Showing posts with label ရသစာတမ်း. Show all posts
Showing posts with label ရသစာတမ်း. Show all posts

``အမေအရင်းပါ သားရယ်..´´



ဓာတ်ပုံများကို google Images မှရှာ၍ အခြားဆိုဒ်များမှ ကူးယူဖော်ပြပါသည်။

``အမေအရင်းပါ သားရယ်..´´

(ရသစာတမ်း)

ပုထုဇဉ်လူသားတိုင်းဟာ အိုမင်းရင့်ရော်လာရင် အလိုအပ်ဆုံးက(သမုဒယ သံယောဇဉ်) မေတ္တာတရားပါ။ သမုဒယ သံယောဇဉ် မေတ္တာတရားဆိုတာ အိုးမင်းရင့်ရော်လာလို့ မမာမကျန်းဖြစ်လာခဲ့ရင် ခင်ပွန်း၊ဇနီးမယား၊ သားသမီး မြေးမြစ်များရဲ့ အယုအယ၊ ပြုစုခြင်းတွေကို ခံယူတောင့်တ မျှော်လင့်နေကြပါတယ်။ ကျွန်တော်ဆိုရင် ရောဂါတစ်ခုကြောင့် ခွဲစိပ်ခမ်းက ခွဲစိပ်ပြီး မေ့ဆေးပေးထားတာကို စတင်သတိရတာနဲ့ `သမီးရေ.. သမီးလေးရေ ..´လို့ ဆေးရုံတစ်ရုံလုံးကြားအောင် ယောင်ရမ်းတမ်းတ အော်ဟစ်ခဲ့မိပါတယ်…။ အမှတ်တမဲ့နဲ့ ခလုပ်တိုက်မိတိုင်း၊ မမာမကျန်းဖြစ်ပြီး အဖျားတက်လေတိုင်း နာကြင်မှုတစ်ခုခုကိုခံစားမိလေတိုင်း`အမေ.. အမေရေ..လို့´ `အို အမေ့ လို့´ ယောင်ရမ်းတမ်းတမိ တတ်ကြပါတယ်။ ပါးစပ်က တတွတ်တွတ်နဲ့ `အမေ..အမေ..အမေ…အို အမေရေ..´လို့တမ်းတညည်းညူနေ တတ်ကြပါတယ်။ ဒါကြောင့် ရှေးလူကြီးများက `ခလုပ်ထိမှ အမိတ´ ကြတယ်လို့ ဆိုဆုံးမခဲ့ကြပါတယ်။ တစ်လောကလုံးမှာ မိခင်ဆိုတဲ့ အမေ့ရင်ခွင်လောက် ထာဝရအေးမြတာ မရှိပါ။ ရှေးခေတ်က မိခင်တိုင်းဟာ သားကိုသခင်၊ လင်ကိုဘုရား ဆိုပြီး အားကိုးအားထားပြုတတ်ကြပါတယ်။ လင်ဝတ္တရားငါးပါး၊ ဇနီးဝတ္တရားငါးပါး၊ သားသမီးဝတ္တရားငါးပါးတို့နဲ့ ပြည့်စုံကြပါတယ်။ ရှေးခေတ်က တစ်လင် တစ်မယားစနစ်သာ များကြပါတယ်။ ယခုခေတ်ကတော့ (ကိုးရီးယားဇာတ်ကားတွေ) ကြောင့်လား မသိပါ၊ ဖောက်လွှဲဖောက်ပြန်ဖြစ်တဲ့ သူတွေက များနေကြတယ်ထင်မိပါတယ်။
မနေ့က မိုးရွာရွာထီးဆောင်းပြီး ငယ်ငယ်က ငယ်သူငယ်ချင်းတွေအိမ်ကို အလည်သွားခဲ့မိပါတယ်။ မိမိုး ဆိုတဲ့သူငယ်ချင်းမ အိမ်ကိုရောက်ခဲ့ပါတယ်။ မတွေ့ရတာ နှစ်ပေါင်း(၃၀)ကျော်ခဲ့ပါပြီ..။ နာမည်က မိမိုးဆိုတဲ့ အတိုင်း စိတ်ဓာတ်ကလည်း အထက်တန်းကျပါတယ်။ ဘယ်အရာ ဘယ်ကိစ္စမဆို သူမှန်လို့ကတော့ ဆတ်ဆတ်ထိမခံ ဒိတ်ဒိတ်ကျဲ ဟောဟောဒိုင်းဒိုင်းနဲ့ ပြောဆိုဖြေရှင်းတတ်သူပါ။ ဒါကြောင့် သူ့ကို ငယ်ငယ်က ကျွန်တော်ခဏ ခဏ ဆုံးမခဲ့ပါတယ်။ (ဆတ်ဆတ်ထိမခံ ခွန်းတုန့်ပြန် ခင်မင်မှုလည်းရှုံး လူလည်းမုန်း၏။) လို့ ပြောဆိုခဲ့ဘူးပါတယ်။ အင်း.. ပညပ်သွားရာ ဓာတ်သက်ပါတယ် လို့ဘဲ ဆိုရမလား။ သူငယ်ချင်းမိမိုးရဲ့ မိသားစု အိမ်တွင်းရေးတွေကို ကျွန်တော့်အား ငယ်သူငယ်ချင်း မိမိုးက ငိုပြီးပြောဆိုနေပါတယ်…။
မိမိုးဟာ မကွေးကောလိပ်ကဆင်းပြီး တစ်မြို့တည်းသား ငယ်ချစ်ဦး အရာရှိတစ်ယောက်နဲ့ အိမ်ထောင်ကျ သွားခဲ့ပါတယ်။ အဲဒီလူက မျိုးရိုးမကောင်းလို့ဆိုပြီး မိမိုးရဲ့မိဘတွေက လုံးဝသဘောမတူခဲ့ပါဘူး။ အဲဒီခေတ်က အရာရှိတစ်ဦးဆိုတော့ စီးပွားရေးမှာ အလွန်ချမ်းသာကြွယ်ဝခဲ့ပါတယ်။ မိမိုးတို့လင်မယား မှာ သားနှစ်ဦး မွေးဖွားခဲ့ပါတယ်။ အဲ.. ကျွန်တော်တို့ လူမျိုးကလည်း ရာထူးလေးများရလာရင် မြောက်ကြွကြွဖြစ်လာတတ်ပါ တယ်။ သားအကြီးကောင်လေး အလယ်တန်းအောင် လို့ သားအငယ်လေး မူလတန်းကျောင်း စထားတဲ့အချိန်ကာလမှာ မိမိုးရဲ့ လင်တော်မောင် အရာရှိက နောက်အိမ်ထောင်ပြုသွားခဲ့ပါတယ်။ မိမိုးက ဆတ်ဆတ်ထိမခံ စိတ်ထက်ပေမယ့် သားကိုသခင် လင်ကိုဘုရား လိုထားခဲ့သူပါ။ မယားဝတ္တရား၊ မိခင်ဝတ္တရားများကို ကျေပွန်ခဲ့သူပါ။ သားလေးတွေရဲ့ ရှေးရေးကိုကြည့်ပြီး သူ့လင်တော်မောင် ယူထားတဲ့ မယားငယ်ဆီကို သွားပြီး အကြိမ်ကြိမ်အခါခါ အောက်ကျခံ တောင်းပန် ခဲ့ပါတယ်။ ဒါပေမယ့် မရခဲ့ရှာပါဘူး။ ဒီပြဿနာကို အထက်လူကြီးတွေဆီကိုလည်း မတိုင်ကြားခဲ့ပါဘူး။ ဒီလိုနဲ့ လင်တော်မောင်အရာရှိက မိမိုးတို့ သားအမိသုံးယောက်ကို ပစ်ထားခဲ့ပြီး ဝေးရာသို့ ပြောင်းရွေ့သွားပါတယ်။ မိမိုးလည်း ဌာနတစ်ခုမှာ အလုပ်ဝင်လုပ်ပြီး သားနှစ်ယောက်ကို ကျောင်းထားပေးခဲ့ပါတယ်။မိမိုးဟာ လောကဓံကိုကြံကြံခံပြီး ရုန်းကန်ကြိုးစားခဲ့ပါတယ်။ သားအကြီး ကောင်လေးကို ပညာတတ်ကြီးဖြစ်အောင် သူ့ဖခင်ထက် သာတဲ့ အရာရှိကြီးဖြစ်စေရအောင် မြေတောင်မြှောက်ပေးခဲ့ပါတယ်။ မိမိုးမျှော်မှန်းခဲ့တဲ့အတိုင်း သားအကြီးက သူ့ဖခင်ထက်မြင့်တဲ့ အရာရှိကြီးဘ၀ကို ရောက်သွားခဲ့ပါတယ်။ ဖတစ်ဆိုး သားနှစ်ယောက်ကို ပညာတတ်တွေ ဖြစ်အောင် ကြိုးစားခဲ့သော်လည်း သားအငယ်လေးက အထက်တန်းမအောင် ပါ။ ဖတစ်ဆိုးလေးဆိုပြီး အလိုလိုက်ခဲ့မိလို့ ဆိုးသွမ်းလူငယ်လေးတစ်ဦး ဖြစ်နေရှာပါတယ်။ အကိုကြီး အဖအရာ ဆိုပြီး မျှော်လင့်ခဲ့တဲ့ သားကြီးကလည်း အိမ်ထောင်ပြုသွားပါတယ်။ သားအကြီးကောင်က မိခင်နဲ့ ညီလေးကို လုံးဝပြန်မကြည့်ခဲ့ပါဘူး။ (ဖမျိုး ဘိုးတူ) ဆိုတဲ့ ရှေးစကားပုံက မှန်တာလား။ (မျိုးစေ့မမှန် ပင်မသန်၊ ဖူးတန်လည်းကင်း၊ အသီးဖျင်း၏) ဆိုတဲ့ ရှေးစာဆို စကားများကဘဲ မှန်သလား မသိပါ။ အိမ်ထောင်ကျသွားတဲ့ သားကြီးမှာ ကလေးနှစ်ယောက်ရပါတယ်။ သားလေးတစ်ဦး သမီးကလေးတစ်ဦး မွေးပါတယ်။ သားသမီးအချစ်၊ မြေးအနှစ် ဆိုတဲ့စကားပုံအတိုင်း မိမိုးမှာ သူ့သားက ကျေးဇူးမသိတတ်သော်လည်း ချွေးမကို မျက်နှာချိုသွေးပြီး မြေးလေးတွေကို ပြေးကြည့်ပါတယ်။ အဝေးခရီးကို တစ်နှစ် တစ်ခါ တစ်ခေါက်လောက်တော့ ရောက်အောင်သွားပြီး မြေးတွေကို ချစ်နေရပါတယ်။ အဲ.. မိမိုးရဲ့မြေးကောင်လေး မူလတန်းကျောင်း စထားတဲ့ နှစ်မှာ မိမိုးရဲ့ သားကြီး အရာရှိကြီးလုပ်သူက မယားငယ် ယူသွားကြောင်း ကြားသိလိုက်ရပြန်ပါတယ်။ မိမိုးခမျာ…. မြေးလေးနှစ်ယောက်ကိုဖက်ပြီး ချုံးပွဲချ ငိုလိုက်ရ ပါတယ်။ မိမိုးဟာ အားကြီးမောတဲ့ သားသမီးဇောထက် မြေးဇောအတွက် ချွေးဇော်ပြန်နေရပြန်ပါပြီ..။ သူ့ သားကြီး လူမိုက်တို့ လင်မယားစုံတွဲရှိရာနေရာကို စုံစမ်းပြီး အပြေးအလွှား အရောက်လိုက်သွားခဲ့ပါတယ်။ သူ့ရဲ့ သားကြီးကို တွေ့လိုက်ရတော့ မိမိုး တော်တော်မျက်လုံးပြူးသွားပါတယ်။ တစ်သက်လုံးက ဆေးလိပ်တောင် မသောက်တတ်တဲ့ မိမိုးရဲ့ သားကြီးဟာ အရက်သောက်ပြီး မူးနေတာကိုမြင်လိုက်ရပါတယ်။ သူ့သားကြီးဘေးက မယားငယ်ဆိုသူမိန်းကလေးက အရက်ငဲ့ပေးနေပါတယ်။ မိမိုးလည်း တစ်သက်လုံးက မမြင်မတွေ့ရဘူးတဲ့ မြင်ကွင်းကြောင့် စိတ်ဆိုးသွားပါတယ်။ အရက်ဝိုင်းက ပုလင်းကိုဝင်ဆွဲပြီး သူ့သားကြီးရဲ့ဦးခေါင်းကို ရိုက်ချလိုက်ပါတယ်။ သူ့သားကြီးက ခေါင်းကိုစောင်းပြီးရှောင် လိုက်ပါတယ်။ မိမိုးရဲ့ လက်ထဲက တအားလွှဲရိုက်လိုက်တဲ့ ပုလင်းမှာ စားပွဲကိုထိပြီး ပုလင်းကွဲစတွေနဲ့ မိမိုးရဲ့ လက်ကို စိုက်ပြီးစူးသွားခဲ့ပါတယ်။ အရိုက်ခံရတဲ့သူ့သား လင်မယားက ထပြီး ဝေးရာကို ပြေးသွားပါတယ်။ မိမိုးလည်း အရှုးမကြီးတစ်ယောက်လို အော်ဟစ်ပြောဆိုပြီး ငိုယိုနေပါတော့တယ်။ မိမိုးမှာ စိတ်ဒေါသကြီးပြီး သူ့သားကြီးရဲ့ ဌာနက လူကြီးတွေကို တိုင်ကြားခဲ့ပါတယ်။ သူ့သားကြီး အရာရှိမှာ အလုပ်ပြုတ်ပြီး ထောင်ကျသွားပါတယ်။ မိမိုးရဲ့ ညာဘက် လက်တစ်ဖက်လည်း ပြတ်နေပါတယ်။ ညာဘက်လက်က တစ်ထောင်ဆစ်အထိပြတ်နေတာကို မေးကြည့်တော့ မိမိုးမှာ ဆီးချိုးရောဂါကြောင့် ပုလင်းကွဲစူးခဲ့တဲ့ လက်ကအနာမပျောက်ဘဲ တစ်ထောင်ဆစ်ထိ ဖြတ်ပြီးကုသ လိုက်ရကြောင်း သိရပါတယ်။ ယခုတော့ မိမိုးမှာ သူ့မြေးလေးနှစ်ယောက်ကို သူက ခေါ်ယူမွေးထားခဲ့ပါတယ်။ မိမိုးရဲ့ သားအငယ်ကောင် ဆိုးသွမ်းလူငယ်လေးမှာ အကိုလူဆိုးကြီးဘ၀ကို နောင်တရပြီး လူကောင်းလေး ဖြစ်သွားပါတယ်။ သူဦးဆောင်ပြီး အမေနဲ့ တူ၊တူမလေးနှစ်ဦးတို့ကို (ကားစပယ်ယာဘ၀) နဲ့ လုပ်ကိုင်ကျွေးမွေး စောင့်ရှောက် နေကြပါတယ်။
သူငယ်ချင်း မိမိုးရဲ့ဘ၀ဇာတ်ကြောင်းအစုံကို နားထောင်ခဲ့ရပြီး ကျွန်တော်အပြန်လမ်းတွင် မိမိုးက သူ့သားကြီးထံပြေး၍ လိုက်နေတုံးမှာ အော်ပြီးပြောနေသောစကားများကို ပြန်လည်ကြားယောင်နေမိပါတယ်။

`` ဟဲ့ သားကြီးလူမိုက်၊ မပြေးပါနဲ့ မပြေးပါနဲ့ ငါက အမေအရင်းပါ..၊ ငါ့သွေးသားကိုမတူဘဲ အဖေသွေးကို သွားတူနေတယ်။ မင်းကိုမွေးခဲ့ရတာ ငါအမေ၀မ်းရေစပ်လှပါတယ်။ မင်းကို ဒီလိုဘ၀မျိုးရောက်အောင် လူမိုက်ကြီးဖြစ်အောင်လို့ အမေပြုစုပျိုးထောင်ပေးခဲ့တာမဟုတ်ပါဘူး။ အေး မင်းက မလိမ်မာတော့ ငါအမေအရင်းဖြစ်သော်လည်း မင်းလိုသားမျိုးတွေကို ခြေမ မကောင်းရင် ခြေမကိုဖြတ်မယ်။ လက်မ မကောင်းရင် လက်မကိုဖြတ်မယ်။ ပြန်လာခဲ့စမ်း ပြန်လာခဲ့စမ်းပါ..။ ငါက အမေအရင်းပါ..သားရယ်၊ ငါ့သွေးလေးနဲ့ တစ်စက်လောက်တော့ တူပေးလိုက်စမ်းပါ။ ယခုတော့ မင်းနဲ့ ငါ့မြေးလေးတွေဘ၀အတွက် ငါ့ရင်တွေ ငါ့အသဲနှလုံးတွေ တစ်စဆီ တစ်စဆီ ကျေကွဲနေရပါပြီ.. ´´။

မိခင်ကံဆိုးမ မိမိုးက ပြန်လည်ပြောပြသော ဖြစ်ရပ်မှန် ဇာတ်လမ်းလေးကို မိခင်မေတ္တာဖွဲ့ ရသစာတမ်း တစ်စောင် အဖြစ်ရေးသား လိုက်ရပါသည်။ (မြန်မာ့ယဉ်ကျေးမှုအတိုင်း တစ်လင် တစ်မယားစနစ် ထူထောင်နိုင်ကြပါစေ..။)

ရွှေလမ်းငွေလမ်းဝင်းကြည်
READMORE
 

`ဂျာနယ် ပူပူ ဆူဆူလေး…´

`ဂျာနယ် ပူပူ ဆူဆူလေး…´
ဂျာနယ်ရုံးခွဲ သတင်းတာဝန်ခံ၊ ဖြန့်ချိရေးတာဝန်ခံဘ၀ရဲ့ အဖြစ်စုံ သနှစ်စုံလေးတွေကို အနည်းငယ်ရင်ဖွင့်လိုပါတယ်။ သူများဂျာနယ်တွေက နယ်တွေကို ၂/၃ ရက်စောပြီးကြိုရောက်ကြပါတယ်။ ကျွန်တော်တို့ဂျာနယ်ကတော့ ဗုဒ္ဓဟူးနေ့ထွက် တာ ကြာသာပတေး / သောကြာနေ့မှ နယ်ကိုရောက်လာပါတယ်။ဂျာနယ်ထွက်ရက်ကနောက်ကျရတဲ့ အထဲမှာ ဂျာနယ်ထုတ်ကို ညထွက်တဲ့ကားကိုတင်ပို့ပေးတာ ဂိတ်မှူးကမေ့နေလို့ နောက်တစ်နေ့ နံနက်ကားနဲ့ပို့တော့ သောကြာနေ့၊ညနေမှရောက်ပါတယ်။ အဲဒီကားဂိတ်က တစ်မိန့်တစ်သံတည်း အဆင့်ဆင့်တာဝန်ပေးထားတဲ့ မန္တလေး၊မကွေးလိုင်း ကားဂိတ်(မကွေး)မှာပါ။ ဆက်ဆံရေးကတော့ ကျွန်တော်တို့အပေါ်မှာ ပြောဆိုတာတွေက အလွန်ညံ့ ပြီး ရိုင်းစိုင်းကြပါတယ်။ တစ်လောက မန္တလေးပြန်တဲ့ စာရေးဆရာ ဆရာတော်တစ်ပါးနဲ့ အယ်ဒီတာချုပ်တစ်ဦးကို ကျွန်တော်တို့အဖွဲ့က လိုက်ပို့ပါတယ်။ ဧည့်သည်များကို ကားဂိတ်ထိ လိုက်ပို့တဲ့အဖွဲ့ထဲမှာ ဆရာတော်တစ်ပါးနဲ့ သက်ကြီးစာနယ်ဇင်းဆရာများ လည်းပါကြပါတယ်။ ဂိတ်မှူးဖြစ်သူ ခရီးသည်စစ်ဆေးတင်နေသူတစ်ဦးက ရိုင်းပြစွာမေးမြန် ပြောဆိုခံလိုက်ရပါတယ်။ ကားဘေးမှာ ရပ်နေတဲ့ ကျွန်တော်တို့အဖွဲ့ကို လက်ညှိးငေါက်ငေါက်ထိုးပြီး..( ဒီဟာ တွေကဘယ်ကိုလိုက်ကြမှာလဲ..?) တဲ့ဗျာ..။(ယခင်ကလည်း ဂျာနယ်မှာ ဖော်ပြထားခဲ့ပြီး။) ဒါပေမယ့် ဒီလောက်ဆိုးတဲ့လင် ကို မကွာနိုင်ဘူး ဆိုတဲ့စကားလိုဖြစ်နေပါပြီ..။ ကျွန်တော်တို့ အယ်ဒီတာချုပ်ကလည်း ဒီကားဂိတ်နဲ့ပဲ အပတ်စဉ်ဂျာနယ် ထုတ်ကို ပို့ပေးနေပါတယ်။ ယခု တစ်နှစ်ပြည့်ပါတော့မယ်။ ကြာသာပတေး/ သောကြာနေ့တိုင်း ကျွန်တော်ကိုယ်တိုင် သွားသွားယူတာပါ။ ဂိတ်ကိုလည်း မကြာမကြာ ဂျာနယ်တစ်စောင် လက်ဆောင်ပေးပါတယ်။ ယူနေကျ ကျွန်တော်မျက်ခွက်ကြီးကို သူတို့သိနေကြပါတယ်။ ဒါကိုဘဲ မှတ်ပုံတင်ပြခိုင်းနေပါတယ်။ မိုးကလည်းရွာ ဂျာနယ်ကလည်း အရောက်နောက်ကြတဲ့တစ်ရက်မှာ ထုံးစံအတိုင်းဂျာနယ်ထုတ်ကို သွားယူပါတယ်။ ဂိတ်မှာ ပစ္စည်းပေးတဲ့ တာဝန်ခံကောင်လေးက တယ်လီဖုန်းပြောပြီး အခြားတစ်ဘက်နဲ့ကြူနေပါတယ်။ အချိန်(၁၀)မိနစ်လောက်ကြာ အောင် စောင့်ခဲ့ရပါတယ်။ အပတ်စဉ် ဂျာနယ်ထုတ်လာယူနေကျ ကျွန်တော်ကို မှတ်ပုံတင်ပြခိုင်းပြီး ပစ္စည်းထုတ်တဲ့ လက်ခံစာအုပ်မှာ ကိုယ်တိုင်နာမည်ရေးပါ၊ မှတ်ပုံတင်နံပါတ် ရေးပါ၊ ပြီးရင် လက်မှတ်ထိုးပါ ဆိုလာပါတယ်။ `ဟာ့ ငါ့တူရ ဦးက အပတ်စဉ်လာယူနေကျပါ။ မင်းတို့ဂိတ်ကိုလည်း ဂျာနယ်ဖတ်ဖို့ ပေးနေသူပါကွာ..။ မင်းမယုံလို့ မှတ်ပုံတင်စစ်တာ ငါပြပြီးပြီ..။ မင်းစာအုပ်ထဲမှာ မင်းဖာသာ ရေးမှတ်လေကွာ..၊ ပြီးရင် ငါ့လက်မှတ်ထိုးပေးမယ်လေ..။ ငါ့ဖာသာရေးတော့ မှတ်ပုံတင်နံပတ် မှားနဲ့ အမည်မှားရေးခဲ့ရင် မင်းဘယ်လိုလုပ်မလဲ..။ ငါ မရေးနိုင်ဘူး။ မင်းမှတ်ချင်မှတ်၊ မမှတ်ချင်နေပါ လို့ ´ ကျွန်တော်ကဆိုလိုက်ပါတယ်။ ဒါပေမယ့်မရပါ။ တစ်ဘက်ခန်းက အသက်ကြီးတဲ့ ဂိတ်မှူးတစ်ဦးဆီ ကောင်လေးက စစ်ကူသွားတောင်းပါတယ်။ အဲဒီဂိတ်မှူးကလည်း အသက်ကြီးသော်လည်း ကြားဖြန်မပေးပါဘူး။ သူကလည်း လေပေါက်ဆိုးဆိုးနဲ့ ` ကျွန်တော်တို့ဂိတ်က အထက်လူကြီးတွေခိုင်းတဲ့ အတိုင်းလုပ်ရတာ၊ ပစ္စည်းလိုချင်ရင် ကျွန်တော်တို့ ပြောတဲ့အတိုင်း စာအုပ်ထဲမှာကိုယ်တိုင်ရေးပါ၊ လက်မှတ်ထိုးပေးပါ၊ ထုံးစံအတိုင်းဘဲ´ လို့ ဘုဆတ်ဆတ်ပြောပါ တယ်။ ကျွန်တော်လည်း စိတ်မဆိုးပါဘူးဆိုပေမယ့် ကျွဲမြည်းတိုပါတယ်။ ဒါပေမယ့် ဂျာနယ်တွေက အချိန်မှီ ဖြန့်ချိရမှာဆိုတော့ အရှုံးပေးပြီး ယူလာခဲ့ရပါတယ်။ (သြော် ငါတို့က မင်းတို့ရဲ့တရားခံတွေမဟုတ်ပါဘူး..၊ မင်းတို့ကားဂိတ်ကို အမြဲထမင်းကျွေး နေတဲ့ ထမင်းရှင်တွေပါကွာ..လို့ ရင်ထဲက စကားပြောနေရပါတယ်..။)
ဂျာနယ်တွေကိုယူပြီး မြို့ပေါ်ကဂျာနယ်ရောင်းတဲ့ဆိုင်တွေကို (မကုန်ရင်ပြန်ပေး) စနစ်နဲ့ တစ်ပတ်တင်ပေးထားပါတယ်။ အသစ်ပေး အဟောင်းရှင်းစနစ်ဖြစ်ပါတယ်။ ဂျာနယ်ဆိုင်များက `ရှင်တို့ဂျာနယ် ကြေညာထားတဲ့ ဗုဒ္ဓဟူးနေ့ မထွက်နိုင်ရင်လဲ သောကြာနေ့သာ ပြောင်းလိုက်ပါရှင်..။ ကျွန်မတို့မှာ ဟိုကလာမေး ဒီကလာမေးနဲ့ ပြန်လွှတ်ရတာ သိပ်ကို အားနာဖို့ကောင်းလှပါပြီ..´။ လို့ ပြောကြပါတယ်။ ကျွန်တော်မှာ ဆိုင်ကယ်တိုက်ထားတဲ့ ညာခြေတစ်ဖက် ထော့နင်း ထော့နင်းနဲ့ အားတင်းပြီး ဂျာနယ်ပို့နေရတာပါ။ ဂျာနယ်ဆိုင်တွေက ကျွန်တော့်ရင်ဝကို စုံကန်သလို အပြောခံလိုက်ရပြန် ပါတယ်။ အင်း သူတို့ပြောတာလဲ ဟုတ်ပေသားပဲလေ..။ ဗုဒ္ဓဟူးနေ့ထွက်ဖြစ်ရင် အခြားဂျာနယ်တွေကနည်းပါတယ်။ ဒါကြောင့် မရောင်းရတဲ့ဂျာနယ်ပြန်ပေးရင် နည်းတာ အမှန်ပါ။ ဂျာနယ်ထွက်ရက်နောက်ကျရင်တော့ ပြန်ပေးခံရတဲ့ ဂျာနယ်တွေ ပုံနေပြီသာမှတ် ပေရော့..။ အင်း.. ကြိုးစားပန်းစားနဲ့ ကိုယ်တိုင်လိုက်ပို့ထားပြီး မရောင်းရလို့ ပြန်ဝင်များတော့လည်း ဂျာနယ်တိုက်အတွက် ရင်မောရပြန်ပါတယ်။ ဂျာနယ်ကို လပေးကြိုယူသူ ဆရာတစ်ဦးဆီရောက် ပြန်ပါတယ်။သူပေးပို့ထားတဲ့ သတင်းအကြောင်း အရာတစ်မျိုး တည်းကို တစ်ပုဒ်ပဲဂျာနယ်မှာ ဖော်ပြပေးလို့ ကျန်တဲ့ သတင်းနှစ်ပုဒ်ကို မပါလာလို့ ရန်လုပ်နေပြန်ပါတယ်။(သူ့ကို တောင်းပန်၍ပြန်ထွက်ခဲ့ပါတယ်။) နောက် ဆရာတစ်ဦးရဲ့ အိမ်သို့ဝင်ခဲ့ပါတယ်။ အဲဒီဆရာကလည်း အယ်ဒီတာချုပ်လာတုံးက ကျွန်တော်ဂျာနယ်စောင်ရေ (၂၅/၃၀) ဖြန့်ပေးပါမယ် ဆိုတဲ့ဆရာပါ။ သူ့အိမ်ကို အပတ်စဉ် ဂျာနယ်သွားပို့ပါတယ်။ သူ့ဆောင်းပါတွေကို ဂျာနယ်မှာသုံးပေးစဉ်ကတော့ ပြောတဲ့အတိုင်း ဂျာနယ်တွေကို ဖြန့်ပေးပါတယ်။ သူ့ဆောင်းပါး တွေလည်း မပါတော့ ဂျာနယ်(၂၅)စောင်က နေ(၂၀)၊(၁၅)၊(၁၀)၊(၅) စောင်အထိ လျှော့လျှော့သွားပါတယ်။ ပိုဆိုးတာက ဂျာနယ်ပို့သူကျွန်တော့်ရဲ့ ရင်ဝကို ဆောင့်ကန်သလို စကားနဲ့ ဆိုလိုက်ပြန်ပါတယ်။ ` ခင်ဗျားတို့ ဂျာနယ်က အလကားပေးတာတောင် ယူမယ့်သူတွေက ရှောင်ဖယ်ဖယ်ဖြစ်နေကြတယ်..´။ တဲ့ဗျာ..။ကောင်းရော..။ ပြီးတော့ ရုံးခွဲ သတင်းတာဝန်ခံ ကျွန်တော်က သူ့ဆောင်းပါးတွေ မသုံးစေချင်လို့ အယ်ဒီတာချုပ်ကို ဂတုံးကတိုက် လုပ်တယ်တဲ့။ စာမူတွေကို အကုန်ပို့မပေးဘူး ထင်တယ် လို့ အခြားမိတ်ဆွေများကို မကောင်းသတင်းပြောဆိုပြန်သတဲ့။ ဖြစ်မှဖြစ်ရပလေ..။(ကိုယ်က အခမဲ့ ၀ါသနာနဲ့ လုပ်နေသူပါဗျာ..။)
ဟော တစ်ပတ်(၁၀) စောင်၊ လက်ဆောင်(၂) စောင်ပို့တဲ့ မြို့က ဆရာတွေကလည်း သူတို့မြို့က သတင်း၊ ဆောင်းပါး စာမူတွေမပါလို့ ဖုန်းနဲ့ တစာစာ ဂျီကျပြောဆိုကြပြန်ပါတယ်။ ဂျာနယ်တွေကိုပို့တာ အမြန်ချောက တစ်ပတ်ကြာလို့ ရောင်းလို့ခက်တဲ့အကြောင်း၊ ငွေလွှဲခ ဈေးများကြောင်း စာ ခဏခဏရေးသားပေးပို့ပြန်ပါတယ်။ (ဆရာတို့ဆီကို အမြန်ချောပို့ ၅၅၀ိ/ နဲ့ လက်စောင်ရောဆိုရင် အရှုံးးခံပြီး ပို့ပေးနေရတာဖြစ်ပါတယ်။ ကျွန်တော်တို့ဂျာနယ် ပြန့်နှံ့ရေးကိုသာ အဓိကထားရပါ ကြောင်း သူတို့သိအောင် ပြောရပါတယ်။) နောက်အုပ်စုဖြစ်တဲ့ ဂျာနယ်တစ်ဆောင်မှ မ၀ယ်ကြပဲ လက်ဆောင်ရရင်သာ ယူကြတဲ့ ဆရာတွေကလည်း သူတို့ပို့ထားတဲ့ သတင်း၊ ဆောင်းပါများ မပါလာလို့ အခေါက်ခေါက်အခါခါဂျီကျပြီး ပြောဆိုနေကြပြန် တယ်။ ပထမတော့ အားနာလို့ လက်ဖက်ရည်ဆိုင်ကို ခေါ်ပြီး ဧည့်ခံလို့ ချော့ပါသေးတယ်။ နောက်တော့ သူတို့ရဲ့ ဂျီကျတာကိုမခံနိုင်တော့ပါ။လာတဲ့သူတွေကို ဂျာနယ်ရုံးခွဲမှာပဲ ဂျာနယ်တစ်စောင်စီ လက်ဆောင်ပေးပြီး ချော့လိုက်ရပါတယ်။( စာမူရွေးတာ အယ်ဒီတာချုပ်အလုပ်ပါ။ ကျွန်တော်က မေးလ်ပို့ပေးသူပါဗျာ..။)
ဂျာနယ်မှာ ရံဖန် ရံခါ စာရေးတဲ့ ဆရာကြီးတစ်ဦးထံ ဂျာနယ်လက်ဆောင်သွားပေးပါတယ်။ သူ့ဆောင်းပါတွေ အားလုံမပါသေးလို့ ကျွန်တော့်ကိုမေးပါတယ်။ ဆရာ့ဆောင်းပါးတွေက တော်တော်ရှည်နေပါတယ်။ တိုတိုရေးပေးပါလို့ အဖြစ်မှန်ကို ပြောခဲ့မိလို့ သူ့အိမ်သွားတိုင်းကော်ဖီတိုက်နေကြ၊ ယခုတော့ ရေနွေးကြမ်းတောင်မသောက်ရတော့ပါ။ (ရေနွေးမဆူ သေးဘူးတဲ့..။) အဲဒီအိမ်ကအထွက်မှာ မဆလ ခေတ်တုံးက တရားသူကြီးလုပ်ခဲ့သူ ကျွန်တော့်ဦးလေးနဲ့ လမ်းမှာ တွေ့ပါတယ်။ ကျွန်တော့်ကို ဘာလုပ်နေတာလဲ မေးပါတယ်။ ကျွန်တော်ကလည်း ၀ါသနာပါတဲ့ ဂျာနယ်သတင်းတာဝန်ခံ၊ ဂျာနယ်ရုံးခွဲဖွင့်ပြီး ယခု ဂျာနယ်တွေကို လိုက်ပို့နေပါကြောင်း ဖြေပါတယ်။ မင်းသတင်းတာဝန်ခံ လခက ဘယ်လောက်ရလဲ။ ရုံးဖွင့်တာက လခဘယ်လောက်ရလဲ မေးပါတော့တယ်။ ကျွန်တော်က ၀ါသနာပါလို့ စေတနာဝန်ထမ်း အလကားလုပ်နေပါတယ်.. လို့ပြောလိုက်မိပါတယ်။ (မင်းကို ဦးလေးတစ်ယောက်အနေနဲ့ ပြောမယ်.။ မင်းက အရင်စီးပွားရေးလုပ်ငန်းများမှာ အောင်မြင်သူတစ်ဦးဖြစ်ခဲ့တာပါ။ မင်း အရင်လို စီးပွားရေးတွေကို ပြန်လုပ်ပါကွာ..။ ၀ါသနာပါတာကိုဖြုတ်ချလိုက်ပါ။ ဒီခေတ်ကြီးထဲမှာ ငွေမရပဲ လုပ်နေတာ မင်းတစ်ယောက်သာ ငါမြင်ဘူးတယ်.။ မင်း အိမ်ကမင်းကို မပြောရဲလို့၊ ငါ့ကို အပြောခိုင်းနေတာကြာပါပြီ..။ မင်း ကိုကြည့်ပြီး မင်းသားသမီးတွေက မျက်ရည်ကျ နေကြတယ်ငါ့တူရယ်။ စီးပွားရေးတွေကို ဇောက်ချပြီး အရင်ကလို မင်းပြန်လုပ်စမ်းပါ ငါ့တူရာ..၊) တဲ့ ။ လမ်းလယ်ခေါင်းကြီးမှာ ဦးလေးတရားသူကြီးဟောင်းက မိုးရွာရွာမှာ ထီးဆောင်းပြီး တရားချနေပြန်ပါတယ်..။ ကျွန်တော်ကလည်းနေပူပူ၊မိုးရွာရွာထဲမှာ ဂျာနယ်ပို့ဖို့ ပြေးပြေးလွှားလွှား သွားလာနေရတာကို မောရ ပန်းရမှန်းမသိ၊ ထာဝရပျော်ရွင်ကြေနပ်နေသူပါ။ လူအထင်သေးတာ အထင်ကြီးကြတာတွေကို လုံးဝမမှုပါ။ လူဆိုတာ ကိုယ်ယုံကြည်ရာ ၀ါသနာပါတာ တစ်ခုခုကို လုပ်နေရရင် ကျွန်တော်လိုပဲ ဘ၀မှာပျော်နေကြမယ်ထင်ပါတယ်။ ဒါပေမယ့်ဗျာ…ဦးလေးရဲ့ပြော စကားကြောင့် အဆိုတော် ဓနုဖြူစိုးသိန်း သီးချင်းကိုသာ အော်၍ဆိုပြီး ဂျာနယ်ရုံးခွဲသို့ ပြန်လာခဲ့ပါတော့တယ်..။
( ``စာရေးကြီးလို့၊ အဝေး အနီးက အများတကာခေါ် ကလေးအနှီးကိုင်ကာလျှော်..သွေးမကြီးနိုင်ပါသနော်..။ ရုံးမှာနေ..မျက်နှာမရ၊ အိမ်မှာနေ မျက်နှာမလှ၊ ကျုပ်ဘ၀ ဒုက္ခပါပဲနော်…၊ ကျုပ်ဘ၀ ဒုက္ခပါပဲနော်…´´။)

ရွှေလမ်းငွေလမ်းဝင်းကြည်
READMORE
 

`ပြိုင်ဘက်မရှိ အောင်ဘာလေထီနှင့် ပြည်သူတွေချမ်းသာနိုင်ကြပါစေ..

`ပြိုင်ဘက်မရှိ အောင်ဘာလေထီနှင့် ပြည်သူတွေချမ်းသာနိုင်ကြပါစေ..´
သမ္မတကြီး ဦးသိန်းစိန်အစိုးရတက်လာပြီး ဆင်းရဲ၊နွမ်းပါး၊မွဲတေမူလျှော့ချရေးအတွက် အထူးစီမံချက်များနဲ့ ဆောင်ရွက်နေတာကို ၀မ်းမြောက်စွာကြိုဆိုလိုက်ပါတယ်။ စာရေးသူတို့နယ်တွေမှာရော မြန်မာနိုင်ငံ အနှံ့မှာ တစ်လုံး၊ နှစ်လုံး၊ သုံးလုံး တွေ ကင်းစင်အောင် ဆောင်ရွက်နေကြောင်း သတင်းစာ၊ ဂျာနယ်များမှာ နေ့စဉ်လိုလို ဖတ်နေရပါတယ်။ ၂၀၁၁၊ ဇွန်လ ပိုင်းက စတင်ပြီးဆောင်ရွက်လာတာ အများအသိပါ။ ယခု ဇူလိုင်လမှာလည်း အရှိန်မြှင့်တင်ဆောင်ရွက်နေကြောင်း ကြားသိရပြန်ပါတယ်။ အမှန်တကယ်လည်း အောင်မြင်နေတာကို တွေ့မြင်နေရပါတယ်။
ဘာကြောင့်အောင်မြင်နေပါသလဲဆိုရင်..၊ လူတိုင်း လူတိုင်း ချမ်းသာချင်ကြပါတယ်။ တစ်နေ့မှာ ချမ်းသာနိုးနိုးနဲ့ အိမ်ရှင်မရဲ့ မီးဖိုချောင်ဈေးဖိုပါမကျန် တစ်လုံး၊ နှစ်လုံး၊ သုံးလုံးတွေကိုသာ ၀ိုင်းပြီးထိုးလာခဲ့ကြတာ အများအသိပါ။ ဒါကြောင့် လူဆင်းရဲ၊ လူမွဲတွေ များပြားလာကြောင်း နိုင်ငံတော်က ကြားသိရလို့ အချိန်အခါမှီ ကယ်တင်လိုက်ခြင်း ဖြစ်ပါတယ်။ ယခုလို တစ်လုံး၊ နှစ်လုံး၊ သုံးလုံးထီတွေ ထိုးမရကြတော့ နိုင်ငံတော်က အောင်ဘာလေထီတွေဘက်ကို အများပြည်သူတွေ အားကိုးလာကြပါတယ်။
နိုင်ငံတော်က အောင်ဘာလေထီတစ်ဆောင်ကို (၂၀၀)ကျပ်ဈေး သတ်မှတ်ရောင်းချပါတယ်။ ထီ(၁၁) ရွက်ပါ (၁၁) စောင် ထီတစ်အုပ်ကို (၂၀၀၀ိ) ထုတ်ဈေးနဲ့ ဖြန့်ချိပေးပါတယ်။ ထီလက်မှတ်ဝယ်ယူခွင့်ရှိသူ ကိုယ်စားလှယ်ကြီး တွေအတွက် ငွေနှစ်ထောင်ကျပ်ဖိုးထီ(၁၀)စောင်ရောင်းပြီးတိုင်း ထီစာအုပ်တစ်အုပ်မှာ ထီတစ်စောင်အပိုပေး၍ ငွေ(၂၀၀) ကျပ် အပိုအမြတ်ငွေ ပေးပြီးသားပါ။ အောင်ဘာလေထီရောင်းပေးသူတိုင်းကို ၁%နှုန်းအမြတ်ပေးထားပါတယ်။ ဒါပေမယ့် အောင်ဘာလေထီ အကြိမ်(၂၇၀) ကစပြီး ယခု အကြီမ်(၂၇၁) ကြိမ်မှာ တော့ ထီတစ်စောင် (၃၅၀ိ) (၄၀၀ိ) အထိ ထီဈေးတွေ တစ်ရှိန်ထိုးတက်လာပါတယ်။ ဘယ်လိုဖြစ်တာလည်းဆိုပြီး စာရေးသူမှ လက်ရှိထီရောင်းချနေသူ ကုန်သည်တစ်ဦးအားမေးကြည့်ခဲ့ပါတယ်။ တစ်လုံး၊ နှစ်လုံးတွေ ပပျောက်ကင်းစင်သွားတော့ အများပြည်သူတွေက အောင်ဘာလေထီကို ၀ိုင်းပြီးထိုးလာကြပါတယ်။ အဲဒီတော့ ထီဆိုင်ကြီးတွေက ၀ယ်လိုအား များလာပါတယ်။ အောင်ဘာလေဌါနမှ ရောင်းလိုအားကနည်းနေပါတယ်။ ဥပမာပြရရင်တော့ ထီအက္ခရာ အလုံးရေ တိုးမထုတ်ဘဲ အက္ခရာ(၂၄)စောင်၊ (က)အက္ခရာမှ (ဘ)အက္ခရာ အထိသာ ထုတ်ဝေရောင်းချထားတာပါ။ နောက်တစ်ခုက အမှန်တစ်ကယ် ထီဆိုင်ဖွင့်ပြီးရောင်းချနေသူတွေအတွက် အောင်ဘာလေထီဝယ်ယူခွင့်ကို လိုအပ်သလောက် မရကြတာလည်းပါ ပါတယ်။ အောင်ဘာလေ ထီအုပ်စိမ်း တွေကို တဆင့်၊ တဆင့် အမြတ်ပေးပြီး ၀ယ်ယူရောင်းချနေရတာတွေလည်း မကောင်းပါဘူး။ (မှတ်ချက်။ အုပ်စိမ်းဆိုသည်မှာ အောင်ဘာလေဌါနမှ ထုတ်ပေးသော ထီလက်မှတ်များဖြစ်ပါသည်။ သိန်းတစ်ထောင်ပေါက်ရင် သိန်းတစ်ထောင်သာရ၍ အပိုဆုမပါသောထီလက်မှတ်များကိုခေါ်ဆိုပါ၏။ ယခု(၂၇၁)ကြိမ်၊ အထူးမင်္ဂလာစုံတွဲခေါ် အက္ခရာစုံ(၂၄)စောင် အပိုဆုမပါ-အုပ်စိမ်းတစ်အုပ်(၆၅၀၀ိ)ထိ ဈေးတက်နေပါသည်။ နိုင်ငံတော်မှ ထုတ်လုပ်ဖြန့်ချိသော အောင်ဘာလေထီကို ဈေးနှုန်းမထိမ်းချုပ်နိုင်ခြင်းမှာ စဉ်းစားစရာများ ဖြစ်နေပါ၏။) ဒါကြောင့် ထီဆိုင်ကြီးတွေကလည်း နိုင်ငံတော်သတ်မှတ်ဈေးအတိုင်း(၂၀၀)ကျပ်နဲ့ မရောင်းကြတော့ပါ။ ထီတစ်စောင် (၃၅၀ိ/၄၀၀ိ)ဈေးနှုန်းတွေတင်ပြီး အပြိုင် အဆိုင် ရောင်းအားကောင်းအောင် အပိုဆုအဖြစ် ငွေကျပ်သိန်း(၁၀၀၀) ပေါက်ရင် အပိုဆုငွေသိန်း(၅၀၀)၊ သိန်း(၆၀၀) နဲ့ကားတစ်စီးပေးမယ်၊ စတဲ့မက်လုံးတွေ အမျိုးမျိုးပေးကြပြီး ထီထိုးသူများကို မြူဆွယ်ပါတယ်။ သူတို့ပေးတဲ့ အပိုဆုတွေကလည်း ထီထိုးသူ ပြည်သူတွေဆီမှ ဈေးနှုန်းတင်ယူပြီး နားလှည့် ပါးရိုက်တဲ့သဘောပါပဲ ..ဟု ထီထိုးသူများထံမှ ကြားသိလိုက်ရပါတယ်။ လူတစ်စုကောင်းစားရေးအတွက် ပြည်သူလူထု အများမှ ဈေးကြီးပေးနေရတဲ့သဘောဖြစ်နေပါတယ်။ ဒါကြောင့် အောင်ဘာလေထီ ကို အမှန်အကန်ဈေးနှုန်းချိုသာစွာနဲ့ ထီထိုးနိုင်ကြပြီး နိုင်ငံတော်ဘဏ်ဏ္ဍာငွေများလည်းတိုးတက်ရရှိလာအောင်၊ ပြည်သူတွေလည်း ချမ်းသာလာအောင်..ယခုလို အခြားတစ်လုံး၊နှစ်လုံး၊သုံးလုံးထီများ ပပျောက်ကင်းစင်နေချိန်မှာ အောင်ဘာလေထီ အား ရောင်းအားပိုမိုတိုးတက်လာစေရန် သက်ဆိုင်ရာမှ လိုအပ်သည်များကို ဆောင်ရွက်ပြုပြင် ပေးနိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်းဖြင့်…။

ရွှေလမ်းငွေလမ်းဝင်းကြည်
READMORE
 

``ငွေစက္ကူများကို ဂရုတစိုက် အလေးထား၍ ကိုင်တွယ်ဖို့လိုပါပြီ…´´


``ငွေစက္ကူများကို ဂရုတစိုက် အလေးထား၍ ကိုင်တွယ်ဖို့လိုပါပြီ…´´

ဂုဏ် ဂုဏ် ဂုဏ်ဆိုတာ ငွေကိုခေါ်တယ်..။ လူမှာ ငွေမရှိရင် လင်ယူမိရင်တာ နာတယ်ထင်တယ်..။ ယောက်္ခမအိမ်တက် သမက်မျက်နှာငယ်..။ မျက်နှာငယ်..။ ဆိုတဲ့ သီချင်းအစား ငွေစက္ကူအတွက် ပုဂ္ဂလိကဘဏ်တစ်ခု တက်ရတာ ကျွန်တော့်မှာ မျက်နှာငယ်..၊ မျက်နှာငယ်…လို့သာ အော်၍ ဆိုချင်ပါတော့တယ်။
ဖြစ်ပုံက ဒီလိုပါ။ အယ်ဒီတာချုပ်က ငွေလွှဲဖို့မှာပါတယ်။ ဒါနဲ့ (………) ပုဂ္ဂလိကဘဏ်ကြီးတခုကိုသွားပြီ ငွေလွှဲခဲ့ပါတယ်။ ယခုငွေလွှဲတဲ့နေ့ရဲ့ နောက်သုံးရက်ကလည်း ဘဏ်ပိတ်ရက်ဆိုတော့ ဘဏ်ထဲမှာ လူတော်တော်လေးရှင်းနေပါတယ်။ လူရှင်းတော့ မြန်မြန်ပြီးတာပဲ ဆို ကျွန်တော် အရမ်းဝမ်းသာသွားပါတယ်။ ဘဏ်ကောင်တာစာရေးထံ ငွေစက္ကူ တစ်ထောင်တန်များကို စာရင်းအတိုင်း အတိ အကျ ပေးအပ်လိုက်ပါတယ်။ ဘဏ်ကောင်တာစာရေးကလည်း ငွေစက္ကူများကို အပြန်ပြန် အလှန်လှန်စစ်ဆေးနေပါတယ်။ စစ်ဆေးတဲ့ တစ်ထောင်တန်ထဲက ငွေစက္ကူ (၆)ရွက်ကို အောက်သို့သီးခြား ချထားလိုက်တာကို မြင်တွေ့လိုက်ရပါတယ်။ အဲဒီငွေခြောက်ထောင်ကို ဘဏ်ကောင်တာစာရေးက ယူပြီး ဘဏ်မန်နေဂျာထံသို့ သွားပြပါတယ်။ ကျွန်တော်မျက်လုံးပြူးသွားပါတယ်။ ဂျာနယ်ရောင်းလို့ရတဲ့ ငွေထဲမှာ ငွေစက္ကူအတုတွေများ ပါနေသလားပေါ့။ ဘဏ်စာရေးပြန်လာတော့ အဲဒီတစ်ထောင်တန် (၆)ရွက်ကို ကျွန်တော့်ကို ပြန်ပေးပါတယ်။
`` ဒီ တစ်ထောင်တန်ငွေစက္ကူတွေက ဆီတွေပေနေပါတယ်..။ ဒါကြောင့်ပြန်လဲ ပေးရပါမယ်…။´´
ကျွန်တော့်မှာလည်း ဒီငွေတွေကို တိုင်းတိုင်းတိတိယူလာ ခဲ့မိပါတယ်။ စိတ်ထဲကတော့ နည်းနည်းစိတ်တိုသွားပါတယ်။ ဒီလိုငွေစက္ကူများကို ပြန်ပြီးလဲစရာမရှိတဲ့ လက်လုပ်လက်စား၊ ဆင်းရဲသားတွေဆိုရင် မခက်ပေဘူးလားလို့ စဉ်းစားမိပါတယ်။ ဒါနဲ့ အိမ်သို့ တစ်ခေါက်ပြန်ပြီး (နာမည်နှစ်လုံးနဲ့) ဘဏ်က လက်မခံလိုတဲ့ ငွေစက္ကူ(၆)ရွက်ကို ပြန်လဲပေးလိုက်ရပါတယ်။ မီဒီယာသမားဆိုတော့ ကိုယ့်ဒုက္ခကိုအသာထားလို့ သီးခံခွင့်လွတ်ပြီး အများပြည်သူတွေအတွက် ကျွန်တော်လို မဖြစ်အောင် ရှာရှည်လိုက်ရပြန်ပါတယ်။ ``ညီလေးတို့ ဘဏ်တွေက ဘယ်လိုငွေစက္ကူများကို လက်မခံရန် စည်းကမ်းချက်တွေရှိပါလဲ ?´။ မေးပါတယ်။ ဘဏ်ငွေလက်ခံကောင်တာ စာရေးလေးက သူ့နာမည်ကို ပြောပြီး အောက်ပါအတိုင်းပြောပါတယ်။
(၁) ဆီ များစွန်းပေနေသော ငွေစက္ကူများ။
(၂) သုံးပုံ၊ တစ်ပုံခန့် စုတ်ပြတ်နေသော ငွေစက္ကူများ။
(၃) မီးလောင်ထားသော ငွေစက္ကူများ။
(၄) ဆွေးမြေ့၊ ခြစားထားသော ငွေစက္ကူများ။ ကို လုံးဝ လက်မခံပါ။ ဟု ကြားသိရပါတယ်။

အထက်က သူပြောတဲ့အချက်တွေကို သေသေချာချာ နားထောင်နေရင်း အတွေးတစ်ခုအား လေးလေးနက်နက် ဖြင့် စာရေးသူစဉ်းစားမိပါတယ်။ နံပါတ်(၄)မှ ဆွေးမြေ့၊ ခြစားထားသော ငွေစက္ကူများကို ဘယ်လို လူများဆီမှာသာ… ရှိ..ရှိကြပါသနည်း…?။ ဒီလို ငွေစက္ကူများကို မည်သည့်ဘဏ်တွေကမှ လုံးဝလက်မခံဘူးဆိုရင်ဖြင့်….။

ရွှေလမ်းငွေလမ်းဝင်းကြည်
7/14/2011
READMORE
 

ဘယ်သူ့ကိုမှ အပြစ်မတင်လိုပါ..။

ဘယ်သူ့ကိုမှ အပြစ်မတင်လိုပါ..။

မနေ့က ၂၀၁၁၊ မေလထုတ် (သရာပါ မဂ္ဂဇင်း) အယ်ဒီတာချုပ် ဆရာမင်းအုပ်စိုး ရေးသားတဲ့ အယ်ဒီတာ အာဘော်ကို ဖတ်လိုက်ရပါတယ်။ ဆိုလိုရင်းကတော့ လူတိုင်း လူတိုင်း နိုင်ငံရေး လုပ်ကြရပါမည်လို့ ပြောထားပါတယ်။ နိုင်ငံရေးလုပ်ဖို့ ကျွန်တော်တို့ ငယ်ငယ်တုံးက သူငယ်တန်းမှစပြီး သင်ခဲ့ကြပြီးသားပါ။ (၁) မိမိကိုကိုယ် ကောင်းအောင်ကျိုးစားမည်။ (၂) မိမိအတန်းကို ကောင်းအောင်ကျိုးစားမည်။ (၃) မိမိကျောင်းကို ကောင်းအောင်ကျိုးစားမည်။(၄) မိမိနိုင်ငံတော်ကို ကောင်းအောင် ကျိုးစားမည်။ စတဲ့ သစ္စာအဓိဌာန်လေးချက် ကို အော်ဆိုခဲ့ရပါကြောင်း နဲ့ စတင်ပြီး အကျယ်တ၀န့်ရေးသား တာကိုဖတ်လိုက်မိပြီး အတွေးနယ်ဆက်ချဲ့လိုက်မိပါတယ်..။
ကျွန်တော်ကစပြီး လူတိုင်း လူတိုင်း မိမိကိုကိုယ် တကယ်ကောင်းအောင် လုပ်ကြသလား။ သားသမီးမကောင်း မိဘခေါင်း။ တပြည့်မကောင်း ဆရာ့ခေါင်း။ ပြည်သူ ပြည်သားမကောင်းရင် အုပ်ချုပ်သူတွေခေါင်း၊ လို့ ဘိုးစဉ်ဘောင်ဆက် ဆိုဆုံးမခဲ့ကြပါတယ်။ ဒါပေမယ့် ယနေ့လူငယ်တွေက မိဘမကောင်း သားသမီးများခေါင်း။ ဆရာမကောင်း တပြည့်များခေါင်း။ အုပ်ချုပ်သူမကောင်း ပြည်သူ ပြည်သားတွေခေါင်း လို့ ပြောင်းပြန် ပြောင်းပြစ်လိုက်ကြတယ် ထင်ပါတယ်။ ယနေ့လူငယ် တွေဟာ ရှေးရိုးစွဲ တစ်ဖက်စွန်းဝါဒတွေကို မလိုလားတဲ့ သဘောထင်ပါတယ်။ ယနေ့လူငယ်တွေဟာ လွတ်လပ်မှု ကိုလိုလားကြပါတယ်။
ကျွန်တော်တို့ ငယ်ငယ်က မူလတန်း၊ အလယ်တန်း၊နဲ့ အထက်တန်းကျောင်းအထိ ဘုန်းတော်ကြီးကျောင်းမှတဆင့် တန်းကျောင်းကို တက်ခဲ့ကြရတာပါ။ နွေရာသီကျောင်းပိတ်ရက်တွေမှာလည်း ဘုန်းကြီးကျောင်းမှာ ဗုဒ္ဓဘာသာ အခြေခံသင်ခန်းစာတွေ၊ ပြည်သူ့နီတိတွေကို သင်ကြားပေးခဲ့ပါတယ်။ အတန်းပညာရေးကိုလည်း တန်းကြီးသူက တန်းငယ်သူများကို တဆင့်ပြန်လည်သင်ကြားပေးကြပါတယ်။ ဘာ ကျူရှင်ခမှ မကုန်ခဲ့ပါဘူး။ ဘုန်းတော်ကြီးကျောင်းက အခမဲ့သင်ကြားပေးရုံတင်မကပါ နံနက်စာထမင်းတောင် ကြွေးပါတယ်။ တန်းကျောင်းက ဆရာတွေကလည်း သူ့တို့ဆီကို ညကျောင်းတက်အောင် ညစာထမင်းကြွေးပြီး အခမဲ့ပညာသင်ပေးကြပါတယ်။ မိမိတို့အတန်း၊ မိမိတို့ကျောင်းအောင်ချက် ကောင်းရန် အပြိုင်အဆိုင် တပြည့်ရှာပြီး သင်ပေးကြတာပါ။ ကျွန်တော်တို့တုံးက မိဘ၊ ဆရာသမားတွေကို မော့လို့တောင် မကြည့်ရဲပါဘူး။ လေးစားရိုသေရပါတယ်။ ယခုခေတ်နဲ့ဆိုရင် ဆီနဲ့ရေလို တော်တော်ကွာခြားသွားပါပြီ..။ ကျွန်တော့် ဘ၀လက်တွေ့ အဖြစ်ပျက်ကလေးကို တင်ပြပါရစေ..။
ဒီရသစာတမ်းကို ရေးသင့် မရေးသင့် တစ်လတိတိစဉ်းစားပြီးမှ ယခုချရေးဖြစ်ခဲ့ပါတယ်။ ဆရာကြီးတစ်ဦးက စာရေးမယ်ဆိုရင်ကိုယ်သိတာကိုကိုယ်ရေးပါလို့ ခဏ ခဏဆုံးမပါတယ်။ ကိုယ်သိထားတာဆိုလို့ကလည်းသူများ အကြောင်းထက် ကိုယ့်အကြောင်းကို ကိုယ်သာ အသိဆုံးမဟုတ်လား။
ကိုယ့်အကြောင်းရေးမှာဆိုတော့လည်း ကိုယ့်ပေါင်ကိုကိုယ်ပြန်ထောင်းရမယ့်အဖြစ်ပါ။ ကိုယ့်ပေါင်ကို ပြန်ထောင်းသူတိုင်းက
ခပ်ဖွဖွလေးသာ ထောင်းတတ်ကြတယ်လို့ ကြားသိရ ပါတယ်။ ဒါပေမယ့် ကျွန်တော်ကတော့ခပ်ကြမ်းကြမ်းလေးနဲ့ အော်ငိုပြီး ထောင်းရပါတော့မည်..။
ကျွန်တော်အလယ်တန်းအောင်တော့ တောရွာကနေ မြို့ကိုတက်လာခဲ့ပါတယ်။ ကျွန်တော့်မိဘနှစ်ပါး ကွယ်လွန် သွားလို့ကျောင်းဆက်မတက်နိုင်ခဲ့ပါ။ မြို့က အဖေရဲ့အမဖြစ်သူ ဒေါ်ကြီးအားကိုးနဲ့အလုပ်လုပ်ရန် မြို့ကိုရောက် လာရတာပါ။ ဒေါ်ကြီးမှာ တစ်ဦးတည်းသောသမီးတစ်ယောက်သာရှိပါတယ်။ အဲဒီသမီးမြို့မှာကောင်းစားရန် အတွက်ဆယ်တန်းအောင်ဖို့နဲ့ မြို့က အစိုးရဌါနတစ်ခုမှာ အလုပ်ရဖို့ ရွာက အိမ်တွေ၊လယ် ယာ ကိုင်းကျွန်းတွေကို ဖြုတ်ပြီး တက်လာကြ ရပါတယ်။ သမီးလည်းအလုပ်ရရုံတင်မကဘဲ ရုံးအုပ်ကြီးတစ်ယောက်နဲ့ အိမ်ထောင်ကျခဲ့ပါတယ်။ဒေါ်ကြီးနဲ့သူ့ယောကျာင်္းလည်း သမီးနဲ့သမက်ဆီကို အတူလိုက်နေကြရပါတယ်။ သမီးနဲ့သမက်မျက်နှာကို တစ်ကမ္ဘာ ထင်ပြီး နေကြရတာပေါ့။ ရွာက ထုခွဲရောင်းချလာတဲ့ငွေလေးတွေ မကုန်ခင်တော့ အဖေနဲ့ အမေကို အိမ်ဦးခန်းကို တင်ထားမတတ်
ရိုသေလေးစားကြပါတယ်။ ဒေါ်ကြီးရဲ့ သမီးက ကလေး(၆)ယောက်မြောက် မွေးပြီးတဲ့အချိန်မှာ ကျွန်တော်က ဒေါ်ကြီးဆီကိုရောက်လာ ခဲ့ပါတယ်။ ကျွန်တော်လည်းဌါနအလုပ်တစ်ခုမှာ အလုပ်ရပါတယ်။ကျွန်တော်ရောက်လာတဲ့ အချိန်မှာ ဒေါ်ကြီးကအဆုပ်ရောဂါ (တီဘီ) စတင်ဖြစ်နေပါပြီ။ ဒေါ်ကြီးယောက်ျား ဦးကြီးဆိုသူကလည်း
ဌါနတစ်ခုမှာ ညစောင့်အလုပ်ကို ၀င်လုပ်နေတာ ဖြစ်ပါတယ်။ တစ်ညနေကျွန်တော်အလုပ်က အပြန်မှာ မီးဖိုးခန်းထဲ သောက်ရေအိုးစဉ်နှစ်ခုထားတာကိုမြင်တွေ့ရပါတယ်။ ဒေါ်ကြီးကိုလည်း သူ့သမီး အထက်တန်းစာရေးမက ခါးထောက်ပြီး
ပြောဆိုနေသံကြားလိုက်ရပါတယ်။ ( အမေ..ဒီရေအိုးစဉ်က ရေကိုသောက်ပါ။ကလေးတွေနဲ့ ကျမတို့ကို အမေ့ တီဘီရောဂါတွေ ကူးစက်လာမှာစိုးလို့ပါ…။ကလေးတွေကိုလည်း မချီပါနဲ့ မထိန်းပါနဲ့တော့။ ဖြစ်နိုင်မယ်ဆိုရင်
ဒီတိုက်ထဲမှာမနေဘဲ အပြင်မှာ တဲထိုးပြီးနေပေးစေချင်ပါတယ်…။) ဒေါ်ကြီးကမျက်ရည်ပေါက်တွေ ကျနေပြီး ငိုနေတာကို မြင်တွေ့ရပါတယ်။ ကျွန်တော်လည်းစိတ်မကောင်းဖြစ်ပြီး သူတို့ဆန္ဒအတိုင်း တိုက်အပြင်မှာတဲထိုးပေးလိုက်ပါတယ်။ အဲဒီအချိန်ကစပြီး ဦးကြီးရယ်၊ ဒေါ်ကြီးရယ်၊ကျွန်တော်ရယ် သုံးဦးက ထမင်းစားအိုးခွဲချက်ပြီးစားကြပါတော့ တယ်။ ဒီလိုနဲ့မပြီးသေးပါ။ ဦးကြီးနဲ့ သမက်ဖြစ်သူတို့ စကားအကြီးအကျယ်များပြီးသူတို့ခြံထဲကနေ သူတို့ရဲ့မိဘနှစ်ပါးကို နှင်ချလိုက်ပါတယ်။တစ်လလောက်အချိန်ထိ ဦးကြီးရဲ့ မိတ်ဆွေအိမ်မှာ ကျွန်တော်တို့ဆင်းပြီးနေခဲ့ကြရပါတယ်။ ပတ်ဝန်းကျင်နဲ့ အမျိုးတွေစကားကြောင့် မတော်ပါဘူးဆိုပြီးအမနဲ့ယောက်ဖက ပြန်ခေါ်ပါတယ်။ ဒေါ်ကြီးလည်း တီဘီရောဂါရောစိတ်ထိခိုက်တဲ့ရောဂါပါ ခံစားရပြီး မကြာခင်မှာ ကွယ်လွန်သွားခဲ့ပါတယ်။ဦးကြီးကလည်း သူ့မြေးတွေကို ရှင်ပြုပြီးတာနဲ့သူ့တူမရှိတဲ့ရွာကိုပြန်သွားပြီးကွယ်လွန်သွားခဲ့ပြန်ပါတယ်။ဒီလိုအဖြစ်မျိုးဒီလိုအဖြစ်ဆိုးတွေနဲ့ဘယ်သောအခါမှ မကြုံပါရစေနဲ့မဆုံခဲ့ပါရစေနဲ့လို့ကျွန်တော်အကြိမ်ကြိမ်အခါခဆုတောင်းခဲ့ပါတယ်။
ကျွန်တော်လုံးဝ ဆုတောင်းမပြည့်ခဲ့ပါ။ ကျွန်တော့်မှာလည်းသားအကြီး နဲ့ သမီးအငယ် သားသမီးနှစ်ယောက်ရှိ ပါတယ်။သူတို့ကိုလူလားမြောက်အောင် ကျွန်တော်တို့လင်မယားမှာ မြေအိုးလေးတွေကို ၀ယ်ပြီးထမင်းဟင်းချက်စားခဲ့ကြ တဲ့ဘ၀နဲ့ စတင်လာခဲ့ရတာပါ။ စီးပွားရှာတဲ့နေရာမှာသက်စွန့် ဆံဖျား နေပူမရှောင် မိုးရွာမရှောင် တောကြို တောင်ကြားချောင်းကြို ချောင်းကြား တောင်ထိပ်၊ တောင်အောက် တွေမှာလူမျိုးတစ်ရာတစ်ပါးကို မြက်လွှာကိုချ၊အောက်ကျခံလို့ ဘ၀အမျိုးမျိုးနဲ့လုပ်ကိုင်ကျွေးမွေးပြီး သားသမီးတွေကို ပညာသင်ပေးလာခဲ့ရတာပါ။ မြို့ပေါ်မှာအသင့်အတင့် လုပ်ငန်းရှင်ဘ၀ကိုရောက်ခဲ့ ပါတယ်။ ဒါပေမယ့် ကျွန်တော်စီးပွားရေးလောကမှာ ထိမ်းသိမ်းမှု ညံ့ဖြင်းခဲ့မိလို့ ဘ၀ကို ငှက်ခါးပျံသလိုနိမ့်လိုက် မြင့်လိုက် နဲ့ သုံးခါလောက် အကျနာခဲ့ပါတယ်…။ ယခုတော့
အရွယ်ကလည်းရလာပြီးစီးပွားရေးကလည်းကျလာနေပါပြီ။ဘ၀နေ၀င်ချိန်နီးနေပါပြီ။ကျွန်တော့်ရဲ့သားအကြီးကောင်ကလည်း စီးပွားရေးလမ်းကြောင်းပေါ်ကနေအရက်သမားလောက၊ချောက်ကြီးထဲကိုထိုးကျသွားပါပြီ..။
စီးပွားရေးလောကမှာ နာမည်မပျက်စေရအောင် ဂတိတည်ကြည်စွာနဲ့ မရှိရှိတာတွေကို ရောင်းချပြီး ထိုးဆပ်၊ပေးအပ်နေရတဲ့အချိန်ကို ရောက်နေပါတယ်။လူသာ အသေခံမည်။ နာမည်ကိုတော့ အသေမခံလိုပါ။ ဒါပေမယ့် ကျွန်တော့်မှာစိတ်သွားတိုင်းကိုယ်ကမပါလာတော့ပါ။ လူကလည်းဇရာအရွယ်ရောက်လာတော့ ခရမ်းသီးပိန် နဲ့ ဓါးတုံးတဲ့ အချိန်ကိုရောက်နေပါပြီ..။
သားသမီး အချစ်၊ မြေး အနှစ် ဆိုတဲ့အတိုင်းမြေးကိုအကြောင်းပြုပြီး သမီးနဲ့ သမက်ကို စီးပွားရေးလုပ်ငန်းတွေကို
ဝကွက်အပ်လိုက်ရတဲ့ဘ၀ ကိုရောက်ခဲ့ရပါပြီ..။ ယခင်က ကျွန်တော့်ဘ၀ နေလိုလလိုနေခဲ့ပြီး ဆပ်ဆပ်ထိမခံလိုတဲ့ ဒေါသတွေလည်း မြေသို့ ကြွေကျသွားခဲ့ရပါပြီ။အစားအသောက် အလွန်ချေးများခဲ့တဲ့ ကျွန်တော် ယခုတော့ ပေးတာယူ ကျွေးတာကိုစားဘာကိုမျှ ပြန်မပြောဝံ့တော့ပါ။ သမက်နဲ့ သမီး ထမင်းစားပြီးလို့ ၀ကြမှကျွန်တော်တို့လင်မယား စားရတဲ့ဘ၀ ကိုရောက်နေပါပြီ။ ကျွန်တော် သေခါနီးမှ စိတ်ညစ်တယ်ဆိုပြီး အရင်တုံးကလိုအရက်ကိုလည်း မသောက်ရဲတော့ပါ။ ဘယ်သူ့ကိုမှလည်း မငေါက်ရဲမဟောက်ရဲတော့ပါ။ကျွန်တော့်မိန်းမကလည်း(လောကမှာငွေဆိုသလို).. သား သမီးတွေဘက်ကိုသာခပ်ပါပါဖြစ်နေကြတာအဆန်းတော့မဟုတ်ပါ။ ဒါပေမယ့် မနေ့ကကျွန်တော့်မိန်းမပြောတဲ့စကားကိုတော့ အသဲထဲကဆပ်ဆပ်ခါအောင်နာသွားမိပါတယ်။
``ရှင်နော် အိမ်မှာ ဘာပွဲလုပ်မယ်.. ညာပွဲလုပ်မယ်ဆိုရင် ကျမကိုအရင်ဖွင့်ပြောပါ။ အိမ်မှာ ရှုတ်ရှုတ်ရှက်ရှက်နဲ့ဆိုရင် ရှင့်သမီးကမကြိုက်ဘူးတဲ့။ ဒါပဲ ။ ရှင့်မှာ တင်နေတဲ့ကြွေးတွေကို သူရှာဆပ်နေရတာလေ…။ရှင်လုပ်ချင်ရာတွေ လုပ်ခဲ့မိလို့ ကုန်ခဲ့တာတွေလည်းများနေပါပြီးတော်…..´´။
ကျွန်တော့်ရင်ထဲက စကားသံတွေကတော့ အပြင်ကိုထွက်မလာရဲပါ။ (သြော်..သမီးရယ် မင်းတို့ငယ်ငယ်က အိမ်မှာ သောက်ဝိုင်းစားဝိုင်း၊လောင်းကစားဝိုင်းတွေနဲ့ နေ့တိုင်းလုပ်နေခဲ့တုံးက သမီးတို့အမေ ဘာမှမပြောဝံ့ခဲ့ပါဘူး။ ယခု ယခု အဖေ ၀ါသနာပါတဲ့ စာဝိုင်းပေ၀ိုင်းကို အိမ်မှာလုပ်တာ ရှုတ်ရှုတ်ရှက်ရှက် ဆိုတော့…………..။)
ကျွန်တော့်နားထဲမှာ ဆရာအောင်သင်းရဲ့ စာပေဟောပြောပွဲတစ်ခုထဲက (ဧည့်ခန်းရော..၊ မီးဖိုခန်းပါ သားသမီးတွေက အာဏာသိမ်းခံလိုက်ရပါပြီ..) ဆိုတာကို ထပ်ခါ ထပ်ခါ ပြန်လည်ကြားယောင်နေမိပါတော့တယ်ခင်ဗျား…။
ရွှေလမ်းငွေလမ်းဝင်းကြည်
READMORE