မကွေးမြို့ SHADE စာပေ၀ိုင်း(၁၂)

မကွေးမြို့ SHADE စာပေ၀ိုင်း
၃၀-၁-၂၀၁၁ တနင်္ဂနွေနေ့ နေ့လည်(၁၂)နာရီမှ နေ့လည်(၃)နာရီ အချိန်အထိ Shade စာပေ၀ိုင်းကို အချစ်ရွာဆိုင်မှာ ၀ိုင်းဖွဲ့ ပေါင်းဆုံဖြစ် ကြပါတယ်။ဘာလိုလိုနဲ့ ရှိတ်စာပေ၀ိုင်းက (၁၂)ကြိမ်မြောက် သုံးလတိတိပြည့်ခဲ့ပါပြီ..။ ရှိတ်ဂျာနယ်ကို စိတ်ဝင်စားစွာ ဖတ်ကြတဲ့ စာဖတ်သူ မိဘပြည်သူများရဲ့ အားပေးမှုနဲ့ ရှိတ်ဂျာနယ်ဝိုင်းတော်သားများရဲ့ စိတ်ဝင်တစား အပတ်တကုတ် ကြိုးစားအားထုတ်ခဲ့ကြလို့ ဂျာနယ်ရောင်းအား စောင်ရေလည်း သိသိသာသာ တိုးတက်လာပါတယ်။ နေ့စဉ်သတင်းစာ များဖြစ်ကြတဲ့ မကွေးမြို့တွင်းမှာ ဖြန့်ဝေတဲ့ ကြေးမုံသတင်းစာ၊ မြန်မာ့အလင်းသတင်းစာ နှစ်စောင်မှာလည်း အင်္ဂါနေ့ တိုင်းမှာ (ဗုဒ္ဒဟူးနေ့၊ အပတ်စဉ်ထွက်လာမယ့် SHADE ဂျာနယ်အချပ်ပို)ကြော်ငြာများကိုလည်း မကြာ၊ခဏ ထည့်ပေးနေ ပါတယ်..။ မန္တလေးနေ့စဉ်သတင်းစာ မှာလည်း SHADE အချပ်ပိုကြော်ငြာထားတာ ကြားသိရပါတယ်..။
ရှိတ် စာပေ၀ိုင်း(၁၂)ကြိမ်မှာ အထူးဧည့်သည်တော်အဖြစ် ရောက်လာသူကတော့ စာရေးဆရာ မကွေးညိုစိမ့် ဖြစ်ပါတယ်။ ဆရာမကွေးညိုစိမ့်က သူ့ရဲ့အသက်(၇၂)နှစ်ဖြစ်ကြောင်း ပြောကြားတော့ ရှိတ်စာပေ၀ိုင်းတော်သားများက မယုံကြလို့ မျက်လုံးပြူးပြီး တစ်ယောက်ကို တစ်ယောက်ကြည့်နေကြပါတယ်.။ ဆရာမကွေးညိုစိမ့်က အသက်ထက် အရွယ်က တော်တော်တင်နေတော့ အသက်(၅၀)ကျော်ပဲထင်နေကြတာကိုး။ ဆရာက (၁၉၆၂) ခုနှစ်ကအတိုင်း စာတွေကို စပြီးရေးလာတယ်ဆိုပါတယ်။ ယခုဆရာတို့ဇနီးမောင်နှံမှာ ဆရာရဲ့ သမီးဖြစ်သူ အဆိုတော် မင်းသမီး ပန်ဆုပြည့်ကျော် နဲ့အတူ ရန်ကုန်မှာ နေကြတာပါ။ တစ်လောက MR TV4 မှာ ဆရာမကွေးညိုစိမ့်နဲ့ သမီး ပန်ဆုပြည့်ကျော် တို့နှစ်ဦး အင်တာဗျူုး ထုတ်လွှင့်သွားတာ ကြည့်လိုက်ရပါတယ်။ ကျွန်တော်တို့ ရှိတ်စာပေ၀ိုင်းကို ဆရာက မရောက်ခင်မှာ အထင်သေးခဲ့ပါကြောင်း။ စာရေးဆရာတွေ တစ်ယောက်နဲ့ တစ်ယောက် စကားနာထိုးလိုက်၊ ရယ်စရာတွေပြောလိုက်၊ သူများတွေ မကောင်းသတင်း အတင်းတွေကို ပြောနေကြမယ်သာ ထင်ခဲ့မိပါကြောင်း၊ ယခု ဒီဝိုင်းကိုရောက်လာမှ SHADEဂျာနယ်နှစ်ဆောင်ကိုဖတ်ပြီး မြင်တွေ့လိုက်ရတော့၊ အံ့သြသွားခဲ့ပါကြောင်း။ ယနေ့ခေတ်က အိုင်တီနည်းပညာ ထွန်းကားလာပါတယ်။ ကျွန်တော်တို့က ဘာမှနားမလည်တော့ သက်ငယ်စကား သက်ကြီးကြားနာရတဲ့ အချိန်ဖြစ်နေပါပြီ။ ဒါကြောင့် ဒီစာပေ၀ိုင်းက တော်တော်အဓိပ္ပါယ် ပြည့်စုံနေတာကို မြင်ရ တွေ့ရ ကြားရလို့ အထူးလေးစားပြီး ၀မ်းသာမိပါကြောင်း။ ဒီလို ရှိတ်စာပေ၀ိုင်းကို ရေရှည်တည်တန့်ခိုင်မြဲအောင် ဆက်လက်ကြိုးစားဆောင်ရွက်သွား ကြပါလို့ မိန့်ဆိုသွားခဲ့ပါတယ်။
ဆရာတင်လင်းဇော်ကလည်း ရှိတ်စာပေ၀ိုင်းကို နှစ်ပတ်ပျက်ကွက်ခဲ့လို့ မအားတဲ့ကြားက အပြေးလာခဲ့ပါတယ် ဆိုပါတယ်။ ရှိတ်ဂျာနယ် ဖြန့်ချိရေးအတွက် အပတ်စဉ်စောင်ရေ(၁၀)မှာထားပါတယ်။ အထက်စာပေ၀ိုင်းအတွက် ဆရာတင်လင်းဇော်က လူအား၊ ငွေအားစိုက်ပြီး တဆင့်ဖြန့်ဝေ ပေးနေပါကြောင်း။ ဆက်ပြီးဆရာမှ ဒီလိုပြောပါတယ်။ ရှိတ်ဂျာနယ် ကတော့ သတင်းတွေ၊ ဆောင်းပါးတွေနဲ့တော်တော် မြိုင်နေပါတယ်။ ဒါကြောင့်ရှိတ်ဂျာနယ်နဲ့ ပတ်သက်ပြီး အထူးပြောစရာမလိုတော့ပါ။ပြင်ပစာပေဆောင်းပါးတစ်ခုကိုတင်ပြလိုပါတယ်။ ပညာတန်ဆောင် စာအုပ်ထဲက စာရေးဆရာ (မျက်သွယ်-ငါးသရောက်) ရဲ့ (ဆုံဆည်းရာ)ဆောင်းပါးထဲက စည်းကမ်းနဲ့ပတ်သက်တာတွေ ကို အကျယ်တ၀င့် ထုတ်ပြပြောဆိုသွားပြန်ပါတယ်။
ဆရာဇော်မြင့်ဇော်(ဗန္ဒရ) ကတော့ စာပေ၀ိုင်းတက်လာသူများ ဇရာအရွယ်ကို ရောက်လာကြတော့ မမာမကျန်း ဖြစ်လာရင် ဆေးဖိုးဝါးခ (နာမကျန်းထောက်ပံ့ငွေ) ပေးနိုင်မယ့် အသင်းလေးတခုလိုနေပါကြောင်း အဆိုပြုလာ ပါတယ်။ ရှိတ်ဂျာနယ် အတွဲ(၅)၊ အမှတ်(၉) ထဲက ဆရာမောင်နွေထက် အား မျက်စေ့ခွဲစိပ်ပေးရန် အလှူရှင် ပန်းချီဆရာကြီး ဦးမျိုးခင်(မန္တလေး) က လှူဒါန်းပေးတဲ့ သတင်းကို အားကျ၊အတုယူသင့်ပါကြောင်း ဖတ်ကြားဆွေးနွေးပါတယ်။ သူဖတ်လာခဲ့တဲ့ ကာတွန်းဝင်းအောင် ရေးသားတဲ့ (အောင်မြင်ထင်ရှား မြန်မာ့အနုပညာသမားများ) စာအုပ်ကို တော်တော် နှစ်သက်ပါကြောင်း၊ အဲဒီ အထဲက ဆရာရွှေတလေး(ဦးဘကလေး) ရဲ့ ဘ၀ပုံရိပ်ကို ထုတ်နုတ်ဖတ်ကြားသွားခဲ့ပါတယ်။
ဆရာ ဘိုမြင့်ရှိန်(အောင်လံ)ကလည်း အင်္ဂလိပ်စာသင်တဲ့ ဆရာပီပီ ကဗျာဆရာ(ဂျူနီယာဝင်း)ရေးသားထားတဲ့ ကဗျာများကို မြန်မာလိုတလှည့် အင်္ဂလိပ်လိုတလှည့် ရွတ်ဆိုပြပါတယ်။ ရှိတ်ဂျာနယ်ကဖော်ပြထားတဲ့ အကယ်ဒမီ မင်းသား နေတိုးသတင်းတွေကိုလည်း ကြိုက်နှစ်သက်လွန်းလို့ အစ အဆုံးဖတ်ပါကြောင်း ပြောဆိုခဲ့ပါတယ်။
ဆရာမကွေးမြင့်သန်းကတော့ အချင်းချင်း စည်းလုံးညီညွှတ်ကြဖို့နဲ့ ယခင်က သူကိုယ်တိုင် စာနယ်ဇင်းအတွင်းရေးမှူး လုပ်ခဲ့စဉ်တုံးက အကြောင်းတွေကိုတော့ ပြန်ပြောင်း မပြောဆိုလိုတော့ပါကြောင်း။ သူ့ကို အချို့လူများက ချွန်တွန်းလို့ အပြောခံနေရပါကြောင်း။ဒါပေမယ့် ကျွန်တော့်ကြောင့် မည်သူတစ်ဦးတစ်ယောက်မှ ဒုက္ခမရောက်ခဲ့ပါကြောင်း။ မကွေးဝင်းမြင့် နဲ့ မကွေးညိုစိမ့်တို့က တိုက်တဲ့ လဘက်ရည်ကမှ ချိုပါတယ်..လို့၊စကားအမှန်ကိုတော့ ပြောဆိုခဲ့မိပါကြောင်း။ (အခြားသူများ တိုက်တဲ့လဘက်ရည်က စေတနာမပါလို့ မချိုဘူးဆိုတဲ့၊ သဘောသက်ရောက်သွားပါတယ်ဆရာ) ။ဆရာ ဖတ်မှတ်လာတဲ့ စာကတော့ (ဆရာထက်ကျော်ရေးတဲ့- မှဲ့မှချို ၊ အိုမှ လှ )ဆောင်းပါး၊(၂၀၀၀)ပြည့်နှစ်၊ စီးပွားရေးမဂ္ဂဇင်း တစ်စောင်မှာ ဖော်ပြထားတာကို ဖတ်ပြသွားပါတယ်။
စာရေးသူကလည်း ဒီတစ်ပတ် ရှိတ်စာပေ၀ိုင်းမှာ ၂၀၁၀ ခု၊ဒီဇင်ဘာလထုတ် ပေဖူးလွှာ ရသစုံမဂ္ဂဇင်းမှ အလွမ်းသီချင်းရေးတဲ့ မောင်ကျော်ဇော ရဲ့(ရင်ဘတ်ဖြင့် လမ်းလျှောက်ခဲ့ကြသူများ) ဆောင်းပါးကို ခံစား ထုတ်နုတ် ပြောဆိုခဲ့ပါတယ်။ ဆရာမောင်ကျော်ဇော ရေးသားထားတဲ့ အစပိုင်းမှာ (တွံတေးသိန်းတန်သို့မဟုတ်၊ ကျေးလက်ပေါ်က ငွေလမင်း၊ အို မြန်မာပြည်ယဉ်ကျေးမှု အမွေအနှစ်ကို၊ အစဉ်ရှေးရှု နေရစ်ပေတော့..) ဆိုတဲ့ တွံတေးသိန်းတန်၏ အမှာစကားဖြင့် စတင်ထားပါတယ်။ အဆုံးပိုင်းကလည်း မှတ်သားစရာစကားလေးဖြစ်နေပြန်ပါတယ်..။ ( ရှေးက အနုပညာရှင်တို့ ခေတ်၏ အမှားနှင့် အမှန်ကို ခွဲခြားသိရှိ နားလည်တတ်ကြသည်။ ပိုက်ဆံမရှိချင်နေ ကိုယ်ကျိုးမကြည့်ဘဲ ယုံကြည်ချက် ခံယူချက်တို့ဖြင့် လိုရာရောက်အောင် လမ်းလျှောက်ခဲ့ကြသည်။ ကျွန်တော် ကြုံဖူး လေ့လာဖူးသည့် အမျိုးသား ဂီတ၊ အနုပညာသမားတို့သည် များသောအားဖြင့် ဂီတကို နှစ်လုံးသားနှင့်သာ ပြုလုပ်ထားခဲ့ကြသည်။ ခြေထောက်တွေပါ သော်လည်း သူတို့ခြေထောက်ဖြင့် သူတစ်ပါးကို ရပ်တည်ပေးခြဲ့ကသည်သာ တွေ့ခဲ့ရသည်။ ကျော်ကြားမှုကို သိပ်အားမပေးတတ် အောင်မြင်မှုတစ်ခုကိုတော့ ရည်မှန်းချက် ပေးတတ်သည်။ ခြေထောက်ဖြင့် လမ်းလျှောက်ခြင်းထက် ရင်ဘတ်ဖြင့် လမ်းလျှောက်ခြင်းကိုလည်း သင်ပေးတတ်ကြသည်။ ကျော်ကြားမှုထက် အောင်မြင်မှုကို အလေးထားကြသည်…)ဆိုသည့် အလွမ်းသီချင်းရေးတဲ့ မောင်ကျော်ဇောရဲ့ ခံစားချက်တွေကို တဆင့်ဖောက်သည် ချခဲ့မိပါတယ်ခင်ဗျား..။
စိတ် အဟာရပြည့်ဝစေဖို့၊ ရှိတ်ဂျာနယ်ကိုဖတ်လို့၊ ဘ၀ရသစုံတဲ့ Shade စာပေ၀ိုင်းသို့ သွားကြပါစို့..။
ရွှေလမ်းငွေလမ်းဝင်းကြည်

Penulis : shwelannwelanwinkyi ~ Sebuah blog yang menyediakan berbagai macam informasi

Artikel မကွေးမြို့ SHADE စာပေ၀ိုင်း(၁၂) ini dipublish oleh shwelannwelanwinkyi pada hari Wednesday, April 13, 2011. Semoga artikel ini dapat bermanfaat.Terimakasih atas kunjungan Anda silahkan tinggalkan komentar.sudah ada 0 komentar: di postingan မကွေးမြို့ SHADE စာပေ၀ိုင်း(၁၂)
 

0 comments: