Showing posts with label ၀တ္ထုတိုများ. Show all posts
Showing posts with label ၀တ္ထုတိုများ. Show all posts

ကျလူ၏ ကျမျက်ရည်

ကျလူ၏ ကျမျက်ရည်
ဒီရသစာတမ်းကို ရေးသင့် မရေးသင့် တစ်လတိတိစဉ်းစားပြီးမှ ယခုချရေးဖြစ်ခဲ့ပါတယ်။ ဆရာကြီးမကွေးဝင်းမြင့်က စာရေးမယ်ဆိုရင် ကိုယ်သိတာကို ကိုယ်ရေးပါလို့ ခဏ ခဏဆုံးမပါတယ်။ ကိုယ်သိထားတာဆိုလို့ကလည်း သူများ အကြောင်းထက် ကိုယ့်အကြောင်းကို ကိုယ်သာ အသိဆုံးမဟုတ်လား။ ကိုယ့်အကြောင်းရေးမှာဆိုတော့လည်း ကိုယ့်ပေါင်ကို ကိုယ်ပြန်ထောင်းရမယ့်အဖြစ်ပါ။ ကိုယ့်ပေါင်ကို ပြန်ထောင်းသူတိုင်းက ခပ်ဖွဖွလေးသာ ထောင်းတတ်ကြတယ်လို့ ကြားသိရ ပါတယ်။ ဒါပေမယ့် ကျွန်တော်ကတော့ ခပ်ကြမ်းကြမ်းလေးနဲ့ အော်ငိုပြီး ထောင်းရပါတော့မည်..။
ကျွန်တော်အလယ်တန်းအောင်တော့ တောရွာကနေ မြို့ကို တက်လာခဲ့ပါတယ်။ ကျွန်တော့်မိဘနှစ်ပါး ကွယ်လွန် သွားလို့ ကျောင်းဆက်မတက်နိုင်ခဲ့ပါ။ မြို့က အဖေရဲ့အမဖြစ်သူ ဒေါ်ကြီးအားကိုးနဲ့ အလုပ်လုပ်ရန် မြို့ကိုရောက် လာရတာပါ။ ဒေါ်ကြီးမှာ တစ်ဦးတည်းသော သမီးတစ်ယောက်သာရှိပါတယ်။ အဲဒီသမီး မြို့မှာကောင်းစားရန် အတွက် ဆယ်တန်းအောင်ဖို့နဲ့ မြို့က အစိုးရဌါနတစ်ခုမှာ အလုပ်ရဖို့ ရွာက အိမ်တွေ၊ လယ် ယာ ကိုင်းကျွန်းတွေကို ဖြုတ်ပြီး တက်လာကြ ရပါတယ်။ သမီးလည်း အလုပ်ရရုံတင်မကဘဲ ရုံးအုပ်ကြီးတစ်ယောက်နဲ့ အိမ်ထောင်ကျခဲ့ပါတယ်။ ဒေါ်ကြီးနဲ့သူ့ယောကျာင်္းလည်း သမီးနဲ့သမက်ဆီကို အတူလိုက်နေကြရပါတယ်။ သမီးနဲ့ သမက်မျက်နှာကို တစ်ကမ္ဘာ ထင်ပြီး နေကြရတာပေါ့။ ရွာက ထုခွဲရောင်းချလာတဲ့ ငွေလေးတွေ မကုန်ခင်တော့ အဖေနဲ့ အမေကို အိမ်ဦးခန်းကို တင်ထားမတတ် ရိုသေလေးစားကြပါတယ်။ ဒေါ်ကြီးရဲ့မြေးတွေမွေးလို့ မြေး(၆)ယောက်မြောက်တဲ့ အချိန်မှာ ကျွန်တော်က ဒေါ်ကြီးဆီကို ရောက်လာခဲ့ပါတယ်။ ကျွန်တော်လည်း ဌါနတစ်ခုမှာ အလုပ်ရပါတယ်။ကျွန်တော်ရောက်လာတဲ့ အချိန်မှာ ဒေါ်ကြီးက အဆုပ်ရောဂါ (တီဘီ) စတင်ဖြစ်နေပါပြီ။ ဒေါ်ကြီးယောကျာင်္း ဦးကြီးဆိုသူကလည်း ဌါနတစ်ခုမှာ ညစောင့်အလုပ်ကို ၀င်လုပ်နေတာ ဖြစ်ပါတယ်။ တစ်ညနေ ကျွန်တော်အလုပ်က အပြန်မှာ မီးဖိုးခန်းထဲ သောက်ရေအိုးစဉ်နှစ်ခုထားတာကို မြင်တွေ့ရပါတယ်။ ဒေါ်ကြီးကိုလည်း သူ့သမီး အထက်တန်းစာရေးမက ခါးထောက်ပြီး ပြောဆိုနေသံကြားလိုက်ရပါတယ်။ ( အမေ..ဒီရေအိုးစဉ်က ရေကိုသောက်ပါ။ ကလေးတွေနဲ့ ကျမတို့ကို အမေ့ တီဘီရောဂါတွေ ကူးစက်လာမှာစိုးလို့ပါ…။ ကလေးတွေကိုလည်း မချီပါနဲ့ မထိန်းပါနဲ့တော့။ ဖြစ်နိုင်မယ်ဆိုရင် ဒီတိုက်ထဲမှာမနေဘဲ အပြင်မှာ တဲထိုးပြီးနေပေးစေချင်ပါတယ်…။) ဒေါ်ကြီးက မျက်ရည်ပေါက်တွေ ကျနေပြီး ငိုနေတာကို မြင်တွေ့ရပါတယ်။ ကျွန်တော်လည်း စိတ်မကောင်းဖြစ်ပြီး သူတို့ဆန္ဒအတိုင်း တိုက်အပြင်မှာ တဲထိုးပေးလိုက်ပါတယ်။ အဲဒီအချိန်ကစပြီး ဦးကြီးရယ်၊ ဒေါ်ကြီးရယ်၊ ကျွန်တော်ရယ် သုံးဦးက ထမင်းစားအိုးခွဲချက်ပြီး စားကြပါတော့တယ်။ ဒီလိုနဲ့မပြီးသေးပါ။ ဦးကြီးနဲ့ သမက်ဖြစ်သူတို့ စကားအကြီးအကျယ်များပြီး သူတို့ခြံထဲကနေ သူတို့ရဲ့မိဘနှစ်ပါးကို နှင်ချလိုက်ပါတယ်။ တစ်လလောက်အချိန်ထိ ဦးကြီးရဲ့ မိတ်ဆွေအိမ်မှာ ကျွန်တော်တို့ဆင်းပြီး နေခဲ့ကြရပါတယ်။ ပတ်ဝန်းကျင်နဲ့ အမျိုးတွေစကားကြောင့် မတော်ပါဘူးဆိုပြီး အမနဲ့ယောက်ဖက ပြန်ခေါ်ပါတယ်။ ဒေါ်ကြီးလည်း တီဘီရောဂါရော စိတ်ထိခိုက်တဲ့ရောဂါပါ ခံစားရပြီး မကြာခင်မှာ ကွယ်လွန်သွားခဲ့ပါတယ်။ ဦးကြီးကလည်း သူ့မြေးတွေကို ရှင်ပြုပြီးတာနဲ့ သူ့တူမရှိတဲ့ ရွာကိုပြန်သွားပြီး ကွယ်လွန်သွားခဲ့ပြန်ပါတယ်။ ဒီလိုအဖြစ်မျိုး ဒီလိုအဖြစ်ဆိုးတွေနဲ့ ဘယ်သောအခါမှ မကြုံပါရစေနဲ့ မဆုံခဲ့ပါရစေနဲ့လို့ ကျွန်တော် အကြိမ်ကြိမ်အခါခါ ဆုတောင်းခဲ့ပါတယ်။
ကျွန်တော်လုံးဝ ဆုတောင်းမပြည့်ခဲ့ပါ။ ကျွန်တော့်မှာလည်း သားအကြီး နဲ့ သမီးအငယ် သားသမီးနှစ်ယောက်ရှိ ပါတယ်။သူတို့ကို လူလားမြောက်အောင် ကျွန်တော်တို့လင်မယားမှာ မြေအိုးလေးတွေကို ၀ယ်ပြီးထမင်း ဟင်းချက်စားခဲ့ကြ တဲ့ဘ၀နဲ့ စတင်လာခဲ့ရတာပါ။ စီးပွားရှာတဲ့နေရာမှာ သက်စွန့် ဆံဖျား နေပူမရှောင် မိုးရွာမရှောင် တောကြို တောင်ကြား ချောင်းကြို ချောင်းကြား တောင်ထိပ်၊ တောင်အောက် တွေမှာ လူမျိုးတစ်ရာတစ်ပါးကို မြက်လွှာချ၊အောက်ကျခံလို့ ဘ၀အမျိုးမျိုးနဲ့ လုပ်ကိုင်ကျွေးမွေးပြီး သားသမီးတွေကို ပညာသင်ပေးလာခဲ့ရတာပါ။ မြို့ပေါ်မှာ အသင့်အတင့် လုပ်ငန်းရှင်ဘ၀ကိုရောက်ခဲ့ ပါတယ်။ ဒါပေမယ့် ကျွန်တော် စီးပွားရေးလောကမှာ ထိမ်းသိမ်းမှု ညံ့ဖြင်းခဲ့မိလို့ ဘ၀ကို ငှက်ခါးပျံသလို နိမ့်လိုက် မြင့်လိုက် နဲ့ သုံးခါလောက် အကျနာခဲ့ပါတယ်…။ ယခုတော့ အရွယ်ကလည်း ရလာပြီး စီးပွားရေးကလည်း ကျလာ နေပါပြီ။ ဘ၀ နေ၀င်ချိန်နီးနေပါပြီ။
စီးပွားရေးလောကမှာ နာမည်မပျက်စေရအောင် ဂတိတည်ကြည်စွာနဲ့ မရှိ ရှိတာတွေကို ရောင်းချပြီး ထိုးဆပ်၊ပေးအပ်နေရတဲ့အချိန်ကို ရောက်နေပါတယ်။ လူသာ အသေခံမည်။ နာမည်ကိုတော့ အသေမခံလိုပါ။ ဒါပေမယ့် ကျွန်တော့်မှာ စိတ်သွားတိုင်းကိုယ်က မပါလာတော့ပါ။ စီးပွားကျနေတဲ့ အဖေ့အိမ်မှ သားကြီးကလည်း အဝေးတနေရာဆီကို ပြေးခွါလို့ ထွက်သွားပါပြီ..။
သားသမီး အချစ်၊ မြေး အနှစ် ဆိုတဲ့အတိုင်း မြေးကိုအကြောင်းပြုပြီး သမီးနဲ့ သမက်ကို စီးပွားရေးလုပ်ငန်းတွေကို ၀ကွက်အပ်လိုက်ရတဲ့ ဘ၀ကိုရောက်ခဲ့ရပါပြီ..။ ယခင်က ကျွန်တော့်ဘ၀ နေလိုလလိုနေခဲ့ပြီး ဆပ်ဆပ်ထိမခံလိုတဲ့ ဒေါသတွေလည်း မြေသို့ ကြွေကျသွားခဲ့ရပါပြီ။ အစားအသောက် အလွန်ချေးများခဲ့တဲ့ ကျွန်တော် ယခုတော့ ပေးတာယူ ကျွေးတာကိုစား ဘာကိုမျှ ပြန်မပြောဝံ့တော့ပါ။ သမက်နဲ့ သမီး ထမင်းစားပြီးလို့ ၀ကြမှ ကျွန်တော်တို့လင်မယား စားရတဲ့ဘ၀ ကိုရောက်နေပါပြီ။ မြေးလေးကို ချစ်စနိုးနဲ့ တင်ပါးလေးကို လက်နဲ့သာသာလေးရိုက်မိတာကိုတောင် အပြောခံနေရတဲ့ဘ၀ပါ။ ကျွန်တော် သေခါနီးမှ စိတ်ညစ်တယ်ဆိုပြီး အရင်တုံးကလို အရက်ကိုလည်း မသောက်ရဲတော့ပါ။ ဘယ်သူ့ကိုမှလည်း မငေါက်ရဲ မဟောက်ရဲတော့ပါ။ မိန်းမဆိုတာကလည်း(လောကမှာငွေ..ငွေဆိုသလို).. သား သမီးတွေဘက်ကိုသာ ခပ်ပါပါ ဖြစ်နေကြတာ အဆန်းတော့မဟုတ်ပါ။ ဒါပေမယ့် မနေ့က ကျွန်တော့်မိန်းမ ပြောတဲ့စကားကိုတော့ သေတဲ့အထိ မေ့လိမ်မယ် မထင်မိပါ။
``ရှင်နော် အိမ်မှာ ဘာပွဲလုပ်မယ်.. ညာပွဲလုပ်မယ်ဆိုရင် ကျမကို အရင်ဖွင့်ပြောပါ။ အိမ်မှာ ရှုတ်ရှုတ်ရှက်ရှက်နဲ့ဆိုရင် ရှင့်သမီးက မကြိုက်ဘူးတဲ့။ ဒါပဲ ။ ရှင့်မှာ တင်နေတဲ့ကြွေးတွေကို သူရှာဆပ်နေရတာလေ…။ ရှင်လုပ်ချင်ရာတွေ လုပ်ခဲ့မိလို့ ကုန်ခဲ့တာတွေလည်းများနေပါပြီးတော်…..´´။
ကျွန်တော့်ရင်ထဲက စကားသံတွေကတော့ အပြင်ကိုထွက်မလာရဲပါ။
(သြော်..သမီးရယ် မင်းတို့ငယ်ငယ်က အိမ်မှာ သောက်ဝိုင်းစားဝိုင်း လောင်းကစားဝိုင်းတွေ နေ့တိုင်းလုပ်နေခဲ့တုံးက သမီးတို့အမေ ဘာမှ မပြောဝံ့ခဲ့ပါဘူး။ ယခု ယခု အဖေ ၀ါသနာပါတဲ့ စာဝိုင်းပေ၀ိုင်းကို အိမ်မှာ ရှုတ်ရှုတ်ရှက်ရှက် ဆိုတော့…………..။)

ရွှေလမ်းငွေလမ်းဝင်းကြည်
READMORE
 

မိခင်မေတ္တာ ရွှေထုပ်တဲ့မြပ၀ါ….


မိခင်မေတ္တာ ရွှေထုပ်တဲ့မြပ၀ါ….

ဝထ္ထုတို
ရွှေလမ်းငွေလမ်းဝင်းကြည်

အခန်း(၁)

“သမီးလေး မစံပယ်ကို သူတို့လက်ထဲ မအပ်ပါရစေနဲ့ ကိုထွန်းကြိုင်ရယ်..ကျမ…သေရင် သေ ပါစေတော့..”
““ခက်တာပဲ မိတင်ရယ်..မင်းကျန်းးမာရေးအတွက်ဆေးကုဖို့က ဒီတစ်လမ်းပဲ ရှိတော့တာ ကိုကွာ..””

အမေကြီးရဲ့နားထဲမှာ ဒီအသံတွေကိုပဲ ထပ်ခါတလဲလဲ ပြန်လည်ကြားယောင် နေပါ တယ်.. လူကလေးရယ်..။အမေကြီးတို့မှာ ဒို့လင်မယားနှစ်ယောက်နဲ့ မစံပယ်ဆိုတဲ့ သမီးလေးရှိပါတယ်..။ မစံပယ်လေးက အမေကြီးတို့အိမ်ဘေးမှာနေသွားတဲ့ ကရင်မ လင်မယားကမွေးစားဖို့ နီတာရဲ ပေါက်စနကလေးအရွယ်ကပေးခဲ့တာပါ။ မစံပယ်လေး အမေက သူ့ကိုမွေးပြီးပြီးခြင်း မီးတွင်းထဲမှာတင် သေဆုံးသွားခဲ့တာပါ..။ ကရင်မ လင်မယားလည်း မစံပယ်လေးကိုပေးပြီး သူတို့ကရင်ပြည်နယ် ကိုပြောင်းသွားကြတယ် လေ။ ကလေးမရလို့ ကလေးရူးထနေကြတဲ့ ဒို့လင်မယားကတော့ သိပ်ကို ၀မ်းသာ ပျော်ရွင်သွားတာပေါ့ကွယ်။ မင်းတို့အဘ ကိုထွန်းကြိုင်ကဆို ဆိုက်ကားနင်းနေရင်း နံနက် စောစောတစ်ခေါက်၊ နေ့လည်ထမင်းစားပြန်ချိန်တစ်ခေါက်၊ညဆိုက်ကား သိမ်းပြန် လာရင်တစ်ခေါက်၊ တစ်နေ့ကိုသုံးခေါက် ဆိတ်ခြံကိုသွားပြီး ဆိတ်နို့တွေညှစ်ညှစ်ယူလာရ တယ်။ မစံပယ်လေး က ဆိတ်နို့နဲ့အသက်ရှင်လာရတာပါကွယ်..။ သူငယ်ငယ်ကတော့ ချစ်စနိုးနာမည် “ဆိတ်မ”လို့ခေါ်ကြ ပါတယ်။ အမေကတော့ သူအရွယ်လေးရောက်လာ တော့ရှက်မှာစိုးလို့“မစံပယ်”ဆိုတဲ့နာမည် လှလှ ကလေးကို ပေးခဲ့တာပါ။ မစံပယ်လေးအိမ်ကိုရောက်လာကထဲက အမေဈေးရောင်းမထွက်ဖြစ် တော့ဘူး။ အချိန်ရှိသရွေ မနက်မိုးလင်း မျက်နှာသစ်ပြီးတာနဲ့ မစံပယ်လေးရဲ့ဝေယျာဝစ္စကိစ္စတွေနဲ့ ညမိုးချုပ်ခဲ့ရတာပါ။ သူ့ကို အမေ့မျက်နှာသုပ်ပ၀ါတဘက်ကလေးနဲ့ခြုံထားပြီး ဆိတ်နို့ကို နို့ဗူးနဲ့တိုက်ခဲ့ရ တာပါ ကွယ်။ သူကလေး မကျန်းမမာဖြစ်ရင် ဒို့လင်မယားပြာပြာသလဲဖြစ်နေရပါတယ်။ ကိုထွန်းကြိုင် ဆိုရင် ဆိုက်ကားကိုမထွက်နိုင်ခဲ့ပါဘူးကွယ်..။ နေ့မအိပ်ရ၊ ညမအိပ်ရပါ။ ဆရာဝန်သွားပြ ဖို့နေနေသာသာ စားဖို့တောင် တစ်နေ့လုပ်မှစားရတဲ့ အမေတို့ဘ၀ပါ။ အိမ်နီးချင်း တွေကဆိုရင် စားစရာမရှိရတဲ့အထဲ ကလေးရူးထနေကြတယ်..။ မွေးနိုင် ကြွေးနိုင်မဲ့သူကို ပေးခိုင်းကြတာကွဲ့။ အမေကြီးက လုံးဝလက်မခံပါဘူး၊ မစံပယ်လေး အရွယ်ရောက်လာ အောင် ကိုထွန်းကြိုင်ရဲ့ဝင်ငွေနဲ့ မလောက်ခဲ့ရင် မရှိ ရှိတာကို ရောင်းချ ပေါင်နှံ မွေးလာခဲ့တာပါ..။“မိသိန်းတင်တို့က မရှိလို့ မွဲလို့သာ ငတ်ချင်ငတ်သေသွား ပါစေ..၊ မိခင်မေတ္တာကိုတော့ လုံးဝ မပျက်ကွက်စေရဘူးမှတ်ထားကြပါ၊ နောက်ကို မစံပယ်လေးကို တစ်ခြားသူပေးဖို့ လာမပြောကြပါနဲ့ဟေ့..” လို့ရန်တွေ့လွတ်ရပါတယ်။

အခန်း(၂)

တစ်ဦးကမေတ္တာ တစ်ဦးကစေတနာ ထားခဲ့ကြလို့လား မပြောတတ်တော့ ပါဘူးကွယ်..။ မေတ္တာဆိုတာ တကယ်ရောင်ပြန်ဟပ်ပါတယ်။အမေကြီးနဲ့ အဘထွန်းကြိုင်တို့ အသက်(၆၀)တန်း တွေကိုရောက်နေကြပါပြီ..။ ဘ၀ ဘ၀အဆက်ဆက်က ပဌာန်းဆက် ဆိုတာကိုလဲ မယုံမရှိကြပါနဲ့…။ ဟော..ယခုကြည့်စမ်းပါ..သမီးလေး မစံပယ်က အရွယ်ရောက်လာခဲ့ပါပြီ..။ သူက အမေကြီးတို့ လင်မယားကို တစ်လှည့်လုပ်ကြွေးနေ ပါပြီ..။မစံပယ်တစ်ဦးထဲမဟုတ်တော့ပါဘူး။သူ့သား နှစ်ကောင် က တစ်နှစ်ကြီး တစ်နှစ်ငယ် ဆိုတော့ ရွယ်တူတွေပဲ ထင်မှတ်ရပါတယ်။သူတို့ညီအကိုရဲ့ တစ်မနက် ၀င်ငွေ ကိုက (၅၀၀၀ိ)ရနေပါပြီကွယ်။ သူတို့ညီအကိုငယ်ငယ်လေးက ဖေဖော်ဝါရီလ ကလေးများနေ့ ပြိုင်ပွဲတွေမှာ နှစ်တိုင်းအလှပြတာ ပထမဆု အမြဲရခဲ့ကြပါတယ်။ဟိုလူက ဆုတွေချ ၊ဒီလူကဆုတွေချနဲ့ အဖိုးကြီးကဆိုရင် ၀မ်းသာလွန်းလို့ မျက်ရည်တွေတောင် ကျရှာတယ်. တဲ့။ ပြီးတော့ သူကပြောနေ သေးတယ်…။
““မိတင်ရေ..မင်းစကားသာ ငါနားမထောင်ခဲ့မိပဲ..မစံပယ်လေးကိုသာ မင်းအသဲ အသန် ဖြစ်နေတုံး က ရောင်းခဲ့မိရင် ဒို့မှားသွားတာ သေချာပေါ့။ဒို့ဘ၀မှာ အတိတ်က ကုသိုလ်ကံမကောင်းခဲ့လို့ ဆင်းရဲ ခဲ့တယ်..။ အတိတ်က ကုသိုလ်ကောင်းမှု အလှူဒါန နည်းခဲ့လို့ ယခုဘ၀မှာ သားသမီးရတနာနဲ့ အခြွေရံသင်းပင်းနည်းခဲ့၊ မရခဲ့ကြတာလို့ စာအုပ်တစ်အုပ်ထဲမှာ ဖတ်ရဘူးတယ်..။အင်း..ခုတော့လဲ ဘ၀ ဘ၀က ပဌာန်းဆက် ကြောင့်ပဲထင်ပါရဲ့ကွယ်.. ဆင်းရဲမွဲတေနေတဲ့ သားထောက်သမီးခံမရှိတဲ့ ငါတို့ လင်မယားကို… သမီး မစံပယ်တို့ နွားသားအမိသုံးကောင်က လူတွေထက်တောင်မှ မယုံကြည်နိုင် လောက်အောင် တာဝန်ကျေပွန်စွာနဲ့ အလုပ်အကျွေးပြုနေ ပါပြီပကော လား…ကွယ်…””

“သြော်..ရှင်က ယခုမှ ဒီစကားကိုလာပြောနေတာ..ကျမ အမြဲပုခုံးမှာတင်ပြီး ဘုရားရှစ်ခိုးနေတဲ့ ပ၀ါတဘက်အစွန်းထဲက အထုပ်ကလေးကိုဖြည်ကြည့်စမ်း ..ဒီမှာ..ရွှေတို၊ ရွှေစကလေးတွေ လေ..။ အဲဒါ သမီးမစံပယ်ရဲ့ သားနှစ်ကောင်နဲ့ ယာခင်းတွေသွားပြီးတစ်မနက် ထွန်ယှဉ်းဌါးလိုက်လို့ ရတဲ့(၅၀၀၀ိ)ငွေတွေကို ရှင်ပေးသမျှ ရွှေတိုရွှေစတွေဝယ်စုထားတာပါ..။ ဒီသားနှစ်ကောင်ကို ရှင်ပြုရမဲ့ အရွယ် ရောက်လာရင် သမီးကြီးမစံပယ်နဲ့အတူ ရွာဦးကျောင်းဆရာတော် ထံ ရေစက်ချ အလှူ တော်ပေးရအောင်လို့ပေါ့တော်..၊နောက်ဘ၀မှာ ဒီနွားသားအမိတွေ လူပြန်ဖြစ်ကြပါစေ..။ ကျမတို့ လင်မယားကလဲ နိဗ္ဗာန်ကိုမရမီစပ်ကြား လူဘ၀မှာ လူပြန်ဖြစ်လာကြမဲ့ သမီးမစံပယ်တို့သားအမိ သုံးယောက်ရဲ့ အမိ၊အဖ တွေဖြစ်ရပါလို၏လို့ အဲဒီအလှူမှာ ဆုတောင်းပြီးရေစက်ချလိုက်မယ် ..ကိုထွန်းကြိုင်ရေ”။

မှတ်ချက်။ ။ အဘဦးထွန်းမြိုင်+အမေကြီးဒေါ်တင်သိန်းတို့၏ပြောပြသော အဖြစ်မှန်အား ရေးသားပါ၏။


ရွှေလမ်းငွေလမ်းဝင်းကြည်
၂၀၀၉ ခု၊နိုဝင်ဘာလ(၁၉)ရက်၊ညနေ(၄)နာရီ ရေးတင်၏
READMORE
 

ပန်းကိုက်သော ပိုးများ....

ပန်းကိုက်သော ပိုးများ…

ဝထ္ထုတို
ရွှေလမ်းငွေလမ်းဝင်းကြည်
(၁)

အသက်အရွယ်က လေးနှစ်သမီးကလေး ခင်မမနွယ်ပါ။ သူ့အဖေကဌာနတစ်ခုမှ ဒရိုင်ဘာတစ်ဦး ။ သူ့အမေကဌာနတစ်ခုကစာရေးမ တစ်ဦးပါ ။ နေတာကမြို့သစ် ရပ်ကွက်ကပါ။ ကျွန်တော်အိမ်နှင့်ဘေးချင်း ကပ်အိမ်မှာ နေကြတယ် ၊ မိသားစုသုံးဦး ရှိကြတယ် ။ နံနက် မိုး လင်း တာနဲ့ဖခင်က ဖယ်ရီကား ကြိုအမှီ ထွက်ရတယ်။ အမေကလည်း ရုံးချိန် အမှီသွား ရတယ် ။ သမီးငယ် ခင်ပပနွယ်ကလည်း မြို့ ထဲ မှ မူကြို ကျောင်းသူကလေး တစ်ဦးပါ ။ မြေလတ်မြို့ ကလေး မှာ ဆိုတော့ စက်ဘီးတစ်စီး ၊ မိသားစု သုံးဦး ထမင်းဘူး ကိုယ်စီနဲ့ နံနက် ထွက်ကြ ၊ ညနေပိုင်းမှ ပြန်ဆုံကြ ပါတယ်။

(၂)
ဝေလီ ဝေလင်း နံနက်ခင်း စောစော တစ်နေ့မှာ.. ၊ ကျွန်တော့်အိမ်ရှေ့ က စံပယ်ခြုံမှာ ကလေး တစ်ဦး မပြော မဆို ၀င်ပြီး ပန်းတွေ ခူးနေတာ ကျွန်တော်ဇနီး နဲ့ တွေ့ရပါတယ် ။ လက်စ သပ် တော့ လူကြီး တွေမနိုးခင်မှာ လာပြီး ဟိုဘက်အိမ်မှ ခင်ပပနွယ် ကလေး ဖြစ်ပါတယ် ။ ကျွန်တော်ရဲ့ဇနီးကိုလည်းမြင်တော့ သူမရဲ့ ဂါ ၀န်ထဲ ကို ပန်းတွေထည့်ပြီးသူ့အိမ်ဘက်ကို ပြေးဝင်သွား ပါတယ် ။ ကျွန်တော့်ဇနီးသည်ကလဲ သူ့စံပယ်ခြုံက ပန်းတွေကို နံနက်တိုင်း ထ ခူးပြီး ၊ ဘုရားပန်း ကပ် လေ့ရှိပါတယ် ။ အိမ်နီးချင်း ဖြစ်တဲ့ မူကြိုကျောင်းသူ ခင်ပပနွယ် ကလေးကို သူကိုယ်တိုင် အလှ ပြင်ပေးနေကြ ၊ စားစရာ အိမ် မှာ မုန့်ကလေး တွေ ရှိရင် လည်း သွား ပြီး ကျွေးနေကြပါ ၊ အင်မတန် မှ နုနယ်ငယ် ရွယ်လှပနေတဲ့ မူကြိုကျောင်းသူ ပပ လေးဟာ တစ်ခါမှ ဒီလို မလုပ် ခဲ့ပါဘူး ၊ မူကြိုကျောင်းနေလာမှ ဒီ လိုဖြစ်လာတာပါ ။ ရပ်ကွက်ထဲ ရောက်လာ တာလည်း သူမရဲ့ အသက် (၆) လ သမီးအရွယ်က ဒီရပ်ကွက်ထဲ ကိုရောက်လာ ခဲ့ကြပါတယ် ။ သဘောဖြူ မနော ဖြူ ခင်ပပနွယ် ကလေးကို တစ်ရပ်ကွက်လုံးကချစ်ကြလွန်းလို့ ဟိုက ပပ ၊ ဒီက ပပ ရယ်လို့ အနာဂါတ်ရဲ့ ရတနာ ပန်းကောင်းလေးတစ်ပွင့်အနေဖြင့် မျက်နှာပွင့်လန်း နေလျှက်ပါ ။ ဒီနှစ်မှ မူကြိုကျောင်းကို စပြီးထားတာပါ။ ( ၃ ) လဘဲ ရှိသေးတာ ၊ အရွယ်နဲ့ မမျှ ပန်း ကြိုက် တတ်တယ် ။ လူကြီးတွေ မသိအောင် ပန်းခိုးတာဆိုလို့ ဒီတစ်ခါ စတွေ့ ဘူးခဲ့တာ ။ ကျွန်တော့်ဇနီးသည်က ကျွန်တော်ကိုလာပြောလို့သိရပါတယ် ။ ကျွန်တော်ကတော့ မိန်းကလေးဆိုတော့ ပန်းပွင့် ကလေးတွေကို မြင်ရင် လိုချင်စိတ်ရှိတာဘဲ လူကြီးတွေဆီကို တောင်းရလေ ကောင်းမှန်း မသိတာရယ်ကြောင့် ဖြစ်ရတာပါကွာ ။ သူ့အိမ်ကိုသွား မပြောနဲ့ ၊ အားနာစရာကြီးပါလို့ နှစ်သိပ့်စကားပြောခဲ့ရပါတယ် ။ ဒါပေမဲ့ ဒီလို ဖြစ်ရပ်မျိုးကို နောက်ထပ် ( ၄ ) ကြိမ် လောက် ထပ်ဖြစ်တာကိုတွေ့ခဲ့ရပါတယ်။
ကျွန်တော်လည်း ဒီကိစ္စကို သိချင်တာနဲ့ကျောင်းပိတ်ရက်တနေ့မှာ ခင်ပပနွယ်လေးကို မုန့်ပေးပြီး ချော့မော့မေးကြည့်တော့ အဖြေက ရှင်းလင်းသွားပါတယ်..။
(“ဆရာမတွေက လက်ဆောင်မပါရင် မချစ်ကြဘူး..”)။တဲ့ဗျာ…
(၃)

ကျွန်တော်ရဲ့ သမီးကြီးကလဲ ဘေးအိမ်မှ မူကြိုကျောင်းသူ ခင်ပပနွယ်ကလေး ပန်းခိုးတဲ့ အကျင့်မပါအောင်ဆိုပြီး စံပါယ်ပန်းတွေကို နေ့စဉ်ခူး၍ ပန်းကုံးသီပြီး ကျောင်းမသွားခင် ပေးပေးနေတာကို မြင်နေရပါတယ်။ နံနက်ခင်းတိုင်း ခင်ပပနွယ်တို့ မိသားစု စက်ဘီးကလေးတစ်စီးနဲ့ ထွက်ကြတယ်၊ ညနေမူကြိုကျောင်းကို ၀င်ပြီး ခင်ပပနွယ်ကို တစ်ခါတည်း ၀င်ခေါ်လာတာနေ့စဉ်မြင်နေရပါတယ်။
ကျွန်တော့်သမီးက တက္ကသိုလ်တခုကပါ။စာမေးပွဲတွေဖြေပြီးတော့  သူ့ဆရာမ တွေ ကို ကန်တော့ဖို့ ကျွန်တော့ဆီကိုငွေလာတောင်းပါတယ်။ဆရာမတွေက ဘာသာစုံ(၆)ဦး ဆိုတော့ ကျွန်တော့် ဦးဏှောက်သွက်သွက်ပါအောင် ခြောက်ခဲ့ ရပါတော့တယ်ဗျာ၊ ကျွန်တော့်သမီး တစ်ဦးတည်း မကန်တော့ဘဲ နေရင်လည်း သူ့ သူငယ်ချင်းတွေအားလုံးက ကန်တော့ပြီးပြီဆိုတော့ ကျွန်တော်သမီးပဲ ကျန်နေရင် မျက်နှာငယ်ရမှာပေါ့။ စာမေးပွဲဖြေနိုင်ရဲ့သားနဲ့ သမီးရယ်လို့ ပြောတော့လည်း…။ ဖြေနိုင်၊ မဖြေနိုင် ဆရာမတွေကို ကန်တော့မှ သေချာပါသတဲ့၊ ဘယ်လိုလူမျိုးတွေက စတန့်ထွင်လိုက်ပြီး ဒီနေ့ လူငယ်ကျောင်းသားတွေ ရေလိုက်လွှဲနေကြပါလိမ့်မယ်ဗျာ၊ ဒါနဲ့ ကျွန်တော်လဲ ချစ်သမီးရဲ့ ပညာရေး စရိတ်အတွက် မြို့ထဲအပေါင်ဆိုင်ကို သွားခဲ့ရတာပေါ့(မှတ်ချက်-ကျွန်တော်ဇနီးရဲ့ နားကပ်ကို ချွတ်ပြီး ပေါင်ပေးခဲ့ရပါတယ်။ အဲဒီအပေါင်ဆိုင်က အပြန် နာရီကို ကြည့်လိုက်တော့ ညနေ(၄)နာရီ ကျော်လွန်ပြီ။)အဲဒီအချိန်က ခင်ပပနွယ်လေးရဲ့ မူကြိုကျောင်းရှေ့မှာပါ။
ဒါနဲ့ ကျွန်တော် မူကြိုကျောင်းရှေ့မှာ ရောက်နေလို့ ဘေးအိမ်မှ မူကြိုကျောင်းသူ သမီးငယ် ခင်ပပနွယ်ကလေးကို ၀င်ပြီးကြိုလိုက်ပါတယ်။သူု့ဆရာမတွေက ၀ိုင်းပြီးချစ်နေကြတာကိုမြင်ခဲ့ရပါတယ်။သူဟာ အဖြူရောင်ပန်းလေးသက်သက်ပါ။သူ့ရင်ထဲ ရှိတဲ့အတိုင်းပြောတတ်ပါသည်။-မပီကလာ နဲ့ ခင်ပပနွယ်က ဆရာမတွေကို နှုတ်ဆက်ခဲ့ပါတယ်။ “““ချာမ-ချာမ-သမီး သွားတော့မယ်နော်၊ မနက်ဖြန်ကျရင်လည်း ဆရာမတို့ပန်ဖို့ ပန်းတွေ ယူလာပါအုံးမယ်နော် ချာမ…။တာ့တာ..ဘိုင်ဘိုင်..သွားပြီ…သွားပြီ ”””””လို့ နှုတ်ဆက်တာကြားခဲ့ရပါတယ်။

ယခုခေတ်မှာ ပန်းကလေးတွေကို ကိုက်ပြီးဖျက်စီးနေကြသူများ..ကင်းစင်ကြပါစေ..။

ရွှေလမ်းငွေလမ်းဝင်းကြည်
၁၉၉၉ ခုနှစ်က ရေးပါ၏။
အယ်ဒီတာများက မသုံးရဲပါ ဟု ပြန်ပို့စာမူဖြစ်ပါသည်။
READMORE
 

တုမနိုင်းသာ.....

တုမနှိုင်းသာ


ဝထ္ထုတို
ရွှေလမ်းငွေလမ်းဝင်းကြည်

(၁)

ကျုပ်ရဲ့ သမီးရဲ့ စာကို အကြိမ်ကြိမ်ဖတ်ပြီး အသဲမှာ ဓါးတစ်ရာ၊ လှံတစ်ရာနဲ့ အကြိမ်ကြိမ် အခါခါ ထိုးဆွခံနေရသလိုပါပဲဗျာ…။ ကျုပ်ဖခင် တစ်ယောက်ရဲ့ မဟာအမှားကို မိသားစုဘ၀ရဲ့ သမိုင်းမှာ စာမျက်နှာ ကျော်လှန်ပြီး ချန်ထားခဲ့လို့ ဘယ်မှာ ရမှာတဲ့လဲ။…နှစ်တွေ ကြာသွားလို့ အသဲမှာ အမာရွတ် ကြီးလာခဲ့တာ သမီးရဲ့ စာက ယနေ့အထိ ကျုပ်အမှားကို ပြန်ဆွပေးနေပါပြီ။ လွန်ခဲ့တဲ့ နှစ်(၂၀)ကျော်က ကျုပ်တို့ မိသားစုဘ၀လေးကို ပြန်တွေးမိပါတယ်။

(၂)

ကျုပ်နာမည်က “ စောသာဦး ”၊ ကျုပ်ဇနီးက “ ဒေါ်မြတ်မိုး”၊ သမီးကလေးနာမည်က “မွှေး” ပါဗျာ၊ ဘ၀ အစ သက္ကရာဇ်ကို ပြန်တွေးလိုက်တော့ ကျုပ်တို့ လင်မယားဟာ ၁၉၇၀ ခုနှစ်မှာ (စက်မှု တက္ကသိုလ်ကျောင်း)ဆင်းခဲ့ကြပါတယ်။…၁၉၇၃ ခုနှစ်---အင်ဂျင်နီယာဌာန မှာအလုပ်ကိုယ်စီရပြီ လက်ထပ်ဖြစ်ခဲ့ကြပါတယ်။ မြန်မာပြည်ရဲ့ မြေလတ်ပိုင်းဒေသ မြို့နယ်ကလေး တစ်မြို့မှာ တာဝန်ကျခဲ့ပါတယ်။ သာယာလှပတဲ့ အိမ်ထောင်ကလေး တစ်ခုကို သာယာလှပ ရိုးသားကြတဲ့ ပတ်ဝန်းကျင်မှာ တည်ဆောက်လာခဲ့ကြပါတယ်။ ချစ်စရာ ကောင်းတဲ့ မြန်မာမှု ဓလေ့ ထုံးစံ ယဉ်ကျေးမှုတွေကို အပြည့်အ၀ ခံစားကြရပါတယ်။
၁၉၈၀ ခုနှစ်လောက်မှာ သမီးကလေး “ မွှေး ” ကို အညာမှာ မွေးဖွားခဲ့ရပါတယ်။ အဲဒီ နှစ်ထဲမှာပဲ အစိုးရက ပေးတဲ့ ကိုယ်ပိုင် မြေကွက်ကလေးထဲမှာ ၀ါးအိမ်လှလှလေး တည်ဆောက်ခဲ့ပါတယ်။ စားသောက်စရာ သစ်သီးသစ်ပင် စုံလင်စွာစိုက်ပျိုးပြီးအိမ်ဝိုင်းလေးထဲမှာ မိသားစု ကမ္ဘာလေး တည်ဆောက်ခဲ့ပါတယ်။ သွားရေး၊ လာရေးအတွက်လည်း မိသားစု (၃)ဦးအတွက် စက်ဘီးကလေး တစ်စီးနဲ့ လိုရာ ခရီးကို သွားကြတယ်။ သမီးကလေး “ မွှေး ” ကို စက်ဘီးကလေးနဲ့ မူကြိုကျောင်းကို ပို့ပြီး ချစ်ဇနီး “ မြတ် ” နဲ့ ရုံးဆင်း ရုံးတက် စက်ဘီးကလေး စီးရတာ သိပ်ပျော်စရာ အကောင်းသား။ ကျုပ်က ရှေ့က စက်ဘီးကိုစီး၊ နောက်က “ မြတ် ” က ထိုင်လိုက်ရင် ကျုပ်ကျောပြင်ကို လက်သီးကလေးနဲ့ ဖွဖွလေး ထုပြီး မေးတယ်။ “ မောသလား ကိုဦးရယ်” ……တဲ့။ စိုင်းထီးဆိုင် သီချင်း အမှတ်ရပြီး ကျုပ်က “ မောတော့၊ မောတာပေါ့၊ ဒါပေမယ့် မမောဘူး” …လို့ ပြောခဲ့တယ်။ သာယာလှပတဲ့ မိသားစု ဘ၀ကလေး စိတ်ချမ်းသာလိုက်တဲ့ ဖြစ်ချင်း၊ ဘာနဲ့မှ မလဲနိုင်ပါဘူးဗျာ။
(၃)

တစ်နေ့ နံနက်က ထမင်းစားနေတုံးမှာ --အိမ်ရှေ့လမ်းမကြီးပေါ်မှာ အော်ခေါ်သံရယ်၊ ကားသံရယ် ကြားလို့ လှမ်းကြည့်မိတဲ့အခါ အိမ်ပေါက်ဝ ကို ခေတ်ပေါ် (ပါရာဒို) ကားသစ် တစ်စီးထိုးရပ်ပါတယ်။

“ ဟေ့ ဒါ--စောသာဦးနဲ့ မြတ်မိုးတို့ အိမ်လား၊” “ဟာ သူငယ်ချင်း မိုက်ကယ်သိန်း လာလာ”။
လတ်စသတ်တော့ တက္ကသိုလ်မှာ အတူတူ နေလာတဲ့ သူငယ်ချင်း မိုက်ကယ်သိန်းကို ကျုပ်နဲ့ မြတ်လဲ စားလက်စ ထမင်းကို ရပ်ပြီး အားရ၀မ်းသာ ဆီးကြို နှုတ်ဆက်ခဲ့ပါတယ်။
“ ဟေ့ မိုက်ကယ်၊ သူငယ်ချင်း လာထိုင်ကွာ” မင်း ဘယ်ကို ရောက်ပြီး ဘာတွေ လုပ်နေတာလဲ..ဘယ်ကနေ လာတာလဲ။ ဒီ သိန်းထောင်ကျောတန် ကားကြီး စီးလာတော့ ရှင်းပါဦး”
ကျုပ်က မေးခွန်း ရှည်ကြီးတွေ မေးတယ်- မိုက်ကယ် သိန်းမှာ ကျောင်းပြီးနှစ်မှာ နိုင်ငံခြားက ထွက်တယ်။ ကုမဏီ တစ်ခုမှာ အလုပ်ဝင်လုပ်ပြီး ကြီးပွားနေကြောင်း၊ ယခု မိဘများထံ လာကန်တော့ကြောင်း၊ အိမ်ထောင်မပြုသေးဘဲ မိဘကို လုပ်ကျွေးနေကြောင်း၊ ဒေါ်လာ ဘယ်၍ ဘယ်မျှ ရကြောင်း၊ မြန်မာငွေ သိန်းနှင့်ချီပြီး တစ်လတစ်လ ရရှိကြောင်းရယ်။ ကျုပ်တို့ မိသားစု ယခုလို နေတာမြင်လို့ စိတ်မကောင်းဘူးတဲ့ဗျာ..။ သူငယ်ချင်းတွေကို ကူညီမယ်။..သူအပြန် နိုင်ငံခြား အလုပ်လုပ်ဖို့ ခေါ်မယ် ကုန်ကျစရိတ် ငွေကိုသူကကျခံပေးမယ်.. အို စုံလို့ပါပဲ။
“ သူငယ်ချင်း စောသာဦးနဲ့ မြတ်- မင်းတို့ စဉ်းစားမနေနဲ့ ဒါအခွင့်အရေးပါ-ငါနောက်လ၀က်လောက်မှာ ပြန်မယ်-မြတ်ခွင့်ပြုလိုက်ပါဟာ-”။
“ သူငယ်ချင်း မိုက်ကယ်ရာ ငါယောက်ျားကိုတကယ်ခေါ်မယ်ဆိုရင်ငါ ခွင့်ပြုပါတယ်ဟာ…မိန်းမသားပဲ သူငယ်ချင်းရယ်--တိုက်နဲ့ ကားနဲ့ စိန်နားကပ်နဲ့ နေချင်တာပေါ့ဟာ..သမီးကလေး မွှေးကိုလည်း အဆင့်အတန်းမြင့်မြင့်ထားချင်ပါတယ်။ ဒါပေမယ့် ကိုဦးရဲ့ သဘောပါလေ။”
“ ကဲ ကဲ မင်းတို့ လင်မယား တိုင်ပင်ပြီး စီစဉ်ပြီးရင် ရော့ ငါ့လိပ်စာကဒ်၊ င့ါဆီကို တစ်ပါတ်ကြိုပြီး လာခဲ့ကြပေါ့နော်..။
ကျုပ်တို့ လင်မယား ထီမထိုးဘဲ ထီပေါက်တဲ့ မျက်နှာတွေနဲ့ ထွက်သွားတဲ့ (ပါရာဒို)ကားကြီးကို ငေးကြည့် ကျန်ခဲ့မိပါလေတော့တယ်…”

(၄)
ကျုပ်နဲ့ မြတ်လည်း မိုက်ကယ်သိန်း ပြောတဲ့ စကားကြောင့်ရယ်၊ ကျုပ်ကလည်း ဘ၀ကို စွန့်စားပြီး လုပ်ချင်တာရယ်ကြောင့် မြတ်ရဲ့ လိုအင်ဆန္ဒကို လိုက်လျောခဲ့ပါတယ်။ သူငယ်ချင်း မိုက်ကယ်သိန်း ကျေးဇူးကြောင့် ယနေ့ ရေပန်းစားနေကြတဲ့ နိုင်ငံခြား ထွက်တဲ့ အလုပ်နဲ့ ဒေါ်လာစားကြီး ဖြစ်နေပါပြီ။ မြတ်တို့ မိသားစု နေချင် ရောက်ချင်တဲ့ ဘ၀ဖြစ်တဲ့ တိုက်ရယ်၊ ကားရယ်၊ ရွှေရယ်၊ ငွေရယ် လိုလေသေးမရှိ ထားပေးခဲ့တယ်။ ဒါပေမယ့် ကျုပ်ကတော့ အလို မပြည့်ခဲ့ပါဘူး။ မိသားတစ်စု အမိမြန်မာပြည်မှာ နေခဲ့ရတဲ့ ဘ၀ကိုလည်း အမြဲ တမ်းတနေမိပါတယ်။ ဘယ်ရှေးဘ၀က ဘယ်ဝဋ်ကြွေးလည်း မသိပါ။ မိသားစု အသိုက်အမြုံလေး ပျက်ပြီး အမိမြန်မာပြည်နဲ့ ဝေးတဲ့ အရပ်မှာ ဘ၀ကို စတေးခံလိုက်ရပါပြီ။
အစာသာမြင်ပြီး ငါးမျှားချိတ်ကို မမြင်ခဲ့မိတဲ့ ငါးမိုက်ဘ၀၊ တံငါသည်ထောင်ထားခဲ့တဲ့မြုံဘ၀ ကျဉ်းကျဉ်းလေးထဲ ၀င်ပြီး သာယာခဲ့မိတဲ့ ငါးမိုက်ဘ၀ ပြန်မထွက်တတ် ဖြစ်ခဲ့ရပါပြီ။၊ ကျုပ်ငယ်ငယ်က ဆရာဘုန်းကြီး ဆုံးမခဲ့တဲ့ မိတ်ကောင်း ဆွေကောင်း ထင်ပြီး ဆရာပေါင်းမှားရင် ဘ၀ ပျက်တတ်သတဲ့လေ..။
ကျုပ်ဆရာ တင်ခဲ့တဲ့ မိုက်ကယ်သိန်း စေခိုင်းတဲ့ အတိုင်း အကုန်လုပ်ခဲ့တယ်။ စာချုပ်တွေ လက်မှတ်ထိုးခဲ့ရတယ်။ အလုပ်ရအောင် တစ်မျိုး၊ နိုင်ငံထဲ နေခွင့်ရအောင် တဖုံ နိုင်ငံခြားသူ တစ်ယောက်နဲ့ နားလည်မှု လက်ထပ် စာချုပ်ထိုးပေးခဲ့ရတယ်။ ယခုတော့ နှစ်စာချုပ်ပြည့်လို့ ပြန်မယ်ဆိုတော့ နိုင်ငံခြားသူ မချောက လက်ထပ်စာချုပ်ဖြင့် အပိုင် ကိုင်ပေါက်လိုက်ပါပြီ။ ကုမဏီကလည်း ကျုပ်မပြန်သာအောင် မက်လုံးပြ ဒေါ်လာ တိုးပေးတယ်။ သူငယ်ချင်းမိုက်ကယ်သိန်းလည်း ဒီကနိုင်ငံသား ဖြစ်နေပြီတဲ့။ သူ့မကယ်နိုင်-ကိုယ့်မကယ်နိုင် အကြောင်းပြန်တယ်လေ။ ဒေါ်လာမက်မိတဲ့ ကျုပ်-ကျုပ်ချစ်တဲ့ မြန်မာပြည်၊ ကျုပ်ချစ်တဲ့ မိသားစုနဲ့လည်း ရာသက်ပန် ဝေးရပြီ၊ မြန်မာမှု ၊ မြန်မာ့ဟန် မြန်မာ့ ပတ်ဝန်းကျင်တွေထဲက ချစ်ဇနီး “ မြတ်” ၊ ချစ်သမီး “ မွှေး ” တို့နဲ့ ဖေဖေ ဝေးရပါပြီ။ သမီးရဲ့ သတိတရ သတိပေးစာဟာ ဖေဖေ နောင်တရခဲ့တာ ယခုတော့နောက်ကျသွားပြီ။

(၅)

• ဟို --အဝေးဆီက သမီးငယ်ရဲ့စာ
ကဗျာကယာ ရှာဖတ်ကြည့်
အသဲမာသူ အဖေမှာ အရည်ပျော်မျက်ရည်ဝဲ
ကြေကွဲဆို့နင့်ခံစားရပြီ သမီးငယ်…….။

အို …အဖေရယ်….
အမေတော်တွေ မများလိုက်ပါနဲ့
တလောကလုံးရှာ-အဖေအစစ်ဆိုတာ အစားမရနိုင်ပါဘူး။
အိမ်ဦးခန့်က (အဟမ်း) ဆိုတဲ့
ဖေဖေရဲ့ ချောင်းဟန့်သံတွေဟာ
သမီးတို့အတွက် တကမ္ဘာလုံး ရှိသမျှ
ဘေးရန် အန္တရာယ်တွေကို
ဝေးရန် တားဆီးပေးနေခဲ့ပါပြီ။…
ဖေဖေရဲ့ (အဟမ်း) (အဟမ်း) ချောင်းဆိုးသံတွေ
ထပ်မံ ထပ်မံပြီး ဘ၀ဂ်သို့ လျှံအောင်
သမီးတို့ နားဝ မြင့်မိုရ်တောင်မက
ထာဝရ ကြားပြီး အားကိုးနေပါရစေသား…။
အို ချစ်သော ဖေဖေ…။

ကျုပ်တို့ မိသားစု ဘ၀ တစ်ခုရဲ့ သမိုင်းမှာ ပြင်မရတော့တဲ့ မဟာအမှားကြီး တစ်ခုကို ဖေဖေဘာနဲ့ အစားထိုးလဲနိုင်မှာလည်း ချစ်သမီးလေး “ မွှေး ” ရယ်…။


ရွှေလမ်းငွေလမ်းဝင်းကြည်
6-10-2009 နံနက်(၅)နာရီ ရေးသည်။
(နိုင်ငံခြားမှ သူငယ်ချင်းတစ်ယောက်အတွက်ပါ..။)
READMORE
 

သိက္ခာအစားထိုး၍ ဘ၀ရေချိုးဆင်း....

သိက္ခာအစားထိုး၍ ဘ၀ ရေချိုးဆင်း

ဝထ္ထုတို
ရွှေလမ်းငွေလမ်းဝင်းကြည်

(၁)

“ အမေ သမီး အဖေ့ဆီကို ပိုက်ဆံ သွားတောင်းလိုက်အုံးမယ်နော်”
“ တောင်းမနေပါနဲ့ သမီးရယ် ညည်းအဖေက မန္တလေးမြို့ကြီးမှာဆိုတော့ ဒီကနေသွားရင် ကားခ အသွားအပြန်ကုန်မှာက ၈၀၀၀ ကျပ်၊ စားစရိတ်နဲ့ဆို တစ်သောင်းကျော်ကြီး ကုန်မှာ။ ဟိုရောက်တော့လည်း ညည်းမိထွေးငယ်ကလေးက ကြည်ဖြူမှာ မဟုတ်ဘူး။ သူများကို အားမကိုးစမ်းပါနဲ့ကွယ်။”
“ အို အမေကလည်း သူမကြည်ဖြူလည်း နေပေါ့၊ အဖေက သမီးကို အချစ်ဆုံး၊ သမီးတို့ မောင်နှမ ၄ ယောက်စရိတ်ကို တာဝန်ယူပါ့မယ်လို့ ကတိပေးထားတာပဲ။ အမေ၊ မောင်လေးနဲ့ညီမလေးတွေ ကျောင်းအပ်ရတော့မယ်၊ အမေ့ဆိုင်က ရတာနဲ့ သမီးလခ နှစ်ခု ပေါင်းရင်တောင် သူတို့ သုံးယောက်ရဲ့ ကျောင်းစရိတ် ဘယ်လောက်မှာတုံး အမေရယ်…”
ကျမပြောလိုက်တဲ့ စကားကြောင့် အမေ မျက်နှာညှိုးကျသွားပါတယ်။ အမေနှင့် အဖေသည် အိမ်ထောင်သက် (၂၀)မှာ အိမ်ထောင်ရေး ပြိုကွဲခဲ့သည်။ အဲဒီအချိန်မှာ ကျွန်မရဲ့ အသက် ၁၉ နှစ်သာ ရှိသေး။ ယခုမောင်လေးက အသက်(၁၈)နှစ် ၁၀ တန်း၊ ညီမလေးက ၁၆ နှစ် ၆ တန်းကျောင်းသူ၊ ညီမ အငယ်ဆုံးလေးက ၁၂ နှစ် ၇ တန်း ကျောင်းသူတွေပါ။ ကျောင်းသား (၃) ယောက်စရိတ်က မနည်းပါ။
အဖေ နောက်မိန်းမငယ်လေးကို ယူလိုက်ပြီဟု သိသောနေ့သည် ကျွန်မအတွက် ဒေါသ သောက မုန်တိုင်းကျသော နေ့ပါ။ အဖေနဲ့အမေ မင်္ဂလာဆောင် စုံတွဲ ရိုက်ထားသော ဓါတ်ပုံကြီးကို ရိုက်ခွဲခဲ့မိတယ်၊ မှန်များက တစ်စစီကြေမွ သွားသလို ကျမရဲ့ အသည်းနှလုံးတွေလည်း တစ်စစီ လွင့်စဉ်သွားမတတ် ခံစားလိုက်ရပါတော့တယ်။

(၂)

“ အဖေ၊ သမီးလာနေတာ၊ မြင်ရဲ့လားဟင်….”
“ ဟာ သမီးကြီး မဦး၊ ဒီလ မလာတော့ဘူးလို့ အဖေ ထင်နေတာ။ ကဲကဲ လာလာ အိမ်ထဲဝင်ခဲ့။ သမီးရဲ့ မောင်လေး ပုခက်ကို ခဏလွှဲထားလိုက်ပါဦး။ ညည်းရဲ့မိထွေး မစိန်ပိုကို လိုက်ခေါ်လိုက်အုံးမယ်”
ကျမရဲ့ အဖေဟာ ကျမ လာတာကို အထိတ်တလန့် ဖြစ်သွားပုံ ရပါတယ်။ သစ္စာဖောက်သော အဖေတွေ လိပ်ပြာ မသန့်ပုံများ ပုံကို ပျက်နေတာပဲ။ အဖေ ထွက်မသွားခင် ရင်ထဲမှ စကားတွေက ဘယ်က ဘယ်လို ထွက်သွားသည် မသိလိုက်။
နေပါအုံး အဖေရယ် မမ စိန်ပို မရှိခင် သမီး စကားအေးအေးဆေးဆေး ပြောပါရစေ။ သမီး ရောက်လာတာကို မြင်တာနဲ့ သရဲသဘက်ကို တွေ့တာ ကျနေသလို အဖေ့ပုံပန်းသဏ္ဍာန်က ပြနေတယ်။ သမီးတို့ မောင်နှမလေးယောက်ဟာ အဖေနဲ့ မွေးခဲ့တာပါ အဖေ။ အမေနဲ့ သမီးတို့ သားအမိ(၅)ယောက်ရဲ့ အသည်းနှလုံးတွေ ခြေမွ နင်းခြေစတေးပြီး အဖေနဲ့ မစိန်ပိုတို့ ပျော်နေကြတာပါ အဖေ။ အခုလည်းသမီးရဲ့ မောင်လေး၊ ညီမလေးတွေ ကျောင်းအပ်ရတော့မှာမို့ အဖေ့ဆီကို လာခဲ့ရတာပါ။ အဖေ့ကိုမြင်တိုင်း သမီးရဲ့ ရင်ထဲမှာ ၀မ်းနည်း အလုံးကြီး ဆို့ဆို့တက်ပြီး ၀မ်းနည်းရပါတယ် အဖေရယ်”
ကျွန်မ ပြောဆိုသော ရင်ထဲက စကားသံကြောင့်လား မသိ၊ ပုခက်တွင်းမှ ၆ လသား မောင်လေးက ငယ်သံပါအောင် စူးစူးဝါးဝါး အော်၍ ငိုနေပါတော့သည်။

“ ဟုတ်တယ် ဟုတ်တယ် မိန်းမ ပိုပိုက နိမိတ်ဖတ် သိပ်ကောင်းတာပဲ၊ အထူးဧည့်သည်ဆို ငါရဲ့ အချစ်ဆုံးသမီးဦး လာတာဆိုတော့ သူကြိုက်တဲ့ ၀က်သားဟင်း ချက်ကျွေးစမ်း မိန်းမရာ”
ကျမသည် ငိုနေသော မောင်လေးအား ပုခက်လွှဲသိပ်နေစဉ် အဖေနှင့် မစိန်ပိုတို့ စကားလုံးများကြောင့် နာကြားပြင်းကတ်နေပါတယ်။ ကျမရဲ့ မကြားချင်၊ မခံချင်သော စိတ်ကို မျိုသိပ်၍ လာရင်းကိစ္စ အဆင်ပြေအောင် ကျမရဲ့စိတ်ကို တစ်ပတ်လျှော့ပြီး ဆက်ဆံလိုက်ပါတယ်။ ကျွန်မရဲ့ စိတ်ထဲက ပြောနေသော ရင်ထဲက စကားများကိုတော့ သူတို့ နှစ်ဦး ကြားမည် မထင်ပါ။
သြော် မစိန်ပိုက ကျွန်မရဲ့ အဖေ ဦးသာထွေးကို ကိုကိုသာတဲ့၊ အဖေက ပြန်ခေါ်လိုက်တာက ပိုပိုတဲ့…။
“ အဖေတို့ နှစ်ယောက်ဟာ ပိုပိုသာသာနဲ့ တကဲကဲ အပြန်အလှန်ခေါ်ဆို ချစ်နေလိုက်ကြတာ သမီးတို့ သားအမိ ငါးယောက်အတွက် အဖေရဲ့ အချစ်တွေ မရှိတောပါဘူး အဖေ…။ အမေဟာ အဖေ့ထက် နှစ်နှစ်လောက်ကြီးပေမယ့် အဖေ့ထက် နုနယ်ပါသေးတယ်။ သမီးနဲ့ အမေ လမ်းလျှောက်သွားကြရင် ညီအစ်မလား အမေးခံရပါတယ်။ အဖေက အမေ့ကို ဘာကြောင့်ခွဲထားခဲ့တာတုံး အဖေရယ်။ ယခု အဖေယူထားတဲ့ မမစိန်ပိုဟာ အရွယ်ငယ်တာကလွဲပြီး အမေ့ရဲ့ အလှကို မမီပါဘူး အဖေ” အသံမထွက်ဘဲ ပြောနေသော ကျွန်မရဲ့ ရင်ထဲက စကားများ ဖြစ်ပါသည်။
“ ဟဲ့ သမီး မဦး ဘာကြောင် ကြည့်နေတာလဲ၊ ညည်းမောင်လေးက အိပ်သွားပြီ၊ ကဲလာပါဦး ထပါဦး အဖေနဲ့ ပိုပိုတို့ဆီ လာပါဦးကွယ် ထထ၊ ဟေ့ မိန်းမ ပိုပိုရေ သမီးကို ငွေငါးသောင်း ပေးလိုက်ပါ”
ကျွန်မသည် အိပ်နေသော မောင်လေးအား ငေးကြည့် ရင်ထဲမှ စကားတွေ ပြောရင်း အဖေနဲ့ မစိန်ပိုတို့ထံ ထလာခဲ့ပါတယ်။ လောကအလယ်မှာ လောဘ၊ ဒေါသ၊ သောက ကင်းအေးစွာ အိပ်မောကျနေသော ပုခက်ထဲမှ မောင်လေးရဲ့ ဘ၀ကို ကြည့်ပြီး အားကျမိလိုက်ပါသည်။

(၄)

ကျွန်မသည် အဖေ ပေးလိုက်သော ငွေများကို အမေ့ထံ အပ်လိုက်ပါသည်။ ငွေအပ်ပြီးတာနဲ့ အဖေနဲ့ အမေရဲ့ ကွဲခဲ့ရတဲ့ အကြောင်းကို ပြန်လည်စဉ်းစားနေမိပါတယ်။
ကျွန်မတို့ မိသားစုသည် မြေလတ်မြို့ကလေးတစ်ခုရဲ့ လမ်းတံတားစီမံကိန်းတစ်ခုမှာ ပျော်ရွှင်ချမ်းမြေ့စွာ နေလာခဲ့ကြပါသည်။ အဖေက လမ်းကြိတ်စက် ယန္တရားမောင်းဖြစ်တယ်။ အမေက စီမံကိန်းတွင်းမှာ ကွမ်းယာ၊ ဆေးလိပ် ရောင်းတယ်။ စီမံကိန်း တန်းလျားဘေးမှ အဖီကလေးဆွဲပြီး ကွမ်းယာဆိုင်ဖွင့်ပါတယ်။ ညနေခင်း အလုပ်သိမ်းချိန် ပြန်လာသောအခါ အဖေရဲ့ သူငယ်ချင်းများလာလျှင် အမေက အရက်မြည်းရန် ဖွယ်ဖွယ်ရာရာ ပြုလုပ်ပေးရစမြဲ။ အဖေရဲ့ သူငယ်ချင်းများက အမေ့ကို ဘိုမ ဘိုမဟု ခေါ်ကြပါတယ်။ အမေရဲ့ နာမည်မှာ မငွေစိန်ဖြစ်သော်လည်း အမေသည် အပျိုပေါက်ဘ၀မှ အဖေနဲ့ရပြီး ကလေး ၄ ယောက်အမေအထိ ဘိုမ တစ်ဦးကဲ့သို့ ချောမ လှပပြေပြစ်၍ ဘိုမနှင့်တူ၍ “ ဘိုမ ဘိုမ” အမည်တွင်ခဲ့ခြင်း ဖြစ်ပါသည်။
တစ်နေ့သော ညနေမှာ အဖေနဲ့ အမြဲတတွဲတွဲ အတူလာ၊ အတူသွား အတူအရက်သောက်ဖော် သူငယ်ချင်းများ ကိုခင်အောင် အိမ်သို့ ရောက်လာပါတယ်။ အိမ်မှာက အမေ တစ်ယောက်တည်းသာ။ ဧည့်သည်ဆိုတော့လည်း အမေက ဧည့်ဝတ်ပြုရတာပေါ့။
“ ထိုင်ပါ ကိုသာထွေးက ဘယ်မှာ နေခဲ့သလဲ ” အမေက မေးသတဲ့လေ။
““သာထွေးက ဒီကစောင့်နေပါတဲ့။ မနေ့က ကျန်ခဲ့တဲ့ ပုလင်းလက်ကျန်ကို သုံးဆောင်ရင်း စောင့်နေပါဆိုလို့ ငါလာခဲ့တာ ဘိုမရေ””
အမေက လာနေကျဖြစ်တဲ့ အဖေနဲ့ အရက်အတူ သောက်တဲ့ သူငယ်ချင်း ကိုခင်အောင်ဆိုတော့ ထုံးစံအတိုင်း လက်ကျန်ပုလင်းကို စားပွဲပေါ်မှာ ချပေး လက်ဖက်သုပ် အမြည်းတစ်ပွဲ ပြင်ပေးပြီး ဧည့်ခံထားလိုက်ပါတယ်။ သူ့ကို ဧည့်ခန်းမှာ ထားခဲ့ပြီး မီးဖိုထဲက ချက်ပြုတ်လက်စအိုးကို ပြန်ချက်နေပါတယ်။ ထမင်းတစ်အိုး ကျက်သွားပြီး ငါးကြော်ရန် ဆီပူကျက်နေတဲ့ ဒယ်အိုးထဲကို ငါးများထည့်လိုက်ပြီး တရှဲရှဲ မြည်နေဆဲ အချိန်မှာ ဧည့်ခန်းမှ ဧည့်သည်က မီးဖိုထဲ ၀င်လာသတဲ့။
“ ဟဲ..ဟဲ..ဟဲ ..ဘိုမကတော့ ယခုထိ စက်ရုပ်ကျနေတာပဲ၊ သိပ်လှနေတာပဲ၊ ဒီပါးကလေးတွေကိုက ချစ်စရာ သိပ်ကောင်း..”
“ အို ရှင် ဘာကြောင့် မီးဖိုထဲ ၀င်လာရတာလဲ ကျွန်မ ပါးကို မကိုင်ပါနဲ့ လွှတ်စမ်းပါ၊ အခုထွက်သွားပါ၊ ကျွန်မ အော်လိုက်မှာနော်”
ဦးခင်အောင်မှာ အရက်ကလည်း မူးနေပြီး အမေ့ကို ဇွတ်ဝင်လုံးသတဲ။ အမေကလည်း ပတ်ဝန်းကျင် သိသွားရင် သိက္ခာကျမှာစိုးလို့ ကျိတ်ပြီး ရုန်းကန်နေတုံးမှာ အဖေ ရောက်လာသတဲ့။ ဘာမပြော၊ ညာမပြောနဲ့ အဖေက ဒေါသကို ရှေ့တန်းတင်လိုက်တယ်။ အထင်လွဲပြီး အမေ့ကို အဲဒီလူနဲ့ စွပ်စွဲတော့တာပဲ။ အမေ ရှင်းပြတာကို လုံးဝ လက်မခံတော့ပါ။ အရက်မူးနေတဲ့ အဖေ့သူငယ်ချင်း ကိုခင်အောင်ကလည်း ဘာမှ မပြောဘဲ ထွက်ပြေးသွားတော့ ပိုဆိုးသွားခဲ့ပါသည်။ အမေကတော့ ရှက်လွန်းအားကြီးလို့ မျက်ရည်တွေ စီးပြီး အံကြိတ်ပြီး..
“ ဒီမယ် ကိုသာထွေး ငွေစိန်တို့ကို အရှက်နဲ့ အသက် လဲသွားမယ်သိလား။ ရှင်က အရက်သမားချင်း သစ္စာရှိ အထင်ကြီးပြီး ကိုယ့်သူငယ်ချင်းကိုတော့ လိုက်ပြီး ဘာမှ မမေး မပြောဘဲနဲ့ ကျွန်မကို ယခုလို တိတ်တိတ်ပုန်းဖောက်ပြန်နေတာ ဘယ်နှခါရှိပြီလဲဆိုတော့ ကျွန်မ ရင်နာတယ် သိလား”
အဲဒီအချိန်မှာ အဖေကလည်း အပြင်က အရက်သောက်လာတာဆိုတော့ အရှိန်က မြင့်နေတယ်ပေါ့။ ဒါပေမယ့် အရက်သာ မူးတာ ဘေးပတ်ဝန်းကျင်သိမှာစိုးတော့ ကျိတ်ပြီး တိုးတိုးတိတ်တိတ် ရန်ဖြစ်နေကြတယ်။ အဲဒီနေ့ကစပြီး အဖေ အရက်တွေ ပိုပိုပြီး နေ့စဉ် သောက်လာခဲ့ပါတယ်။ လုပ်ငန်း ဂျူတီချိန်တွေ ခဏခဏ ပျက်ခဲ့တယ်။ ဒါကြောင့် အထက်လူကြီးတွေက အဖေ့ကို ရှမ်းပြည်နယ်မြောက်ပိုင်းကို ပြောင်းပြစ်လိုက်ပါတယ်။ အမေကတော့ ကျမတို့ မောင်နှမတွေ ကျောင်းတွေက တန်းလန်းနဲ့ဆိုတော့ အဖေနဲ့အတူ လိုက်မသွားနိုင်ခဲ့ပါဘူး။ အဲဒီလိုနဲ့ တစ်နှစ်မပြည့်ခင် ကာလလောက်မှာ အဖေက ရောက်တဲ့နေရာမှာ နောက်မိန်းမ ယူလိုက်တာကို ကျွန်မ သိလိုက်ရပါတော့တယ်။ အမေကတော့ ကျွန်မ တို့ သားသမီးတွေ မျက်နှာကို ငဲ့ပြီး အဖေ့ကို တရားဝင် မကွာရှင်းခဲ့တာလို့ သိခဲ့ရပါတယ်။
လောကတွင် တံခွန်မရှိတဲ့ဘုရား၊ လင်မရှိသော မိန်းမ မတင့်တယ်မကြည်ညိုဟု ရှေးလူကြီးသူမ ပြောကြားခဲ့ဖူးပါတယ်။ ကျွန်မရဲ့ အမေကို ဘေးပတ်ဝန်းကျင်က အမျိုးမျိုး ဝေဖန်မေးငေါ့ကြပါပြီ။ အမေဟာ အိမ်ထောင်ဦးစီး ယောက်ျားမရှိတော့ ကျွန်မတို့မိသားစုအတွက် ၀င်ငွေကို တိုးပြီး ရှာရပါတယ်။ အိမ်မှာတင် ကွမ်းယာထိုင်ပြီး မရောင်းတော့ဘဲ ဆောက်လုပ်ရေး စီမံကိန်း လုပ်ငန်းခွင်မှာ ရှိကြတဲ့ စက်သမား၊ ကားသမားတွေဆီ အရောက် ကွမ်းယာထုပ်၊ ဆေးလိပ်ဘူး၊ အချိုရည် စတဲ့ စားစရာတွေကို လိုက်ရောင်းပါတော့တယ်။ ကျွန်မကို သတိပေးသလို တိုင်သလိုနဲ့ ပတ်ဝန်းကျင်က လာပြီး ကျွန်မကို ပြောကြပြန်ပါပြီ..။
“ ညီးအမေက ဟိုစက်သမား၊ ဟိုကားသမားနဲ့ ရယ်ရယ်မောမော ဈေးရောင်းနေတယ် လူမြင်လို့မှ မကောင်းပါဘူး မဦးရယ်၊ အိမ်မှာ သမီးအပျိုပေါက်ကလေးတွေ ထားပြီးသွားတော့ မတင့်တယ်ပါဘူး” စတဲ..့ စတဲ့.. စကားတွေလာပြောကြပါတယ်။ ကျွန်မ အမေဟာ သားသမီးတွေ စားဝတ်နေရေးအတွက်သာ စီးပွားရှာနေတာပါ။ ဘယ်ယောကျာ်းနဲ့မှ ဖောက်လွဲဖောက်ပြန်ပြီး နေတာထိုင်တာ သူ့အိမ်ထောင်သက် သက်တမ်းမှာ ရာဇ၀င် မရှိခဲ့တာ အမှန်ပါ။ ကျွန်မရဲ့ အမေ မျိုးရိုးဟာ ဆွေကြီး မျိုးကြီး၊ လူကုံတန်တွေထဲကပါ။ အမေက ယခု ကျွန်မတို့ အဖေကို ယူစဉ်မှာ အမေမိဘဆွေမျိုးသားချင်းတွေက သဘောမတူလို့ အဆက်အသွယ်ဖြတ်ပြီး အကြဉ်ခံရတဲ့ တစ်ကောင်ကြွက် အမေ ဖြစ်ခဲ့ရပါတယ်။ အမေဟာ မဟုတ်မခံ ဆတ်ဆတ်ကြဲ စိတ်ဓါတ် အမြဲရှိပါတယ်။ သူများက သနားလို့ အလကားထောက်ပံ့တာကိုလည်း လုံးဝ လက်မခံတတ်တဲ့သူပါ။ အမေ့ကို ကျွန်မ သနားလွန်းလို့ အဖေ့ဆီ ပိုက်ဆံသွားတောင်းတိုင်း လွယ်လွယ်ကူကူ ခွင့်မပြုခဲ့ပါဘူး။ သူများကို အားကိုးချင်တဲ့ စိတ်ကို မမွေးဖို့ အမေ အမြဲဆုံးမပါတယ်။ ဒါပေမယ့် ကျမကတော့ ကိုယ့်အဖေဆီ သမီးက ပိုက်ဆံ သွားတောင်းတာပဲ သူများ အားကိုးတာ မဟုတ်ပါဘူး၊ သားသမီးဆိုတာ မိဘကို အဓိက ထားပြီး အားကိုးမိကြတာ မဆန်းပါဘူးလေ။
လူ့ဘ၀ဆိုတာ တိုတိုလေးပါလို့ သူများတွေက ပြောကြပါတယ်။ လူ့ဘ၀ရဲ့ ကံကြမ္မာဆိုတာလည်း မျက်စေ့တမှိတ် လျှပ်တစ်ပြက်အတွင်းမှာ ပြောင်းလွှဲခဲ့မိတာ ကျွန်မ သဘောပေါက်ခဲ့ရပါပြီ။ ကျွန်မရဲ့အမေ ကျွန်မတို့ မောင်နှမတွေ အပေါ်မှာ တာဝန်ကျေခဲ့တဲ့ အမေ၊ မဟုတ်မခံဘဲ အမှန်တရားကို မြတ်နိုးအလေးထားပြီး ပတ်ဝန်းကျင်ကို ဆတ်ဆတ်ကြဲ ရင်ဆိုင်ခဲ့တဲ့ အမေ။
ယခုတော့ ပတ်ဝန်းကျင်ရဲ့ တံတွေးခွက်မှာ ပက်လက်မျောပြီး အပြောအဆိုခံခဲ့ရပါပြီ။
“ ဒီငွေစိန် ဆိုတဲ့ ဘိုမ ကောင်မ သူ့ယောက်ျားရှိစဉ်ကလည်း ဒီအောင်ခင် ဆိုတဲ့ ကောင်ကြောင့် လင်မယားချင်းကွဲသွားကြတာလေ။ ကြည့်စမ်းပါအုံး၊ ယခုတော့ ဒီကောင်နဲ့ တိတ်တိတ်ပုံး ခြေပုံးခုတ်နေကြရင်း ရန်ဖြစ်ကြလို့ သတ်ပစ်လိုက်သတဲ့တော် လူကြားလို့မ မကောင်း။ သမီးပျိုကလေးတွေ မျက်နှာကိုမှ မထောက်မညှာတော်။ ကျုပ်တို့ကတော့ ဒီလိုမိန်းမမျိုးကို လုံးဝကို မသနားပါဘူး”
ကျွန်မရဲ့ အမေကို ပတ်ဝန်းကျင်က ဒီလိုပြောသံကြားရတော့ ကျွန်မ လုံးဝ လုံးဝ လက်မခံနိုင်ပါ။ အမေ့အကြောင်း အမေ့သစ္စာ တရားကို အသိဆုံးက ဒီတစ်လောကလုံးမှာ ကျွန်မ တစ်ယောက်တည်းသာ ရှိပါတယ်။ ကျွန်မရဲ့ ရင်ထဲက ခံစားနေရတာတွေ ကျွန်မရဲ့ ကျနေတဲ့ မျက်ရည်ပေါက်တွေကသာ စကားပြောတတ်မယ်ဆိုရင် ကျွန်မရဲ့ အမေ့ဘက်က ရှေ့နေလိုက်ကြမှာပါ။
ဒီကိစ္စ သတင်းဆိုးကြီးကြောင့် ကျွန်မတို့မောင်နှမတစ်တွေ မျက်ရည်တွေ ပင်လယ်ဝေပြီး ဘ၀တွေ ရေစုန်မျှော၍ ပျက်ခဲ့ရပါပြီ။ ကျွန်မတို့ အခုလို ဒုက္ခပင်လယ်ဝေနေတုန်းမှာ ဝေးတစ်မြေကို ပစ်ခွာ ပြေးသွားတဲ့ အဖေ့ကို ကျမ ဖုန်းဆက်အကြောင်းကြားပြီး လာခဲ့ဖို့ ခေါ်လိုက်ရပါတော့တယ်။ နောက်နေ့မှာ ကျွန်မ အဖေ ဦးသာထွေး ရောက်လာခဲ့ပါတယ်။ “ သစ္စာမရှိတဲ့ ဒီမိန်းမကို ငါ သွားပြီး မတွေ့ချင်ဘူး ၊ သမီးတို့ မောင်နှမတွေအတွက် အဖေ အားလုံး တာဝန်ယူပါမယ်။ ဒီကောင်မ မိန်းမယုတ် လူသတ်မှုနဲ့ တစ်သက်တစ်ကျွန်းကျသွားလည်း ငါ လုံးဝ ၀မ်းမနည်းပါဘူး။ သားတို့ ၊ သမီးတို့ ဘာမှ အားမငယ်ကြပါနဲ့ကွာ”

(၆)

အမှု(၃)လခန့်ကြာသော် ။ ဒီလထဲမှာ ဒီနေ့ တစ်ရက်ဟာ အမေ့ကို တရားရုံးက စီရင်ချက် ချမယ့်နေ့ပါပဲ။ တိုက်တိုက်ဆိုင်ဆိုင်ပါပဲ။ ဒီတစ်လထဲမှာ “လ” ကြတ်တယ်။ “ နေ ” ကြတ်“တယ်၊ နေကြတ်၊လကြတ်တာကို တစ်ကမ္ဘာလုံး တစ်နိုင်ငံလိုး ကြိုပြီး သိကြတယ်။ ကြည့်ခဲ့ကြရပါတယ်။ ကျွန်မရဲ့ ရင်ထဲမှာ မပြောနိုင်အောင် မွန်းကျပ်နေတာတွေကိုတော့ ဘယ်သူမှ မသိကြပါဘူးနော်။ အဖေကလည်း ဒေါသတကြီးနဲ့ “ သမီးတို့က အညွန့်တလူလူနဲ့ မိန်းမပျိုကလေးတွေ ညည်းတို့အမေ သစ္စာဖောက် မိန်းမယုတ် တိတ်တိတ်ပုန်းပေါင်းပြီး လင်ငယ်သတ်ပစ်တဲ့ပွဲကို သွားကြည့်ကြဖို့ မသင့်တော်ပါဘူး။ သမီးရယ်။ ဒီနေ့ စီရင်ချက်ချတဲ့ တရားရုံးကို မသွားချင်စမ်းပါနဲ့။ သမီးတို့ပါ သိက္ခာကျသွားကြမယ် သိလား။ လုံးဝ မသွားရဘူး၊ လုံးဝ မသွားရပါဘူး။”
အဖေက ဘယ်လိုပင် တားတား ကျွန်မရဲ့ ကျေးဇူးရှင် အမေဆီ မဖြစ်ဖြစ်အောင်၊ မရောက်ရောက်အောင် သွားခဲ့ပါတယ်။
ကျွန်မ ရောက်သွားတော့ အမေ့ကို စီရင်ချက်ချတဲ့ တရားခုံရုံးတစ်ခန်းတည်းသာ ကျန်ပါတော့တယ်။ ရုံးချိန်ကုန်လို့ ညနေစောင်းပါပြီ။ ကျွန်မ ရောက်လာတာကို အမေမြင်တယ်၊ ကျွန်မကို ဘာစကားမှ မပြောပါဘူး။ သူ့မျက်လုံးတွေက အရောင်တွေ တလက်လက်ထွက်နေပါတယ်။ ပြူးကြောင်ပြီး အရောင်တလက်လက် မျက်လုံးတွေထဲက မျက်ရည်တွေ တစ်လိမ့်ချင်းတစ်လိမ့်ချင်း စီးဆင်းနေပါတယ်. အမေဟာ ကျွန်မကို တစ်ခုခု စကားပြောချင်ပုံ ပေါ်ပါတယ်။ သူ့ကို ပြစ်ဒဏ် ချမှတ်လိုက်တဲ့ ထောင်ဒဏ်ကိုလည်း ကျွန်မကို ပြန်မပြောဖို့ အသိမပေးကြဖို့ ဘေးလူတွေကို ကြိုပြီး နှုတ်ပိတ်ထားပါတယ်။ ဘယ်သူ့ကိုမှ မေးလို့ မရခဲ့ပါဘူး။ အမေ့ကို အချုပ်ကားပေါ်တင်ရန် တရားရုံးထဲက ထုတ်၍ လာပါပြီ။ အမေဟာသူ့ပါးပြင်ပေါ်က မျက်ရည်စက်တွေကို တဘက်စောင်းနဲ့ သုတ်ပြီး မျက်နှာကို တင်းတင်းထားတာ တွေ့ရပါတယ်။ ကျွန်မကို ခေါင်းညိတ်ပြီး သူ့အနားလာခဲ့ရန် ခေါ်ပါတယ်။ အမေနဲ့ ကပ်ပါလာတဲ့ တာဝန်ကျ ရဲသားက ကျွန်မ အမေကို တွေ့ခွင့်ပြုပေးပါတယ်။
ကျွန်မ လုံးဝ စိတ်မထိန်းနိုင်တော့ပါဘူး။ မျက်ရည်တွေ ဒလဟောကျပြီး အမေ့ကို ဖက်၍ ချုံးပွဲချ အားရပါးရ ငိုပစ်ခဲ့ပါတယ်။ အဲဒီအချိန်မှာ အမေဟာ ကျွန်မနဲ့ ပါးချင်းကပ်ပြီး မျက်ရည်တွေကို သုတ်ပေးနေပါတယ်။ အမေရဲ့ မျက်လုံး နှစ်လုံးဟာ အရောင်တွေ တောက်ပနေပါတယ်။ ကျွန်မရဲ့ ပါးတွေ နားတွေကိုလည်း အကြိမ်ပေါင်းများစွာ အားရ ပါးရ နမ်းနေပါတယ်။ ကျွန်မရဲ့ ညာဘက်နားကို အမေ့ပါးစပ်နဲ့ နောက်ဆုံးကပ်ပြီး တိုးတိုးကလေး မှာသွားပါတယ်။ အချုပ်ကားပေါ်သို့ အမေ ၀မ်းနည်းစွာဖြင့် တစ်လှမ်းချင်းတက်၍ လက်ပြနှုတ်ဆက်သွားပါတယ်။ အမေ မှာခဲ့တဲ့အတိုင်း အမေ့စကားကို သမီး ဘယ်သူ့ကိုမှ မပြောပါဘူး အမေရယ်၊ သမီး ကတိပေးလိုက်ပါတယ်…. အမေရယ်။ သမီး အားရပါးရ ငိုချလိုက်ပါရစေတော့။
ကျွန်မရဲ့ နားထဲမှာ အမေ တိုးတိုးလေး မှာသွားတဲ့ အသံတွေဟာ ပဲ့တင်ထပ်၍ ပြန်လည်ကြားယောင်နေဆဲပါ။
“ သမီးကို ဒီလူယုတ်မာ ခင်အောင် စော်ကားသွားတာကို ဘယ်သူမှ မသိပါစေနဲ့ သမီးရယ် ”
ပဲ့တင်ထပ်နေတဲ့ အမေ့အသံတွေနဲ့အတူ ဖြစ်ပျက်ပြီးခဲ့တဲ့ ဖျက်လို့ မရတဲ့ ဘ၀ အမည်းစက်ကြီးကို တရေးရေး ပြန်လည် မြင်ယောင်ခဲ့ပါတယ်။ ညနေခင်း နွားရိုင်းသွင်းချိန် အိမ်ထဲမှာ ကျွန်မ တစ်ဦးတည်း ရှိနေစဉ် အရက်မူးသမား လူယုတ်မာကြီးရဲ့ အနိုင်ကျင့်ခံလိုက်ရပါတယ်။ အဲဒီအချိန်မှာ အမေပြန်ရောက်လာပြီး ဒီလူယုတ်မာကြီးရဲ့ ကျောပြင်ကို ကွမ်းယာဆိုင်က ကတ်ကြေးနဲ့ အဆုံး ထိုးပစ်လိုက်ပါတယ်။ အမေ့ရဲ့ အော်သံတွေက
“ လာကြပါအုံး ၊ ကျမကို လာပြီး စော်ကားနေလို့ ကျွန်မ လက်လွန်သွားပါပြီ၊ လာကြပါဦး ၊ ကယ်ကြပါဦး”
ပတ်ဝန်းကျင်က လူတွေ ၀ိုင်းမလာခင် ကျွန်မကို ထွက်ပြေးရန် တွန်းလွှတ်လိုက်ပါတော့တယ်။ ကျွန်မလည်း အမေခိုင်းတဲ့အတိုင်း အပြင်ကို ထွက်ပြေးခဲ့ပါတယ်။
အခုတော့ ကျွန်မရဲ့ အရှက်ကို အမေ သူ့ဘ၀နဲ့ လဲသွားပါပြီ။
“အမေ တောင်းတဲ့ ကတိကို ဘယ်သူ့ကိုမှ မသိစေရပါဘူး အမေရယ်”။
“ဒါပေမယ့် သမီးရဲ့ ရင်ထဲမှာ မွန်းကျပ်ပြီး ခံစားနေရတာတွေ ပြောချင်တာတွေ ရှိနေပါသေးတယ် အမေရယ်။”
“သမီးဘ၀ ဒီလူယုတ်မာကြီးပေးသွားတဲ့ သန္မေသားကို ဘယ်သူမှ မသိ မမြင်နိုင်တဲ့ အဝေး တစ်နေရာကို သွားလို့ ရှောင်တိမ်းမွေးဖွားပြီး ဘ၀သစ်ထူထောင်ပါတော့မယ်။ အမေတိုင်းဟာ သားသမီးတိုင်းကို ချစ်တတ်တဲ့ မေတ္တာ စေတနာ သံယောဉ်ဇဉ်ကြိုး(မမြင်နိုင်တဲ့ ဖြတ်လို့မရတဲ့ကြိုး) မိခင်မေတ္တာကို သမီးနားလည် သဘောပေါက်ပါပြီ……။ အမေ့ကိုကျေးဇူးဆပ်တဲ့အနေနဲ့ ယခုလို ဆုံးဖြတ်ချက် ရဲရဲကြီးချပြီး အပြစ်မဲ့တဲ့ ဒီရင်သွေးလေးကို မွေးဖွားဖို့ စီစဉ်လိုက်ရတာ သမီးကို ခွင့်လွှတ်ကြပါ အမေနဲ့ အဖေ…….။”

(တစ်ကမ္ဘာလုံးမှာ ရှိရှိသမျှအမေများအား ဤ၀ထ္ထုဖြင့်ကန်တော့လိုက်ပါသည်။)

ရွှေလမ်းငွေလမ်း ၀င်းကြည်
စစ်ကိုင်းမြို့နယ်၊ မိုးသောက်လူငယ်စာကြည့်အသင်းမှထုတ်ဝေသော
မိဘမေတ္တာမုဒိတာ မဂ္ဂဇင်း-အတွဲ(၂) မှ ပြန်လည်ဖေါ်ပြပေးပါသည်။
READMORE
 

ရင်နာစရာ စကားတွေကို အကြင်နာနားနဲ့ ကြားပါရစေ

(၁)
လူ့ဘ၀ဆိုတာ စိတ်တိုင်းကျဖြစ်ချင်ကြပေမယ့်၊ ဖြစ်ချင်တာ မဖြစ်၊
မဖြစ်ချင်တာတွေဖြစ်ကြစမြဲပါ..။ လောကဓံတရားရဲ့ လှိုင်းအပုတ်မှာ
မြုပ်သူတွေကမြုပ်၊ ပေါ်သူတွေက ပေါ်၊ ကျော်နိုင်သူဆိုတာ ဘုရား၊ ရဟန္တာတွေက
လွဲလို့ မည်သူမျှ
မျိုးစေ့မမှန်၊ ပင်မသန် ဖူးတံငုံကင်း၊ အသီးဖျင်း၏ဟု ရှေးပညာရှိများက
စာဆိုထားခဲ့ကြပသေည်။
ကိုကျော်ငွေ တစ်ယောက် အတွေးစများထဲမှ ဖောက်ထွက်ပြီး ဒေါသထွက်နေမိ၏။
မည်သူ့ကို ဒေါသထွက်ရမည်နည်း၊ လောကကြီးကိုလား..။
ပတ်ဝန်းကျင်ကိုလား…ကွယ်လွန်သွားတဲ့ ဖခင်ကြီးကိုလား..လက်တွေ့ပြဿနာ
တွေပေးနေသော သားကြီး ၀င်းထွန်းကိုလား…အထိန်းမတတ်တဲ့ မိန်းမကို
ဒေါပွရမှာလား..သို့လော…တွေးတော ဒေါပွနေရပေပြီ.။
ကိုကျော်ငွေ လူပျိုပေါက်ဘ၀ ဥတစ်လုံး တစ်ကောင်ကြွက် ဘ၀မှာ ငယ်ချစ်ဦး
ဖခင်ထံ သူ့သမီးကို လက်ထပ်လိုကြောင်း ၀င်ပြောစဉ်ကလဲ ဒီလို စကားမျိုးကို
အပြောခံခဲ့ရပါ၏။
“မောင်ကျော်ငွေ…မင်းက လူကြီး တစ်ယောက်မှ မပါဘဲ င့ါသမီးကို
လက်ထပ်ချင်တယ်၊ ခွင့်ပြုပါဆိုတော့ မင်းတို့လို မျိုးရိုးကမကောင်း၊
အကျင့်စာရိတ္တကလဲ မကောင်းကြတဲ့ မျိုးရိုးကို ငါ လုံးဝ သဘောမတူနိုင်ပါဘူး။
မင်းအဖေ ဦးကျော်ဆိုတာ မိန်းမတွေ မှိုလိုပေါက်အောင် ၄ ၊ ၅ ယောက်လောက်
ယူထားတာ ပတ်ဝန်းကျင်က အားလုံးအသိ၊ မင်းအဖေဗီဇ မပါဘူးလို့ မပြောနိုင်ဘူး
မဟုတ်လား။ င့ါသမီးနဲ့ လုံးဝ မပေးစားနိုင်ဘူး၊ မင်းပြန်ပါတော့….။
ကိုကျော်ငွေ စိတ်နာစွာနဲ့ မွေးရပ်မြေနဲ့ဝေးရာ မြေလတ်မြို့ တစ်မြို့သို့
ပြောင်းရွှေ့လာခဲ့၏။ ငယ်ချစ်ဦးနဲ့ ကွဲခဲ့ပြီး၊ လွဲခဲ့ရပြီ၊
သုံးနှစ်သုံးမိုးချစ်ခဲ့ကြိုက်ခဲ့ရသော ငယ်ချစ်ဦးကို ဘယ်လိုပင်ခေါ်ခေါ်
လုံးဝမရ ။ လူကြီးစုံရာနဲ့ တောင်းရမ်းကန်တော့အုပ်တင်ယူမှ လိုက်မယ်တဲ့။
ကိုကျော်ငွေ ဘာတတ်နိုင်တော့မှာလဲ။

(၂)
ကိုကျော်ငွေသည် ဒီမြို့မှာ ဆီစက်ပိုင်ရှင်ဖြစ်၏။ ခေတ်ပညာတတ်
မိန်းမတစ်ဦးဖြစ်တဲ့ မရွှေပိုနဲ့ အိမ်ထောင်ကျ၏။ သားတစ်ယောက်၊ သမီးတစ်ယောက်
ထွန်းကားရရှိလာ၏။ ကိုကျော်ငွေမှာ သူ့ဘ၀ မိဘမဲ့၊ ပစ္စည်းမဲ့ဘ၀က
တက်လာသူဆိုတော့ စည်းကမ်းက ကလားနားကြီး၏။ ချွေတာ၏။ ငွေရှာရာတွင် ၀ိရိယ
ကောင်း၏။ ဘ၀ကို နာတတ်၏။ သူ့ကို မတူမတန်၊ လူမဆန်စွာ ဆက်ဆံခဲ့သော
မတော်ခဲ့ရတဲ့ ငယ်ချစ်ဦးရဲ့ ဖခင် ယောက္ခမကို နာခဲ့မိ၏။ ယခုယူထားသော ဇနီး၏
ယောက္ခမကလည်း ကိုကျော်ငွေကိုမျိုးရိုးဗီဇမကောင်း၍ သူ့သမီးနဲ့ လုံးဝ
သဘောမတူ၊ သားကြီး(၆)လသားအရွယ် ရောက်မှ ကိုကျော်ငွေ
အိမ်ထောင်ဦးစီးကောင်း၊ စီးပွားရှာ ကောင်းမှန်းသိကြ၍ ပြန်ပြီးခေါ်ပြော
ဆက်ဆံခဲ့ကြပါသည်။ လောကကြီးမှာ ရွှေရှိ၊ ငွေရှိမှ သမက်တော်ကြတာ
မဆန်းပါကလား။ ဘ၀စီးပွားရေး ပြီးပြည့်စုံကြသော်လည်း ဘ၀အိမ်ထောင်ရေး၊
လူမှုရေးမှာ ပြီးပြည့်စုံသည် မရှိကြပါ…။
ကိုကျော်ငွေမှာ သူ့ပတ်ဝန်းကျင် သူငယ်ချင်းများထဲမှ နောက်မိန်းမယူတယ်၊
ဖောက်ပြန်ကြ တယ်ဆိုရင်ဆရာကြီးတစ်ဆူလုပ်ပြီး ပြစ်တင် ရှုတ်ချ
ဝေဖန်တတ်ပေသည်။ ရစရာ မရှိအောင် ခေါင်းမဖော်ဝံ့အောင် ပြောတတ်ဆိုတတ်ပါသည်။
တစ်လင်တစ်မယားစနစ်ကို အသက်ထက်ဆုံး လိုက်နာကျင့်သုံးမည် ဆိုသော မာနကို
လက်ကိုင်ပြုထားသူ ဖြစ်ပါသည်။
လောကကြီးမှာ အရာရာကို ငါပိုင်၊ ငါနိုင်ပြီဟု တစ်သမတ်တည်း တွက်၍ မရပါ။
ဒီပွဲတော့ ငါနိုင်ပြီ၊ ဒီကောင်တော့ မှားကွက်တွေ့ပြီ၊
ဘာတတ်နိုင်သေးလဲဆိုပြီး၊ နိုင်တိုင်းပြော၍ မဖြစ်ပါ။ ကိုယ့်အတွက် ရှုံးစရာ
လေး နည်းနည်း ချန်ပြောရဦးမည်ဟု ကိုကျော်ငွေ လုံးဝ မစဉ်းစား၊
မတွေးတောမိတာ အမှန်ပါ။
“ ဒီကောင် တော်တော် အသုံးမကျတာပဲ၊ လက်ရှိ ဇနီးကလဲ ဥစ္စပေါ၊
ရုပ်ချောကြီးပဲ၊ သားတွေ၊ သမီးတွေ ကိုယ်စီနဲ့ လိမ္မာကြတာ လွန်ရော၊
စီးပွားရေးဆိုတာလဲ ဘာမှ ပူစရာ မရှိတာကို---နောက်မိန်းမ ယူလိုက်တာ
သိပ်မှားတယ်၊ ပြီးတော့ ယခုယူတဲ့ သူ့နောက်မိန်းမရဲ့ ရုပ်ရည်ကလဲ
ပထမဇနီးကြီး ခြေဖျားတောင် မမှီပါဘူး၊ သွားပြီ--ဒီကောင် ဘ၀ပျက်တော့မယ်။
ထိုကဲ့သို့ ပိုင်စိုးပိုင်နင်း ကိုကျော်ငွေ အပြစ်တင်တတ်၏။

(၃)

လောကမှာ “ ငရဲ အပ ၀ဋ် အမြဲ” ဟု ရှေးပညာရှင်များက ဆိုကြ၏။
ငရဲကျသည်ဆိုသည်မှာ နောင်ဘ၀ ကူးပြီးမှ ကျသည်။ ၀ဋ်လိုက်ခြင်းသည် ဘ၀မကူး၊
လက်ရှိဘ၀၀ယ် ဖြစ်ကို ဖြစ်ကြရ၏။ မျက်မြင်ကိုယ်တွေ့ များစွာ ရှိကြပါသည်။
ယခုတော့ သူတစ်ပါးကို ပြောစရာရှိရင် တအားကြီး နိုင်ထက်စီးနင်း ပြောတတ်သော
ကိုကျော်ငွေ တစ်ယောက် ၀ဋ်လည်ပေတော့သည်။ ဘ၀ မကူးတော့ပါ။ ယခု ဘဝ
အရှင်လတ်လတ်ကြီး ၀ဋ်လည် အပြောခံရပေတော့သည်။
ကိုကျော်ငွေ ဆီစက်ပိုင်ရှင် မဖြစ်မီ ဆည်မြောင်းစီမံကိန်း တစ်ခုတွင်
ယာဉ်မောင်း တာဝန်ထမ်းဆောင်ခဲ့၏။ စီမံကိန်းမှ
ဒီဇယ်များသယ်ယူရေးလုပ်ငန်းမှာ ကိုကျော်ငွေသည် ကားတစ်စီးဖြင့်
တာဝန်ထမ်းဆောင်ရ၏။ မုန်းဆည် စီမံကိန်းသို့ စလင်းမြို့ အနောက်ဘက်
ဆည်မြောင်းကြားစခန်းမှ ဒီဇယ်များကို တစ်နေ့ (၂)ခေါက် သွားပြန်
သယ်ပို့ရပေသည်။ မော်တော်ယာဉ်ရပ်နားသော လမ်းခုလတ်စခန်းမှာ
မြောင်းဦးရွာဖြစ်၏။ မြောင်းဦးရွာမှာ ချင်းအမျိုးသားများ အများစု
နေထိုင်ကြပါသည်။ စားသောက်ဆိုင် (၂)ဆိုင်သာ ကြိုက်ရာ ဆိုင်မှာ ၀င်၍နားရ၊
စားရ၏။ ကြိုတင်မှာထားမှ ကောင်းကောင်းစားရ၏။ ကြိုတင် မမှာရင်တော့ “
မိန်းမပြင်းဟင်း”ခေါ် ဘဲဥကြော်သာ ရပေမည်။ ကိုကျော်ငွေ၏ ကားသည်
သည်လမ်းမပေါ်မှာ သန်းခေါင်၊ သန်းနွှဲ နွေ၊ မိုး၊ ဆောင်း ကာလသုံးပါး
သွားလာခဲ့ရသည်။
“ ဒို့ကား စလင်းက ဒီည ပြန်လာရင် ထမင်း စားမယ်နော်”
ကိုကျော်ငွေ၏ တပည့် မောင်ကြိုင်(စပယ်ယာ)က ထမင်းဆိုင်ကို မှာနေ၏။
ဆိုင်ထဲမှ ကောင်မလေး တစ်ယောက် ပြေးထွက်လာ၏။
“ ဟိုး..ဟိုး ဦးကျော် ကားရပ်ပါဦး၊ ကျမ စလင်းကို ဈေးဝယ်လိုက်ချင်လို့
ခေတ္တစောင့်ပါ။ ညဘက်ပြန်တက်မှာ သေချာရဲ့လား၊ ဈေးဝယ်ပြီး ကျမတစ်ခါတည်း
ပြန်လိုက်မှာနော်..နော်..။
ကိုကျော်ငွေကို တားသူမှာ ဆိုင်ပိုင်ရှင်၏ ညီမ ဖြစ်ပါသည်။
ပိန်ပိန်ရှည်ရှည်၊ ခက်သွက်သွက်၊ ခပ်ထက်ထက် ကောင်မလေး၊ အသားညိုညို
ရုပ်ရည်က မျက်နှာရှည်ရှည်၊ မျက်လုံးက ပြူးပြူး၊ အရပ်ရှည်သလောက် စိတ်ကတော့
တိုပေ၏။ အသံကလည်း စွာစွာကျယ်ကျယ်လည်း ရ၏။ ချွဲချွဲနွဲ့နွဲ့နှင့်
ညင်ညင်သာသာလည်း ပြောတတ်ဆိုတတ်ပါ၏။ စလင်း အထကကျောင်းတွင် နေခဲ့သူဖြစ်ပါ၍
ချင်းစကား၊ ဗမာစကား (၂)မျိုးစလုံးကို သွက်သွက်လက်လက် ပြောဆိုတတ်ပေသည်။
အသက်အရွယ်(၃၀)ခန့်ဆိုတော့ အပျိုကြီး ဖြစ်၏။
““ကျမ မေးနေတာ ပြောလေ ဒီည သည်ကို ပြန်တက်မှာလားလို့ ဘာလို့ လူကို
ငေးကြည့်နေတာလဲလို့ ။””
“ ဟေး ..ငါ(ညီး)ကို ငေးကြည့်တာ ကြာသွားသလား၊ ဒီညကား ပြန်တက်မှာ
လိုက်ခဲ့၊ လိုက်ခဲ့၊ ဦးနဲ့ လိုက်မှာဆိုတော့ အပြန်ထမင်းစားရင် ညည်းလက်ရာ
ဘယ်လိုလုပ် စားရတော့မှာလဲ”
ကိုကျော်ငွေသည် သူမ၏ အစားအသောက် လက်ရာများကို သိပ်ခံတွင်းတွေ့ပြီး
ထမင်းမြိန်၏။ သူမသည် စားသောက်ဖွယ်ရာ ဟင်းလျာချက်တာ မပြောနဲ့ အသီးအရွက်
မျိုးစုံသုပ်လျှင်လည်း သိပ်ကောင်း၏။ မိန်းမတစ်ဦး၏ ယောက်ျားတို့အား
စွဲစွဲလမ်းလမ်းဖြစ်အောင်၊ စွဲနေအောင်၊ တမ်းတနေအောင် နည်းပညာတစ်ခုမှာ
ချက်နည်း၊ ပြုတ်နည်း နည်းပညာသည် အရေးပါပေသည်။ ဒါကြောင့် ဤဆိုင်တွင်
သူမကို မြင်နေရှိနေမှ ကိုကျော်ငွေသည် ကားရပ်၍ စား၏။ ယောက်ျားတကာတို့၏
ချစ်တတ်ခြင်းသည် ပါးစပ်အရသာဖြစ်သော အကောင်းကြိုက်တတ်သော လျာက
စတင်မြစ်ဖျားခံလာ၏။ စပယ်ရာက “ ဆရာသမားကတော့ သူ့လက်ရာကို
သိပ်စွဲနေပြီနော်၊ ဒီမြောင်းဦးက တောင်ရိုးမှာ နှစ်တိုင်းပေါက်တဲ့
မျှစ်တွေ စားထားတာ ဗိုက်ထဲက ပြန်ထုတ်ရင် ကားတစ်စီးတိုက်ရှိလောက်ပြီ၊ဟဲ…ဟဲ
ဆရာကတော့ ဒီကလေးမလေးကများ လွှစာမှုန့်တွေ ဆီစိမ်ပြီး ကျွေးရင်
တစ်မြုံမြုံ့နဲ့ပြုံးဖြဲဖြဲကြီး ၀ါးနေစားနေမှာ မြင်ယောင်နေတယ်နော်…”
ချင်းမသည်ဆိုင်ထဲမှ ဈေးခြင်းတောင်း ဆွဲ၍ ထွက်လာ၏။ ကိုကျော်ငွေ၏
ကားရှေ့ခေါင်းထဲ တက်လာပြီး ကိုကျော်ငွေ ဘေးတွင် ကပ်ထိုင်လိုက်ပါသည်။
ကိုကျော်ငွေကို မျက်စောင်းထိုးရင်း-
“ ဦးကျော်ရယ်--ကျမလည်း ဒီကားနဲ့ည ပြန်လိုက်မှာပဲ၊ ညစာ ကျမကိုယ်တိုင်
ချက်ကျွေးပါ့မယ်..တကတည်း အဖြစ်သဲနေလိုက်တာ…”
သည်လိုနှင့် ကားသမားနှင့် ထမင်းဆိုင်က ချင်းမ ဘာမှ မဖြစ်ကြသော်လည်း
လတွေ၊ နှစ်တွေ တစ်စတစ်စ ကြာလာ၍ သွားလာနေကြ၏။ တစ်ညသောအခါ မိုးရွာ၍
မုန်းဆည်သို့ ပြန်အတက် ကန်ပြားရွာနှင့် စလင်းမြို့ကြားတွင် ရှိသော
သက္ကယ်ကျဉ်းချောင်းရေ ဒလဟော ကျနေပေပြီ၊ ကားပေါ်တွင် ကိုကျော်ငွေနှင့်
စပယ်ရာ မောင်ကြိုင်အပြင် သူမတစ်ယောက်တည်း ဈေးဝယ်ရန် ပါလာပေပြီ၊
အိုးချင်းထား၊ အိုးချင်းထိ၊ ကြိုးချင်းထား ကြိုးချင်းညိကြပေတော့သည်..။
(ချင်သီးနဲ့ဆား အတူထား၍ စားပြလျှင် မြင်ရသော ကြည့်ရသော ဘေးမှလူက
သွားရည်ကျမှာ ဓမ္မတာဖြစ်ပါ၏) စပယ်ရာ မောင်ကြိုင် ကားပေါ်မှ “ ဗိုက်နာတယ်ရာ”
ဟု အကြောင်းပြ၍ ဆင်းသွားပေပြီ။ တစ်ညလုံး ပေါ်မလာတော့ပါ။ နောက်မှ
ကပ်ပါလာသော ကားတစ်စီးပေါ်တွင် စပယ်ရာ သွားအိပ်နေ၏့။
နံနက်(၅)နာရီမှ ကားသည် ချောင်း၏ တစ်ဘက်ကမ်းသို့
ကူး၍ရ၏။မြောင်းဦးရွာသို့ရောက်လာခဲ့သည်။
ဘ၀နဲ့ရင်းပြီး ငို၍ ကားပေါ်မှ ပြေးဆင်းသွားသူမှာ ကိုကျော်ငွေ
စွဲလမ်းနေသည့် လက်ရာရှင်ချင်းမပင် ဖြစ်ပေတော့သည်။
ကားစရီရာရင်ကို ကိုင်လျှက် ငေး၍ ကျန်နေခဲ့သူကတော့ ကိုကျော်ငွေဖြစ်၏။
ခါတိုင်းစားနေကျ။ နားနေကျ၊ ယခုတော့ ဆိုင်ပင် မဆင်းတော့ဘဲ ဆက်၍
ကားထွက်လာခဲ့ပေပြီ။ ကိုကျော်ငွေသည် တစ်ခဏတာ သာယာမှုကြောင့် သူ့ဘ၀၏
သမိုင်းစာမျက်နှာမှာ ကြက်ခြေခတ်သွားပေပြီ။ ဦးနှောက်များသည်လည်း
ချာချာလည်နေ၏။ သူမောင်းလာသော ကားမှာ လမ်းဘေးသို့ ယိုင်ထိုး၊ ယိုင်ထိုး
ဖြစ်နေ၏။ ကိုကျော်ငွေ၏ ဘ၀မှာ လည်းယိုင်ထိုး၍တစ်ဖက်စောင်းသွားပေတော့သည်။

(၄)

“ ဆရာ မြောင်းဦး ထမင်းဆိုင်က အမျိုးသမီးက ဒီစာ ရေးပေးထားခဲ့တယ်၊
ရော့…သူကတော့ ရန်ကုန်ကို ထွက်သွားပြီတဲ့။”
စပယ်ရာ မောင်ကြိုင်ယူလာသော စာကို ကိုကျော်ငွေ ဖတ်၏။


သို့

ဦးကျော်.
.ချင်းမတို့က ရိုးသားဖြူစင်တဲ့ တောင်ပေါ်သူကလေးပါ။ ကိုယ့်ရဲ့ ဦးလေးကြီး
တစ်ယောက်ကို ယုံကြည်အားကိုးခဲ့မိတာကို အခွင့်အကောင်းယူသွားတာ
ခံလိုက်ရတယ်..။ ဦးကျော်တို့ ကားသမားတွေဟာ ဒီလို လူစားတွေပဲလား..။
ဦးကျော်မှာ သား၊ သမီးတွေနဲ့ ဇနီးမယားကြီး ရှိလျှက်သားနဲ့ ရက်စက်လိုက်တာ
ဦးကျော်ရယ်…အများမကြိုက်၊ ဘုရားမကြိုက်တဲ့ ကိစ္စဖြစ်လို့ ဝေးရာသို့
ကျမပြေးသွားပါရစေတော့…လိုက်မရှာပါနဲ့။


ချင်းမ
ဦးကျော်သည် ရခိုင်ရိုးမကြီး၏ တောင်စွယ်ပေါ်မှာ ၀င်သွားတော့မယ့်
နေလုံးနီနီကြီးကို ငေးကြည့်ရင်း စာကို တင်းကြပ်စွာ ဆုပ်ကိုင် ထားနေ၏။
ရင်ထဲမှာ သက်ပြင်းများစွာ မှုတ်ထုတ်ရင်း သူမကို လွမ်းရခြင်း၊
တမ်းတရခြင်းများစွာဖြင့်-
“ ယောကျာ်းဆိုတာ လုပ်ရဲရင် ခံရဲရမှာပါကွယ်…ငါ မင်းကို တွေ့အောင် လိုက်ရှာပါရစေ…”
ကိုကျော်ငွေ ပါးစပ်မှ တစ်တွတ်တွတ် ရေရွတ်နေသော်လည်း နေလုံးနီနီကြီးမှာ
တောင်စွယ်သို့ ကွယ်သွားပေပြီ။ တဒင်္ဂ ခဏတာ အထိအတွေ့ကလေးကို သာယာမိခဲ့သော
တဏှာပေမ အချစ်ရဲ့နောက်မှာ ဖြူစင်သော သူ့ကို သနားမိလာ၏။ စာနာမိလာ၏။
သို့သော် သတိရဲ့ နောက်မှာ အပြေးပြိုင်မိရာ အချစ်၏ နောက်တွင်
မရေမတွက်နိုင်သော မိုင်တိုင်များဝေး၍ ဦးနှောက်မှာ ကျန်ခဲ့ပေတော့သည်။
အချိန်ကာလ ၆-လ ၇-လ ခန့်ကြာလာသောအခါ ပြန်တွေ့ရ၏။ ရန်ကုန်၊ လှိုင်သာယာ
အထည်ချုပ်စက်ရုံတစ်ခုမှာ စက်ချုပ်နေ၏။ သူမ၏ ဗိုက်ထဲမှ ရင်သွေးကို
လွယ်ထားကြောင်း၊ ဗိုက်ဖုံးအင်္ကျီက သက်သေ ပြနေပေပြီ။ ကိုကျော်ငွေ အတန်တန်
တောင်းပန်တိုးလျှိုးပြီး ချော့၍ ခေါ်ရသည်။
“ မဖြစ်ပါဘူး၊ ဦးကျော်ရယ်၊ ကျမတို့က ငွေမရှိပေမယ့်၊ သူများရဲ့
မယားငယ်ဘ၀မှာလည်း မနေပါရစေနဲ့။ ဦးကျော်တို့ရဲ့ သာယာစိုပြေတဲ့
မိသားစုကြီးကိုလည်း မဖြိုခွဲပါရစေနဲ့။ ကျမဘ၀နဲ့ ကျမရှိပါစေ။ ကျမရဲ့
မိဘတွေလည်း မျက်နှာမငယ်ရအောင် စလင်းတစ်မြို့လုံးနဲ့ မြောင်းဦးရွာက မိဘ
မောင်ဘွားတွေလည်း မသိရအောင် ဒီရန်ကုန်မှာပဲ ဇာတ်မြုပ်ပြီး ဒီကလေးကို
မွေးသွားမှာပါ..။
“ ငါ ယောက်ျားပါ..ကိုယ်လုပ်ခဲ့တာ ကိုယ်ခံပါရစေ။ နင်မလိုက်ရင်လဲ
ယခုမွေးလာမဲ့ ကလေးအဖေ အမည်ခံရအောင် တရားရုံးတစ်ခုမှ
လက်ထပ်စာချုပ်ထိုးပေးသွားပါရစေနော်..”။
သူမသည် တော်တော် ခေါင်းမာနေ၏။ ကိုကျော်ငွေမှ ဦးဆောင်၍ သက်ဆိုင်ရာ
တရားရုံးသို့ ခေါ်သွား၏။ ကိုကျော်ငွေလည်း ဆည်မြောင်းမှ ခွင့်(၁၅)ရက်ယူလာ၏။
ကိုကျော်ငွေ၏ ဇနီးကြီးနှင့် သားသမီးများကိုတော့ ရန်ကုန် စက်ပစ္စည်းဝယ်/
သင်တန်းတက်ဟု လိမ်ညာလာခဲ့ရ၏။ သူမအတွက် မီးဖွားစရိတ်များပေး၍ အိမ်ခန်း၊
တစ်ခန်းငှားပေးခဲ့ပြီး ပြန်လာခဲ့ရပေတော့သည်။
အလိမ်အညာဆိုသည်မှာ အချိန်အခါ မရောက်သေး၍ မပေါ်သေးခင်သာ ပျော်စရာ
ကောင်းပါ။ ကိုကျော်ငွေ၏ ဇနီးကြီးနှင့် သားသမီးများ သိသော နေ့တွင်ကား
ဒေါသူပုန်ထကြပါတော့သည်။ ကိုကျော်ငွေ တာဝန်ထမ်းဆောင်သော မုန်းဆည်သို့
မိသာစု လိုက်ပါလာကြတော့သည်။ မိသားစု ဆိုသည်မှာ ဥမကွဲ၊ သိုက်မပျက်
စည်းစည်းလုံးလုံး အတူနေကြမှသာ ပျော်ရွှင်သော မိသားစု အိမ်ထောင်ရေး
ဖြစ်ကြမည်။ မယ်တစ်ရွာ၊ မောင်တစ်မြို့ဖြင့် ငွေနောက်ကို တစ်ကောက်ကောက်
လိုက်ရှာနေကြမည် ဆိုပါလျှင် အိမ်ထောင်ရေးမှာ “ မီးဝေးရင် ချိတ်မာသည်” ဟု
ရှေးလူကြီးများစကားအရ အိမ်ထောင်ရေး ဖောက်ပြန်မှုများ ဖြစ်လာတတ်၏။
အိမ်ထောင်ရေး မဖောက်ပြန်လျှင်လည်း ယောက်ျားသားများသည် အသောက်အစား၊
လောင်းကစားဘက်တွင် တစ်ခုခုကို အားသန်ပြီး လမ်းမှားကို ရောက်လာတတ်ကြပေသည်။
ကိုကျော်ငွေနှင့် ရသော ရင်သွေး သမီးကလေး (အိအိဝင်း)ကို
ချင်းမမွေးဖွားခဲ့သည်။ ကိုကျော်ငွေကိုလည်း လက်မှတ်ထိုးပြီးနောက်
သူ့ထံသို့ လုံးဝ မလာရန်၊ မိသားစုကို ပစ်ပြီး၊ သူ့ဆီကို လုံးဝ မဆက်သွယ်ရန်
မှာထားပေသည်။ ကိုကျော်ငွေ ထောက်ပံ့နေသော ငွေမှာ သမီးလေးဘဝ
ကောင်းစားရေးအတွက်ကြောင့်သာ လက်ခံခဲ့ရပေသည်။
“ သွားပါတော့၊ ပြန်ပါတော့ ဦးကျော်ရယ်၊ ချင်းမတို့က ဂုဏ်ပကာသန
စီးပွားဥစ္စာတွေ မရှိပေမယ့် ကိုယ်ကျင့်သိက္ခာကို ထာဝရ လက်ကိုင်ထားမယ်။
လူပုံအလယ်မှာ မျက်နှာငယ်၊ အရှက်ကွဲ၊ သူများ တံတွေးကွက်ထဲ ပက်လက်မျောပြီး၊
အပြောမခံရပါစေနဲ့။ ရှင်တို့ ကားသမားတွေလို ကလီကမာတွေပြော၊ အိုင်တွေ့ရင်
ခြေဆေးကြသူတွေနဲ့ မတွေ့ပါရစေနဲ့တော့။ မပေါင်းပါရစေနဲ့..ရှင်” ဒီကလေးကို
ရဲရဲဝံ့ဝံ့ ရင်မှာ လွယ်ထားခဲ့တာလည်း ဦးကျော်ကို အပိုင်ချိုင်ချင်လို့
မဟုတ်ဘူးနော်..။ အပြစ်မရှိပဲ လူ့ဘ၀ထဲကို ၀င်လာမယ့်ကလေးကို
မိခင်မေတ္တာအပြည့်နဲ့ ကျွန်မ ပြုစုယုယ ကြိုဆိုသွားမှာပါ.. ရှင်ပြန်ပါတော့
ဦးကျော်…နောင်ကို ဘယ်တော့မှ မလာခဲ့ပါနဲ့..။”
ရင်နာစရာ စကားကို ကိုကျော်ငွေ ထပ်ခါ ထပ်ခါ ပြန်လည် ကြားယောင်နေပါသည်။
သူမထံသို့ တပည့် စပယ်ရာ မောင်ကြိုင်ကို ကလေးအတွက် ဒုတိယ အကြိမ်
စရိတ်ပေးရန် စေလွှတ်လိုက်၏။ အပြန်တွင် သူမမှ ဘာမှာလိုက်သေးသလဲ မေးရာ
“ ဆရာ၊ ဆရာပေးတဲ့ငွေတွေ အကုန်ပြန်ပေးလိုက်တယ်” မှ လွဲ၍ ဘာမှ ဆက်မကြားရတော့ပါ။
လမှ နှစ်တွေပြောင်း၊ နွေ(၂)ခါကျ၍ ပူသော အချိန်(၂)နှစ်အကြာမှာ ချင်းမထံမှ
သတင်းဆိုးတစ်ခု ထပ်မံကြားရပေသည်။ သမီးလေး အိအိဝင်း ဆုံးသွားပြီတဲ့။
ကားသမား သူငယ်ချင်း မောင်သံလုံး လာပြော၍ ကိုကျော်ငွေ ၀မ်းနည်းစွာ
ကြားခဲ့ရပေသည်။ မိသားစုနဲ့အတူ ရှိနေစဉ် လာပြော၍ အားလုံးကြား၊
အားလုံးသိသွားကြပါသည်။ ကိုကျော်ငွေ၏ ဇနီးနှင့် သားသမီးများမှ
“ ကောင်းတာပေါ့ ကိုသံလုံးရယ်၊ အိမ်က ကိုကျော်ငွေအတွက် တစ်တောရှင်း၊
တစ်ဇာတ်သိမ်းသွားတာပေါ့…”
ကိုရွှေငွေ၏ ဇနီး မရွှေပိုမှ စကားဆိုပါ၏။
ကိုကျော်ငွေသည် မီးဖွားမဲ့ရက်တွက်၍ ရန်ကုန်သို့တစ်ခေါက်သွားခဲ့မိသေး၏။
မီးဖွားပြီး (၇)ရက်ပြည့်မှ ပြန်လာခဲ့၏။ သူမက မလာခဲ့ရန် တားထားသော်လည်း
မိဘရဲ့ မမြင်ရတဲ့ မေတ္တာ၊ ဖြတ်မရတဲ့ သံယောဇဉ်ကြိုးက ကိုကျော်ငွေ၏ ရင်ထဲမှာ
ရစ်ပတ်နေပေသည်။
“ င့ါသမီးလေးကို ကြည့်ခွင့်ပေးပါကွယ်..”
“ ဦးကျော်…..ရှင် ဘယ်လိုမှ
ပြောမရပါလား…မလာခဲ့ပါနဲ့ဆို…….ရှင်နောက်တစ်ခါလာခဲ့ရင် ကျမနဲ့ သမီးကလေးကို
လူ့ဘ၀မှာ မမြင်ရတော့ဘူး မှတ်ပါ..ရော့ ရှင့်သမီးကို ကြည့်ပြီး
မြန်မြန်ပြန်ပါတော့”
ကိုကျော်ငွေ (၇)ရက်လုံး သမီးကို ကြည့်ဖို့ ကြိုးစားခဲ့တာ
အောင်မြင်သွား၏။ သမီးကလေးကို ရင်မှာ ပွေ့ပိုက်ပြီး ဖခင် မေတ္တာတွေဖြင့်
သမီးရဲ့ ပါးနုနုလေးကို တစ်အားနမ်းရှုံ့နေမိ၏။ ဘယ်နှစ်ခါ ဘယ်နှစ်ကြိမ်မှန်း
မသိလိုက်၊ မရေတွက်လိုက်နိုင်ပါ။ သမီးကလေး ငိုတော့မှ ပြန်လည်
သတိရပါတော့သည်။ သမီးကလေးကို ကြည့်ပြီး အမှတ်တမဲ့ ညာဘက်လက်ဖြင့် သမီးလေး၏
အရပ်ကို လက်ဖ၀ါးဖြင့် ထွာ၍ ကြည့်မိပါ၏။
“ ဟာ င့ါသမီးလေးက ဖြူဖွေးပြီး ထွားလိုက်တာ၊ သုံးထွာတောင်ရှိတယ်၊ အရပ်က
ရှည်လိုက်တာ.” ကိုကျော်ငွေ ပါးစပ်မှ လွှတ်ကနဲ အသံထွက်သွားခဲ့၏။
ကိုကျော်ငွေ အသံကြောင့် ချင်းမ ဒေါသ ခြောင်းခြောင်း ထွက်သွားပေသည်။
“ အို ဦးကျော်ရယ်၊ အဲဒီလို မပြောကောင်းဘူး၊ ကလေးအရပ်ကို
မတိုင်းကောင်းပါဘူး..ရှင် ပြန်ပါတော့ နိမိတ်မရှိ၊ နာမာ မရှိ၊…ကျက်သရေ
ယုတ်လိုက်တာ။ ရှင်..သွား…သွား….သွား ရှင်ပြန်ပါတော့.”
“ ယခုတော့ သမီးလေး သေပြီတဲ့၊ ငါနိမိတ်မရှိ၊ ငါလက်နဲ့ထွာပြီး
ကလေးအရပ်ကို တိုင်းခဲ့မိလို့လား….အင်း…သူမခင်ဗျာ အရူးမီးဝိုင်းဖြစ်ပြီ၊
င့ါကိုများ ထပ်ပြီး ဒေါသ ထွက်နေပေအုံးမလား….”
ချစ်၍ မ၀လိုက်တဲ့ သမီးကလေး အိအိဝင်းအတွက် ကိုကျော်ငွေ ရင်ထဲမှာ ကြိတ်၍
ငိုလိုက်၊ စဉ်းစားတွေးတောလိုက်ဖြင့် စိတ်ဂဏှာ မငြိမ် ဖြစ်နေပေပြီ။
လောကအလယ်မှာ သမီးအတွက် တာဝန်မကျေသော ဖခင်တစ်ဦးဖြစ်ခဲ့ရ၍လည်း
ရင်ကျိုးခဲ့ရပါသည်။
ကိုကျော်ငွေသည် အတိတ်က ဖြစ်ရပ်များကို မည်မျှကြာအောင် တွေးတော
ငေးမောနေသည် မသိလိုက်ပါ။ သူ့ရဲ့ ဆီစက်ရုံးခန်းထဲသို့ ရောက်နေသော မိတ်ဆွေ
ကိုသိန်းထိုက် ခေါ်သံကိုပင် မကြားရပါ။
“ ဗျို့ ..ကိုကျော်ငွေ ..ဘာတွေ စဉ်းစားနေတာလဲ…ကျုပ်ရောက်နေတာ ကြာပြီဗျ။…”
“ ဟုတ်တယ်ဗျာ…ကျွန်တော့်အတိတ်ဘ၀ တစ်ရေးနိုး တစ္ဆေ ချောက်ခံနေရတဲ့
ဇာတ်လမ်းကို ပြန်တွေးမိနေတာဗျာ…ကဲ ကျွန်တော် ဘာလုပ်ပေးရမလဲ..”
အရေးကြီးတယ်..ကိုကျော်ငွေ ခင်ဗျားသားကိစ္စ၊ ၀င်းထွန်းကိစ္စပဲ၊
ကိုကျော်ငွေရဲ့ စာရေးမကလေး တစ်ဦးနဲ့ ယခုတော့ ဖုံးမနိုင်၊
ဖိမနိုင်ဖြစ်ပြီ၊ (၂)လရှိနေပြီတဲ့..”
ကိုကျော်ငွေ၏ သားကြီး ၀င်းထွန်းမှာ လွန်ခဲ့သော (၁)နှစ်ကျော်လောက်ကလည်း
သူချစ်သော ကောင်မလေးတစ်ယောက်နှင့် ရန်ကုန်သို့ ထွက်ပြေးပြီး တရားရုံးမှာ
လက်မှတ်ထိုး၍ ပေါင်းသင်းနေထိုင်ခဲ့၏။ ရန်ကုန်မှ အပြန် ကောင်မလေး၏
မိဘများတောင်းဆိုချက်၊ သဘောတူညီချက်အရ သတိုးသမီးအား ပြန်အပ်ခဲ့ပါသည်။
မင်္ဂလာဆောင်ရန် ရက်(၂၀)ခွာချိန်းပြီး နှစ်ဦးသဘောတူညီစွာ ပြန်အပ်ခဲ့ပါသည်။
သို့သော်လည်း ကောင်မလေးမိခင်၏ မာယာအပလီများစွာနဲ့ နေ့ချင်းမတည့်၍
သဘောမတူနိုင်ကြောင်း ပြောပြီး ခွဲခွာခံခဲ့ရပါသည်။ အဲဒီအချိန်မှ စ၍
ဝင်းထွန်းမှာ အရက်ကလေး တမြမြ သောက်တတ်လာ၏။ နေ့စဉ် တော့မဟုတ် တစ်ခါတစ်ရံ
သောက်ကာ အရက်သမားဘ၀သို့ ၀င်ရောက်လာပေသည်။ ဖခင်၏
စီးပွားရေးလုပ်ငန်းမှာတော့ ဒုတိယနေရာမှာ ဦးဆောင် အားကိုးရသူ
တစ်ဦးဖြစ်ခဲ့၏။ ကိုကျော်ငွေနှင့် ဇနီး မရွှေပိုတို့မှ သားကြီး မင်္ဂလာကိစ္စ
တင့်တင့်တယ်တယ် လုပ်ပေးလိုသော်လည်း မိန်းကလေးဘက်မှ ခါးခါးသီးသီး
ဖြစ်နေခဲ့၍ မောင်ဝင်းထွန်း ကံခေခဲ့ရ၏။ ပတ်ဝန်းကျင်မှ ပဲ့တင်ထွက်လာသော
အသံတွေကတော့-
“ ဒီကောင် ၀င်းထွန်းက ပွေတယ်၊ ရှုပ်တယ်၊ သူ့အဖေကလဲ ပွေတယ်..မိန်းမ ကိစ္စ
ရှုပ်တယ်။ မျိုးရိုးဗီဇ မကောင်းဘူး၊ အရက်သောက်ရင်လည်း ၀င်းထွန်းက
ငါတို့ကို မကောင်းကြောင်းပြောတယ်၊ ဒို့သမီးနဲ့ မပေးစားနိုင်ဘူး”
စသည်ဖြင့် ကောင်မလေး၏ မိဘများမှ သတင်းပြောဆိုသံများကြားရ၏။
ယခုတော့ ပို၍ ဆိုးသွားပေ၏။ အလုပ်ထဲမှ စာရေးမ ကလေး တစ်ဦးနှင့် ကလေးတောင်
ရနေပြီတဲ့။ စာရေးမကလေးရဲ့ အဖေနှင့်အမများ ဦးကျော်ငွေထံ လိုက်လာကြပြီး
သူတို့သမီးကို လူသိရှင်ကြား ကန်တော့အုပ်တင်၊ တရားဝင်လက်မှတ် ထိုးပေး
ရမယ်..မပေးရင် သက်ဆိုင်ရာကို တိုင်မယ် တောမယ်..” ဟု ပြောကြား၍ ရောက်လာသူ
ကိုသိန်းထိုက်ထံမှ အကြောင်းစုံ သိခဲ့ရပေသည်။
ကိုကျော်ငွေ သက်ပြင်းတွေ မှုတ်ထုတ်ရင်း စဉ်းစားနေမိ၏။ ဒီကောင်တော့
ဒုက္ခပဲ၊ အရင်ကောင်မလေး(ပထမမိန်းမ)ကလဲ မပြတ်သေး၊ ယခု ဒုတိယ မိန်းမ
ထပ်ယူရမဲ့ အဖြစ်နဲ့ ကြုံနေရပြန်ပြီး ဇနီးဖြစ်သူ
မရွှေပုံနဲ့တိုင်ပင်သော်လည်း လုံးဝ သဘောမတူကြောင်း သိရ၊ သူ့သား
ဒီမိန်းမကို ယူရင် သူသေမှာပဲ ပြောနေ၏။ ကိုကျော်ငွေ လုံးဝ စေ့စပ်၍ ရမည်
မထင်တော့ပါ။
စာရေးမလေးမှာ စိတ်ရင်းစေတနာ သဘောကောင်း၊ အလုပ်ကောင်းပါ၏။ သို့သော်
စာရေးမလေး၏ မိခင်ကြီးမှာ ကိုယ်ရည်မသန့်သော ဒုက္ခိတ ဝေဒနာသည်
ဖြစ်နေရှာပေသည်။
ဖခင်ကိုကျော်ငွေ ခေါင်းထဲတွင် နေခုနှစ်စင်းထွက်၍ ကမ္ဘာကြီး
ပတ်ချာလည်သွားပေတော့သည်။ အလုပ်သမား ၀န်ထမ်းခန့်စဉ် ကာလတုံးက
မိဘမျိုးရိုး၊ ဗီဇကိုမရွေးမိ၊ မကြည့်မိခြင်းသည် ပထမ မဟာအမှားကြီးပေတည်း။
ကိုကျော်ငွေတွေး၍ မချိပြုံး ပြုံးနေမိ၏။ သူတို့က လူမြင်သူ
မြင်မျိုးရိုးဗီဇ မကောင်းတဲ့ ဒုက္ခိတဘ၀…..” ငါကတော့ လူသူ မသိဘဲ
မျိုးရိုးဗီဇမကောင်းတဲ့ အချစ်တဏှာရူးကြီးပဲ။ ပြီးခဲ့တဲ့ (၆)လ လောက်က
ဝန်ထမ်းမကလေး တစ်ယောက်နဲ့ မှားခဲ့မိလို့ ဇနီး မရွှေပိုမှ
ကြိတ်ဝိုင်းပွဲလေး လုပ်ပြီး၊ အပြတ်ရှင်းပေးလိုက်ရတာလေ..။ ကိုကျော်ငွေ
တွေးရင်း ရင်မောလာခဲ့ပါသည်။ တဒင်္ဂ ခဏတာ အထိအတွေ့ကို သာယာမက်မောခဲ့တဲ့
တဏှာအချစ်ကြောင့် ဘ၀မှာ ခဏ၊ ခဏ ပြဿနာ တက်ခဲ့ပေပြီ။ (ဘယ်သူ မပြု
မိမိမှု)ကို ကိုကျော်ငွေ တရားခံရှာဝါဒစွဲ၍ သွားလေသူ ဖခင်ကြီး မိန်းမ ၄-
၅ ယောက်ယုတာကို သက်သေထူပြီး ငါက ကောင်းချင်ပါတယ်။ ဒါပေမယ့်
မျိုးရိုးဗီဇက မကောင်းခဲ့လို့ အိမ်ခေါင်ကမှ မိုးမလုံတာ၊ ဘာတတ်နိုင်မှာလဲ
စသည့်( ထမင်းရည်ပူ လျှာလွှဲတတ်သော) ကိုကျော်ငွေ၏ အတ္တ၀ါဒဆိုးကြီးမှာ
ယခုတော့ အသိတရားနဲ့ အရှိ တရားအောက်မှာ ပြားပြားမှောက် ခံစားနေရပေတော့သည်။
ယခုတော့ ကိုကျော်ငွေ၏ သား ၀င်းထွန်း မိန်းမပြဿနာ ကဆိုး၍
ရှုပ်ပွေနေခြင်းမှာ ကိုကျော်ငွေ ဆိုသော အိမ်ခေါင်မိုးကြီးမှ
မိုးမလုံတာကိုးဟု ကိုကျော်ငွေ၏ ဇနီးနှင့် ပတ်ဝန်းကျင်မှ
လက်ညှိုးထိုးကဲ့ရဲ့ ရှုတ်ချပေတော့မည်။

(၇)

“ သားကြီး ၀င်းထွန်း၊ မင်းကံဆိုးတယ် သားရယ်….ဒီဘ၀မှာ အဖေကလဲ
မိန်းမယူခဲ့တာ ဘယ်မိန်းမကိုမှ မင်္ဂလာ မဆောင်ခဲ့ရဘူး၊ င့ါသားကြီးလည်း ပထမ
ယူတဲ့ မိန်းမကိုလဲ မင်္ဂလာ မဆောင်ခဲ့ရ..။ ယခုလဲ သားဒုတိယ မှားခဲ့တဲ့
စာရေးမကလေးကို မင်းရဲ့ အမေမသိအောင် လက်မှတ်ထိုးပေးလိုက်ပါကွာ၊ အဖေ
မသိချင်ယောင် ဆောင်နေပါ့မယ်။ ဒါတွေဟာ အဖေရဲ့ အပြစ်တွေပါ သားရယ်။ ငါအဖေ
မကောင်းခဲ့လို့ပါ။ အဖေရဲ့ ဆိုးကျိုးတွေ င့ါသားကြီး ၀ဋ်ကျွေးဆက်ခံပြီး
ဘ၀နဲ့ ရင်းပြီး ပေးဆပ်နေရပါပြီ။ အဖေရင်ကျိုးလို့ ရင်နာခဲ့ရပါပြီ
သားကြီးရယ်…”
ကိုကျော်ငွေနှင့် သူ့သားကြီးတို့ နှစ်ဦး တစ်ယောက်ကို တစ်ယောက် ဖက်၍
ဝမ်းနည်းပူဆွေးစွာ ပြောဆိုနေကြပေတော့သည်။
ပတ်ဝန်းကျင်မှ ရှုံ့ချခံရတော့မည် ရင်နာစရာတွေ
အပြောခံရတော့မည်..ကိုကျော်ငွေသည် သွားလေသူ ဖခင်ကြီးကို
တစ်ချက်ပြစ်မှားမိခြင်းသည် ယခုတော့ ဘ၀မကူးမီ အဖေနှင့်သားနှစ်ဦးလုံးရဲ့
ဘ၀တွေကို သိက္ခာမဲ့စွာ စတေးခံလိုက်ရပေပြီ..။
ဘယ်သူမပြု မိမိမှု၊ မပြစ်မှားထိုက်သော အနန္တ ငါးပါးထဲက ဖခင်ကို
ပြစ်မှားမိခြင်းသည် သံသရာအထိ ဆိုးဝါးသွားပေတော့မည်။ သူတစ်ပါးကို
ဆိုဆုံးမခြင်းထက် ကိုယ့်ကိုကိုယ် ဆုံးမရမည်။ လောကကြီးတွင်
ကိုယ့်ကျင့်တရားနှင့်တူသော အားကိုးရာ မည်သည် မရှိဟု ဗုဒ္မက ဆိုဆုံးမ
ထားခဲ့ပါသည်။ အိမ်ထောင်ရေး သစ္စာဖောက်တို့ သွားရာလမ်းကြောင်းသည်
စီးပွားပျက်၊ မိသားစုဘ၀ပျက်ကြရမည်မှာ မုချမလွဲပေ။
(၁)နှစ်ခန့် အကြာတွင် ကိုကျော်ငွေသည် လူကြီး လူကောင်း ပကတိကြီးမှ
ချက်ချင်းအရူးကြီး ဖြစ်သွားလေသည်။ မိဘကို စော်ကားမိ၍
ဂိုဏ်းသင့်သွားလေပြီလား..။ အရူးကြီး တစ်ယောက် ထီးစုတ်ကြီးကို ထမ်း၍
လမ်းလျှောက်ရင်း၊ ပါးစပ်မှလည်း တစ်ဗျစ်တောက်တောက် မည်တွန်ပြောဆိုနေပေပြီ၊
ကြားရတဲ့စကားတွေ..ကြားရတဲ့ သီချင်းသံတွေ…
အငယ်လေးကို ချစ်ရင် ဒုက္ခ၊ အငယ်လေးကို ချစ်ရင် ဒုက္ခ၊
ငါးပါးမှောက်လိမ့်မယ်။ (ယခုခေတ် ထွန်းထွန်းရဲ့ သီချင်းကို ဆိုနေ၏)
ကိုကြီးဖြစ်နေတဲ့ ရောဂါအဆန်းသားxxxx ကုန်ဈေးနှုန်းကို xxx
ပိုက်ဆံအိတ်ထဲက ထောင်တန် ဘယ်နှစ်ရွက်ထွက်ထွက်xxx ဟဲဟဲဟဲ ညီမလေးအတွက်
ဆိုပေးမယ့်xxxပေးမယ်xxx ရှိတာတွေကို အကုန်ပေးမယ်ဗျာxxx ပေးမယ်ဗျာ”
မပေးပေးxxxပေး--xင့ါရွှေခွက်ကိုပေးxxxxဟေး လိုက်ကြပါဟxxxင့ါရွှေခွက်ကြီး
ပါသွားပြီ၊ လိုက်ကြစမ်းပါဗျာတို့xxx ရှေ့က လူတွေ ကျုပ်ကို ကူညီပြီး
ဝိုင်းဖမ်းပေးကြစမ်းပါနော်-xxနော်xxxနော်”
အရင်မိန်းမဖို့ ရွှေ ဒီရွှေ---နောက်မိန်းမဖို့ ရွှေxxx ဒီရွှေ အဟုတ်ပ မုတ်ချ
မသွေxxx ကျုပ်ရမယ့် ဒီရွှေxxx
ဟိုး အချစ်ကလေးxxx ကိုယ်ဟာ လူကြမ်းကလေးပါxx ကိုယ်ဟာ လူကြမ်းကြီးပါxxx
အချစ်မကောင်း၊ အချစ်မကောင်းxxxဟဲxxxဟဲxxx
ခွေးကလေးကို ကြိုးနဲ့ ဆွဲပြီး ခေါ်အုံးမလား၊ ခါးပုံစာထဲ
မြွေပွေးထည့်ခေါ်ခဲ့ရမလား-xx ငါ့နောက် တစ်ကောက်ကောက် လိုက်မတဲ့လားxxx
သွားစမ်းxxx သွားစမ်းပါxxxဒါမျိုးတွေ ရိုးနေပြီကွာxxx တွေ့ရတဲ့
မိန်းမများxxx ဒါမျိုးတွေကြီးပဲကွာxxx
အို့xxxသွားစမ်းxxxသွားကြစမ်းပါဆိုxxx
ကျွန်တော်နာမည် ကိုကျော်ငွေလို့ ခေါ်ပါတယ်၊ သချိုင်းကုန်းမှာ နေပါတယ်xx
အဖေကလဲ သေပါတယ် အမေကလဲ သေပါတယ်xxx သားသမီးနဲ့ ဇနီးမယားတွေကို
ပစ်ထားခဲ့ပါတယ်xxxဟီးxxxxဟီး xxxxx ဟီး xxxx သားလေး xxx အဖေ့ရင်သွေးလေး
xxx မင်းဘ၀ ဆုံးရှာပြီကွယ် xxxx
ဟို အဝေးမှုန်ရေးရေး xxx မီးခိုးတန်းလေး xxxx လွမ်းသက်သေတည်နေ xxx
အညာမိခဲ့ဘူးတော့ အသဲက နာမိပါပေ xxx ကိုဖုန်းကြွယ် xxx လူညာကြီးရေ xxx
ဟေး…ဟေး မြစိမ်း နင့်ယောက်ျား ငဖုန်းကြွယ်..သိုက်ဆရာကို
လှေပေါ်တင်ခေါ်လာပြီ နင်ပြေးပေတော့ နင်လဲ ပြေးပေတော့..ငါလဲ
ပြေးတော့မယ်…ပြေးတော့မယ်…ပြေး..ပြေး..အားလုံးပြေး…………………။

“ ဖြစ်မှ ဖြစ်ရလေကွယ် … ကိုကျော်ငွေရယ်” ဟု ပတ်ဝန်းကျင်မှ တွေ့သူများက
ပြောဆိုကြရုံမှ တစ်ပါး အခြားမရှိကြတော့ပါ။



ရွှေလမ်းငွေလမ်း ၀င်းကြည်
(အငယ်လေးကို ချစ်ခဲ့မိလို့ နှင့် အခြားဝထ္ထုတိုများ) မှ
ပြန်လည်ဖေါ်ပြပါသည်။
READMORE
 

လေလုပွဲ

လေလုပွဲ
ဝထ္ထုတို
ရွှေလမ်းငွေလမ်းဝင်းကြည်

(၁)
အနောက်ဖက်ကပ်လျှက်တိုက်ကြီးသည် သုံးထပ်ရှိပါသည်။ ခြံဝန်းကလဲ ကျယ်ဝန်းပါ၏။ စီးစရာကားလည်း နှစ်စီး မြင်မိပါသည်။ သမီးတွေ၊ သားတွေကလဲ ဆိုင်ကယ် တစ်ယောက်တစ်စီးဖြင့် ၀င်၊ ထွက်၊ သွားလာနေကြ၏။ တိုက်ကြီးရှင် သူဌေးကြီးမှာ ဤတိုက်ကြီး ပြီးသည့်နှစ်ထဲမှာပင် ဆုံးပါးသွားရှာခဲ့ပေသည်။ ကျန်ရစ်သူ သူဌေးမကြီးမှာ (မုဆိုးမ) ဘ၀သို့ ရောက်လင့်စကား လောကထဲဝယ် တင့်တင့်တယ်တယ် ထည်ထည်ဝါ၀ါဖြင့် သားတစ်ယောက်၊ သမီးငါးယောက်ဖြင့် ကျန်ရစ်ခဲ့ရပေသည်။
စီးပွားရေးလုပ်ငန်းမှာ မိသားတစ်စုလုံး၊ မြို့မဈေးကြီးတွင် စတိုးဆိုင်ကြီးဖွင့်လှစ်ထားကြသည်။ နံနက်လင်းတာနဲ့ သားတွေ၊ သမီးတွေ ရေမိုးချိုးပြီး၊ တစ်ယောက်ပြီး တစ်ယောက် စတိုးဆိုင်သို့ ထွက်ခွာသွားကြရ၏။ ကျန်ရစ်သူ မိခင်ကြီးမှာ အိမ်ဖော်များကို စီမံခန့်ခွဲ၍ ချက်ပြုတ်ပြီး၊ နံနက်စာ ထမင်းစားရန် ထမင်းချိုင့်ကြီး ချိုင့်ငယ်ကို ဆွဲ၍ တိုက်ရှေ့မှ ဂိတ်ထိုးထားသော ဆိုက်ကားဖြင့် မြို့မဈေးကြီးသို့ လိုက်ခဲ့ရ၏။
တစ်နေကုန် တစ်နေခန်း၊ နေ့စဉ်နေ့တိုင်း စတိုးဆိုင်ကြီးမှာ ရောင်းဝယ်ကြရသည်။ ဆိုင်ပိုင်ရှင် သားသမီးများ၏ နှုတ်ထွက်စကားများကလည်း ချိုချိုသာသာ၊ မျက်နှာကလဲ ပြုံးပြုံးရွှင်ရွှင်၊ အလုပ်သမားကိုယ်စီဖြင့် ထောင့်စေ့၊ အကွက်စေ့အောင် စီမံခန့်ခွဲရောင်းချနိုင်ပါပေသည်။ စတိုးဆိုင်အတွင်း ပြောသံဆိုသံများသည် လေထုထဲမှာ အချို သကာရေ လောင်းထားသလား ထင်မှတ်ရပေသည်။ ဒါကြောင့် ၄င်းစတိုးဆိုင်ကြီးမှာ နာမည်ကြီးသလောက်၊ စီးပွားတက်နေခြင်းဖြစ်သည်။
ကိုဘမြင့်သည် သူနှင့် ကပ်လျှက်ရှိသော သုံးထပ်တိုက် ပိုင်ရှင် မိသားစုကို ငေးမောကြည့်ရင်း တွေးတောနေမိပြန်သည်။ လူ့ဘ၀ကြီးတွင် ခဏတာ အလည်ရောက်ရှိလာကြတာဖြစ်ကြောင်းကိုလည်း စဉ်းစားမိ၏။ တိုက်ကြီးကြီးနဲ့ ကားစီးစရာ ရှိသော်လည်း ကားမောင်း၍ ပို့မည့်သူ မရှိ၊ ကားဖြင့် သွားနေချိန်၊ အချိန်ကလည်းမရ၊ နံနက် မိုးလင်းတာနဲ့ မိသားတစ်စုလုံး စတိုးဆိုင်ရောက်၊ ညနေဈေးသိမ်းတာနဲ့ တိုက်ပြန်ရောက်၊ ငွေတွေစုပုံ၍ ရေတွက်ရ၏။ ညစာ စားသောက်ပြီး TV၊ စလောင်းကြည့် အိပ်ကြ၊ နံနက်မိုးလင်းတာနဲ့ တစ်ယောက်ပြီး တစ်ယောက် ပြန်ထွက်ကျ။ ညနေမှာ ပြန်ဝင်လာကြတာ မြင်တွေ့နေရ၏။ လူသားစင်စစ်က စက်ရုပ်တွေလား အောက်မေ့ရပါသည်။

(၂)
ကိုဘမြင့်သည် အိမ်ရှေ့မှ အမှိုက်ပုံများကို လှဲ၍ စုပုံနေသည်။ ကိုဘမြင့် အိမ်နှင့် အနောက်ဖက် သုံးထပ်တိုက်သည် အုတ်နံရံ ၊ ခြံစည်းရိုးသာ ခြားထား၏။ ကိုဘမြင့်နေသော အိမ်ကလေးမှာ (၄)ပင် ပျဉ်ထောင်အိမ်လေး၊ အိမ်အို အိမ်ဟောင်းလေး ဖြစ်သည်။ ခန်းနားထည်ဝါသော တိုက်ကြီးဘေးတွင် မလှမပ ယိမ်းယိုင်နေသော ပျဉ်ထောင်အိမ်ကလေး ဖြစ်နေခြင်းကြောင့် ကြည့်၍ မကောင်းခြင်းမှာ ပေါ်လွင် ထင်ရှားနေပါသည။် အိမ်ရှေ့မှ ရေမြောင်းရှည်ကြီးထဲက ရေဆိုးပုပ်နံ့ကလည်း တထောင်းထောင်းဖြင့် ၄င်းလေရှူမိ၊ ရှိုက်မိ သူတိုင်းနှာခေါင်းရှုံ့ကြရ၏။ ကိုဘမြင့်ကတော့ ဒီအနံ့အသက်တွေ ကာကွယ်ရအောင် မြောင်းတစ်လျှောက် ၀ါးကပ်ခင်း၊ ၄င်းပေါ်မှ ထရံစုတ်များ ခင်းလိုက်သည်။ သူ့ခြံစည်းရိုး၊ ကိုယ့်ခြံစည်းရိုးကပ်နေ၍ တိုက်ကြီး၏ ဥပစာ ဘက်သို့ ၀ါးကပ်အောက်မှ ၀ါးလုံးစွန်းများပို၍ ထွက်နေ၏။ တိုက်ကြီးရှေ့လည်း ၀ါးခင်းထားပြီး ဖြစ်တာပေါ့ဟု တွေးကာ အစွန်းထွက်နေသော ၀ါးများကို မဖြတ်ဘဲ ထားပေ၏။
များမကြာမီ တိုက်ကြီးရှင် သူဌေးမ ဒေါ်ခင်မမကြီး ခါးထောက်၍ ကိုဘမြင့်ထံ လမ်းလျှောက်၍ လာနေပေပြီ။
“ ပြောရမှာတော့ အားနာပါတယ်။ ငါတို့ဘက်ကို ထွက်နေတဲ့ ၀ါးလုံးစွန်းတွေ ဖြတ်ပေးပါနော်။ ငါတို့က ဒီရေမြောင်းကို ဘာမှ မခင်ချင်ဘူး ၀ါးတွေကိုပြန်ဖြတ်ပေးပါနော်။ ငါတို့က ဒီရေမြောင်းကို ဘာမှ မခင်းတာ ဒို့တိုက်ကြီးရဲ့ လုံခြုံရေးအတွက် ထားတာကွဲ့…ဒို့က တိုက်တံခါးတွေ ပိတ်ထားရင် ဒီရေမြောင်း ပုပ်စော်က မနံဘူးလေ..”
ကိုဘမြင့်သည် ပထမတွင် စိတ်ဆိုးမိတော့မလို ဖြစ်၏။ “ ဘယ်နှယ်ဗျာ…သူတို့တိုက်ရဲ့ ခြံစည်းရိုးရှေ့ ဥပစာက ရေမြောင်းကို အစွန်းထွက်ပြီး ခင်းမိတာ ဘယ်သူ့ကိုမှ မထိခိုက် မနစ်နာစေပါဘူး” ဟု ရင်ထဲမှ ဘ၀င်မကျ စိတ်တိုနေမိ၏။ သို့သော် သူဌေးမ ဒေါ်မမကြီးဆိုသော အရှိန်အ၀ါနှင့် သူမ၏ ချိုသာသော လေသံကြောင့် ဒေါသချက်ချင်း ပျောက်ကွယ်သွားပေ၏။
“ဟုတ်…ဟုတ်ကဲ့ပါ ဒေါ်မမကြီးခင်ဗျား ကျွန်တော်ဝါးစွန်းတွေ ပြန်ပြီး ဖြတ်ပေးပါ့မယ်။”
ပြောပြောဆိုဆို ကိုဘမြင့် အိမ်ထဲမှ လွှယူ၍ ဖြတ်ပေးလိုက်ပါသည်။ ဒေါ်မမကြီးမှာ အသံက ချိုသာသော်လည်း မျက်နှာက သုံသုံမှုံမှုံဖြင့် တိုက်ထဲသို့ ပြန်ဝင်သွားပေ၏။ ကိုဘမြင့်သည် စောစောက စုပုံထားသော အမှိုက်များကို သူ့အိမ်ရှေ့တွင် မီးရှို့နေပါ၏။ အိမ်ရှေ့တွင် မီးခိုးတလူလူ တက်၍ အမှိုက်ပုံမှ အညှော်နံ့များ မျိုးစုံထွက်လာပါသည်။ အမှိုက်မီးရှို့၍ နာရီဝက်ခန့်အကြာတွင် ဒုတိယအကြိမ် သူဌေးမ ဒေါ်မမကြီး ပြန်ထွက်လာပေပြီ…”
“ မောင်ဘမြင့်ရေ ၊ အန်တီရဲ့ တိုက်ထဲကို မီးခိုးတွေရော၊ ညော်နံ့တွေပါ စုပြီး ၀င်နေပြီးကွဲ့။ ညော်နံ့ မခံနိုင်တော့ဘူး၊ မင်းရဲ့ အမှိုက်မီးရှို့တာ ယခုချက်ချင်း မီးပြန်ပြီး ငြိမ်းပေးပါနော်…”
“ ဗုဒေါ” ကိုဘမြင့် ဘုရားတမိပေ၏။ စိတ်ထဲမှလည်း “ စောစောက လာတုန်းကတော့ ငါတို့က ဒီရေမြောင်းပုပ်စော်နံ့တွေနံရင် တိုက်တံခါး ပိတ်ထားလို့ ရသတဲ့။ ယခု အမှိုက်မီးရှို့တာကျတော့ လာပြီး အမိန့်ပေးနေပြန်၏။ ကိုဘမြင့် ရှာဖွေ မှတ်သားထားသော စာအုပ်တစ်အုပ်ထဲမှ “ဒေါသဖြစ်၍ မခံချင်စိတ်ကို ခံချင်စိတ် မွေးရန်နှင့် ဒေါသစိတ်ကို ၁ မိနစ်မျှ စောင့်ဆိုင်းထားလျှင် တစ်ဘ၀အတွက် စိတ်ချမ်းသာသွားပေမည်” ငွေမရှိသော၊ မချမ်းသာသော၊ လူဆင်းရဲများ ဖြစ်နေပါစေ တစ်ဘက်လူချက်ချင်းလက်ငင်း စိတ်ချမ်းသာ သွားစေမည့် ရင်ထဲမှာ ထာဝရ ရှိနေတဲ့ စေတနာရယ်၊ မေတ္တရယ်ကို ထုတ်ပေးလို့ရပါတယ်။ ရဲရဲဝံ့ဝံ့၊ ရက်ရက်ရောရော၊ စိတ်ရော ကိုယ်ပါ ကောင်းတဲ့ စေတနာတွေ၊ ကောင်းတဲ့ မေတ္တာတွေကို ပေးလိုက်စမ်းပါ”(ပန်းချီ မကွေးကံညွန့်)၏ အမြဲပြောဆိုတတ်သည့် စကားသံကို နားထဲသို့ ကိုဘမြင့် ပြန်လည်ကြားယောင်နေမိပါ၏။
“ ဟုတ်ကဲ့ ဒေါ်မမကြီးခင်ဗျား…ကျွန်တော် ယခုချက်ချင်းပဲ အမှိုက်ပုံ မီးငြိမ်းလိုက်ပါ့မယ်…ရပါတယ်…ရပါတယ်။”
“ အားတော့နာပါတယ်…မောင်ဘမြင့်ရယ်…နောက်ကို င့ါတိုက်ရှေ့နဲ့ မင်းအိမ်ရှေ့မှာ မီးမရှို့ပါနဲ့နော်….ယခင်နေသွားတဲ့သူတွေဆိုရင် ညော်တွေ၊ ဘာတွေများများ မလုပ်ဖို့နဲ့ ညော်ကြော်ရင် တစ်လေးတစ်စား လာပြောတာကွဲ့..မောင်ဘမြင့်တို့က ခုမှ ငှားနေတာ တစ်လတောင် မပြည့်သေးတာ၊ အန်တီ ပြောရတာ အားနာလိုက်တာကွယ်…”
“ ဟုတ်ကဲ့..ရပါတယ်..ရပါတယ်…ဒေါ်မမကြီး စိတ်ချမ်းသာရပါစေမယ်ခင်ဗျာ”
ကိုဘမြင့်တစ်ယောက် ဒေါသကို ချုပ်တီးထား၍ ရင်ထဲမှ စေတနာ၊ မေတ္တာတွေကို ချက်ချင်းလက်ငင်းကြီး ထုတ်ပေးနေပေပြီ..။
စိတ်ပါ လက်ပါ..ရေပုံးကိုဆွဲ၍ အမှိုက်ပုံမှ မီးတွေကို ငြိမ်းနေပေတော့သည်။
ကိုဘမြင့်သည် ၎င်းအိမ်ကို ငှားနေပြီး၊ စီးပွားရေးလုပ်ငန်းမှာ အသံချဲ့စက်၊ တီဗွီ၊ ဗွီဒီယို၊ဗွီဒီယို၊ ဗွီစီဒီ ပြုပြင်ရေးဆိုင်ဖွင့်ထားပါသည်။ အသံနှင့်ရုပ်များ ကောင်း၊ မကောင်း ပြင်ပြီးတိုင်း စက်ကိုစမ်းသပ်ဖွင့်ပေးပြီးမှ ပြန်ပေးရပါသည်။ တစ်နေ့တွင် ရွာတစ်ရွာမှ လာ၍ ပြင်သော အသံချဲ့စက်တစ်လုံး ပြုပြင်စမ်းသပ်မိ၏။ ကိုဘမြင့်သည် သူတို့ပါလာသော ကက်ဆက်ထဲမှာ တိတ်ခွေအတိုင်း ဖွင့်လိုက်ရာ ဇာတ်လမ်းမှာ မပဋာ၊ ကိုဒါသ ဇာတ်ဖြစ်နေ၏။
အချစ်စိတ်ဖြင့် သူဌေးသမီးကလေး မပဋာမှာ မိဘ၊ ဆွေမျိုးတွေကို စွန့်လွှတ်ပြီး၊ ဆင်းရဲသား ကိုဒါသနောက် ကော်ကောက်ပါအောင် လိုက်လာခဲ့ရာ သားနှစ်ဖြာရ၍ တစ်ဦးက ရင်ခွင်ပိုက် နို့စို့ကလေး၊ တစ်ဦးက မတ်တပ်ပြီး အရွယ်ရောက်နေပေပြီ၊ ယောက်ျားလုပ်သူ ကိုဒါသအား မပဋာမှ သူ့သားတွေ နှစ်ယောက်ကို သူ့ရဲ့ မိဘဆွေမျိုးများထံ၊ ဆွေပြ ၊ မျိုးပြသွားရန်၊ သားတွေ အတွက် အမွေတောင်းရန် ပူစာသဖြင့် လိုက်လာခန်းဖြစ်၏။ မိဘများထံ အပြန်လမ်းတွင် ချောင်းကမ်းစပ်တစ်ခု အရောက် လေကြီး မိုးကြီးကကျ၊ ကိုဒါသမှာ ဇနီးနှင့် သားသမီးများ ရေစိုပြီး ချမ်းတုံနေရတာ မကြည့်ရက်ဖြစ်၊ မီးလှုံရန် ထင်းရှာထွက်၊ ကိုဒါသကို မြွေပေါက်ခံရ၍ သေပေပြီ။ မပဋာမှာ လင်တင်မောင် မလာနိုင်၍ “ သားကြီးရေ မင်းအဖေ ပြန်မလာတာ ကြာသွားပြီ၊ အမေလိုက်ရှာအုံးမယ် သားကြီးရဲ့ ညီလေးကိုပွေ့ထားနော်” ဟု မပဋာပြော၍ ထွက်သွားရာ ကိုဒါသ သေနေလို့ ငိုပွဲဆင်ခန်း၊ ငိုချင်းချ သီချင်းဆို၏။ ကိုဒါသ လင်တော်မောင်သေ၍ ငိုခန်းကောင်းနေ၏။
“ ကိုဘမြင့်-ကိုဘမြင့် ..မင်းရဲ့မင်္ဂလာမရှိတဲ့ အသံတွေ ယခုချက်ချင်းပိတ်ပေးပါ။ င့ါမှာ ဘုရားရှိခိုး၊ ဆွမ်းတော်တင်လို့ကို မရတော့ဘူး…”
ကိုဘမြင့်ထံ ရောက်လာသူမှာ အနောက်ဘက် တိုက်ကြီးမှ ဒေါ်မမကြီးဖြစ်နေပေတော့သည်။ ကိုဘမြင့်လည်း ထုံးစံအတိုင်း ဒေါသကို အရှည်မထားဘဲ တစ်မိနစ်အတွင်း ပြန်ထိမ်းပေးလိုက်ရင်းမှာ အသံချဲ့စက် ခလုပ်ကို “ ဒေါက်” ကနဲ ပိတ်လိုက်ပါတော့၏။ ကိုဘမြင့်သည် လုပ်ငန်းခွင်မှ ခေတ္တနားပြီး သက်ပြင်းရှည်ကြီးများ အများကြီး မှုတ်ထုတ်လိုက်ရင်း စဉ်းစားနေမိပြန်သည်။ “ အင်း” ငါ့အလုပ်သည် အသံမကောင်းရင် အသံထွက်အောင်ပြင်၊ ရုပ်မကောင်း၊ ရုပ်မထွက်ရင်၊ ရုပ်ထွက်ပေါ်လာအောင် လုပ်ပေးနေရတာပဲ။ တီဗွီ၊ ဗီဒီယို၊ ဗီစီဒီ၊ အသံချဲ့တို့သည် လျှပ်စစ်ပစ္စည်း(အီလက်ထရောနစ်) ပစ္စည်းများနှင့် စုပေါင်းဖွဲ့ထားခြင်း ဖြစ်သည်။
ရုပ်သံကြည်လင်ပြတ်သားရေးအတွက် သတ်မှတ်ထားတဲ့ လျှပ်စစ်စွမ်းအားတွေ လိုတယ်။ လိုတာထက်မပိုရအောင် မီတာဗို့၊ အင်ပီယာ၊ မဂ္ဂါဝမ်၊ ဗို့အားတွေ အကိုက်ထည့်ပေးမှ ပြုပြင်၍ ရပေသည်။ ဒီလို လျှပ်စစ်ပစ္စည်းတွေကို တိတိကျကျ အသံတွေ၊ ရုပ်တွေ၊ လေထဲမှာ ထုတ်လွှင့်ပြီး လေထဲက အသံတွေ ရုပ်တွေကို တိတိကျကျမြင်အောင်၊ကြားအောင် အမိဖမ်းယူဖွင့်ကြည့်နိုင်အောင် ငါတို့လူသားတွေ တီထွင်ကြတာ၊ ယခုအင်တာနက်ခေတ်ကြီးတောင် ပေါ်လာကြပေပြီ။ လူသားတွေရဲ့ တစ်ဦးချင်း၊ တစ်ဦးချင်းရဲ့ စိတ်တွေ၊ ရုပ်တွေ ထာဝရ ကြည်လင်နေအောင် ပြုပြင်ဆောင်ရွက်ဖို့ ဆိုတာကတော့ အခက်သားပါကလား..။ ကမ္ဘာပေါ်မှာရှိကြတဲ့ ဘာသာတိုင်း၊ ဘာသာတိုင်းရဲ့ ကောင်းတဲ့ အယူဝါဒ ဆိုဆုံးမမှုတွေကို လိုက်နာကျင့်သုံးကြရင်ဖြင့်
“ကိုဘမြင့်…ဗျို့ ကိုဘမြင့် ..ဘာတွေ စဉ်းစားနေတာလဲ၊ ကျုပ်ခေါ်နေတာ ကြာလှပြီ…ကဲ ကျုပ်တီဗွီပြီးပြီ လား၊ မနေ့က ချိန်းထားတာ၊ ခင်းဗျားအကြောင်းသိလို့ တစ်ရက် ဆုတ်လာခဲ့တာ”
မပြီးသေးဘူး၊ ဦးဌေးဦးရေ..”
“ ထင်သားပဲ..ခင်ဗျားတို့တီဗွီပြင်တဲ့ဆရာတွေက ဘယ်တော့မှ ကတိမတည်ဘူး၊ မနက်ဖြန်မပြီးရင် ပြန်ယူမယ်…”
ကိုဌေးဦးက ဒေါသကြီးသော လေသံများဖြင့် ပြောဆို၍ ထွက်သွားလေသည်။ ကိုဘမြင့် သက်ပြင်းရှည်ကြီး မှုတ်ထုတ်ရုံက လွဲ၍ ဘာမှ ပြန်မပြောလိုက်နိုင်တော့ပါ..။

(၄)
ကိုဘမြင့်သည် မနေ့က ဂျီကျသွားသော ကိုဌေးဦးရဲ့ တီဗွီကို ပြင်တာ ဒီနေ့နံနက်ပိုင်းကုန်သွားပေ၏။ ပြီးသွား၏။ မနေ့က အသံချဲ့စက်ကလည်း မပြီးသေး၊ ဆက်လက် ပြုပြင်ပြီး အသံချဲ့စက်ကို ပြန်ဖွင့်ကြည့်ပြန်၏။ ဓါတ်စက်သံ“ အို ကိုဒါသရဲ့..ရှင့်ကို ချစ်လွန်းလို့ အားကိုးပြီး မိဘဆွေမျိုး စည်းစိမ်ဥစ္စာတွေပစ်ပြီး လိုက်လာခဲ့တာ..ကျမ ရွှေတောင်ကြီး ပြိုပါပေါ့လား…” (ငိုချင်းဆိုင်းသံဖြင့်)
“ ဟာ မဖြစ်ဘူး..မဖြစ်ဘူး..အနောက်ဘက် တိုက်က ထွက်လာရင် ဒုက္ခ” ကိုဘမြင့် နှုတ်မှ ရေရွတ်ရင်း ကက်စက်ခွေကို ရှေ့သို့ ကျော်ရစ်လိုက်သည်။ အသံကိုလည်း သူ့အခန်းပြင်သို့ အနည်းငယ်သာကြားအောင် လျှော့ဖွင့်လိုက်ပြန်သည်။
အချစ်ရူးမလေး၊ ပဋာစာရီ သားငယ်လေးကို စွန်ချီ၊ သားကြီး ချောင်းရေထဲမျှော၊ လင်တော်မောင် မြွေခဲလို့ သေပွဲဝင်ပြီ…မပဋာမြေလူး ၀တ်လစ်စလစ် ရူးသွားပေပြီ..။
မပဋာ အရူးမသည်
ဗုဒမြတ်စွာဘုရား၏ ဇေတ၀န် ကျောင်းတော်ကြီး၏ အတွင်း တရားပွဲသို့ ၀င်လာ၏။ တရားနာ ပရိတ်သတ်များက “ ဟဲ့..အရူးမ..ဒီကို မလာနဲ့ပြန်သွား..ပြန်သွား..ဒုက္ခပါပဲ” ပြောဆို မောင်းထုတ်နေကြပါပေ၏။ ဗုဒ္မဘုရားရှင်က ၀င်ခွင့် ပြုပေးဖို့ ပြောဆိုလိုက်ချိန်မှာပင် မပဋာ အရူးမသည် ၀တ်လစ်စလစ်ဘ၀မှ ရှက်စိတ်အနည်းငယ်ဝင်လာ၏။ နီးစပ်ရာ ပရိတ်သတ်များထဲမှာပါလာကြသော တစ်ဖက်စောင်းများအား ထိုးပေး၍ တရားနာရန် မြတ်စွာဘုရားရှေ့ သို့ ရောက်လာခဲ့ပေသည်။
“ ချစ်သမီး ပဋာစာရီ…ဘ၀သံသရာ တစ်လျှောက်လုံး င့ါလင်၊ င့ါသား၊ င့ါဥစ္စာ၊ င့ါပစ္စည်းဆိုတဲ့ သက္ကယ ဒိဋ္ဌိစွဲမှားတဲ့ အယူဝါဒတွေနဲ့ ဘ၀ပေါင်းများစွာ ကူးပြောင်းပြီး ရူးခဲ့ရတာတွေ၊ သတိတရားထားဖို့ အချိန်တန်ပြီ…စသည်..စသည်..
ပဋာစာရီ ထေရီမ--ဘိက္ခနီမဖြစ်ပြီး၊ ကျွတ်တမ်းဝင်ခန်း ကောင်းနေစဉ် အနောက်ဖက် ဒေါ်ခင်မမကြီး၏ တိုက်ကြီးမှ ကျယ်လောင်စွာ ထွက်ပေါ်လာသော ကာရာအိုကေ သီချင်းသံကြီးကြောင့် ကိုဘမြင့် မျက်ကလူးဆန်ပြန် ဖြစ်သွားပေသည်။
ယခုခေတ်စားနေသော သီးချင်းတစ်ပုဒ်ထဲမှ ပြင်းထန်စွာ အော်၍ ဆိုနေသော အသံ“ ( ငါ နင့်ကို သတ်ချင်တယ်..)” ငါနင့်ကို သတ်ချင်တယ်xxx ငါနင့်ကို သတ်ချင်တယ်xxx။ (၃၇)ခေါက်လား မသိ၊ မရေမတွက်နိုင်အောင် အသံဆူညံ၍ ထွက်ပေါ်လာ၏။
“ ဗုဒေါ”
ဟု ဒုတိယအကြိမ် ကိုဘမြင့် ထ မိပြီး အသံချဲ့စက် ခလုပ်ကို “ ဒေါက်” ကနဲ ပိတ်၍ စိတ်ပျက်လက်ပျက် ပက်လက် ကုလားထိုင်ပေါ်သို့ ထိုင်ချလိုက်မိပါသည်။သက်ပြင်းရှည်ကြီးကို မှုတ်ထုတ်ပြီး နားနှစ်ဘက်ကို လက်ဝါးဖြင့် အုပ်လိုက်မိပါတော့သတည်း..။


ရွှေလမ်းငွေလမ်းဝင်းကြည်
(အငယ်လေးကို ချစ်ခဲ့မိလို့ နှင့် အခြားဝထ္ထုတိုများ)မှ
ပြန်လည်ဖေါ်ပြပါသည်။
READMORE
 

ပန်ချင်ပါလျှက် မခူးရက်ပါ.....

“ပန်ချင်ပါလျှက် မခူးရက်ပါ”
ဝထ္ထုတို
ရွှေလမ်းငွေလမ်းဝင်းကြည်


(၁)
သင်္ကြန်အကြို ဧပြီ(၁၃)ရက်။
အိမ်ရှေ့ ဗဟို မဏ္ဍပ်မှ သင်္ကြန်သီချင်းသံများကို ကြားရပြန်တော့ လွန်ခဲ့တဲ့ နှစ်က အတိတ် သင်္ကြန်ကို ပြန်လည် တမ်းတ လွမ်းနေရသူက “ချစ်နွယ်” ဆိုတဲ့ ကောင်မလေးပါ။ သူမသည် သေးသေးသွယ်သွယ် ကိုယ်လုံးကိုယ်ထည် လှလှပပ စကားသံလေးက ခတ်သွယ်သွယ် ကိုယ်လုံးကိုယ်ထည်လှလှပပ စကားသံလေးက ခတ်သွက်သွက်၊ ရယ်မောသံလေးက လောကထဲမှာရှိတဲ့ ယောက်ျားတွေကို စိန်ခေါ်ပြက်ရယ်ပြုသလိုလို ဆည်းလည်းသံစဉ်လိုလိုနဲ့ မော်ကြွားခဲ့သူ တစ်ဦးပါ။ သူ့ဘ၀၊ သူ့အလှ၊ သူ့ရဲ့ အပြုံးတွေရဲ့ နောက်ကွယ်မှာတော့..။ ပျော်သူတွေ ပျော်ခဲ့ကြရ၊ မော်ကြွားချင်သူတွေက မော်ကြွားခဲ့ကြ၊ ပူဆွေးသောကနဲ့ဘ၀ကို မျက်ကွယ်ပြုသူတွေက ဘ၀နဲ့စတေးသွားခဲ့ကြပါပြီ။ ယခုတော့အတိတ်က ပြင်လို့ မရတဲ့ ဘ၀နဲ့နောင်တ တရားနဲ့ ချစ်နွယ်ထံ သံသရာ တစ်ပတ်လည်ပြီး ပူဆွေးနေရပြီ မဟုတ်ပါလော။

(၂)
မချစ်နွယ်သည် အပျော်တမ်း တီးဝိုင်းတစ်ခုမှ အဆိုတော် တစ်ဦးဖြစ်ပြီး ၊ ဆရာ ဦးရေချမ်းသည် တီးဝိုင်း ခေါင်းဆောင်“ အဖေ ဆရာ ဦးရေချမ်း” ဟု အများက ခေါ်ကြပါသည်။ ဒီမြို့မှာ သင်္ကြန်ကျတိုင်း သူတို့ တီးဝိုင်း မပါရင် ပွဲမစည်ပါ။ ချစ်နွယ်တို့ကျတဲ့ မဏ္ဍပ်တိုင်းကို အမြဲလိုက်ကြည့်နေသူတွေက …ပညာရေး တက္ကသိုလ် ကျောင်းသားတစ်ဦး ကိုအောင်မိုးရယ် ပြင်ပ စီးပွားရေးသမား လူငယ်တစ်ဦး ကိုဝင်းမြတ်ဆိုတဲ့ကောင်လေး၊ ပြီးတော့ ချစ်နွယ်ကို အနီးကပ် အမြဲတွဲနေကြ သူငယ်ချင်း လင်းလင်းဆိုတဲ့ ယောက်ျားရှာမလေး တစ်ဦး၊ အဲဒီသုံးဦးလုံးကို အကွက်ကျကျ၊ ကျားကစားသလို ချစ်ယောင်ပြပြီး အလှည့်ကျ ချစ်တမ်း ကစားသူက ချစ်နွယ်ပါ။
ပတ်ဝန်းကျင်ကို စိန်ခေါ်ပြီး အရွဲ့တိုက်ချင်သလိုလို၊ သူများမြင်ကောင်းအောင် တွဲကြရသလိုလိုနဲ့ ရင်ထဲက (မသိစိတ်က) အိုချင်းထား အိုးချင်းထိ၊ ကြိုးချင်းထား ကြိုးချင်းငြိပြီး အားလုံးကို တစ်ဝက်စီ ချစ်မိနေသူကလဲ ချစ်နွယ်ပါပဲ။ ချစ်နွယ်ရဲ့ အတွင်းစိတ် (မသိစိတ်က) အမြဲကိန်းအောင်းပြီး ကြိတ်ချစ်ရတဲ့သူကတော့… “ ဆရာ ဦးရေချမ်း” တစ်ယောက်တည်းသာ ဖြစ်ပါတော့သည်။

(၃)
ဆရာ ဦးရေချမ်းက အသက်(၄၅)နှစ် ချစ်နွယ်က အသက်(၁၈)နှစ်။
သမီးနဲ့ဆရာ၊ ဆရာနဲ့သမီးအရွယ်၊ ဆရာဦးရေချမ်းက အနုပညာသည် တစ်ကိုယ်တည်း လူပျိုကြီးပါ။ အစစအရာရာ နေတာ၊ ထိုင်တာ၊ သွားတာ၊ လာတာ၊ ပြောတာ၊ ဆိုတာတွေဟာ ချစ်နွယ်လေးကို အမြဲသွန်သင်ဆုံးမနေတဲ့သူက ဆရာ ဦးရေချမ်းပါပဲ။ ဆုံးမ စကားအပြင် ချစ်ကြောင်း၊ ကြိုက်ကြောင်း ပြောကြားတာ ကြားချင်နေသူက ချစ်နွယ်ကလေးပါ။ မိန်းမတို့ သဘာဝကို ရှေးစာဆိုပညာရှင်များက ဤသို့ ဆိုကြပါသည်..။
“ မိန်းမဟူငြားxxx သဘောအားဖြင့်xxx ယောကျာ်းတကာxxx ဆက်ဆံရာကြောင့် ပမာမယွင်းxxxx လှေနှင့်မျဉ်းလိုx စီးနင်းသူနောက်xxxxကောက်ကောက်ချည်းသာ ဆောင်ရာပါရှင့်
“ ရာဂကပ်ပွေ့---အကြိုက်သူတွေ့သော်xxxရှက်လေ့မရှိxxxxxထိုက္ကုတ္တိတို့xxxx တပ်မိမကွာxxxx မြှော့ပမာသို့ “ မိန်းမ ဟူသည် တိုရှည်မသိxxxxအလိုရှိတိုင်းxxxxထင်မိထင်ရာxxxx ပြုတတ်စွာကြောင့် ကုရာနတ္ထိ၊ ဆေးမရှိဘူးxxxx မိမိပညာxxxxသတိသာလျှင် xxxxမဟာ သြသဓဆေးမည်စွရှင့်”
“ရှေးပညာရှိတွေက အဲသလို ဆိုထားတယ်။ ချစ်နွယ်လေးရယ်၊ မင်းပညာ၊ မင်းအရွယ်လေးနဲ့ တင့်တင့်တယ်တယ်၊ သိက္ခာရှိရှိ လိမ်လိမ်မာမာ နေစမ်းပါ သမီးရယ်၊ ကောင်လေးတွေနဲ့ ရောထွေး ယှက်တင်တွဲနေတာကို လျှော့ပါ။”
ဆရာ ဦးရေချမ်း ပြောနေတာတွေက ဘ၀နီတိကျမ်း၊ ချစ်နွယ်လေး ကြားချင်တာ အချစ်ကျမ်း၊ ချစ်နွယ်လေး ကြားချင်တာက ဆရာနဲ့ သမီးရဲ့ အချစ်ဇာတ်လမ်း ပါစင်အောင် လွဲနေပေပြီ။ ဒါကြောင့် ဆရာ မကြိုက်တဲ့ ကိုအောင်မိုးနဲ့လည်း တွဲမည်၊ ကိုဝင်းမြတ်နဲ့အတူမခွဲ တစ်တွဲတွဲ အဖော်ပြုမည် ဆိုသော အရွဲ့တိုက်ချင်စိတ်နဲ့ ချစ်နွယ်လေးဟာ စိတ်သွားတိုင်း ကိုယ်ပါ ပြုလုပ်တာကတော့ ချစ်နွယ်ပါပဲ။ ကိုအောင်မိုးကလည်း ပြန်စာပေး၊ ချစ်လက်ဆောင် လက်ခံယူ၊ ကိုဝင်းမြတ်ကျပြန်တော့ ဓါတ်ပုံနဲ့ စာနှစ်စောင်ပေး၊ နာရီလက်ဆောင်ယူထား၊ လင်းလင်းနဲ့ကျပြန်တော့ အချိန်ပြည့် ဆိုသလို ခေါ်တွဲ။
တစ်ရက်ထဲမှာ နာရီလွှဲ၊ နာရီပြောင်းချိန်းတွေ့ လုပ်နေတာ၊ တစ်ဦးတည်းဇာတ်လိုက်လုပ်နေတာကတော့ ချစ်နွယ်ပါ။ အားလုံးနဲ့ တွဲပြီး သာယာနေသူကလည်း ချစ်နွယ်ပါ။
“ကေသရာဇာ ခြင်္သေ့မင်းတို့မည်သည် ဂူတစ်ခုမှာ နှစ်ကောင်မအောင်းသလို၊ မိန်းမသားဆိုတဲ့ အသဲနှစ်လုံးမှာလဲ နှစ်ယောက် အတူ မထားသင့်ပါဘူး ကလေးရယ်”။
ဆရာဦးရေချမ်းပြောစကားကို လုံးဝ နားမထောင်တော့ပဲ ပြေးထွက်သွားသူက ချစ်နွယ်။ ရင်မောပြီး ကျန်ခဲ့ရသူ ဆရာ ဦးရေချမ်း၊ ဘယ်သူတွေ လွမ်းကြရတော့မှာပဲ။
မဏ္ဍပ်ပေါ်က ဆရာဦးရေချမ်းဆိုရမယ့် ရှာပုံတော်မင်းသားကြီး သီချင်း အလှည့်ရောက်နေပြီ။ တီးလုံးသံစဉ်တွေက လေမှာ ပျံဝဲလာနေလျှက်….။
ပွဲခင်းထောင့် တစ်နေရာမှာ ဆရာဦးရေချမ်းမြင်သာအောင် ချစ်တင်းနှောပြနေသူကတော့ ချစ်နွယ်နဲ့ ကိုဝင်းမြတ်
ဆရာ ဦးရေချမ်း ရင်နာစွာဖြင့် သီချင်းတွေကို ခံစားချက်အပြည့်နဲ့ ဆိုနေလျှက်xxxxx။
****************
အချစ်ဆိုတာ ကစားစရာဆိုလျှင် ရူးသွားနိုင်ပါသည်၊ မှန်ပါ၏။ မချစ်နွယ် အယောင်ဆောင် ချစ်ဖော်တွဲတဲ့(ယောက်ျားရှာ) မကလေး လင်းလင်းဆိုတဲ့ ကောင်မလေး၊ ဆယ်တန်းစာမေးပွဲပြီးတဲ့ နွေဦးပေါက်မှာ အဆိပ်သောက်သေသွားသတဲ့လေ။ (ချစ်နွယ် တစ်ယောက် သစ္စာဖောက်လို့)သေသွားတာကို ကာယကံရှင် ချစ်နွယ်မှ တစ်ပါး မည်သူမျှ မသိလိုက်ကြပါ။ လင်းလင်း၏ အမေ ငိုပြောသံကြားရင်း ချစ်နွယ်တစ်ဦးတည်း ကြိတ်မှိတ်ပူဆွေးနေရပါချေပြီ။
“ ကြည့်စမ်းပါဦး သမီးရယ်၊ ချစ်နွယ်ရယ်၊ ညီးသူငယ်ချင်းက ညီးကို ဘယ်လောက်ချစ်သလဲ ကြည့်စမ်း၊ ညီးနဲ့ အတူတူ ရိုက်ထားတဲ့ ဓါတ်ပုံကို ရင်မှာပိုက်ပြီး၊ ဒီစာနဲ့ အတူ ရေးသားခဲ့တယ် ကြည့်စမ်းပါအုံးကွယ်”
“ကျွန်တော့်ကို ခွင့်လွှတ်ပါ အမေရယ်။ ကျွန်တော့်ဘ၀က ဘာမှ အသုံးမကျ၊ လူပိုကြီး၊ လူအတုကြီးပါ။ သစ္စာမဲ့တဲ့လူတွေနဲ့ မတွေ့ချင်တော့တာရယ်၊ ၁၀-တန်းစာမေးပွဲ မဖြေနိုင်တာရယ်တို့ကြောင့် လောကကြီးကို ရင်နာနာနဲ့ ခွဲသွားခဲ့ပါပြီလေ။ ကျွန်တော့်ကိုခွင့်လွှတ်ကြပါ။ နောက်ဘ၀ကျရင် ယောက်ျားစစ်စစ်ဖြစ်ပါရစေတော့ အမေရယ်”


လင်းလင်း

သေသူက သေသွားပေမယ့် ကျန်သူတွေကတော့ ဒေါသမုန်တိုင်းထပြီး လုံးဝမကျေနပ်နိုင်ပါ။ ဒီကိစ္စ တရားခံမှာ ချစ်နွယ်။ အဖြစ်မှန်ကို မျက်ဝါးထင်ထင် မြင်တွေ့လိုက်ရတာက ကိုအောင်မိုးပါ။ ကိုအောင်မိုးသည် ချစ်နွယ်ကို ချစ်၏။ ချစ်နွယ် မျက်နှာများတာကိုသိ၍ စိတ်မချလို့ အမြဲ နောက်ယောင်ခံလိုက်၍ စုံစမ်းနေ၏။ တစ်နေ့တွင် ချစ်နွယ်က ကိုဝင်းမြတ်ထံ ဖုန်းဆက်ချိန်းသည်။ ယင်းကိစ္စအား ည ၁၂း၀၀ မှာ လာခဲ့ရန်၊ ပီစီအိုတယ်လီဖုန်းတစ်ခု မှ ကိုအောင်မိုး၏ သူငယ်ချင်း တယ်လီဖုန်း စာရေးမလေးက ယောက်ျားရှာမလေး လင်းလင်းနဲ့ ကိုအောင်မိုးကို ကြိုတင် အသိပေးလိုက်ပါသည်။
***************
၎င်းည ဧရာဝတီ တံတားကြီးအောက် ကမ်းစပ်တစ်နေရာမှာ ကြိုတင်ပြင်ဆင်ရောက်နေသူက ကိုဝင်းမြတ်။ အချစ်အတွက် ရဲဆေးတင်ရန် အရက်သောက်ထား၏။ ပါးစပ်မှလည်း အချစ်နတ်ပူးစကားတွေ တစ်တွတ်တွတ်ဆိုနေပေပြီ။
“ ကိုယ်တော့ မူးပြီ၊ ရူးပြီး ချစ်နွယ်လေးရေ၊ ဒီတစ်ခါ မင်း ကိုယ့်ဆီလာရင်တော့ ဒီကမ်းစပ် လှေပေါ်တင်ပြီး တစ်ပါတည်း ခေါ်သွားတော့မယ်။ ပျော်တယ် ပျော်တယ်…..”
အချိန်က ည၁၂း၀၀ နာရီ။ လမိုက်ည။
ညသည် ပိန်းပိတ်အောင် မှောင်နေ၏။ ကမ်းစပ်မှ ဧရာဝတီ မြစ်၏ လှိုင်းကြပ်ခွတ်တွေကလည်း ကိုဝင်းမြတ်ကို လက်ခုပ်သြဘာတီး ထောက်ခံနေ ကြသယောင်ဖြစ်၏။ ချစ်နွယ်ကိုယ်တိုင် ဖုန်းဆက်ခေါ်ထားတာဆိုတော့ ကိုဝင်းမြတ် အပြတ်ပျော်ပြီး မျှော်နေပေပြီ။ ဟော… စက်ဘီးကလေးနဲ့ ရောက်၍ လာချေပြီ။ လှုပ်လီလှုပ်လဲ့ မိန်းကလေးတစ်ဦး။ အကြံသမားကိုဝင်းမြတ် မျက်ကွယ်မှာ ပုန်း၍ တစ်အားဖက်ပြီး ဆွဲခေါ်သွားပါသည်။ ရုန်း၍ ကန်၍ ရင်ဆိုင်၍ ကြားရတဲ့ အသံက..။ ကိုအောင်မိုး သဲကွဲစွာ သိလိုက်ရပေသည်။
“ နွယ်လေး၊ နွယ်လေးကို မခွဲနိုင်ဘူး၊ နွယ်လေးကို ချစ်တယ်….အတူနေချင်လှပြီ၊ နွယ်လေး ဘာမှ မပြောနဲ့တော့…ကိုယ်နဲ့ လှေပေါ်ကို တပါတည်း လိုက်ခဲ့ပါတော့…အို မရုန်းနဲ့လေ…ကိုင်းကွာ…။”
ကိုဝင်းမြတ်၊ မိန်းကလေးရဲ့ ဇာတ်ပိုးကို တစ်အားရိုက်ချလိုက်ပါသည်။ မူးမူးရူးရူး သွေးဆူနေ၍ မည်သူ မည်ဝါခွဲ၍ မရနိုင်အောင်ရှိ၏။ ဘ၀ဆိုတာ တိုးတောင်းလှပေမယ့်၊ အမှားတစ်ခု ကျူးလွန်မိတိုင်း ပြန်ဖျက်၍ မရနိုင်ပါ။ ကိုအောင်မိုး ရင်နာစွာနဲ့ လမ်းလျှောက်၍ လှည့်ပြန်လာခဲ့ပေပြီ။ သက်ပြင်းတွေကို မှုတ်ထုတ်ရင်း မလှမ်းချင် လှမ်းချင် လျှောက်လာခဲ့၏။လမ်းထောင့် တစ်ခု ရောက်တော့ စက်ဘီးတစ်စီးကျော်တက်လာ၏။ သေချာကြည့်တော့ စောစောက စက်ဘီးကလေး။ ဇွတ်အတင်း တအားနင်းနေ၏။ သေချာပါသည်။ ဒါချစ်နွယ် စက်ဘီးပဲ ဖြစ်ရမည်။
“ ချစ်နွယ်…ချစ်နွယ်…ရပ်…မင်း…အို…အို…လင်းလင်း..”
ချစ်နွယ် စက်ဘီး စီး၍ နင်းလာသူမှာ ချစ်နွယ် လုံးဝမဟုတ်။ မျက်ရည်လည်ရွှဲနဲ့ ပြေးပြီုး စက်ဘီးကို ဒလကြမ်း နင်းသွားသူမှာ ယောက်ျားရှာ မလေး လင်းလင်း။
“ ဟေ့ လင်းလင်း ခဏနေဦးလေ..နေဦး။ ကိုအောင်မိုး ခေါ်သော်လည်း မရတော့ပါ။ သာ၍ သာ၍ ယခုတော့ ဘ၀ချင်း ခြားနား၍ ဝေးကွာကြပါရောလား။”
“ တောက် မိုက်ရိုင်းလိုက်တဲ့ ကောင်ကွာ၊ ငါ့မှာတော့ ချစ်နွယ်မှတ်ပြီး ရင်နာလွန်းလို့ ရှောင်ထွက်ခဲ့တာ”
ကိုအောင်မိုး တောက်ခေါက်သံ ရင်ထဲက ပြောနေတဲ့ စကားသံများ ပဲ့တင်ထပ်လျှက်..။
***************
ကိုအောင်မိုး ဒေါသကြီးစွာ ရင်နာစွာနဲ့ ချစ်နွယ်ကို လမ်းခွဲစကား ဆိုနေချေပြီ။
“ ဒီမှာ ချစ်နွယ်..မင်းက ဇာတ်ထဲက မင်းသားတွေ ပြောပြောရရင်..မြွေဟောက်လို လျှာနှစ်ခွနဲ့ လာသမျှ လက်ခံ၊ မျက်နှာ(၁၀)မျိုးနဲ့ ဒဿလို မိန်းမဆိုရင်တောင် မပြည့်စုံသေးဘူး၊ ငါတို့လို ယောက်ျားရင့်မာကြီးတွေကို လိမ်ညာလို့ အားမရသေးဘူး။ ဘ၀တူ မိန်းမ၊ ယောက်ျားရှာ မလေးတောင် မထားဘူး။ လိမ်ညာပြီး ချစ်တယ်။ ခုတော့ ဘ၀နဲ့ စတေးပြီး မသေသင့်ဘဲ သေသွားပြီ၊ အဲဒါ နင့်ကောင်…၀င်းမြတ် ယုတ်မာမှုကြောင့် ငါရဲစခန်းကို သတင်းပို့ခဲ့ပြီ။ နင့်ကောင်လဲ လင်းလင်းအမှုရော လောင်းကစားမှုနဲ့ရော ရဲကဖမ်းသွားပြီ။ မင်းလို ချစ်ဟန်ဆောင်တတ်တဲ့ မိန်းမနဲ့လည်းငါ လမ်းခွဲ ခဲ့ပါတယ်။ မင်းဘာမှ မပြောနဲ့၊ ငါမကြားချင်ဘူး၊ သစ္စာမဲ့သူတွေနဲ့ မတွေ့ချင်တော့ဘူး။”
ကြောင်သည် အသက်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ ကြွက်သေတာက အဓိက မဟုတ်ပါလား၊ ကိုအောင်မိုး တစ်ယောက် ချစ်နွယ်ကို ပြောဆို ကျောခိုင်းသွားချေပြီ။ ချစ်နွယ် တစ်ယောက် ပါးစပ်ဟောင်းလောင်းဖြင့် ငေးမော၍ ကျန်ခဲ့လေသည်။ ချစ်နွယ်မှာ အဲဒီညနေက ဆရာ ဦးရေချမ်းကို အရေးပေါ် ဆေးရုံတင်ရ၏။ ဆေးရုံကို လိုက်လာပြီး လင်းလင်းမှာ လက်ညိုးတစ်ထိုး ထိုးလာပြီး ရန်တွေ့ရှာတယ်။
“ ဒီမှာ ချစ်နွယ်….ညီးကောင်ကို အပြတ်ဖြတ်ပါဆိုတာ၊ ညီးချိန်းထားတယ်ဆိုတော့၊ ဒီကိစ္စငါသွားပြီး အပြတ်စာရင်းရှင်းမယ်။ တစ်သက်လုံး ကလေးဘ၀ထဲက ညီးနားမှာ မားမားမတ်မတ် ရပ်တည်ပြီး ပြုစုယုယပြီး ချစ်လာခဲ့တာပါ။ င့ါကို သနားပါဟယ်။ ငါတကယ်ယောက်ျား မဟုတ်လို့လားဟင်”
ကိုအောင်မိုးရဲ့ ဒေါသစကားရယ်၊ လင်းလင်း နောက်ဆုံး ပြောသွားတဲ့ သနားစရာ စကားတွေရယ်ကြောင့် ချစ်နွယ် မျက်ရည်တွေ စီးပြီး နောင်တ တရားရနေပါပြီ။ ဒါပေမယ့် ပြင်၍ မရတော့တဲ့ နောင်တတွေပါလား။

(၄)
သင်္ကြန် အတက်နေ့ည။
ဆရာကိုရေချမ်းတို့ တီးဝိုင်း ဒီနေ့ သင်္ကြန် မဏ္ဍပ်ပိတ်ပွဲ နှုတ်ဆက်ပွဲဆိုတော့ သံစဉ်တီးဝိုင်း တစ်ဖွဲ့လုံး မြိုင်မြိုင်ဆိုင်ဆိုင် တက်တက်ကြွကြွ မြူးတူးစွာ တီးခတ်သီဆိုနေကြပေပြီ။
ချစ်နွယ်သည် ဆရာကိုရေချမ်း မျက်နှာကို ခိုး၍ခိုး၍ ကြည့်ရင်း ကြည်နုးနေမိ၏။ ရင်ထဲကလည်း ဆရာကိုကြည့်ပြီး အသံတိတ် စကားတွေ ပြောနေမိပါသည်။
“ ဆရာရယ်၊ သမီးလေ ဆရာ့ဆုံးမစကား နားမထောင်ဘဲ အရွဲ့တိုက်ခဲ့မိပါတယ်။ သမီးရဲ့ရင်ထဲ မှာစပြီး နေရာယူ သံယောဇဉ်တွယ်တာ ပေးခဲ့မိတာက ဆရာပါ။ ဆရာက အချစ်မျက်လုံးကြီးနဲ့ တအားစိုက်စိုက်ကြည့်ပြီး နေခဲ့တယ်လေ။ ဆရာ့ပါးစပ်က ဘာကြောင့် ဖွင့်မပြောတာလဲဟင်။ ဆရာ ညာတယ် သိလား၊ ယခုတော့ မိန်းကလေးက စပြောရမှာလား ဆရာရယ်…သမီးလေ ဆရာ မကြိုက်တာတွေ ဒီနေ့က စပြီး ဘာမှ မလုပ်တော့ပါဘူး။ အဲဒါ ဆရာ့ကိုချစ်နေလို့နော် သိလား…ဆရာကြီး”
လူငယ်တို့အချစ်သည် လွတ်လပ်ပွင့်လင်းစွာ ချစ်တတ်ကြ၏။ စိတ်သွားတိုင်း ကိုယ်ပါကြ၏။ချစ်နွယ်တစ်ယောက် စံပယ်ပန်းထုပ်ကလေးနဲ့
“ ဒီနေ့က စပြီး ဆရာ့စကားကို နားထောင်ပါတော့မယ် ဆရာရယ်။”
တိုတောင်းပြီး ပြတ်တောင်းလှစွာသော စာတိုလေးတော့ ထည့်ပေးခဲ့ပေပြီ။
ဆရာကိုရေချမ်း၊ ချစ်နွယ်၏ စာနှင့် ပန်းထုတ်ကလေးကို လက်နှင့် ပွေ့နမ်းပြီး တိုက်ပုံအင်္ကျီအိတ်ထဲတွင် ထည့်ထားလိုက်သည်။ ဆရာကိုရေချမ်းသည် တီးဝိုင်းသို့ ဆေးရုံ တက်ရင်း ခေတ္တလာ၍ သီဆို တီးခတ်ပေးနေရခြင်း ဖြစ်၏။ ညအပြန် ချစ်နွယ်နှင့် အဖွဲ့သားများအားလုံး ဆေးရုံသို့ ဆရာကိုရေချမ်းကို ပြန်ပို့ပေးခဲ့ရပါသည်။
ယနေ့နှစ်ဆန်းနှစ်ရက်နေ့မှာ ဆရာကိုရေချမ်း ဆေးရုံမှ ဆင်းရက်ဖြစ်ပါ၏။ ချစ်နွယ်သည် ဆရာ ကိုရေချမ်း ကြိုက်နှစ်သက်တဲ့ အင်္ကျီအဖြူရောင် လက်ရှည်နှင့် ချိတ်ယောဂီရောင် ထမီကလေးဖြင့် သပ်သပ်ရပ်ရပ် မြန်မာ မိန်းကလေး ပီသစွာ ပြင်ဆင်၍ ဆရာ ကိုရေချမ်းရှိရာ ဆေးရုံအခန်းသို့ အပြေးဝင်ပြီး ကြိုရှာခဲ့ပါ၏။
ပြောင်းလဲခြင်း တရားတို့၏ သဘာဝများသည် မြန်ဆန်သွက်လက်လှပါတကား၊ အခန်းတွင်းဝယ် ဘာဆိုဘာမှ တစ်ခုမှ မရှိ။ စားပွဲခုံသေးသေးကလေးပေါ်တွင် တင်ထားတာကတော့ ချစ်နွယ် လွန်ခဲ့တဲ့ ရက်က ပေးခဲ့တဲ့ စံပယ်ပန်းခြောက်ထုပ်ကလေးနဲ့စာရွက်ဝါကျန်ကျန် စာနှစ်စောင်။ ယင်းတို့က ချစ်နွယ်ကို ဆီးကြိုနေလျှက်..။ ချစ်နွယ်လက်များ တုံယင်စွာဖြင့် မျက်ရည်တွေ ယိုစီးပြီး စာတွေကို ဖတ်နေမိလေသည်။
ပထမစာ
“ သမီး ချစ်နွယ်ရေ၊ ဆရာ ပြောတာ မရဘဲ၊ သမီးချစ်သူတွေ ထည်လဲတွဲစဉ်ကစပြီး ကဗျာလေး ရေးထားပြီး မင်းကို ဆရာချစ်မိနေတာပါ”
“ ဇရာအို ငိုခြင်း ”
အရွယ်မတူ၊ စံပယ်ဖြူကို၊ ချစ်ခဲ့မိလို့၊ ကျွမ်းလုလုအသဲတွေနဲ့ အမြဲစိတ်မချနိုင်၊ ငါက အကဲပိုနေရင်လည်း အပိုပါပဲ၊ ချစ်သူလေးတို့ လူငယ်ရွယ်တူတွေက ထာဝရ လက်တွဲ ပြုံးပျော်နေကြမှာပါ။ င့ါအသဲ ဇရာအိုကြီးကတော့ သချိုင်းကုန်းသွားဖို့သာ ပြင်ဆင်ပေးလိုက်ရင်၊ သူတို့အတွက် အကောင်းဆုံး ဖြစ်မှာ မလွဲ….ဒို့ ခွဲခွာသွားပါပြီ--ချစ်သဲ” ဆရာ့ကို ခွင့်လွှတ်ကြပါ။
ဒုတိယစာ
ချစ်နွယ်လေး ဒီစာဖတ်ရတဲ့အချိန်ဟာ ဆရာနဲ့ ဘယ်လိုမှ ဆက်သွယ်မှု မရတော့တဲ့ အချိန်ပါ။ ဆရာ့ကို မုန်းမေ့လိုက်ပါတော့ကွယ်။ ချစ်နွယ်လေးရယ်။ ဆရာ ဆေးရုံစတက်ပြီး နောက်နေ့မှာ ဆေးစစ်တဲ့ ဆေးစာ လက်မှတ်ရခဲ့ပါတယ်။ ဒီဆေးစာကပဲ ချစ်နွယ်လေးနဲ့ ဆရာ့ကို ဘ၀ခြားဖို့ ဆုံးဖြတ်ပေးလိုက်တာပဲ။ ဆရာ့မှာ(AAA)တဲ့ဗျာ။ ဆရာထိတ်လန့်ပြီး ဘုရား တလိုက်မိတယ်ကွယ် ဆရာ့ ဘ၀ဟာ ယခုအချိန်အထိ(ကိုယ်ကျင့်သီလနှင့် တူသော အားကိုးရာဟူသည်မရှိ) ဆိုတဲ့ ဘုရားစကားကို လိုက်နာလာခဲ့တာပါ။ ဘယ်က ဘယ်လို ရမှာလဲ။ ဆရာဝန်ကို မေးကြည့်တော့ ဆရာ ဆံပင်ညှပ်ရင် တစ်ခါသုံးဓါးကို မသုံးတဲ့ ဈေးပေါပေါဆိုင်မှာ ဆံပင်ညှပ်မိပါလိမ့်မယ်။ အဲဒီဓါးက ကူးနိုင်ကြောင်း၊ ဆရာဝန်က ခန့်မှန်း အဖြေပေးခဲ့ပါတယ်ကွယ်။
တစ်ခါသုံးဆေးထိုးအပ် မသုံးတဲ့ ဆေးခန်းတွေမှာ ယခင်ဆေးထိုးခဲ့ရင်လည်း အဲဒီ ရောဂါ ကူးစက်နိုင်ကြောင်း ထပ်ပြီး ပြောပါသေးတယ်။ ချစ်နွယ်လေးရေ။ ဘ၀ဆိုတာ ပန်းပမာ မကြွေ ခင်သာလန်း၊ ကြွေပြီးတော့လဲ နွမ်းသွားကြမှာပါ။ ဒို့ဘ၀က မကြွေခင်ကတည်းက ခပ်နွမ်းနွမ်း၊ သာမန်လူတွေနဲ့ စည်းဝိုင်းခြားသွားပြီး ချစ်နွယ်လေးပေးတဲ့ အချစ်ကို ရင်မှာ သိမ်းထားပြီး မင်းပေးတဲ့ စံပယ်ပန်းခြောက်တွေ ပြန်ယူသွားပါ။ မင်းကို ပေးထားခဲ့တဲ့ စာထဲကလို ဒို့ရင်မှာ ငို၍ ဝေးရာဆီသို့ ပြေးသွားပါရစေတော့၊ ရင်ထဲမှာ အရှင်လတ်လတ် လမ်းခွဲလိုက်ပါပြီ ကိုယ့်ရင်ထဲက နွယ်လေးရယ်။

ဆရာ။


အချိန်ကာလမှာ တစ်နှစ်တင်းတင်းပြည့်၍ ယခုနှစ်သင်္ကြန် ပြန်ကျနေပေပြီ။ သင်္ကြန်မဏ္ဍပ်မှ ဆရာသီဆိုခဲ့သည့် ရှာပုံတော်မင်းသားကြီး သီချင်းသံ တီးလုံးနဲ့အတူ ဆရာ့ကိုလွမ်းပြီး တမ်းတနေရသူကတော့ ချစ်နွယ်ပါ ဆရာရယ်။
ဆရာ့သီချင်းသံကြားတိုင်း မျက်ရည်တွေ ၀ိုင်းလို့၊ လွမ်းနေရပါပြီ ဆရာရယ်၊ ဆရာပြောခဲ့တဲ့ “ ဘ၀ဆိုတာ ပန်းပမာ” လို့ ဆိုခဲ့ပြီး။ ပန်းကို ပန်ချင်ပါလျှက်နဲ့ ပန်းမချွေခဲ့သူက ဆရာပါ။ ဆရာသမီးကို ချစ်ပါလျှက်နဲ့ မခံချင်စိတ်တွေကြောင့် အရွဲ့တိုက်ပြီး အချစ်သစ်တွေ အစားထိုးရှာခဲ့မိလို့ အချစ်ရူးကြီးလည်းဖြစ်၊ အားလုံးအတွက် မုဆိုးတစ်ပိုင်း၊ မိန်းမရိုင်းကြီးလည်း ဖြစ်ခဲ့ရပါပြီ။(ဘယ်သူမပြု မိမိမှု)ဆိုသလို ၊ သမီးရဲ့ ရင်ထဲမှာ သောက အချစ်မီးတွေ တမြေ့မြေ့ လောင်ကျွမ်းခံစားနေရပါပြီ။ ယခုလို သမီးကို ထားခဲ့ပြီး ဆရာ ခွဲသွားခဲ့တာ တစ်နှစ်ကျော် ကြာသွားခဲ့ပြီနော်။ “အင်း..သမီးကလည်း အစကနဦးရင်ထဲက ဆရာ့ကို ချစ်ခဲ့ပါလျှက်နဲ့၊ ဆရာ့ရဲ့ အချစ်အသဲပန်းကို သတ္တိရှိရှိနဲ့ ဦးဦးဖျားဖျား(ပတ်ဝန်းကျင်ကို စိန်ခေါ်ပြီး) မခူးဆွတ်ရဲခဲ့တာ သမီးရဲ့ အမှားပါ ဆရာရယ်။ ရောက်ရာအရပ်၊ ရောက်ရာဘ၀မှာ ဆရာကြားသိနိုင်ပါစေ၊ နောက်ဘ၀ဆိုတာများ တကယ်ရှိခဲ့ရင်လေ..ဆရာရဲ့ အချစ်ဦး အချစ်ထူးဘ၀နဲ့သာ၊ တူနှစ်ကိုယ်ပြုံးပျော်ပြီး၊ ထာဝရ လက်တွဲ သွားနိုင်ပါစေတော့..လို့ ယခု ဘ၀က ဆုမွန်ချွေပြီး လိုက်ခဲ့ပါရစေနော်ဆရာ…။



ရွှေလမ်းငွေလမ်းဝင်းကြည်
(အငယ်လေးကို ချစ်ခဲ့မိလို့ နှင့် အခြားဝထ္ထုတိုများ) မှ
ပြန်လည်ဖေါ်ပြအပ်ပါသည်။
READMORE
 

မုန်းလို့ခေါ်ပါ..ကိုကိုရယ်....

မုန်းလို့ ခေါ်ပါ ကိုကိုရယ်….
ဝထ္ထုတို
ရွှေလမ်းငွေလမ်း ၀င်းကြည်

(၁)
(အချစ်ဆိုသည်မှာ မဖြစ်နိုင်မှန်း သိပေမယ့်…မချစ်နိုင်ဘဲ နေလို့ မရပါ…)“ ကိုကို့”ကို ခင်ဖုန်းချစ်ပါတယ်…ဒါပေမယ့်…ဒါပေမယ့်…ဟိုးအဝေးဆီက ရခိုင်ရိုးမ တောင်ပြာကြီးလို လေဒဏ် မိုးဒဏ် ကြံ့ကြံ့မခံနိုင်ဘူးသိလား..ပတ်ဝန်းကျင်ရဲ့ ပြစ်တင်ကဲ့ရဲ့သံတွေကို ခင်ဖုန်း မခံနိုင်ပါဘူး ကိုကိုရယ်…။
မခင်ဖုန်းတစ်ယောက် အနောက်ဖက် ရခိုင်ရိုးမ တောင်ပြာကြီးကို ငေးမော ကြည့်နေသည်။ အချစ်အကြောင်းတွေ တွေးတော နေမိသည်။ နေရာအတိကျမှာ စေတုတ္ထရာမြို့နယ် မုန်းချောင်း၏ အရှေ့ဖက်ကမ်း သရန်ကိုင်းရွာခေါ် ချင်းလူမျိုးတို့ နေထိုင်သော ရွာကလေး ဖြစ်ပါသည်။ မခင်ဖုန်း တစ်ယောက် ချောင်းထဲမှ မုန်းရေတွေကို ကြည့်ပြီး အမုန်းကတိတွေနဲ့ ချီတုံ ချတုံ ဖြစ်နေရှာသည်။ ရင်ထဲမှ ပင့်သက်ရှိုက်ပြီး သက်ပြင်းကလေးတွေဖြင့် ရယ်မောဖွယ် ဖြစ်နေပါတော့သည်။ တောရွာ ဓလေ့ ဆည်းဆာညနေခင်းကာလအချိန် ရေအိုးကလေးအား မုန်းချောင်းထဲသို့ မနှစ်ချင် နှစ်ချင် ဖြစ်နေရှာသည်။ မခင်ဖုန်း၏ ရင်ထဲမှာလည်း အချစ်ဆိုတာ ပြန်ပေးလို့ရတာ မဟုတ်ပါလား..။ အချစ်တွေ တနုံ့နုံ့ ခံစားတွေးတော နေမိပြန်ပါသည်။
ကိုကိုနဲ့စတွေ့တာ မနှစ်က နွေဦးကာလ ဒီမုန်းချောင်း ကမ်းစပ်မှာပေါ့။ ခင်ဖုန်းက ရေခပ်အလာ ကိုကိုက(ဆ-မ)ဆိုတဲ့ ဆည်မြောင်း မြေထိုးစက်ကြီး မောင်းလာတာလေ..။ အဲဒီနေ့က တွေ့တွေ့ချင်း ကြည့်တဲ့ ကိုကိုရဲ့ မျက်လုံးတွေဟာ သိပ်ကို စူးရှနေတာပဲ..။ ခင်ဖုန်းက ဒီစက်ကြီးတွေ ဘာလုပ်ဖို့ လာတဲလဲမေးတော့ ကိုကိုပြောတာ ဒီနေ့ထိ မမေ့ဘူး မှတ်မိနေတယ်..။
ကိုကိုစကားက တုံးတိတိ ခပ်ပြတ်ပြတ်နဲ့ ပြောခဲ့တာလေ။ “ မုန်းချောင်းလေး တားနေပြီတဲ့” ခင်ဖုန်းတို့ရွာမှ ဖွင့်တဲ့ ဓါတ်စက်ပြဇာတ်ထဲက (မုန်းချောင်းလေးခြားနေပြီ)ပဲ ကြားဖူးခဲ့တာ ယခုတော့ ကိုကိုလူချောက (မုန်းချောင်းလေးတားနေပြီ)လို့ပြောလိုက်တော့ ခင်ဖုန်းကိုများ တွေ့တွေ့ချင်း ရည်းစားစကား လာပြောနေတာလား ကိုကိုရယ်..လို့ပေါ့။
ပြီးမှ ကိုကိုက တိတိကျကျ ရှင်းပြသွားပါတယ်။ ဒီမုန်းချောင်းကလေးကို တားပြီး ဆည်မြောင်း တမံပိတ်မယ်။ ခင်ဖုန်းတို့နယ်မှာ ရေအားလျှပ်စစ်ဓါတ်အားထုတ်မယ်။ လယ်ရေသောက် ရေမြောင်းတွေ ဖောက်ပြီး စိုက်ပျိုးကြမယ်။ ခင်ဖုန်းတို့ နယ်တစ်နယ်လုံး တိုးတက်စည်ကားတော့မယ်လို့ အားရပါးရ ပြောသွားခဲ့တယ်လေ။
ကိုကိုက ပိန်ပိန်ပါးပါး ရုပ်ချောချော အပြောနဲ့ သဘောကလည်း ကောင်းမှကောင်း။ ခင်ဖုန်းကိုလည်း မျက်လုံးကြီးတွေက တဖျတ်ဖျတ် ပုတ်ခတ်ကစားပြီး ကြည့်နေလိုက်တာ..။ ခင်ဖုန်း ရင်တွေ သိပ်ကို ဖိုခဲ့ရတယ် ကိုကို။ တွေ့စမှာ ရင်ဖိုပြီး ချစ်ခဲ့ရလို့လား မသိဘူး…အခုထိ ရင်ဖိုလို့ကို မဆုံးနိုင်ပါဘူး ကိုကိုရယ်။

(၃)
ကိုကိုရဲ့ နာမည်က ကိုမျိုးချစ်။ ရန်ကုန်သားတဲ့။ မုန်းဆည် စီမံကိန်းမှာ စက်ကြီးမောင်း။ မိဘတွေ မရှိတော့ကြောင်းသာ ပြောခဲ့လို့ သိခဲ့ရတယ်။ အသက်အရွယ်ကလည်း ခင်ဖုန်းနဲ့ တန်းတူ လူပျိုကြီး အပျိုကြီးတွေ ထင်ခဲ့မိတာပေါ့။ ကိုကိုက ခင်ဖုန်းတို့ရွာ တောင်ဘက်မှာ စက်ကြီးမောင်းပြီး တမံဆည် မြေထိုး တောရှင်း တောင်ဖြိုရင်းနဲ့ ခင်ဖုန်းရဲ့ ချစ်ခြင်းကို ရယူသွားခဲ့တယ် မဟုတ်လား..။
တောသူဆိုတာ သဘောဖြူပါ ကိုကိုရယ်…ကိုကို့ကို ဖြူစင်စွာ ချစ်ခဲ့မိရိုး အမှန်ပါ။ ခင်ဖုန်းလေ ကိုကိုကလွဲလို့ ဘာကိုမှ မမက်မောခဲ့ပါဘူး။ ကိုကိုဝယ်ပေးခဲ့တဲ့ အဖိုးတန် လက်ဆောင်တွေကို ဘာကိုမှ လက်မခံခဲ့ပါဘူး။ ခင်ဖုန်းကသာ ကိုယ်တိုင်ယက်ယူလာတဲ့ ချင်းခေါင်းပေါင်း စောင်လေးတစ်ထည်သာ ပေးခဲ့ဘူးပါတယ်နော်..။
ကိုကို့ကို ခင်ဖုန်း ပြောခဲ့ဘူးပါတယ်…မှတ်မိနေမှာပါ။ ခင်ဖုန်းတို့ ချင်းလူမျိုးက ဗုဒ္ဒဘာသာ ကိုးကွယ်ပါတယ်၊ ချင်းလူမျိုးတွေထဲက(လက်သင့်)လို့ခေါ်တဲ့လူမျိုးတစ်မျိုးပါ။ ကိုကို့ကျမ လက်သင့်မခံဘဲ ခင်ဖုန်း ဘာကြောင့် ချစ်မိနေပါလိမ့်နော်..။
ကိုကို..သတိရနေမှာပါ။ ကိုကိုမြို့က ပြန်လာတုန်းကလေ၊ ပါလာတဲ့ ထန်းလျက်တစ်ထုပ်ကို ခင်ဖုန်းကို ပေးခဲ့ဘူးတယ်လေ။ မှတ်မှတ်ရရ ခင်ဖုန်းက လက်ခံယူရုံမကဘူး ကိုကိုနဲ့ အတူ ခင်ဖုန်းတစ်ခဲ ကိုကိုတစ်ခဲ အချစ်တွေ သဲသဲလှုပ်ပြီး တစ်ယောက်ကို တစ်ယောက်ခွန့်ပြီး စားခဲ့ကြတာလေ။ အဲဒီအချိန်က ချစ်ခဲ့စားခဲ့ကြတဲ့ ချိုချိုသာသာ ဝေေ၀ဆာဆာ အချစ်တွေ ခံစားခဲ့ရတာ သိပ်ကြည်နူးစရာ ကောင်းတာပဲနော်။ ခုတော့--ခုတော့..အစက မတွေ့ကြရင် ကောင်းမှာပါ ကိုကိုရယ်။

(၄)
ကိုမျိုးချစ်မှာ မိန်းမ ရှိသတဲ့၊ သူ့ဇနီးက သိပ်ချောတာပဲတဲ့၊ မုန်းဆည်စီမံကိန်းကို လာလည်ကြလို့တဲ့ စတဲ့ စတဲ့ ရွာထဲက သူငယ်ချင်းတွေက လာပြောနေကြပြီ ကိုကို..။ ခင်ဖုန်းရဲ့ ရင်ထဲမှာ လေပြင်းမုန်တိုင်းတွေ ဒလကြမ်း တိုက်ခတ်သွားသလို ခံစားရပြီး အသည်းနှလုံးတွေ ကြွေမွလွင့်ပါးသွားပါပြီ ကိုကို..။
ခင်ဖုန်း အပြစ်ပါ ကိုကိုရယ်…၊ ကိုကို့ မိဘတွေ အကြောင်းသာ မေးမိပြီး ကိုကို့ အိမ်ထောင်ရှိသလား မေးရမှာကို မမေးရက်ခဲ့ဘူး။ ဘာကြောင့် မမေးခဲ့သလဲ သိလား…ခင်ဖုန်းက မိန်းကလေးတန်မဲ့ ကိုကို့..ကို တစ်ဖက်သတ် ပိုချစ်ခဲ့မိတာကိုး၊ ကိုကိုကတော့ ခင်ဖုန်းကို ညာပြီး ချစ်ခဲ့တာ မဟုတ်ပါဘူး..။ ကိုကိုက တစ်ခါ တစ်လေ စကားဖြတ်ဖြတ်ပြီး ခင်ဖုန်းကို မေးခဲ့ဘူးပါတယ်..။ ကိုကို့မှာ တစ်ခြားလူတစ်ယောက်ချစ်ပြီးသားရှိရင် ခင်ဖုန်းက ကိုကို့ကို ချစ်အုံးမှာလားလို့ ခဏ၊ ခဏ မေးခဲ့ဘူးပါတယ်။ အဲဒီတုန်းက ခင်ဖုန်းလေ ကိုကို ပါးစပ်ကို လက်နဲ့ ပိတ်ပြီး အပြတ်ပြောခဲ့တယ်။ဘယ်သူ ဘယ်ဝါပဲ ရှိရှိ ကိုကို့ကို ခင်ဖုန်း အမြဲ ချစ်နေမှာပဲလို့ ပြောခဲ့ကြတာ မှတ်မိမှာပါ…။


(၅)
အငိုလွယ်၊ အရှိုက်ခက်ဆို စကားလို ကိုကိုနဲ့ ခင်ဖုန်း အဖြစ်က အခုတော့ ရင်နာရပါပြီလား ကိုကိုရယ်..။ ခင်ဖုန်း နှုတ်ဆက်တဲ့ အနေနဲ့ ဒီစာကလေးကိုသာ ဖတ်ကြည့်ပါတော့..။
တစ်ခါက ချစ်ခဲ့ရတဲ့ ကိုကို-
ခင်ဖုန်း နှုတ်ဆက်ခဲ့ပါတယ်..။ ဘယ်သူဘယ်ဝါရှိရှိ ကိုကို့ ကို ခင်ဖုန်း အမြဲ ချစ်နေမှာပဲလို့ ကတိတွေ ပေးခဲ့ပြီးပါပြီ။ ကျေနပ်ပါတော့၊ ကိုကိုတို့ မိသားစု မပြိုကွဲအောင် ခင်ဖုန်း တိမ်းရှောင်သွားပါရစေတော့။ ကိုကိုနဲ့ ခင်ဖုန်း နှစ်ဦးတည်းရဲ့ သာယာမှုကို ဦးစားပေး လိုက်မိရင် အပြစ်မဲ့တဲ့ ကိုကိုတို့ရဲ့ မိသားစုလည်း စိတ်ဆင်းရဲကြရမယ်။ ခင်ဖုန်းတို့ ရိုးသားတဲ့ ချင်းလူမျိုးတွေရဲ့ မိရိုးဖလာ အစဉ်အလာကိုလည်း ပယ်ဖျက်လိုက်တဲ့ အမျိုးဖျက်မ ဖြစ်သွားမယ်လေ။ ဒါကြောင့် မိသားစု မပြိုကွဲအောင် မိရိုးဖလာ အမျိုးမပြတ်ကြရအောင် ဒီစာရတဲ့ အချိန်ကစပြီး ခင်ဖုန်းကို မုန်းမေ့လိုက်ပါတော့ ကိုကိုရယ်။
ခင်ဖုန်းမလေ အချစ်ဆိုတာ မဖြစ်နိုင်မှန်း သိပေမယ့် မချစ်ပဲ နေလို့ မရတာ အမှန်ပါ။ ဒါပေမယ့်လေ အချစ်ကြီးတဲ့ ခင်ဖုန်းမကို ကိုကို မုန်းမေ့ပြီး မုန်းချောင်းရေထဲ မျှောလိုက်ပါတော့နော်..။
ဒီလို အချစ်မျိုး အဖြစ်ဆိုး ဘယ်သောအခါမှ ဘ၀ဆက်တိုင်း မကြုံပါရစေနဲ့လို့ ခင်ဖုန်း ဆုတောင်းခဲ့ပါတယ်။
ချင်းမလေး ခင်ဖုန်း

(၆)
ကိုမျိုးချစ်တစ်ယောက် တုန်ရီစွာဖြင့် ခင်ဖုန်း၏ စာကို ဖတ်နေမိသည်။ ရင်ထဲမှ အသည်းနှလုံးတွေ ပွင့်ထွက်မတတ် ခံစားနေရပြီ။ သူ၏ နှလုံးခုန်နှုန်းများမှာ ကိုမျိုးချစ် မောင်းနှင်လာသော မြေထိုးစက်ယန္တရားကြီးသံထက် ကျယ်လောင်ဆူညံနေမည် ထင်၏။ ကိုမျိုးချစ်ခမျာ တောအထပ်ထပ် တောင်အထွေထွေတို့အား ဤမြေထိုးစက် ယန္တရားကြီးဖြင့် ပြေပြစ်ချောမောလှပအောင် ထိုးနိုင်ခဲ့ပါသည်။ ယခု ကိုမျိုးချစ်၏ အချစ်ရေးနှင့် အိမ်ထောင်ရေး ဘ၀ လှိုင်းတံပိုးကြီးများအား လှပညီညာအောင် မည်သို့များ တတ်နိုင်ဦးမည်နည်း။ တစ်ဖက်အချစ်ကသာရင် တစ်ဖက် မိသားစုက နာရပေတော့မည်။
မုန်းချောင်းရေစီးသံမှာ တစ်ဝေါဝေါဖြင့် ကိုမျိုးချစ်အား လှောင်ပြောင်နေလေပြီ။
ကိုယ့်ကို တစ်သက်လုံးခွဲခွာသွားပြီလား မုန်းရယ်။ ဘယ်သော အခါမှ မုန်းလို့ မခေါ်ရက်နိုင်ပါဘူးကွယ်။ ။
ရွှေလမ်းငွေလမ်းဝင်းကြည်
(အငယ်လေးကို ချစ်ခဲ့မိလို့နှင့် အခြားဝထ္ထုတိုများ)စာအုပ်မှ
ပြန်လည်ဆန်းသစ် တင်ပြပေးပါသည်။
READMORE
 

အငယ်လေးကို ချစ်ခဲ့မိလို့(၃)

အချစ်ဆိုအိုသည် မရှိသော်လည်း ဒီရုပ်ခန္မာကြီးကို နေ့စဉ် ဇရာ(အိုခြင်း) တရားက ၀ါးမြိုနေပေပြီ။ ဦးရွှေဝင်း မှန်ရှေ့တွင် မတ်တပ်ရပ်၍ ခေါင်းဖြီးရင်း ပြုံးစိစိနှင့် စဉ်းစားမိပါ၏။ ကိုယ့်ကိုယ်ကိုလည်း စိတ်ထဲက ပြန်ပြီး ဆုံးမနေပါပြီ( မုတ်ဆိတ်လည်း ဖြူ၊ နှုတ်ခမ်းမွှေးလည်း ဖြူပြီ၊ င့ါစိတ်တွေ ဘာကြောင့် မဖြူသေးတာလဲ)။
ဦးရွှေဝင်သည် မှန်ကို အားပါးတရားကြည့်၍ မှန်ထဲက လူနှင့် အတူ
တစ်ယောက်တည်း စကားတွေ ပြောဆိုနေပေသည်။ “ ချစ်စုမရေ…မင်းဘာတတ်နိုင်သေးလဲ၊
င့ါကို လိမ်ညာလို့ ရမယ် ထင်နေသလား၊ မင်းလက်ထပ်ယူမယ့် ၀င်းမင်းဆိုတဲ့
ကောင်လေးဆီကို နင်နဲ့ငါတို့ရဲ့ ၀တ္ထုဇာတ်လမ်း စာမူ တစ်စောင် မိတ္တူ
ပို့လိုက်ပြီ….ချစ်စုမက ဒီနှစ် နောက်ဆုံးနှစ် စာမေးပွဲ ဖြေပြီးတာနဲ့
ဝင်းမင်း ကောင်လေးက လာခေါ်ပြီး ထွက်ပြေးကြမယ်ပေါ့.။အခုတော့ မင်းတို့
ဘာတတ်နိုင်သေးလဲ…ဦးက ကြိုတင်ပြီး အချစ်ကြေငြာစာတမ်း
စိန်ခေါ်ထားတာ“(ပျံလေတဲ့ ငှက်ခါးမလေး..နားခါမှ သိမယ်လို့)။”
မြေလတ်တက္ကသိုလ်ကျောင်း၏ အထွက်ပေါက်တွင် ဂျစ်ကားတစ်စီးနှင့်
လူငယ်တစ်ယောက် ကားရပ်၍ စောင့်မျှော်နေပါသည်။ လူငယ်သည် နာရီ
တကြည့်ကြည့်ဖြင့် ချစ်စုမ ထွက်အလာကို လှမ်း၍ ကြည့်နေ၏။ ကျောင်းသူ
အမျိုးသမီး တစ်အုပ်စု ရောက်လာကြပါသည်။ ချစ်စုမလည်း ပါလာပေသည်။
“ ဟေ့…ဟေ့ …ချစ်စုမ နင့်ကို ခေါ်ဖို့ င့ါကို လွှတ်လိုက်တာ……လာ လာ
ကားပေါ်ကို မြန်မြန်တက်ပါ..။ သူရှေ့မှာ စောင့်နေတယ်” ချစ်စုမသည်
အံ့အားသင့်စွာဖြင့် ကားပေါ်သို့ စွေ့ကနဲ တက်လိုက်ပါ၏။ ဒီနေ့ စာမေးပွဲ
အပြီးမှာ ၀င်းမင်းကို လာခေါ်ရန် သေသေချာချာချိန်းထားသည်။သူဘာကြောင့်
ကိုယ်တိုင် မလာရတာလဲ…စဉ်းစားမိရင်း စိတ်မော၍ နေပါသည်။“ ကားဆရာ၊
ဝင်းမင်းက ဘယ်မှာလဲ……..ဘယ်နေရာက စောင့်မှာလဲ ဘာတွေ
မှာလိုက်သေးလဲ…ရှင့်ကို ကျမ မယုံပါဘူး” “ ရော့…ဒီစာကိုကြည့်… မှ/
ဝင်းမင်းတဲ့။ ရှေ့လမ်းဆုံမှာ ချစ်စုမကို စောင့်နေသူ တစ်ယောက်
တွေ့ရပါလိမ့်မယ်”
ဂျစ်ကားသည် လမ်းဆုံသို့ အရောက်တွင် မြို့ပြင်ဘက် ထွက်ရန် ဘယ်ဘက်ကို
ကွေ့ချိုး၍ အရှိန်ပြင်းစွာ မောင်းနှင်လာခဲ့ပေသည်။
မန်ကျည်းပင်အိုကြီး တစ်ပင်သို့ မရောက်မှီ အရှိန်ကို လျှော့လိုက်တာ
ချစ်စုမ သတိထားလိုက်မိသည်။ သစ်ပင်ကြီး အောက်အရောက်တွင် ကားဘရိတ်ကို
ဆောင့်၍ ရပ်လိုက်၏။ ချစ်စုမသည် ဂျစ်ကား၏ လက်ကိုင်အား ဆုပ်ထားသော်လည်း
သူမ၏ ခေါင်းနှင့် သံဘောင်ထိပြီး မူးသွားသည်။ မျက်လုံးပြာဝေသွားသည်။
ကားမောင်းသူ လွင့်ကျသံ ကြားလိုက်မိပါသည်။ မိုးကာအင်္ကျီနှင့်
လူတစ်ယောက်သည် ဆိုင်ကယ်တစ်စီးဖြင့် ၀င်ရောက် ၍ ကားဘေးမှာ ထိုးရပ်လိုက်၏။
ထိုလူကြီးသည် ကားပေါ်သို့ လွှားကနဲ ခုန်တက်လာခဲ့သည်။
ကားမောင်းသူကိုအောက်သို့ဆွဲချလိုက်ခါ တစ်ချက်စိုက်ကြည့်ပြီး ကားကို
ဒလကြမ်း မောင်းထွက်လိုက်သည်။ သူ၏ ပါးစပ်မှလည်း တဟားဟား ရယ်မောပြီး
ပြောဆိုနေသံများကို ချစ်စုမ ကြားတစ်ချက် မကြားတစ်ချက် မျက်လုံးကို မှေး၍
နားထောင်နေမိသည်။
“ င့ါအချစ်ဆုံးကလေး၊ မင်းဘယ်ကို ပြေးအုံးမှာလဲ..။ အချစ်ဆိုတာ
စွန့်လွှတ်ခြင်း မဟုတ်ဘူးလို့ ငါပြောထားတာ မင်းတို့ မေ့သွားတာလား….
အချစ်နဲ့စစ်မှာ မတရားတာ၊ သနားစရာ မရှိဘူးကွ မှတ်ထား။ ချစ်စုမကို ငါ လုံးဝ
လက်လွတ်မခံနိုင်ဘူး အသည်းလေး….. ချစ်စုမရေ…ဦး
အချစ်ရူးကြီးကိုခွင့်လွှတ်ပါ ကလေးရယ်..”
ဦးရွှေဝင်း၏ ပြောဆိုသံကို ကြားလိုက်ရတာနဲ့ ချစ်စုမ တစ်ယောက်
သဘောပေါက်သွား ပါသည်။ ဆက်လက်၍ မူးမေ့ချင်ယောင် ဆောင်လိုက်ပြီး မျက်စိကို
မှိတ်လျှက် သူမရင်ထဲက စကားတွေကို အသံမထွက်ဘဲ ပြောဆို လိုက်ပါလာခဲ့သည်။
“ ဦးရယ် ..ဦးကို သမီး စိတ်မဆိုးပါဘူး…၊ ဦးက သမီးကို
ချစ်ရေးဆိုစဉ်ကတည်းက သမီးကလည်း တကယ်ပြန်ပြီး ချစ်နေခဲ့မိတာ အမှန်ပါ..။
မထက်နဲ့ မသဲသဲတို့က ဦးကို မကြိုက်သင့်၊ မဖြစ်သင့်ပါဘူးဟယ်လို့
ဇွတ်အတင်းနားချပါတယ်.။ရည်းစားလုံးဝ မရှိသေးတဲ့ ကျမကိုလေ ကျမကိုလေ
ဝင်းမင်းဆိုတဲ့ ကောင်လေးနဲ့ သဘောတူကြ၊ အောင်သွယ်ကြလို့ ဒီအဆင့်ထိ
ဖြစ်လာရတာပါ။ အခုလို ထွက်ပြေးဖို့ စီစဉ်ရတာလည်း …ဦးတို့ မိသားတစ်စုလုံး
ကောင်းစားရေးအတွက် ..သမီးရဲ့ ဘ၀ကို စတေးပြီး ၀င်းမင်းထံ ပေးဆပ်ဖို့
ကြံရွယ်ခဲ့မိတာ အမှန်ပါ ဦးရယ်..။အစကတည်းက သမီးကို ဒီလို ဦးက
ခိုးပြေးဖို့ မျှော်လင့်နေခဲ့ပါတယ်။ ဦးရဲ့ အယုအယနဲ့
အကြင်နာရင်ခွင်ကြီးကို တမ်းတနေခဲ့ရ၊ လွမ်းနေခဲ့ရတာ ကြာပါပြီ ဦးရယ်..။ ကဲ
အခုတော့ ဦးသွားချင်ရာကို သမီးလိုက်ခဲ့ပါတော့မယ်နော်..။ မိန်းကလေးဆိုတော့
လည်း…နဲနဲလေးတော့ ဟန်ဆောင်ကာ မူပိုပါရစေ ဦးရယ်…“။
ဦးရွှေဝင်း တစ်ယောက် တော်တော် ပျော်နေမိပါ၏။ သူ၏ ပုခုံးပေါ်သို့ မေးတင်၍
လိုက်ပါလာသော ချစ်စုမရဲ့ ပါးကို တစ်ချက် အားပါးတရ မွှေးလိုက်၊ ကားလီဘာကို
ခြေကန်ပြီး နင်းလိုက်နှင့် နှလုံးသား စည်းချက် ညီနေပေတော့သည်။
ဦးရွှေဝင်းသည် သူ၏ ဂျစ်ကားကို စက်အရှိန်လျှော့လိုက်ပါသည်။
မြို့နှင့်လည်း (မိုင် ၃၀) ဝေးလာခဲ့ပေပြီ။ သူ့ရင်ခွင်ထဲမှာ ခေါင်းထိုး၍
ပါလာသူ ချစ်စုမကလည်း မလှုပ်မယှက်ဖြစ်နေတော့ စိတ်ပူလာမိ၏။
သစ်ပင်ရိပ်ကောင်းသော လမ်းဘေးဇရပ်သို့ ကားကို ထိုးရပ်လိုက်မိပါ၏။ ချစ်စုမ၏
လက်ထဲတွင် ဆုပ်ကိုင်ထားသော စာတစ်စောင်ကို ဦးရွှေဝင်း
မြင်တွေ့လိုက်ရပါသည်။ ချစ်စုမအား အသာအယာ ပွေ့ဖက်၍ ကားပေါ်မှ ဇရပ်ပေါ်သို့
ချလိုက်ပါသည်။ ချစ်စုမသည် မျက်လုံးကို မှိတ်၍ မူးမေ့ချင်ယောင် ဆောင်ရင်း
သူမ၏ ရင်တွေ တဇက်ဇက်ခုန်ပြီး ကြည်နူးသာယာနေမိပါ၏။ ဦးရွှေဝင်းသည် ချစ်စုမ၏
ပါးပြင်နုနုလေးကို အကြိမ်ကြိမ် အခါခါ မွှေး၍ ချစ်စုမကို တိုးတိုးလေး
ကပ်ပြီး ပြောဆို လှုပ်နိုးနေပါတော့သည်။
“ အသည်းလေး၊ ချစ်စုမ၊ ချစ်စုမ သတိရပါတော့ ကလေးရယ်… အခုလို ကလေးမတို့ရဲ့
အချစ်ကို အတင်းအဓမ္မ ဓါးပြတိုက်လို့ လုယူခွဲထားပြီး ခေါ်လာရတာ ဦးကို
ခွင့်လွှတ်ပါကလေးရယ်နော်…”
ချစ်စုမသည် ဦးရွှေဝင်း၏ ရင်ခွင်မှ ဆက်ကနဲ ရုန်းကန်၍ ထပြီး
ထိုင်လိုက်ပါသည်။ အိပ်ချင်ယောင်ဆောင်သူ တစ်ဦးကဲ့သို့ ဟန်ဆောင်ထားပေသည်။
“ ၀င်းမင်း.၀င်းမင်း ဘယ်မှာလဲ..ဘယ်မှာလဲ……..ဟင်.။ ရှင်….ရှင်…ဦးရွှေဝင်း
….ဦး …..ဦးရယ် သမီးတို့ ချစ်ခြင်းကို မခွဲပါနဲ့လား.”
ချစ်စုမ၏ ပါးစပ်မှ ထွက်လာသော စကားလုံးများသည် ဦးရွှေဝင်း၏
ရင်ဘတ်အတွင်းမှ အသည်းနှလုံးအား မိုးကြိုး ရှစ်စိတ်ခွဲသွားသကဲ့သို့
နာကျင်ခံစား ထိခိုက်တုန်လှုပ်သွားပေသည်။ ချစ်စုမ၏ လက်ထဲတွင်
ဆုပ်ကိုင်ထားသော စာရွက်ခေါက်အား ဦးရွှေဝင်း ဆွဲယူလိုက်ပါသည်။
ထိုစာရွက်သည် ၀င်းမင်းမှ ကိုယ်တိုင်ရေးသားပြီး ဦးရွှေဝင်းမှ တဆင့်
ချစ်စုမကို ပေးသော စာဖြစ်ပါသည်။ ယင်းစာအား ချစ်စုမသည် ဖွင့်၍ မဖတ်ခဲ့ပါ။
မှ/ ၀င်းမင်း ဆိုသော စာအိပ်ပေါ်မှ လက်ရေးမှာ ၀င်းမင်း ၏ လက်ရေး သေချာနေ၍
ကားနှင့် ကားဆရာကို အခေါ်ခိုင်းသည်ဟု ချစ်စုမယုံကြည်စွာနှင့်
လိုက်လာခဲ့ခြင်း ဖြစ်ပါသည်။ အဖြစ်မှန်မှာ ဦးရွှေဝင်းသည် သူနှင့် ချစ်စုမ၏
ဇာတ်လမ်း ၀တ္ထု စာမူကို ၀င်းမင်းထံသို့ ကိုယ်တိုင် သွား၍ ပေးခဲ့ပါသည်။
ဝင်းမင်းမှာ ယင်းစာမူအား ဖတ်ပြီး ဒေါသအမျက် ချောင်းချောင်းထွက်၍
ဦးရွှေဝင်းထံ ပေးသွားသော စာဖြစ်ပါတော့သည်။
ဦးရွှေဝင်းသည် ချစ်စုမအား စူးစူးစိုက်စိုက်ကြည့်ပြီး စာအိပ်ကို
အမြန်ဖွင့်၍ ချစ်စုမ၏ မျက်နှာရှေ့သို့ ထိုးပေးလိုက်သည်။

သို့/
မာယာဒေ၀ီချစ်စုမ
ဦးရွှေဝင်းထံမှ နင်တို့ရဲ့ တော်သလင်းခွေး ဇာတ်ခင်းကြတာတွေ ငါအားလုံး
သိခဲ့ရပါပြီ။ နင့်ရဲ့ (နွားမရွှံ့ပိတ်ပြီး အချစ်ဈေးကွက် လေလံတင်ပွဲထဲက
ယောက်ျားတွေထဲမှာ ငါလုံးဝ မပါတော့ပါ။ ဖြစ်ခဲ့သမျှ အားလုံးကို
မေ့ထားလိုက်ပါပြီ။ ငါတစ်ခု သတိပေးလိုက်ပါတယ်။ ခြံခုန်တတ်တဲ့ နွားမဟာ
အမြဲခြံခုန်တတ်ပါတယ်။ နင်ရဲ့ အချစ်မာယာ အကျင့်ဆိုးတွေကို ခ၀ါချပြီး
ဦးရွှေဝင်းနဲ့ သေတဖန် တစ်သက်လုံး ပေါင်းသင်းနိုင်ကြပါစေ။


ဝင်းမင်း


ချစ်စုမသည် ၀င်းမင်း၏ စာကို ဖတ်ပြီး ဦးရွှေဝင်းထံ ခေါင်းထိုး၍
ချုံးပွဲချ ငိုနေပေတော့သည်။ သူပြုလုပ်ခဲ့သမျှ ပြန်ပြီး စဉ်းစားရင်း
နောင်တရနေပေတော့သည်။ ဦးရွှေဝင်းမှာ ရင်ခွင်အတွင်းသို့ ရောက်လာသော
ချစ်စုမကို ပြန်၍ နှစ်သိမ့်စကား ဆိုရပေ၏။
“ တိတ်ပါ ၊ ချစ်စုမရယ်….ဦး တစ်ယောက်လုံး ရှိနေပါသေးတယ်။ အခုလို
မင်းတို့ လူငယ်တွေရဲ့ အချစ်ကို ခွဲပြီး လုယူခဲ့မိတာ ဦးကို
ခွင့်လွှတ်နော်”
“ ဦးကို သမီး ခွင့်လွှတ်ပါတယ် ဦးရယ်..။ ခွင့်မလွှတ်နိုင်တာက သမီးကို
သမီး ခွင့်မလွှတ်နိုင်တော့ပါဘူး..။ မှန်ရာကို ၀န်ခံပါရစေ.။ဦးက သမီးကို
ချစ်တယ်လို့ ချစ်ရေ ဆိုစဉ်တုန်းမှာ ရည်းစားဆိုတာ ဘယ်သူ့ကိုမှ
မထားခဲ့ရသေးတာ အမှန်ပါ။ ဦးနဲ့ သမီးဟာ ဒီလို ဘ၀မျိုးကို
မရောက်အောင်ဆိုပြီး ကောင်လေးတွေနဲ့ ၀င်းမင်းကို တစ်ယောက်ပြီး တစ်ယောက်
လက်တည့်စမ်းခဲ့မိပါတယ်…..။ အဲဒီအထဲက ၀င်းမင်းဟာ သမီးကို တကယ်အနစ်နာခံပြီး
နှစ်နှစ်ကာကာ ချစ်ခဲ့တာပဲလို့ ထင်ခဲ့ပြီး လက်ထပ်ဖို့ ရွေးခဲ့တာပါ။
ဦးနဲ့ဝေးရင် ပြီးတာပဲဆိုတဲ့ မထူးစိတ်မွေးခဲ့ရတာပါ။ ဦးကို သမီး
တကယ်ချစ်ခဲ့မိလို့ သမီးရဲ့ ဘ၀ တစ်ခုလုံးကို အကြိမ်ကြိမ်အခါခါ
ပေးဆပ်အပ်နှင်းခဲ့တာပါ ဦးရယ်…။အခုတော့ .သမီးဟာ မယားငယ် ဘ၀ကို လုံးလုံး
သက်ဆင်းလိုက်ရပါပြီး….ဦးပြုစုတော့မှ နုရမယ့် ပန်းကလေးတစ်ပွင့်
ဖြစ်သွားပါပြီ ဦးရယ်….”
လောကတခွင် အမှောင်တကာ့ အမှောင်ဆုံးသည် ကာမ ကိလေသာ၏ အမှောင်သည်
အကြီးဆုံးဖြစ်ပါပေသည်။ သို့သော်လည်း ဦးရွှေဝင်းနှင့် ချစ်စုမတို့၏
ရင်ဘတ်တွေထဲမှာတော့ အချစ်လမင်း အစင်းပေါင်း ကုဋေကုဋာ ဝေဖြာနေကြပေတော့သည်။
******************
ဦးရွှေဝင်းသည် ကြိုတင် စီမံထားသည့်အတိုင်း ချစ်စုမနှင့်အတူ သရက်မြို့တွင်
အိမ်ထောင်သစ်ထူ၍ နေကြပေသည်။ စီးပွားရေးမှာ သစ်၊ ၀ါး၊ မီးသွေး ပွဲရုံကြီး
ဖွင့်ထားပါသည်။ ဦးရွှေဝင်းသည် သရက်မြို့မှာ လွန်ခဲ့သော နှစ်ပေါင်း
(၃၀)ခန့် ဆောက်လုပ်ရေး လုပ်ငန်းတာဝန်ဖြင့် နေခဲ့ဘူး၏။ သူငယ်ချင်း
ကိုခင်မောင်ကြည် (လူပျိုကြီး)နှင့် ပြန်၍ တွေ့ဆုံပြီး တိုင်ပင်ကာ
ဤသရက်မြို့ကို နေထိုင်ရန် ရွေးချယ်ခဲ့ခြင်း ဖြစ်ပါသည်။
ကိုခင်မောင်ကြည်သည် ပျော်ပျော်ပါးပါး အမြဲနေထိုင်တတ်ပါသည်။
ဦးရွှေဝင်းနှင့် ချစ်စုမတို့ လင်မယား ရောက်လာစဉ်က စတင်နောက်ပြောင်တော့၏။
“ ကိုရွှေဝင်းတို့ နှစ်ယောက်ကတော့ တစ်ကယ်ကြည့်လို့
ကောင်းတယ်.ရှေ့သွားလိုက် ညီပြီး တကယ့်သားအဖနဲ့ တူတာပဲ”
“ ဟဲ၊ ဟဲ ကိုခင်မောင်ကြည်ရေ --တော်ပါတော့ဗျာ…..လူကြီးရှက်တော့ ကျွန်တော်က
ရယ်နိုင်ပေမယ့် ချစ်ဇနီး အသစ်စက်စက် ချစ်စုမရဲ့ မျက်နှာလေးမှာ
ရှက်သွေးတွေ ဖြာနေပါပြီဗျာ…”
ကိုရွှေဝင်းနှင့် ကိုခင်မောင်ကြည်တို့ သူငယ်ချင်း နှစ်ယောက်မှာ
ရယ်ရယ်မောမော ပြောဆိုနေခဲ့ကြသည်။ ချစ်စုမသည် ရှက်စိတ်ကြီး၍
အိမ်တွင်းခန်းသို့ ပြေးဝင်ပြီး ငိုပွဲဆင်တော့သည်။ အရွယ်မတူ အချစ်ဟူသော
အကြောင်းရင်းခံမှုကြောင့် ချစ်စုမ၏ စံပယ်ဖြူ ချစ်ပန်းပွင့်ကလေး
ညှိုးနွမ်းသွားရပေတော့သည်။ ဦးရွှေဝင်းမှာ ပြာရိပြာရာဖြင့်
အိမ်တွင်းခန်းသို့ ၀င်လိုက်လာခဲ့ပေတော့၏။ ချစ်စုမသည် အိပ်ယာပေါ်မှာ
ဝမ်းလျားမှောက်၍ ငိုရှိုက်နေပါသည်။
“ ချစ်စုမ…ချစ်စုမ…ဦးရဲ့ ချစ်ဇနီးလေးရေ…..မငိုပါနဲ့ကွယ်။
တိတ်ပါတော့နော်….ဦးတို့ဘ၀ က ယခုမှ စလုံးရေစ၊ မင်္ဂလာဦးည မင်းက ငိုနေရင်
ကလေးမျက်လုံးပြူးလိမ့်မယ်…ထပါတော့၊ ဒီဘက်ကို လှည့်ပါအုံး”
ချစ်စုမကို ပြောပြောဆိုဆိုခြင့် ဦးရွှေဝင်းသည် သူကိုဆွဲ၍ လှည့်လိုက်ပြီး
ချော့နေပါတော့သည်။
“ သွား၊ သွား ညီမ အနားကို မလာပါနဲ့၊ ညီမကိုလည်း ဘယ်တော့မှ သမီးလို့
မခေါ်တော့ပါနဲ့..။ ဦးက ညီမကို သမီး သမီးလို့ ခုလို ခေါ်နေတော့ သူများတွေက
အပြောခံနေရတာ သိလား.။”
“ ဦးရဲ့ ချစ်ဇနီးလေး အမိန့်တော်အတိုင်း
နာခံတော်မူပါမယ်ဗျာ…ရွှေစိတ်တော်ညို-နှုတ်ခမ်းတော်စူ၍ မမူလိုက်ပါနဲ့
ညီမတော် အလိုကျ……..ဆိုစကားများ…..ဆက်လက်ပြီး အမိန့်တော်ရှိပါ နှမတော်
ချစ်ဇနီးလေးဗျား”။
ဦးရွှေဝင်းသည် ကုတင်ပေါ်မှ ချစ်စုမအား လက်အုပ်ကလေး ချီလျက်သား အချစ်တဏှာ၏
ကျွန်ကြီးအဖြစ် ခစားနေပါသည်။
“ ဦးနော်…ညီမကို အရှင်လတ်လတ် ငရဲပို့နေတာလား…တော်ပါတော့ဆို…အဲဒီ
လက်နှစ်ဖက်လာခဲ့..။ ညီမရဲ့ ရင်ထဲက လှိုင်းလုံးခတ်သံတွေနဲ့အတူ
…စကားပြောပါရစေဦး..ဦးရယ်၊ ညီမမှာ ဦးကို ချစ်လွန်းအားကြီးလို့
မိဘဆွေမျိုးတွေပြစ်ပြီး လိုက်လာခဲ့ရတာပါ။ ညီမရဲ့ ဘ၀က ဦးပြုစုယုယမှ
နုရတော့မှာပါ။ သူများတွေရဲ့ တံတွေးခွက်ထဲမှာ ပက်လက်မျှောလိုက်ခဲ့မိပါပြီ
ဦးရယ်…။”
ချစ်စုမသည် ဦးရွှေဝင်း၏ လက်နှစ်ဖက်ကို ဆွဲလျှက် ရင်ခွင်တွင်းသို့ ၀င်ပြီး
အချစ်မျက်ရည်ခံထိုး၍ စကားပြောနေကြ၏။
“ ဦးရယ်၊ ညီမရဲ့ ဘ၀က ငယ်ငယ်ရွယ်ရွယ်နဲ့ သူများရဲ့ လင်ကို ယူခဲ့မိလို့
မျက်နှာငယ်ရပါပြီ…ဦးနဲ့ ညီမ အသက်ကလဲ သမီးနဲ့ အဖေအရွယ်ဆိုတော့ …တွေ့တဲ့
မြင်တဲ့သူတွေက…မေးငေါ့ကြတာပေါ့…။ သမီးကို သနားပါ ဦးရယ်နော်….”
ဦးရွှေဝင်းသည် ရင်ခွင်ထဲမှ ချစ်စုမကို ဆက်ကနဲ တွန်းလွှတ်၍ ဟားတိုက်ရယ်မော
ပြောဆိုနေပါသည်။“ ဟားဟားဟား ချစ်စုမရယ်…မင်းပဲ ကျမကို “ သမီး” လို့
မခေါ်ပါနဲ့၊ ညီမလို့ ခေါ်ပါဆို သမီးကို သနားပါ ဖြစ်လာပြန်ပြီ၊ ဦးက ချစ်စုမ
ညီမလေးကို တစ်ကယ်သနားလို့ တကယ်ချစ်လို့..ဖြစ်ချင်ရာဖြစ် မိသားစု၊
သား/သမီးတွေနဲ့ မယားကိုထားခဲ့ပြီး အချစ်ဘ၀သစ် တည်ထောင်ခဲ့တာပါ ကလေးရယ်…”
ချစ်စုမသည် ဦးရွှေဝင်း တွန်းလွှတ်လိုက်၍ ကုတင်တစ်ဖက်စွန်းမှာ ကွေးကွေးကလေး
ခွေနေပြီး မျက်ရည်တွေ ယိုစီးကျနေပါသည်။ မချိုပြုံးပြုံး၍ စိတ်ကောက်
စကားစစ်ထိုးနေပါတော့သည်။ သူမမှာ ငိုနေ၏။
“ဟီး..ဟီး..ဟီး ဦးမကောင်းဘူး..ညီမရဲ့ ခါးတော်တော်
နာသွားပြီ..ပြန်လျော်ပေး ခုချက်ချင်း
နှိပ်နင်းပေးရမယ်..အားအား..ကျွတ်ကျွတ် အမေရေ..အမေ့သမီးတော့ လင်ယူမိတာ
ငါးပါးမှောက်ပါပြီတော့။ ဟီးဟီး ..ဦးကို မချစ်တော့ဘူး။ အခန်းထဲက
ခုချက်ချင်းထွက်သွား..သွားဆို ..ဘာကြည့်နေတာလဲ…သွား ညီမ အနား မလာနဲ့။”
ဦးရွှေဝင်းသည် ချစ်စုမ ဘာပဲပြောပြော သူမ အနားသို့ ဇွတ်အတင်း
ကပ်သွားခဲ့ပါသည်။ မိန်းမဟူသည် ဆောင်းလေပမာညီ အတွင်းသဘောဘယ်မတည်
ပြောင်းလဲတတ်သည်။ အချစ်နှင့်ပတ်သက်လာလျှင် များသောအားဖြင့် မိန်းမများသည်
စကားကို ပြောင်းပြန်ပြောတတ်ကြ၏။ ဦးရွှေဝင်းမှာ သူဖတ်ခဲ့ဘူးသော ဆရာကြီး
ပီမိုးနင်း၏ အထက်ပါ အချစ်သျှတြ ကျမ်းစာများကို သတိရမိလာပါသည်။
“ ချစ်ဇနီးလေးရယ် ဦးကို စိတ်မဆိုး ပါနဲ့နော်၊ ညီမ အကြိုက် ဘာမဆို
အားလုံးစိတ်တိုင်းကျ နေထိုင် ပြောဆိုပါတော့မယ်” အခန်းတွင်းမှ
ဇနီးမောင်နှံအသံများ တိတ်ဆိတ်သွားပေပြီ..။ တိတ်ဆိတ်ငြိမ်သက်နေသော
အသံများအား နားစိုက်ကြည့်မည် ဆိုပါလျှင် အဓိပါယ်အမျိုးမျိုး
ဖွင့်ဆိုကြမည် မဟုတ်လား…။
********************
ဦးရွှေဝင်းနှင့် ချစ်စုမတို့ ဇနီးမောင်နှံသည် သရက်မြို့တွင်
ပေါင်းသင်းဆက်ဆံ နေထိုင်လာခဲ့သည်မှာ (၁)ကျော်ကြာလာခဲ့ပေပြီ၊
ဦးရွှေဝင်းမှာ အသက်(၅၀)ကျော်လာသောအခါ အရာရာ
စိတ်သွားတိုင်းကိုယ်မပါနိုင်တော့ပေ။ ယခင်က သူများတကာနှင့် ဇနီးကြီးအပေါ်
လက်ညှိုးထိုး၍ စေခိုင်းခဲ့ပြီး အဆင်မပြေလျှင် ဒေါသအလွန်ကြီးခဲ့ပါသည်။
ယခုအခါ ဦးရွှေဝင်းမှာ ချစ်ဇနီးငယ်ကလေး၏ လက်ညှိုးညွှန်ရာ ကပြာကရာ ကိစ္စ
အ၀၀ကို ဆောင်ရွက်နေရပေပြီ။ ချစ်ဇနီးငယ်၏ အလိုကျ မဆောင်ရွက်နိုင်သောအခါ
မယားငယ် ကလေး၏ နှုတ်ခမ်း ဓါး စူးစူးဖြင့် ရင်ဘတ်ကြီးကို ထိုးမွှေ
ခံရပေတော့သည်။
ယခင်က အလွန်ကြီးခဲ့သော ဦးရွှေဝင်း၏ ဒေါသအိုးကြီးသည် မယားငယ်ကလေး၏
ခြေဖနောင့်အောက်သို့ ပြားပြားဝပ် ကြေမွ၍ သွားပေပြီ..။ တစ်ဘက်အိမ်မှ
အသံကျယ်လောင်စွာဖြင့် ကက်စက်ဖွင့်သံမှာ ဦးရွှေဝင်းအား သရော်
လှောင်ပြောင်နေသလား ထင်မှတ်ရပါ၏။ (အငယ်လေးကို ချစ်ရင် ဒုက္ခ..) ၂ ငါးပါး
မှောက်လိမ့်မယ်…။
“ အိမ်ရှင်တို့..အိမ်ရှင်တို့…ဘယ်သူမှ မရှိကြဘူးလား…. ချစ်စုမ နာမည်နဲ့
စာပါလာတယ်..ထွက်ပြီး လက်ခံပေးကြပါ” အိမ်ရှေ့မှ စာပို့သမား အော်သံကြောင့်
ချစ်စုမ အပြေးအလွှား ထွက်ယူလိုက်ပါသည်။ စာအိတ်ပေါ်က လက်ရေးကြည့်၍ ချစ်စုမ
ပြုံးစိစိ ဖြစ်နေ၏။ အိပ်ခန်းအတွင်းမှ အိပ်နေသော ဦးရွှေဝင်းကို
တစ်ချက်လှည့်ကြည့်ပြီး စာဖတ်ရန် အိမ်သာထဲသို့ သွားပါတော့သည်။
***********************
ဦးရွှေဝင်းသည် ချစ်စုမနှင့် စတင်ပေါင်းစဉ်ကတည်းက ပါလာသော ငွေများကို
ချစ်စုမထံ အပ်နှံထားသည်။ လုပ်ငန်းငွေစာရင်းများကိုလည်း ချစ်စုမ
ကိုင်ထား၏။ သစ်ဝါးနှင့် ထော်လာဂျီ လုပ်ငန်းကိုလည်း သူ၏ သူငယ်ချင်းဖြစ်သူ
ကိုခင်မောင်ကြည်အား ဦးဆောင်ခိုင်းထားပေသည်။ လုပ်ငန်းမှာ တိုးတက်မလာဘဲ
ပေးရန် ကြွေးစာရင်းများသာ များ၍ လာ၏။ ဦးရွှေဝင်းသည် အိပ်တစ်ဝက် ၊
နိုးတစ်ဝက်ဖြင့် အတွေးဝင်္ကပါ ချာချာလည်အောင် စဉ်းစားနေပေတော့သည်။ မနေ့က
ဦးရွှေဝင်းနှင့် သူ၏ သားကြီး မောင်ထိပ်တင်တို့ ဖုန်းဆက်ပြောဆိုကြ၍
အိမ်မှသတင်းများကို စိတ်မကောင်းစွာ ကြားသိခဲ့ရပြန်ပေသည်။ မယားကြီး
ဒေါ်ဌေးကြည်မှာ အိပ်ယာထဲမှာ ဘုန်းဘုန်းလဲနေပေပြီ..။ သမီးကြီး ဂျမ်းထော်မှာ
ဘွဲ့ယူပြီး၍ ယောက်ျားယူတော့မှာဖြစ်ကြောင်း၊ ဘွဲ့နှင်းသဘင် တက်ယူသည့်နေ့က
သူများတွေမျာ မိစုံ ဖစုံတွေနဲ့ ဓါတ်ပုံရိုက်နေကြတာကို ကြည့်ပြီး
ကျန်ခဲ့တဲ့ သားအမိ သုံးယောက်မှာ တစ်ယောက်ကို တစ်ယောက် ဖက်၍ ငိုပွဲ
ဆင်ခဲ့ကြရ၏။ နောက်(၆)လကြာလျှင် သမီးကြီး၏ လက်ထပ်ပွဲ လုပ်မှာဖြစ်ကြောင်း
သားကြီးမှ ငိုသံပါနှင့် ပြောကြားတာကို ပြန်၍ ကြားယောင်နေမိပေတော့သည်။
“ အဖေ၊ အဖေ မရှိတော့လည်း စီးပွားရေး ကိစ္စတွေကို အဖေ သင်ထားခဲ့တဲ့
ပညာတွေနဲ့ ရှာဖွေနိုင်ခဲ့ပါတယ်..။ ဒါပေမယ့် အဖေရယ် အစားထိုးလို့
မရနိုင်တာက လူမှုရေး နယ်ပယ်ထဲမှာ “ အဖေ” ဆိုတာ ဘာနဲ့မှ အစားထိုးလို့
မရပါဘူး အဖေရယ်…”
ဦးရွှေဝင်းသည် သူ၏ သားဖုန်းဆက်၍ ပြောစကားများကို ပြန်လည် ကြားယောင်မိပြီး
သက်ပြင်းအခါခါ ချနေမိ၏။ သမီး၏ မင်္ဂလာဆောင်တွင် အဖေမလာနိုင်၍
မျက်နှာငယ်ရမည့် အဖြစ်များအား တဆက်တည်း စဉ်းစားလာမိပြန်ပါသည်။
ဇနီးကြီးကလည်း လုံးဝ လက်ခံမည် မဟုတ်ပေ။ သမီးကလည်း အမေ့ထက် စိတ်ကကြီး၏။
“ အဖေ၊ သမီးတို့ကို မချစ်လို့ ပစ်သွားတာကို အမေက ခွင့်လွှတ်နိုင်ပေမယ့်
သမီးက ခွင့်မလွှတ်နိုင်ဘူး အဖေ…”
သမီးကြီး၏ နောက်ဆုံး ပြောစကားကြောင့် ဦးရွှေဝင်းမှာ သမီး၏ မင်္ဂလာဆောင်သို့
သွားရန် တွန့်ဆုတ်နေပါသည်။
“ ဦး..ဦးရေ ခေါ်နေတာ မကြားဘူးလား…ဦးရွှေဝင်းရှင့်၊ ဒီလောက် ခေါ်နေတာတောင်
မကြားဘူး၊ ဘာတွေများ စဉ်းစားပြီး မှန်မှန်ပြောစမ်း၊ ညီမကို ကျော်ပြီး
ဦးရဲ့ မိသားစုကို သတိရနေတာ မဟုတ်လား…။”
ဦးရွှေဝင်းသည် ချစ်စုမ သူ၏ အနားသို့ ရောက်လာတာကို အမှန်မသိလိုက်ပါ၊
ချစ်စုမ ဆောင့်၍ အော်လိုက်သံကြောင့် ရုတ်တရက် လန့်သွားပါသည်။ သူရဲ့
နားထဲတွင် မကြားဘူးသော စကားတစ်ခွန်းကြောင့် ရင်ထဲတွင် အောင့်သက်သက်
ဖြစ်သွားမိပါသည်။ ချစ်စုမ တစ်ကြိမ် တစ်ခါမျှ မခေါ် ဘူးသော ခေါ်သံမှာ “
ဦးရွှေဝင်း” တဲ့။
“ ဟော ..ဦးရေ…အစ်ကိုကြီးရေ…ညီမရဲ့ လင်တော်မောင်ကြီးရေ…ညီမကို ဘာလို့
ပြူးကြည့်နေတာလဲ…”
ချစ်စုမသည် သူမအား မျက်ထောင့်နီကြီးနှင့် စိတ်ဆိုးသွားသော အမူအယာကို
ချက်ချင်း သိလိုက်ပါသည်။ ထို့ကြောင့် မိန်းမတို့၏ တင်္ခဏုပတ္တိညာဏ်ဖြင့်
ဒေါသသံမှ ချက်ချင်း တဏှာသံသို့ ပြောင်း၍ ချိုသာစွာ ဆိုလိုက်ပါတော့၏။
ပြောပြောဆိုဆိုနှင့် ချစ်စုမသည် ဦးရွှေဝင်း အနားသို့ ကပ်၍ ကပ်၍
တိုးလာခဲ့ပြီး ဦးရွှေဝင်း၏ ပါးနှစ်ဖက်ကို မွှေးမွှေး ပေးလိုက်ပါသည်။ သူမ၏
လက်နှစ်ဖက်ဖြင့် ဦးရွှေဝင်း၏ ရွှေလည်တိုင် ကြီးအား ရီးလေခိုစီး
လိုက်ပါသည်။ သူမ၏ ရယ်သံမှာ…လေထဲတွင် ပျံ့လွင့်သွားပေသည်။ ဦးရွှေဝင်းသည်
ချစ်စုမ၏ သာယာမှု ရေအလျဉ်ကြောတွင် မျှောပါသွားပေပြီ…ယောက်ျား မိန်းမ
သတ္တ၀ါဟူ သမျှသည် သာယာမှု ထွက်ပေါက်ကို လိုလား တောင့်တခြင်းမှာ သဘာဝ တရား
မဟုတ်ပါလား…။
********************************
ဦးရွှေဝင်းသည် မနေ့ ကချစ်စုမထံသို့ အမှတ်တမဲ့“ ဦးရွှေဝင်း ” ဆိုသော ခေါ်သံ
စကားတစ်လုံးကြောင့် ယနေ့မှ စ၍ အချိုးပြောင်းပြီး လက်ဘက်ရည်ဆိုင်သို့
ထွက်ထိုင်ခဲ့၏။ သရက်မြို့တွင် နေထိုင်ခဲ့သော တစ်နှစ်ခွဲ ကာလအတွင်း
ပထမဆုံးအကြိမ် လက်ဘက်ရည် ဆိုင်သို့ ထွက်ထိုင်ခြင်း ဖြစ်ပါသည်။ အပြင်သို့
မထွက်ခြင်းမှာ ဦးရွှေဝင်းသည် သမီးအရွယ် ချစ်စုမသည် သမီးအရွယ် ဇနီးငယ်
ဖြစ်နေ၍( သားအဖဟု ထင်မှတ်နေကြပါသည်။) ချစ်စုမ အပြင်ထွက်ရင်လည်း
ဦးရွှေဝင်းကို ခေါ်လေ့ခေါ်ထ မရှိပါ။ တစ်ခါ တစ်ရံ ကျန်းမာရေးအတွက် ဆေးခန်း၊
ဆေးရုံသို့သာ သူတို့ နှစ်ဦးတည်း ထွက်ကြ၏။ ချစ်စုမ အပြင်သို့
အလုပ်ကိစ္စဖြင့် ထွက်လျှင် အိမ်ဖော် ထမင်းချက် ကောင်မလေးနှင့်
ကိုခင်မောင်ကြည်တို့ အမြဲလိုက်ပါကြ၏။ အိမ်တွင် ထမင်းချက်
ကောင်မလေးများမှာ ငါးလ တစ်ကြိမ် ပြောင်းလည်း ခိုင်းစေပါသည်။ အ ကြောင်းမှာ
ချစ်စုမက သူ၏ ယောက်ျား ဦးရွှေဝင်းနှင့် မသင်္ကာတိုင်း ပြောင်း၍
ခန့်ထားခြင်း ဖြစ်ပါသည်။ ဦးရွှေဝင်းသည် ချစ်စုမ အကြောင်း စေ့စေ့စပ်စပ်
တွေးတောနေရင်း မနေ့က မူပြောင်းသွားသော ချစ်စုမကို ပြန်လည်ဒေါပွ
နေမိပြန်၏။ ( ဦးရေ..အစ်ကိုကြီးရေ …ခေါ်နေရာမှ “ ဒီမှာ ဦးရွှေဝင်း” ဆိုသော
စကားကြောင့်) ဇနီးငယ်ငယ်လေးနှင့် ထာဝရ အချစ်ဖြင့် အိပ်မောကျနေခဲ့သော
ဦးရွှေဝင်းမှာ အချစ်အိပ်ယာထဲမှ လန့်၍ တစ်ရေးနိုးခဲ့ပေပြီ..။
လက်ဘက်ရည်ဆိုင်အတွင်း တစ်နေရာမှ စကားဝိုင်း တစ်ခုကြောင့် ဦးရွှေဝင်းအား
ချစ်စုမ သစ္စာဖောက်သော သတင်း အစအန ကြားသိခဲ့ရပေပြီ..။ တစ်ဖက်စကားဝိုင်းမှ
ချစ်စုမ၏ သတင်းများကို ဦးရွှေဝင်း ပြန်လည် စုစည်း စဉ်းစား
နားထောင်လိုက်သောအခါ..
ချစ်စုမသည် သူ၏ ငယ်ရည်းစားများနှင့် ပြန်လည် ဆက်သွယ်နေ၏။
လူချင်းမတွေ့ရသော်လည်း စာဖြင့် ဆက်သွယ်နေပါသည်။ မောင်စိုးနိုင်၊
မောင်အောင်မိုးနှင့် မောင်ဝင်းမင်းတို့ထံမှ စာများ မကြာ မကြာ
ရောက်လာတတ်ပါသည်။
ချစ်စုမသည် အပျိုဘ၀က စိတ်ဓါတ်အတိုင်း အိမ်ထောင်သည် ဘ၀အထိ သယ်ဆောင်လာခြင်း
ဖြစ်ပါသည်။ ၀ါသနာ ဗီဇကို မဖျောက်နိုင်ကြောင်း သူမ၏ လုပ်ရပ်များက သက်သေ
ခံနေပါသည်။လွတ်လပ်သော ဘ၀တွင် အပျော်နေခဲ့မိသော အကျင့်သည် အိမ်ထောင်သည်
ဘ၀သို့ ရောက်သောအခါ…လူလည်းပျက်၊ စီးပွားရေးလည်း တစတစ ယုတ်လျော့ ပျက်စီး၍
လာပေပြီ။
ပိုမို၍ ဆိုးရွားသော လုပ်ရက် တစ်ခုမှာ ချစ်စုမ ဦးနှောက်မဲ့ နေပေ၏။
မောင်ဝင်းမင်းထံ သို့ ချစ်စုမသည် စီးပွားရေးလုပ်ငန်းမှ ငွေများအား
ဦးရွှေဝင်းမသိအောင် ခိုးယူပေးခြင်း ဖြစ်ပါသည်။ မောင်ဝင်းမင်းသည် ယခင်က
လုပ်နေကျအတိုင်း နှစ်လုံးထီရောင်းခြင်း၊ ထိုးခြင်းဖြင့် ချစ်စုမ
ပေးပို့သော ငွေများသုံး၍ မြေလတ်မြို့မှာ ပျော်ပါးသောက်စားနေ၏။ မကြာသော
ကာလအတွင်း မောင်ဝင်းမင်းသည် လောင်းကစားမှုနှင့် အဖမ်းခံရပါသည်။ အမှုအတွက်
ငွေလိုနေ၍ ချစ်စုမထံသို့ မကြာမကြာ စာရေးပြီး တောင်းရ၏။ လောကကြီးသည်
ကိုယ်ပြုသောကံကို ကိုယ်သာခံရမြဲဖြစ်ပါသည်။ မောင်ဝင်းမင်းသည်
လောင်းကစားမှုဖြင့် ထောင်ဒဏ်(၂)နှစ်တိတိ အချခံလိုက်ရပါတော့၏။ သရက်မြို့
ထောင်သို့ ရောက်သောအခါ ချစ်စုမက ထောင်ဝင်စာ သွား၍ တွေ့ပါသည်။
လူမိုက်အားပေး မုဆိုးတစ်ပိုင်း မိန်းမရိုင်း။ သူခိုး
ဓါးရိုးကမ်းနေသောချစ်စုမသညဖျတ်ဖျတ်လူး အပူသည်ယောင်ဆောင်ပြနေသည်။
“မောင် ..ဘာမှအားငယ်မနေပါနဲ့၊ ဒီမြို့မှာ…ညီမ တစ်ယောက်လုံးရှိနေတာပဲ၊
ထောင်ထဲမှာ ..ကောင်းကောင်းနေရအောင်၊ စားရအောင်၊ ညီမ (၇ ရက်
တစ်ကြိမ်လာပြီး စီစဉ်ဆောင်ရွက်ပေးပါမယ်…၊ အားငယ်မနေနဲ့နော်..။”
“ မလာခဲ့ပါနဲ့တော့… ချစ်စုမရယ်…။ ကိုယ့်အပြစ်နဲ့ကိုယ်သာ
ရှိပါစေတော့ကွာ…၊ ညီမရဲ့ ယောက်ျားကြီး ဦးရွှေဝင်း သိသွားရင်…ညီမတို့
အိမ်ထောင်ရေး ကွဲသွားပါ့မယ်…။ ကိုယ့်ဆီကို
မလာခဲ့ပါနဲ့တော့ကွာ…ပြန်တော့နော်…ဟိုမှာ အစောင့်တွေက ဒို့နှစ်ယောက်ကို
ဝိုင်းကြည့်နေကြပြီ..။ သွားပါတော့ ချစ်စုမရေ…နော်…နော်”
လက်ဘက်ရည်ဆိုင်အတွင်းမှ ပြောပြနေသော စကားဝိုင်းသည် ဦးရွှေဝင်းအတွက်
နားထဲသို့ သံရည်ပူများ လောင်းထည့်နေသလား ထင်မှတ်ရတော့၏။ ဦးရွှေဝင်းသည်
ရှက်လွန်းအားကြီး၍ မျက်နှာကြီး တစ်ခုလုံးနီမြန်းနေပေပြီ..။
************************
ဒီကိစ္စ ဘယ်ကစပြီး ဘယ်လိုကိုင်တွယ် ဖြေရှင်းရမည်လဲ…စဉ်းစားရင်းမှ
ထွက်ပေါ်လာသော ဒေါသများကို ရင်ဝယ်မြိုသိပ်၍ ဆိုင်ထဲမှ
ထွက်လာခဲ့ပါတော့သည်။အိမ်ကို တန်း၍ မပြန်သေးဘဲ ကမ်းနားလမ်းသို့
စိတ်ကုန်လက်ပန်းချပြီး တစ်လှမ်းချင်း လျှောက်လှမ်းလာခဲ့၏။
ကမ်းနားလမ်းတွင် ရှိသော သရက်မြို့၏ တန်ခိုးကြီး ဆုတောင်းပြည့်
ဘုရားဝိုင်း အတွင်းသို့ ၀င်ရောက်လာခဲ့ပါသည်။ ဘုရားရင်ပြင်တွင် ဒူးထောက်
လက်အုပ်ချီလျှက် ရင်တွင်းမှ သောက အပူများကို သက်ပြင်း ရှည်နှင့်အတူ
မှုတ်ထုတ်လိုက်ပါသည်။
“ ဘုရား တပည့်တော်သည်… ကိုယ့်ကျင့်တရားပျက်၍ ချစ်စုမ ဇနီးငယ်ငယ်လေးကို
ယူခဲ့မိပါသည်။ ၀ဋ်ကြွေးရှိပါက ဒီဘ၀ဒီမျှနှင့်ပေးဆပ်ရလို၏..ရှင်ဘုရား…”
ဘုရားတန်စောင်အပေါ်မှ ခိုမိသားစု တစ်အုပ်သည် ဦးရွှေဝင်း၏ အသံထွက်၍
ဆုတောင်းသံကြောင့် လန့်ပြီး“ ဖြန်းကနဲ“ ထ၍ ပြန်သွားကြပေတော့သည်….။
ဦးရွှေဝင်းသည် မှောင်စပျိုးသော အချိန်မှ အိမ်သို့ ပြန်ရောက်လာ၏။
အိမ်အတွင်းသို့ ၀င်လိုက်မိသောအခါ…အသင့်စောင့်နေကြသော ဧည့်သည်သုံးဦးကို
တွေ့လိုက်ရသည်။ ဦးရွှေဝင်းသည် သူတို့အား မြင်တာနှင့် ကြက်သေ သေ၍
ကျောက်ဆစ် ရုပ်ကဲ့သို့ ရပ်ကြည့်နေမိ၏။ သူတို့မှာ…ချစ်စုမ၏ အဖေနှင့်အဖေ၊
ချစ်စုမ၏ အစ်မ တစ်ဦးတို့ ဖြစ်ကြပါသည်။ ချစ်စုမ၏ အမေမှာ ထိုင်နေရာမှ
မတ်တတ်ရပ်၍ ကျောက်ရုပ်ဖြစ်နေသော ဦးရွှေဝင်းအနားသို့ ကပ်လာပြီး
စကားဆိုရန်တွေ့ပါတော့သည်။
“ လူကြီးမင်း…ဦးရွှေဝင်း…….ကျမတို့ကို မြင်တွေ့လိုက်လို့ ကြောက်လန့်ပြီး
ကျောက်ရုပ် ဖြစ်မသွားပါနဲ့ …ရှင်ဟာ ..တော်တော်ကို လူကြီး လူကောင်း
မဆန်တဲ့ လူပဲ..။ ကလေးကို မုန့်ပေးပြီး ခိုးယူ ဇနီးလုပ်လိုက်တာပေါ့။
ကျမရဲ့ သမီးလေး ချစ်စုမဟာ ..ရှင့်သမီးထက်တောင် အသက်က ငယ်ပါသေးတယ်..။
ရက်စက်လိုက်တာရှင်..။ ဒီမှာကြည့် သူရေးပေးခဲ့တဲ့စာ…”။
သို့ /
“ အဖေနှင့် အမေ…ကျမရဲ့ ချစ်သူ ၀င်းမင်းဆိုသော ကောင်ကလေးနဲ့ ယနေ့ စာမေးပွဲ
အပြီး ခိုးရာသို့ လိုက်သွားပါပြီ..။ သမီးကို ခွင့်လွှတ်ပေးကြပါ။…”
သမီးမိုက်
“သူရေးထားခဲ့တဲ့ စာအတိုင်း ရွယ်တူ ကောင်လေးနဲ့ အိမ်ထောင်ပြုသွားတယ်
ဆိုပြီး ကျမတို့ မိသားစု စိတ်အေးနေကြတာ၊ ယခုတော့မှ သူက အကြောင်းစုံ
ရင်ဖွင့်ပြီးခေါ်တော့ ဦးရွှေဝင်း လူယုတ်မာကြီးက ကြားမှ ဖြတ်ခိုးယူပြီး
ပေါင်းသင်းဆက်ဆံနေတာ…သိရလို့၊ ကျမတို့ လိုက်လာခဲ့ရတာ… ကဲ ရှင် ဘာတွေ
ငိုင်ပြီး နေတာလဲ၊ ကျမရဲ့ သမီး ချစ်စုမကို ခေါ်ပေးပါ..။
ရှင်နဲ့…မပေါင်းချင်တော့လို့ သူရေးပို့လိုက်တဲ့စ…စာကို…ရော့ ဒီမှာ
ဖတ်ကြည့်စမ်းပါ…”
ဦးရွှေဝင်းသည် သူ၏ ရှေ့တွင် ရန်တွေ့၍ ပြောကြားနေသော ချစ်စုမရဲ့ အမေ
ထိုးပေးတဲ့ စာအိတ်ကို လှမ်းယူလိုက်၏။ လက်များ တုန်ရီစွာဖြင့် ချစ်စုမ၏
စာကို ဖတ်လိုက်ပါတော့သည်။

သို့/
အဖေနှင့်အမေ…သမီးမိုက် ရောက်ရာ အရပ်က စာရေးဆက်သွယ်လိုက်ပါတယ်..။ သမီးမှာ
အဖေတို့ထံ စာရေးထားခဲ့တဲ့ ၀င်းမင်းနဲ့ ပေါင်းသင်းဆက်ဆံနေရခြင်း
မဟုတ်ပါ…။အမေတို့ လုံးဝ မယူစေချင် မဖြစ်စေလိုတဲ့ အဖေအရွယ် ဦးရွှေဝင်းနဲ့
ပေါင်းသင်း ဆက်ဆံနေရပါတယ်..။ ဒီလူကြီးက သမီးစာမေးပွဲပြီးတဲ့နေပမှာ
ကားတစ်စီးလွှတ်ပြီး ၀င်းမင်းက ခေါ်ခိုင်းလိုက်တာ ဆို၍ သမီးယုံကြည်စွာ
လိုက်ခဲ့မိလို့ သူများ၏ မယားငယ် ဘ၀ကို ရောက်နေခဲ့ရပါပြီ..။ သမီး တစ်နေ့မှ
စိတ်မချမ်းသာရပါဘူး အမေရယ်။ ဒါကြောင့် ဒီစာ ရတာနဲ့ သမီးကို အမြန်ဆုံးလာ၍
ခေါ်ပေးစေလိုပါတယ်…။ သမီးရဲ့ ရည်းစား ၀င်းမင်းကလည်း သဘောထားကြီးစွာနဲ့
ပြန်ပြီး လက်ခံမယ်လို့ စာရေးထားပါတယ်…။ ဒီလူကြီးကို ကြောက်လို့
တစ်နှစ်ကျော် ပေါင်းသင်းနေရပြီး အမေတို့နဲ့ အဆက်အသွယ်
ပြတ်ခဲ့ရတာပါ။..။သမီးနဲ့သူ ယခုအချိန်အထိ တရားဝင် လက်ထပ်စာချုပ်
မလုပ်ခဲ့ကြသေးပါ..။ ဒီအချက်ကို ထောက်ပြီးအမေရယ်၊ အစ်မရယ်…လိုက်လာခဲ့ပြီး
သမီးကို ချက်ချင်း ဆက်ဆက်လာခေါ်ပေးကြပါနော်..။ သမီးမိုက်ကို
ကယ်တင်ပေးကြပါ… ခွင့်လွှတ်သနားကြပါ..။ သမီး မျှော်နေမယ်နော်..။
ဝေးမြေမှ..ဒုက္ခသည် ချစ်စုမ..။
လိပ်စာ-
ချစ်စုမ (၀ါးသက္ကယ် ရောင်းဝယ်ရေး ပွဲရုံ အလယ်ရယ်၊ သရက်မြို့။)
ဦးရွှေဝင်း တစ်ယောက် ဒီစာကို ဖတ်ပြီး ကမ္ဘာကြီး ချာချာလည်သွားသကဲ့သို့
ခံစားလိုက်မိပါသည်။ ကျောက်ရုပ်မှ ချက်ချင်း အရက်မူးသမားအသွင်သို့
ပြောင်းသွားခဲ့ပါသည်။ တစ်နှစ်ကျော် ချစ်စုမ၏ ခြေဖ၀ါးအောက် ပိပြားနေခဲ့သော
ဦးရွှေဝင်း၏ ဒေါသအိုးကြီးသည် နာကြီးပြင်းထန်၍ ပေါက်ကွဲ
ထွက်ပေါ်လာပေတော့သည်။ အရပ်ထဲမှာ တစ်ခါမျှ အသံကျယ်လောင်စွာ မကြားခဲ့ရသော
ဦးရွှေဝင်းသည်…
“ ချစ်စုမ..ချစ်စုမ..ခုချက်ချင်းထွက်ခဲ့စမ်းဟေ့..ချစ်စုမ ငါခေါ်နေတာ
မကြားဖူးလား..ခုချက်ချင်း ထွက်ခဲ့.. ချစ်စုမ..ဟေ့.. ဟေ့ ငါခေါ်နေတယ်…။”
တစ်ရပ်ကွက်လုံးဆီသို့ ဦးရွှေဝင်း၏ အသံသည် ပြန်လွင့်ကျယ်လောင်သွားပါသည်။
အိမ်နီးနားချင်းများက ထွက်၍ ကြည့်နေကြပေ၏။ အိမ်နောက် မီးဖိုဆောင်ထဲမှ
ထမင်း ချက်သော ကောင်မလေး မျက်စိမျက်နှာပျက်စွာဖြင့် ပြေးထွက်လာပါသည်။
တစ်ခါမျှ ဒေါသသံနှင့် မပြောခဲ့ဘူးသော ဦးရွှေဝင်းအားကြည့်၍ သူငယ်မ
ကြောက်ဒူးများ တစ်ဆပ်ဆပ် တုန်ရီနေပါသည်။
“ ဆရာ..ဆရာ..အစ်မ..အစ်မ မရှိပါဘူးဆရာ.ကျမ ကျမနဲ့အတူ သူ့ရဲ့ သူငယ်ချင်း
တစ်ယောက်ကို သရက်ထောင်မှာ တွေ့စရာရှိလို့ဆို သွားခဲ့ကြပါတယ်..။ အပြန်မှာ
ဂျစ်ကား တစ်စီးနဲ့ လူတစ်ယောက်ကို တွေ့ပါတယ်ဆရာ..ကားကို ခေတ္တရပ်ပြီး
သူတို့နှစ်ဦးကပ်ပြီး စကားတိုးတိုးပြောကြပါတယ်..။ ကျမကို
သွားနှင့်လို့ပြောပြီး ရှေ့နားက စောင့်ခိုင်းပါတယ်..။တော်တော်ကြာတော့
အစ်မက ကားပေါ်တက်ပြီး ကားမှာ ဒလကြမ်း မောင်းထွက်သွားပါတယ်…ဆရာ။”
ဒေါသအိုး ပေါက်ကွဲခဲ့ကြသော ဦးရွှေဝင်းနှင့် ချစ်စုမ၏ အမေ၊ အဖေတို့သည်
ကလေးမ၏ ပြောစကားသံများကြောင့်…ပါးစပ် ဟောင်းလောင်ဖြစ်၍ ဒေါသဆီမှ
သောကဆီသို့ ဦးတည်ကြရပေတော့သည်။ ဒီည တစ်ည မတည့် အတူနေရ၊
သမက်နှင့်ယောက်ခမတစ်စု သောကကို ကိုယ်စီ ရင်ဝယ်ပိုက်၍
နံနက်မိုးသောက်အလင်းသို့ ရောက်ခဲ့ကြပေပြီ..။ ချစ်စုမ အကြောင်း မကောင်း
သတင်းမှာ သရက်မြို့အတွင်း ပျံ့နှံ့၍ ထွက်ပေါ်လာပါသည်။
**********************************
ချစ်စုမသည် လက်ရှိယောက်ျားကြီးအား ပစ်ထားခဲ့၍ အိမ်မှ ရှိသမျှ ငွေများ
လက်ဝတ်ရတနာများကို ယူဆောင်ပြီးနောက် လင်ငယ်တစ်ယောက်နှင့် လိုက်ပါ သွားလေ
သည်။ အိမ်မှ ဂျစ်ကားကိုပါ မင်္ဂလာလက်ဆောင်အဖြစ် ယူသွား၏။ မည်သူနှင့် ခိုးရာ
လိုက်သွားကြောင်းကို ရပ်ကွက်အတွင်းမှ သို့လော…သို့လော ထင်ကြေးပေးကြယုံက
လွဲ၍ အတိအကျ မသိရသေးပါ။။ ချစ်စုမ၏ မိဘများမှာ…ဦးရွှေဝင်းအား တရားစွဲဆို၍
ထောင်ချမည်၊ သမီးကို ပြန်ခေါ်ခဲ့မည်။ စသည့်..စသည့်..သူတို့အားခဲ၍
လာခဲ့သမျှ ချစ်စုမ၏ လုပ်ရက်ကြောင့် အရှက်တကွဲ အကျိုးနဲ့နှင့်
ပြန်ပြေးသွားကြလေသည်။
ဦးရွှေဝင်းမှာ ဘယ်သူမပြု၊ မိမိအမှု ဆိုရမလား…ချစ်စုမဆိုတဲ့ အငယ်လေးကို
ချစ်ခဲ့မိလို့..ခံစားခဲ့ရတဲ့ ကြည်နူးသာယာမှုများ ချစ်စုမရဲ့
ယုံတမ်းစကားများ တွတ်တီးတွတ်တာ အပလီ၊ အပလာ နွဲ့ဆိုးများအား တစ်စိမ့်စိမ့်
ပြန်လည်တွေး၍ ရှက်ပြုံး ပြုံးနေပါသည်။
“ အင်း၊ သူမကောင်းတာကို သိလျှက်နဲ့ ငါ့ရဲ့ ဂုဏ်သိက္ခာ င့ါရဲ့မိသာ
တစ်စုလုံးကို ပြစ်ထားခဲ့မိတာပဲ။ သူတို့ လူငယ်တွေရဲ့ အချစ်ကို ငါက
အဟုတ်ထင် လူစွမ်းကောင်းလုပ်ပြီး ကြားဖြတ်၍ လုယူခဲ့မိတာ အခုတော့
ငါ..၀တ်လည်တော့တာပါ..။ ပြန်လို့ စဉ်းစားကြည့်မယ်ဆိုရင်တော့ ချစ်စုမက
င့ါကို တကယ်ချစ်တာမှ မဟုတ်ပဲ၊ အရွယ်ကလည်း မတူကြတော့ င့ါလို လူအိုကြီးကို
တိတ်တိတ်ပုန်း အမြှောင်ထားပြီး ဆက်ဆံနေချင်တာကိုး။ ငါကိုက ဇရာအိုအရွယ်
အသည်းချောက်ကပ်နေတာကြီးဟာ..တဏှာပို အချစ်ရူး သူငယ်ပြန်ခဲ့မိတာ..ယခုတော့
ဘာတတ်နိုင်တော့မှာလည်း ဦးရွှေဝင်း။ အချစ်ဆိုတာ မျက်စိ မပါကြပေမယ့်
တစ်ကယ်ဖြစ်သင့် ဖြစ်ထိုက်သာကို မပယ်သင့်ကြဘူး။ အချစ်ဆိုတာ စိတ်ကူးယဉ်လို့
ရကောင်းပေမယ့် တစ်ကယ်တန်း လက်တွေ့ဘ၀တွေမှာ စိတ်ကူးယဉ်ဆန်၍ မရတာ…ယခုတော့
မင်းသိပြီလား..။”
ဦးရွှေဝင်းသည် ရင်တွင်းမှ သူ့ခံစားချက်များအား သူ့ဘာသာ တစ်ယောက်တည်း
ပြောကြားနေမိပါသည်။ တစ်ဆက်တည်း သူ၏ ဘ၀ ဘယ်ဆီ ဘယ်ကမ်းသို့ လှမ်းရမည်ဟု
မတွေးတတ်တော့ပါ။ တွေး၍… မကြေမနပ်ဖြင့် ခံစားနေရခြင်းမှာ…. ချစ်စုမအိမ်က
ဂျစ်ကားနှင့် တစ်ပါတည်း ခိုးယူသွားသူအား ဦးရွှေဝင်း ညကတည်းက
သိလိုက်ပါသည်။ ထို့ကြောင့်လည်း မချိမဆန့် ခံပြင်းခံစားနေ၍ ရှက်လည်း
ရှက်လွန်းသောကြောင့် မည်သူ့ကိုမျှ ဖွင့်မပြောခြင်းပင် ဖြစ်ပါတော့၏။
လောကကြီးသည် အတုံ့အလှည့်ဆိုတာ သဘာဝရဲ့ နိယာမ တရားပေလား။ ကျေးဇူးရှိမှ
ကျေးစွတ်တတ်ကြသည်လား..။ လူယုံသတ်မှ သေမည်ဆိုသော ရှေးစကားများ သွေးထွက်
မတတ်မှန်ပါ၏။ ချစ်စုမ၏ နောက်ယူသွားကြသော လင်ငယ်ဖြစ်သူမှာ----ကျွန်တော်ရဲ့
သူငယ်ချင်း…………. ကိုခင်မောင်ကြည်သာ ဖြစ်ပါတော့သတည်း…။

စာဖတ်သူများ ၀မ်းသာ အားရတော်မူနိုင်ကြပါစေ…………………………။

ရွှေလမ်းငွေလမ်းဝင်းကြည်

၂၀၀၇ ခုနှစ်၊မတ်လထုတ်(အငယ်လေးကို ချစ်ခဲ့မိလို့ နှင့် အခြားဝထ္ထုတိုများစာအုပ်)မှ
ပြန်လည်ဆန်းသစ် တင်ပြပေးပါသည်။
READMORE