`မကွေးတိုင်းဒေသကြီး ဆင်ဖြူကျွန်းမြို့ မှ နွယ်တမယ်ချောင်းရေးကြီး၍ ကားလမ်းကူးတံတား(၅)ပိုင်းပြတ်ပျက်စီး´



















`မကွေးတိုင်းဒေသကြီး ဆင်ဖြူကျွန်းမြို့ မှ နွယ်တမယ်ချောင်းရေးကြီး၍ ကားလမ်းကူးတံတား(၅)ပိုင်းပြတ်ပျက်စီး´
၁၉-၁၀-၂၀၁၁ နေ့မှာ ရခိုင်ပြည်နယ်မှ မုန်တိုင်းကျရောက်မှုကြောင့် မကွေးတိုင်းဒေသကြီး စလင်းမြို့နယ်တွင်လည်း မိုးကြီး၍ (၃)ရက်ဆက်တိုက် မိုးသည်းထန်စွာရွာသွန်းခဲ့ပါသည်။ စလင်းချောင်းဆည် ရေပိုလွှဲမှရေလျှံခြင်း၊ လင်းဇင်းရေလွှဲဆည် ရေပိုလွှဲမှ ရေများပိုမိုလျှံကျခြင်းများဖြစ်ပေါ်ခဲ့ကြောင်း ကြားသိရပါသည်။ ထို့ကြောင့် စလင်းမြို့နယ် ဆင်ဖြူကျွန်းမြို့ရှိ နွယ်တမယ်ချောင်းရေများလည်း ပိုမို၍ ရေးကြီးခြင်းဖြစ်ပေါ်ကြောင်းသိရှိရပါသည်။ ယင်းနေ့က ချောင်းရေကြီးမားမှုကြောင့် ဆင်ဖြူကျွန်းတစ်မြို့လုံးအတွင်း ရေများလျှံတက်ဝင်ရောက်လာခဲ့ပါသည်။ ဆင်ဖြူကျွန်းမြို့နှင့် နွယ်တမယ်ရွာ ဆက်စပ်ထားသော နွယ်တမယ်ကားကူးလမ်းတံတားမှာလည်း (၅) ပိုင်းပျက်စီးသွားကြောင်းသိရှိရပါသည်။ ယင်း နွယ်တမယ်တံတားကြီး ပျက်စီးသွား၍ မင်းဘူး ၊ စလင်း၊ ဆင်ဖြူကျွန်း၊ ချောက်မြို့၊ရန်ကုန်၊ မန္တလေးမြို့များ သို့ (ဧရာဝတီမြစ်၏ အနောက်ဘက်လမ်း၊ ရခိုင်ပြည်နယ်နှင့် ဆက်သွယ်ထားသော လမ်းမကြီး) မှ ပြေးဆွဲပေးနေကြသော လိုင်းကားများ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်သွားပါသည်။ ဆင်ဖြူကျွန်းမြို့နှင့် နွယ်တမယ်ရွာ တစ်ဘက်ကမ်းသို့ လူနှင့် ကုန်စည်များအား လူအား ၊ နွားလှည်းများဖြင့်သာ တဆင့်ကဲ့၍ သည်ယူနေကြရပါသည်။ ယင်း နွယ်တမယ်ချောင်းရေးကြီးခြင်း၏ အဖြစ်မှန်အား သိရှိနိုင်ရန် လျှပ်တစ်ပြက် ဂျာနယ်မှ ဒေသခံများထံ သွားရောက်မေးမြန်း၍ သတင်းရယူခဲ့ပါသည်။
ဒေသခံစလင်းမြို့မှ ဦးအောင်မြင့်ဦး၊ ဆင်ဖြူကျွန်းမြို့မှ ဦးညွှန့်မောင်၊၊ ဓာတ်ပုံဆရာ မောင်မောင်လွင်(စလင်း) တို့နဲ့ တွေ့ဆုံမေးမြန်းသတင်းရယူခဲ့ပါတယ်။

မေး။ ဦးအောင်မြင့်ဦး ခင်ဗျာ နိုင်ငံခြားသတင်းဌာနတစ်ခု က နွယ်တမယ်ချောင်းရေကြီးခြင်းဟာ စလင်းဆည်မှာ မိုးကြီးပြီး ရေများနေလို့ ရေတံခါးကို ဖွင့်လိုက်လို့ သူ့အောက်က လင်းဇင်းဆည် ကျိုးပါတယ်။ ဒါကြောင့် အောက်ကချောင်းတွေမှာ ရေးတွေကြီးပြီး ရေလျှံမှုတွေဖြစ်တယ်။ နွယ်တမယ်တံတားကြီးလည်း ကျိုးပျက်သွားရတယ်လို့ ပြောသွားပါတယ်။ လင်းဇင်းဆည် ကျိုးသွားတယ်ဆိုတာ ဟုတ်ပါသလားခင်ဗျာ..။

ဖြေ။ `` လင်းဇင်းဆည် ကျိုးသွားတယ်ဆိုတာ မဟုတ်ပါဘူး။ လင်းဇင်ဆည်က ဆည်ကြီးမှ မဟုတ်တာ..။ ရေပိုလွှဲဆည် တစ်ခုသာဖြစ်ပါတယ်။ ရေပိုလွှဲက ရေတွေမြင့်တက်လာပြီး လျှံကျတာပါ။ လုံးဝကျိုးပျက်သွားခြင်းမရှိပါဘူး။ ကျွန်တော်ကိုယ်တိုင်(၂၅-၁၀-၂၀၁၁) နေ့က လင်းဇင်းဆည်ကို သွားရောက်ကြည့်ရှုပြီး ဓာတ်ပုံ(၂)ပုံကို ရိုက်ယူလာခဲ့ပါတယ်။´´

မေး။ ဓာတ်ပုံဆရာ ကိုမောင်မောင်လွင်ခင်ဗျာ ဆင်ဖြူကျွန်းနဲ့ နွယ်တမယ်ချောင်းကူးတံတား ရေလျှံပျက်စီးနေတဲ့ ဓာတ်ပုံတွေကို ဘယ်နေ့က ဘယ်လိုရိုက်တယ်ဆိုတာလေးကိုရှင်းပြပေးစေလိုပါတယ်။

ဖြေ။ ``(၁၉-၁၀-၂၀၁၁) နေ့ နံနက်(၈)နာရီလောက်မှာ ကျွန်တော် ဆင်ဖြူကျွန်းမြို့ကို သွားရောက်ရိုက်ယူလာခဲ့ပါတယ်။ မြို့ဝင်ကစပြီး တန်းရိုက်ပါတယ်။ဆေးရုံရှေ့တွေရော၊ မြို့လယ်ခေါင်ပါ နေရာအနှံရပ်ကွက်ပေါင်းစုံ ဓာတ်ပုံမှတ်တမ်းတင်ခဲ့တာ ပါ။ တံတားထိပ်ကတော့ ကုန်းမြင့်နေလို့ ရေက တော်တော်တိမ်ပါတယ်။ ဈေးကြီးဆိုရင် လူခါးတစ်ဝက်ကျော်ထိတောင် ကျော်ချင်ပါသေးတယ်။ နွယ်တမယ်တံတားပေါ် သွားပြီး ချောင်းရေကြီးတဲ့ပုံ၊ တံတားပျက်စီးတဲ့ပုံတွေ ကျွန်တော်ရိုက်ခဲ့တာပါ။´´

မေး။ ပိုင်အိုနီးယား လက်ဘက်ရည်ဆိုင်ပိုင်ရှင် ဦးညွှန့်မောင်ခင်ဗျာ ဆရာက နွယ်တမယ်ချောင်းတံတားထိပ်မှာ ဆရာကနေတာဆိုတော့ ဒီနွယ်တမယ်ချောင်းရေကြီးတဲ့ သမိုင်ကြောင်းနဲ့ ဆင်ဖြုကျွန်းမြို့ပေါ်ရေလျှံတက်လာတာတွေကို ရှင်းပြပေးစေလိုပါတယ်။

ဖြေ။ ``(၁၉-၁၀-၂၀၁၁) နေ့ည(၁၂) လောက်ကစကြီး ချောင်းရေတိုးလာပါတယ်။ ဒီချောင်းရေကြီတဲ့ အတွေ့အကြုံကလည်း မနှစ်က၂၀၁၀၊အောက်တိုဘာလ ဂီရိမုန်းတိုင်းတုန်းကလည်း ရေကြီးခဲ့ပါတယ်၊ တံတားလည်းပျက်စီးခဲ့ပါတယ်။မနှစ်က တံတား(၃)ပိုင်းပြတ်ခဲ့ပါတယ်။ ဒီနှစ်လည်း အောက်တိုဘာလပါပဲ။ ညပိုင်းကထဲက သက်ဆိုင်ရာတွေက အသံချဲ့စက်တွေနဲ့ သတိပေးနေကြပါတယ်။ မြေနှိမ့်ပိုင်းရပ်ကွက်တွေကလည်း ကြိုတင်ကာကွယ်မှုတွေကို လုပ်ထားကြပါတယ်။ အဲဒီနေ့ နံနက်(၅)နာရီလောက်မှာ မြို့ပေါ်ကို ချောင်းရေက စပြီးတက်လာပါတယ်။ နံနက်(၆)နာရီမှာတော့ ဒီဘက်ကမ်းလည်း ရေတွေပြည့်သွားပါတယ်။ ဟိုဘက်ကမ်း နွယ်တမယ်ရွာဘက်လည်း ရေပြင်ကြီးဖြစ်သွားပါတယ်။ နံနက်(၇)နာရီလောက် ကျတော့ ရေက ပြန်ကျသွားပါတယ်။ သိသိသာသာကြီးကိုပြန်ကျသွားပါတယ်။ ဘာကြောင့်ကျသွားရသလဲဆိုရင် စလင်းမြေသားတာကြီးလို့ ခေါ်တဲ့ နွယ်တမယ်တံတားကြီးရဲ့ ချဉ်ကပ်လမ်း( နွယ်တမယ်ဘက်က) မြေသားတာဘောင်ကြီးပါ။ ကွန်ကရစ်တံတား နှစ်ခု အခြေတွေပါ (၅) ပိုင်းပြတ်ပြီး ရေထဲပါသွားပါတယ်။ အဲဒါကြောင့် ကျွန်တော်တို့ ဆင်ဖြူကျွန်းဘက်ရော နွယ်တမယ်ရွာဘက်ကပါ သက်သာသွားကြရတာပါ။ လူအသေ အပျောက်မရှိပါဘူး။ စလင်းမြို့မှ အုပ်ချုပ်ရေးမှူးနဲ့ ကြက်ခြေနီ၊ မီးသတ်၊ ကျန်းမာရေး၊ စတဲ့ဌာနတွေက လာရောက်ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်ပေးပါတယ်။ အကြွေးအမွေး အလှူအတန်းတွေကတော့ စလင်းမြို့ပေါ်က ရပ်ကွက်တွေနဲ့ ရွာနီးချုပ်စပ်တွေကလည်း လာရောက် လှူဒါန်းကြပါတယ်။ ဆင်ဖြူကျွန်းဘက် နဲ့ နွယ်တမယ်ရွာ၊ တံတားဦးဘုန်းကြီးကျောင်း တို့မှာ ကယ်ဆယ်ရေးစခမ်းတွေဖွင့်ထားပေးကြပါတယ်။ နွယ်တမယ်တံတားပြုပြင်ရေးလုပ်ငန်းကတော့ (တစ်လခွဲ) လောက်ကြာမယ်လို့ သိရပါတယ်။ ဒါထက်စောပြီး ပြီးအောင် ကျွန်တော်တို့ ညွှိနှိုင်းအစည်းအဝေးလုပ်နေကြပါတယ်။ ဖြစ်နိုင်ရင်တော့ ဒီတံတားကြီး တည်တန့်ခိုင်မြဲအောင် ချဉ်ကပ်လမ်းမြေသားနဲ့ ကွန်ကရစ်တံတားနှစ်ခုဘက်က( ၉၅၀) ပေကို ဘေလီတံတား ဆက်ဆောက်စေချင်ပါတယ်။ ချောင်းရေဦးတည်လမ်းကြောင်းကလည်း ပြောင်းနေတော့ အများက ဘေလီတံတား တည်ဆောက်ပေးစေချင်နေကြပါတယ်။ ´´ ဟု ဦးညွှန့်မောင်က လျှပ်တစ်ပြက် ဂျာနယ်ကို ပြောကြားသွားပါတယ်။

ရွှေလမ်းငွေလမ်းဝင်းကြည်
လျှပ်တစ်ပြက်ဂျာနယ်မှာ ဖော်ပြထားပါသည်။
 

0 comments: