မကွေးမြို့မှ SHADE စကားဝိုင်း(၃)

မကွေးမြို့မှ SHADE စကားဝိုင်း

၂၈-၁၁-၂၀၁၀ ။ တနင်္ဂနွေနေ့ နေ့လည်(၁၂) နာရီမှ ညနေ(၃း၃၀) အချိန်ထိ မကွေးမြို့၊ အချစ်ရွာဆိုင်မှာ ပေါင်းဆုံဝိုင်းဖွဲ့ကြပါတယ်။ ဒီတစ်ပါတ် SHADE စကားဝိုင်း(၃) မှာ စာရေးဆရာ၊ ကဗျာဆရာ၊ ကာတွန်းဆရာ၊ သတင်းထောက်များ တော်တော်များများ ရောက်လာကြပါတယ်။ ယခုတစ်ပါတ်မှာ ပထမအကြိမ်အဖြစ် ရောက်လာကြသူ(လူသစ်) ဆရာများကတော့ ဆရာမောင်ကြင်(သစ်ရာကောက်)၊ ခေတ္တရာမန်းသန်းမြင့်၊ လွမ်းထား(မကွေး)၊ ကာတွန်းဆရာများ အေးကေ၊ ရောင်နီဦး(ကံမ)၊ သတင်းထောက် အောင်သူငြိမ်း တို့ဖြစ်ပါတယ်။ ပင်တိုင်လာနေကြ ဆရာများကတော့ တင်လင်းဇော်၊ နေခြည်(မကွေး)၊ မောင်နန္ဒ(မြစ်ကြီးနား)၊ မကွေးမြင့်သန်း၊ ဇော်မြင့်ဇော်(ဗန္ဓရ)၊ ဘိုမြင့်ရှိန်(အောင်လံ)၊ တို့နဲ့ ရှိတ် စကးဝိုင်းသူကြီး(မကွေး) ပါ။ ဒီတစ်ပါတ်မှာ လူတော်တော်စုံကြပါတယ်။
ရှိတ်စကားဝိုင်းသူကြီး ကျွန်တော်က ထုံစံအတိုင်း ဓာတ်ပြားဟောင်းကြီးကိုပဲ အဖွင့်ပြောရပါတယ်။ ရှိတ်ဂျာနယ် ရောင်းအားမြှင့်တင်ရေး။ ရှိတ်ဂျာနယ် ကြီးပွားတိုးတက်အောင်မြင်ရေး။ များကိုသာ ဦးတည်ရည်ရွယ်ပြီး ပြောဆိုကြပါမည်။ ရှိတ်ဂျာနယ်နဲ့ မသက်ဆိုင်တဲ့ ပြင်ပ အခြားကိစ္စ၊အကြောင်းအရာများ၊ ကိုယ်ရေးကိုယ်တာ မိသားစုကိစ္စများ နဲ့ အချင်းချင်း ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာစေနိုင်တဲ့ စိတ်ဝမ်းကွဲစေမယ့် ပြောဆို ဆွေးနွေးမူများကို လုံးဝ(လုံးဝ) မပြောဆိုမိကြစေရန် ကြိုတင်ပြီး အထူးမေတ္တာရပ်ခံတောင်းပန်အပ်ပါကြောင်း ပြောဆိုပြီး စကားဝိုင်းကိုစတင်ကြပါတယ်။
ဆရာတင်လင်းဇော် က ဒီလိုဆိုပါတယ်..။ကျွန်တော် ရှိတ်ဂျာနယ် တာဝန်ခံအယ်ဒီတာသျှိင်းရဲဝံ့ရဲ့ အတွေးစကားများကို အဓိကထား ဖတ်မိပါတယ်။ ယခင်အပါတ်က အတွဲ(၅)အမှတ်(၁)မှာ ရေးတာထက် ယခုအမှတ်(၂) မှာရေးထားတဲ့ စာအုပ်ဈေးကွက်အကြောင်းကို ဖတ်ရတာ တော်တော်ကောင်းပါတယ်။ ကျွန်တော်လည်း စာအုပ်တွေထုတ်နေသူဆိုတော့ စာအုပ်ဈေးက စာဖတ်သူတွေနဲ့ ၀ါးတစ်ပြန်လောက် ကွာဝေးသွားတာ ကိုတွေ့မြင်နေရပါတယ်။ တာဝန်ခံအယ်ဒီတာရဲ့ အိပ်ကပ်ကြီးလည်း အမြန်ဖောင်းပြီး လိုချင်တဲ့ စာအုပ်ကောင်းများကို ၀ယ်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်..။ ကျမ်းမာရေးဆောင်းပါးကောင်းလေးဖြစ်တဲ့ ဆရာမြင့်ကိုဝင်း၏ (လမ်းလျှောက်ရုံနဲ့ ပိန်ပါ့မလား) ဆောင်းပါးကို သလောကျနှစ်သက်စွာ ဖတ်ခဲ့မိပါတယ်။
ဆရာနေခြည်(မကွေး)ကလည်း ဤသို့ဆိုပါတယ်..။ ဒီတပါတ် ရှိတ်ဂျာနယ် အတွဲ(၅)၊ အမှတ်(၂) မှာ အယ်ဒီတာချုပ် ဆရာသာဇော်ရဲ့ (စီစဉ်သူ စကား) ကို သဘောကျပါတယ်။ ဖတ်ကြားပြပါရစေ..။ စီစဉ်သူရဲ့ စကားအရ ကျွန်တော်တို့ နယ်က စာမူများကို အလေးထားပြီး အထူးဂရုစိုက် အားပေး နေတာကြောင့် ကျွန်တော်တို့တစ်တွေကလည်း တာဝန်ကျေပွန်အောင် ၀ိုင်းဝန်ပြီး အထူးကျေးဇူး တုန့်ပြန်ပေးကြဖို့ ပြောကြားပါရစေ.။ အဲ နောက်တစ်ခုက ကျွန်တော်ပဲ ဥာဏ်မမှီလို့လားတော့ မသိဘူး၊ ဗသုန်ဗန်စက်ပြောသော.. ဗလပ်သတင်း၊ ဗလပ်အတင်း ဆိုတဲ့ ဇာတ်သတင်းတွေကို နားမလည်ဖြစ်နေရပါတယ်။ ဇာတ်သဘင်လောကသားတွေနဲ့ ဝေးနေကြတဲ့ အများပြည်သူများ နားလည်အောင် ရေးသားပေးပါရန် လေးစားစွာနဲ့ အကြံပြုလိုက်ပါရစေ..။
လွမ်းထား(မကွေး)ဆိုသော စာရေးဆရာ၊ သတင်းထောက်ကတော့ ရှိတ်စကားဝိုင်း သူကြီး(မကွေး) ရေးတဲ့(မကွေးမြို့မှ SHADE စကားဝိုင်း ဆောင်းပါးကို ဖတ်ရတာ ကောင်းကြောင်း ပြောကြားလာပါတယ်..။ “အင်း” လူဆိုတာက မြှောက်ပြောရင် ကြိုက်တဲ့အထဲမှာ စာရေးသူလည်း အပါဝင်ဖြစ်ပါတယ်..။ ဒီတော့ ဆရာကိုလွမ်းထားရေ.. ဘယ်သူတွေက ဘာပဲပြောပြော မင်းပြောတာ အမှန်ပါပဲ.. ကဲ ကဲ ဆက်၍သာ ဖတ်ပါ..၊ပြောပါဗျာ…။ (မနာလို မဖြစ်ကြပါနဲ့နော် သူက မှန်တာကို ပြောတာပဲ..ပြောပါစေနော်..)။
မောင်နန္ဒ(မြစ်ကြီးနား)ဆိုသူ စာရေးဆရာကလည်း ခေသူမဟုတ်ပါ။ မကွေးမြို့က သူ့၏စာပေ အောင်မြေဖြစ်ပါတယ်။ ဆောင်းပါးပေါင်းချုပ်စာအုပ်ပေါင်း (၅)အုပ်တိတိကို မကွေးမြို့ရောက်မှ သူထုတ်ဖြစ်ခဲ့နိုင်တာလို့ သိရပါတယ်။ မနာလိုတော့ မဖြစ်ကြနဲ့နော် ရှိတ်စကားဝိုင်းသူကြီးက အခမဲ့ ကြော်ငြာဝင်နေတာ မဟုတ်ဘူး။ အဲ ပိုက်ဆံလည်း မရပါဘူးနော်..။ သူက ရှိတ်ဂျာနယ်ကို စောင်ရေတွေရာချီပြီး ရွာကျော်။ရပ်ကျော်ဖြစ်အောင် မရောက်သေးတဲ့နေရာတွေအထိ ဖြန့်ချိမယ် ဆိုလို့ပါဗျာ….။ သူကလည်း ဂျာနယ်ကို ကောင်းသော အကြံပြုပါတယ်..။ ရှိတ်ဂျာနယ်က တစ်ပါတ်ထက် တစ်ပါတ် ပို၍ ပို၍ ကောင်းလာကြောင်း။ ဒီတစ်ပါတ်မှာဆိုရင် ယနေ့လူငယ်တွေ၊ လူကြီးတွေရဲ့ အသဲမှာ စွဲနေကြတဲ့ ကိုးရီးယား မင်းသား ဂျူမုံက မြန်မာပြည်လာမယ်ဆိုတဲ့ သတင်းကြောင့် အများစိတ်ဝင်စားနေကြပါတယ်တဲ့။ပြီးတော့သူကဆိုပြန်တယ်.. ကျွန်တော့် သမီးဆိုရင် ဘယ်စာအုပ်၊ ဘယ်ဂျာနယ်မှ ကိုင်မကြည့်တဲ့သူပါ..။ ဟော..ကိုးရီးယား မင်းသား ဂျူမုံ မြန်မာပြည်လာမယ်လို့ သတင်းပါတဲ့ ရှိတ်ဂျာနယ်ကျ တော့ လက်က ကိုင်ပြီး သူ့ သူငယ်ချင်းတွေအထိ လိုက်ပြပေးတယ်ဗျာ..။ ဒါကြောင့် ရှိတ်ဂျာနယ်က စာဖတ်သူတွေကို ဆွဲဆောင်အားကောင်းတယ်လို့ ဆိုရပါမည်..။(ဟုတ်ကဲ့ မောင်နန္ဒ(မြစ်ကြီးနား) က မှန်တာပြောတာပါ..ပြောကြပါစေနော်..။)
အင်္ဂလိပ်ဆရာ၊ စာရေးဆရာ ဘိုမြင့်ရှိန်(အောင်လံ) ကလည်း မှန်ရာကို သစ္စာဆိုပါမည်..တဲ့..။ ကျွန်တော်ကလည်း ဒီတစ်ပါတ်မှာ စီစဉ်သူ စကားမှ အယ်ဒီတာချုပ် ဆရာသာဇော် ပြောကြားသောစကားများကို တော်တော်သဘောကျပါတယ်။ အဲ သူ နိဂုံးစကားလေးက ကျွန်တော်တို့တစ်တွေ စိတ်အခြေခံကောင်းများနဲ့ အတူ စေတနာရှေ့ထားကာ ရှိတ်ဂျာနယ်၏ အနာဂတ်ခရီးကို လျှောက်လှမ်းသွားကြမည်ဟု ဆိုတာနဲ့တင် ယခုအပါတ် ဂျာနယ်ကို ၀ယ်ပြီးဖတ်လိုက်ရတာ တန်ဘိုးရှိသွားပါပြီ….။ (ဟုတ်ကဲ့.. ဘိုမြင့်ရှိန်(အောင်လံ) ရဲ့ သစ္စာစကား မမှန်ကန်ပါ.. ဘာကြောင့်လဲဆိုရင်တော့ သူက ယနေ့အထိ ဂျာနယ်ကို ပိုက်ဆံဖြင့် တစ်စောင်မှ မ၀ယ်ယူခဲ့ပါ..၊ ရှိတ် စကားဝိုင်းသူကြီးမှ လက်ဆောင်ပေးနေရပါတယ်။လက်ဆောင်တော့ယူပါ။ ရှိတ် ဂျာနယ်များကို သူ့ကျောင်းမှာ ရောင်းချပေးသင့်ပါကြောင်း)။
ဆရာ ခေတ္တရာမန်း သန်းမြင့် ကတော့ လူကြီးပီပီ ထိမ်းထိမ်းသိမ်းသိမ်း ပြောကြားသွားပါတယ်။ မန္တလေးသား ဆိုတော့ မန္တလေးကဂျာနယ်တွေ ကောင်းကြောင်းကို မပြောလိုပါ ၊ လူငယ်များအတွက် ပညာရေးအထောက်အကူပြု စာမူများကို ထည့်ပေးစေလိုပါကြောင်း။ မြန်မာပြည်အထက်ပိုင်း နဲ့ မြေလတ်မြို့ကြီးများရဲ့ ထူးခြား သတင်းများကို ဖော်ပြပေးစေလိုပါကြောင်း အကြံပြု ဆွေးနွေးပြောကြားသွားပါတယ်..။
ဆရာ မကွေးမြင့်သန်း ကတော့ သတင်းတာဝန်ခံခြင်း အတူတူ အားနည်းချက်တွေကို အပြုသဘောနဲ့ ပြောကြားလာပါတယ်။ (တမာမြေမှ ပဲ့တင်သံများ ဆောင်းပါး) နေခြည်(မကွေး)ရေးသားတဲ့ စာနယ်ဇင်းအဖွဲ့ဝင်တစ်ဦးက ၀ထ္ထုတိုပေါင်းချုပ် စာအုပ်ထုတ်မယ့် သတင်းကြော်ငြာရယ်။ အဲဒီစာရေးဆရာက တိုင်းရင်းဆေးရုံအား ဂုဏ်ပြုတဲ့ သတင်းကြော်ငြာ တွေကို ထပ်၍ ထပ်၍ ဖော်ပြထားခြင်းမှာ မဖြစ်သင့်ကြောင်း ဆွေးနွေးလာပါတယ်။ တွယ်တွယ်ထွဏ်းရဲ့ တောင်ညိုစကား ဆောင်းပါးကို ကြိုက်နှစ်သက်ပါကြောင်း။ လွမ်းထား(မကွေး) ရေးတဲ့ ပြန်ပြောရင် သံယောဇဉ် ငြိတွယ်စေတယ် ဆိုတဲ့ သတင်းဆောင်းပါး ကောင်းကြောင်း။ ဒါပေမဲ့ ကလေးသုံးဦးရဲ့ မိဘများက ဘယ်ဆီ ဘယ်ဝယ်မှာ ဘာတွေဖြစ်နေကြပြီး ဒုက္ခရောက်နေကြသလား။ မိဘနှစ်ပါးက အဆင်ပြေနေကြပြီး ကလေးတွေကို ပြန်မကြည့်တာလား ဆိုတဲ့ သတင်းစုံစမ်းလို့ စာဖတ်သူများ သနားလာအောင် ထပ်မံဖော်ပြပေးသင့်ပါကြောင်း။ ဒီဇာတ်လမ်းလေးကို အဖြစ်မှန် ၀ထ္ထုတိုလေးအဖြစ် ရေးသားစေလိုကြောင်း အကြံပြုပြောဆိုသွားပါတယ်။
ကဗျာဆရာ၊ ကာတွန်းဆရာ ဇော်မြင့်ဇော်(ဗန္ဓရ) ကလည်း ကာတွန်းကွက်တွေကို အပယ်ခံနေရလို့ ၀မ်းမနည်းပါကြောင်း။ ဆက်၍ ဆက်၍သာ ထပ်မံပို့ပါမည်ဆိုပါတယ်။ ရှိတ်ဂျာနယ်က အချစ်ကဗျာများသာ ထည့်တာဆိုတော့ ယခု အချစ်ကဗျာ နှစ်ပုဒ်ကို ခံစားရေးသားလာပါကြောင်း။ အချစ်ကဗျာ နှစ်ပုဒ်ကို သံနေသံထားနဲ့ ခံစားရွတ်ဆိုပြပါတယ်..။ ( ဟုတ်ကဲ့ ဆရာဇော်မြင့်ဇော်ရေ.. ကဗျာထဲမှာ ကျွန်တော်တို့တစ်တွေကတော့ နစ်မြောသွား ခဲ့ရပါတယ်..။ ဒါပေမယ့် အယ်ဒီတာ ဟတ်ထိမှ ရွေးပါလိမ့်မည်။)
ဆရာ မောင်ကြင်(သစ်ရာကောက်)။ သူက အတွေးအမြင် မဂ္ဂဇင်းမှာ လစဉ်ရေးသားနေသူဖြစ်ပါတယ်။ ဆုံမကျီးပင် လဘက်ရည်ဆိုင် မကွေးစာပေအထက်ဝိုင်းက ပင်တိုင်ဝိုင်းတော်သားတစ်ဦးပါ။ အခြားဝိုင်းတေား်သား ဆရာများဖြစ်ကြတဲ့ သမိုင်းပါမောက္ခ ဆရာဦးတင်ခြုံ၊နဲ့ (ဗဟိုလ်တရားရုံးချုပ်ရှေ့နေ)စာရေးဆရာ မကွေးဦးအောင်ကျော်စိုး (ခေါ်) ဆရာမောင်မွန်မြတ်(ကျေးလက်)မကွေး တို့က ရှိတ်စကားဝိုင်းကို မလာရောက်နိုင်သေးကြောင်း ဆရာမောင်ကြင်က ဆိုပါတယ်။ ဆရာမောင်ကြင်(သစ်ရာကောက်)ကတော့ ရှိတ် ဂျာနယ်ကို မန္တလေးဂျာနယ်။ အနုပညာဂျာနယ်ဖြစ် နေတာကြောင့် မန္တလေး ပန်တျာကျောင်း အနုပညာသတင်းများ ပါစေလိုကြောင်း။ ယနေ့လူငယ် မောင်မယ်များအတွက် ပညာပေး၊ ပညာပေးရာမှာ ခပ်ပါးပါးသာပါတဲ့ စာမူကောင်းများ၊ နဲ့ အတွေးပုံရိပ်ဆောင်းပါးကောင်းများ(ဘာသာပြန်။ ပင်ကိုယ်ရေး) စတာလေးတွေကို အားဖြည့်ပေးစေလိုပါကြောင်း အကြံပြုပေးသွားပါတယ်။
ရှိတ်ဂျာနယ် စကာဝိုင်းသိမ်းးခါနီးမှ အပြေးရောက်လာသူများကတော့ ကာတွန်းဆရာများ အေကေ၊ ရောင်နီဦး(ကံမ) တို့နဲ့ အတူ သတင်းထောက် အောင်သူငြိမ်း (Weekly ELEVEN)တို့ပါ။ သူတို့ သုံးဦးကတော့ ရှိတ်ဂျာနယ်စကားဝိုင်းကို လာနိုင်အောင် ဂျာနယ်ဝယ်ယူလိုကြောင်း စာရင်းလာပေးကြတာ ဖြစ်ပါတယ်။ နောက်တစ်ပါတ်တွေမှာ တော့ ရှိတ်စကားဝိုင်းကို ၀င်ရောက်ဆွေးနွေးပြောဆိုကြမည် လို့ ပြောကြပါတယ်။
ရှိတ်ဂျာနယ် စကားဝိုင်းသိမ်းသူကတော့ ရှိတ်သူကြီး ကျွန်တော်ပါ။ ဒီနေ့ သူကြီး နေမကောင်းပါဘူး။ သူကြီးမရှိရင် ရွာဆူမှာစိုးလို့ အားခဲပြီးလိုက်လာခဲ့ရပါတယ်။ ထင်တဲ့အတိုင်းပဲ မလိုလားအပ်တာလေးတွေကို ကြားနေရ၊ မြင်နေရပါတယ်။ စကားပြောဖို့လာကြသူများက စကားပြောတဲချိန်တွေ တော်တော်လေး နည်းနေသူများပါတယ်။ (၁၅)မိနစ်အချိန်ပေးတာကို (၅)မိနစ်ထဲသာ ပြောသူက များနေပါတယ်။ ပြောကြပြန်တော့လည်း ရှိတ်ဂျာနယ်ပါ သတင်း၊ဆောင်းပါး၊ ကဗျာ စကားများအပြင် အခြားပြင်ပ အကြောင်းအရာများ၊ ကိုယ်ရေးကိုယ်တာကိစ္စများ၊ ကိုယ်ရည်သွေးစကားများ၊ မနာလို တဲ့စကားများကို ကြားနေရပါတယ်။စကားဝိုင်းသူကြီး ကျွန်တော်လည်း နေမကောင်းတော့ စိတ်တိုပြီး မပြောသင့်တာများကို ပြောဆိုခဲ့မိလို့ တောင်းပန်အပ်ပါကြောင်း..။ (ဟုတ်ကဲ့ အစားကိုလည်း အကုန်စားကြပါ.. ရှိတ်ဂျာနယ်အတွက် စကားကိုလည်း များများ အချိန်ပြည့်အောင် ပြောကြားပေးတော်မူကြပါ ခင်ဗျား..။)
စိတ် အဆာဖြေဖို့ ရှိတ်ဂျာနယ်ကိုဖတ်လို့.. စကားပြောကြပါစို့…။
SHADE စကားဝိုင်း သူကြီး(မကွေး)
ရွှေလမ်းငွေလမ်းဝင်းကြည်

Penulis : shwelannwelanwinkyi ~ Sebuah blog yang menyediakan berbagai macam informasi

Artikel မကွေးမြို့မှ SHADE စကားဝိုင်း(၃) ini dipublish oleh shwelannwelanwinkyi pada hari Friday, April 8, 2011. Semoga artikel ini dapat bermanfaat.Terimakasih atas kunjungan Anda silahkan tinggalkan komentar.sudah ada 0 komentar: di postingan မကွေးမြို့မှ SHADE စကားဝိုင်း(၃)
 

0 comments: