မကွေးမြို့ SHADE စာပေ၀ိုင်း(၆)

မကွေးမြို့ SHADE စာပေ၀ိုင်း
၁၉-၁၂-၂၀၁၀ ခု၊ တနင်္ဂနွေနေ့၊ နေ့(၁၂)နာရီ မှ နေ့လည်(၃း၃၀)နာရီ ထိ အချစ်ရွာဆိုင် မှာ ပေါင်းဆုံဝိုင်းဖွဲ့ဖြစ်ကြပါတယ်။ ရှိတ်ဂျာနယ်စကားဝိုင်း မှ SHADE စာပေ၀ိုင်း အဖြစ်(၆)ကြိမ်မြောက် စကားလက်ဆုံ ကျတဲ့ဝိုင်း ဆိုရင်မှန်ပါမည်။ ယခင်အပါတ်တွေက ရှိတ်ဂျာနယ် ပါ စာမူများကိုသာ ဖတ်ကြား ပြောဆိုဝေဖန် ဆွေးနွေးကြရပါတယ်။ ယခုအကြိမ်ကစပြီး အယ်ဒီတာချုပ် ကိုသာဇော် ရဲ့ သဘောတူညီချက်အရ ရှိတ်ဂျာနယ်ပါ စာမူများအပြင် လစဉ်ထုတ်ကြတဲ့ မဂ္ဂဇင်းများ၊ ဂျာနယ်များ၊ လုံချင်းဝထ္ထုများ၊ ၀ထ္ထုတိုပေါင်းချုပ်များ၊ ကဗျာ၊ ဆောင်းပါး၊ အက်ဆေး၊ သတင်း များကို စတင် ဖတ်ကြား ဝေဖန် ဆွေးနွေးကြရပါမည်။ ဒါကြောင့် ယခုဝိုင်းမှာ မကွေးမြို့မှ SHADE စာပေ၀ိုင်း လို့ အမည်ခေါ်တွင်ကြပါစို့…။
ယနေ့ဝိုင်းမှာ ဧည့်သည်တော် သတင်းထောက် ဆရာ ပုသိမ် လုကြည် ရောက်လာပါတယ်။ ပင်တိုင်ဆရာများကတော့ ဆရာနေခြည်(မကွေး)၊ ဆရာ မကွေးမြင့်သန်း၊ ဆရာဇော်မြင့်ဇော်(ဗန္ဓရ) ခေါ် ကာတွန်းဆရာဇော်ဂနီ(မကွေး)၊ ဆရာလွမ်းရ(မကွေး)၊ ဆရာလွမ်းထား(မကွေး)၊ ဆရာတင်လင်းဇော် (ခ) ၀ိဇ္ဇာမောင်ပိန်၊ ဆရာကိုကိုလတ် (ဆည်မြောင်း) နဲ့ စာရေးသူ ရွှေလမ်းငွေလမ်းဝင်းကြည်(ခ)ရှိတ်စာပေ၀ိုင်း သူကြီး(မကွေး) တို့ ၀ိုင်းဖွဲ့ဖြစ်ကြပါတယ်..။ ဒီတစ်ပါတ်မှ စပြီး ရှိတ်ဂျာနယ် စကားဝိုင်းမှ SHADE စာပေ၀ိုင်း လို့ ပြောင်းရွေ့ခေါ်ဆိုသလို.. ရှိတ်ဂျာနယ် စကားဝိုင်း သူကြီး(မကွေး) အမည်အား စွန့်လွှတ်၍ ရွှေလမ်းငွေလမ်းဝင်းကြည် ဟူ၍သာ ခေါ်ဆိုပေးကြပါ။ စကားဝိုင်း သူကြီး(မကွေး) လုပ်ရတာ စိတ်ညစ်လို့ပါ..။ သူကြီးဆိုတာ အများပိုင်ဆိုင်ထိုက်တဲ့ အမည်ဖြစ်နေပါတယ်။ ရာထူးတစ်ခုရဲ့အမည်လည်း ဖြစ်နေပါတယ်။ မနာလိုဝန်တိုသူ တချို့ကလည်း ရာထူးလုဖို့ မျက်စောင်းထိုးနေကြပါတယ်။ ဒါကြောင့် ခုနှစ်ရက် သားသမီးများ လျှောက်လှမ်းချင်ကြတဲ့ ရွှေလမ်းငွေလမ်းခင်းပေးမယ့် ရွှေလမ်းငွေလမ်းဝင်းကြည် ဟူ၍သာ ခေါ်ဆိုပေးကြပါကုန်လော့..။ မြှောက်ပေးတိုင်း ထ၍ကတတ်တဲ့ (ရွှေလမ်းငွေလမ်းခင်းတဲ့ ကိုကြီးကျော် နတ်လည်း မဟုတ်ပါကြောင်း။ တော်တော်ကြာ ဆေးရုံကဆင်းလာတဲ့ ရေနံ့သာအောင်ချမ်းဇော် က ကျွန်တော့်ကိုပါ ပုခန်းကြီးနတ်နန်းသို့ ပို့နေမှာ စိုးရိမ်လို့ ရှင်းတမ်းထုတ်နေရတာနော်..။) ရှိတ် စာပေစကားဝိုင်း စတင်လိုက်ပါပြီ…။
နေခြည်(မကွေး) က မိန်းမနဲ့စိတ်ဆိုးပြီး အချစ်ရွာစကားဝိုင်းကို တစ်ဦးတည်း ပထမ အဦးဆုံး စောစောလာပြီး စောင့်နေတယ်ထင်ပါတယ်။ယခင်ကဆို သူ့ကို အိမ်ထဲမှ ထွက်အောင်၊ အခေါက်တိုင်းစောင့်ခေါ်ရတာပါ။ ထမင်းမစားခဲ့ ရသေးဘူးလို့လည်း ဆိုရှာပါတယ်။ ခက်ပြီ ဒီတစ်ပါတ်ကစလို့ ရေနွေးကြမ်းနဲ့ လဖက်သုပ် နဲ့စပြီးဧည့်ခံတာ။ စကားဝိုင်းပြီးမှ လက်ဖက်ထမင်းသုပ်ကြွေးမှာ။ နေခြည်တော့ သေပြီဆရာသာမှတ်ပေရော့..။ စကားမှ ပြောနိုင်ပါတော့မလား အောင်းမေ့ ပါတယ်။ ဒါပေမယ့် သူက အာဘောင်အာရင်းသံသံနဲ့ စကားတွေအများကြီး အချိန်တွေ အကြာကြီးပြောဆိုသွားနိုင်ပါတယ်။ သူပြောတာတွေကတော့၊ ရှိတ်ဂျာနယ်က ဒီတစ်ပါတ် အမည်စာလုံးကြီး ပေါ်လာတယ်။ အမှားတွေလည်း တော်တော်ကင်းသွားတယ်။ ဒါ မကွေးက ရှိတ်စကားဝိုင်းအဖွဲ့သားတွေရဲ့ ဂျာနယ်အတွက် မှန်ကန်တဲ့ စေတနာကို အလေးထားတာဖြစ်၍ ၀မ်းသာမိပါကြောင်း။ မိုးဇက်သော်ရေးတဲ့ (စပ်မိစပ်ရာ)ဆောင်းပါးကို သဘောကျ၍ ကောင်းတာလေးတွေကို ဖတ်ကြားပြပါတယ်။ ယခုနှစ်၂၀၁၀/၈ လပိုင်းထဲမှာ ထွက်လာတဲ့ ဒေါက်တာအောင်မြင့်ရဲ့ (အောင်မြင်ရေး) ဆောင်းပါးပေါင်းချုပ်စာအုပ်မှ ကောင်းနိုးရာရာများကို ဖတ်ကြားတင်ပြသွားခဲ့ပါတယ်..။
ဇော်မြင့်ဇော်(ဗန္ဓရ) ကလည်း မကွေးသတင်းထောက်ရေးတဲ့ (စာအုပ်ဈေးပွဲတော်သတင်း)ကိစ္စကို ဝေဖန်အကြံပြု နေပါတယ်။ သူကလည်း အမှိုက်ထဲက ရွှေဖြစ်လာတဲ့ ရတနာစာအုပ် ရောင်ပြန်မဂ္ဂဇင်း အဟောင်းကြီးထဲက တရားဓမ္မတွေနဲ့ ဆေးရုံမှ ဆင်းလာတဲ့ ရေနံ့သာအောင်ချမ်းဇော်ကို ရည်းစူးသလိုလို အကြောင်းပြပြီး ကျွန်တော်တို့ကို တရားဟောနေပြန်ပါတယ်။ အတွဲလေးတွေနဲ့ အချစ်ရွာမှာ ရုပ၊်နံ သင်္ခါရတရားကြောင်းကိုမှ ဖတ်ပြရသလားကွယ်။ ဂတုံးကို ပြောင်းနေအောင်ရိပ်ပြီးထားတဲ့ ဇော်မြင့်ဇော်(ဗန္ဓရ) ကို (ကာတွန်းဇော်ဂနီ ကိုယ်တော်ကြီး) ဘွဲ့ပေးပြီး အချစ်ရွာဆိုင်မှာ အခန်းတစ်ခန်းတောင်းလို့ သင်္ကန်းဝတ်ပေးပြီး ထားခဲ့ဖို့ ကျွန်တော်စိတ်ကူးပေါက်မိခဲ့ပါတယ်..။
ဆရာလွမ်းရ(မကွေး)ကလည်း ရှိတ်ဂျာနယ် အတွဲ(၅)၊ အမှတ်(၅)ထဲက ဆရာရိုးရာ ရေးတဲ့ (အနာဂတ်အသေနဲ့ စိမ်းစိုနေတဲ့ တောအုပ်) ဆောင်းပါးကို ကြိုက်ပါကြောင်း ပြောပြီး သံနေသံထားနဲ့ အစ အဆုံး ဖတ်ကြားခံစားနေပါတယ်။ အင်း စောစောက (ကာတွန်းဇော်ဂနီ ကိုယ်တော်ကြီး)မှ အပုတ်ကောင်ကို ရုပ်ဆောင်နေပါတယ်လို့ တရားဟော ပြီးခါစ ရှိသေးတယ်။ ကဗျာဆရာလွမ်းရ(မကွေး)ကတော့ ကောင်မလေးရေ.. အလွမ်းတွေနဲ့ စိမ်းစိုနေသော်လည်း အနာဂတ်သေနေသော တောအုပ်တစ်ခုလိုမျိုး ကျွန်တော်ခံစားနေရပါသည်..ဟု အသံကို အကျယ်ကြီးအော်ဖတ်ပြီး ခံစား၊ တမ်းတ၊ လွမ်းပြ နေပါတယ်။ သူ့ရုပ်က ဂျော်ကီမြင်းစီးသမားရုပ် ကောင်းဗွိုင်လို ခန့်ခန့်ညားညား တောင့်တောင့် တင်းတင်းကြီးနဲ့ နာမည်နဲ့လိုက်အောင် အော်ပြီးလွမ်းပြနေပါတယ်လေ။ ကျွန်တော်တို့စကားဝိုင်းဘေးက ကျောင်းသူ ကောင်မလေးတစ်စုထံမှ ၀ိုင်း၍ရယ်သံကို ကြားလိုက်ရ ပါတယ်။ အော် သူတို့လည်း ကျွန်တော်တို့ စာပေ၀ိုင်းက အသံတွေ ခိုးပြီးနားထောင် နေကြ တာကိုး။ ၂၀၁၀/၁၂ လထုတ် ကလျာမဂ္ဂဇင်းကဗျာမှ စလင်းဌေးကြည်ရဲ့ (မြောင်းမြဆိပ်ကမ်း) ကဗျာကိုလည်း ခံစားဖတ်ကြားသွားခဲ့ပါတယ်။
ဆရာတင်လင်းဇော် က ပြောဆိုပြန်ပါတယ်။ ဒီတစ်ပါတ်ရှိတ်ဂျာနယ်ကို အားရပါကြောင်း။ ဆရာဥက္ကကျော် ရေးတဲ့စတိုင်နဲ့ ရေနံ့သာအောင်ချမ်းဇော်ရေးတဲ့( အရိပ်သုံးပါး နားလည်သူ)က လိုင်းသွားတူနေကြောင်း။ ရှိတ် အမှတ်(၅)ထဲမှ ဒေါက်တာ သီဟသစ် ရေးတဲ့ (အိပ်၍မပျော်သော ညမျာ ကုန်ဆုံးလွန်မြောက်ပါစေကွယ်) ကို နှစ်သက်ပြီး ဖတ်ကြားတင်ပြပါတယ်။ ပြင်ပစာပေကဏ္ဍ မှာ ယခုနှစ် အမျိုးသားစာပေဆုရသူ မကွေးမြို့မှ ကလေးအထူးကုဆရာဝန်ကြီး ဒေါက်တာရဲမြင့်ကျော်၊(ခ) စာရေးဆရာ အလင်္ကာရည်ကျော်ရေးတဲ့ ၀ထ္ထုရှည်လုံချင်းစာအုပ်( ဒေါက်တာရွှေသွေးနဲ့ မပန်းမှုံ) မှ ကောင်းနိုးရာရာများကို ရွေးချယ်ပြီး ဖတ်ကြားတင်ပြသွားပါတယ်။ ၀ထ္ထုရှည် ပထဆု အမျိုးသားစာပေဆုရှင် အလင်္ကကာရည်ကျော် ကိုလည်း ရှိတ်စကားဝိုင်းအဖွဲ့ကသော်၎င်း မကွေးစာနယ်ဇင်းအဖွဲ့ကသော်၎င်း ဂုဏ်ပြုပွဲ လုပ်သင့်ပါကြောင်း တင်ပြသွားပါတယ်။
သတင်းထောက် ဆရာမကွေးမြင့်သန်းကလည်း သတင်းသမား မျက်စေ့နဲ့ကြည့်ပြီး ရှိတ်သူကြီးရေးတဲ့ စကားဝိုင်းကို ထောက်ပြဝေဖန် ပြောဆိုသွားခဲ့ပါတယ်။ စာရေးသူ ရှိတ်သူကြီး ယခင်အပါတ်တိုင်းက ပြောနေကြ တားမြစ်ထားသော စကားဖြစ်တဲ့ (ရှိတ်စကားဝိုင်းမှာ အတူထိုင်ကြတဲ့ ဆရာများရဲ့စာမူတွေကို ဝေဖန် ဆွေးနွေးခြင်းမပြုရပါ) ဆိုတဲ့ စကားကို သူက ဘယ်သောအခါမှ မလိုက်နာခဲ့ပါ။ စာရေးသူရှိတ်သူကြီးမှာ နေရာယူပြီး ရေးချင်တာရေးနေခြင်းမဟုတ်ပါ။ အသံဖဖ်း၍ရေးခဲ့ပါတယ်။ မသင့်တော်တဲ့ မကောင်းတာတွေကိုတော့ ချန်လှပ်ခဲ့ရပါတယ်။ ဒါပေမယ့် ရှိတ်သူကြီးရေးသားချက်များက အမှားများဟုထင်နေပါလျှင် ခွင့်လွှတ်ပေးပါရန် တောင်းပန်အပ်ပါကြောင်း၊ သူ့ကို ၀မ်းနည်းစွာဖြင့် အထူးပြောဆိုတောင်းပန်ခဲ့ရပါတယ်။ ဆရာမကွေးမြင့်သန်းက ဤသို့ဆိုပြန်ပါတယ်။ (ရိုးသားခြင်းသည် အကောင်းဆုံး) ဆိုတဲ့ ဆောင်းပါးကို စတင်ရေးသားပြီး စာပေလောကထဲသို့ ၀င်လာခဲ့ပါကြောင်း။ ယခုလထုတ် အင်ဗွိုင်းဂျာနယ်မှ ဒေါက်တာထွန်းဝင်းရေးတဲ့ (မှန်တာရေးမိသော ဆောင်းပါးတပုဒ် နှင့် မဟုတ်ရေးမိသောဆောင်းပါးတပုဒ်) ကို ကြိုက်နှစ်သက်ပါကြောင်း၊ ၁၂ /၂၀၁၀ ထုတ် ပေဖူးလွှာမဂ္ဂဇင်းမှ စာပေတရားခွင်ကဏ္ဍ က ဆရာမောင်ခိုင်လတ်ရေးသားတဲ့( မြန်မာဝထ္ထုရှည်ကြီး တစ်ပုဒ်မွေးဖွားခြင်း) ဆိုတာကို ဖတ်ရပြီး ကြိုက်ပါကြောင်း။ ပြောဆိုသွားပါတယ်။
ဆရာလွမ်းထား(မကွေး) ကတော့ ရုံးအုပ်ကြီးပီပီ ဂဏန်းနံပါတ်တွေတပ်ပြီး တစ်ချက်ချင်းစီပြောဆိုသွားပါတယ်။ နံပါတ်(၁) ဆရာမှူးဝေ ရေးတဲ့ (လက်ကြောတင်းတဲ့ စာရေးဆရာ) ဆောင်းပါးကို ကြိုက်ပါကြောင်း။ နံပါတ်(၂) ဒေါက်တာသီဟသစ်ရဲ့ (အိပ်၍မပျော်သောညများ လွန်မြောက်ပါစေကွယ်) ဆောင်းပါးကို နှစ်သက်ပါကြောင်း။ နံပါတ်(၃) ရေနံ့သာအောင်ချမ်းဇော် ရဲ့ (အရိပ်သုံးပါး နာလည်သူ) က တော်တော်ကောင်းပါကြောင်း။ နံပါတ်(၄) ဆရာမောင်ဆူးမင်း(ချပ်သင်း) ရေးတဲ့ (ဂျာနယ်လစ် ဒါရိုက်တာက ကဗျာဆရာ ကလင့်အား လုပ်ကြံခြင်း) ဆောင်းပါးမှာ ရေးဖေါ်ရေးဖက်ခြင်း အတွက်သာဖြစ်နေပြီး စာဖတ်သူများအတွက်တော့ ဘာကိုပေးတာလဲဟု တွေးတောမိပါကြောင်း။ နံပါတ်(၅) ကိုကိုလတ်(ဆည်မြောင်း) အကြံပြုထားတဲ့ သစ်ပင်စိုက်ကိစ္စလေးကို ရှိတ်စာပေစကားဝိုင်းမှ အမြန်အကောင် အထည်ဖော်ပေးသင့်ပါကြောင်း တို့ကို ပြောဆိုသွားခဲ့ပါတယ်။
ဧည့်သည်တော် သတင်းထောက် ဆရာပုသိမ် လှကြည် မှ ရှိတ်စကားဝိုင်းကို အထူးအားကျမိပါကြောင်း၊ သူသည် သတင်းသမားအဖြစ်နဲ့ ယခုအထိရပ်တည်နေပါကြောင်း။ သူရဲ့ သတင်းသမားအတွေ့ အကြုံများကို အကျယ်တ၀န့် ပြောဆိုသွားခဲ့ပါတယ်။ ယခု သူမကွေးသို့ လာရတာက သူဆောင်းပါးရေးလိုက်လို့ ဆေးကျောင်းသူတစ်ဦးအား ကျောင်းပြီးသည့်အထိတာဝန်ယူမဲ့ ပညာရေးဒါန စပွန်ဆာအလှူရှင် တစ်ဦးတို့နဲ့ တွေ့ဆုံစေပြီး မကွေးဆေးတက္ကသိုလ် ကျောင်းကို လာအပ်ပေးခြင်း ဖြစ်ကြောင်း ပြောဆိုပါတယ်။
ဆရာကိုကိုလတ်(ဆည်မြောင်း) ကတော့ သူက ဒီဝိုင်းကို အလုပ်မအားတဲ့ကြားမှ အမှီပြေးလာခဲ့ရပါကြောင်း၊ ဒါကြောင့် အခြားပြောဆိုတင်ပြစရာမျုားကို ကြိုတင်ဖတ်ကြားစီစဉ်လာခဲ့ခြင်း မရှိပါကြောင်း။ ရှိတ်စကားဝိုင်း အဖွဲ့သားများ သစ်ပင်စိုက်ရန်ကိစ္စကို ၂၀၁၁ ခု၊နှစ်သစ် ဇန္န၀ါရီလထဲမှာ စီစဉ်ပေးကြပါရန် ပြောဆိုလာပါတယ်။
စာရေးသူကတော့ အထက်မှာ ရေးသားပြောဆိုလာ၍ ရှိတ်ဂျာနယ်ကိစ္စများကို ပြောရန် မကျန်တော့ပါ။ ပြင်ပစာပေ ကဏ္ဍအနေနဲ့ စာရေးသူတို့ မမွေးခင်မက ရေးသားခဲ့တဲ့ ဆရာကြီးသိန်းဖေမြင့် ရဲ့ (သီချင်းဆို၍ငိုရသည်)အမည်ပါ ၂၀၁၀ခု၊ နိုဝင်ဘာလထုတ် ပေဖူးလွှာရသစုံ မဂ္ဂဇင်း မှ ရသာစာတမ်းကို ဖတ်ကြားပေးခဲ့ပါတယ်။ ဒီတစ်ပါတ် မကွေးမြို့မှ SHADE စာပေစကားဝိုင်းကို နောက်ပိုင်းမင်းသားအဖြစ်နဲ့ ငိုချင်းချ၍သိမ်းခဲ့ပါတယ်…။ နောက်တစ်ပါတ် ရှိတ် စာပေ၀ိုင်းမှာ ရသပေါင်းစုံတွေနဲ့ ၀ိုင်းဖွဲ့လို့ စိတ် အဆာဖြေကြဖို့ ဖိတ်ခေါ်လိုက်ပါရစေ…။

ရွှေလမ်းငွေလမ်းဝင်းကြည်
၂၀-၁၂-၂၀၁၀ နံနက်(၁း၄၅) နာရီ

Penulis : shwelannwelanwinkyi ~ Sebuah blog yang menyediakan berbagai macam informasi

Artikel မကွေးမြို့ SHADE စာပေ၀ိုင်း(၆) ini dipublish oleh shwelannwelanwinkyi pada hari Wednesday, April 13, 2011. Semoga artikel ini dapat bermanfaat.Terimakasih atas kunjungan Anda silahkan tinggalkan komentar.sudah ada 0 komentar: di postingan မကွေးမြို့ SHADE စာပေ၀ိုင်း(၆)
 

0 comments: