မကွေးမြို့ SHADE စာပေ၀ိုင်း(၁၁)


မကွေးမြို့ SHADE စာပေ၀ိုင်း
၂၃-၁-၂၀၁၁ နေ့ နေ့လည် (၁)နာရီမှ နေ့လည် (၃း၃၀) ထိ အချစ်ရွာဆိုင်မှာ ၀ိုင်းဖွဲ့ဖြစ်ကြပါတယ်။ SHADE စာပေ၀ိုင်း (၁၁)ကြမ်မြောက်ပါ။ယနေ့ဝိုင်းကို နောက်ကျရတာက မနက်ပိုင်းမှာ စာရေးဆရာ သာကီနွယ်သွေး(မကွေး)ရဲ့ ကပ်ကျော်ကမ္ဘာအေး ဓမ္မရိပ်သာကျောင်းမှာ မိဘကျေးဇူး အထူးသိအပ် (ကဗျာ၊ စာစီစာကုံး၊ ပန်းချီ)ပြိုင်ပွဲမှ ဆုပေးပွဲ) အခမ်းအနားကို တက်နေကြရလို့ ပွဲစတာ နောက်ကျသွားခြင်းဖြစ်ပါတယ်။ ဒီတစ်ပတ်မှာ ပထမ အကြိမ်အဖြစ် တက်ရောက်လာသူကတော့ စာရေးဆရာ ဟန်(စိတ်ပညာ) ဖြစ်ပါတယ်။ စာပေ၀ိုင်းတော်သားများ ကတော့ ဆရာမောင်ပင်နီ(ကျေးလက်)၊ ဆရာနေခြည်(မကွေး)၊ ဆရာ မကွေးမြင့်သန်း၊ ဆရာ ဇော်မြင့်ဇော်(ဗန္ဓရ)၊ ဘိုမြင့်ရှိန်(အောင်လံ)၊ ဆရာ ရေနံ့သာအောင်ချမ်းဇော် နဲ့ စာရေးသူတို့ ပေါင်းဆုံ ၀ိုင်းဖွဲ့ ဖြစ်ပါတယ်။
ကျွန်တော်တို့ စာပေသမားများကတော့ ဒီရက်ပိုင်းမှာ မကွေးမြို့နယ်စာပေနှင့်စာနယ်ဇင်းအဖွဲ့ (၂၀၁၀)နှစ်ပတ်လည် အစည်းအဝေးပွဲ ၊ မကွေးတိုင်းဒေသကြီးမှာ အိမ်ရှင်အဖြစ်နဲ့ ကျင်းပနေတဲ့ (၅၆)ကြိမ်၊တိုင်းနှင့်ပြည်နယ်ဘောလုံးပွဲများ၊ စာပေပြိုင်ပွဲ ဆုချီးမြှင့်ပေးပွဲများ ဆက်နေကြတော့ အလုပ်များနေကြပါတယ်။ အလုပ်များတဲ့ကြားက ယနေ့ ရှိတ်စာပေ၀ိုင်းကိုလည်း မပျက် မကွက် တက်ရောက်လာကြလို့၊ ရှိတ်စာပေ၀ိုင်းက အထူးကျေးဇူးတင် ပါတယ်။ ဆရာနေခြည်(မကွေး) ကိုလည်း၊ နေမကောင်းတဲ့ကြားက ကျွန်တော်ခေါ်လာခဲ့မိပါတယ်။ သတင်းတာဝန်ခံ မကွေးမြင့်သန်းဆိုရင် နေ့(၁၂) နာရီ အချိန်က အချစ်ရွာဆိုင်ကို ရောက်နေပါတယ်။ ကျွန်တော်တို့က နောက်ကျနေတော့ မလာဖြစ်ကြဘူး ထင်ပြီး ပြန်လာပါတယ်။ မြို့ထဲမှာ ပြန်တွေ့ရလို့ ရှိတ်စာပေ၀ိုင်းကို နှစ်ခေါက်ပြန်လာရပါတယ်။ ဒီလောက် ဝေးတဲ့ ရှိတ်စာပေ၀ိုင်း (အချစ်ရွာ) ကို စက်ဘီးနဲ့ နှစ်ခေါက်တောင် အပင်ပမ်းခံပြီးလာခဲ့ရသူဖြစ်ပါတယ်။ ရှိတ်စာပေ၀ိုင်း အပေါ်မှာ ကျွန်တော်တို့ တစ်တွေ လေးစား၊မြတ်နိုး ခုံမင်စွာနဲ့ သံယောဇဉ်ကြီးမားကြောင်းကို မှတ်တမ်းတင်လိုက်ပါတယ်။
ဆရာ မောင်ပင်နီ(ကျေးလက်) ကတော့ ကျွန်တော့်ကို ရှိတ်ဂျာနယ်အတွက် ကဗျာတစ်ပုဒ်ကို လက်တန်းထိုးရေးပြီးပေး ပါတယ်။ သူကတော့ တောထဲတောင်ထဲမှာ နေရသူဖြစ်ပြီး၊ စာဖတ်စရာမရှိဖြစ်နေလို့ စာအုပ်များ၊ ဂျာနယ်များကို လှူပေးကြပါရန် ၀ိုင်းတော်သားများကို အလှူခံနေပါတယ်။ နောက်တစ်ပတ်မှ သူ့ဖတ်မှတ်လာတာကို ဆွေးနွေးမယ်လို့ ဂတိပေး ပြောဆိုသွားပြန်ပါတယ်။
ဆရာ နေခြည်(မကွေး) ကလည်း ကပ်ကျော်ကမ္ဘာအေးဓမ္မရိပ်သာကျောင်းက ဆုပေးပွဲမှာ(မိဘကျေးဇူး အထူးသိအပ်) အထိမ်းအမှတ်အဖြစ် ထုတ်ဝေထားတဲ့ စာအုပ်ကိုတင်ပြဆွေးနွေးပါတယ်။ နောက်ပြီး (The Hot news) ဂျာနယ်၊ အတွဲ(၁)၊ အမှတ်(၂၅) မှာ သူကိုယ်တိုင်ခံစား ရေးသားထားတဲ့ (နားထဲကို သံရေပူနဲ့ လောင်းထည့်လိုက်တဲ့ မကွေးမြိှု့ ယာဉ်လိုင်းတစ်ခုက ဆက်ဆံရေး) သတင်းဆောင်းပါးကို ဖတ်ကြားဆွေးနွေးသွားပါတယ်။
ဆရာမကွေးမြင့်သန်းကတော့ ရှိတ်ဂျာနယ် အတွှဲ(၅)၊ အမှတ်(၉)ထဲက ရှိတ်စာပေ၀ိုင်း နဲ့ တမာမြေမှ ပဲ့တင်သံ တို့မှာ ဖော်ပြပေးထားတဲ့ ကာတွန်းဆရာ အေကေ ရဲ့ သရုပ်ဖော်ပုံများ ကို အလွန်သဘောကျပါကြောင်း။ ကာတွန်းဆရာ ဗန္ဓရ ဖော်ပြပေးထားတဲ့ တစ်ကွက် ကာတွန်းကလေးက သူနှင့် ထပ်တူကျပါကြောင်း၊ သူ့မှာလည်း သားတွေကများနေတော့ အလုပ်ရှာရတာခက်နေလို့ ခံစားရတာဖြစ်ပါကြောင်း။ ကာတွန်းဆရာကြီး ဦးဘဂျမ်းရဲ့ ကာတွန်းကွက် အကောင်းကလေးများ ကိုလည်း ရယ်စရာ၊ တွေးစရာများကို ပြောကြားဆွေးနွေးသွားပါတယ်။ အဓိကတော့ စာပေလောကထဲမှာ စာကူးချနေသူများ၊ ခြိမ်းခြောက်ပြီးငွေတောင်းနေသူများဖြစ်တဲ့ စာပေလောက်ကောင်များကို ဖော်ထုတ်ပေးတဲ့ ကာတွန်းများ၊ ဆောင်းပါးများကို ရေးသားပေးကြပါရန် တိုက်တွန်းအကြံပြု သွားပါတယ်။
ဆရာဇော်မြင့်ဇော်(ဗန္ဓရ) ကတော့ ဒီတစ်ပါတ် ရှိတ်ဂျာနယ် အမှတ်(၉)ထဲက နိုင်ငံရပ်ခြားဟာသများမှ (သင့်တော်တဲ့ အလုပ်) ကို ကြိုက်နှစ်သက်ပြီး ဖတ်ကြားသွားပါတယ်။ နောက်ပြီး ဒီနေ့ ကပ်ကျော်ကျောင်း ဆုပေးပွဲအခမ်းအနားမှာ အခွင့်မသာလို့ မပြောကြားခဲ့ရတဲ့ စကားကို ရှိတ်စာပေ၀ိုင်းမှာ အားပါးတရ ပြောကြားသွားပါတယ်။ ဟုတ်ကဲ့ ( ဒီမှာပြောတော့ ရန်သူမရှိတာပေါ့ဆရာ(ဗန္ဓရ) ရယ်..။ ဟိုပွဲမှာဆိုရင် ကျွန်တော်တို့ စာနယ်ဇင်း ဥက္ကဋ္ဌ ပြောတဲ့အဖွင့်စကားကို နောက်က ပြောတဲ့၊ ပန်းချီဆရာ တစ်ဦးက အပြုလိုလို အပျက်လိုလို ဆိုလိုက်တော့ ကျွန်တော်တို့တစ်တွေ စိတ်မကောင်း ဖြစ်ခဲ့ကြရပါတယ်။)
ဆရာရေနံ့သာအောင်ချမ်းဇော်ကတော့ လက်အုပ်ချီတတ်တဲ့ရောဂါတော့ ပျောက်သွားတာကိုတွေ့ရပါတယ်။ သူက မောင်မောင်ကြည်သန့်(ရတနာမြေ) ရဲ့ ရှိတ်စာပေ၀ိုင်းအတွက် စကားလက်ဆောင်ကိုယူလာပါတယ်။ ရှိတ်ဂျာနယ် အမှတ်(၉) မျက်နှာဖုံးကိုကြိုက်နှစ်သက်ပါကြောင်း၊ အဖြူရောင်လေးသာသုံးပေးလိုက်ရင် ပိုပြီး ပေါ်လွင်ကောင်းမွန်မည် ဖြစ်ကြောင်း မောင်မောင်ကြည်သန့်ရဲ့(စကားလက်ဆောင်ကို) ပြန်လည်ပြောကြားသွားပါတယ်။ ရေနံ့သာအောင်ချမ်းဇော်က ပြောတာများမှာ သူစာရေးတဲ့အခါ ကုန်ကြမ်းရှာရတဲ့အကြောင်း စာရေးဖို့ကုန်ကြမ်းကို သင်းချိုင်းကုန်းထိ တစ်နေကုန် သွားရောက် ခဲ့ရပါကြောင်း၊ မြေကျင်းတူးသမားနဲ့အတူ မြေကျင်းတွေတူးခဲ့ပါကြောင်း အဲဒီမှာသံဝေဂ တော်တော်ရလိုက်ပါတယ်။ တစ်ချိန်မှာ ငါလည်းဒီနေရာကိုရောက်ရမှာပဲ ဘ၀မှာ ငါ ဆိုတဲ့အစွဲပြုတ်ခဲ့ရပါတယ်။ စတဲ့ ကမ္မဌာန်း ရှုပြီး ၂၀၁၀ ခု အောက်တိုဘာလထုတ် (ဂန္ဓာရီ မဂ္ဂဇင်း) မှာ (ပုံပြင်ထဲက အလွမ်းသမုဒယနွေ) ဆိုတဲ့ အချစ်ဇာတ်လမ်းလေးကို ဖန်တီးနိုင်ခဲ့ကြောင်း လွမ်းမော်ဖွယ် ပြောကြားသွားပါတယ်..။မှတ်ချက်။(ရေနံ့သာအောင်ချမ်းဇော် နဲ့သူ့ရဲ့ သင်းချိုင်းကုန်းမြေတူးသမားလေး ကလောင်အမည်သုံးပြီး မောင်ဝင်းဇော်မိုး(သင်းချိုင်းကုန်း) ဆိုပြီး လုံးချင်းဝထ္ထုစာအုပ် ထုတ်ကြမယ်၊ ဒီစာအုပ်ကို အသုဘချမယ့် ကားတစ်စီး သုသာန်ကိုဝင်လာတိုင်း မ၀ယ်မနေရ ရောင်းချပြီး စီးပွားရေး ဈေးကွက်လုပ်မည် ဟု အတွင်းသတင်းကြားသိရပါတယ်။)
ဆရာဘိုမြင့်ရှိန်(အောင်လံ)ကတော့ လေသံတော်တော်ကိုပျော့သွားပါတယ်။ ကာတွန်းဆရာ အေကေ ရဲ့ ရှိတ်စာပေ၀ိုင်းသရုပ်ဖော်ပုံထဲက အော်ပြီး ဘေးကလူတွေ စထွေးစင်အောင် ပြောသူမှာ သူဖြစ်ကြောင်း သိလိုက်ရတဲ့ ပွဲကစပြီး လုံးဝ အော်၍ မပြောတော့ကြောင်း သိရပါတယ်။ ဆရာဘိုမြင့်ရှိန်ကတော့ သူ့ကျောင်းက သင်တန်းသားတွေက ရှိတ်ကို သူဝယ်ထားတဲ့ဂျာနယ်တွေကိုသာ အလကားဖတ်ကြကြောင်း၊ ရောင်းချဖို့ကတော့ မလွယ်သေးပါကြောင်း။ ယခုသူဖတ်လာခဲ့ရတဲ့ ဆရာဦးပန်းငြိမ်ရေးတဲ့ (အဲလင်ကေးတား ဆိုသူ မျက်စေ့မမြင်သူ) ကလေးမလေးရဲ့ စာအုပ်ကို အကျယ်တ၀င့် ပြောကြားဆွေးနွေးသွားပါတယ်။
ဆရာ ဟန်(စိတ်ပညာ) ကလည်း SHADE စာပေ၀ိုင်း တစ်ဝက်လောက်မှာ အပြေးရောက်လာပါတယ်။ ဟန်(စိတ်ပညာ) က ကျွန်တော်တို့စာပေ၀ိုင်း အတွက် ကုသိုလ်ရမယ့် အလှူသတင်းလေးကို ပြန်လည်ဖောက်သည်ချသွားပါတယ်။ ဒီတစ်ပတ် ၀ီကလီး အလဲဗင်း မှာ ပါတဲ့ စာရေးသူ နန္ဒာဝင်း ရဲ့( လူငယ်နဲ့ အနာဂတ်) ဆိုတဲ့ ဆောင်းပါးလေးဟာ တော်တော်ကောင်း ပါကြောင်း၊ မျက်ရည်ကျလောက်အောင် ခံစားဖတ်ကြားရပြီး အများဖတ်သင့်ပါကြောင်း အကျယ်တ၀င့် ဆွေးနွေးသွား ပါတယ်
ဒီတစ်ပတ် ရှိတ်စာပေ၀ိုင်း မှာ စာရေးသူကတော့ ဂျာနယ်မထွက်ခင် လက်ကမ်းကြော်ငြာ ကိစ္စကို ဆွေးနွေးပါတယ်။ မကွေးမြို့တွင်းမှာ (တနင်္ဂနွေနေ့)ဖြန့်ဝေတဲ့ သတင်းစာနှစ်ဆောင် ထဲကို (ဗုဒ္ဓဟူးနေ့တိုင်း)ထွက်မယ့် SHADE ဂျာနယ်လက်ကမ်းကြော်ငြာများကို ညှပ်ပြီး ကြော်ငြာမှာ ဖြစ်ကြောင်း ရှင်းလင်း ပြောကြားပြီး Shade စာပေ၀ိုင်းကို အကြံအဥာဏ်များတောင်းခံ ခဲ့ပါတယ်။
စိတ် အဟာရ ထာဝရ ပြည့်ဝအောင် ရှိတ်ဂျာနယ်ကိုဆောင်ပြီး SHADE စာပေ၀ိုင်းသို့ သွာကြပါစို့..။
ရွှေလမ်းငွေလမ်းဝင်းကြည် ။ မကွေးမြို့ ၀၆၃-၂၅၁၉၇

Penulis : shwelannwelanwinkyi ~ Sebuah blog yang menyediakan berbagai macam informasi

Artikel မကွေးမြို့ SHADE စာပေ၀ိုင်း(၁၁) ini dipublish oleh shwelannwelanwinkyi pada hari Wednesday, April 13, 2011. Semoga artikel ini dapat bermanfaat.Terimakasih atas kunjungan Anda silahkan tinggalkan komentar.sudah ada 0 komentar: di postingan မကွေးမြို့ SHADE စာပေ၀ိုင်း(၁၁)
 

0 comments: