မကွေးမြို့က SHADE စာပေ၀ိုင်း(၂၁)
၃-၄-၂၀၁၁၊ တနင်္ဂနွေနေ့ ညနေ(၄) နာရီမှ ည(၇)နာရီအထိ For Ever ဖော်အဲဘား ကဖီး မှာ ပေါင်းဆုံဝိုင်းဖွဲ့ကြပါတယ်။ မကွေးမြို့၊ ရန်ကင်းရပ်ကွက်၊ သုခိတာလမ်း နှင့် ပိတောက်လမ်းကြားက ဆိုင်ပါ။ SHADE စာပေ၀ိုင်း(၂၁)ကြိမ်ကစပြီး ဒီဆိုင်ကိုစတင်ပြောင်းရွေ့ကြပါတယ်။ အချိန်ကို ညနေ(၄)နာရီက စတင်တော့ စာပေ၀ိုင်းတော် သားတွေများလာရင် အချိန်နည်းနေတာကို တွေ့ရပါတယ်။ဒါကြောင့် လာမယ့်(၁၀-၄-၂၀၁၁) တနင်္ဂနွေနေ့ မှာ ယခင်လို နေ့(၁၂)နာရီကနေ ညနေ(၄)နာရီ အချိန်ကို ပြန်ချိန်းကြရပါတယ်။ ဒီတစ်ပတ် ရှိတ်စာပေ ၀ိုင်းတော်သားများကတော့ ဆရာညီဇေယျ (ခ) တက္ကသိုလ်ရည်ရွယ်၊ ပန်းချီဆရာမင်းသူ၊ ဆရာဇော်မြင့်ဇော်(ဗန္ဓရ)၊ ပန်းချီဆရာ ကဗျာဆရာမြင့်ဇော်ဦး၊ ဆရာမ ရွှေယင်းမြေခင်စံပယ်ဖြူ၊ ဆရာတင်လင်းဇော်၊ ဆရာနေခြည်(မကွေး) နဲ့ စာရေးသူတို့ဖြစ်ကြပါတယ်။
ကဗျာဆရာညီဇေယျ (ခ) စာရေးဆရာတက္ကသိုလ်ရည်ရွယ် က စတင်ပြီး ပြောဆိုပါတယ်။ ၂၀၁၁၊ ဧပြီလထုတ် ရွှေအမြူတေမဂ္ဂဇင်းထဲက နီနီနိုင်(သထုံ)ရဲ့ (နွားသုံးကောင်)ဆိုတဲ့ ၀ထ္ထုတိုလေးကို ခံစားပြောကြားပါတယ်။ ၀ထ္ထုစလျှင် စခြင်း ဒေါ်ပြူးမနဲ့ သမီး မြသွေးအခန်းဖြစ်ပါတယ်။ သမီးတစ်ကောင် နွားတစ်ထောင် ဆိုသလို သမီးကလည်း ရည်းစားက များဆို အများကြီးပါဘဲတဲ့။ သမီးလေးက အသက်(၂၅)နှစ်ကျော်ရောက်လာပါပြီ။ သားသမီးငါးယောက်ထဲက ဒီသမီးလေးမြသွေးက ရွာမှာ မိခင်ဒေါ်ပြူးမနဲ့ အတူနေရသူ ဖြစ်ပါတယ်။ ဒေါ်ပြူးမရဲ့သားလေးယောက်က အိမ်ထောင်ကျသွားကြတော့ တစ်ခြားတနယ်က မိန်းမတွေရဲ့နောက်ကို လိုက်သွားကြပါတယ်။ အမေမုဆိုးမနဲ့ ညီမလေးတို့ ကို ဘယ်လိုနေသလဲတောင် မေးမြန်းဖော် မရကြပါ။ ဒါနဲ့ သမီးကလေးမြသွေး က အရွယ်ရောက်လာတော့ ဒေါ်ပြူးမက သမီးကို အိမ်ထောင်ပြုစေ ချင်လှပါပြီ။ ဒါနဲ့ ဒေါ်ပြူးမက သူတို့မန်းကျီးတန်းရွာထဲမှာ သူမျက်စေ့ကျနေတဲ့ မောင်ထွန်းဆိုတဲ့ ဆိုင်ကယ်ကယ်ရီသမား ကောင်ကလေးနဲ့ ပေးစားဖို့ သမီးကို ခဏ ခဏ နားချနေပါတယ်။ သမီးကလည်း လုံးဝ မကြိုက်ကြောင်း အချေအတင် ငြင်းနေပါတယ်။ နောက်တော့ အမေကို သမီးကပြောပါတယ်။(အဲဒီကောင်မောင်ထွန်းကို အမေက ဒီလောက်ကြိုက်နေရင် အမေသာယူလိုက်ပါတော့လို့ ပြန်ပြော သတဲ့။) ဒေါ်ပြူးမကလည်း မခံနိုင်ဖြစ်ပြီး (ငါ့နဲ့ အရွယ်က မတူလို့ပေါ့သမီးရယ် အရွယ်များတူခဲ့ရင် ဘယ်ညည်းနဲ့ ပေးစားနေမလဲ..၊ ငါ့ယူလိုက်မှာပေါ့..။) လို့ သားအမိနှစ်ယောက် စကားများနေကြပါတယ်။ နောက်တော့ အမေက သမီးကို ချောမော့ပြီး မေးပါတယ်။ သမီးမှာ ကြိုက်တဲ့လူရှိရင် ပေးစားမယ်ပေါ့။ သမီးကလည်း ရှိကြောင်းပြောပါတယ်။ ဒါပေမယ့် ဒီရွာကတော့ မဟုတ်ဘူး။ ဟိုဘက်ရွာတမာတန်းက မောင်ငြိမ်းချမ်း ဆိုတဲ့ ကောင်ကလေးဖြစ်ကြောင်း ပြောပြပါတယ်။ သားအမိနှစ်ယောက် သမီးလင်ယူဖို့ညှိနှိုင်းသဘောတူလိုက်ကြတယ်။ ဒါနဲ့ ကောင်မလေးက ဟိုဘက်ရွာက မောင်ငြိမ်းချမ်းကို မီးစိမ်းပြပြီးပြောပါတယ်။ သူ့ကိုတကယ်မေတ္တာရှိရင် အမေဒေါ်ပြူးမဆီကို လာရောက် တောင်းရမ်းဖို့ စကားကမ်းလှမ်း ပြောဆိုလိုက်ပါတယ်။ ဒါနဲ့ ကောင်လေးရဲ့ ဖခင်ဦးဘကျော်ရယ် မိခင်ဒေါ်သိန်းကြည်တို့နဲ့အတူ သူတို့ရွာကလူကြီး(၃၀) ကို စေ့စပ်ကြောင်းလှမ်းပွဲကို ခေါ်လာခဲ့ပါတယ်။ ကောင်ကလေးဘက်က မင်္ဂလာဆောင်ရင် ဆိတ်(၁၀)ကောင် တင်တောင်းမယ်လို့ အစက မောင်ငြိမ်းချမ်းမှ စကားဖွင့်ပြောထားကြပါတယ်။ အမှန်တကယ် ဒီပွဲရောက်တာ့ ဆိတ်(၅) ကောင်သာ တင်တောင်းမယ်ဆိုတော့ ဒေါ်ပြူးမက လက်မခံဖြစ်နေကြပါတယ်။ဒါနဲ့ နှစ်ဘက်လူကြီးတွေ အချေအတင် ညှိနှိုင်းလိုက်တော့ နောက်ဆုံး နွားသုံးကောင်ကို တင်တောင်းရန် သဘောတူလိုက်ကြပါတယ်။ ဒေါ်ပြူးမကလည်း စဉ်းစားပါတယ်၊ အရင်ပြောတုံးက ဆိတ်ဆယ်ကောင် ပြောပြီး တကယ်တင်မယ်ဆိုတော့ ဆိတ်ငါးကောင်သာ တင်မယ်ဆိုရင် မကိုက်ဘူးလို့ ဒေါ်ပြူးမစဉ်းစားတွက်ချက်လိုက်ပါတယ်။ ဒီတခါတော့ နွားသုံးကောင်က ငွေသုံးသိန်းကျော်တန်ကို လျော့လို့မဖြစ်ဘူး၊ နွားသုံးကောင် အပြည့်ရမှကို ဖြစ်မည်လို့ သူ့သမီးမြသွေးကို ဒေါ်ပြူးမက တိုးတိုးလေး ကပ်ပြောနေပါတယ်။ ဒါနဲ့ သမီးကလည်း သူကောင်လေး မောင်ငြိမ်းချမ်းကို မင်္ဂလာဆောင်တဲ့နေ့မှာ ဒီနွားသုံးကောင်လုံးကို တပါးတည်း ဆွဲယူလာရန် မှာလိုက်ပါတယ်။ အဲဒီနယ်မှာ မင်္ဂလာဆောင်က အထူးအဆန်းဖြစ်နေပါတယ်။ ဘာကြောင့်ထူးဆန်းနေသလဲဆိုရင် မင်္ဂလာဆောင်က သတိုးသားရွာတမာတန်းမှာရော သတိုးသမီးရွာမန်းကျီးတန်းမှာပါ တရက်တည်း နှစ်ပွဲပြိုင်ကျင်းပတာပါ။ သတိုးသားနဲ့ သတိုးသမီးစုံတွဲ မော်တော်ဆိုင်ကယ် တစ်စီးနဲ့ ဟိုဘက်ရွာ မင်္ဂလာဆောင်ပြေးလိုက် ဒီဘက်ရွာ မင်္ဂလာဆောင်ပြေးလိုက်နဲ့ဆိုတော့ ရွာကလူတွေအတော် စိတ်ဝင်စားနေကြပါတယ်။ အဲ မင်္ဂလာဆောင်ပွဲကျင်းပလို့ လက်ဖွဲ့ပစ္စည်းများကို သိမ်းဆည်းတွက်ချက်ကြပြီး သတိုးသားရဲ့ဦးလေးနဲ့အတူ တမာတန်းရွာက လူကြီးစုံရာတွေလည်း သတိုးသမီးရွာ မန်းကျီးတန်းရွာ မင်္ဂလာဆောင်ကို ခန်းဝင်ပစ္စည်းတွေအပ်ဖို့ ပါလာကြပါတယ်။ ဒေါ်ပြူးမနဲ့ ကတော့ သတိုးသားမောင်ငြိမ်းချမ်းနဲ့ နွားသုံးကောင် ကိုသာ မျှော်နေတာပါ။ နောက်က သတိုးသားမောင်ငြိမ်းချမ်းမှာ နွားနှစ်ကောင်ကိုသာဆွဲပြီး လိုက်လာတာကို ဒေါ်ပြူးမ မြင်လိုက်ရပါတယ်။ နွားတွေကလည်း နွားပိန်သားအမိပါ။ အမဲပေါ်ရင်တောင် အသားမထွက်တဲ့နွားနှစ်ကောင်ပါ။ ဘေးမဲ့ပေးပြီး ဒီနွားတွေကိုလွတ်ရင် ယူမယ့်သူ၊ဖမ်းမယ့်သူတောင် မရှိလောက်ပါဘူး။ ဒေါ်ပြူးမက စဉ်းစားနေရင်း တော်တော်စိတ်ဆိုးသွားပြီး သတိုးသားရဲ့ဦးလေးကို လူကြားထဲ သွားမေးလိုက်ပါတယ်။ (ရှင်တို့ပြောတုံးက နွားသုံးကောင်ဆို ယခု ပါလာတာက နွားပိန်သားအမိနှစ်ကောင်ထဲ ဆိုတော့ဘယ်မှာလဲ ကျန်တဲ့နွားတစ်ကောင်။ ရှင်တို့ဂတိပေးပြီး ၀န်ခံပြောကြားထားတာလေ..။ လူကြီးစကားမတည်ကြပါဘူးတော်..။) လို့ဆိုလိုက်ပါတယ်။
သတိုးသားရဲ့ဦးလေးပြောတဲ့ စကားကြောင့် အမေဒေါ်ပြူးမနဲ့ သမီးမြသွေးတို့ရယ် ဘေးကလူတွေရယ် အားလုံးက သဘောပေါက်ပြီး မျက်လုံးတွေပြူး သွားကြပါတယ်။
(နွားသုံးကောင်ပါ ဒေါ်ပြူးမရယ် ခင်ဗျားမြင်အောင်မကြည့်တတ်လို့ပါ။ နွားထီတစ်ကောင်၊ နွားမတစ်ကောင် နဲ့ ငြိမ်းချမ်းတစ်ကောင်ရယ်ဆိုရင် နွားသုံးကောင်ပေါ့၊ ဟား…ဟား..ဟား..။ ခင်ဗျားသမက်ငြိမ်းချမ်းကလည်း ခင်ဗျားတို့သားအမိအတွက် နွားတစ်ကောင်ပဲ မဟုတ်လားဗျာ….။) တဲ့။
ဒီဝထ္ထုရေးသားချက်ကို ကျွန်တော်နဲ့ ပန်းချီဆရာကိုမင်းသူတို့ကတော့ တော်တော် သဘောကျ နှစ်ခြိုက်ခဲ့ပါတယ်။ ဇာတ်လမ်း ဇာတ်ကွက်ဖော်ပြပေးပုံက ရိုးသားသော်လည်း ကောင်းပါတယ်။ စာဖတ်သူများအတွက် ရယ်စရာ မောစရာတွေကို တည့်တည့်ပေးထားတဲ့ ၀ထ္ထုတစ်ပုဒ်ဖြစ်ပါတယ်။ ဘ၀အတွက် ရယ်စရာတွေထက် မောစရာတွေကို ပေးထားလို့လည်း ကျွန်တော် နဲ့ ပန်းချီဆရာကိုမင်းသူတို့ ယခုအထိ လူပျိုးကြီးတွေလုပ်နေကြရပါတယ်….။ လို့ ကဗျာဆရာညီဇေယျ(ခ) တက္ကသိုလ်ရည်ရွယ် က ခံစားပြောဆိုတင်ပြသွားခဲ့ပါတယ်။
(မှတ်ချက်။ ။ပြင်ဆင်ရေးသားထား၍ ပြောစကားများနှင့်မတူပါ။ ညီဇေယျ ခေါ် စာရေးဆရာတက္ကသိုလ်ရည်ရွယ် အား ကျွန်တော်တို့အများက (တက္ကသိုလ် မရောက်တဲ့ စာရေးဆရာ) ဟုခေါ်ဆိုကြပါ၏။ ဒီရည်ရွယ်ဆိုတဲ့ ကလောင်နာမည် ကြောင့်လည်း ယနေ့အထိလူပျိုကြီးဖြစ်နေရပါသတည်း။ မြန်မာပြည်က အပျိုကြီးများ ကြားသိနိုင်ကြပါစေသော်…..။)
စိတ် အဟာရပြည့်ဝအောင် ရှိတ်ဂျာနယ်ကိုဆောင်လို့ ဘ၀အတွက် သုတ၊ရသစုံတဲ့ ရှိတ်စာပေ၀ိုင်းကို သွားကြပါစို့…။
ရွှေလမ်းငွေလမ်းဝင်းကြည်
0 comments:
Post a Comment