မကွေးမြို့မှ SHADE စကားဝိုင်း(၄)


မကွေးမြို့မှ SHADE စကားဝိုင်း
၅-၁၂-၂၀၁၀ တနင်္ဂနွေနေ့၊ နေ့လည်(၁၂)နာရီက ညနေ(၃း၃၀)နာရီအချိန် အထိ အချစ်ရွာဆိုင် မှာ ပေါင်းဆုံကြပါတယ်။ ယခု မကွေးမြို့မှ SHADE စကားဝိုင်း အမှတ်(၄)၊ လေးပါတ်မြောက် ဖြစ်ပါတယ်။ ဒီတစ်ပါတ် လူသစ်အဖြစ်နဲ့ ရောက်လာသူကတော့ စာရေးဆရာ ကိုကိုလတ်(ဆည်မြောင်း)ပါ။ ရှိတ်စကားဝိုင်း ပင်တိုင်ဆရာများကတော့ ရေနံ့သာအောင်ချမ်းဇော်၊ ဘိုမြင့်ရှိန်(အောင်လံ)၊ နေခြည်(မကွေး)၊ တင်လင်းဇော်၊ မကွေးမြင့်သန်း၊ နဲ့ စာရေးသူ ရှိတ်သူကြီးတို့ ၀ိုင်းဖွဲ့ကြပါတယ်။
ပြောနေကျ အတိုင်း ရှိတ်စကားဝိုင်းမှာ SHADE ဂျာနယ်များထဲက အကြောင်းအရာများကိုသာ ပြောဆိုပေးကြပါ။ အခြား ပါတီနိုင်ငံရေးနဲ့ ပါတ်သက်တဲ့စကားများ၊ မိမိတို့ မိသားစုကိစ္စ၊ နဲ့ အလုပ်ကိစ္စများကို လုံးဝ မပြောဆိုကြဖို့ တောင်းပန် အပ်ပါတယ်။ လာရောက်ကြသူများ အချင်းချင်း စိတ်ဝမ်းကွဲစေမယ့် ဝေဖန်ဆွေးနွေးပြောဆိုမှုများကိုလည်း ရှောင်ပြီး ပြောပေးစေလိုပါတယ်။ မိမိတာဝန်ကျတဲ့အချိန် အလှည့်ကိုလည်း တာဝန်ကျေပွန်အောင် ပြောဆိုပေးကြပါ ။ ရှိတ်ဂျာနယ် စာဖတ်ပရိတ်သတ်များ နဲ့ ဖိတ်ကြားသူများသာ လာရောက်ကြဖို့ကိုလည်း မေတ္တာရပ်ခံပါရစေ..။ ဆိုပြီး ရှိတ်သူကြီးက ဖွင့်ပေးခဲ့ပါတယ်။
ရေနံ့သာအောင်ချမ်းဇော်ကတော့ သူရောက်ခဲ့တဲ့ စလင်းမြို့၊ ဆင်ဖြူကျွန်းမြို့တွေမှာ ရှိတ်ဂျာနယ်များကို လက်ဆောင် ပေးပြီး စည်းရုံးလာခဲ့ကြောင်း၊ ရှိတ်ဂျာနယ်က ရန်ကုန် ဂျာနယ်ကြီးများကိုတော့ မမီသေးကြောင်း၊ ဒါပေမယ့် ရန်ကုန်ဂျာနယ်လောက မှာ ရှိတ်ဂျာနယ်က အလတ်တန်းစား အဆင့်မှာတော့ ရှိနေပါကြောင်း၊ နယ်စာဖတ်ပရိပ်သတ်များက ပွင့်လင်းစွာ ဝေဖန်ကြပါတယ်။ ဒီတစ်ပါတ်အတွဲ(၅)၊အမှတ်(၃) ရှိတ်ဂျာနယ်မှာ ပါတဲ့(မျက်နှာငယ် ဈာပန) ဆရာဥက္ကာကျော် ရေးတာတွေကို နားမလည်ပါကြောင်း။ မန္တလေးစာပေလောကမှာ နားလည်ကြပေမယ့်၊ နယ်ကလူတွေကတော့ နားမလည်ကြတာသာ ဖြစ်ပါမည် ထင်ပါကြောင်း၊ ပြောဆိုသွားပါတယ်။
စာရေးဆရာ ဘိုမြင့်ရှိန်(အောင်လံ)ကလည်း ဒီတစ်ပါတ် အမှတ်(၃)ရှိတ်ဂျာနယ်မှာ SHADE ဂျာနယ်စာလုံးပေါ်မှာ မော်ဒယ် မင်းသမီးရဲ့ ခေါင်းကွယ်နေတာ မဖြစ်သင့်ပါကြောင်း၊ စာလုံး အပေါက်အကျတွေက များနေကြောင်း၊ သီးခြား သတ်ပုံစစ်ဆေးသူ တစ်ဦး ထားပေးသင့်ပါကြောင်း၊ ဒီတစ်ပါတ် အမှတ်(၃)က အကြိုက်ဆုံးမှာ (မှတ်မှတ်သားသားစကားပါ)။ ဆရာ ရိုးရာ ရေးတဲ့( မြည်သံမရပ်သေးတဲ့ တယော) ပို့စ်မော်ဒန် အရေးအသားကိုလည်း နှစ်သက်ပါကြောင်း၊ သရုပ်ဖော်ပုံကတော့ မော်ဒန်နဲ့ ကွဲလွဲ အားနည်းနေပါကြောင်းတို့ကို ဆွေနွေးတင်ပြပါတယ်။
သတင်းတာဝန်ခံ နေခြည်(မကွေး)ကတော့ ဆရာဘိုမြင့်ရှိန် ဝေဖန်သွားတဲ့ SHADE စာလုံးကို ကွယ်နေတာ နာမည်ပျောက်တဲ့အဆင့်အထိ မဖြစ်သင့်ပါကြောင်း၊ မျက်နှာဖုံးကို ကြည့်ပြီး စာဖတ်သူများက နန်းဝေဂျာနယ် လို့သာ ထင်မှတ်နေပါကြောင်း၊ ဂျာနယ်ရဲ့ အမည်ကို ထင်ထင်ရှားရှား ထင်သာ မြင်သာအောင် အထက်မှာ နေရာပေးထားသင့်ပါကြောင်း ဂျာနယ် အမည်ပေါက်ရေး အတွက် အကြံပြုလိုက်ရခြင်းသာ ဖြစ်ပါကြောင်း။ ဆရာ ဘိုမြင့်ရှိန် သဘောကျတဲ့ ဆရာရိုးရာ ရဲ့ ပို့စ်မော်ဒန်ကိုတော့ လုံးဝ မကြိုက်ပါ၊ နားမလည်ပါကြောင်း သဘောထားကွဲ လိုပါကြောင်း၊ ဒီတစ်ပါတ် ရှိတ်မှာ စာလုံးပေါင်း သတ်ပုံများမှားတဲ့အပြင် စာပုဒ်တစ်ချို့ မှာလည်း အဓိပ္ပယ်မဲ့အောင် ပြတ်တောက်နေပါကြောင်း။ အခြား အပြင်အဆင်များကတော့ တိုးတက်လာပါကြောင်း၊ ကဏ္ဍသစ်တစ်ရပ်အနေနဲ့ အပါတ်စဉ်လူငယ်များစိတ်ဝင်စားစွာ ဖြေကြားစေမည့် ပဟေဠိ မေးခွန်းတိုတိုလေးများကို သုံးမယ်ဆိုရင် ကျွန်တော့်ဆီမှာ စာအုပ်တစ်အုပ် ပြုစုရေးသားထားတာ ရှိနေပါကြောင်းတို့ကိုလည်း ခံစားပြောကြား သွားပါတယ်။
ဆရာတင်လင်းဇော်ကလည်း မြန်မာစာဆရာပီပီ အပြုသဘောနဲ့ ဒီလို ထောက်ပြပါတယ်။ ဆရာနေခြည် ပြောသလို စာပိုဒ်တစ်ပုဒ်လုံး ကျန်တာတော့ မဖြစ်သင့်ပါကြောင်း၊ ကာတွန်းပုံလေးတွေကိုလည်း အဓိကထား ကြည်ဖြစ်ပါကြောင်း၊ ပို့စ်မော်ဒန်ကိစ္စကို တော့ သူတို့ခေတ်နဲ့ သူတို့ အသုံးပြုရေးသားနေကြတော့ မဝေဖန်လိုပါကြောင်း။ သူတို့က နားမလည်ဘူးလို့ မပြောရဘူးဆိုတော့ မပြောလိုပါကြောင်း။ ရှိတ်ဂျာနယ်ကို အပါတ်စဉ်ထွက် ဂျာနယ်တစ်စောင်ကိုဖတ်ပြီး ဆွေးနွေးရတာထက် ယခင်ထွက်ပြီး ရှိတ်ဂျာနယ်များကိုလည်း ပြန်လည် ဆွေးနွေးလိုပါကြောင်း၊ ရှိတ်စကားဝိုင်းမှာ တစ်နှစ်တာ အကြိုက်ဆုံး ကဏ္ဍများကို ခွဲပြီး ရွေးချယ်ပေးဖို့အထိ လုပ်ဆောင်လိုပါကြောင်း ပြောကြားဆွေးနွေးပါတယ်။
သတင်းထောက်တာဝန်ခံ မကွေးမြင့်သန်း ကတော့.. ကျွန်တော်က ဝေဖန်ရေးသမားဖြစ်ပါတယ်။ ဝေဖန်ခဲ့လွန်းလို့လည်း ကျွန်တော့် သတင်းတွေ။ ၀ထ္ထုတွေ၊ ဆောင်းပါးတွေကို ဂျာနယ်၊မဂ္ဂဇင်းများက အပယ်ခံခဲ့ရပါကြောင်း ဆိုပါတယ်။ သတင်းသမားဆိုတာ ဘောလုံးပွဲသတင်းကို ဘောလုံးအရှုံး အနှိုင်းကိုသာ ရေးရမှာပါ။ သတင်းရေးသူရဲ့ ထင်မြင်ချက်ကို မရေးရပါဘူး အစချီပြီး သတင်းသမားဂုဏ်ပြပြီး စတင်ပြောဆိုလာပါတယ်။ သူကဆက်၍.. အရင်အပါတ်က ကျွန်တော် ဝေဖန်ခဲ့တာများမှာ အဝေဖန်ခံရသူဘက်က အယူအဆကွဲလွဲစွာနဲ့ နားလည်မူ လွဲမှားသွားတာပါ။ ဒါကြောင့် ကျွန်တော့်ဝေဖန်ခဲ့တာများကို သဘောထားကြီးစွာနဲ့ပဲ ကျွန်တော်တောင်းပန်ပါတယ်။ ယခုတစ်ပါတ်ဂျာနယ်က (မှတ်မှတ်သားသား စကားများ) မှာ စာရေးသူများအမည်တွေကို ကိုးကားရေးသားသင့်ပါတယ်။ မောင်နန္ဒ ရေးတဲ့ တ၀န်ကိုယ်စီ ရှိကြရာဝယ် ဆောင်းပါးကိုလည်း သေချာဖတ်ပါတယ်။ (လှေကလေးကို လှော်မည်) ဆိုတဲ့ မောင်ကျောက်ခဲရဲ့ ဆောင်းပါးကိုလည်းဖတ်ပါတယ်။ အကြိုက်ကြီးတော့ မဟုတ်ပါကြောင်း။ စတဲ့ ဘေးထွက်ကန်တဲ့ဘောလုံး စကားများကို လည်း ရှိတ်စကားဝိုင်းမှာ ပြောကြားသွားပါတယ်။
စာရေးဆရာ ကိုကိုလတ်(ဆည်မြောင်း) ကတော့ ဒီလိုပြောပါတယ်.။ကျွန်တော်ဒီဝိုင်းကို ပထမအကြိမ် လာသူဖြစ်ပါတယ်။ တာဝန်ခံ အယ်ဒီတာ ရေးတဲ့ဆောင်းပါးကို သေချာဖတ်ပါတယ်။ကျွန်တော်နဲ့ တာဝန်ခံအယ်ဒီတာ သျှိုင်းရဲဝံ့ ရေးတဲ့ အတွေးစကားက အကြိုက်ခြင်းတူနေပါတယ်။ ဂေဟဗေဒ ဘာသာရပ်ဆိုတာကို အကျယ်ချဲ့ပေးစေလိုပါတယ်။ ဂေဟဗေဒ ဆိုတာ (အပင်နှင့် ၎င်း၏ ပန့်ဝန်းကျင်ရှိ သတ္တာဝါများအား ကာကွယ်စောင့်ရှောက်ခြင်း) လို့ ဆိုလိုပါတယ်။ ဆရာလုပ်တာတော့ မဟုတ်ပါဘူး အဲဒီ စာတစ်ကြောင်းကို ထည့်ပေးသင့်ပါတယ်။ ယနေ့လူငယ်၊ လူကြီးတွေတော်တော်များက ဂေဟဗေဒ ဆိုတာကို နားမလည်နိုင်ကြပါဘူး။ ကျွန်တော့်ဝထ္ထုတစ်ပုဒ်မှာ ထည့်ရေးခဲ့ဘူးပါတယ်။ ကျွန်တော်ကိုယ်တိုင် တိရိစ္ဆာန်အကြောင်းကို ရေးသားနေတော့ ဂေဟဗေဒ ကိုပိုပြီးနှစ်သက်ရတာပါ။ ရှိတ်စကားဝိုင်း ကို ကောင်းတဲ့ အကြံတစ်ခု ပေးချင်ပါတယ်။ ရှိတ်စကားဝိုင်းသူကြီးအနေနဲ့ မန္တလေးစာပေလောက ဦးထွန်းဦးတို့လုပ်တဲ့ သစ်ပင်စိုက်ခြင်း ကို အတုယူသင့်ပါတယ်။ နှစ်လတစ်ခါလောက်ဖြစ်ဖြစ် ရှိတ်စကားဝိုင်းဆရာများနဲ့ ကျွန်တော် သစ်ပင်စိုက်ပွဲ လုပ်ချင်ပါတယ်။ အဲဒီအတွက် အားလုံးကို ကျွန်တော်က သွားရေး လာရေး စားသောက်ရေးပါမကျန် တာဝန်ယူပါ့မယ်။ ကျွန်တော်က စပွန်ဆာလုပ်ပြီး ဒါနပြုပါရစေ.၊.ဂေဟဗေဒ လုပ်ပါရစေခင်ဗျား..လို့ ပြောဆိုပြီး စကားကမ်းလှမ်းသွားပါတယ်။
နောက်ဆုံးပိတ် အိပ်နဲ့လွယ်သူက စာရေးသူရှိတ်သူကြီးပါ။ ဒီတစ်ပါတ် အမှတ်(၃) ရှိတ်ဂျာနယ်မှာ အဆိုးဆုံးဖြစ်နေ တာက အများပြောတဲ့ SHADE စာလုံး ဖုံးကွယ်နေခြင်းပါ။ SHADE စာလုံးကြီး ဂျာနယ်နာမည်ကို ပေါ်ပေါ်လွင်လွင်ဖြစ် အောင် အမြန်ပြုပြင် ပေးစေလိုပါတယ်။ ဖြစ်နိုင်မည်ဆိုလျှင် အပေါ်တန်းထိပ်မှာ ကြော်ငြာမထည့်ပဲ ဖော်ပြပေးစေ လိုပါကြောင်း မကွေးမြို့မှ SHADE စကားဝိုင်းအဖွဲ့က အယ်ဒီတာချုပ်အား လေးစားစွာနဲ့ အကြံပြုပြောဆိုလိုက်ပါရစေ ခင်ဗျား..။
စိတ် အဆာဖြေ ဖို့ ရှိတ်ဂျာနယ်ကို ဖတ်လို့ စကားပြောကြပါစို့….။
SHADE စကားဝိုင်းသူကြီး(မကွေး)
ရွှေလမ်းငွေလမ်းဝင်းကြည်

Penulis : shwelannwelanwinkyi ~ Sebuah blog yang menyediakan berbagai macam informasi

Artikel မကွေးမြို့မှ SHADE စကားဝိုင်း(၄) ini dipublish oleh shwelannwelanwinkyi pada hari Wednesday, April 13, 2011. Semoga artikel ini dapat bermanfaat.Terimakasih atas kunjungan Anda silahkan tinggalkan komentar.sudah ada 0 komentar: di postingan မကွေးမြို့မှ SHADE စကားဝိုင်း(၄)
 

0 comments: