``မိုးနည်းရေရှားဒေသ စိမ်းလန်းစိုပြေရေးကို ဖျက်ဆီးနေသော ဆိပ်ဖြူမြို့နယ်တွင်းက ` မျိုးဇင်ဇာ´ ရှားစေးချက်စက်ရုံကို ပိတ်သိမ်းပေးရန် မကွေးတိုင်းဒေသကြီးလွှတ်တော်သို့တင်ပြ´´

ဆိပ်ဖြူမြို့နယ်သည် မိုးနည်းရေရှားဒေသတွင်းက မြို့နယ်တစ်ခုဖြစ်ကြောင်း၊ ၁၉၉၁ မှ ၂၀၀၀ ခုနှစ် (၁၀)နှစ်အတွင်း မိုရွာရက်(၂၈)ရက်ဖြစ်ပြီး မိုးရေချိန်လက်မ(၁၇.၅၂)သာရှိခဲ့ကြောင်း၊ ၎င်းနောက် ၁၉၉၉ မှ ၂၀၁၂ ခုနှစ်အထိ(၁၄)နှစ်အတွင်း မိုးရွာရက်(၃၆)ရက် ရှိပြီး မိုးရေချိန်လက်မ(၂၂.၇၅)သာရှိခဲ့ကြောင်း သက်ဆိုင်ရာမိုးလေ၀သ ဌာန မှ စုံစမ်းရရှိသည်ဆို၏။ ထိုကဲ့သို့ မိုးနည်းရေရှာဒေသအတွင်း၌ ချောင်းတိမ်များတွင် ရှားပင်များပေါက်ရောက်လေ့ရှိကြောင်း၊ အဆိုပါရှားပင်များသည် တောင်သူသုံးပစ္စည်းများဖြစ်သည့် လှည်းအိမ်၊ ထွန်တုံး၊ ထွန်တန်၊ ထွန်သွား၊ ထယ်ဘောင်များ အဖြစ် ရှားပင်၏ ကိုင်းခွဲ ကိုင်းတက်များကနေ ပြုလုပ်၍ တောင်သူများအတွက် အထူးအားကိုး အသုံးပြုနိုင်ကြောင်း၊ ဒေသခံတောင်သူတစ်ဦးက မြန်မာပို့စ် သို့ပြောသည်။ သို့သော် ယခင်အစိုးရလက်ထက်က ၁၉၉၉ ခုနှစ်တွင် သက်ဆိုင်ရာဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် ဆိပ်ဖြူမြို့နယ်အတွင်း ၌` မျိုးဇင်ဇာ´ကုမ္ပဏီ ကို ရှားစေးချက်စက်ရုံတည်ဆောက်ခဲ့ကြောင်း၊ အဆိုပါစက်ရုံ၏လည်ပတ်မှုမှာ တစ်လလျှင်(၂၅)ရက် လည်ပတ်ပြီး တစ်နှစ်လျှင်(၈)လ စက်လည်ပတ်ကြောင်း၊ တစ်ရက်လျှင် ရှားကုန်ကြမ်းပိဿာချိန်(၂၀၀)ခန့် (သုံးပိုင်း တစ်ပိုင်း)တန်ချိန်နှုန်းဖြင့် (၂၅)ရက်တလစာကုန်ကြမ်း ရှား(၈)တန်အသုံးပြုလျှင် (၈)လစာ တစ်နှစ်ကုန်ကြမ်း (၆၄)တန် အသုံးပြုခဲ့ကြောင်း၊ ထို့ကြောင့် ၁၉၉၉ ခုနှစ်မှ ၂၀၁၂ ခုနှစ်ထိ (၁၄)နှစ်စာဆိုလျှင် ရှားတန်ချိန်(၉၀၀)ကျော်ခန့် အသုံးပြု၍ ကုန်ဆုံးခဲ့ရကြောင်း၊ သို့ပါ၍ အပူပိုင်းဒေသတွင် စိမ်းလန်းစိုပြေရေးအတွက် တောင်သူများအတွက် အထူးအားကိုး အားထားမှု ပြုနေရသော ရှားပင်များကို မျိုးဇင်ဇာ ရှားစေးချက်စက်ရုံက ဆက်လက်ပြီး ကြိတ်ခွဲနေလျှင် နယ်မြေခံ တောင်သူ လယ်သမားများ မှာ (နူရာ ၀ဲစွဲ၊ လဲရာသူခိုးထောင်း) ဆိုသလို ဖြစ်နေကြကြောင်း၊ အဆိုပါ ရှားချက်စက်ရုံကို ပိတ်သိမ်းပေး စေလိုကြောင်း တောင်သူများက တောင်းဆိုကြ၏။ ထိုကိစ္စကို ကျွန်တော်၏ မဲဆန္ဒရှင် အများပြည်သူများက တောင်းဆို၍ တင်ပြလာသဖြင့် ဇူလိုင်(၄)ရက်နေ့တွင်ကျင်းပသော မကွေးတိုင်းဒေသကြီးလွှတ်တော်သို့ တင်ပြထားကြောင်း ဆိပ်ဖြူမြို့နယ် မကွေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်စိုးက မြန်မာပို့စ် သို့ပြောသည်။
 

0 comments: