မကွေးမြို့မှ SHADE စာပေ၀ိုင်း(၇)

မကွေးမြို့မှ SHADE စာပေ၀ိုင်း
၂၆-၁၂-၂၀၁၀၊ တနင်္ဂနွေနေ့၊ နေ့လည်(၁၂)နာရီမှ ညနေ(၃း၃၀)နာရီအထိ အချစ်ရွာဆိုင်မှာ ပေါင်းဆုံ ၀ိုင်းဖွဲ့ကြပါတယ်။ အချစ်ရွာဆိုင်မှာ ချစ်တတ်သူများသာ လာရောက်ကြပါတယ်။ ကျွန်တော်တို့ကတော့ စာပေချစ်တတ်သူများ ဖြစ်ပါတယ်။ ကျွန်တော်ငယ်ငယ်က ချစ်တတ်သော မောင်မောင်မြင့်လွင် နဲ့ မြင့်မောင်မောင် တို့ရဲ့ အချစ်ဝထ္ထုတွေကို အသဲစွဲဖတ် ခဲ့ပါတယ်။ အဲဒီ စာရေးဆရာကြီး(၂)ဦးကို အားကျပြီး ကျွန်တော်(အငယ်လေးကို ချစ်ခဲ့မိလို့ နှင့် အခြားဝထ္ထုတိုများ) စာအုပ်ကို ပထမအကြိမ်၊ ဒုတိယအကြိမ် (၂)ကြိမ်ထုတ်ဝေ ခဲ့ပါတယ်။ လက်မလည်အောင် မေတ္တာလက်ဆောင်ပေးရပြီး ၀က်ဝက်ကွဲအောင် ရှုံးခဲ့ပါတယ်။ ရောင်း၍မကုန်လို့ ကြော်ငြာဝင်တယ်တော့မထင်ကြပါနဲ့နော်။ ကျွန်တော် အချစ်ရွာဆိုင်ကို ဘာကြောင့်နေရာ ရွေးရတယ်ဆိုတာ သဘောပေါက်ပေါ့နော်..။ ကျွန်တော်တို့အချစ်ရွာ စာပေ၀ိုင်းကို သွားကြရင် မကြီးမငယ်နဲ့ သိက္ခာကျပါတယ် ဆိုတဲ့ စာရေးဆရာ မိသားစု တစ်ချို့က ပြောဆိုတားမြစ်သံ တွေကြောင့် အချစ်ရွာရဲ့ အဘိဓမ္မာကို ဖွင့်နေရတာဖြစ်ပါတယ်။ ဒါတွေကို ကြိုတင်စဉ်းစားမိလို့လည်း အချစ်ရွာ SHADE စာပေ၀ိုင်းကို လာမယ်ဆိုရင် စာရေးဆရာများအားလုံး အုပ်ထိမ်းသူများရဲ့ ခွင့်ပြုမိန့်ပါရမည်။ စိတ်တူ ကိုယ်တူ စာရေးဆရာ၊ ဆရာမစုံတွဲများသာ တက်ရမည်။ အပိုဧည့်သည် မခေါ်ရပါ။ မှတ်ချက်။ ။ မိန်းမကြောက်သူများ မချစ်တတ်သူများ မလာရပါ။ စတဲ့ ( အထူးသတင်း)ထုတ်ပြန်ထားခဲ့ပါတယ်။ အယ်ဒီတာချုပ် ကိုသာဇော်က ဖော်ပြမပေးခဲ့လို့ ယခုထပ်ပြီး ရှင်းပြနေရပါတယ်။ ယခုလို နတ်တော်လ စာဆိုတော် လရာသီ ရောက်ပြန်တော့ ကျွန်တော့်စိတ်တွေက လည်း ဖေါက်ဖေါက်လာပြန်ပါတယ်။ အင်း ဘာလိုလိုနဲ့ ကျွန်တော်တို့ မကွေးတိုင်းဒေသကြီးမှာ ခေတ်တွေသာ ပြောင်းလာခဲ့ပါတယ် ၂၀၀၆ ခုနှစ်ကစပြီး ယခု၂၀၁၀ ခုနှစ်အထိ စာပေဟောပြောပွဲ မဖြစ်ခဲ့တာ (၄)နှစ် ကြီးများတောင် ကြာခဲ့ပါပြီကော……..? ။
ယခု Shade စာပေ၀ိုင်း (၇)ကြိမ်မြောက်ပွဲမှာ ပထမ အကြိမ် အနေနဲ့ တက်ရောက်လာသူများကတော့ စာရေးဆရာ မောင်မွန်မြတ်(ကျေးလက်-မကွေး) (ခ) ဦးအောင်ကျော်စိုး( ဗဟိုတရားရုံးရှေ့နေ) နဲ့ ဆရာဦးမြင့်သူ( မကွေး)တို့ ဖြစ်ကြပါတယ်။ ပင်တိုင်တက်ရောက်သူများကတော့ သေရွာပြန် ဆရာ ရေနံ့သာအောင်ချမ်းဇော်၊ က အားခဲပြီး ၀ိုင်းတော်သားများကို သံယောဇဉ်ကြီးစွာနဲ့ တက်ရောက်လာပါတယ်။ ဇော်မြင့်ဇော်(ဗန္ဓရ)၊ ဆရာလွမ်းထား(မကွေး)၊ ဆရာနေခြည်( မကွေး)၊ ဆရာဘိုမြင့်ရှိန်(အောင်လံ) နဲ့ စာရေးသူ တို့ ဖြစ်ကြပါတယ်။
ဆရာဇော်မြင့်ဇော်(ဗန္ဓရ) ကတော့ ထုံးစံအတိုင်း သူ့အိမ်လုပ်ငန်းထဲမှ ရတဲ့ အမှိုက်ထဲကရွှေ စာ အုပ်များဖြစ်ကြတဲ့ ဆရာနန္ဒ သိန်းဇံရဲ့( ခရောင်းလမ်းကိုဖြတ်သန်းခြင်း)စာအုပ်နဲ့ ဆရာမြင့်စိုးလှိုင်ရေးတဲ့( လူတိုင်းမှာ အလားအလာရှိတယ်) စာအုပ်များ က အတွေးအမြင်များကို ထုတ်နုတ်တင်ပြသွားပါတယ်။
ဆရာအောင်ချမ်းဇော် ကလည်း စာပေ၀ိုင်းတော်သားများကို သံယောဇဉ်ရှိလို့ ဆေးရုံကဆင်းပြီး ယခုလာခဲ့တာဖြစ်ပါကြောင်း၊ ကျန်းးမာရေးကြောင့် စကားများများ မပြောနိုင်လို့ တောင်းပန်ပြီး အနားယူရင်း နားထောင် ပေးပါတယ်။
ဆရာလွမ်းထား(မကွေး)ကတော့ ရှိတ်ဂျာနယ် အတွဲ(၅) အမှတ်(၆) ကိုဖတ်လိုက်ရတဲ့ အချစ်ကဗျာ နှစ်ပုဒ်ထဲက သော်တာစံ(ကလေး) ရေးတဲ့ (လိပ်ပြာ)ကဗျာမှ ငါ့မှာ..ထမင်းလွတ် ဟင်းလွတ်ကြီးကို ဖြစ်လို့ဆိုတဲ့ အချစ်ကဗျာကို ကြိုက်နှစ်သက်ပါတယ်။ ဒီတစ်ပါတ် ရှိတ်ဂျာနယ်က အများပြည်သူများအတွက် ကျန်းးမာရေးသံချောင်းခေါက်လိုက်တဲ့ (ရေနံ့သာ အောင်ချမ်းဇော်နဲ့ ဆေးရုံသတင်း) ကို သုံးနေရာမှာ ဖော်ပြပေးထားတာကိုတွေ့ရလို့ ၀မ်းသာမိပါတယ်။ ဒီသတင်းကို ဖတ်ပြီး သိသူတွေက တစ်မျိုး၊ စာနာထောက်ထားသူတွေက တစ်သွယ် လက်တို့ပြီး ဆင့်ကဲ၊ ဆင့်ကဲ အများက ပြောဆိုနေ ကြပါတယ်။ တစ်ခါ တွယ်တွယ်ထွဏ်း(ကလေး) ရေးထားတဲ့ တောင်ညိုစကားမှာ (မင်းရေးတဲ့စာတွေက ကောင်းတယ်ဆိုပြီး ပီတိဖြစ်နေတာထက် နောက်ရေးမဲ့စာတွေက အကျိုးမဲ့စာတွေဆိုရင် အချည်းအနှီးပဲ ကိုယ့်လူ.။ ကိုယ့်ကလောင်ကို ထိမ်းသိမ်းတတ်ဖို့တော့ လိုသကွ) ဆိုတဲ့ စကားဟာ စာပေလောကသားများအတွက် သတိထားစရာအချက်ပါပဲ..လို့ ပြောဆိုသွားခဲ့ပါတယ်။
ဆရာကိုမြင့်သူ(မကွေး) ကလည်း ရှိတ်ဂျာနယ်မှာ တော်လှန်ရေး ဆောင်းပါး(၂)ပုဒ်ပို့ထားကြောင်း၊ သူကိုယ်တိုင် စစ်မှုထမ်းစဉ်က အတွေ့အကြုံ တိုက်ပွဲများအကြောင်း ဟုဆိုလာပြန်ပါတယ်။
ဆရာမောင်မွန်မြတ်(ကျေးလက်-မကွေး) (ခေါ်) မကွေးဦးအောင်ကျော်စိုး(ဗဟိုလ်တရားရုံးချုပ်ရှေ့နေ) ကလည်း တစ်ရက်မှာ (၂၄)နာရီလုံးလုံး အလုပ်တွေနဲ့ မအားရာမှ မနက်ဖြန်က နာရီအချိန်ကို ချေးပြီး မရောက် ရောက်အောင်ကို လာခဲ့ကြရပါကြောင်း၊(တွံတေး သိန်းတန် လေသံနဲ့ဆိုလာပါတယ်)။ ဆရာမောင်မွန်မြတ်က ကွယ်လွန်သွားတဲ့ အဆိုတော် တွံတေးသိန်းတန် ရဲ့ တေးရေးဆရာတစ်ယောက်ဟုလည်း သိရပါတယ်။ သူက စာပေဗိမ္မာန်ဆုရသူတစ်ဦး ဖြစ်ခဲ့ပါတယ်။ ဆေးဆောင်းပါးပေါင်းချုပ်များ၊ အချစ်ဝထ္ထုရှည် လုံချင်းများကိုလည်း ရေးသားထုတ်ဝေခဲ့သူဖြစ်ပါတယ်။ ယခု ၀ိုင်းမှာလည်း သူယခုဆက်ထုတ်တော့မဲ့ (တရားခွင်မှ ပြစ်မူဆိုင်ရာ နမူနာများဆိုတဲ့ ) ဆောင်းပါးပေါင်းချုပ်စာအုပ်နဲ့ (ပန်းနုရောင် နှင်းဆီ အိပ်မက်ရှည်) ဆိုတဲ့ အချစ် လုံးချင်းဝထ္ထုစာအုပ် နှစ်အုပ်ကို (၂၀၁၁)နှစ်မှာ ထုတ်တော့မည်ဖြစ်ကြောင်း ပြောဆိုအသိပေးသွားခဲ့ပါတယ်။
ဆရာနေခြည်(မကွေး)ကတော့ ဒီတစ်ပါတ်ရှိတ်စာပေ၀ိုင်းမှာ (၂၀၀၆)ခုနှစ်က မကွေးစာပေဟောပြောပွဲဂယက် ကိုရင်ဖွင့်လာ ပါတယ်။ Hot News ဂျာနယ် အတွဲ(၁)။ အမှတ်(၁၉)မှာ ဖော်ပြပေးထားပြီး သူရေးသားတဲ့ ( ဆရာအဏ္ဍ၀ါ မြန်မကြာ ကြားသိပါစေသတည်း) ဆောင်းပါးကို ဖတ်ကြား ပြောဆိုပါတယ်။
စာရေးသူမှ ဆရာနေခြည်ကို အင်တာဗျူးလုပ်ပါတယ်။ Hot News ဂျာနယ် အတွဲ(၁) အမှတ်(၂၀)၊ (၂၁) များမှာ ဖော်ပြထားတဲ့ ဆရာဗဦးမောင် နဲ့ ဆရာ အဏ္ဍ၀ါစိုးမိုးတို့ အင်တာဗျူးဆောင်းပါးကို ကျွန်တော်က ဖတ်ကြားပြီး ပြန်လည်ပြောဆို ဆွေးနွေးခဲ့ကြပါတယ်။ ဘာပဲ ပြောပြော အဲဒီ(၂၀၀၆)ခုနှစ်က မကွေးစာပေဟောပြောပွဲဂယက်ကြောင့် ယခု(၂၀၁၀)ခုနှစ်အထိ(၄)နှစ်တိတိ အချိန်ကြာညောင်းစွာ စာပေဟောပြောပွဲများ မကျင်းပနိုင်ခဲ့ကြတော့ပါ..။ ဒီဂယက်များကြောင့် မကွေး စာနယ်ဇင်းအဖွဲ့ကို ဆရာအဏ္ဍ၀ါစိုးမိုးတို့လို စာရေးဆရာကြီးများကလည်း အကောင်းမမြင်ကြတော့ပါ။ သက်ဆိုင်ရာ များကလည်း အားမပေးကြတော့ပဲ စာပေဟောပြောပွဲနဲ့ မကွေးစာပေ ၀ါသနာရှင်များ ဝေးခဲ့ရပါပြီ..။(နှစ်စဉ် အစဉ်အလာမပျက်ကျင်းပ ပေးနိုင်ခဲ့ကြတဲ့ မကွေးမြို့ စာဆိုတော်နေ့ အထိမ်းမှတ် ဟောပြောပွဲများ ပျောက်ကွယ်ခဲ့ရပါပြီ..။) လို့ ကျွန်တော်က ၀မ်းနည်းစွာနဲ့ ပြောကြားပြီး ဒီတစ်ပါတ် SHADE စာပေ၀ိုင်းကို သိမ်းခဲ့ကြပါတယ်..။
စိတ်အဆာဖြေဖို့ ရသ၊သုတစုံတဲ့ ရှိတ်စာပေ ၀ိုင်းမှာ တွေ့ဆုံကြပါစို့..။

ရွှေလမ်းငွေလမ်းဝင်းကြည်

Penulis : shwelannwelanwinkyi ~ Sebuah blog yang menyediakan berbagai macam informasi

Artikel မကွေးမြို့မှ SHADE စာပေ၀ိုင်း(၇) ini dipublish oleh shwelannwelanwinkyi pada hari Wednesday, April 13, 2011. Semoga artikel ini dapat bermanfaat.Terimakasih atas kunjungan Anda silahkan tinggalkan komentar.sudah ada 0 komentar: di postingan မကွေးမြို့မှ SHADE စာပေ၀ိုင်း(၇)
 

0 comments: