မကွေးမြို့မှ SHADE စကားဝိုင်း(၅)

မကွေးမြို့မှ SHADE စကားဝိုင်း
၁၂-၁၂-၂၀၁၀ ခု၊ တနင်္ဂနွေနေ့၊ နေ့လည်(၁၂)နာရီကနေ ညနေ(၃း၃၀)နာရီအထိ အချစ်ရွာဆိုင် မှာ SHADE စာကားဝိုင်း(၅)ကြိမ်မြောက် ပေါင်းဆုံဝိုင်းဖွဲ့ကြတယ်။ မကွေးမှာ မိုးရွာလိုက်၊ မိုးအုံ့လိုက်ဖြစ်နေတာ သုံးရက်လောက်ဖြစ်တာပါ။ ဒီနေ့ နံက်(၁၁)နာရီမှ မိုးကပွင့်ပြီး နေရောင်ခြည်ကို မြင်လာရပါတယ်။ ရှိတ်စကားဝိုင်း ကို မိုးနတ်မင်းက ကြိုဆိုလိုက်တာပဲလို့ ထင်ရပါတယ်။ ဒီတစ်ပါတ် လာရောက်ကြသူ လူသစ်များကတော့ (၄)ဦးပါ။ ရန်ကုန်မြို့က (ဧည့်သည်)ဆရာဦးခင်မောင်လွင်(ဘူမိဗေဒ) ငွေပင်လယ်ဂျာနယ်။ စာရေးဆရာမင်းကျော်ဇော(တိုင်းရင်းဆေး)။ သတင်းထောက် ဆရာမျိုးဇော်(မကွေး) နှင့် စာရေးဆရာမ နော်လီကို(မကွေး) တို့စုံတွဲဖြစ်ပါတယ်။ စကားဝိုင်းသူကြီး(မကွေး)နှင့် အတူ ပင်တိုင်လာနေကြ ဆရာများကတော့ ဆရာမောင်နန္ဒ(မြစ်ကြီးနား)၊ ဆရာလွမ်းထား(မကွေး)၊ ဆရာဘိုမြင့်ရှိန်(အောင်လံ)၊ ဆရာဇော်မြင့်ဇော်(ဗန္ဓရ)၊ ဆရာ ကိုကိုလတ်(ဆည်မြောင်း)၊ ဆရာမကွေးမြင့်သန်း၊ ဆရာနေခြည်(မကွေး)၊ ဆရာလွမ်းရ(မကွေး) တို့ နဲ့ စကားဝိုင်းဖွဲ့ဖြစ်ကြပါတယ်။
ဒီတစ်ပါတ် ရှိတ်စကားဝိုင်းမှာ အတက်ကြွဆုံး ဆရာရေနံ့သာအောင်ချမ်းဇော် ဆေးရုံသို့ တက်နေရလို့ မရောက်လာနိုင်ပါ။ တိုက်တိုက်ဆိုင်ဆိုင် သူအသဲအသန်ဖြစ်တဲ့နေ့၊ SHADE ဂျာနယ်ထွက်တဲ့ ဗုဒ္ဓဟူးနေ့နဲ့ တိုက်ဆိုင်သွားတော့ စာရေးဆရာများ စုထားပြီးသားဖြစ်သွားပါတယ်။ ရှိတ်စကားဝိုင်း တစ်ဖွဲ့သားလုံးက သူကို ဆေးရုံတင်ကြ၊ လိုအပ်တာကို ၀ိုင်းကူနိုင်လိုက်ကြပါ တယ်။ ဆရာ ကိုကိုလတ်(ဆည်မြောင်း) ကတော့ သူ့ကားနဲ့ အပြေးရောက်လာပါတယ်။ ဆေးဖိုးငွေ လိုအပ်သမျှကို သူက ကူညီလှူးဒါန်းပေးပါတယ်။ ရှိတ်သူကြီးလည်းအဲဒီတော့မှ ရေနံ့သာအောင်ချမ်းဇော်အတွက် လိုအပ်တဲ့ဆေး ငွေပဒေသာပင်ကြီး ပေါက်လာတော့ တော်တော်စိတ်အေး ၀မ်းသာသွားပါတယ်။ ယခုတော့ ရေနံ့သာအောင်ချမ်းဇော် ကံကောင်းပြီး သေမင်းတောင်ကြီးက ကျော်တက်လာပါပြီ..။ ဆေးရုံကတော့ မဆင်းရသေးပါခမြာ… ယနေ့ ဒီစကားနဲ့ ရှိတ်စကားဝိုင်းကို စတင်ဖွင့်ပေးလိုက်ရပါတယ်..။
စာရေးဆရာမောင်နန္ဒ(မြစ်ကြီးနား) က ဒီလိုစတင်ဆိုပါတယ်။ ဒီပွဲကို မှီအောင်ဆိုပြီးလာခဲ့တာပါ။ အလုပ်ကနေ အိမ်ကိုမ၀င်ပဲ ပြေးလာပါတယ်။ ထမင်းမစားရသေးဘူး။ ရှိတ်စကားဝိုင်းကို လွတ်သွားမှာကြောင့်ပြေးလို့လာခဲ့ရပါတယ်။ ရှိတ်ဂျာနယ်၊ အတွဲ(၅) အမှတ်(၄)မှာ ဖော်ပြထားတဲ့ အတွေးစကား( တစ်နှစ်မှာ ၃၆၅ ရက်ပဲ ရှိလိုပါ ) ဆိုတာကို အလွန်နှစ်သက်ပါကြောင်း ပြောဆို ဖတ်ပြပေးသွားပါတယ်။ ရှိတ်ဂျာနယ်က မှားရိုးမှားစဉ်များကို ထောက်ပြပါတယ်။ သတ်ပုံမှားတာထက် အကြောင်းအရာ မှားတာတော့ မဖြစ်သင့်ပါကြောင်း၊ ဒီဇင်ဘာလထဲ မကွေးမြို့တော်ခမ်းမ စာအုပ်ဈေးပွဲတော်ကျင်းပမယ့် သတင်းမှာ တစ်နှစ်လျှင် တစ်ကြိမ်သာ ဆိုတာကို တစ်ပါတ် တစ်ကြိမ် ကျင်းပပေးတယ်လို့ မှားရေးထားတာ မဖြစ်သင့်ပါကြောင်း၊ စာရေးဆရာကလောင်နာမည်( ကိုဗေရပွ) သရုပ်ဖော်ပုံမှာရေးထားပြီး အောက်ဆုံးကျတော့ (ကိုဗေဗရပွ) ရေးထားပါတယ်။ ဘယ်ဟာက အမှား။ အမှန်ဆိုတာ စာရေးဆရာကိုယ်တိုင်ကသာ သိပါလိမ့်မယ်။ အားမလို၊ အားမရ ဂျာနယ်ပေါ်က အမှားများကို ပြောကြားသွားခဲ့ပါတယ်..။
ဆရာလွမ်းထား(မကွေး) ကတော့ ဆရာနေခြည်(မကွေး) ရေးတဲ့ တမာမြေမှ ပဲ့တင်သံများ ကို ပိုမိုချဲ့ပြီး ရေးစေလိုပါကြောင်း။ ရှိတ်ဂျာနယ် အမှတ်(၃)က ဆရာသန်းစိုးအောင်ရေးတဲ့ (ခေါင်းနဲ့ပန်း) ဆောင်းပါးကို ကြိုက်လို့ ဖတ်ကြား ဆွေနွေးပါတယ်။ သူရေးသားတဲ့ သတင်းပါ အမွှာပူးညီအမ သုံးဦးရဲ့ ဆွေမျိုးများတံသို့ ဂျာနယ်(၁၅)စောင်ကို စာတိုက်ကနေ ပေးပို့ပြီးပါကြောင်း။ ယခုအထိတော့ သူတို့အတွက် အလှူရှင် မပေါ်လာသေးကြောင်း။ ရှိတ်ဂျာနယ်က (အင်္ဂါဂြိုလ်သို့ ပြောင်းရွေ့နေထိုင်လိုသူများအား နာဆာအဖွဲ့ကစာရင်းလက်ခံပြီး ပို့ပေးမယ်) ဆိုတဲ့သတင်းကြောင့် ရှိတ်စကားဝိုင်းအဖွဲ့ကိုလည်း ယခုအချစ်ရွာထက်ဝေးတဲ့ အင်္ဂါဂြိုလ်ပေါ်သို့ အယ်ဒီတာ ကိုသာဇော်မှ ဆောင်ရွက် ပေးစေလိုပါကြောင်း၊ တို့ကို ဖွင့်ဆိုသွားခဲ့ပါတယ်.။
စာရေးဆရာ ဘိုမြင့်ရှိန်(အောင်လံ) ကတော့ ဒီတစ်ပါတ် ရှိတ်ထဲက (အချစ်နဲ့ ပါတ်သက်တဲ့အယူအဆ အမျိုးမျိုး)၊ (ချစ်သူနဲ့ ပထမ အကြိမ် ချိန်းတွေ့တော့မယ်ဆိုရင်) စတဲ့ ဘာသာပြန်များနဲ့ ဇာနည်းမိုးရေးတဲ့ (ချစ်နည်းတစ်မျိုး)၊ ဆောင်းပါးများကို အာပေါင် အာရင်းသံသံ အင်္ဂလိပ်စာဆရာဆိုတော့ အင်္ဂလိပ်လိုတွေရော နထင်ကြောတင်းနေအောင် စိတ်ဝင်စားစွာ ပြောင်ပြောင်တင်းတင်း အော်ပြီး ဖတ်ကြားဆွေနွေးနေပါတယ်။ သူ့ရဲ့မျက်လုံးတွေကတော့ မျိုးဇော်နဲ့ ဆရာမနော်လီကို တို့ ဇနီးမောင်နှံ့ထံကို ရောက်နေပါကြောင်း၊ ပြီးတော့ သူက ရှိတ်ဂျာနယ်မှာ သတ်ပုံ မြန်မာလိုမှားရတာလည်း အားမရလို့ အင်္ဂလိပ် စာလုံးပေါင်းတွေကလည်း မမှန်ကန်ကြောင်းထောက်ပြ ပြောဆိုသွားပါတယ်။ ဒီတစ်ပါတ် ရှိတ်ဂျာနယ်၊ ရှိတ်စကားဝိုင်းမှာ အချစ်အကြောင်းကို ဆရာ ဘိုမြင့်ရှိန် က ကျေညက်နေအောင် အော်ဖတ်ပြီး သင်းတန်းအောင် သွားခဲ့ပါတယ်။ သူ့ အသံကြောင့် အချစ်ရွာဆိုင် ထန်းရွက်တဲထဲမှ စုံတွဲများက တစ်တွဲပြီး တစ်တွဲထွက်လာကြပြီး ရှိတ်စကားဝိုင်းကို မျက်စောင်းတွေထိုးသွားကြတာကိုခံရပါတယ်။ စာရေးသူ ရှိတ် သူကြီးက (ရှုးရှုးးတိုးတိုး ချစ်ပါဆရာရယ်ဟု.. လက်ညှိးနဲ့ ပါးစပ် အပ်ပြလိုက်ရပါတယ်ခင်ဗျာ…)။
ဆရာဇော်မြင့်ဇော်(ဗန္ဓရ) ကလည်း ဘိုမြင့်ရှိန်ကို ထိမ်းလို့မှ မပြီးသေးခင်မှာ ရှိတ်စကားဝိုင်းကို ခံစားစပ်ဆိုထားတဲ့ ရောသမမွှေကဗျာကို အော်ပြီးဆိုနေပြန်ပါတယ်။ အို ဘာတဲ့..လှုပ်လို့ရပြီဆိုပဲ.. သူ့ကဗျာကို အယ်ဒီတာက မရွေးတာများနေတော့ ရှိတ်သူကြီးက ချရေးပြလိုက်ပါရစေနော်..။ (ဟဲ..ဟဲ ကဗျာ စာမူခပေးရန် မလိုပါ..။)
Sunday တပတ်စာ ရှိတ်ဂျာနယ်မှာ
ဖတ် မှတ်ခဲ့ရ ပုံရိပ်တွေ စိတ်အဆာသွပ်ခါ
အချစ်ရွာ လေအန်ကုန်း(နွားခြံကြီး)ထဲမှာ….

အပြုံးမွှေးမွှေး စကားသံအေးအေး
ရေနွေးတစွက်စွက် နွားနို့စစ်စစ်တခွက်နဲ့
လေချဉ်တက် ခံတွင်းပြေ ရင်ထဲကလေတွေထုတ်
အဟုတ်….ဟုတ်…။

စာကြောင်း ပေကြောင်း
သတင်း ကဗျာ စာညွှန်း ကာတွန်းအပေါင်း သောင်းပြောင်းစုံရသ
ဆိုးကောင်း နှစ်တန် အံချလိုက်ကြ တဖွဖွ
ရှိတ်ရဲ့ ချိုမြိန်ခြင်း ဝေဖန်ရေး စာပေချဉ်ခြင်း မျှဝေလိုက်ကြရင်း..။

ရှိတ်သူကြီးရဲ့အပြုံး
ဒီကနေ့ကမ္ဘာ့ဘောလုံး တရိပ်ရိပ်ပြေးနေတဲ့ဈေးနှုန်း
အိမ်ကမဟေသီရဲ့(မောင် စောစောပြန်ခဲ့နော်) ဆိုတဲ့ သီအိုရီစကားလုံး
ရှိတ်စကားဝိုင်းကို ရောက်ရင် အရာအားလုံးကိုမေ့..။

ရှိတ် ဒုက္ခအသွယ်သွယ် ဟိုးခပ်ဝေးဝေးမှာကွယ်
မြင်သိကြား ဖလှယ်လို့ စကားတွေအလယ်မှာ
ပျော်မြူးမူစွက် ကြည်နူးခြင်းကိုဖက်
SHADE ဂျာနယ်အတွက်
ပီတိတွေနဲ့ ရှေ့သို့ ဆက်…ဆက်..။ ဇော်မြင့်ဇော်(ဗန္ဓရ) ကဗျာကို ခံစားချက် အသံနဲ့ရွတ်ဆိုသွားပါတယ်။

စာရေးဆရာကိုကိုလတ်(ဆည်မြောင်း)ကတော့ သူနဲ့အတူပါလာသူ ဧည့်သည် ဆရာဦးခင်မောင်လွင်(ဘူမိဗေဒ)နဲ့ ရှိတ် စကားဝိုင်းကို မိတ်ဆက်ပေးပါတယ်။ သတင်းထောက် ဆွေလှိုင်ထူး ရေးတဲ့ (အစဉ်အလာကြီးမားခဲ့တဲ့ အနုပညာမျိုးဆက်သစ် ဖိုးသောကြာ)အကြောင်း ကိုဖတ်ပြီး အကျယ်တ၀င့် ဥပမာများနဲ့ ရှင်းလင်းပြောကြားသွားခဲ့ပါတယ်။
ဆရာမင်းကျော်ဇော်(တိုင်းရင်းဆေး) နဲ့ ဆရာခင်မောင်လွင်(ဘူမိဗေဒ) တို့ကတော့ ရှိတ်ကို သေသေချာချာ မဖတ်ရသေး တဲ့အတွက်ဆွေးနွေးခြင်း မပြုနိုင်ပါကြောင်း မေတ္တာရပ်ခံကြပါတယ်။
စာရေးဆရာမ နော်လီကို(မကွေး) ကလည်း ယခုအပါတ် ရှိတ်မှာပါတဲ့ ဇာခြည်မိုးရေးသားတဲ့ (ချစ်နည်းတစ်မျိုး)ကို သဘောကျကြောင်း။ သူက အမျိုးသမီးများအတွက်ဖြစ်ပြီး (ပုရိသ ယောင်္ကျားသားများအတွက် ချစ်နည်း) စာမူတစ်ဆောင်ရေးသား ပေးပို့ပါအုံးမည်ဖြစ်ကြောင်း ပြောကြားသွားခဲ့ပါတယ်။
သတင်းထောက် မျိုးဇော်(မကွေး)ကတော့ ရှိတ်ဂျာနယ်လောက် သတ်ပုံနဲ့ စာပိုဒ်များ အကျအနများတဲ့ ဂျာနယ်ကို မတွေ့ဘူးသေးကြောင်း။ သတင်းဖော်ပြတဲ့နေရာမှာ လူကြီးတွေရဲ့ သတင်းကို နာမည် သတ်ပုံ မှားသွားရင် အကြီးအကျယ် ပြဿနာ တက်နိုင်ပါကြောင်း။ သတင်းရေးသူကို ချက်ချင်းခေါ်ယူပြီး အရေးယူခံရပါမည်ဖြစ်ကြောင်း ဒါကြောင့် သတ်ပုံနဲ့ စာပုဒ် အကျများကင်းအောင် အဓိက ဆောင်ရွက်ပေးသင့်ပါကြောင်း တို့ကို ပြောဆိုထောက်ပြသွားပါတယ်။
သတင်းတာဝန်ခံ မကွေးမြင့်သန်းကတော့ ဒီတစ်ပါတ်ရှိတ်စကားဝိုင်းမှာ သူ့ကလောင်နာမည် မကွေးသန်းမြင့် ဆိုပြီး မှားနေလို့ ရှိတ်သူကြီးကို မထိတထိ ကလော်ပြောပါတယ်။ ဆရာမကြီးလူထုဒေါ်အမာ(၉၅)နှစ်ပြည့် ဆိုပြီးဖော်ပြထားတော့ စာဖတ်သူ တစ်ချို့က လူထုဒေါ်အမာ အသက်(၉၅)နှစ်တောင် ရှိနေပါပြီ မသေသေးဘူး ထင်နေကြကြောင်း။ ခေါင်းစဉ် ကိုမမှား အကျန်စေလိုကြောင်း (၉၅)နှစ် အထိမ်းအမှတ် လို့သာ ဂရုတစိုက်ဖော်ပြပေးစေလိုပါကြောင်း။ စာရေးသူ မောင်ကောဝိ ရေးတဲ့( ကြိုးစားမှု နေရာ) ဆောင်းပါးကို သဘောကျကြောင်း။ ကိုဗေရပွ လား ကိုဗေဗရပွလား ရေးတဲ့ (ကြိုက်လွန်းလို့) ဆောင်းပါးကို မကြိုက်ပါကြောင်း။ ဒါပေမဲ့ (မောင်ဂျိုကာနဲ့ အလု့အကိုင်)ဆောင်းပါးကိုတော့ အလွန်နှစ်သက် ပါကြောင်း တို့ကို ဝေဖန်ပြောဆိုသွားပါတယ်။
ဆရာနေခြည်(မကွေး) ကတော့ အိမ်မှုကိစ္စများ မအားတဲ့ကြားမှ ရောက်ဖြစ်အောင် နောက်ကျပြီးလာရောက်ခဲ့ပါတယ်။ သူကတော့ SHADE စာလုံးကို ထင်ထင်ပေါ်အောင် ဖော်ပြပေးစေလိုကြောင်း။ စာပိုက် များအထိ ကျကျန်နေတာကိုတော့ မကျန်အောင်၊ မမှားအောင်ကိစ္စများကို တစ်ယောက်ကို တာဝန်ပေးပြီး အလေးထားစီစစ်ဖို့ အကြံပြုချင်ပါကြောင်း။ လူသစ်တွေ ထပ်မံသိစေဖို့ ရှိတ်စကားဝိုင်း စတင်ဖြစ်ပေါ်လာရခြင်းကို ပြန်လည်ရှင်းပြပေးခဲ့ပါတယ်။
ဒီတစ်ပါတ် စကားဝိုင်းသိမ်းခါနီမှ ပြေးလာသူကတော့ ကဗျာဆရာ လွမ်းရ(မကွေး)ပါ။ အမောတကောနဲ့ ရှိတ်ဂျာနယ်ကို ပေးပို့ရန် ရေးသားထားတဲ့ (အမျှဝေပါ..သာဓုခေါ်ဆိုပါ)၊ (ပိတောက်တစ္ဆေ) ဆိုတဲ့ အချစ်ဒဿန ကဗျာနှစ်ပုဒ်ကို သံနေသံထားနဲ့ ရွတ်ဖတ် ပေးခဲ့ပါတယ်။
စကားဝိုင်းကို ရှိတ်သူကြီး ကျွန်တော်က အားလုံးပြောဆိုကြတဲ့ ဝေဖန်မူများကို ကျေးဇူးအထူးတင်ပါကြောင်း၊ ရှိတ်ဂျာနယ်နဲ့ ပတ်သက်ပြီး ဆရာတို့ အကြံပြုချက်များကို ဆောင်ရွက်သင့်တာကို ဆောင်ရွက်ပေးပါမည်ဖြစ်ကြောင်း၊ အယ်ဒီတာချုပ် ကိုသာဇော် ရဲ့ကိုယ်စား ပြောဆိုတောင်းပန်ပြီး စကားဝိုင်းပွဲကို သိမ်းခဲ့ပါတယ်။
စိတ် အဆာဖြေ ဖို့ ရှိတ်ဂျာနယ်ကိုဖတ် လို့ စကားပြောကြပါစို့..။

ရှိတ်စကားဝိုင်း သူကြီး(မကွေး)
ရွှေလမ်းငွေလမ်းဝင်းကြည်

Penulis : shwelannwelanwinkyi ~ Sebuah blog yang menyediakan berbagai macam informasi

Artikel မကွေးမြို့မှ SHADE စကားဝိုင်း(၅) ini dipublish oleh shwelannwelanwinkyi pada hari Wednesday, April 13, 2011. Semoga artikel ini dapat bermanfaat.Terimakasih atas kunjungan Anda silahkan tinggalkan komentar.sudah ada 0 komentar: di postingan မကွေးမြို့မှ SHADE စကားဝိုင်း(၅)
 

0 comments: