`` မကွေးမြို့တွင် HIV /AIDS ဆိုင်ရာအသိပညာပေးပြပွဲကို လူမှုစောင့်ရှောက်ရေးစေတနာ့ဝန်ထမ်းအဖွဲ့ (SCVG) မှ ကျင်းပ´

`` မကွေးမြို့တွင် HIV /AIDS ဆိုင်ရာအသိပညာပေးပြပွဲကို လူမှုစောင့်ရှောက်ရေးစေတနာ့ဝန်ထမ်းအဖွဲ့ (SCVG) မှ ကျင်းပ´´ မကွေးမြို့ ဆုံရပ်ကွက် ကမ်းနာလမ်းရှိ မိုနာလီဇာ(၂) စားတော်စက် ခန်းမတွင် ဇူလိုင်(၂၇)ရက်နေ့ နံနက်(၉ မှ နေ့လည် ၁၂)နာရီအချိန်ထိ လူမှုစောင့်ရှောက်ရေးစေတနာ့ဝန်ထမ်းအဖွဲ့ SCVG.(Sociaeer Care Volun Group) မှ မကွေးမြို့တွင် HIV /AIDS ဆိုင်ရာအသိပညာပေးပြပွဲကျင်းပကြောင်း သတင်းရရှိသည်။ အဆိုပါအခမ်းအနားတွင် SCVG မှ အကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိသော တက္ကသိုလ်ကျောင်းသား ကျောင်းသူ လူငယ်များကြား HIV /AIDS ကာကွယ်တားဆီးရေးစီမံချက်အကြောင်းကို ကိုနေ၀င်းကို(တာဝန်ခံSCVG) မှ ရှင်းလင်းပြောကြားပြီး တေးသီချင်းများဖြင့်ဖျော်ဖြေခြင်း၊ အသိတစ်ဖက် သတိတစ်ချက်(ကဗျာ၊ ကာတွန်)များဖြင့် နံရံကပ် စာစောင်များပညာပေးပြသဖျော်ဖြေခြင်း၊ တေးသရုပ်ဖော်များဖြင့် ကပြဖျော်ဖြေခြင်း နှင့် တက္ကသိုလ်အသီးသီးမှ ကျောင်းသား ကျောင်းသူများအဖွဲ့ပေါင်းစုံမှ နေ့သစ်များဆီသို့ သီချင်းများဖြင့် အဖွဲ့လိုက် သီဆိုဖျော်ဖြေကြကြောင်းကြည့် ရှု မြင်တွေ့ရသည်။ အဆိုပါအခမ်းအနားတွင် ကျောင်းသားလူငယ်များ(၁၀၀)ကျော်ခန့်တက်ရောက်ကြောင်း၊ အခမ်းအနား စီမံချက်ညှိနှိုင်းရေးမှူးများမှာ ကိုဖြိုးဝေထွန်း၊ ကိုခန့်သီဟ၊ ကိုနေ၀င်းကို၊ မခိုင်မီဖူးအောင် တို့ဖြစ်ကြောင်း၊ SCVG လူမှုစောင့်ရှောက်ရေးစေတနာ့ဝန်ထမ်းအဖွဲ့မှာ အမှတ်-ဘီ/၁၉၁ (၃)လမ်းနှင့် အဝေရာလမ်းထောင့် အောင်စေတနာရပ်၊ မကွေးမြို့တွင်ရုံးဖွင့်၍ ဖုန်း ၀၉-၄၃၁၇၀၀၃၄ သို့ဆက်သွယ်နိုင်ကြောင်း မဇ္ဈိမ က သတင်းရရှိသည်။
 

``မကွေးတိုင်း NDF ပါတီလစဉ်အစည်းအဝေး နှင့် မကွေးမြို့နယ် NDF ပါတီအလုပ်အမှုဆောင် ပြန်လည်ရွေးချယ်´´

``မကွေးတိုင်း NDF ပါတီလစဉ်အစည်းအဝေး နှင့် မကွေးမြို့နယ် NDF ပါတီအလုပ်အမှုဆောင် ပြန်လည်ရွေးချယ်´´ (မကွေးမြို့နယ်စာရေးဆရာအသင်းဝင် နှစ်ဦး ဥက္ကဋ္ဌ တာဝန်နေရာများ ရွေးချယ်ခံရပြီး ယခင်မြို့နယ်အတွင်းရေးမှူးဟောင်း က ပါတီဝင်အဖြစ်မှ ချက်ချင်းနှုတ်ထွက်မည်ဆို) မကွေးမြို့ ရွာသစ်ရပ်ကွက် ၁၉ လမ်း အမှတ်(၃၀၂) ရှိ မကွေးတိုင်း/မြို့နယ် NDF ပါတီရုံးတွင် ဇူလိုင်(၂၇)ရက်နေ့ နံနက်(၁၀)နာရီမှ နေ့(၁၂း၃၀) အထိ မကွေးတိုင်း NDF ပါတီလစဉ်အစည်းအဝေး နှင့် မကွေးမြို့နယ် NDF ပါတီ အလုပ်အမှုဆောင် ပြန်လည်ရွေးချယ်ကြောင်း သတင်းရရှိသည်။ အဆိုပါ NDF ပါတီရွေးချယ်ပွဲသို့ စုစုပေါင်းတက်ရောက်သူ(၃၅)ဦးခန့်တက်ရောက်၍ မကွေးမြို့နယ်အတွင်း စုဆောင်းထားဆဲ ပါတီဝင်အင်အား(၁၀၀)ကျော်ခန့်ရှိကြောင်း၊ မကွေးတိုင်းNDF ပါတီအလုပ် အမှုဆောင်(၁၅) ဦးမှ (၁၀)ဦး တက်ရောက်ကြောင်း၊ ၎င်း NDF တိုင်းအမှုဆောင်တွင် ဥက္ကဋ္ဌ ဦးမြင့်ဖေ က ဦးဆောင်၍ ရွေးချယ်ပွဲကော်မရှင်ပြုလုပ်ကြောင်း၊ ဥက္ကဋ္ဌ ဦးမျိုးအေး (စာရေးဆရာဝင်းနွယ်-သစ်တော) နှင့် ဒုတိယ ဥက္ကဋ္ဌ(၂) ဦးခင်မောင်တိုး(စာရေးဆရာ မြန်မာပြည် ဆရာဟိန်း) ၊ အတွင်းရေးမှူး ဦးဝင်း နှင့် အလုပ်အမှုဆောင်(၁၃)ဦးတို့ကို အသစ်ပြန်လည်ရွေးချယ်အတည်ပြုကြောင်း၊ မကွေးမြို့နယ်NDF ပါတီ ဥက္ကဋ္ဌ ဦးမျိုးအေး (၀င်းနွယ်-သစ်တော) မှ ပါတီဝင်အင်အား နှစ်ထောင်ကျော်ခန့်ရအောင် စုဆောင်းပေးမည်ဟု ပြောဆိုသည်ကို ကြိုဆိုပါကြောင်း အခမ်းအနားမှုး ဦးအေးမင်းထွန်း(မကွေးတိုင်းEC) က ကြေငြာသည်။ ဆက်လက်၍ မြို့နယ် ECရွေးချယ်ပွဲ အပြီး မကွေးတိုင်း NDF ပါတီအလုပ်အမှုဆောင်အဖွဲ့ လစဉ်အစည်းအဝေးကျင်းပသည်။ တိုင်းအစည်းအဝေး မစမှီ ယခင်မကွေးမြို့နယ်NDF ပါတီအတွင်းရေးမှူး (ဟောင်း) ဦးချစ်ကိုကို(တိုင်းNDF ပါတီအမှုဆောင်အဖွဲ့စည်းဝင်) က မြို့နယ် ဥက္ကဋ္ဌ အသစ်ထံသို့ သူ၏ ပါတီဝင်ကတ်ကို အပ်နှံ၍နှုတ်ထွက်ကြောင်းဆို၏။ ထို့ကြောင့် NDFပါတီ မှ ဘာကြောင့် နှုတ်ထွက်ရကြောင်းမေးမြန်းရာ.. `` နှုတ်ထွက်ရခြင်းအကြောင်းပြောမယ်ဆိုရင်တော့ အများကြီးပါဘဲ ဒါပေမယ့် ပြောမှသိမယ့်သူတွေကို မပြောချင်တော့ ပါဘူး။ လက်ရှိယခု ရွေးချယ်လိုက်တဲ့ အမှုဆောင်အဖွဲ့ကိုလည်းမကြိုက်လို့ပါ။ ဒီပါတီကို ကျွန်တော်ရောက်လာစက ဘယ်သူမှ မရှိသေးပါဘူး၊ တော်တော်နည်းပါတယ်၊ ဒါပေမယ့် မြို့နယ်စည်းပေါ်အောင် ကျွန်တော်တို့ ဖော်ဆောင်ပေး ခဲ့ပြီးပါပြီ..။ နောက်လူတွေ ဆက်လုပ်ကြပါလိမ့်မယ်။ ကျွန်တော်ကတော့ ဒီNDF ပါတီဝင်အဖြစ်က လုံးလုံးထွက်ဖို့ ဆုံးဖြတ်ပြီး ပါပြီခင်ဗျာ..။´´ ဟုဦးချစ်ကိုကို က မြန်မာပို့စ် သို့ပြောသည်။ အဆိုပါအစည်းအဝေးတွင်မကွေးမြို့နယ်NDF ပါတီ ဥက္ကဋ္ဌ (ဟောင်း) ဦးအောင်လင်းဦး (တိုင်းNDFပါတီအလုပ်အမှု ဆောင်အဖွဲ့ဝင်) ၏ နာမည်နှင့် မကွေးတိုင်းမြန်မာ့ဆက်သွယ်ရေးသို့ လျှောက်ထားထုတ်ယူ၍ ရထားသော(၁၅၀၀ိ)CDMA 800 ဆင်ကတ် နှင့် ဟန်းဆက်ပါ ဖုန်းတစ်လုံးကို မကွေးတိုင်း NDF ပါတီရုံးပိုင်အဖြစ်အပ်နှံသည်။ ထို့နောက် ပါတီဝင် အဆိုပြုလွှာများကို တိုင်း ဥက္ကဋ္ဌ ဦးမြင့်ဖေ သို့ပေးအပ်သည်။ တိုင်းNLD ဥက္ကဋ္ဌ မှ မကွေးမြို့နယ်အတွက် ပါတီဝင် အသိအမှတ်ပြုကဒ် များ ပြန်လည်ပေးအပ်ကြကြောင်း သတင်းရရှိသည်။
 

``မကွေးမြို့နယ် ကြာကန်ကျေးရွာ (ငါးရက်ဈေး) ဈေးကောက်နှုန်းကြီး၍ ဈေးအိမ်သာမရှိ ဈေးတွင်းကျူးကျော်အိမ်များ နှင့် အမှိုက်များစုပုံထား ကျန်းမာရေးစိုးရိမ်ရ´´

``မကွေးမြို့နယ် ကြာကန်ကျေးရွာ (ငါးရက်ဈေး) ဈေးကောက်နှုန်းကြီး၍ ဈေးအိမ်သာမရှိ ဈေးတွင်းကျူးကျော်အိမ်များ နှင့် အမှိုက်များစုပုံထား ကျန်းမာရေးစိုးရိမ်ရ´´ မကွေးမြို့နယ် ကြာကန်ကျေးရွာဈေးသည် မကွေး ရွာမွန် နေပြည်တော် ကားလမ်းဘေးတွင်ရှိပြီး ငါးရက်တစ်ကြိမ် နယ်မြေဒေသအတွင်းရှိ ရွာများမှ လာရောက်ဝယ်ယူ ရောင်းချကြသော ငါးရက်ဈေးဖြစ်ကြောင်း၊ ၎င်းဈေးနေ့များမှာ အလွန်စည်ကားကြောင်း၊ အဆိုပါဈေး၏ အကျယ်အ၀န်းမှာ တစ်ဧက ကျော်ခန့်ရှိကြောင်း၊ ဈေးသည်များမှာ ရာဂဏန်းချီပြီး ရှိကြောင်း၊ ဈေးအတွင်း၌ ဈေးအိမ်သာလုံးဝမရှိ၊ အမှိုက်များနေရာအနှံမှာ စုပုံထားပြီး သန့်ရှင်းရေးဆောင်ရွက်ခြင်း မရှိကြောင်း၊ ဈေးတွင်းမှာ ညစ်ပတ်ပေရေ နံစော်မှုများကြောင့် ကျန်းမာရေးနှင့် မီးဘေး အန္တရာယ်များ စိုးရိမ်စရာ ဖြစ်နေကြောင်း၊ ဈေးအတွင်းသို့ လူနေအိမ်အချို့ကျူးကျော်ဆောက်လုပ် နေထိုင်မှုများ ရှိလာ ကြောင်း၊ အဆိုပါဈေးကို မကွေးမြို့နယ်စည်ပင်ဌာနမှ နှစ်စဉ်ဈေးကောက်လေလံဖြင့် ချထားပေးကြောင်း၊ လေလံရသူ ဈေးကောက်မှာ ကြာကန်ရွာ သား ကိုဖိုးလွန် ဖြစ်ကြောင်း၊ ဈေးကောက်မှလည်း ပျံကျဈေးသည်များ ဈေးကောက်(၂၀၀ိ)မှ ယခုအခါ (၅၀၀ိ) နှင့် အထည်ဆိုင် စူလတီဆိုင်များကို(၁၂၀၀ိ) အထိကောက်ယူနေပါကြောင်း ဇူလိုင်(၂၃)ရက်နေ့တွင် ကြာကန်ရွာသား ကိုဇော်မင်းထိုက်(ကွမ်း ကွမ်းရွက်၊ ငါးခြောက်ဆိုင်ရှင်) က မြန်မာပို့စ်သို့ ပြောသည်။ ``ကျမက မှုန့်ဟင်းခါးသည်ပါ ငါးရက်တစ်ဈေးနေ့မှာ အမြဲတမ်းလာရောက်ရောင်းချသူပါ။ ယခင်ကဈေးကောက် (၂၀၀ိ)ပေး ပါတယ်။ ယခု တစ်နှစ်မပြည့်ခင်မှာ ဈေးကောက်(၅၀၀ိ)တောင်းပါတယ်။ ဟိုဘက်ရွာက သားအဖသုံးယောက် တောင်းသုံးလုံး နဲ့ ဈေးလာရောင်းသူတွေကို တစ်ဦး ဈေးကောက်(၅၀၀ိ)တောင်းတော့ သုံးဦးကို (၁၅၀၀ိ)ပေးဖို့ ဈေးကောက် ကိုဖိုးလွန်က ဇွတ်အတင်းတောင်းပါတယ်။ သားအဖသုံးရောက်လာရောင်းတာက ဟင်းသီး ဟင်းရွက်စုံဆိုတော့ အရှုံးပေါ်သွားပြီး နောက်ဆိုရင် ကြာကန်ငါးရက်ဈေးကို လုံးဝမလာတော့ဘူးဆို ငိုသွားကြပါတယ်။ ဒါကြောင့် ကျမတို့ ဈေးကို အခြားရွာတွေကနေ ဈေးလာရောင်းသူတွေ တော်တော်နည်သွားပါပြီရှင်..၊ ရွာအဝေးကြီးကနေ ထမ်းရွက်လာသူ ဆင်းရဲသား ခေါင်းရွက်သည်တွေဟာ ငါးရက်မှ တစ်ခါ လုပ်အားခလေးရရဆိုပြီး လာတဲ့ဆင်းရဲသားတွေပါ။ ယခုတော့ မရှိလို့ဈေးရောင်း သူတွေကို မိုက်ကျေးခွဲ ဧဓမြတိုက်နေတာ ဈေးကောက်ပါဘဲ။ ဈေးကောက်ဖိုးလွန်ကို ဈေးကောက်တွေ လျှော့ကောက်ဖို့ ပြောတဲ့အခါ အထက်က လေလံကျေးတက်လို့ ဈေးတက်ပြီးကောက်ရတယ်။ ဈေးကောက်နှုန်းတွေ နောက်ထပ်ပြီး ပိုကောက်ချင်သေးတယ်လို့ ပြောပါ တယ်။´´ ဟု ဇူလိုင်(၂၃)ရက်နေ့တွင် ကြာကန်ရွာမှ အသက်(၅၀)ခန့်ရှိ မှုန့်ဟင်းခါးသည် မလှသန်းဝင်း မှ မြန်မာပို့စ် သို့ပြောသည်။ သတင်းသမားများမှ ဈေးကောက် ကိုဖိုးလွန် ကို ဈေးကိစ္စအတွက် မေးရန်ရှာဖွှေရာ လုံးဝအတွေ့မခံ၍ မမေးခဲ့ရပါကြောင်း..။
 

``မကွေးမြို့ တ.စ.ည ပါတီ ၀ါဆိုသင်္ကန်းဆက်ကပ်၍ သတင်းမီဒီယာများနှင့်တွေ့ဆုံပွဲ´´

``မကွေးမြို့ တ.စ.ည ပါတီ ၀ါဆိုသင်္ကန်းဆက်ကပ်၍ သတင်းမီဒီယာများနှင့်တွေ့ဆုံပွဲ´´ (လက်ရှိ နိုင်ငံရေးပင်စင်ဥပဒေ အရ နိုင်ငံရေးသမားတိုင်းကို ခံစားခွင့်များ ပေးစေလို) မကွေးမြို့ ရွာသစ်ရပ်ကွက် ဗိုလ်ချုပ်လမ်းရှိ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီရုံး တွင် ဇူလိုင်(၂၄)ရက်နေ့ နံနက်(၇)နာရီမှ နေ့(၁၂)နာရီအထိ သံဃာတော်(၃)ပါးပင့်ဖိတ်၍ ၀ါဆိုသင်္ကန်းဆက်ကပ်ပူဇော်ကြောင်း မကွေးတိုင်း ဒေသကြီးအတွင်းမှ ပါတီဝင်များ(၁၀၀)ခန့်တက်ရောက်ကြ၍ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ပို့ဆောင်ဆက်သွယ်ရေး ၀န်ကြီး ဦးဝင်းဖေ နှင့် ချင်းတိုင်းရင်းသားဝန်ကြီး ဦးဆလိုင်းလှထွန်း တို့တက်ရောက်ကြောင်း သတင်းရရှိသည်။ အဆိုပါအခမ်းအနားအပြီး မကွေးတိုင်း တ.စ.ည ပါတီအလုပ်အမှုဆောင် အဖွဲ့နှင့် ပြည်တွင်း ပြည်ပ သတင်း မီဒီယာသမားများ စတုထ္တအကြိမ် တွေ့ဆုံပွဲကျင်းပကြောင်း၊ ယခင် တွေ့ဆုံပွဲများတွင် သတင်းမီဒီယာသမားများမှ အများ ပြည်သူများအတွက် ကျန်းမာရေး၊ပညာရေး၊ လူမှုရေးကိစ္စများအား သက်ဆိုင်သော ဌာနဆိုင်ရာအသီးသီးက ဆောင်ရွက် ပေးရန် အကြံပြုချက်များကို မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့သို့ တင်ပြထားချက်များ နှင့် လွှတ်တော်ကိုယ်စား လှယ်များထံ တင်ပြချက်များ မှ အကြောင်းပြန်ကြားချက်ရလဘ်များကို ပါတီအတွင်းရေးမှူး က ရှင်းလင်း ပြောကြားသည်။ မကွေးတိုင်း တ.စ.ည ပါတီအလုပ်အမှုဆောင် ဦးအောင်သောင်း(ပခုက္ကူ)က ပါတီအနေနှင့်ပြောဆိုခြင်း မဟုတ်ပါ ကြောင်း၊ မိမိတို့ကိုယ်ရေးကိုယ်တာ ခံစားချက်ကို ရင်ဖွင့်ကြောင်း ထိုပြောဆိုချက် များမှ ကောက်နှုတ်ဖော်ပြလိုက် ရပါသည်။ `` ကျွန်တော်တင်ပြ ရင်ဖွင့်ချင်တာကတော့ ယနေ့နိုင်ငံတော်မှ အတည်ပြုပြဒါန်းထားတဲ့ နိုင်ငံရေးပင်စင်ဥပဒေ အကြောင်းပါ။ ဥပဒေပါ အခန်း(၁/၂/၃/၅) တို့ကို လက်တွေ့နိုင်ငံရေးပင်စင်များ ခံစားခွင့်ပြုထားပြီး ဥပဒေပါ အခန်း(၄)ကိုတော့ ယနေ့အထိ နိုင်ငံတော်အစိုးရက လုံးဝခံစားခွင့်မပေးပါဘူး။ ဥပဒေ တစ်ခုကို အမှတ်တကယ် အတည်ပြုပြီး ပြဒါန်းထားရင် တစ်ပြေးတစ်ညီထဲ ဆောင်ရွက်ပြီး ခံစားခွင့်များကိုလည်း အတူတူပေးကြရမှာပါ။ ယခုတော့ အခန်း(၄)ပါ ခေါင်းစဉ်ဖြစ်တဲ့ (မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ၊ အမြုတေပါတီကာလနှင့် ပြည်သူ့ပါတီကာလ) ဆိုတဲ့ ပြဒါန်းချက်ပါ ဥပဒေများကိုတော့ ယနေ့အထိ ဘယ်သူ့ကိုမျှ ခံစားခွင့်မပေးဘဲ မျက်ကွယ်ပြုထားနေပါတယ်။ အဲဒီအချိန်က မြန်မာဆိုရှယ်လစ်လမ်းစဉ် ပါတီဝင်များဟာ ယနေ့ ပါတီပေါင်းအစုံဖြစ်ကြတဲ့ (NLD, NDF, ကြံခိုင်ရေးပါတီတွေမှာလည်း လက်ရှိတာဝန်ယူ ထမ်းဆောင်နေကြပါတယ်။ တ.စ.ည ပါတီဝင်အားလုံးဟာ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီဝင်တွေ အားလုံးမဟုတ်ကြတာကို နိုင်ငံတော်အစိုးရ သိစေချင်ပါတယ်။ ဒါကြောင့် လိုရင်းကို ကျွန်တော်ပြောချင်တာက နိုင်ငံတော်အတွက် သက်စွန့်ဆံဖျား ဆောင်ရွက်လာခဲ့ကြတဲ့ နိုင်ငံရေးသမားအချင်းအတူတူ ခွဲခြားပြီးချန်မထားဘဲ ဥပဒေအတိုင်း တစ်သားတည်း သတ်မှတ်ခံစားခွင့်ပေးစေချင်ပါတယ်။ လက်ရှိနိုင်ငံတော်အစိုးရ မှ အတည်ပြုပြဒါန်းထားတဲ့ နိုင်ငံရေးပင်စင်ဥပဒေ ကို အညီအမျှ တရားမျှတစွာနဲ့ တသတ်မှတ်တည်း ခံစားခွင့်ပြုစေချင်ပါတယ်ခင်ဗျာ..။ ´´ ဟု ပခုက္ကူမြို့နယ်(တ.စ.ည)ပါတီ ဥက္ကဋ္ဌ ဦးအောင်သောင်း က ပြောသည်။
 

``မကွေးမြသလွန်စေတီတော်၌ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ တတိယအကြိမ် ၀ါဆိုသင်္ကန်း ဆက်ကပ်၍ ဘုရားဖူး အများပြည်သူများဖြင့် အလွန်စည်ကားလျှက်ရှိ´´

ဇူလိုင်(၂၂)ရက် ၀ါဆိုလပြည့်နေ့ နံနက်(၉ မှ နေ့လည် ၁၁း၃၀)နာရီ မကွေးမြသလွန်ဘုရားကုန်းတော်ရှိ ဓမ္မာရုံတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ နှင့် ဌာနပေါင်းစုံ မှ တတိယအကြိမ် ၀ါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းကြောင်း သတင်းရ ရှိသည်။ အခမ်းအနားကို `နမောတဿ´ သုံးကြိမိရွတ်ဆိုဖွင့်လှစ်၍ မကွေးမြို့ ရာဇမုနိတောင်ပေါ်ကျောင်းတိုက် ပဓာန နာယက၊ နိုင်ငံတော်သြ၀ါစရိယ၊ တိုင်းဒေသကြီး (ဘ/က)ကျောင်း ကြီးကြပ်ရေးမှူးကော်မတီ ဥက္ကဋ္ဌ ဘဒ္ဒ န္တကေလာသ (မဟာသတ္တမ ဇောတိကဓဇ)အရှင်သူမြတ်မှ ပရိတ်သတ်များအား ငါးပါးသီလ ချီးမြှင့်သည်။ ဆရာတော်သံဃာ အရှင်မြတ်အပေါင်းမှ ပရိတ်တရားများရွတ်ဆိုပူဇော်ကြ၏။ အဆိုပါအခမ်းအနားတွင် ပင့်သံဃာ(၁၈)ပါးအား ၀ါဆိုသင်္ကန်း(၁၈၅)စုံ ၊ အလှူငွေ(၁၉)သိန်းခန့် လှူဒါန်းပူဇော် ကြောင်း၊ အဆိုပါအခမ်းအနားသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးဘုန်းမော်ရွှေ နှင့်ဇနီး၊ အစိုးရ၀န်ကြီးများ နှင့်ဇနီးများ၊ တိုင်း/ခရိုင် မကွေးမြို့နယ်သာသနာရေးဦးစီးဌာန၊ တိုင်း၊ ခရိုင် မြို့နယ်များမှ ဌာနဆိုင်ရာအရာရှိများ၊ ဖိတ်ကြား ထားသော ဧည်သည်တော်များ (၁၀၀)ဦးခန့်တက်ရောက်ကြကြောင်း သတင်းရရှိသည်။ ဗုဒ္ဓမြတ်စွာဘုရားသခင် ဓမ္မာစင်္ကြာတရားဦး ဟောဆိုသော နေ့ထူးနေ့မြတ် ၀ါဆိုလပြည့်နေ့တွင် မကွေးမြို့ မြသလွန်စေတီတော်ပေါ်၌ နံနက်(၄)နာရီမှ စ၍ ည(၁၀)နာရီအထိ ဆွမ်း၊ ရေချမ်း၊ ဆီးမီး၊ ၀ါဆိုပန်းများဆက်ကပ်ခြင်း၊ ၀ါဆိုသင်္ကန်းများဆက်ကပ်ပူဇော်ခြင်း ကို အများပြည်သူများ မှ နေ့/ညအဆက်မပြတ် စည်ကားသိုက်မြိုက်စွာဖြင့် လှူဒါန်းပူဇော် နေကြကြောင်း သတင်းရရှိသည်။
 

``မကွေးတိုင်းအတွင်း အကြီးဆုံးဟိုတယ် ဆိုရမည့် မကွေးမြို့မှ နန်းထိုက်သူ အဆင့်မြင့်ဟိုတယ် ဖွင့်ပြီ´´

ဇူလိုင်(၂၁)ရက်နေ့ နံနက်(၉)နာရီအချိန်တွင် မကွေးမြို့ အောင်မေတ္တာ(A)ရပ်ကွက် ကမ်းနားလမ်းရှိ နန်းထိုက်သူ အဆင့်မြင့်ဟိုတယ် ဖွင့်ပွဲကျင်းပကြောင်း သတင်းရရှိသည်။ အဆိုပါဟိုတယ်မှာ မကွေးတိုင်းအတွင်း အကြီးဆုံးဟိုတယ် ဆိုရမည်ဖြစ်ကြောင်း၊ ဟိုတယ်အဆင့်စစ်ဆေးရေးအဖွဲ့မှ စစ်ဆေးလျှင် ကြယ်သုံးပွင့် အဆင့်ရနိုင်မည်ဟု မီဒီယာသမားများမှ ခန့်မှန်းသည်။ နန်းထိုက်သူ အဆင့်မြင့်ဟိုတယ် ပိုင်ရှင် ဦးစံထွေး နှင့် မကွေးမီဒီယာများနှင့် ဇူလိုင်(၂၀)ရက်နေ့ ညနေပိုင်းတွင် တွေ့ဆုံပွဲကျင်းပ၍ ဟိုတယ် နှင့်ပါတ်သက်သော အချက်အလက်များကို ရှင်းလင်းသည်။ ဟိုတယ် တည်ဆောက်ထားသော မြေဧရိယာမှာ(၆.၃၃)ဧက ကျယ်ဝန်းကြောင်း၊ ဟိုတယ်တွင် အခန်းပေါင်း (၆၈)ခန်းထားရှိ၍ အထပ်ပေါင်းလေးထပ်တည်ဆောက်ထားကြောင်း၊ အခန်းအဆင့်များကို ငါးမျိုးခွဲခြားထားကြောင်း၊ ဧရာဝတီမြစ်ဘက်သို့ တစ်ဖက်မြင်ရှုခင်း၊ နှစ်ဘက်မြင့်ရှုခင်း၊ သုံးဘက်မြင်ရှုခင်း စသည့်အလိုက်ခွဲခြားထားတာဖြစ်ကြောင်း၊ တည်းခိုသော ဧည်သည်များကို နံနက်စာအဖြစ် နေ့စဉ် ဘူးဖေးဖြင့် ဟိုတယ်မှ ဧည့်ခံကျွေး၍ နေ့လည်စာ နှင့် ညနေစာများကို သတ်မှတ်ထားသော ဈေးနှုန်းများအတိုင်း ကြိုက်နှစ်သက်ရာ အစား အသောက်များကို ၎င်းဟိုတည်တွင် မှာယူ စားသုံးနိုင်ပါကြောင်း၊ အပေါ်ဆုံးအထပ်တွင် အကန့် နှစ်ခုခွဲပြီး အခြားပြင်ပမှ လာသောဧည်သည်များအတွက် ကြိုတင်အော်ဒါမှာယူပြီး စားသောက်နိုင်အောင် စီစဉ်ထားပါကြောင်း၊ ပါတီပွဲ နှင့် မွေးနေ့ပွဲများအတွက် သီးသန့် စီစဉ်ပေးထားပါကြောင်း၊ ဟိုတယ်တွင် ဓါတ်လှေကား(၂)ခု တပ်ဆင်ထား၍ ပြင်ပမှ လာရောက်စားသုံးကြသော ဧည့်သည်များနှင့် မိတ်ဆွေအပေါင်းအသင်းများ အသုံးပြုရန် အများသုံးဓါတ်လှေကားနှင့် ဟိုတယ်တွင်းရှိ ဧည့်သည်များ အသုံးပြုရန်အတွက် ဓါတ်လှေကားဆိုပြီး သီးခြားစီ တပ်ဆင်ထားပါကြောင်း၊ ဟိုတယ်တွင် ဧည့်သည်များအတွက် မာဆပ်ခန်း၊ အညာဒေသထွက်ကုန်ပစ္စည်းအရောင်းခန်း၊ အစည်းအဝေးခန်းမ၊ မင်္ဂလာခန်းမ နှင့် အလှပြင်ခန်းများပါစီစဉ် ဆောင်ရွက် ပေးထားကြောင်း၊ တည်းခိုခများကို အနည်းဆုံး(၃၂၀၀၀ိ) အများဆုံး (၁၀၀၀၀၀ိ)ထိ အဆင့်ငါးမျိုးခွဲခြားထား ကြောင်း၊ နိုင်ငံခြားသားများအတွက် ဒေါ်လာ(၅၀ မှ ၇၀)အထိ သတ်မှတ်ထားပါကြောင်း၊ အဆိုပါ ဟိုတယ်ဖွင့်လှစ်ရသော ရည်ရွယ်ချက်မှာ မကွေးတိုင်းဒေသကြီး မကွေးမြို့အတွက် နိုင်ငံတကာနှင့် ရင်ဘောင်တန်းနိုင်အောင် အဆင့်မြင့် ဟိုတယ်အဖြစ် တည်ဆောက်ရပါကြောင်း၊ လက်ရှိ မကွေးမြို့မှာ ဟိုတယ်အခန်းများကို ကြိုတင် ဘုတ်ကင်လုပ်လျှင် အခက်အခဲများဖြစ်နေ၍ ဟိုတယ်များတွင်တည်းခိုလိုသော မကွေးတိုင်းဒေသကြီးသို့လာရောက်ကြသော ၀န်ကြီးဌာနဆိုင်ရာ လူကြီးများ၊ နိုင်ငံခြားသားများ လေ့လာရေးခရီးနှင့် ပညာသင်ကြားရေးအတွက် တည်းခိုနိုင်ရန်၊ တက္ကသိုလ်ကျောင်းအသီးသီး မှ မိဘဆွေမျိုး သားချင်းများ၏ လိုအပ်ချက်အရ တောင်းဆိုမှုအရ နန်းထိုက်သူ အဆင့်မြင့်ဟိုတယ်အဖြစ် တည်ဆောက်ပါကြောင်း၊ မနက်ဖြန် ဇူလိုင်(၂၁)ရက် နေ့ကစတင်ပြီး ဧည်သည်များ ကြွရောက်တည်းခိုနိုင်ပြီဖြစ်ကြောင်း ဟိုတယ်ပိုင်ရှင် ဦးစံထွေး မှ မီဒီယာများကို ရှင်းပြသည်။ ဇူလိုင်(၂၁)ရက်နေ့တွင် အဆိုပါ ဟိုတယ်ဖွင့်ပွဲသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးဘုန်းမော်ရွှေ နှင့် အစိုးရ၀န်ကြီးများ ဌာနဆိုင်ရာမှ ဖိတ်ကြားထားသော ဧည့်သည်တော်(၁၀၀)ကျော်ခန့် တက်ရောက်ကြောင်း၊ ကြွရောက် လာကြသော ဧည်သည်တော်များကို နန်းထိုက်သူ ဟိုတယ် ဖွင့်ပွဲ အမှတ်တရလက်ဆောင်ပစ္စည်းများချီးမြှင့်၍ နံနက်စာ ဘူဖေးဖြင့် ဧည့်ခံကျွေးမွေးပြီး နံနက်(၁၀)နာရီတွင် ဟိုတယ်ဖွင့်ပွဲအခမ်းအနားပြီးဆုံးကြောင်း သတင်းရရှိသည်။
 

``ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်များအားရည်းစူး၍ ပဲပြုပ်နဲ့ နံပြား ဂေါ်ဆွမ်းလောင်းလှူသော စကုမြို့´´

(၆၆)ကြိမ်မြောက် 19 July နေ့ နံနက်ပိုင်းတွင် မကွေးတိုင်း မင်းဘူးခရိုင် စကုမြို့ ဆွမ်းလောင်းအသင်း၌ သံဃာတော်အပါး(၁၈၀)ကို ဂေါ်ဆွမ်းအဖြစ် ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်များအားရည်းစူး၍ ပဲပြုပ်နဲ့ နံပြား ဆွမ်းဆက်ကပ်လှူဒါန်းကြောင်း သတင်းရရှိသည်။ ထို့နောက် နံနက်(၉)နာရီအချိန်တွင် မင်းဘူး/စကုမြို့နယ် အတွင်းရှိ ကျေးရွာပေါင်း(၆၉)ရွာမှ ပြည်သူလူထု(၅၀၀၀)ခန့်သည် လွမ်းသူပန်းခွေ(၅၁)ခွေဖြင့် စကုမြို့ အာဇာနည် ဗိမာန်ကျောင်း တိုက်သို့ ချီတက်ကြ၍ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများအား ရည်စူးပြီး လွမ်းသူပန်းခွေချ အလေးပြုကြ သည်။ အဆိုပါ ချီတက်အလေးပြုပွဲတွင် မြန်မာမူစ္စလာင်္မများအဖွဲ့ နှင့် ဘာသာပေါင်းစုံမှ ပါဝင်ကြောင်း ထိုအခမ်းအနားအား သက်ဆိုင်ရာဒေသအာဏာပိုင်များမှ တားဆီးခြင်းမရှိဘဲ လုံခြုံရေးအတွက် ကူညီဆောင်ရွက် ပေးကြောင်း၊ အာဇာနည် နေ့အကြို ဇူလိုင်(၁၆/၁ရ)ရက်နှစ်ည စကုမြို့ ပုညရှင်ဓမ္မာရုံနှင့် မင်းဘူမြို့ သုခမိန်ခမ်းမတို့တွင် အာဇာနည်နေ့ အထိမ်းအမှတ် စာပေဟောပြောပွဲများကျင်းပနိုင်ခဲ့ကြောင်း၊ စာရေးဆရာမ စမ်းစမ်းနွဲ့(သာယာဝတီ)၊ ကာတွန်း ၀င်းအောင် နှင့် ဘလော့ဂါ နေဘုန်းလတ် တို့ ဟောပြောခဲ့ကြောင်း မကွေးတိုင်း NLD ပါတီ အတွင်းရေးမှူး ဦးနေမျိုးကျော် မှ ပြောသည်။
 

``မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ မှ (၆၆)ကြိမ်မြောက် အာဇာနည်နေ့တွင် သံဃာတော်(၉)ပါးဆွမ်းဆက်ကပ်´´

ဇူလိုင်(၁၉)ရက်၊ နံနက်(၁၀ နာရီ မှ ၁၀း၃၀)နာရီအထိ မကွေးမြို့ ရန်ကင်းရပ် မြို့ပါတ်လမ်းရှိ ကျောင်းထိုင်ဘုန်းကြီး သင်တန်းကျောင်း၊ တိုင်းသံဃနာယက ဆရာတော်ကျောင်း၌ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ မှ (၆၆)ကြိမ်မြောက် အာဇာနည်နေ့တွင် လွန်ခဲ့သော(၁၉၄၇)ခုနှစ်က ကျဆုံးခဲ့လေပြီးသော အာဇာနည်ပုဂ္ဂိုလ်များအား ရည်စူးပြီး သံဃာတော် (၉)ပါး ပင့်ဖိတ်၍ ဆွမ်းဆက်ကပ်လှူဒါန်းခြင်း၊ အလှူဒါနပြုအမျှဝေခြင်း အခမ်းအနားကျင်းပကြောင်း သတင်းရရှိသည်။ ပင့်ဖိတ် သံဃာတော်အရှင်မြတ်(၉)ပါးတို့မှ နမောတဿ သုံးကြိမ်ရွတ်ဆိုဖွင့်လှစ်ပြီး မေတ္တသုတ် ပရိတ်တော်များ ဖြင့် ချီးမြှင့်ကြသည်။ မကွေးမြို့ ရာဇမုနိတောင်ပေါ်ကျောင်းတိုက် ပဓာနနာယက၊ နိုင်ငံတော်သြ၀ါစရိယ၊ တိုင်းဒေသကြီး (ဘ/က)ကျောင်း ကြီးကြပ်ရေးမှူးကော်မတီ ဥက္ကဋ္ဌ ဘဒ္ဒ န္တကေလာသ (မဟာသတ္တမ ဇောတိကဓဇ)အရှင်သူမြတ်မှ ပရိတ် သတ်များ အား ငါးပါးသီလ ချီးမြှင့်သည်။ အဆိုပါအခမ်းအနားသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးဘုန်းမော်ရွှေ နှင့် အစိုးရ၀န်ကြီးများ၊ တိုင်းဥပဒေချုပ်၊ တိုင်းတရားသူကြီးချုပ်၊တိုင်းစာရင်းစစ်ချုပ်၊ သာသနာရေးဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး၊ တိုင်း၊ ခရိုင် မြို့နယ်များမှ ဌာနဆိုင်ရာအရာရှိများ၊ ဖိတ်ကြားထားသော ဧည်သည်တော်များ တက်ရောက်ကြကြောင်း၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် နိုင်ငံရေးပါတီများမှ ပါတီတစ်ခုတွင် (၅)ဦးဖိတ်ကြားထားကြောင်း မကွေးတိုင်း ပြည်ခိုင်ဖြိုးပါတီ၊ NLD ပါတီ၊ NDF ပါတီ၊ တ.စ.ည ပါတီဝင် ကိုယ်စားလှယ်များ နှင့် စုစုပေါင်း(၁၀၀)ကျော်ခန့် တက်ရောက်ကြောင်း သတင်းရရှိသည်။
 

``မကွေးမြို့နယ် NLD ပါတီဝင်များ ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးကြေးရုပ်သို့ ချီတက်၍ လွမ်းသူပန်းခွေချ အလေးပြု´´

19 JULY အာဇာနည်နေ့တွင် နံနက်၈း၄၅ မှ နံနက်(၁၀)နာရီအချိန်အထိ မကွေးမြို့နယ် NLD ပါတီဝင်အင်အား (၁၀၀၀)ကျော်ခန့်သည် မြင်သာရပ်ကွက် မဲထီးလမ်းရှိ NLDပါတီရုံးမှ စိုးကောမင်းရပ်ကွက် ဗိုလ်ချုပ်လမ်း လွပ်လပ်ရေး ကျောက်တိုင်ပန်းခြံအနီးရှိ ဗိုလ်ချုပ်အောင်ဆန်းမြင်းစီးကြေးရုပ် သို့ ချီတက်၍ လွမ်းသူပန်းခွေချ အလေးပြု ကြောင်းသတင်း ရရှိသည်။ အဆိုပါ ဗိုလ်ချုပ်အောင်ဆန်းမြင်းစီးကြေးရုပ်ရှိ ပန်ခြံဝန်းတံခါးပေါက်များအားလုံးကိုလည်း အာဇာနည်နေ့မတိုင်မီ နေ့ရက်များမှ စတင်၍ စည်ပင်သာယာရေးဌာနမှ ဖွင့်လှစ်ပေးထားကြောင်း မြင်တွေ့ရပါသည်။ (ယခင်နှစ်က ၀င်ခွင့်မပြု၊ တံခါးများပိတ်ထားသည်။) အလားတူ မကွေးမြို့ ပွင့်လင်းလူ့အဖွဲ့အစည်းလူမှုကွန်ယက် မှ အဖွဲ့ဝင်များ၊ ၈၈ ကျောင်းသားလူငယ်အဖွဲ့ဝင်များ နှင့် အခြားသော လူမှုရေးအသီးသီးမှ အဖွဲ့ဝင်များ စုပေါင်း၍ အဖွဲ့လိုက်ချီတက်၍ အလေးပြုကြကြောင်း မြင်တွေ့ရသည်။ ရပ်ကွက်တွင်းရှိ မူလတန်း အလယ်တန်း အထက်တန်းကျောင်းသူ ကျောင်းသားများနှင့် မိဘပြည်သူများ၊တက္ကသိုလ် အသီးသီးမှ ကျောင်းသား၊ကျောင်းသူများ တစ်ဖွဲဖွဲဖြင့် ချီတက်လေးပြုကြကြောင်း၊ သက်ဆိုင်ရာ ဒေသအာဏာပိုင်များနှင့် ရဲတပ်ဖွဲ့ဝင်များ နှင့် ယာဉ်ထိမ်းရဲတပ်ဖွဲ့တို့မှ အတားအဆီး အနောက်အယှက်မပြုဘဲ ချီတက်အလေးပြုသူအားလုံးအား လုံခြုံရေး နှင့် ယာဉ်အသွားအလာများကို စနစ်တစ်ကျဖြစ်အောင် ကူညီဆောင်ရွက်ပေးကြောင်း မြင်တွေ့၍ သတင်းရယူ ခဲ့ပါသည်။ `ယခုလိုပြည်သူလူထုတွေ လူစုလူဝေးနဲ့ပါတီအလိုက် အဖွဲ့အစည်းအလိုက် အာဇာနည်နေ့မှာ ချီတက်ပြီးအလေး မပြုခဲ့ရတာ နှစ်ပေါင်း(၂၀)ကျော်ခဲ့ပါပြီ..။ ယခု ကျွန်တော်တို့က တစ်သီးပုဂ္ဂလအဖွဲ့အနေနဲ့ သူငယ်ချင်းတွေစုပေါင်း တန်းစီးချီတက် အလေးပြုကြတာပါ..။ ဘယ်အဖွဲ့အစည်းကိုမျှ ကိုယ်စားမပြုပါဘူး။´ဟု လူငယ်ဆယ်နှစ်ယောက်အုပ်စုမှ လူငယ်တစ်ဦးက မြန်မာပို့စ် ကိုပြောသည်။
 

``မကွေးမြို့ 19 July (၆၆)နှစ်မြောက် အာဇာနည်နေ့ ကောင်းမှုဒါနကုသိုလ်များ အမျှဝေ´´

ဇူလိုင်(၁၉)ရက် နံနက်(၅)နာရီအချိန်တွင် မကွေးမြို့ စိုးကောမင်းရပ် နတ်မောက်လမ်း သံဃရာမ စာသင်ကျောင်းတိုက်ရှိ သံဃာတော်အပါး(၁၀၀)ကျော်အား မကွေးတိုင်း/ခရိုင်/မြို့နယ် NLDပါတီဝင်အင်အား(၅၀) ခန့်မှ နံနက်အာရုံဆွမ်းဆက်ကပ်လှူဒါန်းကြောင်း၊ ကျောင်းထိုင်ဆရာတော်မှ 19 July (၆၆)နှစ်မြောက် အာဇာနည်နေ့ ကောင်းမှု ဒါနကုသိုလ်များကို ကျဆုံးလေပြီသော အာဇာနည်ခေါင်းဆောင်ကြီးများအား NLDပါတီဝင်များနှင့်အတူ အမျှပေးဝေကြသည်။ အလားတူ ဇူလိုင်(၁၉)ရက် နံနက်(၅)နာရီအချိန် မကွေးမြို့ ရွာသစ်ရပ်ကွက် ၁၅လမ်း ရှိ ဦးမောင်မောင်စိုး တိုက်တွင် ပွင့်လင်းလူ့အဖွဲ့အစည်း လူမှုကွန်ယက် အဖွဲ့ဝင်များ(၂၀)ခန့်ဖြင့် သံဃာတော်(၅)ပါးအားပင့်ဖိတ်၍ ဒန်ပေါက်ဆွမ်းနှင့် သင်္ကန်းများဆက်ကပ်လှူဒါန်းပြီး အကျဆုံးလေပြီသော အာဇာနည်ခေါင်းဆောင်ကြီးများအားရည်စူး၍ ပွင့်လင်းလူ့အဖွဲ့ အစည်း လူမှုကွန်ယက် ဥက္ကဋ္ဌနှင့် အတူ အဖွဲ့ဝင်များမှ အမျှပေးဝေကြသည်။ အဆိုပါNLD ပါတီအဖွဲ့ဝင်များ နှင့် ပွင့်လင်းလူ့အဖွဲ့အစည်း လူမှုကွန်ယက် အဖွဲ့ဝင်များသည် အများပြည်သူများ နှင့်အတူ ပူးတွဲ၍ အာဇာနည်ခေါင်းဆောင်ကြီးများကျဆုံးချိန်တွင် မကွေးမြို့ အစိုးရရပ် ဗိုလ်ချုပ်လမ်းရှိ ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးကြေးရုပ် သို့ စုပေါင်းချီတက်ကြ၍ လွမ်းသူပန်းခွေများချပြီး အလေးပြုကြမည်ဟု နံနက်(၇)နာရီ အထိ သတင်းရရှိ သည်။ (စုပေါင်း ချီးတက်အလေးပြု သတင်းထပ်မံတင်ပြပါမည်။)
 

``မကွေးမြို့ နေ့စဉ်သံဃဒါန ဆွမ်းလောင်းအသင်း၏ (၅၆)နှစ်မြောက် အသင်းနှစ်ပတ်လည် အထိမ်းအမှတ် အလှူတော်မင်္ဂလာ´´

မကွေးမြို့ ဈေးလယ်စိုးရပ် ဘုရားလမ်ရှိ နေ့စဉ်သံဃဒါန ဆွမ်းလောင်းအသင်းဓမ္မဗိမာန်တွင် ဇူလိုင်(၈)ရက် နံနက်(၉)နာရီ အချိန်မှာ နေ့စဉ်သံဃဒါန ဆွမ်းလောင်းအသင်း၏ (၅၆)နှစ်မြောက် အသင်းနှစ်ပတ်လည် အထိမ်းအမှတ် အဖြစ် အလှူတော်မင်္ဂလာ ကျင်းပကြောင်းသတင်းရရှိသည်။ အဆိုပါ ဆွမ်းလောင်းအသင်းသည် မကွေးမြို့ပေါ်ရှိ စာသင်တိုက်ကျောင်း(၂၀)ကျော် နှင့် မြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများတွင် သတင်းသုံးတော် မူလျှက်ရှိသော သံဃာတော်အရှင်အပါး(၂၀၀၀)ခန့်ကို နေ့စဉ်မပျက် အာရုံဆွမ်းလောင်းလှူပေးကြောင်း၊ (၈၈) အရေးတော်ပုံကာလ နှင့် ၂၀၀၇ သံဃအရေးတော်ပုံများကာလတွင်လည်း နေ့စဉ်မပျက်မကွက် ဘုန်းတော်ကြီးကျောင်းများသို့အရောက် ဆွမ်းပို့ ဆက်ကပ် လှူဒါန်းနိုင်ခဲ့သည်ဟု သိရသည်။ ဇူလိုင်(၈)ရက်နေ့ နံနက်(၉)နာရိတွင် နေ့စဉ်သံဃဒါန ဆွမ်းလောင်းအသင်း၏ (၅၆)နှစ်မြောက် အသင်းနှစ်ပတ်လည် အထိမ်းအမှတ် အဖြစ် အလှူတော်မင်္ဂလာသို့ ကြွရောက်ချီးမြှင့်သော ဆရာတော်ကြီး(၂၁)ပါးအား လှူဘွယ်ပစ္စည်းများနှင့် နေ့ဆွမ်း ဆက်ကပ်လှူဒါန်းကြောင်း၊ ၎င်း(၅၆)နှစ်မြောက်နေ့တွင် ထာဝရဆွမ်းငွေပဒေသာပင်အလှူရှင် ဦးထွန်းခင် ဒေါ်ခင်မျိုးလဲ့မိသားစု မှ ဆွမ်းပဒေသာပင်ငွေကျပ်(၅၆)သိန်း(၁)သောင်းပေးအပ်လှူဒါန်းကြောင်း၊ မကွေးတိုင်းဆေးရုံကြီးတွင် တက်ရောက်လျှက် ဆေးကုသနေကြသော သံဃာတော်များအတွက် (၂၁)ကြိမ်မြောက် ဘေသစ္စဒါန ဆေးဘိုးအလှူ တော်ငွေ တစ်သိန်း နှစ်သောင်းလှူဒါန်းကြောင်း၊ ဖန်းခါးမြေ ဘိုးဘွားရိပ်သာအတွက် တစ်နေ့တာ အဟာရဒါနအလှူတော်ငွေ နှစ်သောင်း ငါးထောင်လှူဒါန်းကြောင်း၊ သီတာရုံသီလရှင်ကျောင်းနှင့် သာသနာ့ဂုဏ်ရည်သီလရှင်ကျောင်းများအတွက် စာရေးကိရိယာ များ အသီးသီးလှူဒါန်းကြောင်း ၊ အသင်း၏လုပ်ငန်းအရပ်ရပ်နှင့် စပ်လျဉ်း၍ အသင်း၏အတွင်းရေးမှူး ဦးခင်မောင်တင့်မှ ဖတ်ကြားလျှောက်ထား၍ အဆိုပါအခမ်းအနားကို ဖိတ်ကြားထားသူ ဆွမ်းအလှူရှင်များနှင့် ဧည့်သည်တော် များ (၁၀၀)ခန့်ကြွရောက်ချီးမြှင့်၍ နေ့လည်(၁၁)နာရီတွင်အခမ်းအနားပြီးကြောင်း နေ့စဉ်သံဃဒါန ဆွမ်းလောင်းအသင်း၏ ဒုတိယ ဥက္ကဋ္ဌ ဦးတင်လှိုင် က မြန်မာပို့စ် သို့ပြောသည်။
 

``မကွေးမြို့တွင် 7 JULY နှစ်ပတ်လည်နေ့ အခမ်းအနားကျင်းပ´´

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမ္မဂများအဖွဲ့ချုပ် (မြေလတ်ဒေသ) လူငယ်ကျောင်းသားများအဖွဲ့သည် ဇူလိုင်(၇)ရက်နေ့ နံနက်(၉ မှ ၁၁)နာရီတွင် မကွေးမြို့ ရန်မျိုးနိုင်ရပ်ကွက် ခွါညိုလမ်းနှင့် ၃-လမ်းထောင့် ကိုအောင်ကျော် ကျော် နေအိမ်ခြံဝိုင်း အတွင်း၌(၅၁)မြောက် 7 JULY နှစ်ပတ်လည်နေ့ အခမ်းအနား ကို ကျင်းပကြောင်း သတင်းရရှိသည်။ မြေလတ်ဒေသ ကျောင်းသားသမ္မဂအဖွဲ့ချုပ် ကျောင်းသားအဖွဲ့ဝင်များ နှင့် ဧည်သည်တော်များ (၇၀)ဦးခန့် တက်ရောက်ကြောင်းသိရသည်။ အဆိုပါအခမ်းအနားတွင် မကွေး(၈၈)အရေးတော်ပုံသပိတ်ခေါင်းဆောင် ဦးမြင့်ဦးက အဖွင့်ဂုဏ်ပြုစကားပြော၍ မကွေး မြစ်ကွေ့ဧရာလူမှုကွန်ယက် ဥက္ကဋ္ဌ ဦးခင်မောင်ကြည်နှင့် အတွင်းရေးမှူး ဦးအောင်ကျော်ကျော် တို့က ကျောင်းသားသမ္မဂအဖွဲ့ချူပ်(မြေလတ်ဒေသ) လူငယ်ကျောင်းသားများကို ဂုဏ်ပြုအားပေးစ ကားပြောကြားကြောင်း၊ (၈၈)ကျောင်းသားဟောင်း ကိုသန်းနိုင်မှ 7 LULY ကျောင်းသားသမ္မဂ၏ သမိုင်းကြောင်း ကိုပြောကြားသည်။ ထို့နောက် မကွေးမြို့ ၅၁ နှစ်ပြည့် (7 JULY နှစ်ပတ်လည်အခမ်းအနားသို့)လူဘောင်သစ်လူငယ်အဖွဲ့မှ ပေးပို့သော သ၀န်လွှာကို မြေလတ်ဒေသ ကျောင်းသားသမ္မဂအဖွဲ့ဝင် ကိုရန်ပိုင်မြင့် က ဖတ်ကြားသည်။ ``ဒီနေ့ အခမ်းအနားကို ကျမ တော်တော်ရင်တွေခုန်နေပါတယ်။ 7 JULY ဒီလိုအခမ်းအနာကို ကျင်းပနိုင်အောင် ကျမတို့အရင်က ကျောင်းသားတွေရဲ့အသက်တွေ သွေးတွေ ချွေးတွေကိုစတေးခဲ့ရပါတယ်။ အဲဒီသွေးတွေဟာ ယနေ့အထိ ကျမတို့ရဲ့ခန္ဓာကိုယ်ထဲမှာ စီးဆင်းနေလျှက်ပါ။ သူတို့ရဲ့ခံယူချက်တွေအတိုင်း မော်လီဖိုင်းလုပ်ပြီး ကျမတို့ဆက်လက် ခံယူကြမယ်။ ဒါကြောင့် ဒီလိုနေ့မှာ ၀မ်းနည်းနည်းနေမယ့်အစား ကျမတို့ကျောင်းသားတွေ အားလုံးရဲ့ခေါင်းတွေနဲ့ အားသစ်တွေ ဆက်လက်မွေးကြမယ်။ ရှေ့လုပ်ငန်းစဉ်တွေကိုအောင်မြင်အောင် တက်လှမ်းဆောင်ရွက်နေကြမှာပါ။ ကျမတို့မြေလတ်ဒေသ ဗ.က.သ ကျောင်းသားသမ္မဂအနေနဲ့ ဘယ်လိုခံယူထားသလဲဆိုရင် ကျမတို့ရဲ့ခွပ်ဒေါင်းအလံကို ထိပ်ဆုံးမှာတင်ပြီးတော့ ကျမတို့ကျောင်းသားတွေရဲ့လက်တွေကို မြဲမြဲမြန်မြန်တွဲချိတ်ကြပြီး ကျမတို့ရဲ့ချေထောက်တွေနဲ့ ၀ိရိယရှိရှိ တက်တက်ကြွကြွနဲ့ ဒီမိုကရေစီ နိုင်ငံတော်သစ်ကြီးဆီသို့ချီတက်ကြမယ်၊ ဘယ်လိုအတားအဆီးအခက်အခဲတွေနဲ့ ကြုံရ ကြုံရ ခွပ်ဒေါင်းအလံနဲ့တစ်ကွ ကျမတို့ခွပ်ဒေါင်းစိတ်အပြည့်နဲ့ကျောင်းသားသမ္မဂအဖွဲ့ချုပ် ဟာ ပြည်သူတွေအတွက်ဆိုရင် ဘယ်သောအခါမှ ဦးညွှန်ပြီး သွေဖီမသွားဖူးဘူးလို့ပြောကြားရင်း နိဂုံးချုပ်ပါတယ်..။´´ဟု ကျောင်းသားသမ္မဂအဖွဲ့ချူပ်(မြေလတ်ဒေသ) အတွင်းရေးမှူး မအေးမြတ်မွန်ကပြောသည်။ `ဒီမိုကရေစီသွားနေနဲ့ နိုင်ငံတော်မှာ လွပ်လတ်စွာသဘောထားကွဲလွဲနိုင်ပါတယ်။ ကျောင်းသားများသမ္မဂ ညီလာခံကြီးလုပ်ဖို့လဲ ကျွန်တော်တို့ စီစဉ်ဆောင်ရွက်ထားပါတယ်။ လက်ရှိအုပ်ချုပ်နေတဲ့အစိုးရဟာ ပြောတဲ့အတိုင်း ဒီမိုကရေစီကို မှန်မှန်ကန်ကန်နဲ့ ချီတက်မယ်ဆိုရင် လက်ခံပါ့မယ်။ ပြည်သူလူထုတွေမျှော်မှန်းထားတဲ့ ဒီမိုကရေစီကိုသွေဖယ် သွားမယ်ဆိုရင် ဘယ်အစိုးရကိုမဆို ကျွန်တော်တို့ ဆန့်ကျင်သွားမှာပါ။ ကျောင်းသားဆိုတာ ကျောင်းရဲ့သားပါ။ ကျောင်းဆိုတာ ပြည်သူတွေကဆောက်ပေးတဲ့အိမ်ပါ။ ပြည်သူတွေဆောက်ပေးတဲ့အိမ်မှာနေ့ရလို့ ကျွန်တော်တို့ဟာ ပြည်သူတွေရဲသားပါဘဲ။ ဒါကြောင့် ပြည်သူတွေ ထမင်းငတ်ရင် ကျွန်တော်တို့ ထမင်းငတ်မယ်၊ ပြည်သူဒုက္ခရောက်ရင် ကျွန်တော်တို့လဲ ငတ်မယ် ဒုက္ခရောက်ကြပါ့မယ်။ ဒါကြောင့် ကျွန်တော်တို့က ပြည်သူတွေဘက်ကဘဲ အမြဲရပ်တည်နေ ပါ့မယ်။ ဘယ်အစိုးရမဆို ပြည်သူတွေကို မတရားသဖြင့် ဖိနိပ့်ချုပ်ချယ်ပြီး ပြည်သူတွေအတွက် ဘာအကျိုးကိုမှ ဆောင်ရွက်မပေးနိုင်ဘူးဆိုရင် ကျောင်းသားတွေဟာ အမျိုးသားနိုင်ငံရေးလုပ်ကြရပါ့မယ်၊ ကျောင်းသားနိုင်ငံရေး မလုပ်ရဘူးဆိုတာကို လက်မခံနိုင်ပါဘူး။ ကျွန်တော်တို့( မြေလတ်ဒေသ) ဗ.က.သ အဖွဲ့ဟာ မည်သူတစ်ဦးတစ်ယောက်ရဲ့ လက်အောက်ခံမျှ မဟုတ်ပါဘူး။ ဘယ်အဖွဲ့အစည်းရဲ့လက်အောက်ခံမျှလည်း မဟုတ်ပါဘူး …။´´ ဟု ကျောင်းသားသမ္မဂ အဖွဲ့ချူပ်(မြေလတ်ဒေသ) ဥက္ကဋ္ဌ ကိုခန့်ထူး ကပြောသည်။
 

``မြန်မာပြည်တွင်း၌ ရှားစေးစက်ရုံ တစ်လုံးတည်းသာရှိသော ဆိပ်ဖြူမြို့နယ်ရှိ မျိုးဇင်ဇာ ကုမ္ပဏီပိုင် ရှားစက်ရုံကို မပိတ်သိမ်းနိုင် ဟု မကွေးတိုင်းဒေသကြီးလွှတ်တော်မှ ပြန်လည်ရှင်း´´

ဇူလိုင်(၄)ရက်မှ(၉)ရက်နေ့ထိ ကျင်းပသော ပထမအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် ဆဋ္ဌမ ပုံမှန်အစည်း အဝေးတွင် (မိုးနည်းရေရှားဒေသ စိမ်းလန်းစိုပြေရေးကို ဖျက်ဆီးနေသော ဆိပ်ဖြူမြို့နယ်ရှိ` မျိုးဇင်ဇာ´ ရှားစေးချက်စက်ရုံကို ပိတ်သိမ်းပေးရန်) အစီအစဉ်ရှိ/မရှိမေးခွန်းတင်ခဲ့ကြောင်း၊ ၎င်းမေးခွန်းတင်သူ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်စိုးက အဆိုပါမေးခွန်းဖြေကြားချက်များနှင့်ပါတ်သက်၍ သဘောမကျခဲ့ကြောင်း၊ (အပူပိုင်းဒေသ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစို ပြေရေး)နှင့် လုံးဝဖီလာကြီးဖြစ်နေကြောင်း၊ ထို့ကြောင့် မကွေးတိုင်းဒေသကြီးလွှတ်တော်မှာ သစ်တောသတ္တုနှင့် စွမ်းအင် ၀န်ကြီး ဌာန ၀န်ကြီး ဦးသိန်းထွန်း ၏ ဖြေဆိုချက်များကို ဦးမြင့်စိုး က မြန်မာပို့စ်သို့ ပြောပြသည်။ မျိုးဇင်ဇာ ကုမ္ပဏီသည် ရှားစေးကျွမ်းကျင်ပညာရှင်များဖြင့် ပူးပေါင်း၍ ဆိပ်ဖြူမြို့နယ်အတွင်း ရှားစေးစက်ရုံတည်ပြီး ရှားစေးကို ရှားစေးအရည်အဖြစ်ကုန်ချောပြုလုပ်ပြီး အန္ဒိယနိုင်ငံသို့တင်ပို့ရောင်းချကြောင်း၊ ထိုကုမ္ပဏီကို ၂၀၀၈၊ ဇန်န၀ါရီ(၁) နေ့တွင် ကုမ္ပဏီမှတ်ပုံတင်လက်မှတ်- ၁၃၃၀/၂၀၀၇-၂၀၀၈ ဖြင့် ထုတ်ကုန်သွင်းကုန်လုပ်ငန်းရှင်အမှတ် မှတ်ပုံတင်လက်မှတ် ၂၁၆၉၁/၂၃-၁-၂၀၀၈၊ ကုန်သည်များနှင့်စက်မှုလက်မှုအသင်းချုပ် အသင်းဝင်လက်အမှတ် ၁၇၃၀၇/၈-၂-၂၀၀၈ လက်မှတ် အသီးသီးဖြင့် လုပ်ကိုင်ခွင့်ရထားသော(အထောက်အထားများ တင်ပြ) ကုမ္ပဏီဖြစ်ကြောင်း၊ ထိုစက်ရုံကို အမှတ်(၁)၀န်ကြီး ဌာန၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဌာန( EI) မှ ၂၀၁၀ အောက်တိုဘာ(၁၂)ရက်နေ့စွဲဖြင့် ခွင့်ပြုခဲ့ပြီး ၂၀၁၂ နိုဝင်ဘာ (၂၂)ရက်နေ့စွဲဖြင့် ၎င်းEI က ယာယီလက်မှတ်ထုတ်ပေး၍ စက်ယန္တရားလည်ပတ်ခွင့်ပေးထားကြောင်း၊ သစ်တောဦးစီး ဌာန ညွှန်ကြားရေးမှူးရုံးစာဖြင့် ၂၀၁၀ အောက်တိုဘာ(၁၂)ရက်နေ့ခွင့်ပြုချက်အရ မကွေးတိုင်းဒေသကြီး သစ်တောဦးစီးဌာန ၏ ခွင့်ပြုချက်ဖြင့် ၂၀၁၀ ခုနှစ်မှ၂၀၁၄ အထိ ရှားသစ်(သစ်မာ) ခွဲစိတ်ရန်အတွက် သက်ခွဲစက်(၃)လုံးကို နှစ်စဉ် သက်တမ်းတိုးပေးပြီး လုပ်ပိုင်ခွင့်ပေးထားကြောင်း၊ ကုန်ကြမ်း ရှားပင်များကိုလည်း ဆိပ်ဖြူမြို့နယ်အပြင် စလင်းမြို့နယ်၊ စေတုတ္တရာမြို့နယ်၊ ဂန့်ဂေါမြို့နယ်၊ ထီးလင်း၊ ပေါက်၊ မင်းတုန်း စသည့်မြို့နယ်များမှ ရှားပင်များကို ၂၀၀၈မှ ၂၀၁၄ခုနှစ် အထိ နှစ်စဉ်သတ်မှတ်ပေးထားသော ရှားစေးပိဿာချိန်အလိုက် ရှားသစ်ပင်များကို ခုတ်ယူခွင့်ပြုပြီး ရှားစေးစက်ရုံအရောက် သယ်ဆောင်ခွင့်ပါ ပေးထားကြောင်း၊ ရှားပင်များခုတ်ရာတွင် သစ်တောဦးစီးဌာန၏ ခွင့်ပြုချက်ဖြင့် ရှားပင်ရင်စို့ လုံးပတ်(၄)ပေ အထက် အပင်ကြီးများ၊ ချောင်းမြောင်းနားအနီးတွင် ယိုင်လဲနေသောရှားပင်များကိုသာ ခုတ်ယူစေကြောင်း၊ အဆိုပါ ခုတ်လဲပြီးရှားပင် များကို ကားဖြင့်သယ်ယူရန်(၄)ပေအရှည်ခန့် ဖြတ်ယူတင်ဆောင်ပြီး ရှားပင်ခုတ်ပေးသော ဒေသခံရွာသား များကို ကာလပေါက်ဈေး သတ်မှတ်ပေး၍ ကုမ္ပဏီမှ ၀ယ်ယူကြောင်း၊ ဆုံးရှုံးသွားခဲ့သော ရှားပင်များအစား ၂၀၁၀ ခုစ၍ တစ်နှစ်လျှင် (၁၀)ဧကခန့် ရှား(သစ်မာ) ပင်များကို ပြန်လည်စိုက်ပျိုးရန် သက်ဆိုင်ရာမှ တွန်းအားပေးခဲ့ပြီး ပုဂ္ဂလိက စိုက်ခင်းအဖြစ် ဆက်လက်ဆောင် ရွက်စေရန် စီမံဆောင်ရွက်ထားကြောင်းရှင်းလင်းချက်တွင် ဖော်ပြထားသည်ဆို၏။ ဒေသခံများမှ မိရိုးဖလာအတိုင်း ရှားစေးထုတ်လုပ်လျှင် ရှားပင်(၁)တန်မှာ ရှားစေးပိဿာ(၂၅)ပိဿာ သာထွက်ပြီး မျိုးဇင်ဇာ ရှားစေးစက်ရုံမှ ၀န်ထမ်း(၃၇)ဦးလုပ်အားကိုအသုံးပြု၍ နည်းပညာသစ်များဖြင့် ရှားစေးစက်ရုံလည်ပတ်လျှင် ရှားပင်(၁)တန် မှာ ရှားစေးပိဿာချိန်ပေါင်း(၁၇၇) ပိဿာကျော်ထွက်ရှိကြောင်း၊ အဆိုပါ စက်ရုံမှ တစ်နေ့ ရှားပင်ကုန်ကြမ်း (၄.၅)တန်ကို ခွဲစိတ်ချက်လုပ်လျှင် ရှားစေးပိဿာပေါင်း(၇၀၉)ပိဿာကျော်ထွက်ရှိကြောင်း၊ ရာသီဥတု၊ လမ်းပန်းဆက် သွယ်မှု၊ ကုန်ကြမ်း ရရှိရန် အခက်အခဲများကြောင့် တစ်နှစ်လျှင် (၅)လခန့်မျှသာ စက်ရုံလည်ပတ်နိုင်ကြောင်း၊ အဆိုပါစက်ရုံ တည်ထားခြင်း ကြောင့် စက်ရုံလုပ်သား(၃၇)ဦး နှင့် ဒေသခံ ကျေးရွာသူ ကျေးရွာသားများ ရှားပင်ရောင်းရ၍ ၀င်ငွေများ ရရှိခြင်းတို့ကို အထောက်အကူပြုခြင်း၊ သက်ဆိုင်ရာဌာနများအတွက် အခွန်အကောက်ငွေများရရှိပြီး နိုင်ငံတော် အတွက် ၀င်ငွေများ နှစ်စဉ် တိုးတက်ရရှိနေပါကြောင်း၊ ဆိပ်ဖြူမြို့နယ်မှ မျိုးဇင်ဇာ ရှားစေးစက်ရုံမှာ နိုင်ငံတော်မှ တရားဝင်ခွင့်ပြု ပေးထားသော စက်ရုံဖြစ်ကြောင်း၊ သို့ပါ၍ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်စိုးမှ အဆိုပါ ရှားစေးစက်ရုံ ပိတ်သိမ်းပေးရန် တောင်းဆိုခြင်းကို စက်ရုံပိတ်သိမ်းရန် အစီအစဉ်မရှိပါကြောင်း မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ သစ်တောသတ္တုနှင့် စွမ်းအင်ဝန်ကြီးဌာန ၀န်ကြီး ဦးသိန်းထွန်း၏ ပြန်လည်ရှင်းလင်းချက်များကို တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးမြင့်စိုးက မြန်မာပို့သို့ ပြောသည်။
 

``မိုးနည်းရေရှားဒေသ စိမ်းလန်းစိုပြေရေးကို ဖျက်ဆီးနေသော ဆိပ်ဖြူမြို့နယ်တွင်းက ` မျိုးဇင်ဇာ´ ရှားစေးချက်စက်ရုံကို ပိတ်သိမ်းပေးရန် မကွေးတိုင်းဒေသကြီးလွှတ်တော်သို့တင်ပြ´´

ဆိပ်ဖြူမြို့နယ်သည် မိုးနည်းရေရှားဒေသတွင်းက မြို့နယ်တစ်ခုဖြစ်ကြောင်း၊ ၁၉၉၁ မှ ၂၀၀၀ ခုနှစ် (၁၀)နှစ်အတွင်း မိုရွာရက်(၂၈)ရက်ဖြစ်ပြီး မိုးရေချိန်လက်မ(၁၇.၅၂)သာရှိခဲ့ကြောင်း၊ ၎င်းနောက် ၁၉၉၉ မှ ၂၀၁၂ ခုနှစ်အထိ(၁၄)နှစ်အတွင်း မိုးရွာရက်(၃၆)ရက် ရှိပြီး မိုးရေချိန်လက်မ(၂၂.၇၅)သာရှိခဲ့ကြောင်း သက်ဆိုင်ရာမိုးလေ၀သ ဌာန မှ စုံစမ်းရရှိသည်ဆို၏။ ထိုကဲ့သို့ မိုးနည်းရေရှာဒေသအတွင်း၌ ချောင်းတိမ်များတွင် ရှားပင်များပေါက်ရောက်လေ့ရှိကြောင်း၊ အဆိုပါရှားပင်များသည် တောင်သူသုံးပစ္စည်းများဖြစ်သည့် လှည်းအိမ်၊ ထွန်တုံး၊ ထွန်တန်၊ ထွန်သွား၊ ထယ်ဘောင်များ အဖြစ် ရှားပင်၏ ကိုင်းခွဲ ကိုင်းတက်များကနေ ပြုလုပ်၍ တောင်သူများအတွက် အထူးအားကိုး အသုံးပြုနိုင်ကြောင်း၊ ဒေသခံတောင်သူတစ်ဦးက မြန်မာပို့စ် သို့ပြောသည်။ သို့သော် ယခင်အစိုးရလက်ထက်က ၁၉၉၉ ခုနှစ်တွင် သက်ဆိုင်ရာဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် ဆိပ်ဖြူမြို့နယ်အတွင်း ၌` မျိုးဇင်ဇာ´ကုမ္ပဏီ ကို ရှားစေးချက်စက်ရုံတည်ဆောက်ခဲ့ကြောင်း၊ အဆိုပါစက်ရုံ၏လည်ပတ်မှုမှာ တစ်လလျှင်(၂၅)ရက် လည်ပတ်ပြီး တစ်နှစ်လျှင်(၈)လ စက်လည်ပတ်ကြောင်း၊ တစ်ရက်လျှင် ရှားကုန်ကြမ်းပိဿာချိန်(၂၀၀)ခန့် (သုံးပိုင်း တစ်ပိုင်း)တန်ချိန်နှုန်းဖြင့် (၂၅)ရက်တလစာကုန်ကြမ်း ရှား(၈)တန်အသုံးပြုလျှင် (၈)လစာ တစ်နှစ်ကုန်ကြမ်း (၆၄)တန် အသုံးပြုခဲ့ကြောင်း၊ ထို့ကြောင့် ၁၉၉၉ ခုနှစ်မှ ၂၀၁၂ ခုနှစ်ထိ (၁၄)နှစ်စာဆိုလျှင် ရှားတန်ချိန်(၉၀၀)ကျော်ခန့် အသုံးပြု၍ ကုန်ဆုံးခဲ့ရကြောင်း၊ သို့ပါ၍ အပူပိုင်းဒေသတွင် စိမ်းလန်းစိုပြေရေးအတွက် တောင်သူများအတွက် အထူးအားကိုး အားထားမှု ပြုနေရသော ရှားပင်များကို မျိုးဇင်ဇာ ရှားစေးချက်စက်ရုံက ဆက်လက်ပြီး ကြိတ်ခွဲနေလျှင် နယ်မြေခံ တောင်သူ လယ်သမားများ မှာ (နူရာ ၀ဲစွဲ၊ လဲရာသူခိုးထောင်း) ဆိုသလို ဖြစ်နေကြကြောင်း၊ အဆိုပါ ရှားချက်စက်ရုံကို ပိတ်သိမ်းပေး စေလိုကြောင်း တောင်သူများက တောင်းဆိုကြ၏။ ထိုကိစ္စကို ကျွန်တော်၏ မဲဆန္ဒရှင် အများပြည်သူများက တောင်းဆို၍ တင်ပြလာသဖြင့် ဇူလိုင်(၄)ရက်နေ့တွင်ကျင်းပသော မကွေးတိုင်းဒေသကြီးလွှတ်တော်သို့ တင်ပြထားကြောင်း ဆိပ်ဖြူမြို့နယ် မကွေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်စိုးက မြန်မာပို့စ် သို့ပြောသည်။