ဥစ္စာဓန ၊သူခိုး နှင့် လူ့ အခွင့်အရေး



၂၁ ဇန်န၀ါရီ ဘန်ကောက် ၊ ၊မြနန္ဒီ(www.mandalar.net)

The Richest, The Thief and The Human Rights

ဆရာဦးအောင်ချို ပေးပို့သောမေးလ်အား တဆင့်ဖော်ပြအပ်ပါသည်။

ဗြိတိန်နိုင်ငံမှာ နာမည်ကျော်ကြားလူသိများတဲ့ Britain got Talent ရဲ့ judge တစ်ဦးဖြစ်သူ၊ဂျာနယ်လစ် နဲ့ တယ်လီဗီးရှင်း presenter လဲဖြစ်တဲ့ ပီရာ့စ်မော်ဂန် (Piers Morgan) ဟာ ရှန်ဟိုင်း မြို့ကြီးရဲ့ကြွယ်ဝ ချမ်းသာမှုနဲ့ လူနေမှုအဆင့်မြင့်မားမှုတွေကို ကိုယ်တိုင်ကိုယ်ကျ သွားရောက်လေ့လာလည်ပတ်ပြီး မေးမြန်းတွေ့ ဆုံခဲ့တဲ့ အစီအစဉ် တစ်ခု ကို ဗြိတိသျှ တယ်လီဗီးရှင်း ITV ကနေတင်ဆက်ခဲ့ပါတယ်။ သူ့ရဲ့တင်ပြလိုမှုဟာ တစ်ရုတ်နိုင်ငံမှာ လူ့အခွင့်ရေးတွေဆုံးရှုံးနေ တာတွေကိုပြောချင်ပုံရပါတယ်၊ နောက်တစ်ခုက တစ်ရုတ်ပြည်ကြီး ကမ္ဘာကြီးကို သိမ်းခါနီးပြီးဆိုပြီး လူအများကိုသိစေချင်ပုံလဲရပါတယ်၊ ဒါ့အပြင် တစ်ရုတ်ပြည်ကြီးဟာ သူခိုးကြီးပါလို့လဲ ကမ္ဘာကြီးကို သိစေခြင်ပုံလဲပါ ပါတယ်။ မှန်ပါတယ် သူပြောသလိုပဲ ကျမတို့ရဲ့

အိမ်ထဲကိုကြည့်လိုက်မယ်ဆိုရင် ရှစ်ဆယ်ရာခိုင်နှုံး သောအသုံးအဆောင်တွေဟာ တစ်ရုတ်ပြည်ကပါ၊ မူရင်း အမေရိကန် တို့ဂျာမဏီတို့ဖြစ် တာတောင်မှ ထုတ်လုပ်တာက တစ်ရုတ်ပြည်ကပါ။ပြင်သစ်ကနာမီကြီးဝိုင် တွေလဲရှန်ဟိုင်းတစ်ဝိုက်မှာတင်ထုတ်လုပ်တာပါ၊ ရေခဲသေတ္တာ၊အဝတ်လျှော်စက်တို့ကအစ ခလေးကစားစရာ အရုပ်အဆုံးတစ်ရုတ်ပြည်ကပါပဲ။

ဒါဟာဘာဖြစ်လို့လဲဆိုတာရှင်းပါတယ်၊ ပီရာ့စ်မော်ဂန် (Piers Morgan) တင်ပြခဲ့သလိုပဲ တစ်ရုတ်ပြည် ရဲ့ကုန်စည်ထုတ်လုပ်မှု မှန်သမျှဟာ အနောက်နိင်ငံတွေက နမူနာယူပြီး ပိုဈေးသက်သာ ပိုကောင်းအောင်ထုတ်လုပ်ထားလို့ပါပဲ၊ ဈေးသက်သာတဲ့အတွက် တစ်ကမ္ဘာလုံးသူ့ဆီက အားပေးကြတာပါပဲ၊သူရောက်ခဲ့သမျှ ဟော်တယ်၊ စတိုးဆိုင်၊ကော်ဖီဆိုင် နောက်ဆုံးဘောလုံးပွဲအဆုံး အနောက် နိုင်ငံရဲ့အပြင်အဆင်တွေနဲ့ အရသာတွေပါပဲ၊ ဘောလုံးပွဲရဲ့ ကြော်ငြာစာတမ်း နဲ့ အလံ တွေဟာ လီဗာပူးအသင်းရဲ့ ဒီဇိုင်းတွေနဲ့ဆင်ဆင် တူနေတယ်လို့ပြောဆိုခဲ့ပါတယ်။ဟော်တယ်ရဲ့ အစားအသောက်တွေစားရ တာလဲသူ့ကိုယ်သူရှန်ဟိုင်းရောက်နေတယ် လို့မထင်မိပဲအင်္ဂလန်မှာပဲလို့ ခံစားခဲ့ရပါတယ်တဲ့၊ အသက်သုံးဆယ်အရွယ် သဘောင်္တွေပိုင်တဲ့ ၊ နိုင်ငံခြားကုန်စည်ကူးသန်းရေးကို လုပ်ဆောင်နေသူ၊တစ်ရုတ်အမျိုးသမီး သန်းကြွယ်သူဋ္ဌေးမလေးကလဲ တစ်ရုတ်နိုင်ငံကြီးဟာ မကြာခင်မှာပဲ ကမ္ဘာ့ အချမ်းသာဆုံး နံပတ် တစ် ဖြစ်တော့မယ် ဆိုတာ သူမအခိုင်မာယုံကြည် ကြောင်း သူ့ကိုပြောခဲ့ပါတယ်။

သူမပြောသလိုပဲ ဆယ်စုနှစ် တစ်ခုအတွင်းမှာ သန်းကြွယ်သူဋ္ဌေး တွေတစ်ရုတ်နိုင်ငံမှာ ဒီရေတက်သလိုတိုးလာပေမဲ့ အမေရိကန်၊ဗြိတိန်နဲ့ဂျာမဏီတို့မှာ အလုပ်လက်မဲ့ တွေ ကတောင်လိုပုံလာခဲ့ပါပြီး၊ တစ်ရုတ်ပြည်ကားစက်ရုံကအလုပ်သမားတွေ ရဲ့လစာဟာ ဗြိတိန်အလုပ်သမားတွေထက်မြင့်မားသလို၊ ဟော်တယ် ဝန်ထမ်းတွေရဲ့လစာဟာလဲမနဲလှကြောင်း ပီရာ့စ်မော်ဂန် (Piers Morgan) တွေ့ရှိခဲ့ပါတယ်။ ဒါပေမဲ့ အလုပ်သမားတွေဘက်က ကာကွယ်ပေးတဲ့ အလုပ်သမားသမ္မဂ္ဂတွေမရှိသလို ဟော်တယ်ဝန်ထမ်းတွေရဲ့နေ့လည် နားချိန်ဟာ အလွန်နဲပြီး နောက်ကကျားလိုက်သလိုနေ့လည်စာကို အမြန်စားရတဲ့အကြောင်း တွေသိခဲ့ရတယ်လို့လဲဆိုပါတယ်၊ အင်တာနက် မှာလဲ ဆင်ဆာ တွေ နဲ့ကန့်သတ် မှုတွေကိုတွေ့ရှိတယ်လို့တင်ပြခဲ့ပါတယ်။

ဒါပေမဲ့လဲ လူအများစု ဟာအဲဒီအချက်တွေကို ဘယ်လိုမှမခံစားရပါဘူး၊ လူငယ်များဟာလဲ နောက်ဆုံးပေါ်ဒီဇိုင်းနားဝတ်စုံများနဲ့၊ ခေတ်မှီ တိုက်ခန်းများမှာ ဇိမ်ခံပစ္စည်း အပြည့်အစုံနဲ့နေထိုင်ပြီး အကောင်းစား ကလပ်တွေမှာ လွတ်လပ်စွာပါဝင်ဆင်နွဲနေနိုင်တဲ့ဘဝမှာ လူ့အခွင့်ရေးဆိုတဲ့ စကားလုံးကိုသိတောင်သိပုံမရကြပါဘူးလို့ဆိုခဲ့ပါတယ်၊ တစ်ရုတ်လူမျိုး အသက်ခြောက်ဆယ်နီးပါးအိမ်ပိုင်ရှင်လူကြီးတစ်ယောက်ကလဲ အစိုးရအမိန့်အရ အဆင့်မှီကွန်ဒို တွေဆောက် ဖို့အတွက် နှစ်ပေါင်းများစွာနေခဲ့တဲ့ သူ့ကိုယ်ပိုင်အိမ်ကနေ မြို့ပြင်ကို ပြောင်းရသည့်တိုင်အောင် “ရှန်ဟိုင်းသားတစ်ယောက်အနေနဲ့ ရှန်ဟိုင်းမြို့ကြီးတိုးတက်ဖို့ စတေးရတာကို ကျေနပ်ပါတယ်၊အိမ်ပြောင်းရတဲ့အတွက်ဝမ်းနဲပေမဲ့ အစိုးရကိုတော့ ဘယ်လိုမှအဆိုးမမြင်ကြောင်း” ပြောကြားသွားခဲ့ပါတယ်။ လူငယ်လူရွယ် များကလဲ “ကျမတို့ဒီအချက်ကိုမစဉ်းစားမိကြပါဘူး” လို့ဆိုခဲ့ပါတယ်။

နောက်ဆုံးမှာတော့ ပီရာ့စ်မော်ဂန် (Piers Morgan) အနေနဲ့ လူ့အခွင့်ရေးဆိုတာ သုံးလေးခွန်းထက်ပို မပြောနိုင်ခဲ့ပဲ ရှန်ဟိုင်းရဲ့ရောက်လေရာနေရာတိုင်းမှာ “ဒါလဲငါတို့တွေကို တုထားတာ၊ဒီတစ်ခုလဲ ငါတို့တွေစီကပုံတူကူးထားတာ၊ ဒီပုံစံလဲငါတို့ဒီဇိုင်း၊ ဒီအရသာလဲ ငါတို့တွေဆီကနဲ့တစ်ထပ် တည်းပဲ” ဆိုတဲ့အပြော တွေနဲ့အဆုံးသပ်သွားခဲ့ပါတယ်။ တွေ့ဆုံမေးမြန်းခဲ့သမျှ တစ်ရုပ် လူမျိုး အများစုဟာလဲ “တစ်ရုတ်ပြည်ရဲ့မနက်ဖန်ဟာဒီနေ့ထက်အမြဲတမ်းပိုကောင်းနေမယ် ဆိုတာကိုယုံကြည်ကြောင်း” တစ်လေသံထဲ ထွက်ကြတာကို ကြားခဲ့မြင်ခဲ့ရကြောင်းတင်ပြသွားခဲ့ပါတယ်။

ဒီအစီစဉ်နဲ့ ပတ်သက်ပြီး သုံးသပ်မိတာကတော့ ကွန်မြူနစ်နိုင်ငံတစ်ခုရဲ့ အင်အားကြီးမားလာမှုကို အရင်းရှင်နိုင်ငံတွေတုံလှုပ်နေကြပါပြီ၊ တစ်ရုပ်နိုင်ငံဟာ ကွန်မြူနစ်ပါဝါကို အရင်းရှင်စီးပွါးရေးစနစ်နဲ့ ရောလျှက်ပြီး ကမ္ဘာကြီးကို ကိုင်လှုပ်လိုက်တာပါပဲ၊ နိုင်ငံတစ်ခုကြီးပွါးတိုးတက်မှုမှာ ဒီမိုကရေစီကအဓိကလား၊ လူ့အခွင့်ရေးဆိုတာရော၊ ဒါတွေအားလုံးကို တစ်ရုတ်နိုင်ငံက ဆယ်နှစ်အတွင်းမှာ ဖြေသွားပါပြီ၊ အင်တာနက်သုံးစွဲ မှုကန့်သပ်တာတွေဟာလဲတစ်ရုတ်အစိုးရမှာ ခိုင်လုံတဲ့အကြောင်းရှိပုံရပါတယ်၊ အရင်းရှင်စနစ်ကိုမွေးစားပြီးနောက် သူ့ရဲ့ နောက်လိုက် Globalization, Multiculture နဲ့ Human rights တွေကို အဝင်မခံချင်တာဖြစ်နိုင်ပါတယ်။ အနောက်နိုင်ငံတွေမှာ multiculture ကြောင့်ပြဿနာတွေတစ်နေ့ထက်တစ်နေ့ပိုရှုပ်ထွေးပြီး အကြမ်းဖက် ဗုံးခွဲမှုတွေများလာတာရယ်၊ မွတ်ဆလင်တွေက လူ့အခွင့်ရေးဆိုတာကို အလွန်အမင်း အလွဲသုံးစားလုပ်နေပုံတွေရယ်၊ အမဲ လူမျိုးများ ရဲ့ လူမျိုးရေးအရှုပ်အရှင်းတွေ ဟာ အတုယူကောင်းတဲ့ တစ်ရုတ် အတွက် စဉ်းစားစရာတွေပါ။

အနောက်နိုင်ငံတွေက ဘယ်လိုပဲသူခိုး လို့စွတ်စွဲ၊ လူ့အခွင့်ရေး အပြည့်မရဘူးပဲပြောပြော တစ်ရုတ်နိုင်ငံ ဟာကမ္ဘာမှာ လက်ရှိစီးပွါးရေးအင်အား အကြီးမားဆုံးဆိုတာ………………………………

List of World GDP by Yearly and Future Estimate

China GDP grows by 8.7 percent in 2009 CNN Economy

ရွှေလမ်းငွေလမ်းဝင်းကြည်
၂၀၁၀ ခု၊ဇန်န၀ါရီလ(၃၁)ရက်နေ့ နံနက်(၉း၃၀)နာရီတွင်ကူးတင်ပါသည်။
 

စစ်ကိုင်းတောင်ရိုး ကွန်ပျုတာအခမဲ့သင်တန်းကျောင်းဆောင်အလှုရှင်များလိုအပ်နေပါသည်။

(၂၃-၁-၂၀၁၀)နေ့က စစ်ကိုင်းတောင်ရိုးမှ ဆရာတော်ဦးကောဝိဒရဲ့ အခမဲ့ကွန်ပျူတာသင်တန်းကျောင်းကို ရောက်ခဲ့ပါတယ်။ ဆရာတော်အား ယခင်ကခေတ္တငှားထားတဲ့ တိုက်ကျောင်းဆောင်လေးပေါ်မှ ဆင်းပေးနေရကြောင်း မြင်တွေ့လိုက်ရပါတယ်။ ဆရာတော်ပိုင် ၀ယ်ထားတဲ့(၃၈ ပေx ၈၀ ပေ)မြေကွက်မှာ ၀န်းခြံကာထားတာကို မြင်တွေ့ရပါတယ်။ ဓာတ်ပုံပါအတိုင်း ကုဋီနှင့် ရေစင်၊ရေချိုးခန်းသာ မြင်တွေ့ရပါတယ်။ အဲဒီ ကုဋီများရဲ့ တောင်ဘက်မှာ မိုးကာတဲလေးတစ်လုံးထိုးထားပါတယ်။ (၃)ပင်တဲ(၂)ခန်းပါ။ တစ်ခန်းက (ကွန်ပျူတာ (၄)လုံးဆန့်သာ)။ တစ်ခန်းက ဆရာတော် ကျိန်းခန်းနဲ့၊ ဘုရားခန်းပါ။ လောလောဆယ် နေရာပြောင်းရွေ့နေရတော့ ကွန်ပျူတာသင်တန်းကို တစ်ပါး၊နှစ်ပါးသာ သင်ကြားနိုင်ပါတယ်။ အမိုးကလဲ မိုးကာဆိုတော့ မိုးရွာရင်တော့ မိုးစိုကုန်မှာသေချားပါတယ်။ ၀ါးကပ်ပြင်မိုးရန် စီစဉ်နေကြပါတယ်။

စစ်ကိုင်းဆွမ်းလောင်းသင်းကိုတော့ အပါတ်စဉ်မပျက် ဆက်လက်လောင်းလှူနေကြပါတယ်။ အဲ ဆွမ်းဆန်အိတ်များ၊လှူဖွယ်ပစ္စည်း၊ ပရိဘောဂများကိုအားလုံးကိုတော့ အမိုးအကာမဲ့ လွင်ပြင်မှာထားရပါတယ်။ ကိုယ်ကလဲ မလှူနိုင်တော့ စိတ်မကောင်းပါ။ ကိုယ်မတတ်နိုင်သေးလို့ အလှူရှင်များ ၀ိုင်းဝန်း လှူးဒါန်းပေးနိုင်ကြရန် လေးစားစွာဖိတ်ခေါ်ပါရစေ။ ဆရာတော်က ဒီပိုစ်ကို လုံးဝတင်ခွင့် မပေးပါ။ ဆရာတော်စိတ်ဆိုးလဲ မတတ်နိုင်ပါ။ သံဃာတော်အများအကျိုးအတွက် ဆက်လက်ကူညီဖြေရှင်း ဆောင်ရွက်ပေးကြပါစို့ခင်ဗျာ...။

တည်ထောင်ပြီးသော အခမဲ့ကွန်ပျူတာသင်တန်းကျောင်းနှင့် ဆွမ်းလောင်းသင်းကြီးအား မည်သည်နည်းဖြင့်မှ အပျက်မခံနိုင်ပါ။ အလှူရှင်အများဝိုင်းဝန်းတည်ထောင်ထားတဲ့ ဒီအသင်းကြီးကို ကျွန်တော်တို့ ဆက်လက်ဝိုင်းဝန်းကူညီ လှူဒါန်းဆောင်၇ွက်ကြပါစို့ခင်ဗျာ..။

အလှူရှင်များအား ခင်မင်လေးစား အားကိုးစွာဖြင့်








ရွှေလမ်းငွေလမ်းဝင်းကြည်
၂၄-၁-၂၀၁၀ နေ့(၁၂)နာရီ
 

*မုဒိတာဖြင့် ဘလော့ဂ်ခြင်း*

ကိုဖိုးသား၏ မေးလ်အားတဆင့်တင်ပြပေးပါသည်။
ရွှေလမ်းငွေလမ်းဝင်းကြည်

မုဒိတာဖြင့် ဘလော့ဂ်ခြင်း*

ဓမ္မဂင်္ဂါ ဘလော့မှ ကူးယူဖော်ပြ ဓမ္မဒါန မျှဝေလိုက်ပါတယ် ခင်ဗျာ…။

*မုဒိတာဖြင့် ဘလော့ဂ်ခြင်း*
(၁)
လွန်ခဲ့သော နှစ်နှစ်ခန့်က ဂျဝါဟလာ နေရူးနှင့် အမီတာ ဘာချန်တို့ မွေးရပ်မြေ အလာဟဘဒ် မြို့ကို ကျော်ဖြတ်၍ ကောသမ္ဘီမြို့ဟောင်းဆီ အလည်အပတ် ရောက်ခဲ့ဖူးသည်။ ယခုတိုင်လည်း ကောသမ္ဘီ ခရိုင်အဖြစ် အသိအမှတ်ပြု ခေါ်ဝေါ်နေကြဆဲပင် ဖြစ်သည်။ ကောသမ္ဘီ မြို့ဟောင်းသည် မြို့ပျက်ကြီး သဏ္ဌာန်လည်း မရှိတော့။ တောင်ကုန်း မို့မို့လေးများနှင့် ဃောသိတာရုံ ကျောင်းနေရာဟု ယူဆရသော ပရိဝုဏ် အုတ်ရိုးအုတ်ဘောင်များသာ တွေ့ရသည်။

ဃောသိတာရုံ ကျောင်းဆိုသည်က ဃောသက သူဌေးကြီး၏ ကောင်းမှုဖြစ်သည်။ ဃောသက သူဌေးကြီးနှင့် ဆက်ကာ သူဌေးကြီး၏ မွေးစားသမီးလေး သာမာဝတီကို သတိရလိုက်သည်။ သာမာဝတီက နောက်တစ်ချိန်တွင် ကောသမ္ဘီတိုင်း အရှင် ဥတေနဘုရင်၏ မိဖုရားတစ်ပါး ဖြစ်လာသည်။ သာမာဝတီတွင် မာဂဏ္ဍီ အမည်ရှိ ပြိုင်ဘက် မိဖုရားတစ်ပါးလည်း ရှိနေပြန်သည်။

သာမာဝတီက ဗုဒ္ဓအရှင်ကို ကြည်ညို လေးမြတ်သမျှ မာဂဏ္ဍီ အတွက်တော့ ဗုဒ္ဓဘုရားဆိုတာ ခါးသော အသီးကြီးပင် ဖြစ်သည်။ ကြားလည်း ခါး၊ မြင်လည်း ခါး၊ တွေးလည်း ခါးနေတော့သည်။ ဗုဒ္ဓအရှင်ကို ကြည်ညိုသော သာမာဝတီကို အပြတ် ရှင်းပစ်ချင်သလို ဗုဒ္ဓ အရှင်ကိုလည်း ကောသမ္ဘီ အ၀န်းအ၀ိုင်းမှ လွင့်ထွက်သွား စေချင်သည်။ သို့နှင့် ဗုဒ္ဓအရှင်၏ ဆွမ်ခံလမ်း တစ်လျောက်တွင် ဆဲနည်းပေါင်းစုံဖြင့် ဆဲရေးသူများ ပေါ်ပေါက်လာအောင် မာဂဏ္ဍီက ဖန်တီးခဲ့သည်။ အကွက်ကျကျ ဆဲနည်း ဆယ်မျိုး ရှိသည်ဟု ဆိုပါသည်။

ကောသမ္ဘှီ မြို့ဟောင်း တစ်နေရာမှာ ရပ်နေရင်း ထိုမြင်ကွင်းကို လမ်းမျှော် ငေးခဲ့ဖူးလေသည်။ ရှုလော့။ ဗုဒ္ဓအရှင်နှင့် သံဃာတော်များ စီတန်းလှည့်လည်ကာ ဆွမ်းခံကြွလာပြီ။ လမ်းဘေး ၀ဲယာမှာတော့ ဆဲရေးနေသူများ။ အော်ဟစ် ခြောက်လှန့် နေသူများ။ လက်သီး လက်မောင်းတန်း ယိမ်းထိုးနေသူများ။ ရီဝေ ကျိန်းစပ်သော မျက်လုံး အကြည့်များ။

သာမန် ရဟန်းတစ်ပါးထက် အရိယာအဖြစ် ပိုလွန်သော အာနန္ဒာ မထေရ်သည်ပင် တုန်လှုပ် ခြောက်ခြားသွားသည်။ အမှန်တကယ်ပင် ခြေလှမ်း မှားစရာလည်း ကောင်းလှသည်။ ကိုယ့်ကို မလိုလားသူတို့ ကြားတွင် ဖြတ်လျှောက်ရသော ကြပ်တည်းမှုမျိုးကို ကြုံဖူးကောင်း ကြုံဖူးနိုင်သည်။ ဘယ်လောက်များ နောက်ကျော မလုံစရာ ကောင်းလိုက်ပါသလဲ။

ဗုဒ္ဓအရှင် ကြုံတွေ့ နေရသည်က အရပ်လေးမျက်နှာ ၀ိုင်းအုံဆူပူ ဆဲရေးမှုကြီး ဖြစ်သည်။ ဆဲတတ်သူများနှင့် တစ်မနက်ခင်းလုံး သာမက (၇)ရက်တိုင်တိုင် ဖြစ်သည်။ ပထမဆုံး ရင်ဆိုင် တွေ့ရသော နံနက်ခင်းဆီက ဗုဒ္ဓအရှင်နှင့် အာနန္ဒာ မထေရ်မြတ်တို့၏ ဆွမ်းခံလမ်းပေါ်က ဒိုင်ယာလော့ဂ်ကို ဤသို့ ကြားလိုက်ရသည်။

အာနန္ဒာ “မြတ်စွာဘုရား ကောသမ္ဘီသား တွေဟာ တပည်တော် တို့ကို ရိုင်းပျစွာ ဆဲရေးနေကြပါပြီ။ အရပ်တစ်ပါးကို ထွက်သွားကြပါစို့”

ဗုဒ္ဓ “တကယ်လို့ ထွက်သွားမိတဲ့ အရပ်က ရိုင်းပျစွာ ဆဲရေးကြမယ် ဆိုရင်ကော အာနန္ဒာ”

အာနန္ဒာ “အခြားအရပ်ကို ထွက်သွားကြ တာပေါ့ ဘုရား။”

ဗုဒ္ဓ “တကယ်လို့ ထွက်သွားမိတဲ့ အရပ်က ရိုင်းပျစွာ ဆဲရေးကြမယ် ဆိုရင်ကော အာနန္ဒာ”

အာနန္ဒာ “အခြားအရပ်ကို ထွက်သွားကြ တာပေါ့ ဘုရား။”

ဗုဒ္ဓ “တကယ်လို့ ထွက်သွားမိတဲ့ အရပ်က ရိုင်းပျစွာ ဆဲရေးကြမယ် ဆိုရင်ကော အာနန္ဒာ”

အာနန္ဒာ “အခြားအရပ်ကို ထွက်သွားကြ တာပေါ့ ဘုရား။”

ဗုဒ္ဓ “အာနန္ဒာ ဒီလို မလုပ်ကောင်း ပေဘူး၊ အဓိကရုဏ်း ပြဿနာ ဖြစ်ပွားတဲ့ နေရာမှာ အဓိကရုဏ်း ငြိမ်းအေးမှ သာလျှင် အရပ်တစ်ပါးကို ထွက်ခွာသင့် ပေရဲ့။”

ဗုဒ္ဓအရှင်၏ ရဲရဲတောက်သော စကားတော် ကိုလည်း ဆက်နာကြည့် ပါဦး။

“အာနန္ဒာ ငါကိုယ်တော်ဟာ စစ်မြေပြင် ထွက်တဲ့ ဆင်ပြောင်ကြီးနဲ့ ထပ်တူဖြစ် ပေရဲ့။ စစ်မြေပြင်က ဆင်ပြောင်ကြီးဟာ အရပ် လေးမျက်နှာက တိုက်ခိုက် ပစ်လွှတ်လိုက်တဲ့ မြားတွေကို ကြံ့ကြံ့ခံနိုင် သလိုမျိုး မိုက်မဲ ညံဖျင်းသူတို့ ဆိုဆဲတဲ့ စကားအဖျင်းတွေကို သည်းခံရန်မှာ ငါ့ဝန်သာ ဖြစ်ပစေတော့။”

ဗုဒ္ဓအရှင်က ဆဲရေးသူများကို မည်သို့မျှ မတုန့်ပြန်ခဲ့။ သို့နှင့် (၇)ရက် အတွင်းမှာပင် ဆဲရေးသူများ ပျင်းရိသွားသည်။ ဗုဒ္ဓ အရှင်မြတ်နှင့် ဗုဒ္ဓ အရှင်မြတ်၏ တရားဓမ္မကို အတွင်းသား အပြင်သား ခွဲခြားမသိသော မိုက်မဲစွာ ဆဲရေးသူတို့အား စောင်းငဲ့ကြည့်ဖွယ် မလိုခဲ့ပါလေ။ ကရုဏာဖြင့် စုတ်သပ်ရုံပင် ရှိတော့သည်။

(၂)
ဒုတိယ သင်တန်းပြီးချိန် မှာတော့ ဂျမူးတက္ကသိုလ်တွင် ပါရဂူ ကျမ်းပြုနေသည့် ပညာရေး ကော်မတီဝင် အရှင်ကုဏ္ဍလက ဗာရာဏသီရောက်ခိုက် မိတ်ဆွေ ရဟန်းတော်များကို ဘလော့ နည်းပညာ စာအုပ်လေးများ ဓမ္မဒါန ပြုလေသည်။

* အားလုံး ဘလော့ကြပေရော။

* ဆည်းပူးထားသမျှ ဓမ္မအသိ ဓမ္မနည်းနာတွေ ဖြန့်ဝေကြ ပေရော။

* အခြားသူတို့ရဲ့ ယုံကြည်ချက်နဲ့ ဘာသာတရားကို မထိပါးစေဘဲ ဗုဒ္ဓ အရှင်မြတ်ရဲ့ သတင်းစကား အစစ်အမှန် တွေကို ကမ္ဘာ့နားတွေ ကြားအောင် ကြွေးကြော်ကြ ပေရော။

* ဗြဟ္မစိုရ် နှလုံးသားကို ဖွင့်ကာ ကမ္ဘာမြေရဲ့ မျက်လုံးတွေကို ပွင့်လင်းကြ စေရော။



(၃)

အသောက မင်းတရား၏ ကျောက်စာတော် သည်လည်း ယနေ့ အင်တာနက် စီးဆင်းမှုကို ရုတ်ရုတ်သည်းသည်း ငြင်းခုန် ရန်လိုမှုများဖြင့် ဖြတ်သန်းလိုသော ဘာသာရေး ဘလော့ဂါများ အတွက် လေးစား လိုက်နာဖွယ်ရာ ကောင်းလှပေသည်။

