Shade Journal အတွဲ(၅)၊ အမှတ်(၂၅)


SHADE Journal V0l 5_No 25
 

အယ်လ်ခိုင်းဒါး အကြမ်းဖက်အဖွဲ့ ကျဆုံးတော့မည်


အယ်လ်ခိုင်းဒါး အကြမ်းဖက်အဖွဲ့ ကျဆုံးတော့မည်

By ဗွီအိုအေ (မြန်မာဌာန) သောကြာ, 06 မေ 2011
သမ္မတ အိုဘားမား ဖို့တ် ကမ်းပ်ဘဲလ် တပ်စခန်းတွင် အာဖဂန်နစ္စတန်မှ ပြန်လည်ရောက်ရှိလာသည့် တပ်ဖွဲ့ဝင်များကို နှုတ်ဆက်နေစဉ်။
ဓာတ်ပုံ REUTERS

သမ္မတ အိုဘားမား ဖို့တ် ကမ်းပ်ဘဲလ် တပ်စခန်းတွင် အာဖဂန်နစ္စတန်မှ ပြန်လည်ရောက်ရှိလာသည့် တပ်ဖွဲ့ဝင်များကို နှုတ်ဆက်နေစဉ်။ မေ ၆၊ ၂၀၁၁။


အမေရိကန် ပြည်ထောင်စုက အိုစမာ ဘင်လာဒင် (Osama Bin Laden) ကို အသေဖမ်းမိနိုင်ခဲ့တာဟာ အယ်လ်ခိုင်းဒါးအဖွဲ့ရဲ့ ခေါင်းကို ဖြတ်ပစ်လိုက်တာ ဖြစ်တဲ့အတွက် နောက်ဆုံးမှာ အကြမ်းဖက်အဖွဲ့ ကျဆုံးရမယ်လို့ သမ္မတ အိုဘားမား (Barack Obama) က ပြောဆိုလိုက်ပါတယ်။

ထူးချွန်ထက်မြက်မှုနဲ့ သတ္တိရှိတဲ့ အမေရိကန်တွေရဲ့ စွမ်းဆောင်ချက်ကြောင့် စက်တင်ဘာ ၁၁ ရက်နေ့က အမေရိကန် ပြည်ထောင်စုကို အကြမ်းဖက် တိုက်ခိုက်ရေးမှာ ဦးဆောင်ခဲ့သူဟာ နောက်ထပ် အမေရိကန် ပြည်ထောင်စုကို အန္တရာယ် မပေးနိုင်တော့ဘူးလို့ သမ္မတ အိုဘားမားက ဆိုပါတယ်။

အမေရိကန် ပြည်ထောင်စု၊ ကင်န်တပ်ကီပြည်နယ်၊ ဖို့တ် ကမ်းပ်ဘဲလ် (Fort Campbell) တပ်စခန်းကို သမ္မတ အိုဘားမား သောကြာနေ့က သွားရောက်ခဲ့ပြီး အမေရိကန်ရေတပ် Navy SEAL အထူးတပ်ဖွဲ့ကို သီးသန့် တွေ့ဆုံခဲ့စဉ်မှာ သမ္မတ အိုဘားမားက အခုလို ပြောဆိုလိုက်တာပါ။ ဒု-သမ္မတ ဂျိုးဘိုင်ဒင် (Joe Biden) ကလည်း အဲဒီ ကွန်မန်ဒို အထူးတပ်ဖွဲ့ကို တွေ့ဆုံခဲ့ပါတယ်။

ဖို့တ် ကမ်းပ်ဘဲလ် တပ်စခန်းမှာ အာဖဂန်နစ္စတန်က မကြာခင်က ပြန်ရောက်လာတဲ့ ရာနဲ့ချီတဲ့ စစ်သည်တွေကို သမ္မတ အိုဘားမားက မိန့်ခွန်းပြောဆိုခဲ့ပါတယ်။ သူတို့တတွေရဲ့ တာဝန်ဝတ္တရား ကျေပွန်မှုကို ချီးကျူးလိုက်ပြီး အယ်လ်ခိုင်းဒါးအဖွဲ့ကို နှိမ်နင်းတဲ့ စစ်ဆင်ရေး တိုးတက်မှု ရှိလာတယ် ဆိုတာကို လက်တွေ့ ပြနိုင်ခဲ့ကြတယ် လို့လည်း ပြောပါတယ်။

Navy SEAL တွေဟာ အမေရိကန်ရေတပ်က ပင်လယ်တွင်းမှာရော လေကြောင်းနဲ့ မြေပြင်မှာပါ တဘက်ကမ်းခတ် ကျွမ်းကျင်အောင် လေ့ကျင့်ပေးထားတဲ့ အထူးတပ်ဖွဲ့ ဖြစ်ပါတယ်။
တဆင့်ကူးယူဖော်ပြပါသည်။
 

အိုဆာမာဘင်လာဒင်ရဲ့နေအိမ်ကို မေလ ၃ ရက်နေ့က တွေ့ရစဉ်
























အိုဆာမာဘင်လာဒင်ရဲ့နေအိမ်ကို မေလ ၃ ရက်နေ့က တွေ့ရစဉ်
http://burmatoday.net/photo2005/2011/201105/110505_osama/ ကူးယူဖော်ပြပါသည်။
 

အယ်လ်ကိုင်ဒါ အကြမ်းဖက်တိုက်ခိုက်မှု(၃၀)


အစ္စလာမ် ဆိုသည်မှာ အာလ္လာဟ်အရှင်မြတ် အမိန့်တော်ကို နာခံခြင်း၊ ငြိမ်းချမ်းခြင်း၊ ငြိမ်းချမ်းရေးသို့ သွားရာလမ်း (way to peace) ဟု ဖွင့်ဆိုကြသည်။ သို့သော် အယ်လ်ကိုင်ဒါတို့ရဲ့ အကြမ်းဖက် လုပ်ရပ်များက

အစ္စလာမ်ရဲ့ အမည်နဲ့ ရည်ရွယ်ချက်ကို သတ်ဖြတ်ခြင်းပင် ဖြစ်သည်။




အောက်တွင် ၁၉၉၂ မှ ၂၀၀၈ ခုနှစ်အတွင်း အယ်ကိုင်လ်ဒါတို့ အကြမ်းဖက်တိုက်ခိုက်ခဲ့သော နေရာများနှင့် သေဆုံးသူ စာရင်းကို ဖော်ပြထားပါသည်။



မောက္ခ နိုင်ငံတကာသတင်း
တဆင့်ကူးယူဖော်ပြပါသည်။
 

9-11 ၁၀ နှစ်ပြည့် အကြမ်းဖက် တိုက်ခိုက်ရေး ဘင်လာဒင် ကြံစည်ခဲ့


9-11 ၁၀ နှစ်ပြည့် အကြမ်းဖက် တိုက်ခိုက်ရေး ဘင်လာဒင် ကြံစည်ခဲ့

By ဗွီအိုအေ (မြန်မာဌာန) ကြာသပတေး, 05 မေ 2011


လာမယ့် စက်တင်ဘာ ၁၁ ရက် အမေရိကန် ပြည်ထောင်စုအတွင်း အယ်လ်ခိုင်းဒါး (al-Qaida) အဖွဲ့ရဲ့ တိုက်ခိုက်ခဲ့မှု ၁၀ နှစ်မြောက်နေ့မှာ အမေရိကန် ပြည်ထောင်စုကို ထပ်ပြီး တိုက်ခိုက်ဖို့ အယ်လ်ခိုင်းဒါး အဖွဲ့က စဉ်းစား သုံးသပ်နေတဲ့ အထောက်အထားတွေကို ဘင်လာဒင် နေထိုင်ခဲ့တဲ့ အိမ်ခြံဝင်းထဲက ယူဆောင်လာခဲ့တဲ့ စာရွက်စာတမ်းတွေ ပဏာမ စစ်ဆေးရာမှာ တွေ့ရှိခဲ့ရတယ်လို့ အမေရိကန် အရာရှိတွေက ဆိုပါတယ်။

ပြည်တွင်းလုံခြုံရေး ၀န်ကြီးဌာနက မေလ ၅ ရက်နေ့မှာ ကွန်မန်ဒိုတွေ သိမ်းပိုက် ရယူခဲ့တဲ့ စာရွက် စာတမ်းတွေကို စတင် စစ်ဆေးခဲ့ရာမှာ အဲဒီလို အထောက်အထားတွေကို တွေ့ရှိရတာ ဖြစ်တယ်လို့ ဆိုပါတယ်။

အာဖဂန်နစ္စတန်က တိုက်ပွဲဝင် အမေရိကန် တပ်ဖွဲ့တွေ ရုပ်သိမ်းရေးနဲ့ အရှိန်မြှင့် ဆောင်ရွက်မယ့် အစီအစဉ်တွေ ရေးဆွဲဖို့ကိုလည်း သမ္မတ အိုဘားမားနဲ့ ပင်တဂွန် စစ်ဌာနချုပ်တို့ကို အမေရိကန် ကွန်ဂရက်စ်ရဲ့ နှစ်ပါတီ ပူးတွဲ ဥပဒေပြု အောက်လွှတ်တော် အမတ်တွေက မေလ ၅ ရက်နေ့က တောင်းဆိုလိုက်ပါတယ်။

အခုအခါမှာ ဘင်လာဒင်ကို သုတ်သင်နိုင်ခဲ့ပြီ ဖြစ်တဲ့အတွက် ၂၀၀၁ ခုနှစ် ဒီဇင်ဘာလ အမေရိကန်တပ်တွေ အာဖဂန်နစ္စတန်ကို ၀င်ရောက် တိုက်ခိုက်ခဲ့ရတဲ့ အဓိက ရည်ရွယ်ချက်က ပြီးပြည့်စုံသွားပြီ ဖြစ်တယ်လို့ ဆိုပါတယ်။
ိတဆင့်ကူးယူဖော်ပြပါသည်။
 

ဘင်လာဒင် သေဆုံးမှု အယ်လ်ခိုင်းဒါး အတည်ပြု

ဘင်လာဒင် သေဆုံးမှု အယ်လ်ခိုင်းဒါး အတည်ပြု

By ဗွီအိုအေ (မြန်မာဌာန) သောကြာ, 06 မေ 2011


အယ်လ်ခိုင်းဒါး (Al-Qaida) အဖွဲ့က သူတို့ရဲ့ခေါင်းဆောင် အိုစမာ ဘင်လာဒင် (Osama bin Laden) သေဆုံးမှုကို အတည်ပြုလိုက်ပါတယ်။ သောကြာနေ့က အကြမ်းဖက် ကွန်ရက်အဖွဲ့က ဂျီဟတ် အင်တာနက် ဖိုရမ်မှာ ကြေညာချက်တစောင် ထုတ်ပြန်ပြီး အခုလို အတည်ပြုခဲ့တာ ဖြစ်ပါတယ်။

ပါကစ္စတန်ရဲ့မြို့တော် အစ္စလာမ်မာဘတ် (Islamabad) ကနေ ကားနဲ့ ၂ နာရီကြာ သွားရတဲ့ အဘော့တာဘက် (Abbottabad) မြို့မှာ တနင်္လာနေ့က လုပ်ခဲ့တဲ့ စစ်ဆင်ရေးမှာ အကြမ်းဖက်အဖွဲ့ ခေါင်းဆောင် အိုစမာ ဘင်လာဒင်ကို အမေရိကန်ရေတပ် အထူးစစ်ဆင်ရေး တပ်ဖွဲ့ဝင်တွေက သုတ်သင်ခဲ့တာ ဖြစ်ပါတယ်။

အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) ဟာ အယ်လ်ခိုင်းဒါး အကြမ်းဖက်အဖွဲ့ ခေါင်းဆောင် အိုစမာ ဘင်လာဒင်ကို သုတ်သင်ခဲ့တဲ့ အမေရိကန်ရေတပ် အထူးစစ်ဆင်ရေး တပ်ဖွဲ့ဝင်တွေနဲ့ သောကြာနေ့မှာ တွေ့ဆုံဖို့ ရှိပါတယ်။

အဘော့တာဘက်မြို့က ဘင်လာဒင်ရဲ့ နေအိမ်ခြံဝင်းကို တနင်္လာနေ့က စီးနင်းခဲ့ပြီးနောက် အခုလို အမေရိကန် သမ္မတဟာ ကင်တက်ကီ၊ ဖော့တ်ကမ်းဘဲလ်ကို သွားပြီး အထူးတပ်ဖွဲ့ဝင်တွေနဲ့ တခြား စစ်တပ် တပ်ဖွဲ့ဝင်တွေကို ကိုယ်တိုင် ကျေးဇူးတင်စကား ပြောကြားမှာ ဖြစ်ပါတယ်။

ဘင်လာဒင်ရဲ့ ခြံဝင်းထဲက သိမ်းဆည်းရမိတဲ့ စာရွက်စာတမ်းတွေအရ ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့မှာ ကျရောက်မယ့် ၁၀ နှစ်မြောက် စက်တင်ဘာ ၁၁ ရက် အကြမ်းဖက် တိုက်ခိုက်မှု အထိမ်းအမှတ်အဖြစ် အမေရိကန်နိုင်ငံက အမည်အတိအကျ ဖော်ပြမထားတဲ့ နေရာက ရထားလမ်းတွေကို တိုက်ခိုက်ဖို့ ကြံစည်ထားကြောင်း တွေ့ရတယ်လို့ အမေရိကန် တာဝန်ရှိသူတွေက ပြောဆိုလိုက်ပါတယ်။

အယ်လ်ခိုင်းဒါး အကြမ်းဖက်အဖွဲ့က ရထားလမ်းတွေကို ဖျက်ဆီးခြင်းအားဖြင့် ရထားဟာ တံတားပေါ်က ဒါမှမဟုတ် တောင်ကြားလမ်းထဲကို ပျက်ကျအောင် ကြံစည်ခဲ့ပုံ ရှိတဲ့အကြောင်း အမိမြေ လုံခြုံရေးဌာနက ရရှိခဲ့တဲ့ စာရွက်စာတမ်းကို ကိုးကားပြီး အမေရိကန် သတင်းဌာနတွေက ထုတ်ပြန် ပြောဆိုခဲ့ပါတယ်။ ဒီအကြံအစည်ဟာ အကောင်အထည်ပေါ်မယ့် အထောက်အထား မရှိဘူးလို့လည်း အမေရိကန် တာဝန်ရှိသူတွေက ပြောဆိုပါတယ်။

လောလောဆယ် ဘင်လာဒင် ရှိခဲ့တဲ့ နေအိမ်ခြံဝင်းကို စောင့်ကြည့်ဖို့ တာဝန်ယူခဲ့တဲ့ အဖွဲ့ရဲ့ အဘော့တာဘက်မြို့က လုံခြုံတဲ့ အိမ်တလုံးကို ဆက်ပြီး ထိန်းသိမ်းထားမယ်လို့ အမေရိကန် ထောက်လှမ်းရေး ဗဟိုအဖွဲ့ CIA က ပြောဆိုပါတယ်။

ဒီ လုံခြုံတဲ့အိမ်အတွက် ဒေါ်လာသန်းပေါင်းများစွာ ရှိတဲ့ ထောက်ပံ့မှုတွေကို အမေရိကန် ပြည်ထောင်စု အစိုးရ ဌာနတွေကနေ လွှဲပြောင်းပေးအပ်ဖို့ ပြီးခဲ့တဲ့ ဒီဇင်ဘာလက CIA တာဝန်ရှိသူတွေ ကွန်ဂရက်စ် လွှတ်တော်နဲ့ တွေ့ဆုံခဲ့တယ်လို့ အစိုးရ အရာရှိတချို့ကို ကိုးကားပြီး The Washington Post သတင်းစာက ရေးသားထားပါတယ်။
တဆင့်ကူးယူဖော်ပြပါသည်။
 

ဘင်လာဒင် လက်နက်မရှိစဉ် ပစ်သတ်ခံရ


ဘင်လာဒင် လက်နက်မရှိစဉ် ပစ်သတ်ခံရ

By ဗွီအိုအေ (မြန်မာဌာန) အင်္ဂါ, 03 မေ 2011

အမေရိကန် အထူးတပ်ဖွဲ့ရဲ့ ပစ်ခတ်မှုကြောင့် အယ်လ်ခိုင်းဒါး (al-Qaida) ခေါင်းဆောင် အိုစမာ ဘင်လာဒင် (Osama bin Laden) သေဆုံးခဲ့ရတဲ့ အချိန်မှာ ဘင်လာဒင်ဆီမှာ လက်နက်ရှိမနေခဲ့ဘူးလို့ အိမ်ဖြူတော်က ပြောလိုက်ပါတယ်။

သူ့ဆီမှာ လက်နက်မရှိပေမဲ့လည်း အမေရိကန် အထူးတပ်ဖွဲ့ဝင်တွေကို ပြန်ပြီး ခုခံခဲ့တယ်လို့ အိမ်ဖြူတော် ပြောခွင့်ရပုဂ္ဂိုလ် ဂျေ ကာနီ (Jay Carney) က သတင်းထောက်တွေကို မနေ့က ပြောခဲ့တာပါ။ ဖြစ်ပျက်ပုံ အသေးစိတ်ကိုတော့ သူက ရှင်းမပြပါဘူး။

ဘင်လာဒင်ဟာ ဦးခေါင်းနဲ့ ရင်ဘတ်ကို အပစ်ခံခဲ့ရတာပါ။ ၀င်ရောက်စီးနင်းစဉ်မှာ ဘင်လာဒင်ရဲ့ ဇနီးတဦးက အထူးတပ်ဖွဲ့ဝင်တွေဘက်ကို ရုတ်တရက် ပြေးလာတာကြောင့် သူ့ရဲ့ခြေထောက်ကို သေနတ်ထိမှန်သွားခဲ့ပါတယ်။ ဒါပေမဲ့ မသေဆုံးခဲ့ဘူးလို့ ဆိုပါတယ်။

အဲဒီစီးနင်းမှုနဲ့ ပတ်သက်တဲ့ ရုပ်ပုံတွေကို လူအများသိအောင် ထုတ်ပြန်သင့်၊ မပြန်သင့် ဆိုတဲ့ကိစ္စ အမေရိကန် ဘက်က စဉ်းစားနေပါတယ်။

ဘင်လာဒင် ရှိနေခဲ့တဲ့ အဆောက်အဦး ခြံဝင်းထဲမှာ တွေ့ရှိခဲ့တဲ့ သက်သေ အထောက်အထားနဲ့ သတင်း အချက်အလက်တွေကနေ တဆင့် တခြား အရေးပါတဲ့ ပစ်မှတ်တွေရဲ့ အကြောင်းကို သိနိုင်ဖို့နဲ့ ဘင်လာဒင် ပါကစ္စတန်နိုင်ငံမှာ အချိန်ကြာကြာ နေခွင့်ရခဲ့တာ ဘာကြောင့်လဲ ဆိုတာတွေကို ဆက်ပြီး သိလာလိမ့်မယ်လို့ မျှော်လင့်ရတဲ့အကြောင်း အိမ်ဖြူတော် ပြောခွင့်ရပုဂ္ဂိုလ် ဂျေ ကာနီက သတင်းထောက်တွေကို ပြောပါတယ်။
တဆင့်ကူးယူဖော်ပြပါသည်။
 

ဘင်လာဒင် စစ်ဆင်ရေး အမေရိကန် ထုတ်ပြန်



ဘင်လာဒင် စစ်ဆင်ရေး အမေရိကန် ထုတ်ပြန်

By ဗွီအိုအေ (မြန်မာဌာန) အင်္ဂါ, 03 မေ 2011
အိုစမာ ဘင်လာဒင်ကို သုတ်သင်ခဲ့သည့် စစ်ဆင်ရေးအား အိမ်ဖြူတော်မှ ကြည့်ရှုနေသည့် သမ္မတ အိုဘားမားနှင့် တာဝန်ရှိသူများ။
ဓာတ်ပုံ White House - P. Souza

အိုစမာ ဘင်လာဒင်ကို သုတ်သင်ခဲ့သည့် စစ်ဆင်ရေးအား အိမ်ဖြူတော်မှ ကြည့်ရှုနေသည့် သမ္မတ အိုဘားမားနှင့် တာဝန်ရှိသူများ။ မေ ၁၊ ၂၀၁၁။


အကြမ်းဖက်ခေါင်းဆောင် အိုစမာ ဘင်လာဒင် (Osama bin Laden) ကို သုတ်သင်ခဲ့တဲ့ စစ်ဆင်ရေးကို မဆောင်ရွက်ခင်မှာ နည်းလမ်းအများအပြားကို ရှာဖွေဖို့ အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) က ဖိအားပေးခဲ့တယ်လို့ အစိုးရ တာဝန်ရှိသူတွေက ပြောပါတယ်။

သမ္မတရဲ့ အကြံပေးပုဂ္ဂိုလ်တွေ ကြားမှာတော့ ဘယ်နည်းလမ်းကို သုံးသင့်သလဲ ဆိုတဲ့အပေါ် ကွဲလွဲမှုတွေ ရှိခဲ့တယ်လို့လည်း ပြောပါတယ်။

အယ်လ်ခိုင်းဒါး (al-Qaida) အဖွဲ့ခေါင်းဆောင် ပုန်းအောင်းနေရာ ပါကစ္စတန်နိုင်ငံ မြို့တော် အစ္စလာမ်မာဘတ်မြို့ မြောက်ဘက်က နေအိမ်ခြံဝန်းကို ဗုံးကြဲတိုက်ခိုက်ဖို့ အစီအစဉ်ကိုတော့ သမ္မတက လက်မခံခဲ့ပါဘူး။ ဒီအစီအစဉ်ဟာ အမေရိကန် စစ်သည်တွေအတွက် ပိုပြီး ဘေးအန္တရာယ် ကင်းနိုင်ပေမဲ့ ဘင်လာဒင် အဲဒီမှာ ရှိနေသလား၊ တကယ်ပဲ သေဆုံးခဲ့သလား ဆိုတာကို အတည်ပြုဖို့ ခက်ခဲလိမ့်မယ်လို့လည်း တာဝန်ရှိသူတွေက ပြောပါတယ်။

ဒီခြံဝန်းထဲမှာ ဘင်လာဒင် အမှန်တကယ် ရှိနေတယ် ဆိုတာကို အခိုင်အမာ ပြောနိုင်တဲ့ ထောက်လှမ်းရေး သတင်းတွေ ပိုပြီးရအောင် စောင့်ကြည့်တာတွေ လုပ်သွားဖို့ အတွက်ကိုလည်း အမေရိကန် သမ္မတက စဉ်းစားခဲ့တယ်လို့ ပြောပါတယ်။ ဒီနောက်မှာတော့ သောကြာနေ့ မနက်ပိုင်းမှာ သမ္မတက စစ်ဆင်ရေးကို ဆက်လုပ်ဖို့ အမိန့်ပေးလိုက်တာ ဖြစ်ပါတယ်။

မနေ့တုန်းက သမ္မတ အိမ်ဖြူတော်မှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲ အတွင်းမှာတော့ အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေးအဖွဲ့ အကြီးအကဲဖြစ်တဲ့ ဂျွန် ဘရန်နန် (John Brennan) က အမေရိကန် အထူးတပ်ဖွဲ့တွေရဲ့ လေကြောင်းအကူနဲ့ ရှုပ်ထွေးသိမ်မွေ့လှတဲ့ စီးနင်းတိုက်ခိုက်မှု အသေးစိတ်တွေကို ထုတ်ဖော်ပြောဆိုခဲ့တာပါ။

ဒေသစံတော်ချိန် တနင်္လာနေ့မနက် အစောပိုင်းမှာ Navy SEALs အထူးကွန်မန်ဒို တပ်ဖွဲ့ဝင်တွေက အက်ဘော့တာဘက် (Abbottabad) မြို့မှာရှိတဲ့ ခြံဝန်းထဲကို ရဟတ်ယာဉ်တွေပေါ်ကနေ ကြိုးနဲ့ တွယ်ဆင်းခဲ့ကြပြီး နေအိမ် အဆောက်အဦးထဲ ၀င်ရောက်ခဲ့ကြတာ ဖြစ်ပါတယ်။ ဒီနောက် အပြန်အလှန် ပစ်ခတ်မှုတွေအတွင်း ဘင်လာဒင်ရဲ့ ခေါင်းကို သေနတ်နဲ့ ပစ်ခတ် သတ်ဖြတ်ခဲ့တာပါ။

ဘင်လာဒင်ကို အရှင်ဖမ်းဆီးဖို့ အစီအစဉ် ရှိခဲ့တယ်လို့လည်း အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေးအဖွဲ့ အကြီးအကဲက ပြောပါတယ်။

သမ္မတ အိုဘားမား အပါအ၀င် အိမ်ဖြူတော်ကနေ စောင့်ကြည့်နေကြတဲ့ အစိုးရ ထိပ်တန်း ခေါင်းဆောင်တွေအဖို့ မိနစ် ၄၀ ကြာ စစ်ဆင်ရေးဟာ စိတ်လှုပ်ရှားစရာ အကောင်းဆုံး အခိုက်အတန့် ဖြစ်ခဲ့ရတယ်လို့လည်း သူက ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
တဆင့်ကူးယူဖော်ပြပါသည်။
 

ဘင်လာဒင် ဖမ်းနိုင်ဖို့ ပါကစ္စတန် ကူညီ


ဘင်လာဒင် ဖမ်းနိုင်ဖို့ ပါကစ္စတန် ကူညီ

By ဗွီအိုအေ (မြန်မာဌာန) အင်္ဂါ, 03 မေ 2011
ပါကစ္စတန် သမ္မတ အဆစ်ဖ် အာလီ ဇာဒါရီ။
ဓာတ်ပုံ Reuters

ပါကစ္စတန် သမ္မတ အဆစ်ဖ် အာလီ ဇာဒါရီ။


အယ်လ်ခိုင်းဒါး (al-Qaida) ခေါင်းဆောင် အိုစမာ ဘင်လာဒင် (Osama bin Laden) ကို သုတ်သင်တဲ့ စစ်ဆင်ရေးကို ပူးပေါင်းဆောင်ရွက်ခဲ့တာ မဟုတ်တဲ့အကြောင်း ပါကစ္စတန် သမ္မတ အဆစ်ဖ် အာလီ ဇာဒါရီ (Asif Ali Zardari) က ပြောဆိုလိုက်ပါတယ်။

ဒါပေမဲ့လည်း ဆယ်စုနှစ် တခုကြာ အမေရိကန်နဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေကနေ ယဉ်ကျေးတဲ့ ကမ္ဘာကြီးကို ခြိမ်းခြောက်မှု တရပ်လို့ ရည်ညွှန်းသုံးနှုန်းပြီး ဘင်လာဒင်ကို ရှင်းလင်းနိုင်တဲ့အထိ ဆောင်ရွက်နိုင်ခဲ့တာလို့ ပြောဆိုခဲ့တာပါ။

ပါကစ္စတန်နိုင်ငံဟာ အကြမ်းဖက်သမားတွေကို ပြင်းပြင်းထန်ထန် လိုက်လံချေမှုန်းတာမျိုး မရှိဘူးလို့ ဝေဖန်မှုတွေ ရှိနေတာကိုတော့ သူ့တိုင်းပြည် ကိုယ်တိုင်ဟာလည်း အကြမ်းဖက်ဝါဒရဲ့ အကြီးမားဆုံး သားကောင် ဖြစ်နေရတဲ့အကြောင်း သမ္မတ ဇာဒါရီက ၀ါရှင်တန်ပို့စ် သတင်းစာမှာ သဘောထားအမြင် ဆောင်းပါးတစောင် ရေးသား တုံ့ပြန်လိုက်တာ ဖြစ်ပါတယ်။

ဘင်လာဒင်ကို ခြေရာခံနိုင်မယ့် လမ်းစတခုအဖြစ် အမေရိကန် တာဝန်ရှိသူတွေက ပြောဆိုခဲ့တဲ့ အယ်လ်ခိုင်းဒါး အဆက်အသွယ် တယောက်ကို ထောက်လှမ်းရာမှာ အကူအညီ ပေးနိုင်ခဲ့တဲ့အတွက် ပါကစ္စတန်နိုင်ငံ အနေနဲ့ အားရ ကျေနပ်မိတယ်လို့လည်း သူက ပြောဆိုခဲ့တာပါ။

ဘင်လာဒင် သေဆုံးသွားတဲ့နောက် အပြစ်မဲ့သူတွေကို ပစ်မှတ်ထား တိုက်ခိုက်နေသူတွေအပေါ် စစ်ပွဲ ဆင်နွှဲနေတာတွေ အောင်မြင်မှု ရပြီလို့ မဆိုနိုင်ပေမဲ့ ဒီလို အောင်ပွဲခံနိုင်မယ့် အခြေအနေတွေဟာ လက်တကမ်းမှာ ရှိနေပြီလို့လည်း ပါကစ္စတန် သမ္မတက ရေးသားခဲ့တာ ဖြစ်ပါတယ်။

ကမ္ဘာပေါ်မှာ အလိုအရှိဆုံး အကြမ်းဖက်သမား တယောက်ကို ရှာဖွေတွေ့ရှိပြီး သုတ်သင်ခဲ့တဲ့ ပါကစ္စတန် နိုင်ငံမှာတော့ ဒီသတင်းကြောင့် လူထုတွေကြား အံ့အားသင့် တုန်လှုပ်ခဲ့ကြတာဖြစ်ပြီး အစိုးရကတော့ ချက်ချင်း တစုံတရာ မှတ်ချက်မပေးနိုင်ဘဲ ဖြစ်ခဲ့ရပါတယ်။
တဆင့်ကူးယူဇော်ပြပါသည်။
 

ဘင်လာဒင် သေဆုံးမှုဓာတ်ပုံ ထုတ်ပြန်မည်မဟုတ်


ဘင်လာဒင် သေဆုံးမှုဓာတ်ပုံ ထုတ်ပြန်မည်မဟုတ်

By ဗွီအိုအေ (မြန်မာဌာန) ဗုဒ္ဓဟူး, 04 မေ 2011


အမေရိကန် အထူးတပ်ဖွဲ့ဝင်တွေ ပါကစ္စတန် နိုင်ငံထဲကို ၀င်ရောက်ပြီး အယ်လ်ခိုင်းဒါး အဖွဲ့ခေါင်းဆောင် အိုစမာ ဘင်လာဒင် (Osama bin Laden) ကို သုတ်သင်ခဲ့တဲ့ စစ်ဆင်ရေးနဲ့ ပတ်သက်ပြီး ဘင်လာဒင် သေဆုံးတဲ့ ဓာတ်ပုံတွေကို လူအများသိအောင် မထုတ်ပြန်ဖို့ အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) က ဆုံးဖြတ်ခဲ့ပါတယ်။

ဘယ်လိုဓာတ်ပုံတွေကိုမှ ထုတ်ပြန်သွားမှာ မဟုတ်ဘူးလို့ သမ္မတက ဆုံးဖြတ်ခဲ့တဲ့အကြောင်း အိမ်ဖြူတော် ပြောခွင့်ရပုဂ္ဂိုလ် ဂျေ ကာနီ (Jay Carney) က မနေ့က ပြောခဲ့တာပါ။

ဓာတ်ပုံတွေကို ထုတ်ပြန်လိုက်ရင် အမျိုးသား လုံခြုံရေးအတွက် အန္တရာယ် ရှိလာနိုင်ပြီး အကြမ်းဖက်မှုတွေလည်း ပေါ်လာနိုင်တယ်လို့ အိမ်ဖြူတော် ပြောခွင့်ရ ပုဂ္ဂိုလ်က ဆိုပါတယ်။

CBS ရုပ်မြင်သံကြားက သမ္မတ အိုဘားမားနဲ့ မနေ့က အမေးအဖြေ လုပ်တဲ့အခါမှာ ဘင်လာဒင် သေဆုံးမှု ဓာတ်ပုံတွေနဲ့ ပတ်သက်တဲ့ သူ့ရဲ့ ဆုံးဖြတ်ချက်ကို ပြောခဲ့တာပါ။

ဘင်လာဒင်ကို အမေရိကန် တပ်ဖွဲ့တွေ သုတ်သင်နိုင်ခဲ့တယ်ဆိုတာ ဘာသံသယမှ ဖြစ်စရာ မရှိပါဘူးလို့ သမ္မတ အိုဘားမားက ပြောပါတယ်။ ၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၁ ရက်နေ့ တိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး အနောက်ကနေ စီစဉ်ခဲ့တဲ့လူ သေဆုံးခဲ့တာဟာ ဖြစ်သင့်တဲ့ ကိစ္စပဲလို့လည်း ဆိုပါတယ်။

သမ္မတ အိုဘားမားနဲ့ အနီးကပ်ဆုံး အကြံပေးပုဂ္ဂိုလ်တွေထဲက အများစုကလည်း ဘင်လာဒင် သေဆုံးမှု ဓာတ်ပုံတွေကို လုံခြုံရေး အခြေအနေအရ ခွင့်ပြုချက်ရတဲ့ သူတွေကိုပဲ ပြသဖို့ ဆုံးဖြတ်ခဲ့တယ်လို့ အိမ်ဖြူတော် ပြောခွင့်ရပုဂ္ဂိုလ် ဂျေ ကာနီက ဆိုပါတယ်။

ဓာတ်ပုံတွေကို မထုတ်ပြန်ဘူးလို့ ဆုံးဖြတ်တဲ့ကိစ္စ အငြင်းအခုန် ဖြစ်လာနိုင်တယ် ဆိုပေမဲ့လည်း ဘင်လာဒင် သေဆုံးမှု ရုပ်ပုံ အထောက်အထားတွေကို ထုတ်ပြန်သွားမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

ဘင်လာဒင်ကို ၀င်ရောက်စီးနင်းခဲ့တဲ့ ကိစ္စဟာ တရားဥပဒေနဲ့ ညီညွတ်တယ်လို့ အမေရိကန် ရှေ့နေချုပ် အဲရစ် ဟိုလ်ဒါ (Eric Holder) က ပြောထားတဲ့အကြောင်း အိမ်ဖြူတော် ပြောခွင့်ရပုဂ္ဂိုလ်က အကြိမ်ကြိမ် ပြောပါတယ်။

ဘင်လာဒင်က လက်နက်ချ အညံ့ခံရင်တောင် အမေရိကန် တပ်ဖွဲ့တွေက ကမ္ဘာမှာ အလိုရှိဆုံး အကြမ်းဖက်သမားကို အပြစ်ပေး ထောင်ချဖို့ ဖမ်းဆီးကြမှာပဲလို့ ဆိုပါတယ်။ ဘင်လာဒင်ကို သုတ်သင်တာဟာ အမေရိကန် အမျိုးသား လုံခြုံရေးအတွက် ကိုယ့်ကိုယ်ကို ကာကွယ်တာပဲ ဖြစ်တယ်လို့လည်း အမေရိကန် ရှေ့နေချုပ်က ပြောပါတယ်။
တဆင့်ကူးယူဖော်ပြပါသည်။
 

ဘင်လာဒင် စုံစမ်းရေး နိုင်ငံတကာ ပျက်ကွက်မှုအဖြစ် ပါကစ္စတန် အပြစ်တင်



ဘင်လာဒင် စုံစမ်းရေး နိုင်ငံတကာ ပျက်ကွက်မှုအဖြစ် ပါကစ္စတန် အပြစ်တင်

By ဗွီအိုအေ (မြန်မာဌာန) ဗုဒ္ဓဟူး, 04 မေ 2011
ပါကစ္စတန် ၀န်ကြီးချုပ် ယူဆွတ်ဖ် ရာဇာ ဂီလာနီ။
ဓာတ်ပုံ Reuters



ပါကစ္စတန်စစ်တပ် အခြေစိုက်တဲ့မြို့မှာ အိုစမာ ဘင်လာဒင် (Osama bin Laden) နေထိုင်ခဲ့တဲ့အပေါ် ရှင်းလင်းချက်ပေးဖို့ နိုင်ငံတကာက ဖိအားပေးမှုတွေနဲ့ ရင်ဆိုင်နေရတဲ့ တချိန်တည်းမှာပဲ ဘင်လာဒင်ကို အချိန်မီ ဖမ်းဆီးနိုင်ခဲ့ခြင်း မရှိတာဟာ ကမ္ဘာ့ထောက်လှမ်းရေး အဖွဲ့အစည်းတွေမှာလည်း တာဝန်ရှိတဲ့ အကြောင်း ပါကစ္စတန် ၀န်ကြီးချုပ်က ပြောကြားလိုက်ပါတယ်။

ပါကစ္စတန် ထောက်လှမ်းရေးဘက်က ညံ့ဖျင်းမှု ရှိခဲ့တယ်ဆိုရင် အဲဒီညံ့ဖျင်းမှုဟာ တခြား ထောက်လှမ်းရေး အဖွဲ့တွေမှာလည်း တာဝန်ရှိတယ်လို့ ပြောရမှာ ဖြစ်တဲ့အကြောင်း ပါကစ္စတန် ၀န်ကြီးချုပ် ယူဆွတ်ဖ် ရာဇာ ဂီလာနီ (Yousuf Raza Gilani) က ပဲရစ်စ်မြို့မှာ ဗုဒ္ဓဟူးနေ့က ပြောလိုက်တာပါ။

အိုစမာ ဘင်လာဒင် နေထိုင်ခဲ့တဲ့ ပါကစ္စတန်နိုင်ငံ အဘော့တာဘက် (Abbottabad) မြို့ကအိမ်ကို ၀င်စီးပြီး အမေရိကန် ရေတပ် အထူးတပ်ဖွဲ့တွေက ပြီးခဲ့တဲ့ တနင်္လာနေ့က သုတ်သင်ခဲ့ကြတာ ဖြစ်ပါတယ်။

အမေရိကန်ဒေါ်လာ တသန်း လောက် တန်ဖိုးရှိတဲ့ အိမ်ကြီးထဲမှာ ပါကစ္စတန် အာဏာပိုင်တွေရဲ့ အကူအညီနဲ့ သူ အဲဒီမှာနေတယ် ဆိုတာကို မသိဘဲ အယ်လ်ခိုင်းဒါး (al-Qaida) ခေါင်းဆောင် ဘင်လာဒင် ဒီလောက် နှစ်ကြာကြာ ဘာကြောင့် နေနိုင်သလဲ ဆိုတာကို အဖြေပေးဖို့ အမေရိကန် အရာရှိတွေက လိုလားနေကြတာပါ။

ဘင်လာဒင် နေထိုင်ခဲ့တဲ့အိမ်ဟာ ပါကစ္စတန်စစ်တပ်နဲ့ အရမ်းနီးလွန်းနေတာကြောင့် ဘင်လာဒင် အဲဒီမှာ နေတယ် ဆိုတာကို ပါကစ္စတန် ထောက်လှမ်းရေးက သိကိုသိရမယ်လို့ အာဖဂန်နစ္စတန် ကာကွယ်ရေး ၀န်ကြီးဌာန ပြောခွင့်ရ ပုဂ္ဂိုလ်က ပြောပါတယ်။ အဲဒီအိမ်ကိုတော့ ပါကစ္စတန် ရဲနဲ့ စစ်သားတွေက ဗုဒ္ဓဟူးနေ့အထိ ၀ိုင်းရံထားကြတုန်း ဖြစ်ပါတယ်။

ဘင်လာဒင်ကို အကာအကွယ် ပေးခဲ့တယ် ဆိုတာကို ပါကစ္စတန်ဘက်ကတော့ ငြင်းဆိုထားပါတယ်။
တဆင့်ကူးယူဖော်ပြပါသည်။
 

ဘင်လာဒင် သေဆုံးသတင်း ဖော်ပြခွင့်ရ


ဘင်လာဒင် သေဆုံးသတင်း ဖော်ပြခွင့်ရ
ဖနိဒါ | ဗုဒ္ဓဟူးနေ့၊ မေလ ၀၄ ရက် ၂၀၁၁ ခုနှစ် ၂၀ နာရီ ၄၁ မိနစ်
အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်
Buzz

ချင်းမိုင် (မဇ္ဈိမ)။ ။ အမေရိကန် အထူး တပ်ဖွဲ့ဝင်များ စီးနင်း ပစ်ခတ်မှုကြောင့် အယ်လ်ခိုင်းဒါး Al-Quada ခေါင်းဆောင် အိုစမာ ဘင်လာဒင် Osama bin Laden သေဆုံးသည့် သတင်းကို မြန်မာစာပေ စိစစ်ရေးဌာနက အပြည့်အစုံ ဖော်ပြခွင့် ပြုသလို၊ စာဖတ်ပရိသတ် ဝယ်ယူဖတ်ရှုမှု များပြားသည်ဟု ပြည်တွင်းမှ ဂျာနယ် အယ်ဒီတာများက ပြောသည်။

ဘင်လာဒင် သေဆုံးသည့် သတင်းကို စိတ်ဝင်တစား ဖတ်ရှုနေသူတဦး။ ဓါတ်ပုံ - မဇ္ဈိမ။

“သတင်း၊ ဓာတ်ပုံ၊ ဆောင်းပါးတွေ အကုန်ရတယ်။ အိုဘားမား ကြေညာချက်တွေရော။ အမေရိကန်တွေ အောင်ပွဲ ခံတာတွေရော ရေးခွင့်ရတယ်။ နိုင်ငံတကာက စိတ်ဝင်စားတာပဲ။ ခုမှ ပိတ်စရာ အကြောင်း မရှိဘူး” ဟု ရန်ကုန်ရှိ ဝါရင့်အယ်ဒီတာ တဦးက မဇ္ဈိမကို ပြောသည်။

ဗုဒ္ဓဟူးနေ့ထုတ် 7 Days News ဂျာနယ် မျက်နှာဖုံးတွင်လည်း “ဘင်လာဒင် သေပြီ” ဆိုသည့် ခေါင်းစဉ်ဖြင့် ဂျာနယ် မျက်နှာဖုံးတွင် ဖော်ပြခွင့် ရခဲ့သည်ဟု ယင်းဂျာနယ်မှ အယ်ဒီတာ တဦးက ပြောသည်။

“ဘင်လာဒင်နဲ့ ပတ်သက်တဲ့ သတင်းတွေ အားလုံး တင်လို့ ရပါတယ်။ ဖြတ်တာ မရှိပါဘူး။ လူတွေလည်း စိတ်ဝင်စားတော့ မျက်နှာဖုံးမှာ ပုံနဲ့ ဘင်လာဒင်သေပြီ ဆိုပြီးတော့ သူ့အချိန်နဲ့ ကွက်တိ၊ တိုင်းမ်လိုင်း သေချာထည့်လို့ ရတယ်” ဟု သူက မဇ္စျိမကို ပြောသည်။

ထို့ပြင် အင်္ဂါနေ့ထုတ် ပြည်သူ့ခေတ် ဂျာနယ်တွင်လည်း အမေရိကန် သမ္မတ အိုဘားမား၏ ကြေညာချက် “Justice has been done” ဟု ဆိုကာ ရေးသားဖော်ပြခွင့် ရခဲ့သည်။ အထူးသဖြင့် နိုင်ငံတကာ သတင်းဂျာနယ်များလည်း အထူးရောင်းကောင်းသည်ဟု အယ်ဒီတာ တဦးက ဆိုသည်။

ဘင်လာဒင် သေဆုံးသည့် သတင်းသည် ကမ္ဘာ့နိုင်ငံအနှံ့ သတင်းကြီးအဖြစ် ဖြစ်ပေါ်ခဲ့ရာ မြန်မာနိုင်ငံတွင်လည်း ဘင်လာဒင် သေဆုံးသည့် သတင်းကို အထူး စိတ်ဝင်စားနေသည်။

ပြည်တွင်း ဂျာနယ်များတွင် အကြမ်းဖက်သမား ဘင်လာဒင် သေဆုံးသည့် သတင်း အများအပြား ဖော်ပြခွင့် ပေးခြင်းသည် ထူးဆန်းမှု တခုဖြစ်ပြီး၊ လူထု အုံကြွမှုကြီး ဖြစ်ပေါ်လာမည်ကို စိုးရိမ်ခြင်းကြောင့် ဖော်ပြခွင့်ပေးခြင်း ဖြစ်သည်ဟု ဝါရင့် သတင်းစာဆရာကြီး ဦးဝင်းတင်က သုံးသပ်သည်။

“ဗမာပြည်မှာ အကြမ်းဖက် လုပ်ငန်းတွေ ဖြစ်မှာကို စိုးတယ်။ ဒါကို ကြည့်ရင် အစိုးရ အနေနဲ့ သူကျဆုံးသွားတာဟာ အကြမ်းဖက် လုပ်ငန်းကို ဦးဆောင်သူ ကျဆုံးသွားတယ်လို့ သဘောထားပုံရတယ်လို့ ယူဆတယ်။ ဒါကြောင့် ကန့်သတ်တာ မလုပ်ဘဲ ဖွင့်ပေးတာလို့ မြင်တယ်” ဟု သူက မဇ္စျိမကို ပြောသည်။

“ဘင်လာဒင်ကို အသေဖမ်းနိုင်ခဲ့ရင် မြန်မာပြည်က အာဏာရှင်တွေကိုလည်း ဒီအတိုင်းကြည့်နေတော့မှာလား၊ သုတ်တင်နိုင်မှာလား ဆိုတဲ့ သဘောထားတွေ ရှိနေတယ်။ အစိုးရက အရေးယူဆောင်ရွက်မှုတွေ ရှိတယ်ဆိုတာတွေ ပြောနေတဲ့အချိန်မှာ အခုလိုဖော်ပြခွင့်ရလာတော့ ဒါက လူထုစိတ်ဝင်စားမှု ပိုပြီး မြင့်မားစေတယ်လို့ ပြောလို့ရမယ်” ဟု ဦးဝင်းတင်က ဆိုသည်။

ပြီးခဲ့သည့် လပိုင်းအတွင်း ဖြစ်ပွားခဲ့သော တူနီးရှား၊ အီဂျစ်၊ လစ်ဗျား အပါအဝင် အရှေ့အလယ်ပိုင်း နိုင်ငံများတွင် အာဏာရှင် အစိုးရ ဖြုတ်ချရေး လူထုအုံကြွမှုများနှင့် ပတ်သက်သည့် သတင်းများကိုမူ ဖော်ပြခွင့် ပိတ်ပင်ခဲ့သေးသည်။

ဘင်လာဒင် သေဆုံးသည့် သတင်းကို နိုင်ငံတဝှန်းရှိ သတင်းစာမျက်နှာပေါ်တွင် အကျယ်တဝန့် ဆက်တိုက် ဖော်ပြနေသော်လည်း မြန်မာအစိုးရသစ်၏ နိုင်ငံပိုင် သတင်းစာတွင်မူ တရုတ်နိုင်ငံ ဆင်ဟွာသတင်းမှာ ကိုးကား၍သာ ဖော်ပြထားသည်။

အမေရိကန် သမ္မတ အိုဘားမားက ဘင်လာဒင်ကို တနင်္လာနေ့က အမေရိကန် စစ်ဆင်ရေးတခုအတွင်း ပါကစ္စတန်နိုင်ငံ အစ္စလာမာဘတ်မြို့ မြောက်ဘက် အဘော့တဘတ်မြို့ ခြံဝင်းတခုတွင် အသေဖမ်းဆီးမိကြောင်း အိမ်ဖြူတော်တွင် ရုပ်မြင်သံကြားက ကြေညာခဲ့သည်။

ဘင်လာဒင်အား အမေရိကန် အစိုးရက အလိုရှိနေရာမှ ၁ဝ နှစ်ကြာတွင် ခြေရာခံ စုံစမ်းခဲ့ပြီးနောက် အသေ ဖမ်းဆီးရမိလိုက်ခြင်း ဖြစ်သည်။

အမေရိကန်က ဘင်လာဒင်ကို စီးနင်းမှုနှင့် ပတ်သက်၍ ရုပ်ပုံများကို ပြည်သူအများ သိရှိရန် ထုတ်ပြန်သင့်၊ မသင့် စဉ်းစားနေကြောင်း အိမ်ဖြူတော် ပြောခွင့်ရသူ ဂျေကာနီက သတင်းထောက်များကို အင်္ဂါနေ့တွင် ပြောဆိုခဲ့သည်။

တဆင့်ကူးယူဖော်ပြထားပါသည်။
 

စီအိုင်အေနဲ့ ဘင်လာဒင်






စီအိုင်အေနဲ့ ဘင်လာဒင်
Posted by Admin at 6:42 PM Labels: Article, ဆောင်းပါး

ရဲနည်၊ မေ ၄၊ ၂၀၁၁

အမေရိကန် ဗဟိုထောက်လှမ်းရေး အဖွဲ့ စီအိုင်အေ (CIA) ဆို မြန်မာအစိုးရ သတင်းစာအာဘော်တွေအရ ငပွကြီးလို့ပဲ လွယ်လွယ်ကူကူ သမုတ်လိုက်ကြမယ်ဆို မှားမယ်။ တကယ်တော့ နိုင်ငံတိုင်းရဲ့ ထောက်လှမ်းရေး အဖွဲ့ဝင်တိုင်းဟာ အဲဒီ ငပွကြီးတွေလို သိုသိပ်လျှို့ဝှက်ပြီး အန္တရာယ်များတဲ့ ကြိုးတန်းလမ်းလျှောက်သူလို လူတွေချည်းပါ။ ကိုယ့်ဘဝကိုယ်မပိုင်တဲ့ နိုင်ငံ့ဝန်ထမ်းတွေထဲမှာ သူတို့ဘဝဟာ လူအများ အမြင်မှာ လူဆိုးဖြစ်ချင်ဖြစ်၊ တခါတရံ သူရဲကောင်း ဖြစ်ချင်ဖြစ်လိုက်နဲ့။

လက်တလော ကမ္ဘာ့သတင်းတွေရဲ့ ထိပ်တန်းဖြစ်တဲ့ အယ်လ်ကေးဒါး အကြမ်းဖက်အုပ်စုရဲ့ ခေါင်းဆောင်ကြီး အိုစမာ ဘင်လာဒင်ကို ပါကစ္စတန် တောင်ခြေမြို့ အဘော့တာဘက်မြို့မှာ အမေရိကန် လက်ရွေးစင် အထူးတပ်ဖွဲ့က သတ်ဖြတ်နှိမ်နှင်းလိုက်နိုင်မှုမှာ စီအိုင်အေရဲ့လက်စွမ်းဆိုတာ သိတဲ့အတွက် အမေရိကန်လူထုအကြား သူရဲကောင်းတွေအဖြစ် ချီးမွမ်းကြသူ များလာမလားပဲ။

9/11 နောက်ပိုင်းကတည်းက ဘင်လာဒင်နောက် အသည်းအသန် ခြေရာခံလိုက်ခဲ့ကြတဲ့ စီအိုင်အေတွေဟာ နောက်ဆုံး သတင်းရချင်တော့ ဘင်လာဒင် အယုံကြည်ဆုံး ဆက်သားတွေထဲက တယောက်ရဲ့ တယ်လီဖုန်း ဆက်သွယ်မှုကို ကြားဖြတ်နားထောင်ရာက အစပြုပါတယ်။ (သူများဖုန်း ကြားဖြတ်နားထောင်တာ အခြေခံဥပဒေအရ လူပုဂ္ဂိုလ်တဦးချင်းစီရဲ့ လွတ်လပ်ခွင့်နဲ့ လုံခြုံရေးကို ချိုးဖောက်တယ်လို့ ပြောဆိုဝေဖန်ချက်တွေတော့ရှိတယ်။)

ဘင်လာဒင်နောက်လိုက်တဲ့ စီအိုင်အေအရာရှိတွေက အေပီသတင်းဌာနကို ပြောကြားချက်အရ ဘင်လာဒင်ရဲ့ ပျော့ကွက်ဟာ သူ့ဆက်သားတွေပေါ်မှာ မူတည်နေသတဲ့။ ဘင်လာဒင်ရဲ့ ဆက်သွယ်ရေးလမ်းကြောင်းဟာ သူ့ဘဝနဲ့ရင်းပြီး ယုံကြည်ရတဲ့ ဆက်သားတွေပဲ ဖြစ်တယ်လို့ဆိုတယ်။


9/11 ဖြစ်ပြီး များမကြာမီ မိလာတဲ့ အထိန်းသိမ်းခံတွေရဲ့ ဖြောင့်ချက်တွေအရ အဘူအာမက် အဲလ်ကူဝိတ်တီ ဆိုတဲ့ နာမည်ဝှက်နဲ့ ဘင်လာဒင်ရဲ့လူယုံကို စီအိုင်အေတွေ သိလာခဲ့တယ်။ အယ်လ်ကေးဒါးအဖွဲ့ရဲ့ နံပါတ်သုံးခေါင်းဆောင် ခါလစ်ရှိတ် မိုဟာမက်ကို စီအိုင်အေက မိတဲ့အခါလည်း ကူဝိတ်တီကိုသိကြောင်း၊ ဒါပေမယ့် အယ်လ်ကေးဒါးနဲ့ ဘာမှမဆိုင်ကြောင်း ထွက်ဆိုတယ်။


ဂွာတာနာမို အကျဉ်းထောင် စခန်းတွင်း မြင်ကွင်း

၂၀၀၄ ခုနှစ် အယ်လ်ကေးဒါးရဲ့ ထိပ်တန်းစစ်ဦးစီးမှူး ဟက်ဆမ်ဂူးလ်ကို အီရတ်မှာဖမ်းမိတော့ သူက ကူဝိတ်တီဟာ ဆက်သားလုပ်တယ်လို့ ဆိုတယ်။ အတိအကျဆိုရရင် ခါလစ်ရှိတ် မိုဟာမက်ရဲ့ နံပါတ်သုံးနေရာကို ဆက်ခံတဲ့ ဖာရက်ဂ်ျ အယ်လီဘီနဲ့ နီးစပ်တယ်လို့ ဆိုတယ်။ အဲဒီသတင်းဟာ စီအိုင်အေအတွက်တော့ ရွှေပေါ့။

၂၀၀၅ မှာ ဖာရက်ဂ်ျ အယ်လီဘီကို ဖမ်းမိတယ်။ စီအိုင်အေ စုံစမ်းစစ်ဆေးရေးမှာ သူက သူ့ကိုရာထူးတိုးပေးတာ လာပြောသူရှိကြောင်း၊ ဒါပေမယ့် တခြားနာမည်တခုကို လိမ်ညာပြောဆိုပြီး ကူဝိတ်တီကို မသိကြောင်း ဆိုပါတယ်။ စီအိုင်အေအရာရှိတွေ ကောက်ချက်ချတာကတော့ ခါလစ်ရှိတ် မိုဟာမက်နဲ့ ဖာရက်ဂ်ျ အယ်လီဘီတို့ နှစ်ယောက်စလုံးဟာ အယ်လ်ကေးဒါးအတွက် အလွန်အရေးကြီးတဲ့ ကူဝိတ်တီဆိုတဲ့ ဆက်သားတယောက်ကို ဖုံးကွယ်နေကြတယ် ဆိုတာပါပဲ။ ဒီလူ့ကိုတွေ့ရင် ဘင်လာဒင်ကို တွေ့ရမယ်ဆိုပါတော့။

တကယ်တမ်းလည်း ကမ္ဘာတလွှား ဖြန့်ကြက်ချထားခဲ့တဲ့ နာမည်ဆိုးနဲ့ ကျော်ကြားခဲ့တဲ့ စီအိုင်အေရဲ့ လျှို့ဝှက်စစ်ဆေးရေး အကျဉ်းစခန်းတွေက ဒီလိုသတင်းတွေ ရခဲ့တာပါ။ အမေရိကန်သမိုင်းမှာ မသုံးခဲ့ဘူးတဲ့ ညဉ်းပမ်းနှိပ်စက်နည်းတွေကို သုံးတယ်ဆိုပြီး ဝေဖန်စုံစမ်းစစ်ဆေးမှုတွေ အများပြည်သူရှေ့မှာ ကြားနာရတဲ့အထိပါပဲ။ “ကျနော်တို့ အလူးအလဲပေါ့။ ဒါပေမယ့် ဒီလိုလုပ်ခဲ့လို့လည်း အခုလိုနေ့မျိုးကို ရောက်လာခဲ့တာပဲ” လို့ စီအိုင်အေ အရာရှိဟောင်း မာတီမာတင်က အေပီသတင်းဌာနကို ပြောပါတယ်။

အယ်လ်ကေးဒါး နံပါတ်သုံးခေါင်းဆောင်ဟာ ရေမွန်းအောင်နှိပ်စက်ပြီး မေးတုန်းက ကူဝိတ်တီအကြောင်းပြောဖို့ ငြင်းပါတယ်။ တန်ဖိုးရှိတဲ့သတင်းတွေကိုရဖို့ ညဉ်းပမ်းနှိပ်စက်ကောင်း နှိပ်စက်ရမယ်လို့ စီအိုင်အေက တဖက်၊ ဒါဟာ လူမဆန်တဲ့ အကြမ်းဖက်လုပ်ရပ်လို့ ဆိုသူတွေကတဖက် အပြင်းအထန် ငြင်းခုန်ကြပြီးနောက်ပိုင်း စီအိုင်အေက ပုံမှန်စုံစမ်းစစ်ဆေးရေးတွေ ပြန်ဝင်လို့ လတော်တော်ကြာမှ ကူဝိတ်တီအကြောင်း ပြောပါတယ်။

အဲဒီတော့မှ ဒီနာမည်ဝှက်နဲ့လူရဲ့ အမည်အရင်းဟာ ရှိတ်အဘူအာမက်လို့ စီအိုင်အေက ဖော်နိုင်တော့တယ်။ ကူဝိတ်မှာမွေးတဲ့ ပါကစ္စတန်သား ဆိုတာကလွဲလို့ သူဘယ်မှာလဲဆိုတာ မသိဘူး။ ပိုပြီးခေါင်းစားစေတာက တခြား ဖမ်းဆီးထိန်းသိမ်းခံတွေက အဲဒီလူဟာ အယ်လ်ကေးဒါးရဲ့ အလယ်အလတ်ခေါင်းဆောင်အဆင့်ပဲရှိပြီး အဖွဲ့ဝင်တွေနဲ့ သူတို့မိသားစုတွေကို စောင့်ရှောက်သူအရာပဲ ထားပြောနေကြတာပါပဲ။ ဂွာတာနာမို အကျဉ်းစခန်း မှတ်တမ်းတွေအရ အမေရိကန်တပ်တွေ အာဖဂန်နစ္စတန်ကို ဝင်တဲ့အခါ ဒဏ်ရာရပြီး သူ့လက်ပေါ်မှာ သေသွားတယ်လို့ အကျဉ်းသားတယောက်က ဆိုကြောင်းလည်း သိရပါတယ်။

ကံကောင်းတယ်ဆိုရမလား။ စီအိုင်အေ အရာရှိတယောက်ရဲ့အဆိုကို အေပီက သတင်းပေးပို့ချက်အရ ၂၀၁၀ နှစ်လယ်မှာ စီအိုင်အေက စောင့်ကြည့်နေသူတဦးရဲ့ ဖုန်းဆက်သွယ် ပြောဆိုမှုကနေ ရှိတ်အဘူအာမက်ကို ခြေရာခံမိကြောင်း သိရတယ်။ အဲဒီဖုန်းစကားပြောဆိုမှုတွေထဲမှာ အာမက်ဟာ ဘင်လာဒင်ရဲ့ အဝေးမှာလို့ ဆိုပါတယ်။ စီအိုင်အေက ဒီလောက်ဆို အာမက်ဘယ်မှာလဲဆိုတာနဲ့ သူ့ကို ဆက်စောင့်ကြည့်ဖို့ လုံလောက်သွားပါပြီ။

၂၀၁၀ သြဂုတ်လထဲမှာတော့ အာမက်ဟာ ဖာရက်ဂ်ျ အယ်လီဘီလည်း တချိန်ကနေခဲ့ဖူးတဲ့ အဘော့တာဘက်မြို့ကို သွားခဲ့ပြီး ၁၈ ပေအမြင့်ရှိတဲ့ အုတ်တံတိုင်းတွေ ကာရံထားတဲ့ အဆောက်အဦထဲ ဝင်သွားခဲ့တယ်။ စီအိုင်အေတွေ ဒီအိမ်ကို မျက်မှန်းတန်းနေတာတော့ ကြာပါပြီ။ ဒါပေမယ့် ဘင်လာဒင်ဟာ လက်နက်ကိုင် အစောင့်အကြပ်တွေ အများကြီးနဲ့ နေလိမ့်မယ်လို့ ထင်ခဲ့တာ။ ခုတော့ ဘာအစောင့်အရှောက်မှ မရှိပါဘူး။

တကယ်တမ်းလည်း လူအဝင်အထွက် လုံးဝမရှိပါဘူး။ တယ်လီဖုန်းနဲ့ အင်တာနက်လည်း လုံးဝမရှိပါဘူး။ ဒီလိုနဲ့ နောက်ဆုံးတော့ စီအိုင်အေဟာ ဘင်လာဒင် အခုလို ဗြောင်ပုန်းနေမယ်လို့ ကောက်ချက်ချ ယုံကြည်လာခဲ့တယ်။ ဒါပေမယ့် လုံခြုံရေးဂိတ် နှစ်ဂိတ်စလုံးကနေ ဘင်လာဒင်လိုလူ အထွက်မရှိခဲ့သလို ဘယ်သူမှလည်း ဝင်လာတာမရှိတော့ မသေချာဘူး ဖြစ်နေရတယ်။


ပါကစ္စတန်က ဘင်လာဒင် ပုန်းအောင်းနေထိုင်ခဲ့ရာ အဆောက်အအုံ

မသေချာမှုတွေ ရှိနေပေမယ့် စီအိုင်အေအရာရှိတွေက ဘင်လာဒင်ကိုရဖို့ ဒီနေရာဟာ အကောင်းဆုံး အခွင့်အရေးလို့ ယုံကြည်ခဲ့ကြပါတယ်။ ဒီအကြောင်းကိုလည်း ဗြိတိန်၊ ကနေဒါ၊ သြစတြေးလျစတဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေး စစ်ပွဲမှာ အတူတူတွဲတိုက်နေကြတဲ့ လုပ်ဖော်ကိုင်ဖက်တွေကိုတောင် တလုံးတပါဒ ပြောဆိုခြင်း မရှိခဲ့ပါဘူး။ ဒီနှစ် ဖေဖော်ဝါရီ လလယ်မှာတော့ ဒီခြံထဲမှာ အကောင်ကြီးကြီးတကောင် ရှိနေတယ်လို့ အမေရိကန်အစိုးရ အရာရှိတွေကို တင်ပြကြတဲ့အခါ သမ္မတ အိုဘားမားက အရေးယူဆောင်ရွက်မှု လုပ်ချင်ကြောင်း ဆိုတယ်။

သမ္မတ အိုဘားမားရဲ့ အကြမ်းဖက် တိုက်ဖျက်ရေးဆိုင်ရာ ထိပ်တန်းအကြံပေးအရာရှိ ဂျွန်ဘရန်နန်က မေ ၂ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ “သူတို့တွေ ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိကြတယ်။ သူတို့ရဲ့ယုံကြည်မှုက ပိုကြီးလာခဲ့တယ်။ ဒီကိစ္စဟာ အခြားကိစ္စတွေနဲ့မတူ ထူးခြားနေတယ်။ အခု ကျနော်တို့တွေ့နေရတဲ့ ဒီခြံဟာ ကျနော်တို့ မြင်ဖူးခဲ့တဲ့ ဘယ်အရာနဲ့မှမတူ တမူထူးခြားနေခဲ့တယ်။ ဆိုတော့ အရေးယူဆောင်ရွက်မှု တခုခုလုပ်မှရမယ်ဆိုတဲ့ အခြေခံသဘောတူညီချက်တခု ကျနော်တို့ ရခဲ့တယ်” လို့ ဆိုခဲ့တယ်။

အရေးယူဆောင်ရွက်ရာမှာ အကန့်အသတ်တွေရှိတယ်။ ဒီအိမ်ဟာ အချုပ်အခြာ အာဏာပိုင်နိုင်ငံတခုရဲ့ မြေပေါ်မှာ တည်ရှိနေတာဖြစ်တယ်။ တကယ်လို့ လေကြောင်းက တိုက်ခိုက်တာဖြစ်စေ၊ ဘင်လာဒင် အိမ်ထဲမှာ မရှိခဲ့ရင်ဖြစ်စေ၊ သံတမန်ဆိုင်ရာ ပြသနာအကြီးအကျယ် ပေါ်မှာဖြစ်တယ်။ သမ္မတအိုဘားမားဟာ ရရှိလာတဲ့ သတင်းတွေရဲ့ ခိုင်မာမှုအပေါ် အကြိမ်ကြိမ်အဖန်ဖန် ပြန်လည်သုံးသပ်ခဲ့တယ်။ ဒီကိစ္စအပေါ် ဆုံးဖြတ်ရတာဟာ ဘယ်လောက်ခဲယဉ်းပြီး အန္တရာယ်များတယ်ဆိုတာ လူတိုင်းက နားလည်နိုင်ပါလိမ့်မယ်လို့ ဘရန်နန်က ဆိုတယ်။

သမ္မတ အိုဘားမားဟာ အမေရိကန်ရေတပ်ရဲ့ အထူးတပ်ဖွဲ့ နံပါတ် (၆) က တပ်ဖွဲ့ဝင် နှစ်ဒါဇင်ကို ဝင်ရောက်စီးနင်းရာမှာ အသုံးပြုဖို့ အမိန့်ပေးခဲ့တယ်။ အာဖဂန်နစ္စတန် အရှေ့ပိုင်း ဂျလာလာဘက်မှာ အခြေစိုက်တဲ့ ရဟတ်ယာဉ်နှစ်စင်းဟာ မေလ ၂ ရက် အာရုဏ်မတက်ခင် စတင်ပျံသန်းခဲ့တယ်။ ရဟတ်ယာဉ်တွေ ပါကစ္စတန်လေပိုင်နက်ကို ဖြတ်သန်းဝင်ရောက်ရာမှာ ပါကစ္စတန်ရဲ့ ရေဒါစနစ်ကို ကျော်လွှားနိုင်ဖို့ အင်မတန်အဆင့်မြင့်တဲ့ နည်းပညာကို အသုံးပြုခဲ့တယ်လို့ အမေရိကန်အရာရှိတဦးက အေပီသတင်းဌာနကို ပြောပါတယ်။

ဒီစစ်ဆင်ရေးဟာ စပြီဆိုကတည်းက လက်နက်မချဘူးဆိုရင် အသေပစ်သတ်ဖို့ တရားဝင်အမိန့် ပါခဲ့ပြီးဖြစ်တယ်လို့ အမေရိကန်အရာရှိနှစ်ဦးက အေပီသတင်းဌာနကို အတည်ပြုပြောခဲ့တယ်။ ရဟတ်ယာဉ်တွေ ရည်ရွယ်ချက်အတိုင်း ခြံဝင်းကိုကပ်နိုင်ခဲ့ပြီး အထူးတပ်ဖွဲ့ဝင်တွေကို ချပေးနိုင်ခဲ့တယ်။ အဲဒီအချိန်အထိ ခုခံမှုမရှိခဲ့ဘူး။ ဒါပေမယ့် တပ်ဖွဲ့ဝင်တွေ မြေကြီးပေါ်ရောက်ပြီးပြီးချင်း ရဟတ်ယာဉ်တစင်း ပြဿနာပေါ်ပြီး ပျက်ကျခဲ့တယ်။ ဘာကြောင့်ဆိုတာ အခုထက်ထိ မရှင်းသေးပါဘူး။ တပ်ဖွဲ့ဝင်တဦးတယောက်မှ အထိအခိုက်မရှိခဲ့ဘူး။ စစ်ဆင်ရေး ဆက်လုပ်တယ်။


မိနစ် ၄၀ ကြာ စစ်ဆင်ရေးကို တိုက်ရိုက်စောင့်ကြည့်နေတဲ့ အိုဘားမား အစိုးရအဖွဲ့

စီအိုင်အေနဲ့ သမ္မတအိမ်ဖြူတော်တို့ဟာ အဲဒီစစ်ဆင်ရေးကို ဂြိုလ်တုဆက်သွယ်ရေးကတဆင့် တိုက်ရိုက်စောင့်ကြည့် ညွှန်ကြားနေခဲ့တယ်။ တပ်ဖွဲ့ဝင်တွေ တဆင့်ပြီးတဆင့် တခန်းဝင်တခန်းထွက် ရှင်းလင်းရေးလုပ်တယ်။ နောက်ဆုံးမှာတော့ သေနတ်သံထွက်ပေါ်လာပြီး တိုက်ပွဲဖြစ်တယ်။ အိမ်ဖြူတော်ရဲ့ နောက်ဆုံး သတင်းထုတ်ပြန်ချက်အရ ဘင်လာဒင်၊ ဘင်လာဒင်ရဲ့သား၊ ဘင်လာဒင်ရဲ့ ဆက်သား ကူဝိတ်တီ၊ ကူဝိတ်တီ မိန်းမနဲ့ ကူဝိတ်တီ ညီအစ်ကိုတယောက် ပေါင်း လူ ၅ ဦး ပစ်သတ်ခံခဲ့ရတယ်။ အမေရိကန် စစ်သားက ပစ်လိုက်တဲ့ကျည်ဆံဟာ ဘင်လာဒင်ရဲ့ ဦးခေါင်း ဘယ်ဖက်မျက်လုံးကို ဖောက်ပြီး ဝင်သွားကြောင်း အမေရိကန်အရာရှိတဦးက ဆိုတယ်။

ဘင်လာဒင်ရဲ့ ရုပ်အလောင်းကို ချက်ချင်း DNA စစ်တော့ တရာ ရာခိုင်နှုန်းနီးပါး သေချာကြောင်း အမေရိကန် အစိုးရအရာရှိများက အတည်ပြုပြောဆိုတယ်။ သူ့ရဲ့ အရပ်အမောင်းနဲ့ အသွင်အပြင်ကလည်း ဘင်လာဒင်ဖြစ်ကြောင်း ပြဆိုနေတယ်လို့ သိရတယ်။ အမေရိကန် တပ်ဖွဲ့ဝင်တွေဟာ ခြံဝင်းကို ဆက်ရှင်းလင်းရေး လုပ်ခဲ့တယ်။ ခြံဝင်းထဲမှာ ရှိနေတဲ့ ကလေးနဲ့ မိန်းမတွေအပြင် ရှာဖွေတွေ့ရှိခဲ့တဲ့ စာရွက်စာတမ်းတွေ ကွန်ပျူတာ Hard Drive တွေ၊ DVD တွေနဲ့ ဘင်လာဒင် ရုပ်အလောင်းက ရှာဖွေတွေ့ခဲ့တဲ့ ဖုန်းနံပါတ်တွေကို သိမ်းဆည်းပြီး အမေရိကန် တပ်ဖွဲ့ဝင်တွေ ပြန်ထွက်နိုင်ခဲ့တယ်။ စုစုပေါင်း စစ်ဆင်ရေးကာလ မိနစ် ၄၀ ပဲ ရှိတယ်လို့ အမေရိကန်အရာရှိတွေက ဆိုတယ်။

ဘင်လာဒင်ရဲ့ ရုပ်အလောင်းကို မြောက် အာရေဘီယံ ပင်လယ်ထဲမှာ အခြေစိုက်ထားတဲ့ အမေရိကန် လေယာဉ်တင် သင်္ဘော USS Carl Vinson ဆီ သယ်ယူလာခဲ့ပြီး အစ္စလာမ် ထုံးတမ်းနဲ့အညီ ရေချခဲ့တယ်လို့ အမေရိကန်အရာရှိတွေက ပြောပါတယ်။ အမေရိကန်သမ္မတ အိုဘားမားက စစ်ဆင်ရေးအပြီး မိန့်ခွန်းပြောခဲ့ရာမှာတော့ “ဒီနေ့ဟာ အမေရိကန်အတွက် ကောင်းသောနေ့ တနေ့အဖြစ် အားလုံးက သဘောတူနိုင်မယ်လို့ ကျနော်ယူဆပါတယ်” တဲ့။
ဧရာဝတီ ဘလော့မှတဆင့်ကူးယူဖော်ပြထားပါသည်။
 

ဘင်လာဒင် သေပြီ





ဘင်လာဒင် သေပြီ
Posted by Admin at 12:25 PM Labels: News, သတင်း

အကြမ်းဖက်သမားတို့ရဲ့ ထိပ်သီးဆရာကြီးဖြစ်တဲ့ အိုစမာ ဘင်လာဒင်ဟာ သေပြီလို့ အမေရိကန် သမ္မတ အိုဘားမားက မနေ့ညက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ဘင်လာဒင်ကို ရေကုန်ရေခမ်း ခြေရာခံ လိုက်နေရာကနေ ၁၀ နှစ်အကြာမှာ အသေဖမ်းမိတာ ဖြစ်ပါတယ်။

ပါကစ္စတန်နိုင်ငံ မြို့တော် အစ္စလာမာဘတ်အနီးမှာ အမေရိကန် တပ်တွေက ဘင်လာဒင်ကို အသေဖမ်းမိခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

မစ္စတာ အိုဘားမားက ဘင်လာဒင် သေဆုံးတာနဲ့ ပတ်သက်လို့ “အယ်လ်ကေးဒါးတွေကို နှိမ်နင်းဖို့ ကျနော်တို့နိုင်ငံက ကြိုးပမ်းတဲ့နေရာမှာ ထူးကဲတဲ့ အောင်မြင်မှု တခုပါပဲ” လို့ ပြောပါတယ်။

ဘင်လာဒင်ကို အသေဖမ်းမိကြောင်း သမ္မတအိုဘားမားက ကြေညာပြီးနောက် သမ္မတ အိမ်ဖြူအနီးမှာ စုဝေး အောင်ပွဲခံနေတဲ့ အမေရိကန်များ (ဓာတ်ပုံ - Getty Images)

ဘင်လာဒင်ကို အသေဖမ်းမိပြီးနောက် လက်စားချေ တိုက်ခိုက်တာတွေ ဖြစ်လာနိုင်တဲ့အတွက်လည်း ကမ္ဘာတဝှမ်းက အမေရိကန် နိုင်ငံသားတွေနဲ့ အဖွဲ့အစည်းတွေကို တပ်လှန့်ထားပါတယ်။

အိုစမာဘင်လာဒင် ကို ၁၉၅၇ ခုနှစ်မှာ ဆော်ဒီအာရေဗျနိုင်ငံ ရီယာဒ်မြို့တွင် မွေးဖွားခဲ့ပြီး ဖခင်မှာ မိုဟာမက်ဘင်လာဒင် ဆိုသူ ဆော်ဒီအာရေဗျ ဆောက်လုပ်ရေး လုပ်ငန်း ကုမ္ပဏီသူဌေးကြီး ဖြစ်ပါတယ်။ မိခင်မှာ ဆီးရီးယားနိုင်ငံသူ ဖြစ်ပါတယ်။

၂၀၀၁ စက်တင်ဘာမှာ အယ်လ်ကေးဒါးတွေက လေယာဉ်တွေကို ပြန်ပေးဆွဲပြီး ဝေါထရိတ်စင်တာနဲ့ ပင်တဂွန်ပေါ် အသေခံ တိုက်ချခဲ့လို့ လူပေါင်း ၃၀၀၀ ကျော် သေဆုံးခဲ့ပါတယ်။ ဒီအကြမ်းဖက်မှုအပြီး အယ်လ်ကေးဒါးတို့ရဲ့ ဆရာကြီးဖြစ်တဲ့ ဘင်လာဒင်ကို အမေရိကန်က အသေရရ အရှင်ရရ လိုချင်နေခဲ့ပါတယ်။

တဆင့်ကူးယူဖော်ပြထားပါသည်။