`မကွေးတိုင်းဒေသကြီး ဆင်ဖြူကျွန်းမြို့ မှ နွယ်တမယ်ချောင်းရေးကြီး၍ ကားလမ်းကူးတံတား(၅)ပိုင်းပြတ်ပျက်စီး´



















`မကွေးတိုင်းဒေသကြီး ဆင်ဖြူကျွန်းမြို့ မှ နွယ်တမယ်ချောင်းရေးကြီး၍ ကားလမ်းကူးတံတား(၅)ပိုင်းပြတ်ပျက်စီး´
၁၉-၁၀-၂၀၁၁ နေ့မှာ ရခိုင်ပြည်နယ်မှ မုန်တိုင်းကျရောက်မှုကြောင့် မကွေးတိုင်းဒေသကြီး စလင်းမြို့နယ်တွင်လည်း မိုးကြီး၍ (၃)ရက်ဆက်တိုက် မိုးသည်းထန်စွာရွာသွန်းခဲ့ပါသည်။ စလင်းချောင်းဆည် ရေပိုလွှဲမှရေလျှံခြင်း၊ လင်းဇင်းရေလွှဲဆည် ရေပိုလွှဲမှ ရေများပိုမိုလျှံကျခြင်းများဖြစ်ပေါ်ခဲ့ကြောင်း ကြားသိရပါသည်။ ထို့ကြောင့် စလင်းမြို့နယ် ဆင်ဖြူကျွန်းမြို့ရှိ နွယ်တမယ်ချောင်းရေများလည်း ပိုမို၍ ရေးကြီးခြင်းဖြစ်ပေါ်ကြောင်းသိရှိရပါသည်။ ယင်းနေ့က ချောင်းရေကြီးမားမှုကြောင့် ဆင်ဖြူကျွန်းတစ်မြို့လုံးအတွင်း ရေများလျှံတက်ဝင်ရောက်လာခဲ့ပါသည်။ ဆင်ဖြူကျွန်းမြို့နှင့် နွယ်တမယ်ရွာ ဆက်စပ်ထားသော နွယ်တမယ်ကားကူးလမ်းတံတားမှာလည်း (၅) ပိုင်းပျက်စီးသွားကြောင်းသိရှိရပါသည်။ ယင်း နွယ်တမယ်တံတားကြီး ပျက်စီးသွား၍ မင်းဘူး ၊ စလင်း၊ ဆင်ဖြူကျွန်း၊ ချောက်မြို့၊ရန်ကုန်၊ မန္တလေးမြို့များ သို့ (ဧရာဝတီမြစ်၏ အနောက်ဘက်လမ်း၊ ရခိုင်ပြည်နယ်နှင့် ဆက်သွယ်ထားသော လမ်းမကြီး) မှ ပြေးဆွဲပေးနေကြသော လိုင်းကားများ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်သွားပါသည်။ ဆင်ဖြူကျွန်းမြို့နှင့် နွယ်တမယ်ရွာ တစ်ဘက်ကမ်းသို့ လူနှင့် ကုန်စည်များအား လူအား ၊ နွားလှည်းများဖြင့်သာ တဆင့်ကဲ့၍ သည်ယူနေကြရပါသည်။ ယင်း နွယ်တမယ်ချောင်းရေးကြီးခြင်း၏ အဖြစ်မှန်အား သိရှိနိုင်ရန် လျှပ်တစ်ပြက် ဂျာနယ်မှ ဒေသခံများထံ သွားရောက်မေးမြန်း၍ သတင်းရယူခဲ့ပါသည်။
ဒေသခံစလင်းမြို့မှ ဦးအောင်မြင့်ဦး၊ ဆင်ဖြူကျွန်းမြို့မှ ဦးညွှန့်မောင်၊၊ ဓာတ်ပုံဆရာ မောင်မောင်လွင်(စလင်း) တို့နဲ့ တွေ့ဆုံမေးမြန်းသတင်းရယူခဲ့ပါတယ်။

မေး။ ဦးအောင်မြင့်ဦး ခင်ဗျာ နိုင်ငံခြားသတင်းဌာနတစ်ခု က နွယ်တမယ်ချောင်းရေကြီးခြင်းဟာ စလင်းဆည်မှာ မိုးကြီးပြီး ရေများနေလို့ ရေတံခါးကို ဖွင့်လိုက်လို့ သူ့အောက်က လင်းဇင်းဆည် ကျိုးပါတယ်။ ဒါကြောင့် အောက်ကချောင်းတွေမှာ ရေးတွေကြီးပြီး ရေလျှံမှုတွေဖြစ်တယ်။ နွယ်တမယ်တံတားကြီးလည်း ကျိုးပျက်သွားရတယ်လို့ ပြောသွားပါတယ်။ လင်းဇင်းဆည် ကျိုးသွားတယ်ဆိုတာ ဟုတ်ပါသလားခင်ဗျာ..။

ဖြေ။ `` လင်းဇင်းဆည် ကျိုးသွားတယ်ဆိုတာ မဟုတ်ပါဘူး။ လင်းဇင်ဆည်က ဆည်ကြီးမှ မဟုတ်တာ..။ ရေပိုလွှဲဆည် တစ်ခုသာဖြစ်ပါတယ်။ ရေပိုလွှဲက ရေတွေမြင့်တက်လာပြီး လျှံကျတာပါ။ လုံးဝကျိုးပျက်သွားခြင်းမရှိပါဘူး။ ကျွန်တော်ကိုယ်တိုင်(၂၅-၁၀-၂၀၁၁) နေ့က လင်းဇင်းဆည်ကို သွားရောက်ကြည့်ရှုပြီး ဓာတ်ပုံ(၂)ပုံကို ရိုက်ယူလာခဲ့ပါတယ်။´´

မေး။ ဓာတ်ပုံဆရာ ကိုမောင်မောင်လွင်ခင်ဗျာ ဆင်ဖြူကျွန်းနဲ့ နွယ်တမယ်ချောင်းကူးတံတား ရေလျှံပျက်စီးနေတဲ့ ဓာတ်ပုံတွေကို ဘယ်နေ့က ဘယ်လိုရိုက်တယ်ဆိုတာလေးကိုရှင်းပြပေးစေလိုပါတယ်။

ဖြေ။ ``(၁၉-၁၀-၂၀၁၁) နေ့ နံနက်(၈)နာရီလောက်မှာ ကျွန်တော် ဆင်ဖြူကျွန်းမြို့ကို သွားရောက်ရိုက်ယူလာခဲ့ပါတယ်။ မြို့ဝင်ကစပြီး တန်းရိုက်ပါတယ်။ဆေးရုံရှေ့တွေရော၊ မြို့လယ်ခေါင်ပါ နေရာအနှံရပ်ကွက်ပေါင်းစုံ ဓာတ်ပုံမှတ်တမ်းတင်ခဲ့တာ ပါ။ တံတားထိပ်ကတော့ ကုန်းမြင့်နေလို့ ရေက တော်တော်တိမ်ပါတယ်။ ဈေးကြီးဆိုရင် လူခါးတစ်ဝက်ကျော်ထိတောင် ကျော်ချင်ပါသေးတယ်။ နွယ်တမယ်တံတားပေါ် သွားပြီး ချောင်းရေကြီးတဲ့ပုံ၊ တံတားပျက်စီးတဲ့ပုံတွေ ကျွန်တော်ရိုက်ခဲ့တာပါ။´´

မေး။ ပိုင်အိုနီးယား လက်ဘက်ရည်ဆိုင်ပိုင်ရှင် ဦးညွှန့်မောင်ခင်ဗျာ ဆရာက နွယ်တမယ်ချောင်းတံတားထိပ်မှာ ဆရာကနေတာဆိုတော့ ဒီနွယ်တမယ်ချောင်းရေကြီးတဲ့ သမိုင်ကြောင်းနဲ့ ဆင်ဖြုကျွန်းမြို့ပေါ်ရေလျှံတက်လာတာတွေကို ရှင်းပြပေးစေလိုပါတယ်။

ဖြေ။ ``(၁၉-၁၀-၂၀၁၁) နေ့ည(၁၂) လောက်ကစကြီး ချောင်းရေတိုးလာပါတယ်။ ဒီချောင်းရေကြီတဲ့ အတွေ့အကြုံကလည်း မနှစ်က၂၀၁၀၊အောက်တိုဘာလ ဂီရိမုန်းတိုင်းတုန်းကလည်း ရေကြီးခဲ့ပါတယ်၊ တံတားလည်းပျက်စီးခဲ့ပါတယ်။မနှစ်က တံတား(၃)ပိုင်းပြတ်ခဲ့ပါတယ်။ ဒီနှစ်လည်း အောက်တိုဘာလပါပဲ။ ညပိုင်းကထဲက သက်ဆိုင်ရာတွေက အသံချဲ့စက်တွေနဲ့ သတိပေးနေကြပါတယ်။ မြေနှိမ့်ပိုင်းရပ်ကွက်တွေကလည်း ကြိုတင်ကာကွယ်မှုတွေကို လုပ်ထားကြပါတယ်။ အဲဒီနေ့ နံနက်(၅)နာရီလောက်မှာ မြို့ပေါ်ကို ချောင်းရေက စပြီးတက်လာပါတယ်။ နံနက်(၆)နာရီမှာတော့ ဒီဘက်ကမ်းလည်း ရေတွေပြည့်သွားပါတယ်။ ဟိုဘက်ကမ်း နွယ်တမယ်ရွာဘက်လည်း ရေပြင်ကြီးဖြစ်သွားပါတယ်။ နံနက်(၇)နာရီလောက် ကျတော့ ရေက ပြန်ကျသွားပါတယ်။ သိသိသာသာကြီးကိုပြန်ကျသွားပါတယ်။ ဘာကြောင့်ကျသွားရသလဲဆိုရင် စလင်းမြေသားတာကြီးလို့ ခေါ်တဲ့ နွယ်တမယ်တံတားကြီးရဲ့ ချဉ်ကပ်လမ်း( နွယ်တမယ်ဘက်က) မြေသားတာဘောင်ကြီးပါ။ ကွန်ကရစ်တံတား နှစ်ခု အခြေတွေပါ (၅) ပိုင်းပြတ်ပြီး ရေထဲပါသွားပါတယ်။ အဲဒါကြောင့် ကျွန်တော်တို့ ဆင်ဖြူကျွန်းဘက်ရော နွယ်တမယ်ရွာဘက်ကပါ သက်သာသွားကြရတာပါ။ လူအသေ အပျောက်မရှိပါဘူး။ စလင်းမြို့မှ အုပ်ချုပ်ရေးမှူးနဲ့ ကြက်ခြေနီ၊ မီးသတ်၊ ကျန်းမာရေး၊ စတဲ့ဌာနတွေက လာရောက်ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်ပေးပါတယ်။ အကြွေးအမွေး အလှူအတန်းတွေကတော့ စလင်းမြို့ပေါ်က ရပ်ကွက်တွေနဲ့ ရွာနီးချုပ်စပ်တွေကလည်း လာရောက် လှူဒါန်းကြပါတယ်။ ဆင်ဖြူကျွန်းဘက် နဲ့ နွယ်တမယ်ရွာ၊ တံတားဦးဘုန်းကြီးကျောင်း တို့မှာ ကယ်ဆယ်ရေးစခမ်းတွေဖွင့်ထားပေးကြပါတယ်။ နွယ်တမယ်တံတားပြုပြင်ရေးလုပ်ငန်းကတော့ (တစ်လခွဲ) လောက်ကြာမယ်လို့ သိရပါတယ်။ ဒါထက်စောပြီး ပြီးအောင် ကျွန်တော်တို့ ညွှိနှိုင်းအစည်းအဝေးလုပ်နေကြပါတယ်။ ဖြစ်နိုင်ရင်တော့ ဒီတံတားကြီး တည်တန့်ခိုင်မြဲအောင် ချဉ်ကပ်လမ်းမြေသားနဲ့ ကွန်ကရစ်တံတားနှစ်ခုဘက်က( ၉၅၀) ပေကို ဘေလီတံတား ဆက်ဆောက်စေချင်ပါတယ်။ ချောင်းရေဦးတည်လမ်းကြောင်းကလည်း ပြောင်းနေတော့ အများက ဘေလီတံတား တည်ဆောက်ပေးစေချင်နေကြပါတယ်။ ´´ ဟု ဦးညွှန့်မောင်က လျှပ်တစ်ပြက် ဂျာနယ်ကို ပြောကြားသွားပါတယ်။

ရွှေလမ်းငွေလမ်းဝင်းကြည်
လျှပ်တစ်ပြက်ဂျာနယ်မှာ ဖော်ပြထားပါသည်။
 

မကွေးတိုင်းဒေသကြီးမှ ယောချောင်း ရေကြီး၍ ပျက်စီးမှု အများဆုံးမှာ ဆိပ်ဖြူမြို့နယ်ပါ..။





မကွေးတိုင်းဒေသကြီးမှ ယောချောင်း ရေကြီး၍ ပျက်စီးမှု အများဆုံးမှာ ဆိပ်ဖြူမြို့နယ်ပါ..။
၂၁-၁၀-၂၀၁၁ နေ့ အတည်ပြုချက်စာရင်းအရ မကွေးတိုင်း ယောချောင်းတစ်လျှောက်မှ ရေဘေးသင့်သော မြို့နယ်များမှာ ပေါက်မြို့နယ်၊ မြိုင်မြို့နယ်၊ ပခုက္ကူမြို့နယ်၊ဆိပ်ဖြုမြို့နယ် များဖြစ်ကြပါသည်။ ယင်းမြို့နယ်များထဲတွင် ဆိပ်ဖြုမြို့နယ်တွင်းရှိသော ကျေးရွာပေါင်း(၂၅)ရွာ အားလုံး ရေဘေးသင့်ဒုက္ခကျရောက်ခဲ့ကြရပါသည်။ လူသေဆုံးမှုမှာ အမျိုးသား(၇)ဦး၊ အမျိုးသမီး(၄)ဦး စုစုပေါင်း(၁၁)ဦးသေဆုံကြောင်း၊ ကျေးရွာ(၂၅)ရွာမှ အိမ်ခြေစုစုပေါင်း(၄၈၆၈)အိမ်တွင် ရေဘေးသင့် နစ်မြုပ်ပျက်စီးဆုံးရှုံးသောအိမ်ပေါင်း(၃၆၆၃)အိမ် ပျက်စီးသွားခဲ့ပါကြောင်း၊ တိရိစ္ဆာန်သေဆုံးမှုမှာ နွား(၃၈၅)ကောင်၊ သိုး/ဆိတ်(၁၀၂၈)ကောင်၊ ၀က်(၁၄၂)ကောင် သေဆုံးကြောင်းသတင်းရရှိပါသည်။ စိုက်ပျိုးဧက များလည်း များပြားကြောင်း ကြားသိရပါသည်။ (ပူးတွဲပါစာရင်းတင်ပြပါသည်။)
မော်နီတာ သတင်းဂျာနယ်မှာ ဖော်ပြပေးသော သတင်းကြောင့် အနယ်နယ်အရပ်ရပ်မှ ကယ်ဆယ်ရေးအလှူရှင်များ အစု အဖွဲ့လိုက် လာရောက်လျှက်မြင်တွေ့ရပါသည်။ ၂၅-၁၀-၂၀၁၁ နေ့တွင် နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့် အစိုးရအဖွဲ့မှ အိမ်များ အမြန်ပြန်လည်ဆောက်ပေးရန်စီစဉ်ဆောင်ရွက်ပေးခြင်း နှင့် ရေဘေးသင့်သူများအား ထောက်ပံ့ငွေသား၊ စားသောက်စရာဆန်၊ ဆီ၊ဆား နှင့် အ၀တ် အထည် အသုံးအဆောင်ပစ္စည်းမျိုးစုံ တို့ကို ဆိပ်ဖြူမြို့နယ် ယောချောင်းဘေးရှိ ရွာမတောင်ရွာ ကယ်ဆယ်ရေးစခမ်းသို့ လာရောက်ကူညီထောက်ပံ့ပေးကြပါသည်။ စာရေးသူရောက်သော(၂၆-၁၀-၂၀၁၁) နေ့တွင် မကွေးမြို့မှ ဂရုဏာရှင် နာရေးအသင်းကြီးမှ ဦးဆောင်ပြီး စုံနံ့သာမြိုင်(ပါရမီရှင်)အဖွဲ့၊ ပရဟိတလူငယ်များအဖွဲ့တို့က မော်တော်ကား(၈)စီးဖြင့် ဆန်အိပ်(၉၀)၊ နှင့် မိဖိုချောင်းသုံးပစ္စည်းစုံ၊ စောင်၊ခေါင်းအုံးများ၊ အ၀တ်အထည်ကား(၂)စီးတင်ပြီး ကယ်ဆယ်ရေးစခမ်းများမှာပေးဝေနေကြကြောင်းမြင်တွေ့ခဲ့ရပါသည်။အိမ်များပြန်လည်ဆောက်ပေးခြင်းကိစ္စအတွက် ကဘိုင်ရွာသားတစ်ဦးအားမေးမြန်းကြည့်ရာ..။
`` အိမ်များပြန်လည်တည်ဆောက်ပေးရင်တော့ လက်ရှိရွာနေရာတွေကိုမနေရဲတော့ပါဘူး။ ဒီနှစ်ရောဆို ၂/၃ကြိမ် ပျက်စီးဆုံးရှုံးနေတော့ ချောင်းရေလွှတ်ရာကို ရွာများပြောင်းပေးရင်ဖြင့်ကောင်းမယ်ထင်ပါတယ်´´..။ ဟု ပြောဆိုပါသည်။
ရွာမမြောက်ရွာ တွင်ရှိသော အလိုတော်ပေါက်ဘုရား(ခြင်္သေ့နှစ်ကောင် ဓာတ်ပုံ) ကုန်းတော်ပေါ်ကို တက်ပြေးကြ၍ တော်တော်လေး ရေးဘေးမှ လွှတ်ခဲ့ကြောင်းသိရပါသည်။ ရှေးဟောင်း ဇရပ်ကြီးများလည်း ချောင်းရေကြောင်း မျှောပါဆုံးရှုံးသွားခဲ့ကြောင်း ကြားသိရပါသည်။ ချောင်းရေများကျသွားသော်လည်း ရွံ့နွံများ၊ တိရိစ္ဆာန်အသေများ၏ အနှံ့အသက်များကြောင့် ကျန်းမာရေးထိခိုက်နိုင်ကြောင်း ကယ်ဆယ်ရေးသွားသူ တစ်ဦးက ပြောဆိုပါသည်။ ယခု အကူအညီ ကယ်ဆယ်ရေးစခမ်းများဖြင့် မလုံလောက်နိုင်သေးကြောင်း၊ ကယ်ဆယ်ရေးပစ္စည်းများအား ကားများမသွားလာနိုင်သော ရွာများသို့ လူအားဖြင့် ထမ်းပိုးသယ်ယူပေးနေရပါကြောင်း မြင်တွေ့ခဲ့ရပါသည်။ ရေဘေးသင့်သွားသောရွာများ (၂၅)ရွာအား ပြန်လည်တည်ဆောက်ရေးအတွက် ကယ်ဆယ်ရေးအလှူရှင်များ အမြောက်အများ လိုအပ်နေပါသေးကြောင်း၊ ယောချောင်းဘေးရှိ ပေါက်မြို့နယ်မှရွာများ၊ မြိုင်မြို့နယ်မှရွာများ၊ ပခုက္ကူမြို့နယ်မှရွာများအတွက်လည်း ကယ်ဆယ်ရေးအလှူရှင်များ များစွာလိုအပ်နေပါသေးကြာင်း၊ ရေဘေးဒုက္ခသည် တစ်ဦး မှ ပြောဆိုကြားသိခဲ့ရပါသည်။

ရွှေလမ်းငွေလမ်းဝင်းကြည်

မှတ်ချက်။ ။ အင်တာနက်လိုင်း မကောင်း၍ ဓာတ်ပုံများကို ပြန်တင်ပေးပါမည်။
 

``ဆိပ်ဖြူမြို့နယ် ယောချောင်း ချောင်းကျရေကြီး၍ ကျေးရွာပေါင်း(၂၅)ရွာ ရေဘေးဒုက္ခ´´





http://shwelannwelan.googlecode.com/files/SANY0055.JPG
http://shwelannwelan.googlecode.com/files/SEQT0402.JPG


``ဆိပ်ဖြူမြို့နယ် ယောချောင်း ချောင်းကျရေကြီး၍ ကျေးရွာပေါင်း(၂၅)ရွာ ရေဘေးဒုက္ခ´´

၁၉-၁၀-၂၀၁၁၊ နေ့၊ ည(၁၂) နာရီခန့်အချိန်တွင် ရခိုင်ပြည်နယ်မှ မုန်တိုင်းကြောင့် မိုးကြီး၍ ဆိပ်ဖြူမြို့နယ် ယောချောင်း ချောင်းရေကျ ရေကြီးမှုဖြစ်ပေါ်ကြောင်းသိရ ပါသည်။ ယောချောင်းအစ ချောင်းဖျားအထက် လဲသာဝရွာ မှ ယောချောင်းအောက်ဆုံး ဧရာဝတီမြစ်ဝတွင်ရှိသော တူရွင်းမျှောရွာ အထိ ကျေးရွာပေါင်း(၂၅)ရွာရှိကြောင်း၊ ယောချောင်းအရှည်မှာ(၃၃)မိုင် ခန့်ရှည်လျှားကြောင်း သတင်းရရှိပါသည်။ ၂၁-၁၀-၂၀၁၁ နေ့၊ နံနက်(၈)နာရီတွင် ဆိပ်ဖြူမြို့သို့ သွားရောက်သတင်းယူခဲ့ပါ သည်။ ကယ်ဆယ်ရေးသွားရောက်ကြမည့် တာဝန်သိ မြို့ခံပုဂ္ဂိုလ် (မကွေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်) ဦးမြင့်စိုးထံမှ ယောချောင်းရေကြီးခြင်း သတင်းအစုံ အား တွေ့ဆုံ မေးမြန်းခဲ့ပါ၏။
``ဒီယောချောင်းရေဘေးက ၁၉၆၇ ခုနှစ်၊ အောက်တိုဘာ(၂၀)ရက်မှာ တစ်ကြိမ်ဖြစ်ပါတယ်။ နောက်မနှစ်က ၂၀၁၀ ခုနှစ်၊ အောက်တိုဘာ(၂၄)ရက်ကတစ်ခါကျပါတယ်။ ယခု ၂၀၁၁ ခုနှစ်၊ အောက်တိုဘာ(၂၀) မှာ ရေကြီးပြန်ပါတယ်။ ယောချောင်းရေက၁၉၆၇ ခုနှစ်အရင်က နှစ်ပေါင်း(၆၀) မှာ တစ်ကြိမ်ရေကြီးခဲ့တာကို ကြားဘူးပါတယ်။ ၁၉၆၇ ခုနှစ်က ယခုနှစ်ထိဆိုတော့ နှစ်ပေါင်း(၃၀)ခန့် မှာ ယခုရေကြီးတာပါ။ မနှစ်က ၂၀၁၀မှာ ဂီရိမုန်းတိုင်းဆိုတော့ ကြောက်ကျတာပေါ့။ ယခုနှစ်၂၀၁၁ က မုန်တိုင်းငယ်ဆိုတော့ လူတွေက ပေါ့သွားတာလည်းပါကြပါတယ်။ ဒါပေမယ့် ယောချောင်းအထက်မှာ ရှိတဲ့ရွာတွေက CDMA ဖုန်းတွေရှိတော့ အဆင့်ဆင့် ဖုန်းဆက်ပြီး သတင်းကြိုပို့ကြတော့ ကြိုတင်ပြင်ဆင်ချိန်များ ရကြပါတယ်။ အဲ(၁၉) (၂၀)ရက်နေ့တွေမှာ ဖုန်းတွေဆက်လို့ရပါတယ်။ ဖုန်းလိုင်းကလည်း ချောင်းကျနေတဲ့နေ့က လိုင်းကောင်းနေလို့တော်သေးတာပေါ့။ နောက်နေ့ ၂၁-၁၀-၂၀၁၁ နေ့ ကယ်ဆယ်ရေးတွေထွက်ဖို့ဆက်သွယ်ရန် မေးတော့ ဖုန်းလိုင်းတွေက တစ်မနက်လုံး ဖုန်းလိုင်းတွေပြတ်တောက်နေပါတယ်။ ဒီလို ဘေးဒုက္ခဖြစ်တဲ့အချိန်မှာ ဖုန်းလိုင်းတွေ ကောင်းနေဖို့ အရေးကြီးပါတယ်။ ယခုယောချောင်းရေကတော့ ၁၉၆၇ ခုနှစ်က ရေဘေးထက်ပိုပြီးကြီးပါတယ်။ အဲဒီအချိန်တုံးက မှတ်တမ်းအရ ရွာမမြောက်ရွာ အလိုတော်ပေါက်ဘုရားကုန်းက ခြင်္သေ့နှစ်ကောင် ပါးစပ်ထိရေရောက်တယ်လို့သိရပါတယ်။ မနှစ်က၂၀၁၀ ခု ချောင်းရေကြီးတာက အလိုတော်ပေါက်ဘုရားကုန်း ခြင်္သေ့ ဘိနပ်ခုံထိရောက်ပါတယ်။ ၂၀၁၁ ယခုနှစ်ရေကြီးတာကတော့ အလိုတော်ပေါက်ဘုရားကုန်းက ခြင်္သေနှစ်ကောင်လုံး ရေမြုပ်သွားခဲ့ပါတယ်။ ယောချောင်းအထက် ရေစပြီး တိုးလာတာကတော့ ၁၉-၁၀-၂၀၁၁ နေ့ ည(၁၂) (၁) နာရီခန့်မှာ ရေတွေစတိုးလာတယ်လို့ သိရပါတယ်။ ရေပြန်ကျသွားတာကတော့ ၂၀-၁၀-၂၀၁၁ နေ့ နေ့(၁၂) နာရီလောက်မှာ ချောင်းရေပြန်ကျသွားခဲ့ပါတယ်။ မနေ့ကတော့ ကျွန်တော်တို့အဖွဲ့ သွားရသလောက်တော့ ၀င်ရောက်ခဲ့ပါတယ်။ ယနေ့လည်း ချောက်မြို့က မနောဖြူ နာရေးကူညီမှုအသင်းက ကားနဲ့ ကယ်ဆယ်ရေးပစ္စည်းများ၊ ဆရာဝန်များနဲ့ ယခုထွက်ကြတော့မှာပါ။ ဟိုမှာလည်း ဆိပ်ဖြူမြို့နယ်အုပ်ချုပ်ရေးမှူးကြီးကြပ်ပြီး ကြက်ခြေနီ၊ မီးသတ်၊ ကျမ်းမာရေးဌာနစတဲ့ ကယ်ဆယ်ရေးစခမ်းတွေ ရောက်နေကြပါပြီ..။´´

ယောချောင်းရေကြီးမှုကြောင့် ရွာတွေပျက်စီးမှု၊ လူအသေအပျောက်၊တိရိစ္ဆာန် အသေအပျောက် ဆုံးရှုံးမှု တန်ဘိုးများကို မေးမြန်းရာတွင်..၊

`` ပျက်စီးမှုအခြေအနေကတော့ မနေ့က(၂၀-၁၀-၂၀၁၁) မှာ ကျွန်တော်တို့ရောက်ခဲ့တဲ့ရွာတွေဖြစ်တဲ့ ကဘိုင်ရွာ ဆိုရင် အိမ်ခြေ(၆၀) ခန့် ချောင်းရေထဲမျှောပါပြီး ပျက်စီးပါတယ်။ မုန်တိုင်းကြေင့် လေဆင်နှာမောင်းတိုက်ခံရလို့ သံချောင်းကုန်းကျေးရွာမှာ အိမ်ခြေ(၈၁)ပျက်ပါတယ်။ ရှားလှကျေးရွာက ချစ်ချောင်းရေကျလို့(ယောချောင်းလက်တက်) အိမ်ခြေ(၁၅) အိမ်ပျက်စီးပါတယ်။ အခြားရွာတွေကလည်း အိမ်ခြေ တစ်ဝက်ခန့် မျှောပါ ပျက်စီးကြပါတယ်။ ဒီယောချောင်းထဲမှာ ကြက်သွန်ခင်းတွေစိုက်ပျိုးကြပါတယ်။ ကြက်သွန်ဈေးကလည်းမကောင်း။ ယခု ယောချောင်းရေကလည်း ထပ်ကြီးလိုက်တော့ နူရာဝဲစွဲ ဖြစ်ကြရပါတယ်။ လူအသေ အပျောက်ရှိပါတယ်။ ကျွန်တော်သိသလောက်ပြောရရင် ပင်လဲရွာမှာ လူ(၂)ဦး၊ စလောက်ရွာက အဘိုးကြီး၊ အဖွားကြီး (၂)ဦး၊ ကဘိုင်ရွာ (၁)ဦး၊ စုစုပေါင်း(၅)ဦး သေဆုံးကြောင်း သိရပါတယ်။ ကျွဲ၊ နွား၊ ဆိတ်၊ ၀က်၊ တိရိစ္ဆာန်တွေလည်း အသေအပျောက်ရှိကြပါတယ်။ မနေ့ကဆိုရင် ယောချောင်းဝအထွက် ဧရာဝတီမြစ်ထဲမှာ အိမ်တွေ၊ နွားတွေ၊ ကျွဲတွေ၊ ၀က်တွေ၊ ၀ါးတွေ၊ သစ်တွေ၊ ပေပါတွေ မျှောပါနေကြတာကို မြင်ကြရပါတယ်။ ဧရာဝတီမြစ်ထဲမှာ လှေတွေနဲ့ ဆယ်ယူနေသူတွေကိုလည်း တွေ့မြင်ရပါတယ်။ တစ်ချို့ကလည်း ဆယ်ယူပြီး ပြန်ပေးကြပါတယ်။( ဆိပ်ဖြူမြို့၏ မြောက်ဘက်မှ ယောချောင်းသည် အနောက်မှအရှေ့သို့ စီးဆင်း၍ ဧရာဝတီမြစ်တွင်းသို့ စီးဝင်ပေါင်းဆုံသောဓာတ်ပုံဖြစ်ပါသည်။) အသေ အပျောက် စာရင်းကတော့(၂၁-၁၀-၂၀၁၁)နေ့အထိ အတိအကျ မသိရသေးပါဘူး။ ယခု ကယ်ဆယ်ရေးလုပ်ငန်းကတော့ ထမင်းထုပ်များသာ ဝေငှနိုင်ပါတယ်။ ယောချောင်း ချောင်းကျ ရေကြီးမှုကတော့ ချောင်းဘေးကရွာပေါင်း(၂၅)ရွာ ရေဘေးဒုက္ခခံလိုက်ကြရပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ဆိပ်ဖြူမြို့နယ်၊ ချောက်မြို့နယ်များအနေနဲ့ ကယ်ဆယ်ရေးကိစ္စများ ကူညီဆောင်ရွက်ပေးဖို့ မလုံလောက်ပါဘူး။ ဒါကြောင့် သက်ဆိုင်ရာ အနယ်နယ် အရပ်ရပ်မှ မိဘပြည်သူများ၊ အစိုးရအဖွဲ့ဌာနဆိုင်ရာများ၊ ပြည်တွင်း၊ ပြည်ပမှ NGO အဖွဲ့များ အနေနဲ့ အမြန်လာရောက် ကူညီပံ့ပိုးဆောင်ရွက်ပေးကြပါရန် တိုက်တွန်းနိုးဆော်လိုက်ပါရစေ..။´´ဟု ဦးမြင့်စိုးက ပြောဆိုပါသည်။

ရွှေလမ်းငွေလမ်းဝင်းကြည်
မော်နီတာ ဂျာနယ်တွင် ဖော်ပြပြီး။
 

SHADE Journal | အတွဲ(၅)၊ အမှတ်( ၄၅ )

  • အမည် : SHADE Journal | အတွဲ(၅)၊ အမှတ်( ၄၅ )
  • ဖတ်ရန် : နိပ်ပါ
  • Download ရယူရန်။ အတွဲ(၅)| အမှတ်( ၄၅ )
  • ရက်စွဲ : 2.11.2011
 

SHADE Journal | အတွဲ(၅)၊ အမှတ်( ၄၄ )

  • အမည် : SHADE Journal | အတွဲ(၅)၊ အမှတ်( ၄၄ )
  • ဖတ်ရန် : နိပ်ပါ
  • Download ရယူရန်။ အတွဲ(၅)| အမှတ်( ၄၄ )
  • ရက်စွဲ : 19.10.2011
 

ပန်းချီကားများ ရောင်းရန်ရှိပါသည်။



ပန်းချီသူရိန်မြိုင် ၏ ပန်းချီကားများဖြစ်ပါသည်။
၁၄-၁၀-၂၀၁၁ နေ့အထိ ရေးဆွဲပြီးသော ပန်းချီကားများဖြစ်ပါတယ်။ နှစ်သက် သဘောကျသူများ ကျွန်တော့် ၀က်ဆိုဒ် နှင့် ဖုန်း ၀၆၃-၂၅၁၉၇ သို့ ဆက်သွယ်နိုင်ကြပါတယ်ခင်ဗျာ..။

ခင်မင်လေးစားစွာဖြင့်
ရွှေလမ်းငွေလမ်းဝင်းကြည်
 

SHADE Journal | အတွဲ(၅)၊ အမှတ်( ၄၃ )

  • အမည် : SHADE Journal | အတွဲ(၅)၊ အမှတ်( ၄၃ )
  • ဖတ်ရန် : နိပ်ပါ
  • Download ရယူရန်။ အတွဲ(၅)| အမှတ်( ၄၃ )
  • ရက်စွဲ : 12.10.2011
 

``အမေအရင်းပါ သားရယ်..´´



ဓာတ်ပုံများကို google Images မှရှာ၍ အခြားဆိုဒ်များမှ ကူးယူဖော်ပြပါသည်။

``အမေအရင်းပါ သားရယ်..´´

(ရသစာတမ်း)

ပုထုဇဉ်လူသားတိုင်းဟာ အိုမင်းရင့်ရော်လာရင် အလိုအပ်ဆုံးက(သမုဒယ သံယောဇဉ်) မေတ္တာတရားပါ။ သမုဒယ သံယောဇဉ် မေတ္တာတရားဆိုတာ အိုးမင်းရင့်ရော်လာလို့ မမာမကျန်းဖြစ်လာခဲ့ရင် ခင်ပွန်း၊ဇနီးမယား၊ သားသမီး မြေးမြစ်များရဲ့ အယုအယ၊ ပြုစုခြင်းတွေကို ခံယူတောင့်တ မျှော်လင့်နေကြပါတယ်။ ကျွန်တော်ဆိုရင် ရောဂါတစ်ခုကြောင့် ခွဲစိပ်ခမ်းက ခွဲစိပ်ပြီး မေ့ဆေးပေးထားတာကို စတင်သတိရတာနဲ့ `သမီးရေ.. သမီးလေးရေ ..´လို့ ဆေးရုံတစ်ရုံလုံးကြားအောင် ယောင်ရမ်းတမ်းတ အော်ဟစ်ခဲ့မိပါတယ်…။ အမှတ်တမဲ့နဲ့ ခလုပ်တိုက်မိတိုင်း၊ မမာမကျန်းဖြစ်ပြီး အဖျားတက်လေတိုင်း နာကြင်မှုတစ်ခုခုကိုခံစားမိလေတိုင်း`အမေ.. အမေရေ..လို့´ `အို အမေ့ လို့´ ယောင်ရမ်းတမ်းတမိ တတ်ကြပါတယ်။ ပါးစပ်က တတွတ်တွတ်နဲ့ `အမေ..အမေ..အမေ…အို အမေရေ..´လို့တမ်းတညည်းညူနေ တတ်ကြပါတယ်။ ဒါကြောင့် ရှေးလူကြီးများက `ခလုပ်ထိမှ အမိတ´ ကြတယ်လို့ ဆိုဆုံးမခဲ့ကြပါတယ်။ တစ်လောကလုံးမှာ မိခင်ဆိုတဲ့ အမေ့ရင်ခွင်လောက် ထာဝရအေးမြတာ မရှိပါ။ ရှေးခေတ်က မိခင်တိုင်းဟာ သားကိုသခင်၊ လင်ကိုဘုရား ဆိုပြီး အားကိုးအားထားပြုတတ်ကြပါတယ်။ လင်ဝတ္တရားငါးပါး၊ ဇနီးဝတ္တရားငါးပါး၊ သားသမီးဝတ္တရားငါးပါးတို့နဲ့ ပြည့်စုံကြပါတယ်။ ရှေးခေတ်က တစ်လင် တစ်မယားစနစ်သာ များကြပါတယ်။ ယခုခေတ်ကတော့ (ကိုးရီးယားဇာတ်ကားတွေ) ကြောင့်လား မသိပါ၊ ဖောက်လွှဲဖောက်ပြန်ဖြစ်တဲ့ သူတွေက များနေကြတယ်ထင်မိပါတယ်။
မနေ့က မိုးရွာရွာထီးဆောင်းပြီး ငယ်ငယ်က ငယ်သူငယ်ချင်းတွေအိမ်ကို အလည်သွားခဲ့မိပါတယ်။ မိမိုး ဆိုတဲ့သူငယ်ချင်းမ အိမ်ကိုရောက်ခဲ့ပါတယ်။ မတွေ့ရတာ နှစ်ပေါင်း(၃၀)ကျော်ခဲ့ပါပြီ..။ နာမည်က မိမိုးဆိုတဲ့ အတိုင်း စိတ်ဓာတ်ကလည်း အထက်တန်းကျပါတယ်။ ဘယ်အရာ ဘယ်ကိစ္စမဆို သူမှန်လို့ကတော့ ဆတ်ဆတ်ထိမခံ ဒိတ်ဒိတ်ကျဲ ဟောဟောဒိုင်းဒိုင်းနဲ့ ပြောဆိုဖြေရှင်းတတ်သူပါ။ ဒါကြောင့် သူ့ကို ငယ်ငယ်က ကျွန်တော်ခဏ ခဏ ဆုံးမခဲ့ပါတယ်။ (ဆတ်ဆတ်ထိမခံ ခွန်းတုန့်ပြန် ခင်မင်မှုလည်းရှုံး လူလည်းမုန်း၏။) လို့ ပြောဆိုခဲ့ဘူးပါတယ်။ အင်း.. ပညပ်သွားရာ ဓာတ်သက်ပါတယ် လို့ဘဲ ဆိုရမလား။ သူငယ်ချင်းမိမိုးရဲ့ မိသားစု အိမ်တွင်းရေးတွေကို ကျွန်တော့်အား ငယ်သူငယ်ချင်း မိမိုးက ငိုပြီးပြောဆိုနေပါတယ်…။
မိမိုးဟာ မကွေးကောလိပ်ကဆင်းပြီး တစ်မြို့တည်းသား ငယ်ချစ်ဦး အရာရှိတစ်ယောက်နဲ့ အိမ်ထောင်ကျ သွားခဲ့ပါတယ်။ အဲဒီလူက မျိုးရိုးမကောင်းလို့ဆိုပြီး မိမိုးရဲ့မိဘတွေက လုံးဝသဘောမတူခဲ့ပါဘူး။ အဲဒီခေတ်က အရာရှိတစ်ဦးဆိုတော့ စီးပွားရေးမှာ အလွန်ချမ်းသာကြွယ်ဝခဲ့ပါတယ်။ မိမိုးတို့လင်မယား မှာ သားနှစ်ဦး မွေးဖွားခဲ့ပါတယ်။ အဲ.. ကျွန်တော်တို့ လူမျိုးကလည်း ရာထူးလေးများရလာရင် မြောက်ကြွကြွဖြစ်လာတတ်ပါ တယ်။ သားအကြီးကောင်လေး အလယ်တန်းအောင် လို့ သားအငယ်လေး မူလတန်းကျောင်း စထားတဲ့အချိန်ကာလမှာ မိမိုးရဲ့ လင်တော်မောင် အရာရှိက နောက်အိမ်ထောင်ပြုသွားခဲ့ပါတယ်။ မိမိုးက ဆတ်ဆတ်ထိမခံ စိတ်ထက်ပေမယ့် သားကိုသခင် လင်ကိုဘုရား လိုထားခဲ့သူပါ။ မယားဝတ္တရား၊ မိခင်ဝတ္တရားများကို ကျေပွန်ခဲ့သူပါ။ သားလေးတွေရဲ့ ရှေးရေးကိုကြည့်ပြီး သူ့လင်တော်မောင် ယူထားတဲ့ မယားငယ်ဆီကို သွားပြီး အကြိမ်ကြိမ်အခါခါ အောက်ကျခံ တောင်းပန် ခဲ့ပါတယ်။ ဒါပေမယ့် မရခဲ့ရှာပါဘူး။ ဒီပြဿနာကို အထက်လူကြီးတွေဆီကိုလည်း မတိုင်ကြားခဲ့ပါဘူး။ ဒီလိုနဲ့ လင်တော်မောင်အရာရှိက မိမိုးတို့ သားအမိသုံးယောက်ကို ပစ်ထားခဲ့ပြီး ဝေးရာသို့ ပြောင်းရွေ့သွားပါတယ်။ မိမိုးလည်း ဌာနတစ်ခုမှာ အလုပ်ဝင်လုပ်ပြီး သားနှစ်ယောက်ကို ကျောင်းထားပေးခဲ့ပါတယ်။မိမိုးဟာ လောကဓံကိုကြံကြံခံပြီး ရုန်းကန်ကြိုးစားခဲ့ပါတယ်။ သားအကြီး ကောင်လေးကို ပညာတတ်ကြီးဖြစ်အောင် သူ့ဖခင်ထက် သာတဲ့ အရာရှိကြီးဖြစ်စေရအောင် မြေတောင်မြှောက်ပေးခဲ့ပါတယ်။ မိမိုးမျှော်မှန်းခဲ့တဲ့အတိုင်း သားအကြီးက သူ့ဖခင်ထက်မြင့်တဲ့ အရာရှိကြီးဘ၀ကို ရောက်သွားခဲ့ပါတယ်။ ဖတစ်ဆိုး သားနှစ်ယောက်ကို ပညာတတ်တွေ ဖြစ်အောင် ကြိုးစားခဲ့သော်လည်း သားအငယ်လေးက အထက်တန်းမအောင် ပါ။ ဖတစ်ဆိုးလေးဆိုပြီး အလိုလိုက်ခဲ့မိလို့ ဆိုးသွမ်းလူငယ်လေးတစ်ဦး ဖြစ်နေရှာပါတယ်။ အကိုကြီး အဖအရာ ဆိုပြီး မျှော်လင့်ခဲ့တဲ့ သားကြီးကလည်း အိမ်ထောင်ပြုသွားပါတယ်။ သားအကြီးကောင်က မိခင်နဲ့ ညီလေးကို လုံးဝပြန်မကြည့်ခဲ့ပါဘူး။ (ဖမျိုး ဘိုးတူ) ဆိုတဲ့ ရှေးစကားပုံက မှန်တာလား။ (မျိုးစေ့မမှန် ပင်မသန်၊ ဖူးတန်လည်းကင်း၊ အသီးဖျင်း၏) ဆိုတဲ့ ရှေးစာဆို စကားများကဘဲ မှန်သလား မသိပါ။ အိမ်ထောင်ကျသွားတဲ့ သားကြီးမှာ ကလေးနှစ်ယောက်ရပါတယ်။ သားလေးတစ်ဦး သမီးကလေးတစ်ဦး မွေးပါတယ်။ သားသမီးအချစ်၊ မြေးအနှစ် ဆိုတဲ့စကားပုံအတိုင်း မိမိုးမှာ သူ့သားက ကျေးဇူးမသိတတ်သော်လည်း ချွေးမကို မျက်နှာချိုသွေးပြီး မြေးလေးတွေကို ပြေးကြည့်ပါတယ်။ အဝေးခရီးကို တစ်နှစ် တစ်ခါ တစ်ခေါက်လောက်တော့ ရောက်အောင်သွားပြီး မြေးတွေကို ချစ်နေရပါတယ်။ အဲ.. မိမိုးရဲ့မြေးကောင်လေး မူလတန်းကျောင်း စထားတဲ့ နှစ်မှာ မိမိုးရဲ့ သားကြီး အရာရှိကြီးလုပ်သူက မယားငယ် ယူသွားကြောင်း ကြားသိလိုက်ရပြန်ပါတယ်။ မိမိုးခမျာ…. မြေးလေးနှစ်ယောက်ကိုဖက်ပြီး ချုံးပွဲချ ငိုလိုက်ရ ပါတယ်။ မိမိုးဟာ အားကြီးမောတဲ့ သားသမီးဇောထက် မြေးဇောအတွက် ချွေးဇော်ပြန်နေရပြန်ပါပြီ..။ သူ့ သားကြီး လူမိုက်တို့ လင်မယားစုံတွဲရှိရာနေရာကို စုံစမ်းပြီး အပြေးအလွှား အရောက်လိုက်သွားခဲ့ပါတယ်။ သူ့ရဲ့ သားကြီးကို တွေ့လိုက်ရတော့ မိမိုး တော်တော်မျက်လုံးပြူးသွားပါတယ်။ တစ်သက်လုံးက ဆေးလိပ်တောင် မသောက်တတ်တဲ့ မိမိုးရဲ့ သားကြီးဟာ အရက်သောက်ပြီး မူးနေတာကိုမြင်လိုက်ရပါတယ်။ သူ့သားကြီးဘေးက မယားငယ်ဆိုသူမိန်းကလေးက အရက်ငဲ့ပေးနေပါတယ်။ မိမိုးလည်း တစ်သက်လုံးက မမြင်မတွေ့ရဘူးတဲ့ မြင်ကွင်းကြောင့် စိတ်ဆိုးသွားပါတယ်။ အရက်ဝိုင်းက ပုလင်းကိုဝင်ဆွဲပြီး သူ့သားကြီးရဲ့ဦးခေါင်းကို ရိုက်ချလိုက်ပါတယ်။ သူ့သားကြီးက ခေါင်းကိုစောင်းပြီးရှောင် လိုက်ပါတယ်။ မိမိုးရဲ့ လက်ထဲက တအားလွှဲရိုက်လိုက်တဲ့ ပုလင်းမှာ စားပွဲကိုထိပြီး ပုလင်းကွဲစတွေနဲ့ မိမိုးရဲ့ လက်ကို စိုက်ပြီးစူးသွားခဲ့ပါတယ်။ အရိုက်ခံရတဲ့သူ့သား လင်မယားက ထပြီး ဝေးရာကို ပြေးသွားပါတယ်။ မိမိုးလည်း အရှုးမကြီးတစ်ယောက်လို အော်ဟစ်ပြောဆိုပြီး ငိုယိုနေပါတော့တယ်။ မိမိုးမှာ စိတ်ဒေါသကြီးပြီး သူ့သားကြီးရဲ့ ဌာနက လူကြီးတွေကို တိုင်ကြားခဲ့ပါတယ်။ သူ့သားကြီး အရာရှိမှာ အလုပ်ပြုတ်ပြီး ထောင်ကျသွားပါတယ်။ မိမိုးရဲ့ ညာဘက် လက်တစ်ဖက်လည်း ပြတ်နေပါတယ်။ ညာဘက်လက်က တစ်ထောင်ဆစ်အထိပြတ်နေတာကို မေးကြည့်တော့ မိမိုးမှာ ဆီးချိုးရောဂါကြောင့် ပုလင်းကွဲစူးခဲ့တဲ့ လက်ကအနာမပျောက်ဘဲ တစ်ထောင်ဆစ်ထိ ဖြတ်ပြီးကုသ လိုက်ရကြောင်း သိရပါတယ်။ ယခုတော့ မိမိုးမှာ သူ့မြေးလေးနှစ်ယောက်ကို သူက ခေါ်ယူမွေးထားခဲ့ပါတယ်။ မိမိုးရဲ့ သားအငယ်ကောင် ဆိုးသွမ်းလူငယ်လေးမှာ အကိုလူဆိုးကြီးဘ၀ကို နောင်တရပြီး လူကောင်းလေး ဖြစ်သွားပါတယ်။ သူဦးဆောင်ပြီး အမေနဲ့ တူ၊တူမလေးနှစ်ဦးတို့ကို (ကားစပယ်ယာဘ၀) နဲ့ လုပ်ကိုင်ကျွေးမွေး စောင့်ရှောက် နေကြပါတယ်။
သူငယ်ချင်း မိမိုးရဲ့ဘ၀ဇာတ်ကြောင်းအစုံကို နားထောင်ခဲ့ရပြီး ကျွန်တော်အပြန်လမ်းတွင် မိမိုးက သူ့သားကြီးထံပြေး၍ လိုက်နေတုံးမှာ အော်ပြီးပြောနေသောစကားများကို ပြန်လည်ကြားယောင်နေမိပါတယ်။

`` ဟဲ့ သားကြီးလူမိုက်၊ မပြေးပါနဲ့ မပြေးပါနဲ့ ငါက အမေအရင်းပါ..၊ ငါ့သွေးသားကိုမတူဘဲ အဖေသွေးကို သွားတူနေတယ်။ မင်းကိုမွေးခဲ့ရတာ ငါအမေ၀မ်းရေစပ်လှပါတယ်။ မင်းကို ဒီလိုဘ၀မျိုးရောက်အောင် လူမိုက်ကြီးဖြစ်အောင်လို့ အမေပြုစုပျိုးထောင်ပေးခဲ့တာမဟုတ်ပါဘူး။ အေး မင်းက မလိမ်မာတော့ ငါအမေအရင်းဖြစ်သော်လည်း မင်းလိုသားမျိုးတွေကို ခြေမ မကောင်းရင် ခြေမကိုဖြတ်မယ်။ လက်မ မကောင်းရင် လက်မကိုဖြတ်မယ်။ ပြန်လာခဲ့စမ်း ပြန်လာခဲ့စမ်းပါ..။ ငါက အမေအရင်းပါ..သားရယ်၊ ငါ့သွေးလေးနဲ့ တစ်စက်လောက်တော့ တူပေးလိုက်စမ်းပါ။ ယခုတော့ မင်းနဲ့ ငါ့မြေးလေးတွေဘ၀အတွက် ငါ့ရင်တွေ ငါ့အသဲနှလုံးတွေ တစ်စဆီ တစ်စဆီ ကျေကွဲနေရပါပြီ.. ´´။

မိခင်ကံဆိုးမ မိမိုးက ပြန်လည်ပြောပြသော ဖြစ်ရပ်မှန် ဇာတ်လမ်းလေးကို မိခင်မေတ္တာဖွဲ့ ရသစာတမ်း တစ်စောင် အဖြစ်ရေးသား လိုက်ရပါသည်။ (မြန်မာ့ယဉ်ကျေးမှုအတိုင်း တစ်လင် တစ်မယားစနစ် ထူထောင်နိုင်ကြပါစေ..။)

ရွှေလမ်းငွေလမ်းဝင်းကြည်