“မိမိ ဘာသာတရား ကိုသာ လင်းပစေပြီး အခြားသူတို့ရဲ့ ဘာသာတရားကို ပြစ်တင်ရှုတ်ချ မပြုသင့်ကြ။ အခြားသူတို့ရဲ့ ဘာသာတရား ကိုလည်း လေးစားထိုက် ပေရဲ့။ အခြားသူ တို့ရဲ့ ဘာသာတရားကို လေးစားခြင်းဟာ မိမိ ဘာသာတရားကို လင်းပ ထွန်းကားစေနိုင် သပ။ မိမိ ဘာသာတရားကို ထွန်းပ။ အခြား ဘာသာတရားကို နှိမ့်ချခြင်းဟာ မိမိ ဘာသာတရားရဲ့ သင်္ချိုင်းကို မိမိကိုယ်တိုင် တူးမြှုပ်ရာ ရောက်သလို အခြား ဘာသာတရား ကိုလည်း နာကျင်စေတတ် ပေရဲ့။”

“ငါ့ ဘာသာတရား ကိုသာ ငါထွန်းပ စေမည်” ဆိုတဲ့ အတွေး သက်သက်နဲ့ မိမိ ဘာသာတရားကို တစ်ဖက်သတ် ဂုဏ်ပြုချီးပပြီး အခြား ဘာသာတရားကို နှိမ့်ချ ပုတ်ခတ်ခြင်းဟာ မိမိ ဘာသာတရား ကိုသာ ပိုပြီးထိခိုက်ဖွယ် ရှိတော့တယ်။ ညီညွတ်ခြင်းဟာ မွန်မြတ်စွ။ အားလုံး နားထောင်ကြစေ။ အခြား ဘာသာတရားတို့ရဲ့ သွန်သင်ချက် ကိုလည်း နားထောင်တတ်ရန် ဆန္ဒရှိကြစေ။” (ကျောက်စာတော် အမှတ် ၁၂)

(၄)

ငါ့ညီပြောင်ဝင်း၊ မောင်သစ်ဆင်း
မင်းကိုသူမဲ၊ လူပုံထဲ၌
ဆိုဆဲရိုင်းပျ၊ သူရန်စလည်း
မင်းက မဖြုံ၊ မင်း မမှုန်ခဲ့
မတုန်မလှုပ်၊ မင်းပြုံးရုပ်သည်
ဟုတ်လှပေစွ၊ ဟုတ်ပေစွ ။

အခါတပါး၊ မြတ်ဘုရားကို
ပုဏ္ဏားဒွါဇ၊ အမျက်ရှ၍
ငဆ နင်ပဲ၊ မျိုးစုံဆဲ၏
ဆိုဆဲအားရ၊ ထိုခဏ၌
ဗုဒ္ဓဘုရား၊ ထိုပုဏ္ဏားနှင့်
စကားချီချ၊ ဆိုခဲ့ကြ။

ဘာရဒွါဇ၊ ဗြဟ္မဏ-
အိမ်ဝရောက်လာ၊ သင့်ဆွေညာအား
ရသာချိုအေး၊ ခဲဖွယ်ပေး၍
မကျွေးသလော၊ ကျွေးသလော ။

ငါ့ဆွေငါ့မျိုး၊ ငါမြတ်နိုး၍
မုန့်မျိုးစုံစွာ၊ သုံဆောင်ပါ-ဟု
ငါကျွေးမွေး၏၊ ငါပေး၏။

ဘာရဒွါဇ၊ ဗြာဟ္မဏ
သူကငြင်းဆန်၊ လက်မခံသော်
ကြံ ပျား ဆီဥ၊ ခဲဖွယ်စုသည်
မည်သူ့လက်မှာ၊ ရှိသနည်း။

သူမယူဘိ၊ နေသည်ရှိသော်
ငါ၏လက်မှာ၊ ရှိသည်သာ ။

ဘာရဒွါဇ၊ ဗြာဟ္မဏ
ငါ့အားသင်ပေး၊ မယဉ်ကျေးသည့်
ဆဲရေးတိုင်းထွာ၊ ဆဲ တစ်ရာကို
ငါ လက်မခံ၊ မိန့်လိုက်ဟန်သည်
သုတ္တန်ထင်ရှား၊ အရှိသား။

ငါ့ညီပြောင်ဝင်း၊ မောင်သစ်ဆင်း
မင်းသိ မသိ၊ ငါမသိခဲ့
ငါသိသည်မှာ၊ သိရုံသာတည်း
မင့်မှာတမူ၊ ယူမတူတို့
ငြူစူမှိုင်းမှုန်၊ အဆဲစုံ၌
မတုန်မလှုပ်၊ မင့်ပြုံးရုပ်သည်
ဟုတ်လှပေစွ၊ ဟုတ်ပေစွ။

(ဇော်ဂျီ)

ကဲ ငါ့ရှင်တို့ သတိကြီးစွာ မုဒိတာဖြင့်သာ ဘလော့ကြ ပေရော။ ဆဲသောသူများ အသံကား ကြားရန်မလိုပြီ။ ဆွေးနွေး ဝေဘန်မှုများ ကိုကား ဓမ္မနည်းလမ်းကျစွာ ဖြေရှင်းကြရ ပေလိမ့်မည်။

---***---

ဓမ္မဂင်္ဂါ ဘလော့မှ ကူးယူဖော်ပြ ဓမ္မဒါန မျှဝေလိုက်ပါတယ် ခင်ဗျာ…။

လေးစားစွာဖြင့်
ဖိုးသား

ရွှေလမ်းငွေလမ်းဝင်းကြည်
၂၀၁၀ ခုဇန်န၀ါရီလ(၂၀)ရက်၊ည(၇)နာရီ
 

ဘဝမှာ သူများထက်ပိုပြီးရှေ့ ကိုရောက်ချင်သလား၊ တစ်မိုင်ပိုသွားပါ "

ဘဝမှာ သူများထက်ပိုပြီးရှေ့ ကိုရောက်ချင်သလား၊ တစ်မိုင်ပိုသွားပါ "

မိတ်ဆွေရင်း ဦးအောင်ချိုထံမှ ပေးပို့ထားသော မေးလ်အား တဆင့်ဖော်ပြပေးပါသည်။


ဘဝမှာ သူများထက်ပိုပြီးရှေ့ ကိုရောက်ချင်သလား၊ တစ်မိုင်ပိုသွားပါ "

(If you want to get ahead in life, go an extra mile) ဆိုတဲ့

ဆိုရိုးစကားရှိပါတယ်။ ဆိုလိုတာကသူများထက်သာချင်လျှင်သူများထက်

ပိုပြီးအလုပ်လုပ်ပါ။ ကောင်းကွက်ကအဲဒီမိုင်ပိုထဲမှာ ပြိုင်စရာလူမရှိတက်ဘူး။

လူအများစုဟာ ပေးထားတဲ့လခနဲ့ တန်ရုံပဲ အလုပ်လုပ်မယ်ဆိုတဲ့စိတ် ထားရှိကြတယ်။

တချို့ ကြတော့ လခနဲ့ တန်အောင်တောင်မလုပ်တော့ဘဲ အချိန်ရရ ဘာရရခိုးကြခိုကြတယ်။

အလုပ်ကိုမပြုတ်ရုံလေး ထိန်းလုပ်နေတဲ့သူတွေလည်း တွေ့ ဖူးပါလိမ့်မယ်။

မိုင်ပိုသွားတဲ့လူ ရှားပါတယ်။

ဒါကြောင့်လည်း မိုင်ပိုသွားတဲ့လူတွေဟာ ပြိုင်ဘက်နည်းနည်းလာပြီး ရှေ့ ဆုံးကို

ရောက်သွားကြတာပါ။

ကိုယ်ရတာထက်ပိုပြီး ပြန်ပေးလေ့ရှိသူတွေ ရတက်တ အကျိုးထူးတွေရှိပါတယ်။



(က) သင်ဘယ်မှာပဲလုပ်လုပ်၊ ဘာကိုပဲလုပ်လုပ် အလုပ်ခွင်တိုင်းက သင်လိုလူကို

တန်ဖိုးထားကြတယ်။



(ခ) လုပ်နေရတဲ့အလုပ်ကို ပိုကျွမ်းကျင်လာပြီးတော့ ကိုယ့်ကိုယ်ကိုယုံကြည်မှူကို

တိုးတက်စေတယ်။



(ဂ) လူတွေက အလိုလို ခေါင်းဆောင်တင်ခြင်လာမယ်။



(ဃ) လူတွေရဲ့  ယုံကြည်မှုကိုရလာမယ်။



(င) အထက်လူကြီးတွေရဲ့  အထင်ကြီးလေးစားခြင်းကို ရလာမယ်။



(စ) ထာဝစဉ် လက်တွဲလိုတဲ့ လုပ်ဖော်ကိုင်ဖက်တွေများလာမယ်။



(ဆ) ကူညီလိုသူတွေ ပေါလာမယ်။

ကိုယ့်အသိနဲ့ ကိုယ် မိုင်ပိုလျှောက်နေသူ၊ ကြီးကြပ်သူမရှိလည်း အားသွန်ခွန်စိုက်

ကြိုးစားပမ်းစားအလုပ်လုပ်နေသူ၊အချိန်မှန်အလုပ်လာတက်သူ၊ သူတစ်ပါးကို ထောက်ထားညှာတာသူ၊ ပြောတာကိုသေသေချာချာနားထောင်ပြီး

အတိအကျ အကောင်အထည်ဖော်ပေးသူ၊ မုသားမပြောတက်သူ၊ အရေးကြီးလျှင် လက်မရှောင်ဘဲအချိန်မရွေးအလုပ်လုပ်ပေးသူ၊ ပင်ပန်းမှုကို မမှုဘဲ ရလဒ်ကိုပဲကြည့်သူ၊ ပင်ပန်းတဲ့ကြားကစကားချိုသာပြုံးရွှင်စွာ ယဉ်ကျေးသူ၊ဒီလိုလူတွေကို နေရာတိုင်းကလိုချင်ပါတယ်။ အတွေ့ အကြုံတွေ၊ ဘွဲ့ ဒီဂရီတွေဟာ

အထက်ပါအရည်အချင်းတွေလောက်

အရေးမကြီးပါဘူး။

value-added (တန်ဖိုးပေါင်း ထည့်ထားသော) ဆိုတဲ့စကားလုံးတစ်ခု ဒီနေ

့ခေတ်မှာခေတ်စားပါတယ်။

(မိဘအတွက်၊သားသမီးအတွက်၊ဇနီးအတွက်၊ ခင်ပွန်းအတွက်၊ မိတ်ဆွေအတွက်၊ ဆရာအတွက်၊ တပည့်အတွက်၊ဖောက်သည်တွေအတွက်၊စသဖြင့် ဘယ်သူ့ အတွက် ဘာကိုပဲလုပ်ပေးရ လုပ်ပေးရ စေတနာအပိုဆောင်းပြီးကောင်းကောင်းလုပ်ပေးတဲ့

အကျင့်ကို မွေးမြူထားရပါမယ်။ ဘယ်တော့မဆို ဘာကိုလုပ်လုပ် စေတနာအပိုဆောင်းပြီး

အကောင်းဆုံးဖြစ်အောင်ဘယ်လိုလုပ်ပေးရမလဲဆိုတဲ့ မေးခွန်းကို ကိုယ့်ကိုယ်ကို အရင်မေးပါ။

"ထို့ နောက် ထို့ ထက်ပို၍ (and then some mores)" ဆိုတဲ့ စကားစုလေးဟာ

အောင်မြင်မှုတံခါးကိုဖွင့်နိုင်တဲ့သော့တစ်ချောင်း ဖြစ်ပါတယ်။ အောင်မြင်သူတွေအားလုံးဟာ လုပ်သင့်တာကိုအကုန်လုပ်ခဲ့တယ်။ ထို့ နောက်ထို့ ထက်ပို၍ လုပ်ပေးခဲ့တယ်။ အောင်မြင်သူအားလုံးဟာ ပေးအပ်တဲ့တာဝန်ကိုကျေပွန်အောင်ထမ်းဆောင်တယ်။

ထို့ နောက်ထို့ ထက်ပို၍ တာဝန်ထမ်းခဲ့သည်။ အောင်မြင်သူများဟာ ယဉ်ကျေးသိမ်မွေ

့ပြီး ရက်ရောပြသည်။ထို့ နောက်ထို့ ထက်ပို၍ အောင်မြင်သူများသည် ယုံကြည်စိတ်ချရသည်။

အောင်မြင်သူများသည် ရာနှုန်းပြည့်အားသွန်ခွန်စိုက် အလုပ်လုပ်ကြသည်။ ထို့ နောက်

အင်မတန်ညဏ်ကောင်းပြီး အထင်ကြီးလောက်တဲ့ ဘွဲ့ ဒီဂရီတွေနဲ့ လူတချို့ အဘယ်ကြောင့်

အလယ်အလတ်ဘဝမှာလမ်းဆုံးနေရပါသလဲ။ အဆိုးမြင် နဲ့  ခွန်အားကို လျှော့သုံးပြီး အားလုံးကိုစိတ်ပျက်အောင်ပြောတတ်လုပ်တတ်နမူနာပြတတ်တဲ့ ပညာရှင်ကြီးတွေဖြစ်သွားလို့ ပါပဲ။ လခနဲ့ တန်ရုံပဲလုပ်မယ်ငါ့ပညာနဲ့ တန်အောင်ပေးမထားလို့ 

ပညာကုန်သုံးမလုပ်နိုင်ဘူး၊ သင့်ရုံလုပ်တော်ရောပေါ့လို့ စိတ်ထားတတ်ကြတယ်။ သူတို

့ဘဝလည်းသင့်ရုံပဲတိုးတက်တာ ဘာမှမဆန်းပါဘူး။ကိုယ်ရတာထက်ပိုလုပ်ပေးလေ့ရှိသူတွေဟာ အဲဒီမိုင်ပို၊

အချိန်ပိုတွေမှာယှဉ်ပြိုင်စရာလူတွေကို နောက်မှာထားခဲ့တော့တာ။ သူများကသာသူတို

့ကိုလိုက်ပြိုင်ရတော့မယ်၊ သူတို့ ကသူများကိုပြိုင်စရာမလိုတော့ပါဘူး။ ဒါ့ကြောင့် သူများထက်မိုင်ပိုလျှောက်မယ်ဆိုတဲ့ခံယူချက်သဘောထားဟာ ဘဝအောင်မြင်ရေးမှာ

ညဏ်ကောင်းတာတွေ ဘွဲ့ ဒီဂရီတွေထက် အများကြီး... အများကြီး...

ပိုပြီးအရေးကြီးပါတယ်။



( ဘွဲ့ ဒီဂရီတွေ ပိုင်ဆိုင်ပြီး ကောင်းမွန်သောအသိညဏ်နဲ့ 

သူများထက်မိုင်ပိုလျှောက်သူတိုင်း အောင်မြင်သော ဘဝတစ်ခုကို

ပိုင်ဆိုင်နိုင်မှာအသေအချာပင် )

ရွှေလမ်းငွေလမ်းဝင်းကြည်
၁၅-၁-၂၀၁၀ ခု နေ့လည်(၂း၃၀)နာရီ ကူးတင်ပေးပါသည်
 

msi ၏ မကွေးမြို့မှ နည်းပညာပြပွဲ















msi ၏ မကွေးမြို့မှ နည်းပညာပြပွဲ
(၁၂-၁-၂၀၁၀) နေ့ နံက်(၇)နာရီမှ ည(၉)နာရီအချိန်ထိ မကွေးမြို့ကောင်းမွန်စူပါမားကတ်တွင် ကျင်းပပေးပါသည်။ ရည်ရွယ်ချက်မှာ Msi ၏နည်းပညာပြန့်ပွားရေးပြပွဲသက်သက်သာဖြစ်ကြောင်း သိရပါ၏။အဖွဲ့ခေါင်းဆောင်တာဝန်ခံ ကိုကောင်းမြတ်ဖြစ်ပါသည်။ကျွန်တော်တို့ မကွေးမြို့နယ် စာနယ်ဇင်း ဥက္ကဌ မကွေးဝင်းမြင့်နှင့်အဖွဲ့သိလိုသည်များအား Msi တာဝန်ရှိလူငယ်လေးများမှ စိတ်ရှည်စွာရှင်းလင်းပြသပေးကြပါသည်။ကျွန်တော်တို့အကြိုက်ဆုံးကွန်ပျူတာမှာ Pc ပုံးမပါ၊ ကီးဘုတ် နှင့်မောက်စ်မလိုသော LCD မော်နီတာတစ်ခုတည်းဖြင့်သာအသုံးပြုရသော(4 in 1 Support SD,MS,MMC.XD) ကွန်ပျူတာ မော်ဒယ်(MSI WIND TOP AE 1900) တန်ဖိုးငွေ (၅၆၀၀၀၀ိ)ငါးသိန်းခြောက်သောင်းတန်ဖြစ်ပါသည်။
မကွေးမြို့မှာ တက္ကသိုလ်ကျောင်း(၅)ကျောင်း။ကောလိပ်ကျောင်း(၁)ကျောင်းရှိသော အိုင်တီပညာအား လေ့လာလိုက်စားကြသူများ အလွန်များပြားကြပါ၏။ဤကဲ့သို့သော နည်းပညာပြပွဲများ မကြာ မကြာ လာရောက်၍ ပြသပေးကြသည်မှာ မင်္ဂလာကျက်သရေအပေါင်းနှင့် တင့်ဖြိုးဝေပါပေသတည်း။

ရွှေလမ်းငွေလမ်းဝင်းကြည်
၂၀၁၀ ခု၊ဇန်န၀ါရီလ(၁၂)ရက်၊ ည(၉း၁၅)နာရီတွင် ရေးသားတင်ပြပါသည်။
 

လားပေါင်း များစွာနှင့်…*

ကိုဖိုးသား၏ မေးလ်အားပြန်လည်ဖေါ်ပြပေးလိုက်ပါသည်။
ရွှေလမ်းငွေလမ်းဝင်းကြည်
၁၂-၁-၂၀၁၀ နေ့(၁၁)နာရီ


လားပေါင်း များစွာနှင့်…*



*လားပေါင်း များစွာနှင့်…*
ဒီတစ်ပတ် လပတ်စာမေးပွဲမှာ မြန်မာစာ အမှတ်အများဆုံး ရတဲ့သူကို ဆရာမ ဆုချမယ်…

ဆုချမတဲ့လား.. အမှတ်အများဆုံး ရတဲ့သူ.. လွယ်တော့ မလွယ်.. ကျောင်းသား ကျောင်းသူပေါင်း လေးဆယ်ကျော် ငါးဆယ်တွင်းမှာ အမှတ်အများဆုံး ရဖို့ဟူသည်.. ကျွန်တော့် ဘယ်ဘက်က ကပ်လျက် ထိုင်သည့် သူငယ်ချင်းကို လှည့်ကြည့်မိသည်.. သူသည် လူတော်.. သူတော်သလို ကျွန်တော်ကလည်း မညံ့.. စာမေးပွဲတိုင်းတွင် သူနှင့် ကျွန်တော်သည် သူမသာ ကိုယ်မသာ.. အနည်းငယ်မျှသော အမှတ် ကွာဟမှုများနဲ့ သူ အဆင့်တစ်ဖြစ်လိုက်.. ကျွန်တော် အဆင့်တစ် ဖြစ်လိုက်.. ဘာပဲပြောပြော ဆုရတာ မရတာ အသာထား.. အောင်ဖို့တော့ လုပ်ရမည်.. အောင်ရန်မှာ ပေးထားသော စာများကို ကျက်ရုံမှတစ်ပါး အခြားမရှိ..

**********************************

ဒီနေ့ မြန်မာစာ အဖြေလွှာ စာရွက်များ ပြန်ပေးသည်.. တစ်ဦးချင်းအလိုက် စာလုံးပေါင်း သတ်ပုံ အမှားများနှင့် ရရှိသည့် အမှတ်စာရင်းကို စာရွက်ပေါ်တွင် ဖော်ပြထား၏.. ဘေးနားက ကျွန်တော့် သူငယ်ချင်းက အဖြေလွှာစာရွက် အရင်ရ၏.. ၉၄-မှတ်.. အားပါး တယ်တော်တာပဲ.. ခဏနေတော့ ကျွန်တော့် အဖြေလွှာ စာရွက်ရ၏.. မ၀ံ့မရဲဖြင့် အမှတ်စာရင်း ကြည့်လိုက်တော့.. ၉၈-မှတ်တဲ့..

**********************************

ထို လပတ် စာမေးပွဲတွင် ကျွန်တော့် သူငယ်ချင်းက တစ်တန်းလုံးတွင် ဒုတိယ ရ၏.. ကျွန်တော်က ပထမ.. မြန်မာစာ အမှတ်စာရင်း မသိခင် အချိန်အထိ ကျန်သည့် ဘာသာများ၏ အမှတ်များ ပေါင်းလဒ်မှာ ကျွန်တော်နှင့် ကျွန်တော့် သူငယ်ချင်းသည် အတူတူ.. ယခု မြန်မာစာ အမှတ်သိရမှ ကျွန်တော်က ၄ မှတ်အသာဖြင့် ပထမ ရရှိသွားခြင်း ဖြစ်၏..

*********************************

မကြာခင် ပထမအစမ်း စာမေးပွဲ ဖြေရတော့မည်.. အချိန်ကား နီးလာ၏.. ကျွန်တော်လည်း ကိုယ့်စာနှင့်ကိုယ် အလုပ်ရှုပ်နေစဉ် ထိုသူငယ်ချင်း ကျွန်တော့် အနားရောက်လာ၍..

“ဒီ ပထမအစမ်း စာမေးပွဲမှာ မင်းနဲ့ငါ ဘယ်သူ ပထမရမလဲ ပြိုင်မလား ဟေ့ကောင်” တဲ့..

သူ ကျွန်တော့်ကို စိန်ခေါ်စကား စလေပြီ.. လပတ် စာမေးပွဲတုန်းက ကျွန်တော် ပထမရသည်ကို မကျေနပ်၍ ဖြစ်မည်.. ဖြစ်လည်း ဖြစ်ထိုက်ပါသည်.. ဒီကျောင်းတွင် သူ့အဖေက ကျောင်းအုပ်ကြီး.. သူ့အမေက ၇-တန်း အတန်းပိုင် ဆရာမ.. အဖေကော အမေကော ကျောင်းဆရာ ဆရာမများ ဖြစ်ပါလျက် ပထမ မရတော့ ကျွန်တော့် သူငယ်ချင်းဖြစ်သူ ပေါက်ကွဲပေမပေါ့..

ကျွန်တော် ဘာမှ ပြန်မပြောမိ.. အသာ ငြိမ်နေမိသည်.. ထိုစဉ်က ကျွန်တော့်စိတ်ထဲတွင် ပြိုင်ချင်စိတ်လည်း မရှိ၊ နိုင်ချင်စိတ်လည်း မရှိ.. စာမေးပွဲတွင် မေးလာသော မေးခွန်းများအား အကုန် ဖြေနိုင်လိုစိတ်သာ ရှိသည်.. နောက်ပြီး ထိုအချိန်က ကျွန်တော် လက်ခံ ကျင့်သုံးမိနေသည့် စကားပုံတစ်ခု ရှိနေသည်.. ဘယ်အကြောင်း အရာတွင် ပါရှိသည်ကို တပ်အပ် မမှတ်မိတော့သော်လည်း ထို စကားပုံကိုတော့ ယနေ့အချိန်ထိ မှတ်မိနေ၏.. *အချင်းချင်း ရန်ငြှိုးမထားရ*

ကံအရှိန်နှင့် ကျွန်တော့် ကြိုးစားမှု သဟဇာတ ဖြစ်သွား၍လား မသိ.. ထို ပထမအစမ်း စာမေးပွဲတွင်လည်း ကျွန်တော် ပထမ ရရှိခဲ့သည်..

ဤကား ကျွန်တော် လေးတန်းတုန်းက အဖြစ်အပျက်.. 1994 ခုနှစ်၏ နှောင်းပိုင်းကာလများ.. အသက်အရွယ် အားဖြင့် ၉-နှစ်သာသာ..

+++++++++++++++++++++++++++++++++++++

ယနေ့ ဒီအချိန် ကျွန်တော် အသက်နည်းနည်း ရလာတော့ ပထမအကြောင်း စဉ်းစားမိသည်.. ပထမ..တဲ့.. ငယ်ငယ်က ဆရာတွေကတော့ ဥပမာ ပေးဖူးသည်.. တြိဂံ နှင့်ခိုင်းနှိုင်း၍.. တြိဂံသည် အခြေတွင် အတိုင်းအတာ အားဖြင့် ပမာဏ များများ ရှိသော်လည်း တဖြည်းဖြည်း အထက်ပိုင်း ရောက်သည်နှင့် အတိုင်းအတာ ပမာဏ နည်းနည်းလာကာ နောက်ဆုံး အပေါ်ဆုံးတွင်တော့ ပွိုင့်တစ်ပွိုင့်သာ ရှိတော့သည်.. ယနေ့ခေတ်တွင် ပိရမစ်နှင့် နှိုင်းယှဉ်လျှင်လည်း ဒီ ဥပမာ ပို၍ ပေါ်လွင်ပါသည်.. မည်သို့ပင် ဆိုစေ ပထမဟူသည် အများထဲမှာမှ တစ်ယောက်.. အရေအတွက် များစွာထဲကမှ တစ်ဦး.. နယ်ပယ်တစ်ခု၏ level တူသည့် အရာများထဲတွင် ထိပ်ဆုံး level.. ဤသို့အားဖြင့် ကျွန်တော် နားလည်ထားသည်.. (ဤနေရာတွင် နယ်ပယ်ဟူသည် စီးပွားရေး ဆိုလျှင်လည်း စီးပွားရေး နယ်ပယ်၊ လူမှုရေးဆိုလျှင်လည်း လူမှုရေး နယ်ပယ်၊ ပညာရေး ဆိုလျှင်လည်း ပညာရေး..)

သို့သော် ကျွန်တော် နားခပ်ရှုပ်ရှုပ် ဖြစ်နေသည်မှာ ထို ပထမ၊ ဒုတိယ.. အစရှိသော အဆင့် သတ်မှတ်ချက်များကို မည်သူက သတ်မှတ်ပါသနည်း.. မိမိကိုယ်ကို မိမိကိုယ်တိုင် သတ်မှတ်သည်လား.. တစ်ခြားသူက သတ်မှတ် ပေးသွားတာလား.. နောက် တစ်ဆင့် ထို အဆင့်တို့ကို မည်သူကပဲ သတ်မှတ်သည် ဖြစ်စေ ကျွန်ုပ်တို့သည် သတ်မှတ်ချက် တွေကြားမှာ ပျော်ဝင်နေသူ တွေလား.. သတ်မှတ်ချက် ရေစီးကြောင်းမှာ မျောပါ စီးဝင်နေသူတွေလား..

မနေ့က မေးလ်ကလာသည့် ၀တ္ထုတို တစ်ပုဒ် ဖတ်မိသည်.. ဆရာမက အမှတ်ပေါင်းမှား၍ အဆင့် ၄- ရရှိသွားသည့် ကျောင်းသား တစ်ယောက် အကြောင်း.. အမှန်မှာ ဆရာမသာ အမှတ်ပေါင်း မမှားလျှင် ထိုကျောင်းသားသည် အဆင့်တစ် ရရှိမည့် ကျောင်းသား..

ထိုသို့ ဆရာမ အမှတ်ပေါင်းမှား၍ အဆင့် ၄-သာ ရရှိသည့် အကြောင်းကို ထိုကျောင်းသားက သူ့အမေအား ပြောပြတော့ ကျောင်းသား၏ အမေပြောသည့် စကားက အတွေးပွားစရာ.. “သားရယ် အဆင့်လိုချင်လို့ ကျောင်းတက် တာလား.. စာတတ်ဖို့ ကျောင်းတက် တာလား” တဲ့..

****************************

ကျွန်ုပ်တို့ ဖြတ်သန်းခဲ့ရာ ဘ၀တစ်လျှောက်တွင်လည်း ထိုကျောင်းသားကဲ့သို့ ဆရာမ အမှတ်ပေါင်းမှား၍ အဆင့်တစ်နှင့် လွဲခဲ့သော အခြေအနေများ မရှိခဲ့လေဘူးလား.. တစ်နည်း စဉ်းစားလျှင် အဆင့်သတ်မှတ်သူ ဆရာသမား၏ အမှတ်ပေါင်း မှားမှုကြောင့် အဆင့်တစ်နှင့် မတန်ဘဲ အဆင့်တစ်,နေရာ ရောက်ခဲ့သည် များလည်း မရှိနိုင်ဘူးလား.. ရှိခဲ့ပါသော် အရေအတွက် ဘယ်လောက် များခဲ့ပြီနည်း..

“သားရယ် အဆင့်လိုချင်လို့ ကျောင်းတက်တာလား.. စာတတ်ဖို့ ကျောင်းတက်တာလား” တဲ့.. ဤစာကြောင်းပါ *စာတတ်ဖို့* ဆိုသည့် အကြောင်းအရာ ကိုကော ကျွန်ုပ်တို့ သက်တမ်း တစ်လျှောက်တွင် ဘယ်အဆင့်အတန်းမှာ ထားခဲ့ကြပါသနည်း.. စာတတ်ဖို့သည် ပထမ နေရာတွင်လား.. သို့တည်းမဟုတ် ဘယ် အဆင့်အတန်းမှာလဲ.. ကျေးဇူးတော်အရှင် မဟာဂန္ဓာရုံ ဆရာတော် ဘုရားကြီးကတော့ စာတတ်ဖို့သည် ဒဿမတဲ့.. ပထမနေရာတွင် ရှိနေသည်ကား *စိတ်ကောင်းရှိဖို့*

ဆရာတော် ဘုရားကြီး၏ *စိတ်ကောင်းရှိဖို့ ပထမ* ဆိုသည်အား စာရှုသူသည် လက်ခံချင်လည်း လက်ခံမည်၊ လက်ခံချင်မှလည်း လက်ခံမည်.. သို့သော် လက်ခံပါက ဘာကြောင့် လက်ခံသည်၊ လက်မခံပါက ဘာကြောင့် လက်မခံပါ.. စသဖြင့် *ဘာကြောင့်* ဟူသည့် အမေးအား ဖြေဆိုနိုင် အောင်တော့ ကိုယ်တိုင် အမေးလုပ်၍ အဖြေထုတ်ထား သင့်သည်.. ထို့ပြင် ထိုအဖြေများသည် သတ်မှတ်ချက်တွေ ကြားမှာ မျောပါ စီးဝင်နေသော အဖြေ ဟုတ်မဟုတ်တော့ နောက်တစ်ဆင့် ဆန်းစစ်ထားဖို့ လိုဦးမည် ထင်သည်.. သို့ဆိုလျှင် စာရေးသူ အကျွန်ုပ် ကိုယ်တိုင်ကော လက်ခံသည်လား၊ လက်မခံဘူးလား.. ဘာကြောင့် လက်ခံသည် လက်မခံသည် ဆိုသည့် အဖြေကိုကော ဆန်းစစ်ပြီးပြီလား..

ပထမနှင့် ပတ်သတ်၍ နောက်တစ်နည်း စဉ်းစားကြည့်လျှင်.. လောကတွင် မိမိ လုပ်သော အလုပ်များ၌ ဦးစားပေး လုပ်သည့် အလုပ်များ ကိုယ်စီကိုယ်စီ ရှိကြပေမည်.. မိမိ ရောက်ရှိလိုသည့် ရည်ရွယ်ချက်ပေါ် မူတည်၍၊ မိမိဘ၀တွင် စံထား သတ်မှတ်သည်ပေါ် မူတည်၍ ပထမ ဦးစားပေးအလုပ်၊ ဒုတိယ ဦးစားပေးအလုပ် စသည်ဖြင့်လည်း ကွဲသွားကြပေမည်.. ထိုသို့ စံထား သတ်မှတ်မှုသည် လောကီပိုင်း တွင်လည်း ရှိမည်၊ လောကုတ္တရာ ပိုင်းတွင်လည်း ရှိမည်.. လောကီပိုင်းပဲ ဖြစ်ဖြစ်၊ လောကုတ္တရာ ပိုင်းပဲ ဖြစ်ဖြစ် အရေးကြီး သည်ကား စံထား သတ်မှတ်မှု မလွဲဖို့ ဖြစ်သည်.. စံထား သတ်မှတ်မှု လွဲလျှင် ဦးစားပေး အလုပ် လွဲမည်.. ဦးစားပေး အလုပ်လွဲပါက နောက်ဆုံးရလဒ်ပါ လွဲပေတော့မည်.. လက်ရှိဘ၀တွင် ခွေးလို နွားလို ကျင့်၍ သေလွန်သော အခါ ခွေးဘ၀၊ နွားဘ၀ ရောက်သွားကြသည့် အဖြစ်အပျက်များ.. ကာမဂုဏ် အာရုံထဲမှာမှ ရသအာရုံကို စံထား.. သမင်တွေကို သတ် (ဦးစားပေး အလုပ်လွဲ) ၍ သမင်သား အစားကြူးသဖြင့် အရှင်လတ်လတ် အသားပြိတ္တာ ဖြစ်ရသော သာဓကများကိုလည်း တော်တော်များများ ကြားဖူးကြပေမည်..။

လောကုတ္တရာ ပိုင်းတွင် အကောင်းဆုံးထဲ မှာမှ အကောင်းဆုံး အလုပ်ကို စံထား လုပ်ဆောင်ရမည် ဟုလည်း မြစိမ်းတောင် ဆရာတော် ဘုရားက မိန့်သည်.. အားလုံး သိပြီးသားကိုပဲ ကျွန်တော် ထပ်ပြောပါမည်.. ဒါန၊ သီလ၊ ဘာဝနာတွင် အဘယ်အရာကို ပြုမူ ဆောင်ရွက်ခြင်းသည် အမြတ်ဆုံးလဲဟု မေးလျှင် ဘာဝနာ အလုပ်ဆိုတာ အားလုံး သိပြီးသား.. ထို ဘာဝနာထဲ တွင်ကော.. သမထ ဘာဝနာထက် ၀ိပဿနာ ဘာဝနာက သာ၍ မြတ်ပေသေးသည်.. ဆရာတော် ဘုရားများ၏ အလိုအရတော့ အကောင်းဆုံးကို ရွေးလုပ်မည် ဆိုလျှင် ၀ိပဿနာ ဘာဝနာ အလုပ်ကိုသာ အချိန်အားတိုင်း လုပ်ဖို့ တိုက်တွန်း ကြသည်သာ.. ဤတွင် သိထား သင့်သည်ကား ဆရာတော် ဘုရားများသည် ဒါန၊ သီလကို ပယ်ခြင်းမဟုတ်.. တာဝတိံသာ သက်တမ်းနှင့် တွက်လျှင် တစ်ရက်ပင် မပြည့်သည့် ယနေ့ခေတ် လူ့ဘ၀ သက်တမ်း တိုတိုတွင် အကောင်းဆုံး အလုပ်ကို ရွေးလုပ် စေချင်ကြခြင်းသာ.. ဆရာတော် ဘုရားများ၏ မေတ္တာ၊ ကရုဏာကား ကြီးမားပေစွ..

သို့သော် ကျွန်ုပ်တို့သည် အဘယ် အရာတွေကို ဦးစားပေး၍ စံထား သတ်မှတ်၍ လုပ်နေကြပါ သနည်း.. စီးပွားရေးလား၊ ကြီးပွားရေးလား၊ သားရေး သမီးရေးလား.. ဒါနလား.. သီလလား.. ဘာဝနာလား.. ဦးစားပေး သတ်မှတ်ချက်ကော ထားကြပါရဲ့လား.. ကိုယ် သတ်မှတ်သည့် နေရာကို ကိုယ်ကိုယ်တိုင်ကော ရောက်နေပြီလား.. ရောက်လျှင် ထိုရောက်ရှိသည့် နေရာသည် တကယ်ကော မှန်ကန်ရဲ့လား.. မှန် မမှန်ကော ကိုယ်တိုင် ဆုံးဖြတ်နိုင်ပြီလား.. ကိုယ့်အတ္တနှင့် ကိုယ် လုံးလည် ချာလည်လိုက်ရင်း သတ်မှတ်ချက်တွေ ကြားမှာ အမြင်မတူ အငြင်းပွားနေ ကြသလား.. အငြင်းပွားဖို့ ကြိုးစားနေ သလား.. မငြင်းနိုင်လို့ ငြိမ်နေသလား.. မငြင်းချင်လို့ ငြိမ်နေ သလား..

ဆရာတော် ဦးဇောတိက ကတော့ “အငြင်းအခုံ လုပ်နေရတာဟာ ထင်မြင်ချက်တွေပဲ၊ အမှန်တရားဟာ ငြင်းနေစရာ မလိုတဲ့ အရာဖြစ်တယ်” လို့ မိန့်ပြန်တယ်.. ဒါကိုလည်း စာရှုသူက သတ်မှတ်ချက် တစ်ခုပေပဲလို့ ဆိုဦးမလား..

စာရေးနေရင်းမှ ကျွန်တော် ကိုယ့်ကိုယ်ကို ပြန်စဉ်းစားမိသည်.. ကျွန်တော် အခု ရေးနေတဲ့ စာကကော ကျွန်တော်ဘာသာ ကျွန်တော် စံထား သတ်မှတ်သည့် အကြောင်း အရာတွေ၊ ပထမ ဦးစားပေးသည့် အတွေးစဉ် တွေနှင့် ရေးသား ဖွဲ့သီသည့် စာတစ်ပုဒ် မဖြစ်နိုင်ဘူးလား...


လေးစားစွာဖြင့်
ဖိုးသား

ရွှေလမ်းငွေလမ်းဝင်းကြည်
၁၂-၁-၂၀၁၀ နေ့(၁၁)နာရီ

1/11/2010, MON:, 1:58:04 PM
 

“ကျွဲထိကျေးရွာအတွက် ပြီးပြည့်စုံသောအလှူပွဲကြီး”






“ကျွဲထိကျေးရွာအတွက် ပြီးပြည့်စုံသောအလှူပွဲကြီး”
ရွှေလမ်းငွေလမ်းဝင်းကြည်
ပွင့်ဖြူမြို့နယ်၊ ကျွဲထိကျေးရွာတွင်(၃၀-၁၂-၂၀၀၉)ခု၊နံနက်(၉)နာရီမှာ ကျင်းပကြပါတယ်။
တစ်ဦးတည်းအလှူရှင်မိသားစုဖြစ်ပါတယ်။ နေပြည်တော်မှ WEG.Co,Ltd (ရေသန့်စက်ရုံ) မန်နေဂျင်းဒါရိုက်တာ ဦးဝင်းနိုင်+ဒေါ်သန်းသန်းဆွေ မိသားစုတို့ဖြစ်ကြကြောင်းသိရပါတယ်။ ကျေးရွာအတွက်ပညာရေး၊ ကျမ်းမာရေး၊ လူမူရေး၊လမ်းပန်းဆက်သွယ်ရေး၊သာရေး၊နာရေးကိစ္စမှ စ၍ မလိုအပ်ရလေအောင် လှူဒါန်းပေးသောပွဲကြီးဖြစ်ပါတယ်။မကွေးတိုင်းအတွင်းမှာ ဒီလို အလှူရှင်မိသားစုမှာ ပထမဆုံးဂုဏ်ပြုအပ်ထိုက်တဲ့သူများလို့ ဆိုရပါ့မယ်..။
လှူဒါန်းသောစာရင်းမှာ
(၁) မုတ်သုန်ဦး စာကြည့်တိုက် ကုန်ကျငွေပေါင်း (သိန်း၁၁၀ )။
(၂) ကျေးလက် ကျန်းမာရေး ဆေးခန်း ကုန်ကျငွေပေါင်း (သိန်း ၆၅)။
(၃) အခြေခံမူလတန်းကျောင်းကြို မူလွန်ကျောင်း ကုန်ကျငွေပေါင်း (သိန်း ၁၅၀)။
(၄) စပါးခွန် ဓာတ်ငွေ့ မီးစက်(မြင်းကောင်ရေ ၁၀၀)
(၅) ရွာအတွက် သာရေး၊နာရေးသုံးနိုင်ရန် ဟိုက်လပ်တိုယိုတာ(၅)ချိတ် တစ်စီး။
(၆) ကျွဲထိရွာမှ ရွာခိုင်ရွာသွားလမ်း ကျောက်စရစ်မြေခင်းခြင်း၊ ရေကျော်ပေါင်း တံတား(၂)စင်း ဆောက်လုပ်ပေးခြင်း။
(၇) အခြေခံ မူလွန်ကျောင်းအတွက် ငွေပဒေသာပင်(၁ဂ)သိန်းစိုက်ထားပေးခြင်း။
(၈) ကျောင်းသား၊ကျောင်းသူ(၂၂၅)ယောက်အတွက် နှစ်စဉ် စာအုပ်၊စာရေးကရိယာအစုံလှူခြင်း။
(၉) ကျောင်းဆရာ။ဆရာမ များအတွက် ကျောင်းဝတ်စုံများကို တစ်နှစ်လျှင်(၃)စုံလှူဒါန်းခြင်း။
ယင်းအလှူပွဲသို့ မင်ဘူးခရိုင် အေးချမ်းသာယာရေးနှင့်ဖွံဖြိုးရေးကောင်စီ ဥက္ကဌ၊ မင်းဘူးမြှိုနယ် (မ.ယ.က)ဥက္ကဌ၊ ပွင့်ဖြူမြို့နယ်(မ.ယ.က) ဥက္ကဌများ၊ မကွေးတိုင်းပြန်၊ဆက်ရုံးမှ လက်ထောက်ညွန်ကြားရေးမှူးဦးဝေလင်း၊မင်းဘူးခရိုင်ပြန်၊ဆက်ရုံးမှဦးသိန်းထွန်းအောင်၊မင်းဘူးမြို့၊ပွင့်ဖြူမြို့နယ်များမှ သက်ဆိုင်ရာပညာရေး၊ကျန်းမာရေး၊ဌာနများမှ တာဝန်ရှိသူများနှင့် ကျေးရွာလူထုနှင့် ဆရာ။ဆရာမ၊ကျောင်းသူ။ကျောင်းသားများ ၀မ်းပန်းသသာဂုဏ်ပြု တက်ရောက် အားပေးကြ ကြောင်းတို့ကို စာရေးဆရာ တင်လင်းဇော်(မကွေးပညာရေးကောလိပ်ကျောင်း-ကထိက)ထံမှ သတင်းရရှိ၍တင်ပြလိုက်ရပါတယ်။
ရွှေလမ်းငွေလမ်းဝင်းကြည်
(၉-၁-၂၀၁၀)နေ့ရေး၏။
 

(၁၂)ကြိမ်မြောက် သံဃာ့ဒါနအာရုံဆွမ်းလောင်းလှူပွဲ









ရွှေလမ်းငွေလမ်းဝင်းကြည်+ဒေါ်ခင်စီ မိသားစု အလှူရှင်မှန်းသိအောင် မဏ္ဍပ်တိုင်တက်ပြတယ်လို့တော့ မထင်ကြစေလိုပါ..။
၅-၁-၂၀၁၀ ခု၊နံနက်အာရုံဆွမ်းမှာ ဆွမ်းဟင်း(ငါးဒန်နှင့်ပုန်းရည်)+(ငရုပ်သီးကြော်)တို့ဖြင့်လောင်းလှူပါသည်။

ဆွမ်းဒါနလေးကို လွန်ခဲ့တဲ့(၁၉၉၉)ခုနှစ်ကစလို့ ငွေပဒေသာပင်(၃၀၀၀၀ိ)သုံးသောင်းကျပ်စိုက်ထူး လောင်းလှူခဲ့ပါတယ်။ အဲဒီကာလမှာ မကွေးမြို့နေ့စဉ်သံဃာ့ဒါနဆွမ်းလောင်းအသင်းက ဆွမ်းငွေပဒေသာပင်(၃၀၀၀၀ိ)ကျပ်စိုက်ထူးလှူရင် တစ်နှစ်မှာ တစ်ရက်ကို မိသားစုနာမည်နဲ့ ကဗ္ဗည်းထိုး၍ လောင်းလှူပေးခဲ့တာပါ။ ယခုကာလမှာတော့ ငွေ(၃၀၀၀၀ိ)နဲ့ မလှူဒါန်းနိုင်ကြတော့ပါ။
အဲဒီအချိန်က သံဃာစာရင်း၊ ကုန်ဈေးနှုန်းဈေးတွေနဲ့ ယခုကာလာနဲ့ မတူကြတော့ပါ။

ယခုသံဃာစာရင်းကအပါး(၂၈၀၀)ကျော်နေပါပြီ..။ အာရုံဆွမ်းတစ်နပ်အတွက်ကို ဆန်(၈)အိတ်ချက်ရပါတယ်။အသာဟင်းကောင်းတစ်ခွက်နဲ့ ငရုပ်သီးကြော်၊သရက်ချဉ် များနဲ့လောင်းလှူမယ်ဆိုရင် (၅)သိန်း၊(၆)သိန်းခန့်ကုန်ကျပါမည်။ ဒါကြောင့် ယခင်က ဆွမ်းပဒေသာပင်အလှူရှင်များကို တစ်ဦးတည်းနာမည်ဖြင့်လောင်းလှူမပေးနိုင်ကြတော့ပါ။ စုပေါင်း၍ အများကောင်းမှုအမည်ဖြင့်သာ လောင်းလှူနေကြရပါတယ်။ တတ်နိုင်သူများကတော့ တစ်ဦးတည်းအလှူရှင် အကုန်အကျခံ၍ဒါနပြုကြပါတယ်။ တတ်နိုင်သူ ဆွမ်းပဒေသာပင်စိုက်ထူးထားတဲ့ အလှူရှင်များကလည်း ပဒေသာပင်ငွေများကို ထပ်မံစိုက်ထူပြီးလှူဒါန်းကြပါတယ်။ ဆွမ်းပဒေသာပင်အလှူရှင်တစ်ဦးဆိုလျှင် ငွေကျပ်သိန်းတစ်ထောင်ထည့်ဝင်စိုက်ထူထားတာ တွေ့ရပါတယ်။အဲဒီအလှူဒါနပြုသူမှာ နိုင်ငံခြားသားအလှူရှင် ဆရာတော်တစ်ပါးဖြစ်ကြောင်းသိရပါတယ်။ အားကျစရာ အလှူရှင်ကြီးပါ။

ကျွန်တော်စတင်လှူဒါန်းစဉ်ကတော့ အဲဒီငွေသုံးသောင်း ကို မရှိ၊ရှိတာလေးတွေနဲ့ ရောင်းချပြီးစတင်လှူခဲ့ရတာပါ။ ယခုလဲ နှစ်စဉ်နှစ်တိုင်း ငွေပဒေသာပင်များကို ထပ်မံစိုက်ထူလာခဲ့တာ..ငွေကျပ်(၇)သိန်းရှိသွားပါပြီ..။ (၁၁)နှစ်အတွင်း မိမိအိမ်မှာ မိမိကိုယ်ပိုင်ငွေနဲ့ အကုန်ကျခံ၍ ဆွမ်းလောင်းလှူခဲ့တာက(၂)ကြိမ်ပါ။ မကွေးမြို့နေ့စဉ်သံဃာ့ဒါနဆွမ်းလောင်းအသင်းမှာ လောင်းလှူခဲ့တာက(၁၀)ကြိမ်ပါ။ စုစုပေါင်း(၁၁)နှစ်၊(၁၂)ကြိမ်ဖြစ်ပါကြောင်း..သတင်းကောင်းပါ၍ မကွေးမြို့နေ့စဉ်သံဃာ့ဒါန ဆွမ်းလောင်းအသင်းကြီးသို့ ဆွမ်းပဒေသာပင်ငွေများ ထည့်ဝင်စိုက်ထူ လှူဒါန်းပေးတော် မူကြပါရန်လေးစားစွာဖြင့် နိုးဆော်၍ မေတ္တာရပ်ခံ ပန်ကြားအပ်ပါတယ်ခင်ဗျား....။

ဗုဒ္ဓသာသနာ ရောင်ဝါနေသို့လင်းစေသော်..။

ရွှေလမ်းငွေလမ်းဝင်းကြည်
၂၀၁၀ ခု၊ဇန်န၀ါရီလ(၅)ရက်နေ့၊ နံနက်(၁၀)နာရီ ရေး၏။