မကွေးမြို့ မှ SHADE စာပေ၀ိုင်း(၉)

မကွေးမြို့ မှ SHADE စာပေ၀ိုင်း
(၉-၁-၂၀၁၁) တနင်္ဂနွေနေ့ နေ့လည်(၁၂)နာရီမှ ညနေ(၄း၃၀)နာရီ ထိ ဆုံနေကြ အချစ်ရွာဆိုင်မှာ ပေါင်းဆုံဝိုင်းဖွဲ့ကြပါတယ်။ ဒီတစ်ပါတ် SHADE စာပေ၀ိုင်းက (၉)ကြိမ်မြောက်ဖြစ်ပါတယ်။ မိုးနတ်မင်းက ရာသီဥတု ကောင်းမွန်အောင် ဖန်တီးပေးပါတယ်။ ယခင်နေ့တွေက မိုးတွေ ဖွဲဖွဲကျနေပြီး ဒီနေ့ တစ်နေကုန်သာယာနေလို့ပါ။ ယနေ့ထူးခြားတဲ့ ပွဲဖြစ်ပါတယ်။ ဘာကြောင့်လည်း ဆိုတော့ မကွေးတိုင်းဒေသကြီး တိုင်းရင်းဆေးအမှုဆောင်အဖွဲ့ဝင်၊ မကွေးမြို့နယ်စာနယ်ဇင်းဥက္ကဋ္ဌ မကွေးဝင်းမြင့် နဲ့ အတူ အထူးဧည့်သည်တော်များပါလာခဲ့ပါတယ်။ ဓမ္မဒိုင်ဂျက် အယ်ဒီတာချုပ် ဆရာရေးဆရာ တက္ကသိုလ်တေဇာလင်း၊ စာရေးဆရာ သာကီနွယ်သွေး( မကွေး)၊ SHADE ဂျာနယ်အယ်ဒီတာချုပ် ကိုသာဇော်၊ ပန်းချီ ဆရာ ဦးမျိုးညွှန့်( မကွေး) နဲ့ Weekly Eleven ဂျာနယ် သတင်းထောက် အောင်သူငြိမ်း တို့ ဖြစ်ကြပါတယ်။
ရှိတ် စာပေ၀ိုင်းကို ပင်တိုင်လာနေကြ ၀ိုင်းတော်သားများကတော့ မောင်နန္ဒ(မြစ်ကြီးနား)၊ ရေနံ့သာအောင်ချမ်းဇော်၊ လွမ်းရ (မကွေး)၊ လွမ်းထား(မကွေး)၊ ဘိုမြင့်ရှိန်(အောင်လံ)၊ နေခြည်(မကွေး)၊ ကာတွန်းဆရာ အေကေ၊ တက္ကသိုလ်ရည်ရွယ်(ခ) ညီဇေယျ၊ မကွေးမြင့်သန်း၊ မောင်မွန်မြန်(ကျေးလက်-မကွေး)၊ တင်လင်းဇော် ၊ ဆရာမ ရွှေယင်းမြေ ခင်စံပယ်ဖြူ တို့နဲ့ စာရေးသူတို့ ဖြစ်ကြပါတယ်။
ဒီတစ်ပါတ် မန္တလေးမှလာတဲ့ အထူးဧည့်သည်တော် တက္ကသိုလ်တေဇာလင်း နဲ့ ရှိတ်အယ်ဒီတာချုပ် ကိုသာဇော် တို့ကို စာရေးဆရာ သာကီနွယ်သွေး(မကွေး)က ကပ်ကျော် ဓမ္မအေးရိပ်သာကျောင်းမှာ ဧည့်ခံနေရာချထားပြီး လိုလေသေးမရှိ ဧည့်ဝတ်ပြု ပေးပါတယ်။ ဧည့်ကြို ဧည့်မြောင် မောင်နန္ဒ(မြစ်ကြီးနား)၊ နေခြည်(မကွေး)၊ မောင်မွန်မြတ်(ကျေးလက်)၊ သမိုင်းပါမောက္ခချုပ် ဆရာခြုံ နဲ့ စာရေးသူတို့ကိုလည်း နံက်စာထမင်း၊ နေ့လည်စာ ထမင်းဝိုင်းများနဲ့ ကျွေးမွေးဧည့်ခံပြန်ပါတယ်။
ရှိတ်စာပေ၀ိုင်းမှာ မောင်နန္ဒ(မြစ်ကြီးနား)က ပထဆုံးပွဲဦးထွက် မိတ်ဆက်ပြီး လက်မထောင်ပြပါတယ်။ သူ့လက်ကိုဖြန့်ထားပြီး မောင်နန္ဒ(မြစ်ကြီးနား)နာမည်ကိုဖျောက် မြန်မာပြည်ထောင်စုကြီးရောက်၊ မေခ၊ မေလိခပေါင်းဆုံလာကြောင်း၊ လက်ချိုးတဲ့နေရာမှာ လက်မကနေ အရင်မချိုးပဲ လက်သန်းကနေ သားကြီးဧရာဝတီ၊ ချင်းတွင်း၊ သံလွင်၊ စစ်တောင်း ဆိုပြီးလက်ချောင်းလေးချောင်းသာ ချိုးလိုက်ပါတယ်။ လက်မကိုသာ ချန်ထားပြီး ဒါ မြန်မာပြည်ပဲတဲ့။ ရှိတ်ဂျာနယ်ကို ဒီဆောင်းပါး စာမူပို့ထားကြောင်း အယ်ဒီတာချုပ်ကိုသာဇော်က ရွေးရင်တော့ သေချာသိချင်ကြရင် ဂျာနယ်မှာ ဖတ်ကြည့်ကြပါခင်ဗျာတဲ့။ (ကြော်ငြာဝင်ပြီး အယ်ဒီတာချုပ်ကို စရံရိုက်နေပြန်ပါတယ်.။ စောင့်လို့ ဖတ်ကြည့်ကြပါစို့..။)
လွမ်းရ(မကွေး) ကတော့ ဂီတသတင်းစဉ်မှ တမ်းတ ဆိုတဲ့ကဗျာဆရာကို ကြိုက်ပြီး သူ့ကလောင်ကို လွမ်းရ(မကွေး) နာမည်ယူလိုက်ကြောင်း၊ သူ့ဆရာက ကျောက်ပန်းတောင်း ကိုကြည်ထွန်း ဖြစ်ကြောင်း နဲ့ မောင်ပန်းမွှေးကဗျာ များဖြစ်ပါကြောင်း။ ဆရာဒဂုဏ်ရွှေမျှားရဲ့ (လူတလုံး သူတလုံး)ဆောင်းပါးကို ဖတ်ပြီးပြသွားပါတယ်။
ရေနံ့သာအောင်ချမ်းဇော်ကလည်း ချောင်းတဟန်းဟန်းနဲ့ မမောမပန်း စကားတွေဖောင်ဖွဲ့နေပြန်ပါတယ်။ ရှိတ်စာပေ၀ိုင်း စတင်ဖြစ်ပေါ်လာတဲ့ ရာဇ၀င်ကို ခင်းပြနေပါတယ်။ လွမ်းထား(မကွေး)ကတော့ ရှိတ်ဂျာနယ်ထဲက သတင်းများ အပေါ် ပဲ့တင်သံ ပြန်ကြားရတဲ့ အကြောင်းများကို ရင်ဖွင့်ပြောဆိုသွားကြပါတယ်။
ဆရာ ဇော်မြင့်ဇော်(ဗန္တရ) ကတော့ ရှိတ်စာပေ၀ိုင်းကို ကျမ်းမာရေးကြောင့် (၂)ပါတ် ပျက်ကွက်ခဲ့ကြောင်း၊ မော်ဒန်ကဗျာဖြစ်အောင် အသက်ကြီးမှ အချစ်ကဗျာအကြောင်း ရေးနေမိပါကြောင်း ပြောဆိုနေပါတယ်။ ကဗျာရေးနည်း ကို အယ်ဒီတာချုပ် ကိုသာဇော်နဲ့ အပြန်အလှန်ငြင်းဆိုပြီး ဆရာဇော်မြင့်ဇော်က သင်တန်းတက်နေပါတယ်။ ဆရာကိုသာဇော် က ကြားဝင်ပြီးစိတ်ရှည်ရှည်နဲ့ ရှင်းပြတဲ့ စကားကို နားမထောင်ပဲ အရှိန်ပြင်းစွာနဲ့ ဇော်မြင့်ဇော်(ဗန္တရ)မှ မေးမြန်း ပြောဆိုနေကြပါတယ်။ ဘိုမြင့်ရှိန်(အောင်လံ)ကလည်း တပြည့်တွေနဲ့ ဘုရားဖူးသွားနေလို့ ရှိတ်စာပေ၀ိုင်းကို (၂)ပါတ်ပျက်ခဲ့ကြောင်း၊ ဆရာတို့နဲ့တွေ့ရလို့ ၀မ်းသာကြောင်း၊ ယခင်က ကဗျာ၊ ဆောင်းပါးတွေ ရေးခဲ့ပါကြောင်း၊ ယခု ဘာသာပြန်ကို ရေးလိုကြောင်း၊ ပြောဆိုသွားပါတယ်။ (ပွဲတိုင်းမှာ အားလုံးကောင်းပါသည် ဆိုတဲ့ ဆရာဘိုမြင့်ရှိန် ဒီတစ်ပါတ် လေကြောတိုနေ လို့ တော်ပါသေးကွယ်.။)
နေခြည်(မကွေး) ကတော့ ဘာပဲပြောပြော ရှိတ်ဂျာနယ်အပေါ် စိတ်စေတနာ မှန်ကန်စွာနဲ့ ဆောင်ရွက်နေပါကြောင်း၊ ရွှေဖလားကို ငွေနားကွပ်သလိုများဖြစ်နေရင်တော့ တောင်းပန်ပါကြောင်း၊ မန်းတောင်ရိပ်ခို ဂျာနယ်ဟာ မကွေးကိုရောက်တယ်ဆိုပေမယ့် မန်းစက်တော် တောင်ရိပ်ကိုသာ ခိုလာတာဖြစ်ပါကြောင်း၊ဒါကြောင့် မန်းတောင်ရိပ်ခိုဟာ အမည်ပြောင်းမသွားဘဲ မန်းတောင်ရိပ်ခိုသာ ဖြစ်ပါကြောင်း၊ မန်းတောင်ရိပ်ကို နှစ်ခါခိုတဲ့အတွက် သက်တမ်းနှစ်ပြန်ရှည်မည်ဖြစ်ပါကြောင်း၊ ပြောဆိုသွားပါတယ်။ ကာတွန်းဆရာ အေကေ ကလည်း စကားမပြောတတ်ပါတဲ့။ ကာတွန်းပုံများသာဆွဲတတ်တော့ ကာတွန်းပုံသဏ္ဍာန် လုပ်ပြပါ့မယ် ဆိုလို့ မနည်းဝိုင်းဆွဲထားရပါတယ်။ သူက အများခံစားချက် ကာတွန်းများကို ရေးဆွဲနေပါကြောင်း ရယ်ရယ်မောမော ပြောဆိုသွားပါတယ်။ တက္ကသိုလ်ရည်ရွယ်(ခ) ညီဇေယျ ကတော့ ရယ်စရာအယ်ဒီတာ အာဘော်ကို ဖတ်ကြားပြပါတယ်။
ဓမ္မဒိုင်ဂျက် အယ်ဒီတာချုပ် တက္ကသိုလ်တေဇာလင်းကတော့ မကွေး ရှိတ်စာပေ၀ိုင်းတော်သားများကို ကောင်းချီးသင်္ခါပြုသွားပါတယ်။ ဆက်လက်ပြီး ဗျူးတီးမဂဇင်း(၁/၂၀၁၁)မှ စာရေးဆရာ သာကီနွယ်သွေး(မကွေး) ရေးသားတဲ့ (လိုတာလေးတွေ ဖြည့်ရအောင်)ဆိုတဲ့ လူငယ်များပြုပြင်ရေး ဆောင်းပါး ကောင်းကြောင်းကို ဝေဖန်ပေးပါတယ်။ တက္ကသိုလ်တေဇာလင်း က ဆက်ပြီး သူရေးသားထုတ်ဝေထားတဲ့ ( မိုးအောက်မြေပြင် တန်ခိုးရှင်) စာအုပ်ကို အကျယ်တ၀င့် မိတ်ဆက်ပြောကြားပေးသွားပါတယ်။( မှတ်ချက်။ မေတ္တာလက်ဆောင် မည်သူကိုမျှ မပေးပါဟု သိရပါတယ်။)
စာရေးဆရာ သာကီနွယ်သွေး(မကွေး) ကလည်း အရှုးတကာ အရှုးထဲမှာ စာပေရှုးက အဆိုးဆုံးပါဟု ခံစားပြောဆို သွားခဲ့ပါတယ်။ ငယ်ငယ်ကစပြီး ကဗျာများကိုထမင်းမေ့၊ ဟင်းမေ့ စပ်ဆိုရေးသားခဲ့ပါကြောင်း၊ကိုယ့် စာမူကို စတင်ဖော်ပြခံစားရတုန်းကဆိုရင် ၀မ်းသာလွန်းအားကြီးလို့ အိပ်မပျော်၊ စားမ၀င်ဖြစ်ခဲ့ရပါကြောင်း ပြောဆိုသွားပါတယ်။ ပန်းချီဆရာ ဦးမျိုးညွှန့်( မကွေး) ကတော့ အနုပညာသမားရဲ့ မာန နဲ့ ရသခံစားပုံများ၊ ကမ္ဘာကြီးမှ အနုပညာရှင် ပန်းချီဆရာကြီး ပီကာဆိုနဲ့ အခြား ပန်းချီပညာရှင်များ အကြောင်းကို အကျယ်တ၀င့် ပြောဆိုသွားပြန်ပါတယ်။ သတင်းသမား အောင်သူငြိမ်း ကတော့ ရှိတ်ဂျာနယ်မှ သတင်းလိုအပ်ချက်နဲ့ အချစ်ကဗျာ အကြောင်း ကို ထောက်ပြပါတယ်။
သတင်းထောက် မကွေးမြင့်သန်းကလည်း ရှိတ်ဂျာနယ်စကားဝိုင်းတုန်းက စည်းကမ်းအတိုင်း လိုက်နာခဲ့ပါကြောင်း၊ ယခု စာပေ၀ိုင်းအဖြစ်ဖွင့်ပေးလိုက်တော့ ကျယ်ပြန့်သွားလို့ ၀မ်းသာပါကြောင်း၊ ဆရာထက်ကျော်ရေးတဲ့( ရေကူးပါ) ဆိုတဲ့ ဆောင်းပါးကို ထုတ်နုတ်ပြောဆိုပါတယ်။ မေတ္တရှင် (ရွှေပြည်သာ)ဆရာတော် ရေးသားတဲ့စာအုပ်မှ (အမြင်များ ပြောင်းလဲရေး)ဆောင်းပါး အချို့ကိုလည်း ကောက်နုတ်ဖတ်ပြသွားပါတယ်။
ဆရာမကွေးဝင်းမြင့် က ဒီလိုဆိုပါတယ်။ ကျွန်တော်ကတော့ လိုရင်းတိုရှင်းပြောရရင် ခင်ဗျားတို့ ကျွန်တော်တို့ တစ်တွေဟာ စာပေအပ်ါမှာ တော်တော်ပေတဲ့ တေတဲ့ သူတွေပါပဲ.. ဟုဆိုသွားပါတယ်။ ယခင်နေ့က ညနေစွဲမက်စာပေ၀ိုင်း ထိုင်နေစဉ် အိမ်ကဇနီး အရေးပေါ်ဆေးရုံတင်လိုက်ရတာကို မသိလိုက်ရပါကြောင်း၊ ယခုလည်း မန္တလေးက လာကြတဲ့ စာရေးဆရာတက္ကသိုလ် တေဇာလင်းနဲ့ အယ်ဒီတာချုပ်ကိုသာဇော်တို့ ရောက်လာပြန်တော့ ဇနီးကို ဆေးရုံပေါ်မှာ ထားခဲ့ပြီး ဧည့်ဝတ်ကျေအောင် သားရဲ့ကားကို ခေတ္တငှါးပြီး အချစ်ရွာကို အပြေးလိုက်လာခဲ့ရပါကြောင်း၊ ဒါကြောင့် ကျွန်တော်ကစပြီး စာပေသမားတိုင်းဟာ လူပေ၊ လူတေ တွေပါပဲဗျာ.. ဟု မှတ်သားလောက်တဲ့စကားများကို ပြောဆို၍ ပြန်သွားခဲ့ပါတယ်။
ရှိတ်ဂျာနယ် အယ်ဒီတာချုပ် ကိုသာဇော်ကလည်း ရှိတ်စကားဝိုင်းကနေ စာပေ၀ိုင်း ကို စတင်စီစဉ်ခဲ့ရပုံ၊ စာပေ၀ိုင်းမှာ အများအကျိုးရှိမဲ့ စကားဆိုရင် အချိန်မကန့်သတ်စေလိုကြောင်း၊ စာပေ၀ိုင်းတော်သားများ တစ်ဦးအပေါ် တစ်ဦး အပြန်အလှန် နားလည်မှုများနဲ့ ညီရင်း အကိုတွေလို ဖြစ်စေလိုပါကြောင်း၊ မကွေး စကားဝိုင်း အနေနဲ့ မကွေးနယ် တစ်ခုတည်းသာ ခံစားပြီး ဒေသစွဲနဲ့စာမရေးသားစေလိုပါ။ ဒေသမရွေး ကျယ်ပြန့်စွာနဲ့ ခံစားနိုင်တဲ့ လူမျိုး မရွေး၊ ဘာသာမရွေး အကျိုးပြုခံစားစေလိုတဲ့ စာပေများကို ရေးသားကြပါလို့ အကျယ်တ၀င့် အကြံပြု ပြောဆိုသွားခဲ့ပါတယ်။
မောင်မွန်မြတ်(ကျေးလက်) ကလည်း စာရေးတဲ့အခါ ၀ါသနာမှ ယုံကြည်ချက် အဖြစ်ပြောင်းလဲ ရေးသားစေလိုပါကြောင်း၊ ဆရာဇော်ဂျီ ပြောသွားတဲ့ (စေတနာကောင်းမှ စာကောင်းပါမည်)လို့ဆိုထားတဲ့အတွက် စာရေးဆရာတွေ စေတနာကောင်းဖို့လိုပါကြောင်း၊ ကိုယ်ရေးတဲ့စာတွေကို မှတ်ကျောက်တင်ခံနိုင်မှ သမိုင်းမှာ တွင်ကျန်နေကြပါမည် ဖြစ်ကြောင်း အသိပေးဝေငှ ပြောဆိုသွားခဲ့ပါတယ်။
ဆရာတင်လင်းဇော် ကလည်းဒီလိုဆိုလာပြန်ပါတယ်။ ဒီနေ့စာပေ၀ိုင်းမှာ မန္တလေးက ဧည့်သည်များ လည်းရောက်လာတုန်း သိုက်သိုက်ဝန်းဝန်းဖြစ်နေတော့ ဒီစာပေ၀ိုင်းရဲ့ ဧည့်ခံစရိတ်ကို ဒါနပြု လိုပါကြောင်း၊ ကျွန်တော် ပညာတန်ဆောင်မှာ ကဗျာဒုတိယဆု ယူပြီးပြန်လာခဲ့စဉ်က စီစဉ်နေတာပါ။ အထမမြောက်ခဲ့ပါဘူး။ ဒါကြောင့် ယခုပွဲကိုတော့ ကျွန်တော်တို့ ဇနီးမောင်နှံမှ စပွန်စာ လုပ်ပါရစေလို့ ကြိုတင်တောင်းဆိုပြီး ဒါနပြုလိုက်ရပါတယ်။
စာရေးဆရာမ ရွှေယင်းမြေ ခင်စံပယ်ဖြူ မှ ကျွန်မက ယခု(၉)ကြိမ် စာပေ၀ိုင်းကို ပထမအကြိမ်လာခဲ့သော်လည်း ရှိတ်စာပေ၀ိုင်းနဲ့ မစိမ်းပါဘူး။ ဆရာကတင်လင်းဇော်ကလည်း ဒီစာပေ၀ိုင်းကို အမြဲတက်နေတာရယ်..။ ဂျာနယ်ကိုလည်း အမြဲဖတ်နေတာကြောင့် အားလုံးကို သိနေတာပါ။ ယခုမှ လိုက်လာရတာက ဆရာပြောသလို ကဗျာစာပေဆု နည်းတာ များတာကို အဓိကမထားပဲ စာပေညီအကို မောင်နှမတွေကို ဒါနပြုလိုတာက အဓိကစေတနာထားတာပါ။ ဒါကြောင့် ကျွန်မလည်း လိုက်လာရခြင်းဖြစ်ပါတယ် လို့ ပြောဆိုသွားခဲ့ပါတယ်။
ကျွန်တော်ကတော့ တော်တော်ပျော်ပါတယ်။ ဒီတစ်ပါတ် SHADE စာပေ၀ိုင်း (၉)ကြိမ်မြောက် မှာ အယ်ဒီတာချုပ် ကိုသာဇော် ကိုယ်တိုင်လာရောက်တာရယ်၊ ဓမ္မဒိုင်ဂျက် အယ်ဒီတာချုပ် တက္ကသိုလ်တေဇာလင်း တို့ရောက်လာတာရယ်..။ ကျွန်တော်တို့ မကွေးမြို့မှာ SHADE ဂျာနယ် (ရုံးခွဲ) ဖွင့်ပေးခဲ့တာကြောင့် ကျွန်တော် အလွန်ပျော် ရွှင်ဝမ်းသာမိပါတယ်။ ယခင်က ကျွန်တော်တို့တစ်တွေမှာ ဂျာနယ်ထုတ်ချင်ခဲ့တဲ့ စိတ်ကူးယဉ် အိပ်မက်များ.. အော် ယခုတော့ လက်တွေ့အကောင် အထည်ပေါ်လာခဲ့ပါပြီ…..။
စိတ်အဆာပြေအောင် ရှိတ်ဂျာနယ်ဖတ်လို့ ရသ၊သုတစုံတဲ့ SHADE စာပေ၀ိုင်းသို့ သွားကြပါစို့………။

ရွှေလမ်းငွေလမ်းဝင်းကြည်
11-1-11 (နံနက် ၃း၄၅)နာရီ။

Penulis : shwelannwelanwinkyi ~ Sebuah blog yang menyediakan berbagai macam informasi

Artikel မကွေးမြို့ မှ SHADE စာပေ၀ိုင်း(၉) ini dipublish oleh shwelannwelanwinkyi pada hari Wednesday, April 13, 2011. Semoga artikel ini dapat bermanfaat.Terimakasih atas kunjungan Anda silahkan tinggalkan komentar.sudah ada 0 komentar: di postingan မကွေးမြို့ မှ SHADE စာပေ၀ိုင်း(၉)
 

0 comments: