ဒီရသစာတမ်းကို ရေးသင့် မရေးသင့် တစ်လတိတိစဉ်းစားပြီးမှ ယခုချရေးဖြစ်ခဲ့ပါတယ်။ ဆရာကြီးမကွေးဝင်းမြင့်က စာရေးမယ်ဆိုရင် ကိုယ်သိတာကို ကိုယ်ရေးပါလို့ ခဏ ခဏဆုံးမပါတယ်။ ကိုယ်သိထားတာဆိုလို့ကလည်း သူများ အကြောင်းထက် ကိုယ့်အကြောင်းကို ကိုယ်သာ အသိဆုံးမဟုတ်လား။ ကိုယ့်အကြောင်းရေးမှာဆိုတော့လည်း ကိုယ့်ပေါင်ကို ကိုယ်ပြန်ထောင်းရမယ့်အဖြစ်ပါ။ ကိုယ့်ပေါင်ကို ပြန်ထောင်းသူတိုင်းက ခပ်ဖွဖွလေးသာ ထောင်းတတ်ကြတယ်လို့ ကြားသိရ ပါတယ်။ ဒါပေမယ့် ကျွန်တော်ကတော့ ခပ်ကြမ်းကြမ်းလေးနဲ့ အော်ငိုပြီး ထောင်းရပါတော့မည်..။
ကျွန်တော်အလယ်တန်းအောင်တော့ တောရွာကနေ မြို့ကို တက်လာခဲ့ပါတယ်။ ကျွန်တော့်မိဘနှစ်ပါး ကွယ်လွန် သွားလို့ ကျောင်းဆက်မတက်နိုင်ခဲ့ပါ။ မြို့က အဖေရဲ့အမဖြစ်သူ ဒေါ်ကြီးအားကိုးနဲ့ အလုပ်လုပ်ရန် မြို့ကိုရောက် လာရတာပါ။ ဒေါ်ကြီးမှာ တစ်ဦးတည်းသော သမီးတစ်ယောက်သာရှိပါတယ်။ အဲဒီသမီး မြို့မှာကောင်းစားရန် အတွက် ဆယ်တန်းအောင်ဖို့နဲ့ မြို့က အစိုးရဌါနတစ်ခုမှာ အလုပ်ရဖို့ ရွာက အိမ်တွေ၊ လယ် ယာ ကိုင်းကျွန်းတွေကို ဖြုတ်ပြီး တက်လာကြ ရပါတယ်။ သမီးလည်း အလုပ်ရရုံတင်မကဘဲ ရုံးအုပ်ကြီးတစ်ယောက်နဲ့ အိမ်ထောင်ကျခဲ့ပါတယ်။ ဒေါ်ကြီးနဲ့သူ့ယောကျာင်္းလည်း သမီးနဲ့သမက်ဆီကို အတူလိုက်နေကြရပါတယ်။ သမီးနဲ့ သမက်မျက်နှာကို တစ်ကမ္ဘာ ထင်ပြီး နေကြရတာပေါ့။ ရွာက ထုခွဲရောင်းချလာတဲ့ ငွေလေးတွေ မကုန်ခင်တော့ အဖေနဲ့ အမေကို အိမ်ဦးခန်းကို တင်ထားမတတ် ရိုသေလေးစားကြပါတယ်။ ဒေါ်ကြီးရဲ့မြေးတွေမွေးလို့ မြေး(၆)ယောက်မြောက်တဲ့ အချိန်မှာ ကျွန်တော်က ဒေါ်ကြီးဆီကို ရောက်လာခဲ့ပါတယ်။ ကျွန်တော်လည်း ဌါနတစ်ခုမှာ အလုပ်ရပါတယ်။ကျွန်တော်ရောက်လာတဲ့ အချိန်မှာ ဒေါ်ကြီးက အဆုပ်ရောဂါ (တီဘီ) စတင်ဖြစ်နေပါပြီ။ ဒေါ်ကြီးယောကျာင်္း ဦးကြီးဆိုသူကလည်း ဌါနတစ်ခုမှာ ညစောင့်အလုပ်ကို ၀င်လုပ်နေတာ ဖြစ်ပါတယ်။ တစ်ညနေ ကျွန်တော်အလုပ်က အပြန်မှာ မီးဖိုးခန်းထဲ သောက်ရေအိုးစဉ်နှစ်ခုထားတာကို မြင်တွေ့ရပါတယ်။ ဒေါ်ကြီးကိုလည်း သူ့သမီး အထက်တန်းစာရေးမက ခါးထောက်ပြီး ပြောဆိုနေသံကြားလိုက်ရပါတယ်။ ( အမေ..ဒီရေအိုးစဉ်က ရေကိုသောက်ပါ။ ကလေးတွေနဲ့ ကျမတို့ကို အမေ့ တီဘီရောဂါတွေ ကူးစက်လာမှာစိုးလို့ပါ…။ ကလေးတွေကိုလည်း မချီပါနဲ့ မထိန်းပါနဲ့တော့။ ဖြစ်နိုင်မယ်ဆိုရင် ဒီတိုက်ထဲမှာမနေဘဲ အပြင်မှာ တဲထိုးပြီးနေပေးစေချင်ပါတယ်…။) ဒေါ်ကြီးက မျက်ရည်ပေါက်တွေ ကျနေပြီး ငိုနေတာကို မြင်တွေ့ရပါတယ်။ ကျွန်တော်လည်း စိတ်မကောင်းဖြစ်ပြီး သူတို့ဆန္ဒအတိုင်း တိုက်အပြင်မှာ တဲထိုးပေးလိုက်ပါတယ်။ အဲဒီအချိန်ကစပြီး ဦးကြီးရယ်၊ ဒေါ်ကြီးရယ်၊ ကျွန်တော်ရယ် သုံးဦးက ထမင်းစားအိုးခွဲချက်ပြီး စားကြပါတော့တယ်။ ဒီလိုနဲ့မပြီးသေးပါ။ ဦးကြီးနဲ့ သမက်ဖြစ်သူတို့ စကားအကြီးအကျယ်များပြီး သူတို့ခြံထဲကနေ သူတို့ရဲ့မိဘနှစ်ပါးကို နှင်ချလိုက်ပါတယ်။ တစ်လလောက်အချိန်ထိ ဦးကြီးရဲ့ မိတ်ဆွေအိမ်မှာ ကျွန်တော်တို့ဆင်းပြီး နေခဲ့ကြရပါတယ်။ ပတ်ဝန်းကျင်နဲ့ အမျိုးတွေစကားကြောင့် မတော်ပါဘူးဆိုပြီး အမနဲ့ယောက်ဖက ပြန်ခေါ်ပါတယ်။ ဒေါ်ကြီးလည်း တီဘီရောဂါရော စိတ်ထိခိုက်တဲ့ရောဂါပါ ခံစားရပြီး မကြာခင်မှာ ကွယ်လွန်သွားခဲ့ပါတယ်။ ဦးကြီးကလည်း သူ့မြေးတွေကို ရှင်ပြုပြီးတာနဲ့ သူ့တူမရှိတဲ့ ရွာကိုပြန်သွားပြီး ကွယ်လွန်သွားခဲ့ပြန်ပါတယ်။ ဒီလိုအဖြစ်မျိုး ဒီလိုအဖြစ်ဆိုးတွေနဲ့ ဘယ်သောအခါမှ မကြုံပါရစေနဲ့ မဆုံခဲ့ပါရစေနဲ့လို့ ကျွန်တော် အကြိမ်ကြိမ်အခါခါ ဆုတောင်းခဲ့ပါတယ်။
ကျွန်တော်လုံးဝ ဆုတောင်းမပြည့်ခဲ့ပါ။ ကျွန်တော့်မှာလည်း သားအကြီး နဲ့ သမီးအငယ် သားသမီးနှစ်ယောက်ရှိ ပါတယ်။သူတို့ကို လူလားမြောက်အောင် ကျွန်တော်တို့လင်မယားမှာ မြေအိုးလေးတွေကို ၀ယ်ပြီးထမင်း ဟင်းချက်စားခဲ့ကြ တဲ့ဘ၀နဲ့ စတင်လာခဲ့ရတာပါ။ စီးပွားရှာတဲ့နေရာမှာ သက်စွန့် ဆံဖျား နေပူမရှောင် မိုးရွာမရှောင် တောကြို တောင်ကြား ချောင်းကြို ချောင်းကြား တောင်ထိပ်၊ တောင်အောက် တွေမှာ လူမျိုးတစ်ရာတစ်ပါးကို မြက်လွှာချ၊အောက်ကျခံလို့ ဘ၀အမျိုးမျိုးနဲ့ လုပ်ကိုင်ကျွေးမွေးပြီး သားသမီးတွေကို ပညာသင်ပေးလာခဲ့ရတာပါ။ မြို့ပေါ်မှာ အသင့်အတင့် လုပ်ငန်းရှင်ဘ၀ကိုရောက်ခဲ့ ပါတယ်။ ဒါပေမယ့် ကျွန်တော် စီးပွားရေးလောကမှာ ထိမ်းသိမ်းမှု ညံ့ဖြင်းခဲ့မိလို့ ဘ၀ကို ငှက်ခါးပျံသလို နိမ့်လိုက် မြင့်လိုက် နဲ့ သုံးခါလောက် အကျနာခဲ့ပါတယ်…။ ယခုတော့ အရွယ်ကလည်း ရလာပြီး စီးပွားရေးကလည်း ကျလာ နေပါပြီ။ ဘ၀ နေ၀င်ချိန်နီးနေပါပြီ။
စီးပွားရေးလောကမှာ နာမည်မပျက်စေရအောင် ဂတိတည်ကြည်စွာနဲ့ မရှိ ရှိတာတွေကို ရောင်းချပြီး ထိုးဆပ်၊ပေးအပ်နေရတဲ့အချိန်ကို ရောက်နေပါတယ်။ လူသာ အသေခံမည်။ နာမည်ကိုတော့ အသေမခံလိုပါ။ ဒါပေမယ့် ကျွန်တော့်မှာ စိတ်သွားတိုင်းကိုယ်က မပါလာတော့ပါ။ စီးပွားကျနေတဲ့ အဖေ့အိမ်မှ သားကြီးကလည်း အဝေးတနေရာဆီကို ပြေးခွါလို့ ထွက်သွားပါပြီ..။
သားသမီး အချစ်၊ မြေး အနှစ် ဆိုတဲ့အတိုင်း မြေးကိုအကြောင်းပြုပြီး သမီးနဲ့ သမက်ကို စီးပွားရေးလုပ်ငန်းတွေကို ၀ကွက်အပ်လိုက်ရတဲ့ ဘ၀ကိုရောက်ခဲ့ရပါပြီ..။ ယခင်က ကျွန်တော့်ဘ၀ နေလိုလလိုနေခဲ့ပြီး ဆပ်ဆပ်ထိမခံလိုတဲ့ ဒေါသတွေလည်း မြေသို့ ကြွေကျသွားခဲ့ရပါပြီ။ အစားအသောက် အလွန်ချေးများခဲ့တဲ့ ကျွန်တော် ယခုတော့ ပေးတာယူ ကျွေးတာကိုစား ဘာကိုမျှ ပြန်မပြောဝံ့တော့ပါ။ သမက်နဲ့ သမီး ထမင်းစားပြီးလို့ ၀ကြမှ ကျွန်တော်တို့လင်မယား စားရတဲ့ဘ၀ ကိုရောက်နေပါပြီ။ မြေးလေးကို ချစ်စနိုးနဲ့ တင်ပါးလေးကို လက်နဲ့သာသာလေးရိုက်မိတာကိုတောင် အပြောခံနေရတဲ့ဘ၀ပါ။ ကျွန်တော် သေခါနီးမှ စိတ်ညစ်တယ်ဆိုပြီး အရင်တုံးကလို အရက်ကိုလည်း မသောက်ရဲတော့ပါ။ ဘယ်သူ့ကိုမှလည်း မငေါက်ရဲ မဟောက်ရဲတော့ပါ။ မိန်းမဆိုတာကလည်း(လောကမှာငွေ..ငွေဆိုသလို).. သား သမီးတွေဘက်ကိုသာ ခပ်ပါပါ ဖြစ်နေကြတာ အဆန်းတော့မဟုတ်ပါ။ ဒါပေမယ့် မနေ့က ကျွန်တော့်မိန်းမ ပြောတဲ့စကားကိုတော့ သေတဲ့အထိ မေ့လိမ်မယ် မထင်မိပါ။
``ရှင်နော် အိမ်မှာ ဘာပွဲလုပ်မယ်.. ညာပွဲလုပ်မယ်ဆိုရင် ကျမကို အရင်ဖွင့်ပြောပါ။ အိမ်မှာ ရှုတ်ရှုတ်ရှက်ရှက်နဲ့ဆိုရင် ရှင့်သမီးက မကြိုက်ဘူးတဲ့။ ဒါပဲ ။ ရှင့်မှာ တင်နေတဲ့ကြွေးတွေကို သူရှာဆပ်နေရတာလေ…။ ရှင်လုပ်ချင်ရာတွေ လုပ်ခဲ့မိလို့ ကုန်ခဲ့တာတွေလည်းများနေပါပြီးတော်…..´´။
ကျွန်တော့်ရင်ထဲက စကားသံတွေကတော့ အပြင်ကိုထွက်မလာရဲပါ။
(သြော်..သမီးရယ် မင်းတို့ငယ်ငယ်က အိမ်မှာ သောက်ဝိုင်းစားဝိုင်း လောင်းကစားဝိုင်းတွေ နေ့တိုင်းလုပ်နေခဲ့တုံးက သမီးတို့အမေ ဘာမှ မပြောဝံ့ခဲ့ပါဘူး။ ယခု ယခု အဖေ ၀ါသနာပါတဲ့ စာဝိုင်းပေ၀ိုင်းကို အိမ်မှာ ရှုတ်ရှုတ်ရှက်ရှက် ဆိုတော့…………..။)
ရွှေလမ်းငွေလမ်းဝင်းကြည်
0 comments:
Post a Comment