မကွေးဆရာတော်ဘုရားကြီး၏ အန္တိမဈာပန





မကွေးဆရာတော်ဘုရားကြီး၏ အန္တိမဈာပန

မကွေးမြို့ မဟာဝိသုတာရာမ စာသင်တိုက်(တောင်စာသင်တိုက်) မှ ဆရာတော် ဦးသာသန ထံလျှောက်ထားမေးမြန်းခဲ့ရာ..။
နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ ဥက္ကဋ္ဌ၊ နိုင်ငံတော် ပရိယတ္တိ သာသနာ့တက္ကသိုလ် များ၏ အဓိပတိ၊ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ၊ မကွေးတိုင်း မကွေးမြို့ မဟာဝိသုတာရာမ တိုက်သစ်ကြီး၏ ဦးစီးပဓာန နာယကဆရာတော်ကြီး၊ သက်တော်(၈၈)နှစ်၊ သိက္ခာတော်(၆၈)၀ါရှိ၊ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇ အဂ္ဂမဟာသတ္တမဇောတိက၊ ဘဒ္ဒ န္တ ကုမာရ ဆရာတော်ကြီး၏ အန္တိမဈာပန ပူဇော်ပွဲအား (၁၃၇၁ ခု၊တန်ခူးလကွယ်နေ့၊ ၁၂-၄-၂၀၁၀) နေ့တွင် ကျင်းပပြုလုပ်ပါမည်။ (၄-၄-၂၀၁၀) မှစ၍ ညစဉ်ညတိုင်း တရားပွဲများကို ပူဇော်ကျင်းပသွားမည်ဖြစ်ကြောင်း သိရှိခဲ့ပါသည်။
အနယ်နယ် အရပ်ရပ်မှ တပည့်သံဃာတော်များ၊ ဒယိကါ၊ ဒယိကါမများနှင့် အလှူရှင်များအနေဖြင့် အသေးစိတ် သိရှိလှူဒါန်းဆက်သွယ်လိုပါလျှင် မကွေးမြို့၊ မဟာဝိသုတာရာမ တိုက်သစ်၊ ဖုန်းနံပါတ်( ၀၆၃-၂၃၇၅၅ နှင့် ၀၆၃-၂၆၈၈၁ )သို့ ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ကြပါကြောင်း ဆရာတော်ဦးသာသန ထံမှ သတင်းအတည်ပြုရရှိခဲ့ပါသည်။

ရွှေလမ်းငွေလမ်းဝင်းကြည်
မကွေးမြို့။
၃၀-၃-၂၀၁၀ ၊ ည(၁၀း၁၀)နာရီ၊ ရေး၏။
 

မကွေးဆရာတော်ဘုရားကြီး၏ ရုပ်ကလပ် မကွေးသို့ပြန်ကြွလာခြင်း








မကွေးဆရာတော်ဘုရားကြီး၏ ရုပ်ကလပ် မကွေးသို့ပြန်ကြွလာခြင်း

၂၀၁၀ ခု၊ မတ်လ(၃၀)ရက်၊ နေ့လည်(၁း၁၅)နာရီအချိန်တွင် မကွေးလေဆိပ်သို့ မြန်မာ့လေကြောင်း လေယာဉ်ဖြင့် မကွေးဆရာတော်ဘုရားကြီး ဦးကုမာရ ၏ရုပ်ကလပ်အား ပင့်ဆောင်ရောက်ရှိလာပါသည်။ မကွေးလေဆိပ်တွင် တပည့် ဆရာတော်သံဃာတော်များ၊ မကွေးတိုင်း စစ်ဖက်၊နယ်ဖက်မှ ဒေသခံအာဏာပိုင်များ ဌါနဆိုင်ရာအကြီးအကဲများ၊နှင့် တပည့်ဒကာ၊ဒကာမများ၊ လူမှုရေးအသင်းအဖွဲ့များမှ ၀မ်းနည်းစွာကြိုဆိုကန်တော့ကြပါသည်။ မကွေးလေဆိပ်မှ ဆရာတော်ဘုရားကြီး၏ ကျောင်းတော် မဟာဝိသုတာရာမ စာသင်တိုက်( တောင်စာသင် တိုက်)သို့ နေ့လည်(၂း၁၆)နာရီတွင် ပင့်ဆောင်ရောက်ရှိလာကြောင်း သတင်းရရှိခဲ့ပါသည်။

သတင်းဓာတ်ပုံများ(၆)ပုံ၊ ဓာတ်ပုံမှတ်တမ်း ( နေခြည်-မကွေး)

မှတ်ချက်။ ။ ဆရာတော်ကြီး၏ ဘုန်းကြီးပျံပွဲ အစီအစဉ်အပြည့်အစုံအား သတင်းရရှိ ပြီး အတည်ပြုချက် ရလျှင် ဆက်လက်တင်ပါမည်။

ရွှေလမ်းငွေလမ်းဝင်းကြည်
မကွေးမြို့။
၃၀-၃-၂၀၁၀၊ ညနေ(၄)နာရီတွင် သတင်းတင်၏။
 

“ဧည့်သည်ကြီး”


ပြည်သူချစ်သော ကဗျာဆရာတင်မိုး(၁၉၃၃-၂၀၀၇)
ကွယ်လွန်ခြင်း ၁ နှစ်ပြည့်အထိမ်းအမှတ် အမှတ်တရစာအုပ်မျက်နှာဖုံး…
အဖုံးဒီဇိုင်းကို ကိုမျိုးက ရေးဆွဲပေးပို့ထားခြင်းဖြစ်ပါတယ် (http://www.moethaukkye.co.cc)

ဘ၀ထဲက ရတနာ၊ ရင်ထဲက ကဗျာ (၁)

“ဧည့်သည်ကြီး”

ဆေးလိပ်လည်းတို
နေလည်းညိုပြီ
ငါ့ကို ပြန်ပို့ကြပါလေ။


ဒီကဗျာလေးကိုတော့ မှတ်မိကြတဲ့သူ တော်တော်လေးများတယ်။ စိတ်လဲဝင်စားကြတယ်။ ကဗျာရဲ့ အဓိပ္ပာယ် ဘာလဲလို့ မေးခွန်းတွေ ခဏခဏမေးကြတယ်။ ကျနော်ကလဲ မဖြေတတ်ဘူး။ ဒီကဗျာ ရေးမိပုံကလေးကို ပြောပါရစေအုံး။
၁၉၅၉ ခုနှစ်ဆန်းပိုင်းက ကဗျာဆရာဝင်းကြွယ်ရယ်၊ ဆရာမောင်စွမ်းရည်ရယ်၊ မုံရွာချောင်းဦးသား မောင်စောလွင် (အခုရှေ့နေကြီး) ရယ်၊ ရေစကြိုသား ကိုတင်အောင် (မန္တလေးမျိုးညွန့်ကြက်ခြံ) ရယ်၊ ကျနော်ရယ် မန္တလေးမီးရထားဘူတာဝင်းအရှေ့ဘက် ဟော်ကုန်းရပ်ကွက်ထဲမှာ အိမ်ခန်းငှားပြီး နေကြ တယ်။ အဲဒီတုန်းက ကျနော်တို့တတွေဟာ မန္တလေးတက္ကသိုလ်မှာစာသင်နေကြတဲ့ ကျောင်းသားတွေပေါ့။
ကျနော်တို့နေတဲ့အိပ်ခန်းက နှစ်ထပ်အိမ်အပေါ်ထပ်မှာ၊ အောက်ထပ်မှာက မန္တလေးဆေးတက္ကသိုလ်က ဆေးကျောင်းသားတွေနေကြတယ်။ မြင်းခြံသားထွန်းကြည်တို့၊ ညွန့်ဦးတို့တတွေ အခုတော့ မန္တလေးက ဆရာဝန်ကြီးတွေဖြစ်နေကြပြီ ထင်ပါရဲ့။
ကျောင်းတက်တယ်ဆိုပေမယ့် မှန်မှန်မတက်ဖြစ်ပါဘူး။ ကျောင်းဘက်သွားပြီး သူငယ်ချင်းတွေနဲ့ လက်ဖက်ရည်ဆိုင်ထိုင်၊ စကားတွေပြော၊ ဒါလောက်ပါပဲ။ အဲဒီတုန်းက ကဗျာဆရာဝင်းကြွယ် (အခုသင်္ဘောကပ္ပတိန် ခင်မောင်ဝင်း) က မန္တလေးတက္ကသိုလ် နှစ်ပတ်လည်မဂ္ဂဇင်း အတွင်းရေမှူး၊ ကျနော်ကလဲ ဖန်မီးအိမ်ကဗျာစာအုပ်ထုတ်ဖို့ ပြင်ဆင်နေတုန်းမို့ ၀င်းကြွယ်က ပုံနှိပ်တိုက်၊ ဘလောက်တိုက်နဲ့ဆိုင်တဲ့ အကူအညီပေးတယ်။
သူငယ်ချင်းမောင်သိန်းနိုင် (ဂုဏ်ထူးဦးသိန်းနိုင်) က ရွှေမန်းတက္ကသိုလ်ဝင်း ကျောင်းဘော်ဒါဆောင်မှာ နေတယ်။ စိန်မြင့် (မောင်မိုးသူ) က နှစ်လည်မဂ္ဂဇင်းအယ်ဒီတာ၊ သူက မန္တလေးဥယျာဉ်တန်းမှာနေတယ်။ ကြည်အောင်က အင်းဝနဲ့ မန္တလေး ယိုးဒယားဈေးနားက သူ့အမကြီးအိမ်မှာ တလှည့်စီနေတယ်။ ကျနော်တို့ ဟော်ကုန်းလမ်း (ဆေးရုံကြီးတောင်ဘက်) မှာ ကဗျာဆရာမျိုးမြင့်ဆွေ (ပန်းချီဆရာ ကိုမြသောင်း) နေတယ်။
ကျနော်တို့ရဲ့ ဟော်ကုန်းရပ်ကွက်ကအိမ်မှာ သူငယ်ချင်းတွေ မကြာခဏ အလည်လာကြတယ်။
သူငယ်ချင်းအပေါင်းအသင်းတွေ ၀င်လိုက်၊ ထွက်လိုက်နဲ့ သိပ်ပျော်စရာကောင်းတာပဲ။
တနေ့တော့ အင်းဝက ကဗျာဆရာ ကြည်အောင် မနက်ကထဲကရောက်လာတယ်။ အိမ်မှာလဲ ဘယ်သူမှ မရှိ။ ကျောင်းဘက်ထွက်သွားကြတယ် ထင်ပါရဲ့။ ကျနော်တယောက်ထဲ ကျန်ရစ်နေခဲ့တယ်။
ကျနော်နဲ့ ကြည်အောင် နှစ်ယောက်သား စကားတပြောပြောနဲ့ ကြည်နူးလို့မဆုံး။
စာအကြောင်း၊ ကဗျာအကြောင်း၊ ရုပ်ရှင်အကြောင်း၊ အကြောင်းတွေစုံလို့။
ဆေးလိပ်ပြာခွက်ထဲမှာ နဂါးစပယ်ရှယ်ဆေးပေါ့လိပ်တိုတွေလည်း တပုံကြီးဖြစ်နေပြီ။ သူတပိုဒ်၊ ကိုယ်တပိုဒ် တလှည့်စီကဗျာစပ်ထားတဲ့ ဗလာစာအုပ်ကလေးလဲ ကျနော်တို့နှစ်ယောက်ကို ငေးကြည့်နေသလိုလို။
ညနေစောင်း ကျောင်းဆင်းချိန်ရောက်လာပြီ။ ကျနော်တို့နှစ်ယောက်ရဲ့ ရယ်သံ၊ မောသံ၊ သက်ပြင်းချသံတွေလဲ တဖြေးဖြေး တိုးသွားပြီ။
ကြည်အောင်က ဆေးလိပ်တွေလဲတိုပြီ၊ နေလဲညိုပြီ၊ ကျနော်ပြန်တော့မယ်တဲ့။
အဲဒီ လျှပ်တပြက်အချိန်လေးမှာပဲ ကျနော်က ဟေ့ ခဏနေဦး … ဆိုပြီး ရှေ့မှာချထားတဲ့ ဗလာစာအုပ် ကလေးထဲမှာ ကဗျာကောက်ခြစ်လိုက်မိတယ်။ “ဧည့်သည်ကြီး” လို့ ခေါင်းစဉ်တပ်လိုက်မိတယ်။
ဆေးလိပ်လည်းတို
နေလည်းညိပြီ
ငါကိုအိမ်ပြန်ပို့ကြပါလေ။ တဲ့
ကြည်အောင်က “ဟော … ဟုတ်တယ်ဗျို့ .. ကျနော်ပြန်တော့မယ်” တဲ့။ သူပျောက်ကွယ်သွားပါတယ်။
ညပိုင်းကျတော့ သူငယ်ချင်းတွေ ပြန်ဆုံကြတယ်။ နေ့လယ်က ကြည်အောင်နဲ့အတူစပ်ခဲ့ကြတဲ့ ကဗျာတွေ ဖတ်ကြတယ်။
“ဧည့်သည်ကြီး” ကဗျာကိုတွေ့တော့ မောင်စွမ်းရည်က …
“ဟာ ကောင်းလိုက်တဲ့ကဗျာ၊ ဖန်မီးအိမ်စာအုပ်ထဲမှာ ထည့်ရမယ်” လို့တောင်းဆိုတယ်။
မောင်စောလွင်ရော ၀င်းကြွယ်ပါ သဘောတူကြတယ်။ ဖန်မီးအိမ် လက်ရေးမူရင်းကို ဒေါင်းနွယ်ဆွေ ပြကြည့်တော့ ဒေါင်းနွယ်ဆွေက ကျနော့်ဆီကို စာရေးတယ်။
“ကိုတင်မိုးရေ .. ခင်ဗျားဟာ … ဧည့်သည်ကြီးကဗျာနဲ့ မှတ်တိုင်စိုက်လိုက်ပြီ” တဲ့။
ကျနော်လဲ “သြော်” လို့ ဆိုလိုက်မိတယ်။
ဖန်မီးအိမ်စာအုပ်ထွက်တော့ ဒီသုံးကြောင်းကဗျာလေးက ဂယက်အရိုက်ဆုံးဖြစ်လာတယ်။
“ရေးမိတာက သုံးကြောင်း၊ မေးခွန်းပေါင်းက သုံးသောင်းလောက်ပါလား” လို့ စာပေဟောပြောပွဲတွေမှာ ပြောမိတယ်။
“လေးနက်တဲ့ဘ၀အမြင်” လို့ မှတ်ချက်ချသူက ချတယ်။ ဆောင်းပါးရေးပြီး အနက်ဖွင့်သူကဖွင့်တယ်။
ဘ၀ရဲ့ ဆေးလိပ်မတို နေမညိုမီ မေတ္တာထားကြရမယ်လို့ မေတ္တာစကားဆိုသူက ဆိုတယ်။ “ကိုလိုနီစနစ်နေ၀င်ချိန်” ကို အကျစ်လျစ်ဆုံး မှတ်တမ်းတင်ချက်လို့ အနက်ကောက်သူလဲရှိတယ်။ ထောင်ထဲမှာ နံရံပေါ်က ကဗျာအဖြစ် လွမ်းဆွေးသူလဲမနည်းလှ။ “ဗမာပြည်ကို ဧည့်သည်ကြီး နှိပ်စက်ခဲ့တာ (၂၆) နှစ်ရှိပါပြီ။ သူ့ကို မူလနေရာပြန်ပို့လိုက်ကြပါတော့” လို့ ဒီမိုကရေစီအာဇာနည်
ဦးဝင်းတင်ကမြင်တယ်။
ဘာပဲဖြစ်ဖြစ် ဒီကဗျာကို ကျနော်မပိုင်တော့ပါ။ ကဗျာဖတ်သူသာ ပိုင်ပါတယ်။ ရေးဖွဲ့သူထက် ဖတ်သူ၊ ခံစားသူက ပိုပြီး သိနိုင်၊ မြင်နိုင်၊ ခံစားနိုင်ပါတယ်။ ရေးသူထက် ဖတ်သူ ပိုတော်ပါတယ်။ “ကျနော်ကတော့ ဘာများတတ်နိုင်ပါဦးမည်နည်း” လို့ ဗန်းမော်တင်အောင်ရဲ့လေသံနဲ့ မှတ်ချက်ချရုံမှတပါး …။ ။


တင်မိုး (ခေတ္တ ၀ါရှင်တန်ဒီစီ)
၂၇၊ ၇၊ ၂၀၀၀
ခေတ်ပြိုင်ဂျာနယ် အတွဲ (၈၈)၊ စက်တင်ဘာ ၂၀၀၀
________________________________________

ဆရာတင်မိုးအား (၃)နှစ်ပြည့်အလွမ်းပြေ ဂုဏ်ပြုဖော်ပြအပ်ပါသည်။

ရွှေလမ်းငွေလမ်းဝင်းကြည်
၂၀၁၀ ခု၊မတ်လ(၂၇)ရက်။နေ့လည်(၂း၃၀)နာရီတွင် ကူးယူပါ၏။
 

ဘ၀စိတ်ပျက် ကြေကွဲနေချိန်မှာ ပြုံးပါ..


ဘ၀စိတ်ပျက် ကြေကွဲနေချိန်မှာ ပြုံးပါ..

(ဘာသာပြန် ရေးသားသူ နိုင်းနိုင်းစနေ၏ ဘလော့မှကူးယူပါသည်။)

လောကကြီးထဲမှာ ဖြစ်ပျက်နေသမျှကိစ္စအားလုံးက တစ်ခုကိုရရင် အခြားတစ်ခုကို ဆုံးရှုံးရတာချည်းပဲ။ အချစ်က လူကိုပျော်ရွှင်မှုတွေပေးသလို ဝမ်းနည်းကြေကွဲမှုကိုလည်း ပေးတယ်။ စည်းစိမ်ချမ်းသာခြင်းက လူကိုပျော်ရွှင်စေသလို စိတ်မချမ်းမြေ့မှုတွေကိုလည်း ပေးတယ်။ အောင်မြင်ခြင်းက လူကိုဝမ်းသာဂုဏ်ယူစေသလို ရှုံးနိမ့်ခြင်းက လူကိုဝမ်းနည်းစေတယ်။

မျှော်လင့်ထားတဲ့ အရာတစ်ခုခုကို ပိုင်ဆိုင်ရတာဟာ ပျော်ရွှင်ခြင်းတစ်မျိုးဖြစ်တယ်။ အလားတူ ဆုံးရှုံးသွားခဲ့ရင် ပျော်ရွှင်ခဲ့တဲ့အဆအတိုင်း ပြန်ခံစားရလိမ့်မယ်။ ဥပမာ- ရယူပိုင်ဆိုင်တုန်းက ၈မှတ် ပျော်ရွှင်ခဲ့ရင် ဆုံးရှုံးသွားတဲ့အချိန်မှာလည်း ၈မှတ် ဝမ်းနည်းကြေကွဲလိမ့်မယ်။ နောက်ဆုံးရတဲ့ကိန်းက အတူတူပဲဖြစ်တယ်။

လူတချို့က ပစ္စည်းဥစ္စာကို ရယူပိုင်ဆိုင်နိုင်ခဲ့ပေမယ့် ကျန်းမာရေး၊ မိသားစု သို့မဟုတ် အချစ်ရေးမှာ ဆုံးရှုံးသွားကြတယ်။ လူတချို့က စီးပွါးရေး၊ အောင်မြင်ရေးမှာ ၃မှတ်လျော့ခဲ့ပေမယ့် လူမှုရေး၊ ကျန်းမာရေးနဲ့ ကိုယ်ပိုင်လွတ်လပ်မှုမှာ ၃မှတ်တိုးလာခဲ့တယ်။ တချို့အရာတွေက မတရားဘူးလို့ထင်ရပေမယ့် သေချာချင့်ချိန်ကြည့်ရင် တရားတာတွေချည်းပါပဲ။

တချို့က ငွေရှိရင် ပိုပျော်ရွှင်ရတယ်လို့ ထင်ကြတယ်။

ဆင်းရဲသားတစ်ဦးက ငွေရာကျော်လေးနဲ့ ပျော်ရွှင်မှုကိုရနိုင်တယ်။ အဲဒီဆင်းရဲသား သူဌေးဖြစ်ပြီးနောက် တူညီတဲ့ပျော်ရွှင်မှုကို ငွေထောင်သောင်းသုံးမှ ဒါမှမဟုတ် သိန်းရာကျော်သုံးမှ သူရနိုင်တော့မယ်။ အရသာပြင်းပြင်းကြိုက်လေ အဲဒီပစ္စည်းတွေရဲ့အရသာက ညံ့လေလေဖြစ်တယ်။ ငွေကြေးများလေလေ အဲဒီငွေတွေရဲ့တန်ဖိုးက သေးလေလေဖြစ်တယ်။ ဗိုက်အရမ်းဆာချိန်မှာ ပေါက်စီတစ်လုံးရဲ့ အရသာက အရမ်းချိုမြိန်ပါတယ်။ ဒါပေမယ့် ပေါက်စီငါးလုံးစားပြီးနောက် ပေါက်စီရဲ့ ချိုမြိန်တဲ့အရသာကို သင်ခံစားမိတော့မှာ မဟုတ်ဘူး။

ငွေများလေ သူခိုးဓမြရန်ကိုကြောက်လေ၊ အိမ်ကြီးလေ ထိန်းသိမ်းလှဲကျင်းရမှာကြောက်လေ၊ များများစားတဲ့လူက ဝမှာကြောက်တယ်။ ကောင်းကောင်းစားရတဲ့လူက သေမှာကြောက်တယ်။ ဒါကြောင့် အခုခေတ် ချမ်းသာတဲ့လူတွေက ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံတွေ စားကြတယ်။ ပဲ၊ ပြောင်း၊ ဂျုံတွေကို အဓိကထားစားကြတယ်။ အဲဒီအစားအစာတွေ အားလုံးက ဆင်းရဲတုန်းက စားခဲ့တဲ့အစာ ဒါမှမဟုတ် တိရစ္ဆာန်တွေကို ကျွေးတဲ့အစာတွေ မဟုတ်ပါလား?

အားလုံးသိပြီဖြစ်တဲ့ ပုံပြင်တစ်ပုဒ်က ဒီလိုဆိုပါတယ်။

မြေခွေးတစ်ကောင်ဟာ ခြံစည်းရိုးထဲက စပျစ်သီးကိုတွေ့တော့ အရမ်းစားချင်ခဲ့တယ်။ အပင်ထက်က စပျစ်သီးတွေရဲ့ ဆွဲဆောင်မှုကြောင့် မြေခွေးဟာ ခြံထဲဝင်ဖို့ ဝင်ပေါက်ကိုလိုက်ရှာခဲ့တယ်။ နောက်ဆုံး စည်းရိုးနားက ဝင်ပေါက်တစ်ခုကို သူတွေ့ခဲ့တယ်။ ဝင်ပေါက်ကသေးနေလို့ သူ့ခန္ဓာကိုယ်နဲ့ ဝင်မရခဲ့ဘူး။ ဒါနဲ့ မြေခွေးက ဝင်ပေါက်သေးသေးလေးထဲ ဝင်ရဖို့ သူ့ခန္ဓာကိုယ် သေးငယ်သွားအောင် စည်းရိုးအပြင်မှာ(၆)ရက်ကြာ အဆာငတ်ခံခဲ့တယ်။ နောက်ဆုံး မြေခွေးဟာ ခြံထဲဝင်နိုင်ခဲ့ပြီး စပျစ်သီးတွေကို အားရပါးရ စားသုံးခဲ့တယ်။ စားပြီးမှ ပြည့်တင်းနေတဲ့ခန္ဓာနဲ့ ခြံအပြင်ထွက်ဖို့ မရမှန်းသိတော့ မြေခွေးဟာ (၆)ရက်ကြာ အဆာငတ်ခံပြန်တယ်။

ဒါကြောင့် နောက်ဆုံးရကိန်းက အတူတူပဲလို့ ပြောရခြင်းဖြစ်တယ်။

ချောင်းအထက်ပိုင်းမှာ နေ့တိုင်းရေသောက်နေတဲ့ ရှဥ့်တစ်ကောင်နဲ့ ချောင်းအောက်ပိုင်းမှာ နေ့တိုင်းရေသောက်နေတဲ့ ရှဥ့်က ဘာမှမခြားနားဘူး။ ရှဥ့်တစ်ကောင်ရဲ့ ခန္ဓာကိုယ်ထဲမှာ ရေဘယ်လောက်ဆန့်မလဲ? ရေပိုသောက်တဲ့သူက ဗိုက်ကားပြီး သေရုံကလွဲလို့ ဘာဖြစ်နိုင်ဦးမလဲ?

လောကကြီးတစ်ခုလုံးကို ကိုယ်ပိုင်ဆိုင်ထားတယ်ဆိုရင်တောင် ကိုယ့်အတွက်က တစ်နေ့ထမင်းသုံးနပ်နဲ့ ညအိပ်ရင် ကုတင်တစ်လုံးပါပဲ။ ကုတင်အလုံးတစ်ရာ ပိုင်တယ်ဆိုရင်တောင် ညအိပ်ရင် ကုတင်တစ်လုံးပဲ သင်အိပ်နိုင်မယ်။ ဖိနပ်အရံတစ်ထောင် ပိုင်ထားတယ်ဆိုရင်တောင် တစ်ကြိမ်မှာ ဖိနပ်တစ်ရံပဲ သင်စီးလို့ရမယ်။ ဟင်းအပွဲရာကျော်ကို သင်မှာနိုင်တယ်ဆိုရင်တောင် သင်ဘယ်လောက်စားနိုင်မလဲ? အလွန်ဆုံး အစာအိမ်တစ်ခုပဲ သင်ထည့်နိုင်မှာ မဟုတ်လား?

လူရယ်လို့ဖြစ်လာရင် လူဘဝဆိုတာကို တွေ့ကြုံခံစားကြည့်ဖို့ပါပဲ။ လူ့လောကထဲ ရောက်လာသူတွေအားလုံးမှာ ဥစ္စာ၊ ရာထူးတွေသာ အနိမ့်အမြင့်ဆိုပြီး အဆင့်အတန်းခွဲထားကြမယ်။ ကျန်းမာရေးနဲ့ ပျော်ရွှင်ခြင်းကိုတော့ အနိမ့်အမြင့်ခွဲခြားလို့ ရမှာမဟုတ်ဘူး။ ငွေရှိတဲ့လူရဲ့ ပျော်ရွှင်ခြင်းက ပိုရှုပ်ထွေးမယ်။ ဆင်းရဲတဲ့လူရဲ့ ပျော်ရွှင်ခြင်းက ပိုရိုးရှင်းမယ်။ ဒီလောက်လေးပဲ ကွာခြားပါတယ်။ တစ်ပြိုင်တည်းမှာ ယောက်ျား ဒါမှမဟုတ် မိန်းမ သုံးလေးယောက်ပိုင်ဆိုင်သူက တစ်ယောက်တည်းပိုင်ဆိုင်သူလောက် ရိုးရှင်းပျော်ရွှင်မှာ မဟုတ်ပါဘူး။

သင်ပျော်ရွှင်ချိန်မှာ ဝမ်းနည်းခြင်းက တစ်နေရာမှာ ချောင်းမြောင်းနေလိမ့်မယ်။ ဝမ်းနည်းကြေကွဲခြင်းရဲ့နောက်မှာ ပျော်ရွှင်ခြင်းက ထပ်ကြပ်မခွါလိုက်လို့နေတယ်။ နောက်ဆုံးမှာ အရာရာတိုင်းက သူ့နေရာနဲ့သူ အံဝင်ခွင်ကျ ဒွန်တွဲနေတယ်ဆိုတာကို သင်သတိပြုမိလိမ့်မယ်။ ပျော်ရွှင်တာ ဝမ်းနည်းတာ၊ ပိုင်ဆိုင်တာ ဆုံးရှုံးတာ၊ ကောင်းတာ ဆိုးတာ၊ တိုးတာ လျှော့တာ နောက်ဆုံးရတဲ့ကိန်းက တူညီနေပါလိမ့်မယ်။

တချို့လူက အချိန်စောပြီး ရယူပိုင်ဆိုင်ရတယ်။ တချို့ကနောက်ကျမှ ရယူပိုင်ဆိုင်တယ်။ တချို့က အချိန်စောပြီး လက်လွှတ်ဆုံးရှုံးရတယ်။ တချို့က နောက်ကျမှ ဆုံးရှုံးတယ်။ ဒါပေမယ့် နောက်ဆုံးရတဲ့ကိန်းက အတူတူပဲဖြစ်တယ်။ ရယူပိုင်ဆိုင်တုန်းက ပျော်ရွှင်ခဲ့တဲ့ပျော်ရွှင်ခြင်းလောက် ဆုံးရှုံးချိန်မှာ ဝမ်းနည်းရမှာဖြစ်တယ်။ နောက်ဆုံး သေဆုံးချိန်မှာ လူတိုင်း၊ အရာတိုင်းက တူညီသွားပါတယ်။ သေဆုံးခြင်းက အရာအားလုံးကို တရားမျှမျှ ဆောင်ရွက်ပေးခဲ့ပါတယ်။ သေဆုံးခြင်းမှာ ဆင်းရဲ ချမ်းသာ ခွဲမထားပါဘူး။ ချမ်းသာတဲ့လူက သက်တောင့်သက်သာသေရပြီး ဆင်းရဲသူက နာကျင်ခံစားပြီး သေမှာမဟုတ်ပါဘူး။

လူတချို့က (၁ဝ)မှတ်အပြည့်ရတယ်။ သူသေဆုံးထွက်ခွါချိန်မှာ (၁ဝ)မှတ်အပြည့် ဆုံးရှုံးရမှာဖြစ်တယ်။ ဒါဟာ လုံးဝတရားပါတယ်။

လူတချို့က (၃)မှတ်ရတယ်။ တချို့က (၇)မှတ်ရတယ်။
(၃)မှတ်ရသူက (၃)မှတ်သောဥစ္စာကိုရပြီး (၇)မှတ်သောကျန်းမာပျော်ရွှင်မှုကိုရမယ်။
(၇)မှတ်ရသူက (၇)မှတ်သောဥစ္စာကိုရပြီး (၃)မှတ်သောကျန်းမာပျော်ရွှင်မှုကိုရမယ်။
တချို့က အရင်ရတယ်။ တချို့က နောက်ကျမှရတယ်။ တချို့က လုံးဝမရဘူး။

အရင်ရသူက အရင်ဆုံးရှုံးမယ်။ နောက်ကျရသူက နောက်မှဆုံးရှုံးမယ်။ လုံးဝမရသူက ဆုံးရှုံးတော့မှာမဟုတ်ဘူး။ ဒါကြောင့် လူရယ်လို့ဖြစ်လာရင် ဘာအငြိုးအတေးမှ မထားနဲ့။ သူမှန်တယ်၊ ငါမှားတယ်၊ သူညံ့တယ်၊ ငါတော်တယ်နဲ့ တွယ်ကပ်တွက်ချက်မနေပါနဲ့။ လူဘဝဆိုတာကို တွေ့ကြုံခံစားကြည့်ဖို့ပါပဲ။

မူရင်းရေးသားသူ -- He Quan- Feng (何權峰) (စိတ်ပညာ)
(微笑,當生命陷落時 總數是一樣的) (ဘဝစိတ်ပျက်ကြေကွဲချိန်မှာ ပြုံးပါ။ နောက်ဆုံးကိန်းက အတူတူပါပဲ)




The person who doesn't know right & wrong is blind.


မေတ္တာဆိုတာ ဘ၀ရဲ့ အကောင်းဆုံး မြေသြဇာပါ။ တစ်ခွန်းတည်းသော စကားပဲ ဖြစ်ဖြစ် အကြင်နာ မေတ္တာတွေပါရင် ညိုးနွမ်းနေတဲ့ ဘ၀ကိုတောင်ရှင်သန်စေပါတယ်။

သေးငယ်သောအမှုကိစ္စတို့တွင် ကတိသစ္စာမရှိသောသူသည် ကြီးသောအမှုကိစ္စတို့တွင်လည်း ကတိသစ္စာရှိလိမ့်မည် မဟုတ်။

တစ်ချို့တွေက..အခက်အခဲကို အကြောင်းပြုပြီး..ဦးကျိုးတယ်..
..။
တစ်ချို့တွေက...စံချိန်ချိုးတယ်...။
(ဝီလျံအာသာဝဒ်)

(မှတ်ချက်) ဖော်ဝါ့ဒ်မေးတစ်ခုကို ပြန်လည် မျှဝေချင်း ဖြစ်ပါသည်။

ဆရာမောင်ကောင်း ပေးပို့ထားသောမေးလ်အား ထပ်ဆင့်ဖော်ပြပါသည်

ရွှေလမ်းငွေလမ်းဝင်းကြည်
၂၀၁၀ ခု၊မတ်လ(၂၀)ရက်၊နံနက်(၁၀)နာရီကူးယူပါ၏။
 

သိမ်မွေ့ သော စိတ်ကို ရှုမှတ်ပုံ


ရွှေဥမင်ဆရာတော်ဘုရားကြီး နှင့် မဟာမြိုင်ဆရာတော်

Vimuttisukha (၀ိမုတ္တိသုခ)


တရားအားထုတ်ခါစမှာတော့ သတိပဋ္ဌာန်အစဖြစ်တဲ့ ကာယာနုပဿနာကို အခြေခံပြီး အားထုတ်ကြတယ်။ ကာယာနုပဿနာရှုရင်းကနေ အသေးစိတ်သိလာတဲ့အခါကျတော့ ကာယာနုပဿနာနှင့်တွဲပြီး ဝေဒနာနုပဿနာလည်း ပါလာတယ်။ ဝေဒနာနုပဿနာကို ရှုနေရင်းကနေ ဝေဒနာရဲ့  အနတ္တသဘော၊ ဝေဒနာရဲ့ အနိစ္စသဘော၊ ဝေဒနာရဲ့  ဒုက္ခသဘောတွေကို တဖြည်းဖြည်းသိလာတယ်။

ဒီလိုအားထုတ်ရင်းကနေ စိတ်ကိုလည်း ကြည့်တတ်လာတယ်။ သတိ၊ သမာဓိကောင်းလာတော့ စိတ်ထဲမှာ အတွေးအမျိုးမျိုး ပေါ်တိုင်း ပေါ်တိုင်း ချက်ချင်းသိတယ်။ တစ်ခါတလေ ဘယ်လောက်ထိသိလဲဆိုရင် အတွေးလေးတစ်ခု ပေါ်တော့မယ် ဆိုတာကိုတောင် သိနေတယ်။ ဒါကို မလုပ်ဖူးတဲ့သူဆို ယုံနိုင်မှာ မဟုတ်ဘူး။ အတွေးတစ်ခု ပေါ်တော့မယ်ဆိုတာ ဘယ်လိုလုပ်သိမှာလဲလို့  မေးလိမ့်မယ်။ စိတ်ကလေး ဦးလှည့်တာကို သိတယ်။ လက်ရှိအာရုံမှာ ကောင်းကောင်းမနေချင်တော့တာကို သိတယ်။ လက်ရှိအာရုံကို လွှတ်ချင်သလိုလို ဖြစ်လာပြီဆိုတာကို သိတယ်။ အာရုံသိပ်မထင်ရှားတော့ဘူး။ ထင်ရှားအောင်လည်း မကြိုးစားချင်တော့သလိုလိုဖြစ်ပြီး နောက်အာရုံတစ်ခုဖက်ကို စိတ်ဦးလှည့်လာတယ်။

တစ်ခါတလေ ဘယ်အာရုံဘက်ကို သွားတော့မယ် ဆိုတာကိုတောင်မှ နဲနဲလေးရိပ်မိတယ်။ ဒါတော်တော်လေး သမာဓိကောင်းတဲ့ အဆင့်ကျမှ သိလာတာပါ။ အဲဒီလို သွားတော့မယ်ဆိုတာကို သိလိုက်တာနဲ့  ပြန်ငြိမ်သွားတယ်။ တခြားအတွေးတစ်ခု ပေါ်လာရင်လည်း တွေးတယ်လို့ သိလိုက်တယ်။ သိလိုက်တာနဲ့  ပြန်ပျောက်သွားတယ်။ ပြန်ပျောက်သွားတော့ စိတ်ကအတွေးမရှိဘူး။ ရှင်းပြီးငြိမ်နေတယ်။ ငြိမ်နေတာကိုသိတယ်။ သိနေတာကိုသိတယ်။ အေးချမ်းနေတာကိုသိတယ်။ စိတ္တာနုပဿနာအဆင့်ကနေ ဓမ္မာနုပဿနာအဆင့်ကို ကူးသွားနေပြီ။ ဒါတွေဟာ လုပ်ရင်းနဲ့  သူ့ အလိုလိုဖြစ်လာတာပါ။

ဥပမာဆိုပါတော့ - ခန္ဓာကိုယ်ကို ရှုမှတ်နေပြီ။ ခန္ဓာကိုယ် ရုပ်သဘော ပူခြင်း အေးခြင်း လှုပ်ရှားခြင်းကို တဖြည်းဖြည်း သိလာရင်းကနေ သတိ သမာဓိကောင်းပြီး ပစ္စုပ္ပန်တည့်လာခဲ့ရင် ပူခြင်း၊ အေးခြင်း၊ လှုပ်ရှားခြင်းသဘောဟာ ပုဂ္ဂိုလ်သတ္တ၀ါ မဟုတ်ဘူး။ တကယ့်ကိုပဲ သဘာဝသဘောဆိုတာ သီးသီးခြားခြားမြင်တယ်။ ပုဂ္ဂိုလ်သတ္တ၀ါနှင့် မရောဘူး။ လုံးဝပုံသဏ္ဌာန် မရှိတော့ဘူး။ နာမည်တပ်ဖို့  မလိုတော့ဘူး။ နာမည်လည်း မရှိတော့ဘူး။

အဲဒီလို ပညတ်ကင်းပြီးတော့ သီးခြားလေး မြင်လိုက်တဲ့အခါ အနတ္တဉာဏ်ဟာ အင်မတန်မှရှင်းတယ်။ အဲဒီအခါ စိတ်ထဲက အနတ္တပါလားလို့  နှလုံးသွင်းမိတတ်တယ်။ အနတ္တသဘောတွေပဲ။ သူ့ သဘော သူဆောင်တာပဲလို့  နှလုံးသွင်းမိတယ်။ အဲဒီနှလုံးသွင်းတဲ့ဉာဏ်ကို ပြန်ကြည့်ရင် ဓမ္မာနုပဿနာ ဖြစ်သွားတယ်။ ဉာဏ်ကို ပြန်ရှုရင် ဓမ္မာနုပဿနာဖြစ်နေတယ်။

အနိစ္စကိုရှုရင်လည်း တဖြည်းဖြည်း ကြာလာတဲ့အခါမှာ ဖြစ်ဖြစ်ချင်း သိတယ်။ သိသိချင်း ပျောက်သွားတယ်။ ဘာမှမကျန်အောင် ပျောက်သွားတယ်။ အဲဒီလိုဖြစ်တိုင်းသိတယ်၊ သိတိုင်းမရှိဘူး၊ ဖြစ်တိုင်းသိတယ်၊ သိတိုင်းမရှိဘူးဆိုတာ ရှင်းလာတယ်။ တစ်ခုဖြစ်ပြီး ပျက်သွားတယ်။ နောက်တစ်ခုမဖြစ်ခင်ကြားမှာ ကြားကာလ (Gap) လေး တစ်ခုဖြစ်သွားတယ်လို့ တောင်မှ သိလို့ ရတယ်။ တစ်ခုနဲ့ တစ်ခု တစ်ဆက်တည်းမဟုတ်ဘူးဆိုတာ ဉာဏ်ထဲမှာ အင်မတန်မှ ရှင်းတယ်။

အင်မတန် လျင်လျင်မြန်မြန် ဖြစ်နေ ပျက်နေတဲ့ ရုပ်သဘော၊ နာမ်သဘောတွေကို အင်မတန် လျင်မြန်တဲ့ သတိ သမာဓိတွေက လိုက်သိနေတာ။ လိုက်သိတော့ မမြဲပါလားလို့  သိတဲ့ဉာဏ်ဖြစ်လာတယ်။ အဲဒီလို မမြဲပါလားလို့  နှလုံးသွင်းတဲ့ဉာဏ်ကို ပြန်ကြည့်ရင် မမြဲဘူးဆိုတဲ့ ဉာဏ်ကို ရှုမှတ်ပြီးသား ဖြစ်သွားတယ်။ ဒါဟာ အနိစ္စဉာာဏ်ကို ရှုမှတ်တာပဲ။ ဓမ္မာနုပဿနာဖြစ်သွားပြီ။ ဓမ္မ၀ိစယသမ္ဗောဇ္ဈင်ထဲကို ၀င်သွားတယ်။

တစ်ခါတလေ အားထုတ်ရင်း အားထုတ်ရင်းကနေ သိနေတာကိုပဲ ပြန်သိနေတယ်။ အဲဒါဆိုရင် သတိသမ္ဗောဇ္ဈင်ကို ရှုမှတ်ပြီးသားဖြစ်နေတယ်။ ပွားများပြီးသားဖြစ်နေတယ်။ အဲဒီတော့ သမ္ဗောဇ္ဈင်နဲ့ အညီ ဖြစ်သွားနေပြီနော်။

တစ်ခါတလေ အားထုတ်နေရင်းနဲ့  ပီတိသဘောမျိုးတွေဖြစ်လာတယ်။ နှစ်သက်နေတယ်။ သဘောကျနေတယ်။ ကျေနပ်နေတယ်။ တရားအားထုတ်ရတာ မပျင်းဘူး။ အဲဒီစိတ်ကို ပြန်ရှုပါ။ ဒါဟာ နှစ်သက်နေတဲ့သဘော၊ သဘောကျနေတဲ့သဘောလို့  မြင်လို့ ရှိရင် ဓမ္မာနုပဿနာဖြစ်သွားတာပဲ။ ပီတိသမ္ဗောဇ္ဈင်ကို ရှုမှတ်တဲ့သဘောမျိုးဖြစ်နေတယ်။

တရားအားထုတ်နေရင်း အားထုတ်နေရတာ ကောင်းလိုက်တာဆိုပြီး ပိုပြီးတော့ ကြိုးစားချင်တဲ့စိတ် ဖြစ်နေတယ်။ ပျင်းတယ်ဆိုတဲ့စိတ် မရှိတော့ဘူး။ လျှော့ချင်တဲ့စိတ် မရှိတော့ဘူး။ တိုးတိုးပြီးတော့ပဲ အားထုတ်ချင်တော့တယ်။ အဲဒီစိတ်တွေကို ပြန်ကြည့်ပါ။ ကြည့်လို့ ရတယ်။ သဒ္ဓါတရားတော်တော်ကောင်းတယ်။ ၀ီရိယတွေလည်း တော်တော်ကောင်းတယ်။ ဒါဟာ သဒ္ဓါတရား၊ ဒါဟာ ၀ီရိယလို့ ကြည့်လို့ ရတယ်။

အတွေးတွေ တော်တော်နဲသွားပြီးတော့ ရှင်းနေတဲ့အခါမှာ ပေါ်လာတဲ့စိတ်ကလေးတွေက တစ်လုံးချင်းပေါ်လာတယ်။ အရင်တုန်းကလို ဒလဟောကြီး ၀င်မလာဘူး။ အဲဒီလိုအခါမျိုးမှာ စိတ်တော်တော်များများကို ကြည့်လို့ ရတယ်။ စိတ်ကလေးတစ်ခုခု ဖြစ်လာပြီဆိုရင် သူ့ ကို အေးအေးဆေးဆေးကြည့်လို့ ရတယ်။

တရားအားထုတ်တဲ့အခါမှာ သဒ္ဓါတရားတွေဖြစ်တယ်။ ကောင်းလိုက်တာ၊ ဟုတ်လိုက်တာ၊ မှန်လိုက်တာဆိုတဲ့ စိတ်တွေဖြစ်တယ်။ ဘုရားကို ကြည်ညိုတဲ့ စိတ်တွေဖြစ်လာတယ်။ “တကယ် မလုပ်ကြသေးလို့  တကယ် မဖြစ်ကြတာပါ။ လုပ်ကြည့်ပါ” လို့  ပြောချင်တဲ့ စိတ်တွေလည်း ဖြစ်တတ်တယ်။ အဲဒီစိတ်ကိုပါ ပြန်ရှုမှတ်မှ။ ပြောချင်နေတဲ့စိတ်ကို မရှုမှတ်ရင် စိတ်ထဲမှာ တရားဟောတတ်တယ်။ အဲဒီအချိန်မှာ စိတ်ထဲမှာ တရားဟောရင် မကောင်းဘူး။ ကုသိုလ်စိတ်ဖြစ်ပေမယ့် တရားအားထုတ်မှုမှာ အနှောင့်အယှက်ဖြစ်တယ်။

မိတ်ဆွေ၊ အပေါင်းအသင်း၊ ဆွေမျိုး၊ မိဘတွေကို ကရုဏာဖြစ်တဲ့စိတ် ဖြစ်လာရင်လည်း အဲဒီစိတ်ကို ရှုမှတ်မှ။ ဒီကရုဏာစိတ်ကို ကြာကြာလက်မခံနဲ့ ။ ဒိအချိန်မှာ မကောာင်းဘူး။ ၀ိပဿနာဉာဏ်ကို အနှောင့်အယှက်ဖြစ်သွားနိုင်တယ်။ ဖြစ်ပေါ်လာနေတဲ့ ကရုဏာစိတ်ကို ပြန်ကြည့်ပါ။ သေသေချာချာ မြင်အောင် ကြိုးစားကြည့်ပါ။ မြင်အောင်ကြည့်နိုင်ရင် သိပ်ရှင်းတယ်။ အားလည်း အားရတယ်။ သိပ်ကျေနပ်တယ်။ အဲဒီအခါမှာ ဘုရားဟောတဲ့ အဘိဓမ္မာကို သွားဖတ်ကြည့်ရင် ကောင်းကောင်းသဘောပေါက်တယ်။ အဘိဓမ္မာဟာ တကယ်ဟုတ်လို့  ဟောထားတာပဲ ဆိုတာ ယုံကြည်သွားတယ်။

အားထုတ်ရင်းနဲ့  ကိုယ့်စိတ်ထဲမှာ ဖြစ်ပုံကို သေသေချာချာ ကြည့်ပါနော်။။ တစ်ခါတလေ စိတ်ထဲမှာ အေးနေတယ်။ အေးတာမှ စိတ်တင်မကဘူး။ ခန္ဓာကိုယ်ကြီးပါ အေးနေတယ်လို့ ခံစားရတယ်။ ကိုယ်အပူချိန် တကယ်ပဲ ကျသွားနိုင်တယ်။ တရားအားထုတ်လို့  ပဿဒ္ဓိဖြစ်တဲ့အချိန်မှာ ကိုယ်အပူချိန်ကျသွားတယ်ဆိုတာ သေသေချာချာ စမ်းသပ်ကြည့်လို့ ရတယ်။ အဲဒီအေးနေတာလေးကို ပြန်ကြည့်ရင် သိလို့ ရတယ်။ စိတ်ရဲ့ အေးငြိမ်းခြင်းဆိုတဲ့ စိတ်တစ်ခုဖြစ်နေတယ်။ အေးငြိမ်းခြင်းရဲ့ သဘောလေးကို ပြန်ကြည့်လို့ ရတယ်။ ဓမ္မာနုပဿနာ ဖြစ်ပြန်တယ်။ ပဿဒ္ဓိသမ္ဗောဇ္ဈင်ကို ပွားများပြီးသားဖြစ်နေတယ်။

တစ်ခါတလေလည်း စိတ်က ထားတဲ့အာရုံမှာ ကပ်ပြီး တည်ငြိမ်နေတယ်။ ဥပမာ- လူအများ စားကြတဲ့ Chewing-gum (ပီကေ) ဆိုပါတော့။ ပီကေကို ပစ်လိုက်ရင် ထိလိုက်တဲ့ နေရာမှာ ကပ်နေတယ်။ ပြန်မကွာဘူး။ အဲဒီလိုပဲ စိတ်က အာရုံတစ်ခုကို ရှုမှတ်လိုက်ရင် အာရုံမှာ ကပ်သွားတယ်။ အာရုံကနေ ပြန်ကွာမထွက်ဘူး။ သာမန် သတိ၊ သမာဓိ နဲတဲ့ အခြေအနေမှာတော့ အာရုံတစ်ခုကို ရှုမှတ်ဖို့  ကြိုးစားရင်း သိသလိုလိုဖြစ်ပြီးတော့ ပြန်ကွာသွားတယ်။ တခြားအာရုံကို ရောက်ရောက်သွားတယ်၊ ထားတဲ့အာရုံမှာ မနေဘူး။

အဲဒီလိုစိတ်ကို သေသေချာချာကြည့်နိုင်ပြီးတော့ စိတ်ကရှင်းသွားရင် သတိ၊ သမာဓိကလည်း ကောင်းနေတဲ့အတွက်ကြောင့် စိတ်ကို အာရုံတစ်ခုပေါ်မှာ ဦးတည်လိုက်ရင် အဲဒီမှာပဲ ကပ်နေတယ်။ ဆက်ခါဆက်ခါ အဲဒီအာရုံမှာပဲထား၊ ဘယ်လောက်ကြာကြာဖြစ်ဖြစ် ထားလို့ ရတယ်။ တခြားအာရုံဆီမှာ ကြာရှည်မနေဘူး။ ကျယ်လောက်တဲ့အသံတစ်ခု ကြားရင်တောင်မှ တစ်ချက်ကြားပြီးတော့ ပြီးသွားတယ်။ အဲဒါ ဘာသံလဲဆိုတာကို လုံးဝ မစုံစမ်းဘူး။ ကြားလိုက်ပြီးတော့ ဘာသံမှန်းမသိလိုက်ဘူး။ ကြား၊ သိ၊ ပျောက်ပဲ။ ကြားခါမျှ ဖြစ်သွားတယ်။

အတွေးတစ်ခုပေါ်လည်း ဒီအတိုင်းပဲ ပေါ်တော့မလိုဖြစ်သွားတာနဲ့  ပျောက်သွားတယ်။ ပေါ်လာရင်လည်း ပေါ်လာတာကို သိတာနဲ့ ပျောက်သွားတာပဲ။ ဘာဆိုတာကို ပညတ်တဲ့အဆင့် ၊ နာမည်တပ်တဲ့ အဆင့်ထိ မရောက်တော့ဘူး။ တစ်ခုခုဖြစ်လာတယ်။ သိတယ်။ ချက်ချင်း မရှိတော့ဘူး။

အဲဒီလို သတိ သမာဓိ ကောင်းနေရင် စိတ်က တခြားအာရုံတွေကို ပြောင်းဖို့ မလွယ်တော့ဘူး။ အဲဒီလို မလွယ်တဲ့အတွက် စိတ်ကို ဒီအတိုင်းလွှတ်ထားလို့ ရတယ်။ လွှတ်ထားရင်လည်း နဂိုထားနေကျ အာရုံမှာပဲ ဆက်ပြီးနေတယ်။ အလိုလိုသိနေတယ်။ အဲဒီအခါမှာ ဘယ်လိုတွေးမိလဲဆိုတော့ တရားက သူ့ ဟာသူ အားထုတ်နေတာပါလို့  တွေးမိတယ်။ ငါ တရားအားထုတ်တာ မဟုတ်တော့ဘူးလို့  သိလာတယ်။

ပြင်ပ ကာမဂုဏ်အာရုံတွေကို တွေးတောကြံစည်နေတဲ့ စိတ်ကလည်း မရှိတော့ဘူး။ စိတ်မှာဖြစ်နေတဲ့ ပစ္စုပ္ပန် အခြေအနေတွေကို တိုက်ရိုက်သိနေတဲ့အခါမှာ ငြိမ်သက်နေရင် ငြိမ်သက်နေမှန်း သိတယ်။ သိနေတဲ့ စိတ်ကလေးကို ကြည့်ရင်သိတယ်။ သိတယ်ဆိုတဲ့ သဘောလေးတွေကို ပြန်သိတယ်။ အဲဒီ သိနေတဲ့စိတ်ကလေးကို ရှုမှတ်နေရတာကိုက ပိုကောင်းနေပြန်တယ်။

ငြိမ်သက်နေတာ သက်သက်ကိုပဲ ရှုနေရင် ငြိမ်နေတာက အားကောင်းလာပြီးတော့ သိနေတာက အားနဲနေပြန်ရင် အနိစ္စကို မမြင်နိုင်တော့ဘူး။ သိတဲ့သဘောမှာလည်း အနိစ္စသဘောပါတယ်။ သိတာကလည်း တစ်ချက်ချင်း တစ်ချက်ချင်း သိတယ်ဆိုတာကို သိတယ်။ တစ်သိပြီးရင် နောက်တစ်သိ။ သိတဲ့သဘောလေးဟာ တစ်ခုချင်း တစ်ခုချင်း ဖြစ်လာတယ်ဆိုတာ ပြန်မြင်လာတယ်။ ကြာရင် အဲဒီ သိတဲ့သဘောလေးက တဖြည်းဖြည်း မြန်လာတယ်။ မြန်မြန်သိလာတယ်။

သတိ၊ သမာဓိ သိပ်ကောင်းတုန်းမှာ အခြေအနေအမျိုးမျိုး စိတ်မှာဖြစ်ပေါ်လာတာကို သေသေချာချာ ဆက်တိုက်ကြည့်တတ်ရင် အလွန်သိမ်မွေ့ တဲ့ စိတ်တွေဖြစ်လာတယ်။ အဲဒီအခါမှာ သိစရာ မရှိတော့သလို ဖြစ်သွားတယ်။ တစ်ချက်မှတ်လိုက်ရင် ပျောက်သွားပြီးတော့ နောက်ထပ် ဘာမှ မပေါ်လာတော့ဘူးလို့  ထင်ရတယ်။ ဘာမှ မရှိတာကြီးကို သိနေတယ်။ အဲဒီ အခြေအနေ သဘောသဘာဝ လက္ခဏာဟာ အာကိဉ္စညာယတန ဆိုတဲ့ အရူပဈာန်နဲ့  အတော်လေး သွားတူနေတယ်။

တစ်ခါတလေ သိနေတာလေးက သိမ်မွေ့ လွန်းလို့  သိသလိုလို မသိသလိုလိုတောင် ဖြစ်တတ်တယ်။ အဲဒါတွေကို တတ်နိုင်သလောက် သိအောင် ကြိုးစားမှ။ မသိလို့ ရှိရင် ဘာမှ ရှုမှတ်စရာမရှိ ဖြစ်ပြီးတော့ ဒီအတိုင်းပဲ ငြိမ်နေပြီး ဘာမှ မသိတော့သလို ဖြစ်နေတယ်။ တစ်ခါတလေ အဲဒါကိုပဲ တရားထူးလို့  ထင်တတ်တယ်။

ဘာမှ မရှိတော့ဘဲ အကုန်ချုပ်နေတယ်။ ဘာမှမသိသလိုဖြစ်နေရင် သိတဲ့စိတ် ရှိသေးသလားဆိုတာ ပြန်ကြည့်ပါ။ သိတဲ့စိတ်ကို ပြန်သိလို့ ရသေးရင် ဒါ-လောကီစိတ်ပဲ။ လောကီအဆင့်မှာပဲ ရှိသေးတယ်။ လောကုတ္တရာစိတ်က သိတာကို ပြန်သိလို့ မရတော့ဘူး။ ဒီလိုအားထုတ်လို့  အဆင်ပြေလာတဲ့အခါမျိုးမှာ ကိုယ့်ရဲ့ အားထုတ်မှုကို ရပ်တန့် မပစ်ဘဲ ဆက်ပြီး အားထုတ်ဖို့  အရေးကြီးတယ်။

တချို့ တပည့်တွေ ဒကာ ဒကာမတွေဟာ သူတို့ အားထုတ်တာ အတော်ကို ကောင်းနေပြီ။ ဆက်ကြိုးစားမယ်ဆိုရင် အများကြီး တိုးတက်သွားနိုင်တယ်။ အဲဒီအခါ ပြတ်ပြတ်သားသား ဆုံးဖြတ်ပြီး ဆက်အားထုတ်မယ်ဆိုရင် တကယ် တိုးတက်မှာပါ။

ဒကာကြီးတစ်ယောက်ကလျှောက်တယ်။ “တပည့်တော် ဆက်အားထုတ်ရင် ဘာဖြစ်မယ်ဆိုတာကို သိတယ်။ အဲဒီတော့ တပည့်တော် ဆက်မလုပ်ဘူး။ ဒီလောက်နဲ့  တော်ထားအုံးမယ်။” တဲ့။ သူက ဘာနဲ့  ဥပမာတူသလဲဆိုတော့ ချောက်ကြီးတစ်ခုကို ဟိုဘက် ဒီဘက် ကူးဖို့ အတွက် အလယ်ခေါင်မှာ ကြိုးတစ်ချောင်းရှိတယ်။ အဲဒီကြိုးကို ကိုင်ပြီး လွှဲလိုက်ပြီး ကြိုးကိုလွှတ်လိုက်ရင် ဟိုဘက်ကမ်းကို ရောက်သွားမှာနော်။ ဒီဘက်ကို ပြန်လာလို့ မရတော့ဘူး။ ဟိုဘက်ကို ရောက်ခါနီးမှ မလွှတ်ရဲဘူး။ ကြိုးကို ဒီအတိုင်းပဲ ကိုင်ထားတယ်။ ဒါကြောင့် ဒီဘက်ကို ပြန်လာတယ်။

စိတ်ရဲ့ သဘာဝက ဘယ်လောက် ဆန်းကြယ်သလဲနော်။ လိုချင်လွန်းလို့  ကြိုးစားတယ်။ တကယ်ရတော့မယ်ဆိုတော့ နေဦး၊ စဉ်းစားအုံးမယ် ဆိုတာ ဖြစ်လာတယ်။ အဲဒီစိတ်ကိုလည်း ပြန်ကြည့်တတ်ဖို့ လိုတယ်။ ဒီစိတ်မျိုးက ဖြစ်တတ်တယ်။ ဒီလို အကြိမ်များများ လွှဲနေတတ်တယ်။ လောကီစိတ်ဘက်ကို ပြန်ပြန်လာတယ်။ အကယ်၍ ဆက်အားထုတ်ပြီး တကယ်ပြတ်ပြတ်သားသား ဆုံးဖြတ်နိုင်ပြီဆိုရင်တော့ လွှတ်လိုက်ရုံပဲရှိတယ်။ ဒါကို မှတ်ထားသင့်တယ်။ အကယ်၍ ကိုယ်ကိုယ်တိုင် ဖြစ်လာခဲ့ရင် ဒီစိတ်ကို နားလည်ဖို့ လိုတယ်။ အပြစ်မတင်သင့်ဘူး။ ဒါဟာ စိတ်ရဲ့ သဘာဝပဲ။

နေနေကျ နေရာမှာ ဆက်နေချင်တယ်။ ဒီနေရာကိုပဲ ပိုကောင်းအောင် ပြုပြင်ပြီး ဆက်နေသွားချင်တယ်။ တစ်ခါမှ မရောက်ဖူးတဲ့ နေရာသစ်ကို သွားရမှာ နဲနဲ ကြောက်တတ်တယ်။

ဒကာ၊ ဒကာမတွေအားလုံး တရားကို တကယ် စွဲစွဲမြဲမြဲ အားထုတ်ကြပါ။ စွဲမြဲရင် တိုးတက်ပါတယ်။ မတိုးတက်ဘူးဆိုတာ မရှိပါဘူး။ အဲဒါကို ယုံကြည်စိတ်ချဖို့  အင်မတန် အရေးကြီးတယ်။ ဘ၀မှာ အရေးကြီးဆုံးက နေ့ စဉ် နေ့ စဉ် ကောင်းသည်ထက် ကောင်းတာတွေ လုပ်သွားဖို့ ၊ မြင့်သည်ထက် မြင့်တဲ့ဘက်ကို သွားဖို့ နဲ့  နောက်ဆုံးမှာ အမြင့်ဆုံးဖြစ်တဲ့ အရဟတ္တမဂ်ရဖို့  ဖြစ်ပါတယ်။

ဒကာ ဒကာမတွေအားလုံး တစ်နေ့ တခြား စိတ်ထား သဘောထား ပိုကောင်းလာပြီး မိမိကိုယ်ကို ချစ်ခင်လေးစား တန်ဖိုးထားနိုင်ကြပါစေ။ အမြင့်ဆုံးအသိဉာဏ်ကို ရအောင် ကြိုးစားနိုင်ကြပါစေ။

ဆရာတော် ဦးဇောတိက
“ကိုယ်ရည်ကိုယ်သွေးမြင့်မားစေရန်” စာအုပ်မှ ကောက်နုတ်ဖော်ပြပါသည်။


--

ဝိမုတ္တိသုခ
www.vimuttisukha.com
www.dhammaflavour.net
www.vimuttirasa.com

ကောင်းလွန်းသောတရားတော်အား အထက်ပါဘလော့မှ မေးလ် ပေးပို့ထား၍ ထပ်ဆင့်ဓမ္မဒါနပြုပါသည်။

ရွှေလမ်းငွေလမ်းဝင်းကြည်
၂၀၁၀ ခု၊မတ်လ(၁၈)ရက်၊ည(၉)နာရီ ကူးယူဖော်ပြပါသည်။
 

ထီလောကမှ အပိုဆုဂယက်




ထီလောကမှ အပိုဆုဂယက်

သတင်း
ရွှေလမ်းငွေလမ်းဝင်းကြည်
၎-၃-၂၀၁၀

အောင်ဘာလေထီ သိန်းတစ်ထောင်ဆုပေါက်ရင် အပိုဆုငွေကျပ်သိန်း(၅၀၀)ထက် ပို၍ မပေးရဟု သက်ဆိုင်ရာမှ အမှန်တကယ်တားမြစ်ထားပါသလား?။ ထီလောက မှာ ထီဆိုင်များနာမည်အမျိုးမျိုးဖြင့် ရောင်းချနေကြပါတယ်။ သိန်း(၁၀၀၀)ဆုပေါက်ရင် အပိုဆုငွေ သိန်း(၅၀၀)ပေးမည်။ သိန်း(၁၀၀၀)ဆုပေါက်ရင် အပိုဆုငွေ သိန်း(၆၀၀)ပေးမည်။ တချို့ဆိုင်တွေက သိန်း(၁၀၀၀)ဆုပေါက်ရင် အပိုဆုငွေ သိန်း(၆၀၀)နှင့်အတူ (လိုက်အိတ်၊စက်မှုဇုံ) ကားတစ်စီးပေးမည်။ တစ်ချို့ဆိုင်တွေက သိန်း(၁၀၀၀)ဆုပေါက်ရင် အပိုဆုငွေသိန်း(၆၀၀)နှင့် အတူ မော်တော်ဆိုင်ကယ် တစ်စီးပေးပါမည် လို့ ဆိုင်ရှေ့မှာ ကားတွေ၊ ဆိုင်ကယ်တွေကို စင်တင်ပြထားကြပါတယ်။ မကွေးမြို့၊ မုံရွာမြို့၊ ရွှေဘိုမြို့တွေမှာ မြင်တွေ့နေရပါတယ်။

ဒီအပိုဆု မော်တော်ကား၊ ဆိုင်ကယ်များကို နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊မြို့ ဆိုင်များမှာ ကြော်ငြာထားတာမတွေ့ရဘဲ နယ်မြို့များမှာသာ ပြသ၊ပြုလုပ်နေခြင်းကို ထီထိုးသူများက ဒီအပိုဆုများပေးခြင်းအပေါ် တစ်ဆိုင်တစ်မျိုးပေးချင်သလို ပေးလို့ရ သလား?။ အမှန် တစ်ကယ် မပေးရင်ကော..?၊ သို့လော သို့လော တွေးတော မေးမြန်းနေကြကြောင်း သတင်းရှိခဲ့ပါတယ်…။

သတင်းဓာတ်ပုံများပူးတွဲလျှက်။


ရွှေလမ်းငွေလမ်းဝင်းကြည်
လျှပ်တစ်ပြက်ဂျာနယ်(၁၂-၃-၂၀၁၀)နေ့ထုတ်
အမှတ်(၇၆)တွင်ဖော်ပြပြီး။
 

သံသရာထွက် ဖြတ်ပိုင်းလက်မှတ်



သံသရာထွက် ဖြတ်ပိုင်းလက်မှတ်

ငါ..အရာရာဘ၀ဇာတ်စုံနဲ့ ပါဝင်ခဲ့ပြီ..
နေဖို့ထက် သေဖို့ကနီး
တစ်ရက်ပြီး တစ်ရက်
ပြက္ခဒိန်က လမှနှစ်တွေပြောင်း
အိုချင်းဆိုး၊ နာချင်းဆိုး အချက်ပေး
နာရီသံချောင်းတွေက ရင်ထဲမှာ ဘလောင်ဆူထိုးနေပြီ်…။

အသက်တစ်ရာမနေရ
အမှုတစ်ရာ တွေ့ရမည်တဲ့
ပြုလုပ်တော့ တစ်ဦးတည်း
ဝိုင်းစားကြတော့ အများ
သံသရာအ၀ိုင်းပြေးပွဲမှာ တစ်ဦးတည်း
ကြွေးဆပ်ပြီး ခေါင်းပြောင်းခံနေရတာက ငါ…ငါ…။

တော်ပါပြီ….ငါကို ခ၀ါချ
ကမ္ဘာကြီးပျက်မဲ့သတင်းထက်
ကိုယ့်ခန္ဓာကိုယ်ကိုသတိထား စူးစူးစိုက်စိုက်နဲ့
ရုပ်၊နာမ်နှစ်ပါးကို ဥာဏ်နဲ့ကြည့်
ဆရာတော်ဘုရားကြီများဟောကြားတဲ့
အသိတရား အရှိတရားဖြစ်၊ပျက်တွေကို
ခန္ဓာဥာဏ်ရောက် တကယ်သဘောပေါက်ဖို့
ယနေ့ကစလို့ တစ်နေ့(၂)နာရီ
မပျက်၊မကွက် တရားထိုင်ပါတော့မည်……။

ကိုဖိုးသား ပေးထားသော မြစိမ်းတောင်ဆရာတော်ဘုရားကြီး၏ တရားတော်များအား ဤကဗျာဖြင့် ပူဇော်ပါသည်။

ရွှေလမ်းငွေလမ်းဝင်းကြည်
၂၀၁၀ ခု၊မတ်လ(၁၂)ရက် ညနေ(၄)နာရီ ရေးသည်။
 

ဗုဒ္ဓယဉ်ကျေးမှု အခြေပြုသင်တန်း(ပဉ္စမအကြိမ်)












ဗုဒ္ဓယဉ်ကျေးမှု အခြေပြုသင်တန်း(ပဉ္စမအကြိမ်)

(၉-၃-၂၀၁၀)နေ့၊ညနေ(၆)နာရီခန့်အချိန်တွင် စာရေးဆရာမြေလတ်မင်းလွင်၏ ကိုယ်ရေးအတွင်းရေမှူးအဖြစ် ကျွန်တော်လိုက်ပါခဲ့ရပါတယ်။သွားတဲ့နေရာကတော့ ဓမ္မရတနာ သာသနာ့ရိပ်သာ၊ (DHAMMA RANATA SASANA YEIKTHA) ။ နနွင်းကုန်းရပ်ကွက်၊ သင်္ဃန်းကျွန်းမြို့နယ်။ ရန်ကုန်မြို့၊ ငါးထပ်ကျောင်းတော်ကြီးဖြစ်ပါတယ်။ ဧဟိပဿိက ကျောင်း တော် လို့ခေါ်ဆိုပါတယ်။ ကျောင်းထိုင်ဆရာတော်ကြီးမှာ(ဦးအာသဘာစာရ)ဖြစ်ပြီး လက်ထောက် တိုက်အုပ်ဆရာတော်မှာ( ဦးဝါယမ)ဖြစ်ကြောင်း သိရပါတယ်။

(၁-၃-၂၀၁၀ မှ ၁၄-၃-၂၀၁၀ အထိ ) ၁၄ ရက်သင်တန်းဖြစ်ပါတယ်။ သင်တန်းသား သင်တန်းသူများမှာ မူလတန်း။ အလယ်တန်းကျောင်းသား၊ ကျောင်းသူလေး များဖြစ်ကြပါတယ်။ ကျောင်းသား၊ ကျောင်းသူလေးများဘ၀မှ ကိုရင်အပါး(၅၀)၊သီလရှင် အပါး(၂၈)ပါး၊ စုစုပေါင်း သာသနာ့ဘောင်သို့ အလှူပွဲကြီးပြုလုပ်ပေးကြောင်း သိရပါတယ်။ ယခုနှစ်ပါဆိုရင် ပဉ္စမအကြိမ်မြောက် ငါးနှစ်တိတိရှိကြောင်း ကြားသိခဲ့ရပါတယ်။

ဗုဒ္ဓယဉ်ကျေးမှု အခြေပြုသင်တန်းကို စာချဆရာတော်များနှင့် စာချသီလရှင်ဆရာလေးများက အချိန်ဇယားဖြင့် နေ့စဉ်သင်ကြားပေးကြောင်းသိရပါတယ်။ စာမေးပွဲများ ဖြေဆိုစေကြပြီး၊ ကိုရင်၊ သီလရှင်လေးများကို ပထမ၊ ဒုတိယ၊ တတိယအဆင့်များ ရွေးချယ်ပူဇော်ပေးကြောင်းကိုလဲ သိရပါတယ်။ အလှူရှင်များမှာလည်း (၁၄)ရက်လုံး အပြည့်လှူဒါန်းထားသော ကဗ္ဗည်းတင်ထားတဲ့ သင်ပုန်းများကိုလဲမြင်တွေ့ရပါတယ်။

ညနေပိုင်းအချိန်တိုင်းမှာလည်း (၁၄)ရက်လုံး စာရေးဆရာတစ်ယောက်စီကို အထူးဖိတ်ကြားဟောပြောပွဲများ ကျင်းပပေးကြပါတယ်။ ယနေ့(၉)ရက်မြောက်နေ့မှာတော့ စာရေးဆရာ မြေလတ်မင်းလွင် (စာပေဆု ၁၈ ဆုရ) ဆရာက ဟောပြောပေးပါတယ်။ သင်တန်းသားကိုရင်းလေးများ။ သီလရှင်လေးများမှာ ဆရာဟောပြောပေးတဲ့ မှတ်ဖွယ်မှတ်ရာ များကို စိတ်ပါဝင်စားစွာနဲ့ နားထောင်မှတ်သားနေကြောင်းမြင်တွေ့နေရပါတယ်။

ယခုလို ငါးနှစ်ဆက်တိုက် မပျက်မကွက် ကျင်းပဆောင်ရွက်ပေးနိုင်ခဲ့တဲ့ ဗုဒ္ဓယဉ်ကျေးမှု အခြပြုသင်တန်းကို မြင်တွေ့ခဲ့ရတာ များစွာကိုးဝမ်းသာအားရကြည်နူးပီတိဖြစ်လို့ သာဓု အနုမောဒနာပြုရင်း မှတ်တမ်းတင်လိုက်ရပါတယ်။ မြန်မာပြည် တစ်ပြည်လုံး ယခုလို သင်တန်းများဆက်တိုက် ဆက်တိုက် နေရာအနှံ့မှာ ဖွင့်လှစ်ဆောင်ရွက်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်းများ တောင်းလိုက်ရပါတယ်.. အလှူရှင်အပေါင်းတို့ခင်ဗျား..။

ရွှေလမ်းငွေလမ်းဝင်းကြည်
၂၀၁၀ ခု၊မတ်လ(၁၁)ရက်၊ ည(၁၁)နာရီတွင် ရေးသားဂုဏ်ပြုပူဇော်ပါသည်။
 

စာမူများတောင်းခံအပ်ပါသည်။


“ဓမ္မဒိုင်ဂျက်” ဓမ္မရသစာစု (လစဉ်ထုတ်မဂ္ဂဇင်း)မှ စာမူများတောင်းခံအပ်ပါသည်။

ပြည်တွင်း၊ပြည်ပ မှ စာရေးဆရာ သံဃာတော်အရှင်မြတ်အပေါင်းတို့နှင့် စာရေးဆရာ၊ ဆရာမများ၊ စာပေကလောင်သစ်များထံ လေးစားစွာဖြင့် ဓမ္မရသ ဆောင်းပါး၊ ၀ထ္ထုတို (ဘာသာရေးနှင့်သက်ဆိုင်သောအကြောင်းအရာစာမူများ) ကိုရေးသားချီးမြှင့်ပေးပါရန် စာမူများ တောင်းခံအပ်ပါသည်။

ဓမ္မဒိုင်ဂျက် မဂ္ဂဇင်း၏ ရည်ရွယ်ချက် ။

ဗုဒ္ဓဘာသာအကြောင်း
ဗုဒ္ဓ၏ ဓမ္မဒေသနာတော်များ
ဗုဒ္ဓဘာသာဝင်များ ကျင့်ကြံပွားများအားထုတ်ရမည့် သီလ၊ သမာဓိ၊ ပညာ၊ ၀ိပသနာတရားတော်များကို ခြေခြေမြစ်မြစ် သိရှိနားလည်ပြီး ဗုဒ္ဓဘာသာဝင် ကောင်း တစ်ယောက် ပီပီပြင်ပြင် ဖြစ်စေချင်ပါသည်။

ဗုဒ္ဓ၏ အဆုံးအမ ဓမ္မဒေသနာတော်များနှင့် ပွားများရမည့် တရားဘာဝနာ များသည် လောကသံသရာမှာ အဆင့်မြင့်မြင့် အထက်တန်းကျကျ မျက်နှာပန်း လှလှ နေထိုင်ရ၍ မင်္ဂဖိုလ်နိဗ္ဗာန်သို့တိုင် အကျိုးများစေရန် ဦးတည်ရည်ရွယ် ပါသည်။

၂၀၁၀ ခုနှစ်မှစ၍ လစဉ်ပုံမှန်ထုတ်ဝေ ဖြန့်ချိပေးပါမည်။ (၃)လ အတွက်စာမူများအား စာပေစီစစ်ရေးမှ ခွင့်ပြုပြီးဖြစ်ပါသည်။ ပေးပို့သော စာမူများ အားလည်း ဆက်လက်တင်ပြ၍ လစဉ်ဆက်တိုက် ထုတ်ဝေဖြန့်ချိသွားပါမည်။


ဆက်သွယ်ရန်
dhammadigest.mdy@gmail.com

Full Colour
အမှတ်(၄၄၉)၊ ၃၃ လမ်း၊ ၈၁ လမ်း/ ၈၂ လမ်း၊
ချမ်းအေးသာဇံမြို့နယ်၊ မန္တလေးမြို့။
ဖုန်း ၀၉-၂၀၃၄၈၁၉

ဓမ္မဒိုင်ဂျက် ဓမ္မရသစာစု မဂ္ဂဇင်း

စာတည်းချုပ်
တက္ကသိုလ် တေဇာလင်း
ရတနာဘုံမြင့်စာချကျောင်း
ချမ်းသာကြီးကျောင်းတိုက်
ပွဲကုန်း၊ အောင်မြေသာစံမြို့နယ်
၉၁/၉၂ လမ်းကြား၊ ၂၆ ဘီလမ်း
မန္တလေးမြို့။
ဖုန်း ၀၂-၆၀၇၉၄


ရွှေလမ်းငွေလမ်းဝင်းကြည်
၇-၃-၂၀၁၀ ည(၉း၃၀)နာရီ တင်ပါသည်။
 

“လာမည့်ဘေး ပြေးတွေ့”



“လာမည့်ဘေး ပြေးတွေ့”

ဘာသာရေးကဗျာ
ရွှေလမ်းငွေလမ်းဝင်းကြည်

အင်း….
လဘက်ရည်ဆိုင်စကားဝိုင်းကအပြန်..
စဉ်းစားမိလို့ ရင်မောရပါတယ်…။

ပင်လယ်ကြီးရဲ့ လေးပုံတစ်ပုံလောက်ရှိတဲ့
ရေခဲတုံးကြီး အရည်ပျော်လာပြီ….။

ချီလီနိုင်ငံနဲ့ အခြားနိုင်ငံတချို့တွေမှာ
ငလျှင်အကြီးအကျယ်လှုပ်လို့ လူတွေအတုန်းအရုန်း
အများကြီးသေကုန်ကြပြီဆိုပဲ..။

နေမင်းကြီးနဲ့ ကမ္ဘာကြီးရဲ့ကြားမှာ
အင်္ဂါဂြိုလ်က ၀င်လာပြီး
အချိန်အကြာကြီး အမှောင်ကျနေမယ်တဲ့၊
ဒါဆိုရင် ၂၀၁၂ ခုနှစ်မှာ ကမ္ဘာကြီးများ
အမှန်တကယ်ပျက်တော့မှာလား…?။

နာဆာသိပ္ပံပညာရှင်တွေက
တစ်ခြားပြင်ပဂြိုလ်ကို ပြောင်းကြဖို့
နည်းမျိုးစုံနဲ့ သုသေသနတွေပြုလုပ်ပြီးကြပြီတဲ့။

အင်း..
ကျွန်တော်တို့ကတော့ ဗုဒ္ဓဘာသာဝင်ပီပီ
ဘုရားလမ်းပြထားခဲ့တဲ့ အသေလွတ်တဲ့တရား
ဝိပသနာတရားကို နေ့မနား ညမနား
ဆပွား အားထုတ်ရင်းက ဖြစ်ပျက်ကို
မြင်အောင် အသိနှင့်အရှိ တစ်ထပ်တည်းကျအောင်
လာမဲ့ဘေးကို ပြေးတွေ့ပါတော့မည်……။

ရွှေလမ်းငွေလမ်းဝင်းကြည်
၂၀၁၀ ခု၊မတ်လ(၅)ရက်၊နေ့၁၁း၃၀ နာရီတွင်ရေး၏။
 

အရမ်းကောင်းလို့မျှဝေလိုက်တာပါ..


ဆရာ ဦးအောင်ချို ပေးထားသောမေးလ်အား ထပ်မံဖော်ပြပေးလိုက်ပါသည်။

Subject: အရမ်းကောင်းလို့မျှဝေလိုက်တာပါ....
To: youthcharityorganization


(၁) နေ.စဉ်နဲ.အမျှကိုယ်လုပ်နေသောအလုပ်များကိုသုံးသပ်ပါ တည်းဖြတ်ပါ
(၂) အကျိုးရှိသော အချိန်များကို အကျိုးမဲ.စွာ မဖြုန်းတီးပါနှင်.
(၃) လူမှန်ရင်ဒုက္ခနဲ.မကင်းပါဘူး ဒုက္ခဆိုတာကြောက်စရာမဟုတ်ပါဘူး လေ.လာသင်ယူစရာတခုပါ
(၄) အချစ်မရှိလို.မသေနိင်ဘူး တဏှာကြီးမှသေမှာ
(၅) လက်ရှိအချိန်ထက် တန်ဖိုးရှိတဲ.အချိန်မရှိနိင်ဘူး
(၆)အသက်ရှင်သန်ဖို.အလုပ်လုပ်ကြသလို ဘ၀ကူးကောင်းအောင်လည်းအလုပ်လုပ်ရမယ်
(၇) ကိုးကွယ်ဆည်းကပ်မှု မမှားစေနဲ.
(၈) အရာရာတိုင်းမှာ လုံ.လ ၊ ၀ီရိယ ၊ ဇွဲသတ္တိအပြည်.နဲ. လုပ်ဆောင်ကြိုးစားပါ
(၉) အနန္တ ဂိုဏ်းဝင်ကျေးဇူးရှင်များ၏ ဂုဏ်ကျေးဇူးကို မမေ.လျောပါနှင်.
(၁၀) ကိုယ်.ကိုကိုယ်သာ အားကိုးကာ ဘ၀ခရီးလမ်းကို ပျော်ရွှင်စွာဖြတ်သန်းပါ

,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,

စိုးစိတ်

ငါမဟုတ်တာ လုပ်တာတွေကို
လူမသိပေမယ့်
ငါသိတာ ခက်နေတယ်လေ.....

,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,
အတွေးလေးပါ

သံယောဇဉ်ဆိုတာ
ဝေးသွားတာနဲ့
မလျော့ပါဘူး ။
လျော့သွားရင်လည်း
သံယောဇဉ် အစစ်မဟုတ်ဖူးလေ......။
မေတ္တာစစ်
မေတ္တာမှန်ဆိုတာလဲ
ပြီးပြည့်စုံတဲ့လူကို
ချစ်တာမဟုတ်ပါဘူး။
မပြည့်စုံတဲ့သူကို
ပြည့်ပြည့်၀၀ ချစ်တာပါ...........။

,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,

ကိုယ့်ကိုကိုယ် တန်ဖိုးမထားတတ်တဲ့သူဟာ ကိုယ့်တန်ဖိုး
ကိုယ်နားမလည်တဲ့သူလို့ ပြောနိုင်ပါတယ်။ လူတိုင်းလူတိုင်းဟာ သူ့ဘ၀ဖြစ်စဉ်
တစ်ခုမှာ ကိုယ့်ကိုကိုယ် တန်ဖိုးထားမြတ်နိုးခြင်း ရှိရမှာဖြစ်သလို
ကိုယ်တန်ဖိုးထားမြတ်နိုးသင့်တဲ့သူ ကိုယ်တန်ဖိုးထား မြတ်နိုးသင့်တဲ့အရာ
များစွာရှိလာမှာ ဖြစ်ပါတယ်၊ ဒီလိုကြုံကြိုက်လာတဲ့ အခါမှာလည်း
ကိုယ့်ကိုကိုယ် တန်ဖိုးမထား မမြတ်နိုးတဲ့ သူဟာ တစ်စုံတစ်ရာသော အတိုင်းအတာ
တစ်ခုအတွင်းမှာ သူ့အပြင်တစ်ခြား မည်သူ့ကိုမှ မည်သည့်အရာကိုမှ
တန်ဖိုးထားမြတ်နိုးတတ်မှာ မဟုတ်ပါဘူး။

သင်ရော ကိုယ့်ကိုကိုယ် တန်ဖိုးထားမြတ်နိုးတတ်ပါရဲ့လား ဆိုတာ ဆန်းစစ်ကြည့်ဘူးပါသလား။
လူတိုင်းလူတိုင်း ကိုယ့်ကိုကိုယ် တန်ဖိုးထားမြတ်နိုးသူများ ဖြစ်နိုင်ကြပါစေ....

,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,

ကိုကောင်းကင်ကို ရဲ့ ကဗျာလေး ပါ နှစ်သက်မိလို့
ဝေမျှလိုက်တာပါ။ထိုင်းနိုင်ငံ ရာဘာတောမှာ အလုပ်လုပ်နေတဲ့မြန်မာအလုပ်သမား
တစ်ချို့ ကို ကြည့်ပြီး ခံစားရေးဖွဲ့ထားတာပါတဲ့

ကျွန်
ရှေးရှေးတုန်းကတော့
နယ်ချဲ့ တွေက ကျွန်ပြုဖို့ ကျွန်တော်တို့ ဆီကိုလာတယ်။
ဒီဘက်ခေတ်မှာတော့
ကျွန်ခံဖို့ ကျွန်တော်တို့ ကိုယ်တိုင် ခရီးထွက်ရတယ်။
လူဖြစ်ပေမယ့် ရွေးချယ်ခွင့်က မရှိခဲ့ဘူး အမေရယ်။

ကျွန်တော့် အဖြစ်က
အိပ်မက်ထဲက ကမ္ဘာကို
ကျွန်ရွာမှာမှ သွားရှာမိတဲ့ အဖြစ်။

သေရင် မြေကြီးဆိုတာကတော့ မှန်ပါတယ်။
ရှင်ရင်တော့ မစို့ မပို့ ငွေလေးက ကျွန်တော်တို့ အတွက်ရွှေထီးပေါ့။

တရွာပြောင်းပေမယ့် သူကောင်းတော့ မဖြစ်ခဲ့ပါဘူး။
ကျွန်ပဲဖြစ်ခဲ့တယ်။
ကြောက်ရင်လွဲ ရဲရင်မင်းဖြစ်သတဲ့။
ကျွန်တော်… အမေနဲ့ ညီမလေးတွေအတွက် ရဲခဲ့ပါတယ်။
ကျွန်ပဲ ဖြစ်နေသေးတယ် အမေ။
ကျွန်တော့်ရဲ့  ရဲရင့်မှုတွေကပဲ နေရာလွဲခဲ့လို့ လား။

ကိုယ့်အခွင့်အရေးကို သိဖို့ နေနေသာသာ
တစ်ချို့ သူငယ်ချင်းတွေဆို ကိုယ့် အသက်ဘယ်လောက်ရှိမှန်းတောင် မသိရှာဘူး။
တချို့ ကလေးတွေဆို မြန်မာ နာမည်တောင် မရှိရှာဘူး။
ဘော(့စ်) ဆိုသူတွေ ပေးတဲ့နာမည်တွေ ပဲ ရှိကြတယ်။

အမေပြောတော့ အလုပ်လုပ်ရင် ကြီးပွါးမယ်ဆို။
အလုပ်လုပ်လေ ပိုခိုင်းလေလေပဲ အမေ။
ကျွန်ဖြစ်လေလေပဲ အမေရဲ့ ။
လူအချင်းချင်းဆိုတဲ့ အသိ
သူတို့ မှာ မရှိဘူး အမေ။
သွေးစုပ်ဖို့ ပဲ သူတို့ သိတယ်။

အမေရယ်
ကျွန်တော်လည်း အစကတော့
ချစ်သူရဲ့ မျက်နှာသုတ်ပုဝါလောက် ဖြစ်ဖို့ မှန်းပြီးထွက်ခဲ့တာပေါ့။
အခု ဖြစ်လာတာက အားလုံးရဲ့ ခြေသုတ်ပုဆိုး
မရှိသေးတဲ့ အစွယ်တောင် ကျိုးခဲ့ပြီ်။

ခုတော့
ကျွန်တော့် အသည်းနှလုံးကလည်း
ကျွန်အချင်းချင်တောင်
ပြန်မစုပ်ချင်တဲ့ သရက်စေ့ တစ်စေ့ပေါ့။

ကိုယ့်ကိုယ်ကို ကျွန်လို့ သုံးလို့ 
မငိုလိုက်ပါနဲ့ အမေရယ်။
သူတို့ ဒေါသလေးတစ်ချက်ထွက်ရုံနဲ့ 
ရာဘာခင်းထဲ ရက်ရက်စက်စက် အသတ်ခံရနိုင်တာဆိုတော့
ကျွန်တော်တို့ အသက်တစ်ချောင်းက
ရာဘာပင် တစ်ပင်လောက်တောင်တန်ဖိုးမရှိဘူးအမေ။
သူတို့ အချစ်တော် ကြောင်တစ်ကောင်လောက်တောင် တန်ဖိုး မရှိဘူး။
ဒါကို ကိုယ့်ကိုယ်ကို သခင်လို့ 
မျက်လုံးစုံမှိတ်ပြီး ကြွေးကျော်နေရမှာလား။
အနာရှိတာကို လက်ခံမှ ဆေးထည့်လို့ ရမှာပေါ့ အမေ။

လူတွေ ပြောတော့
မြန်မာ အချင်းချင်း ရိုင်းပင်းတယ်ဆို။
ကောင်းတဲ့သူတွေ လည်း အများကြီး ရှိပါတယ်။
တချို့ ကတော့ တော်တော့်ကိုဆိုးတယ်။
ကျွန်တော်တို့ ရွှေလို့ခြုံငုံခေါ်နေတဲ့အထဲက တစ်ချို့ ကပဲ
အချင်းချင်း ရောင်းစားနေကြတာ အမေ။
တိုင်းပြည်မီးလောင်လို့ 
အချင်းချင်းချနင်းရက်တာလား။
ဘာပဲဖြစ်ဖြစ် သူတို့ လူစိတ်မရှိတာ ကတော့
သေချာပါတယ်။
ရွှေဆိုတဲ့ စကားလုံးက
အကုန်လုံးနဲ့ တော့မတန်ဘူး အမေ။
သူတို့ ကို ရွှေစာရင်းထဲက ကျွန်တော်ထုတ်တယ်။

ဟိုတလောက စာအုပ်ထဲမှာ ဖတ်လိုက်ရတယ်အမေ။
လင်ကွန်းဆိုတဲ့ သူက ကျွန်စနစ် ပပျောက်အောင်လုပ်ပေးခဲ့သတဲ့။
ဘယ်မှာ ဟုတ်လို့ လဲ အမေရယ်။
သားတို့ ကိုလာကြည့်စမ်းပါ။
သူလုပ်နိုင်ခဲ့တာ သူ့ နိုင်ငံကွက်ကွက်လေးပဲ
သူ့ ကိုလေးစားပေမယ့်
ကျွန်တော်တို့ အတွက်တော့ သူက
သမိုင်းတင်လောက်အောင် မစွမ်းသေးပါဘူးအမေရယ်။

လူ့ အဖြစ်က ရခဲတယ်ဆို။
ရခဲ တာပဲ ကောင်းပါတယ် အမေ။
ကျွန်တော် လူမဖြစ်ချင်တော့ဘူး။
ကျွန်တော် ငှက်တွေကို ငေးကြည့်မိတယ် အမေ။
ငှက်အချင်းချင်း အမျိုးအနွယ်မတူလို့ ရက်စက်ကြတာမရှိဘူးအမေ။
ငှက်တွေမှာ ပြည်တွင်းစစ်မရှိဘူး။
ငှက်တွေမှာ ဘာသာရေး အဓိကရုဏ်းတွေ မရှိဘူး။
ငှက်တွေမှာ ကိုယ့်အသိုက်အမြုံကို ဗိုလ်ကျပြီး အတင်းရွှေ့ ခိုင်းတာမျိုး မရှိဘူး။
ငှက်တွေ ကံဆိုးမိုးမှောင်ကျပြီး လှောင်အိမ်ထဲမှာ နေရရင်တောင်
သူတို့ သခင်က သူတို့ ကို အချစ်နဲ့ လှောင်ထားတာ။
ကျွန်တော်တို့ ကတော့ အမုန်းနဲ့ လှောင်ထားခြင်းခံရတယ်။
မေတ္တာ အရမ်းငတ်တယ် အမေရယ်။

ကမ္ဘာ့ ခေါင်းဆောင်တွေကလည်း
ကျွန်တော်တို့ ငိုသံတွေ ဘယ်လောက်ကျယ်ကျယ်
အမျိုးသား အကျိုးစီးပွါးဆိုတဲ့ စကားလုံးအောက်မှာ
နားမကြားကြဘူး ထင်ပါရဲ့ ။

လူ့ အခွင့်အရေးဆိုတဲ့ ပန်းဟာ
ဖိနှိပ်သူတွေရဲ့ နှုတ်ခမ်းမှာ မပွင့်ဘူး အမေ။
ကျွန်စနစ်ဟာ
စာရွက်ပေါ်မှာတောင်မှ
မပပျောက်သေးပါဘူး အမေရယ်။

,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,

--
http://groups.google.com/group/youthcharityorganization?hl=en



YCO

ဆရာ ဦးအောင်ချို ပေးထားသောမေးလ်အား ထပ်မံဖော်ပြပေးလိုက်ပါသည်။


ရွှေလမ်းငွေလမ်းဝင်းကြည်
၂၀၁၀ ခု၊ မတ်လ(၂)ရက်။ တောင်သူလယ်သမားနေ့၊နေ့(၁၂)နာရီ ကူးတင်ပါ၏။