သော(၃၅)နှစ်အတွင်းမှ ဆောင်ရွက်ခဲ့ကြသည့် ဥက္ကဋ္ဌ များဖြစ်ကြသည့် ဦးထွန်းလှိုင်၊ ဦးကြည်ဝင်း၊ ဦးညိုတုတ်၊ ဦးအုံးဖေ တို့၏ မလျော့သော ဇွဲလုံ့လ ၀ီရိယတို့ကို စံနမူတင်ကာ ဆက်လက်၍ ရွှေရတုခရီးသက်တန်းအထိ ကျိုးစားပြီး ဆောင်ရွက်ခဲ့ကြပါသည်။ ၂၀၀၃ ခုနှစ်မှစ၍ တစ်နှစ်လျှင်တစ်ကြိမ် မြို့လုံးကျွတ် ဆွမ်းဆန်တော်နှင့် ဆွမ်းစရိတ် အလှူတော်ခံ မဟာကုသိုလ်တော်လုပ်ငန်းကို ကျောင်းတိုက်အသီးသီးမှ သံဃာကိုယ်စားလှယ်(၁၀၈)ပါး ဦးဆောင်ရှေ့ရွက်ပြု၍ ဆောင်ရွက်ခဲ့ကြပါသည်။ ဤကဲ့သို့ ဆောင်ရွက်ပေးခဲ့ကြသဖြင့် ဆင်းရဲနွမ်းပါးသူများအဖို့ ဆန်နိုဆီဗူး မပြည့်တပြည့် ၊ ဆွမ်းစရိတ် ဆယ်ဂဏန်းမပြည့် အလှူငွေများကို ၀မ်းသာအားရ လက်အုပ်တစ်ချီချီဖြင့် လှူဒါန်းခွင့်ရကြပေသည်။ ၂၀၀၇ -၂၀၁၂ ရွှေရတု နှစ်(၅၀) မပြည့်မီအချိန်မှစ၍ မကွေးမြို့နယ်သံဃနာယကအဖွဲ့၏ ရှေ့ဆောင်ဦးရွက်မှုကိုခံယူလျှက် ကျေးလက်အသီးသီးရှိ ကျေးရွာအုပ်စု သံဃနယကအဖွဲ့များ ဥက္ကဋ္ဌ ဆရာတော်များအား ပင့်ဖိတ်ပြီး အသင်းက စေလွှတ်သော အလှူခံအဖွဲ့ကို အထောက်အကူပြု ပေးတော်မူကြပါရန် လျှောက်တင်ခဲ့ရပါသည်။၎င်း ဆရာတော်များ၏ ကူညီမှုများကြောင့် ဆွမ်းစရိတ်အလှူတော်ငွေများ ရရှိခဲ့ပါသည်။ မကွေးမြို့ပေါ်တွင်လည်း ဥက္ကဋ္ဌ ကိုသန့်ဇင်၊ အတွင်းရေးမှူး ကိုခင်မောင်ကြူ တို့ ဦးဆောင်သော မြသလွန်စေတီတော် ဗုဒ္ဓဝေယျာဝစ္စနှင့် သန့်ရှင်းရေး ဥပုသ်တော်အသင်းဝင် မောင်မယ်များမှလည်း ရပ်ကွက်အသီးသီး လှည့်လည်၍ အလှူခံပေးကြပါသည်။ အလားတူပင် အငြိမ်းစား ကျောင်းအုပ်ဆရာကြီး ဦးဥာဏ်လင်း(ယခုကွယ်လွန်) မှလည်း မကွေးမြို့ပေါ်စာသင်ကျောင်းများမှ တစ်ဆုတ်ဆန်။ တစ်ဇွန်းဆန်များ အလှူခံပေးခဲ့ကြပါသည်။ ဆွမ်းစရိတ်နှင့် ဆွမ်းဆန်တော်များ ထိုက်သင့်သလောက်ရရှိသော်လည်း ရေရှည်အကျိုးကို မျှော်ကိုးလျှက် ဆွမ်းပဒေသာပင် အလှူငွေများအား စတင်အလှူခံခဲ့ပါသည်။ တစ်လထက်တစ်လ၊ တစ်နှစ်ထက် တစ်နှစ် ဆွမ်းအလှူရှင်များ တိုးပွားလာရာ ဆွမ်းပေဒေသာပင် သက်တမ်း(၁၅)နှစ် မပြည့်ခင်မှာပင် အလှူငွေများ ကျပ်သိန်း တစ်ထောင်ကိုးရာကျော် ရရှိပြီးဖြစ်ပါသည်။ ဆွမ်းပဒေသာပင်ငွေများ လှူဒါန်းရာတွင် ပြည်တွင်း ရပ်နီး ရပ်ဝေးမှ ကုသိုလ်ရှင်များသာ မက ပြည်ပရှိ့ အရှေ့ အနောက်နိုင်ငံများမှ စေတနာရှင်များကလည်း ပါဝင် လှူဒါန်းကြပါသည်။ ထူးခြားချက်မှာ ကျေးဇူးတော်ရှင် မကွေးဆရာတော်ဘုရားကြီး၏ ဘုန်းရိပ် ကံရိပ်ကို အမှီပြု၍ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့မှ မြောက်မင်စီ သာသနာပြုကျောင်းဆရာတော် မဟာသဒ္ဒမ္မဇောတိက ဓဇ အရှင်သုဘန( စုဆန်းလီ) နှင့် တပည့် ဒါယကာ၊ ဒါယိကာမများမှ ဆွမ်းပဒေသပင် အလှူငွေ ကျပ်သိန်းသုံးရာ လှူဒါန်းခြင်း။ မကွေးမြို့တွင်းမှ မိမိတို့နေထိုင်သော မြေနေယာ အိမ်ဝိုင်းများ၊ တယ်လီဖုန်း၊ အဆောက်အအုံးများအား ဆွမ်းပဒေသာပင်အဖြစ် လှူဒါန်းကြသော အလှူရှင် များလည်း ပေါ်ပေါက်လာပါသည်။ ဤသို့လှူဒါန်းကြခြင်းမှာ သာမန် မဟုတ်ပါ။ တစ်မြို့လုံး တစ်နယ်လုံး တစ်နိုင်ငံလုံး တစ်ကမ္ဘာလုံးတို့မှ ဘာသာရေးနိုးကြား အုံကြွမှု ပြယုဂ်ပင်ဖြစ်ပါသည်။ မကွေးမြို့ နေ့စဉ်သံဃဒါနဆွမ်းလောင်းအသင်းကြီးသည် မကွေးမြို့ပေါ်နှင့် အနီးပတ်ဝန်းကျင်ဒေသမှာ မွှေ့လျော်သီတင်းသုံးတော်မှုကြကုန်သော ရဟန်း သာမဏေများအား နေ့စဉ်ဝတ်မပျက် အာရုဏ်ဆွမ်းလောင်းလှူရေး အတွက် ဆောင်ရွက်နေခြင်းဖြစ်ပါသည်။ သို့ပါ၍ သဒ္ဒါကြည်လင် စေတနာရှင်များအနေဖြင့် (ဖုန်း ၀၆၃-၂၆၀၂၆)သို့ ဆက်သွယ်၍ လှူဒါန်းနိုင်ကြပါကြောင်း တိုက်တွန်းနိုးဆော်အပ်ပါသည်။ မှတ်ချက်။ ။ အလှူရှင်များနှင့် လှူဒါန်းပေးခဲ့ကြသော ကုသိုလ်ကောင်းမှု ဒါနအစုစုတိုကို ပြည့်စုံအောင် ရေးသားဖော်ပြခြင်း မပြုနိုင်ခဲ့၍ လေးစားစွာတောင်းပန်အပ်ပါသည်။

Penulis : shwelannwelanwinkyi ~ Sebuah blog yang menyediakan berbagai macam informasi

Artikel ၅-၅-၂၀၁၂ `မီးသတ်တပ်ဖွဲ့နေ့ စွမ်းရည်ပြပွဲ´ ini dipublish oleh shwelannwelanwinkyi pada hari Thursday, May 24, 2012. Semoga artikel ini dapat bermanfaat.Terimakasih atas kunjungan Anda silahkan tinggalkan komentar.sudah ada 0 komentar: di postingan ၅-၅-၂၀၁၂ `မီးသတ်တပ်ဖွဲ့နေ့ စွမ်းရည်ပြပွဲ´
 

0 comments: