မကွေးမြို့ မှ SHADE စာပေ၀ိုင်း(၁၀)

မကွေးမြို့ မှ SHADE စာပေ၀ိုင်း
၁၆-၁-၂၀၁၁ ၊ တနင်္ဂနွေနေ့ နေ့လည်(၁၂) နာရီမှ ညနေ(၃)နာရီအထိ အချစ်ရွာဆိုင်မှာ လွမ်းလွမ်းဆွေးဆွေး နဲ့ ၀ိုင်းဖွဲ့ဖြစ်ပါတယ်။ SHADE စာပေ၀ိုင်း (၁၀) ကြိမ်မြောက်ပါ။ ဘာကြောင့်လွမ်းဆွေးနေရပါသလဲဆိုရင် ယခင်အပါတ် SHADE စာပေ၀ိုင်းမှာ စာရေးဆရာ တက္ကသိုလ်တေဇာလင်း နဲ့ ရှိတ်ဂျာနယ် အယ်ဒီတာချုပ် ကိုသာဇော်တို့ လာတုံးကပွဲကို ပြန်ပြီး တမ်းတ နေမိလို့ပါ.။ ဆရာတွေလာတဲ့ပွဲမှာ မြိုင်မြိုင်ဆိုင်ဆိုင် ကားတ၀ီဝီ။ ဆိုင်ကယ်သံ တဖုန်းဖုန်းနဲ့ လူစုံ၊ တက်စုံ လာကြတယ်လေ..။ အဲ စာပေ၀ိုင်းကိုတက်ဖို့၊ မိန်းမက ခွင့်မပြုလို့ မလာရဲတဲ့သူတွေကိုလည်း စာရေးဆရာ တက္ကသိုလ်တေဇာလင်း က သူတို့အိမ်တွေကိုလိုက်ပြီး အာမခံနဲ့ ခေါ်ခဲ့လို့ အဲဒီဆရာတွေ ပါလာကြတယ်လေ။ ဒါတောင် အယ်တာချုပ်လာမှ ပါမှ ပွဲတက်ခွင့်ပေးမှာလို့ သိရပါတယ်။ ကြားပွဲတွေ မတက်ရဘူးတဲ့ကွယ်။ ယခုပွဲမှာ တော့ သူတို့ကလည်းမလာကြပါ။ ပညာရေးကောလိပ်က၊ ဆရာတွေကလည်း မနေ့က ကျင်းပပေးခဲ့တဲ့ ကပ်ကျော်ကျောင်းမှ မိဘကျေးဇူးစာပေ၊ ပန်းချီပြိုင်ပွဲ မှာ ခြေကုန်၊ လက်ပမ်းကျ ကုန်ကြတော့ မလာဖြစ်ပြန်ပါဘူးနော်..။
( မီး…မလာတော့လည်း ဦးတို့ကတော့ အချစ်ရွာကို ဆက်ဆက်လာဖြစ်ပါတယ်ကွယ်..။ )
အဲ.. အချစ်ရွာကို (မီး)သမီး ဆိုတဲ့ကောင်မလေးနဲ့ ချိန်းထားတယ်တော့ ထင်ကုန်ကြတော့မှာပဲ..။ မဟုတ်ပါဘူးဗျာ..။ ကျွန်တော်တို့မြို့မှာ မီး ဆိုတဲ့ လျှပ်စစ်မီးက မလာတစ်ချက်၊ လာတစ်ချက်နဲ့(နွေဦးတောင်မပေါက်သေးဘူး) စိတ်ကောက်စပြုနေပါတယ်။ ဒီတော့လည်း ပို့လက်စ အင်တာနက် အီးမေးလ်တွေကို စိတ်ချ၊ လက်ချနဲ့ ပိတ်ထားခဲ့ပြီး SHADE စာပေ၀ိုင်းကို ထလာခဲ့ရတာကို ပြောတာပါဗျာ..။ တမျိုးတော့ မထင်လိုက်ကြပါနဲ့နော်..။ အထင်ခံရရင် နည်းလား ဆိုတဲ့ မောင်နန္ဒ( မြစ်ကြီးနား) လို စာပေ၀ိုင်းတက်ခွင့် အပိတ်ခံရမှာကြောက်လို့ စကားပလ္လင်ခံပြီး ပြောနေမိပါတယ်ကွယ်..။
ဒီတစ်ပါတ် ပထမအကြိမ်အနေနဲ့ စာပေ၀ိုင်းကို ရောက်လာသူကတော့ စာရေးဆရာ ဂျီမောင်မောင်ပြူးပါ။ သူရောက်လာတာ ဆရာ(၁၀) ယောက်ရဲ့ အားနဲ့ ညီမျှပါတယ်။ ဘာကြောင့်လည်းဆိုရင် ( အဲ သူက ရွှေစက်တော်ဘုရားပွဲတော်အစ-အဆုံး မှာ ဂျာနယ်တွေ ရောင်းပေးမယ်ဆိုတော့ စာရေးဆရာ(၁၀) ယောက်မက အားရှိတယ်ဆိုမိပါတယ်.။)
စာပေ၀ိုင်းကို ပုံမှန် ပင်တိုင်တက်ရောက်သူများကတော့ ကျွန်တော်ရယ်။ သူကြီးလူထွက်ရယ်။ စာရေးသူရယ်။ ရွှေလမ်းငွေလမ်းဝင်းကြည် ရယ်။ လွမ်းထား(မကွေး)ရယ်။ ဘိုမြင့်ရှိန်(အောင်လံ)ရယ်။ နေခြည်(မကွေး) တို့ရယ်။ လူနည်းလို့ များလာအောင် ခွဲရေးပြနေရတာပါကွယ်..။ လူနည်းပါတယ်ဆိုကာမှ တစ်ယောက်ကို(၅)မိနစ်စီသာ ပြောသွားကြပါတယ်။ အယ်ဒီတာချုပ်က အချိန်ကို မကန့်သတ်ရဘူးဆိုပြီး ပြောထားခဲ့တော့ နေခြည်(မကွေး) နဲ့ စာရေးသူတို့က အချိန်ကိုဆွဲပြီး၊ ပိုပြောနေရပါပြီ..။
ဆရာလွမ်းထား(မကွေး)ကတော့ မအားတဲ့ကြားက ဒီပွဲမှီအောင် ၀က်မကြီးတွေကိစ္စအာုး သူ့ဇနီးကိုတာဝန်ပေးထား ခဲ့ရတယ် ဆိုလာပြန်ပါတယ်။ (၀က်စာကျွေးဖို့ကိစ္စ လို့ ရှင်းရှင်းပြောပါဆရာလွမ်းထားရယ်..)။ ဒီတစ်ပါတ် ရှိတ်က (၁)ပါတ် နားထားတော့ ပျင်းစရာကြီးကို ဖြစ်နေတယ် ဆိုပါတယ်။ ရှိတ်ဂျာနယ် သတင်းတွေကို မကွေးလူထုက စိတ်ဝင်စားနေကြကြောင်း။ ပြင်ပစာပေအနေနဲ့ကတော့ ပေဖူးလွှာမှာ ပါတဲ့ ဆရာကိုကိုလတ်(ဆည်မြောင်း) ရဲ့ (ရွှေကြိုးနဲ့ဒုန်းမြင်း) ၀ထ္ထုကို ဖတ်ပြီး ခံစားမှုများကို ပြောဆိုသွားခဲ့ပါတယ်။
ဆရာဂျီမောင်မောင်ပြူးကတော့ ရှိတ်ဂျာနယ်က လန်းနေတဲ့ မော်ဒယ်ပုံလေးတွေကို ဟော့လွန်းတယ်လို့ ဆိုလာပြန်တယ်။ (စာရေးဆရာ ကောင်းသုတ (ခ) ဂျီမောင်မောင်ပြူး ( လူပျိုကြီး (ခ) တခုလပ်၊ ရုပ်ရှင်မင်းသားစိန်မြင့်လို လူကြီးက ) ဒီ လောက်လန်းနေတဲ့ မော်ဒယ်ပုံလေးတွေကို မကြိုက်ဘူးဆိုတော့ အံ့သြ ရပြန်ပါတယ်…)။ ဆရာကိုပေါက်(မန္တလေး) ရေးတဲ့ (ရှေးရှေးက မန္တလေး) ဆောင်းပါးကိုကြိုက်လွန်းလို့ စောင့်ဖတ်နေရပါကြောင်း သူကပြောသွားလို့ တော်ပါသေးတယ်..။
ဆရာဘိုမြင့်ရှိန်( အောင်လံ) ကလည်း လူအားနည်းနေလို့ ကြောက်စိတ်တွေဝင်နေတယ်ထင်ပါတယ်.။ အသံကို တိုးတိုးလေး နှစ်ကိုယ်ကြားလောက်ရုံသာ ပြောဆိုလာပါတယ်။ ယခင်အပါတ်တွေလောက် အချစ်ရွာဆိုင် တစ်ဝိုင်းလုံးကြားအောင် အသံမအော်တော့ပါ..။ ထုံစံအတိုင်း ရှိတ်ဂျာနယ်ကို ကောင်းချီးသြဘာ ပြုပေးနေပါတယ်။ အဲ သူ အကြိုက်ဆုံးက ဆရာ ကြည်လွင်မြင့်(မုဒြာ)ရဲ့ (လေမဖြတ်အောင် အစားရှောင်)ဆောင်းပါးကိုဖတ်၊ မှတ်မိပါကြောင်း၊ ဆရာဗေဗရဖွ ရေးတဲ့ (ချက်တင်ဖူးစာတဲ့လား)ဆောင်းပါးကိုလည်းကြိုက်ပါကြောင်း၊ ဆောင်းပါးပိုဒ်နောက်ဆုံးမှ အမလေး.. အောင်မရေး.. အခြောက်မကြီးဗျာ..ကံဆိုးလိုက်လေခြင်း.. ဟင်း..ဟင်း ။ဆိုပြီး အံကိုကြိုက်လို့ ငိုချင်းချပြနေပြန်ပါတယ်။
ဆရာနေခြည်(မကွေး)ကတော့ မိသားစု၊ ရာသီဥတု သာယာနေတယ်ထင်ပါတယ်။ ဘာမဆို ရွှေပြည်အေး တရားတွေကို သာ ဟောပြနေပါတယ်။ ဘာပဲပြောပြော ရှိတ်စာပေ၀ိုင်းကို ဘယ်နှစ်ယောက်သာတက်တက် ဖြစ်အောင်လုပ်ကြမှာပါ ဆိုလာပါတယ်။ ရှိတ်ဂျာနယ် ကောင်းကြောင်း၊ ဆိုးကြောင်းတွေကို ဝေဖန်လာကြတာတွေ များလွန်းနေလို့ နားကြပါစို့၊ ဆိုပြီးတားလာပါတယ်။ ပြင်ပ ဂျာနယ်၊ မဂဇင်းတွေထဲက ဖတ်စရာ။ မှတ်စရာတွေကို တစ်ယောက် တပုဒ်ဆို ဆိုသလောက် ပြောဆိုကြရအောင်ပါ။ ရှိတ်စကားဝိုင်းကနေ ရှိတ်စာပေ၀ိုင်း ကို ပါရာဒိုင်ကြီး ရွေ့လျားသွားနေပါပြီ.. ဟု ဆိုပါတယ်။ ဆရာဦးသုခ ရေးတဲ့ ၁၉၇၈ ခုထုတ်၊ ချယ်ရီစကား စာအုပ်ထဲက(သဒ္ဒါပါတယ် မောင့်ကို)ဆိုတဲ့ ဆောင်းပါးတစ်ပုဒ်ကို အသေးစိတ် အကျယ်တ၀င့် ပြောဆိုခံစား တင်ပြသွားခဲ့ပါတယ်။
ကျွန်တော်ကလည်း ပြီးခဲ့တဲ့ရက်(၁၄-၁-၂၀၁၁)နေ့၊ ရွှေပြည်စိုးစာပေက စာပေချစ်သူများနဲ့ တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများကို စာရေးဆရာမဂျူး၊ စာရေးဆရာဒေါက်တာစိုးလွင်၊ စာရေးဆရာလင်္ကာရည်ကျော်(ခ) ဒေါက်တာရဲမြင့်ကျော် တို့ စာရေးဆရာ(၃)ဦးကိုယ်တိုင် လာရောက်လက်မှတ်ထိုးပေးပြီး သူတို့ရဲ့ စာအုပ်ဈေးရောင်းပွဲ အကြောင်းကို ဒီစာပေ၀ိုင်းမှာ ရှင်းပြခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ဆရာ မကွေးဝင်းမြင့်က မကြာခဏပြောကြားတဲ့၊ (စာပေသမား၊ သတင်းသမားများ ဟာ ကိုယ့်အလုပ်ကိုသာ တာဝန်ကျေပွန်အောင် လုပ်ပြီး၊ ကိုယ့်လမ်းကြောင်းပေါ်မှာသာ မှန်ကန်အောင်လျှောက်ကြစေ လိုကြောင်း)၊ ဆိုတဲ့ ဆုံးမစကားများကို အကျယ်တ၀င့်၊ တဆင့်ပြန်လည် ဖောက်သည်ချ ပေးခဲ့ပါတယ်။ (စာပေသမားစစ်စစ်ဆိုတာ ဘယ်သူတရားပျက်ပျက် ကိုယ်တရားမပျက်ဖို့က အဓိကပါ.။) ဆိုတဲ့ ဆရာမကွေးဝင်းမြင့်ရဲ့ ဆိုဆုံးမစကားတွေကှို ကျွန်တော်တို့တစ်တွေ မှ အထူးနာခံမှတ်သားပြီး၊ ရင်ဝယ်ထွေးပိုက်ထားကြပါစို့..။

စိတ်အဟာရပြည့်ဖို့ ရှိတ်ဂျာနယ်ကိုဖတ်လို့ လူ့ဘ၀အတွက် သုတ၊ရသစုံတဲ့ SHADE စာပေ၀ိုင်းသို့ သွားကြပါစို့..။

ရွှေလမ်းငွေလမ်းဝင်းကြည်
၁၇-၁-၂၀၁၁ ၊ နံနက်(၁း၃၀)နာရီ။

Penulis : shwelannwelanwinkyi ~ Sebuah blog yang menyediakan berbagai macam informasi

Artikel မကွေးမြို့ မှ SHADE စာပေ၀ိုင်း(၁၀) ini dipublish oleh shwelannwelanwinkyi pada hari Wednesday, April 13, 2011. Semoga artikel ini dapat bermanfaat.Terimakasih atas kunjungan Anda silahkan tinggalkan komentar.sudah ada 0 komentar: di postingan မကွေးမြို့ မှ SHADE စာပေ၀ိုင်း(၁၀)
 

0 comments: