Showing posts with label SHADE စာပေ၀ိုင်း. Show all posts
Showing posts with label SHADE စာပေ၀ိုင်း. Show all posts

မကွေးမြို့ SHADE စာပေ၀ိုင်း(၄၈) SHADE စာပေ၀ိုင်း တစ်နှစ်ပြည့်ပွဲတော်..။

















မကွေးမြို့ SHADE စာပေ၀ိုင်း(၄၈)
SHADE စာပေ၀ိုင်း တစ်နှစ်ပြည့်ပွဲတော်..။
၁၆-၁၀-၂၀၁၁၊ တနင်္ဂနွေနေ့ နေ့(၁၂) နာရီမှ ညနေ(၄)နာရီ အချိန်အထိ မကွေးမြို့ ဈေးလယ်စိုးရပ်၊ မဲထီးလမ်း၊ ပုည၀တီ မိုးကုတ်ဝိပဿနာဓမ္မရိပ်သာကျောင်းဝိုင်း၊ ဗုဒ္ဓဂုဏ်ရည်စာကြည့်တိုက်မှာ ၀ိုင်းဖွဲ့ပေါင်းဆုံဖြစ်ကြပါတယ်။ ဒီတစ်ပတ် SHADE စာပေ၀ိုင်း(၄၈) ကြိမ်မြောက်ဟာ SHADE စာပေ၀ိုင်း တစ်နှစ်ပြည့်တဲ့နေ့ထူး နေ့မြတ်ကြီးပါ။ စာပေ၀ိုင်းကို တက်ယောက်လာသူများကတော့၊ ဆရာကြီး မကွေးဝင်းမြင့်၊ပန်းချီမြင့်ဇော်ဦး၊ ပန်းချီသူရိန်မြိုင်၊ ပန်းချီမင်းသူ၊ စာကြည့်တိုက်မှူး ဦးတင်နု၊ အတွင်းရေးမှူး ကိုကျော်ခိုင်ဝင်း၊ ဘဏ္ဍာရေးမှူး ကိုကျော်စိန်ဝင်း၊ ဆရာဦးဆွေ(ဒဿနိက)၊ ပန်ချီ ဒီဇိုင်းပညာရှင် ကိုနိုင်ဝင်း နဲ့ စာရေးသူတို့ဖြစ်ကြပါတယ်။
SHADE စာပေ၀ိုင်း တစ်နှစ်ပြည့်စကားဝိုင်းကတော့ မြိုင်မြိုင်ဆိုင်ဆိုင် ပြောဆိုဆွေးနွေးကြပါတယ်။ စာပေ၀ိုင်းထုံးစံအတိုင်း ဆရာကြီး မကွေးဝင်းမြင့်က စတင်အဖွင့်ပြောဆိုပါတယ်။ ဒီတစ်ပတ် ခေါင်းစဉ်ပေးပြီး ပြောဆိုဆွေးနွေးကြတဲ့ အကြောင်းကတော့ စာပေ၀ိုင်းတော်သား ကိုကျော်ခိုင်ဝင်း ကြိုတင်တောင်းဆိုထားတဲ့ ( သားတို့သိစေလိုသော အဖေတို့မေတ္တာအကြောင်း) အရာများကို ရင်ဖွင့်ခံစား ပြောဆိုဆွေးနွေးသွားကြပါတယ်။ စာကြည့်တိုက်မှူး ဦးတင်နု ကလည်း ဖခင်တစ်ဦးဖြစ်တဲ့ သူဟာ ဘ၀တစ်ပါးသို့ ကွယ်လွန်သွားခဲ့သော သူ့သားငယ်ကလေးအပေါ် ဖခင်တာဝန်မကျေခဲ့မိလို့ မျက်ရည်များစို့ပြီး ပြောဆိုနေရှာပါတယ်။ ဒီတစ်ပတ် ရှိတ်စာပေ၀ိုင်းကတော့ ၀ိုင်းတော်သားအားလုံး မျက်ရည်လေးတွေ လယ်နေကြရပါတယ်။ စာရေးသူ ကလည်း ဒီတစ်ပတ် SHADE စာပေ၀ိုင်း တစ်နှစ်ပြည့်ပြီးရင် ဒီကဏ္ဍကို စာရေးသူအနေနဲ့ ဆက်လက်ရေးသားခြင်း မပြုတော့ပါကြောင်း၊ စာရေးသူအနေနဲ့ SHADE စာပေ၀ိုင်းအား တစ်နှစ်တိတိ တာဝန်ကျေပွန်အောင် ဆောင်ရွက်ခဲ့ပြီးပါပြီ။ ဒါကြောင့် SHADE စာပေ၀ိုင်းတော်သားများအပေါ် ပြောမှား ဆိုမှား များရှိခဲ့ပါရင် ခွင့်လွှတ်ပေးကြပါရန်တောင်းပန်အပ်ပါတယ်။ စာရေးသူအနေနဲ့ SHADE ဂျာနယ်၊ ရှိတ် စာပေ၀ိုင်း အောင်မြင်တိုးတက်ရေး ကိုသာ ဦးတည်ပြောဆိုလုပ်ကိုင်ခဲ့ပါတယ်။ ဒါကြောင့် SHADE ဂျာနယ်နဲ့ စာဖတ်သူများ၊ Shade စာပေ၀ိုင်းတော်သားများကို လေးလေးစားစားထပ်မံ၊ထပ်မံ၍ တောင်းပန်အပ်ပါတယ်။ SHADE စာပေ၀ိုင်းအပေါ် စေတနာထား၍ပြောဆိုရတာဖြစ်လို့ အချို့ကိစ္စလေးတွေ မှာ ပြောမှားဆိုမှားရှိပါ့မယ်။ ဂျာနယ်အတွက် လုပ်ကိုင်ဆောင်ရွက်ခဲ့တဲ့နေရာများမှာလည်း အထင်အမြင်လွဲပြီး မကြေနပ်စရာများ၊ အဖုအထစ်ကလေးများ ဖြစ်သွားခဲ့ပါရင် ကျွန်တော့်အပေါ် နာလည်ခွင့်လွှတ် ပေးကြပါခင်ဗျာ..။

အထူးမှတ်ချက်။ ။မကွေးမြို့တွင်(Shade ဂျာနယ်ရုံးခွဲဖွင့်၍ ဂျာနယ်ဖြန့်ချိရေးကိစ္စ၊ စာမူများကိစ္စ တို့အား (၁)နှစ်တိတိ အခမဲ့ကူညီဆောင်ရွက်ပေးခဲ့ပါသည်။ နတ်မောက်မြို့၊ တောင်ငူ၊ တောင်တွင်းကြီး၊ သရက်မြို့များနှင့် ငွေစာရင်းများမရှင်းရသေး၍ မျန္တလေး SHADE ဂျာနယ်ရုံးချုပ်သို့ အတွဲ(၅) အမှတ်(၃၄) မှ တွဲ(၅) အမှတ်(၄၃)ထိ ငွေစာရင်းများ မရှင်းရသေးပါကြောင်း အများသိစေအပ်ပါသည်။)Shade ဂျာနယ်ရုံးခွဲအား သတင်းတာဝန်ခံ နေခြည်(မကွေး)၏ နေအိမ်တွင် ဆက်လက်ဖွင့်ထားပါသည်။ ဖြန့်ချိရေးကိစ္စများအား ပန်းချိမြင့်ဇော်ဦး မှ တာဝန်ခံဖြန့်ချိပေးပါသည်။ ဂျာနယ် မှ လိပ်စာများအတိုင်း ဆက်သွယ်ဆောင်ရွက်နိုင်ပါသည်။ သူတို့နှစ်ဦးမှ ဦးဆောင်၍ တနင်္ဂနွေနေ့တိုင်း SHADE စာပေ၀ိုင်းကိုလည်း ဆက်လက်ဆောင်ရွက်နေကြပါသည်။

ဒီတစ်ပတ်မှာ SHADE စာပေ၀ိုင်း တစ်နှစ်ပြည့်ပွဲဖြစ်လို့ SHADE စာပေ၀ိုင်းတော်သားများရဲ့ ရင်ဖွင့် အမှတ်တရ စကားလေးများကို တင်ပြပေးလိုက်ပါရစေ…။

စိတ် အဟာရပြည့်ဝအောင် SHADE ဂျာနယ်ကိုဆောင်လို့ ဘ၀အတွက် သုတ၊ရသစုံတဲ့ SHADE စာပေ၀ိုင်းသို့သွားကြပါစို့..။

ရွှေလမ်းငွေလမ်းဝင်းကြည်
READMORE
 

မကွေးမြို့မှ SHADE စာပေ၀ိုင်း (၄၇)




မကွေးမြို့မှ SHADE စာပေ၀ိုင်း (၄၇)
၉-၁၀-၂၀၁၁၊ တနင်္ဂနွေနေ့၊ နေ့(၁၂)နာရီမှ ညနေ(၄)နာရီအထိ မကွေးမြို့၊ ဈေးလယ်စိုးရပ်၊ မဲထီလမ်း၊ ပုည၀တီကျောင်း အတွင်းမှ (ဗုဒ္ဓဂုဏ်ရည်စာကြည့်တိုက်) မှာ ပေါင်းဆုံ ၀ိုင်းဖွဲ့ကြပါတယ်။ SHADE စာပေ၀ိုင်း(၄၇)ကြိမ် မြောက်ပါ။ ဒီတစ်ပတ် SHADE စာပေ၀ိုင်းတော်သားများကတော့ ဆရာကြီး မကွေးဝင်းမြင့်၊ စာကြည့်တိုက်မှူး ဦးတင်နု၊ စာကြည့်တိုက်အတွင်းရေးမှူး ဦးကျော်ခိုင်ဝင်း၊ စာကြည့်တိုက်ဘဏ္ဍာရေးမှူး ဦးကျော်စိန်ဝင်း၊ စာဖတ်သူ ကိုငြိမ်းချမ်းအောင်၊ ပန်းချီမင်းသူ၊ ပန်းချီမြင့်ဇော်ဦး၊ ဆရာဇော်မင်းကြည်၊ ဆရာနေခြည်(မကွေး) နဲ့ စာရေးသူတို့ဖြစ်ကြပါတယ်။
ဆရာကြီး မကွေးဝင်းမြင့်က စတင်ပြောဆိုပါတယ်။ ``လေးစားအပ်သော စာပေမိတ်ဆွေများခင်ဗျား..၊ ပုည၀တီကျောင်းတိုက် ပရ၀ဏ်အတွင်းမှာ ဖွင့်လှစ်ထားတဲ့ (ဗုဒ္ဓဂုဏ်ရည်စာကြည့်တိုက်)မှာ အမှာစကားစတင်ပြောကြားရလို့ ကျေးဇူးတင်ရှိပါတယ်။ ကြွရောက်လာတဲ့ စာပေမိတ်ဆွေများ ကျန်းမာ ချမ်းသာကြပါစေလို့ ပထမ ဆုတောင်း မေတ္တာပို့သ ပါတယ်။ ဒီနေ့ Shade စာပေ၀ိုင်းမှာ ဆွေးနွေးမယ့် အကြောင်းအရာကတော့ ယခင်အပတ်ကတည်းကကြိုတင်တောင်းဆို ထားတဲ့ ဖခင်ဂုဏ်ရည် ကိုဆွေးနွေးမှာဖြစ်ပါတယ်။ ဖခင်ရဲ့ဂုဏ် အဖေ့ရဲ့ ကြီးမားလှတဲ့ ဂုဏ်ကျေးဇူးကို ကျွန်တော့် ရှုထောင့်အမြင်မှ ဆွေးနွေးမှာပါ။ ဖခင်ရဲ့ဂုဏ်ဆိုတဲ့ စကားကလေးကြားလိုက်ရတော့ လွန်ခဲ့သော နှစ်ပေါင်း(၃၀)ကျော်က စာရေးဆရာ ရုပ်ရှင်မင်းသား ကိုသုမောင်ရေးသားခဲ့တဲ့ (အဖေကြီးတီးတဲ့ ရွှေကြေးစည်) ဆိုတဲ့ ၀ထ္ထုတိုလေးကို သတိရမိပါတယ်။ ရှုမ၀မဂ္ဂဇင်းမှာ အဲဒီဝထ္ထုကလေးကိုဖတ်လိုက်ရပါတယ်။ အဲဒီအချိန်မှာ တောရော၊ မြို့ပါ ခေတ်စားနေတဲ့ သီချင်းကတော့ ရွှေကြေးစည် ဆိုတဲ့ ဆုတောင်းမေတ္တာပို့ ဓါတ်ပြားသီချင်းပါပဲ။ ယခုလို သီတင်း ၀ါလကျွတ်တဲ့အချိန် မကွေးမြသလွန်ဘုရားပွဲတော်မှာ ရွှေမန်းတင်မောင် ဇာတ်အဖွဲ့ လာရောက်ကပြလေ့ရှိပါတယ်။ ဘုရားအလောင်တော် ရွဲကုန်သည်ဇာတ်များ ကပြအသုံးတော်ခံသွားတာ ကောင်းပေ့ဗျာ ။ တောရော မြို့ပါ ၀က်ဝက်ကွဲ အားပေးကြတယ်။
သို့သော်လည်း ဇာတ်မင်းသားကြီး ရွှေမန်းတင်မောင်ဟာ မကွေးတိုင်း၊ မင်းလှမြို့နယ် လက်ပံရွာ မဟာပိန္နဲဘုရားပွဲတော်မှာ ဇာတ်ကရင်း ကွယ်လွန် အနိစ္စရောက်သွားပါတယ်။ ရွှေမန်းတင်မောင် ကွယ်လွန်သွားသော်လည်း ရွှေမန်းသဘင်ဇာတ် ကို သူ့သားများဖြစ်ကြတဲ့ ရုပ်ရှင်မင်းသား ညွှန့်ဝင်း၊ ဆန်းဝင်း၊ ၀င်းဗိုလ်၊ ချမ်းသာတို့က ဆက်လက်ထိမ်းသိမ်းလာခဲ့ကြပါတယ်။ အဲဒီခေတ်မှာ ရုပ်ရှင်မင်းသား ညွှန်ဝင်းက (ဗန်တိုလူလေးနဲ့ သူဇာ)ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကိုရိုက်ပါတယ်။ မြန်မာတစ်ပြည်လုံးမှာ အောင်မြင်ကျော်ကြားပါတယ်။ တစ်နေ့မှာ ဒီဇာတ်ကားအဆက် ဒုတိယပိုင်း ဇာတ်ကားရိုက်ဖို့ ကိုညွှန့်ဝင်း နဲ့ ရုပ်ရှင်အဖွဲ့သားတွေ တောရွာ တစ်ရွာကို ရောက်လာကြပါတယ်။ အဲဒီကျေးရွာက လူငယ်တွေ လူကြီးတွေ တစ်အုပ်တစ်မကြီးနဲ့ လာရောက်ကြည့်ရှု အားပေးကြပါတယ်။ ရုပ်ရှင်မင်းသား ညွှန့်ဝင်း သွားလေရာ နောက်ကိုလိုက်ပြီး ကြည့်ကြပါတယ်။ အဲဒီအချိန်မှာ ရွာထဲက အဘွားအိုကြီးတစ်ဦးကလည်း တောင်ဝှေးလေးထောက်ပြီး ရုပ်ရှင်မင်းသား ညွှန့်ဝင်း အနားကိုရောက်လာပါတယ်။ အသက်(၇၀)ကျော်ရှိတဲ့ အဘွားအိုဟာ ညွှန့်ဝင်းရဲ့ လက်မောင်းသားလေးကို တုန်ချိချိနဲ့ လှမ်းကိုင်လိုက်ပါသတဲ့..။ ရုပ်ရှင်မင်းသား ညွှန့်ဝင်းကလည်း အဘွားအိုကို လေးလေးစားစားနဲ့ စကားပြန်ဆိုလိုက်ပါတယ်။ ``အမေ..ကျွန်တော် ညွှန့်ဝင်း ပါ..။´´ လို့ပြောလိုက်တော့..၊ အဘွားအိုက သူ့နဖူးပေါ်မှာ နေရောင်ကျနေတာကို လက်ကလေးနဲ့ ကာတဲ့ပြီး…( ညွှန့်ဝင်း ဆိုတာငါမသိပါဘူးဟယ်..။ ကိုတင်မောင်သားလေး ဆိုလို့လာကြည့်တာပါကွယ်..)။ လို့ အဘွားအိုက ပြောလိုက်သတဲ့။ ကြည့်စမ်း အဖေ့ရဲ့ဂုဏ်။ သားထိအောင်ကို ထင်ဟပ်နေပါတော့တယ်..။ အဲဒါ ဖခင်ရဲ့ဂုဏ်ရည်ပါပဲခင်ဗျား..။ ဟု ဆရာ မကွေးဝင်းမြင့် က ပြောဆို သွားခဲ့ပါတယ်။
ကိုကျော်ခိုင်ဝင်း ကတော့ ဒီလိုဆိုလာပါတယ်။ မကွေးသတင်းများများပါစေချင်ပါကြောင်း။ ယနေ့ခေတ်ဟာ သတင်းခေတ်ပါ။ ဒါကြောင့် သတင်းကိုသာဖတ်ချင်နေကြပါတယ်။ စာနယ်ဇင်းစတုထ္ထမဏ္ဍိုင်ဆိုတာ တကယ်ဖြစ်ပြီလား စတဲ့ အကြောင်းတွေကို အကျယ်တ၀င့် စိတ်ပါဝင်စားစွာ အားပါးတရပြောဆိုဆွေနွေးသွားပါတယ်။ ပန်းချီမင်းသူ ကလည်း ဒီလိုဆိုပါတယ်။ ဆရာမင်းအုပ်စိုးရဲ့ သရပါမဂ္ဂဇင်းထဲက (ချိုပြံး သီချင်းဆိုမယ်…) ဆိုတဲ့အကြောင်း ယနေ့ခေတ် တိုးတက်နေတဲ့ သီချင်းစာသားစာလုံးလေးတွေ ပေါ်လာတာတွေ သံစဉ်တွေကို လိုတိုး ပိုလျှော့ လုပ်လို့ရနေတဲ့ (ကွန်ပျူတာခေတ်)အကြောင်းကို အကျယ်တ၀င့် ပြောဆိုသွားပါတယ်။ ဆရာဇော်မင်းကြည်ကလည်း စာပေ၀ိုင်းမှာ သတ်မှတ်ထားတဲ့အတိုင်း ကိုယ်ပြောချင်တာတွေနဲ့ တိုက်ဆိုင်တဲ့စာအုပ်ကိုရှာပြီးဖတ်မှတ်ပြီးပြောဆိုပါကြောင်း။ ဆရာကြီး မကွေးဝင်းမြင့်ကစပြီး ၀ိုင်းတော်သားတွေအားလုံးက ပြောလေ့ပြောထရှိတဲ့အကြောင်းတွေကို ကိုဇော်မင်းကြည်မှ သုံးသပ် ဝေဖန် ပြောဆိုသွားပါတယ်။ ကိုကျော်စိန်ဝင်းကလည်း SHADE ဂျာနယ်ထဲက ရှိတ်စာပေ၀ိုင်းမှာ ဆရာကြီး မကွေးဝင်းမြင့်ပြောကြားခဲ့တဲ့ (အလွန်သည်းခံတတ် ဘုန်းတော်ကြီးတစ်ပါး) အကြောင်းကို သဘောကျ နှစ်ချိုက်မိပါကြောင်း၊ ပတ်ဝန်ကျင်တစ်လောကလုံးမှ လူသားတွေရဲ့ ဒေါသ၊ သောက၊ မောဟ၊ ပရိဝေဒ တွေကို (သြော်..ဟုတ်လား..?။) ဆိုတဲ့ စကားတစ်လုံးတည်းနဲ့ ကျော်လွှားအနိုင်ယူသွားတာကို သင်ခန်းစာယူမိလိုက်ပါကြောင်း ကို ပြောဆိုသွားပါတယ်။ ဆရာနေခြည် ကတော့ ရှိတ်စာပေ၀ိုင်း ကို အခြေအနေနဲ့ အချိန်အခါကြည့်ပြီး သက်ဆိုးရှည်စေရန် ထိမ်းထိမ်းသိမ်းသိမ်း ပြုလုပ်လာခဲ့ရပါကြောင်း၊ မကွေးစာနယ်ဇင်းလောကမှာ ဂျာနယ်လစ်တွေထဲက သတင်းနဲ့ပတ်သက်ရင် သက်ဆိုင်ရာ (လူကြီး)ပုဂ္ဂိုလ်တစ်ဦးက မမှန်မကန်အထက်စီးကနေပြီး ကျွန်တော်တို့အား အရေးယူပါတယ်။ ဒီကိစ္စကို ကျွန်တော်တစ်ဦး တည်း ပြတ်ပြတ်သားသား မှန်ကန်တဲ့လမ်းကြောင်းနဲ့ ရင်ဆိုင်ခဲ့ဘူးပါကြောင်း၊ အဲဒီအချိန်က ကျွန်တော်နဲ့အတူ ပြဿနာတက်ရာမှာ ဖြေရှင်းဖို့ပါလာတဲ့ သတင်းထောက်ကြီးဆိုသူတစ်ဦးဟာ ပြဿနာကို ရဲဝင့်စွာနဲ့ မဖြေရှင်းပဲ ထွက်ပြေးတိမ်းရှောင်သွားခဲ့ပါကြောင်း ဆရာနေခြည်က ပြောဆို ဆွေးနွေးသွားပါတယ်။ ရသ အနေနဲ့ကတော့ ၂၀၁၀ ခု အတွေးအမြင် မဂ္ဂဇင်းထဲက ဆရာမိုးဟိန်း (ခ) သားဂျာနယ်ကျော် ရေးသားထားတဲ့ ကဗျာလေးကို မဟေသီမဂ္ဂဇင်းမှာ ထပ်မံဖော်ပြထားတာကို ဖတ်လိုက်ရပါတယ်။ ဒီဆရာ မိုးဟိန်း(ခ) သားဂျာနယ်ကျော်ဟာ(၂၀၁၀၊ စက်တင်ဘာလ(၂၃)ရက် နေ့မှာ) ကွယ်လွန်သွားခဲ့ပါပြီ.။ ဆရာကြီးဟာ နိုင်ငံခြားမှာ ဘွဲ့ယူပြီး ခေတ်ပညာတတ်တစ်ယောက်ပါ။ စာပေလောကမှာလည်း ထင်ရှားကျော်ကြားခဲ့သူတစ်ဦးပါ။ လူမှုရေးပရဟိတလုပ်ငန်းတွေနဲ့ ဘာသာရေး၊သာသနာရေး ဘက်မှာလည်း မသေခင်မှာ အတော်ကျင့်ကြံ အားထုတ်ခဲ့သူ နာမည်ကျော်တစ်ဦးဆိုတာ အများသိကြပါတယ်။ ဆရာသားဂျာနယ်ကျော်က မသေခင်ကာလမှာ မရဏဆိုတဲ့ သေခြင်းတရားကို ကြိုတင်ပြီးရဲရဲဝင့်ဝင့်ရင်ဆိုင်ထားသူတစ်ယောက်ဖြစ်ပါလိမ့်မယ်။ မသေမီက သူရေးသွားခဲ့တဲ့ ကဗျာလေး ခေါင်းစဉ်ကတော့ (မှာပါရစေ..) တဲ့။ နံပါတ်(၁)၊(၂)လို့ခွဲထားပါတယ်။
( ၁။ ကိုယ်သေရင်မငိုနဲ့၊ ပါးမှာမျက်ရည်စိုမှာပေါ့။ သပိတ်မသွတ်နဲ့၊ လွတ်ပြီးသား ကျွတ်ပြီးသား။ ထမင်းမထုတ်နဲ့၊ သိုးစာ ပုပ်စာ ဖြုံးတီးစာ။ အိုးမခွဲနဲ့ အိုးမလို ဘာကိုမှ ကိုယ်မစွဲ၊ အပွင့်အခက် ယူမသွားနဲ့ ပြန်လိုက်လာမယ့်အစားမဟုတ်ဘူး။ ရက်လည် နှစ်လည် ဘာကိုမှ မလည်နဲ့၊ သံသယာကြီးမှာ လည်ခဲ့ပေပြီ…။)
( ၂။ ကိုယ်သေရင်မငိုနဲ့၊ ကြိုကြိုပြီး သေထားတယ်။ ဘုရားရှင်ရဲ့ဂုဏ်တော်တွေကို မြတ်နိုးပူဇော်ရင်း အကြိမ်ကြိမ် အသေရင်းထားလို့ မရဏမင်းဆီ ပျော်ပျော်သွားမှာပါ။ ပြီးတော့ ပြောပါရစေ၊ သာသနာ၊ စာပေ၊ ပရဟိတ လုပ်လက်စတွေ ဆက်လုပ်ဖို့ ဟောဒီချစ်ရတဲ့ မိခင်ကမ္ဘာမြေကို ပြန်လာခဲ့မယ် မုချ။ ဒီတော့ ကိုယ်သေရင်မငိုနဲ့၊ ပြုံးစမ်းပါ ဖြေသာစမ်းပါ၊ လူသာရှုံးတာ ကျန်တာမရှုံးဘူး။ မှာခဲ့ပြီ…ပြောခဲ့ပြီနော်….။)
ဒီ(မှာခဲ့ပါရစေ..) ကဗျာလေးကို ဆရာသားဂျာနယ်ကျော်က သူ့သေရင် ဝေငှပါရန် အသေအချာမှာကြားထားခဲ့လို့ ဆရာရဲ့ အသုဘ မှာ မိသားစုမှ လက်ကမ်းဖြန့်ဝေသွားပါကြောင်း ၊ ဆရာနေခြည် က မျက်ရည်ဝဲစွာနဲ့ ဖတ်ကြားပြောဆိုသွားခဲ့ပါတယ်။
စိတ် အဟာရပြည့်ဝအောင် SHADE ဂျာနယ်ကိုဆောင်လို့ ဘ၀အတွက် သုတ၊ရသစုံတဲ့ SHADE စာပေ၀ိုင်းသို့ သွားကြပါစို့..။

ရွှေလမ်းငွေလမ်းဝင်းကြည်
READMORE
 

မကွေးမြို့မှ SHADE စာပေ၀ိုင်း(၄၆)






မကွေးမြို့မှ SHADE စာပေ၀ိုင်း(၄၆)
၂-၁၀-၂၀၁၁၊ တနင်္ဂနွေနေ့၊ နေ့(၁)နာရီမှ ညနေ(၃း၃၀) အချိန် အထိ မကွေးမြို့၊ ဈေးလယ်စိုးရပ်၊ မဲထီးလမ်း၊ ဗုဒ္ဓဂုဏ်ရည်စာကြည့်တိုက် မှာ ပေါင်းဆုံ ၀ိုင်းဖွဲ့ဖြစ်ကြပါတယ်။ SHADE စာပေ၀ိုင်းကို ဗုဒ္ဓဂုဏ်ရည် စာကြည့်တိုက် ကော်မတီက သဘောကျလို့ ဖိတ်ကြားခဲ့ပါတယ်။ ဒါကြောင့် ယခု SHADE စာပေ၀ိုင်း(၄၆)ကြိမ်မြောက်မှ စတင်ပြီး လာရောက်ပေါင်းဆုံဖြစ်ကြပါတယ်။ ယခင်တစ်ပါတ်က တင်ပြပြီးဖြစ်တဲ့ ဒီ ဗုဒ္ဓဂုဏ်ရည်စာကြည့်တိုက်ကို ငွေလုံးငွေရင်း (၄)သိန်းကျပ်နဲ့ စာအုပ်ပေါင်း(၆၀၀) ကျော်နဲ့မတည်ပြီး လှူဒါန်းခဲ့သူမှာ ဦးခင်မောင်သက်(အနော်ရထာ စိုက်ပျိုးရေးကုမ္ပဏီ မိသားစု) ဖြစ်ပါတယ်။ စာကြည့်တိုက်ရဲ့ နေရာအဆောက်အဦး နဲ့ ပိဋိကတ်(၃)ပုံစာအုပ်တစ်စုံအား စာကြည့်တိုက်တည်ရှိရာ ပုည၀တီ မိုးကုတ်ဝိပဿနာဓမ္မရိပ်သာကျောင်းမှ ဦးစီးပဌာန မိုးကုတ်ဝိပဿနာ နယ်လှည့်ဓမ္မကထိကဆရာတော် ဦးဇတိလ တို့(၂)ပါးက စတင်တည်ထောင်လာခဲ့ပါတယ်။ စာကြည့်တိုက်ဖြစ်မြောက်ရေးအတွက် ပထမ အလှူရှင်ဦးခင်မောင်သက်မှာ လည်း သာသနာ့ဘောင်သို့ဝင်ရောက် သွားကြောင်းသိရပါတယ်။ ဤဗုဒ္ဓဂုဏ်ရည်စာကြည့်တိုက်သက်တန်းကတော့ ယခုဆိုလျှင် (၄)နှစ်ကာလထဲမှာ ရောက်လာပါပြီ..။ ဒီတစ်ပတ် Shade စာပေ၀ိုင်းမှာ ဧည့်သည်တော်များကတော့ မန္တလေးက ခေတ္တရာမန်းသန်းမြင့်၊ ဗုဒ္ဓဂုဏ်ရည်စာကြည့်တိုက် ဥက္ကဋ္ဌ ဦးဟုတ်ခင်၊ အတွင်းရေးမှူး ဦးကျော်ခိုင်ဝင်း၊ စာကြည့်တိုက်မှူး ဦးတင်နု၊ အဖွဲ့ဝင်များဖြစ်ကြတဲ့ ဦးကျော်စိန်ဝင်း၊ ကိုစည်သူ၊ ကိုထွန်းထွန်း တို့ဖြစ်ကြပါတယ်။ SHADE စာပေ၀ိုင်းတော်သားများကတော့ ဆရာကြီး မကွေးဝင်းမြင့်၊ ဆရာနေခြည်(မကွေး)၊ ဆရာဇော်မင်းကြည်၊ ပန်းချီဆရာမင်းသူ၊ ပန်းချီဆရာ သူရိန်မြိုင်၊ ပန်းချီဆရာ မြင့်ဇော်ဦး တို့နဲ့ စာရေးသူ ဖြစ်ကြပါတယ်။
စာကြည့်တိုက်၏ ပဌာန ဆရာတော် ဦးဇတိလ ကလည်း စာပေ၀ိုင်းကို ကြွရောက်လာပါတယ်။ ဆရာတော်က စာပေ၀ိုင်းမှာ မိန့်ဆိုသြ၀ါဒ စကားများချီးမြင့်ပေးပါတယ်။ စာရေးဆရာများ၊ ပန်းချီပညာရှင်များ၊ အခြားသောအနုပညာရှင်များ၊ ကျောင်းသား ကျောင်းသူများ၊ စာဖတ်ဝါသနာရှင်များ နဲ့ စာကြည့်တိုက်ဟာ တစ်သားတည်း လိုက်ဖက်သင့်ကြပါတယ်။ ဒါကြောင့် ယနေ့ SHADE စာပေ၀ိုင်းကို ဦးဇင်းတို့ရဲ့ ဗုဒ္ဓဂုဏ်ရည်စာကြည့်တိုက်ကြီးအား တိုးတက်လာအောင် အဓွန့်ရှည်အောင် စာကြည့်တိုက်ဖြစ်မြောက်ရေး ကော်မတီအဖွဲ့ နဲ့ အတူ အပ်နှံလိုက်ပါတယ်။ ဖြစ်နိုင်မယ်ဆိုရင် SHADE စာပေ၀ိုင်းကို တနင်္ဂနွေနေ့တိုင်း အပတ်စဉ် ဒီစာကြည့်တိုက်မှာ လာရောက် ပေါင်းဆုံ ၀ိုင်းဖွဲ့ပြီး ပြောဆိုစေချင်ပါတယ်။ ယခုလို တွေ့ရ ဆုံရတာ ၀မ်းသာပါတယ်။ ဒီလို SHADE စာပေစကားဝိုင်းလေးတစ်ခုကြောင့် တစ်ဦးနဲ့တစ်ဦး တစ်ယောက်နဲ့တစ်ယောက် တွေ့နိုင်ကြ ဆုံနိုင်ကြရတာပါ။ ယခုလို အမြဲတန်း တွေ့ကြ ဆုံကြရတော့ အမြင်လည်း ရင်းနှီးလာမယ်။အကြားအမြင်တွေလည်း များလာမယ်။ လူတွေချင်းသာ ရင်းနှီးကြတာမဟုတ်ဘဲ တစ်ယောက်ဆီမှာ ရှိတဲ့အသိဥာဏ်တွေကလည်း ပေါင်းဆုံရင်းနှီးလာကြမယ်။ ပွင့်ပွင့်လင်းလင်း ရင်းနှီးကြပြီး ချစ်ခင်စွာပြောဆိုဆွေးနွေးတိုင်ပင် လာနိုင်ကြပါတယ်။ အထူးပြောချင်တာကတော့ ဗုဒ္ဓရှင်တော်ဘုရားဟောကြားထားတဲ့ အထဲမှ သဘောကျနှစ်ချိုက်တဲ့ တရားတွေကို ပြောဆိုချင်ပါတယ်။ ရှင်တော်ဘုရာက အကျိုးရှိမယ့်အလုပ်တွေလုပ်တာကို ကြိုက်တယ်။ စာပေလိုပြောရရင် တော့ အဌ ကုသလ။ အဌ ဆိုတာက အကျိုးစီးပွား၊ ကုသလဆိုတာက လုပ်ငန်းပါ။ အဲဒီတော့ အကျိုးရှိတဲ့အလုပ်တွေကိုလုပ် တာရယ်၊ အကျိုးရှိမယ့်နေရာတွေကိုသွားတာရယ်၊ အကျိုးရှိတဲ့စကားတွေကို ပြောတာရယ်တွေပေါ့။ အကျိုးရှိမယ့် စကားဆိုတာတွေက နံပါတ်(၁) ကိုယ့်မိသားစု အကျိုးရှိရမယ်။ နံပါတ်(၂) ကိုယ့်လူမျိုးရေးတွေ အကျိုးရှိရမယ်။ နံပါတ်(၃) ကိုယ့်သာသနာတော်ကြီး တစ်ရပ်လုံးအကျိုးရှိရမယ်။ အဲလို စကားမျိုးတွေ အလုပ်မျိုးတွေ၊ နေရာမျိုးတွေ အဲဒီမှာကို အားလုံး ခင်ဗျားတို့ ကျွန်တော်တို့တစ်တွေက ရှေ့ဆောင်ပြီး မိသားစုတွေရဲ့ ခေါင်းဆောင်ကောင်းတွေ အဖြစ်နဲ့ ပြောလည်းပြောစေ ချင်ပါတယ်။ လုပ်လည်းလုပ်စေချင်ပါတယ်။ သွားလည်းသွားစေချင်ပါတယ်။ နောက်ပြီးတော့ ကိုယ့်မိသားတစ်စုလုံးသိမ်ဖျင်း မသွားအောင်၊ ကိုယ့်လူမျိုးရေးရာကြီးတစ်ခုလုံး သိမ်ဖျင်းမသွားအောင်၊ ငါဘယ်လို ဆောင်ရွက်ရမည်လည်းဆိုတဲ့ အဌ ကုသလ အလုပ်တွေကို လုပ်ပေးချင်ပါတယ်။ နံပါတ်(၃) ကိုယ့်သာသနာတော်ကြီးလည်း တိမ်ကောမသွားအောင် သာသနာရေး ဘာသာရေးနဲ့ ပါတ်သက်လာရင်လည်း အလွန်ကို အကျိုးရှိလာအောင် လုပ်လိုက်မယ်၊ ကိုင်လိုက်မယ်၊ ပြောဆိုလိုက်မယ်၊ ဆိုတဲ့ မြင့်မြတ်တဲ့ စိတ် စေတနာတွေကိုလည်း အမြဲထားစေချင်ပါတယ်။ အဲဒီတော့ ဘုရားရှင် ကိုယ်တော်မြတ်ကြီးက ဘယ်လိုဟာတွေကို မကြိုက်သလဲဆိုရင်တော့ `အနထ္ထ ကုသလ´ ဆိုတာကို မကြိုက်ပါဘူး။ အနထ္ထ ဆိုတာက အကျိုးမဲ့တာ။ ကုသလ ဆိုတာက လုပ်ငန်းပါဘဲ။ လောကထဲမှာ ဒကာကြီးတို့ ဒီနေ့ စကားတွေ ဆွေးနွေးကြတယ်ပေါ့။ နောင်လည်း ဆွေးနွေးကြအုံးမယ်ပေါ့..၊ ငါပြောတဲ့ စကားလုံးလေးဟာ SHADE စာပေ၀ိုင်းတစ်ခုလုံးကို ဘယ်လောက်အထိ အကျိုးပြုစေမည်လဲ၊ သို့တည်းမဟုတ် ဒို့လူမျိုးတွေအတွက်ရော.. ဘယ်လောက်အကျိုးကျေးဇူးများ မှာလဲ၊ ဒါမဟုတ် ယခု SHADE စာပေ၀ိုင်းကိုလာတဲ့သူတွေ အတွက် ပညာတွေ၊ဗဟုသုတတွေဘယ်လောက်ရကြမှာလဲ၊ ဆိုတာတွေကို တွေးတော ကြံဆပြီး သင့်တော်မယ့်စာပေတွေကို ဖတ်မှတ်ပြီးပြောဆိုစေချင်ပါတယ်။ သဘောအားဖြင့် ပြောရရင်တော့ ရိုင်းပျနေတဲ့ နှလုံးသားတွေများရှိနေရင် နှလုံးသားကိုယ်စီ ယဉ်ကျေးသွားအောင် ဒို့ဘယ်လို ၀ိုင်းဝန်းပြီး ဘယ်လိုစည်းရုံး ဆောင်ရွက် ဆွေးနွေးသွားကြမည်လဲ..။ အချိန်ကုန်ခံ ထိုင်ပြီး ပြောဆိုဆွေးနွေးကြမည်ဖြစ်သောကြောင့် ဘယ်လောက်အကျိုးရှိအောင်များ ဒို့တစ်တွေဟာ လုပ်သင့်ပါတယ်ဆိုတဲ့ကိစ္စလေးကို အလေးထားပေးဖို့ ဘုန်းကြီးအနေနဲ့ မေတ္တာရပ်ခံချင်ပါတယ်။ အချုပ်ပြောရရင်တော့ ဒကါကြီးတို့ ထိုက်သင့်တဲ့ စာပေတွေကို ဖတ်မှတ်လာပြီး ယခုလို SHADE စာပေ၀ိုင်းမှာ တဆင့် ပြောဆိုဆွေးနွေးနေကြတာဟာ ထိုက်သင့်တဲ့ ဗဟုသုတတွေရလိမ့်မယ်။ ရလာတဲ့ ဗဟုသုတကို အရင်းအနှီပြုပြီး စီးပွားရေး၊ လူမျိုးရေး၊ ဘာသာရေးတွေအတွက် အကျိုးရှိကြလိမ့်မယ်လို့ ဘုန်းကြီးက ဆန္ဒပြုမျှော်လင့် လိုက်ရပါတယ်။
ဆရာကြီးမကွေးဝင်းမြင့်ကတော့ ၃၀-၉-၂၀၁၁ နေ့ထုတ် သတင်းစာမှာပါတဲ့ ကျောက်ပန်းတောင်းမြို့ က (ဂျပန်မလေး ကိုအဓမ္မပြုရန်ကြံစည်ပြီး လူသတ်မှု သတင်း) ကိုခံစားပြောဆိုသွားပါတယ်။ ဒို့မြန်မာတွေ သိက္ခာကျစရာ သတင်းဟု မှတ်ချက်ချကြပါတယ်။ ပန်းချီဆရာမင်းသူ ကလည်း မိသားစု နှစ်စုရဲ့ နားလည်မှုပေးတတ်တဲ့ မိသားစု၊ အပြစ်တင်တတ်တဲ့ မိသားစု နှစ်စု အကြောင်း(ဆရာဦးဖိုးကျား ရေးတဲ့ဝထ္ထု)ကို ပြောဆိုဆွေးနွေးသွားပါတယ်။ ဆရာနေခြည်(မကွေး) ကလည်း လူသေကောင် တစ်လောင်းနဲ့ဆိတ်သေကောင် ယှဉ်လိုက်ရင် လူသေဟာ ဆိတ်သေတစ်ကောင်လောက်မှ တန်ဘိုးမရှိတော့တဲ့အကြောင်း ၊ တောင်တွင်း၊ မကွေးကားလိုင်းက ခရီးသည်အပြည့်တင်ဆောင်လာတဲ့ ကားတစ်စင်းဟာ လမ်းမှာ ဆိတ်အုပ်တစ်အုပ်ကိုတွေ့ပြီး ကားနဲ့ ဆိတ်တစ်ကောင်ကိုတိုက်မိလို့ သေသွားပါတယ်။ ဒီဆိတ်သေကို ကားဒရိုင်ဘာက လျှော်ကြေးပေးလိုက်ပါတယ်။ ဆိတ်သေကို အသားဖျက်ပြီးရောင်းတယ်။ ကားပေါ်မှ ခရီးသည်များက ဆိတ်သားလတ်လတ်ဆတ်ဆတ်ရတယ်၊ ဈေးချိုတယ်ဆိုပြီး အလုအယက်ဝယ်ကြပါတယ်။ (၁)ပိဿာရှိတဲ့ ဆိတ်သားတွဲ သွေးသံရဲရဲတွေကို ကားတစ်စင်းလုံး ခေါင်မိုးလက်ကိုင်တန်းမှာချိတ်ဆွဲပြီး ယူလာကြပါတယ်။ နောက်တစ်နေရာ ယင်းချောင်းတံတားဂိတ်ကို ရောက်တော့ ရဲအရာရှိတစ်ဦးက ကားကိုတားပါတယ်။ ဒီလူသေကောင် အလောင်းကို အရေးကြီးလို့ ဒီကားပေါ် တင်သွားရန်ပြောတော့ ဆိတ်သားတွဲကိုဝယ်ထားတဲ့ ကားပေါ်က ခရီးသည်တွေမှာ ခါးခါးသီးသီး ၀ိုင်းပြီးညင်းဆန်ပြောဆို နေကြတဲ့ အကြောင်း( ဆရာ မကွေးဝင်းမြင့် ရေးသားခဲ့တဲ့ ၀ထ္ထုတို) ကို ပြောဆိုဆွေးနွေးသွားပါ တယ်။ (လူသေကောင် အလောင်းတစ်လောင်းဟာ စားစရာဟင်းလျာ ဆိတ်သားတွဲ တစ်တွဲလောက်တောင်မှ တန်ဘိုးမထား ကြပါ့လား ဟု SHADE စာပေ၀ိုင်းတော်သားများမှ သတိ၊သံဝေဂ ရလိုက်ကြရပါတယ်။) ပန်းချီဆရာမြင့်ဇော်ဦးကလည်း စာရေးဆရာ စိုးဥာဏ(ငဖဲ) ရေးသားတဲ့ နတ်သား၊ နတ်သမီး ဆုပြိုင်တောင်းတဲ့ ဟာသ ၀ထ္ထုလေးကို ခံစားပြောဆိုသွားပါတယ်။ ဆရာ ဇော်မင်းကြည် ကတော့ ယနေ့ SHADE စာပေ၀ိုင်းက တော်တော်ကျက်သရေ မင်္ဂလာရှိနေပါကြောင်း၊ စာပေ၀ိုင်းကို စာကြည့်တိုက်မှာ ကျင်းပရတာ အလွန်လိုက်ဖက်ညီနေပါကြောင်း၊ ဒါပေမယ့် လက်ဖက်ရည်ဆိုင်မှာ လွတ်လွတ်လပ်လပ် မပြောဆိုရပဲ နှစ်မျိုးပြောဆို နေရပါကြောင်း၊ ထိုင်ခုံများနဲ့ မဟုတ်တော့ ကြာကြာမထိုင်နိုင်ပါကြောင်း၊ ဆရာတော်များ ရှေ့မှာပြောရတော့ ရိုင်းစိုင်းတဲ့ စကားလုံးများပါလာခဲ့ရင် ခွင့်လွှတ်စေလိုပါကြောင်း တို့ကို တောင်းပန်ပြောဆိုသွားပါတယ်။ (စာကြည့်တိုက် တာဝန်ရှိသူများက နောက် SHADE စာပေ၀ိုင်းတွေမှာ စားပွဲ တန်းလျှား၊ထိုင်ခုံများနဲ့ စီစဉ်ပေးပါမည် ဖြစ်ကြောင်း တာဝန်ယူပြောဆိုပါတယ်။) စာကြည့်တိုက်ဥက္ကဋ္ဌ ဦးဟုတ်ခင် ကလည်း စာကြည့်တိုက်မှာ ယခုလို စာပေ၀ိုင်းလေး လာရောက်ကျင်းပပေးတာကို များစွာ ၀မ်းသာ အားရ ကျေးဇူးတင်ပါကြောင်း၊ ဆရာတော်ဘုရားဖိတ်ကြားထားသလို နောင် SHADE စာပေ၀ိုင်းတွေကို ကျွန်တော်တို့ ဗုဒ္ဓဂုဏ်ရည်စာကြည့်တိုက်မှာ အမြဲကျင်းပပေးစေလိုပါကြောင်း ဖိတ်ခေါ်ပါတယ်။ စာကြည့်တိုက် အတွင်းရေးမှူး ကိုကျော်ခိုင်ဝင်း ကလည်း ဒီ SHADE စာပေ၀ိုင်း မှာ ထူးထူးခြားခြား ဖြစ်သွားအောင် ( သားတို့သိစေချင်သော အဖေတို့အကြောင်း) သို့ (ဖခင် မေတ္တာ) များကို ကျယ်ကျယ်ပြန့်ပြန့် သက်ဆိုင်တဲ့ စာပေ ၀ထ္ထု၊ ဆောင်းပါး၊ ကဗျာ များကို ၀ိုင်းဝန်းရေးသား ဖတ်ကြားဆွေးနွေးကြစေလိုကြောင်း အကြံပြု ပြောဆိုသွားပါတယ်။ SHADE စာပေ၀ိုင်း နောက်ဆုံးအစီအစဉ်ကတော့ ဗုဒ္ဓဂုဏ်ရည်စာကြည့်တိုက်အား စာရေးဆရာကိုကိုလတ်(ဆည်မြောင်း) က လှူဒါန်းတဲ့ စာအုပ်များကို အလှူရှင်ရဲ့ကိုယ်စား ဆရာကြီးမကွေးဝင်းမြင့်မှ ဆရာတော်ထံသို့ ဆက်ကပ်လှူဒါန်းလိုက်ပါတယ်။ (အဖွဲ့သားမျာက SHADE စာပေ၀ိုင်း(၄၈)ကြိမ်မြောက်မှာ SHADE စာပေ၀ိုင်း(၁)နှစ်ပြည့်အမှတ်တရ အဖြစ် ပြောဆိုကြရန် သဘောတူကြပါတယ်။ SHADE စာပေ၀ိုင်း (၁) နှစ်ပြည့်အမှတ်တရကို ဂျာနယ်စာမျက်နှာ တစ်မျက်နှာမှာ စာပေ၀ိုင်းတော်သားများရဲ့ ဓာတ်ပုံ၊ အမှတ်တရ ခံစားချက် လက်မှတ်လေးများနဲ့ ဖော်ပြပေးလိုပါကြောင်း အယ်ဒီတာထံ ကြိုတင်ပြီး တောင်းခံ ပြောဆိုနေကြပါတယ်။)
စိတ် အဟာရပြည့်ဝအောင် SHADEဂျာနယ်ကိုဆောင်လို့ ဘ၀အတွက် သုတ၊ရသတွေစုံတဲ့ SHADE စာပေ၀ိုင်းသို့ သွားကြပါစို့..။

ရွှေလမ်းငွေလမ်းဝင်းကြည်
READMORE
 

မကွေးမြို့မှ SHADE စာပေ၀ိုင်း(၄၅)






မကွေးမြို့မှ SHADE စာပေ၀ိုင်း(၄၅)
၂၅-၉-၂၀၁၁၊ တနင်္ဂနွေနေ့၊ နေ့(၁၂)နာရီကနေ ညနေ(၄း၃၀)နာရီ အထိ မကွေးမြို့၊ ဗိုလ်ချုပ်လမ်း၊ (လက်ရွေးစင် အအေးဆိုင်) မှာ ၀ိုင်းဖွဲ့ပေါင်းဆုံဖြစ်ကြပါတယ်။ ဒီတစ်ပတ် SHADE စာပေ၀ိုင်း(၄၅)ကြိမ်မြောက်ဖြစ်ပါတယ်။ ယနေ့စာပေ၀ိုင်းကို ဧည့်သည်အဖြစ်တက်ရောက်လာသူများကတော့ ဆရာဦးတင်နု( မကွေးတက္ကသိုလ် စာကြည့်တိုက်မှူး (ငြိမ်း)၊ စာပေ၀ါသနာရှင် ကိုကျော်စိန်ဝင်း၊ ဆရာသန်းထွန်း(စကု)၊ ဆရာမောင်(မကွေး)၊ ဆရာ ခေတ္တရာမန်းသန်းမြင့် တို့ရောက်လာကြပါတယ်။ SHADE စာပေ၀ိုင်းတော်သားများကတော့ ဆရာကြီး မကွေးဝင်းမြင့်၊ ဆရာကိုကိုလတ် (ဆည်မြောင်း)၊ ဆရာနေခြည်(မကွေး)၊ ဆရာရေနံ့သာအောင်ချမ်းဇော်၊ ဆရာဇော်မင်းကြည်၊ ပန်းချီဆရာမင်းသူ၊ ပန်းချီဆရာမြင့်ဇော်ဦး၊ ပန်းချီ၊ ဒီဇိုင်းဆရာ ကိုနိုင်ဝင်း နဲ့ စာရေးသူတို့ဖြစ်ကြပါတယ်။ ကျွန်တော်တို့ Shade စာပေ၀ိုင်းဟာ သက်တန်းအားဖြင့် (၁)နှစ်ပြည့်ပါတော့မယ်။ (၁၄-၉-၂၀၁၁- ဗုဒ္ဓဟူးနေ့ထုတ်) ရှိတ်ဂျာနယ် အတွဲ(၅)၊ အမှတ်(၄၀) ကစပြီး ရှိတ်ဂျာနယ်ကို (www.shadejournal.com) အွန်လိုင်းမှာ ဖတ်လို့ရသွားပါပြီ။ ဒါကြောင့် ကျွန်တော်တို့ SHADE စာပေ၀ိုင်းကလည်း အဆင့်မြင့်သွားပါပြီ..။ မြေမြင်ကနေ ကောင်းကင်ပေါ်သို့တက်သွားပါပြီ။ ဒါပေမယ့် ကျွန်တော်တို့ စာပေ၀ိုင်းမှာ ပြောစကားတွေကတော့ အဆင့်နိမ့်နေပါသေးတယ်။ ဒီအတွက် စာဖတ်ပရိပ်သတ်ကြီးအား စာရေးသူက ကျွန်တော်တို့ SHADE စာပေ၀ိုင်းရဲ့အားနည်းချက်၊ လိုအပ်ချက်များကို လေးစားစွာတောင်းပန်အပ်ပါတယ်။ ကျေးဇူးရှင် စာဖတ်သူများအတွက် အလိုပြည့်ဝစေရအောင် ကျွန်တော်တို့ SHADE စာပေ၀ိုင်းတော်သားများမှ တတ်အားသမျှ ဆက်လက်ကြိုးစား အားထုတ်သွားပါ့မယ်ခင်ဗျာ…။
ဒီတစ်ပတ် SHADE စာပေ၀ိုင်းကို ဆရာကြီး မကွေးဝင်းမြင့် ကအဖွင့်နှုတ်ဆက်စကားပြောကြားပြီး ဖွင့်ပေးခဲ့ပါတယ်။ ဆရာ ရေနံ့သာအောင်ချမ်းဇော်ကတော့ ဆရာသော်တာဆွေ ရဲ့(၁၉၆၂၊ဇွန်လထုတ်) မြန်မာ၏ ပြရုပ်များ စာအုပ်ကို ဖတ်ကြားဆွေးနွေး သွားပါတယ်။ ဆရာသော်တာဆွေတို့ (၁၉၆၂)ခုနှစ် အဲဒီခေတ်မှာ မော်တော်ကားတစ်စင်းကို မြန်မာငွေ နှစ်သောင်းကျပ်သာ ပေးရကြောင်း မှတ်သားလိုက်ရပါတယ်။ ဆရာနေခြည်(မကွေး) ကလည်း စာပေ၀ိုင်းမှာ ရှိတ်ဂျာနယ်၊ အတွဲ(၅) အမှတ်(၄၁) ပါတဲ့ ဆရာမကွေးညိုစိမ့် ရေးသားတဲ့ ( မကွေးမြေက SHADE စာပေ၀ိုင်းသို့ ပေးစာ) ဆောင်းပါးကို ခံစား ပြောဆိုဆွေးနွေးပြသွားပါတယ်။ ရန်ကုန်မှာ နေတဲ့ ဆရာမကွေးညိုစိမ့် အား တမ်းတမ်းတတနဲ့ လေးစားစွာ အသိအမှတ်ပြုပြီး ရှိတ်စာပေ၀ိုင်းတော်သားများ အားလုံးက မှတ်တမ်းတင်ဂုဏ်ပြုလိုက်ကြပါတယ်။
ပန်းချီဆရာမြင့်ဇော်ဦးကလည်း ယနေ့ရှိတ်စာပေ၀ိုင်းအား (အွန်လိုင်းတင်ရန်အတွက်) မှတ်တမ်းတင် ဗွီဒီယို ရိုက်ရင်း မအားမလပ်တဲ့ကြားက တင်ပြပြောဆိုဆွေးနွေးပါတယ်။ အောင်လံမြို့ကို ပြန်လည်ပြောင်းရွေ့သွားသူ ရှိတ် စာပေ၀ိုင်းတော် သား ဆရာဘိုမြင့်ရှိန် (အောင်လံ) အား အမှတ်တရအနေနဲ့ အင်္ဂလိပ်စာများကို ဗိုလ်သံပီသစွာနဲ့ ခံစားဖတ်ကြား သွားခဲ့ ပါတယ်။ ဆရာ ဦးတင်နု (အငြိမ်းစား- တက္ကသိုလ်များစာကြည့်တိုက်မှူး) ကလည်း သူတာဝန်ထမ်းဆောင်ခဲ့တဲ့ မကွေးတက္ကသိုလ်၊ ရေနံချောင်း၊ ပခုက္ကူမြို့များမှာ စာကြည့်တိုက်တာဝန်ထမ်းဆောင်စဉ်က စာကြည့်တိုက်များရဲ့ အတွေ့အကြုံများကို အိပ်သွန်ဖာမှောက် အားပါးတရ ပြောဆိုဆွေးနွေးပါတယ်။ ပခုက္ကူမြို့ မှာ အထင်ကရ တည်ထားတဲ့ ပခုက္ကူဦးအုံးဖေ ၏ စာကြည့်တိုက်ကြီးမှာ မတည်ငွေသိန်း(၁၀၀)၏ လစဉ်ဝင်ငွေ ဘဏ်အတိုး တစ်သိန်းကျပ်ဖြင့် ယနေ့ကာလမှာ မလုံမလောက်ဘဲ ဖြစ်နေပါကြောင်း။ စာကြည့်တိုက်ဝန်ထမ်းလစာ ပေးလောက်ရုံသာဖြစ်နေရပြီး စာအုပ်ဝယ်ဖို့အတွက်မှာ အလှူရှင်များကိုသာ မျှော်ကိုးနေရပါကြောင်း ရင်ဖွင့်ပြောဆိုပါတယ်။ မကွေးမြို့မှာ ဆရာဦးတင်နု စေတနာ့ဝန်ထမ်း တာဝန်ယူဖွင့်ထားတဲ့စာကြည့်တိုက်ကတော့၊ ဈေးလယ်စိုးရပ်၊ မဲထီလမ်း၊ မိုးကုတ်ဝိပဿနာရိပ်သာ ပုည၀တီကျောင်းတိုက်အတွင်းမှာ (၂၀၀၈၊ဖေဖေါ်ဝါရီလ(၂၈)ရက်နေ့) ကစတင် ဖွင့်လှစ်ထားတဲ့ (ဓမ္မဂုဏ်ရည်စာကြည့်တိုက် )ကို လုပ်ကိုင်နေပါကြောင်းသိရပါတယ်။ ဒီစာကြည့်တိုက်ကို မတည်ဖွင့်လှစ်ပြီး လှူဒါန်းခဲ့သူ အလှူရှင်မှာ သာသနာ့ဘောင်သို့ ကူးပြောင်းသွားပါကြောင်း၊ ဒါကြောင့် (၄)နှစ်သက်တမ်းကြာပြီးဖြစ်တဲ့ ဒီစာကြည့်တိုက်ကို ဆက်လက် အောင်မြင့်စွာ ဖွင့်လှစ်နိုင်ရန် အလှူရှင်များ လိုအပ်နေပါကြောင်း၊ (ဓမ္မဂုဏ်ရည်စာကြည့်တိုက် ဟု အမည်ပေးထား သော်လည်း) တရား၊ဓမ္မစာအုပ်များသက်သက်သာ ထားရှိခြင်း မဟုတ်ပါကြောင်း၊ သုတ၊ရသ၊ နည်းပညာ စာအုပ်များနဲ့ သတင်းခေတ်ဖြစ်လို့ သတင်းစာများ၊ ဂျာနယ်များ၊ မဂ္ဂဇင်းများ၊ ၀ထ္ထုများ၊ ကဗျာများ စတဲ့ စာအုပ်ပေါင်းအစုံကို ထားရှိပေးပါကြောင်း၊ မကြာမီ ပုည၀တီကျောင်းအတွင်းမှ မဲထီးလမ်းဘက်သို့ မျက်နှာမူပြီး စာကြည့်တိုက်အား ဖွင့်လှစ်လို ပါကြောင်း၊ ဒါကြောင့် ဒီ SHADE စာပေ၀ိုင်းမှာ လာရောက်တင်ပြရင်း အနယ်နယ်အရပ်ရပ်မှ အလှူရှင်များကို ဖိတ်ကြား လိုက်ရပါကြောင်း၊ ဆရာဦးတင်နုက အကျယ်တ၀င့် တင်ပြပြောဆိုသွားပါတယ်။ စာရေးဆရာ ကိုကိုလတ်(ဆည်မြောင်း)မှ စာအုပ်များလှူဒါန်းရန် ချက်ချင်းအမည်စာရင်းပေးသွင်းလိုက်ပါတယ်။ (ယင်းစာကြည့်တိုက်များအား လှူဒါန်းလိုသူများ SHADE ဂျာနယ်တိုက် မန္တလေးရုံးချုပ် နှင့် ရှိတ်ဂျာနယ် မကွေးရုံးခွဲ လိပ်စာ၊ဖုန်းနံပါတ်သို့ ဆက်သွယ်၍ လှူဒါန်းနိုင်ပါကြောင်း လေးစားစွာဖြင့် ပန်ကြား ဖိတ်ခေါ်အပ်ပါသည်။)
ယနေ့ SHADE စာပေ၀ိုင်းမှာ အထူးအစီအစဉ် အဖြစ်တင်ပြသူကတော့ ကိုကိုလတ်(ဆည်မြောင်း)ပါ။ ရှိတ်ဂျာနယ် အတွဲ(၅) အမှတ်(၄၀)မှာ သူရေးသားခဲ့တဲ့ ( တစ်ချိန်တုန်းက ကျောက်ခဲသီချင်း) ဆောင်းပါးထဲက သီချင်းစာသားကို မြန်မာသံစစ်စစ် နဲ့ မူရင်း သီချင်းရေးသားခဲ့သူ ကဗျာဆရာကြီး (ဦး) မျိုးမြင့်ဆွေ ရဲ့ သံစဉ်အတိုင်း ကိုကိုလတ် သီဆိုသွားပါတယ်။ဒီ ကျောက်ခဲသီချင်းကို မြန်မာသံစဉ်နဲ့ တီးခတ်ပေးသူကတော့ ဆရာမောင်(မကွေး)ပါ။ တီးသူကလည်း အားပါးတရ တီးခတ်သွားပါတယ်။ ဆိုသူတေးသံရှင် ကိုကိုလတ်(ဆည်မြောင်း)ကလည်း ဆရာကြီး မျိုးမြင့်ဆွေ သက်ရှိထင်းရှားရှိစဉ်က သီဆိုသွားတဲ့အတိုင်း ( မူရင်းစာသား သုံးကြောင်းမှ လွဲပြီး) သီချင်းမူရင်းကို အတိအကျ ဆိုပြသွားခဲ့ပါတယ်။ စာပေ၀ိုင်းတော်သားများမှာ ဆိုသူ တီးသူ နှစ်ဦးအား ငေးမောကြည့်ရှုအားပေးနေကြပါတယ်။ (မှတ်ချက်။ ကိုကိုလတ် သည် လွန်ခဲ့သော နှစ်လေးဆယ်ကျော်က ဆရာကြီး မျိုးမြင့်ဆွေ ကိုယ်တိုင်၊သီဆိုခဲ့သော ကျောက်ခဲသီချင်း မူရင်း မြန်မာသံစဉ်အား ရိုးရိုးသားသားဖော်ထုတ်ပေးခြင်းသာဖြစ်ပါသည်။ ဒီသီချင်းနှင့် ပတ်သက်ပြီး မည်သူ့ကိုမျှ ထိခိုက်နှစ်နာစေရန် (လုံးဝ)မရည်ရွယ်ပါ။ လွန်ခဲ့သော နှစ်လေးဆယ်ကျော်က ကျောက်ခဲသီချင်း၏ မြန်မာသံစဉ်ကိုသာ ပြန်လည်ဖော်ပြပေးခြင်းဖြစ် ပါကြောင်း။ ကိုကိုလတ်(ဆည်မြောင်း)။ )
ဆရာမောင်(မကွေး) ကလည်း ယနေ့ SHADE စာပေ၀ိုင်းမှာ ကိုကိုလတ်(ဆည်မြောင်း) အား ပါရမီဖြည့်ရင်း အထူးအစီအစဉ်တစ်ရပ်အဖြစ် သူကိုယ်တိုင်ရေးသားစပ်ဆိုလာသော (မကွေးမြို့က SHADE စာပေ၀ိုင်း) သီချင်းအား မြူးမြူးကြွကြွ မြိုင်မြိုင်ဆိုင်ဆိုင် သီဆိုတီးခတ်သွားပါတယ်ခင်ဗျာ..။ (ကိုကိုလတ်(ဆည်မြောင်း)၊ မောင်(မကွေး)တို့ နှစ်ဦး၏ သီဆိုဖျော်ဖြေမှု အား www.shadejournal.com နှင့် www.winkyi.net အွန်လိုင်းမှာ ကြည့်ရှုအားပေးနိုင်ကြပါသည်။)
စိတ် အဟာရပြည့်ဝအောင် SHADE ဂျာနယ်ကိုဆောင်လို့ ဘ၀အတွက် သုတ၊ရသစုံတဲ့ SHADE စာပေ၀ိုင်းသို့သွားကြပါစို့..။

ရွှေလမ်းငွေလမ်းဝင်းကြည်



READMORE
 

မကွေးမြို့က SHADE စာပေ၀ိုင်း(၄၄)






မကွေးမြို့က SHADE စာပေ၀ိုင်း(၄၄)
၁၈-၉-၂၀၁၁၊ တနင်္ဂနွေနေ့ နေ့(၁၂) နာရီမှ ညနေ(၃)နာရီအထိ မကွေးမြို့၊ ဗိုလ်ချုပ်လမ်း၊ (လက်ရွေးစင် အအေးဆိုင်) မှာ ပေါင်းဆုံ ၀ိုင်းဖွဲ့ကြပါတယ်။ ဒီတစ်ပတ် SHADE စာပေ၀ိုင်းက (၄၄)မြောက်ကြိမ်ပါ။ဧည့်သည်တော် မန္တလေးမြို့က ခေတ္တရာမန်း သန်းမြင့် ရောက်လာပါတယ်။ SHADE စာပေ၀ိုင်းတော်သားများကတော့ ဆရာကြီး မကွေးဝင်းမြင့်၊ ပန်းချီဆရာ ကိုမင်းသူ၊ ပန်းချီဆရာ သူရိန်မြိုင်၊ ပန်းချီဆရာမြင့်ဇော်ဦး၊ ဆရာဇော်မင်းကြည်၊ ဆရာတက္ကသိုလ်ရည်ရွယ် နဲ့ စာရေးသူတို့ ဖြစ်ကြပါတယ်။
ဆရာကြီး မကွေးဝင်းမြင့်က စတင်စကားဆိုပါတယ်။ ``လေးစားအပ်ပါသော စာပေမိတ်ဆွေများခင်ဗျာ..၊ ဒီတစ်ပတ် ရှိတ်စာပေ၀ိုင်းမှာ ဆွေးနွေးတင်ပြချင်တဲ့အကြောင်းအရာကတော့ `ဒေါသ´ပါပဲ။ ဒေါသကြောင့် ကြေကွဲစရာတွေနဲ့ ကြုံတွေ့ကြရပါတယ်။ ဒေါသကြောင့် ဘ၀တိုးတက် ကြီးပွားချမ်းသာရေး အဟန့်အတားဖြစ်ကြရပါတယ်။ အဲဒီဒေါသကို သတိကြီးစွာထားပြီး ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးတွေကို ဆောင်ရွက်သွားမယ်ဆိုရင် အောင်မြင်တိုးတက် ကြီးပွားချမ်းသာကြပါတယ်။ လူရဲ့စိတ်ထဲမှာ ဒေါသဟာ အမြဲရှိမနေပါဘူး။ မကြေနပ်တာတွေကို မြင်ရ၊ ကြားရမှ ဒေါသစိတ်ဆိုတာ ဖြစ်ပေါ်လာတာပါ။ နွားနှစ်ကောင်း ဝှေ့တာကို မြင်ဘူးကြပါလိမ့်မယ်။ တစ်ကောင်နဲ့ တစ်ကောင် ဒေါသတစ်ကြီးနဲ့ ဝှေ့နေကြတာ။ ဦးခေါင်း ဦးချိုတွေမှာ သွေးသံရဲရဲ။ နောက်ဆုံးတော့ အားငယ်တဲ့ နွားကထွက်ပြေးတယ်။ အားကြီးတဲ့နွား ကျန်ရစ်ခဲ့တယ်။ အဲဒီအားကြီးတဲ့နွားကိုကြည့်လိုက်တော့ နွားဦးချိုမှာ သွေးသံရဲရဲနီပြီး တဆတ်ဆတ်တုန် လို့ နာကျင်ကျန်ရစ်ခဲ့ပါတယ်။ ပြိုင်ဘက်နွား ထွက်ပြေးသွားတော့ အဲဒီနွားမှာ ဒေါသ မရှိတော့ဘူး။
ဒေါသဆိုတာ ယမ်းနဲ့ မီးတွေ့မှ လောင်ကျွမ်းပါတယ်။ အဲသလိုပါဘဲ။ ဒေါသကို သတိတရားနဲ့ ထိမ်းသိမ်းမယ်ဆိုရင် ရပါတယ်။ ဥပမာ တစ်ခုပြောရရင်တော့ တောရကျောင်း ဆောက်တည်နေတော်မူတဲ့ ဆရာတော်ကြီးတစ်ပါးက သူဆွမ်းဘုန်းပေးပြီး ဆွမ်းကျန်များကို ခွေးနှစ်ကောင်အား ကျွေးပါတယ်။ အဲဒီခွေးနှစ်ကောင်ဟာ စားအိုးစားခွက် တစ်ခုစီနဲ့ ထည့်ကျွေးပေမယ့် ဖြောင့်ဖြောင့်တန်းတန်း မစားကြပါဘူး။ တစ်ကောင်နဲ့ တစ်ကောင် အစားမာန်ထနေကြတယ်။ နေ့တိုင်း ဒီလိုဖြစ်နေတော့ တုတ်တစ်ချောင်းနဲ့ရှာကိုင်ပြီး ဆွမ်းကျန်တွေ ကျွေးပါတယ်။ ဒါလည်းမရဘူး။ တစ်ကောင်နဲ့ တစ်ကောင် မာန်ဖီနေကြတော့ ဆရာတော်ကြီးကလည်း တုတ်ကြီးတစ်ချောင်းနဲ့ တဟဲ့ဟဲ့ နဲ့ ငေါက်နေတယ်။ မရဘူး ခွေနှစ်ကောင်က ကိုက်နေကြတာဘဲ။ ကြာတော့ ဆရာတော်ကြီးလည်း ဒေါသစိတ်ဝင်လာပါတယ်။ တဟဲ့ဟဲ့ကြားက ကိုက်ရမလားဆို ကိုင်ထားတဲ့ တုတ်ကို မြှောက်တဲ့ပြီး ရိုက်ဆုံးမဖို့ မြှောက်နေရင်းက ရုတ်တရက် သတိတရားလေး ဖြတ်ကနဲဝင်လာတယ်..။ (ဒီခွေးနှစ်ကောင်နော်..ငါရိုက်လိုက်ရ..၊ ငါပါသုံးကောင်ဖြစ်သွားတော့မှာဘဲ။) ဆိုပြီး သူ့စိတ်ထဲဝင်လာတဲ့ ဒေါသကို သတိကြီးစွာထားပြီး ပြန်ထုတ်လိုက်ပါသတဲ့..။ အဲဒီတော့ဗျာ.. ကျွန်တော်တို့ ပုထုဇဉ်လူသားတွေ ဒေါသကလေးများ ဖြစ်လာမယ်ဆိုရင်.. တစ်ကနေ..တစ်ရာအထိ ရေလိုက်ပါ။ သတိကလေးနဲ့ ဒေါသကို ထိန်းသိမ်းနိုင်ကြပါစေ..။ ဟု ဆရာမကွေးဝင်းမြင့်က ပြောဆိုသွားပါတယ်။
ဆရာခေတ္တရာမန်း သန်းမြင့်ကတော့ ရှိတ်ဂျာနယ် မှာ သတင်းအားနည်းနေပါကြောင်း၊ ကျန်နေတဲ့ အခြားမြို့နယ်များသို့ ယခုထက်ပိုမို ဖြန့်ချိစေလိုပါကြောင်း တို့ကို အကြံပြုပြောဆိုသွားပါတယ်။ ဆရာဇော်မင်းကြည်ကလည်း ရှိတ်ဂျာနယ်မှာ ဖော်ပြပေးတဲ့ ရှေးအကျဆုံး သရက်မြို့မှ ဂေါက်ကွင်း နဲ့ သရက်မြို့က သမိုင်းဝင် အထကကျောင်း သတင်းဆောင်းပါးကို ဖတ်ရလို့ အားရ၀မ်းသာ ဖြစ်မိပါကြောင်း၊ သတင်းဆောင်းပါးရှင် ဆရာအေးဝေ(သရက်) (ခ) ၀ရဇိန်(သရက်) အား အထူးကျေးဇူး တင်မိပါကြောင်း၊ ကျွန်တော်တို့ လူငယ်တွေအတွက် မသိသေးတာများကို ဆက်လက်ဖော်ထုတ်ရေးသား ပါရန် တောင်းဆို မေတ္တာရပ်ခံသွားပါတယ်။
ဒီတစ်ပတ်မှာတော့ ၁၉၉၅၊ သြဂုတ်လထုတ် ကြီးပွားရေးလမ်းညွှန်ဂျာနယ် စာအုပ်မှ ကွယ်လွန်သွားခဲ့သော ကလေးမြို့က(အထင်ကရ၊နာမည်ကြီးဆရာတော်ဘုရား) ကဗျာဆရာ မြဆင့်ချယ် ရေးသားဖော်ပြခဲ့တဲ့ သမိုင်းမှာ ကဗျည်းတင်ပြီး ပထဆုရ (ရထားအမေ) ဆိုတဲ့ကဗျာနဲ့ အထူးအမှတ်တရ ရွတ်ဆိုဂုဏ်ပြုလိုက်ပါတယ်..။
ရထားအမေ
*ရွှေတိဂုံဘုရားဖူး မသွားရရင်နေပါစေ
မသေခင်တစ်ခါတော့
ရထားစီးဖူးသွားချင်တယ်ဆိုတဲ့ အမေ။
အမေရေ…
ရထားစီးရဖို့ အောက်ပြည်အောက်ရွာသွား
ဒုက္ခများစရာ မလိုပါဘူးအမေ။
အဖေ့မွေးရပ်မြေ`ကလေး´က ပြေးထွက်လာမယ့်ရထားဟာ
အမေ့မွေးရပ်မြေ`နတ်ချောင်း´ဆီ ဦးတည်ခုတ်မောင်းဖို့
အသင့်ဖြစ်လို့နေပေါ့။
*တက်..အမေ..တက်တက်
သားလက်ကို မြဲမြဲကိုင်
ရထားခုံဖြူဖြူတွေပေါ် ရဲရဲထိုင်စမ်းပ။
အမေမှမဟုတ်
ရှင်ဘုရင်ကနေ သူတောင်းစားထိုင်
လွတ်လပ်စွာတက်စီး ခရီးနှင်နိုင်ပါတယ် အမေ။
*ကလေးမြို့သက်တမ်း နှစ်ထောင်ကျော်မှ
ပေါ်လာတဲ့ရထားဟာ
မိုးပေါ်က ကျလာတာ မဟုတ်ဘူး
မြေကြီးထဲက ထွက်ပေါ်လာတာ မဟုတ်ဘူး
ဘုရားသခင်က ဖန်ဆင်းပေးလိုက်တာလည်း မဟုတ်ဘူး အမေ။
ဟောသည်မြေက..
အဖေတွေ..အမေတွေ
သားတွေ…သမီးတွေ
ချွေးသီး ချွေးပေါက်တွေကို ရွှေလိုဥ
ပညာရှင်တွေက…ထုဆစ်
ခရီးတန်ဆာသစ်ဖော်သူတွေက ဖြန့်ဝေတော့
အမေရေ….
ရထားတဲ့ဗျ
ထိုင်နေရတာအားမရလို့ မတပ်ရပ်စီးချင်စီး
ထခုန်ပြီး နေလိုနေ
လမ်းခရီးမှာ တွေ့သမျှလက်ပြပြီး အော်ချင်အော်
အမေရယ်…ပျော်လိုက်စမ်းပ
ပျော်လိုက်စမ်းပ…အမေရယ်။
*ကလေး- နတ်ချောင်းကို
အဦးဆုံးခုတ်မောင်းမယ့်
ဟောသည်…ရထားဟာ
ဥရောပက သံလိုက်ရထားထက်လည်း အဖိုးတန်တယ်..
ဂျပန်က ကျည်းဆန်ရထားထက်လည်း အမျိုးမှန်တယ်…
ဂျပန် ဥရောပက ရထား…အလကား
ဟောသည်…ကလေး-နတ်ချောင်းရထားကမှ
အမေတွေနဲ့ ကျွန်တော်တို့ဘ၀တွေကို သယ်ဆောင်
လူမွှေး သူမွှေးပြောင်စေမှာပါ အမေ။
*ဟော မကြာခင်ဆို
အမေ့သားကြီး မှန်းမှန်းပြီးပြောနေရတဲ့
ဂန့်ဂေါကိုပဲ သွားမလား…
အမေ့သမီးကြီး`တုပ်ဖြူ´ရှိတဲ့
ပခုက္ကူကိုပဲ သွားမလား
ဘွားခနဲ…ဘွားခနဲ
ရထားသံလမ်းတွေ ရင်ခုံသံချင်းဆက်
ခရီးထွက်ရမှာ ကြောက်တဲ့ အမေဟာ
အိမ်မှာမှ နေတတ်ပါဦးမလား။
*ဟော… ဟိုမှာအမေ
အထင်ကြီးတစ်ခွဲသားနဲ့ မဟုတ်
ရိုးရိုးရုပ်လေးနဲ့ပါ အမေ
အမေ့သားကြီးလို ညိုမောင်းမောင်းနဲ့
ဖုန်တထောင်းထောင်း လူတွေအကြား
အားရပါးရ စကားပြောနေတာ
``ရထားဝန်ကြီး ဦးဝင်းစိန်´´…တဲ့
အမေတို့ ကျွန်တော်တို့ ဇိမ်ကလေးနဲ့ ခရီးသွားနိုင်ဖို့
သူမို့ လုပ်နိုင်တယ် အမေရယ်။
*ကြည့်စမ်းပါအုံးအမေ
ရထားလမ်း လုပ်အားပေးတုန်းက
အမနာပပြောသူတွေ
သွားပုပ် လေလွှင့် ပြောသူတွေလည်း
ခုတော့မှ သဘောပေါက်
ချွေးပေါက်ပေါက် ကျရကျိုးနပ်…
အောင်မယ်…ရထားကြီးနဲ့တောင်
အမှတ်တရ ဓာတ်ပုံတွေတွဲရိုက်ဖို့
ဓာတ်ပုံဆရာတွေကိုလက် လိုက်လိုက်ဆွဲနေကြတယ်အမေ။
*ဟောသည် ရထားလမ်းဟာ
ဂျပန်ခေတ်ကလို ချွေးတပ်ဆွဲ စေခိုင်းခဲ့တာမဟုတ်
အင်္ဂလိပ်ခေတ်ကလို အာဏာနဲ့ စေခိုင်းခဲ့တာမဟုတ်
ဒါ…တို့လုပ်ကိုလုပ်ရမယ်လို့ ယုံကြည်
အားနဲ့ မာန်နဲ့
လုပ်အားကိုယ်စီ ပေးဆပ်ခဲ့ကြတာပါအမေ။
*ဒါဟာ…
ကျွန်တော်တို့ယုံကြည်စွာ ၀တ်ဆင်ခဲ့တဲ့
မော်ကွန်းသမိုင်းလည်းဖြစ်တယ်။
အမေရေ….
ဟောသည်ရထားဟာ
လူတွေ…ကုန်စည်တွေကိုတင်
တင်ဆောင်လာတာ မဟုတ်ဘူးအမေ။
*ယဉ်ကျေးမှုတွေ
စည်းလုံးညီညွတ်မှုတွေ
စည်ပင်ဖွံ့ဖြိုးမှုတွေ…ကို
တနင့်တပိုး သယ်ဆောင်လာလို့
ပြည်ထောင်စုကြီး အဓွန့်ရှည်ရေးအတွက်
မဆုံးတဲ့ခရီးရှည် ခုတ်မောင်းပေးနေတယ်ဆိုတာလည်း
အမေ့အသည်းထဲ မြဲအောင်မှတ်
အလှရိုက်ဓာတ်ပုံတစ်ပုံလည်း မဟုတ်ဘူးအမေ။
*မေနဲ့ဖေရေ…
မေနဲ့ဖေ ပျိုရွယ်စဉ်ကလို
ကလေး-နတ်ချောင်းခရီးကို
လှည်းကြီးတအီအီစီးလို့
အချိန်တွေ မနည်းကြီးပေးပြီး
အနီးကလေးတွေကို
အဝေးကြီး မဖြစ်စေတော့ပါဘူးအမေ။
ကလေးမြို့က ထမင်းပေါင်း
နတ်ချောင်းမှာ ပူပူနွေးနွေးစား
နတ်ချောင်းက သပြေပန်း
ကလေးမြို့ဘုရားခန်းတွေမှာ အညွန့်တလူလူနဲ့
နတ်ချောင်းသားနဲ့ ကလေးသူ
နတ်ချောင်းသူနဲ့ ကလေးသား
အောင်သွယ်တော်ရထားလည်း ဖြစ်လိမ့်မယ်။
*အမေရေ…..
ရထားတွေဟာ
ဘူတာနဲ့ ခရီးလမ်းတွေကို ဖြတ်သန်းခဲ့သလို
အမေတွေဆိုတာလည်း
ဘ၀ခရီးကြမ်းများစွာကို ဖြတ်သန်းခဲ့၊
ပျော်ရွင်မှု ဘူတာတွေမှာလည်း ရပ်နားခဲ့
ဒီလိုနဲ့ မျိုးဆက်သစ်တွေဖြစ်လာ
တိုင်းပြည်လည်း သစ်သထက်သစ်လာပေါ့။
*အမေရေ..
ကျွန်တော်တို့ ဘ၀တွေ
ရ-ထားသင့်သမျှတွေ ရ-ထားစေဖို့
``ရထား´´လာပြီအမေ…
ရ…ရထားကြီးပျော်ပျော်စီးနိုင်ဖို့
ရထားကြီးလာပြီအမေ…
အမေတွေလာပြီအမေ။
*ဘ၀တွေမှာ ကြားနေခဲ့ရတဲ့
ထပ်ပြန်တလဲလဲ ကျယ်လောင်သံတွေထဲ
ကျယ်လောင်သံတွေ ထပ်ပြန်တလဲလဲမှာ
ဒီအသံသာ အချိုးမြိန်ဆုံး..
ဒီအသံသာ အင်အားအသစ်ကို ဖြစ်စေဆုံး..
ဒီအသံသာ ယုံကြည်စိတ်အချရဆုံး…
ဒီအသံသာ ဘ၀တွေကို ကျေနပ်စေရဆုံး…
ဂျုံး ဂျက်ဂျက်…ဂျုံးဂျက်ဂျက်
ဂျုံးဂျက်ဂျက်..ဂျုံးဂျက်ဂျက်ဂျက်
ဂျုံးဂျက်ဂျက်..ဂျုံးဂျက်ဂျက်ဂျက်..နဲ့
ဘ၀ဂ်လျံထွက်မဲ့- ရ- ရထားသံပါအမေ။ ။
မြဆင့်ချယ်
မှတ်ချက်။ ။ ပခုက္ကူ-ကလေးရထားလမ်းနှင့် ပတ်သက်၍ စာပေပြိုင်ပွဲတစ်ရပ် ကလေးမြို့တွင် ကျင်းပခဲ့သည်ဟုဆိုပါသည်။ ဖော်ပြပါ ကဗျာပြိုင်ပွဲတွင် ပထဆုရ ကဗျာဖြစ်ပါသည်။ (အယ်ဒီတာ-ကြီးပွားရေးလမ်းညွှန်ဂျာနယ်၊ တွဲ(၄)အမှတ်(၉)။ ၈/၁၉၉၅)

စိတ် အဟာရပြည့်ဝအောင် SHADE ဂျာနယ်ကိုဆောင်လို့ ဘ၀အတွက် သုတ၊ရသစုံတဲ့ SHADEစာပေ၀ိုင်းသို့ သွားကြပါစို့..။

ရွှေလမ်းငွေလမ်းဝင်းကြည်
READMORE
 

မကွေးမြို့မှ SHADE စာပေ၀ိုင်း(၄၃)




Shade43
မကွေးမြို့မှ SHADE စာပေ၀ိုင်း(၄၃)
၁၁-၉-၂၀၁၁၊ တနင်္ဂနွေနေ့၊ နေ့လည်(၁)နာရီ မှ ညနေ(၃)နာရီအထိ မကွေးမြို့၊ ဗိုလ်ချုပ်လမ်း၊ (လက်ရွေးစင် အအေးဆိုင်) မှာ ပေါင်းဆုံ ၀ိုင်းဖွဲ့ဖြစ်ကြပါတယ်။ SHADE စာပေ၀ိုင်း(၄၃)ကြိမ်မြောက်ဖြစ်ပါတယ်။ ဒီတစ်ပတ် စာပေ၀ိုင်းတော်သားများက တော့ မိုးထဲလေထထဲမှာ မပျက်အကွက် အားခဲလို့လာကြသူတွေဖြစ်ကြပါတယ်။ ဆရာကြီး မကွေးဝင်းမြင့်၊ ပန်းချီဆရာမင်းသူ၊ ပန်းချီဆရာမြင့်ဇော်ဦး၊ ပန်းချီဆရာသူရိန်မြိုင်၊ ဆရာဇော်မင်းကြည်၊ နဲ့ စာရေးသူ တို့ဖြစ်ကြပါတယ်။
ဆရာကြီး မကွေးဝင်းမြင့်က စတင်ပြောဆိုပါတယ်။ ``လေးစားအပ်ပါသော စာပေမိတ်ဆွေများခင်ဗျာ…။ ဒီတစ်ပတ် ရှိတ်စာပေ၀ိုင်းမှာ အလွန်အရေးကြီးတဲ့ ကျန်းမာရေးအကြောင်းကလေးကို တင်ပြဆွေးနွေးပါရစေ..။ လူမှာ စားဝတ်နေရေး အရေးအကြီးဆုံးပါလို့ ဆိုကြပေမယ့် မကျန်းမာရင် ဘာမှ မလုပ်နိုင်ပါဘူး။ ဒါကြောင့် မြတ်ဗုဒ္ဓကလည်း (အာရောဂျံ ပရမံ လာဘံ) လို့ဟောကြားတော်မူခြင်းဖြစ်ပါတယ်။ ယနေ့ ကမ္ဘာသူ ကမ္ဘာသားတွေကို ဒုက္ခအများဆုံးပေးတဲ့ ရောဂါကတော့ သွေးတိုးရောဂါဖြစ်ပါတယ်။ သွေးတိုးရောဂါဆိုတာ သွေးတွေများလာတာ သွေးတွေပွါးလာတာ မဟုတ်ပါဘူး။ လူ့ခန္ဓာကိုယ်ထဲက သွေးတွေဟာ တစ်ကိုယ်လုံး လည်ပတ်နေရာမှာ ပုံမှန်လည်ပတ်နေတာထက် အရှိန်မြင့်လည်ပတ်တာကို သွေးတိုးရောဂါလို့ခေါ်ကြတာပါ။ အဲဒီသွေးတွေ လေဖိအားကြောင့် အရှိန်မြင့်လည်လာရင် မျက်စိတွေဝေမယ်၊ ဇက်ကြောတွေထိုး၊ နောက်ကျောတွေတက်လာပါတယ်။ သွားလာ လှုပ်ရှားရာမှာလည်း လေးလံထိုင်းမှိုင်းလာပါတယ်။ ခန္ဓာကိုယ်က အဲဒီလို ဖြစ်နေတုန်းအချိန်မှာ ရေအေးလောင်းချိုးလိုက်မယ်ဆိုရင် လူ့ခန္ဓာကိုယ်မှာ ဖွဲ့စည်းတည်ဆောက် ထားတဲ့ သွေးပြန်ကြော သွေးကြောမျှင် ဆံခြည်မျှင်သွေးကြောကလေးတွေဟာ ရေအေးကြောင့် ကျုံ့သွားပါတယ်။ တစ်ကိုယ်လုံး သွေးတွေက အရှိန်အဟုန်နဲ့ ခါတိုင်းထက် မြန်နေရတုန်းအချိန် ဦးခေါင်းပိုင်း နားနှစ်ဘက်အထက် သွေးကြောမျှင်ကလေး ပြတ်တောက်သွားပြီး သတိလစ်သွားတတ်ပါတယ်။ အဲဒီလိုဖြစ်ရပ်ကို အနောက်တိုင်းဆေးပညာရှင် များက ဦးနှောက် သွေးကြောပြတ်တယ်လို့ မှတ်ချက်ချပါတယ်။ မြန်မာအခေါ်ကတော့ လေဖြတ်သွားတယ်လို့ ခေါ်ဆိုကြ ပါတယ်။ အယူအဆ အတူတူပါဘဲ။ အခေါ်အဝေါ်ဘဲကွာတာပါ။ ဦးနှောက်သွေးကြောမပြတ်ဘဲ အကြော(သွေးကြော) အတွင်းမှာ အအေးကြောင့် သွေးခဲပြီး ဆို့ပိတ်သွားရင်လည်း သတိမေ့တတ်ပါတယ်။ ခြေလက်လှုပ်ရှားမရဖြစ်တတ်ပါတယ်။ သွေးတိုးရောဂါမှတဆင့် လေငန်းရောဂါဖြစ်လာတတ်ပါတယ်။ ဒါကြောင့် သွေးတိုးရောဂါရှိလျှင် အထူးသတိထားပြီး ရေချိုးမိုးချိုးဆင်ခြင်ဖို့ အစားအသောက်များကို ဂရုစိုက်ဖို့ ဆွေးနွေးပြောကြားလိုတာဖြစ်ပါတယ်။
``ကြိုတင်ကာကွယ်စောင့်ရှောက် ဘေးမရောက်´´ ဆိုစကားအတိုင်း ရောဂါကိုမဖြစ်မီက ကာကွယ်တာ အကောင်းဆုံးပါဘဲ။ သွေးတိုးရောဂါဘာ့ကြောင့်ဖြစ်လဲဆိုတော့ ၀က်သား၊ ဘဲသား၊ ပုဇွန်၊ ငါးသလောက်၊ ငါးသေတ္တာ၊ ငါးပိ၊ ငံပြာရည်၊ အဆီအစေးများတဲ့ အစားအစာတွေ။ အချိုအဆိမ့်တွေကို အစားများလို့ ဖြစ်ကြတာပါ။ ပြီးတော့ ကိုယ်လက်လှုပ်ရှားမှု နည်းတာလဲ ပါပါတယ်။ အဆီ အစေး အချို အဆိမ့်တွေ အစားများလာရင် ခန္ဓာကိုယ်သွေးကြောထဲမှာ အဆီဓါတ်တွေများလာပြီး သွေးကြောကျဉ်းလာပါတယ်။ လေဖိအားများပြီး သွေးတိုးတော့တာပါဘဲ။ နှလုံးသွေးကြောကျဉ်း ရောဂါပါ ယှဉ်တွဲလာပြီး နှလုံးသွေးကြောပိတ်သွားနိုင်ပါတယ်။ အဓိကသိရမှာက သွေးတိုးရောဂါဆိုတာ အစားအစာကလာ တာပါ။ မီးဖိုချောင်က လာတာပါ။ ဒါကြောင့် မီးဖိုချောင်ထဲကလာတဲ့ သွေးတိုးရောဂါကို မီးဖိုချောင်ထဲ ပြန်ပို့လိုက်ပါလို့ တင်ပြဆွေးနွေးရပါကြောင်း၊ အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေ..။ ဟု မကွေးဝင်းမြင့် မှပြောကြားသွား ပါတယ်။
ပန်းချီဆရာမင်းသူ ကလည်း ဒီလိုဆိုပြန်ပါတယ်။ ဒိသာပါမောက္ခကြီးတစ်ဦးထံ ဗေဒင်အတတ်ပညာကို အတူတူသင်ကြားလာခဲ့တဲ့ တပည့်နှစ်ယောက်ရဲ့ အကြောင်းကို အကျယ်တ၀င့်ပြောကြားပါတယ်။ ပညာစုံလို့ တပည့်နှစ်ဦး မိမိတို့နိုင်ငံတော်ကို အတူတူပြန်လာကြပါတယ်။ လမ်းက ရွာတစ်ရွာရောက်တော့ အမျိုးသမီးတစ်ယောက်က ငိုနေတာကို တွေ့ပါတယ်။ ဘာကြောင့်ငိုတာလည်း မေးကြည့်တော့ သူ့မရဲ့ လင်တော်မောင် တောထဲသို့ ထင်းခုတ်သွားတာ ပြန်မလာတော့လို့ မျှော်ရင်းငိုနေရပါကြောင်း ဖြေဆိုပါတယ်။ ဒါနဲ့ ပထမ တပည့်က သူသင်ကြားလာတဲ့ ဗေဒင်ပညာကို လက်တွေ့ အသုံးချဟောကြားလိုက်ပါတယ်။ `ဟဲ့ ကလေးမလေး နင့် လင်တော်မောင် ပြန်လာမှာမဟုတ်တော့ဘူး၊ သေဆုံးသွားပြီလို့ ´ ဟောလိုက်ပါတယ်။ ဒုတိယ တပည့်ဖြစ်သူကလည်း သူသင်ကြားလာတဲ့ ဗေဒင်ပညာကို လက်တွေ့တိတိကျကျဖြစ်အောင် အသုံးချပြီးဟောကြားလိုက်ပါတယ်။ ` ဟဲ့ သူငယ်မလေး နင်ရဲ့ လင်တော်မောင်ဟာ မကြာခင်အချိန်က တောထဲထင်းခုတ်သွားရင် ဒီအနီးအနား တောာင်တစ်ခုပေါ်က ကျောက်ဖြာပေါ်မှာ ကျားကိုက်သွားလို့ အသက်ဆုံးရှုံးသွားပါပြီ..။ ရွာသားတွေကိုခေါ်ပြီး လိုက်ရှာရင် ငါပြောတဲ့အတိုင်း တွေ့မြင်ရပါလိမ့်မယ်..´ လို့ ဟောကြားလိုက်ပါတယ်။ ဒုတိယ တပည့်ဟောတဲ့အတိုင်း အတိအကျ တွေ့ရပါသတဲ့။ အသေအချာ မှန်တဲ့ ဗေဒင်ဆရာဘဲ ဆိုပြီး တစ်ရွာလုံးက ဒုတိယဗေဒင်ဆရာကို ၀ိုင်းပြီးအရေးပေး ကိုးကွယ်ကြပါတယ်။ ဒါနဲ့ ပထမ တပည့်ဖြစ်သူဗေဒင်ဆရာက ဒုတိယတပည့်ဖြစ်သူဗေဒင်ဆရာကို မကျေမနပ်ဖြစ်ပြီး မေးပါတယ်။ ` မင်းနဲ့ငါ ဆရာကြီးဆီက ဗေဒင်ပညာတွေကို အတူတူသင်ကြား လာခဲ့ကြပြီး မင်းက ငါ့ထက် တိတိကျကျ အသေးစိတ် ဘာကြောင့် ဟောကြားနိုင်ပါသလဲ..?။ ငါတို့ ဆရာကြီးက မင်းကို ပညာတွေပိုသင်ပေးလိုက်တယ်လို့ ငါထင်တယ်။ အဲဒါငါမကြေနပ်ဘူးကွာ။ လာ.. ဆရာကြီးထံ ငါတို့ နှစ်ယေက် ပြန်လှည့်သွားပြီး မေးကြမယ်လို့´ ပြောဆိုကြသတဲ့။ ဒါနဲ့ ဆရာကြီးထံသို့ သူတို့တပည့်နှစ်ဦးပြန်ရောက် လာကြပါတယ်။ အကြိုးအကြောင်းဖြစ်စဉ်အား ပထမ တပည့်က ဆရာကြီးထံ ပြောပြီး သူရင်ထဲမှာ အထင်လွဲနေတာကို မေးပါတယ်။ ဆရာကြီးက ခေါင်းတစ်ညိမ့်ညိမ့် နဲ့ ` ငါကတော့ သင်ရိုးသင်စဉ်အတိုင်း ဗေဒင်သုံးပုံကို အကုန် သင်ကြားပေးလိုက်တာဘဲ။ မင်းတို့ နှစ်ယောက် ဘာကြောင့် ကွာခြားသွားသလဲ သိရအောင် ငါတစ်ခုခိုင်းမယ်။ အဲဒါကတော့.. ရော့ ဒီမှာငွေဖလား နှစ်လုံး အရွယ်အစားလည်းအတူတူပဲ၊ ဒီချည်စောင်တစ်ဘက်တစ်ထည်စီကို လည်းယူသွားကြပါ။ မနက်ဖြန် မိုးသောက်လင်းတာနဲ့ နှင်းတွေကျနေတဲ့ ဟိုးကမြင်နေရတဲ့ မြက်ခင်းကြီးထဲကိုသွားကြပါ။ ဒီဖလားထဲကို နှင်းရည်တွေခံထည့်ပြီး ပြည့်တဲ့အချိန်မှာ ငါ့ဆီကို ပြန်လာကြပါ..´ လို့ တပည့်နှစ်ယောက်ကို ခိုင်းလိုက်ပါတယ်။ ပထမ တပည့်က မြက်ခင်းထဲရောက်တာနဲ့ မြက်ပင်ဖျားမှာ တင်နေတဲ့ နှင်းပေါက်ကလေးတွေကို တစ်ပေါက်ချင်းခါပြီး ငွေဖလားထဲခံထည့်နေပါတယ်။ နေမွန်းတည့်လို့လည်း ခွက်က မပြည့်သေးပါဘူး။ ဒုတိယ တပည့်ကတော့ မြက်ခင်းကြီးပေါ်က နှင်းရည်တွေကို ပါလာတဲ့ ချည်ထည်တစ်ဘက်စောင်ကို ဖြန့်ကျက်ဆွဲချပါတယ်။ တစ်ဘက်စောင်မှာ နှင်းရည်တွေရွဲစိုနေတာကို လက်နဲ့ညစ်ယူပြီး ငွေဖလားခွက်ထဲသို့ ထည့်ပါတယ်။ နေမွန်းမတည့်မီ နံနက်ပိုင်းအတွင်း ငွေဖလားထဲမှာ နှင်းရည်တွေပြည့်သွားခဲ့ပါတယ်။ ဆရာကြီးထံ ဒုတိယ တပည့်က အရင်ဆုံး အချိန်စောစော ရောက်သွားပြီး နှင်းရည်တွေအပြည့်နဲ့ ငွေဖလားကို အပ်လိုက်ပါတယ်။ နေ့မွန်းတည့်ပြီးလို့ နေစောင်းချိန်မှရောက်လာပါတယ်။ ပထမ တပည့်မှာ နှင်းရည်တွေက ငွေဖလားနဲ့ တစ်ဝက်သာရပြီး ဆရာကြီးထံ အပ်နှံလိုက်ပါတယ်..။ တပည့်နှစ်ဦးကို ဆရာကြီးက ရှေ့မှာထိုင်ခိုင်းပြီး `ကဲ့ သိပြီလား..ငါကတော့ မင်းတို့ကို ဗေဒင်ပညာတွေနဲ့ ပတ်သက်ပြီး ဘာတစ်ခုမျှ ဆရာစားမချန်ဘဲ အားလုံးသင်ပေးခဲ့တာပါကွာ..။ ယခုနှင်းရည်ခံသလို ကိုယ်ပိုင်ထိုးထွင်းသိမြင်တဲ့ ကိုယ်ပိုင်အတွေးအခေါ် ကိုယ်ပိုင်အကြံဥာဏ်ကလည်း လိုပါသေးတယ်ကွာ..။ ငါသင်ကြားပေး လိုက်တဲ့ ဗေဒင်ပညာက အတူတူပါဘဲကွာ..။ ငါ့တပည့်များ ပညာအရာမှာ ဆရာထက် တပည့်လက်စောင်းထက်နိုင်သူများ ဖြစ်ကြပါစေ..´။ လို့ ဆရာကြီးက ပြောဆိုပြီး ပြန်လွှတ်လိုက်ပါသတဲ့။ ဒါကြောင့် ရှိတ်စာပေ၀ိုင်းကိုလာပြီး သုတ၊ရသပညာတွေကို ပေးကြ၊ယူကြတာချင်းအတူတူ ကိုယ်ပိုင်အကြံဥာဏ်များကို အသုံးချပြီး ကြီးပွားချမ်းသာသူများလည်း ဖြစ်နိုင်ကြပါစေ..။ လို့ ပန်းချီဆရာမင်းသူက(ဆရာအောင်သင်းရဲ့ စကားကို တဆင့်)ဖောက်သည်ချ ပြောဆိုသွားပါတယ်။
စိတ် အဟာရပြည့်ဝအောင် SHADEဂျာနယ်ကိုဆောင်လို့ ဘ၀အတွက် သုတ၊ရသတွေစုံတဲ့ SHADE စာပေ၀ိုင်းသို့ သွားကြပါစို့..။

ရွှေလမ်းငွေလမ်းဝင်းကြည်
READMORE
 

မကွေးမြို့မှ SHADE စာပေ၀ိုင်း(၄၂)




Shade42
မကွေးမြို့မှ SHADE စာပေ၀ိုင်း(၄၂)
၎-၉-၂၀၁၁၊ တနင်္ဂနွေနေ့ နေ့(၁၂)နာရီမှ ညနေ(၃)နာရီအထိ မကွေးမြို့၊ ဗိုလ်ချုပ်လမ်း၊ (လက်ရွေးစင် အအေးဆိုင်) မှာ ပေါင်းဆုံ ၀ိုင်းဖွဲ့ဖြစ်ကြပါတယ်။ SHADE စာပေ၀ိုင်း(၄၂)ကြိမ်မြောက်ပါ။ ဒီတစ်ပတ် SHADE စာပေ၀ိုင်းတော်သားများ ကတော့ ဆရာကြီးမကွေးဝင်းမြင့်၊ ပန်းချီဆရာမင်းသူ၊ ပန်းချီဆရာမြင့်ဇော်ဦး၊ ဆရာဇော်မင်းကြည်၊ ဆရာနေခြည်(မကွေး) နဲ့ စာရေးသူတို့ ၀ိုင်းဖွဲ့ကြပါတယ်။ အရင်နေ့တွေက မကွေးမှာ မိုးရွာနေပြီး ယနေ့ နေတော်တော်ပူနေပါတယ်။ ယနေ့လျှပ်စစ်မီးက ပြတ်နေတော့ အအေးဆိုင်လည်း မအေးနိုင်ကြပါဘူး။ SHADE ဂျာနယ်တွေကို ကိုယ်စီကိုင်ပြီး ယပ်ခတ်နေကြရပါတယ်။ ရာသီဥတုက ပူနေတော့ စာပေ၀ိုင်းတော်သားတွေ ပင်ပမ်းနွမ်းနယ်နေကြပါတယ်။ ပန်းချီဆရာ မင်းသူက လွဲပြီး ဘယ်သူမှ စကားများများ မပြောဆိုနိုင်ကြပါဘူး။
ဆရာကြီးမကွေးဝင်းမြင့်လည်း တိုရှင်း လိုရင်းသာ စတင် ပြောဆိုသွားပါတယ်။ `လေးစားရပါသော စာပေမိတ်ဆွေများ ခင်ဗျာ.. ဒီတစ်ပတ် ရှိတ်ဂျာနယ် စာပေ၀ိုင်းကို အလုပ်မအားတဲ့ကြားက နေပူပူမှာ ယခုလိုလာရောက်ကြတာ များစွာကျေးဇူးတင် ပါတယ်။ ကျွန်တော်သတင်းကောင်းလေးတစ်ပုဒ်ကို ပြောချင်ပါတယ်။ ကျွန်တော်တို့ မကွေးမြို့နယ် စာပေနှင့်စာနယ်ဇင်းအဖွဲ့ဝင် ဖြစ်တဲ့ စာရေးဆရာ ကိုကိုလတ်(ဆည်မြောင်း) ယခု ပထမအကြိမ်ထုတ်ဝေသော (ရွှေကြိုးနဲ့ဒုံးမြင်း) အပါအ၀င် ၀ထ္ထုတိုပေါင်းချုပ်စာအုပ်ဟာ အောင်မြင်ကြော်ကြား လူကြိုက်များပြီး တော်တော်ရောင်းကောင်း နေတဲ့ သတင်းပါ။ မကွေးမြို့၊ ရန်ကုန်မြို့၊ မန္တလေးမြို့ က ဟော်တယ်ကြီးတွေမှာလည်း စာအုပ်မိတ်ဆက်ပွဲများ ခန်းခန်းနားနား ကျင်းပနေတာ ဂျာနယ်အစောင်စောင်များမှာ ဖော်ပြလို့ ဖတ်ရပါတယ်။ ဒါဟာဖြင့် ကျွန်တော်တို့ မကွေးစာနယ်ဇင်း သမိုင်းမှာ ကိုကိုလတ်(ဆည်မြောင်း) ကြောင့် မကွေးစာရေးဆရာတွေ ဂုဏ်တက်စရာပါဘဲ။ ကိုကိုလတ်(ဆည်မြောင်း) ဟာ မကွေးစာနယ်ဇင်းလောကသားတွေကိုလည်း လိုလေသေးမရှိ ကူညီထောက်ပံ့ခဲ့သူပါ။ အဲဒါကြောင့် ဒီတစ်ပတ်တော့ ကိုကိုလတ်(ဆည်မြောင်း) ရဲ့ အောင်မြင်တဲ့ မင်္ဂလာသတင်းကို ၀မ်းမြောက်ဝမ်းသာ ပြောကြားရင်း၊ ဂုဏ်ပြုရင်း နိဂုံးချုပ်ပါတယ်ခင်ဗျား..။ (SHADE စာပေ၀ိုင်းတော်သားများကလည်း ဆရာကြီး မကွေးဝင်းမြင့် ပြောဆိုသွားတာကို ၀မ်းမြောက်ဝမ်းသာဖြစ်ကြရပါတယ်။ ကိုကိုလတ်(ဆည်မြောင်း) ဟာ စာပေသမားသက်သက်သာ ဖြစ်ပါကြောင်း၊စေတနာ သဒ္ဒါတရားထက်သန်းသူတစ်ဦးဖြစ်ပါကြောင်းတို့ကို ပြောဆို ဆွေနွေးသွားကြပါတယ်။)
ပန်းချီဆရာ မင်းသူ ကတော့ သတင်းထောက် ဆရာအထောက်တော်လှအောင် ၏ စာအုပ်ကိုဖတ်ပြီး အကျယ်တ၀င့် ဖတ်ကြား ဆွေးနွေးသွားပါတယ်။ (ကားဘုရင် ဆိုတဲ့ သတင်းကိုရေးသားလို့ သတင်းနှင့်ပတ်သက်သူက ငွေထုပ်ကိုပိုက်ပြီး ဆရာ အထောက်တော်လှအောင်ဆီကိုလာရောက်ဆက်သွယ်ပါတယ်၊ ဒီသတင်းနဲ့ပတ်သက်ရင် သက်သက်ညှာညှာလေး ရေးသားပေးဖို့ လာရောက်ပြောကြားတာက စတင်ပါတယ်..။) သတင်းဆိုတာ အောက်ကျခံရတဲ့အကြောင်း၊ (မယုံလျှင်မရေးဘူး။ ယုံမှရေးမည်။ ယုံကြည်မှုကို အားနာမှုနဲ့ မခြေဖျက်သင့်ဘူး။ ယုံကြည်မှုကို အခြားကိစ္စတွေနဲ့လည်း မခြေဖျက်နိုင်ဘူး။ စာဖတ်ပရိပ်သတ်ကို ဘယ်သောအခါမှ မညာနိုင်ဘူး။ ကျွန်တော်ငွေကိုကြိုက်ပါတယ်။ ဒါပေမယ့် ငွေနဲ့ သတင်းနဲ့ယှဉ်လာရင်တော့ ငွေကိုမကြိုက်ပါဘူး၊ (၁၉၆၉၊ခုနှစ်လောက် နလက ခေတ်မှာ နလက(နယ်မြေလုံခြုံရေး ကောင်စီ)ရဲ့ ကားတိုက်မှုကို ကားနံပါတ်နဲ့ နေစွဲ နေရာ အတိအကျရေးသားထားတဲ့ သတင်းတစ်ပုဒ်ပါ။) သတင်းထောက်ဆိုတာ အရေထူရကြောင်း၊ အမှန်တရားကိုဖော်ထုတ်ခံရမှာ ကြောက်လှန့်နေသူတွေဆီကို သတင်းသွား ယူတဲ့အခါ ဇွတ်အတင်းပြောဆိုပြီး မောင်းထုတ်ခံရဘူးတဲ့အကြောင်း၊သတင်းထောက်ဆိုတာ သည်းခံရတယ်၊ အောက်ကျ နောက်ကျခံတတ်ရတယ်။ သတင်းကိုအကြောင်းပြပြီး ငွေမညစ်ရဘူး။ သတင်းထောက်တွေဟာ ကိုယ်သိချင်တာကို ရိုးရိုးသားသား ဂျာနယ်သမားပါဆိုပြီး သတင်းမေးတတ်ရမယ်။ မှန်တာကို မပြောရင် ခင်ဗျားကွဲသွားချင်သလား ဆိုတာမျိုး၊ ခင်ဗျား မှန်တာမပြောရင် စစ်ထောက်လှမ်းရေးကို သတင်းပေးလိုက်ရမလား ဆိုတဲ့ ခြိမ်းခြောက်တာမျိုးတွေ မလုပ်သင့်ကြောင်း၊ သတင်းသမားဆိုတာ သတင်းအလုပ်ကိုသာ ကြိုးကြိုးစားစား ရိုးရိုးသားသား အများအတွက် အမှန်တရားကို ဘက်မလိုက်ဘဲ တာဝန်ကျေပွန်စွာ သတင်းရေးသားရမှာ ဖြစ်ကြောင်း၊ သတင်းထောက်ကြီး ဆရာအထောက်တော်လှအောင်ရဲ့ သတင်းသမားတစ်ဦး၏ ခံယူချက် အာဘော်များကို ပန်းချီဆရာမင်းသူမှ အကျယ်တ၀င့် ပြောဆိုဆွေးနွေး သွားပါတယ်။ (SHADE စာပေ၀ိုင်းတော်သားများက ပန်းချီဆရာမင်းသူ ပြောဆိုသွားတာကို နားမလည်တဲ့ကိစ္စများအား ပြန်လည်မေးမြန်းကြပါတယ်။)
ပန်းချီဆရာမြင့်ဇော်ဦး ကလည်း စာရေးဆရာ လကာင်္ရည်ကျော် ရေးသားတဲ့ (ကြိုကြာတောင်ပံခတ်သံ) ၀ထ္ထုစာအုပ်ကို အသေးစိတ် ထုတ်နုတ်ဆွေးနွေးသွားပါတယ်။ ဒီဝထ္ထုဟာ သေသေခြာခြာဖတ်လေ ကောင်းလေပါ။ ဒါကြောင့်လည်း အမျိုးသားစာပေဆု၊ ရုပ်ရှင် အကယ်ဒမီဆုများ ရပါကြောင်း၊ ဒီစာရေးဆရာ ဒေါက်တာရဲမြင့်ကျော်( ကလေးအထူးကု ဆရာဝန်ကြီး) (ခ) လကာင်္ရည်ကျော် ကို ကိုယ့်မကွေးမှာ ရှိနေကြာင်း ယခုမှကျွန်တော်သိရပါကြောင်း တို့ကို ပန်းချီဆရာမြင့်ဇော်ဦးမှ အကျယ်တ၀င့် ပြောဆိုသွားပါတယ်။ (SHADE စာပေ၀ိုင်းတော်သားများ ဒီဝထ္ထုကို အချစ်ရွာဆိုင် Shade စာပေ၀ိုင်းမှာ ဆွေးနွေးခဲ့ပြီးဖြစ်လို့ ထပ်မံ မဆွေးနွေးခဲ့ကြပါ)။
ဆရာဇော်မင်းကြည်ကတော့ ဒီလထုတ် အတွေးအမြင်မဂ္ဂဇင်းထဲက (နှုတ်မှု အတတ်ပညာ) ခေါင်းကြီးပိုင်းကို ထုတ်နုတ် ဆွေးနွေးပါတယ်။ ယခုခေတ် လွတ်တော်တွေမှာ တင်ပြပြောဆိုဆွေးနွေးကြခြင်းဟာ နှုတ်မှုအတတ်ပညာတွေ က အဓိကအရေးပါလာကြောင်း၊ ရှေးက သူတို့ခေတ်မှာ နှုတ်မှု အတတ်ပညာ ကို သင်ကြားပေးတဲ့ဆရာတွေရှိခဲ့ကြောင်း၊ ပုံပြင်လေး တစ်ပုဒ်နဲ့ တင်ပြထားပါတယ်။ ဆရာတစ်ဦးက တပည့်တစ်ယောက်ကို အခကြေးငွေနဲ့ နှုတ်မှု အတတ်ပညာသင်ကြားပေးတယ်။ သင်တန်းပြီးတော့ တပည့်လုပ်သူက သင်ကြားတဲ့ အခကြေးငွေမပေးလို့ တရားရုံး ကို ရောက်ခဲ့ကြပါတယ်။ တရားသူကြီးရှေ့မှာ ဆရာနဲ့ တပည့် အပြန်အလှန် ပြောဆိုပြီးလျှောက်လဲချက်ပေးကြရပါတယ်။ တပည့်လုပ်သူက တရားရုံးမှာ အမှုရှုံးရင် ( ငါ့ကို ဒီဆရာက နှုတ်မှုပညာ လျှောက်လဲချက်တွေကို အကုန်မသင်ကြားခဲ့လို့၊ ဆိုပြီး ပညာသင်ကြားခငွေ မပေးဘူးဆိုမယ်)။ ဒီအမှုကို ဆရာကရှုံးသွားပြန်ရင်လည်း (ငါ ဆရာ့ကို ပညာသင်ကြေးငွေ လုံးဝ ပေးစရာမလိုတော့ဘူးလို့) တပည့်လုပ်သူက စဉ်းစားနေပါတယ်။ ဆရာလုပ်သူကလည်း ပြောပါတယ်။ ဒီပညာတွေကို ဆရာစား မချန်ဘဲ အားလုံးသင်ခဲ့ပါကြောင်း သူမတတ်လို့ အမှုရှုံးခြင်းဟာ တပည့်လုပ်သူက ပညာတွေကို ဂရုစိုက်ပြီး လက်ခံ မသင်ကြားလို့သာ ဖြစ်ကြောင်း ဆိုပါတယ်။ တပည့်ပြောကြားချက်တွေကို တရားရုံးက ယုံကြည်လက်ခံလာခဲ့ရင်လည်း ဒီပညာတွေဟာ သူက သေသေချာချာသင်ပေးခဲ့လို့ပါ ဟု ဆရာကလည်းဆိုပါမည်..။ ဒါကြောင့် သူ့ကို တပည့်ဖြစ်သူက အခကြေးငွေပေးရပါမည်လို့ ဆရာလုပ်သူက ဆိုပြန်ပါတယ်။ ဆရာ နဲ့ တပည့်တို့ နှစ်ယောက်လုံးက နှုတ်ပြောပညာ တတ်တွေဖြစ်ကြပြီး တစ်ဘက်နဲ့ တစ်ဘက် အပြန် အလှန် တင်ပြပြောဆိုနေကြပါတယ်။ နှစ်ယောက်လုံး နှုတ်မှု ပညာရှင်တွေဖြစ်နေတော့ တရားသူကြီးက တော်တော်ခေါင်းရှုတ်လာပါတယ်။ နောက်တော့ တရားသူကြီးက မင်းတို့ နှစ်ယောက်လုံးပြောတာတွေက ကောင်းလည်းကောင်းကြပါတယ်။ မှန်လည်း မှန်နေကြပါတယ်။ ဒီအမှုကို ဘယ်သူ့ ဘယ်သူ့မှ အရှုံး အနိုင်မဆုံးဖြတ်တော့ဘဲ ဒီအမှုကို ပိတ်သိမ်းလိုက်ပါတော့တယ်..။ (SHADE စာပေ၀ိုင်းတော်သား ပန်းချီမင်းသူက အလားတူ သူသိတဲ့ပုံပြင်လေးတစ်ပုဒ်နဲ့ စံထိုးလာပါတယ်။ သားအဖ နှစ်ယောက်ရှိကြတယ်။ ဘုရားရှင်က လူမိုက်ကိုမပေါင်းသင်းရဘူး ဆိုဆုံးမထားပါတယ်။ သားဖြစ်သူက လူမိုက်တွေနဲ့ ပေါင်းသင်းနေတော့ ဖခင်ဖြစ်သူက သူ့သားကို အိမ်ပေါ်ကနှင်ချပါတယ်။ သားလုပ်သူကလည်း ဖခင်က ဘယ်လောက်နှင်ချချ အိမ်ပေါ်က လုံးဝမဆင်းပါဘူး။ ဒီတော့ ဖခင်ဖြစ်သူက သားကိုမေးပါတယ်။ (အသေ၀နာ စ ဗာလနံ) လူမိုက်ကိုမပေါင်းသင်းရဘူးဆိုတဲ့ ဘုရားရှင် တားမြစ်ချက်ကို ဖေါက်လို့ ငါက မင်းကို အိမ်ပေါ်ကနှင်ချတာ မင်းက ဘာလို့ မဆင်းတာလဲ ဟု ဖခင်ကမေးပါတယ်။ သားဖြစ်သူက ပြန်ဖြေလိုက်ပုံက (ပဏ္ဍိာတာနဉ္စ သေ၀နာ ) ပညာရှိကို အမြဲဆည်းကပ်ရမယ်လို့ ဘုရားရှင်ဟောကြား တော်မူလို့ ကျွန်တော် အိမ်ပေါ်က လုံးဝမဆင်းနိုင်ပါဘူး အဖေ..၊ ဟူသတည်း)။ ယခုလည်း လွှတ်တော်များမှာ နှုတ်မှု အတတ်ပညာရှင်များ၊ အသိပညာရှင်များ ပြည်သူ့ကိုယ်စားလှယ်များ ဆွေးနွေးနေကြပါသည်။ အပြောမဟုတ် အလုပ်နှင့်သက်သေပြ၍ တိုင်းသူပြည်သားများ အမြန်တိုးတက် ကြီးပွားချမ်းသာနိုင်ကြပါစေ..။
စိတ် အဟာရပြည့်ဝအောင် SHADE ဂျာနယ်ကိုဆောင်လို့ ဘ၀အတွက် သုတ၊ရသစုံတဲ့ SHADE စာပေ၀ိုင်းသို့သွားကြပါစို့..။

ရွှေလမ်းငွေလမ်းဝင်းကြည်
READMORE
 

မကွေးမြို့မှ SHADE စာပေ၀ိုင်း(၄၁)




Shade41
မကွေးမြို့မှ SHADE စာပေ၀ိုင်း(၄၁)
၂၈-၈-၂၀၁၁ ၊တနင်္ဂနွေနေ့၊ နေ့(၁၂)နာရီမှ ညနေ(၃း၃၀)အထိ မကွေးမြို့၊ ဗိုလ်ချုပ်လမ်း က (လက်ရွေးစင် အအေးဆိုင်) မှာ ပေါင်းဆုံ ၀ိုင်းဖွဲ့ဖြစ်ကြပါတယ်။ ဒီတစ်ပတ် SHADE စာပေ၀ိုင်း(၄၁)ကြိမ်မြောက်ဖြစ်ပါတယ်။ ဒီတစ်ပတ် တက်ရောက်လာသူ ၀ိုင်းတော်သားများကတော့ ဆရာကြီး မကွေးဝင်းမြင့်၊ ပန်းချီဆရာမင်းသူ၊ ဆရာဇော်မင်းကြည်၊ ပန်းချီဆရာသူရိန်မြိုင်၊ ကာတွန်းဆရာ မောင်အေး(မင်းဘူး) (ခ) ဖရဲသီး၊ ပန်းချီဆရာမြင့်ဇော်ဦး၊ ဆရာနေခြည်(မကွေး)၊ ဆရာတင်လင်းဇော် နဲ့ စာရေးသူတို့ဖြစ်ကြပါတယ်။ စာပေ၀ိုင်းရဲ့ထုံးစံအတိုင်း လက်ျာရစ် တစ်ဦးချင်းပြောဆိုပါတယ်။ တစ်ဦးပြောဆိုပြီးတိုင်း သိလိုတာ၊ မေးလိုတာများ နဲ့ ကွဲလွဲတဲ့ သဘောထားအမြင်များကို မေးမြန်း ပြောဆိုဆွေးနွေးကြပါတယ်။ ဒီတစ်ပတ်တော့ ပြောဆိုဆွေးနွေး သူတိုင်းရဲ့ ပြောဆို ဝေဖန်မှုများကို နည်းနည်းနဲ့ ကျဲကျဲဝိုင်းပြီး တင်ပြပါရစေ..။
ဆရာကြီး မကွေးဝင်းမြင့် က စတင်ပြောဆိုပါတယ်။ ``လေးစားအပ်ပါသော စာပေမိတ်ဆွေများခင်ဗျာ..၊ အရင်တစ်ပတ်က အလွန်သည်းခံနိုင်စွမ်းရှိသော ဂျပန်ဘုန်းတော်ကြီးတစ်ပါး အကြောင်းကို တင်ပြဆွေးနွေးခဲ့ပါတယ်။ ထိုပုဂ္ဂိုလ်ကြီးများကို အတုယူပြီး သည်းခံခွင့်လွတ်တတ်တဲ့ အလေ့အကျင့်ပြုစုပျိုးထောင်မယ်ဆိုရင် အောင်မြင်မှုအကျိုးထူးကိုခံစားရမှာ မလွဲပါဘူး။ တစ်နေ့က စာပေမိတ်ဆွေတစ်ဦးနဲ့ သည်းခံခွင့်လွတ်ခြင်း အကြောင်းကို စကားစပ်မိကြတော့.. ထို မိတ်ဆွေက ပြောပါတယ်။ ဆတ်ဆတ်ထိမခံ ဒေါသကြီးသူဟာ ကလျာဏ မိတ်ကောင်း ဆွေကောင်းများဆုံးရှုံးတတ်ပါတယ်။ ဒါကြောင့် လင်္ကာလေးနဲ့ ဆိုပါတယ်။´´
`` ( မဟုတ်မခံ ခွန်းတုံ့ပြန်၊ မှန်သော်လည်းရှုံး၊ လူကြီးမုန်း၏။) လို့ သူကဆိုလာပါတယ်။ ကျွန်တော်ကတော့ ဒီလိုလေးပြောင်းပြီး ဆိုချင်ပါတယ်။ (ဆတ်ဆတ်ထိမခံ ခွန်းတုံ့ပြန်၊ ခင်မင်မှုလည်းဆုံး၊ လူများလည်းမုန်း၏..။) ထိုမိတ်ဆွေထံက ဒီလိုအဖိုးတန်တဲ့စကားလေးကို ကြားလိုက်ရတော့ ၀မ်းသာအားရ သူ့လက်ကိုဆွဲပြီး ကျေးဇူးတင်စကားပြောလိုက်မိပါတယ်။ ယခုကြွရောက်လာကြတဲ့ မိတ်ဆွေများလည်း အရာရာမှာ သည်းခံခွင့်လွတ်နိုင်ကြပါစေ ခင်ဗျား..။´´ လို့ ဆရာမကွေးဝင်းမြင့်က ပြောဆိုသွားပါတယ်..။ (ဆရာမကွေးဝင်းမြင့် ပြောကြားချက်ကို အများလက်ခံပြီး ပြန်လည်မဆွေးနွေးကြပါ။)
ပန်းချီဆရာမင်းသူကတော့ ဈေးကွက်ဂျာနယ်ထဲက စာရေးဆရာ သတင်းထောက် မကွေးဝင်းမောင် ရေးသားတဲ့ (ပဲဇင်းငုံ ပါတီ) ဆိုတဲ့ဈေးကွက် သတင်းဆောင်းပါးကို အကျယ်တ၀င့်ဖတ်ကြား ဆွေးနွေးပါတယ်။ အညာဒေသမှာ ပဲဇင်းငုံ ဈေးတွေ ကျနေကြောင်း၊ ပဲဇင်းငုံ တစ်တင်းကို ပိဿာ(၂၀) သတ်မှတ်ထားကြောင်း၊ ကုန်သည် ပွဲစားတွေက (ကောက်ပင်ရိတ်လှီး သီးနှံဝယ်ယူနည်း) နဲ့ တောင်သူလယ်သမားတွေဆီက ၀ယ်ယူနေကြတာကို အသေးစိတ် ရေးသားချက်များကို တင်ပြပြောဆို ဆွေနွေးသွားပါတယ်။ ပြည်ပပို့ကုန်ဈေးကျနေရင် အရှုံးခံပြီး မရောင်းကြဘဲ ပဲဇင်းငုံ ကိုပြည်တွင်းမှာသာ အရသာရှိရှိစားသောက်နိုင်တဲ့ နည်းပညာများရှာပြီး ၀၀လင်လင်စားသုံးနိုင်အောင် ဆောင်ရွက်လိုပါကြောင်း အသေးစိတ် အကျယ်တ၀င့်ရေးသားထားပါတယ်။ (ပန်းချီဆရာမင်းသူ ပြောကြားချက်များကို ဆရာမကွေးဝင်းမြင့်က ပဲဇင်းငုံစားရင် ဒူးနာပျောက်ကင်းကြောင်း၊ နှလုံးအားနဲ့ ကျောက်ကပ်တွေ အားကောင်းပါကြောင်း ဆွေးနွေးပါတယ်။ Shadeစာပေ ၀ိုင်းတော်သားများမှ သတင်းထောက် မကွေးဝင်းမောင် စာရေးကောင်းပြီး တော်ပါကြောင်း ထောက်ခံ ဂုဏ်ပြုကြပါတယ်။)
ဆရာဇော်မင်းကြည် ကလည်း စာရေးဆရာ ကိုကိုလတ်(ဆည်မြောင်း) ရဲ့ (ရွှေကြိုးနဲ့ ဒုံးမြင်း အပါဝင် ၀ထ္ထုတိုများ) စာအုပ်ကို အားနည်းချက်၊ အားသာချက်များကို အသေးစိတ် ထောက်ပြဆွေးနွေးသွားပါတယ်။ မူလက ရေးသားစဉ်က မဂ္ဂဇင်းတွေမှာ ၀ထ္ထုတစ်ပုဒ်ချင်းပါတော့ စာရေးသူရဲ့ အာဘော်တွေက မထပ်ဘူးထင်ရပါတယ်။ လုံးချင်းစာအုပ်အဖြစ် ၀ထ္ထုများတိုများကို ပေါင်းထုတ်လိုက်တော့ အာဘော်တွေက ထပ်တူတွေ များနေပါကြောင်း ထောက်ပြဆွေးနွေးသွားပါတယ်။ (ဆရာဇော်မင်းကြည် ပြောကြားချက်များကို ၀ိုင်းတော်သားများက ဆရာကိုကိုလတ်(ဆည်မြောင်း)ရဲ့ ရွှေကြိုးနဲ့ ဒုံးမြင်း ၀ထ္ထုတိုများဟာ အကြောင်းအရာများက(တိရိစ္ဆာန် အကောင်အသေးလေးတွေကို) ခံစားရေးသားတော့ သစ်လွင်ဆန်းသစ်ပြီး တော်တော်စိတ်ဝင်စားစရာကောင်းပါတယ်။ ဒါပေမယ့် ၀ထ္ထုထဲမှာ စာရေးသူမှ ၀င်ပြောတာတွေများနေပါကြောင်း ဆွေးနွေးကြပါ တယ်။)
ပန်းချီဆရာ သူရိန်မြိုင်ကတော့ ၂၀၁၁၊စက်တင်ဘာလထုတ်၊ အတွေးအမြင် မဂ္ဂဇင်းထဲမှ မုံရွာနေဇာ ရေးသားတဲ့ (လက်ဖက်ရည်ကြမ်းဝိုင်း ယဉ်ကျေးမှု) ဆောင်းပါးကို ဖတ်ကြားပြပါ တယ်။ စကားဝိုင်းတွေအကြောင်းပါ။ တစ်ချို့ဝိုင်းတွေက ပြောချင်သူတွေများတော့ စကားကိုလုပြောကြရပါတယ်။ တစ်ချို့ကြပြန်တော့ စကားပြောဆိုသူကနည်းပြီး ၀ိုင်းပြီးနားထောင်သူ တွေ က များနေကြပါတယ်။ နားထောင်မှ ပညာရပါ့မယ်။ ဝေဖန်တာကိုခံနိုင်မှ ကိုယ့်အမှားကိုသိနိုင်ပါတယ်။ ဒါမှ တိုးတက်အောင်မြင်ပါ့မယ်..။ စတဲ့ ကောင်းမွန်သော ဆောင်းပါးကို ဆွေးနွေးဖတ်ကြားပြသွားပါတယ်။ ( Shade စာပေ ၀ိုင်းတော်သားများမှ သူတို့က တစ်နေလုံးပင်ပမ်းသမျှကို ညနေပိုင်းရောက်ရင် စကားဝိုင်းဖွဲ့ကြပါတယ်။ ကျွန်တော်တို့ကတော့ တစ်ပတ်လုံးပင်ပမ်းနွမ်းနယ်သမျှကို ယခုလိုတစ်ရက် တနင်္ဂနွေနေ့တိုင်း စာပေ၀ိုင်းဖွဲ့ကြကြောင်း၊ ဒီ လက်ဖက်ရည်ကြမ်းဝိုင်း ယဉ်ကျေးမှု ဆောင်းပါးက Shade စာပေ၀ိုင်းကို အထောက်အကူပြုပါကြောင်း ပြောဆိုလက်ခံသွားကြပါတယ်။)
ကာတွန်းဆရာ ဖရဲသီးကလည်း `ကျွန်တော်က စာပေ၀ိုင်းကို စကားပြောတတ်လို့လာတာမဟုတ်ပါကြောင်း၊ ခေါင်းညိတ်ကောင်းလို့ တက်လာတာပါ..။´ လို့ သူရေးသားတဲ့ ကာတွန်းကွက်အတိုင်း သရုပ်ဆောင်ပြနေပြန်ပါတယ်။ (Shade စာပေ၀ိုင်းတော်သားများကလည်း သူတို့ပြောတာကို ခေါင်းညိတ်ပြီး နားထောင်ပေးတဲ့ ဖရဲသီးကို သူများထက်ပိုပြီး ခေါက်ဆွဲကျွေး လိုက်ပါတယ်။)
ပန်းချီဆရာ မြင့်ဇော်ဦးကတော့ `ခံစားမှုရသ ပန်းချီ´ခေါင်းစဉ်ပေးပြီးပြောသွားပါတယ်။ ကလေးဘ၀ကအတိုင်း ပန်းချီကိုဝါသနာပါခဲ့ကြောင်း ဒါကြောင့်လည်း ယခုပန်းချီဆရာဖြစ်လာရပါကြောင်း၊ အောက်ဒိုးထွက်ခြင်း အတွေ့အကြုံကို အနုစိတ်ပြောကြားပြပါတယ်။ အမြင် အတွေ့ ခံစားမှုများ ပေါင်းစပ်ပြီး ပန်းချီကားတစ်ချပ်ဖြစ်ပေါ်လာကြောင်း ရင်ဖွင့်ပါတယ်။ စာရေးဆရာ ကိုကိုလတ်(ဆည်မြောင်း)ရဲ့ (ရွှေကြိုးနဲ့ ဒုံးမြင်း ) ၀ထ္ထုတိုများစာအုပ် မျက်နှာဖုံးကို တော်တော်သဘောကျကြောင်း၊ အဲဒီအထဲက (ရှဥ့်တစ်ကောင်၏ မှာတမ်း) ၀ထ္ထုလေးကိုဖတ်ရတာဟာ `ခံစားမှုရသ ပန်းချီကားလေး´ တစ်ချပ်ကို ကြည့်နေရသလို မြင်နေရသလို ခံစားနေရတာ ဖြစ်ပါတယ်။ လို့ အသေးစိတ် ပြောဆိုသွားပါတယ်။
ဆရာနေခြည်(မကွေး) ကတော့ ကဗျာတစ်ပုဒ်နဲ့ ဆောင်းပါးတစ်ပုဒ်ကို ဖတ်ပြပါတယ်။ ဆောင်းပါးကတော့ရှင်ဆန္ဒာတိက ရွှေပါရမီတောရ ရေးသားတဲ့ (ငြိမ်းအေးသော ဘ၀ပိုင်ရှင်)စာအုပ်ထဲက (သူများနဲ့တိုင်းတာတော့ ရိုင်းမှာပေါ့..)ဆောင်းပါးကို ဖတ်ပြ သွားပါတယ်။ အထက်တန်းမာန်၊ အောက်တန်းမာန်၊ တန်းတူမာန်၊ မာန် သုံးမျီုးကို ခွဲချမ်းစိတ်ဖြာပြသွားပါတယ်။ မာန်ထွက်ဖို့မနိုင်းယှဉ်ပါနဲ့ ဥာဏ်တက်ဖို့သာ နိုင်းယှဉ်ကြပါ..လို့ နိဂုံးချုပ်ပါတယ်။ (ဘာကိစ္စ၊ ဘယ်နေရာမှာ ဘာပဲလုပ်လုပ် မာန်ချမှ ဟန်ကျပါမည်ဆိုတဲ့ မိုးကုတ်ဆရာတော်ဘုရားကြီး၏ ဆိုဆုံးမ စကားကို ကိုးကာ၍ Shade စာပေ၀ိုင်းတော်သားများက မှတ်သား မိလိုက်ပါကြောင်း ထောက်ခံကြပါတယ်။)
ဆရာတင်လင်းဇော် ကလည်း ကိုကိုလတ်(ဆည်မြောင်း) ရဲ့ (ရွှေကြိုးနဲ့ ဒုံးမြင်း) ၀ထ္ထုတိုစာအုပ်ထဲက (ရှက်သွေး)၀ထ္ထုတို ကို အသေးစိတ်ဆွေးနွေးပါတယ်။ ရွှေအမြုတေမဂ္ဂဇင်း မှာ ကလောင်သစ်တစ်ဦးအနေနဲ့ နှစ်လဆက်တိုက် ဖော်ပြခံခဲ့ရတဲ့ (ရှက်သွေး)၀ထ္ထုတို ဖြစ်ပါကြောင်း၊ ခွေးအုပ်စုများထဲက ဒုက္ခိတခွေးကျားလေးနေရာမှ ခံစားရေးသားထားပါတယ် လို့လည်း အထူးဖော်ပြထားပါကြောင်း ၊ ဆရာကိုတင်လင်းဇော်က ပြောဆိုသွားပါတယ်။ ( Shade စာပေ၀ိုင်းတော်သားများမှ ကိုကိုလတ်(ဆည်မြောင်း) ရေးသားတဲ့ (ရွှေကြိုးနဲ့ဒုံးမြင်း) အပါအ၀င် ၀ထ္ထုတိုများ စာအုပ်က မကွေးစာနယ်ဇင်းသမိုင်းမှာ မကွေးစာပေသမားများရဲ့ စာပေဂုဏ်ရောင်ကို ပိုမိုတောက်ပြောင် သွားစေပါတယ်လို့ ဂုဏ်ပြုပြောဆိုနေကြပါတယ်။)
စိတ် အဟာရပြည့်ဝအောင် SHADE ဂျာနယ်ကိုဆောင်လို့ ဘ၀အတွက် သုတ၊ရသစုံတဲ့ SHADE စာပေ၀ိုင်းသို့ သွားကြပါစို့..။

ရွှေလမ်းငွေလမ်းဝင်းကြည်
READMORE
 

မကွေးမြို့မှ SHADE စာပေ၀ိုင်း(၄၀)




Shade40
မကွေးမြို့မှ SHADE စာပေ၀ိုင်း(၄၀)
၂၁-၈-၂၀၁၁၊ တနင်္ဂနွေနေ့၊ နေ့(၁၂)နာရီမှ ညနေ(၃)နာရီအထိ မကွေးမြို့၊ ဗိုလ်ချုပ်လမ်း၊ (လက်ရွေးစင် အအေးဆိုင်) မှာ ၀ိုင်းဖွဲ့ပေါင်းဆုံဖြစ်ကြပါတယ်။ လက်ရွေးစင် အအေးဆိုင်ဆိုသော်လည်း ရေနွေးကြမ်း(လိုသလောက်) နဲ့ ကော်ပြန့်ကျော်၊ ကော်ဖီမစ်၊ တီးမစ်များနဲ့ ဆီချက်ခေါက်ဆွဲများလည်းရတော့ ကျွန်တော်တို့ SHADE စာပေ၀ိုင်းအတွက် အဆင်ပြေကောင်းမွန်ပါတယ်။ SHADE စာပေ၀ိုင်း(၄၀)ကြိမ်မြောက်ဖြစ်ပါတယ်။ ယခုနေရာသစ်မှာ မကွေးမြို့လယ်ကျတော့ လူစုံတက်စုံ လာရောက်ကြပါတယ်။ ဧည့်သည်တော်အသစ် တက်ရောက်သူများကတော့ စာရေးဆရာ ဦးမြင့်သူ(မကွေး)၊ ပန်းချီဆရာ ကိုအေးငြိမ်း၊ ကားပိုင်ရှင် ကိုဇော်တို့ ဖြစ်ကြပါတယ်။ SHADE စာပေ၀ိုင်းတော်သားများကတော့ ဆရာ မကွေးဝင်းမြင့်၊ ဆရာ ဇော်မင်းကြည်၊ကာတွန်းဆရာမောင်အေး(မင်းဘူး) (ခ) ဖရဲသီး၊ ပန်းချီဆရာမင်းသူ၊ ပန်းချီဆရာ မြင့်ဇော်ဦး၊ ဆရာနေခြည်(မကွေး)၊ ဆရာ တက္ကသိုလ်ရည်ရွယ်၊ ဆရာလူဦးဇင်(မကွေး)၊ ဆရာဇော်မြင့်ဇော်(ဗန္ဓရ)၊ ပန်းချီဆရာ ဒီဇိုင်းဆရာ ကိုနိုင်ဝင်းနဲ့ စာရေးသူတို့ဖြစ်ကြပါတယ်။
ပြီးခဲ့တဲ့ တစ်ပတ်(၁၇-၈-၂၀၁၁)နေ့က SHADE ဂျာနယ်က တစ်ပတ်နားလိုက်တော့ မကွေးမြို့မှာ ရုံးကဂျာနယ်အပိတ် ခံရတယ်လို့ ကောဠ ဟာဠတွေထွက်နေ ပြောနေကြတော့ SHADE ကို စာဖတ်သူတွေက တော်တော်အာရုံစိုက်ပြီး မေးနေကြပါတယ်။ နေ့စဉ်ထုတ်သတင်းစာများရဲ့ အချပ်ပိုတွင် SHADE ဂျာနယ်ကြော်ငြာကလည်းပါလာပြီး ဂျာနယ်က ထွက်မလာတော့ SHADE မကွေးရုံးခွဲကို ဖုန်းနဲ့ တစ်မျိုး၊ လူကိုယ်တိုင်တစ်သွယ် အမေးခံနေရပြန်ပါတယ်။ ယခုလို SHADE ဂျာနယ်အပေါ် သံယောဇဉ်ကြီးကြတဲ့ SHADE စာဖတ်သူများကို အထူးကျေးဇူးတင်ရှိပါကြောင်း SHADE စာပေ၀ိုင်းတော်သားများက အထူးမှတ်တမ်းတင်လိုက်ရပါတယ်။ ( SHADE ဂျာနယ်ကို ရုံးကပိတ်တာ လုံးဝမဟုတ်ပါ ကြောင်း၊ ဖြေရှင်းပေးလိုက်ပါတယ်။ ရန်ကုန်ကအယ်ဒီတာအဖွဲ့ စာရေးဆရာ အောင်မှူးဝေ ၏ သတင်းပေးပြော ကြားချက်အရ.. (အယ်/ချုပ်တို့ လင်မယား စကားများနေလို့ ဟု ကြားသိရပါ၏။)
ဒီတစ်ပတ် စာပေ၀ိုင်းနေရာသစ်မှာ SHADE စာပေ၀ိုင်းတော်သားများကတော့ ဟိုဟာ နည်းနည်း ဒီဟာနည်းနည်း စုံလို့ စေ့လို့ ပြောဆိုကြပါတယ်။ ဆရာ မကွေးမြင့်ကလည်း (လေကိုရှူ၍ အပန်းဖြေပါ) ခေါင်းစဉ်နဲ့ ပြောဆိုသွားပါတယ်။ ပန်းချီဆရာ ကိုမင်းသူကလည်း ဟိုစာအုပ်ကလေးဖတ် ဒီစာအုပ်ကလေးဖတ်နဲ့ ကိုယ့်ကိုယ်ကို ဆရာကြီးဖြစ်ပြီးထင်ပြီး ရပ်ကွက်ထဲမှ သားအမိ(၃)ယောက် ကို ညတိုင်း ဗွီဒီယို ကြည့်ကြည့်နေလို့ ဆုံးမမိခဲ့ကြောင်း၊ ကြည့်ချင်လို့ကြည့်တာ မဟုတ်ပါကြောင်း၊ အိမ်မှာ စားစရာမရှိလို့ ကလေးတွေက ထမင်းမတောင်းအောင် မပူဆာအောင်..၊ လာကြည့်ကြောင်း ပြန်ပြောဆိုခံခဲ့ရပြီး ကိုယ်ကဆရာမဖြစ်တော့ဘဲ သူတို့က ကျွန်တော့်ဆရာတွေပြန်ဖြစ်သွားပါကြောင်း။ သြော် ဟုတ်ပေသားပဲ..။ ကိုယ်က ဆရာ မဖြစ်ဘဲ ဒီကလေးမလေးသားအမိသုံးယောက်ကသာ ဘ၀ပေးအသိနဲ့ ငါ့ကိုပြန်ပေးတဲ့ ဆရာများ ဖြစ်သွားရပါကြောင်း..။ ဆရာအမျိုးမျိုးရဲ့ ဆရာဌိကာကျမ်း နည်းပညာစုံများအား (နေပူပူမှာ ထီးဆောင်းပြီး ပြောနေကြပါတယ်။) မှတ်ချက်- စကားဝိုင်း စားပွဲမှာ နေရောင်က ထိုးနေ၍ မျက်နှာပူနေရခြင်းဖြစ်ပါ၏။ ကာတွန်း ဖရဲသီးကလည်း စာပေ၀ိုင်းပြီးလို့ စားသောက်ကြတဲ့အခါမှာ ဖရဲသီး ဖျော်ရည်ကို မစားမသောက်ရန် ရှောင်ပေးဖို့ မေတ္တာရပ်ခံနေပြန်ပါတယ်။ ဒီတစ်ပတ်စာပေ၀ိုင်း(၄၀)ကြိမ်က တော့ ဒီမျှနဲ့သာဖော်ပြလို့ ကျန်ခဲ့တဲ့ SHADE စာပေ၀ိုင်း(၃၈)ကြိမ် အား ပြန်လည်ဖော်ပြခွင့်ပြုပါရစေ…။ SHADE စာပေ၀ိုင်းရဲ့ ထူးခြားတဲ့ အလှူဒါနပွဲလေး ကျန်နေခဲ့လို့ပါ…..။
၇-၈-၂၀၁၁၊ တနင်္ဂနွေနေ့၊ နေ့(၁၂)နာရီမှ ညနေ(၃)နာရီအထိ မကွေးမြို့၊ ရန်ကျော်ရပ်၊ သုခိတာလမ်းနဲ့ ပိတောက်လမ်းကြား FOREVER လက်ဖက်ရည်ဆိုင် ဥယျာဉ် မှာ ပေါင်းဆုံ ၀ိုင်းဖွဲ့ကြပါတယ်။ ဒီတစ်ပတ် SHADE စာပေ၀ိုင်း(၃၈)ကြိမ်ပါ။ ဧည့်သည်တော်သုံးဦးကတော ကဗျာဆရာ ဇေယျ၊ သတင်းထောက် ခေတ္တရာမန်းသန်းမြင့်၊ ကာတွန်းဆရာ မောင်အေး(မင်းဘူး) (ခ) ဖရဲသီး တို့ ရောက်လာပါတယ်။ Shade စာပေ၀ိုင်းတော်သားများကတော့ ဆရာ မကွေးဝင်းမြင့်၊ ဆရာ တက္ကသိုလ်ရည်ရွယ်၊ ဆရာနိုင်ယုဝေ ၊ဆရာတင်လင်းဇာ် နဲ့ စာရေးသူတို့ဖြစ်ကြပါတယ်။ ဆရာ မကွေးဝင်းမြင့်နဲ့ ခေတ္တရာမန်း သန်းမြင့်တို့ က ဒီနေ့ နေပြည်တော်သို့ သွားရန်ကိစ္စ ခရီးစဉ်ကိုဖျက်ပြီး SHADE စာပေ၀ိုင်း ကို သံယောဇဉ်ကြီးစွာနဲ့ မပျက်အောင် လာခဲ့ရပါကြောင်း သိရပါတယ်။ ဒါကြောင့် ဆရာကြီး မကွေးဝင်းမြင့်တို့အား Shade စာပေ၀ိုင်းတော်သားများက အထူးကျေးဇူးတင်ပါကြောင်း မှတ်တမ်းတင်အပ်ပါတယ်။
ဆရာ မကွေးဝင်းမြင့်က စတင်ပြောဆိုပါတယ်။ `` လေးစားအပ်ပါသောစာပေမိတ်ဆွေများခင်ဗျား.. ဒီတစ်ပတ်တော့ မြန်မာ့ရိုးရာ မြန်မာ့ဓလေ့ အတိတ် နိမိတ်အကြောင်းကို တင်ပြဆွေးနွေးချင်ပါတယ်။ ဇမ္ဗူဒီပါ လက်ျာတောင်ကျွန်း သြဘာနိမိတ်ထွန်း ဆိုစကားအတိုင်း ကျွန်တော်တို့မြန်မာလူမျိုးများ အတိတ်ကောင်း နိမိတ်ကောင်းများကို လက်ခံယုံကြည် ကြပါတယ်။ ဒါကြောင့် မိတ်ဆွေအချင်းချင်း ဆုံတွေ့ကြတဲ့အခါ `မင်္ဂလာပါခင်ဗျား´၊ `ကျန်းမာပါရဲ့လားခင်ဗျား´ လို့ နှုတ်ဆက်လေ့ရှိကြပါတယ်။
ရှေးပညာရှင်များက အတိတ်နိမိတ် ဆိုတာကတော့ အဖြစ်အပျက်တစ်ခုကို ထောက်ပြပြီး နောင်အခါ မည်သို့ဖြစ်နိုင်မည်ဆိုတာကို တွက်ဆပြောဆိုခြင်းဖြစ်ပါတယ်။ တဘောင်ဆိုတာကတော့ နိမိတ်စကားပါပဲ။ ဥပမာ ပြောရရင် လူတစ်ယောက်ဟာ အမှုအခင်းတစ်ခုထဲမှာ ပါဝင်ပတ်သက်နေလို့ တရားရုံးမှာ ရင်ဆိုင်နေရပါတယ်တဲ့။ ဒါနဲ့ ရတက်မအေးဖြစ်တာကြောင့် ဗေဒင်ဆရာဆီကို သွားပြီး သူ့အမှု နိုင်၊ မနိုင်ဗေဒင်ဟောခိုင်းပါသတဲ့။ ဗေဒင်ဆရာကလည်း သူ့မွေးရက် ခုနှစ် ရက်လတွေကို မေးပြီးဗေဒင်တွက်နေတဲ့အချိန်အခါမှာ အလွန်ကျက်သရေမင်္ဂလာရှိတဲ့ စည်ဗျောသံနဲ့အတူ မောင်ရှင်လောင်း(၃)ပါး ရွှေထီးဆောင်းပြီး ခန်းခန်းနားနား လှည့်လာတာကိုမြင်လိုက်ရတော့ ဗေဒင်ဆရာက အတိတ်ကောင်း နိမိတ်ကောင်းပဲ။ ဟောဟိုမှာ ရွှေထီးဆောင်းလာတာလေ။ လူတစ်ယောက်မှာ ကံဇာတာအမြင့်ဆုံးအချိန်ဟာ ရွှေထီးဆောင်း တဲ့အချိန်ပေါ့။ ဒါကြောင့် ခင်ဗျားရဲ့ အမှုက မုချနိုင်မယ်လို့ ဟောလိုက်ပါသတဲ့။ ဗေဒင်ဆရာ ဟောလိုက်တဲ့အတိုင်း သူ့အမှုနိုင်ပါသတဲ့။
နောက်တစ်ခု နိမိတ်ကောက်ပုံလေး တစ်ခုကို ဆက်လက်တင်ပြချင်ပါသေးတယ်။ ကျေးရွာတစ်ရွာက အမျိုးသမီးတစ်ယောက်ဟာ သူ့ခင်ပွန်း အောက်ပြည်အောက်ရွာ အလုပ်လုပ်ဖို့ထွက်သွားတာ ၃/၄နှစ်ကြာပြီတဲ့။ စာလည်း မလာ လူကြုံစကားလည်း မပါးတော့ သူ့ယောက်ျားအသက်ရှင်လျှက်မှ ရှိပါသေးလားမသိ၊ သားသမီးများနဲ့ စားရေး သောက်ရေး ဆင်းရဲဒုက္ခရောက်နေပါသတဲ့။ ဒါကြောင့် ရွာဦးကျောင်းဆရာတော်ဆီကို ရေလှူပြီး ဗေဒင်သွားမေးဖို့ ရေအိုးကလေး ရွက်ပြီး ထွက်လာခဲ့သတဲ့။ ကျောင်းအ၀င်ဝလည်းရောက်ရော ရွာဦးကျောင်းဆရာတော်က ကျောင်းလှေကားမှ ဆင်းလာတာ မြင်လိုက်ရတော့ ကတိုက်ကရိုက် ဆရာတော်ဆီကို အသွား ခလုတ်တိုက်ပြီး ရေအိုးကွဲပါသတဲ့။ ရေအိုးကွဲသွားတော့ ခေါင်းခုလုပ်ယူလာတဲ့ လုံချည်လေးကို အသာကောက်ယူပြီး ချုန်းပွဲချ ငိုကျွေးပါသတဲ့။ ရွာဦးကျောင်းဆရာတော်က ``ဟဲ ဒကာမ ဘာပြုလို့ငိုနေရတာလဲ´´ ဟုမေးတော့ `တပည့်တော်မရဲ့ခင်ပွန်းသည် အောက်ပြည်အောက်ရွာ အလုပ် လုပ်ဖို့ထွက်သွားတာ ၃/၄နှစ်ကြာပါပြီဘုရား..။ ဘာအကျိုးအကြောင်းမှလည်းမသိရ။ အသက်မှရှိသေးရဲ့လား၊မသိလို့ ဆရာတော်ဆီကို ရေလှူလာရင်း ဗေဒင်မေးချင်လို့ လာတာပါဘုရား..။ ခုတော့ ရေအိုးက ကျကွဲသွားတော့ တပည့်တော်မတို့ ကွဲပြီပေါ့ဘုရား..။´
``ဟဲ့ ဒကာမ ဒီနေရာမှာ အဲဒီလို နိမိတ်မကောက်ရဘူးလေ။ အခု ကျကွဲသွားတဲ့ရေအိုးဟာ မြေကြီးနဲ့လုပ်ထားတာ မဟုတ်လား။ အဲဒီ မြေရေအိုးဟာ မြေပေါ်မှာ ပြန့်ကျဲပြီး သူ့နေရာသူ ပြန်ရောက်သွားပြီလေ။ သွား သွား နင့်ယောက်ျားလည်း ခုလောက်ဆိုရင် အိမ်ကိုပြန်ရောက်နေရော့မယ်။ ´´အိမ်ပြန်ခိုင်းလိုက်သတဲ့။ ဟုတ်ပါတယ်၊ အဲဒီ ဒယိကာမ အိမ်ပြန်ရောကတော့ သူ့ယောက်ျားလည်း အိမ်မှာရောက်နေပါပြီတဲ့။ ဗေဒင်ပညာ လက္ခာဏာပညာ နိမိတ်ကောက်ပညာ တွေဟာ အင်မတန် နက်နဲတဲ့ ပညာရပ်များဖြစ်ပါတယ်။ ကမ္ဘာ့သိပ္ပံပညာရှင်များကလည်း သီးခြား ဘာသာရပ်တစ်ခု အနေနဲ့ ထားရှိပြီး မည်သို့မျှမှတ်ချက်မပေးကြပါဘူး..။ ဟု ဆရာ မကွေးဝင်းမြင့်က ပြောဆိုသွားပါတယ်။
ဆရာတင်လင်းဇော်ကလည်း ဒီတစ်ပတ်မှာ ရသစာတမ်းများ ကို တင်ပြဆွေးနွေးလာပါတယ်။ ၂၀၀၈၊ ဇူလိုင်လထုတ်တဲ့ စာရေးဆရာ နေမျိုး ရေးသားသော (ဇာတိရပ်ရွာ ပြန်ရောက်တဲ့အခါ) ရသစာတမ်းများစာအုပ်ထဲမှ (ဆင်းရဲခြင်းဖြင့် စီးပွားရှာသူ) ရသစာတမ်းကို အကျယ်တ၀င့် တင်ပြပြောဆိုပါတယ်။ `ဆင်းရဲသားတစ်ယောက်ကို ကျွန်တော်တွေ့ဘူးတယ်။ သူဟာဆင်းရဲသားတစ်ယောက်ဆိုတာ မြင်တာနဲ့သိနိုင်တယ်လေ.. ဆိုပြီး ရသစာတမ်းကို စထားပါတယ်။ ဒီရသစာတမ်းက ခေါင်းစဉ်ကိုက စိတ်ဝင်စားပြီး စဉ်းစားစရာဖြစ်နေပါတယ်။ ဆရာနေမျိုး ရေးထားတာ တော်တော် လေးနက်ကောင်းမွန်ပါတယ်။ ဆင်းရဲသားတစ်ယောက်က `ဟယ်လို..ကောင်းသောညနေခင်းပါခင်ဗျာ..´။ လို့ စတင်နှုတ်ဆက်စကား ဆိုတာရယ်..။ သူ့ အမူအယာနဲ့ သူ့လေသံဟာ တကယ်ကိုကျိုးကျိုးနွံနွံပါပဲ ခင်ဗျာ..ဆိုတာရယ်..။ ဒီမြို့ထဲက လမ်းဘေးရေအိုးစင်ဟာ ကျွန်တော်မသောက်ဘူးတာ မရှိသလောက်ပါပဲ..ဆိုတာရယ်..။ ဆင်းရဲလေလေ ကျွန်တော်ဟာ စီးပွားဖြစ်လေလေ ဆိုတာရယ်။ ကျွန်တော့်ရဲ့ ဘဏ်က အလွန်ဝေးတဲ့ ဒေသတစ်ခုမှာပါ….။ ကျွန်တော့်ဘဏ်ကို ကျွန်တော်တောင် တစ်ခေါက်သာ ရောက်ဖူးသေးတယ်။ တစ်ခေါက်ရောက်ဖူးရင် လုံလောက်သွား တာပါပဲ..၊ ဆိုတာတွေဟာ ဘာကိုဆိုလိုချင်တာလဲ?၊ ဘဏ်ဆိုတာ နိဗ္ဗာန် ကိုများ တင်စား ထားတာလား?။ အလိုကြီးရင် အရနည်းပြီး၊နည်းနည်းလိုချင်သူတွေဟာ များများရနေတာလား?။ မလိုချင်မှ ရတယ်ဆိုတာကိုများ ပြောချင်နေတာလား..?။ ဒီရသစာတမ်းကို ဖတ်ရင်း ဖတ်ပြီး စဉ်းစား တွေးတော စရာတွေ တစ်ပုံတစ်ခေါင်းကြီး ကျန်နေခဲ့ပါတယ်။ အဲ နောက်ဆုံးပိတ်မှာ (ကမ္ဘာကျော်သူဌေးကြီး ဟောင်းဝပ်ဟူးသို့…) လို့ မှတ်ချက်ရေးပြီး အဆုံးသတ်ထားပါတယ်။ ဒါဆို ကမ္ဘာကျော်သူဌေးကြီး ဟောင်းဝပ်ဟူး အကြောင်းကို ကျွန်တော်တို့သိဖို့လိုလာပြန်ပြီ..။ အဲဒီစာမပါခဲ့ရင် ကျွန်တော်အထက် က စဉ်းစားခဲ့သလို ကောက်ချက်ချ ယူလို့ရမယ်ထင်ပါတယ်..။ ယခုတော့ နောက်ဆုံး မှတ်ချက်စာတမ်း ကြောင့် စာရေးသူ ဆရာနေမျိုး ကိုယ်တိုင်ရှင်းပြမှ ဘာကို ဆိုလိုပြီးပြောချင်တာလဲ ဆိုတာကို သိရမယ်ထင်ပါတယ်..။ ကျွန်တော်တို့ Shade စာပေ၀ိုင်းတော်သားများနဲ့ စာဖတ်သူများထဲမှ နားလည်သူများရှိနေရင်လည်း ရှင်းလင်း ပြောဆို ရေးသားပေးကြပါခင်ဗျာ..။ ဟု ဆရာတင်လင်းဇော် က ပြောဆိုဝေဖန် တောင်းဆိုမှုပြုသွားခဲ့ပါတယ်..။
ဒီတစ်ပတ် Shade စာပေ၀ိုင်းမှာ အထူးအစီအစဉ်တစ်ရပ်(ကျန်းမာရေး ထောက်ပံ့ငွေ)ပေးအပ်တဲ့ အလှူဒါနပွဲ ကျင်းပဖြစ်ပါတယ်။ SHADE စာပေ၀ိုင်းတော်သား တက္ကသိုလ်ရည်ရွယ် (ခ) ကဗျာဆရာ ညီဇေယျ ရဲ့ မိခင်ကြီး မျက်စိခွဲစိတ်ကုသရေးအတွက် SHADEဂျာနယ် အယ်ဒီတာချုပ် ဦးသာဇော်ရဲ့ ကိုယ်စား ဆရာကြီး မကွေးဝင်းမြင့် မှ ကျန်းမာရေး ထောက်ပံ့ငွေ(၃၀၀၀၀ိ) သုံးသောင်းကျပ်အား တက္ကသိုလ်ရည်ရွယ် ထံ ပေးအပ်လှူဒါန်းပြီး ၀မ်းမြောက် ၀မ်းသာစွာနဲ့ Shade စာပေ၀ိုင်းတော်သားများက သာဓု သုံးကြိမ်ခေါ်ဆိုကြပါတယ်..။
စိတ် အဟာရပြည့်ဝအောင် SHADE ဂျာနယ်ကိုဆောင်လို့ ဘ၀အတွက် သုတ၊ရသစုံတဲ့ SHADE စာပေ၀ိုင်းသို့ သွားကြပါစို့..။

ရွှေလမ်းငွေလမ်းဝင်းကြည်
READMORE
 

မကွေးမြို့က SHADE စာပေ၀ိုင်း(၃၉)


Shade39
မကွေးမြို့က SHADE စာပေ၀ိုင်း(၃၉)
၁၄-၈-၂၀၁၁၊ တနင်္ဂနွေနေ့၊ နေ့(၁၂)နာရီမှ ညနေ(၃)နာရီအထိ မကွေးမြို့၊ ရန်ကျော်ရပ်၊ သုခိတာလမ်းနှင့် ပိတောက်လမ်းကြားက FOREVER လက်ဖက်ရည်ဆိုင် ဥယျာဉ် မှာ ပေါင်းဆုံဝိုင်းဖွဲ့ဖြစ်ကြပါတယ်။ ဒီတစ်ပတ် SHADE စာပေ၀ိုင်းတော်သားများကတော့ ဆရာကြီး မကွေးဝင်းမြင့်၊ ဆရာနေခြည်(မကွေး)၊ ပန်းချီဆရာမင်းသူ၊ ကာတွန်းဆရာ မောင်အေး(မင်းဘူး) (ခ) ဖရဲသီး၊ ဆရာတင်လင်းဇော် နဲ့ စာရေးသူတို့ဖြစ်ကြပါတယ်။
ဆရာမကွေးဝင်းမြင့်က စတင်ပြောဆိုပါတယ်။ `` လေးစားအပ်ပါသော စာပေမိတ်ဆွေများခင်ဗျာ..၊ ဒီတစ်ပတ်တော့ အလွန်သည်းခံနိုင်စွမ်းရှိတဲ့ ဂျပန်ဘုန်းတော်ကြီးတစ်ပါးအကြောင်းကို ပြောပါရစေ။ ဒီအဖြစ်အပျက်ကလေးက လွန်ခဲ့သော နှစ်ပေါင်းသုံးဆယ်ကျော်လောက်က အဖြစ်အပျက်ကလေးပါ။ ဂျပန်နိုင်ငံ မြို့ကလေးတစ်မြို့။ တောင်ကုန်းလေး တစ်ကုန်းပေါ်မှာ မျက်ခုံးမွေးဖြူဖြူ အသက်ခုနှစ်ဆယ်ကျော် ဘုန်းတော်ကြီးတစ်ပါး သတင်းသုံးနေထိုင်ပါတယ်။ တပည့် တကာတွေက အလွန်ကြည်ညိုကြပါတယ်။ အဲဒီ ဘုန်းကြီးကျောင်းနဲ့မလှမ်း မကမ်းမှာ ထမင်းဆိုင်လေး တစ်ဆိုင်ရှိပါသတဲ့။ ထမင်းဆိုင်ပိုင်ရှင် လင်မယားမှာ အရွယ်ရောက်ပြီးစ အလွန်ချောမောလှပတဲ့ သမီးကလေးတစ်ယောက်ရှိပါသတဲ့။ တစ်နေ့သော အခါ.. သူတို့ရဲ့သမီးလေးမှာပဋိသန္ဓေ ကိုယ်ဝန်ရှိလာပါသတဲ့။ မိဘများက ဘယ်သူနဲ့ရတဲ့ကိုယ်ဝန်လဲ စိတ်ဆိုး မာန်ဆိုး ဒေါသတကြီးနဲ့ စစ်မေးကြပါတယ်။ ကလေးမလေးက လင်ကောင်မဖော်ဘဲ နုတ်ပိတ် ရေငုံနေလို့ ရိုက်နှက်စစ်မေးကြပါတယ်။ နောက်ဆုံးတော့ ကလေးမလေးက ဟောဟို တောင်ကုန်းပေါ်မှာ သတင်းသုံးနေတဲ့ အသက်ခုနှစ်ဆယ်ကျော်ရှိတဲ့ ဘုန်းကြီးနဲ့ ရတဲ့ကိုယ်ဝန်ပါလို့ ပြောလိုက်ပါသတဲ့။ ဒါနဲ့ ထမင်းဆိုင်ပိုင်ရှင် လင်မယားဟာ တောင်ကုန်းပေါ်က ဘုန်းကြီးဆီသွားပြီး လက်ညိုးငေါက်ငေါက်ထိုး မှိုချိုး မြစ်ချိုး ရိုင်းရိုင်းစိုင်းစိုင်း သွားပြောကြပါတယ်။ ဘုန်းတော်ကြီးက တုန်တုန်လှုပ်လှုပ်မဖြစ်ပါဘူး။ မျက်ခုံးမွေးဖြူကြီးကို ပင့်လျှက် `` သြော်…ဟုတ်လား..။´´ ဒါဘဲ ပြောလိုက်ပါသတဲ့။ ထမင်းဆိုင်က ကလေးမလေး ကိုယ်ဝန် ထုံးစံအတိုင်း လစေ့လာတော့ သားယောက်ျားကလေး မွေးပါတယ်။ မွေးပြီး ပြီးချင်း ထမင်းဆိုင်ပိုင်ရှင် လင်မယားက ကလေးငယ်ကိုယူပြီး ဘုန်းကြီးကျောင်းကို သွားပို့ပါသတဲ့။ ``ရော့ ဟောဒီမှာ.. အရှင်ဘုရားနဲ့ရတဲ့ကလေး..´´ ဆိုပြီး ကလေးကို ပေးထားပစ်ခဲ့ပါတယ်။ ဘုန်းတော်ကြီးကတော့ ထူးထူးထွေထွေဘာမှ မပြော။ ထုံးစံအတိုင်း မျက်ခုံးမွေးဖြူကြီးကိုပင့်လျှက် `` သြော်…ဟုတ်လား´´ ဒါဘဲ ပြောလိုက်ပါသတဲ့။ ဘုန်းကြီးကို ကြည်ညိုတဲ့ ဒကာ ဒကာမတွေက ကလေးငယ် အသက်ရှင်ရေးအတွက် နွားနိုဖျော်တိုက်လို့ ၀ိုင်းဝန်းပြီး စောင့်ရှောက်ကြပါတယ်။ ဒီလိုနဲ့ ကလေးငယ် တစ်နှစ်ခွဲ၊ ၂နှစ်အရွယ်ရောက်လာတော့ ထမင်းဆိုင်က ကလေးမလေးမှာ လင်ကောင်ပေါ်လာပါတယ်။ ထမင်းဆိုင်နဲ့ မလှမ်းမကမ်းမှာရှိတဲ့ ဈေးကြီးအတွင်းမှာ လက်တွန်းလှည်းတွန်းတဲ့ ကောင်ကလေးဖြစ်နေတယ်။ ဟိုတုန်းကတော့ အဲဒီကောင်လေးက သူ့ကိုလင်ကောင်ဖော်ရင် သတ်ပစ်မယ်လို့ ခြိမ်းခြောက်ခါ တစ်နေရာကို ငွေရှာဖို့ဆိုပြီး ရှောင်ပြေးခဲ့တယ်လို့ သိရပါတယ်။ ဒါနဲ့ ကောင်မလေးကလည်းကြောက်လှန့်ပြီး အဖြစ်မှန်ကိုဖုန်းကွယ်ထားခဲ့ပါတယ်။ ယခု လက်တွန်းလှည်းတွန်းတဲ့ ကောင်လေး မှာ ငွေရလို့ပြန်လာခဲ့တာပါတဲ့။ သူနဲ့ရတဲ့ကလေးငယ် ဘယ်မလဲဆိုပြီး ထမင်းဆိုင်ကိုလာမေးပါတယ်။ ထမင်းဆိုင်ပိုင်ရှင် မိဘများဟာ အံ့သြတုန်လှုပ်သွားကြပြီး သူတော်ကောင်းဘုန်းကြီးကို စော်ကားမိခဲ့လို့ ရင်ထုမနာနဲ့ နောင်တရနေကြသတဲ့။ ဒါနဲ့ ရပ်ကွက်လူကြီးတွေကို အကျိုးအကြောင်းပြောပြပြီး ဘုန်းကြီကျောင်းကို သွားကြပါသတဲ့။ `` တပည့်တော်တို့ အရှင်ဘုရားကို ပြစ်မှားမိခဲ့ပါတယ်ဘုရား..ဒါကြောင့် ခွင့်လွှတ်တော်မူပါဘုရား..။ တပည့်တော်တို့ မြေးလေးကိုလည်း ပြန်ခေါ်ခွင့် ပြုတော်မူပါဘုရား..´´ လို့ မျက်ရည်စက်လက်နဲ့ တောင်းပန်ကြပါတယ်။ ဘုန်းတော်ကြီးကတော့ ထွေထွေထူးထူး ဘာမှ မပြောပါ။ ထုံးစံအတိုင်း မျက်ခုံမွေးဖြူကြီးကို ပင့်လျှက် ``သြော်…ဟုတ်လား.´´ ဒါဘဲပြောပါသတဲ့။
ပတ်ဝန်းကျင် လူ့လောက တခွင်မှာ မကျေနပ်စရာတွေ ဒေါသဖြစ်စရာတွေ နဲ့ ကြုံတွေ့ရတဲ့အခါတိုင်းမှာ.. ယခုလို အလွန်သည်းခံနိုင်စွမ်းရှိတဲ့ မျက်ခုံးမွေးဖြူဖြူကြီးကို ပင့်လျှက်..``သြော်..ဟုတ်လား..´´ ဟု အေးဆေးတည်ငြိမ်စွာ သည်းခံခွင့်လွှတ်လေ့ရှိသော ဂျပန်ဘုန်းတော်ကြီးရဲ့ ပုံရိပ်ကို မြင်ယောင် ကြားယောင်လျှက် ဗုဒ္ဓရှင်တော်မြတ်ဘုရား ဟောကြားတော်မူခဲ့တဲ့ ခန္တီစ သည်းခံခွင့်လွှတ်ခြင်းတရားကို ဆင်ခြင်အောင်းမေ့ပြီး နေထိုင်၊လုပ်ကိုင်သွားကြပါစို့ခင်ဗျာ..။ ဟု ဆရာ မကွေးဝင်းမြင့်က ပြောဆိုသွားခဲ့ပါတယ်။
ဆရာနေခြည်(မကွေး)ကတော့ Hot News ဂျာနယ်၊ အတွဲ(၁) အမှတ်(၅၂) ထဲမှ စာရေးဆရာ အသိတရားကင်းမဲ့သော မောင်ကြီး ရဲ့ (ဒီအသိတရားလေးတော့ ရှိသင့်တာပေါ့) ဆောင်းပါးကို အကျယ်တ၀င့် ပြောကြားဆွေးနွေးလာပါတယ်။ ယခုခေတ် ပညာရေးလောကနဲ့ အိမ်စောင့်အစိုးရခေတ်တုန်းက ပညာရေးလောက အကြောင်းကို မီးမောင်းထိုးပြသွားပါ တယ်။ ဒီဆောင်းပါးလေးက ၀ထ္ထုတိုလေး တစ်ပုဒ်လို သုတ၊ရသများကိုလည်း ပေးစွမ်းနိုင်တဲ့ ဆောင်းပါးကောင်းတစ်ပုဒ် ဖြစ်ပါတယ်။ နောက်ဆုံးပိတ်ကလေးမှာ ဆရာမကြီး ဒေါ်သိန်းဆိုင်က သူ့တပည့် မောင်ကြီးကို ပြန်ပြောလိုက်တဲ့စကားလေး ဟာ မျက်ရည်ကျလောက်အောင် ခံစားလိုက်ရပါတယ်။ ဂျာနယ်ထဲကဖော်ပြထားတာ ကို အနည်းငယ်ဖတ်ပြပါ့မယ်။ ထိုခေတ် ထိုအခါမှ ဆရာမများသည် ကျောင်းသား ကျောင်သူများဆီမှ မစား။ သူတို့၏ ခံယူချက်သည် အထက်မှ ရေသည် အောက်သို့သာ စီးဆင်းရသည်(စုန်ရေ)။ `တစ်ပြားမရှိ တပည့်မရှား၊ ပီတိစား၏ ဆိုတဲ့( ဆရာတင်မိုး)ရဲ့ကဗျာလေးဟာ ဒို့ဆရာ ဆရာမတွေကို ရည်ရွယ်ခဲ့တယ်လေကွာ..´။ ဆိုသောစကား။ ဆရာမကြီး ဒေါ်သိန်းဆိုင် ဆိုတာ တော်လှန်ရေးကောင်စီခေတ်က ဗိုလ်ချုပ်တင်ဖေ ရဲ့ ဇနီး စာရေးဆရာမကြီးတစ်ဦးလို့ သိရပါတယ်။ စာရေးသူ ဆရာမောင်ကြီးက သူ့ဌါနအတွက် သစ်ခွဲဖို့ သစ်ခွဲစက်ရောက်တဲ့အခါမှာ သူတို့ဆရာမကြီးဒေါ်သိန်းဆိုင် ရဲ့ သစ်ခွဲစက်မှန်းသိရလို့ ဆရာမကြီးထံ ၀င်တွေ့ခဲ့တဲ့ အကြောင်းလေးကို စာဖတ်သူများနဲ့ ကျောင်းနေဖက် ငယ်သူငယ်ချင်း ကျောင်းသားလူဆိုးတစ်စုထံသို့ ကြားသိ၊ မြင်တွေ့နိုင်အောင် ရေးသားတင်ပြထားပါတယ်။ စာရေးသူ မောင်ကြီးတို့ ဆိုးသွမ်းလူငယ် ကျောင်းသားတစ်စုကို ကျောက်မြောင်းကျောင်း ကျောင်းအုပ်ဆရာမကြီးက ကျောင်းထုတ်ဖို့အထိ စီစဉ်နေတာကို သူတို့ရဲ့ Teacher ဒေါ်သိန်းတင်မှ တားဆီးကာကွယ်ပေးခဲ့ပြီး ပညာတတ်ကြီးများဖြစ်အောင် စာမေးပွဲအောင်မြင်အောင်၊ အပြင်လောကမှာ အင်ဂျင်နီယာကြီးများဖြစ်အောင် သင်ကြားပေးခဲ့ကြောင်းတွေကိုလည်း ရေးသားဖော်ပြထားပါတယ်။ ဆရာမကြီး ဒေါ်သိန်းတင်ရဲ့ ပြောစကားနဲ့ ဆောင်းပါးရှင်ရဲ့ ရေးသားချက်များကို ဖတ်ပြပါရစေ။ ` ကျောက်မြောင်းကျောင်းက Teacher တပည့်တွေလို့သာ ပြောပြီးဝင်သာဝင်ခဲ့၊ ဘယ်သူမှ မတားဘူးသိလား´။ Teacher အသံတွေတုန်နေတယ်။ စိတ်တွေလှုပ်ရှားနေသလား မပြောတတ်ပါဘူးကွာ..။ ငါ့ကို ကိုင်ထားတဲ့ သူ့လက်တွေဟာလည်း တုန်နေသလိုပဲ။ ဆရာမကြီးက ငါ့ကိုမေးပါတယ်။ ``သြော် ဒါနဲ့ Teacher တပည့် Teacher ဆီကိုလာတာ တွေ့ရုံသက်သက်လား..´´။ `ဟုတ်ကဲ့ တွေ့လည်းတွေ့ချင်တယ်၊ ကန်တော့လည်းကန်တော့ရင်း ကျွန်တော် Teacher သစ်စက်မှာ သစ်တွေလာခွဲတာပါ´ လို့ ပြောလိုက်တော့..။ Teacher က ငါ့လက်နှစ်ဖက်ကို ဆွဲမြှောက် သူ့ရင်ဘတ်ပေါ်ကိုတင်ပြီး သူ့တစ်ကိုယ်လုံးတုန်လာ တယ်။ မျက်နှာ ငိုမလို ရယ်မလို ၀မ်းနည်းသလို ၀မ်းသာသလိုနဲ့ ငါလည်း မပြောတတ်တော့ဘူးကွာ။
`` ဒါ..ဒါဆို.. မင်း..မင်း Teacher ကို ထမင်းလာကျွေးတာပေါ့။ ဟုတ်လား သားတဲ့။ မျက်ရည်တွေစီးကျလာပြီး…။ ဟေ့ကောင်တွေ ငါဘယ်လိုအဖြေပြန်ပေးရမလဲ ပြန်ဖြေရမှာလဲ။ ပြောကြလေကွာ..ငါဘယ်လိုမှ ပြန်မဖြေတတ်တော့ဘူး။ ငါ့မှာ ဒီအဆင့်ထိ အသိတရားမရှိပါဘူး။ ငါ့မှာ ဒီအဆင့်ထိ မရှိခဲ့ပါဘူးကွာ…၊ သန်းအောင်၊ ချစ်ဆွေ၊ စိန်လှဦး၊ မောင်မြင့်၊ မြင့်သိန်းလေး တို့ ပြောကြပါဦး သူငယ်ချင်းတို့ရာ….။ ဟုဆောင်းပါးအဆုံးသတ်ကို.. ဆရာနေခြည်က အသံများတိမ်ဝင် သွားပြီး..မျက်ရည်စက်လက်နဲ့ ခံစားပြောဆိုဖတ်ကြားသွားပါတယ်။ ကျွန်တော်နဲ့အတူ SHADE စာပေ၀ိုင်းတော်သားများ မှာလည်း မျက်ရည်များ ကိုယ်စီ ကျနေကြလျှက်…..။
စိတ် အဟာရပြည့်ဝအောင် SHADE ဂျာနယ်ကိုဆောင်လို့ ဘ၀အတွက် သုတ၊ရသစုံတဲ့ SHADE စာပေ၀ိုင်းသို့ သွားကြပါစို့..။

ရွှေလမ်းငွေလမ်းဝင်းကြည်
READMORE
 

မကွေးမြို့က SHADE စာပေ၀ိုင်း(၃၈)





Shade38
မကွေးမြို့က SHADE စာပေ၀ိုင်း(၃၈)
၇-၈-၂၀၁၁၊ တနင်္ဂနွေနေ့၊ နေ့(၁၂)နာရီမှ ညနေ(၃)နာရီအထိ မကွေးမြို့၊ ရန်ကျော်ရပ်၊ သုခိတာလမ်းနဲ့ ပိတောက်လမ်းကြား FOREVER လက်ဖက်ရည်ဆိုင် ဥယျာဉ် မှာ ပေါင်းဆုံ ၀ိုင်းဖွဲ့ကြပါတယ်။ ဒီတစ်ပတ် SHADE စာပေ၀ိုင်း(၃၈)ကြိမ်ပါ။ ဧည့်သည်တော်သုံးဦးကတော ကဗျာဆရာ ဇေယျ၊ သတင်းထောက် ခေတ္တရာမန်းသန်းမြင့်၊ ကာတွန်းဆရာ မောင်အေး(မင်းဘူး) (ခ) ဖရဲသီး တို့ ရောက်လာပါတယ်။ Shade စာပေ၀ိုင်းတော်သားများကတော့ ဆရာ မကွေးဝင်းမြင့်၊ ဆရာ တက္ကသိုလ်ရည်ရွယ်၊ ဆရာနိုင်ယုဝေ ၊ဆရာတင်လင်းဇာ် နဲ့ စာရေးသူတို့ဖြစ်ကြပါတယ်။ ဆရာ မကွေးဝင်းမြင့်နဲ့ ခေတ္တရာမန်း သန်းမြင့်တို့ က ဒီနေ့ နေပြည်တော်သို့ သွားရန်ကိစ္စ ခရီးစဉ်ကိုဖျက်ပြီး SHADE စာပေ၀ိုင်း ကို သံယောဇဉ်ကြီးစွာနဲ့ မပျက်အောင် လာခဲ့ရပါကြောင်း သိရပါတယ်။ ဒါကြောင့် ဆရာကြီး မကွေးဝင်းမြင့်တို့အား Shade စာပေ၀ိုင်းတော်သားများက အထူးကျေးဇူးတင်ပါကြောင်း မှတ်တမ်းတင်အပ်ပါတယ်။
ဆရာ မကွေးဝင်းမြင့်က စတင်ပြောဆိုပါတယ်။ `` လေးစားအပ်ပါသောစာပေမိတ်ဆွေများခင်ဗျား.. ဒီတစ်ပတ်တော့ မြန်မာ့ရိုးရာ မြန်မာ့ဓလေ့ အတိတ် နိမိတ်အကြောင်းကို တင်ပြဆွေးနွေးချင်ပါတယ်။ ဇမ္ဗူဒီပါ လက်ျာတောင်ကျွန်း သြဘာနိမိတ်ထွန်း ဆိုစကားအတိုင်း ကျွန်တော်တို့မြန်မာလူမျိုးများ အတိတ်ကောင်း နိမိတ်ကောင်းများကို လက်ခံယုံကြည် ကြပါတယ်။ ဒါကြောင့် မိတ်ဆွေအချင်းချင်း ဆုံတွေ့ကြတဲ့အခါ `မင်္ဂလာပါခင်ဗျား´၊ `ကျန်းမာပါရဲ့လားခင်ဗျား´ လို့ နှုတ်ဆက်လေ့ရှိကြပါတယ်။
ရှေးပညာရှင်များက အတိတ်နိမိတ် ဆိုတာကတော့ အဖြစ်အပျက်တစ်ခုကို ထောက်ပြပြီး နောင်အခါ မည်သို့ဖြစ်နိုင်မည်ဆိုတာကို တွက်ဆပြောဆိုခြင်းဖြစ်ပါတယ်။ တဘောင်ဆိုတာကတော့ နိမိတ်စကားပါပဲ။ ဥပမာ ပြောရရင် လူတစ်ယောက်ဟာ အမှုအခင်းတစ်ခုထဲမှာ ပါဝင်ပတ်သက်နေလို့ တရားရုံးမှာ ရင်ဆိုင်နေရပါတယ်တဲ့။ ဒါနဲ့ ရတက်မအေးဖြစ်တာကြောင့် ဗေဒင်ဆရာဆီကို သွားပြီး သူ့အမှု နိုင်၊ မနိုင်ဗေဒင်ဟောခိုင်းပါသတဲ့။ ဗေဒင်ဆရာကလည်း သူ့မွေးရက် ခုနှစ် ရက်လတွေကို မေးပြီးဗေဒင်တွက်နေတဲ့အချိန်အခါမှာ အလွန်ကျက်သရေမင်္ဂလာရှိတဲ့ စည်ဗျောသံနဲ့အတူ မောင်ရှင်လောင်း(၃)ပါး ရွှေထီးဆောင်းပြီး ခန်းခန်းနားနား လှည့်လာတာကိုမြင်လိုက်ရတော့ ဗေဒင်ဆရာက အတိတ်ကောင်း နိမိတ်ကောင်းပဲ။ ဟောဟိုမှာ ရွှေထီးဆောင်းလာတာလေ။ လူတစ်ယောက်မှာ ကံဇာတာအမြင့်ဆုံးအချိန်ဟာ ရွှေထီးဆောင်း တဲ့အချိန်ပေါ့။ ဒါကြောင့် ခင်ဗျားရဲ့ အမှုက မုချနိုင်မယ်လို့ ဟောလိုက်ပါသတဲ့။ ဗေဒင်ဆရာ ဟောလိုက်တဲ့အတိုင်း သူ့အမှုနိုင်ပါသတဲ့။
နောက်တစ်ခု နိမိတ်ကောက်ပုံလေး တစ်ခုကို ဆက်လက်တင်ပြချင်ပါသေးတယ်။ ကျေးရွာတစ်ရွာက အမျိုးသမီးတစ်ယောက်ဟာ သူ့ခင်ပွန်း အောက်ပြည်အောက်ရွာ အလုပ်လုပ်ဖို့ထွက်သွားတာ ၃/၄နှစ်ကြာပြီတဲ့။ စာလည်း မလာ လူကြုံစကားလည်း မပါးတော့ သူ့ယောက်ျားအသက်ရှင်လျှက်မှ ရှိပါသေးလားမသိ၊ သားသမီးများနဲ့ စားရေး သောက်ရေး ဆင်းရဲဒုက္ခရောက်နေပါသတဲ့။ ဒါကြောင့် ရွာဦးကျောင်းဆရာတော်ဆီကို ရေလှူပြီး ဗေဒင်သွားမေးဖို့ ရေအိုးကလေး ရွက်ပြီး ထွက်လာခဲ့သတဲ့။ ကျောင်းအ၀င်ဝလည်းရောက်ရော ရွာဦးကျောင်းဆရာတော်က ကျောင်းလှေကားမှ ဆင်းလာတာ မြင်လိုက်ရတော့ ကတိုက်ကရိုက် ဆရာတော်ဆီကို အသွား ခလုတ်တိုက်ပြီး ရေအိုးကွဲပါသတဲ့။ ရေအိုးကွဲသွားတော့ ခေါင်းခုလုပ်ယူလာတဲ့ လုံချည်လေးကို အသာကောက်ယူပြီး ချုန်းပွဲချ ငိုကျွေးပါသတဲ့။ ရွာဦးကျောင်းဆရာတော်က ``ဟဲ ဒကာမ ဘာပြုလို့ငိုနေရတာလဲ´´ ဟုမေးတော့ `တပည့်တော်မရဲ့ခင်ပွန်းသည် အောက်ပြည်အောက်ရွာ အလုပ် လုပ်ဖို့ထွက်သွားတာ ၃/၄နှစ်ကြာပါပြီဘုရား..။ ဘာအကျိုးအကြောင်းမှလည်းမသိရ။ အသက်မှရှိသေးရဲ့လား၊မသိလို့ ဆရာတော်ဆီကို ရေလှူလာရင်း ဗေဒင်မေးချင်လို့ လာတာပါဘုရား..။ ခုတော့ ရေအိုးက ကျကွဲသွားတော့ တပည့်တော်မတို့ ကွဲပြီပေါ့ဘုရား..။´
``ဟဲ့ ဒကာမ ဒီနေရာမှာ အဲဒီလို နိမိတ်မကောက်ရဘူးလေ။ အခု ကျကွဲသွားတဲ့ရေအိုးဟာ မြေကြီးနဲ့လုပ်ထားတာ မဟုတ်လား။ အဲဒီ မြေရေအိုးဟာ မြေပေါ်မှာ ပြန့်ကျဲပြီး သူ့နေရာသူ ပြန်ရောက်သွားပြီလေ။ သွား သွား နင့်ယောက်ျားလည်း ခုလောက်ဆိုရင် အိမ်ကိုပြန်ရောက်နေရော့မယ်။ ´´အိမ်ပြန်ခိုင်းလိုက်သတဲ့။ ဟုတ်ပါတယ်၊ အဲဒီ ဒယိကာမ အိမ်ပြန်ရောကတော့ သူ့ယောက်ျားလည်း အိမ်မှာရောက်နေပါပြီတဲ့။ ဗေဒင်ပညာ လက္ခာဏာပညာ နိမိတ်ကောက်ပညာ တွေဟာ အင်မတန် နက်နဲတဲ့ ပညာရပ်များဖြစ်ပါတယ်။ ကမ္ဘာ့သိပ္ပံပညာရှင်များကလည်း သီးခြား ဘာသာရပ်တစ်ခု အနေနဲ့ ထားရှိပြီး မည်သို့မျှမှတ်ချက်မပေးကြပါဘူး..။ ဟု ဆရာ မကွေးဝင်းမြင့်က ပြောဆိုသွားပါတယ်။
ဆရာတင်လင်းဇော်ကလည်း ဒီတစ်ပတ်မှာ ရသစာတမ်းများ ကို တင်ပြဆွေးနွေးလာပါတယ်။ ၂၀၀၈၊ ဇူလိုင်လထုတ်တဲ့ စာရေးဆရာ နေမျိုး ရေးသားသော (ဇာတိရပ်ရွာ ပြန်ရောက်တဲ့အခါ) ရသစာတမ်းများစာအုပ်ထဲမှ (ဆင်းရဲခြင်းဖြင့် စီးပွားရှာသူ) ရသစာတမ်းကို အကျယ်တ၀င့် တင်ပြပြောဆိုပါတယ်။ `ဆင်းရဲသားတစ်ယောက်ကို ကျွန်တော်တွေ့ဘူးတယ်။ သူဟာဆင်းရဲသားတစ်ယောက်ဆိုတာ မြင်တာနဲ့သိနိုင်တယ်လေ.. ဆိုပြီး ရသစာတမ်းကို စထားပါတယ်။ ဒီရသစာတမ်းက ခေါင်းစဉ်ကိုက စိတ်ဝင်စားပြီး စဉ်းစားစရာဖြစ်နေပါတယ်။ ဆရာနေမျိုး ရေးထားတာ တော်တော် လေးနက်ကောင်းမွန်ပါတယ်။ ဆင်းရဲသားတစ်ယောက်က `ဟယ်လို..ကောင်းသောညနေခင်းပါခင်ဗျာ..´။ လို့ စတင်နှုတ်ဆက်စကား ဆိုတာရယ်..။ သူ့ အမူအယာနဲ့ သူ့လေသံဟာ တကယ်ကိုကျိုးကျိုးနွံနွံပါပဲ ခင်ဗျာ..ဆိုတာရယ်..။ ဒီမြို့ထဲက လမ်းဘေးရေအိုးစင်ဟာ ကျွန်တော်မသောက်ဘူးတာ မရှိသလောက်ပါပဲ..ဆိုတာရယ်..။ ဆင်းရဲလေလေ ကျွန်တော်ဟာ စီးပွားဖြစ်လေလေ ဆိုတာရယ်။ ကျွန်တော့်ရဲ့ ဘဏ်က အလွန်ဝေးတဲ့ ဒေသတစ်ခုမှာပါ….။ ကျွန်တော့်ဘဏ်ကို ကျွန်တော်တောင် တစ်ခေါက်သာ ရောက်ဖူးသေးတယ်။ တစ်ခေါက်ရောက်ဖူးရင် လုံလောက်သွား တာပါပဲ..၊ ဆိုတာတွေဟာ ဘာကိုဆိုလိုချင်တာလဲ?၊ ဘဏ်ဆိုတာ နိဗ္ဗာန် ကိုများ တင်စား ထားတာလား?။ အလိုကြီးရင် အရနည်းပြီး၊နည်းနည်းလိုချင်သူတွေဟာ များများရနေတာလား?။ မလိုချင်မှ ရတယ်ဆိုတာကိုများ ပြောချင်နေတာလား..?။ ဒီရသစာတမ်းကို ဖတ်ရင်း ဖတ်ပြီး စဉ်းစား တွေးတော စရာတွေ တစ်ပုံတစ်ခေါင်းကြီး ကျန်နေခဲ့ပါတယ်။ အဲ နောက်ဆုံးပိတ်မှာ (ကမ္ဘာကျော်သူဌေးကြီး ဟောင်းဝပ်ဟူးသို့…) လို့ မှတ်ချက်ရေးပြီး အဆုံးသတ်ထားပါတယ်။ ဒါဆို ကမ္ဘာကျော်သူဌေးကြီး ဟောင်းဝပ်ဟူး အကြောင်းကို ကျွန်တော်တို့သိဖို့လိုလာပြန်ပြီ..။ အဲဒီစာမပါခဲ့ရင် ကျွန်တော်အထက် က စဉ်းစားခဲ့သလို ကောက်ချက်ချ ယူလို့ရမယ်ထင်ပါတယ်..။ ယခုတော့ နောက်ဆုံး မှတ်ချက်စာတမ်း ကြောင့် စာရေးသူ ဆရာနေမျိုး ကိုယ်တိုင်ရှင်းပြမှ ဘာကို ဆိုလိုပြီးပြောချင်တာလဲ ဆိုတာကို သိရမယ်ထင်ပါတယ်..။ ကျွန်တော်တို့ Shade စာပေ၀ိုင်းတော်သားများနဲ့ စာဖတ်သူများထဲမှ နားလည်သူများရှိနေရင်လည်း ရှင်းလင်း ပြောဆို ရေးသားပေးကြပါခင်ဗျာ..။ ဟု ဆရာတင်လင်းဇော် က ပြောဆိုဝေဖန် တောင်းဆိုမှုပြုသွားခဲ့ပါတယ်..။
ဒီတစ်ပတ် Shade စာပေ၀ိုင်းမှာ အထူးအစီအစဉ်တစ်ရပ်(ကျန်းမာရေး ထောက်ပံ့ငွေ)ပေးအပ်တဲ့ အလှူဒါနပွဲ ကျင်းပဖြစ်ပါတယ်။ SHADE စာပေ၀ိုင်းတော်သား တက္ကသိုလ်ရည်ရွယ် (ခ) ကဗျာဆရာ ညီဇေယျ ရဲ့ မိခင်ကြီး မျက်စိခွဲစိတ်ကုသရေးအတွက် SHADEဂျာနယ် အယ်ဒီတာချုပ် ဦးသာဇော်ရဲ့ ကိုယ်စား ဆရာကြီး မကွေးဝင်းမြင့် မှ ကျန်းမာရေး ထောက်ပံ့ငွေ(၃၀၀၀၀ိ) သုံးသောင်းကျပ်အား တက္ကသိုလ်ရည်ရွယ် ထံ ပေးအပ်လှူဒါန်းပြီး ၀မ်းမြောက် ၀မ်းသာစွာနဲ့ Shade စာပေ၀ိုင်းတော်သားများက သာဓု သုံးကြိမ်ခေါ်ဆိုကြပါတယ်..။
စိတ် အဟာရပြည့်ဝအောင် SHADE ဂျာနယ်ကိုဆောင်လို့ ဘ၀အတွက် သုတ၊ရသစုံတဲ့ SHADE စာပေ၀ိုင်းသို့ သွားကြပါစို့..။

ရွှေလမ်းငွေလမ်းဝင်းကြည်
READMORE