စက်ရုံအနီးက ပင်လယ်ပြင်မှာ ရေဒီယိုဓာတ်သတ္တိကြွမှု မြင့်မားတယ်လို့ TEPCO က ပြော



စက်ရုံအနီးက ပင်လယ်ပြင်မှာ ရေဒီယိုဓာတ်သတ္တိကြွမှု မြင့်မားတယ်လို့ TEPCO က ပြော
Posted by admin on March 29, 2011 0 Comment

ညူကလီးယားစွမ်းအင်သုံး ဖူကူရှီးမားလျှပ်စစ်ဓာတ်အားပေးစက်ရုံရဲ့ နံပတ် ၂ ဓာတ်ပေါင်းဖိုရှိရာ အဆောက်အဦရဲ့ အ ပြင်ဘက် တာဘိုင်စက်ထားရှိတဲ့ မြေအောက်ခန်းက ရေထဲမှာ ရေဒီယိုဓာတ်သတ္တိ ကြွတဲ့ဒြပ်တွေ ပျံ့နှံ့နေတဲ့ပမာဏဟာ ၁၀၀၀ မီလီဆီးလ်ဗာ့တ် ရှိနေပြီး အဲဒီလို မြင့်မားနေတာဟာ ဓာတ်ပေါင်းဖိုတွင်းက လောင်စာတောင့်တွေ တစိတ်တပိုင်း အရည်ပျော်သွားတာကြောင့် ဖြစ်နိုင်တယ်လို့ ဂျပန်အစိုးရရဲ့ ညူကလီယားနဲ့ စက်မှုလုပ်ငန်းဆိုင်ရာ ဘေးကင်းရေး အေ ဂျင်စီအကြီးအကဲ ဟာရုကိ မာဒါရာမဲ က မတ်လ ၂၈ ရက်နေ့မှာ ပြောဆိုလိုက်ပါတယ်။

အလားတူပဲ ဓာတ်အားပေးစက်ရုံအနီးက ပင်လယ်ပြင်ထဲမှာ ရေဒီယိုဓာတ်သတ္တိကြွတဲ့ဒြပ်တွေပျံ့နှံ့နေတဲ့ အဆင့်ပမာ ဏဟာ အင်မတန်မြင့်မားတယ်လို့ TEPCO က ပြောပါတယ်။

ဟာရုကိမာဒါရာမဲ က ဒီအခြေအနေဟာ အင်မတန်စိုးရိမ်စရာကောင်းတယ်လို့ ဆိုပါတယ်။ အဲဒီရေတွေ ပြင်ပမရောက် အောင် ကောင်းကောင်းထိန်းသိမ်းနိုင်ဖို့လိုတယ်လို့ ပြောပါတယ်။

ဒီအခြေအနေကြောင့် နောင်မှာဘာတွေဖြစ်ပျက်လာမလဲဆိုတဲ့ စိုးရိမ်စိတ်တွေကို မြင့်တက်လာစေပါတယ်၊

အမြတ်အစွန်းမရှာတဲ့ အဖွဲ့အစည်းတခုဖြစ်တဲ့ ညူကလီယားသတင်းအချက်အလက်ဆိုင်ရာ ပြည်သူများအဖွဲ့ရဲ့ တာဝန် ရှိသူတဦးဖြစ်တဲ့ မိချိအာကိ ဖူရုကာဝါ့ က အဆိပ်သင့်နေတဲ့ရေတွေ၊ ပျက်စီးနေတဲ့ အအေးပေးစနစ်၊ အကျပ်အတည်း တွေ့နေတဲ့ ဓာတ်အားပေးစက်ရုံရဲ့အခြေအနေတွေကို ကောင်းကောင်းပြန်လည် ကိုင်တွယ်ထိန်းချုပ်နိုင်ဖို့ဆိုတာ တလ လောက်အချိန်ယူရလိမ့်မယ်လို့ တနင်္လာနေ့မှာ ပြောဆိုလိုက်ပါတယ်။ အဲဒီနောက်မှာတော့ စက်ရုံကို ချာနိုဘိုင်းလိုမျိုး ကွန်ကရစ်နဲ့မံပြီး အပြီးအပိုင်ပိတ်သိမ်းလိုက်ရလိမ့်မယ်လို့ ပြောဆိုလိုက်ပါတယ်။

ကျော်ကျော်စိုး

၆း၄၅ နာရီ

မတ်လ ၂၉ ရက် ၂၀၁၁ ခုနှစ်
နေ့သစ် မှ တဆင့်ကူးယူဖော်ပြပါသည်။
 

0 comments: